← Chapters

ကျိချန် အမွှေးနံ့သာ ဖော်စပ်တုန်းက နဂါးရိုးမှုန့်...

Vol. 5 Ch. 42

ကျိချန် အမွှေးနံ့သာ ဖော်စပ်တုန်းက နဂါးရိုးမှုန့်...

Vol. 5 Ch. 42

ပိုင်ရှိုးမင် စကားဆုံးသွားသည်နှင့် အားချန်ကလည်း မျှော်လင့်တကြီး မေးလိုက်လေသည်။ "စာချုပ်ချုပ်ပြီး သွားပြီဆိုတော့ ကျွန်မတို့ ပြန်လို့ရပြီလား"

"မရသေးဘူး" သူသည် ဘေးတွင်စောင့်ဆိုင်းနေသည့် တပ်မှူးကြီးကို လှမ်းကြည့်လိုက်ကာ အမိန့်ပေးလိုက်လေသည်။ "သူတို့ကို လူကြီးမင်းထူဆီ ခေါ်သွားပြီးတော့ စည်းကမ်းတွေသင်ပြပြီးမှ ပြန်လွတ်လိုက်"

"ဟုတ်ကဲ့ပါ လူကြီးမင်း"

အားချန်သည် စိတ်ထဲတွင် ရုတ်တရက် မကောင်းသည့်နိမိတ်တစ်ခု ခံစားလိုက်ရပြီး မကြာမီတွင် အမှန်တကယ် ဖြစ်လာလေသည်။

ထိုလူကြီးမင်းထူဟု ခေါ်သည့်လူမှာ သူတို့ကို ခေါ်ဆောင်လာပေးခဲ့သည့် တပ်မှူးကြီး၏ပြောကြားချက်အရ မြို့တော်တွင် ရှင်သန်ခွင့်ရှိသည့် လူသားမဟုတ်သော သတ္တဝါများအတွက် စည်းမျဉ်းများ ချမှတ်ပေးသည့်သူ ဖြစ်လေသည်။

သူ့ပုံစံက တင်းကြပ်သူ ဟုတ်ဟန်မတူဘဲ ရောက်ရောက်ချင်းမှာပင် အားချန်နှင့် ချန်ဟွေ့တို့ကို စာအုပ်ငယ်လေး တစ်အုပ်စီ လှမ်းပေးလာခဲ့သည်။

သူက ပြုံးကာဖြင့် သူတို့ကို ပြောလိုက်၏။ "စာအုပ်ထဲက အကြောင်းအရာတွေကို နှစ်ယောက်စလုံး မြန်မြန် ကျက်မှတ်ထားလိုက်။ မပြန်ခင်ကျွန်တော်က စစ်ဆေးမေးမြန်းပါမယ်"

အားချန်သည် ဆွံ့အ သွားလေတော့သည်။ ဟွေ့ချန်ကို မွေးမြူဖို့အရေး စာမေးပွဲဖြေရဦးမယ်လို့ ဘယ်သူမှ ငါ့ကိုမပြောခဲ့ဘူးလေ။

"တကယ်လို့ စာမေးပွဲမအောင်ရင် ဘယ်လိုလုပ်မှာလဲ" စာလုံးများကို မှတ်မိသော်ငြား တစ်ခါမှ စာသင်ကျောင်းမတက်ဖူးသည့် အားချန်သည် အနည်းငယ် လန့်ဖြန့်သွားလေသည်။

"မိန်းကလေး စိတ်ချပါ" လူကြီးမင်းထူ၏ သဘောထားကတော့ အလွန်ကောင်းမွန်လှသည်။ "မင်ကျင့်စီးက မင်း စာမေးပွဲအောင်တဲ့အထိ တည်းခိုစရာ စားစရာတွေ ထောက်ပံ့ပေးမှာပါ"

အားချန်သည် လူကြီးမင်းထူကို ကြည့်လိုက်ပြီး သူက ညှိနှိုင်းလို့မရနိုင်မှာ သေချာကြောင်း သိလိုက်ရတော့၏။ သို့နှင့် သူမကလည်း ခေါင်းငုံ့ကာ စာအုပ်များကို လှန်လှောလေတော့သည်။

ကံကောင်းထောက်မစွာဖြင့် စာအုပ်ထဲက စည်းမျည်းများက များပြားလှသော်ငြားလည်း အကြောင်းအရာများကတော့ မှတ်မိရန် လွယ်ကူလှသည်။ ပထမဆုံးစည်းမျဉ်း အချက်၂ဝသည် အရေးအကြီးဆုံးဖြစ်ပြီး ထိုထဲကတစ်ချက်ကို ချိုးဖောက်မိပါက မင်ကျင့်စီး၏ သေဒဏ်ပေးခံရ ပေမည်။

အားချန်ကလည်း စာအုပ်ကို ဂရုတစိုက် ဖတ်ရှုလိုက်ပြီးနောက် တခြားမျိုးနွယ်ဝင်များသည် နန်းတော်သို့မဟုတ် စစ်ဆေးရေး အချက်အချာနေရာများအနီးသို့ ချဉ်းကပ်ခွင့်မရှိခြင်း၊ နန်းတွင်းရေးရာများကို စုံစမ်းခြင်းသို့မဟုတ် ဝင်ရောက်စွပ်ဖတ်ခြင်း မပြုရေး စသည်တို့သာပါလေသည်။

အသက်အန္တရာယ်နှင့် ပတ်သက်သည့် ကိစ္စအများစုကတော့ စစ်ရေးကိစ္စများဖြစ်ပြီး ထိုအရာများကို ချိုးဖောက်မိနိုင်ခြေက မများလှချေ။

တခြားသော စည်းကမ်းချက်တချို့လည်း ရှိသေးသည်။ တခြားမျိုးနွယ်ဝင်များနှင့် သီးသန့်ဆက်ဆံခွင့်မရှိ၊ သာမန်လူများကိုလှည့်ဖြားခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရန် စွမ်းရည်များကို အသုံးမပြုရ၊ ထိုအရာများကသာ သူတို့ဂရုပြုရမည့် အချက်များဖြစ်လေသည်။

လူကြီးမင်းထူက နှစ်ယောက်သားကို အခန်းထဲတွင်ထားခဲ့ပြီး ၁နာရီခန့် ကြာချိန်တွင်တော့ ဖြည်းဖြည်းသာသာဖြင့် ပြန်လည်လျှောက်ကာ ဝင်လာပြီး သူက ချန်ဟွေ့ကို အရင်ဆုံးစစ်ဆေး မေးမြန်းလေသည်။

တစ်ယောက်က မေး၊ တစ်ယောက်က ဖြေနှင့် စာအုပ်တစ်ဝက်ခန့် မြန်မြန်မေးမြန်းပြီးစီးသွားပြီး ချန်ဟွေ့သည် အဖြေတစ်ခုမှ မမှားယွင်းခဲ့ချေ။

လူကြီးမင်းထူက ကျေနပ်စွာခေါင်းငြိမ့်လိုက်ပြီး ချန်ဟွေ့နှင့်ပင် စကားစမြည် ပြောဆိုလိုက်သေးသည်။ "မှတ်ဉာဏ်က တကယ်ကောင်းတာပဲ။ ကြားရတာ မင်းက ... သက်ရှိဖုတ်ကောင်ဆိုလား"

"ဟုတ်ပါတယ်"

"ဪ ကြည့်ရတာ သာမန်လူတစ်ယောက်လိုပဲနော်။ ထူးခြားတဲ့ အတွေ့အကြုံရှိခဲ့ပုံရတယ်"

ချန်ဟွေ့က ပြုံးသာပြုံးလိုက်ပြီး ပြန်မဖြေလိုက်ပေ။ ဆရာကြီးထူကလည်း အမှတ်တမဲ့ ပြောဆိုလိုက်ဟန်တူပြီး ဘာမှထပ်မမေးမြန်းတော့ပေ။

အားချန်အလှည့် ရောက်လာချိန်တွင် သူမသည် မင်ကျင့်စီးတွင် ညစာစားရတော့မည်ဟု ပြင်ဆင်ထားပြီး ဖြစ်သော်ငြား ဆရာကြီးထူကတော့ သူမကို မေးခွန်းနှစ်ခုသာ မေးမြန်းခဲ့လေသည်။

ဒါသည် မျက်နှာသာပေးခြင်းတော့ မဟုတ်ဘဲ အနှစ်ချုပ်ကို မေးမြန်းလိုက်ခြင်းပင်။

မေးခွန်းများကို ဖြေဆိုပြီးသွားသောအခါ သူတို့နှစ်ယောက်သည် ဆရာကြီးထူ၏ နှင်ထုတ်ခြင်းကို ခံလိုက်ရလေသည်။ မပြန်ခင်တွင် ခုနက ကြည့်ရှုခဲ့သည့် စာအုပ်များကို သူတို့ထံသို့ ထည့်ပေးလိုက်ကာ အိမ်ပြန်ရောက်လျှင်လည်း စာများဖတ်ရှုရန် မှာကြားလိုက်သေးသည်။

နှစ်ယောက်သားမှာ စာအုပ်ကိုယ်စီကိုင်ဆောင်ကာ ပြန်ဖို့ရန်ပြင်ဆင် နေစဉ်မှာပင် ဖုန်းယန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာသည်ကို တွေ့လိုက်ရသည်။ အားချန်ကို မြင်လိုက်ရသောအခါ သူ့ခြေလှမ်းများက နှေးကွေးသွားတော့သည်။ "မိန်းကလေးကျိ ပြန်တော့မလို့လား"

"ဟုတ်ကဲ့ လူကြီးမင်း။ ဘယ်တံခါးက ထွက်ရမယ်ဆိုတာ သိပါသလား" သူတို့သည် ခုနက မင်ကျင့်စီးအတွင်းပိုင်း နေရာတွင်ရှိနေကြပြီး အစောပိုင်းကလည်း အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ရသဖြင့် အားချန်မှာ ထွက်လမ်းကိုပင် သိပ်မမှတ်မိတော့ဘဲ လမ်းမှားသွားမှာကို စိုးရိမ်မိနေသည်။

"မိန်းကလေး အလျင်မလိုဘူးဆိုရင် ခဏနေ ကျွန်တော် မင်းတို့ကို ပြန်လိုက်ပို့ပေးပါမယ်။ ကျွန်တော် အရင်ဆုံး ဆရာကြီးထူကို သွားတွေ့လိုက်ဦးမယ်။ လူကြီးမင်းက သူ့ကို တွေ့ချင်လို့တဲ့"

"ကောင်းပါပြီ။ ဒါဆိုရင် လူကြီးမင်းဖုန်းကိုပဲ ဒုက္ခပေးရပါဦးမယ်"

ဖုန်းယန်က ခေါင်းငြိမ့်ပြလိုက်ပြီး အခန်းထဲသို့ ဝင်သွားလေသည်။ အထဲတွင် ဓားသွားများ ထည့်ထားသည့် သေတ္တာတစ်လုံးကို နေရာတကျ ပြင်ဆင်နေသည့် ဆရာကြီးထူကို တွေ့ခဲ့ရပြီး ထိုထဲက ဓားတိုင်းကလည်း အလွန်ထက်ရှလို့နေ၏။

"ဆရာကြီးထူ အလောင်းကို စစ်ဆေးပြီးသွားပြီလား"

"အစောကြီးကတည်းက ပြီးသွားပါပြီ။ ခုနကပဲ မင်းတို့ ရာဇဝတ်မှုဌာနကနေ ယူလာခဲ့တဲ့အလောင်းကိုပါ တစ်ခါတည်း ခွဲစိတ်ကြည့်လိုက်သေးတယ်"

ထိုဆရာကြီးထူ၏ မူလတာဝန်မှာ မင်ကျင့်စီး၏ အလောင်းစစ်ဆေးရေးမှူးဖြစ်ပြီး တခြားမျိုးနွယ်ဝင်များအတွက် စည်းမျဉ်းသတ်မှတ် ပေးခြင်းမှာလည်း အချိန်ပိုင်းအလုပ်သာ ဖြစ်နေသည်။ ဒီအချိန်ပိုင်းအလုပ်ကလည်း လူကြီးမင်းပိုင် မြို့တော်သို့ ရောက်လာပြီးမှသာ ပေါ်ပေါက်လာခဲ့ခြင်းပင်။

"လူကြီးမင်းက ခင်ဗျားကို တွေ့ချင်နေတယ်"

"ကောင်းပါပြီ။ ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်" ထိုသို့ ပြောလိုက်ပြီးနောက် သူက ဖုန်းယန်ကိုသွေးတိုးစမ်းကာ မေးလိုက်၏။ "ခုနက မိန်းကလေးက အရင်ကလာတဲ့သူတွေနဲ့ ဘာဖြစ်လို့ မတူတာလဲ။ ဘယ်သူရဲ့ အဆက်အသွယ်နဲ့လာတာလဲ"

ရှန့်ကျင်းတွင် မိုးထိအောင် မြင့်မားသည့် အရည်အချင်း မရှိပါက မင်ကျင့်စီး၏ မျက်နှာသာပေးခြင်းကို ရနိုင်မည် မဟုတ်ချေ။ သို့မဟုတ်ပါကလည်း တွေ့ကရာလူတိုင်းက တခြားမျိုးနွယ်ဝင်များကို မွေးမြူခွင့်ရှိနေပါက ရှန့်ကျင်းသည် နေရာအနှံ့ သရဲမိစ္ဆာများဖြင့် ပြည့်နှက်နေတော့မည် မဟုတ်ပါလား။

ယခင်က စည်းမျည်းများ လာရောက်သင်ယူရန် ပို့ဆောင်ခံရသူများမှာ မာနထောင်လွှားပြီး သူတို့၏နှာခေါင်းများဖြင့်သာ လူကို ကြည့်တတ်ကြလေသည်။ သို့မဟုတ်လျှင်လည်း သူတို့သည် အရေးကြီး ပုဂ္ဂိုလ်များ၏ မျိုးဆက်များသာ ဖြစ်ကြပြီး ထိုသူများ မွေးမြူထားသည့် အရာများမှာလည်း ရှုပ်ထွေးပွေလီလွန်းလှသည်။ ဤသို့နူးညံ့သိမ်မွေ့သည့် အမျိုးသမီးငယ်တစ်ဦးကို မတွေ့ခဲ့ဖူးသလို မွေးမြူထားသည်ကလည်း သက်ရှိဖုတ်ကောင် တစ်ခုဖြစ်နေပြန်သည်။

မည်မျှပင် လူနှင့်တူစေဦးတော့ ထိုအရာသည် အလောင်းကောင် တစ်ခုသာ ဖြစ်လေသည်။ သူ့လို အလောင်းစစ်ဆေးရေးမှူး တစ်ဦးကပင် တနေ့လုံး အလောင်းတစ်လောင်းနှင့် အတူတကွ ဝင်ထွက်သွားလာဖို့ရန် ဆန္ဒမရှိချေ။ ထိုမိန်းကလေး၏သတ္တိကတော့ အမှန်ပင် ကြီးမားလှလေသည်။

ဖုန်းယန်က မိမိ၏နောက်ကျောကို လက်ညှိုးထိုးပြလိုက်ကာ "ကျွန်တော်တို့ လူကြီးမင်းရဲ့ အဆက်အသွယ်နဲ့ လာတာ"

"ဪ" ဆရာကြီးထူမှာ ကြက်သေ သေသွားတော့၏။

"ဆက်မမေးနဲ့တော့။ ကျွန်တော် အဲဒီမိန်းကလေးကို အပြင်လိုက်ပို့လိုက်ပါဦး။ ခင်ဗျားကတော့ အရင်ဦးဆုံး လူကြီးမင်းဆီ သွားလိုက်ပါအုံး"

ဖုန်းယန်သည် တံခါးဘက်သို့ လှည့်ထွက်လာခဲ့သည်တွင် အားချန်နဲ့ ချန်ဟွေ့တို့က အပြင်ဘက်တွင် စောင့်ဆိုင်းနေကြဆဲ ဖြစ်၏။

“မိန်းကလေးကျိ ဒီဘက်က လာပါ” ဖုန်းယန်သည် အားချန်ကို အပြင်ဘက်သို့ လမ်းပြကာ ခေါ်ဆောင်သွားတော့သည်။

ကျိချန်နှင့် ချန်ဟွေ့တို့က ဖုန်းယန်နောက်ကလိုက်ပါ သွားကြပြီး ခြေတစ်လှမ်း နောက်ကျမှာပင် စိုးရိမ်နေရလေသည်။ မင်ကျင့်စီး၏ အတွင်းပိုင်းတွင် နေရာအနှံ့ကင်းစောင့်များ ထားကြပြီး ကြည့်ရသည်ကလည်း အလွန်အန္တရာယ်များလှသည်။

အားချန်၏ သတိကြီးကြီး ဖြစ်နေပုံကို မြင်ရသောအခါ ဖုန်းယန်မှာ မနေနိုင်ဘဲ ပြောလိုက်တော့၏။ “မိန်းကလေး စိတ်ချပါ သူတို့က တွေ့ကရာလူကို အရင်ဆုံး တိုက်ခိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့လူကြီးမင်းက အများကြီး ပိုကြောက် ဖို့ကောင်းတာတောင် မင်းက ကြောက်တာမတွေ့မိပါဘူး”

အားချန်က ဒေါသထွက်ထွက်ဖြင့် နှာခေါင်းရှုံ့ လေတော့သည်။ “ကျွန်မက အဲ့တာ မသိနားမလည်လို့ မကြောက်မရွံဖြစ်မိတာလေ။ နောက်တခါ လူကြီးမင်းနဲ့ မိတ်ဆွေလုပ်ဖို့ မဝံ့ရဲတော့ပါဘူး"

ဖုန်းယန်သည် ချောင်းတချက်သာ ဟန့်လိုက်၏။ "လူကြီးမင်းကလည်း အဲဒီပါးစပ်က အမှတ်တမဲ့ ပြောလိုက်တာပါ။ တကယ်လို့သာ ဒီသံယောဇဉ်ကို ဂရုမစိုက်ဘူးဆိုရင် သူက မင်းရဲ့စကားတစ်ခွန်း ကိုတောင်မှ ပိုပြီးတော့နားထောင်မှာမဟုတ်ဘူး"

"တကယ်လား"

"တကယ်ပေါ့" ဖုန်းယန်က ရင်ဘတ်ကိုထုကာ အာမခံရုံသာ လိုတော့သည်။

"ဟုတ်ပါပြီ ကျွန်မရှင့်ကို ယုံလိုက်ပါ့မယ်" အားချန်၏ မျက်ဝန်းများသည် အနည်းငယ် လင်းလက်သွားပြီး ဖုန်းယန်ကို ပြောလိုက်၏။ "ကျွန်မအထင်တော့ ရှင်တို့ရဲ့လူကြီးမင်းက ကျွန်မကို ဒီလောက် လွယ်လွယ်ကူကူ သဘောတူလိမ့်မယ်လို့ မထင်ထားခဲ့တာ။ သူက တခြားမျိုးနွယ်ဝင် တွေအပေါ်မှာ ရန်လိုမုန်းတီးမှု သိပ်ကြီးတဲ့ပုံပဲ"

ဖုန်းယန်ကလည်း ပြန်ဖြေလိုက်၏။ "တခြားမျိုးနွယ်စုဆိုရင်တော့ တော်ပါသေးတယ်။ ကျွန်တော်တို့ လူကြီးမင်းက များသောအားဖြင့် တန်းတူရည်တူ ဆက်ဆံတတ်ပါတယ်။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်နဲ့ ပတ်သက်လာပြီဆိုရင်တော့ ဒါကမတူညီတဲ့ ကိစ္စဖြစ်သွားပြီ"

"ဘာဖြစ်လို့လဲ" အားချန်ကလည်း သိချင်စိတ်များ ဖြစ်သွားတော့၏။ "ဒါတော့ ကျွန်တော်လည်း မသိဘူး။ ဘာပဲဖြစ်ဖြစ်ပါ မင်း မှတ်ထားရမှာက တခြားဘာကိုမဆို အလွယ်တကူ မွေးလို့ရတယ်။ ဒါပေမဲ့ မိစ္ဆာမျိုးနွယ်ကိုတော့ လုံးဝမမွေးမိစေနဲ့။ လူကြီးမင်းက ယုံးကျိုးမှာ ရှိတုန်းက သတ်ခဲ့တဲ့မိစ္ဆာတွေ ရာနဲ့ချီရှိတယ်။ တစ်ကောင်မှ သူ့ဓားအောက်က လွတ်မြောက်သွားတာ မရှိခဲ့ဖူးဘူး။ သူ မြို့တော်ကို မပြန်လာခင်ကလည်း မြို့ထဲမှာ မိစ္ဆာမွေးတဲ့သူတွေ ရှိခဲ့တယ်။ နောက်ပိုင်း အကုန်လုံး ရှင်းလင်းခံလိုက်ရတာ။ လူကြီးမင်းရဲ့ အနိမ့်ဆုံး သည်းခံနိုင်စွမ်းက မိစ္ဆာတစ်ပိုင်းပဲ”

"ဒီလိုကိုး ..." အားချန်က တွေးတွေးဆဆလေး ဖြစ်သွားလေသည်။ ဒါကြောင့် ပိုင်ရှိုးမင်က ဝိညာဉ်လွှဲပြောင်းတဲ့ကိစ္စတုန်းက ငါ့ကို ဒီလောက် ရက်ရက်စက်စက် လက်စွမ်းပြခဲ့တယ်လို့ ထင်နေမိတာ။ သူက မိစ္ဆာမျိုးနွယ်တွေနဲ့ ရန်ငြိုးကြီးရှိတဲ့ပုံပဲ။

ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ်လေ သူက ငါ့ရဲ့အမြီးလေးကို ဖမ်းမိမှာမှ မဟုတ်တာ။

အားချန်ကို တံခါးဝအထိ လိုက်ပို့ပြီးနောက်တွင် ဖုန်းယန်ကလည်း ရုံးထဲသို့ပြန်လှည့်ဝင် လာလိုက်လေသည်။

ဖုန်းယန်သည် ရုံး၏အတွင်းဆောင်သို့ ဝင်ရောက်လာချိန်တွင် ပိုင်ရှိုးမင်က ဆရာကြီးထူ၏ အစီရင်ခံစာကို နားထောင်နေ၏။

"လူကြီးမင်း အဲဒီသက်ရှိဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးပြီးပါပြီ။ သူ အသက်မသေခင် သွေးသန့်တဲ့ လူသားမျိုးနွယ် မဟုတ်ပါဘူး။ သူ့မှာ အားနည်းတဲ့ မြွေမိစ္ဆာ သွေးတွေ ပါနေပါတယ်" ဆရာကြီးထူက ပြောလာခဲ့သည်။

"ဘယ်သူ ဘယ်ဝါဆိုတာ အတည်ပြုပြီးပြီလား" ပိုင်ရှိုးမင်သည် ယခုမှဝင်လာသည့် ဖုန်းယန်ကို လှမ်းမေးလိုက်၏။

ဖုန်းယန်ကလည်း ချက်ချင်း ပြန်ဖြေကြားလိုက်သည်။ "အတည်ပြုပြီးပါပြီ။ ကျန်းပေမြို့စား အိမ်တော်က အစောင့်တစ်ယောက်ပါ။ လွန်ခဲ့တဲ့အနှစ်၂၀ကတည်းက ပျောက်ဆုံးသွားခဲ့တာ။ ချန်ဟွေ့ရဲ့ ထွက်ဆိုချက်အရဆိုရင် ဒီသက်ရှိဖုတ်ကောင်က ကျန်းပေမြို့စားရဲ့သမီး ဖန်းယွီရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲတမ်း ရှိနေတာပါ။ မကြာသေးခင်က ဘာအကြောင်းကြောင့်မှန်းမသိဘဲ သက်ရှိဖုတ်ကောင်က ထိန်းချုပ်မှု လွတ်သွားခဲ့တာပါ"

"သူက အဆင့်တက်တော့မှာလေ။ အဆင့်၃ကိုသာ ရောက်သွားရင် ထိန်းချုပ်မှု လွှတ်သွားမှာ သေချာတယ်" ဆရာကြီးထူက ဝင်ပြောလိုက်လေသည်။

အဆင့်၃သည် ကျင့်ကြံသူများအတွက် အကွေ့အကောက်တစ်ခု ဖြစ်သလို တခြားသော မျိုးနွယ်ဝင်များအတွက်လည်း ထို့အတူပင်။

"အဆင့်တက်ရတဲ့ အကြောင်းအရင်းကရော" ပိုင်ရှိုးမင်က မေးလိုက်၏။ "ဒါကို ပြောရမယ်ဆိုရင်တော့ စိတ်ဝင်စားစရာ ကောင်းသွားပြီ" လူကြီးမင်းထူက ထိုအကြောင်းအရာကို အရင်ဆုံး ထုတ်ပြောလိုက်၏။ "ဒီသက်ရှိဖုတ်ကောင် စားသုံးခဲ့တဲ့ သွေးသားတွေက သူ့ကို အဆင့်တက်စေဖို့ လုံလောက်မှု မရှိပါဘူး။ ဆန့်ကျင်ဘက်အနေနဲ့ သူ့ခန္ဓာကိုယ်ထဲက မြွေမိစ္ဆာသွေးက အရမ်းတက်ကြွနေတာ။ ကျွန်တော် ခန့်မှန်းရသလောက်ဆိုရင် သူက သွေးမျိုးဆက်အဆင့်ကို တိုးမြင့်ပေးနိုင်တဲ့ ပစ္စည်းတစ်ခုကို စားသုံးမိလို့ ရုတ်တရက် အဆင့်တက်သွားတာ ဖြစ်နိုင်ခြေများတယ်"

"မြွေမိစ္ဆာသွေးမျိုးဆက်ကို တိုးမြင့်ပေးနိုင်တဲ့ပစ္စည်း။ မဟုတ်မှလွဲရော နဂါးတစ်ကောင်ကိုများ စားလိုက်မိတာလား" ဖုန်းယန်သည် အမှတ်တမဲ့ နောက်ပြောင်သည့် စကားတစ်ခွန်း ပြောလိုက်သော်ငြားလည်း သူ၏ လူကြီးမင်း၏မျက်နှာပေါ်တွင်တော့ အပြုံးတစမှ မရှိသည်ကို တွေ့လိုက်ရသည့်အပြင် သူ့ကို မျက်လုံးပင့်ကာ ကြည့်လာသည်ကို တွေ့လိုက်ရလေ၏။

"လူကြီးမင်း" ဖုန်းယန်၏ စိတ်ထဲတွင် ရုတ်တရက် ထိတ်လန့်သွားတော့၏။

"ကျိချန် အမွှေးနံ့သာဖော်စပ်တုန်းက နဂါးအရိုးမှုန့်တွေ ကျန်ခဲ့သေးလား"

"... ကျန်ခဲ့ပါတယ်"

ပိုင်ရှိုးမင်သည် ဘာမှထပ်မမေးတော့ဘဲ ဆရာကြီးထူကိုသာ ပြောလိုက်၏။ "ဆက်ပြောပါ" ဆရာကြီးထူကလည်း ဆက်ပြောလာသည်။ "ဒီကိစ္စကို သက်သေပြဖို့အတွက် ကျွန်တော်က အဲဒီသက်ရှိဖုတ်ကောင်ရဲ့ ပါးစပ်ထဲမှာ နောက်ဆုံးသေဆုံးသွားခဲ့တဲ့ ရာဇဝတ်မှုဌာန လက်ထောက်အရာရှိရဲ့ အလောင်းကို ခွဲစိတ်စစ်ဆေး ကြည့်ခဲ့သေးတယ်။ သူ့ရဲ့ကျန်ရှိနေတဲ့ သွေးထဲကနေ အရမ်းအားနည်းတဲ့ နဂါးမျိုးနွယ် အငွေ့အသက်ရဲ့ အကြွင်းအကျန်လေး တွေ့ခဲ့ရတယ်။ အဲဒီသက်ရှိဖုတ်ကောင်က သူ့ကိုတိုက်ခိုက်ပြီး သူ့သွေးကို စုပ်ယူခဲ့တာက အဲဒီနဂါးမျိုးနွယ် အငွေ့အသက် နည်းနည်းလေးကြောင့်ပဲ ဖြစ်နိုင်တယ်"

ထိုသို့ပြောလိုက်ပြီးနောက် ဆရာကြီးထူက နောက်တစ်ခွန်းထပ်ပြီး ဖြည့်ပြောလိုက်သည်။ "ဒီလူက မကြာသေးခင်တုန်းက နဂါးသွေး ဒါမှမဟုတ် နဂါးတံတွေး စတဲ့ပစ္စည်းတွေနဲ့ ထိတွေ့ခဲ့တဲ့ပုံရတယ်။ ဟုတ်ပါတယ်။ ခုနတုန်းက ဖုန်းလူကြီးမင်းပြောတဲ့ နဂါးအရိုးမှုန့်လည်း ဖြစ်နိုင်ချေရှိတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ဒီပစ္စည်းရဲ့ အဆင့်အတန်းက လုံလောက်နေအောင် မြင့်မားနေရမယ်။ အနည်းဆုံးတော့ စတုတ္ထအဆင့် လောက်ရှိရမယ်။ မဟုတ်ရင် အားနည်းတဲ့ အငွေ့အသက်လေး တစ်ခုတည်းနဲ့တော့ အဲဒီသက်ရှိဖုတ်ကောင်ကို အဆင့်တက်စေနိုင်မှာ မဟုတ်ဘူး"

ဖုန်းယန်သည် သွားဖြဲပြလိုက် သော်ငြားလည်း မပြုံးနိုင်ချေ။

စတုတ္ထအဆင့် နဂါးမျိုးနွယ် ကျန်နေသေးတဲ့ နဂါးရိုးအမှုန့် ပြီးတော့ ကျိချန်ရဲ့ အိမ်တံခါးရှေ့မှာ တိုက်တိုက်ဆိုင်ဆိုင် သေဆုံးသွားခဲ့တဲ့ ရွှဲမင်ထန် ...

သက်သေ အထောက်အထား မရှိပေမယ့် သဲလွန်စတွေ အားလုံးကတော့ ကျိချန်ကို ညွှန်ပြနေတာပဲ။

ကြည့်ရတာ နူးညံ့သိမ်မွေ့ပြီး အနိုင်ကျင့်ဖို့ လွယ်ကူပုံရတဲ့ မိန်းကလေးကျိက ရွှဲမင်ထန်ရဲ့ သေဆုံးမှုကို ကိုယ်တိုင်ကိုယ်ကျ ကြံစည်နိုင်တယ်ဆိုတာကို ယုံကြည်ဖို့ တကယ်ခက်ခဲတာပဲ။ သူ တကယ်ပဲ လုပ်နိုင်ခဲ့တာလား။

ဖုန်းယန်သည် ထိုအကြောင်းကို သေသေချာချာလေး စဉ်းစားလိုက်လေသည်။ သူသည် ကျိချန်၏ နူးညံလှသည့် အသွင်အပြင်ကြောင့် အလွယ်တကူ လှည့်ဖျားခံခဲ့ရပုံ ပေါ်၏။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ လူကြီးမင်းကတော့ ကျိမိန်းကလေးအပေါ် အမြဲတမ်း သံသယများဖြင့် ပြည့်နက်နေဟန်တူသည်။

"လူကြီးမင်း ရွှဲမင်ထန်ရဲ့ သေဆုံးမှုကို ဆက်ပြီးစစ်ဆေးဖို့ လိုသေးလား" ဖုန်းယန်က မေးလာ၏။

"ရုပ်အလောင်းကို သေချာပြင်ဆင်ပြီး ရာဇဝတ်မှုဌာနကို ပြန်ပို့လိုက်တော့။ ဒါက ရာဇဝတ်မှုဌာနရဲ့အမှုပဲ။ ငါတို့နဲ့မဆိုင်ဘူး" ပိုင်ရှိုးမင်က ပြောလိုက်သည်။

ဆရာကြီးထူက ပိုင်ရှိုးမင်ကို ဦးညွှတ်အရိုအသေ ပေးလိုက်ကာ "လူကြီးမင်း ဒါဆိုရင် ကျွန်တော်အရင် ပြန်သွားပြီးတော့ ရုပ်အလောင်းကို ပြင်ဆင်လိုက်ပါဦးမယ်။ ခဏနေ ရာဇဝတ်မှုဌာနက လယူပါလိမ့်မယ်"

"ဆက်လုပ်လိုက်ပါ"

ဆရာကြီးထူ ထွက်သွားပြီးနောက်တွင် ဖုန်းယန်က ဆက်ပြီးမေးလိုက်၏။ "လူကြီးမင်း တကယ်ပဲ ဒီအတိုင်း ထားလိုက်တော့မှာလား။ ကျိမိန်းကလေးကို သွားမမေးတော့ဘူးလား"

ပိုင်ရှိုးမင်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ကာ "ဘာမေးမှာလဲ။ မင်းမှာ သက်သေရှိလို့လား"

ဖုန်းယန်မှာ ဆွံ့အ သွားလေတော့သည်။ သက်သေမရှိဘူး။ အားလုံးက ခန့်မှန်းချက်တွေချည်းပဲ။ ဒီတော့ ဒီလိုကိစ္စမျိုးက သက်သေရှာဖွေဖို့ အရမ်းခက်ခဲတာ။

သူသည် ခေါင်းကုတ်လိုက်ပြီး ရုတ်တရက် ကျန်းခိုင်နှင့်အတူ ခေါင်းခဲခဲ့ရသည့် ပြဿနာမျိုးကို ကြုံတွေ့လာရသဖြင့် သူ၏ ဦးနှောက်သည် အသုံးမဝင်တော့သလိုပင် ခံစားလိုက်ရတော့သည်။

"ဒါဆိုရင် ... ဒီအတိုင်းပဲ ထားလိုက်တော့မှာလား"

ဖုန်းယန်ကတော့ ပြောစရာများ ရှိနေသေး၏။ အကယ်၍ ဒီကိစ္စကို ကျိချန်က အမှန်တကယ် ပြုလုပ်ခဲ့သည် ဆိုလျှင် သူမနှင့်ရွှဲမိသားစု၏ ရန်ငြိုးက မသေးငယ်လှပေ။ ယခု ရွှဲမင်ထန် သေဆုံးသွားပြီ ဖြစ်သဖြင့် တခြားသူတွေကရော။

ကြည့်ရတာ သူ့မိသားစုက လူကြီးတွေကလည်း ဒီအမှန်တရားကို သိပုံရတယ်။

ပိုင်ရှိုးမင်က သူ့ကို လျစ်လျူရှုထားလိုက်ကာ စကားလမ်းကြောင်း ပြောင်းလိုက်တော့သည်။ "အခုတလော လူလွှတ်ပြီးတော့ ကျန်းပေမြို့စား အိမ်တော်ကို စောင့်ကြည့်ထားလိုက်"

ဖုန်းယန်ကလည်း ချက်ချင်း အာရုံပြောင်းသွားတော့သည်။ "ကျန်းပေမြို့စားမှာ ပြဿနာတစ်ခုခု ရှိလို့လား"

"သူ မြို့တော်ကို ပြန်ရောက်ရောက်ခြင်း ပထမဦးဆုံး လုပ်မယ့်ကိစ္စက သူ့သမီးနဲ့မြေး သေဆုံးမှု အကြောင်းအရင်းကို စုံစမ်းမှာပဲ"

"ဒါဆိုရင် ချန်ဟွေ့က ..."

ဖုန်းယန်က စကားပင် မဆုံးလိုက်ချေ။ ယခင်က ချန်ဟွေ့ကို စစ်စစ်မေးမြန်းခဲ့ခြင်းသည် အတွင်းကျကျ မဟုတ်ခဲ့သော်ငြာလည်း သူမက ပုံစံပြောင်းကာ ယန်အိမ်တော်သို့ ဝင်ရောက်ခဲ့သော ကိစ္စကို အလွယ်တကူ စုံစမ်းသိရှိနိုင်လေသည်။

ကျန်းပေမြို့စား၏ သမီးနှင့်မြေးက ချန်ဟွေ့ကို သတ်ဖြတ်ခဲ့ပြီး ချန်ဟွေ့က ယန်အိမ်တော်သို့ ဝင်ရောက်ခြင်းသည် ယန်လိရူအတွက် အစေခံမလေး လုပ်ရန်မဟုတ်သည်မှာ ထင်ရှားလေသည်။

ဖန်းယွီနှင့် ယန်ချန်တို့ သားအမိ သေဆုံးခြင်းကလည်း သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ ယန်လိရူသည် ယခုအချိန်တွင် ဖုံးကွယ်ထားခဲ့သည့်တိုင် ကျန်းပေမြို့စား ပြန်လည်ရောက်ရှိလာချိန်တွင် အမှန်တရားကို သေချာပေါက် စုံစမ်းသိရှိ သွားပေလိမ့်မည်။

ကျန်းပေမြို့စားက လှုပ်ရှားလာချိန်တွင် နေရာတိုင်းတွင် သက်သေပစ္စည်း လိုအပ်သည့် မင်ကျင့်စီးလို ဖြစ်လိမ့်မည် မဟုတ်ပေ။

ဖုန်းယန်သည် စိတ်ထဲတွင် အတွေးတစ်ချက် ပေါ်လာခဲ့၏။ "လူကြီးမင်းက ချန်ဟွေ့ကို သုံးပြီး ကျန်းပေမြို့စား လှုပ်ရှားလာအောင် မျှားခေါ်မလို့လား"

"မဟုတ်ရင်ရော။ သူက အသုံးဝင်ဦးမယ့် မျက်နှာကို မထောက်ထားရင် ငါက ဘာအကြောင်းနဲ့ သူ့ကိုလွှတ်ပေးရမှာလဲ"

ကျိမိန်းကလေးက ငိုယိုပြီးချွဲနွဲ့ နေလို့ပေါ့။ ချန်ဟွေ့ကို ငါးစာအဖြစ် သုံးရုံ သပ်သပ်ဆိုရင် စာချုပ်ချုပ်ဆို ဖို့တောင်မလိုဘူးလေ။ သူ့ကို ဒီအတိုင်း ဖမ်းသွားလိုက်ရုံပဲ မဟုတ်ဘူးလား။

သို့သော်ငြား မိမိကိုယ်ကိုမိမိ အရာအားလုံးကို ထိုးထွင်းသိမြင်သွားပြီဟု ယူဆထားသည့် ဖုန်းယန်သည် ဘာစကားမှ မပြောဝံ့ချေ။

သူကလည်း မြန်မြန်ဆန်ဆန်ပဲ မြောက်ပင့်ကာ ပြောဆိုတော့သည်။ "လူကြီးမင်းက တကယ်ကို ဉာဏ်ပညာ ကြီးမားလှပါတယ်။ ဒါဆိုရင် ... ကျွန်တော်မျိုး သူလျှိုတွေ စီစဉ်ပြီး ကျန်းပေမြို့စားအိမ်တော်ကို နေ့ရောညပါ စောင့်ကြည့်ခိုင်း ထားလိုက်ပါမယ်။ ဒါပေမဲ့ ကျန်းပေမြို့စားက တကယ်ပဲ ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလာမှာတဲ့လား"

"သူ့ရဲ့တစ်ဦးတည်းသော အတွက်လက်စားချေဖို့ဆိုရင် သူက တခြားသူရဲ့ လက်ကို ငှားမှာ မဟုတ်ဘူး"

ဖုန်းယန်သည် ပိုင်ရှိုးမင်ကို တစ်ချက်လောက် ခိုးကြည့်လိုက်ပြီးနောက် ချီတုံချတုံဖြင့် ထပ်ပြောလာသည်။ "တကယ်လို့ ကျန်းပေမြို့စားက ချန်းဖိင်ဖန်းကို သွားတာတွေ့ခဲ့ရင် ဘယ်လိုလုပ်ရမှာလဲ"

ပိုင်ရှိုးမင်က စကားမပြောဘဲ ဖုန်းယန်ကို တစ်ချက်သာ လှမ်းကြည့်လိုက်၏။

ဖုန်းယန်သည် ချက်ချင်းဆိုသလို သဘောပေါက် သွားလေတော့သည်။

"ကျွန်တော်မျိုး ပထမဦးဆုံး အကြိမ်မှာပဲ လူကြီးမင်းကို လာပြီးတော့ အစီရင်ခံပါ့မယ်"

ဒီတကြိမ်တွင် လူကြီးမင်း၏ မျက်စောင်းကို လက်ခံမရရှိခဲ့ချေ။ သူသည် အမှန်ပင် ဉာဏ်ကောင်းလှ လေသည်။

အားချန်သည် အိမ်သို့ ပြန်ရောက်လာပြီးနောက် ရေနှစ်ခွက်လောက် သောက်လိုက်ပြီး နာရီဝက်ကျော်ကျော်လောက် ထပ်ပြီးအိပ်စက် လိုက်ပြီးသည့်အခါမှ နောက်ဆုံးတွင်တော့ ပြန်လည်လန်းဆန်းလာတော့သည်။

မင်ကျင့်စီးသို့ တစ်ခေါက်လောက် သွားခဲ့ရခြင်းက ဘာဒုက္ခမှ မခံစားခဲ့ရသော်ငြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ် ခဲ့ရသည်။ သို့သော်ငြား ကောင်းမွန်သည့် ရလဒ်တစ်ခုကို ရရှိခဲ့ခြင်းကတော့ ကံကောင်းသွားခြင်းပင်။

ယခုအချိန်ကစပြီး ဟွေ့ညန်သည် နေရောင်ခြည်အောက်တွင် ပေါ်ပေါ်ထင်ထင် လမ်းလျှောက်သွားနိုင်ပြီဖြစ်ကာ ထပ်ပြီး ပုန်းလျှိုးကွယ်လျှိုး နေထိုင်ဖို့ရန် မလိုအပ်တော့ချေ။

အားချန်သည် အိပ်ရာမှ နိုးလာပြီးနောက်တွင် အောက်ထပ်မှ အသံများကို ကြားလိုက်ရသဖြင့် ဧည့်သည်များ ရောက်ရှိနေသည်ဟု ထင်မှတ်လိုက်၏။ သို့သော်ငြား အောက်ထပ်သို့ ဆင်းသွားပြီးမှ ဧည့်သည်မဟုတ်ဘဲ ကျင့်ယန်မြို့စားအိမ်တော်က လူများဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ရောက်လာသူမှာ ကျင့်ယန်မြို့စား အိမ်တော်၏ အိမ်တော်ထိန်းနှင့် ကျင့်ယန်မြို့စား၏ အမည်ခံမွေးစားသား ရွှဲကျောင်းတို့ ဖြစ်လေသည်။

သူတို့နှစ်ယောက်သည် အောက်ထပ်တွင် ဟွေ့ညန်၏ တားဆီးခြင်းကို ခံထားရပြီး မည်မျှကြာအောင် ရှိနေခဲ့သည် မသိချေ။ သူတို့သည် အားချန်ကို တွေ့လိုက်ရသောအခါ မျက်နှာအမူအရာမှာ အလွန်ပင် ရှုံ့တွသွားလေတော့သည်။ အားချန်က အောက်ထပ်သို့ ဖြည်းဖြည်းချင်း ဆင်းလာပြီး ရွှဲကျောင်း၏ ဘယ်ဖက်လက်ပေါ်က ကျောက်စိမ်းဖြင့် ပြုလုပ်ထားသည့် ဝမ်းနည်းခြင်း အမှတ်တံဆိပ်ကို တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီးနောက် ခပ်တိုးတိုးလေး ပြုံးလိုက်၏။ "ကျွန်မကိုရှာတာ ကိစ္စရှိလို့လား"

ရွှဲကျောင်းက လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်ထားလိုက်သည်။ ကျိချန်က ဘာကိုရည်ရွယ်သည်ကို သူသိလေသည်။ သူ၏အကောင်းဆုံး ဦးလေးဖြစ်သူ သေဆုံးသွားခဲ့သော်ငြား သူကတော့ ဝမ်းသာပီတိ ဖြစ်လို့နေသည်။

သို့သော်ငြား သူသည် ယခုအချိန်တွင် ဘာမှလည်း ပြောဆိုနိုင်ခြင်း မရှိပေ။ သူ့အမေက အနည်းငယ် လွန်လွန်ကျူးကျူး ပြုမူမိရုံဖြင့် အဖေဖြစ်သူသည် နန်းတွင်းညီလာခံတွင် အမတ်ကြီး၏ ပြစ်တင်စွပ်စွဲခြင်းကို ခံခဲ့ရကာ လစာငွေ ဖြတ်တောက်ခံခဲ့ ရုံသာမက အမေဖြစ်သူ၏ ဂုဏ်သတင်းပါ ပျက်စီးသွားခဲ့ရသည်။

ထိုအရာ အားလုံးကလည်း ကျိချန်ကြောင့်ပင်။

သူတို့တွေက သူ့အဖေရဲ့ ကလေးတွေ ဖြစ်လျက်သားနဲ့ သူနဲ့ ညီမဖြစ်သူတို့ကတော့ အကြာကြီး လာရုန်းကန်ခဲ့ရပြီး သူကတော့ မြို့စားအိမ်တော်မှာ အကြီးဆုံးသခင်မလေးလို နေထိုင်နိုင်ခဲ့တယ်။ ဘယ်လောက်တောင်မှ မတရားလိုက်သလဲ။

နောက်ဆုံး သူ့အရာအားလုံးကို ဆုံးရှုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီမိန်းမက ဝိညာဉ်လို ခြောက်လန့်နေတုန်းပဲ။ သူ့မိသားစုကို အေးအေးချမ်းချမ်း နေခွင့်မပေးခဲ့ဘူး။

အားချန်သည် လူ၏စိတ်ကို ထိုးထွင်းမြင်နိုင်သည့်တိုင် ရွှဲကျောင်းယခု အချိန်တွင် တွေးတောနေသည့် အရာများကိုလည်း ခန့်မှန်းနိုင်လေသည်။

တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် သူက သူဦးလေးကိုယ်စားပင် သေပေးချင်လိုက်သေးသည်။ တိုက်တိုက်ဆိုင်ဆိုင် အားချန်ကလည်း ထိုသို့ပင် တွေးတောနေခဲ့၏။

သူမက ထိုင်ခုံပေါ်တွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ကာ တစ်ချိန်လုံး နှုတ်ဆိတ်နေသည့် ရွှဲကျောင်းကို ပြောလိုက်သည်။ "ကိစ္စမရှိဘူးလား။ ကျွန်မကို ရှာစရာကိစ္စ မရှိဘူးဆိုရင်လည်း ပြန်ကြပါတော့"

ရွှဲကျောင်းသည် ဘေးက အိမ်တော်ထိန်းကို မျက်ရိပ်ပြလိုက်သောအခါ ထိုအိမ်တော်ထိန်းက ရှေ့သို့တက်လာပြီး ငွေလျန် ၁၀၀တန် ငွေလက်မှတ် ၁၀စောင်ကို ထုတ်ယူလာခဲ့၏။

"မိန်းကလေး ဒါက မင်းအတွက် လျော်ကြေးပါ"

"လျော်ကြေး ဟုတ်လား" အားချန်သည် ယနေ့မနက်ခင်း နန်းတွင်းညီလာခံတွင် သူမ၏ဆိုင် ဖျက်ဆီးခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် လှိုင်းဂယက်များကို မသိရှိသေးချေ။

သူမက ဘာတစ်ခုမှ သိရှိပုံမပေါ်သည်ကို တွေ့ရသောအခါ အိမ်တော်ထိန်းကလည်း စကားနည်းနည်းပါးပါးသာ ပြောလိုက်တော့သည်။ "ကျွန်တော်တို့ သခင်မက မှားယွင်းပြီးတော့ မနေ့က မိန်းကလေးဆိုင်ကို ဖျက်ဆီးမိအောင် လုပ်ခဲ့မိတာ။ ဒါတွေက တောင်းပန်တဲ့အနေနဲ့ပါ"

ရွှဲရှီက ဘယ်လိုလုပ်ပြီးတော့ ငါ့ကို ရုတ်တရက် လာတောင်းပန်ရတာလဲ။ ဒီကိစ္စမှာ တခြားအတွင်းရေး ကိစ္စတွေတော့ ရှိဦးမှာပဲ။ သို့သော်ငြား အားချန်သည် အသေးစိတ် လိုက်လံစုံစမ်းမနေတော့ချေ။

သူမက ငွေလက်မှတ်များကို တစ်ရွက်ချင်းစီ ရေတွက်လိုက်ပြီး နောက်ဆုံးငွေလက်မှတ်ကို ချထားလိုက်ပြီးမှ ပြုံးကာ ပြောလိုက်လေသည်။ "မြို့စားကတော်က တကယ်ရက်ရောတာပဲ။ ဒီငွေလက်မှတ်တွေကို ကျွန်မ လက်ခံလိုက်ပါ့မယ်။ သိပ်မကြာသေးခင်က မြို့စားကတော် စိတ်ခံစားမှု သိပ်မကောင်းဘူးလို့ ထင်တယ်။ ကျွန်မ သူ့ရဲ့ ရိုင်းစိုင်းခက်ထန်မှုကို ခွင့်လွှတ်ပေးလိုက်ပါ့မယ်။ သူ ဝမ်းနည်းမှုကို ဖြေဖျောက်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်"

"ကျိချန် မင်း လူကို အရမ်း အနိုင်မကျင့်နဲ့" ရွှဲကျောင်းသည် နောက်ဆုံးတော့ သည်းမခံနိုင်တော့ပေ။

အားချန်၏ အကြည့်က အနည်းငယ် လှုပ်ရှားသွားကာ "ရွှဲသခင်လေး ရှင်ကမှ လူကို အရမ်း အနိုင်ကျင့်တဲ့သူ မဟုတ်ဘူးလား”

...

All Chapters