အခန်း (၃၁၆၆-၃၁၇၀)
Vol. 162 Ch. 3166-3170
Chapter 3166
ယခုလက်ရှိချိန်တွင် နတ်ဆိုးကျင့်ကြံသူစစ်စခန်းတစ်ခုလုံး လင်ကျိုးစီရင်စုဘက်မှ ခြုံခိုတိုက်ခိုက်မည်ကို သိရှိထားပြီးဖြစ်သည်။အကယ်၍ သူတို့သည် လူများထပ်မံ၍စေလွှတ်ပါက သူတို့အား အသေခံရန်သွားခိုင်းသည်နှင့် ကွဲပြားခြားနားမှုရှိမည်မဟုတ်ချေ။
လုယွီ၏တန်ပြန်အစီအစဥ်၌ ပြဿနာရှိနေလေပြီ။တစ်ဖက်လူများသည် ရူးသွပ်နုံအသူများမဟုတ်ချေ။ရှောင်တခင်တိုက်ခိုက်မှုတိုင်း အောင်မြင်နိုင်ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။
"အရှင်...ဖြစ်နိုင်တာတော့ အဲ့ဒီစစ်သားတွေကို အသေခံခိုင်းပြီးတော့ ထွက်ပေါက်တစ်ခုကို ရှာနေတာလား"
ချင်ယုက ရုတ်တရက် မေးမြန်းလိုက်၏။
ထိုအကြောင်းကို စဥ်းစားတွေးတောပြီးနောက် သူသည် ထိုအဖြေတစ်ခုတည်းကိုသာ ရရှိခဲ့သည်။
လုယွီက သူ၏လက်ကိုဝှေ့ယမ်းပြကာ တည်ငြိမ်စွာ ပြောဆိုသည်။
"မင်း လုပ်ဖို့လိုအပ်တာက ဒီအတိုင်း ဆက်လုပ်နေဖို့ပဲ...အခုချိန်မှာ ငါ မင်းကို ဘာမှပြောမပြနိုင်သေးဘူး"
လုယွီသည် ထိုကိစ္စနှင့်ပတ်သတ်၍ နှုတ်ဆိတ်နေဖြင့် မည်သူမျှ ဆက်လက်၍မေးမြန်းခြင်းမပြုတော့ချေ။
အကယ်၍ ဤကိစ္စမျိုးသာ တခြားစီရင်စုများတွင်ဖြစ်ပွားပါက လက်အောက်ငယ်သားများအကြားတွင် အမိန့်ဖီဆန်မှုများ ဖြစ်ပွားလာမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ယခင်ကိစ္စတချို့ကို ရင်ဆိုင်ကြုံတွေ့ပြီးနောက် စစ်တပ်အတွင်း၌ဖြစ်စေ လင်ကျိုးစီရင်စုအတွင်း၌ဖြစ်စေ လုယွီသည် အကြွင်းမဲ့အခွင့်အာဏာရှိသူပင်။သူတို့အနက်မှအများစုသည် လုယွီ၏စကားများအပေါ် သံသယမဝင်ကြချေ။
"သူ မလွတ်မြောက်နိုင်တော့ဘူး"
ကျန်းရွှမ်စဲက လုယွီ၏အစီအစဥ်ကိုကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"နန်းတွင်းစာမေးပွဲရဲ့စည်းမျဥ်းတွေအရ ဖြေဆိုသူက စီရင်စုတစ်စုရဲ့စီရင်စုသခင်တစ်ယောက်ဖြစ်ဖို့ လိုအပ်တယ်...တကယ်လို့ သူ့ရဲ့လူတွေကိုခေါ်ပြီး လင်ကျိုးစီရင်စုကနေ ထွက်ခွာသွားမယ်ဆိုရင်...သူ့ရဲ့လင်ကျိုးစီရင်စုသခင်ဆိုတဲ့ရာထူးက အမည်ခံအရပဲကျန်တော့မယ်...အဲ့ဒီအချိန်ကျရင် သူ နန်းတွင်းစာမေးပွဲကို ကျရှုံးသွားလိမ့်မယ်"
ဤအချိန်အခိုက်အတန့်တွင် တခြားစစ်ဆေးရေးမှူးများသည် မိန်းမောတွေဝေနေရာမှ နိုးထလာကြ၏။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ အချိန်အတော်ကြာ နစ်မြောနေပြီးနောက် သူတို့သည် ပြင်ပရှိ အစစ်အမှန်အခြေအနေကို မေ့လျော့နေကြလေပြီ။
ဤသည်က နန်းတွင်းစာမေးပွဲပင်။
အကယ်၍ လုယွီသာ အမှန်တကယ်ရှောင်တိမ်းသွားပါက သူ နန်းတွင်းစာမေးပွဲကျရှုံးသည့်ရလဒ်တစ်ခုတည်းကိုသာ ရရှိနိုင်ပေမည်။
လုယွီသည် နောက်ဆုံးအချိန်အခိုက်အတန့်ထိ လင်ကျိုးစီရင်စုကို လက်လွှတ်၍မရဟု ဆိုနိုင်သည်။
"ဒါပေမယ့် နတ်ဆိုးကျင့်ကြံသူတွေရဲ့ထောင်ချောက်ထဲကို စစ်သားတွေစေလွှတ်နေတာက အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်ပဲ...သူတို့က လင်ကျိုးစီရင်စုဘက်ကနေ စစ်သားတွေပိုပြီးစေလွှတ်ဖို့တောင် မျှော်လင့်နေကြအုံးမယ်...ဒီနည်းလမ်းနဲ့ သူတို့က လုယွီဘက်က အင်အားတွေကို ပြုန်းတီးအောင် လုပ်နိုင်တယ်"
စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
"ဟူး ငါ နားမလည်နိုင်ဘူး...ငါ တကယ့်ကို နားမလည်နိုင်တော့ဘူး"
ဤသည်က လူတိုင်း စဥ်းစားတွေးတောနေသော ပြဿနာပင်။
လင်ကျိုးစီရင်စုအတွင်း၌ လူတိုင်း ကျီးလန့်စာစားဖြစ်နေကြ၏။
တစ်လကြာခန့် ရှောင်တခင်တိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ပြီးနောက် လင်ကျိုးစီရင်စုအတွင်းရှိ စစ်သားအရေအတွက် သိသိသာသာ လျော့ကျသွားသည်။
ပြင်ပရှိ နတ်ဆိုးကျင့်ကြံသူများသည် စမ်းသပ်သည့်အနေဖြင့် လင်ကျိုးမြို့ကို ဘက်ပေါင်းစုံမှနေ၍ တိုက်ခိုက်မှုတချို့ကို ပြုလုပ်ခဲ့သည်။လင်ကျိုးစီရင်စုအတွင်းရှိစစ်သားများ ပြင်ပသို့ထွက်၍ တိုက်ခိုက်သော်လည်း သူတို့သည် ပုန်ကန်သူစစ်သားများ၏ တိုက်ပွဲဝင်ဝင်္ကပါကြီးအတွင်းသို့ ကျရောက်သွားသည်။
ဤသည်က ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ခြင်းမျိုးမဟုတ်ဘဲ တိုက်ပွဲဝင်ဝင်္ကပါဖွဲ့စည်း၍ ပြောင်ပြောင်တင်းတင်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းပင်။
တိုက်ပွဲများ ဆက်တိုက်ဆိုသလိုတိုက်ခိုက်ပြီးနောက် လင်ကျိုးစီရင်စုအတွင်းရှိစစ်သားများ၏ သံချပ်ကာနှင့်ခေါင်းစွပ်များ နေရာအနှံ့ပြန့်ကျဲနေကာ အသေအပျောက်အရေအတွက်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောပမာဏသို့ ရောက်ရှိသွားလေပြီ။
မြို့ရိုးများပေါ်ရှိ ခုခံကာကွယ်နေသူများနေရာတွင် သေမျိုးများရောက်ရှိသွားကာ လင်ကျိုးစီရင်စုမှလူများသည် အဆုံးစွန်ဆုံးအဆင့်ထိ စိတ်ဓာတ်ကျဆင်းနေကြလေ၏။
ချင်ယုနှင့်လျှိုမင်တို့ပင်လျှင် ဒေါသတကြီးဖြင့် လုယွီကို လာရောက်ရှာဖွေကြသည်။
ဤအချိန်အတောအတွင်းတွင် သူတို့ဘက်ရှိလူများအနက်မှ အများစု သေဆုံးသွားလေပြီ။
အကယ်၍ သူတို့သာ မြို့ကိုဆက်လက်၍ ခုခံကာကွယ်နေပါက လူအမြောက်အများသေဆုံးသွားမည်မဟုတ်ချေ။သို့ရာတွင် မြို့ပြင်ပရှိပြင်းထန်သောတိုက်ပွဲများကြောင့် နတ်ဆိုးကျင့်ကြံသူများ၏တိုက်ခိုက်မှုအောက်တွင် လူအများစုသည် အသက်ရှင်သန်နိုင်ခြင်းမရှိချေ။
ဤသည်က သေချာပေါင်ရှောင်လွှဲရမည့် ကိစ္စမျိုးဖြစ်သော်လည်း လုယွီသည် မှားယွင်းစွာ ဆုံးဖြတ်ချက်ချခဲ့သည်။
သူတို့ နားမလည်နိုင်ချေ။မည်သည့်နည်းနှင့်မျှ သူတို့ နားလည်ပေးနိုင်စွမ်း မရှိတော့ပေ။
ချင်ယုနှင့်လျှိုမင်တို့သည် စစ်ဗိုလ်ချုပ်များဖြစ်နေသည့်တိုင် လက်အောက်ငယ်သားများ၏ဒေါသများကို ထပ်မံ၍ဖိနှိပ်ထားနိုင်စွမ်းမရှိတော့ချေ။သူတို့၏စိတ်နှလုံးသားများအတွင်းမှ ဒေါသမီးတောက်များသည် ဤအချိန်အခိုက်အတန့်တွင် ပွင့်အံ့ထွက်လာလေ၏။
လူတိုင်းသည် လင်ကျိုးစီရင်စုရုံးတော်ရှေ့၌ စုဝေးနေကာ လုယွီ မည်သည့်အရာအား ပြုလုပ်လိုသည်ကို မေးမြန်းလိုကြသည်။
သို့ရာတွင် မကြာမီမှာပင် သတင်းတစ်ခုက လင်ကျိုးစီရင်စုအတွင်း၌ ပျံ့နှံ့သွားသည်။လင်ကျိုးစီရင်စုသခင်သည် အခြေအနေကိုရှာဖွေဖော်ထုတ်ကာ ဂရုတစိုက် လေ့လာဆန်းစစ်နေသည်။
ထို့နောက်ဆက်ဖြစ်လာသော အချိန်ကာလများအတွင်းတွင် လင်ကျိုးစီရင်စုမှနေ၍ ပြင်ပသို့ထွက်ခွာ၍ ရှောင်တခင်တိုင်ခိုက်သည့်အကြိမ်ရေ လျော့နည်းသွားသော်လည်း လုယွီသည် လုံးလုံးလျားလျား ရပ်တန်ခဲ့ခြင်းမရှိချေ။
Chapter 3167
မျက်တောင်တခတ်စာအချိန်အတွင်းမှာပင် နွေရာသီကုန်ဆုံးသွားကာ ဆောင်းရာသီသို့ ရောက်ရှိလာလေပြီ။
လေထုအတွင်း၌ အေးစက်စက်နှင်းပွင့်လွှာများ ရှေ့နောက်မျောလွင့်စပြုလာသည်။လင်ကျိုးမြို့ရိုးများ၏ဘေးတွင်ရှိသော နှင်းများဖြင့်ဖန်တီးထားသော နှင်းမြေခွေးအတွင်းမှနေ၍ ထက်ရှသောဓားချီများ ထွက်ပေါ်လာကာ မြို့ရိုး၏အစွန်၌ ပျံဝဲနေသည်။
လင်ကျိုးစီရင်စုသည် ဓားဝင်္ကပါကြီးကိုအမှီပြု၍ နတ်ဆိုးကျင့်ကြံသူများ၏တိုက်ခိုက်မှုကို ထပ်ခါတလဲလဲ ကာကွယ်ခဲ့သော်လည်း နေ့စဥ်နေ့တိုင်း သေဆုံးမှုနှုန်း လွန်စွာမြင့်မားသည်။
ဤအချိန်အတောအတွင်းတွင် ဓားသခင်ချင်းမူသည်လည်း သေဆုံးသွားလေပြီ။
သူသည် အလွန်စိတ်ဓာတ်ကျဆင်းမှုကို ခံစားရသဖြင့် လူများတိတ်တဆိတ်စေလွှတ်၍ မြို့ပြင်ရှိနတ်ဆိုးကျင့်ကြံသူများထံ ဆက်သွယ်ကာ သူ၏ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဥ်တားမြစ်မန္တန်ကို ပယ်ဖျက်ပေးရန် အကူအညီတောင်းဆိုခဲ့သည်။
သူသည် သတိကြီးစွာထားကာ မည်သည့်အရာကိုမျှ သူ ကိုယ်တိုင်ကိုယ်ကျ မပြုလုပ်ခဲ့ချေ။သူ၏လက်အောက်ငယ်သားများကိုသာ အမိန့်ပေး၍ ခိုင်းစေခဲ့လေ၏။
ဤသည်က အပြစ်အနာအဆာမရှိသော အစီအစဥ်အစဥ်တစ်ခုဖြစ်သော်လည်း သူသည် လုယွီ၏နည်းလမ်းများကို လျှော့တွက်ခဲ့မိသည်။
ဓားသခင်ချင်းမူသည် သူ့အား သစ္စာဖောက်ခဲ့သည်ကို ကြားသိပြီးနောက် လုယွီသည် ချက်ချင်းဆိုသလိုပင် ဓားသခင်ချင်းမူကို သတ်ဖြတ်လိုက်သည်။
ဓားသခင်ချင်းမူ မရှိတော့သဖြင့် သစ်သားစိမ်းဓားဂိုဏ်းသည် သဲပုံတစ်ပုံကဲ့သို့ ဖြစ်သွားသည်။ဂိုဏ်းအတွင်းမှ တကွဲတပြားစီဖြစ်နေသော ကျင့်ကြံသူများကို လုယွီက လင်ကျိုးစီရင်စု၏အစောင့်တပ်အတွင်းသို့ ထည့်သွင်းလိုက်၏။
ဤတစ်ကြိမ်တွင် လုယွီသည် မည်သည့်သနားညှာတာမှုမျှ ပြသခြင်းမရှိချေ။
သစ်သားစိမ်းဓားဂိုဏ်းသာမက လင်ကျိုးစီရင်စုအတွင်းရှိ တခြားဂိုဏ်းများမှ အစွမ်းထက်ကျင့်ကြံသူများသည်လည်း လုယွီ၏ အတင်းအကြပ်ဖိအားပေးမှုကြောင့် သူတို့ထံတွင် ရွေးချယ်စရာမရှိတော့ဘဲ အစောင့်တပ်အတွင်းသို့ ဝင်လိုက်ရသည်။
မည်သူတစ်ဦးတစ်ယောက်မျှ ထိုကိစ္စကို မငြင်းဆန်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူ လင်ကျိုးစီရင်စုသည် နောက်ဆုံးအချိန်အခိုက်အတန့်သို့ ရောက်ရှိနေသည်ကို လူတိုင်း တွေ့မြင်ထားပြီးလေပြီ။
လုယွီက မတ်တတ်ထရပ်ကာ မြို့ရိုးပေါ်၌လမ်းလျှောက်ရင်း ကျယ်ပြန့်သောကမ္ဘာလောကကိုကြည့်လိုက်သည်။
ဤနေရာရှိအရာအားလုံးသည် အိမ်မက်တစ်ခုသက်သက်ပင်။
ထို့ကြောင့် လုယွီ၏အမြင်အရ ဤနေရာရှိအရာရာတိုင်းသည် သူ စွန့်လွှတ်၍ရသော နယ်ရုပ်များဖြစ်သည်။
လင်ကျိုးစီရင်စုအတွင်းရှိ လူအမြောက်အများ သေဆုံးသွားခဲ့သော်လည်း သူတို့၏သေဆုံးခြင်းသည် လုယွီ၏စိတ်အတွင်းမှ ရည်မှန်းချက်တစ်ခုအတွက် ထွင်းဖောက်ထားသောလမ်းကြောင်းတစ်ကြောင်းပင်။
"မြို့ထဲမှာ အခု လူ ဘယ်လောက်များများကျန်သေးလဲ"
"အရှင့်ကို သတင်းပို့ပါတယ်...အခုမြို့ထဲမှာ ကျန်တဲ့လူဦးရေက သုံးသိန်းမပြည့်တော့ဘူး"
မှတ်တမ်းစာရေး၏သတင်းပို့မှုကိုကြားချိန်တွင် လုယွီက ခေါင်းညိတ်ပြလိုက်သည်။ဤသည်က နောက်ဆုံးအကန့်အသတ်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
အတိတ်တွင် လင်ကျိုးစီရင်စုအတွင်း၌ လူဦးရေသုံးသန်းကျော်ရှိခဲ့သည်။
ယခုချိန်၌ လူဦးရေဆယ်ပုံတစ်ပုံခန့်သာ ကျန်ရှိတော့ပေ၏။မြို့ကိုကာကွယ်ရန် မဆိုထားနှင့် သူတို့ကိုယ်တိုင် ဆက်လက်၍အသက်ရှင်ရန်ပင် လွန်စွာခက်ခဲနေလေပြီ။
နှစ်ကူးပွဲတော်နေ့မှစတင်၍ လင်ကျိုးစီရင်စုသည် တစ်နှစ်နီးပါးခန့် တောင့်ခံထားနိုင်ခဲ့သည်။ဤဆောင်းရာသီကုန်ဆုံးသွားသည်နှင့် လုယွီသည် နန်းတွင်းစာမေးပွဲကို ဖြတ်ကျော်နိုင်လေပြီ။
"သူ့ရဲ့လုပ်ဆောင်ချက်တွေက...နည်းဗျူဟာအရပဲဖြစ်ဖြစ် သူ့ရဲ့ဇွဲသတ္တိ ဒါမှမဟုတ် သူ့ရဲ့ကိုယ်ပိုင်အသိဥာဏ်ပေါ်မှာပဲဖြစ်ဖြစ် ထိပ်တန်းအဆင့်ပဲ...အခက်ခဲဆုံးအချိန်တွေအတွင်းမှာပဲ လူတစ်ယောက်ရဲ့အရည်အချင်းကို ငါတို့က တွေ့မြင်နိုင်တယ်...တကယ်လို့ နန်းတွင်းစာမေးပွဲသာပြီးဆုံးသွားရင် သူက ပထမဖြစ်လိမ့်မယ်လို့ ငါ ထင်တယ်"
စစ်ဆေးရေးမှူးတစ်ယောက်က ကောက်ချက်ချလိုက်၏။
မည်သူကမျှ ငြင်းဆန်ခြင်းမပြုချေ။
စစ်ဆေးရေးမှူးများအားလုံး လုယွီ၏အရည်အချင်းကို အသိအမှတ်ပြုကြသည်။
"သူ နန်းတွင်းစာမေးပွဲကိုအောင်မြင်မှ ဆက်ပြောကြတာပေါ့"
အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောဆိုသည်။
အိမ်ရှေ့စံမင်းသားသည် အစမှအဆုံးထိ စကားတစ်ခွန်းမျှ ပြောဆိုခဲ့ခြင်းမရှိချေ။
ဤတစ်ကြိမ်တွင် သူ ပထမဆုံး စကားစတင်ပြောဆိုခဲ့ခြင်းဖြစ်သဖြင့် စစ်ဆေးရေးမှူးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ယခုချိန်တွင် ရှန်လင်းလုံသည် တော်ဝင်မြို့တော်၌ ရှိမနေသဖြင့် အိမ်ရှေ့စံမင်းသားသည် နန်းတွင်းစာမေးပွဲ၏နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးနိုင်သူပင်။အကယ်၍ သူသာ ပြောဆိုခြင်းမရှိပါက မည်သူကမျှ လုယွီကို ပထမနေရာအတွက် ထောက်ခံပေးဝံ့မည်မဟုတ်ချေ။
အိမ်ရှေ့စံမင်းသားသည် ရှထန်ကန်းကို မျက်နှာသာပေးနေသည်ကို တချို့လူများက သိရှိထားလေ၏။သူသည် ဤတစ်ကြိမ်တွင်လည်း လုယွီအတွက် ခက်ခဲသောပြဿနာများကို တမင်သက်သက် စီစဥ်ထားခဲ့သလော။
စစ်ဆေးရေးမှူးများ တိုင်ပင်ဆွေးနွေးနေစဥ်မှာပင် ပြင်းထန်သော လေပြင်းတစ်ချက် ဝှေ့ယမ်းတိုက်ခတ်သွားခြင်းနှင့်အတူ နတ်ဆိုးကျင့်ကြံသူများ၏စစ်စခန်းဘက်မှနေ၍ အလံများ လွှင့်ထူလိုက်၏။
မိုးကောင်းကင်ယံအတွင်း၌ နတ်ဆိုးသားရဲအမြောက်အများနှင့် ပြည့်နှက်နေသည်။နတ်ဆိုးကျင့်ကြံသူများသည် အင်အားပြည့် ချီတက်လာလေပြီ။ပုန်ကန်သူစစ်သားတစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်မှနေ၍ အနီရောင်အလင်းတန်းများ ဖြာထွက်နေသည်။သူတို့၏နောက်တွင် နတ်ဆိုးကျင့်ကြံသူများသည် မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆို၍ ပုန်ကန်သူစစ်တပ်ကို ကူညီထောက်ပံပေးနေသည်။
Chapter 3168
ပုန်ကန်သူများသည် ဤတစ်ကြိမ်တွင် နောက်ဆုံးထိုးစစ်ဆင်မှုကို စတင်လိုက်လေပြီ။
တိုက်ပွဲ မစတင်သေးမီမှာပင် လင်ကျိုးစီရင်စုအတွင်းရှိ လူများအားလုံး တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ခံစားနေရလေ၏။
လင်ကျိုးစီရင်စု၏ ယခုလက်ရှိ ခုခံကာကွယ်မှုအင်အားဖြင့် ပထမအကျော့တိုက်ခိုက်မှုအောက်တွင် သူတို့ အသက်ရှင်သန်နိုင်ရန်ပင် မသေချာချေ။
ချင်ယုသည် အဝေးမှချီတက်လာသော ပုန်ကန်သူစစ်တပ်ကြီးကိုကြည့်ပြီး သူ၏ဦးရေပြား ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။သူက လုယွီကိုကြည့်၍ မေးမြန်းလိုက်၏။
"အရှင်...ငါတို့ ဘာလုပ်သင့်လဲ"
ချင်ယု၏နံဘေးတွင်ရှိနေသော စစ်သားများကလည်း လုယွီကို ကြည့်လိုက်ကြသည်။
ဤအချိန်တွင် သူတို့အတွက် လွတ်လမ်းမရှိတော့ချေ။
သူတို့၏နောက်တွင် လင်ကျိုးစီရင်စုသာ ရှိနေသည်။သူတို့ မည်သည့်နေရာတွင် ပုန်းအောင်းနေပါစေ နတ်ဆိုးကျင့်ကြံသူများ ရှာဖွေတွေ့ရှိသွားမည်ဖြစ်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံရပေမည်။
သူတို့ မသေဆုံးမီ အစွမ်းကုန်ခုခံကာကွယ်သွားသည်က ပို၍ကောင်းမွန်ပေမည်။
လက်ရှိနေရာတွင်ရှိနေသော သေမျိုးများနှင့်ရှီထျန်းနယ်ပယ် ကျင့်ကြံသူများ၏မျက်လုံးများအတွင်း၌ပင် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှိနေကာ သေဆုံးသည်အထိ တိုက်ခိုက်ရန်အတွက် အဆင်သင့်ဖြစ်နေကြသည်။
လူတိုင်း၏မျက်လုံးအကြည့်များက လုယွီထံတွင် စူးစိုက်၍ကျရောက်နေသည်။
လုယွီသည် တစ်ယောက်တည်းဖြစ်ပုံရသော်လည်း သူ၏နောက်တွင် လင်ကျိုးစီရင်စု၏ကံကြမ္မာ ရှိနေလေ၏။
သူ၏နံဘေးပတ်ဝန်းကျင်ရှိ လူများကိုကြည့်ပြီး လုယွီက ပြောဆိုသည်။
"အခု ငါ့ရဲ့အမိန့်ကို မင်းတို့ နားထောင်ကြစမ်း...စစ်သည်တွေအားလုံး စီရင်စုကနေ ဆုတ်ခွာမယ်"
ဘာ....
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားသည်။
ဤသည်က စစ်တပ်ကို နောက်ဆုတ်ရန်အတွက် လုယွီ အမိန့်ပေးသော ပထမဆုံးအကြိမ်ပင်။
အတိတ်တွင် မည်ကဲ့သို့အခြေအနေမျိုးနှင့် သူတို့ ရင်ဆိုင်ကြုံတွေ့ရသည်ဖြစ်စေ စစ်သားများသည် နောက်မဆုတ်စတမ်း ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ဆုတ်ခွာရန်အတွက် အမိန့်ပေးလိုက်လေပြီ။
ချင်ယုက အံ့တင်းတင်းကြိတ်၍ ပြောဆိုလေ၏။
"အရှင်...တကယ်လို့ မြို့ရိုးကျသွားရင် လင်ကျိုးစီရင်စုထဲက ခုခံကာကွယ်မှုတွေက တိုက်ခိုက်မှုတစ်ခုကိုတောင် ခုခံနိုင်မှာမဟုတ်ဘူး...ဘယ်လိုကိစ္စမျိုးပဲရှိရှိ ငါတို့က မြို့ရိုးကို အရင်ဆုံးခုခံကာကွယ်ရမယ်"
"ချင်ယု....ငါ့အမိန့်ကို နာခံစမ်း"
လုယွီက ချင်ယုကိုကြည့်ကာ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုသည်။
ချင်ယုသည် စိတ်အတွင်း၌ သံသယများရှိနေသော်လည်း လုယွီထံတွင် စစ်တပ်ကိုအမိန့်ပေးနိုင်သော အကြွင်းမဲ့အာဏာရှိနေကြောင်း သူ သိရှိပြီးဖြစ်သည်။သူ မဖြစ်မနေ သဘောတူညီရပေမည်။
စစ်သားများအားလုံးသည် မြို့ရိုးပေါ်မှနေ၍ အစီအစဥ်တကျ ဆုတ်ခွာလိုက်ကြ၏။
မြို့ရိုးမှထွက်ခွာလာစဥ်တွင် လူအများစုသည် စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသော်လည်း တချို့လူများသည် နောင်တစ်ချိန်တွင် မည်သည့်အရာများအား ရင်ဆိုင်ရမည်ကိုတွေးတောပြီး ထိတ်လန့်ကြောက်ရွံနေသည်။
အလွန်လက်တွေ့ဆန်သော ပြဿနာတစ်ရပ်က သူတို့၏ရှေ့သို့ ရောက်ရှိနေလေပြီ။
အကယ်၍ မြို့ရိုးကျသွားပါက သူတို့ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း...
သူတို့အားလုံး လင်ကျိုးစီရင်စုရုံးတော်၌ စုဝေးသွားကြသည်။ဖြစ်နိုင်သည်မှာ သူတို့သည် နတ်ဆိုးကျင့်ကြံသူများ၏ တိုက်ခိုက်မှုကို ဤနေရာမှနေ၍ ခုခံကာကွယ်ရမည်လော....
လူတိုင်း ထွက်ခွာသွားပြီးနောက် ချင်ယုတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့သည်။
"စီရင်စုသခင်...တကယ်လို့ မင်း တစ်ယောက်တည်း ဒီနေရာမှာကျန်နေခဲ့ပြီးတော့ ဆုတ်ခွာဖို့အတွက် ကာကွယ်ပေးမယ်ဆိုရင် ငါ သဘောမတူနိုင်ဘူး...ငါ ချင်ယုက လင်ကျိုးစီရင်စုရဲ့ အစောင့်စစ်ဗိုလ်ချုပ်ပဲ....တကယ်လို့ ဆုတ်ခွာမှုကို ကာကွယ်ပေးရမယ်ဆိုရင် ဒါက ငါ လုပ်သင့်တဲ့ကိစ္စပဲ"
ချင်ယုက သူ၏ဓားကိုမြှောက်ကာ ပြောဆိုသည်။
လုယွီက တည်ငြိမ်စွာ တုံ့ပြန်ပြောဆိုလေ၏။
"မင်း သေရမှာကို ကြောက်လား"
"သေရမှာကို ကြောက်တာလား....သေမှာမကြောက်တဲ့သူ ဘယ်သူရှိလို့လဲ...တကယ်လို့ ငါသာ သေမှာမကြောက်ဘူးဆိုရင် နတ်ဆိုးကျင့်ကြံသူတွေ စပြီးတိုက်ခိုက်လာကတည်းက ငါ့ရဲ့ဓားကိုမြှောက်ပြီး သူတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ပြီးနေလောက်ပြီ"
ချင်ယုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"ငါက လင်ကျိုးစီရင်စုမှာ မွေးဖွားလာခဲ့တာ....ငါ့ရဲ့မိဘတွေ ငါ့ရဲ့ကလေးတွေ...သူတို့အားလုံး လင်ကျိုးစီရင်စုထဲမှာရှိတယ်...တစ်ခါတစ်လေ ငါ ကျန်းမင်ဖုန်းကို မနာလိုအားကျဖြစ်မိတယ်...သူ သေသွားနိုင်တယ်...ဒါပေမယ့် ငါ သူ့လိုမျိုး သေသွားလို့မရဘူး...တစ်ခါတစ်ရံမှာ ငါ့မှာ တာဝန်ယူရတဲ့အရာတွေ ပိုပြီးများလာလေလေ ငါ မြန်မြန်သေပါစေလို့ ဆုတောင်းမိလေလေပဲ"
ထို့နောက် ချင်ယုက ခါးသည်းစွာပြုံးကာ ဆက်လက်၍ပြောဆိုသည်။
"တကယ်တော့...လွန်ခဲ့တဲ့နှစ်တွေမှာကတည်းက လင်ကျိုးစီရင်စုထဲမှာ ပုန်ကန်မယ့်အရိပ်အယောင်တွေ ရှိနေခဲ့တယ်...ဒါပေမယ့် ဒီနေရာက ဝေးလံခေါင်သီပြီးတော့ တော်ဝင်နန်းတွင်းကလည်း သိပ်ပြီးအာရုံမစိုက်ဘူး...သူတို့က ဒီနေရာကို မေ့လျော့တောင်နေကြအုံးမယ်...ဒီတစ်ကြိမ်မှာ ကြီးမားတဲ့ဘေးကပ်ဆိုးကြီး ဖြစ်ခဲ့တာတောင် တော်ဝင်နန်းတွင်းကနေ ဘာစစ်ကူမှရောက်မလာခဲ့ဘူး...သူတို့က ငါတို့တွေကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး"
"ဘယ်လိုကိစ္စမျိုးပဲရှိရှိ ငါက အစောင့်စစ်ဗိုလ်ချုပ်ဖြစ်နေတာကြောင့် အနှေးနဲ့အမြန် သေရမှာပဲ...နတ်ဆိုးကျင့်ကြံသူတွေ လိုက်လံဖမ်းဆီးပြီးတော့ သတ်ဖြတ်ခံရမှာထက်စာရင် ငါက သူတို့နဲ့မျက်နှာချင်းဆိုင်တိုက်ခိုက်ပြီးသေရတာ ပိုကောင်းလိမ့်မယ်...အနည်းဆုံးတော့ ငါ သေမသွားခင် နတ်ဆိုးကျင့်ကြံသူတချို့ကို သတ်ဖြတ်နိုင်ခဲ့ရင် အဝါရောင်စမ်းချောင်းကိုအတူသွားဖို့ အဖော်တွေပိုရတာပေါ့"
Chapter 3169
ချင်ယု စကားပြောဆိုနေစဥ်တွင် သူ၏အသံ၌ ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် ကျန်းမင်ဖုန်းကဲ့သို့ လင်ကျိုးစီရင်စုမြေပေါ်၌ သေဆုံးသွားရန် စိတ်ပိုင်းဖြတ်ထားပြီးလေပြီ။
လုယွီက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုသည်။
"ငါက ဒီနေရာမှာ သေဖို့အတွက် ပြင်ဆင်မထားဘူး...မင်းလည်း မသေရဘူး.. ပြီးတော့ ဘယ်သူမှ ထပ်သေဖို့ မလိုတော့ဘူး"
အမ်...
ချင်ယုသည် ကြက်သေသေသွားကာ အံ့အားသင့်စွာဖြင့် လုယွီကို ကြည့်လိုက်၏။
လုယွီက ပြောဆိုသည်။
"ငါ မင်းကို ရှင်းရှင်းလင်းလင်း မပြောနိုင်သေးဘူး...မြို့ထဲကိုအရင်ဆုံးသွားပြီးတော့ ကျန်နေတဲ့လူတွေအားလုံးကို စုစည်းလိုက်တော့...သူတို့အားလုံးကို လင်ကျိုးစီရင်စုရုံးတော်ဆီ သွားခိုင်းရမယ်...မြို့ထဲမှာ ဘယ့်သူကိုမှ နေခွင့်မပြုဘူး"
"ဒါဆိုရင် မင်းက ဒီနေရာမှာတစ်ယောက်တည်း နေခဲ့မလို့လား...မင်း ဘာတွေ ကြံစည်နေတာလဲ"
ချင်ယုသည် တစ်စုံတစ်ခုကို ပြောဆိုရန်ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်လိုက်သည်။
လုယွီသည် မြို့ကိုကာကွယ်ရန်အတွက် မြို့ရိုး၏နောက်တွင်နေကာ သူ့ကိုယ်သူ စတေး၍ တိုက်ခိုက်မည်ဟု ချင်ယုသည် ယခင်က တွေးထင်ခဲ့ပေ၏။
ယခုချိန်တွင် ကြည့်ရသည်မှာ လုယွီထံတွင် တခြားအစီအစဥ်တစ်ခု ရှိနေပုံပင်။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ငါ ဒီနေရာမှာ ရှိနေရင်...သူတို့တွေ တစ်ယောက်မှ မြို့ထဲကို ဝင်မလာနိုင်စေရဘူး"
ထိုစကားတစ်ခွန်းဖြင့်ပင် လုယွီ၏ခွန်အားကို သံသယဖြစ်ဖွယ်မရှိ ထုတ်ဖော်ပြသပြီးဖြစ်သည်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ သူသည် ပြင်ပလောကတွင်ကဲ့သို့ သူ၏တုန်လှုပ်ချောက်ချားဖွယ်စွမ်းအားကို ဖမ်းဆုပ်နိုင်ခြင်းမရှိသော်လည်း သူ့ထံ၌ ဝင်္ကပါပညာရပ်နှင့်ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ရှိနေလေ၏။
ထိုကျွမ်းကျင်မှုများကြောင့် သူ၏ကျင့်ကြံဆင့်နယ်ပယ်ထက် အဆများစွာ ပို၍များပြားသော ခွန်အားကိုရရှိစေကာ သူ့အား ထိုပုန်ကန်သူများရှေ့၌ ပြိုင်ဘက်ကင်းတည်ရှိမှုကြီးဖြစ်အောင် ကူညီထောက်ပံပေးနိုင်ပေမည်။
"ဒါဆိုရင် ငါ အရင်ဆုံး ထွက်သွားတော့မယ်"
လုယွီထံ၌ အစီအစဥ်တစ်ခုခု ရှိနေကြောင်းကို ချင်ယုက နားလည်သဘောပေါက်သွားသည်။သူ ဤနေရာ၌ ဆက်နေလျှင်လည်း အသုံးဝင်မည်မဟုတ်ချေ။
အဝေးတစ်နေရာ၌ ကောင်းကင်နှင့်မြေပြင် ပိတ်ဖုံးလုမတက် အလွန်များပြားသော ပုန်ကန်သူစစ်တပ်ကြီးသည် လင်ကျိုးစီရင်စုကို ဝါးမြိုရန်အတွက် ဒီရေအလား တလိမ့်လိမ့်ချီတက်လာကြ၏။
"တကယ်လို့ မင်းတို့က လင်ကျိုးစီရင်စုကို ဖျက်ဆီးချင်တယ်ဆိုရင်...မင်းတို့ တန်ကြေးပြန်ပေးဆပ်ရမယ်"
လုယွီ၏အသံတွင် အေးစက်တင်းမာမှုများ ရောယှက်နေသည်။
ရုတ်ချည်းဆိုသလိုပင် လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ အဆောင်လက်ဖွဲ့တစ်ခုက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
ထိုအဆောင်လက်ဖွဲ့မှနေ၍ တောက်ပသောရွှေရောင်အလင်းတန်းများ ဖြာထွက်နေပေ၏။ထိုအရာနှင့်တစ်ထပ်တည်းတူညီသော အဆောင်လက်ဖွဲ့ရှစ်ခုက လုယွီ၏နံဘေးပတ်လည်၌ လှည့်ပတ်၍ ပျံဝဲနေသည်။ထိုအရာများအားလုံးသည် ထက်ရှသောဓားများ၏ပုံသဏ္ဍာန်ရှိသည်။
မြို့ပြင်ပရှိဓားဝင်္ကပါသည် ပို၍ထူထပ်သိပ်သည်းပြီး ပြင်းထန်လာသည်။
ဓားချီများသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။အရှိန်နှုန်းအရဖြစ်စေ အင်အားအရဖြစ်စေ ထိုဓားဝင်္ကပါကြီးသည် ယခင်ထက် အဆများစွာ ပို၍အားကောင်းလာပေ၏။
ဝှစ်..ဝှစ်...ဝှစ်...
ဓားချီများဖြင့် ထိုးစိုက်မိသောအသံများကို ကြားနေရသည်။အဝေးမှပုန်ကန်သူစစ်သားများသည် နာကျင်စွာ အော်ဟစ်ညည်းတွား၍ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
မိုးကောင်းကင်ယံမှ အောက်သို့ဆင်းသက်လာသော နတ်ဆိုးမှော်သားရဲများသည် ပြင်းထန်သောဓားချီများအောက်တွင် သွေးမြူများအဖြစ် အရပ်မျက်နှာအဘက်ဘက်သို့ လွင့်စင်သွားလေ၏။
"လင်ကျိုးစီရင်စုသခင်...ဒီနေ့ မင်း သေချာပေါက် သေရမယ်"
ဒေါသတကြီးအော်ဟစ်ကြုံးဝါးသံတစ်သံက နတ်ဆိုးကျင့်ကြံသူများ၏စစ်စခန်းထံမှ ထွက်ပေါ်လာသည်။
ဤအော်ဟစ်ကြုံးဝါးသံတွင် ကောင်းကင်ယံကိုတုန်ခါသွားစေသောဖိအားအရှိန်အဝါတစ်ရပ် ပါဝင်နေပုံရသည်။လင်ကျိုးစီရင်စု မြို့တံခါးရှေ့ရှိ မြေပြင်သည် အလိုအလျောက် ကွဲထွက်သွားပေ၏။မြေပြင် ကွဲထွက်သွားပြီးနောက် သဲများနှင့် ကျောက်စကျောက်နများက နေရာအနှံ့အပြားသို့ လွင့်စင်သွားတော့သည်။
သို့ရာတွင် လုယွီသည် မျက်တောင်တစ်ချက်ခတ်သွားခြင်းမရှိချေ။
သူသည် နတ်ဆိုးကျင့်ကြံသူစစ်စခန်း၏နက်ရှိုင်းသောနေရာသို့ကြည့်ကာ ပြောဆိုလိုက်သည်။
"မင်း ငါ့ရှေ့ကိုရောက်လာတဲ့အချိန်ထိ ငါ စောင့်နေမယ်"
လင်ကျိုးစီရင်စုရုံးတော်...
ချင်ယုသည် မြို့အတွင်းရှိလူများအားလုံးကို ခေါ်ဆောင်ကာ စီရင်စုရုံးတော်အတွင်း၌ စုဝေး၍နေစေသည်။
သူတို့ ရောက်ရှိလာစဥ်တွင် စီရင်စုရုံးတော်၏တံခါးမကြီးရှေ့၌ ကြီးမားသောစစ်သင်္ဘောကြီးတစ်စင်း ထွက်ပေါ်လာသည်ကို မြင်တွေ့ရလေ၏။
ထိုစစ်သင်္ဘောကြီးသည် အလွန်ကြီးမားပြီး ကျယ်ဝန်းသည်။ဤသည်က မိုးကောင်းကင်ယံမှကျဆင်းလာသော ခံတပ်ကြီးတစ်ခုအလား မြေပြင်ပေါ်တွင် တည်ရှိနေသည်။လူများသည် သူတို့၏ခေါင်းများကိုမော့ကြည့်လိုက်ကြရာ စစ်သင်္ဘောကြီးသည် မည်သည့်အရာနှင့်တူညီနေသည်ကို သူတို့အားလုံး မြင်တွေ့မိတော့သည်။
"နဝမလွှသွား စစ်သင်္ဘောလား"
"အမှန်ပဲ...ဒါက နဝမလွှသွားစစ်သင်္ဘောပဲ...ငါတို့ဆီမှာ ဒီလိုအရာမျိုး တကယ်ကြီးရှိနေတာလား"
အစောင့်စစ်သားများအနက်မှ ပြင်ပတွင် နဝမလွှသွားသင်္ဘောကို မြင်တွေ့ဖူးသူတချိူ့သည် အံ့အားတသင့် အော်ဟစ်လိုက်ကြ၏။
ချင်ယုနှင့်လျှိုမင်တို့ပင်လျှင် သူတို့ရှေ့ရှိ ကြီးမားသောအရာဝတ္ထုကြီးကို မြင်တွေ့ချိန်၌ နေရာမှာပင် ကြက်သေသေနေကြသည်။သူတို့သည် မည်ကဲ့သို့ဆက်လုပ်ရမည်ကိုပင် မသိရှိတော့ပုံရသည်။
Chapter 3170
လင်ကျိုးစီရင်စုအတွင်း၌ မည်သည့်စစ်လက်နက်ပစ္စည်းများ ရှိနေသည်ကို သူတို့နှစ်ယောက်လုံး အတိအကျ သိထားပေ၏။
လင်ကျိုးစီရင်စုတွင် ယခုလက်ရှိချိန်၌ စစ်လက်နက်ပစ္စည်းများ ပြတ်လပ်နေလေပြီ။စိတ်ဝိညာဥ်ကျောက်တုံးများနှင့်မှော်လက်နက်များသည်လည်း အလွန်အမင်း ရှားပါးနေသည်။
ထို့ပြင် လင်ကျိုးစီရင်စုသည် ယခင်ကတည်းက အရေးပါသော စီရင်စုမြို့တစ်မြို့မဟုတ်ချေ။အစောင့်တပ်သည် နဝမလွှသွားသင်္ဘောကို ပိုင်ဆိုင်နိုင်ရန်အတွက် အရည်အချင်း မပြည့်မီပေ။
မိုးကောင်းကင်မီးတောက်ကုန်းမြေ၏မဟာစစ်ဗိုလ်ချုပ်ပင်လျှင် ဤအဆင့်စစ်သင်္ဘောမျိုးကို ထုတ်ယူအသုံးပြုနိုင်မည်မဟုတ်ချေ။
တာယွီအင်ပါယာ၏အဓိကစစ်သင်္ဘောဖြစ်သော နဝမလွှသွားစစ်သင်္ဘောကို သတ်မှတ်ထားသောအဆင့်သို့ရောက်ရှိသည့် စစ်တပ်များသာ တပ်ဆင်အသုံးပြုခွင့်ရသည်။
"ငါ ဒီစစ်သင်္ဘောမျိုးကို အုပ်ချုပ်ရေးရုံးတော်မှာ တစ်ကြိမ်မြင်တွေ့ဖူးတယ်...ဒါပေမယ့် အခုချိန်မှာ ငါ ဒါကို ပြန်တွေ့ရလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ချင်ယုက သက်ပြင်းတစ်ချက်ရှိုက်ကာ ရေရွတ်လိုက်၏။
ထိုအချိန်မှာပင် မှတ်တမ်းစာရေး ရောက်ရှိလာကာ ပြောဆိုလေသည်။
"ဗိုလ်ချုပ်တို့ကို အရှင်က အမိန့်ပေးခဲ့တယ်...လူတွေအားလုံးစုံတာနဲ့ စစ်သင်္ဘောပေါ်ကို ချက်ချင်းတက်ခိုင်းရမယ်"
မမျှော်လင့်ဘဲ လုယွီသည် ဤစစ်သင်္ဘောကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့သလော....
ချင်ယုက အလျှင်အမြန် မေးမြန်းလိုက်သည်။
"စီရင်စုသခင်က နဝမလွှသွားစစ်သင်္ဘောကို ဘယ်လိုလုပ်ပြီးတော့ ရှာတွေ့ခဲ့တာလဲ"
မှတ်တမ်းစာရေးက သူ၏ခေါင်းကိုခါပြကာ ခါးသက်သက်အပြုံးဖြင့် ပြောဆိုသည်။
"တကယ်လို့ ငါ မင်းတို့ကို ပြောပြမယ်ဆိုရင်တောင် မင်းတို့နှစ်ယောက် ငါ့ကို ယုံချင်မှယုံလိမ့်မယ်...ဒီစစ်သင်္ဘောကို အရှင်ကိုယ်တိုင်ရေးဆွဲခဲ့တာပဲ"
ရေးဆွဲခဲ့သည်ဟု ဆိုလိုက်သလော....
လျှိုမင်သည် ရုတ်တရက် ရှေ့သို့ခုန်တက်ကာ နဝမလွှသွားစစ်သင်္ဘောကြီး၏ကုန်းပတ်ကို သူ၏လက်ဖြင့် ပွတ်လိုက်သည်။ထို့နောက် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုလေ၏။
"ဒါကို ကြည့်ရသလောက်တော့...ပန်းချီတာအိုပဲ"
ပန်းချီတာအို...
လောကီအင်မော်တယ်များဖြစ်သော ချင်ယုနှင့်လျှိုမင်တို့သည် အသိပညာကင်းမဲ့သူများ မဟုတ်ချေ။
စုတ်တံများဖြင့် ပန်းပွင့်များရေးဆွဲရာမှ ပုံရိပ်ယောင်များအဖြစ်အသွင်ပြောင်းသွားပြီး အစစ်အမှန်အရာဝတ္ထုများဖြစ်လာသည့် ပန်းချီတာအိုအတွင်းမှ နည်းစနစ်တစ်ခုအကြောင်းကို သူတို့ သိရှိပြီးဖြစ်သည်။
သူတို့ရှေ့ရှိ ဧရာမစစ်သင်္ဘောကြီးသည် အမှန်တကယ်ကိုပင် ပန်းချီပညာရပ်ဖြင့် ရေးဆွဲထားခြင်းဖြစ်သလော....
"မင်း ဒါကိုယုံလား"
ချင်ယုက အံ့အားသင့်တုန်လှုပ်စွာဖြင့် လျှိုမင်ကို ကြည့်လိုက်သည်။
လျှိုမင်က ခေါင်းခါပြလေ၏။
"ငါ ဒါကို ယုံကြည်နိုင်ပါစေလို့ ဆုတောင်းနေမိတယ်...ဒါက အိမ်မက်တစ်ခုလိုပဲ"
သူတို့နှစ်ယောက်လုံးသည် စိတ်အတွင်းမှနေ၍ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။
ဆေးပညာ...ဝင်္ကပါ...ပန်းချီ...
ယခုလက်ရှိချိန်ထိ လုယွီ ထုတ်ဖော်ပြသခဲ့သော ပညာရပ်များအနက်မှတစ်ခုစီသည် လူအများစု ဘဝတစ်သက်တာလုံးကြိုးစားသည့်တိုင် မထိတွေ့နိုင်သောအရာဖြစ်သည်။
ဤသည်က စွယ်စုံရပါရမီရှင်တစ်ယောက်ဟု ဆိုနိုင်ပေ၏။
အမှန်အားဖြင့် ထိတ်လန့်တုန်လှုပ်နေဆုံးလူများမှာ စောင့်ကြည့်နေကြသော စစ်ဆေးရေးမှူးများပင်။
သူတို့သည် မည်သည့်စကားကိုမျှ ပြောဆိုခြင်းမရှိသော်လည်း လုယွီကိုစူးစိုက်၍ကြည့်နေကြကာ သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ တွက်ချက်နေကြသည်။
သူတို့သည် ရရှိလာမည့်အကျိုးအပြစ်များကို တွက်ချက်၍ လုယွီကို သူတို့ဘက်သို့သိမ်းသွင်းရန် ကြိုးစားနေကြသည်မှာ သိသာထင်ရှားလှ၏။
ထို့ထက်ပို၍ အရေးအကြီးဆုံးအချက်မှာ ဤကဲ့သို့ပါရမီရှင်တစ်ယောက်ထံတွင် မိသားစုနောက်ခံမရှိခြင်းပင်။မည်သည့် အင်အားစုကြီးမဆို သူ့အား ခေါ်ယူလိုကြသည်။
တာယွီတော်ဝင်နန်းတွင်းသည် တည်ငြိမ်ပြီး ငြိမ်းချမ်းနေသည်ဟု ထင်ရသော်လည်း အမှန်အားဖြင့် အင်အားစုများအချင်းချင်း အတွင်းကြိတ်၍ ယှဥ်ပြိုင်နေကြသည်။
သူတို့၏အင်အားစုအတွက် တောက်ပသောအနာဂတ်ရှိသည့် လူငယ်ပါရမီရှင်တစ်ယောက်ကို ခေါ်ယူရန် မည်သူကမျှငြင်းဆန်မည်မဟုတ်ချေ။
စစ်ဆေးရေးမှူးများအားလုံးသည် လင်ကျိုးစီရင်စုမှလူများ စစ်သင်္ဘောကြီးပေါ်သို့ တက်သွားသည်ကို တိတ်ဆိတ်ငြိမ်သက်စွာဖြင့် စောင့်ကြည့်နေကြ၏။
"ဖြစ်နိုင်တာတော့ သူက နဝမလွှသွားစစ်သင်္ဘောကို သူ့ရဲ့နောက်ဆုံးခုခံကာကွယ်မှုအဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတာများလား...ဒါပေမယ့် နဝမလွှသွားစစ်သင်္ဘောကြီးက အစစ်အမှန်တည်ရှိတာမဟုတ်ဘူး...ပန်းချီတာအိုရဲ့စွမ်းအား ပျောက်ကွယ်သွားတာနဲ့ အဲ့ဒီစစ်သင်္ဘောကြီးလည်း ပျက်ပြယ်သွားမှာပဲ...အဲ့ဒီအချိန်ကျရင် သူတို့ကို သေခြင်းတရားက စောင့်ကြိုနေလိမ့်မယ်"
စစ်ဗိုလ်ချုပ်တစ်ယောက်က မျက်မှောင်ကြုတ်လိုက်သည်။
လူတိုင်း စစ်သင်္ဘောကြီးပေါ်သို့ ရောက်ရှိသွားပြီးနောက် လုယွီသည် မြို့ရိုး၏ရှေ့၌ မတ်တတ်ရပ်နေဆဲပင်။
မြို့ရိုး၏ရှေ့၌ တောင်ပုံရာပုံဖြစ်နေသော အလောင်းများရှိနေသည်။
မြောက်မြားစွာသော ပုန်ကန်သူစစ်သားများနှင့်နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏အသက်များကိုစွန့်စား၍ မြို့ကိုတိုက်ခိုက်ခဲ့ကြသော်လည်း ဝင်္ကပါကြီး၏အောက်တွင် သူတို့ဘက်မှ လူအမြောက်အများ သေဆုံးခဲ့ရသည်။
လုယွီသည် ဝင်္ကပါကို ကိုယ်တိုင်ထိန်းချုပ်သဖြင့် ဟာကွက်မရှိသလောက်နီးပါးပင်။အခြေခံအားဖြင့် ဝင်္ကပါ၏ဟာကွက်တစ်ခုကို ရှာဖွေရန်ပင် လွန်စွာခက်ခဲပေမည်။
ယခုလက်ရှိချိန်တွင် ပုန်ကန်သူစစ်တပ်မှနေ၍ သောင်းနှင့်ချီသောလူများ ဆုံးရှုံးသွားရလေပြီ။
နတ်ဆိုးကျင့်ကြံသူစစ်စခန်းအတွင်းရှိ နတ်ဆိုးကျင့်ကြံသူများ၏ခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။
"လင်ကျိုးစီရင်စုသခင်...ငါ မင်းကို သတ်မယ်"
သူ သည်းခံနေခဲ့ရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးကို သူတို့ဘက်မှ သိမ်းပိုက်နိုင်ပြီဖြစ်သော်လည်း လင်ကျိုးစီရင်စုတစ်ခုကိုသာ အချိန်အတော်ကြာသည့်တိုင် ဖျက်ဆီးနိုင်ခဲ့ခြင်းမရှိချေ။
နတ်ဆိုးကျင့်ကြံသူများ၏ခေါင်းဆောင်သည် ဖိအားအမြောက်အများအောက်သို့ ကျရောက်နေသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်အတွင်းတွင် နတ်ဆိုးကျင့်ကြံသူများအားလုံး ကြက်သေသေသွားသည်။
လုယွီသည် သူတို့ကို တစ်ချက်ကြည့်ကာ နောက်သို့ချာခနဲလှည့်၍ ထွက်ခွာသွားလေ၏။