← Chapters

မင်းအနေနဲ့ ကိုယ့်ကျေးဇူးကို နေ့နေ့ညည သတိရနေတာ အကောင်းဆုံးပဲ...

Vol. 5 Ch. 45

မင်းအနေနဲ့ ကိုယ့်ကျေးဇူးကို နေ့နေ့ညည သတိရနေတာ အကောင်းဆုံးပဲ...

Vol. 5 Ch. 45

"ပိုင်ရှိုးမင်၊ မင်း သိပ်ကို ဘဝင်မြင့်တာပဲ!" ကျန်းပေမြို့စားသည် ဒေါသကို မထိန်းနိုင်ဘဲ ဖြစ်သွားလေသည်။ "ဒီနေ့ ဒီဖုတ်ကောင်မကို ငါ့မြေးအတွက် သွေးကြွေးဆပ်ဖို့ ကျွန်တော် မဖြစ်မနေ ခေါ်သွားရမယ်။ မင်ဝမ် လာရင်တောင်မှ ကျုပ်ကို တားဖို့ စိတ်မကူးနဲ့”

"သူ့နဖူးမှာ ကျွန်တော့် မင်ကျင့်စီးရဲ့ တံဆိပ်အမှတ်အသား ရှိတယ်။ မင်ကျင့်စီးရဲ့ ကြီးကြပ်မှုအောက်မှာ ရှိနေတာ" ပိုင်ရှိုးမင်၏ အသံသည် နက်ရှိုင်းတည်ငြိမ်လျက်ရှိ၏။ "ကျန်းပေမြို့စားက ဒီနေ့ သူ့ကို ခေါ်သွားရဲတယ်ဆိုရင် မင်ကျင့်စီးရဲ့ သြဇာအာဏာကို စိန်ခေါ်တာနဲ့ အတူတူပဲ။ ကျွန်တော့်မှာ အရင်ဆုံး ခေါင်းဖြတ်ပြီးမှ နောက်မှ လျှောက်တင်ပိုင်ခွင့် ရှိတယ်”

ပိုင်ရှိုးမင်၏ စကားသံဆုံးသည်နှင့် ကျန်းပေမြို့စား၏ စိတ်ထဲတွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်တစ်ခုကို ရုတ်တရက် ခံစားလိုက်ရလေသည်။

သူသည် မော့ကြည့်လိုက်ရာ သူ့ခေါင်းထက်ဆီတွင် ရွှေရောင်အလင်းတန်းများက ခပ်မှိန်မှိန်လေး ပေါ်ထွက်လာပြီး အစီအရင်တစ်ခုသည် သူ့ခေါင်းအထက်တည့်တည့်ကို ဖုံးလွှမ်းသွား၏။

၎င်းသည် ရှန့်ကျင်း၏ မဟာအစီအရင်မှ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး သူ့ကို ထိုနေရာတွင်ပင် ချက်ချင်းသတ်ဖြတ်နိုင်စွမ်း မရှိသော်လည်း သူ့အစွမ်းကိုတော့ ဖိနှိပ်ထားနိုင်လေသည်။ သည်အချိန်တွင်သာ အမှန်တကယ် လက်စတင်လှုပ်ရှားကြမည်ဆိုလျှင် သူ့အတွက် လုံးဝ အခြေအနေမကောင်းနိုင်ပေ။

" စကားလေး နည်းနည်းနဲ့ ကျုပ်ကို အပြစ်ပေးလို့ရမယ်လို့ မင်းက ထင်နေတာလား”

"ကျန်းပေမြို့စား စမ်းကြည့်လို့ ရပါတယ်”

ကျန်းပေမြို့စား၏ ခက်ထန်မှောင်မိုက်သော အကြည့်များသည် အားချန်နှင့် ချန်ဟွေ့တို့၏ ကိုယ်ပေါ်မှ ဖြတ်သန်းသွား၏။ သူ့မြေးကို သတ်ခဲ့သည့် တရားခံသည် ဤနေရာတွင် ရှိနေသော်ငြား နောက်ဆုံးတွင် သူသည် ရှေ့သို့ တိုးမလာခဲ့ပေ။

ယနေ့ ပိုင်ရှိုးမင်သည် သူ့အပေါ် လက်လှုပ်ရှားရဲခြင်းမှာ တစ်စုံတစ်ရာကို အားကိုးစရာ ရှိသောကြောင့်သာ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ အရာအားလုံးကို ဂရုမစိုက်ဘဲ ထိုသူနှင့် တိုက်ခိုက်လိုက်ပါက မနက်ဖြန် နံနက်ခင်းညီလာခံတွင် ဧကရာဇ်မင်းမြတ်တွင် သူ့ကို အရေးယူရန် အကြောင်းပြချက် ရှိသွားမည်ကို စိုးရိမ်ရလေသည်။

ကျန်းပေမြို့စားသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှ သတ်ဖြတ်လိုသော အရိပ်အငွေ့များကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။ "ငါတို့ သွားမယ်”

ထိုကိုယ်ရံတော်များသည် လျင်မြန်စွာ တန်းစီလိုက်ကြပြီး မြင်းများကို ဒုန်းစိုင်းထွက်ခွာရန် ပြင်လိုက်စဉ်တွင် နောက်ဘက်တွင် ရပ်နေခဲ့သည့် အားချန်က ရုတ်တရက် ထအော်လိုက်လေသည်။ "ခဏလေး”

ကျန်းပေမြို့စားသည် ခေါင်းလှည့်ကြည့်လိုက်ရာ စကားပြောလိုက်သော မိန်းကလေးသည် ပိုင်ရှိုးမင်၏ ဘေးသို့ ခပ်သွက်သွက် ပြေးသွားသည်ကိုသာ တွေ့လိုက်ရ၏။

အားချန်သည် ပိုင်ရှိုးမင်၏ ဘေးတွင် ရပ်လိုက်ပြီး နာကျင်ခံစားရသော အသံဖြင့် ဆိုလေသည်။ "လူကြီးမင်းပိုင်... ကျွန်မရဲ့ ကောင်းကောင်းမွန်မွန် အိမ်လေးတစ်လုံးက ဒီအတိုင်း ပျက်စီးသွားပြီ။ အခု ဆိုင်လည်း ဖွင့်လို့မရတော့ဘူး။ အိမ်မှာ တခြားဝင်ငွေလည်း မရှိတော့ဘူး။ လျော်ကြေးပေးမယ့်လူ မရှိတော့ဘူးလား”

"မင်း ငွေဘယ်လောက် လိုချင်တာလဲ" ပိုင်ရှိုးမင်က မေးလိုက်သည်။

အားချန်သည် လက်ချိုးကာ တွက်ချက်လိုက်ပြီးနောက် ဆို၏။ "အရင်တစ်ခါ ကျင့်ယန်မြို့စားကတော်က ကျွန်မဆိုင်ကို ဖျက်ဆီးတုန်းက ငွေ ၁၀၀၀ လျန် လျော်ပေးသွားတယ်။ ဒီတစ်ခါ ဆိုင်ပါ မရှိတော့တာ၊ လျန်၅၀၀၀ လျော်ခိုင်းတာက သိပ်လွန်တယ်လို့ မဆိုနိုင်ဘူးမလား”

သူမ၏ ဤတောင်းဆိုမှုသည် အမှန်ပင် ခြင်္သေ့ကြီး ပါးစပ်ဖြဲသကဲ့သို့ တောင်းဆိုခြင်းပင် ဖြစ်၏။ ဆိုင်တစ်ဆိုင်လုံးနှင့် အမွှေးနံ့သာများ ပေါင်းလိုက်လျှင်ပင် ငွေ လျန်၁၀၀၀ ရရန် မသေချာပေ။ သို့သော် ကျန်းပေမြို့စားသည် ထွက်ပြေးတိမ်းရှောင်သွားရသူ ဖြစ်နေသည်ကိုး။ သူမသည် အခြားသူ့သြဇာကို အသုံးချကာ ဩဇာခံသည့် အခွင့်အရေးကို လက်လွှတ်ခံနိုင်မည် မဟုတ်ပေ။

ပိုင်ရှိုးမင်၏ မျက်ဝန်းထဲတွင် ပြုံးယောင်တစ်စွန်းတစ်စ ဖြတ်ပြေးသွား၏။ အသက်ထက် ငွေပိုခင်နေတာ တကယ်ပါပဲ။ တစ်ခြားသူဆီကနေတောင် ငွေညစ်ရဲနေသေးတယ်။

သို့သော် သူသည် တစ်စုံတစ်ရာ မပြောဘဲ အသံကိုမြှင့်ကာ မေးလိုက်သည်။ "ကျန်းပေမြို့စားက ဒီဈေးကို ဘယ်လို သဘောရလဲ”

စကား၏ ဆိုလိုရင်းမှာ ထိုသူကို ငွေလျော်ခိုင်းခြင်းပင် ဖြစ်လေသည်။

"ကောင်းပြီ” ကျန်းပေမြို့စားသည် မြင်းဇက်ကြိုးကို ဆုပ်ကိုင်ထားသောလက်ကို ရုတ်တရက် တင်းကြပ်လိုက်ပြီး တစ်လုံးချင်း ဆိုလေသည်။ "ကျုပ် ခဏနေရင် လူလွှတ်ပြီး လျန်ငွေ ၅၀၀၀ ပို့ခိုင်းလိုက်မယ်”

"မြို့စားမင်းက ပြည်သူတွေကို တကယ်ပဲ သနားညှာတာတတ်တာပဲ" ပိုင်ရှိုးမင်က ချီးကျူးစကားတစ်ခွန်း ပြောလိုက်သော်လည်း ကျန်းပေမြို့စားထံမှ အေးစက်စက် နှာခေါင်းရှုံ့သံ တစ်ချက်ကိုသာ ပြန်ရလိုက်လေသည်။

ကျန်းပေမြို့စားသည် ချက်ချင်းပင် မြင်းခေါင်းကို လှည့်ကာ ဒုန်းစိုင်းထွက်ခွာသွားပြီး သူ့နောက်မှ ကိုယ်ရံတော်များသည်လည်း ချက်ချင်း လိုက်ပါသွားကြ၏။

အားချန်သည် ထိုသူတို့၏ ကျောပြင်များကို ကြည့်ရင်း ထွက်ပြေးတိမ်းရှောင်သွားသည့် အရိပ်အယောင်အချို့ကို တွေ့မြင်နေရသကဲ့သို့ ရှိလေသည်။

သူမ၏ အကြည့်များသည် ပြန်လည်ရုပ်သိမ်းခြင်း မရှိသေးခင်မှာပင် လက်ကောက်ဝတ်ကို တစ်စုံတစ်ယောက်က ရုတ်တရက် ဆုပ်ကိုင်လာ၏။

အားချန်သည် ခေါင်းစောင်းငဲ့ကြည့်လိုက်ရာ ပိုင်ရှိုးမင်က သူမ၏ လက်ကောက်ဝတ်ကို ဆွဲလျက် ယိုင်နဲ့နဲ့ဖြစ်နေသော ဆိုင်ထဲသို့ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။

သူမသည် ယိုင်တိုင်တိုင်ဖြင့် လိုက်ပါသွားရင်း ပြောလိုက်၏။ "လူကြီးမင်း ခဏ... အဲ့ဒီအိမ်က ပြိုတော့မယ်။ ဝင်လို့မရဘူး"

"မအော်နဲ့။ မင်းကို အပိခံပြီး မသေစေရပါဘူး” ပိုင်ရှိုးမင်သည် စကားတစ်ခွန်းကို ဆိုပြီးနောက် ဆက်ပြီး စကားမဆိုတော့ပေ။

သူသည် အားချန်ကို ဆွဲကာ အိမ်ထဲသို့ တိုက်ရိုက်ဝင်သွား၏။ ချန်ဟွေ့က နောက်မှ လိုက်လိုသော်လည်း ပိုင်ရှိုးမင်၏ အေးစက်သော အကြည့်တစ်ချက်ကြောင့် ထိုနေရာတွင်ပင် တောင့်ခဲသွားလေသည်။

အားချန်သည် နောက်သို့လှည့်ကာ သူမကို မလိုက်လာရန် မျက်ရိပ်ပြလိုက်ပြီးနောက် ပိုင်ရှိုးမင်၏ ဆွဲခေါ်ရာနောက်သို့ နောက်ဘက်ခြံဝင်းဆီသို့ ပါသွားလေသည်။

နောက်ဘက်ခြံဝင်းသို့ ရောက်သောအခါ ပတ်ဝန်းကျင်တွင် အခြားသူများ မရှိတော့မှ ပိုင်ရှိုးမင်သည် သူမ၏ လက်ကောက်ဝတ်ကို လွှတ်ပေးလိုက်၏။

"လူကြီးမင်း... ရှင်က ကျွန်မနဲ့ တိုးတိုးတိတ်တိတ် စကားပြောချင်ရင်တောင် ဒီနေရာထိ တကူးတက လာစရာ မလိုပါဘူး” အားချန်သည် နီရဲနေသော မိမိ၏ လက်ကောက်ဝတ်ကို ပွတ်သပ်ရင်း မကျေမနပ်နိုင်သော လေသံဖြင့် ပြောတော့ည်။

သူမ စကားဆုံးသည်နှင့် ခုနကပင် ခက်ထန်သော အရှိန်အဝါတို့ဖြင့် ပြည့်နှက်နေခဲ့သည့် ပိုင်ရှိုးမင်သည် ရုတ်တရက် သွေးတစ်လုတ် အန်ထုတ်လိုက်သည်ကို တွေ့လိုက်ရ၏။

အားချန်၏ မျက်လုံးတစ်စုံသည် အကြီးအကျယ် ပြူးကျယ်သွားရတော့သည်။ "လူကြီးမင်း... ရှင် ဒဏ်ရာရသွားတာလား”

ခုနတုန်းက သူက ကျန်းပေမြို့စားကို မေ့လဲတော့မတတ် ဖြစ်သွားအောင် စကားလုံးတွေနဲ့ ဖိအားပေးတုန်းက ဒဏ်ရာရထားတဲ့ပုံ မပေါ်ပါဘူး။ ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး သွေးအန်ရတာလဲ။

ပိုင်ရှိုးမင်သည် သူမကို ဂရုမစိုက်ဘဲ သွေးတစ်လုတ်ကို ထပ်မံ အန်ထုတ်လိုက်ပြန်သည်။

"လက်ကိုင်ပဝါ”

"ဟင်... ဟုတ်” အားချန်သည် မိမိ၏ လက်ကိုင်ပဝါကို အလျင်အမြန် ကမ်းပေးလိုက်၏။

ပိုင်ရှိုးမင်သည် သူမ၏ လက်ကိုင်ပဝါကို သုံး၍ နှုတ်ခမ်းပေါ်မှ သွေးများကို သုတ်လိုက်ပြီးမှ ခပ်ဖျော့ဖျော့ ဆိုလေသည်။ "ဒီနေ့... မင်း ဘာမှ မမြင်ခဲ့ဘူး”

အားချန်သည် ကြိတ်မှိတ်သည်းခံနေသော်လည်း နောက်ဆုံးတွင် မခံနိုင်တော့ဘဲ ပြောလိုက်တော့၏။ "လူကြီးမင်းက တကယ်ကို သတိကြီးတာပဲ။ သွေးအန်တာတောင် တခြားလူတွေကို ပေးမသိဘူး"

ပိုင်ရှိုးမင်သည် သူမကို စွေစောင်းကြည့်ကာ "ဟုတ်တယ်။ မင်းကို သက်သေအဖြစ် နှုတ်ပိတ်သတ်ပစ်ဖို့ လိုသေးလား”

အားချန်သည် ချက်ချင်းပင် ပါးစပ်ပိတ်လိုက်လေသည်။

"ထိုင်ခုံတစ်လုံး ယူခဲ့” ပိုင်ရှိုးမင်သည် နံရံကိုမှီရင်း သူမကို ပြောလိုက်သည်။

အားချန်သည် မတတ်သာတော့ဘဲ ဆိုင်ထဲသို့ ပြေးဝင်ကာ ကံကောင်းထောက်မစွာဖြင့် အန္တရာယ်က လွတ်မြောက်ခဲ့သည့် ထိုင်ခုံတစ်လုံးကို နောက်ဘက်ခြံဝင်းထဲသို့ ဆွဲထုတ်လာခဲ့ရ၏။

ပိုင်ရှိုးမင်သည် ထိုင်ခုံပေါ်တွင် မျက်လုံးနှစ်လုံးကို စုံမှိတ်ကာ ထိုင်နေပြီး အတွင်းအားကို ထိန်းညှိနေဟန်တူလေသည်။

အားချန်က သူ့ကို ၂ ပတ်ခန့် လှည့်ပတ်ကြည့်လိုက်ပြီး ငြီးငွေ့လာသဖြင့် မီးဖိုချောင်ထဲမှ မီးမွှေးရင်း ထိုင်လေ့ရှိသော ခွေးခြေပုလေးတစ်လုံးကို ယူလာကာ ပိုင်ရှိုးမင်၏ ထိုင်ခုံရှေ့တည့်တည့်တွင် ချကာ ထိုင်နေလိုက်၏။

သူမသည် မျက်လုံးမှိတ်ကာ အတွင်းအား ထိန်းညှိနေသော ထိုယောကျ်ားကို မော့ကြည့်ရင်း သူ ဒီနေ့ ဒီလောက် အချိန်ကိုက် ရောက်လာတာ... ကျန်းပေမြို့စား လာမယ်ဆိုတာကို ကြိုသိနေလို့များလား ဟု တွေးနေမိသည်။

သူ့ကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါနဲ့ ဟွေ့ညန်တို့ ကံဆိုးမိုးမှောင်ကျတော့မှာ။

ပိုင်ရှိုးမင်သည် အတွင်းအား ညှိယူပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အားချန်က ခွေးခြေပုလေးပေါ်တွင် ကျုံ့ကျုံ့လေးထိုင်လျက် လက်နှစ်ဖက်ဖြင့် မေးကိုထောက်ကာ အတွေးနယ်ချဲ့နေသော ပုံစံဖြင့် ရှိနေသည်ကို တွေ့လိုက်ရ၏။

"လူကြီးမင်း နေကောင်းသွားပြီလား" အားချန်က သူ မျက်လုံးဖွင့်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားကာ မေးလိုက်သည်။

အမှန်တကယ်တွင် ပိုင်ရှိုးမင်သည် အတွင်းအား ညှိယူရန် အချိန်များစွာ အသုံးမပြုလိုက်ပေ။ ခန့်မှန်းခြေအားဖြင့် တစ်နာရီ၏ လေးပုံတစ်ပုံခန့်သာ ကြာမြင့်၏။

"မကောင်းသေးဘူး”

သူသည် လှိုင်းထနေသော အတွင်းအားများကို ယာယီမျှသာ ဖိနှိပ်ထားခြင်း ဖြစ်၏။ သူ့ ဒဏ်ရာသည် အစီအရင်၏ တန်ပြန်အာနိသင်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ရာ ရက်အနည်းငယ်ခန့် ပြန်လည်ကုစားရမည်ကို စိုးရိမ်ရလေသည်။

"ဪ..." အားချန်သည် ဆက်မမေးမြန်းတော့ဘဲ ပြောလိုက်သည်။ "ကျွန်မဆီမှာ အတွင်းကလီစာတွေကို ပြန်လည်ပြုပြင်ပေးနိုင်တဲ့ အမွှေးနံ့သာ ရှိတယ်။ လူကြီးမင်း စမ်းကြည့်မလား"

ပိုင်ရှိုးမင်သည် သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ ပြောလိုက်၏။ "မင်းရဲ့ အမွှေးနံ့သာကို ခံစားရလောက်တဲ့အထိ ငါ ကံမကောင်းသေးပါဘူး"

"ဒါဆိုရင်တော့ တကယ် နှမြောစရာပဲ” အားချန်သည် ခုနက စကားအဖြစ်သာ ယဉ်ကျေးပြလိုက်ခြင်းသာ။

သို့ရာတွင် ပိုင်ရှိုးမင်သည် သည်လောက်နှင့် ရပ်တန့်မသွားဘဲ ဆက်ပြောလာခဲ့သည်။ "ဒါက မင်း ဒီပုံစံအတိုင်းပဲ ရွှဲမင်ထန်ရဲ့ မယားငယ်ကို မင်းရဲ့ အမွှေးနံ့သာတွေ ရောင်းခဲ့တာလား"

အားချန်က မြန်မြန်လေး မျက်တောင်ခတ်ပြလိုက်၏။

အရင်က မင်ကျင့်စီးမှာတုန်းက ပိုင်ရှိုးမင်က မပြောခဲ့တော့ ရွှဲမင်ထန်ရဲ့ အမှုကို လိမ်လည်လှည့်ဖြားလို့ ပြီးသွားပြီလို့ ထင်နေတာ။ အခုတော့ ဇာတ်ဟောင်းကို ပြန်လှန်နေပြီ။

အားချန်သည် တည်တည်ငြိမ်ငြိမ် မျက်နှာထားဖြင့် ပြောလိုက်လေသည်။ "ဟုတ်တယ်လေ။ ပြောင်မေ့ရဲ့ ပိုက်ဆံက ရှာရလွယ်တာကိုး။ ကျွန်မက လက်လွှတ်ခံလို့မှ မဖြစ်တာ"

သူမက ကျောက်ဝမ်ယွဲ့ကို အမွှေးနံ့သာမှုန့် ရောင်းခဲ့တဲ့ကိစ္စက ဖုံးကွယ်ထားလို့ ရတာမှ မဟုတ်တာ။ တကယ်သာ စစ်ဆေးချင်ရင် ကျောက်ဝမ်ယွဲ့ကို မေးလိုက်ရုံပဲ။

"သူ့ကို ဘာအမွှေးနံ့သာ ရောင်းလိုက်တာလဲ”

"အိပ်ပျော်စေတဲ့ အမွှေးနံ့သာပါ။ လူကြီးမင်းလည်း လိုအပ်လို့လား။ ကျွန်မ ရှင့်ကို အလကား လက်ဆောင်ပေးလို့ ရပါတယ်" အားချန်သည် မျက်လုံးမျက်ဖန်များ ကွေးညွတ်သွားအောင် ပြုံးရင်း ဆိုလေသည်။ သူ့တွင် သက်သေမရှိဘဲ စကားဖြင့်သာ လှည့်ပတ်စမ်းသပ်နိုင်မည်ဟု သူမက ယုံကြည်ထား၏။

ပိုင်ရှိုးမင်ထံတွင် အမှန်တကယ်ပင် သက်သေမရှိသလို သည်ကိစ္စကို နက်နက်နဲနဲ စုံစမ်းရန်လည်း ရည်ရွယ်ချက် မရှိပေ။ သူသည် ကိုယ်ကို မတ်လိုက်ရင်း ပြောလာ၏။ "ငါကတော့ ရက်အနည်းငယ်လောက်တော့ အသက်ဆက်ရှင်ချင်သေးတယ်"

သူ ထွက်သွားမည်ကို မြင်သောအခါ အားချန်သည် အလျင်အမြန် ထရပ်လိုက်ပြီး မေးလိုက်၏။ "လူကြီးမင်း အခု သွားတော့မလို့လား"

"တခြားကိစ္စ ရှိသေးလို့လား”

အားချန်သည် မျက်လုံးများကို စွေထားလိုက်ကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် အမြန်တိုးရင်း သူ့ရှေ့တွင် ပိတ်ရပ်လိုက်လေသည်။ "လူကြီးမင်းက ကျွန်မနဲ့ ဟွေ့ညန်တို့ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ်။ အားချန် တစ်သက်မမေ့ပါဘူး”

ပိုင်ရှိုးမင်သည် မျက်လွှာချကာ သူမကို ကြည့်လိုက်သည်။ "တစ်သက် မမေ့တာလောက်နဲ့တော့ မလုံလောက်ဘူး။ မင်းက ငါ့ကျေးဇူးကို နေ့နေ့ညည သတိရနေတာ အကောင်းဆုံးပဲ။ နောက်ဆို ငါ့ကို ဒုက္ခလာမပေးနဲ့။ အထူးသဖြင့် ဖုတ်ကောင်ကောက်ပြီး အိမ်မှာ မွေးထားတာမျိုး... ဒုတိယတစ်ခါ ထပ်မဖြစ်စေနဲ့”

အားချန်၏ အကြည့်တို့သည် ယိမ်းယိုင်သွားသည်။ "မှတ်ထားလိုက်ပါ့မယ်”

"ကိစ္စမရှိတော့ရင် ဖယ်တော့”

အားချန်သည် လမ်းဖယ်မပေးသည်မှာ သေချာ၏။ အဓိကကိစ္စကိုတောင် မပြောရသေးဘူးလေ။

ပိုင်ရှိုးမင်သည် သူမတွင် ပြောစရာစကားများ ကျန်ရှိနေသေးသည်ကို ကြိုတင်သိမြင်ပြီးသား ဖြစ်ဟန်တူကာ အလွန်အမင်း သည်းခံစိတ်ရှည်စွာဖြင့် သူမ စကားစမည်ကို စောင့်ဆိုင်းနေလေသည်။

အားချန်သည် သူ၏ စူးရှရှ အကြည့်အောက်တွင် အနည်းငယ် ရှက်သွေးဖြာလျက် မေးလိုလာလေသည်။ "လူကြီးမင်းရဲ့အိမ်က ဘယ်နေရာမှာလဲ မသိဘူး"

ပိုင်ရှိုးမင်၏ မျက်ခုံးစွန်းတို့သည် ပင့်တက်သွားကာ သူကိုယ်တိုင် နားကြားမှားသည်ဟု ထင်လိုက်မိ၏။

"မင်း ဘာပြောလိုက်တယ်”

"ကျွန်မ သိချင်တာ... လူကြီးမင်းရဲ့အိမ်က ဘယ်နေရာမှာလဲလို့” အားချန်သည် အသံကို အနည်းငယ် မြှင့်လိုက်ပြီး နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။

"ရွှမ်းယန်ဖန်းမှာ”

"လူကြီးမင်းရဲ့ အိမ်နီးချင်းတွေ... မကြာသေးခင်က အိမ်ရောင်းဖို့ အစီအစဉ် ရှိကြလားဟင်" အားချန်က မျှော်လင့်တကြီး မေးလိုက်သည်။

ပိုင်ရှိုးမင်သည် ရုတ်တရက် လှောင်ရယ်သံလေးတစ်ချက် ပြုလိုက်ကာ "ငါ့ရဲ့ ညာဘက်နဲ့ ဘယ်ဘက်က အိမ်နီးချင်းတွေက ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ်နဲ့ စုန့်မြို့စားကြီးတွေပဲ။ အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ အိမ်တော်တွေ... သူတို့တွေ ယာယီတော့ ပြောင်းရွှေ့ဖို့ အစီအစဉ် မရှိလောက်သေးဘူး”

ဟင်း... လွဲပါပြီ။ အားချန်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်သည်။ ပိုင်ရှိုးမင်က တော်ဝင်မျိုးနွယ်တစ်ယောက် ဆိုတာကို မေ့နေလိုက်တာ။ နေတဲ့နေရာကလည်း အာဏာရှိတဲ့သူတွေ၊ သူဌေးသူကြွယ်တွေချည်းပဲ။

"ဒါဆိုရင်... လူကြီးမင်းရော မကြာသေးခင်က အိမ်ပြောင်းဖို့ အစီအစဉ် ရှိလား”

"မရှိဘူး”

အားချန်သည် သက်ပြင်းချလိုက်တော့၏။ ဒီနေ့ ကျန်းပေမြို့စားက ဆုတ်ခွာသွားပေမယ့် နောက်နေ့တွေမှာ သူ ပြန်မလာဘူးလို့ အာမမခံနိုင်ဘူး။ မဟုတ်ဘူး... တိတိကျကျ ပြောရရင် သူက သေချာပေါက် ပြန်လာမှာ။ အဲ့ဒီလူက စည်းကမ်းလိုက်နာမယ့် ပုံစံမျိုး မဟုတ်ဘူး။

နောက်တစ်ခါ သူက ပိုင်ရှိုးမင် မရှိတဲ့အချိန်မှာ လာတိုက်ခိုက်ရင် အားချန် သူ့ကို တားဆီးနိုင်မယ့် နည်းလမ်း ဘာတစ်ခုမှ မရှိဘူး။

ဒါကြောင့် သူမက ပိုင်ရှိုးမင်ရဲ့ အိမ်နားကို ပြောင်းရွှေ့ရမလားလို့ စဉ်းစားနေတာ။ ဒါဆိုရင် နည်းနည်းလောက် ပိုလုံခြုံနိုင်မလားလို့။

ဝမ်းနည်းစရာ ကောင်းသည်မှာ အစီအစဉ်သည် မစတင်ရသေးခင်မှာပင် အရပ်မျက်နှာအားလုံးမှ ပိတ်ဆို့ခြင်းကို ခံလိုက်ရလေပြီ။

...

"တခြား ဘာမေးချင်တာ ရှိသေးလဲ" ပိုင်ရှိုးမင်က ရှားရှားပါးပါး စိတ်ကောင်းဝင်လျက် မေးလိုက်သည်။

အားချန်သည် မျက်လုံးများကို စွေထားလိုက်၏။ ဒီနည်းလမ်းက အသုံးမဝင်မှတော့ တခြားနည်းလမ်းတစ်ခု ပြောင်းသုံးရုံပဲ ရှိတော့တာပေါ့။

"လူကြီးမင်း~" အားချန်သည် ချွဲနွဲ့သော အသံဖြင့် သူ့ကို ခေါ်လိုက်ရာ ပိုင်ရှိုးမင်သည် ရုတ်တရက် အခြေအနေမကောင်းတော့ဘူးဟု ခံစားလိုက်ရလေသည်။

"...ပြော”

"ဒီနေ့ ကျန်းပေမြို့စားသာ မလာရင် ကျွန်မတောင် မေ့တော့မလို့။ ဟွေ့ညန်က ဖန်းယွီနဲ့ ယန်ချန်တို့ သတ်လို့ သေခဲ့ရတာနော်။ လူကြီးမင်း... ကျန်းပေမြို့စားရဲ့ သမီးက တိတ်တိတ်ကလေး ဖုတ်ကောင်မွေးထားပြီး အဲ့ဒီဖုတ်ကောင်ကို သုံးပြီး လူသတ်ခဲ့တယ်။ ဒီနှစ်တွေအတွင်းမှာ အပြစ်မဲ့တဲ့လူတွေ အများကြီး အသတ်ခံခဲ့ရမှာ သေချာတယ်။ ဒါက တကယ်ကို ရက်စက်လွန်းတယ်”

"အင်း... ဆိုတော့ကာ?”

"ကျန်းပေမြို့စားက ဖန်းယွီရဲ့ အဖေအနေနဲ့ သူ့သမီးကို လူသတ်အောင် လျစ်လျူရှုပြီး အကာအကွယ်ပေးထားတဲ့ ကိစ္စတစ်ခုတည်းနဲ့တင် အရေးယူခံရသင့်တယ်။ လူကြီးမင်း သူ့ကို ပြင်းပြင်းထန်ထန် တိုင်တန်းစာ တင်ရမယ်” အားချန်သည် ခပ်ကြမ်းကြမ်းလေသံဖြင့် ဆိုလိုက်သော်လည်း အရှိန်အဝါ မလုံလောက်ဘဲ သူ့အပေါ် ချွဲနွဲ့နေသကဲ့သို့ပင်။

ပိုင်ရှိုးမင်သည် တုံ့ဆိုင်းဟန်ဆောင်လိုက်ကာ "ငါက သူ့ကို တိုင်တန်းစာ တင်လိုက်ရင် အဲ့ဒီလူနဲ့ လုံးဝကို ရန်သူဖြစ်သွားမှာ...”

အားချန်က စိုးရိမ်တကြီး ပြောလိုက်တော့သည်။ "အယ်... ခုနကတည်းက ရန်သူဖြစ်ပြီးသွားပြီပဲလေ။ ရှင်က သူ့ကို ဓားတစ်ချက် ပေးလိုက်ပြီးပြီ။ သူက ရှင့်ကို သေချာပေါက် အငြိုးထားမှာပဲ။ ဒီတော့ တစ်ခါတည်း အပြတ်ရှင်းလိုက်... ဒီအချက်ကို အခွင့်ကောင်းယူပြီး အရှင်မင်းကြီး သူ့ကို အပြစ်ပေးအောင် လုပ်ရမယ်”

"ကြားရတာတော့ အဓိပ္ပာယ် ရှိသားပဲ” ပိုင်ရှိုးမင်သည် စည်းရုံးခြင်း ခံလိုက်ရသည့်ဟန်တူ၏။

"ဟုတ်တယ်မလား”

"ဒါဆို မင်းက အရှင်မင်းကြီး သူ့ကို ဘယ်လို အပြစ်ပေးစေချင်တာလဲ”

အားချန်က စိတ်ကူးယဉ်ဆန်စွာပင်။ "အိမ်ထဲမှာ ၃ နှစ် ၅ နှစ်လောက် အကျယ်ချုပ်ကျပြီး ကိုယ့်အပြစ်ကိုယ် ပြန်စဉ်းစားခိုင်းတာမျိုးလား"

ပိုင်ရှိုးမင်သည် ပြုံးနေသော်လည်း စကားမဆိုပေ။

"၁ နှစ် ၂ နှစ်လောက်တော့ ရမှာပေါ့။ သူ့သမီးက လူအများကြီးကို သတ်ထားတာလေ”

ပိုင်ရှိုးမင်သည် ခေါင်းခါလိုက်၏။

"ဒါဆို အနည်းဆုံးတော့ ခြောက်လလောက် ချုပ်ထားသင့်တယ်မလား”

"မင်းက သူ့ကို အချုပ်နှောင်ခံစေချင်နေတဲ့ပုံပဲ”

အားချန်သည် ဖြစ်ချင်ရာဖြစ်ဟု သဘောထားလိုက်ပြီး ဒေါသတကြီး ပြောတော့သည်။ "သူ့ပုံစံက ကျွန်မနဲ့ ဟွေ့ညန်အပေါ်မှာကို စိတ်ကောင်းမရှိဘူး။ ရှင် သူ မပြန်ခင်က ကြည့်သွားတဲ့ မျက်လုံးတွေကို တွေ့လိုက်လား။ ကျွန်မကို အပိုင်းပိုင်း ဖြတ်ပစ်တော့မယ့်အတိုင်းပဲ။ သူသာ အချုပ်မခံရဘူးဆိုရင် ကျွန်မ နောက်ဆို အိမ်ပြင်တောင် မထွက်ရဲတော့ဘူး”

ပိုင်ရှိုးမင်သည် နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်သည်။ သူသာ အဲ့ဒီ ငွေ ၅၀၀၀ လျန်ကို မတောင်းခဲ့ဘူးဆိုရင် ကျန်းပေမြို့စားရဲ့ မျက်လုံးတွေက ဒီလောက်အထိ ကြမ်းတမ်းနေမှာ မဟုတ်ဘူး။

သို့သော် သူသည် ဤအကြောင်းကို ထုတ်မပြောဘဲ ပြန်ပြောလိုက်၏။ "တစ်ကယ်လို့ ကျန်းပေမြို့စားက အပြစ်ပေးမခံရဘူးဆိုရင် မင်း ဘယ်လိုလုပ်မလဲ"

"ဒါဆိုရင်တော့ ကျွန်မလည်း ဟွေ့ညန်နဲ့အတူ ပစ္စည်းတွေ သိမ်းဆည်းပြီး လူကြီးမင်းရဲ့ အိမ်ရှေ့မှာ လေထဲမိုးထဲ သွားနေရုံပဲ ရှိတော့တာပေါ့”

"ဒီလောက်တောင် သနားစရာ ကောင်းလို့လား”

"ဟုတ်တာပေါ့။ လူကြီးမင်း ကျွန်မကို ကူညီပါနော်”

"ငါ ပြန်သွားပြီး စဉ်းစားကြည့်ဦးမယ်”

ဘာလို့ ပြန်သွားပြီး စဉ်းစားရဦးမှာလဲ။ တစ်ကယ်လို့ ရုတ်တရက် စဉ်းစားလို့မရဘဲ စကားပြန်လှည့်သွားရင် ဘယ်လိုလုပ်မလဲ။

အားချန်သည် သူ့ကို ထွက်မသွားစေချင်ဘဲ လမ်းဖယ်ပေးရန် တွန့်ဆုတ်နေလေသည်။

ဤအချိန်တွင် အပြင်ဘက်မှ ဖုန်းယန်၏ ထိုးဖောက်နိုင်စွမ်းရှိသော အသံက ထွက်ပေါ်လာ၏။ "လူကြီးမင်း... ကျွန်တော်မျိုး နောက်ကျသွားပါတယ်”

ပိုင်ရှိုးမင်သည် အားချန်ကို ကြည့်လိုက်ရာ အားချန်သည် အလိုမကျေဖြင့် လမ်းဖယ်ပေးလိုက်၏။

သူတို့နှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် နောက်ဘက်ခြံဝင်းမှ ထွက်လာခဲ့ပြီး ပြိုကျလုနီးပါး ဖြစ်နေသော အိမ်ကို နောက်တစ်ကြိမ် ဖြတ်သန်းကာ ရှေ့ဘက်သို့ လျှောက်လာခဲ့ကြသည်။

မင်ကျင့်စီးမှ လူများသည် ဤအချိန်မှ နောက်ကျပြီးမှ ရောက်ရှိလာကြ၏။

"လူကြီးမင်း... ဘာမှမဖြစ်ဘူးမလား" ဖုန်းယန်သည် ပိုင်ရှိုးမင်ကို ကြည့်ရင်း စိုးရိမ်တကြီးမျက်နှာဖြင့် မေးလိုက်သည်။

ကျန်းပေမြို့စားက ချန်းဖိင်ဖန်းကို လူခေါ်သွားတယ်လို့ သိသိချင်း လူကြီးမင်းက မင်ကျင့်စီးရဲ့ အခွင့်အာဏာကို သုံးပြီး မြို့ထဲက အစီအရင်ကို ထိန်းချုပ်ခဲ့တယ်။ ဒါမှ ဒီနေရာကို အမြန်ဆုံး ရောက်အောင် လာနိုင်မှာမို့လို့။

အဲ့ဒီအစီအရင်က ပုံမှန်ဆို လူအများကြီးနဲ့ ထိန်းချုပ်ရတာ။ သူတစ်ယောက်တည်းက အစီအရင်ကို ထိန်းချုပ်ခဲ့တော့ အစီအရင်ရဲ့ တန်ပြန်အာနိသင်ကို သေချာပေါက် ခံရလိမ့်မယ်။ အတွင်းဒဏ်ရာ ရသွားမှာကို စိုးရိမ်ရတယ်။

"ဘာမှမဖြစ်ဘူး။ ပြန်ကြစို့”

ပိုင်ရှိုးမင်က လူများကို ခေါ်ဆောင်ကာ ထွက်သွားမည်ကို မြင်လိုက်သည်တွင် အားချန်သည် နာကျင်ခံစားရသော လေသံဖြင့် နောက်မှ "လူကြီးမင်းလို့" ဟု ခေါ်လိုက်သည်။

ပိုင်ရှိုးမင်၏ ခြေလှမ်းများသည် ရပ်တန့်သွားသော်လည်း နောက်သို့ လှည့်မကြည့်ပေ။ ဖုန်းယန်ကိုသာ အမိန့်ပေးလိုက်သည်။ "လူ ၂ ယောက် ထားခဲ့။ ဒီရက်ပိုင်းအတွင်း သူ့နောက်ကို လိုက်ကြည့်ပေးလိုက်"

ဖုန်းယန်သည် ကြောင်သွား၏။ သူ့နောက်ကို လိုက်နေရမယ်။ လူတစ်ယောက်ကို စောင့်ကြည့်တာကို ဒီလောက်တောင် ပေါ်တင်ကြီး လုပ်ရလို့လား။

သို့သော် သူသည် လျင်မြန်စွာပင် သဘောပေါက်သွားသည်။ လူကြီးမင်းက စောင့်ကြည့်ဖို့အတွက် မဟုတ်ဘဲ အကာအကွယ်ပေးဖို့အတွက် ဖြစ်နိုင်တယ်။

သူသည် ချက်ချင်းပင် သူ့လက်အောက်မှ လည်လည်ဝယ်ဝယ် အရှိဆုံး တပ်စုမှူး ၂ ဦးကို ရွေးချယ်ကာ ကျိချန်ကို ကောင်းစွာ အကာအကွယ်ပေးရန် နေရစ်ခိုင်းခဲ့ပြီး ပိုင်ရှိုးမင်နှင့်အတူ ထွက်ခွာသွားလေသည်။

ဤတပ်စုမှူး ၂ ဦး၏ ကျင့်ကြံမှုအဆင့်ဖြင့် ကျန်းပေမြို့စား၏ ရှေ့မှောက်တွင် တိုက်ကွက်တစ်ကွက်မျှပင် ခံနိုင်ရည် ရှိမည်မဟုတ်သော်လည်း သူတို့သည် မင်ကျင့်စီးမှ လူများ ဖြစ်ကြသည်။ သူတို့ ရှိနေခြင်းသည် အနည်းဆုံးတော့ ပိုင်ရှိုးမင်၏ သဘောထားကို သက်သေပြနေပြီး ယာယီအားဖြင့် ကျန်းပေမြို့စားကို ခြောက်လှန့်ထားနိုင်သင့်ပေသည်။

တစ်ဖက်တွင်တော့ ကျန်းပေမြို့စားသည် အိမ်တော်သို့ ပြန်ရောက်သည်နှင့် စိတ်ထဲမှ ဒေါသမီးများကို လုံးဝ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့ပေ။

သူ့ လက်ဖဝါးကြီးဖြင့် ဝှေ့ယမ်းလိုက်ရာ တံခါးဝမှ ကျောက်ခြင်္သေ့ရုပ်တစ်ရုပ်သည် အမှုန့်ဖြစ်သွားတော့သည်။

သူသည် အိမ်တော်အတွင်းသို့ ဝင်ရောက်သွားသောအခါ မြို့စားအိမ်တော်၏ ကျူးဟုန်တံခါးမကြီးသည် လုံးဝ ပိတ်သွားပြီး အိမ်တော်အတွင်းမှ အရာအားလုံးကို ဖုံးကွယ်ထားလိုက်လေသည်။

"နို့နံ့မစင်သေးတဲ့ကောင်ကများ... မင်ဝမ်ရဲ့ အရှိန်အဝါကို အားကိုးပြီးတော့တောင် ငါ့ကို ဒီလောက်အထိ အရှက်ခွဲရဲတယ်” ကျန်းပေမြို့စားသည် ဒေါသတကြီး အံကြိတ်လိုက်သည်။ "ပိုင်ရှိုးမင်... ငါ မင်းရဲ့ခေါင်းကို မကြာခင် တစ်နေ့မှာ ကိုယ်တိုင် လိမ်ချိုးပစ်မယ်”

ဘေးမှ ကိုယ်ရံတော်များသည် ကျန်းပေမြို့စား ဒေါသထွက်နေသည်ကို မြင်လိုက်ရသည်တွင် မည်သူမျှ စကားစရန် မပြောဝံ့ကြပေ။ ဤအချိန်တွင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ပိန်လှီလှသည့် ခန္ဓာကိုယ်ရှိနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ဦးသည် ထွက်လာခဲ့ပြီး သူ့စကားကို ကြားသောအခါ ရယ်မောလိုက်သည်။ "မြို့စားမင်းက ဘာလို့ သူနဲ့ ထိပ်တိုက်တွေ့နေစရာ လိုလို့လဲ။ အဲ့ဒီ ပိုင်ရှိုးမင်က စွန့်ပစ်ခံရမယ့် နယ်ရုပ်တစ်ရုပ်ပါပဲ။ မင်ဝမ်က သူ့ကို မွေးစားထားတာကလည်း ရှီးလင်ဝမ် (ပိုင်ရှိုးမင်ရဲ့အဖေအရင်း)ကို ဟန်ချက်ညီအောင် ထိန်းချုပ်ဖို့အတွက်ပါပဲ”

ထိုပိန်လှီသော သက်လတ်ပိုင်းအရွယ်လူကို မြင်သောအခါ ကျန်းပေမြို့စား၏ နောက်မှ ကိုယ်ရံတော်များက တစ်ညီတစ်ညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။ "စစ်ရေးအကြံပေးကို ဂါရဝပြုပါတယ်"

သည်လူ၏အမည်မှာ လျိုကျိုးဖြစ်ပြီး ကျန်းပေမြို့စား၏ စစ်ရေးအကြံပေး ဖြစ်လေသည်။ ဤနှစ်များအတွင်း ရှီးလင်တွင် ကျန်းပေမြို့စားသည် တိုက်ပွဲတိုင်းကို အောင်နိုင်ခဲ့ခြင်းမှာ သည်လူ၏ အစီအစဉ်များနှင့် ခွဲခြား၍ မရနိုင်ပေ။

ကျန်းပေမြို့စားသည် လျိုကျိုးကို တွေ့သောအခါ အနည်းငယ် အံ့အားသင့်သွားသည်။ "ခင်များက ကိစ္စရှိလို့ မြို့တော်ကို နောက်ကျမှ ပြန်လာမယ်ဆို။ ဘယ်တုန်းက ပြန်ရောက်တာလဲ”

"ကိစ္စတွေ ပြီးသွားပါပြီ။ ကျွန်တော်က မြို့စားမင်းကို အရှင်မင်းကြီးက အခက်တွေ့အောင် လုပ်မှာ စိုးရိမ်လို့ စောစော ပြန်လာခဲ့တာပါ။ ဖြစ်ချင်တော့ မြို့စားမင်း အိမ်တော်က ထွက်သွားတော့မှ ကျွန်တော် ပြန်ရောက်လာတယ်”

ကျန်းပေမြို့စားသည် အေးစက်စွာ နှာခေါင်းရှုံံ့လိုက်၏။ "အရှင်မင်းကြီးက ဘာမှ မလှုပ်ရှားသေးဘူး။ တချို့လူတွေက အရင်ဆုံး စိတ်မထိန်းနိုင် ဖြစ်ကုန်ကြပြီ”

လျိုကျိုးက ဖျောင်းဖျလိုက်လေသည်။ "မြို့စားမင်း... ဒီနေရာက ရှန့်ကျင်း ဖြစ်နေတုန်းပဲ။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်း နေသင့်တယ်”

"ခင်များက ကျုပ်ကို ဘယ်လို ထိန်းသိမ်းခိုင်းချင်တာလဲ။ ကျုပ်ရဲ့ တစ်ဦးတည်းသော သွေးသားကို ဖုတ်ကောင်တစ်ကောင်က သတ်သွားတယ်။ မင်ကျင့်စီးက လျစ်လျူရှုထားရုံတင်မကဘဲ ကျုပ်ကိုတောင် လာတားဆီးနေတယ်။ မင်ဝမ်သာ မဟုတ်ရင်..."

လျိုကျိုးက သူ့စကားကို ဖြတ်ပြောလိုက်သည်။ "မြို့စားမင်း စိတ်ထဲမှာ မကျေမနပ် ဖြစ်နေတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ခင်များက အခုမှ ပြန်ရောက်လာတာ။ မင်ကျင့်စီးကို ပေါ့ပေါ့ဆဆနဲ့ ရန်သွားလုပ်တာက ပညာရှိရာ မရောက်ဘူး။ တကယ်လို့ အဲ့ဒီဖုတ်ကောင်မကို သွေးကြွေးဆပ်စေချင်တယ်ဆိုရင် ဖြည်းဖြည်းချင်း အစီအစဉ်ဆွဲလို့ ရပါတယ်။ ပိုင်ရှိုးမင်ကလည်း တစ်နေ့လုံး စောင့်ကြည့်နေနိုင်တာမှ မဟုတ်တာ”

ကျန်းပေမြို့စားက မျက်မှောင်ကြုတ်လိုက်လေသည်။ သူက တကယ်တော့ စစ်ရေးအကြံပေးရဲ့ လုပ်ပုံကိုင်ပုံကို မကြိုက်ဘူး။ သူက ပွင့်ပွင့်လင်းလင်း တိုက်ရိုက်လုပ်တာကို ပိုသဘောကျတာ။ သူ့ကို ဘယ်သူက စိတ်အနှောင့်အယှက် ဖြစ်စေလဲ။ အဲ့ဒီလူကို တိုက်ရိုက် ဖိသတ်ပစ်လိုက်တာပဲ။

ရှန့်ကျင်းနဲ့ အဝေးမှာ နေခဲ့တဲ့ ဒီနှစ်တွေအတွင်းမှာ သူ့ကို ဒီလောက်အထိ စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ရဲတဲ့လူ တစ်ယောက်မှ မရှိခဲ့ဘူး။

သို့သော် အကြိမ်များစွာတွင် စစ်ရေးအကြံပေး၏ နည်းလမ်းများသည် အမှန်တကယ်ပင် ဒုက္ခများစွာကို ရှောင်ရှားနိုင်စွမ်း ရှိသည်ဟု သူ ဝန်ခံခဲ့ရလေသည်။

အတန်ကြာ စဉ်းစားပြီးမှ သူသည် အလိုမကျစွာဖြင့် ခေါင်းညိတ်လိုက်တော့သည်။ "စစ်ရေးအကြံပေး ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။ ဒီကိစ္စကို ယာယီ လွှတ်ထားလိုက်မယ်။ ဒီအခြေအနေတွေ ငြိမ်သက်သွားမှ အဲ့ဒီဖုတ်ကောင်မကို သွားဖမ်းမယ်။ ကျုပ် သူ့ကို အရိုးကြေမွပြီး ပြာဖြစ်သွားတဲ့အထိ လုပ်ပစ်မယ်”

"မြို့စားမင်းက ဉာဏ်ပညာကြီးပါတယ်”

လျိုကျိုး၏ ဖျောင်းဖျမှုအောက်တွင် ကျန်းပေမြို့စားသည် သူ့မြေးအတွက် လက်စားချေမည့်အရေးကို နောက်သို့ ရွှေ့ဆိုင်းရန် ခက်ခက်ခဲခဲ ဆုံးဖြတ်လိုက်တော့သည်။ သို့သော် ဒုတိယနေ့ နံနက်စောစောတွင် သူ မလှုပ်ရှားရသေးခင်မှာပင် ပိုင်ရှိုးမင်က အရင်ဆုံး လှုပ်ရှားလာမည်ဟုတော့ မထင်မှတ်ထားခဲ့ပေ။

ပိုင်ရှိုးမင်သည် ကျန်းပေမြို့စားက သူ့သမီး ဖန်းယွီကို လျစ်လျူရှုကာ တိတ်တဆိတ် ဖုတ်ကောင်မွေးမြူ၍ လူများကို အန္တရာယ်ပြုစေခဲ့ကြောင်း၊ ထို့ကြောင့် မြို့တော်တွင် ပရမ်းပတာ အခြေအနေများ ဖြစ်ပေါ်စေပြီး ပြည်သူအများအပြား သေဆုံးဒဏ်ရာရစေခဲ့ကာ ထိုအပြစ်သည် သေဒဏ်ထက်ပင် ကြီးမားကြောင်း တိုင်တန်းစာ တင်သွင်းလိုက်လေသည်။

ပိုင်ရှိုးမင် တင်သွင်းသော လျှောက်လွှာကို ဖတ်ရှုပြီးနောက် အရှင်မင်းကြီးသည် ဒေါသမထွက်ဘဲ ကျန်းပေမြို့စားကို ကြည့်ကာ ခပ်ပေါ့ပေါ့ လေသံဖြင့် မေးလိုက်၏။ "ကျန်းပေမြို့စား ပြောစရာ စကား ရှိသလား"

ကျန်းပေမြို့စားသည် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ တိုးလာကာ "အရှင်မင်းကြီး... မနေ့က ကျွန်တော်မျိုးနဲ့ လူကြီးမင်းပိုင်တို့ကြားမှာ နားလည်မှုလွဲတာလေးတွေ နည်းနည်း ရှိခဲ့ပါတယ်။ လူကြီးမင်းပိုင်က ကျွန်တော်မျိုးအပေါ် မကျေနပ်ဖြစ်နေတာကို ကျွန်တော်မျိုး သိပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးရဲ့ သမီးလေး မသေဆုံးခင်က ဂုဏ်သိက္ခာနဲ့ ပတ်သက်လာရင်တော့ ကျွန်တော်မျိုး လုံးဝ ဝန်ခံလို့ မဖြစ်ပါဘူး။ သမီးလေးက မသေခင်က အပြုအမူ နည်းနည်း မဆင်မခြင် ရှိခဲ့ပေမယ့် ကောင်းကင်ဘုံကို ထိခိုက်စေပြီး အမှန်တရားကို နာကျင်စေမယ့် ကိစ္စမျိုးတော့ ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး”

"ပိုင်ရှိုးမင်... မင်းကရော ဘယ်လိုပြောမလဲ”

ပိုင်ရှိုးမင်က စတင်လျှောက်တင်လေသည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက ဖန်းယွီအတွက် ဖုတ်ကောင် မွေးပေးတဲ့လူတွေကို ဖမ်းမိထားပါတယ်။ အဲ့ဒီလူ ၃ ယောက်ရဲ့ ထွက်ဆိုချက်အရ နှစ် ၂၀ အတွင်းမှာ ဖန်းယွီနဲ့ သူ့သားက ဖုတ်ကောင်ကို အသုံးပြုပြီး လူအသက် ၁၀၀ ထက်မနည်းကို သတ်ဖြတ်ခဲ့ပါတယ်။ ကျွန်တော်မျိုးက သူတို့ပေးတဲ့ သဲလွန်စတွေအတိုင်း လူလွှတ်ပြီး အရိုးစုတွေကို ရှာဖွေခိုင်းခဲ့ရာမှာ ညီလာခံ မတက်ခင်ကတည်းက အမည်မသိ အလောင်း ၃၈ လောင်းကို ရှာတွေ့ထားပြီးပါပြီ”

"အရှင်မင်းကြီး... ဒါက သေချာပေါက် တစ်စုံတစ်ယောက်က ကျွန်တော်မျိုးရဲ့ သမီးကို ကြံစည်လုပ်ကြံတာပါ" ကျန်းပေမြို့စားက အလျင်စလို လေသံဖြင့် ဆိုလိုက်သည်။

ပိုင်ရှိုးမင်သည် အေးဆေးတည်ငြိမ်စွာပင်။ "နောက်ပြီးတော့... အဲ့ဒီ ဆူပူသောင်းကျန်းခဲ့တဲ့ ဖုတ်ကောင်ရဲ့ ဦးခေါင်းကို ကျွန်တော်မျိုး ဒီနေ့ ယူလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ က ကျန်းပေမြို့စားအိမ်တော်က ကိုယ်ရံတော်တစ်ယောက်က ဘာလို့ ဖုတ်ကောင် ဖြစ်သွားရပြီး ခင်များသမီးရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်နေရသလဲဆိုတာကို ကျန်းပေမြို့စားက အရှင်မင်းကြီးကို ရှင်းပြပေးနိုင်မယ် ထင်ပါတယ်”

ကျန်းပေမြို့စားသည် ရုတ်တရက် တိတ်ဆိတ်သွား၏။ အကယ်၍သာ ပိုင်ရှိုးမင်က ထုတ်မပြောခဲ့ပါလျှင် သူသည် ဤကိစ္စကို မေ့လျော့နေခဲ့ပြီး ဖြစ်လေသည်။

သူတို့က အဲ့ဒီဖုတ်ကောင်ရဲ့ နောက်ကြောင်းကိုတောင် စစ်ဆေးတွေ့ရှိသွားကြတယ်။

"ဖြစ်နိုင်တာက... တိုက်ဆိုင်မှုတစ်ခုခုကြောင့် အဲ့ဒီကိုယ်ရံတော်က မတော်တဆ သေဆုံးသွားပြီး သူ့ခန္ဓာကိုယ်ကို တခြားလူတစ်ယောက်က ဖုတ်ကောင်အဖြစ် ဖန်တီးလိုက်တာမျိုး ဖြစ်နိုင်ပါတယ်” ကျန်းပေမြို့စားသည် အခြေအနေကို ကယ်တင်ရန် ကြိုးစားနေဆဲပင်။

"ဖြစ်နိုင်တာက... ကျန်းပေမြို့စားက သမီးဖြစ်သူကို ဖုတ်ကောင် ဖန်တီးစေဖို့အတွက် အဲ့ဒီကိုယ်ရံတော်ကို သတ်ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်” ပိုင်ရှိုးမင်သည် ကျန်းပေမြို့စားက ထပ်မံ ငြင်းဆိုရန် ကြိုးစားနေဟန်ကို မြင်သောအခါ ချက်ချင်း ဆိုလိုက်သည်။ "အရှင်မင်းကြီး... ကျွန်တော်မျိုး သက်သေအားလုံးကို တင်သွင်းထားပြီးပါပြီ။ အရှင်မင်းကြီးအနေနဲ့ မှန်ကန်စွာ စစ်ဆေးဆုံးဖြတ်ပေးတော်မူပါ”

အရှင်မင်းကြီးသည် နဂါးပလ္လင်ထက်တွင် မြင့်မြတ်စွာ ထိုင်နေရင်း အောက်ဘက်က အကြောင်းပြချက်များဖြင့် အပြင်းအထန် ခုခံနေသော ကျန်းပေမြို့စားကို ကြည့်ကာ ရုတ်တရက် မိန့်လိုက်လေသည်။ "ကျန်းပေမြို့စား... ဒီကိစ္စကို ခင်များ သိရှိပါသလား"

ကျန်းပေမြို့စား၏ နှလုံးသားသည် တစ်ချက် ရပ်တန့်သွား၏။ သူသည် အခွင့်အရေးကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်။ သူ့တွင် ခုခံချေပရန် အခွင့်အရေး မရှိတော့ချေ။ "အရှင်မင်းကြီး... ကျွန်တော်မျိုးက နှစ်ပေါင်းများစွာ အပြင်မှာ စစ်တိုက်နေခဲ့ရတာပါ။ ဒီကိစ္စကို မသိရှိခဲ့ပါဘူး"

ဤအချိန်တွင် စစ်ဆေးရေးအမတ်တစ်ဦးက ရှေ့ထွက်လာပြီး လျှောက်တင်လေသည်။ "အရှင်မင်းကြီး... သားသမီးကို မဆုံးမခြင်းဟာ ဖခင်ရဲ့ အမှား ဖြစ်ပါတယ်။ ကျန်းပေမြို့စားက သမီးကို ဆုံးမသွန်သင်မှု မရှိခဲ့ဘဲ သူ့သမီးနဲ့ မြေးဖြစ်သူက သူ့ရဲ့ အာဏာကို အသုံးချပြီး ပြည်သူအများအပြားကို သတ်ဖြတ်ခဲ့ပါတယ်။ သူက တာဝန်ယူမှုကနေ ရှောင်လွှဲလို့ မရပါဘူး။ ပြင်းထန်စွာ အပြစ်ပေးသင့်ပါတယ်"

ကျန်ရှိသော နန်းတွင်းအမတ်များသည်လည်း တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြကာ ကျန်းပေမြို့စားကို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုကြ၏။

စစ်သူကြီးမျိုးရိုးမှ ဆင်းသက်လာသော မှူးမတ်အချို့ကတော့ ကျန်းပေမြို့စားကိုယ်စား ကောင်းသောစကား အနည်းငယ်ကို ဆိုကြလေသည်။

ရွှီမြို့စားကြီးသည် ရှေ့ထွက်လာပြီး လျှောက်တင်လိုက်၏။ "အရှင်မင်းကြီး... ကျန်းပေမြို့စားက ရှီးလင်ကို ကာကွယ်စောင့်ရှောက်ရာမှာ အကျိုးဆောင်မှုပြုခဲ့တာပဲ ဖြစ်ပါတယ်။ သူ့သမီးက အမှားလုပ်ခဲ့တာကလည်း ကျန်းပေမြို့စားက ခိုင်းစေခဲ့တာ မဟုတ်ပါဘူး။ ဒီကိစ္စကို သေချာစဉ်းစားပြီးမှ ဆုံးဖြတ်သင့်ပါတယ်"

အောက်ဘက်က အမတ်များ ရန်ဖြစ်ပြီးသွားမှ အရှင်မင်းကြီးက မိန့်တော်မူလိုက်လေသည်။ "ကျန်းပေမြို့စားက သူ့သမီးကို အမှားကြီး ကျူးလွန်အောင် လျစ်လျူရှုခဲ့တဲ့အတွက် အိမ်ထဲမှာ ၃ လ အကျယ်ချုပ်ကျပြီး ကိုယ့်အပြစ်ကိုယ် ပြန်သုံးသပ်စေ"

...

All Chapters