← Chapters

ကျိချန် မင်း ငါ့လက်ထဲ မကျရောက်လာတာ ပိုကောင်းလိမ့်မည်...

Vol. 5 Ch. 43

ကျိချန် မင်း ငါ့လက်ထဲ မကျရောက်လာတာ ပိုကောင်းလိမ့်မည်...

Vol. 5 Ch. 43

“မင်း...” ရွှဲကျောင်းသည် အားချန်ကို လက်ညှိုးထိုးလိုက်လေသည်။

“သခင်လေး ဟိုရယ်(မြို့စားမင်း) ပြောထားတဲ့စကားကို မမေ့ပါနဲ့။ မလိုအပ်တဲ့ ပြဿနာတွေဖြစ်‌အောင် မလုပ်ပါနဲ့” ရွှဲကျောင်းက ဘာမှ မပြောဆိုနိုင်သေးခင်မှာပင် ဘေးက အိမ်တော်ထိန်းသည် အလျင်အမြန်ပင် အသံတိုးတိုးဖြင့် တားဆီးလိုက်လေသည်။

ရွှဲကျောင်းသည် အရှိန်လျော့လိုက်သော်လည်း အားချန်ကတော့ အလျှော့မပေးခဲ့ပေ။

သူမသည် မတ်တပ်ထရပ်လိုက်ပြီး အိမ်တော်ထိန်း၏ တားဆီးခြင်းကို ခံထားရသော ရွှဲကျောင်းကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။ “ရွှဲသခင်လေးက ရွှဲမင်ထန်ရဲ့ ဖုတ်ကောင်ကို တွေ့ဖူးလား။ သူ သေတုန်းကလေ။ ခန္ဓာကိုယ်ထဲက သွေးတွေအကုန်လုံး အစုပ်ခံလိုက်ရတာ”

သူမသည် မျက်ဝန်းထဲ၌ ဒေါသမီးများ တောက်လောင်နေသော ရွှဲကျောင်းကို စူးစိုက်ကြည့်ရင်း နောက်ဆုံးစကားတစ်ခွန်းကို ဖြည့်စွက်လိုက်လေသည်။ “တကယ်ကို ခံရသင့်တာ”

“ကျိချန် ငါ မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး” ကျိချန်၏ စကားကြောင့် ရွှဲကျောင်းသည် တစ်ဖန် ပေါက်ကွဲသွားပြန်ရာ အိမ်တော်ထိန်းသည် မျက်နှာရှုံ့မဲ့လျက် လက်တစ်ဖက်ဖြင့် ရွှဲကျောင်း၏ ပါးစပ်ကို ပိတ်ကာ အတင်းအကျပ် အပြင်သို့ ဆွဲထုတ်သွားရလေသည်။

ရွှဲကျောင်းကတော့ မရပ်မနား ရုန်းကန်နေပြီး သူ့ပါးစပ်မှလည်း တအိအိ ညည်းသံများ ထွက်ပေါ်နေတော့သည်။ အိမ်တော်ထိန်းက သူ့ကို တံခါးအပြင်ဘက်သို့ ဆွဲထုတ်သွားသည့်တိုင်အောင်ပင် အားချန်သည် သူ့ အော်ဟစ်သံကို ကြားလိုက်ရသေး၏။ “ကျိချန် မင်း ငါ့လက်ထဲ မရောက်တာ ပိုကောင်းလိမ့်မယ်။ ငါ မင်းကို အသေဆိုးနဲ့ သေအောင် လုပ်ပစ်မယ်။ သေချင်းဆိုးနဲ့ သေရအောင်”

အားချန်သည် တံခါးအပြင်ဘက်သို့ ဆုတ်သွားသော အိမ်တော်ထိန်းကို လက်ဝှေ့ယမ်းပြလိုက်ရင်း “ဖြည်းဖြည်းသွားနော်။ လိုက်မပို့တော့ဘူး”

ထိုအိမ်တော်ထိန်းခမျာ မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းလျက် သူတို့ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေသော အားချန်ကို မြင်လိုက်ရသည်တွင် စိတ်ထဲက သက်ပြင်းချလိုက်မိသည်။

အရင်တုန်းက အိမ်တော်ထဲမှာ စိတ်သဘောထား နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့တဲ့ သခင်မလေးက အိမ်တော်က ထွက်သွားပြီးနောက်မှာ ဒီလို ပုံစံမျိုး ပြောင်းသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

သခင်မလေးကို အိမ်တော်က နှင်ထုတ်လိုက်တာက ဟိုရယ့်ရဲ့ ဆုံးဖြတ်ချက်ဆိုတော့ သူ့လို အိမ်တော်ထိန်းတစ်ယောက်က ဝင်ပြောပိုင်ခွင့် မရှိပေမဲ့ ဟိုရယ် မှားသွားတယ်လို့တော့ ထင်တုန်းပဲ။

ကျင့်ယန်မြို့စားအိမ်တော်မှ လူများ ထွက်ခွာသွားပြီးနောက် ချန်ဟွေ့သည် အားချန်၏ အနားသို့ လျှောက်လှမ်းလာပြီး စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ “ရှင်နဲ့ ရွှဲမိသားစုက ရန်ငြိုးတွေ ရှိနေတာလား”

အားချန်သည် လှည့်လာပြီး ပြောလိုက်၏။ “ကျွန်မ ရှင့်ကို မပြောပြမိဘူးလား။ ရွှဲမင်ထန်ရဲ့ အစ်မက ကျွန်မအဖေအတွက် အပြင်မှာ မယားငယ် လုပ်ခဲ့တာ နှစ်တွေ အများကြီးပဲ။ သူ့အတွက် သားတစ်ယောက် သမီးတစ်ယောက်တောင် မွေးပေးခဲ့သေးတယ်။ ကျွန်မအမေ ဆုံးသွားပြီးနောက်မှာ သူက ကျင့်ယန်မြို့စားကတော် ဖြစ်လာတယ်လေ။ ကျွန်မအမေကတော့ အပြင်မှာ လင်ငယ်နေတယ်လို့ အပြစ် ပုံချခံလိုက်ရတယ်။ ကျွန်မက အဲဒီ သက်သေပေါ့”

ချန်ဟွေ့သည် အခိုက်တန့် ကြောင်ငေးသွား၏။ သူမသည် အားချန်ကို ကြည့်နေမိလေသည်။ သူမက ဤအကြောင်းအရာများကို ပြောပြနေချိန်တွင် မျက်နှာပေါ်တွင် ဒေါသထွက်သော အမူအရာ လုံးဝ မရှိဘဲ သူတပါး၏ ဇာတ်လမ်းကို ပြောပြနေသည့်နှယ်ပင်။

သူမသည် ထိုအကြောင်းကို နက်နက်ရှိုင်းရှိုင်း မစူးစမ်းခဲ့ပေ။ ထိုသည်မှာ လွန်ခဲ့သောညက သူမသည် အားချန်က ရွှဲမင်ထန်ကို ထူးဆန်းသော စကားတစ်ခွန်း ပြောပြောလိုက်သည်။ကို ကြားခဲ့သော်လည်း ထပ်ပြီး မမေးမြန်းခဲ့သည့် အခြေအနေအတိုင်းပင်။

အားချန်သည် ကျိချန် ဖြစ်စေ သို့တည်းမဟုတ် အခြားမည်သူပင် ဖြစ်စေ သူမအတွက်တော့ ယခုလက်ရှိ အားချန်သည် သူမ၏ အရေးကြီးဆုံး လူ ဖြစ်လေသည်။

အတွေးတစ်ခု ဖြတ်ပြေးသွားပြီးနောက် ချန်ဟွေ့က ပြောလိုက်သည်။ “ဒီရွှဲသခင်လေးက လွယ်လွယ်နဲ့ အလျှော့ပေးမယ့်ပုံ မပေါ်ဘူး”

အားချန်သည် သက်ပြင်းတစ်ချက်ကို ဖြည်းညင်းစွာ ချလိုက်ရင်း “မဟုတ်လို့လား။ ရွှဲမိသားစုရဲ့ ပစ်မှတ်ထားတာ ခံနေရတာက တကယ်ကို အိပ်လို့မရ စားလို့မဝင် ဖြစ်စေတာပဲ”

စကားကို ဤသို့ ဆိုသော်ငြားလည်း ရွှဲမိသားစု၏ တခဏတာ ပေါ်ထွက်လာမှုသည် အားချန်၏ ကောင်းစွာ စားသုံးခြင်းနှင့် နှစ်ခြိုက်စွာ အိပ်စက်ခြင်းတို့ကို အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

နောက်ထပ် ၂ ရက်ခန့် ကြာသောအခါ အားချန်သည် လမ်းမပေါ်တွင် လမ်းသွားလမ်းလာများ ရုတ်တရက် များပြားလာသည်ကို သတိပြုမိလိုက်ပြီး ထိုသူများအားလုံးသည် နေရာတစ်ခုတည်းသို့ ဦးတည်သွားနေကြဟန် ရှိ၏။ စာအုပ်ဆိုင်မှ သူဌေးရွှီထံ မေးမြန်းကြည့်မှသာ လူအများသည် ကျန်းပေမြို့စား ယနေ့ မြို့ထဲသို့ ဝင်မည်ဟု ကြားသိရသဖြင့် "သာ့ရှစစ်နတ်ဘုရား" ၏ ပုံပန်းသဏ္ဌာန်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုကြသဖြင့် ထျန်းကျီလမ်းမသို့ သွားရောက်ကာ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုကြခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။

အားချန်သည် အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် သူဌေးရွှီကို မေးမြန်းလိုက်သည်။ “ဒီ သာ့ရှစစ်နတ်ဘုရား ဆိုတဲ့ ဘွဲ့နာမည်က ဘယ်သူ ပေးထားတာလဲ။ အရှင်မင်းကြီးလား”

သူဌေးရွှီက ရယ်မောရင်း ပြန်ဖြေလေသည်။ “ဘယ်လို ဖြစ်နိုင်မှာလဲ။ အစတုန်းကတော့ ဘယ်သူက စပြီး သတင်းဖြန့်လိုက်မှန်း မသိဘူး။ နောက်ပိုင်းကျတော့ လူတွေက ကျန်းပေမြို့စားက ရှီးလင်နယ်စပ်မှာ တိုင်းတပါးသားတွေနဲ့ တိုက်ပွဲဝင်တာ တိုက်ပွဲပေါင်း ရာနဲ့ချီပြီး အနိုင်ရခဲ့တယ်လို့ ကြားကြပြန်ရော။ ကြာလာတော့ လူတိုင်းက ဒီအတိုင်းပဲ လိုက်ခေါ်ကြတော့တာပေါ့”

“တိုက်ပွဲပေါင်း ရာနဲ့ချီပြီး အနိုင်ရတယ် ဟုတ်လား။ ဒီလောက်တောင် တော်တာလား”

“ဟုတ်တာပေါ့။ ကျိမိန်းကလေးလည်း သွားကြည့်မလို့လား”

အားချန်သည် ခဏလောက် စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “သွားရမှာပေါ့”

သူဌေးရွှီက အတွေ့အကြုံရှိသူတစ်ဦး၏ ဟန်ပန်ဖြင့် လမ်းညွှန်လေတော့သည်။ “ဒါဆိုရင်တော့ မင်း မြန်မြန်သွားမှ ဖြစ်မယ်။ ထျန်းကျီလမ်းမရဲ့ ဘေးနှစ်ဖက်က စားသောက်ဆိုင်တွေက အကောင်းဆုံး ကြည့်ရှုနိုင်တဲ့ နေရာတွေပဲ။ နောက်ကျသွားရင် နေရာရတော့မှာ မဟုတ်ဘူး”

အားချန်က ပြုံးလျက် “သိပါပြီ။ ကျွန်မ ဟွေ့ညန်ကို စကားနည်းနည်းပါးပါး ပြောပြီးတာနဲ့ သွားလိုက်မယ်”

သူမက ဆိုင်ထဲသို့ လှည့်ပြန်လာခဲ့ပြီး ချန်ဟွေ့သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် အမွှေးနံ့သာအိတ်များကို ချုပ်လုပ်နေသည်ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် ချန်ဟွေ့၏ လက်နားတွင် ချုပ်ပြီးသား အမွှေးနံ့သာအိတ် ၃ လုံး ရှိနေလေပြီ။ ဤအမွှေးနံ့သာအိတ်များသည် အားချန်က အပြင်မှ ကြုံသလို ဝယ်ယူလာသော အိတ်များထက် များစွာ ပို၍ ကောင်းမွန်လှ၏။

ဆိုင် ပြန်ဖွင့်တဲ့ အချိန်ကျရင် ဒီအမွှေးနံ့သာအိတ်တွေကလည်း အရောင်းသွက်မှာပဲ။

“ဟွေ့ညန် ကျန်းပေမြို့စား ပြန်လာတော့မယ်လို့ ကြားတယ်။ ကျွန်မ ခဏနေရင် ထျန်းကျီလမ်းမဘက်ကို သွားကြည့်မလို့။ ရှင် လိုက်ခဲ့မလား”

ချန်ဟွေ့သည် လက်ထဲမှ အပ်ကို ချလိုက်ရင်း “ကျွန်မတော့ မလိုက်တော့ပါဘူး။ မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးလို့”

“ကောင်းပြီလေ။ ဒါဆို ကျွန်မ ပြန်လာရင် ရှင် မြည်းစမ်းကြည့်ဖို့ သမင်သွေး နည်းနည်း ဝယ်ခဲ့မယ်”

ချန်ဟွေ့သည် လူသားများ၏ အစားအစာများကို စားသုံးလျှင် အရသာ မခံစားနိုင်ပေ။ သူတို့နှစ်ယောက် သည်၂ ရက်အတွင်း စမ်းသပ်ကြည့်ခဲ့ပြီး သွေးဖြင့် ပြုလုပ်ထားသော အရာများကိုသာ အရသာ ခံစားနိုင်လေသည်။

အစားအစာသည် ချန်ဟွေ့အတွက် မရှိမဖြစ် လိုအပ်သောအရာ မဟုတ်သော်ငြားလည်း အစားအစာ၏ အရသာကို ခံစားရခြင်းသည် သူမ၏ စိတ်ကို ပျော်ရွှင်ကြည်နူးစေသည်ကတော့ အမှန်ပင် ဖြစ်၏။

သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး အားချန်ကို မမေ့မလျော့ မှာကြားလိုက်လေသည်။ “သိပါပြီ။ ရှင် လမ်းမှာ သတိထားသွားနော်”

အားချန်သည် လူအုပ်နှင့်အတူ ထျန်းကျီလမ်းမသို့ ရောက်ရှိသွားသောအခါ ကျန်းပေမြို့စားသည် မြို့ထဲသို့ မဝင်ရောက်သေးသော်လည်း ကျယ်ဝန်းသော ထျန်းကျီလမ်းမ၏ ဘေးနှစ်ဖက်တွင်တော့ စည်ကားသိုက်မြိုက်စွာ ကြည့်ရှုရန် စုရုံးနေကြသော ပြည်သူအများအပြား ရှိနေလေပြီ။

သူမသည် လမ်းမဘေးတွင် ခဏလောက် ရပ်လိုက်ပြီး ဟိုဟိုသည်သည် ကြည့်လိုက်ရာ တစ်ဖက် မျက်စောင်းထိုးက စားသောက်ဆိုင်တစ်ခု၏ ဒုတိယထပ်တွင် နေရာလွတ် ရှိသေးသည်ကို မြင်သဖြင့် ဂါဝန်စကို မကာ အပြေးအလွှား သွားလိုက်လေသည်။

တံခါးဝတွင် ဧည့်ကြိုနေသော စားပွဲထိုးလေးသည် သူမက အမောတကော ဆိုင်ထဲသို့ ဝင်လာသည်ကို မြင်သဖြင့် အလျင်အမြန်ပင် ထိုင်ပြီး နားနေရန် ဖိတ်ခေါ်လိုက်ပြီးမှ မေးမြန်းလိုက်သည်။ “မိန်းကလေး ထမင်းစားမလို့လား ခင်ဗျာ”

“ဟုတ်တယ်။ ကျွန်မ ဒုတိယထပ် ပြတင်းပေါက်နားက နေရာကို လိုချင်တယ်”

“ရပါတယ်။ မိန်းကလေး ကျွန်တော့်နောက် လိုက်ခဲ့ပါ”

အားချန် အမောပြေသွားသောအခါ စားပွဲထိုးလေးသည် သူမကို ဒုတိယထပ်သို့ လိုက်ပို့ပေးခဲ့သည်။ ကံအားလျော်စွာ ပြတင်းပေါက်နားရှိ နေရာတစ်ခုတွင် လူမရှိသဖြင့် သူမသည် ပြတင်းပေါက်ဘေးမှ စားပွဲကို ရသွားတော့သည်။

သည်လို မြင်ကွင်းကောင်းကောင်း နေရာကို ရယူထားပြီး ယခုအခါ မွန်းတည့်ချိန်သို့ပင် နီးကပ်လာပြီ ဖြစ်သဖြင့် အစားအသောက်များ မှာကြားရမည်မှာ သဘာဝကျလှ၏။ အားချန်သည် စားပွဲထိုးလေး ညွှန်းသည့်အတိုင်း ကြက်သားဆန်ပြုတ် အိုးတစ်အိုး၊ ကြက်သားမျှင်သုပ်တစ်ပွဲ၊ ကြက်သားငံပြာရည်တစ်ပွဲနှင့် ကြက်သားလိပ်ကြော်တစ်ပွဲတို့ကို မှာကြားလိုက်သည်။

စားပွဲထိုးလေးသည် စားသောက်ဆိုင်ထဲတွင် ဧည့်သည်များစွာကို တွေ့ကြုံဖူးသော်ငြားလည်း ဤသို့ ကြက်သားကို အလွန်အမင်း ကြိုက်နှစ်သက်သူကိုတော့ ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သည်။ သို့သော် သူသည် ဘာမှမပြောလိုက်ဘဲ ပြုံးကာ သိရှိကြောင်း ပြသလိုက်ပြီးနောက် ချက်ချင်းပင် မီးဖိုချောင်သို့ အစားအသောက် စာရင်းကို သွားပို့လေသည်။

အားချန် ထိုင်ချလိုက်ပြီး မကြာခင်မှာပင် ဒုတိယထပ်သို့ နောက်ထပ်လူတစ်ယောက် တက်လာပြန်သည်။ ထိုသူ့ အကြည့်သည် ပြတင်းပေါက်နားမှ စားပွဲအချို့ကို ဝေ့ဝဲကြည့်ရှုသွားပြီးနောက် နောက်ဆုံးတွင် အားချန်၏ ကိုယ်ပေါ်သို့ ကျရောက်လာကာ ထို့နောက် တည့်တည့်မတ်မတ် လျှောက်လှမ်းလာခဲ့သည်။

အားချန်သည် ခေါင်းလှည့်လိုက်သည်နှင့် မိမိ၏ အနားတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် လန့်သွားမိသည်။ သေသေချာချာ‌လေး တစ်ချက်လောက် ကြည့်လိုက်မှ အသိမိတ်ဆွေတစ်ဦး ဖြစ်နေသည်ကို တွေ့ရှိလိုက်ရ၏။

“လင်းမိန်းကလေး တိုက်ဆိုင်လိုက်တာ။ ရှင်လည်း ထမင်းလာစားတာလား”

သူမ၏ အနားတွင် ရပ်နေသူမှာ ထိုနေ့က ဆိုင်ဖျက်ဆီးခံရချိန်တွင် ရဲရဲဝံ့ဝံ့ ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သော လင်းစွေ့ပင် ဖြစ်လေသည်။

“ကျွန်မ ရှင့်ရဲ့ ဒီနေရာကို လိုချင်တယ်။ ငွေဘယ်လောက်ပေးရင် ဖယ်ပေးမှာလဲ” လင်းစွေ့သည် သူမနှင့် ရင်းနှီးစွာ နှုတ်ဆက်ရန် အစီအစဉ် မရှိဟန်ဘဲ တိုက်ရိုက် မေးမြန်းလိုက်သည်။

အားချန်က ပြုံးကာဖြင့် ပြောလိုက်သည်။။ “ပိုက်ဆံ မလိုပါဘူး။ တကယ်တော့ ကျွန်မက ဒီကို ပွဲလာကြည့်တာ ကြုံလို့ ထမင်းဝင်စားလိုက်တာ။ လင်းမိန်းကလေးသာ မရွံဘူးဆိုရင် အတူတူ ထိုင်ပါလား”

ဤလင်းမိန်းကလေးသည် အနည်းငယ် အေးစက်သော်လည်း အားချန်ကတော့ သူမကို အတော်လေး သဘောကျမိသည်။ မတရားမှုကို မြင်လျှင် ဝင်ရောက်ကူညီတတ်သူသည် လူဆိုးတစ်ယောက် မဖြစ်နိုင်ပေ။

လင်းစွေ့သည် ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးနောက် အားချန်၏ မျက်နှာချင်းဆိုင် နေရာတွင် ဝင်ထိုင်လိုက်ကာ “ကောင်းပြီလေ”

ဤစားသောက်ဆိုင်၏ အစားအသောက် တည်ခင်းပေးသည့် အရှိန်သည် အတော်ပင် မြန်ဆန်လှ၏။ ၁၅ မိနစ်ခန့် အချိန်အတွင်းမှာပင် စားပွဲထိုးလေးသည် ဟင်းပွဲ ၃ ပွဲကို တည်ခင်းပေးပြီး ဖြစ်သည်။ စားပွဲပေါ်တွင် လူတစ်ယောက် ထပ်တိုးလာသည်ကို မြင်သော်လည်း သူသည် အံ့ဩသွားခြင်း မရှိဘဲ ဆန်ပြုတ်လာချပေးသည့်အခါတွင် ပန်းကန်လုံးတစ်လုံးကိုပါ ထပ်ယူလာပေးခဲ့သည်။

အားချန်သည် ဆန်ပြုတ် နှစ်ပန်းကန်ကို ခပ်ထည့်လိုက်ပြီး တစ်ပန်းကန်နှင့် တူတစ်စုံကို လင်းစွေ့ ရှေ့သို့ တွန်းပို့ပေးလိုက်သည်။

သူမသည် လင်းစွေ့က အပြင်ဘက်ကိုသာ အဆက်မပြတ် ကြည့်နေသည်ကို မြင်သဖြင့် ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။။ “ကျန်းပေမြို့စား မြို့ထဲဝင်လာဖို့ အချိန်နည်းနည်း လိုသေးတယ်။ လင်းမိန်းကလေး အရင်ဆုံး တစ်ခုခုစားပြီး ဗိုက်ဖြည့်ထားပါလား”

ထိုစကားကို ကြားလိုက်သည်တွင် လင်းစွေ့က ခေါင်းလှည့်လာခဲ့၏။ သူမသည် နံနက်ခင်းကမှ အိမ်သားများနှင့် ရန်ဖြစ်ခဲ့ပြီး နံနက်စာပင် မစားရသေးဘဲ ခြံဝင်းထဲတွင် ဒူးထောက်ရန် အပြစ်ပေးခံခဲ့ရသည်မှာ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် အလွန် ဆာလောင်မွတ်သိပ်နေသဖြင့် အားချန်၏ စကားကို ကြားသောအခါ သူမကို အားနာမနေတော့ဘဲ ဆန်ပြုတ်ပန်းကန်ကို မကာ သောက်လိုက်သည်။

ဤဆိုင်၏ ကြက်သားဆန်ပြုတ်သည် အလွန်လတ်ဆတ်ပြီး အရသာရှိလှ၏။ ဆန်ပြုတ်ပန်းကန်လုံးထဲမှ ကြက်သားအမျှင်လေးများသည် အလွန် နူးညံ့လှသဖြင့် သက်ကြီးရွယ်အိုများ စားသုံးရန် အလွန် သင့်တော်လေသည်။

လင်းစွေ့သည် ဆန်ပြုတ်ကို သောက်ရင်း ‘အဘွားသာ ရှိနေသေးရင် ဒါကို သဘောကျမှာ သေချာတယ်’ဟု တွေးတောနေမိသည်။

သူမ ငိုင်တွေနေစဉ်မှာပင် အားချန်သည် ကြက်သားလိပ်ကြော်တစ်ခုကို ညှပ်ယူကာ သူမ၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်ပြီး “လင်းမိန်းကလေး ဟင်းစားပါ။ ကျွန်မတစ်ယောက်တည်း ဒီလောက်များကြီး မစားနိုင်လို့”

လင်းစွေ့သည် တစ်ကိုက် ကိုက်လိုက်သည်။ ဤကြက်သားလိပ်ကြော်သည် ဝက်ဆီဖတ်ဖြင့် ပတ်ထားပြီး ဒယ်အိုးထဲတွင် ကြော်လှော်ကာ အချဉ်ရည်ဖြင့် သင့်တင့်စွာ ရောစပ်ထားသဖြင့် အပြင်ခွံသည် ကြွပ်ရွနေပြီး အတွင်းမှ ကြက်သားအစာသွတ်နှင့် အလွန်တရာ လိုက်ဖက်ညီလေသည်။

အခြေအနေက သူမကို ငယ်ဘဝအား မတွေးဘဲ မနေနိုင်အောင် ပြုလုပ်လိုက်သည်။ ထိုစဉ်က အိမ်သည် အလွန် ဆင်းရဲနွမ်းပါးလှပြီး နှစ်သစ်ကူးရောက်တိုင်း အဘွားဖြစ်သူက သူမနှင့် မောင်ဖြစ်သူအတွက် အသီးအရွက်လုံးကြော်များ ကြော်ပေးလေ့ရှိသည်။

ယခုအခါ သူမတွင် ငွေအမြောက်အမြား ရှိနေပြီဖြစ်ပြီး နှစ်သစ်ကူး ရောက်မှသာ အဆီအဆိမ့်များ စားသုံးနိုင်သည့် ဘဝမျိုး မဟုတ်တော့ပေ။ သို့သော် သူမ၏ ဘေးမှ ဆွေမျိုးသားချင်းများကတော့ ထိုသူများ မဟုတ်ကြတော့ချေ။

“... ကျေးဇူးတင်ပါတယ်”

“အားနာစရာ မလိုပါဘူး။ လင်းမိန်းကလေးကလည်း ကျန်းပေမြို့စားကို လာကြည့်တာလား”

အရသာရှိသော အစားအစာများက သူမ၏ စိတ်ခံစားချက်များကို ပြေလျော့သွားစေ၍ ဖြစ်နိုင်ပါ၏။ လင်းစွေ့သည် အားချန်၏ စကားကို ပြန်လည် တုံ့ပြန်လေသည်။ “မဟုတ်ဘူး။ ကျွန်မက ကျွန်မအဖေကို လာကြည့်တာ”

အားချန်သည် အနည်းငယ် အံ့အားသင့်သွားပြီး “အန်းရှီစစ်သူကြီးကလည်း ဒီနေ့ ရှန့်ကျင်းကို ပြန်လာတာလား”

“ဟုတ်တယ်။ သူက ကျန်းပေမြို့စားနဲ့ အတူတူ ပြန်လာတာ”

အခြေအနေက အားချန်ကို အနည်းငယ် နေရခက်သွားစေသည်။ အန်းရှီစစ်သူကြီး၏ ရာထူးသည် မနိမ့်ကျသော်လည်း သူ့ ကျော်ကြားမှုကတော့ ထင်သလောက် မကြီးမားလှပေ။ အနည်းဆုံးတော့ သည်ပွဲလာကြည့်သော ပြည်သူများသည် ဘယ်စစ်သူကြီးတစ်ဦးပါ ပြန်လည် ရောက်ရှိလာသည်ကို မသိကြသလို သူမသည်လည်း လုံးဝ မသိခဲ့ပေ။

“ဒါဆိုရင်တော့ တော်တော် ကောင်းတာပေါ့။ ကျွန်မ အန်းရှီစစ်သူကြီးကို တစ်ခါမှ မမြင်ဖူးသေးဘူး”

ကျိချန်၏ ဦးနှောက်ထဲတွင် အန်းရှီစစ်သူကြီး ဆိုသော သည်လူ ရှိနေသော်ငြားလည်း မှတ်ဉာဏ်ထဲ၌ သည်စစ်သူကြီးသည် ရှီးလင်တွင် အမြဲတမ်း တပ်စွဲနေခဲ့ပြီး ရှန့်ကျင်းသို့ ပြန်မလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့လေပြီ။

“အင်း” လင်းစွေ့က ပြန်ဖြေလိုက်ပြီး “ကျွန်မလည်း မမြင်ဖူးဘူး”

စကားဝိုင်းက ပိုလို့ပင် အနေခက်သွားသယောင်။

အားချန်သည် မှတ်ဉာဏ်များကို တစ်ဖန် ပြန်လည် ရှာဖွေလိုက်ရာ နောက်ဆုံးတွင် မှတ်ဉာဏ်ထဲမှ လင်းစွေ့နှင့် ပတ်သက်သော ကောလာဟလများကို ရှာဖွေတွေ့ရှိသွားသည်။

လင်းစွေ့မှာ ငယ်စဉ်ကတည်းက ကျန်းမာရေး မကောင်းသဖြင့် ကျေးလက်တောရွာတွင် သွားရောက် အနားယူနေသည်ဟု အန်းရှီစစ်သူကြီးအိမ်တော်က အပြင်သို့ အမြဲတမ်း ကြေညာထားခဲ့သည်။ သူမသည် အိမ်တော်ထဲက အမျိုးသမီးများ၏ မြင်ကွင်းထဲသို့ တရားဝင် ပေါ်ထွက်လာသည်မှာ သူမ အသက် ၁၆ နှစ် အရွယ် တစ်နည်းအားဖြင့် မနှစ်ကမှ ဖြစ်လေသည်။

သို့သော် ကျိချန်သည် ထိုအချိန်က လူများ တီးတိုးပြောဆိုနေကြသည်ကို ကြားခဲ့ရသည်။ လင်းစွေ့သည် နေမကောင်း၍ အနားယူနေခြင်း မဟုတ်ဘဲ မွေးဖွားလာစဉ်ကတည်းက စစ်သူကြီးကတော်နှင့် ကံဇာတာချင်းမကိုင်းသဖြင့် လယ်သမားမိသားစုတစ်စုထံ ပို့ဆောင်မွေးမြူစေခဲ့ပြီး အရွယ်ရောက်ပြီးမှသာ ပြန်လည် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်ဟု ဆို၏။

ထိုအချိန်က ကျိချန်သည် ထိုပြောစကားကို မယုံကြည်ခဲ့ပေ။ အကြောင်းမှာ သူမ၏ စိတ်အထင်တွင် အန်းရှီစစ်သူကြီးကတော်သည် အလွန်တရာ ကြင်နာတတ်သူတစ်ဦး ဖြစ်သဖြင့် ဤသို့ အဓိပ္ပာယ်မရှိသော ပြောစကားကြောင့် မိမိ၏ သမီးအရင်းကို မည်သို့ ပို့ဆောင်နိုင်မည်နည်း။

လင်းစွေ့ကို တွေ့မြင်လိုက်ရသောအခါ အားချန်သည် ဤပြောစကားသည်သာ အမှန်တရား ဖြစ်နိုင်လောက်သည်ဟု တွေးထင်မိလိုက်သည်။

သူတို့နှစ်ယောက် ထမင်းစားနေစဉ်မှာပင် လှေကားထက်မှ တရုံးရုံး ခြေသံများ တစ်ဖန် ထွက်ပေါ်လာပြန်သည်။ ယောက်ျားသံတစ်သံက အကျယ်ပြီး ထွက်ပေါ်လာသည်။ “လင်းအာ အောက်မှာ ပျင်းတိပျင်းတွဲ လုပ်မနေနဲ့။ ထပ်မတက်လာသေးရင် ခဏနေ မင်းအဖေနဲ့ မင်းအစ်ကိုကြီး ဖြတ်သွားတော့မယ်”

“သိပါပြီ။ စကားရှည်မနေနဲ့”

အသံဆုံးသွားသည်နှင့် ခမ်းနားထည်ဝါစွာ ဝတ်ဆင်ထားသော လူငယ်သခင်လေး ၅ ဦးတစ်စုသည် ဒုတိယထပ်သို့ တက်လာကြသည်။

အားချန်သည် တစ်ချက်သာ ကြည့်လိုက်ပြီး မျက်ခုံး အနည်းငယ် ပင့်လိုက်မိသည်။ ရွှဲကျောင်းက ဒီရက်ပိုင်း ပေါ်လာတာ များလွန်းနေသလား။ သူ့ကို ထပ်တွေ့ရပြန်ပြီ။ တကယ် ကံဆိုးတာပဲ။

ထို့နောက် သူမ၏ အကြည့်သည် ကျန် ၄ ဦးကို ဝေ့ဝဲကြည့်လိုက်ရာ ကြည့်လေလေ ထိုသူများကို ရင်းနှီးနေသကဲ့သို့ ခံစားရလေလေ ဖြစ်သည်။

အတော်ကြာအောင် စဉ်းစားလိုက်မှသာ သတိရလာသည်။ အရင်တစ်ခေါက် ထျန်းကျီလမ်းမမှ အထည်ဆိုင်တွင် သူမသည် သည်လူများကို တွေ့မြင်ခဲ့ဖူးလေသည်။

.

ရွှဲကျောင်းသည် အားချန်ကို မြင်တွေ့လိုက်သော်လည်း သည်တစ်ကြိမ်တွင် သူသည် ချက်ချင်း အကြည့်လွဲထားလိုက်ပြီး သူမကို လျစ်လျူရှုလိုက်သည်။

လွန်ခဲ့သည့် ၂ ရက်က ချန်းဖိင်ဖန်းမှ ပြန်သွားပြီးနောက် အိမ်တော်ထိန်းသည် သူပြုလုပ်ခဲ့သမျှကို ဖခင်ထံ အကုန်စင် လျှောက်တင်ခဲ့သည်။ ဖခင်ဖြစ်သူသည် သူ့ကို ဘိုးဘေးခန်းမတွင် ၂ ရက်တိတိ ဒူးထောက်ရန် အပြစ်ပေးခဲ့ပြီး သူ့မိခင်ကလည်း လောလောဆယ် ကျိချန်ကို သွားရောက် မနှောင့်ယှက်ရန် ထပ်တလဲလဲ သတိပေးခဲ့သည်။ ရွှဲကျောင်းသည် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်သဖြင့် သူမကို မရှိသကဲ့သို့ပင် သဘောထားလိုက်တော့သည်။

ရွှဲကျောင်းသည် ပြဿနာ လာမရှာတော့သော်လည်း လင်းအာ ဟု အခေါ်ခံရသော အရပ်မြင့်မြင့် လူငယ်သခင်လေးကတော့ အားချန်၏ စားပွဲဆီသို့ လျှောက်လှမ်းလာခဲ့သည်။

လင်းဟန်သည် မျက်မှောင်ကြုတ်လျက် သူတို့၏ စားပွဲအနားသို့ ရောက်ရှိလာပြီး မလိုလားသည့် လေသံဖြင့် မေးလိုက်သည်။ “လင်းစွေ့ မင်းက ဘာလို့ ဒီရောက်နေတာလဲ”

အားချန်သည် ထိုသူ့ ရုပ်ရည်ကို အကဲခတ်ကြည့်လိုက်ပြီး မိမိ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လင်းစွေ့နှင့် အနည်းငယ် ဆင်တူသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။ ထို့နောက် မျိုးရိုးအမည် တူညီကြသည်ကို ပြန်တွေးမိလိုက်၏။ ဒီတစ်ယောက်က လင်းစွေ့ရဲ့ အစ်ကိုများ ဖြစ်နေမလား။

ဒါပေမဲ့ သူ့ရဲ့ ဒီအမူအရာအရဆိုရင် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်မကောင်းဘူး ထင်တယ်။

“နင်နဲ့ ဘာဆိုင်လို့လဲ”

အင်း။ တော်တော်လေး မကောင်းတာပဲ။

“ဪ သိပြီ။ အဖေ့ကို လာကြည့်တာမလား။ မင်းက အိမ်မှာ အမေ့ကို စိတ်ဆိုးပြီး နေမကောင်းဖြစ်အောင် လုပ်ပြီးတော့ အဖေက မင်းဘက်ကနေ ရပ်တည်ပေးမယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဘာအိပ်မက်တွေ မက်နေတာလဲ” လင်းဟန်သည် လှောင်ရယ်သံတစ်ချက် ပြုလိုက်ပြီး ငယ်စဉ်ကတည်းက တောရွာတွင် ကြီးပြင်းလာကာ ယဉ်ကျေးမှု မရှိသော ဤညီမဖြစ်သူကို အပေါ်စီးက အထင်သေးစွာ ကြည့်လိုက်သည်။

လင်းစွေ့သည် စကားမဆိုခဲ့သော်လည်း အားချန်ကတော့ သူမ၏ မျက်ဝန်းထဲမှ တုံ့ဆိုင်းမှုကို မြင်တွေ့လိုက်ရသည်။

လင်းဟန်သည် သူမကို သည်အတိုင်း အလွတ်ပေးရန် ဆန္ဒမရှိဘဲ ဆက်လက် ပြောလိုက်သည်။။ “အဖေက တစ်သက်လုံး မင်းလို အကျင့်စာရိတ္တ နိမ့်ကျတဲ့သူတွေကို အမုန်းဆုံးပဲ။ မင်းက ကိုယ့်ညီမရဲ့ စေ့စပ်ထားတဲ့ ယောက်ျားလောင်းကိုတောင် လုရဲတယ်။ တကယ် အရှက်မရှိတဲ့ မိန်းမ”

ဤစကားသည် လင်းစွေ့၏ နာကျင်ရာကို ထိမိသွားဟန်တူသည်။ သူမ၏ အကြည့်သည် ချက်ချင်းပင် ကြမ်းတမ်းသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားပြီး “ညီမ ဟုတ်လား။ နင်တစ်ယောက်တည်းပဲ ဘာမှမဟုတ်တဲ့ အညစ်အကြေး အပုပ်အသိုးကို လက်ထဲမှာ တယုတယ ကိုင်ပြီး ညီမလို့ ခေါ်နေတာ။ အန်းရှီစစ်သူကြီးမှာ သမီးတစ်ယောက်တည်းပဲ ရှိတယ်။ အဲဒါ ငါပဲ။ မင်းရဲ့ ညီမက ဘာကောင်မို့လို့လဲ”

သူတို့နှစ်ယောက် ရန်ဖြစ်ရင်း ဒေါသများ ထွက်လာကာ ထိုးကြိတ်ကြတော့မည်ကို မြင်သောအခါ အားချန်သည် တူဖြင့် ပန်းကန်လုံးအနားသားကို ခေါက်လိုက်ရင်း “ဒီက သခင်လေးရှင့်။ တခြားသူရဲ့ စားပွဲနားမှာ ရပ်ပြီး ရန်ဖြစ်နေတာက နည်းနည်း ယဉ်ကျေးမှု မရှိသလို ဖြစ်မနေဘူးလား”

လင်းဟန်သည် အားချန်ကို တစ်ချက် ကြည့်လိုက်ပြီး ‘လင်းစွေ့နဲ့ အတူတူ ထိုင်နေတဲ့ မိန်းမကရော ဘယ်လို အဆင့်အတန်းမျိုး ရှိမှာမို့လို့လဲ’ ဟု စိတ်ထဲမှ တွေးလိုက်သည်။

သူ ပါးစပ်ဖွင့်ရန် ပြင်လိုက်စဉ်မှာပင် အနည်းငယ် လှမ်းသောနေရာတွင် ထိုင်နေသော ရွှဲကျောင်းသည် ရုတ်တရက် ပြောလာခဲ့သည်။ “အစ်ကိုလင်း မြန်မြန် လာတော့။ အန်းရှီစစ်သူကြီးရဲ့ အဖွဲ့ ရောက်လာပြီ”

ထိုအချိန်တွင် အောက်ထပ်မှ အားပေးသံများ ထွက်ပေါ်လာလေပြီ။ လင်းဟန်သည် ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးနောက် အနည်းငယ် လှမ်းသော စားပွဲဆီသို့ လှည့်ထွက်သွားတော့သည်။

လင်းစွေ့နှင့် အားချန်တို့သည်လည်း ခေါင်းလှည့်ကာ အောက်ထပ်သို့ ကြည့်လိုက်ကြသည်။

အောက်ထပ်တွင် ကျန်းပေမြို့စား၏ တပ်ဖွဲ့သည် ဖြည်းညင်းစွာ ဖြတ်သန်းသွားနေ၏။

တပ်ဖွဲ့၏ ရှေ့ဆုံးတွင် ရှိနေသူမှာ အနက်ရောင် ကျားမြင်းကို စီးနင်းထားသော ကျန်းပေမြို့စား ဖြစ်လေသည်။

ကျန်းပေမြို့စား၏ အသက်သည် မငယ်လောက်တော့ပြီ ဖြစ်သော်လည်း ကြည့်ရသည်မှာ အသက် ၄၀ ကျော် အရွယ်ခန့်သာ ထင်ရသည်။ သူသည် အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး ဦးထုပ်ကိုတော့ ဆောင်းမထားပေ။ ရုပ်ရည်မှာ သာမန်မျှသာ ဖြစ်သော်လည်း မျက်လုံးများက ကြမ်းတမ်းခက်ထန်လှပြီး သူ့ အကြည့်က လူအုပ်ကို ဖြတ်သန်း ဝေ့ကြည့်လိုက်သည့်အခါ ပတ်ဝန်းကျင်မှ ပြည်သူများ၏ အားပေးသံများပင် ရပ်တန့်သွားခဲ့သည်။

ခုနက လူအုပ်ထဲမှ ကလေးငယ်တစ်ဦး၏ ငိုသံကို ကြားလိုက်ရပြီး ၈၀ ရာခိုင်နှုန်းခန့်မှာ လန့်၍ ငိုခြင်း ဖြစ်နိုင်ဟု အားချန်တစ်ယောက် ကျိန်ပြောရဲသည်။

ကျန်းပေမြို့စား၏ ဘယ်ဘက်နောက်ကျကျတွင် မြင်းပေါ်၌ စီးနင်းလိုက်ပါလာသူကတော့ ပိုကြည့်ကောင်းသေးသည်။ ထိုသူမှာ ယဉ်ကျေးသိမ်မွေ့သော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ပြီး အားချန်သည် လင်းစွေ့၏ အစ်ကိုဖြစ်သူက "အဖေ" ဟု အော်ခေါ်နေသည်ကို ကြားလိုက်ရ၏။

အောက်ထပ်မှ ထိုသူသည် လင်းစွေ့၏ အစ်ကိုဖြစ်သူ အသံကို ကြားလိုက်ရဟန်တူပြီး မော့ကြည့်လာခဲ့သည်။ သူ့ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာကာ ကျယ်လောင်သော အသံဖြင့် “ဟန်အာ” ဟု ပြန်လည် ထူးလိုက်လေသည်။

လင်းဟန်၏ စိတ်လှုပ်ရှားမှုနှင့်ဆန့်ကျင့်ဘက်ပင်။ လင်းစွေ့ကတော့ အောက်ထပ်မှ မြင်းစီးလျက် ဖြတ်သန်းသွားသော လူလတ်ပိုင်းအရွယ် အမျိုးသားကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ထိုသူသည်လည်း အပေါ်ထပ်မှ လင်းစွေ့ကို မြင်တွေ့သွားနိုင်သော်လည်း နည်းနည်းလေးမှ တုံ့ပြန်မှု မရှိခဲ့ပေ။

သူသည် သူ့ သမီးဖြစ်သူကို မမှတ်မိတာ ဖြစ်နိုင်သည်။

တပ်ဖွဲ့သည် လျင်မြန်စွာ ဖြတ်သန်းသွားခဲ့သည်။ လင်းဟန်သည် အနည်းငယ် စိတ်လှုပ်ရှားနေပြီး လင်းစွေ့ကိုလည်း ဂရုမစိုက်တော့ဘဲ စစ်သူကြီးအိမ်တော်သို့ ပြန်ကာ အဖေ အိမ်ပြန်လာသည်ကို စောင့်မည်ဟု ဆူညံစွာ ပြောဆိုရင်း ကျန်လူအချို့နှင့်အတူ အောက်ထပ်သို့ ဆင်းသွားလေသည်။

လင်းစွေ့ကတော့ ထွက်မသွားခဲ့ပေ။ သူမသည် နေရာတွင် ပြန်ထိုင်လိုက်ပြီး အနည်းငယ် အေးစက်သွားပြီဖြစ်သော ဆန်ပြုတ်ကို တစ်ငုံ သောက်လိုက်သည်။

“ရှင် အဆင်ပြေရဲ့လား” အားချန်က မေးလိုက်သည်။

လင်းစွေ့သည် မော့လာပြီး သူမကို တစ်ချက် စောင်းငဲ့ကြည့်ကာ “ဘာလဲ။ ကျွန်မကို သနားနေတာလား”

သူမသည် မိမိမှာ သနားကြင်နာမှု မလိုအပ်ကြောင်း ပြောရန် ပြင်လိုက်စဉ်မှာပင် အားချန်က ဖြည်းညင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရ၏။ “နည်းနည်း အားကျလို့ပါ။ ရှင့်မှာ အနည်းဆုံးတော့ အဖေ ရှိသေးတယ်လေ”

သူမနှင့် မတူညီပေ။ သူမ၏ အဖေကတော့ သူမကို မလိုအပ်တော့ပြီ။

လင်းစွေ့သည် ကျိချန်နှင့် ပတ်သက်သော ကောလာဟလများကို ပြန်လည် သတိရသွားပြီး စိတ်ထဲမှ မကျေနပ်မှုများသည် ရုတ်တရက် အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။ ဟုတ်သားပဲ။ အနည်းဆုံးတော့ ဒါက အဖေပဲ။ အရင်က မသိခဲ့ပေမဲ့ အခု အိမ်ပြန်ပြီး သိကျွမ်းအောင် လုပ်လို့ရသေးတယ်။ ကျိချန်ကတော့ အမေ ဆုံးပြီးနောက်မှာ အဖေပါ မရှိတော့တာ။

သူတို့နှစ်ယောက် ထမင်းစားပြီးသောအခါ အားချန်က ငွေရှင်းရန် ပြင်လိုက်စဉ်မှာပင် လင်းစွေ့က အရင်ဦးအောင် ရှင်းလိုက်သည်။

သူမက အားချန်ကို ပြောလိုက်သည်။။ “ရှင့်ရဲ့ နေရာအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့ ကျွန်မ ဒကာခံပါ့မယ်”

အားချန်သည်လည်း ငြင်းပယ်မနေတော့ဘဲ “ကောင်းပြီလေ။ နောက်တစ်ခါ အခွင့်အရေးရရင် ကျွန်မ ပြန်ကျွေးပါ့မယ်”

ပွဲကြည့်ပြီး ဝဝလင်လင် စားသောက်ပြီးနောက် အားချန်သည် လတ်လတ်ဆတ်ဆတ် သမင်သွေးတစ်ပုံးကို ဝယ်ယူကာ အိမ်သို့ ပြန်သွားလေသည်။

လင်းစွေ့သည် အိမ်သို့ မပြန်ချင်သော်ငြားလည်း စစ်သူကြီးအိမ်တော်မှလွဲပြီး သူမမှာ သွားစရာ နေရာ မရှိပေ။ သူတို့နှစ်ယောက်သည် စားသောက်ဆိုင်မှ ထွက်ခွာလာပြီး မတူညီသော လမ်းကြောင်းများဆီသို့ ဦးတည် လျှောက်လှမ်းသွားကြလေသည်။

တပ်ဖွဲ့သည် ထျန်းကျီလမ်းမကို ဖြတ်သန်းသွားပြီး နန်းမြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိလာတော့မည်။ ကျန်းပေမြို့စားသည် ကိုယ်ကို အနည်းငယ် စောင်းလိုက်ပြီး ဘေးမှ အန်းရှီစစ်သူကြီး လင်းချန်ကို မေးမြန်းလိုက်သည်။ “ခုနက တစ်ယောက်က စစ်သူကြီးလင်းရဲ့ သားငယ်လား”

လင်းချန်က ရယ်မောလျက် “ဟိုရယ်ကို ရယ်စရာ ဖြစ်သွားစေပါပြီ။ သားငယ်က ဆိုးသွမ်းပါတယ်”

“လူငယ်ဆိုတာ တက်ကြွနေတာ ကောင်းပါတယ်။ ငါ့မြေး ချန်အာနဲ့ ခင်များရဲ့ သားငယ်ကလည်း အသက်ရွယ်တူလောက်ပဲ။ နောက်ဆို သူတို့ အတူတူ ကစားခိုင်းလို့ ရတာပေါ့”

လင်းချန်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး စိတ်မပါလှသည့် အပြုံးဖြင့် ပြောလိုက်၏။ “ခင်များ ပြောတာ မှန်ပါတယ်”

ကျန်းပေမြို့စားနှင့် အန်းရှီစစ်သူကြီးတို့ တာဝန်အရ မြို့တော်သို့ ပြန်လာခြင်းသည် အတော်ပင် လှုပ်လှုပ်ခတ်ခတ် ဖြစ်စေခဲ့သည်။ ဧကရာဇ်သည် ကိုယ်တိုင် ကြိုဆိုခြင်း မပြုခဲ့သော်လည်း တတိယမင်းသားကို ကိုယ်စား ကြိုဆိုစေခဲ့သည်။

အခြား စစ်သူကြီးများသည် ဂုဏ်ယူဝင့်ကြွားနေကြသော်လည်း ကျန်းပေမြို့စား တစ်ဦးတည်းသာ မျက်နှာထား အေးစက်လျက် တတိယမင်းသားကို အနည်းငယ် အထင်သေးဟန် ရှိနေလေသည်။

တတိယမင်းသားကတော့ မကျေနပ်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ဘာပဲဖြစ်ဖြစ် နယ်စပ်လေးခုက အာဏာရှိတဲ့သူပဲ။ မာနကြီးတာကတော့ ဖြစ်သင့်တာပဲ။ တကယ်တော့ ဖုဟွမ်က အိမ်ရှေ့စံကို လာကြိုဖို့ လွှတ်ခဲ့တာ။ ဒါပေမဲ့ အိမ်ရှေ့စံက ငြင်းလိုက်တယ်။ ဖုဟွမ်ကလည်း စိတ်မဆိုးဘဲ ငါ့ကို တိုက်ရိုက် လွှတ်လိုက်တာပဲ။

ကျန်းပေမြို့စားနှင့် စစ်သူကြီးတစ်စုသည် ဧကရာဇ်ကို တွေ့ဆုံရန် နန်းတော်သို့ ဝင်ရောက်ကြရာ ဧကရာဇ်သည် ကိုယ်တိုင် စားသောက်ပွဲကို ချီးမြှင့်ခဲ့သည်။ သူတို့သည် နန်းတော်ထဲတွင် ညနေစောင်းသည့်တိုင်အောင် စားသောက်ပွဲ ကျင်းပနေခဲ့ကြပြီးမှ နန်းတော်မှ ထွက်ခွာလာကြသည်။

ကျန်းပေမြို့စားသည် သေရည်များစွာ သောက်သုံးထားသဖြင့် နန်းတော်တံခါးမှ ထွက်လာသည့်အခါ သူ့ ကိုယ်ပေါ်မှ သေရည်နံ့သည် အလွန် ပြင်းထန်နေသော်လည်း မျက်ဝန်းများကတော့ ကြည်လင်နေခဲ့သည်။

ကျန်းပေမြို့စားအိမ်တော်၏ မြင်းလှည်းသည် နန်းတော်အပြင်ဘက်တွင် နေ့လယ်ကတည်းက စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။ မြင်းလှည်းမောင်းသူမှာ ကျန်းပေမြို့စား၏ တစ်ချိန်က ကိုယ်ရံတော် ယခုအခါ မြို့စားအိမ်တော်၏ အိမ်တော်ထိန်း ဖြစ်လေသည်။

“ဟိုရယ်” ကျန်းပေမြို့စား ထွက်လာသည်ကို မြင်သောအခါ အိမ်တော်ထိန်းသည် ရှေ့သို့တက်လာကာ အရိုအသေပြုလိုက်သည်။

ကျန်းပေမြို့စားသည် ဘေးဘယ်ညာကို ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ “ဘာလို့ မင်းတစ်ယောက်တည်းလဲ။ ယွီအာနဲ့ ချန်အာတို့ရော”

အိမ်တော်ထိန်းသည် မရဲတရဲဖြင့် “သခင်မလေးနဲ့ သခင်လေးတို့... မရှိတော့ပါဘူး”

“မင်း ဘာပြောတယ်” ကျန်းပေမြို့စား၏ မျက်နှာအမူအရာသည် သာမန်အတိုင်းပင် ရှိနေသော်လည်း ပတ်ဝန်းကျင်မှ လေးထောင့် အုတ်ကြွပ်များအားလုံးသည် ချက်ချင်း ပေါက်ကွဲထွက်သွား၏။ အပိုင်းအစများ လွင့်စင်ထွက်သွားပြီး အခြားအိမ်တော်များ၏ မြင်းများနှင့် မြင်းလှည်းဘေးတွင် စောင့်ဆိုင်းနေသော အစေခံများကိုပင် ထိခိုက်ဒဏ်ရာ ရရှိသွားစေသည်။

သို့သော် ကျန်းပေမြို့စားသည် ဤအရာများကို နည်းနည်းလေးမှ ဂရုမစိုက်ပေ။ သူ၏ ကြမ်းတမ်းခက်ထန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသော မျက်ဝန်းများက အိမ်တော်ထိန်းကို စူးစိုက်ကြည့်ကာ “နောက်တစ်ခေါက် ထပ်ပြောစမ်း”

အိမ်တော်ထိန်းသည်လည်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို တစ်ကြိမ် ထပ်မံ ပြောပြလိုက်ရတော့သည်။

“သခင်မလေးက အပြင်မှာ လူငယ်တစ်ယောက်ကို မွေးထားခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အဲဒီချစ်သူက သခင်မလေးရဲ့ အစေခံမလေးနဲ့ မတော်မတရား ဖြစ်သွားပြီး သူတို့နှစ်ယောက် ပေါင်းကြံပြီး သခင်မလေးကို အဆုံးစီရင်လိုက်တာပါ။ အမှုကို သမက်တော်က ကိုယ်တိုင် စစ်ဆေးခဲ့ပြီး အဲဒီ လူသတ်သမားနှစ်ယောက်ကိုလည်း သမက်တော်ကပဲ ရှင်းလင်းလိုက်ပါတယ်”

“ဒါဆို ချန်အာကရော။ သူက ဘယ်လို ဖြစ်ရပြန်တာလဲ”

အိမ်တော်ထိန်းသည် ခေါင်းကို တတ်နိုင်သမျှ ငုံ့ထားရင်း “သမက်တော်အိမ်တော်က အိမ်တော်ထိန်း ပြောတာ ကြားရတာတော့... သခင်လေးက သမက်တော်ရဲ့ ဘေးမှာ အလုပ်အကျွေးပြုနေတဲ့ အစေခံမလေးကို သဘောကျသွားတယ်။ အဲဒီ အစေခံမလေးက စော်ကားမှုကို မခံနိုင်တာနဲ့ ညသန်းခေါင်မှာ သခင်လေးကို လုပ်ကြံသတ်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ဆိုပါတယ်”

“အဓိပ္ပာယ်မရှိတာ” ကျန်းပေမြို့စားသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး “ယန်လိရူ ဘယ်သွားလဲ။ သူ့ကို ငါနဲ့ လာတွေ့ခိုင်းစမ်း”

“သမက်တော် နေမကောင်းပါဘူး။ တော်တော်လေး အခြေအနေ ဆိုးပုံရပါတယ်။ နန်းတွင်းစည်းဝေးပွဲ မတက်တာတောင် အတော်ကြာနေပါပြီ” အိမ်တော်ထိန်းက အမှန်အတိုင်း လျှောက်တင်လိုက်သည်။

ကျန်းပေမြို့စားသည် မယုံကြည်ဟန်ဖြင့် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်ပြီး “သွားမယ်။ ယန်အိမ်တော်ကို သွားမယ်”

မကြာမီပင် ကျန်းပေမြို့စားအိမ်တော်၏ မြင်းလှည်းသည် ယန်အိမ်တော်၏ တံခါးမကြီးရှေ့တွင် ရပ်တန့်သွားသည်။ ယန်အိမ်တော်၏ အိမ်တော်ထိန်းသည် ကျန်းပေမြို့စား ရောက်ရှိလာသည်ကို မြင်သောအခါ သတင်းပို့ရန်ပင် မပြုဝံ့ဘဲ တံခါးမကြီးကို တိုက်ရိုက် ဖွင့်လှစ်ကာ လူကို အထဲသို့ ကြိုဆို ခေါ်ဆောင်သွားလေသည်။

ကျန်းပေမြို့စားသည် ယန်အိမ်တော်သို့ ရောက်ရှိပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ ယန်လိရူ၏ အိပ်ခန်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလေသည်။

သူသည် အိပ်ခန်းထဲသို့ ဝင်ရောက်သွားပြီး ကုတင်ပေါ်တွင် နာမကျန်းဖြစ်နေသော ယန်လိရူကို မြင်တွေ့လိုက်ရသောအခါ မျက်နှာထက်မှ ဒေါသရိပ်များ အနည်းငယ် လျော့ပါးသွားပြီး ကုတင်ပေါ်တွင် လှဲလျောင်းနေသူကို မေးမြန်းလိုက်သည်။ “ဘယ်လို ဖြစ်တာလဲ”

ယန်လိရူသည် တောင့်တင်းနေသည့် ခန္ဓာကိုယ်ဖြင့် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး “သမက်က ယောက္ခမကြီးကို ဂါရဝပြုပါတယ်”

“မင်းတို့အားလုံး အပြင်ထွက်သွားကြ” ကျန်းပေမြို့စား၏ အမိန့်တစ်ခွန်းကြောင့် လူအားလုံးသည် အခန်းထဲမှ ဆုတ်ခွာသွားကြသည်။

သူသည် ယန်လိရူ၏ ပခုံးကို ဖိကိုင်လိုက်ပြီး သူ့ လက်စကို တစ်ချက် ဆွဲဖြဲလိုက်ရာ လက်စအောက်တွင် ဖုံးကွယ်နေသော စတင် ပုပ်သိုးနေပြီဖြစ်သည့် အမည်းကွက်အချို့သည် ချက်ချင်းပင် သူ့ အမြင်အာရုံထဲသို့ ပေါ်ထွက်လာခဲ့သည်။

“မင်း ဖုတ်ကောင်အဆိပ် မိနေတာလား။ ဘယ်သူက မင်းကို အဆိပ်ခတ်တာလဲ”

“ဒါက ဖုတ်ကောင်အဆိပ် ဟုတ်လား...” ယန်လိရူသည် အနည်းငယ် ကြောင်ငေးသွားပြီးနောက် ချက်ချင်းပင် မေးမြန်းလိုက်သည်။ “ယောက္ခမကြီးဆီမှာ အဆိပ်ဖြေနည်း ရှိပါသလား”

ကျန်းပေမြို့စားသည် ခဏလောက် ငြိမ်သက်သွားပြီးမှ ပြောလာခဲ့၏။ “မိစ္ဆာတံဆိပ်တုံးက မင်းလက်ထဲမှာ ရှိနေတုန်းမလား။ မိစ္ဆာတံဆိပ်တုံးကို သုံးပြီး စမ်းကြည့်လို့ ရနိုင်တယ်”

ယန်လိရူသည် မျက်လွှာချလိုက်ပြီး “ကျွန်တော်က မင်ကျင့်စီးက မိစ္ဆာတံဆိပ်တုံး ရှိတဲ့နေရာကို ရှာတွေ့သွားမှာ စိုးလို့ တခြားနေရာမှာ သွားဝှက်ထားလိုက်တယ်။ အခု ကျွန်တော့်လက်ထဲမှာ မရှိဘူး။ ယောက္ခမကြီးဆီမှာ တခြား အဆိပ်ဖြေနည်း ရှိမလား မသိဘူး”

စကားကို ဤသို့ ဆိုသော်လည်း အမှန်တကယ်တွင် ယန်လိရူသည် မိမိ၏ ခန္ဓာကိုယ် စတင် ပုပ်သိုးလာပြီး တော်ဝင်သမားတော်ပင် ကုသ၍ မရသော အခြေအနေသို့ ရောက်ရှိသွားသည့် အချိန်ကတည်းက မိစ္ဆာတံဆိပ်တုံးကို အသုံးပြုခဲ့ပြီး ဖြစ်သော်လည်း အာနိသင် တစ်စုံတစ်ရာ မရှိခဲ့ပေ။

ကျန်းပေမြို့စားသည် ဤအချက်ကို မသိဘဲ နေမည် မဟုတ်ပေ။ သူက မိစ္ဆာတံဆိပ်တုံးအကြောင်းကို ထုတ်ပြောခြင်းမှာ ဤအခွင့်အရေးကို အသုံးချပြီး မိစ္ဆာတံဆိပ်တုံးကို ယူဆောင်သွားလိုခြင်းသာ ဖြစ်သည်။

အကယ်၍ လက်ထဲတွင် မိစ္ဆာတံဆိပ်တုံးမရှိခဲ့လျှင် ကျန်းပေမြို့စားသည် သူ့ကို ဂရုစိုက်ချင်မှ ဂရုစိုက်ပေလိမ့်မည်။ ယန်လိရူသည်လည်း ပစ္စည်းကို ပေးအပ်လိုက်မည် မဟုတ်သည်မှာ အမှန်ပင်။

“နည်းလမ်းက လုံးဝ မရှိတာတော့ မဟုတ်ဘူး။ ငါ ပြန်သွားပြီး သေချာ စဉ်းစားကြည့်ဖို့ လိုမယ်။ သားမက် စိတ်ပူစရာ မလိုပါဘူး။ ဒီဟိုရယ် ရှိနေသရွေ့ မင်း ဘာမှ ဖြစ်မှာ မဟုတ်ဘူး”

“ဒါဆိုရင်တော့ အရာအားလုံးကို ယောက္ခမကြီးကိုပဲ အားကိုးရပါတော့မယ်”

သူတို့နှစ်ယောက် အပြန်အလှန် ပြောဆိုနေကြသည့် အငွေ့အသက်သည် အတော်ပင် သဟဇာတ ဖြစ်လှပြီး မည်သူတစ်ဦးတစ်ယောက်ကမှ ဖန်းယွီ၏ ကိစ္စကို ထုတ်ဖော် မပြောခဲ့ကြပေ။

ကျန်းပေမြို့စားသည် ယန်အိမ်တော်မှ လျင်မြန်စွာ ထွက်ခွာလာခဲ့လေသည်။ မြင်းလှည်းပေါ်မှ အိမ်တော်ထိန်းက မဝံ့မရဲ မေးလိုက်၏။ “ဟိုရယ် ဒီအတိုင်းပဲ ပြန်တော့မလို့လား။ သခင်မလေးနဲ့ သခင်လေးတို့ရဲ့ ကိစ္စကို သမက်တော်ကို မမေးတော့ဘူးလား”

“သူက ပြောမှာ မဟုတ်ဘူး။ ခဏနေရင် ယန်အိမ်တော်က အိမ်တော်ထိန်းကို ဖမ်းခေါ်လာပြီး စစ်မေးလိုက်။ သူ သေချာပေါက် သိလိမ့်မယ်”

“ဟုတ်ကဲ့ပါ”

ညသန်းခေါင်ယံ မတိုင်မီတွင် ကျန်းပေမြို့စားအိမ်တော်၏ အိမ်တော်ထိန်းသည် ကျန်းပေမြို့စား၏ စာကြည့်ခန်းသို့ ရောက်ရှိလာသည်။ စာကြည့်ခန်းအတွင်း၌ မီးရောင်များ ထိန်လင်းနေပြီး ကျန်းပေမြို့စားသည် ယခုအချိန်တိုင်အောင် အနားယူခြင်း မရှိသေးပေ။

“ဟိုရယ် စစ်မေးလို့ ရလာပါပြီ”

“ပြော” ကျန်းပေမြို့စားသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ပြတင်းပေါက်ရှေ့တွင် ရပ်နေခဲ့သည်။

“အဲဒီလူ ပြောတာကတော့ သခင်လေးကို သတ်သွားတဲ့ အစေခံမလေးက သမက်တော် အပြင်ကနေ ခေါ်လာတာတဲ့။ အဲဒီမိန်းကလေး နာမည်က ရူဟွေ့ လို့ ခေါ်ပါတယ်။ ကြားရတာတော့ ဒီမိန်းကလေးက သမက်တော်ရဲ့ အရင်တုန်းက ချစ်ရသူနဲ့ တော်တော်လေး တူတယ်တဲ့။ သမက်တော်က သူမကို အရမ်းကို ချစ်ခင်မြတ်နိုးတယ်လို့ ဆိုပါတယ်”

ကျန်းပေမြို့စား၏ အကြည့်သည် ချက်ချင်း ထက်ရှသွားပြီး “ချစ်ရသူ ဟုတ်လား။ ချန်ဟွေ့လား”

“ဟုတ်ပါတယ်”

“ချန်ဟွေ့ကရော”

အိမ်တော်ထိန်းသည် အသံတိုးတိုးဖြင့် “ချန်ဟွေ့က... အဲဒီမိန်းကလေး မပေါ်လာခင် ခဏလေးမှာပဲ သခင်လေးက သက်ရှိဖုတ်ကောင် ကို သုံးပြီး ကိုက်သတ်ခိုင်းလိုက်တယ်လို့ ဆိုပါတယ်”

“ကောင်းလိုက်တာ။ ဒီလောက် တိုက်ဆိုင်တဲ့ ကိစ္စကို ယန်လိရူက နည်းနည်းလေးတောင် သတိမထားမိဘူး ဟုတ်လား။ သူက တကယ် မသိတာလား ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား” ကျန်းပေမြို့စားသည် အေးစက်စွာ ရယ်မောလိုက်သည်။

အိမ်တော်ထိန်းသည် ခေါင်းငုံ့ထားပြီး ပြန်လည် ဖြေကြားခြင်း မပြုဝံ့ချေ။

“အရှင်ဖြစ်ဖြစ် အသေဖြစ်ဖြစ်၊ လူကိုဖြစ်ဖြစ် ဖုတ်ကောင်ကိုဖြစ်ဖြစ် တွေ့ရမှ ဖြစ်မယ်။ ချန်ဟွေ့နဲ့ အဲဒီ အစေခံမလေးရဲ့ သင်္ချိုင်းကို ရှာဖွေစမ်း။ ဒီဟိုရယ်ကတော့ ကြည့်ရသေးတာပေါ့။ ငါ့မြေးကို သတ်သွားတာက လူလား ဒါမှမဟုတ် တစ္ဆေလားဆိုတာကို”

...

All Chapters