အားချန်သည် မြေခွေးက ကျားရဲ့ အရှိန်အဝါကို ငှားရမ်းခြင်း ဟူသည့်စကားလုံးကို အသုံးချပြလိုက်၏ ... (၁)
Vol. 5 Ch. 47
အားချန်၏အိမ်သည် အလွန်ကြီးမားပြီး သူမနှင့် ဟွေ့ညန်တို့နှစ်ယောက်တည်းသာ နေထိုင်ကြသဖြင့် တခြားခြံဝင်းများကို သော့ခတ်ထားလိုက်ကာ ပင်မခြံဝင်းကိုသာ ဖွင့်ထားလိုက်သည်။
လင်းစွေ့အတွက်တော့ ဒီလိုအစေခံတစ်ယောက်မှမရှိသည့် အိမ်တော်ကြီးအတွင်းသို့ ပထမဦးဆုံးအကြိမ် ဝင်ရောက်ဖူးခြင်းဖြစ်လေသည်။ အိမ်တော်တစ်ခုလုံးသည် ရှင်းလင်းတိတ်ဆိတ် ငြိမ်သက်လွန်းလှသဖြင့် အသံကျယ်ကျယ် စကားပြောလျှင်ပင် ပဲ့တင်သံများထွက်ပေါ်နေ၏။ လင်းစွေ့သာ အားချန်နှင့် ယခင်က တွေ့ဆုံခဲ့ဖူးခြင်းမရှိလျှင် ဒီလိုခြံဝင်းကို မြင်တွေ့ရသည်နှင့် သူမသည် ချက်ချင်း လှည့်ထွက်သွားမိပေလိမ့်မည်။ ဒီနေရာသည် သာမန်လူများ နေထိုင်သည့်နေရာ တစ်ခုနှင့်ပင် မတူတော့ပေ။
အားချန်ကတော့ တစ်ခုခု မှားနေသည်ဟု မထင်ပေ။ သူမသည် လင်းစွေ့ကို ပန်းဆွဲတံခါးမှ ဖြတ်သန်းလာကာ အတွင်းခြံဝင်းဆီသို့ ဦးဆောင်ကာ ခေါ်လာခဲ့၏။ အတွင်းဘက်တွင် လူသံများမရှိသော်ငြားလည်း ခြံဝင်းထဲတွင်တော့ ပစ္စည်းများစွာ စုပုံထားလေသည်။
ခုနတုန်းက စစ်သူကြီးအိမ်တော်က ပွဲကိုကြည့်နေရတာနဲ့ပဲ ဝယ်လာတဲ့ပစ္စည်းကိုတောင်မှ မေ့သွားတယ်။
အားချန်သည် လင်းစွေ့ကို ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်၏။ "ခုနတုန်းက ဟွေ့ညန်နဲ့ အရှေ့ဘက်စျေးကနေ ပြန်လာတာလေ။ ပစ္စည်းတွေ မသိမ်းရသေးလို့ပါ"
အနောက်ဘက်ခြံဝင်းထဲက စားဖိုဆောင်ငယ်လေးတွင် ရှိနေသည့် ချန်ဟွေ့သည် အသံကြားလိုက်သဖြင့် ထွက်လာရာ အားချန်က လူတစ်ယောက်ကို ခေါ်ဝင်လာသည်ကို တွေ့လိုက်ရသည်တွင် အနည်းငယ် အံ့သြသွားတော့သည်။
အားချန်က သူတို့နှစ်ယောက်ကို အပြန်အလှန် မိတ်ဆက်ပေးလိုက်လေသည်။ "ဟွေ့ညန် ဒါက လင်းစွေ့၊ မိန်းကလေးလင်းတဲ့။ အရင်တခါ ဆိုင်ဖျက်ဆီးခံရတုန်းက မိန်းကလေးလင်းက ကျွန်မကို ကူညီပေးခဲ့ဖူးတယ်"
ချန်ဟွေ့သည် လင်းစွေ့ကို ချက်ချင်းမှတ်မိသွားပြီး သူမ၏မျက်နှာထားသည်လည်း အနည်းငယ် နူးညံ့သွားကာ ပြန်နှုတ်ဆက်လိုက်၏။ "မိန်းကလေးလင်း တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မနာမည် ချန်ဟွေ့ပါ။ ရှင်လည်း အားချန်လိုပဲ ကျွန်မကို ဟွေ့ညန်လို့ ခေါ်လို့ရပါတယ်"
"ဟွေ့ညန်" လင်းစွေ့ကလည်း ရှက်ရွံ့မနေချေ။ သူမသည်အရင်တခါက ချန်ဟွေ့၏ ရဲရင့်ပုံကို ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးပြီးသား ဖြစ်ပြီး သူမသည်သိုင်းပညာတတ်ကြောင်း သိရှိထားလေသည်။ သူတို့နှစ်ဦးတည်း ဒီလိုအိမ်တော်ကြီးတွင် နေထိုင်ရဲကြသည်ကလည်း အံ့သြစရာ မဟုတ်တော့ပေ။
ချန်ဟွေ့က အားချန်ကို ပြောလိုက်၏။ "ကျွန်မ ထမင်းသွား ချက်လိုက်ဦးမယ်။ အားချန် ဒီပစ္စည်းတွေကို အိမ်ထဲပြန်သိမ်းထားလိုက်နော်။ အရမ်းလေးတဲ့ဟာတွေကိုတော့ မသယ်ပါနဲ့"
"သိပါပြီ" အားချန်ကလည်း နာနာခံခံ နားထောင်လိုက်ပြီး လင်းစွေ့သည်လည်း ရှေ့သို့တက်လာကာ ကူညီပေးလေသည်။
ချန်ဟွေ့ ပြောခဲ့သည့် ထိုလေးလံသည့် ပစ္စည်းများကိုတော့ လင်းစွေ့ တစ်ယောက်တည်းကသာ အထဲသို့ မ,သယ်ပေးသွားခဲ့သည်။
အားချန်က သူမကို တအံတဩ ကြည့်နေသည်ကို မြင်လိုက်ရသောအခါ လင်းစွေ့ကလည်း ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ "အရင်တုန်းက ကျွန်မအိမ်မှာ ဘာမဆို လုပ်ခဲ့ရတယ်လေ။ ထင်းခွဲတာတောင် လုပ်ဖူးသေးတယ်။ ဒီလောက်အလုပ်ကတော့ ဘာမှမဟုတ်ပါဘူး"
"စစ်သူကြီး အိမ်တော်မှာလား"
"မဟုတ်ပါဘူး။ ကျွန်မအိမ် မှာပါ" လင်းစွေ့က ခဏလောက် တုန့်ဆိုင်းသွားကာ "ကျွန်မက အရင်တုန်းက ရွာဘက်မှာနေတာလေ။ ကျွန်မအဘွားနဲ့ မောင်လေးနဲ့အတူတူပေါ့"
အားချန်သည် လင်းစွေ့နှင့် ပတ်သက်သည့် ထိုကောလဟာလများကို သတိရလိုက်ပြီး စိတ်ထဲတွင် သဘောပေါက်သွားတော့သည်။ သူမကိုယ်တိုင်က အတည်ပြုပေးလိုက်သဖြင့် ထိုကောလဟာလများက အမှန်ဖြစ်နေပုံရသည်။
အားချန်ကလည်း မေးခွန်းများကို သိပ်မမေးတော့ချေ။ နှစ်ယောက်သား ပစ္စည်းများ သိမ်းဆည်းပြီးစီး သွားသောအခါ ချန်ဟွေ့ကလည်း ထမင်းဟင်း အဆင်သင့် ပြင်ပြီးသွားပြီဖြစ်၏။
ဧည့်သည်ရောက်လာသဖြင့် သူမက ဟင်းလျာနှစ်မျိုးကို တမင်ပိုချက်ပြုတ်လိုက်ပြီး အားချန်အတွက် အသားများ နွှင်ထားပြီးသား ကြက်ကင်တစ်ပွဲကိုပါ တည်ခင်းပေးလိုက်သည်။
သုံးယောက်သားသည် ပင်မအဆောင်ထဲတွင် စားပွဲကို ခင်းကျင်းလိုက်ကြပြီး အတူတူထိုင်ကာ စားသောက်လိုက်ကြသည်။
ချန်ဟွေ့၏ လက်ရာက အလွန်ကောင်းမွန်လှ၏။ နှစ်လုတ်လောက် စားပြီးသွားသောအခါ လင်းစွေ့၏ စားသောက်နေသည့် အရှိန်ကလည်း သိသိသာသာ ပိုမြန်လာခဲ့သည်။
၇၀% လောက် ဗိုက်ပြည့်အောင် စားပြီးသွားသည်နှင့် လင်းစွေ့သည် ချန်ဟွေ့က တူကိုပင် သိပ်မလှုပ်ရှားခဲ့သည်ကို သတိထားမိသွားတော့သည်။ သူမက အစပ်အရသာ တိုဖူးကိုသာ နည်းနည်းပါးပါး စားလိုက်ပြီး ကျန်သည့် အစားအသောက်ကတော့ လက်ရာပင်မယွင်းသေးချေ။
အားချန်ကလည်း ဒါကိုကျင့်သားရနေဟန်တူပြီး ဘာမှ တစ်စုံတစ်ရာ မပြောချေ။
လင်းစွေ့သည်လည်း သူမ၏စိတ်ထဲက သံသယများကို ဖိနှိပ်ထားလိုက်ပြီး ထုတ်မမေးလိုက်တော့ချေ။
ထမင်းစားပြီးသွားသောအခါ လင်းစွေ့သည် ပြန်သင့်မပြန်သင့် ချီတုံချတုံ ဖြစ်နေသော်ငြား အားချန်ကတော့ သူမကို ဆွဲထားကာ ချန်ဟွေ့ကို ဆွဲခေါ်လာပြီး ယဲ့စီး ဖဲချပ်များကစားခိုင်းလေသည်။
သုံးယောက်သားက နေ့လယ်တစ်နေ့လယ်ခင်းလုံး ကစားခဲ့ကြပြီး မျက်နှာပေါ်တွင် စက္ကူများ တစ်ပုံကြီး ကပ်ခံထားရကာ ဘယ်သူကမှ အရင်ဆုံး အရှုံးပေးဖို့ရန် ဆန္ဒမရှိကြ ချေ။
မှောင်ရီပျိုးစအချိန်တွင်တော့ လင်းစွေ့သည် နောက်ဆုံးအိမ်ပြန်ဖို့ရန် ထုတ်ပြောလာခဲ့သည်။ သို့သော်ငြား ချန်ဟွေ့ကတော့ ဖျောင်းဖျလိုက်၏။ "မိုးချုပ်နေပါပြီ။ မိန်းကလေးလင်း ဒီမှာပဲတည်းခိုလိုက်ပါလား။ ခြံဝင်းထဲက ဘေးဖက်အဆောင် နှစ်ဆောင်ကိုလည်း ရှင်းပြီးသားပါ။ ကျွန်မတို့တစ်ယောက် တစ်ခန်း နေလို့ရပါတယ်"
လင်းစွေ့သည် မနေနိုင်ဘဲ ချီတုံချတုံဖြစ်သွားပြန်၏။ အမှန်တွင်တော့ သူမတွင်လည်း သွားစရာနေရာမရှိချေ။ ဒီနေရာမှ ထွက်ခွာသွား ပြီးလျှင်လည်း တည်းခိုခန်းတစ်ခုကို ရှာဖွေတည်းခို ရပေမည်။
ဆန့်ကျင်ဘက်အနေဖြင့် နေ့လယ်ခင်းတခင်းလုံး ဒီနေရာတွင် နေထိုင်ခြင်းက သူမကို ရှားရှားပါးပါး တည်ငြိမ်အေးချမ်းမှုကို ရရှိစေခဲ့သည်။
သူမသည် စစ်သူကြီးအိမ်တော်သို့ ပြန်ရောက်လာပြီးကတည်းက တစ်ချိန်လုံး တင်းမာသည့် အခြေအနေ တစ်ခုတည်းတွင် ရောက်ရှိနေကာ ထိုနေရာက လူတိုင်းနှင့်လည်း ရန်ဖြစ်နေရဟန်တူ၏။ ဒီလိုအေးဆေးသက်သာစွာ တစ်နေ့တာ ဖြတ်သန်းရခြင်းမျိုးနှင့် သူမ အလှမ်းဝေးကွာခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။
အားချန်ကတော့ လင်းစွေ့ ပြန်မည့်ကိစ္စကို တမင်တကာ လျစ်လျူရှုထားလိုက်ပြီး ချန်ဟွေ့ကို ပြောလိုက်၏။ "ဟွေ့ညန် ညစာကို ခေါက်ဆွဲစားချင်တယ်။ ပြီးတော့ ဒီနေ့ည ကြက်ကင်ရောပဲ"
"သိပါပြီ ဒါဆိုရင် ကျွန်မအခုပဲ ရှင်တို့အတွက် ခေါက်ဆွဲသွားလုပ်ပေးလိုက်မယ်" ချန်ဟွေ့သည် သူမ၏မျက်နှာပေါ်က စက္ကူစများကိုဆွဲခွာရင်း စိတ်ကြည်လင်စွာဖြင့် ပြန်ဖြေလိုက်၏။
"နောက်ပြီးတော့ သစ်သီးဝိုင်လည်း ရှိသေးတယ်။ ကျွန်မ အရှေ့စျေးကနေ ဝယ်လာခဲ့တာ။ ညဘက်သောက်ရင် အိပ်ပျော်စေတယ်လို့ ဆိုင်ရှင်ကပြောလိုက်တယ်"
ချန်ဟွေ့က ချက်ချင်းဆိုသလို လှမ်းကြည့်လာကာ ပြောလိုက်၏။ "ရှင် သောက်လို့မရဘူး။ မိန်းကလေးလင်း သောက်ဖို့ဆိုရင်တော့ အတော်ပဲ"
အားချန်သည် နာကျင်သွားသည့် ရုပ်ကလေးဖြင့် ပါးစပ်ကို ပိတ်ထားလိုက်တော့သည်။ လင်းစွေ့သည် အားချန်၏ အာရုံလွှဲခံလိုက်ရသဖြင့် ပြန်မည်ဆိုသည့်အကြောင်းကိုပင် ထုတ်မပြောနိုင်တော့ ချေ။
ညဘက်တွင်တော့ အားချန်နှင့် လင်းစွေ့တို့ကသာ ပြင်ဆင်ပေးထားသည့် ခေါက်ဆွဲကို စားလိုက်ကြသည်။ ချန်ဟွေ့ကလည်း လင်းစွေ့အတွက် သစ်သီးဝိုင်တစ်ခွက် လောင်းထည့်ပေးလိုက်၏။ သူမကအရသာ မြည်းစမ်းကြည့်လိုက်သည်တွင် အားချန်ပြောခဲ့သည့်အတိုင်း အလွန်ချိုမြိန်လို့နေသည်။
သူမသည်ယခင်က အရက်သေစာ သောက်စားဖူးခြင်းမရှိ ချေ။ သို့သော်ငြား သစ်သီးဝိုင် နှစ်ခွက်လောက် သောက်သုံးလိုက်သည်နှင့် အနည်းငယ် မူးဝေလာသလို ခံစားလိုက်ရ၏။
နောက်ပိုင်းတွင်တော့ ချန်ဟွေ့က ငဲ့ပေးစရာမလိုတော့ဘဲ လင်းစွေ့က သေရည်အိုးငယ်လေးကို ယူကာ မိမိကိုယ်တိုင်အတွက် နောက်တစ်ခွက်ထပ်ပြီး ငဲ့လိုက်လေသည်။
သူမသည် နောက်ထပ်နှစ်ခွက် သုံးခွက်လောက် ဆက်တိုက်သောက်လိုက်၏။
အားချန်ကတော့ သူမ မနက်ဖြန်နိုးလာလျှင် ခေါင်းကိုက်မှာ စိုးရိမ်သဖြင့် သူမ၏အရက်ခွက်ကို လုယူရန် ကြံရွယ်လိုက်သော်ငြားလည်း ရုတ်တရက် လင်းစွေ့က ငိုကြွေးလာသည်ကို တွေ့လိုက်ရလေသည်။
"ကျွန်မ အိမ်ပြန်ချင်လိုက်တာ" သူမသည် မသဲမကွဲ ပြောလာလေသည်။
အားချန်နှင့် ချန်ဟွေ့တို့က အချင်းချင်း ကြည့်လိုက်ကြပြီး ချန်ဟွေ့က သူမ၏ကျောပြင်လေးကို အသာအယာ ပွတ်ပေးလိုက်ကာ "ဒါဆိုရင်လည်း အိမ်ပြန်ပြီးတော့ တစ်ခါလောက် သွားကြည့်လိုက်ပေါ့"
"ဒါပေမဲ့အဘွားက မရှိတော့ဘူး။ ကျွန်မရဲ့မောင်လေးကလည်း ကျွန်မကို အိမ်ပြန်မလာခိုင်းဘူး။ သူက လင်းဟန်ကြောင့် ခြေထောက်ကျိုးသွားတာ။ နောက်ဆိုရင် တော်ဝင်စာမေးပွဲတောင် ဝင်ဖြေနိုင်မှာ မဟုတ်လောက်တော့ဘူး။ ဒါပေမဲ့သူက ကျွန်မကို သူ့ခြေထောက် မတွေ့ခိုင်းဘူးလေ။ ရှင်တို့ပြောကြည့်စမ်းပါ ... သူ ကျွန်မကို အပြစ်များ တင်နေတာလား" လင်းစွေ့သည် ခေါင်းမော့လာပြီး သူမ၏ မျက်ဝန်းများကလည်း ဝေဝါးလို့နေ၏။
ဒီအချိန်တွင် သူမသည် နေ့ဘက်က ခေါင်းမာထောင်လွှားပြီး မိခင်အရင်းကိုပင် အလျော့မပေးခဲ့သည့် လင်းစွေ့နှင့် လုံးဝကွာခြားနေတော့သည်။
ချန်ဟွေ့က ခပ်တိုးတိုး သက်ပြင်းတစ်ချက်ချလိုက်၏။ "မဖြစ်နိုင်ပါဘူး။ ရှင်နဲ့ရှင့်ရဲ့မောင်လေးက ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာတာပဲလေ။ သူက ဘယ်လိုလုပ်ပြီး ရှင့်ကိုအပြစ်တင်မှာလဲ"
"အင်း" လင်းစွေ့က ခေါင်းငြိမ့်ပြလိုက်ကာ "ရှောင်လော့က ကျွန်မ အပေါ်အကောင်းဆုံးပဲ"
ထိုနောက်တွင်တော့ လင်းစွေ့သည် စကားတချို့ကို မသဲမကွဲ ပြောလိုက်ပြီး ခေါင်းလေးစောင်းကာ အိပ်မောကျသွားလေတော့သည်။
ချန်ဟွေ့က လင်းစွေ့ကို အနောက်ဘက်အဆောင်ထဲတွင် နေရာချထားပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ အရှေ့ဘက်အဆောင်သို့ ပြန်သွားလေသည်။
အားချန်က ပန်းကန်များကို သိမ်းဆည်းပြီး ခြေလက်ဆေးပြီးနောက်တွင် သူမသိပ်မကြာသေးခင်က ဝယ်လာခဲ့သည့် မိစ္ဆာများအကြောင်း ပုံပြင်စာအုပ်တစ်အုပ်ကို ဖတ်လိုက်ပြီးနောက် ဖယောင်းတိုင်မီးမှုတ်ကာ အိပ်စက်လိုက်တော့သည်။
သူမသည် အကြာကြီးတောင် မအိပ်ရသေးဘူး ... ဟု ခံစားမိအချိန်မှာပင် သူမ၏အသိစိတ်သည် ရုတ်တရက် နိုးထလာခဲ့၏။
မျက်လုံးများကို ဖွင့်လာချိန်တွင် မိမိကိုယ်တိုင်သည် လင်းထိန်နေသည့် အခန်းတစ်ခန်းထဲတွင် ရောက်ရှိနေကာ ကျယ်ဝန်းပြီး အနုစိပ်လက်ရာမြောက်လာသည့် သစ်သားကုတင်တစ်လုံးပေါ်တွင် မှောက်လျက် လှဲလျောင်းနေသည်ကို တွေ့လိုက်ရလေသည်။
ငုံ့ကြည့်လိုက်သောအခါ လက်နှစ်ဖက်စလုံးက အမွှေးအမျှင်များ ဖုံးလွှမ်းလို့နေသည်ကို တွေ့လိုက်ရ၏။
သူမသည် နိုးထလာခြင်း မဟုတ်ဘဲ အတွင်းစိတ် နယ်ပယ်ထဲသို့ တစ်ဖန် ဝင်ရောက်သွားသည်ကို နောက်ကျမှ သဘောပေါက် လိုက်တော့သည်။
သူမ၏ဘယ်ဘက် ရှေ့ခြေသည် သန့်ရှင်းနေပြီး ညာဘက်ရှေ့ခြေကိုတော့ အနက်ရောင် သံကြိုးတစ်ချောင်းက ချည်နှောင်ထားဆဲပင်။
သူမသည် ဘယ်ဘက်လက်ဖြင့် ထိုသံကြိုးကို တို့ထိကြည့်လိုက်သောအခါ သံကြိုးသည် တကျွတ်ကျွတ် အသံတစ်ခုထွက်လာပြီးနောက် ရုတ်တရက် ပျက်တောက်သွားခဲ့၏။
သံကြိုးသည် သူမ ယခင်မြင်ခဲ့ဖူးသော်ငြား မမှတ်မိနိုင်သည့် အနက်ရောင် အက္ခရာစာလုံးများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူမကလည်း ရိုးရှင်းသည့် စာလုံးနှစ်လုံးကို အလျင်စလို မှတ်သားထား လိုက်စဉ်မှာပင် ထိုအက္ခရာများက ပျောက်ကွယ်သွားတော့၏။
နောက်ထပ်သံကြိုးတစ်ချောင်း ပြတ်သွားပြန်ပြီ။
အားချန်သည် လက်ဖဝါးနှစ်ခုကို ထပ်ထားလိုက်ပြီး ခေါင်းကို လက်ဖဝါးပေါ်သို့ တင်ထားလိုက်ကာ ကြိုးကြိုးစားစားလေး စဉ်းစားလိုက်လေသည်။
အရင်တစ်ခေါက်တုန်းက ရှောင်လင်းရှီကို ကူညီပေးပြီးတဲ့နောက်မှာ သံကြိုးတွေထဲကတစ်ခု ပြတ်တောက်သွားခဲ့တယ်။ ဒီတစ်ကြိမ်ကျတော့ ဟွေ့ညန်ကို ကူညီခဲ့ပြီးတဲ့နောက်မှာ ဒုတိယသံကြိုးတစ်ချောင်း ထပ်ပြတ်သွားတယ်။
ကြည့်ရတာ တခြားသူတွေကို ဆက်တိုက် ကူညီပေးနေမယ်ဆိုရင် ငါ့ကိုယ်ပေါ်က ဒီသံကြိုးတွေကနေ လွတ်မြောက်နိုင်မယ့် အခွင့်အရေး ရှိတဲ့ပုံပဲ။
သို့သော်ငြား သည်ဇစ်မြစ်မသိရသည့် သံကြိုးများသည် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများက သူမအပေါ် ချည်နှောင်ထားခြင်း မဟုတ်ကြောင်းကိုတော့ တစ်ချိန်တည်းတွင် သေချာသိသွားလေတော့သည်။
သူမက ရှောင်လင်းရှီနှင့် ဟွေ့ညန်တို့ကို ကူညီခဲ့သည့် လုပ်ရပ်များသည် ရှုထောင့်တစ်ခုမှ ကြည့်လျှင် ကောင်းမှုကုသိုလ် ပြုလုပ်နေခြင်း မဟုတ်ကြောင်းကိုတော့ အားချန်တစ်ယောက် ကောင်းကောင်းလေး သိထား၏။ သေသွားသည့် လူတစ်ယောက်ကို ကူညီခြင်းနှင့် သက်ရှိလူတစ်စုကို သေစေခြင်း။ ဘယ်စည်းမျဉ်းစည်းကမ်းကမှ ထိုမျှလောက် ဘက်လှိုင်းမှုရှိလိမ့်မည်မဟုတ်ပေ။
ဒီသံကြိုးများကို လူတစ်ယောက်က ပြုလုပ်ထားသလို ပိုပြီးထင်ရလေသည်။ သို့သော်ငြား ဘယ်သူက သူမ လုံးဝမသိလိုက်သည့် အခြေအနေအောက်တွင် မည်သို့ စီမံထားရစ်ခဲ့ပါသနည်း။
သူမကို ဤသို့ ချည်နှောင်ထားခြင်း၏ ရည်ရွယ်ချက် အစစ်အမှန်က ဘာဖြစ်နိုင်သနည်း။
အားချန်၏စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသော်ငြားလည်း ကံဆိုးချင်တော့ ယခုအချိန်တွင် ဘယ်သူကမှ သူမကို အဖြေမပေးနိုင်ကြပေ။
သူမသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး အသိစိတ်သည် ဒီနေရာမှထွက်ခွာသွားပြီးနောက် အိပ်မက်ကမ္ဘာထဲသို့ ဝင်ရောက်သွားလေတော့သည်။
ဒုတိယနေ့ မနက်ခင်းစောစောတွင် အားချန်သည် အိပ်ချင်မူးတူး အခြေအနေတွင် နားထဲတွင် တစ်ယောက်ယောက်က စကားပြောသံကို ကြားလိုက်ရ၏။
"ကိုယ်ပူနေတယ်။ သမားတော် သွားပင့်ရမယ်"
မနက်ကိုးနာရီ ထိုးတော့မည် ဖြစ်သော်ငြားလည်း အားချန်သည် အိပ်ရာမထသေးချေ။ ချန်ဟွေ့သည် အစတုန်းကတော့ သူမကိုအိပ်ရာထဖို့ရန် လာနိုးသည်ဟု စဉ်းစားလိုက်သော်ငြားလည်း သူမ၏ပါးပြင်များက နီရဲနေကာ သူမ၏ခန္ဓာကိုယ် အပူချိန်ကလည်း သိသိသာသာ မြင့်တက်နေသည်ကို တွေ့လိုက်ရလေသည်။
ဒီအခြေအနေကို မြင်လိုက်သည်တွင် လင်းစွေ့သည် အပြင်ခန်းသို့သွားကာ လက်ကိုင်ပုဝါတစ်ထည်ကို ရေစွတ်လာခဲ့ပြီး ခေါက်လိုက်ပြီးနောက် အားချန်၏နဖူးပေါ်သို့ တင်ထားပေးလိုက်၏။ ထိုနောက်တွင်တော့ သူမက ချန်ဟွေ့ကို ပြောလိုက်သည်။ "ကျွန်မ ဒီနေရာနဲ့ ရင်းနှီးတယ်။ ကျွန်မ သမားတော် သွားခေါ်လိုက်မယ်"
"ကောင်းပြီ"
လင်းစွေ့သည် မြန်မြန်လျှောက်ကာ ထွက်သွားပြီး တံခါးဖွင့်လိုက်သည်နှင့် ချက်ချင်း လူတစ်ယောက်နှင့် ဝင်တိုက်မိတော့မလို ဖြစ်သွားတော့၏။
သူမက လျှောက်နေသည့် ခြေလှမ်းကိုရပ်ကာ မော့ကြည့်လိုက်ချိန်တွင် သူမရှေ့တွင် ရပ်နေသည့်သူမှာ သူမ၏ဖခင်ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
"...အဖေ ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ" လင်းစွေ့သည် လင်းချန်ကို မြင်လိုက်ရသောအခါ အနည်းငယ် တုံ့ဆိုင်းသွားပြီး သူမ၏ အမူအရာကလည်း အနည်းငယ် အေးစက်သွားခဲ့သည်။
သူမသည် အစကတော့ ဒီဖခင်အပေါ် မျှော်လင့်ချက် အနည်းငယ် ထားရှိခဲ့ဖူးလေသည်။ လင်းချန်သည် သူမ၏ မျှော်လင့်ချက်များကို မဖြည့်ဆည်း ပေးနိုင်ခဲ့သော်ငြားလည်း သူကတော့ ဖခင်တစ်ယောက်၏ ချစ်မေတ္တာကို လင်းထင်အပါအဝင် ကလေးများအားလုံးအပေါ် ညီတူညီမျှ ဆက်ဆံပေးလေသည်။
ဒီအချက်က လင်းစွေ့ကို ကိစ္စတစ်ခုအား ရှင်းရှင်းလင်းလင်း သဘောပေါက်သွားစေခဲ့၏။ အကယ်၍ သူမသည် စစ်သူကြီးအိမ်တော်တွင် ဆက်ပြီးနေထိုင်မည်ဆိုလျှင် သူမသည် လင်းထင်နှင့်အတူ နေထိုင်သွားရပေမည်။ သူမ၏ကြိုက်ခြင်း မကြိုက်ခြင်းတို့ကြောင့် ဘယ်သူကမှ လင်းထင်ကို မောင်းထုတ်လိမ့်မည် မဟုတ်ပေ။
သူမကို အတ္တကြီးသည်ဟုခေါ်ခေါ် ရက်စက်သည်ဟုဆိုဆို သူမကတော့ လင်းထင်ကို ကြည့်မရသည်မှာ အမှန်ပင်ဖြစ်ပြီး အလျော့ပေး လိုက်လျောမည်လည်း မဟုတ်ပေ။
လင်းချန်သည် သူ့ရင်ဘတ်လောက်သာ အရပ်အမြင့်ရှိသေးသည့် သမီးဖြစ်သူကို ကြည့်လိုက်ပြီး သူမ၏ မျက်ခုံးများပေါ်က ပြတ်သားမှုနှင့် တစိမ်းဆန်သည့် ခံစားချက်ကို တွေ့လိုက်ရ၏။ သူကနွေးထွေးစွာဖြင့် ပြောလိုက်လေသည်။ "သမီး သမီးနဲ့အမေ ရန်ဖြစ်ကြတယ်လို့ကြားတယ်။ စိတ်ဆိုးနေရင်တောင်မှ တစ်ယောက်တည်း အိမ်ကနေ ထွက်ပြေးတာမျိုး မလုပ်သင့်ဘူးလေ"
လင်းစွေ့ကတော့ နှုတ်ခမ်းကို မဲ့ထားလိုက်၏။ ဒီတော့ သူမအမေရဲ့ ပါးစပ်ထဲမှာတော့ သူမက ကိုယ့်ဟာကို ထွက်ပြေးလာတာ ဖြစ်သွားတာပေါ့။ ဒါနဲ့များ သူက ဘာဖြစ်လို့ အမှန်အတိုင်း မပြောရဲရတာလဲ။
"နှင်ထုတ်ခံလိုက်ရတာနဲ့ ကိုယ့်ဟာကိုယ် ထွက်ပြေးလာတာက ကွာခြားချက်တစ်ခု ရှိသေးတယ်။ အဖေ အဖေလည်းမငယ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် စစ်သူကြီးတစ်ယောက်ပဲ။ တခြားသူတွေ ပြောတာကိုချည်းပဲ နားမထောင်နဲ့ပဲ။ ကိုယ့်ဘာသာကိုယ်လည်း နည်းနည်းလောက်တော့ စဉ်းစားကြည့်ပါဦး"
လင်းချန်သည် ရုတ်တရက် သမီးဖြစ်သူ၏ ဆုံးမခြင်းကို ခံလိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
သူက လမ်းပိတ်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ လင်းစွေ့ကလည်း စိတ်မရှည် လက်မရှည်ဖြင့် သူ့ကိုပြောလိုက်တော့သည်။ "လမ်းဖယ်ပေးပါအုံး။ ကျွန်မရဲ့သူငယ်ချင်း နေမကောင်းဖြစ်နေလို့ သမားတော် သွားပင့်ပေးရမယ်"
လင်းချန်ကတော့ စိတ်မဆိုသည့်အပြင် အနည်းငယ်ပင် အံ့သြသွားသေးသည်။ ဒီကလေးရဲ့ လက်အားက မသေဘူးဘဲ။
လင်းစွေ့က အလျင်စလို သွားဖို့လိုသည်ကို တွေ့လိုက်ရသဖြင့် သူကလည်း သူ့နောက်ကလူကို အမိန့်လှမ်းပေးလိုက်တော့သည်။ "အိမ်က သမားတော်ကို သွားပင့်လာခဲ့"
နောက်က ကိုယ်ရံတော်သည် ခေါင်းကိုလှည့်က မျက်နှာချင်းဆိုင်က စစ်သူကြီးအိမ်တော်ဘက်သို့ ပြေးထွက်သွားတော့သည်။
လင်းစွေ့က ခြေလှမ်းများကို ရပ်တန့်ထားလိုက်ပြီး အနည်းငယ် ချီတုံချတုံဖြင့် ပြောလိုက်ရ၏။ "ကျေးဇူးတင်ပါတယ်"
"အဖေတို့တွေက မိသားစုပဲလေ။ ကျေးဇူးတင်စကား ပြောစရာမလိုပါဘူး"
လင်းစွေ့ကတော့ နှုတ်ခမ်းကိုမဲ့ထားလိုက်ကာ ဘာမှမပြောချေ။ ထိုမိသားစုထဲက ဘယ်သူကမှ မိသားစု၏ အစိတ်အပိုင်းကို သတ်မှတ်ထားသည် မဟုတ်။
သိပ်မကြာမီတွင် အိမ်တော်ကသမားတော် ရောက်ရှိလာခဲ့သည်။ လင်းချန်က တံခါးဝနားတွင် ရပ်နေသဖြင့် လင်းစွေ့သည် စည်းကမ်းကို နားမလည်သူ ဖြစ်သည့်တိုင် မိမိ၏အဖေကို အပြင်ဘက်တွင်ပစ်ထားပြီး ကိုယ်တိုင်က သမားတော်ကို အထဲသို့ခေါ်ဝင်သွားဖို့တော့ မဖြစ်နိုင်ပေ။
ခဏလောက် ချီတုံချတုံ ဖြစ်သွားပြီးမှ သူမက ပြောလိုက်၏။ "ဝင်ခဲ့ပါ။ ဒါပေမဲ့ ကျွန်မရဲ့သူငယ်ချင်းက မိန်းကလေးမလို့ အဖေနဲ့တွေ့ဖို့ အဆင်မပြေလောက်ဘူး"
လင်းချန်က ပြုံးပြီးဘာမှမပြောဘဲ လင်းစွေ့နောက်မှလိုက်လာကာ အိမ်ထဲသို့ ဝင်လာလေသည်။
ချန်ဟွေ့သည် အသံကြားလိုက်ရသဖြင့် ထွက်လာခဲ့၏။ လင်းစွေ့၏ ဘေးတွင်ဆေးသေတာလွယ်ထားသည့် သမားတော် တစ်ဦးအပြင် သူမကိုအလွန်အမင်း အန္တရာယ်ရှိသည်ဟု ခံစားရစေသည့် ယောက်ျားတဦးပါ ပါလာသည်ကို တွေ့လိုက်ရ၏။ ဒီလူ၏ ကျင့်ကြံရေး အဆင့်ကတော့ နိမ့်လှမည်မဟုတ်ပေ။
လင်းစွေ့သည် ချန်ဟွေ့ကို မြင်လိုက်ရသောအခါ ရှေ့ကိုအလောတကြီး ပြေးလာပြီး ပြောလိုက်၏။ "ဟွေ့ညန် သမားတော်ကို အားချန်ကို မြန်မြန်ကြည့်ခိုင်းလိုက်ပါ"
"ကောင်းပြီ" ချန်ဟွေ့ ကလည်း ပြန်ဖြေလိုက်ပြီးနောက် လင်းစွေ့၏ နောက်ကလူကို လှမ်းကြည့်လိုက် လေသည်။ "သူကဘယ်သူလဲ"
"ကျွန်မအဖေပါ"
လင်းချန်၏ အကြည့်များသည် လင်းစွေ့ကို ကျော်လွန်ကာ ချန်ဟွေ့၏ နဖူးပေါ်က အမှတ်အသားတံဆိပ်ကို တစ်ချက်တည်းနှင့် တွေ့မြင်သွားလေသည်။ သူသည်မျက်စိရှေ့က သက်ရှိလူနှင့် မခြားနားသည့် ဒီအမျိုးသမီးသည် မည်သို့သော အရာဖြစ်သည်ကို ချက်ချင်းသိရှိ လိုက်လေသည်။
နန်းတော်ထဲတွင် မကြာသေးခင်က အကြီးမားဆုံး ဟာသမှာ ကျန်းပေမြို့စားက ဖုတ်ကောင်တစ်ကောင်ကြောင့် ပိုင်ရှိုးမင်ကို အမျက်ထွက်စေခဲ့ပြီးနောက် ပိုင်ရှိုးမင်၏ တိုင်တန်းစာ တင်သွင်းခြင်းကို ခံခဲ့ရကာ လက်ထဲသို့ ရောက်ရှိလာပြီးသား စစ်ရေးအကျိုးဆောင် မှုများသည်လည်း ဒီအတိုင်း လွင့်ပျံသွားခဲ့ခြင်း ဟူ၍။
တိုက်တိုက်ဆိုင်ဆိုင် ဒီသက်ရှိဖုတ်ကောင်က သူ့မျက်နှာချင်းဆိုင်အိမ်တွင် နေထိုင်နေလိမ့်မည်ဟုတော့ ဒီအတိုင်း မျှော်လင့်မထားမိချေ။
"စစ်သူကြီးလင်း" ချန်ဟွေ့က သူ့ကိုအနည်းငယ် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ကိုယ်ကိုလှည့်ကာ သမားတော်ကို ပင်မခန်းထဲသို့ ခေါ်သွားလေတော့သည်။
သမားတော်သည် အားချန်၏ သွေးခုန်နှုန်းကိုစစ်ဆေးပြီးနောက် စိတ်အေးသွားဟန်တူ၏။ "ဒီမိန်းကလေးက ဒီအတိုင်း အအေးမိသွားတာပါ။ နဖူးပေါ်က အပူချိန်ကလည်း သိပ်မမြင့်ပါဘူး။ ဆေးနှစ်ဖုံလောက် သောက်ပြီးသွားရင်တော့ သက်သာသွားမှာပါ။ နှစ်ရက်လောက် အနားယူလိုက်ရင်ရပါပြီ"
"ဒါဆိုရင် သမားတော်က ဆေးညွှန်းရေးပေးပါဦး" ချန်ဟွေ့သည် သမားတော်၏ စကားကို ကြားလိုက်ရပြီးနောက်မှ စိတ်အေးသွားလေတော့သည်။
အားချန်၏ ခန္ဓာကိုယ်သည် အမြဲတမ်း အားနည်းချည့်နဲ့ နေသော်ငြားလည်း ကံအားလျော်စွာ ဒီနေ့တွင်တော့ သူမသည် အပြင်းအထန် ဖျားနာခြင်း မဟုတ်ခဲ့ပေ။
သမားတော်က စစ်ဆေးကြည့်ရှု ပြီးနောက်တွင် ချန်ဟွေ့သည် ထိုလူက စစ်သူကြီးအိမ်တော်မှ သမားတော်ဖြစ်ကြောင်းကို သိလိုက်ရ၏။ သမားတော်ကို လိုက်ပါပို့ဆောင် ပြီးနောက်တွင် သူမသည် လင်းချန်ကိုလည်း ကျေးဇူးတင်စကား ပြောလိုက်လေသည်။
"စစ်သူကြီးလင်းကို ကျေးဇူးတင်ပါတယ်။ အိမ်တော်ရဲ့ သမားတော်ကို လွှတ်ပြီးတော့ အကူအညီ ပေးခဲ့တဲ့အတွက်ပါ"
"အားမနာပါနဲ့" လင်းချန်သည် စစ်မြေပြင်သို့ ထွက်ခဲ့ဖူးသူပီသစွာ ချန်ဟွေ့၏ နောက်ခံ အကြောင်းအရင်းကို သိရှိနေသော်ငြားလည်း ပုံမှန်အတိုင်းပင် သူမနှင့် တည်တည်ငြိမ်ငြိမ် စကားပြောဆိုနိုင်ဆဲပင်။
"မနေ့က ကျွန်တော်သမီးကို လက်ခံထားပေးလို့ ကျေးဇူးတင်ပါတယ်"
ချန်ဟွေ့ကလည်း ပြုံးပြလိုက်၏။ "စစ်သူကြီးလင်းက လေးနက်လွန်းနေပါပြီ။ မိန်းကလေးလင်းက မနေ့တုန်းက ကျွန်မတို့အိမ်ကို ဧည့်သည်အနေနဲ့ ဖိတ်ကြားခံခဲ့ရတာပါ"
ပြောရင်းဆိုရင်း သူမသည် လင်းစွေ့ကို တစ်ချက်ကြည့်လိုက်ကာ လင်းစွေ့ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ "ဟုတ်ပါတယ်"
.
သူမပြောလာသည့် စကားကို ကြားလိုက်ရချိန်တွင် လင်းချန်သည် အနည်းငယ် စိတ်သက်သာရာ ရသွားတော့သည်။ ဒီသမီးဖြစ်သူသည် အမြဲတမ်း အထီးကျန်နေခဲ့သည်ကို သူသည် သိရှိထားခဲ့ပြီး ယခုအချိန်တွင်တော့ သူမတွင် မိတ်ဆွေသူငယ်ချင်းများ ရလာသဖြင့် ဒါသည်လည်း ကောင်းသည့်ကိစ္စတစ်ခုပင်။ ဒီသူငယ်ချင်းလေး၏ နောက်ခံအကြောင်းအရင်းတွင် ပြဿနာ အနည်းငယ် ရှိသော်ငြားလည်း သူသည် ထိုကိစ္စကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မပြုခဲ့ပေ။
ထိုနောက်တွင်တော့ သူသည် လင်းစွေ့ကို ပြောလိုက်၏။ "စွေ့စွေ့ မနေ့တုန်းက ကောင်းလော့ ဆိုတဲ့ကလေး ဒဏ်ရာရသွားတယ်လို့ ကြားတယ်။ အဖေ ငွေတွေနဲ့ သမားတော်ကိုပါ လိုက်ပါသွားဖို့ လွှတ်လိုက်ပြီးပြီ။ မစိုးရိမ်နဲ့တော့နော်"
သူ့စကားကို ကြားလိုက်ရပြီး နောက်တွင် လင်းစွေ့သည် ပျော်ရွှင်သွားသည်ဟု မခံစားခဲ့ရချေ။ သူသည် လျော်ကြေးပေးမည့် နည်းလမ်းကိုသာ ပြောဆိုခဲ့ပြီး သူမ၏မောင်ဖြစ်သူကို ဒုက္ခပေးခဲ့သည့် လင်းဟန်အကြောင်းကိုတော့ တစ်ခွန်းမှ ထည့်သွင်းပြောဆိုခဲ့ခြင်း မရှိခဲ့ချေ။
"သိပါပြီ" လင်းစွေ့၏ လေသံက ပိုပြီးအေးစက်သွားခဲ့သည်။
လင်းချန်ကတော့ အလွန်စိတ်ရှည်နေဆဲပင်။ "ဒီနေ့သမီးရဲ့ အစ်ကိုအကြီးဆုံးလည်း ပြန်ရောက်လာပြီ။ မိသားစုဝင်တွေအားလုံး စုစည်းကြမှာ။ သမီးလည်း အိမ်ပြန်လာသင့်ပြီ ..."
လင်းစွေ့က သူ့ကိုဖြတ်ပြောလိုက်၏။ "ပြန်မလာတော့ဘူး။ အားချန်က နေမကောင်းလို့ ကျွန်မစိတ်မချဘူး။ ဒီမှာပဲနေချင်သေးတယ်"
လင်းချန် ဘာပြောချင်နေသည်ကို သူမက သိသော်ငြားလည်း သူမသည် သူတို့မိသားစု ပြန်လည်ဆုံစည်းသည်ကို အမှန်ပင် မမြင်လိုချေ။
လင်းချန်က အနည်းငယ် မျက်မှောင်ကြုတ် သွားပြီးနောက် ချန်ဟွေ့က ပြောလာခဲ့သည်။ "တကယ်လို့ စစ်သူကြီးလင်းက စိတ်မရှိဘူးဆိုရင် မိန်းကလေးလင်းကို ကျွန်မတို့အိမ်မှာပဲ ရက်အနည်းငယ်လောက် နေခိုင်းထားလိုက်ပါ။ မဟုတ်ရင် သူပြန်သွားရင်တောင်မှ စိတ်ချမှာ မဟုတ်လောက်ဘူး"
အိမ်ထဲသို့ ဝင်မလာခင် သမီးဖြစ်သူ၏စကားကို ပြန်စဉ်းစားလိုက်ပြီးနောက် လင်းချန်ကလည်း နောက်ဆုံးတော့ သဘောတူ လိုက်တော့သည်။
ဒီလိုနှင့် လင်းစွေ့သည် အားချန်၏ အိမ်တွင် ရက်အနည်းငယ် နေထိုင်လိုက်လေသည်။ ထိုကာလအတွင်းတွင် လင်းချန်သည် တစ်ကြိမ် ထပ်မံ ရောက်ရှိလာပြီး သူမကို အိမ်တော်သို့ ပြန်ခေါ်သွားခဲ့၏။ စစ်သူကြီး အိမ်တော်တွင် နှစ်ရက်လောက် နေထိုင်ပြီးနောက်တွင် သူမသည် တစ်ဖန် ပြေးထွက်လာပြန်သည်။
အားချန်သည်လည်း လင်းစွေ့ နှင့် သူ့အမေတို့ကြားက ဆက်ဆံရေး မကောင်းမွန်သည်ကို သိထားသော်ငြား ဘာမှတော့ မမေးလိုက်ချေ။
ဒီနေ့တွင်တော့ ရာသီဥတုက သာယာလို့နေ၏။ သူတို့သုံးယောက်သည် မြင်းဈေးသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြသည်။ တံခါးကို ဖွင့်လိုက်သောအခါ မျက်နှာချင်းဆိုင် စစ်သူကြီးအိမ်တော် တံခါးအရှေ့တွင် ရပ်ထားသည့် မြင်းလှည်းနှစ်စီးကို တွေ့လိုက်ရ၏။ မိန်းကလေးအစေခံများနှင့် အဒေါ်ကြီးများက ယောင်ရှီနှင့် လင်းထင်တို့ကို အတူတူတွဲ ပို့ပေးလိုက်ကြပြီး လင်းဟန်ကတော့ မြင်းပေါ်တွင် စီးနှင်းလျက်ရှိသည်။ သူတို့သည် အပြင်ထွက်ရန် စီစဉ်နေကြဟန်တူ၏။
လင်းစွေ့ ထွက်လာသည်ကို မြင်လိုက်ရသောအခါ လင်းထင်သည် ရုတ်တရက် ရပ်လိုက်ပြီး မြင်းလှည်းကိုပတ်ကာ သူတို့ဆီသို့ လျှောက်လာခဲ့လေသည်။
လင်းစွေ့က သူမကို မြင်လိုက်ရချိန်တွင် ဆူးများထောင်တက်နေသည့် ဖြူကောင်တစ်ကောင်လေးလို ဖြစ်သွားကာ အလွန်စူးရှနေသဖြင့် သူမအနားသို့ ကပ်လာဖို့ရန်ပင် ခက်ခဲနေသည့် ပုံလေးပင်။
လင်းထင်သည် သူမနှင့် ခြေလှမ်းအနည်းငယ် အကွာတွင်ရပ်လိုက်ပြီး သူမကိုပြုံးပြလာ၏။ "အစ်မ အပြင်ထွက်ပြီး စိတ်အပန်းဖြေမလို့လား"
"နင်နဲ့ဘာဆိုင်လို့လဲ"
"ကျွန်မနဲ့တော့ ဘာမှမဆိုင်ပါဘူး။ အစ်မကို တစ်ခုပြောပြမလို့ပါ။ အမေက ဖူနဉ်မင်းသမီးရဲ့ ဖိတ်စာကိုလက်ခံရရှိထားလို့ ကျွန်မနဲ့ဒုတိယအစ်ကိုကို ကြာပန်းဥယျာဉ်ကို ကြာပန်းသွားကြည့်ဖို့ ခေါ်သွားမလို့လေ။ ဒီရက်ပိုင်းအတွင်း အစ်မအိမ်တော်ကို ပြန်မလာတာ ပို ကောင်းမယ်။ မဟုတ်ရင်လည်း အစ်မအတွက် စားစရာ ချက်ပြုတ်ပေးမယ့်သူ မရှိလောက်ဘူး"
လင်းစွေ့သည် အစကတည်းက ပန်းများကို ရှုစားခြင်းကို စိတ်မဝင်စားလှပေ။ လင်းထင်၏ စကားလုံးများကလည်း သူမကို နည်းနည်းလေးမှ လှုပ်ရှားအောင် မပြုလုပ်နိုင် ပေ။
သို့သော်ငြား လင်းထင်သည် ဒီလောက်နှင့် ရပ်တန့်ဖို့ရန်ဆန္ဒမရှိဘဲ တမင်တကာ ထပ်ပြီးပြောလာ၏။ "ဪ ဟုတ်သားပဲ။ ဖူနဉ်မင်းသမီးက အမေ့ကို အထူးတလည် မှာလိုက်သေးတယ်။ ကျင့်ဝတ် စည်းကမ်းတွေမသိတဲ့ နင့်လိုလူမျိုးကို သူ့ဥယျာဉ်ကို လုံးဝခေါ်မလာပါနဲ့တဲ့လေ"
လင်းစွေ့၏ မျက်နှာမှာ ညိုမည်းသွားတော့သည်။ ပြီးခဲ့သည့် တစ်ခေါက်က လင်းထင်နှင့်သူမတို့ မင်းသမီးကြီး၏ စားသောက်ပွဲတွင် ရန်ဖြစ်ခဲ့ကြပြီး သူမက လင်းစွေ့သည် သူမ၏ စေ့စပ် ထားသည့်သူကို လုယူခဲ့သည်ဟု ပြောဆိုခဲ့သဖြင့် မင်းသမီးကြီးမှာ တော်တော်လေးကို မကျေမနပ် ဖြစ်ခဲ့ရသည်။
ကြည့်ရတာ သူ့အမေက တစ်ခုခုပြောလိုက်ပြီး အပြစ်တွေ အားလုံးကိုလည်း သူမအပေါ် ပုံချလိုက်တဲ့ပုံပဲ။ လင်းထင်ကတော့ ဒီလိုနဲ့အလွယ်တကူ လွတ်မြောက်သွားခဲ့တာပေါ့။
"ကိုယ့်အစ်မ အရင်းကိုတောင် ဒီလိုစကားမျိုး ပြောထွက်တယ်ဆိုတော့ ... လင်းမိသားစုရဲ့ ဒုတိယသမီးကလည်း သိပ်ပြီးတော့ စည်းကမ်းရှိလှတယ်လို့ မဆိုနိုင်ပါဘူး" ချန်ဟွေ့ကတော့ ဘေးမှနေပြီး ပေါ့ပေါ့ပါးပါး တစ်ခွန်းဝင်ပြောလိုက်ပြီးနောက် လင်းစွေ့ဘက်သို့လှည့်ကာ ပြောလိုက်တော့သည်။ "မိန်းကလေးလင်း ကျွန်မတို့မြင်း သွားကြည့်ရဦးမယ်။ အချိန်မဖြုန်းနဲ့တော့"
"ကောင်းပြီလေ" လင်းစွေ့က လင်းထင်ကို လျစ်လျူရှုထားလိုက်ကာ အားချန်နှင့် တခြားသူများနှင့်အတူ ထွက်သွားလေတော့သည်။
လင်းထင်သည် လင်းစွေ့၏ ကျောပြင်ကိုကြည့်ရင်း သူမ၏အမူအရာသည် တဖြည်းဖြည်း ညိုမည်းသွားလေတော့သည်။
သူ့ကို တွေ့ကြဖူးတဲ့သူ အားလုံးက အမြဲတမ်း နှစ်သက် သဘောကျကြတာ။ ဒါပေမဲ့ လင်းစွေ့နဲ့ သူ့ဘေးကလူတွေကပဲ သူမကို ကြည့်မရကြတာ။ သူမကလည်း ဒီလိုချွင်းချက်မျိုးကိုမှ အရမ်းမုန်းတီးတာပဲ။
မြင်းဈေးသို့ သွားရာလမ်းတွင် အားချန်သည် ရုတ်တရက် အတွေးတစ်ခုရလာခဲ့၏။ "ကျွန်မတို့တွေ မြင်းလှည်းတစ်စီးပဲ ဝယ်လိုက်ကြရင် ကောင်းမယ်။ သူတို့က ကြာပန်းဥယျာဉ်ကို ပန်းကြည့်ဖို့သွားကြတယ်။ ကျွန်မလည်း တိုက်တိုက်ဆိုင်ဆိုင်ပဲ ကြာပန်းဥယျာဉ်နားမှာ စိုက်ခင်းအိမ် တစ်လုံးရှိတယ်။ အဲဒီနားမှာလည်း ကြာကန်ရှိတယ်။ ကျွန်မတို့လည်း ပန်းသွားကြည့်ကြတာပေါ့"
လင်းစွေ့မှာ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် "ဒီလောက်တောင် ပေါ့ပေါ့ပါးပါးပဲလား" ဟု စဉ်းစားမိတော့သည်။
ချန်ဟွေ့ကလည်း ပြုံးကာပြောလာ၏။ "ဒါဆိုလည်း အဆင်ပြေတာပဲ။ ဘာပဲဖြစ်ဖြစ်လေ အခုတလော လုပ်စရာဘာမှမရှိတာ။ အဲဒီစိုက်ခင်းကအိမ်ကို အရင်ကတစ်ခါမှ မဖြစ်သွားဖူးသေးဘူး။ သွားကြည့်သင့်နေပြီ"
ထိုနောက်တွင်တော့ သူမသည် လင်းစွေ့ဘက်သို့ လှည့်လိုက်ကာ "မိန်းကလေးလင်းလည်း ဒီအခွင့်အရေးမှာ မြို့ပြင်က မောင်လေးကို သွားတွေ့လို့ ရတာပေါ့။ အဲဒီစိုက်ခင်းအိမ်က ရှင့်မောင်လေး နေတဲ့ရွာနဲ့လည်း သိပ်မဝေးဘူး ထင်တယ်"
သူမ ပြောလာသည့် စကားကို ကြားလိုက်ရသည်တွင် လင်းစွေ့သည် စိတ်ယိုင်သွား လေတော့သည်။ "ဒါဆိုရင်လည်း ကောင်းပြီလေ"
သို့နှင့် အားချန်သည် မြင်းတစ်ကောင်နှင့် မြင်းလှည်းတစ်စီးကို ဝယ်ယူလိုက်၏။ သုံးယောက်သားသည် လမ်းတွင် စားစရာအများကြီးကို ဝယ်ယူခဲ့ကြကာ မြို့ပြင်ဘက်တွင်ရှိသည့် စိုက်ခင်းအိမ်တော်သို့ ချက်ချင်းဦးတည် သွားကြလေတော့သည်။
သူတို့သည် မြို့ပြင်သို့ ရောက်နေပြီ ဖြစ်သော်ငြားလည်း လင်းစွေ့ကတော့ ဒီခရီးက တော်တော်လေး ပေါ့ပါးလွန်းသည်ဟု ခံစားနေရဆဲပင်။ သို့သော်ငြား အားချန်နှင့် ဟွေ့ညန်တို့ကတော့ ဒီကိစ္စကိုကြီကြီးမားမားဟု ထင်မြင်ကြသယောင်မရှိချေ။
ယနေ့တွင် မြို့ပြင်သို့ ကြာပန်းကြည့်ရန် ဖိတ်ကြားခံရသည့် မိသားစုများကလည်း များပြားလှဟန်တူသည်။ မကြာခဏဆိုသလို လမ်းမကြီးပေါ်တွင် ဂုဏ်သရေရှိ လူကြီးမင်းများ သို့မဟုတ် အဆင့်မြင့် အရာရှိကြီးများ၏ မြင်းလှည်းများက ဖြတ်သန်းသွားကြ၏။ အားချန်တို့အုပ်စုကတော့ အလျင်မလိုကြဘဲ လမ်းဘေးက လက်ဖက်ရည်ဆိုင် ငယ်လေးတစ်ဆိုင်ကို တွေ့သောအခါ လှည်းကိုရပ်ပြီး လက်ဖက်ရည်ပင် သောက်လိုက်ကြ သေးသည်။
ဒီလက်ဖက်ရည် တဲလေးသည် လမ်းဘေးတွင် ဆောက်လုပ်ထားခြင်းဖြစ်၏။ အထဲဘက်တွင်တော့ ကုန်သည်နှစ်ယောက်အပြင် အနည်းငယ် နေလောင်ခံထားရသည့် ဖြတ်သွားဖြတ်လာ ရွာသားတချို့ ထိုင်နေကြသည်။
ရွာသားများထဲက တစ်ယောက်က လင်းစွေ့က မြင်းလှည်းပေါ်က ဆင်းလာသည်ကို မြင်လိုက်ရသောအခါ သူ့မျက်လုံးများက ရုတ်တရက် လင်းလက်သွားပြီး အသံအကျယ်ကြီး အော်ပြောလာခဲ့သည်။ "ဒါက ကောင်းမိသားစုက ရှောင်စွေ့ မဟုတ်လား"
လင်းစွေ့က လှမ်းကြည့်လိုက်ကာ သူမ၏ အမူအရာသည်လည်း အများကြီး နူးညံ့ပျော့ပြောင်းသွားပြီး သူမက ထိုလူများကို နှုတ်ဆက်လိုက်၏။ "ဦးလေးဖုကွေ့၊ ဒေါ်ဒေါ်ဖုကွေ့၊ အဘွားဝမ်စန်း"
ဒီလူများသည် သူမတစ်ချိန်က နေထိုင်ခဲ့သည့် ရွာကရွာသားများ ဖြစ်ကြသည်။ သူတို့အားလုံးသည် သူမ ကြီးပြင်း လာသည်ကို စောင့်ကြည့်ခဲ့ကြသည့် လူကြီးများလည်း ဖြစ်ကြ၏။ သူတို့အားလုံးသည် သူမအဘွား သက်တမ်းတလျှောက်တွင် ကောင်းမွန်သည့်ဆက်ဆံရေး ရှိကြသူများလည်းဖြစ်သည်။
"အို တကယ်ပဲ ရှောင်စွေ့လေးပဲ။ မတွေ့ရတာ ၂နှစ်ရှိသွားပြီနော်။ ရှောင်လော့ဆီက ကြားတာတော့ မင်းလည်း ကိုယ့်အိမ်ကိုယ် ပြန်သွားပြီဆို။ အခုတလော အဆင်ပြေရဲ့လား"
"အားလုံး အဆင်ပြေပါတယ်" လင်းစွေ့၏ အသံသည် အနည်းငယ် တိုးညှင်းသွား၏။ "ရှောင်လော့ ခြေထောက်ဒဏ်ရာ ရသွားတယ်လို့ ကြားလို့ပါ။ သူ အဆင်ပြေရဲ့လား"
"ပြေပါတယ် ပြေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတောင် သမားတော်တစ်ယောက်က သူ့ကိုလာကြည့်သွားသေးတယ်။ သေချာဂရုစိုက်ပြီး အနားယူရင် နောက်ဆိုရင် လမ်းလျှောက်တာ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူးတဲ့။ မိန်းမ ယူဖို့တော့ လုံးဝပြဿနာမရှိဘူး" ဦးလေးဖုကွေ့က တဟားဟား ရယ်မောရင်း ပြောဆိုလာသည်။
လင်းစွေ့ကတော့ မပြုံးနိုင်ချေ။ သူ့မောင်လေး လိုချင်သည့် အရာမှာ ဇနီးတစ်ယောက်မဟုတ်မှန်း သူမက သိလေသည်။
ဒီလူများက လင်းစွေ့နှင့် သိကျွမ်းကြသူများ ဖြစ်နေသဖြင့် အားချန်ကလည်း လက်ဖက်ရည်နှစ်အိုးနှင့် မုန့်နှစ်ပန်းကန်ကို ထပ်မံယူလိုက်ပြီး သူတို့နှင့်ထိုင်ကာ စကားစမြည် ပြောဆိုလိုက်ကြသည်။
လင်းစွေ့ မောင်လေး ခြေထောက်ကျိုးသွားသည့် ကိစ္စနဲ့ ပတ်သက်ပြီး ပြောလာသည်တွင် အဘွားဝမ်ဖန်းသည် သူမ၏အသံလေးကို လျော့ထားလိုက်ကာ ပြောလိုက်၏။ "ရှောင်လော့က တော်တော်လေး ကံကောင်းသွားတာ။ ရှန်းကျွင်း(ကျား)နဲ့ တွေ့ပြီး ခြေထောက်ပဲ ကျိုးသွားတာ။ အသက်တော့ ချမ်းသာရာ ရသွားတယ်။ ငါကြားတာတော့ ဘေးရွာက လူတစ်ယောက် တောင်ပေါ်တက်သွားပြီး ပြန်မဆင်းလာတော့ဘူးတဲ့"
ဒေါ်ဒေါ်ဖုကွေ့သည် အားချန်က မျက်လုံးများ ပြူးကျယ်ကာ စိတ်ဝင်တစား နားထောင်နေသည်ကို မြင်လိုက်ရသဖြင့် မထိန်းနိုင်တော့ပဲ ရယ်မောတော့သည်။ "အဘွားပြောတာကလည်း အရမ်းကို လျှို့ဝှက်ဆန်းကြယ် လွန်းနေပြန်ပါပြီ။ အဲဒီရှန်းကျွင်း ဆိုတာကို မြို့တော်ကလာတဲ့ လူကြီးမင်းက သတ်ပြီးသွားပြီပဲ။ ကျွန်မပြောရရင်တော့ ဘေးရွာက ဟယ်လောင်ဆန်းဆိုတဲ့သူက လောင်းကစားကြွေးတွေ တင်နေလို့ တောင်ထဲကို ပြေးပုန်းနေတာ နေမှာပါ"
အဘွားဝမ်ဖန်းကတော့ ထိုစကားကို လက်မခံဘဲ ပြောလာလေသည်။ "တောင်ပေါ်မှာ ရှန်းကျွင်း တစ်ကောင်ပဲရှိတယ်လို့ နင့်ကိုဘယ်သူပြောလို့လဲ။ မဖမ်းမိသေးတဲ့ နောက်တစ်ကောင် ရှိနေဦးမလား ဘယ်သူ သိနိုင်မှာလဲ"
ဒေါ်ဒေါ်ဖုကွေ့ကလည်း အလေးအနက်ထားကာ ငြင်းခုံလေသည်။ "ကျွန်မတို့ရွာက မုဆိုးကြီးကျန်းကတောင် အရင်ကတောင်ထဲမှာ တစ်ညအိပ်ခဲ့သေးတာပဲ။ ဒုတိယနေ့ကျတော့ ဘာမှမဖြစ်ဘဲ ပြန်ဆင်းလာတာပဲ မဟုတ်ဘူးလား"
ဦးလေးဖုကွေ့က ဝင်ကာထောက်ခံလိုက်လေသည်။ "ဟုတ်တယ်။ မုဆိုးကျန်းက တောယုန်တွေ အများကြီးဖမ်းလာပြီး ငါတို့မိသားစုကိုတောင် တစ်ဝက်ခွဲပေးခဲ့သေးတယ်လေ။ သူက အဲဒီယုန်တွေကို ဘာဖြစ်လို့ မြို့ထဲ သွားမရောင်းတာလဲတော့ မသိဘူး"
"တောယုန်တွေက စျေးကောင်းမရလို့ နေမှာပေါ့။ မုဆိုးကျန်း ပြောတာတော့ တောင်ထဲမှာ တောယုန်တွေ အရမ်းပေါတယ်တဲ့။ အခုတလော ရွာထဲကလူ တော်တော်များများ တောင်ထဲကိုဝင်ပြီး ယုန်လိုက်ဖမ်းနေကြတယ်လေ။ ရှင်တော့ သွားမလုပ်နဲ့ဦး။ အန္တရာယ်တွေ့နေဦးမယ်" ဒေါ်ဒေါ် ဖုကွေ့က ဦးလေးဖုကွေ့ကို သတိပေးလိုက်လေသည်။
"သိပါပြီ။ နင်ကပဲ သတ္တိနည်းနေတာ" ဦးလေးဖုကွေ့သည် ပြန်မငြင်းဘဲ ပြုံးရယ်ကာသဘောတူလိုက်၏။
လူတချို့၏ စကားစမြည် ပြောဆိုနေသည်ကို ခဏလောက် နားထောင်လိုက်ပြီးနောက် လက်ဖက်ရည် တစ်ခွက်နှစ်ခွက်ကို ရေအငတ်ပြေ သောက်ပြီးသွားသောအခါ အားချန်တို့အဖွဲ့သည် ဦးလေးဖုကွေ့တို့ လင်မယားနှင့် အဘွားဝမ်ဖန်းတို့ကို နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ ရက်အနည်းငယ်ကြာလျှင် သူတို့ရွာသို့ လာမည်ဖြစ်ကြောင်း ကြားသိရသဖြင့် အဘွားဝမ်ဖန်းက အားချန်ကို ထမင်းကျွေးမွေးမည်ဟုပင် ဆိုလိုက်သေးသည်။
ရွာသားများနှင့် ခွဲခွာခဲ့ပြီးနောက်တွင် မောင်ဖြစ်သူ၏ အခြေအနေကို ကြားသိလိုက်ရသောကြောင့် ဖြစ်နိုင်သည်။ လင်းစွေ့၏ စိတ်အခြေအနေသည် အများကြီး ကောင်းမွန်လာခဲ့၏။
နောက်ထပ် တစ်နာရီလောက် ခရီးဆက်လာပြီးနောက်တွင် သူတို့သည်နောက်ဆုံးတော့ စိုက်ခင်းရှိရာ အိမ်တော်အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ဖူနဉ် မင်းသမီးကြီး၏ ကြာပန်းဥယျာဉ်တော်သည် သူမ၏စိုက်ခင်းအိမ်တော်နှင့်် တကယ်တော့ သိပ်မဝေးလှသည့်အကြောင်းကို အားချန်တစ်ယောက် သိလိုက်ရပြန်သည်။ ထိုဥယျာဉ်သည် မလှမ်းမကမ်းက တောင်တန်းများထဲတွင် ရှိဟန်တူပြီး ကြာပန်းဥယျာဉ်တော်သို့ သွားရာလမ်းသည် တိုက်တိုက်ဆိုင်ဆိုင် ဒီနေရာမှနေ၍ ဖြတ်သန်းသွားရလေသည်။ ယခုအချိန်၌ လမ်းဘေးတွင် မြင်းလှည်းတချို့သည် ဖြေးညှင်းစွာ ရှေ့သို့ဆက်ပြီး ရွေ့လျားနေကြဆဲပင်။
အားချန်တို့အဖွဲ့သည် မြင်းလှည်းပေါ်မှ ဆင်းလာပြီးနောက်တွင် ခပ်ဝ၀ အမျိုးသမီးတစ်ယောက်က ထွက်လာပြီးသူတို့ကို နှုတ်ဆက်၏။ သူမသည် သူတို့ကိုတွေ့လာချိန်တွင် အလွန်သတိကြီးနေဟန်လည်းတူသည်။ "ဘယ်သူတွေလဲ"
"ဒီအိမ်တော်ရဲ့ပိုင်ရှင်ပဲ" အားချန်က ပြန်ဖြေလိုက်သည်။ "အိမ်တော်ထိန်းကို ထွက်လာပြီး ကျွန်မနဲ့လာတွေ့ဖို့ ပြောလိုက်"
ထိုအမျိုးသမီးသည် အားချန်ကို ခေါင်းအစခြေဆုံး ကြည့်လိုက်ပြီး ကိုယ်ကိုလှည့်ကာ ပြန်ပြေးဝင်သွားတော့သည်။ ခဏအကြာတွင်တော့ သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးသည် လူတချို့ကိုခေါ်ဆောင်ကာ ဖြည်းဖြည်းမှန်မှန် လျှောက်ကာထွက်လာခဲ့၏။
အားချန်က ဘာမှမပြောရသေးခင်မှာပင် အိမ်တော်ထိန်းက ပြောလာလေသည်။ "ကျုပ်တို့ဒီအိမ်တော်ရဲ့ ပိုင်ရှင်က ကျင့်ယန် မြို့စားကတော်ပဲ။ မင်းက ဘယ်သူမလို့ နာမည်နဲ့ ဟန်ဆောင်ရဲရတာလဲ"
အားချန်က စာရွက်စာတန်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်၏။ "ဒါက အစိုးရရုံးက စာချုပ်စာတမ်းပဲ။ အခုချိန်ကစပြီး ဒီအိမ်တော်က ကျွန်မလက်အောက်ထဲကို ရောက်သွားပြီ"
ထိုယောက်ျားသည် စာချုပ်စာတန်းကို မကြည့်သည့်အပြင် လက်လှမ်းကာ ဆွဲဖြဲရန်ပင် ကြိုးစားလိုက်သေးသည်။
သို့သော်သူက လက်လှမ်းလိုက်သည်နှင့် ချန်ဟွေ့က သူလက်ကောက်ဝတ်ကို တစ်ချက်တည်း ဖမ်းဆုပ်ထားလိုက်ပြီး တစ်ချက်ဆွဲလှည့်လိုက်ရာ ထိုသူမှာ မီတာအနည်းငယ် လွင့်ထွက်သွားပြီး လမ်းဘေးသို့ လူးလိမ့်ကာ ပြုတ်ကျသွားတော့သည်။
အားချန်က ပါးစပ်အနည်းငယ် ဖွင့်ဟလိုက်ကာ ချီးကျူးစကား ပြောလိုက်၏။ "ဟွေ့ချန် ရှင့်ရဲ့အားက ပိုပြီးကောင်းလာပြန်ပြီ"
ချန်ဟွေ့က ပြန်ဖြေလိုက်၏။ "မဟုတ်ပါဘူး။ အားအသုံးပြုတဲ့ နည်းလမ်းတချို့ကို သင်ယူထားလို့ပါ"
သူတို့နှစ်ယောက်သည် ထိုအိမ်တော်ထိန်းကို ပြန်ကြည့်လိုက်ကြ၏။ ဒီလူသည် အကြောင်းအရင်းကို မသိရှိခြင်း မဟုတ်ဘဲ တမင်တကာ ပြုလုပ်နေဟန်တူ၏။
ထိုအိမ်တော်ထိန်းသည် မြေပြင်ပေါ်တွင် ထထိုင်လိုက်ပြီး ဘေးကမျိုးရိုးမြင့်အိမ်တော်က မြင်းလှည်းများ ဖြတ်သန်းသွားသည်ကို တွေ့လိုက်သောအခါ အသားကုန် အော်ဟစ်ငိုယို လေတော့သည်။ "လူကို ရိုက်နေပါတယ် ! တစ်ယောက်ယောက်က အိမ်တော်ကိုလုယူပြီး လူကိုတောင်မှ ရိုက်ချင်နေပါတယ် !"
မူလကတည်းက အလွန်ဖြည်းညင်းစွာ ရွေ့လျားနေကြသည့် လှည်းများသည် ရပ်တန့်သွားကြတော့၏။
လှည်းများထဲက တစ်ခု၏ခန်းဆီးသည် ပင့်တက်လာပြီး ရွှဲရှီ၏ မျက်နှာက ပေါ်ထွက်လာခဲ့သည်။
ထိုအိမ်တော်ထိန်းသည် ရွှဲရှီကို မှတ်မိသည်မှာ သိသာလှပြီး သူသည် မြေကြီးပေါ်က မြန်မြန်ထရပ်လိုက်ကာ ရွှဲရှီ၏လှည်းဆီသို့ အလောတကြီး ပြေးသွားတော့သည်။ "မြို့စားကတော် ဒီအိမ်တော်ရဲ့ပိုင်ရှင်က မြို့စားကတော်ဖြစ်နေတာကို ဒီမိန်းမက ဘာအကြောင်းပြချက်မှမရှိဘဲ ဒီစိုက်ခင်းက သူ့ဟာလို့ လာပြောနေပါတယ်"
ရွှဲရှိယီသည် အစေခံမိန်းကလေး၏ အကူအညီဖြင့် လည်းပေါ်ကဆင်းလာခဲ့၏။ ကျန်နေသည့် တခြားမြင်းလှည်းများကလည်း ရှေ့သို့ဆက်မသွားကြတော့ဘဲ အတွင်းကလူများသည် ခေါင်းများပြူထွက်လာကာ အပြင်သို့စူးစမ်းကာ ကြည့်လာကြလေသည်။
ယခင်ကထက် အများကြီး ပိန်လှီသွားသည့် ရွှဲရှီသည် အားချန်ဆီသို့ ရောက်လာပြီး သူမကို ခေါင်းအစခြေအဆုံး အကဲခတ် လိုက်ပြီးနောက် ပြောလာ၏။ "ဒီအိမ်တော်ကို ငါ ခေါင်းမငြိမ့်ပဲ နင် ယူသွားလို့မရဘူး။ ဒီတော့ ငါကဒီနေရာကို ဝယ်ချင်တယ်။ နင် စျေးပြောလိုက်"
အိမ်တော်ထိန်းက ဘေးမှနေ၍ ဝင်ပြီးထောက်ခံလိုက်သည်။ "ဟုတ်တယ်။ ကျွန်တော်တို့ အိမ်တော်က လူတွေက မြို့စားကတော်ရဲ့ စကားကိုပဲ နားထောင်တာ။ တခြားဘယ်သူကိုမှ ကျုပ်တို့တွေက အသိအမှတ်မပြုဘူး"
အိမ်တော်ထိန်း ခေါ်ဆောင်လာခဲ့သည့် လူတချို့ကလည်း ဒေါသသံများဖြင့် ထောက်ခံကြလေသည်။ "ကျွန်တော်တို့က မြို့စားကတော်ကိုပဲ အသိအမှတ်ပြုတယ်"
အားချန်က ရွှဲရှီကို လျစ်လျူရှုထားလိုက်ပြီး အိမ်တော်ထိန်းကိုသာ ပြောလိုက်လေသည်။ "ရှင်က အသိအမှတ် မပြုဘူးဆိုမှတော့ ဒီနေ့ကစပြီး ရှင်က ဒီအိမ်တော်ကလူ မဟုတ်တော့ဘူး"
"ဘာဖြစ်လို့လဲ။ ကျုပ် ဒီအိမ်တော်မှာ နေလာတာ ဆယ်နှစ်ကျော်သွားပြီ။ မြို့စားကတော်ကတောင် ဘာမှမပြောရသေးဘူး။ မင်းက ဘာအားကိုးနဲ့ မောင်းထုတ်ပိုင်ခွင့် ဘာရှိလို့လဲ"
ရွှဲရှီသည် အိမ်တော်ထိန်း၏ စကားကို သဘောတူဟန်ဖြင့် အနည်းငယ် ပြုံးလိုက်လေသည်။ ဒီအိမ်တော်ထဲက လူတွေအားလုံးက သူမရဲ့လူတွေချည်းပဲလေ။ သူမ စကားတစ်ခွန်းတည်းနဲ့ ကျိချန်က ပိုင်ဆိုင်မှုစာချုပ်ကို ကိုင်ဆောင်ထားရင်တောင် ဒီအိမ်ကိုယူသွားလို့ ရမှာမဟုတ်ဘူး။
သူမသည် အစကတည်းက ကျိချန်ကို ရှင်းပစ်မည့် နည်းလမ်းကို ကြံစည်ထားပြီးသား ဖြစ်သော်ငြားလည်း ကျိချန်က ယနေ့တွင် အိမ်တော်သို့ ရောက်ရှိလာပြီး သူမနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ရလိမ့်မည်ဟုတော့ ထင်မထားခဲ့ချေ။
"ဘာအားကိုးနဲ့လဲ ..." အားချန်သည် စကားမဆုံးသေးခင်မှာပင် ရုတ်တရက် သူမ၏မျက်လုံးများက အရောင်လင်းလက်သွားတော့၏။
သူမက မလှမ်းမကမ်းတွင် မြင်းစီးလာခဲ့သည့် ယောက်ျားတစ်ဦးကို အဆက်မပြတ် လက်ဝှေ့ယမ်းပြလိုက်ကာ "လူကြီးမင်းပိုင် ဒီဘက်မှာ"
ရုတ်တရက် ရင်းနှီးနေသည့် အသံတစ်ခုကို ကြားလိုက်ရသောအခါ ပိုင်ရှိုးမင်ကလည်း မြင်းဇက်ကြိုးကို ဆွဲလိုက်ပြီး ခေါင်းလှည့် ကြည့်လာခဲ့သည်။
အားချန်က ဒီနေရာကို ရောက်နေသည်ကို တွေ့လိုက်သည်တွင် သူ့မှာမအံ့ဩပဲ မနေနိုင်အောင် ဖြစ်သွားတော့၏။ သူ့အောက်က နဂါးသွေးမြင်းသည် အမိန့်ပေးခြင်း မခံရသော်ငြားလည်း မြင်းခွာများကိုပုတ်ရင်း အားချန်၏ မလှမ်းမကမ်းသို့ ရောက်ရှိလာခဲ့လေသည်။
"ပြဿနာတက်နေတာလား" ပိုင်ရှိုးမင်သည် မြင်းပေါ်တွင် မားမားမတ်မတ်ထိုင်ကာ အော်ဟစ်ဆူပူနေသည့် အိမ်တော်ထိန်းနှင့် ဘေးကကျင့်ယန် မြို့စားကတော်ကို တစ်ချက်ကြည့်လိုက်၏။
"ဟုတ်တာပေါ့" အားချန်ကလည်း ညည်းညူစွာ သက်ပြင်းချ လိုက်လေသည်။ "ကျင့်ယန်မြို့စားကတော်က အရင်တစ်ခေါက်တုန်းက လူကြီးမင်းပိုင် ကျွန်မအမေရဲ့ လက်ဖွဲ့ပစ္စည်းတွေကို သွားတောင်းခဲ့တဲ့ကိစ္စကို မကျေမနပ် ဖြစ်နေလို့နေမှာပေါ့။ မဟုတ်ရင် ဒီနေ့ ဒီလောက်အထိ အနိုင်ကျင့်စရာအကြောင်း ဘာရှိလို့လဲ"
သူမသည် သူမ၏ရင်ဘတ်ကို ဖိကိုင်ထားလိုက်ပြီး အသည်းအသန် ချောင်းဆိုးလိုက်ကာ အချိန်မရွေး မေ့လဲသွားတော့မည်ပုံစံမျိုး လုပ်ပြလိုက်လေသည်။
"ခုနတုန်းက ကျင့်ယန်မြို့စားကတော်က အတင်းအကြပ် အဝယ်အရောင်းလုပ်ခိုင်းပြီး ဒီအိမ်တော်ကို သူ့ဆီရောင်းဖို့ ကျွန်မကို ဖိအားပေး ခဲ့သေးတယ်လေ"
ပိုင်ရှိုးမင်း၏ စူးရှလှသည့် အကြည့်ကို ခံစားမိလိုက်သည်တွင် ရွှဲရှီသည် ဦးရေပြားများ ထုံကျင်သွားတော့သည်။ "လူကြီးမင်းပိုင် ကျိချန်က ကျွန်မကို နားလည်မှု လွဲသွားတာပါ"
"တကယ်ပဲ နားလည်မှု လွဲသွားတာလား" အားချန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ပြရင်း အပြစ်ကင်းစင်သည့် လေသံဖြင့် မေးလိုက်၏။ "သေချာတာပေါ့"
"ဒါဆိုရင် ဒီအိမ်တော်ထိန်းကရော။ သူ ခုနတုန်းက ကျွန်မကိုတောင် ခြိမ်းခြောက် လိုက်သေးတယ်လေ"
ရွှဲရှီသည် သက်ပြင်းတစ်ချက် ရှုသွင်းလိုက်ကာ "သခင်ကို ခြိမ်းခြောက်ရဲတဲ့ ဒီလိုလူမျိုးကို အစိုးရရုံးကိုပို့ပြီး စစ်ဆေးအရေးယူရမယ်"
"ဒါဆိုရင်တော့ ကျင့်ယန်မြို့စားကတော်ကိုပဲ အစိုးရရုံးပို့ပေးဖို့ ဒုက္ခပေးရပါဦးမယ်" အားချန်က နူးညံ့စွာဖြင့် ပြောလိုက်၏။
ရွှဲရှီသည် အပြုံးတစ်ခုကို အတင်းအကြပ် ညှစ်ထုတ်လိုက်ပြီး ထိုအိမ်တော်ထိန်း၏ အော်ဟစ်ငိုယိုသံများကြားထဲတွင် မြင်းလှည်းဘေးက ကိုယ်ရံတော်များက ရှေ့သို့တက်လာကာ ထိုလူကိုကြိုးဖြင့် တုတ်ထားလိုက်ကြတော့သည်။
ပိုင်ရှိုးမင်သည် အစကအဆုံးအထိ စကားတစ်ခွန်းတည်းသာ ဆိုခဲ့သော်ငြားလည်း အားချန်ကတော့ ‘မြေခွေးက ကျားရဲ့အရှိန်အဝါကို ငှားရမ်းခြင်း’ ဟူသည့် စကားလုံး အဓိပ္ပာယ်ကို အပြည့်စုံဆုံး ထုတ်ဖော်ပြသ သွားခဲ့လေတော့သည်။
...