← Chapters

သူမက ငွေညှစ်ခံလိုက်ရတယ် ! ဒါကြီးက ...

Vol. 5 Ch. 48

သူမက ငွေညှစ်ခံလိုက်ရတယ် ! ဒါကြီးက ...

Vol. 5 Ch. 48

မလှမ်းမကမ်းတွင် ရပ်ထားသည့် အင်မတန် ခမ်းနားထည်ဝါလှသည့် လှည်းကြီးတစ်ခုထဲတွင် ဖူနဉ်မင်းသမီးကြီးသည် နွဲ့နှောင်းသောဟန်ပန်ဖြင့် ခန်းဆီးစကို လှစ်ဟလိုက်ပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။

သူမ၏စိတ်ထဲတွင်တော့ ခုနကပင် မြင်းလှည်းဘေးတွင် မြင်းစီးကာ လိုက်ပါလာသည့် ဝမ်းကွဲမောင်ဖြစ်သူသည် အဘယ်ကြောင့်များ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားရပါသနည်းဟု အံ့အားသင့်နေမိ၏။

သူမသည် အပြင်ဘက်သို့ အတန်ကြာအောင် ကြည့်ရှုလိုက်ပြီးမှ နောက်ဆုံးတွင်တော့ ထိုလူကို တွေ့ရှိသွားတော့သည်။

"သူ ဘာလုပ်နေတာလဲ" ဖူနဉ် မင်းသမီးကြီး၏ လေသံထဲတွင် သံသယများ ရောနောပါဝင်လို့နေသည်။

သူမ၏ဘေးတွင် ခစားနေသည့်မော့မော့သည် အမြင်အာရုံစူးရှစွာဖြင့် အားချန်ကို တွေ့လိုက်ရပြီး ချက်ချင်းဆိုသလို ပြုံးကာပြောလာသည်။ "ကြည့်ရတာတော့ ဘယ်အိမ်က မိန်းကလေးလဲ မသိဘူး ဒုက္ခတွေ့နေလို့ လူကြီးမင်းပိုင်က ရှေ့ထွက်ပြီး ကူညီပေးနေပုံ ရပါတယ်"

"သူကလား။ ကူညီပေးတယ် ဟုတ်လား" ဖူနဉ်မင်းသမီးကြီးသည် အသံထွက်ရယ်မိတော့မတတ်ပင်။ ပိုင်ရှိုးမင်ရဲ့ အေးစက်စက်နိုင်လှတဲ့ပုံစံနဲ့ သူမလိုဝမ်းကွဲအစ်မတော်ကို တွေ့တာတောင် ဂရုစိုက်ချင်တဲ့ပုံမပေါ်ဘူး။ သူက တခြားသူတွေကို ကိုယ့်သဘောနဲ့ကိုယ် ကူညီပေးဦးမယ်တဲ့လား။

ဒီတစ်ကြိမ်တွင် သူမက ပိုင်ရှိုးမင်ကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သော်ငြားလည်း လူလွတ်ပြီး ဖိတ်စာပို့လိုက်ချိန်က ထိုသူသည် သဘောတူလာလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့မိပေ။ လမ်းတလျှောက်လုံးတွင် သူမသည် အသည်းအသန် ကြိုးစားပြီး အကြောင်းအရာ အနည်းငယ်ရှာဖွေကာ သူနှင့် စကားစမြည် ပြောဆိုလာခဲ့သည်။ သူမက စကားမပြောလျှင် ပိုင်ရှိုးမင်ကလည်း တိတ်ဆိတ်ငြိမ်သက် နေတတ်သည်။ မိမိအပေါ်တွင်ပင် ဒီလိုပုံစံဖြစ်နေလျှင် တခြားသူများအပေါ်တွင်တော့ ထိုသို့မဟုတ်ဘဲ ရှိပါမည်တဲ့လား။

"အဲဒီမိန်းကလေးက ကြည့်ရတာ အရမ်းသနားစရာကောင်းလို့ လူကြီးမင်းပိုင်ကလည်း ခဏလောက် စိတ်ပျော့သွားတာ ဖြစ်မှာပါ" မော့မော့သည် ထိုသို့ပြောလိုက်ပြီးနောက်မှ "အယ်" ဟူသည့်အသံတစ်ချက် ညင်သာစွာပြုလိုက်၏။

"ဘာဖြစ်လို့လဲ"

"အဲဒီမိန်းကလေးရဲ့ပုံက ... ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ ကျင့်ယန် မြို့စားအိမ်တော်က တိသမီးများလား" မော့မော့သည် အနည်းငယ် မရေမရာ ဖြစ်သွားသည့် ပုံစံဖြင့်ပြောလာ၏။ သူမ၏မှတ်ဉာဏ်ထဲတွင် ကျင့်ယန်မြို့စား၏ သမီးအရင်းသည် ထိုသူနှင့်ရုပ်ရည်ချင်း ဆင်တူသော်ငြားလည်း အမူအကျင့်ကတော့ လုံးဝကို ကွဲပြားခြားနားလို့နေသည်။

"ဪ။ သူကိုး" ဖူနဉ် မင်းသမီးကြီးသည် စိတ်ဝင်စားမှုတချို့ ရှိလာတော့၏။ "ကျွန်မ မှတ်မိသလောက်တော့ ကျင့်ယန်မြို့စားကသူနဲ့ ဆက်ဆံရေး ဖြတ်တောက်ပစ်လိုက်ပြီဆို"

"အမှန်ပါပဲ"

"တွေ့မှတော့လည်း သူ့ကိုလည်း ဖိတ်စာတစောင်လောက် ပို့လိုက်ပါတော့။ လူများတော့ ပိုပြီးစည်ကားတာပေါ့"

"ဟုတ်ကဲ့" မော့မော့သည် ပြုံးကာ ပြန်ဖြေလိုက်ပြီး စိတ်ထဲတွင် စဉ်းစားမိလိုက်၏။ လူများလို့ပွဲစည်တာ မဟုတ်ပဲ မင်းသမီးက ပွဲကြည့်ချင်လို့သက်သက်ပဲလေ။

မော့မော့က ဖိတ်စာသွားယူနေချိန်တွင် အားချန်သည် ရွှဲရှီကို သိမ်မွေ့ညင်သာသည့်အသံလေးဖြင့် ဆက်ပြီးစကားပြောဆိုနေ၏။

ပြဿနာက အိမ်တော်ထိန်းသည် ကျင့်ယန် မြို့စားအိမ်တော်၏ ကိုယ်ရံတော်များ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံသွားရသော်ငြားလည်း အားချန်ကတော့ ဒီနေရာတွင် ရပ်တန့်လိုခြင်း မရှိချေ။ သူမက နားထင်ကို ဖိနှိပ်ထားလိုက်ပြီး မျက်ခုံးများကို အသာအယာ တွန့်ချိုးထားလိုက်၏။ "ခုနတုန်းက မြို့စားကတော်က အရမ်းကြမ်းတမ်းလွန်းပါတယ်။ ကျွန်မမှာ တကယ်လန့်သွားတာပဲ"

ရွှဲရှီသည် အားချန်၏ ဟန်ဆောင်ပန်ဆောင် ပုံစံလေးကြောင့် အလွန်ဒေါသထွက်သွားကာ ပင့်သက်တစ်ချက် ရှိုက်လိုက်မိတော့သည်။ သူမ၏မျက်လုံးတောင့်မှနေ၍ မြင်းပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး သူမကို အေတိအေးစက် ကြည့်နေသည့် ပိုင်ရှိုးမင်ကို ဖြတ်ခနဲ မြင်လိုက်ရလေသည်။ အပြုံးတုတစ်ခုက သူမ၏မျက်နှာပေါ်တွင် ချက်ချင်းဆိုသလို ပေါ်ထွက်လာတော့၏။ "ဒီနေ့ ကျွန်မရဲ့ ပြောဆိုပြုမူပုံတွေက မသင့်တော်ခဲ့လို့ပါ"

အားချန်က အနည်းငယ် အံ့အားသင့်သွားသည့် အမူအရာလေးတစ်ခု ထုတ်ပြလိုက်ကာ "ဒါက မြို့စားကတော်အနေနဲ့ တခြားသူတွေကို တောင်းပန်တဲ့ပုံစံလား။ ပြီးခဲ့တဲ့တခေါက်တုန်းက လောက်တောင် စိတ်ရင်းမှန်ပုံ မပေါ်ဘူး"

ရွှဲရှီ၏ အမူအရာသည် တောင့်တင်းသွားတော့၏။ ပြီးခဲ့သည့် တစ်ခေါက်က သူမသည် လူလွှတ်ကာ ကျိချန်၏ ဆိုင်ကိုပြဿနာ ရှာခိုင်းခဲ့ပြီးနောက် မြို့စားမင်းသည် နန်းတွင်းညီလာခံအတွင်းတွင် တိုင်တန်းစာ တင်သွင်းခြင်းခံခဲ့ရကာ သူမကိုယ်တိုင်လည်း အရှင်မင်းကြီး၏ ကိုယ်တော်တိုင် ဆူပူ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်ကို ပြန်သတိရသွားတော့သည်။

ပြီးခဲ့သည့်တစ်ခေါက်က ယူဆောင်လာခဲ့သည့် ဆိုးဝါးသည့် သက်ရောက်မှုက ယခုထက်တိုင်ရှိနေဆဲပင်။ သူမသည် အစကတော့ သမီးဖြစ်သူအတွက် ကောင်းမွန်သည့် လက်ထပ်ပွဲလေးတစ်ခု ရှာဖွေပေးရန် ရည်ရွယ်ထားခဲ့သော်ငြားလည်း မကြာသေးမီက အိမ်တော်သို့ ဖိတ်ကြားခဲ့သည့် အရာရှိကတော်တချို့၏ အကြိမ်ကြိမ် ငြင်းဆန်ခြင်းကို ခံခဲ့ရလေသည်။

အားချန်ကလည်း သတိပေးလိုက်ပြန်သည်။ "မြို့စားကတော် လူကြီးမင်းပိုင်က ကြည့်နေတုန်းနော်"

ရွှဲရှီသည် အံကြိတ်ကာ သူမ၏ဘေးက အစေခံမလေးကို တိုးတိုးလေး ပြောရတော့၏။ " လျန် ၂၀၀ တန်ငွေလက်မှတ် ငွေလက်မှတ် သွားယူလာခဲ့"

နောက်မှ အစေခံမလေးသည် စကားများများမပြောရဲဘဲ မြန်မြန်ဆန်ဆန် ပြန်ပြေးသွားကာ ငွေလက်မှတ်ကို ယူဆောင်လာခဲ့ပြီးနောက် ရွှဲရှီ၏ လက်ထဲသို့ မြန်မြန်ထိုးထည့် ပေးလိုက်လေသည်။

ရွှဲရှီသည် တုန်ယင်နေသည့် လက်ဖြင့်ငွေလက်မှတ်ကို အားချန်ထံသို့ လှမ်းပေးလိုက်ပြီး မျက်နှာပေါ်တွင်တော့ မကျေမနပ် အရိပ်အယောင်များကို ထုတ်ဖော်ပြသဖို့ မဝံ့ရဲတော့ချေ။

"ဒါက အလန့်တကြား ဖြစ်သွားအောင်လုပ်မိလို့ လျော်ကြေးပေးတာပါ။ ရှင် ဒါကိုငြင်းဆန်ဖို့တော့ စိတ်မကူးနဲ့နော်"

အားချန်ကလည်း သူမ၏လက်ကို မြန်မြန်ဆန်ဆန် လှမ်းလိုက်ပြီး ငွေလက်မှတ်၂စောင်ကို လှမ်းယူလိုက်ပြီးနောက် ရွှဲရှီကို တောက်ပစွာဖြင့် ပြုံးပြလိုက်လေသည်။ "မြို့စားကတော်က တကယ်ရက်ရောတာပဲ။ ဒီကိစ္စကို ဒီအတိုင်းပဲ ထားလိုက်ကြတာပေါ့။ အားလုံးကလည်း နားလည်မှုလွဲသွားတာပါ"

"ဟုတ်ပါတယ်။ အားလုံးက နားလည်မှုလွဲသွားတာပါ" ကျိချန်က နောက်ဆုံးတော့ အတင်းအကြပ် ဖိအားပေးနေသည်ကို ရပ်တန့်လိုက်သည်ကို တွေ့လိုက်ရသောအခါ ရွှဲရှီသည်လည်း နောက်ဆုံးတော့ စိတ်အေးသွားကာ သက်ပြင်းချလိုက်ပြီး ပိုင်ရှိုးမင်ကို ပြောလိုက်လေသည်။ "လူကြီးမင်းပိုင် ဒါဆိုရင် ကျွန်မ မနှောင့်ယှက် တော့ဘူးနော်"

ပိုင်ရှိုးမင်၏ အဖြေကိုပင် မစောင့်ဘဲ သူမသည် သူမ၏အစေခံနှင့် ကိုယ်ရံတော်များနှင့်အတူ သူမ၏လှည်းဆီသို့ မြန်မြန်ဆန်ဆန် လျှောက်သွားလိုက်ရာ သူမမှာနောက်က တစ်စုံတစ်ယောက်က လမ်းခေါ်မှာကို စိုးရိမ်နေသည့်နှယ်ပင်။

အားချန်သည် ကျင့်ယန်မြို့စားကတော်၏ လှည်းဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။ ရွှဲယင်နှင့် ရွှဲကျောင်းတို့သည် ပြတင်းပေါက်မှနေ၍ သူမကို ကြည့်နေကြလေသည်။ ဒီကြာပန်းကြည့်ပွဲတော်က တကယ်ပဲ စည်ကားလိုက်တာ။ သူမသည် စိတ်ထဲတွင် ဤသို့ တွေးလိုက်မိတော့၏။

ရွှဲရှီ ထွက်ခွာသွားပြီးမှ ပိုင်ရှိုးမင်က မြင်းပေါ်က ခုန်ဆင်းလာခဲ့သည်။ ယနေ့တွင် သူသည် အဖြူရောင် လက်ကျဥ်း အင်္ကျီနှင့် မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားပြီး လက်အနားတွင်တော့ ရှုပ်ထွေးလှသည့် ငွေရောင်နဂါးရုပ်ကို ပန်းထိုးထားကာ နဂါး၏ပါးစပ်သည် ကျယ်ဝန်းစွာဟလျက် နေလေသည်။ ခါးတွင်တော့ အရောင်တူခါးပတ်ကို ပတ်ထားပြီး မြင်းပေါ်မှ ဆင်းလာသည့်အချိန်တွင် သေးသွယ်လှသည့် သူ၏ ခါးနှင့်ခြေတံရှည်များက ပိုလို့ပင်ထင်ရှား ပေါ်လွင်နေတော့၏။

အားချန်၏ အကြည့်က သူ့ခါးဆီသို့ ရံဖန်ရံခါ ရောက်ရှိသွားတော့၏။ အင်း။ ဒီနေ့တော့ သူ ဓားမယူလာခဲ့ဘူး။

"ငါ့ကိုအသုံးချရတာ တော်တော်အဆင်ပြေနေတဲ့ပုံပဲ"

ခုနကပင် သူသည် အားချန်ကို လွတ်လပ်စွာ သရုပ်ဆောင်ခွင့် ပေးထားခဲ့သော်ငြားလည်း မျက်စိတစ်မှိတ် အတွင်းမှာပင် ဒီလူသည် မျက်နှာလွဲခဲပစ် လုပ်တော့မည်ဟန် ရှိ၏။

"ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ လူကြီးမင်းက လူတွေကို ကူညီဖို့လိုလားတာ သိသာနေလို့ပါ" အားချန်၏ ပါးစပ်လေးကလည်း ပျားရည်လို ချိုမြိန်လွန်းလှသည်။ "ဒီနေ့ လူကြီးမင်းရှိလို့ တော်သေးတာပေါ့။ လူကြီးမင်းသာမရှိရင် ကျွန်မဘယ်လိုလုပ် ရမှန်းတောင် သိမှာမဟုတ်ဘူး"

"ငါက ဘယ်တုန်းကမှ လူတွေကို ကူညီရတာ ဝါသနာမပါဘူး" ပိုင်ရှိုးမင်၏ မျက်လုံးများသည် အားချန်၏ လက်ပေါ်သို့ ကျရောက်သွားပြီး ဆိုလိုရင်းကလည်း ထင်ရှားလွန်းလေသည်။

အားချန်က သူမ၏လက်ကိုမြန်မြန် နောက်သို့ ပစ်ထားလိုက်သည်တွင် ပိုင်ရှိုးမင်ကတော့ ဖြည်းညင်းစွာ ပြောလာခဲ့၏။ "ငါ့ကို အသုံးချပြီး ကျင့်ယန် မြို့စားကတော်ကို ခြိမ်းခြောက်ငွေညစ်တာ။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ ဒါက ငါ့ရဲဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်တာပဲ။ မင်း ပြောကြည့်စမ်း။ ဒါ ဘယ်လိုအပြစ်ဒဏ်မျိုးနဲ့ ထိုက်တန်လဲ"

ရှင့်မှာ ဂုဏ်သိက္ခာဆိုတာမျိုးရော ရှိမှမရှိဘဲနဲ့။ အားချန်သည် စိတ်ထဲမှ တိတ်တိတ်လေး ဝေဖန်လိုက်လေသည်။

ထိုနောက်တွင်တော့ ငွေလက်မှတ်နှစ်စောင်ထဲက တစ်စောင်ကိုဆွဲထုတ်ကာ ပိုင်ရှိုးမင်ဆီသို့ ကမ်းပေးလိုက်၏။

ပိုင်ရှိုးမင်က မျက်လွှာချကာ ကြည့်နေသော်ငြားလည်း လုံးဝလက်မခံချေ။

နှစ်ယောက်သားက ခဏလောက် မတိုးသာမဆုတ်သာ အခြေအနေ ဖြစ်နေကြပြီးနောက်တွင် အားချန်သည် စိတ်ကို ဒုန်းဒုန်းချလိုက်ကာ နောက်ထပ်ငွေလက်မှတ်ကိုပါ ထပ်ပြီးလှမ်းပေးလိုက်သည့်အခါမှ သူသည် လက်လှမ်းကာ လှမ်းယူလိုက်ပြီးနောက် အလွန်ကျွမ်းကျင်စွာပင် ရင်ဘတ်ထဲသို့ ထိုးထည့်လိုက် လေတော့သည်။

ဒီလူ ကဒီလိုကိစ္စမျိုး ဘယ်နှစ်ခါတော င်လုပ်ဖူးလို့ ဒီလောက်တောင် ကျွမ်းကျင်နေရတာလဲ။

သူမာမှာ ဒေါသထွက်လွန်းသဖြင့် ခုန်ပေါက်မိမတတ်ပင် ဖြစ်ရတော့သည်။ နေ့ခင်းကြောင်တောင်ကြီးမှာတောင် သူမက ခြိမ်းခြောက်ငွေညစ်တာ ခံလိုက်ရတယ်တဲ့။ ဒါက ဥပဒေရောရှိသေးရဲ့လား။

တော်ပါသေးရဲ့။ ဒီငွေကလည်းငါ့ ရဲ့ငွေမဟုတ်လို့ပဲ။ ဒါပေမဲ့ လျန်ငွေ ၂၀၀ ကြီးကိုတော့ အလကား အဖြစ်မခံနိုင်ပါဘူး။

"လူကြီးမင်း ရှင် ကျွန်မကို လူနည်းနည်းလောက် ငှားပေးလို့ရမလား။ ဒီအိမ်တော်က လူတွေကို ကြည့်ရတာ တော်တော်လေး ကြမ်းတမ်းမဲ့ပုံပဲ။ သူတို့ မထွက်သွားဘဲ ခဏနေ ကျွန်မနဲ့လာပြီး ရန်ဖြစ်မှာကိုစိုးရိမ်ရတယ်"

အားချန်သည် စိုက်ခင်းအိမ်တော်ကို ပြန်လည်ရယူမည်ဖြစ်သဖြင့် ဒီနေရာကလူများကို ဆက်ပြီးအသုံးပြုလို့ မဖြစ်နိုင်တော့ပေ။ ယနေ့ ဒီလူအုပ်စုသည် ရွှဲရှီ၏ တိုက်တွန်းမှုကြောင့် သူမလိုသခင်မကို မောင်းထုတ်ရန်ပင် ကြိုးစားခဲ့ကြသည်တွင် နောက်တစ်ချိန်တွင် မည်သို့သောကိစ္စရပ်များ ပြုလုပ်လာမည်ကို မည်သူက သိပါမည်နည်း။ သူမကတော့ တစ်ယောက်တလေကိုမှ ချန်ထားဖို့ရန် ဆန္ဒမရှိချေ။

ပိုင်ရှိုးမင်က "ငါ ဒီနေ့ လူခေါ်မလာခဲ့ဘူး"

"ဟမ်။ လူကြီးမင်းက ဒီနေ့အလုပ်ကိစ္စနဲ့ လာတာမဟုတ်ဘူးလား။ ဒါဆိုရင် ဘာလာလုပ်တာလဲ" အားချန်က အံ့သြသည်ရုပ်ကလေးဖြင့် မေးလာလိုက်သည်။

"ပန်းတွေကို ရှုစားမလို့"

"လူကြီးမင်းက တကယ်ကို အေးအေးဆေးဆေး နိုင်လွန်းတာပဲ။ ဘယ်လိုပုံစံမျိုး ပေါက်နေတဲ့ပန်းမလို့ လူကြီးမင်းကို ဆွဲဆောင်ထားနိုင်ရတာလည်း မသိဘူးနော်"

ငါကတော့ တကယ်ကို အရမ်းသိချင်သွားပြီ။ ကောင်းကင်အောက်မှာ ရှားပါးတဲ့ နာမည်ကြီး မျိုးစေ့များ ဖြစ်နေလို့လား။ နည်းနည်းလောက်တော့ မြင်ဖူးကြည့်ချင်လိုက်တာ။

နှစ်ယောက်သား စကားပြောနေကြစဉ် မင်းသမီးဘေးက မော့မော့သည် လျှောက်လာခဲ့ကာ အရင်ဆုံး ပိုင်ရှိုးမင်ကို ဦးညွှတ် အရိုအသေ ပြုလိုက်လေသည်။ ထိုနောက်တွင်တော့ အားချန်ကို လက်နှစ်ဖက်ဖြင့် ဖိတ်စာတစ်စောင် လှမ်းပေးလာခဲ့၏။ "မိန်းကလေးကျိ ဒါက မင်းသမီးက ရှင့်ကိုပေးတဲ့ ဖိတ်စာပါ။ ဒီရက်ပိုင်းအတွင်း ရှင် အားလပ်တယ်ဆိုရင် မိန်းကလေးကို ကြာပန်းကြည့်ပွဲကို အတူတူတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်"

ဖူနဉ် မင်းသမီးက ကြာပန်းကြည့်ပွဲကို ကျင်းပသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ကျိချန်သည် ယခင်က သူမ၏အမေနှင့်အတူ လာရောက်ဖူးသဖြင့် ဒီစားသောက်ပွဲသည် သုံးလေးရက် ကြာမြင့်မည်ဖြစ်ကြောင်းကို သိထားလေသည်။

အားချန်က ဖိတ်စာကို လက်ခံလိုက်ပြီး "မင်းသမီးကို ကျေးဇူးတင်ကြောင်း မော့မော့ကပဲ ကျွန်မကိုယ်စား ပြောပေးပါဦး။ ကျွန်မ လာခဲ့ပါ့မယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူမက ထပ်ပြီးမေးလာခဲ့သည်။ "ကျွန်မနဲ့အတူတူ လူပိုရော ခေါ်လာလို့ရလား"

"ရတာပေါ့ရှင်"

အားချန်သည် မင်းသမီးက ရုတ်တရက် သူမကို မျက်စိကျသွားပြီး ယာယီ ဖိတ်စာတစ်စောင် ထပ်တိုးပေးလိုက်သည်ဟု မထင်ပေ။ ပိုင်ရှိုးမင်၏ မျက်နှာကြောင့်သာ ဖြစ်တန်ရာရှိလေသည်။

ရှိပါစေတော့လေ။ လျန်ငွေနှစ်ရာနဲ့ ကြာပန်းကြည့်ပွဲဖိတ်စာ တစ်စောင်လဲလိုက်ရတာ ... အမြတ်ရသွားတာပဲ။

မော့မော့က ထွက်ခွာရန် ပြင်လိုက်ချိန်တွင် ပိုင်ရှိုးမင်က ပြောလာခဲ့သည်။ "မော့မော့ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကူညီပေးလို့ရမလား"

"အမိန့်ရှိပါ"

"ဒီစိုက်ခင်း အိမ်တော်က လူတွေက သိပ်ပြီးမသန့်ရှင်းဘူး။ သူတို့ကို အကုန်လုံး ရှင်းထုတ်လိုက်ပြီး လူတစ်သုတ်နဲ့ အသစ်လဲပေးပါ"

မော့မော့သည် မလှမ်းမကမ်းက စိုက်ခင်းအိမ်တော်ကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးကာပြောလာ၏။ "ဒါက လွယ်ပါတယ်။ ကျွန်မ အခုပဲ လူလွှတ်ပြီးတော့ ဆောင်ရွက်ခိုင်း လိုက်ပါမယ်"

ထိုသို့ပြောလိုက် ပြီးနောက် သူမသည် ကျိချန်ဘက်သို့ လှည့်ကာ မေးလိုက်လေသည်။ "မိန်းကလေးကျိက စိုက်ခင်းထဲမှာ အသုံးပြုမယ့် လူတွေအတွက် လိုအပ်ချက်များ ရှိသေးသလား"

အားချန်က ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်၏။ "ရိုးသားကြိုးစားပြီး တာဝန်ကျေရင်ရပါပြီ"

"ကောင်းပါပြီ။ မိန်းကလေး ခဏလောက်ပဲ စောင့်ပေးပါ။ ကျွန်မ အခုပဲ လူလွတ်ပြီး စိုက်ခင်းအိမ်တော်ကို ရှင်းလင်းခိုင်းလိုက်ပါမယ်"

မော့မော့က ထွက်ခွာသွားပြီးနောက်တွင် အားချန်က ပိုင်ရှိုးမင်ကို ချက်ချင်း ပြောလိုက်တော့၏။ "လူကြီးမင်းကို ကျေးဇူးတင်ပါတယ်။ လူကြီးမင်းက တကယ်ကောင်းတာပဲ"

ပိုင်ရှိုးမင်က သူမကို မျက်စောင်းဖြင့် လှမ်းကြည့်လိုက်ပြီး မြင်းပေါ်သို့ခုန်တက်ကာ မြင်းခေါင်းကို ပြန်လှည့်ပြီး ဖူနဉ်၏ မင်းသမီး၏ လှည်းရှိရာဘက်သို့ ဦးတည်သွားလိုက်လေသည်။

"လူကြီးမင်း ဖြည်းဖြည်းသွားနော်။ လမ်းမှာ သတိထားပါ။ ကျွန်မ မနက်ဖြန် လူကြီးမင်းနဲ့အတူတူ ပန်းကြည့်ဖို့ လာရှာပါ့မယ်" လူက ထွက်ခွာသွားပြီ ဖြစ်သော်ငြားလည်း အားချန်ကတော့ သူမ၏ လက်ကိုင်ပုဝါလေးကို လှိုက်လှိုက်လှဲလှဲ ဝှေ့ယမ်းပြနေဆဲပင်။

လျန် ငွေ ၂၀၀ က တန်ဖိုးရှိတာထက် ပိုသွားပါပြီ။ ကျင့်ယန် မြို့စားအိမ်တော်ကလူတွေ ရက်ရက်ရောရော လှူဒါန်းပေးတာကိုပဲ ကျေးဇူးတင်ရမယ်။

မင်းသမီး၏ဘေးက မော့မော့သည် အမှန်ပင် လျင်လျင်မြန်မြန် ဆောင်ရွက်ပေးခဲ့လေသည်။ တစ်ဖက်တွင်တော့ ကြာပန်းဥယျာဉ်သို့ သွားနေသည့် ယာဉ်တန်းသည် ဖြည်းညင်းစွာဖြင့် ရှေ့သို့ဆက်ရွေ့နေဆဲ ဖြစ်သော်ငြား သူမသည် လူလွှတ်ကာ ကိုယ်ရံတော်တချို့ကို ဦးဆောင်ပြီး စိုက်ခင်းအိမ်တော်ထဲသို့ ပို့လွှတ်လိုက်ပြီး ဖြစ်လေသည်။

မကြာခင်မှာပင် မူလကအိမ်တော်ထဲတွင် နေကြသည့်သူများသည် တန်းစီကာ စိုက်ခင်းအိမ်တော်မှ မောင်းထုတ်ခံလိုက်ရတော့၏။

အားချန် ‌‌‌‌‌‌သည် ချန်ဟွေ့နှင့် လင်းစွေ့ကို ခေါ်ကာ စိုက်ခင်းအိမ်တော်ထဲသို့ ဝင်ရောက်အနားယူလိုက်ပြီး ထိုလူများ ထွက်ခွာမသွားချိန်တွင် စိုက်ခင်းအိမ်တော်ထဲကို သန့်ရှင်းရေးတပတ် လုပ်ဆောင်သွားခဲ့သည်ကိုလည်း တွေ့ရှိလိုက်ရ၏။

စေလွှတ်ခြင်းခံရသည့် အိမ်တော်ထိန်းက အားချန် စောင့်ဆိုင်းနေရမှာကို စိုးရိမ်သဖြင့် တမင်တကာ ရောက်လာကာ စိုက်ခင်းထဲတွင် နေရာချထားပေးမည့် လူအသစ်များက နောက်ထပ်တစ်နာရီကြာလျှင် ရောက်လာမည်ဖြစ်ကြောင်း၊ အားလုံးကိုလည်း အကောင်းဆုံး ရွေးချယ်ထားကြောင်း၊ လာအကြောင်းကြား သွားလေသည်။

အမှန်ပင် မကြာမီတွင် စိုက်ခင်းထဲတွင် နေထိုင်မည့် လူများအားလုံး ရောက်ရှိလာကြပြီး အားချန်ကလည်း သူတို့ထဲက လည်လည်ဝယ်ဝယ်ရှိပြီး တတ်ကျွမ်းဟန်တူသည့် လူတစ်ယောက်ကို ရွေးချယ်ကာ အိမ်တော်ထိန်းအဖြစ် ခန့်အပ်လိုက်တော့သည်။ သို့နှင့်သူမ၏ စိုက်ခင်းအိမ်တော်သည်လည်း အပြည့်အဝပြန်လည် ရရှိသွားလေတော့သည်။

ထိုအိမ်တော်ထိန်းသည် စတင်တာဝန် ထမ်းဆောင်သည်နှင့်ချက်ချင်း သူတို့အတွက် နေထိုင်မည့်နေရာကို ရှင်းလင်းပြင်ဆင်ပေးရန် လူလွှတ်လိုက်၏။ သူတို့က မိမိတို့ကိုယ်တိုင် ချက်ပြုတ်စားသောက်မည်ဖြစ်ကြောင်း ကြားသိရသောအခါ များများစားစား မပြောဆိုဘဲ လတ်လတ်ဆတ်ဆတ် ဟင်းချက်စရာများကိုသာ ပြင်ဆင်ပြီးပို့ဆောင်ပေးလာသည်။

ထမင်းစားပြီးသွားသောအခါ အားချန်က စိတ်အားထက်သန်စွာဖြင့် ချန်ဟွေ့နှင့် လင်းစွေ့တို့ကို ရေကန်ဘေးသို့ ကြာပန်းများ သွားကြည့်ရန် ခေါ်ဆောင်သွားလေသည်။ ဝမ်းနည်းစရာ ကောင်းသည်ကတော့ ဒီနေရာက ကြာပန်းများမှာ ဟိုတစ်စ ဒီတစ်စဖြင့် အငုံလေးများသာ ရှိနေပြီး အချိန်တိုအတွင်း ပွင့်လန်းရန် ဆန္ဒရှိကြဟန်မတူချေ။

အားချန်မှာ အနည်းငယ် စိတ်ပျက်သွားပြီး လင်းစွေ့ကို ပြောလိုက်တော့၏။ "ကျွန်မတို့ မနက်ဖြန် ကြာပန်းဥယျာဉ်ကိုပဲ ပန်းသွားကြည့်ကြတာပေါ့။ မနက်ဖြန် ပန်းကြည့်ပြီးတာနဲ့ နေ့လယ်ဘက်ကျရင် ရှင့်မောင်လေးကို သွားတွေ့ကြမယ်လေ"

"ဘယ်လိုပဲလုပ်လုပ် အဆင်ပြေပါတယ်" မနှစ်က ယောင်ရှီသည် သူမကို ပန်းကြည့်ပွဲသို့ ခေါ်မလာခဲ့ချေ။ ထို့ကြောင့် လင်းစွေ့ကလည်း အရင်ဆုံး ပန်းကြည့်ပြီးမှ ထွက်ခွာလာလျှင်လည်း ကိစ္စမရှိဟု သဘောထား လိုက်တော့သည်။

အားချန်က ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလာခဲ့၏။ "ကျွန်မ မြို့ထဲကနေ အလောတကြီး ထွက်လာတာနဲ့ ဘာလက်ဆောင်ပစ္စည်းမှ ယူမလာခဲ့ရဘူး။ မနက်ဖြန် အိမ်တော်ထဲကနေ ကြက်မ နှစ်ကောင်လောက်ဖမ်းပြီး လက်ဆောင်အနေနဲ့ ယူသွားလိုက်တော့မယ်"

တခြားသူများအိမ်သို့ အလည်အပတ် သွားရောက်လျှင် လက်ဆောင်များ ယူသွားရမည် ဖြစ်ကြောင်းကိုတော့ သူမက သိထားပြီးသားပင်။ သူမက စိုက်ခင်းထဲတွင် ပြေးလွှားနေသည့် ကြက်မများသည် အားချန်၏ မျက်လုံးထဲတွင် အဆင့်အတန်း မြင့်မားလှသည့် လက်ဆောင်များ ဖြစ်နေတော့သည်။

လင်းစွေ့ ကတော့ မောင်ဖြစ်သူ ဒဏ်ရာရထားသဖြင့် ကြက်ပေါင်းအရည် နည်းနည်းလောက် သောက်သုံးပြီး အားဖြည့်သင့်သည်ဟု တွေးတောမိသဖြင့် သဘောတူလိုက်တော့သည်။

နှစ်ယောက်သားသည် ပျော်ပျော်ရွှင်ရွှင် သဘောတူညီမှု ရရှိသွားပြီး မနက်ဖြန်ခရီးစဉ်အတွက် ဆွေးနွေးတိုင်ပင် လိုက်ကြပြီးနောက် မိမိတို့၏အခန်းသို့ ပြန်ကာ အနားယူ လိုက်ကြလေသည်။

.

နောက်တနေ့ မနက်စောစော အချိန်တွင် အားချန်သည် ကြက်ဖတွန်သံကြောင့် နိုးထလာခဲ့ပြီး လူတကိုယ်လုံးကလည်း အိပ်ချင်မူးတူး ဖြစ်နေတော့၏။

အိပ်ရာထလာပြီးနောက်တွင် သူမသည် မနေ့က သတ်မှတ်ထားသည့် လက်ဆောင်ကို ကြက်ဖတစ်ကောင်နှင့် ကြက်မတစ်ကောင်အဖြစ် ပြောင်းလဲလိုက်တော့သည်။ အပြင်မထွက်ခင်တွင် အိမ်တော်ထိန်းကို ထိုကြက်များကို ချည်နှောင်ထားရန် မှာကြားထားပြီး သူမ ပြန်လာသောအခါ ထိုလက်ဆောင်များကို ယူသွားမည်ဟု စဉ်းစားထားလိုက်၏။ ဒီတကြိမ်တွင်တော့ နည်းနည်းလေးမှ နှမြောစိတ် မဖြစ်မိတော့ပေ။

သုံးယောက်သားသည် မြင်းလှည်းကို စီးကာ စိုက်ခင်းအိမ်တော်ဘေးက လမ်းအတိုင်းအတွင်းဘက်သို့ ဆက်ပြီး မောင်းနှင်သွားလိုက်ကြ၏။ အကွေ့အကောက် အနည်းငယ်ကို ဖြတ်ကျော်ပြီး ခဏလောက် ဆက်သွားလိုက်ပြီးနောက်တွင် တောင်ကိုကျောပေးကာ တည်ဆောက်ထားသည့် ကြာပန်းဥယျာဉ်တော်ကို တွေ့မြင်လိုက်ရလေသည်။

ကြာပန်းဥယျာဉ်တော်သည် တောင်ကိုမှီကာ ရေနှင့်ကပ်လျက် တည်ဆောက်ထားပြီး တောင်တန်းအားလုံးထဲက လှပသည့်ရှုခင်းအားလုံးကို ဥယျာဉ်ထဲသို့ ဆွဲသွင်းထားသကဲ့သို့ပင်။

ကြာပန်းဥယျာဉ်တော်သည် နေရာအကျယ်အဝန်းမှာ ကြီးမားလှပြီး ဥယျာဉ်ထဲတွင်လည်း အကြီးအငယ် မတူကြသည့် ရေကန်အများ အပြားရှိလေသည်။ ရေကန်အတွင်းတွင် မျိုးစိတ်မတူသည့် ကြာပန်းများ ရှင်သန်နေကြပြီး အများစုမှာ ပွင့်လန်းနေကြပြီဖြစ်၏။

ဇရပ်အဆောင်များကိုပါ တည်ဆောက်ထားသဖြင့် လူအများကို ရေပြင်ပေါ်မှနေ၍ ကြာပန်းများကို ကြည့်ရှုခံစားနိုင်စေရန် သုံးယောက်သားသည် ကြာပန်းဥယျာဉ်တော်ထဲတွင် တစ်နာရီကျော်ကြာကြာ လျှောက်လည်ခဲ့ပြီးနောက် နောက်ဆုံးတွင်တော့ လှေပေါ်သို့ တက်လိုက်ကြ၏။

လှေစီးရင်း ပွင့်လင်းနေသည့်ကြာပန်းများ ဝန်းရံခံထားရကာ ချန်ဟွေ့နှင့် လင်းစွေ့ တို့ နှစ်ယောက်စလုံးကတော့ လှပသည့်မြင်ကွင်းလေးကို ကြည့်ရှုခံစားနေကြ လေသည်။ အားချန် တစ်ယောက်တည်းကသာ လှေပေါ်ကဆင်းရန် အသည်းအသန် တောင်းဆိုနေသဖြင့် နှစ်ပတ်သာ လှော်ခတ်ရသေးသည့် လှေအကြီးမှာ မတက်သာတော့ဘဲ သူတို့ကို ကမ်းစပ်ပေါ်သို့ ပြန်လည်ပို့ဆောင် ပေးလိုက်ရတော့သည်။

အားချန်သည် ကမ်းပေါ်သို့ တက်လာချိန်တွင် ခြေထောက်များပင် ပျော့ခွေလို့နေတော့၏။ သူမသည် ပထမဦးဆုံးအကြိမ် လှေစီးဖူးခြင်းဖြစ်ကာ မိမိကိုယ်တိုင်က လှေမူးတတ်သည်ကို တွေ့ရှိသွားတော့သည်။

အားချန်၏ ဒီပုံစံကို မြင်လိုက်ရသည်တွင် ချန်ဟွေ့မှာ ရယ်မောမိ တော့မလိုပင်ဖြစ်သွားပြီး လင်းစွေ့ နှင့်အတူ သူမကိုတွဲကာ လူသူနည်းပါးသည့် စင်္ကြန်လမ်းတစ်ခုကို ရှာဖွေလိုက်ရ၏။ သူမကိုဘေးက ကျောက်ခုံလေးပေါ်တွင် ထိုင်ကာ အနားယူခိုင်းလိုက်ပြီး ချန်ဟွေ့ကတော့ သူတို့အတွက် စားစရာများယူဆောင်ရန် မီးဖိုဆောင်ဘက်သို့ ထွက်ခွာသွားတော့သည်။

ကြာပန်းဥယျာဉ်တော်သည် နေ့ဘက်တွင်စားစရာများ အမြဲတမ်း ပံ့ပိုးပေးထားပြီး စားသုံးလိုလျှင်လည်း အချိန်မရွေး မီးဖိုဆောင်သို့ သွားရောက်ယူဆောင်နိုင်သည်။ ချန်ဟွေ့ ထွက်ခွာသွားပြီးနောက် အားချန်သည် အချိန်အတော်ကြာအောင် အနားယူလိုက်မှ နောက်ဆုံးတော့ ပြန်လည်သက်သာလာခဲ့၏။

သူမက လင်းစွေ့၏ ပခုံးကို မှီကာ ညည်းညူလေတော့သည်။ "ခဏနေစားစရာတွေ စားပြီးတာနဲ့ ကျွန်မတို့တွေ ပြန်ကြရအောင်။ ဒီနေရာက ကျွန်မနဲ့ အဆင်မပြေဘူး !"

လင်းစွေ့သည် ခုနက လှေသူကြီး၏ သတ်ဖြတ်ခြင်း ခံရတော့မည့် အားချန်၏ပုံစံကို ပြန်လည်တွေးမိလိုက်သည်တွင် မနေနိုင်ဘဲ ရယ်မောမိလေတော့သည်။ "ရှင်ပဲ အဲဒီလူကြီးမင်းပိုင်နဲ့ အတူတူ ပန်းကြည့်မယ်လို့ ပြောထားတယ် မဟုတ်ဘူးလား"

"မကြည့်တော့ဘူး။ ကျွန်မတို့မှာ အတူတူပန်းကြည့်ရမယ့် ရေစက်မပါဘူး"

"ကောင်းပြီလေ" ရွာသို့ပြန်ရမည်ဖြစ်သောကြောင့် စိတ်ခံစားချက် ကောင်းမွန်နေခြင်းဖြစ်နိုင်သည်။ လင်းစွေ့သည် ယနေ့တွင်တော့ ရှားရှားပါးပါး စကားအများကြီး ပြောဆိုမိနေ၏။

"ကျွန်မတို့ရွာမှာလည်း ရေကန်ရှိတယ်။ အထဲမှာ ငါးတွေ အများကြီး မွေးထားတယ်။ ကျွန်မအရင်က မောင်လေးနဲ့ ရေကန်ဘေးမှာ ငါးမျှားရတာ အကြိုက်ဆုံးပဲ။ ခဏနေရင် ကျွန်မ ရှင့်ကို ငါးမျှားတာ သင်ပေးလို့ရတယ်။ အဘွားဝဝမ်စန်းကလည်း ငါးဟင်းချက်တာ အရမ်းကောင်းတယ်"

"ကောင်းတာပေါ့" အားချန်သည် ချက်ချင်းစိတ်ဝင်စားသွားပြီး လင်းစွေ့ကို ရွာထဲတွင်တခြား စိတ်ဝင်စားစရာများ ရှိသေးသလားဟု မေးမြန်းလာလေသည်။

လင်းစွေ့ကလည်း သူမ၏ယခင်နေထိုင်သည့် ဘဝကိုပြန်လည် တွေးတောရင်း အားချန်ကို ပြောပြလာသည်။ "ရွာက ကလေးတွေက တစ်ခါတလေ တောင်အနောက်ဘက်ကို သွားဆော့တတ်ကြတယ်။ တောင်ပေါ်မှာ သစ်သီးပင်တချို့ ရှိတယ်လေ။ ရာသီအချိန်ရောက်တာနဲ့ လူတိုင်းက သစ်သီးတွေ သွားခူးကြတာ။ ဒါပေမဲ့ အဘွားကတော့ ကျွန်မနဲ့မောင်လေးကို တောင်ပေါ်ပေးမတတ်ဘူး။ တစ်ခါက ကျွန်မ တိတ်တိတ်လေး တောင်ပေါ်တက်သွားပြီး လမ်းပျောက်သွားလို့ ကျွန်မရဲ့မောင်လေးက တိတ်တိတ်ကလေး တောင်ပေါ်ကို ပြေးတက်လာပြီး ကျွန်မကိုအိမ်ပြန် ခေါ်ခဲ့ရဖူးတယ်လေ"

အားချန်သည် လင်းစွေ့ ပြောပြနေသည့်သူမ၏ရွာက ကလေးဘဝအကြောင်းကို တိတ်ဆိတ်စွာ နားထောင်နေခဲ့၏။ သူမ၏ မျက်နှာအမူအရာသည် ရှားရှားပါးပါးတည်ငြိမ် အေးချမ်းလျက်ရှိပြီး တခြားသူများ၏ မျက်လုံးထဲတွင် ဆင်းရဲမွဲတေကာ ခက်ခဲသည့် နေ့ရက်များကတော့ သူမအတွက် လွမ်းဆွတ်တမ်းတစရာ ဖြစ်နေတော့သည်။

"ရှင့်မောင်လေးက ဒီတစ်နှစ် အသက် ဘယ်လောက်ရှိပြီလဲ" အားချန်က မေးလိုက်၏။

"သူက ဒီတစ်နှစ်မှ ၁၅နှစ်ပြည့်တာ" လင်းစွေ့ ကစဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။ "ပြီးခဲ့တဲ့နှစ်တုန်းက သူ ထုံရှန့် အောင်ခဲ့တယ်လေ။ ဒါက ဆရာကတောင်မှ သူက ဉာဏ်ကောင်းပြီး ကြိုးစားတယ်။ စာပေဘက်မှာ အရမ်းပါရမီပါတယ်လို့ ပြောခဲ့သေးတယ်"

ပြောရင်းဆိုရင်း လင်းစွေ့ ၏ နူးညံ့သော မျက်နှာအမူအရာသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ "တကယ်လို့သာ လင်းဟန်တို့လိုလူတွေက စိတ်ဓာတ်ယုတ်မာပြီး သူ့ကို တောင်ပေါ်တက်ဖို့ အတင်းအကြပ် မခိုင်းစေခဲ့ဘူးဆိုရင် သူလည်း ခြေထောက် ကျိုးသွားမှာမဟုတ်ဘူး။ နောက်ဆို စာမေးပွဲတောင် ဆက်ဖြေနိုင်ပါဦးမလားမသိဘူး"

သူတို့နှစ်ယောက် စကားပြောဆိုနေချိန်တွင် အရိပ်နှစ်ခုက သူတို့နှင့်မလှမ်းမကမ်းတွင် ရပ်နေပြီး သူတို့ပြောနေသည့် စကားများကိုလည်း ရှင်းရှင်းလင်းလင်း ကြားသွားသည်ကိုတော့ သတိမထားမိလိုက်ကြချေ။

ချန်ဟွေ့သည် ပစ္စည်းများကိုယူဆောင်လာပြီး ပြန်လည်ရောက်လာသည့် အချိန်တွင်တော့ ထိုအရိပ်နှစ်ခုသည်လည်း ပျောက်ကွယ်သွားခဲ့လေသည်။

အစေခံမလေးသည် လင်းထင်၏လက်မောင်းကိုတွဲရင်း အနည်းငယ် မကျေမနပ်လေသံဖြင့် ပြောလိုက်၏။ "သခင်မကြီးက သမီးကြီးကို ဘာဖြစ်လို့ သဘောမကျလဲဆိုတာ မဆန်းတော့ပါဘူး။ တကယ်ကိုရွာမှာ ကြီးပြင်းလာတာပဲ။ တခြားလူအတွက်နဲ့ ဒုတိယသခင်လေးကိုတောင် မကောင်းပြောနေတယ်"

လင်းထင်က လှောင်ရယ်သံ တစ်ချက်ပြုလိုက်ကာ "ဒါကပဲ ပိုကောင်းသွားတာ မဟုတ်ဘူးလား။ သူသာ မပြောရင် အာ့ကောက သူ့ရဲ့ညီမအရင်းက စိတ်ထဲမှာသူ့ကို ဒီလောက်အထိ မကျေမနပ်ဖြစ်နေမယ်မှန်း ဘယ်လိုလုပ်ပြီးတော့သိမှာလဲ"

သူတို့နှစ်ယောက်သည် ပန်းဆွဲတံခါးတစ်ခုကို ဖြတ်သန်းလာခဲ့ပြီး အရှေ့ဘက်က ပန်းဥယျာဉ်ထဲတွင် လူငယ်အများအပြား စုရုံးကာ ကစားနေကြလေသည်။

လင်းထင်၏ အကြည့်သည် လူအုပ်ထဲတွင် ဝေ့ဝဲရှာဖွေလိုက်ပြီး အနီရောင်တောက်တောက် မြင်းစီးဝတ်စုံကို ဝတ်ဆင်ထားသည့် လင်းဟန်ကို တစ်ချက်တည်းနှင့် ရှာတွေ့သွားတော့သည်။ သူမသည် အစေခံမလေးကို လေသံတိုးတိုးနှင့် အမိန့်ပေးလိုက်၏။ "ခဏနေကြရင် နင် ကြားခဲ့တဲ့စကားတွေကို အာ့ကောကို အမှန်အတိုင်းသွားပြောလိုက်"

"မိန်းကလေး။ မိန်းကလေးရဲ့ သဘောက ..."

အစေခံမလေး၏ မျက်လုံးသည် အရောင်လင်းလက် သွားတော့သည်။

လင်းထင်က စကားဆက်မပြောတော့ဘဲ အစေခံမိန်းကလေးကို ခေါ်ဆောင်ကာ သူငယ်ချင်းများနှင့် မြှားပစ်ပြိုင်ပွဲ ပြုလုပ်နေသည့် လင်းဟန်ဘေးသို့ အတူတူရောက်ရှိလာခဲ့လေသည်။

လင်းဟန်က လေးနှင့်မြှားကို ချထားလိုက်ပြီး နောက်သို့လှည့်လိုက်သည်နှင့် လင်းထင်ကို တွေ့လိုက်၏။ သူကပြုံးကာ မေးလာခဲ့သည်။ "ဘယ်လိုလုပ်ပြီးတော့ ဒီကိုရောက်လာတာလဲ။ မင်းက ဒီလို ကစားနည်းတွေကို မကြိုက်ဘူးမဟုတ်လား"

လင်းထင်က ပြောလာသည်။ "အမေ့ဘက်မှာ ပြင်းစရာကောင်းလို့ ကျွန်မ အာ့ကောကို လာရှာတာပါ"

သူမသည် ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ ပြောလိုက်လေသည်။ "ခုနတုံးကတောင် ဥယျာဉ်ထဲမှာ အစ်မကြီးကို တွေ့လိုက်သေးတယ်"

သူမက လင်းစွေ့ အကြောင်း ထုတ်ပြောလာသည်ကို ကြားလိုက်ရချိန်တွင် လင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာအမူအရာကလည်း သိသိသာသာ သဘောမကျ ဖြစ်သွားတော့သည်။ "သူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ"

"မသိပါဘူး။ တစ်ယောက်ယောက်က ခေါ်လာခဲ့တာပဲဖြစ်မှာပေါ့"

လင်းထင်ကတော့ ဘာမှဂရုမစိုက်သလို ပြောလိုက်လေသည်။ သူမသည် ဘေးကအစေခံမိန်းကလေးကို တစ်ချက်လောက် ခေါင်းငဲ့ကြည့်လိုက်ကာ ထိုအစေခံမလေးကလည်း ရှေ့သို့တက်လာပြီး ဒေါသထွက်နေသည့် လေသံဖြင့် ပြောလိုက်လေသည်။ "ဒုတိယသခင်လေး ကျွန်တော်မျိုးမ မပြောသင့်မှန်း သိပါတယ်။ ဒါပေမဲ့ ပထမသခင်မလေးက ခုနတုန်းက တခြားသူနဲ့စကားပြောရင်း သခင်လေးအကြောင်းကို ထည့်ပြောနေလို့ ..."

"သူက ငါ့အကြောင်း ဘာပြောနေတာလဲ"

"သူက ... သူက တခြားလူကို ပြောပြနေတာ ... သခင်လေးက စိတ်ထားယုတ်မာတယ်တဲ့။ သခင်လေးက သူ့မောင်လေးကို စာမေးပွဲမဖြေနိုင်အောင် လုပ်ခဲ့တာတဲ့"

လင်ဟန်သည် အလွန်ဒေါသထွက်သွားပြီး နောက်ပြန်လှန်ကျတော့မတတ် ရယ်မောလေတော့သည်။ "ကောင်းလိုက်လေ ! ငါက အစတုန်းက အဲဒီကောင်စုတ်လေးကို မသတ်ပစ်ခဲ့လို့ သူက ငါ့အပေါ် မကျေမနပ် ဖြစ်နေတာပေါ့လေ။ ရွှံ့ခြေထောက်က ကျင့်ရှီ ဖြစ်ချင်နေသေးတာလား"

လင်းထင်က လက်ကာပြလိုက်ကာ အစေခံမိန်းကလေးကို နောက်ပြန်ဆုတ်ခိုင်းလိုက်၏။ အစေခံမိန်းကလေး ထွက်ခွာသွားမှ သူမက ရှေ့သို့တိုးလာပြီး လင်းဟန်ကို လေသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်လေသည်။ "အာ့ကောက ဘာဖြစ်လို့ အစ်မကြီးနဲ့သွားပြီး ထိပ်တိုက်တွေ့နေရမှာလဲ။ အာ့ကောလဲ သိသားပဲ။ သူက ငယ်ငယ်လေးကတည်းက ရွာမှာကြီးပြင်းလာတာ။ စာပေလည်း နည်းနည်းပါးပါး လောက်ပဲ သင်ခဲ့ဖူးတာ။ အိမ်က လူတွေအပေါ် သံယောဇဉ်မရှိတာကလည်း ပုံမှန်ပါပဲ"

လင်းဟန်ကတော့ အေးစက်စက် နှာခေါင်းရှုံ့လိုက်၏။ "အမေကသူ့ကို အိမ်ခေါ်လာတာ နှစ်နှစ်တောင်ရှိသွားပြီ။ သူက နည်းနည်းလေးမှတောင် တိုးတက်မလာဘူး။ ဒါကြည့်ရတာ သူက ကျေးဇူးကန်းတဲ့ ဝံပုလွေမပဲ ဖြစ်ရမယ်။ ဒီလိုလူမျိုးကို အိမ်တော်မှာ ထားကိုမထားသင့်တာ"

လင်းထင်ကလည်း သက်ပြင်းတစ်ချက်။ချကာ ပြောလိုက်လေသည်။ "အမေ့ရဲ့မေတ္တာတွေကတော့ နှမြောစရာပဲ။ အစ်မကြီးကတော့ သူ့ရဲ့ရွာက မောင်လေးကိုပဲ မိသားစုဝင်အဖြစ် သဘောထားတာ။ ခုနတုန်းက သူပြောတာတောင် ကြားလိုက်သေးတယ် ... သူ့ရဲ့အဲဒီမောင်လေးကို ရွာမှာသွားတွေ့မလို့တဲ့"

လင်းဟန်၏ မျက်နှာအမူအရာသည် ညိုမည်းသွားပြီး တစ်စုံတစ်ခုကို စဉ်းစားနေဟန်တူ၏။

လင်းထင်က ဒီအခြေအနေကို မြင်လာသည်တွင် ဖျောင်းဖျကာ ပြောဆိုလေသည်။ "အာ့ကောက ဥယျာဉ်ထဲမှာ လူတွေနဲ့ မြှားပစ်ပြိုင်နေတာ။ ဘာများ စိတ်ဝင်စားစရာရှိလို့လဲ။ အားလုံးအတူတူ တောင်ထဲကို သွားလည်ကြတာ ပိုကောင်းတယ်။ အာ့ကောက အရင်တစ်ခါ တောင်ထဲကို အမဲလိုက်ထွက်တုန်းက မတော်တဆမှု တစ်ခုဖြစ်ခဲ့လို့ ကျွန်မကို ကတိပေးထားတဲ့ ယုန်ငယ်လေးတောင် ယူပြန်မလာနိုင်ခဲ့ဘူးလေ။ ဒီတခါတော့ စကားမတည်ဘဲ မလုပ်ရဘူးနော်"

လင်းထင်၏ စကားသည် လင်းဟန်ကို စိတ်လှုပ်ရှားသွားစေတော့၏။ သူသည် အစကတည်းက ပန်းကြည့်ခြင်းကို စိတ်ဝင်စားခြင်းမရှိချေ။ မိခင်ဖြစ်သူက ဒီလိုပွဲမျိုးကို မဖြစ်မနေ တက်ရောက်ရမည်ဟု မပြောထားခဲ့လျှင် သူ၏သူငယ်ချင်းတချို့ကလည်း ရောက်မလာခဲ့လျှင် သူသည်လည်း ရောက်လာမည် မဟုတ်ပေ။

"ကောင်းပြီလေ" ခဏလောက် စဉ်းစားလိုက်ပြီးနောက် လင်းဟန်သည် သဘောတူလိုက်တော့သည်။ သူ့လေသံကတော့ အနည်းငယ် ညို့မှိုင်းလို့နေ၏။ "အချိန်ကိုက်ပဲပေါ့။ တောင်ထဲကို အမဲလိုက်ထွက်ရင် လမ်းပြတစ်ယောက် လိုသေးတယ်။ အဲဒီကောင်လေးရဲ့ ခြေထောက်ကလည်း အနားယူထားတာ အချိန်အတိုင်းအတာ တစ်ခုအထိရှိနေပြီ။ အခုချိန်ဆိုရင်တော့ ကောင်းလောက်ရောပေါ့"

လင်းထင်သည် သူငယ်ချင်းများကို လှမ်းခေါ်ကာ တောင်ပေါ်သို့အတူတူ အမဲလိုက်ထွက်ရန် ဆွေးနွေးနေသည့် လင်းဟန်ကို ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းတောင့်မှ ယိုစိမ့်ထွက်လာသည့်အပြုံးကို လက်ကိုင်ပုဝါဖြင့် ဖုံးကွယ်ထားလိုက်တော့သည်။

လင်းစွေ့ကို ဖျက်ဆီးပစ်ဖို့က တကယ်တော့ လွယ်ပါတယ်။ သူ့အလေးထားရဆုံးလူကို ဖယ်ရှားပစ်လိုက်ရုံပဲ။ သူ့ရဲ့အဲဒီပေါက်ကွဲလွယ်တဲ့ စရိုက်နဲ့ ... ဒီကိစ္စက အာ့ကောနဲ့ ပတ်သက်နေမှန်းသာ သိသွားရင် လင်းမိသားစုဝင် အားလုံးကိုပါ သေချာပေါက် ဒေါသထွက်မှာပဲ။ ဒီကိစ္စက ကြီးကျယ်လာတဲ့အခါ သူလည်း လင်းမိသားစုနဲ့ လက်တွဲဖြုတ်သွားရုံပဲ ရှိတော့တာပေါ့။

လင်းထင်သည် လင်းစွေ့ကို မည်သို့ထိန်းချုပ်ရမည့်အကြောင်း အစောကြီးကတည်းက သိထားပြီးသားပင်။ မဟုတ်လျှင် သူမသည် လင်းစွေ့၏ အမေနှင့် ဆက်ဆံရေးကို အလွယ်တကူ သွေးခွဲနိုင်လိမ့်မည် မဟုတ်ချေ။ မိခင်ဖြစ်သူကလည်း တခြားသူများက သူမကို ဆန့်ကျင်ခြင်းကို အမုန်းဆုံးပင်။ လင်းစွေ့ကတော့ သူမကိုယ်သူမ သမီးအရင်းဟု မှတ်ကာ အပြောအဆိုနှင့် လုပ်ရပ်များကို ထိန်းချုပ်မှုမရှိခဲ့ချေ။ တကယ်ကို တုံးအလွန်းပေသည်။

အာ့ကောက သူမအတွက် အတားအဆီးတွေကို ရှင်းလင်းပေးပြီးတဲ့အခါ အဲဒီအချိန်ကျရင် အဖေကလည်း ဒီသမီးအရင်းကို ထပ်ပြီးနှမြောနေရင်တောင်မှ သူက လင်းစွေ့ရဲ့ စကားလုံးတွေကြောင့် သိပ်မကြာခင်မှာပဲ စိတ်ထိခိုက်သွားမှာပဲ။ တကယ်လို့ အဖေက သူမအပေါ် မျှော်လင့်ချက် မဲ့သွားပြီဆိုရင် လင်းစွေ့က ဘာလုပ်တော့မှာလဲ။

လင်းစွေ့က သူမကို လင်းအိမ်တော်မှာ မနေစေချင်ဘူး။ သူမကရော လင်းမိသားစုမှာ လင်းစွေ့ တစ်ယောက် ပိုလာတာကို မျှော်လင့်မယ် ထင်နေလို့လား။ သူမက လင်းမိသားစုမှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာတာ။ လင်းအိမ်တော်က သူမရဲ့အိမ်ပဲ။

အန်းရှီ စစ်သူကြီးမှာလည်း သမီးတစ်ယောက်ပဲရှိရမယ်။ အဲဒီသမီးကလည်း သူမ ... လင်းထင်ပဲ။

....

All Chapters