← Chapters

လူကြီးမင်းပိုင်က အမာမကြိုက်ဘဲ အပျော့ကြိုက်တာပဲ ...

Vol. 5 Ch. 46

လူကြီးမင်းပိုင်က အမာမကြိုက်ဘဲ အပျော့ကြိုက်တာပဲ ...

Vol. 5 Ch. 46

"အရှင်မင်းကြီး လုံးဝမဖြစ်ပါဘူး။ ကျန်းပေမြို့စားက စစ်ရေးအကျိုးဆောင်မှုတွေ အများကြီးလုပ်ထားတာကို ဒီလောက် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်ဆိုရင် လောကကြီးက အရှင်မင်းကြီးကို ဘယ်လိုမြင်ကြမလဲ" ဒီတကြိမ်တွင် ကျန်းပေမြို့စားအတွက် ဖြတ်ပြီးစကားဆိုပေးသူမှာ နန်းတွင်းညီလာခံတွင် ရှားရှားပါးပါး စကားပြောလေ့မရှိသည့် စစ်ဘက်ဆိုင်ရာဝန်ကြီး ချီဟိုင် ဖြစ်လေသည်။

စစ်ဘက်ဆိုင်ရာဝန်ကြီးနဲ့ အမြဲတမ်း သဘောထား မတိုက်ဆိုင်သည့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဝန်ကြီးက မိမိ၏မကျေနပ်ချက်ကို ဖုံးကွယ်မထားဘဲ မျက်လုံးစွေစောင်းကာ ပြောဆိုလေတော့သည်။ "ဝန်ကြီးချီရဲ့စကားက မှားနေပြီ။ တိုင်းပြည်မှာ တိုင်းပြည်ရဲ့ ဥပဒေရှိတယ်။ အရှင်မင်းကြီးက စစ်ရေးအကျိုးဆောင်မှုတချို့ကို နည်းနည်းပါးပါး ထောက်ထားပြီး ဒီကိစ္စကို ပေါ့ပေါ့တန်တန် သဘောထား လိုက်မယ်ဆိုရင် ဒါကလောကကြီးမှာရှိတဲ့ ပြည်သူလူထုရဲ့ နှလုံးသားကို အေးစက်သွားအောင် လုပ်လိုက်တာပဲ"

ချီဟိုင်က လေသံကိုမြင့်ကာ ပြောလိုက်၏။ "လူကြီးမင်းမုက ရှီးလင်ကို တစ်ခါမှ မရောက်ဘူးတော့ ရှီးလင်ပြည်သူတွေရဲ့ မျက်လုံးထဲမှာ ... ရှီးလင်နယ်စပ်က သူတို့အတွက် တိုင်းတစ်ပါးမျိုးနွယ်တွေကို တားဆီးပေးခဲ့တဲ့ ကျန်းပေမြို့စားက ဘယ်လောက် အဓိပ္ပာယ် ရှိတယ်ဆိုတာကို လုံးဝသိမှာမဟုတ်ဘူး"

ထိုသို့ပြောလိုက်ပြီး သူသည် အရှင်မင်းကြီးဘက်သို့ လှည့်ကာ ဦးညွှတ်အရိုအသေ ပြုလိုက်ပြီးနောက် တလေးတနက် လျှောက်တင်လေသည်။ "အရှင်မင်းကြီး ... ရှီးလင်ပြည်သူတွေအတွက် ထည့်သွင်းစဉ်းစား ပေးတယ်ဆိုရင်တောင်မှ ကျန်းပေမြို့စားကို ဒီလောက်လွယ်လွယ်ကူကူ အပြစ်ပေးလို့မရပါဘူး"

ဧကရာဇ်မင်းမြတ်သည် ခဏလောက် နှုတ်ဆိတ်သွားပြီးမှ မိန့်တော်မူလာသည်။ "ပိုင်ရှိုးမင် မင်းက ရှီးလင်မှာ ကြီးပြင်းလာခဲ့တာပဲ။ ကျန်းကို ပြောပြပါဦး။ ကျန်းက ရှီးလင်ပြည်သူတွေအတွက် ကျန်းပေမြို့စားကို လွှတ်ပေးသင့်သလား"

"အရှင်မင်းကြီး ကျွန်တော်မျိုး ယိုးကျိုးမှာ ဆူပူသောင်းကျန်းနေတဲ့ နတ်ဆိုးမျိုးနွယ်တွေ ပြည်နယ်တစ်ခုလုံးမှာ သတ်ပစ်ခဲ့ဖူးတယ်။ ပြည်သူတချို့က ကျွန်တော်မျိုးအတွက် အသက်ရှည်စေတဲ့ ကျောက်တိုင်တောင်မှ စိုက်ထူပေးခဲ့ဖူးတယ်။ ဒီလိုဖြစ်နေရင်တောင်မှ အဲဒီကျောက်တိုင်ပေါ်က နာမည်က အရှင်မင်းကြီးရဲ့ နာမည်အောက်မှာပဲ ရေးထိုးထားတာပါ"

"ကျွန်တော်မျိုး ယုံကြည်တာကတော့ တကယ်လို့ ကျွန်တော်မျိုးက အမှားလုပ်မိလို့ အရှင်မင်းကြီးရဲ့ အပြစ်ပေးတာကိုခံရရင်တောင် ယိုးကျိုးပြည်သူတွေက အရှင်မင်းကြီးကို အပြစ်တင်ဖို့ လုံးဝသတ္တိရှိမှာ မဟုတ်ဘူး။ ကျွန်တော်မျိုးကပဲ ကြိုးစားမှုမလုံလောက်လို့ဘဲ သူတို့က ထင်ကြမှာပါ"

“ရှီးလင်ဆိုတာက ဝေးလံခေါင်ဖျားတဲ့နေရာက ဒေသတစ်ခု။ တစ်နှစ်ပတ်လုံး တိုင်းတစ်ပါးမျိုးနွယ်တွေရဲ့ ကျူးကျော်တာခံနေရတာ။ ယိုးကျိုးကလည်း အတူတူပါပဲ ... ဝေးလံခေါင်ဖျားပြီး နတ်ဆိုး‌ ဘေးအန္တရာယ်တွေ မပြတ်ဘူး။ ကျွန်တော်မျိုး တကယ်သိချင်တာက ယိုးကျိုးပြည်သူတွေကတော့ အရှင်မင်းကြီးကို မယိမ်းမယိုင် ယုံကြည်နိုင်ကြပြီး ရှီးလင်ပြည်သူတွေကျတော့ အရှင်မင်းကြီးကို မရိုမသေလုပ်ရဲပြီး ကျန်းပေမြို့စားကို ဘာဖြစ်လို့ ရိုသေလေးစား နိုင်ရတာလဲဆိုတာကိုပါ"

ပိုင်ရှိုးမင်၏ ဒီစကားတစ်ခွန်းသည် လူကိုသတ်ပြီး နှလုံးသားကို ထုတ်ယူလိုက်သကဲ့သို့ပင်။ ချီဟိုင်သည် သူ့ဘက်ကို ခေါင်းလှည့်လိုက်ပြီး နဖူးပြင်တွင် ချွေးစေးများပင် စို့တတ်လာတော့သည်။

သူသည် စိတ်ထဲတွင်ကြိတ်ပြီး စဉ်းစားလိုက်မိ၏။ ငါက ရန်သူကို လျှော့တွက်မိသွားတာပဲ။ ပိုင်ရှိုးမင်က လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းက နန်းတွင်းညီလာခံမှာ အလွယ်တကူ ဖိနှိပ်လို့ရတဲ့ ကလေး မဟုတ်တော့ဘူး ဆိုတာကို မေ့သွားတယ်။ ဒီနေ့တော့ သူ့လက်ထဲမှာပဲ ပြန်ခံလိုက်ရတာပဲ။

ချီဟိုင်က အလောတကြီး ပြောလိုက်သည်။ "အရှင်မင်းကြီး လူကြီးမင်းပိုင်က ကျွန်တော်မျိုးကို အမည်ဖျက်နေတာပါ။ ကျန်းပေမြို့စားက ပြည်သူတွေအတွက်ပဲ တစ်စိတ်တစ်ဝမ်းတည်းရှိပြီး ဘယ်လို မသင့်တော်တဲ့ ကိစ္စမျိုးမှ မလုပ်ခဲ့ပါဘူး။ ကိုယ်ကျိုးရှာတဲ့စိတ်လည်း တစ်ခါမှမရှိခဲ့ပါဘူး"

"သူ့သမီးက လူသတ်ခဲ့တယ် ဆိုတာကတော့ တကယ်ပဲ မသင့်တော်တဲ့ ကိစ္စပါပဲ"

"ဒါပေမဲ့ ကျန်းပေမြို့စားက ဒီကိစ္စကို မသိခဲ့ပါဘူး" ချီဟိုင်က ပြန်လည်ချေပလိုက်လေသည်။

ပိုင်ရှိုးမင်က သရော်ကာ ရယ်မောလိုက်၏။ "လူကြီးမင်းချီက ကျန်းပေမြို့စားထက်တောင် ပိုသိနေသေးတာပဲ။ လူကြီးမင်းချီ ပြောချင်တာက ကျန်းပေမြို့စားရဲ့ ဒီလောက်မြင့်မားတဲ့ ကျင့်ကြံမှုအဆင့်နဲ့ သူ့သမီးက တိတ်တိတ်လေး လှုပ်ရှားနေတာကိုတောင် မသိနိုင်ဘူးလို့ ဆိုလိုတာလား။ ဒီလောက်အလွယ်တကူ အလိမ်ခံရတဲ့သူကို ရှီးလင်ရဲ့စစ်အာဏာ ဘယ်လိုလုပ်ပြီး ကိုင်တွယ်ခိုင်းလို့ သင့်တော်တော့မှာလဲ"

ချီဟိုင်သည် တင်းမာစွာဖြင့် ပြောလေတော့သည်။ "လူကြီးမင်းပိုင် ကျေးဇူးပြုပြီးတော့ စကားကိုဆင်ခြင်ပါ။ စစ်အာဏာ ဘယ်သူ့လက်ထဲ ရှိမလဲဆိုတာကို အရှင်မင်းကြီးက ဆုံးဖြတ်ရမှာပါ။ ခင်ဗျားတို့ မင်ကျင့်စီးကလည်း စစ်အာဏာကို လိုချင်နေတာလား"

သူတို့နှစ်ဦးသည် ပြောဆိုငြင်းခုံကြရင်း နောက်ဆုံးတွင်တော့ အဓိကအချက်သို့ ရောက်ရှိလာကြတော့သည်။

သူတို့ ငြင်းခုံနေကြသည်မှာ ကျန်းပေမြို့စား၏ အိမ်တွင်းအကျယ်ချုပ် သုံးလတာကိစ္စ အစကတည်းက မဟုတ်ခဲ့ပေ။ ကျန်းပေမြို့စား၏ လက်ထဲတွင်ရှိနေသည့် ရှီးလင်စစ်အာဏာကို မည်သူ့ထံ ကျရောက်မည်ဟူသည့် ကိစ္စသာဖြစ်လေသည်။

"လူကြီးမင်းချီကတော့ ကျွန်တော့်အတွက် အပြစ်တွေဖန်တီး ပေးတတ်တာပဲ။ ကျွန်တော် မှတ်မိနေသေးတယ်နော်။ ခင်ဗျားပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဒီလိုပဲ အစွမ်းကုန် ကြိုးစားပြီးတော့ နန်းတွင်းညီလာခံမှာ လူတစ်ယောက်အတွက် ခုခံကာကွယ်ပေးခဲ့တာ။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက ရှီးလင်ဝမ်က ဝမ်ဖေးကို လုပ်ကြံခဲ့တဲ့အမှုမှာ လူကြီးမင်းချီရဲ့ စကားပြောစွမ်းရည် ကျေးဇူးကြောင့်ပဲ ရှီးလင်ဝမ်က အပြစ်ကနေ လွတ်မြောက်သွားခဲ့တယ်"

"အဲဒီအမှုပြီးပြီးခြင်း မကြာခင်မှာပဲ လူကြီးမင်းချီရဲ့ သမီးကြီးက ရှီးလင်ဝမ်ရဲ့ တော်ဝင်မိဖုရားတစ်ပါး ဖြစ်လာခဲ့တယ်။ အခုခင်ဗျား ဒီလောက်ကြိုးစားနေတာ ခင်ဗျားရဲ့မြေးလေးကို ကျန်းပေမြို့စားနဲ့ လက်ထပ်ပေးပြီး မြို့စားကတော် လုပ်ခိုင်းဖို့ စဉ်းစားနေတာလား"

ပိုင်ရှိုးမင်သည် ညီလာခံအတွင်းတွင် ထိုစဉ်က အဖြစ်အပျက်ကို တစ်စုံတရာ ထိန်းသိမ်းခြင်းမရှိဘဲ ပြောဆိုလာသည်ကို တွေ့ရသောအခါ ချီဟိုင်၏စိတ်ထဲတွင် ရှက်ရွံ့ဒေါသ ထွက်သွားလေတော့သည်။ "ပိုင်ရှိုးမင် ... ပါးစပ်က တောင်နို့နံ့ မစင်သေးတဲ့ကောင် ... မင်းက လူကို သွေးရူးသွေးတန်း စွပ်စွဲနေတာပဲ !"

"လူကြီးမင်းချီလိုမျိုး ကြောင်သူတော်တစ်ယောက်ကိုတော့ မမီပါဘူး"

နှစ်ဦးသားက ငြင်းခုံနေကြရာမှ တစ်ဖက်သား၏ အားနည်းချက်ကို ထိုးနှက်နေပြီး အပြန်အလှန် ဆဲဆိုကြသည်အထိ ဖြစ်လာသည်ကို ပတ်ဝန်းကျင်က နန်းတွင်းအမတ်များကလည်း အရသာခံကာ ကြည့်ရှုနေကြတော့သည်။

ချီဟိုင်သည် အင်မတန် ဒေါသထွက်သွားပြီး ပိုင်ရှိုးမင်ကို လက်ညှိုးထိုးကာ ပြောလေတော့၏။ "မင်းက သစ္စာမရှိတဲ့ကောင်။ မိဘကို မသိတတ်တဲ့ကောင်။ ကိုယ့်မျိုးရိုးကိုမေ့ပစ်တဲ့ ... အား ..."

သူ့စကား မဆုံးသေးခင်မှာပင် ရုတ်တရက် ညာဘက် ပါးပြင်ကို တစ်စုံတစ်ယောက်က လက်ဝါးဖြင့် ရိုက်လိုက်သကဲ့သို့ ယောင်ကိုင်းလာလေတော့သည်။

နန်းတွင်းအမတ်များ အားလုံး၏ရှေ့တွင် ရပ်နေသည့်မင်ဝမ်သည် သူ၏လက်ပေါ်က ဖုန်မှုန့်များကို ခါချလိုက်သည်တွင် ဝန်ကြီးချီ ခံလိုက်ရသည့် ပါးရိုက်ချက်မှာ သူ ရိုက်လိုက်ခြင်းဖြစ်ကြောင်း လူတိုင်းကို အသိပေးနေသည့်နှယ်။

"ပန်ဝမ်(ငါကိုယ်တော်) မသေသေးဘူးနော်။ ပန်ဝမ်ရဲ့သားကို သစ္စာမရှိ မိဘကို မရိုသေဘူးလို့ ပြောရဲတဲ့လူ ရှိသေးတယ်။ အဲဒီလူရဲ့စိတ်ကိုတော့ သေဒဏ်ပေးသင့်တယ်"

နန်းတွင်းအမတ်များသည် အမြဲတမ်း ညီလာခံအတွင်းတွင် လာဘ်ကောင်လေးတစ်ခုလို နေတတ်သည့် မင်ဝမ်က အမှန်တကယ် ဒေါသထွက်သွားသည်ကို မြင်လိုက်ရသောအခါ ပွဲကြည့်နေသည့် စိတ်များမှာ ချက်ချင်းဆိုသလို ရပ်တန့်သွားပြီး အားလုံးသည်လည်း တိတ်ဆိတ်သွားကြ လေတော့သည်။

ချီဟိုင်သည် ပါးရိုက်ခံလိုက်ရပြီးနောက် ဒေါသကြောင့် လွှမ်းမိုးခံနေရသည့် ဦးနှောက်သည်လည်း လုံးဝကို ပြန်တည်ငြိမ်သွားတော့၏။ ပိုင်ရှိုးမင်ကသာ သူ့သမီးကြီးအကြောင်းကို ရုတ်တရက် ထည့်မပြောခဲ့လျှင် သူသည် ဤမျှလောက် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားလိမ့်မည် မဟုတ်ပေ။ သို့သော်ငြား ဒီအချိန်တွင်တော့ နောက်ကျသွားခဲ့ပြီဖြစ်သည်။ သူသည် ဒီတစ်ကြိမ်တွင် လုံးဝကို ရှုံးနိမ့်သွားပြီဖြစ်ကြောင်း ကောင်းကောင်းသိလိုက်၏။

နဂါးပလ္လင်ထက်က ဧကရာဇ်မင်းမြတ်သည် ဆူပူကျိန်းမောင်း လေတော့၏။ "တော်ကြတော့။ ဆူဆူညံညံ မလုပ်နဲ့တော့။ မသိတဲ့လူတွေက မင်းတို့ကို ဈေးထဲက မိန်းမကြမ်းတွေလို့ ထင်နေကြဦးမယ်။ စစ်ဘက်ဆိုင်ရာဝန်ကြီးက စကားပြော မဆင်ချင်ဘူး။ လစာ၃လ ဖြတ်တောက်တယ်။ ပိုင်ရှိုးမင် ၃ရက်အိမ်ပြန်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်။ ညီလာခံသိမ်းမယ်"

အငြင်းခုံ၏ အဓိကအချက်ဖြစ်သော ကျန်းပေမြို့စားကိုတော့ ဧကရာဇ်မင်းမြတ်က လုံးလုံးမေ့လျော့သွားဟန်တူပြီး သူ့အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်သည်လည်း အလိုလို ပြောင်းလဲလို့ မရနိုင်တော့ပေ။

အစမှအဆုံးအထိ ကျန်းပေမြို့စားသည် တစ်ခွန်းမှပင် ဝင်မပြောလိုက်ရပေ။ သူ၏အပြစ်များကတော့ ပေါ့ပေါ့ပါးပါးပင် အတည်ပြုခြင်း ခံလိုက်ရပြီး ညီလာခံက ထွက်ခွာလာချိန်တွင် သူ့မျက်နှာမှာ စိမ်းဖန့်နေလေတော့သည်။

လွန်ခဲ့သည့် နှစ်ရက်ခန့်ကပင် သူနှင့် ဆက်ဆံရေးကောင်းများ ပြုလုပ်ရန် ကြိုးစားနေကြသည့် နန်းတွင်းအမတ်များနဲ့ မှူးမတ်များသည် သူ့ကိုတွေ့ချိန်တွင်တော့ အားလုံး ရှောင်ကွင်းသွားကြလေတော့သည်။

ကျန်းပေမြို့စားသည် ဧကရာဇ်၏မျက်စိထဲက ဆူးငြောင့်တခု ဖြစ်သွားပြီဖြစ်ကြောင်း အားလုံးက ကောင်းကောင်း သိသွားကြလေသည်။ ရှီးလင်တွင် စစ်ရေးအကျိုးဆောင်မှုများ ပြုလုပ်ခဲ့သော်ငြားလည်း ဆုလာဘ်များ မချီးမြှင့်ရသေးခင်မှာပင် ၃လအကျယ်ချုပ် ကျခံလိုက်ရသည်။ သုံးလပြည့်ပြီး အိမ်တော်မှ ထွက်လာချိန်တွင် အရာအားလုံးက နောက်ကျသွားမည် ဖြစ်မှာပင် စိုးရိမ်ရသေးသည်။

ညီလာခံအပြီးတွင် ပိုင်ရှိုးမင်က မင်ကျင့်စီးရုံးသို့ မသွားဘဲ အိမ်သို့ တိုက်ရိုက်ပြန်လာခဲ့၏။ ဧကရာဇ်က သူ့ကိုသုံးရက် အပြစ်ပေးကာ ပြန်လည်သုံးသပ်ခိုင်းထားသဖြင့် သူသည် သဘာဝအလျောက် လိုက်နာရပေမည်။

သူ့အိမ်တော်သည်လည်း ဧကရာဇ်က ချီးမြှင့်ထားခြင်း ဖြစ်ပြီး အိမ်တော်အတွင်းက အစေခံများကတော့ မင်ဝမ်အိမ်တော်မှ ပြောင်းရွှေ့ခန့်အပ် ထားသူများဖြစ်ကြသည်။ အိမ်တော်တွင် သူတစ်ဦးတည်းသာ သခင်အဖြစ်ရှိသဖြင့် လူအများကြီးမရှိဘဲ အိမ်တော်တစ်ခုလုံးသည် အထူးတလည် အေးစက် တိတ်ဆိတ်နေသကဲ့သို့ ထင်ရ၏။

သူသည် တံခါးမှ ဝင်လာသည်နှင့် အိမ်တော်အတွင်းက ကြီးကြီးငယ်ငယ် ကိစ္စရပ်ကို တာဝန်ယူထားသည့် အိမ်တော်ထိန်းကြီးက ရှေ့သို့တိုးလာကာ ပြောလိုက်၏။ "သခင်လေး ဝမ်ရယ် ရောက်နေပါတယ်"

"သူဘယ်မှာလဲ"

"ဥယျာဉ်ထဲမှာ ပန်းပင်တွေကို ရှုစားနေပါတယ်"

ပိုင်ရှိုးမင်က လက်ဝှေ့ယမ်းပြလိုက်ပြီး ဥယျာဉ်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာလေတော့သည်။

မင်ဝမ်သည် ပန်းပင်များရှုစားခြင်းကို စိတ်မဝင်စားသော်ငြားလည်း သူသည် ပိုင်ရှိုးမင်က နဂါးသွေးဖြင့်မွေး ထားသည့် ထိုနဂါးငါးကြင်းကိုတော့ အလွန်စိတ်ဝင်စားလေသည်။ ထိုငွေနဂါးငါးကြင်းများသည် တိမ်တိုက်နှင့် မြူခိုးများကို မှုတ်ထုတ်နိုင်သလို ကြည့်ရှုရသည်ကလည်း အလွန် တန်ဖိုးရှိပြီး အရသာမှာလည်း ထူးကဲစွာ ကောင်းမွန်လှလေသည်။ သူသည် သားဖြစ်ရှိသူ မရှိခိုက်တွင် နှစ်ကောင်လောက် တိတ်တိတ်လေး ခိုးယူကာ အိမ်တော်သို့ပြန်ပြီး နောက်ထပ်ဟင်းလျာတစ်ခုအဖြစ် ချက်စားရန် ကြံစည်ထားလေ၏။

ပိုင်ရှိုးမင် ရောက်လာချိန်တွင်တော့ သူသည် အဝဆုံးတစ်ကောင်ကို ဖမ်းထားပြီး ဘယ်အချိန်ကမှန်းမသိ ပြင်ဆင်လာခဲ့သည့် ပိုက်ကွန်အိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

"ဖုဝမ်(အဖေ) အဲဒီရွှေရောင်တစ်ကောင်ကို အရှင်မင်းကြီးက ကြိုမှာထားတာ"

"ပေါက်ကရ။ အရှင်မင်းကြီးက ငွေရောင်ကို ကြိုက်တာ" မင်ဝမ်သည် လက်ထဲ ရောက်လာပြီးသား အဆီတဝင်းဝင်း အသားကို လွှတ်လိမ့်မည် မဟုတ်ပေ။

လှည့်စားလို့ မရနိုင်တော့သည်ကို တွေ့လိုက်ရသောအခါ ပိုင်ရှိုးမင်သည်လည်း ကူကယ်ရာမဲ့စွာ လက်လျှော့လိုက်ရတော့သည်။ အကြောင်းမှာ မင်ဝမ်သည် ဒေါသထွက်လာလျှင် လက်ပါတတ်ပြီး သူသည်လည်း သူ၏ပြိုင်ဖက် မဟုတ်သောကြောင့်ပင်။

မင်ဝမ်က ကိုယ်ကိုမတ်လိုက်ပြီး ပိုက်ကွန်အိတ်ကို အထုံးဖြစ်အောင် ချည်ထားလိုက်ကာ လက်ထဲတွင် ဆွဲကိုင်ထားလိုက်၏။ "ဒီနေ့ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ကျန်းပေမြို့စားရဲ့ သမီးကနေစလုပ်ဖို့ ဘယ်လိုလုပ်ပြီးတော့ အတွေးရသွားတာလဲ"

"တိုက်ဆိုင်သွားတာပါ" အားချန်က ထိုကိစ္စနှင့် တွယ်ကပ်နေပုံကို ပိုင်ရှိုးမင်းသည် ထပ်ပြီးအများကြီး မပြောလိုတော့ချေ။ ထိုကြောင့် သူကလည်း လိုရင်းကိုသာ ပြောလိုက်တော့သည်။ "အရှင်မင်းကြီးက ရှီးလင်စစ်တပ်ကို ဘယ်သူ့ကို လွှဲပြောင်းပေးဖို့ သဘောကျနေတာလဲ"

"စုန့်မြို့စားကြီးရဲ့ တရားဝင်သားပဲ။ ထွက်တောင်သွားပြီ"

ပိုင်ရှိုးမင်က ခေါင်းခါလိုက်တော့သည်။ "တကယ်လို့ ချီဟိုင်သာ သိသွားရင် ဒီနေ့ ကျန်းပေမြို့စားအတွက် မျက်နှာ ထွက်လုပ်ပေးခဲ့တာကို နောင်တရနေတော့မှာပဲ"

"သူက ကျန်းပေမြို့စားအတွက် ထွက်ရပ်ပေးခဲ့တာ ဘာဖြစ်လို့လဲလို့ ထင်လဲ" မင်ဝမ်က မေးလာသည်။

ပိုင်ရှိုးမင်က မင်ဝမ်ကို ကြည့်လိုက်ကာ "ဘာဖြစ်လို့လဲဆိုတော့ သူ့နောက်ကွယ်က လူကလည်း ရှီးလင်ရဲ့ စစ်တပ်ကို လိုချင်နေလို့ပေါ့။ စိတ်မကောင်းစရာက ကိစ္စတွေက ရုတ်တရက်ကြီး ဖြစ်သွားတော့ သူတို့က လွှဲပြောင်းယူမယ့်လူကို အဆင်သင့် မပြင်ဆင်ထားကြဘူး။ ဒီတော့ ကျန်းပေမြို့စားကိုပဲ စစ်အာဏာ ဆက်ကိုင်ထားခိုင်းတာက အလုံခြုံဆုံး ဖြစ်သွားတယ်လေ"

သေသေချာချာလေး မပြင်ဆင်ထားမချင်းတော့ သူတို့ကို အပြစ်တင်လို့ မရနိုင်ဘူးလေ။ လက်ရှိဧကရာဇ်၏ စရိုက်လက္ခဏာအရ ကျန်းပေမြို့စားကို အရေးယူလိုလျှင်ပင် ဤမျှလောက် အလျင်လိုနေလိမ့်မည် မဟုတ်ပေ။

သို့သော်ငြား ကျန်းပေမြို့စား၏ အားနည်းချက်ကို ပိုင်ရှိုးမင်က ချုပ်ကိုင်ထားလိမ့်မည်ဟု ဘယ်သူကမှ မထင်ခဲ့ကြခြင်းပင်။ ထိုအပြင် တစ်ရက်မှပင် မစောင့်ဆိုင်းဘဲ အခြေအနေကို တိုက်ရိုက်ပြောင်းပြန် လှန်လိမ့်မည်ဟုလည်း မထင်ထားခဲ့ခြင်းပင်။

မင်ဝမ်က ရယ်မောလိုက်ကာ "မဆိုဘူး။ အရင်ကထက် အများကြီး တော်လာတယ်။ အရင်တုန်းက ချီဟိုင်က ရှီးလင်ဝမ်အတွက် စကားကောင်းတွေ ပြောပေးတော့ အရှင်မင်းကြီးက သူ့ကို ခွင့်လွှတ်ပေးခဲ့တယ်။ မင်းကတော့ငါ့ ကိုပဲလာပြီး ဒေါသထွက်တတ်တယ်လေ"

သူ ပြောနေသည့် အကြောင်းအရာမှာ လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ရှီးလင်ဝမ်ဖေး (ရှီးလင်ဝမ်၏ကြင်ရာတော်) အမှုဖြစ်ပြီး ထိုလူသည် ပိုင်ရှိုးမင်၏ မွေးမိခင်ဖြစ်လေသည်။

ယခင်ကဆိုလျှင် သူသည် ထိုကိစ္စကို ထုတ်ပြောလိုက်သည်နှင့် ဒီကောင်ကလေးက ရူးသွပ်သွားတတ်၏။ ယနေ့တွင်တော့ နန်းတွင်းညီလာခံတွင် လူအများရှေ့၌ ထုတ်ပြောကာ ချီဟိုင်ကို ဖိအားပေးရန် အသုံးပြုနိုင်ခဲ့သည်။

ပိုင်ရှိုးမင်သည် တိမ်မြူခိုးများဝေ့နေသည့် ရေကန်ကို လှမ်းကြည့်လိုက်၏။ အတွင်းက နဂါးငါးကြင်းများသည် စုရုံးလာကြပြီး တိမ်တိုက်နှင့် မြူခိုးများကို မှုတ်ထုတ်နေကြလေသည်။ ရေပြင်ပေါ်က ကြာရွက်များသည် ရေခိုးရေငွေ့များထဲတွင် တဝက်တပျက် ဖုံးကွယ်နေပြီး နတ်ပြည်တမျှ အငွေ့အသက်များ ရစ်သိုင်းလို့နေ၏။

ယခင်က ရှီးလင်ဝမ် အိမ်တော်တွင်လည်း ဤကဲ့သို့သောရေကန်မျိုး ရှိခဲ့ဖူးပြီး သူ၏မယ်တော်သည် ကြာပန်းများကို အလွန် နှစ်သက်ခဲ့လေသည်။

သိပ်မကြာခင်မှာပင် သူ့အတွေးစများသည် ပြန်လည်စုစည်းသွားပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ "အဲဒီတုန်းက ကျွန်တော်က ငယ်သေးတော့ မစဉ်းစားတတ်သေးဘူးလေ"

"ကောင်းပါပြီ။ တိုးတက်လာတာပဲလေ"

မင်ဝမ်သည် သူ ဆက်မပြောလိုတော့သည်ကို သိနေသဖြင့် ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ ထပ်မေးလိုက်သည်။ "ကျန်းပေမြို့စားနဲ့ လက်ရည်ချင်း ယှဉ်ပြိုင်ကြည့်ရတာ ဘယ်လိုခံစားရလဲ"

"အရမ်းသန်မာတယ်"

"အတိအကျ ပြောစမ်းပါဦး"

"ကျွန်တော့်ထက်တော့ အားနည်းတယ်"

မင်ဝမ်သည် ရယ်မောကာ ပြောလေတော့သည်။ "ဒါကတော့ မသေချာဘူး။ ကျန်းပေမြို့စားက ဦးနှောက်သိပ်မကောင်းပေမယ့် အသက်နဲ့လဲပြီး တိုက်ခိုက်လာရင်တော့ လျော့တွက်လို့ မရဘူး။ မင်း ဒီနေ့ သူ့ကို ဒီလောက်အထိ အကြပ်ရိုက်အောင် လုပ်ထားတော့ သူက မင်းကို သိပ်မကြာခင် ပြန်လှုပ်ရှားလာမှာ သေချာတယ်"

"သူ့ကို အကျပ်အတည်းထဲ ရောက်အောင် တွန်းမပို့ဘဲနဲ့တော့ သူ့ရဲ့အမြှီးကို ဘယ်လိုလုပ်ပြီး ထုတ်ပြမှာလဲ။ ဖုဝမ်နဲ့ အရှင်မင်းကြီးကရော မိစ္ဆာတံဆိပ်တော်က သူ့လက်ထဲကို တကယ်ပဲ ကျရောက်သွားသလား မကျရောက်သေး ဘူးလားဆိုတာကို မသိချင်ဘူးလား" ပိုင်ရှိုးမင်က ပြန်ပြီးမေးခွန်း ထုတ်လိုက်တော့သည်။

ညီလာခံက ဆင်းလာပြီးနောက်တွင် ကျန်းပေမြို့စားသည် အိမ်တော်သို့ ပြန်ရောက်လာပြီး မကြာမီမှာပင် ကုန်းကုန်းတစ်ယောက်သည် နန်းတွင်းစစ်တပ်ကို ဦးဆောင်ကာ အမိန့်တော်ကို ကြေညာရန်အတွက် မြို့စားအိမ်တော်သို့ ရောက်ရှိလာခဲ့၏။

အကြမ်းဖျင်း အဓိပ္ပာယ်မှာ ကျန်းပေမြို့စား၏သမီးသည် ပြည်သူအများအပြားကို သတ်ဖြတ်ခဲ့ပြီး ကျန်းပေမြို့စားက သမီးကို ဆုံးမသွန်သင်မှုမရှိသဖြင့် သူ့ကိုသုံးလ အိမ်အတွင်း အကျယ်ချုပ်ကျခံစေကာ သမီးဖြစ်သူအတွက် အပြစ်ပေးဆပ်စေခြင်း ဖြစ်လေသည်။

ကျန်းပေမြို့စားသည် အမိန့်တော်ကို လက်ခံယူပြီးနောက် ထိုနန်းတွင်းစစ်တပ်တစ်စုသည် မြို့စားအိမ်တော်၏ အဝင်အထွက် လမ်းကြောင်းများ အားလုံးကို ချက်ချင်းပိတ်ဆို့ စောင့်ကြပ်ထားလိုက်တော့၏။ လာမည့်၃လတာ ကာလပတ်လုံး ကျန်းပေမြို့စားအိမ်တော်ကို စောင့်ကြည့်မည် ဖြစ်သည့်အကြောင်း ပေါ်ပေါ်တင်တင် ပြသလိုက်ခြင်းပင်။

...

မြို့စားအိမ်တော်၏ တံခါးမကြီး ပိတ်သွားပြီးနောက်တွင် ကျန်းပေမြို့စားသည် နောက်ဆုံးတွင်တော့ စိတ်မထိန်းနိုင်တော့ဘဲ သူ့လက်ထဲက အမိန့်တော်လွှာကို ကြမ်းပြင်ပေါ်သို့ ပစ်လွှတ်လိုက်တော့၏။

"လွန်လွန်းတယ် !"

လျိုကျိုးသည် ရင်ထဲတွင် ဒေါသများအပြည့်ဖြစ်ကာ ဖွင့်ချဖို့ရန် နေရာမရှိ ဖြစ်နေသည့် ကျန်းပေမြို့စားကိုကြည့်ပြီး ခပ်တိုးတိုး ပြောလိုက်၏။ "အရှင်မင်းကြီးက မြို့စားမင်းရဲ့ စစ်အာဏာကို သိမ်းယူပြီး မြို့စားမင်းကို ရာထူးကနေ ဖယ်ရှားတော့မယ့်ပုံပဲ"

"စစ်ရေးအကြံပေးမှာ ဖြေရှင်းနည်းများ ရှိသလား" ကျန်းပေမြို့စားသည် သူ့ကို ရုတ်တရက် လှည့်ကြည့်ကာ မေးလိုက်၏။

လျိုကျိုးကလည်း ခေါင်းခါပြလိုက်သည်။ "မြို့စားမင်းရဲ့ အားနည်းချက်ကို တခြားလူက ချုပ်ကိုင်ထားလိုက်ပြီး ဒီကိစ္စက အချိန်လွန်သွားပါပြီ"

မည်သို့ဆိုစေ ကျန်းပေမြို့စား၏ သမီးသည် မြို့ထဲတွင် လူအများအပြားကို သတ်ဖြတ်ခဲ့ပြီး မင်ကျင့်စီးက သက်သေများ ရယူသွားခဲ့သည်မှာ ငြင်းဆန်မရနိုင်သည့် အမှန်တရားပင်။ လူကိုအိမ်အထဲတွင် ၃လအကျယ်ချုပ်ခြင်းသာ အပြစ်ပေးခြင်းသည် ပြည်သူများက အပြစ်ပေးခြင်း ပေါ့လွန်းသည်ဟုသာ ထင်မြင်ကြပေလိမ့်မည်။

"ကျုပ်က ရုံးတော်အတွက် အသက်နဲ့လဲပြီး အမှုထမ်းပေးခဲ့တယ်။ အခု ကျုပ်ကို အသုံးမဝင်တော့ဘူးဆိုတော့ တစ်ချက်တည်း ကန်ထုတ်ပစ်လိုက်တယ်။ အရှင်မင်းကြီးက စစ်ရေးအကြံပေး ပြောခဲ့သလိုပဲ။ တကယ်ကို ရက်စက်ပြီး ကျေးဇူးတရားကင်းမဲ့တဲ့သူပဲ"

စစ်ရေးအကြံပေးက ပြုံးကာ ပြောလိုက်၏။ "အရှင်မင်းကြီးက ဒီလိုပဲအမြဲတမ်း ရက်စက်လာခဲ့တာပဲလေ။ ဒါပေမဲ့ မြို့စားမင်းကြီးကတော့ ကိုယ့်အတွက်ကိုယ် ပိုပြီးတော့ စဉ်းစားသင့်ပါတယ်။ တကယ်လို့ လူကြီးမင်းကသာ အဆင့်၅ကို အဆောတလျှင် တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် လောကကြီးမှာ ဘယ်နေရာကို သွားလို့မရပဲရှိမှာလဲ။ ဘယ်နေရာမှာ တခြားသူတွေရဲ့ ထိန်းချုပ်တာကို ခံနေစရာလိုမှာလဲ"

"ခင်ဗျား ပြောတာမှန်တယ်"

"မြို့စားမင်း မမေ့ပါနဲ့ ... ကျွန်တော်တို့ ဒီတစ်ခေါက် ရှန့်ကျင်းကို ပြန်လာတာ အစကတည်းက အာဏာလုဖို့ အကျိုးအမြတ်ရဖို့ အတွက်မဟုတ်ပါဘူး။ ဒါက ... မိစ္ဆာတံဆိပ်တုံးအတွက်ပါ"

လျိုကျိုးသည် တဖြည်းဖြည်း ပြေလျော့လာသည့် ကျန်းပေမြို့စား၏ မျက်နှာအမူအရာကို ကြည့်ကာ ပြုံးလိုက်၏။ "မိစ္ဆာတံဆိပ်တုံးကိုသာ ရယူနိုင်မယ်ဆိုရင် မြို့စားမင်းမှာ အဆင့်တက်ဖို့ လုံလောက်တဲ့ အရင်းမြစ်တွေ ရှိလာပါပြီ။ အဲဒီအချိန်ကျရင် စစ်အာဏာဆိုတာ ဘာအရေးပါတော့မှာလဲ"

"မိစ္ဆာတံဆိပ်တုံး ..." ကျန်းပေမြို့စားသည် မျက်လုံးများကို မေးကျဥ်းထားလိုက်၏။ ယန်လိရူ၏ လက်ထဲက မိစ္ဆာ တံဆိပ်တုံးကို အမြန်ဆုံးရယူရန် လိုအပ်နေဟန် တူသည်။

ညီလာခံအတွင်းက ကိစ္စများသည် အမြဲလိုလို မြို့တော်အတွင်းက ပြည်သူများနှင့် သက်ဆိုင်လေ့မရှိပေ။ သို့သော်ငြား ကျန်းပေမြို့စားသည် သူ့သမီးကို လျစ်လျူရှုထားသဖြင့် အရှင်မင်းကြီး၏ အချုပ်အနောင် ခံခဲ့ရသည့်ကိစ္စကိုတော့ မြို့တော်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ မည်သို့ဆို စေ ဒီစစ်နတ်ဘုရား မြို့တော်သို့ ဝင်ရောက်လာချိန်က လူတိုင်းက သွားရောက် နှုတ်ဆက်ကြည့်ရှုကာ နှုတ်ဆက်ကြသေးသည်။ နှစ်ရက်မပြည့်သေးခင်မှာပင် အမှုအခင်း ဖြစ်ပွားသွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။

ကောလဟာလကို ကြားခဲ့ကြသည့် လူအများက သက်ပြင်းချကြသော်ငြား အားချန်ကတော့ အနည်းငယ် အံ့အားသင့်မိတော့သည်။

မနေ့ကမှ ပိုင်ရှိုးမင်ကို ချော့မော့ပြောဆိုခဲ့ပြီး ယနေ့တွင် ကျန်းပေမြို့စားက အကျယ်ချုပ် ကျခံလိုက်ရမည်ဟု သူမသည် ထင်မထားခဲ့မိပေ။ ၃လသာ ဖြစ်သော်ငြားလည်း ကိစ္စအကြီးကြီး တခု ဖြစ်နေသေးသည်။ လူကြီးမင်းပိုင်က အမာမကြိုက်ဘဲ အပျော့ကြိုက်တာပဲ။

အားချန်က စိတ်ထဲတွင် စဉ်းစားထားလိုက်တော့သည်။ နောက်တစ်ခါ ဒုက္ခရှာမိတဲ့အခါ သေချာပေါက် အစွမ်းကုန် ဖုံးကွယ်ထားရမယ်။ ပိုင်ရှိုးမင်ကို သံသယဖြစ်လာအောင် လုံးဝလုပ်လို့ မဖြစ်ဘူး။ ငါ့ကိစ္စအတွက်နဲ့ သူ ခေါင်းမရှုပ် ရအောင်လုပ်ရမယ်။ ဒါကိုပဲ သူ့ကို ကျေးဇူးဆပ်တယ်လို့ သဘောထားလိုက်တော့မယ်။

မနေ့က ကျန်းပေမြို့စား လျော်ကြေးပေးခဲ့သည့် လျန်ငွေ ငါးထောင် လက်ထဲသို့ ရောက်ရှိလာပြီးနောက် အားချန်သည် ဟွေ့ညန်နှင့် တိုင်ပင်ကာ နှစ်ထပ်အိမ်ငယ်လေးကို ဖြိုချပြီး အသစ်ပြန်လည်တည်ဆောက်ရန် ရည်ရွယ်ထားလိုက်သည်။ ဟွေ့ညန်သည် အနောက်ဘက်က ခြံဝင်းကိုပင် သွားရောက်ဝယ်ယူခဲ့ပြီး ထိုအချိန်ကျလျှင်တော့ ခြံဝင်းနှစ်ခုကို ပေါင်းလိုက်မည်ဖြစ်ကာ အစီအစဉ်သစ် များကိုချမှတ်နိုင်ပေမည်။

အိမ်အဟောင်းကို ဖြိုချပြီး အသစ်တစ်လုံး ပြန်လည်တည်ဆောက်မည် ဖြစ်သဖြင့် သူတို့နှစ်ယောက်သည် ဆိုင်ထဲတွင် ဆက်ပြီးနေထိုင်လို့မရတော့ချေ။ ထို့ကြောင့်အားချန်သည် ဟွေ့ညန်ကို ခေါ်ကာ ကျိချန်၏ အမေလက်ဖွဲ့ပစ္စည်းထဲက အိမ်တော်ကြီးတစ်ခုစီသို့ ပြောင်းရွှေ့နေထိုင်လိုက်တော့သည်။

ထိုအိမ်တော်ကြီးသာ ချုံးမင်ဖန်းတွင် တည်ရှိပြီး အရှေ့စျေးနှင့် မဝေးလှချေ။ တည်နေရာအနေအထားက အလွန်ကောင်းမွန်ပြီး ပတ်ဝန်းကျင်တွင်လည်း အရာရှိအရာခံများ၏ အိမ်တော်များသာ ရှိလေသည်။

မနေ့ညကမှ အားချန်နှင့် ဟွေ့ညန်တို့ ပြောင်းရွှေ့လာကြသဖြင့် ပစ္စည်းများကို ဝယ်ယူထားခြင်းမရှိသေးဘဲ အိမ်တော်ထဲတွင် ဒီအတိုင်းတစ်ညတာ အိပ်စက်လိုက်ကြ၏။

ယနေ့မနက်ခင်း စောစောတွင်တော့ အားချန်နှင့် ဟွေ့ညန်တို့သည် လှည်းတစ်စီးကို ငှားရမ်းကာ ဆိုင်ကအသုံးအဆောင် ပစ္စည်းများအားလုံးကို အိမ်တော်သို့ ပြောင်းရွှေ့လာခဲ့ကြပြီးနောက် အရှေ့စျေးသို့သွားပြီး နေ့စဉ်သုံးပစ္စည်းတချို့ကို ဝယ်ယူကြပြန်သည်။

ကျန်းပေမြို့စား၏ ထိုအစွမ်းတစ်ချက်ကြောင့် အိမ်ထဲက ပစ္စည်းအများကြီးမှာ သုံးလို့မရတော့ချေ။ သူတို့သည် အသစ်ဝယ်ယူရန် လိုအပ်လာလေသည်။

အရှေ့စျေးမှ နောက်ဆုံးထွက်ခွာလာချိန်တွင်တော့ သူတို့နောက်တွင် ပစ္စည်းများအပြည့် တင်ဆောင်ထားသည့် လှည်း၂စီး ပါလာခဲ့လေသည်။

သူတို့နှစ်ယောက်သည် ရှေ့ကလျှောက်လာကြပြီး လှည်းဆွဲလာသည့် ကုန်တင်သမားနှစ်ဦးကတော့ နောက်မှအလျင်မလိုဘဲ ဖြည်းဖြည်းမှန်မှန် လိုက်ပါလာကြ၏။

ချုံးမင်ဖန်းထဲသို့ ဝင်ရောက်လာသည်နှင့် ဒီနေရာသည် ချန်းဖိင်ဖန်းနှင့် မတူညီကြောင်းကို သိသိသာသာ ခံစားမိနိုင်လေသည်။ ဒီနေရာကလူများသည် ဝတ်စားဆင်ယင်မှုက ပိုပြီးချမ်းသာကြွယ်ဝ ကြသော်ငြားလည်း လူအများအပေါ် ထားရှိသည့် သဘောထားကတော့ အေးစက်စက်နိုင်လှသည်။

အားချန်ကတော့ ဒီလိုပတ်ဝန်းကျင်မျိုးကို လုံးဝမနှစ်သက် ပေ။ ပထမဦးဆုံးအမြင်ကြောင့်လဲ ဖြစ်နိုင်သည်။ သူမသည် ချန်းဖိင်ဖန်းက ရင်းနှီးဖော်ရွေသည့် အိမ်နီးချင်းများကို ပိုပြီးသဘောကျမိ၏။

နောက်ဆုံးတော့ အိမ်တံခါးဝသို့ ရောက်လာပြီးနောက်တွင် အားချန်သည် တံခါးဖွင့်မည် ပြန်လိုက်စဉ်တွင် အိမ်တော်နှင့် မျက်နှာချင်းဆိုင်က အိမ်တော်ကြီး၏ တံခါးမကြီး ပွင့်လာကာ အစေခံမိန်းကလေးနှင့် အဒေါ်ကြီးတချို့က ပစ္စည်းတစ်ပုံကြီးကို လွှင့်ပစ်လိုက်သည်ကို တွေ့လိုက်ရ၏။

အားချန်သည် ယခု အချိန်တွင်တော့ ပွဲကြည့်ပရိသတ် လုပ်ရခြင်းကို အထူးတလည် နှစ်သက်မိနေသဖြင့် ဒီလိုအခွင့်အရေးမျိုးကို လက်လွတ်ခံမည် မဟုတ်သည်မှာလည်း သေချာသည်။

သူမက ဟွေ့ညန်ကို ကုန်တင်သမားနှစ်ဦးအား အိမ်ထဲသို့ ခေါ်ဆောင်သွားကာ ပစ္စည်းများကို သွားချခိုင်းထားလိုက်ပြီး မိမိကိုယ်တိုင်ကတော့ ပွဲကြည့်ရန် အလျင်အမြန် ရှေ့တိုးသွားတော့သည်။

မျက်နှာချင်းဆိုင်က အိမ်တော်ကြီး အနားသို့ကပ်သွားပြီး တံခါးမကြီးပေါ်က ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည့်အခါမှာ သူမမှာ တစ်ချက် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။

မနေ့ညက သူမသည် ဒီအိမ်သို့လာခဲ့သည်မှာ ဒုတိယအကြိမ် ဖြစ်လေသည်။ ပတ်ဝန်းကျင်က အိမ်တော်များသည် အနည်းဆုံး ခြံဝင်း၃ခု ပါရှိကြကာ အရာရှိအရာခံများ နေထိုင်ကြသည်မှာ သိသာလေသည်။

သို့သော်ငြား သူမနှင့် မျက်နှာချင်းဆိုင်အိမ်သည် စစ်သူကြီးအန်းရှီ အိမ်တော် ဖြစ်လိမ့်မည်ဟုတော့ မသိထားခဲ့ပေ။

အစေခံမိန်းကလေးများသည် ပစ္စည်းများကို ပစ်ထုတ်လိုက်ကြပြီနောက် သူတို့ထဲက တစ်ယောက်ကိုလည်း အတော်ကြီးတစ်ဦးက ချုပ်နှောင်ကာ တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်လေသည်။

တံခါးအပြင်ဘက်သို့ တွန်းထုတ်ခံလိုက်ရသည့် ထိုအရိပ်သည် အနည်းငယ် ရင်းနှီးနေသည်ကို တွေ့လိုက်ရသည်တွင် အားချန်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်မိ၏။

အနားသို့ရောက်သွားပြီးမှ ထိုလူက လင်းစွေ့ ဖြစ်နေသည်ကို တွေ့လိုက်ရတော့၏။

ဒီအချိန်တွင် လင်းစွေ့သည် အလွန်ပင်သနားစဖွယ် ဖြစ်နေလေသည်။ သူမ၏ပါးပြင်လေးမှာ ပြင်းပြင်းထန်ထန် နီရဲယောင်ကိုင်း နေကာ သူမ၏ နှုတ်ခမ်းထောင့်တွင်လည်း သွေးစများ စွန်းထင်းလို့နေသည်။ အကြိမ်ပေါင်းများစွာ ပါးရိုက်ခံထားရဟန်တူ၏။

ထိုအစေခံမလေးများနှင့် အဒေါ်ကြီးများက နောက်သို့ပြန်ဆုတ်သွား ပြီးနောက်တွင်တော့ ချောမောလှပသည့် အမျိုးသမီးကြီးတစ်ဦးသည် လင်းစွေ့နှင့် သက်တူရွယ်တူ မိန်းကလေးတစ်ဦးကို တွဲကာ အပြင်သို့ လျှောက်လာခဲ့လေသည်။

လင်းစွေ့သည် မြေကြီးပေါ်သို့ လှဲကျသွားပြီး ဖြည်းညင်းစွာ ပြန်လည်ထလာလိုက်ပြီးနောက် သူမ၏မျက်လုံးများကလည်း သွေးချင်းချင်း နီရဲနေကာ တံခါးဝနားတွင် ရပ်နေသည့် သားအမိ နှစ်ယောက်ကို စိုက်ကြည့်လို့နေသည်။

စစ်သူကြီးအန်းရှီ၏ဇနီး ယောင်ရှီသည် သူမ၏အကြည့်ကို လျစ်လျူရှုထားပြီး လင်းစွေ့ကို အေးစက်စွာဖြင့် ပြောလိုက်၏။ "ပြီးခဲ့တဲ့၂နှစ်အတွင်း နင့်ကို သေသေချာချာလေး သင်ကြားပြသပေးပြီး နင်ကလည်း တိုးတက်တာတွေ ရှိလာမယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ နင်က ငါ လျစ်လျူရှုထားတာကို အခွင့်ကောင်းယူပြီး တစ်ကြိမ်ပြီးတစ်ကြိမ် အိမ်ထဲမှာမငြိမ်မသက် ဖြစ်အောင်လုပ်နေတာပဲ"

လင်းစွေ့သည် သူမ၏မျက်နှာကို ရိုက်ခဲ့ပြီးမှ ပြောင်းပြန်ပြောဆိုနေသည့် စကားကို ကြားလိုက်ရသောအခါ ရယ်မောမိတော့မတတ်ပင် ဖြစ်သွားပြီး ထွက်လာသည့် စကားလုံးများကလည်း အထူးတလည် ယဉ်ကျေးမနေတော့ချေ။ "ရှင်က ကျွန်မကို စေတနာထားပြီး သွန်သင်ဆုံးမ ပေးတယ်ဟုတ်လား။ ရှ င်ပြောတဲ့ သွန်သင်ဆုံးမတယ် ဆိုတာက ကျွန်မကို လင်းထင်ရဲ့ပစ္စည်းတွေကို မလုဖို့၊ နေရာတကာမှာ သူ့ကိုလျှော့ပေးဖို့၊ အမြဲတမ်း သတိပေးနေတာကို ပြောတာလား။ ဘာလို့လုပ်ရမှာလဲ !"

"သူက နင့်ညီမ ဖြစ်နေလို့လေ။ ညီအစ်မအချင်းချင်း ချစ်ခင်ရမယ်ဆိုတဲ့ ဒီလောက်ရိုးရှင်းတဲ့ အကြောင်းတရားကိုတောင်မှ နင် မသင်ယူနိုင်ဘူးလား" ယောင်ရှီသည် ကြမ်းတမ်းစွာ အော်ငေါက်လေတော့သည်။ "နင် ရွာမှာနေခဲ့တဲ့ ဒီနှစ်အတွင်းမှာ အဲဒီတောသားတွေရဲ့ အမြင်ကျဥ်းပြီး ရိုင်းစိုင်းတာတွေကိုပဲ သင်ယူလာခဲ့တာ။ အရင်တခါတုန်းကလည်း နင်က ထင်အာရဲ့ လက်ထပ်ပွဲကို လုယူသွားခဲ့တာကို ငါက ထပ်ပြီး ပြောမနေချင်တော့ဘူး။ ဒီတစ်ခါ နင်က ဘာထပ်လုပ်ချင်သေးတာလဲ"

"ညီအစ် မဟုတ်လား။ သူက ထိုက်တန်လို့လား။ အမေ မေ့များနေတာလား။ ကျွန်မမှာ ဘာညီအစ်မမှ မရှိဘူး။ အ‌မေ့ရဲ့သမီးကောင်းလေးက အမေရဲ့မိခခင်မိသားစုဆီကနေ ပွေ့ချီပြီး ခေါ်ဆောင်လာခဲ့တာ။ သူက သမီးတစ်ယောက်တော့ ဖြစ်နိုင်ပေမယ့် ကျွန်မရဲ့ညီအစ်မတော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး"

"နင် စိတ်ကြီးဝင်နေတာပဲ !" ယောင်ရှီသည် သူမ၏ရင်ဘတ်ကို ဖိထားလိုက်ပြီး ဒေါသကြောင့် မေ့လဲသွားတော့မည်ဟန် ဖြစ်သွား၏။

သူမဘေးက လင်းထင်က အစေခံမိန်းကလေးကို မြန်မြန်ခေါ်ကာ သူမကို တွဲထားပေးလိုက်လေသည်။ ခဏအကြာမှ ယောင်ရှီသည် တဖြည်းဖြည်း ပြန်လည်သက်သာလာ၏။

လင်းစွေ့က အစေခံများ ဝန်းရံထားကာ ‌သူမသမီး၏ နှစ်သိမ့်ပေးခြင်းကို ခံယူနေသည့် ယောင်ရှီကို ကြည့်လိုက်ပြီး ခြေတစ်လှမ်းမှ ရွေ့မသွားခဲ့ချေ။

ဒီအချိန်တွင် လင်းထင်က ရှေ့တွင် ဝင်ရပ်လိုက်ကာ သူမ၏လေသံထဲတွင်လည်း စွပ်စွဲမှုများအပြည့် ပါနေတော့၏။ "အစ်မ ကျွန်မက အစ်မရဲ့နေရာကို အစားထိုးဝင်ယူလိုက်လို့ မကျေမနပ် ဖြစ်နေတာကို သိပါတယ်။ ဒါပေမယ့် ကျွန်မရဲ့နေရာကို အဖေနဲ့အမေအပြင် အိမ်ကလူကြီးတွေ အားလုံးကလည်း အသိအမှတ် ပြုပြီးသားပဲ။ အစ်မက အသိအမှတ် ပြုတာဖြစ်ဖြစ် မပြုတာဖြစ်ဖြစ် ကျွန်မက လင်းမိသားစုရဲ့သမီးပဲ"

လင်းစွေ့သည် မသိမသာမေးစေ့ကို ချီထားပြီး အင်မတန် ထောင်လွှားနေသည့်ရုပ်ဖြစ်နေသည့် လင်းထင်ကိုကြည့်ပြီး နှုတ်ဆိတ် နေလိုက်တော့သည်။

လွန်ခဲ့သည့်၂နှစ်က သူမသည် လင်းမိသားစုသို့ ပြန်လည်ခေါ်ဆောင်ခြင်းခံ ခဲ့ရသည်နှင့် မိသားစုဝင်များကို တွေ့မြင်လိုစိတ်ဖြင့် အပြည့်အဝ မျှော်လင့်တကြီး ထားခဲ့လေသည်။ သို့သော်ငြား သူမ တွေ့မြင်လိုက်ရသည်မှာ အေးစက်စက်နိုင်လှသည့် အမေဖြစ်သူ နှင့် အမေဖြစ်သူနှင့်သားအမိအရင်းလို ရင်းနှီးနေသည့်လင်းထင်။ ထို့နောက်တွင်တော့ လင်းထင်ကို အလွန်အမင်း ချစ်ခင်ယုယနေသည့် ဒုတိယအစ်ကို လင်းဟန်တို့ပင်။

နောက်ပိုင်းမှ သူမ သိရှိခဲ့ရသည်က အမေဖြစ်သူက သူမကို အိမ်သို့ပြန်ခေါ်ရန် လုံးဝစိတ်ကူးမရှိခဲ့ဘဲ သူမက အရွယ်ရောက်လာသဖြင့် အဖေဖြစ်သူက ဤကိစ္စကို ထုတ်ပြောလာ၍သာ အမေက အလိုမကျဘဲ သဘောတူခဲ့ခြင်း ဖြစ်လေသည်။

အစပိုင်းတွင်တော့ လင်းစွေ့သည် သူမ၏အဖေအပေါ် မျှော်လင့်ချက် အများကြီး ထားရှိခဲ့သော်ငြား ကံဆိုးချင်တော့ အဖေဖြစ်သူ ပြန်ရောက်လာပြီးနောက်တွင် ဘာမှပြောင်းလဲမသွားခဲ့ချေ။

အားလုံးက လင်းထင်ကိုပိုပြီး အလေးပေးကြသည်။ သူမလို သမီးအရင်းကတော့ မရှိလည်းဖြစ်သည် ရှိလည်းဖြစ်သည် ဖြစ်နေသကဲ့သို့ပင်။

သူမသည် နားမလည်နိုင်သလို အလျော့ပေး လိုက်လျောလိုစိတ်လဲ မရှိပေ။

လင်းထင်ကတော့ တစ်ယောက်တည်း ဆက်ပြောလေ၏။ "အစ်မက ကျွန်မရဲ့ စေ့စပ်ထားတဲ့ သတို့သားလောင်းကို သဘောကျတော့ ကျွန်မက အလျော့ပေးလိုက်တယ်။ ဒီနှစ်တွေအတွင်းမှာလည်း ကျွန်မက အစ်မအပေါ် အကြွေးတင်ခဲ့တယ်လို့ပဲ သဘောထားထားတာ။ ဒါပေမဲ့ အစ်မကတော့ ဒီတစ်ခါ တခြားလူတွေနဲ့ ဒုတိယအစ်ကိုရဲ့ ဂုဏ်သိက္ခာကို စွပ်စွဲလာတာကိုတော့ ကျွန်မ လုံးဝသည်းခံမှာ မဟုတ်ဘူး"

"စွပ်စွဲတယ် ဟုတ်လား။ သူက တခြားသူတွေနဲ့ အတူတူ အမဲလိုက်ထွက်ရင် ငါ့မောင်လေးကို သူ့အတွက် လမ်းပြလုပ်ပေးဖို့ အတင်းအကြပ် ခိုင်းစေခဲ့တာ။ အန္တရာယ်နဲ့ တွေ့လာတော့ ငါ့မောင်လေးကို အရင်တွန်းထုတ် လိုက်တယ်လေ။ ငါ့မောင်လေးက ကံကောင်းလို့ ခြေထောက်တစ်ဖက်ပဲ ကျိုးသွားတာ။ မဟုတ်ရင် အခုချိန်သူ အသက်တောင်ရှိတော့မှာ မဟုတ်ဘူး။ ဒီကိစ္စမှာ အစကနေအဆုံးအထိ ငါ သူ့ကို စွပ်စွဲခဲ့တာ ဘာရှိလို့လဲ"

လင်းစွေ့၏ စကားလုံးများသည် မည်သူတစ်ဦးတစ်ယောက်ထံကမှ မျက်နှာသာပေးခြင်းကို မရရှိခဲ့ချေ။ ယောင်ရှီ၏ အမူအရာကတော့ အေးစက်နေပြီး လင်းထင်သည်လည်း ထိုနည်းတူပင်။

"အစ်မမှားနေပြီ။ အစ်မမှာ မောင်လေးမရှိဘူး။ အဲဒီလယ်သမားမိသားစုက အဆင့်အတန်း နိမ့်ကျတယ်။ ကျွန်မတို့ အန်းရှီစစ်သူကြီးအိမ်တော်ကို ဘယ်လိုလုပ်ပြီး ပေါင်းသင်းဆက်ဆံလို့ ရမှာလဲ။ အခုအစ်မက အိမ်တော်ကို ပြန်ရောက်လာပြီးမှတော့ ကိုယ့်ရဲ့အဆင့်အတန်းကို သတိရသင့်တယ်။ အရေးမပါတဲ့ လူတွေအတွက် အမေ့နှလုံးသားကို နာကျင်အောင် မလုပ်သင့်ဘူး"

"နင်တို့ကမှ အရေးမပါတဲ့လူတွေ !"

"လင်းစွေ့ နင့်ပါးစပ် ပိတ်ထားစမ်း ! နင်တကယ်ကို မဆင်ခြင်တတ်တဲ့သူပဲ" ယောင်ရှီသည် စူးရှစွာ အော်ဟစ်လိုက်လေသည်။

"ကျွန်မ မှားသွားလို့လား။ အမေက ကျွန်မကို ဖြောင့်မတ်မှန်ကန်ရပါမယ်လို့ ဆုံးမသွန်သင်ဖို့ ဘယ်ကသတ္တိ ရလာခဲ့တာလဲ။ အမေပြုစုပျိုးထောင်ထားတဲ့ သားက ကျွန်မမောင်လေးရဲ့ လက်ချောင်းတစ်ချောင်းကိုတောင် မမှီဘူး။ အမေက သူ့ကို အောင်မြင်ကျော်ကြား စေချင်နေသေးတာလား။ အိပ်မက် မက်မနေနဲ့"

"တိတ်စမ်း !"

လင်းထင်သည် ကိုယ်ကိုလှည့်ကာ အလျင်အမြန် နှစ်သိမ့်စကား ပြောလိုက်၏။ "အမေအစ်မက အခုအချိန်မှာ နားမလည်နိုင်သေးလို့ပါ။ ကျေးဇူးပြုပြီးတော့ ဒေါသမထွက်ပါနဲ့တော့။ အမေ ဒီလိုဖြစ်နေရင် ကျန်းမာရေး ထိခိုက်နိုင်တယ်။ သမီးက စိတ်ပူလို့ပါ"

လင်းထင်၏စကားသည် မီးလောင်ရာလေပင့်နေသကဲ့သို့ ဖြစ်သွားပြီး ယောင်ရှီကို ပိုလို့ပင်ဒေါသ ထွက်လာစေတော့သည်။ သူမက လင်းစွေ့ကို လက်ညှိုး ငေါက်ငေါက်ထိုးကာ ပြောလေတော့၏။ "နင်က ကျေးဇူးကန်းတဲ့ မျက်ဖြူဝံပုလွေ ဆိုတာ ငါ သိတာပဲ။ နင် အဲဒီမောင်လေးကို အဲ့လောက် လိုချင်နေတယ် ဆိုမှတော့ သူ့ဆီကို သွားလိုက်တော့။ ဘယ်တော့မှ ပြန်မလာနဲ့"

"ကျွန်မကရော ဒီနေရာကို ဂရုစိုက်မယ်လို့များ ထင်နေတာလား !" လင်းစွေ့၏ ပေါက်ကွဲနေသည့် ဒေါသသည် မည်သို့ သည်းခံနိုင်ပါမည်နည်း။ သူမနှင့်အတူ အပြင်သို့ ပစ်ထုတ်ခံလိုက်ရသည့် ခရီးဆောင်အိတ်ကိုပင် တစ်ချက်မှ လှည့်မကြည့်ဘဲ လှည့်ထွက်သွားလေတော့သည်။

ယောင်ရှီသည်လည်း မိမိ၏သမီးအရင်းကိုပင် တစ်ချက်မှ လှည့်မကြည့်တော့ပေ။ သူမက ဒုတိယသမီးကိုခေါ်ကာ အိမ်ထဲသို့ တန်းတန်းမတ်မတ် ဝင်သွားပြီး အ စေခံမိန်းကလေးများကို အိမ်တော်တံခါး ပိတ်ခိုင်းလိုက်ကာ လင်းစွေ့ကို အပြင်ဘက်တွင် ပိတ်ဆို့ထားလိုက်တော့သည်။

လင်းစွေ့သည် ခြေလှမ်းအနည်းငယ် လျှောက်သွားလိုက်ပြီးနောက် ပြန်လှည့်ကြည့်လိုက်သည်တွင် ပိတ်ထားသည့် အနီရင့်ရင့် တံခါးကြီးကိုသာ တွေ့လိုက်ရတော့၏။

"မိန်းကလေးလင်း" လင်းစွေ့သည် စစ်သူကြီးအန်းရှီ အိမ်တော်၏တံခါးမကြီးကို ငေးကြောင်ကြည့်နေသည်ကို မြင်လိုက်ချိန်တွင် အားချန်ကလည်း သူမရှိရာဘက်သို့ ခြေလှမ်းအနည်းငယ် လျှောက်သွားရင်း သူမကို လှမ်းခေါ်လိုက်၏။

လင်းစွေ့က ခေါင်းလှည့်လာပြီး ဤနေရာတွင်အားချန်ကို တွေ့လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားတော့သည်။ "ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ"

အားချန်ကတော့ သူမကို ပြုံးပြလိုက်ကာ "တိုက်တိုက်ဆိုင်ဆိုင်ပဲလေ ကျွန်မဒီကို အခုလေးတင်ပဲ ပြောင်းလာတာ။ မိန်းကလေးလင်းက အထင်မသေးဘူးဆိုရင် ကျွန်မအိမ်မှာ ခဏလောက် လာနားပါလား"

လင်းစွေ့သည် အနည်းငယ် ချီတုံးချတုံ ဖြစ်သွားပြီး သဘောတူရန် ဆန္ဒရှိဟန်မတူချေ။

အားချန်ကလည်း တစ်ဖန်ထပ်ပြီး ပြောလိုက်၏။ "မိန်းကလေးလင်း ကျွန်မနဲ့အတူတူ လိုက်ခဲ့ပါ။ ကျွန်မ ဒီနေ့အိမ်သစ်တက်ပွဲကို ဂုဏ်ပြုပေးတယ်လို့ပဲ သဘောထားလိုက်ပါ။ ကျွန်မတို့ ဟွေ့ညန်ရဲ့ အချက်အပြုတ်လက်ရာက တကယ်ကောင်းတာနော်။ ရှင် သဘောကျမှာပါ"

ထိုသို့ ပြောလိုက်ပြီးနောက် သူမသည် လင်းစွေ့၏ လက်ကိုဆွဲကာ သူမ၏အိမ်ထဲသို့ ခေါ်ဝင်သွားလေတော့သည်။

...

All Chapters