အခန်း (၃၁၈၁-၃၁၈၅)
Vol. 162 Ch. 3181-3185
Chapter 3181
သူသည် ဆက်လက်၍တိုက်ခိုက်ရန် ကြံရွယ်နေသလော....
မိုးကောင်းကင်ယံအတွင်းရှိ စစ်ဆေးရေးမှူးများအားလုံး သူတို့၏ဦးရေပြားထုံကျင်လာသကဲ့သို့ ခံစားလိုက်ရသည်။
လုယွီသည် သန်းနှင့်ချီသော နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများကို အမြစ်ပြတ်သုတ်သင်ပြီးလေပြီ။ဤကဲ့သို့ ကြီးမားသောတိုက်ပွဲအကျိုးဆောင်မှု ရရှိထားသည့်တိုင် သူသည် စိတ်ကျေနပ်မှု မရရှိသေးသလော...
လင်ကျိုးစီရင်စု၏ကြွင်းကျန်သောအင်အားအနည်းငယ်ဖြင့် တိုက်ပွဲဆင်နွှဲရန် မလုံလောက်ချေ။ထို့ပြင် မြို့၏ကာကွယ်ပေးမှုမရှိသောကြောင့် သူတို့သည် ရန်သူနှင့်ထိပ်တိုက်ရင်ဆိုင်ရပေမည်။
ဤအင်အားအနည်းငယ်ဖြင့် တိုက်ခိုက်လိုပါက ကျောက်တုံးကိုကြက်ဥနှင့်ပစ်ပေါက်သော လုပ်ရပ်နှင့် ကွဲပြားခြားနားမှုရှိမည်မဟုတ်ပေ။
"ငါက အရှင့်ရဲ့နောက်ကိုလိုက်ဖို့ ဆန္ဒရှိပါတယ်"
ချင်ယုက ပထမဆုံး တုံ့ပြန်အဖြေပေးလေ၏။
လုယွီသည် သူ့အား ဖိအားပေးခြင်းမရှိချေ။သူ၏အစီအစဥ်အောင်မြင်ရန်အတွက် လက်ရွေးစင်စစ်သားများ လိုအပ်သည်။သို့ရာတွင် ထိုလူများ၏ဆန္ဒပေါ်တွင်သာ မူတည်သည်။
အဆုံးသတ်၌ လုယွီနောက်သို့လိုက်ရန် လူတစ်သိန်းခန့်ကသာ ဆန္ဒရှိကြသည်။
ဤခရီးကိုထွက်ခွာသွားပြီးနောက် သူတို့သည် အသက်ရှင်ရက် ပြန်လာနိုင်တော့မည်မဟုတ်ကြောင်း သူတို့အားလုံး သိရှိထားကြ၏။
သို့ရာတွင် လက်စားချေလိုသောခံစားချက်သည် သူတို့၏စိတ်နှလုံးသားများအတွင်း၌ မြင့်တက်နေသဖြင့် အချိန်အတော်ကြာ ပျောက်ကွယ်သွားမည်မဟုတ်ချေ။သူတို့အနက်မှတချို့သည် သေဆုံးရန် စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကာ လုယွီ၏နောက်သို့လိုက်၍ လက်စားချေရန် အဆင်သင့်ဖြစ်နေလေပြီ။
အကယ်၍ သူ စွန့်စားလိုက်ပါက မည်ကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ကို သူ သိရှိထားပြီးဖြစ်သည်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ အိမ်ရှေ့စံမင်းသား ထွက်ပေါ်လာခဲ့ခြင်းမှာ သူ့အား တစ်စုံတစ်ခုကို သတိပေးလိုက်သကဲ့သို့ပင်။မည်သို့ပင်ဆိုစေကာမူ အိမ်ရှေ့စံမင်းသားသည် နန်းတွင်းစာမေးပွဲ၏နောက်ဆုံးရလဒ်ကို ဆုံးဖြတ်ပေးနိုင်သူဖြစ်ပေ၏။
သူသည် သန်းနှင့်ချီသောရန်သူများကို သတ်ဖြတ်ခဲ့သဖြင့် အလွန်ကြီးမားသော တိုက်ပွဲအကျိုးဆောင်မှုကို ပြုလုပ်နိုင်ခဲ့သည်ဟု ဆိုနိုင်သည်။သို့ရာတွင် အိမ်ရှေ့စံမင်းသာ ထပ်မံ၍ပြဿနာရှာပါက သူ ပထမနေရာကို ရရှိနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် သူ တတ်နိုင်သရွေ့ အကောင်းဆုံးပြုလုပ်ရပေမည်။
လုယွီသည် အခြေအနေအားလုံးကို သူ၏စိတ်အတွင်းမှနေ၍ တွက်ချက်ထားပြီးလေပြီ။သူသည် လောကကြီးတခွင်လုံးတုန်လှုပ်သွားစေနိုင်သော တိုက်ပွဲအကျိုးဆောင်မှုကြီးကို လိုအပ်ကာ အိမ်ရှေ့စံမင်းသားကို ပါးစပ်မဟနိုင်အောင် ပြုလုပ်ရပေမည်။
လျှိုမင်သည် လုယွီနောက်သို့ လိုက်ပါခဲ့ခြင်းမရှိချေ။လုယွီက သူ့ကို တခြားအရေးပါသောနေရာတစ်ခုတွင် တာဝန်ပေးလိုက်၏။
လူပေါင်းတစ်သိန်းသည် ပုန်ကန်သူများအယောင်ဆောင်၍ လုယွီနှင့်အတူ မိုးကောင်းကင်မီးတောက်ကုန်းမြေသို့ ချီတက်ခဲ့ကြသည်။
"တိုက်ခိုက်ကြစို့"
လုယွီ၏အသံက မိုးကောင်းကင်ယံအတွင်း၌ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာ၏အထက်ကောင်းကင်ယံအတွင်း၌ရှိနေသော ကျန်းရွှမ်စဲနှင့်တခြားစစ်ဆေးရေးမှူးများသည် တောက်ပသောမျက်လုံးများဖြင့် လုယွီကို စူးစိုက်၍ကြည့်နေကြ၏။
လုယွီသည် ဤကဲ့သို့ဆုံးဖြတ်ချက်မျိုးချခဲ့မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။
လုယွီ၏လုပ်ဆောင်ချက်များသည် အစမှအဆုံးထိတိုင် နန်းတွင်းစာမေးပွဲ၏ထိပ်ဆုံးနေရာမှ ရပ်တည်ရန်အတွက် လုံလောက်နေလေပြီ။သို့ရာတွင် သူသည် ထပ်မံ၍စွန့်စားခဲ့သည်။စစ်သားအင်အားအနည်းငယ်ဖြင့် သူသည် လက်စားချေရန် ကြံရွယ်ခဲ့လေ၏။
"သူ ဘာတွေစဥ်းစားနေတာလဲဆိုတာ ငါ တကယ်ကိုမသိတော့ဘူး...ဒါပေမယ့် သွားလေသူဧကရာဇ်ရဲ့စိတ်ဆန္ဒက သူ့ကို တော်ဝင်အမိန့်တော် ပေးအပ်ခဲ့တယ်...သွားလေသူဧကရာဇ်ရဲ့စိတ်ဆန္ဒကတောင် သူ့ကို အထင်ကြီးနေမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
ဤအချိန်အခိုက်အတန့်တွင် ကျန်းရွှမ်စဲသည် သူ လုယွီကို လုံးလုံးလျားလျား အကဲခတ်မှားခဲ့ကြောင်း ဝန်ခံလိုက်လေပြီ။
လုယွီ ပြုလုပ်ခဲ့သောကိစ္စသည် သူတို့၏ထိန်းချုပ်နိုင်မှုထက် များစွာပို၍ကျော်လွန်နေသည်။
"မင်းတို့ တွေးမိကြလား...သွားလေသူဧကရာဇ်က...."
စစ်ဆေးရေးမှူးတစ်ယောက်သည် တစ်စုံတစ်ခုကို ပြောဆိုရန်ဟန်ပြင်လိုက်သော်လည်း သူ၏ပါးစပ်ကိုပြန်ပိတ်လိုက်၏။
အိမ်ရှေ့စံမင်းသားသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ မောင်းထုတ်ခြင်းခံခဲ့ရသဖြင့် သူတို့ ဤနေရာ၌ တိုင်ပင်ဆွေးနွေးရန် အဆင်ပြေမည်မဟုတ်ချေ။
ကျန်းရွှမ်စဲက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အဆင့်မျိုးသို့ ရောက်ရှိသွားသူများ၏စိတ်ဆန္ဒကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ချေ။
လင်ကျိုးစီရင်စုမှလူများသည် လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် ချီတက်သွားခဲ့ရာ မကြာမီမှာပင် မိုးကောင်းကင်မီးတောက်ကုန်းမြေသို့ ရောက်ရှိသွားတော့သည်။
မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်ရေးရုံးတော်သည် မိုးကောင်းကင်မီးတောက်မြို့၏အလယ်ဗဟိုတွင်တည်ရှိကာ အုပ်ချုပ်သူအရှင် နေထိုင်သောနေရာလည်းဖြစ်သည်။
ဤနေရာရှိ မြို့သည် လင်ကျိုးစီရင်စုထက် ငါးဆမက ပို၍ကြီးမားကျယ်ပြန့်သည်။နယ်မြေ ပို၍ကျယ်ဝန်းသည့်အပြင် လုံခြုံရေးသည်လည်း ပို၍တင်းကြပ်ပေ၏။
ဤနေရာကို ချိုးဖျက်ဝင်ရန်မှာ အပြောလွယ်သလောက် လက်တွေ့တွင် အလွန်ခက်ခဲပေမည်။
လုယွီနှင့်တခြားသူများ မြို့အနီးသို့ချဥ်းကပ်သွားစဥ်တွင် မိုးကောင်းကင်မီးတောက်ကုန်းမြေအုပ်ချုပ်ရေးရုံးတော်အတွင်းမှနေ၍ တံပိုးခရာသံတစ်သံ ထွက်ပေါ်လာသည်။ထို့နောက် အုပ်ချုပ်ရေးရုံးတော်အတွင်း၌ လူအများစုဝေးသွားသည်ကို သူတို့အားလုံး တွေ့မြင်မိလေ၏။အလံများက လေတိုက်ခတ်လာမှုနှင့်အတူ တဖျတ်ဖျတ်လူးလွန့်နေသည်။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်မီးတောက်မြို့၏မြို့တံခါးကြီးပွင့်သွားကာ ပုန်ကန်သူစစ်သားများနှင့်နတ်ဆိုးကျင့်ကြံသူများ ထွက်လာပြီး အဝေးတစ်နေရာသို့ဦးတည်၍ ချီတက်သွားကြသည်။
Chapter 3182
လုယွီတို့လူစုသည် လမ်းနံဘေး၌မတ်တတ်ရပ်ကာ ပုန်ကန်သူများမတ်တတ်ရပ်နေသည်ကို စောင့်ကြည့်နေကြ၏။
သူတို့အားလုံးသည် ပုန်ကန်သူများအဖြစ် အယောင်ဆောင်ထားကြသော်လည်း လင်ကျိုးစီရင်မှလူများကိုကြည့်ရသည်မှာ ပုံမှန်စစ်သားများနှင့် တူညီခြင်းမရှိချေ။ထို့ကြောင့် နတ်ဆိုးကျင့်ကြံသူများအနက်မှတချို့သည် သူတို့၏ရှေ့မှဖြတ်ကျော်သွားသည့်တိုင် သူတို့ကို အနည်းငယ်မျှပင် အလေးအနက်ထား၍ ကြည့်ရှုခြင်းမပြုချေ။
ရောနှောနေသောစစ်တပ်သည် တချို့ရိုးရှင်းသောလုပ်ငန်းတာဝန်များကိုလုပ်ဆောင်ရန် ပြင်ပသို့ ထွက်ခွာခဲ့ကြသည်။ဤသည် ဖြစ်ရိုးဖြစ်စဥ်ကိစ္စတစ်ရပ်ပင်။ထို့ကြောင့် လမ်းတလျှောက်လုံး သူတို့ကို စုံစမ်းမေးမြန်းခြင်းမခံရချေ။
"ဒါက တကယ့်ကို ကျားစစ်သင်္ဘောပဲ...ပုန်ကန်သူစစ်တပ်က လှုပ်ရှားတော့မှာပဲ"
ချင်ယုသည် မိုးကောင်းကင်မီးတောက်မြို့၏အထက်တွင် ပျံသန်းနေသော ဧရာမစစ်သင်္ဘောကြီးကို မြင်တွေ့ချိန်တွင် တီးတိုးရေရွတ်လိုက်၏။
မိုးကောင်းကင်မီးတောက်မြို့၏အဆင့်မြင့်ဆုံးစစ်သင်္ဘောသည် ဤကျားစစ်သင်္ဘောပင်။ဤစစ်သင်္ဘောအမျိုးအစားသည် အရွယ်အစားနှင့်အရှိန်နှုန်းအရာတွင် နဝမလွှသွားစစ်သင်္ဘောထက်နိမ့်ကျသည်။သို့ရာတွင် မိုးကောင်းကင်မီးတောက်ကုန်းမြေအတွက်မူ ဤသည်က အဆင့်မြင့်ဆုံးသတ်ဖြတ်ခြင်းလက်နက်ပင်။
အကယ်၍ လင်ကျိုးစီရင်စုကို ဝိုင်းရံတိုက်ခိုက်စဥ်ကသာ ကျားစစ်သင်္ဘောပါလာပါက ယခုချိန်ထိတိုင် တောင့်ခံနိုင်မည်မဟုတ်ချေ။
သို့ရာတွင် ကျားစစ်သင်္ဘောသည် သာမာန်အချိန်မျိုးတွင် လွယ်လင့်တကူအသုံးပြုနိုင်သော အရာတစ်ခုမဟုတ်ချေ။ဤသည်က ပတ်ဝန်းကျင်ရှိအင်အားစုများကို ခြောက်လှန့်သကဲ့သို့ဖြစ်သွားစေသော တည်ရှိမှုကြီးပင်။ထို့ကြောင့် ကျားစစ်သင်္ဘောကို အရေးကြီးဆုံးအချိန်အခိုက်အတန့်မျိုးမှသာ အသုံးပြုရပေမည်။
ထိုအချိန်မှာပင် ကင်းထောက်တချို့ ပြန်လည်ရောက်ရှိလာပြီး အခြေအနေကိုသတင်းပို့လေ၏။
အကြောင်းအရင်းမှာ မိုးကောင်းကင်မီးတောက်ကုန်းမြေသို့ တော်ဝင်နန်းတွင်းမှအသစ်ခန့်အပ်လိုက်သော အုပ်ချုပ်သူအရှင်ရောက်လာမည်ဟု ကောလဟာလထွက်ပေါ်နေသောကြောင့်ပင်။
ထိုသတင်းထွက်ပေါ်လာသောကြောင့် ပုန်ကန်သူများအားလုံး ထိတ်လန့်ကြောက်ရွံနေကြကာ သူတို့၏စိတ်ဓာတ်များ အဆုံးစွန်ဆုံးအဆင့်ထိ ကျဆင်းနေလေပြီ။
အမှန်အားဖြင့် လူအများစုသည် ပုန်ကန်ခြင်းမပြုလိုကြချေ။သူတို့ ပုန်ကန်သူများဖြစ်လာရသည့်အကြောင်းအရင်းမှာ အခြေအနေများအောက်တွင် သူတို့ထံ၌ရွေးချယ်စရာမရှိတော့သဖြင့် ပြုလုပ်ခဲ့ရခြင်းဖြစ်သည်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင် တာယွီ၏လက်ရှိအရှင်သခင်သည် နယ်မြေသခင်အဆင့်ဖြစ်ကာ ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ အဆင့်မြင့်ဆုံး ကျင့်ကြံသူဖြစ်သည်။ထိုကဲ့သို့တည်ရှိမှုကြီးတစ်ခုကို ဆန့်ကျင်တိုက်ခိုက်ရန်အထိ မည်သူကမျှ ရူးမိုက်ခြင်းမရှိချေ။စစ်သားများသည် ရွေးချယ်စရာမရှိ၍သာ နတ်ဆိုးကျင့်ကြံသူများနှင့်ပူးပေါင်း၍ ပုန်ကန်ခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် နတ်ဆိုးကျင့်ကြံသူများသည် နာမည်ကျော်ကြားရန်အတွက်မဟုတ်ဘဲ အလယ်ခေတ်အတွင်းမှာကဲ့သို့ ဖရိုဖရဲအခြေအနေမျိုးကို ပြန်လည်ရောက်ရှိလိုသောကြောင့်ပင်။ယခုလက်ရှိအချိန်ကာလရှိ ကျင့်ကြံသူအများစုသည် အလယ်ခေတ်၏ဖရိုဖရဲအခြေအနေမျိုးကို ထပ်မံ၍ ကြုံတွေ့လိုခြင်းမရှိတော့ချေ။
အလယ်ခေတ်အတွင်း၌ ခွန်အားသည်သာ အရေးကြီးဆုံးအရာပင်။အဆင့်မြင့်ကျင့်ကြံသူများသည် အဆင့်နိမ့်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်ပေ၏။ဥပဒေမရှိ စည်းမျဥ်းမရှိဘဲ အရာရာတိုင်း ဖရိုဖရဲဖြစ်နေသည်။
ရူးသွပ်မိုက်မဲသူမျိုးသာ ဤကဲ့သို့ဘဝမျိုးဖြင့် ရှင်သန်နိုင်ပေလိမ့်မည်။
"မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့အုပ်ချုပ်သူအရှင်အသစ် ရောက်လာမယ်ဆိုတဲ့သတင်းလား"
ချင်ယုက လုယွီကို တစ်ချက်ကြည့်လိုက်သည်။
လုယွီသည် လူတိုင်း၏ရှေ့၌ တော်ဝင်အမိန့်တော်ကို လက်ခံခဲ့သည်။ထို့ကြောင့် အသစ်ခန့်အပ်ခံရသော မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်သူအရှင်သည် လုယွီပင်။
မည်သည့်နေရာမှနေ၍ မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်သူအရှင်အသစ်က ရောက်ရှိလာသနည်း။
"ငါက အပြင်မှာဖရိုဖရဲအခြေအနေတွေဖြစ်အောင်ဖန်တီးပြီး ဒီလူတွေကို မျှားခေါ်ဖို့အတွက် လျှိုမင်ကို စေခိုင်းခဲ့တာပဲ"
လုယွီက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
"အခုချိန်မှာ မိုးကောင်းကင်မီးတောက်ကုန်းမြေမှာရှိတဲ့ လက်ရွေးစင်စစ်သားတွေရဲ့တစ်ဝက်နီးပါး ထွက်ခွာသွားပြီ...ငါတို့က အထဲကိုဝင်ပြီးတော့ သူတို့ကို တိုက်ခိုက်လို့ရပြီ"
ဤသည်က ကျားတစ်ကောင်ကို တောင်အတွင်းမှမျှားထုတ်သော အစီအစဥ်ပင်။
ပုန်ကန်သူများ အလွန်များပြားစွာရှိနေသည့် ဤနေရာကို အတင့်ရဲ၍ ဝင်လာဝံ့သောသူများ ရှိနေမည်ဟု မည်သူကမျှ တွေးထင်မိမည်မဟုတ်ချေ။
လူတိုင်း စိတ်အားတက်ကြွနေကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
လုယွီသည် ချင်ယုကို မိုးကောင်းကင်မီးတောက်မြို့အတွင်း၌ ဖရိုဖရဲအခြေအနေများဖန်တီး၍ တစ်ဖက်ရန်သူများ၏စိတ်အာရုံများကို ဆွဲဆောင်ထားရန် အမိန့်ပေးလိုက်၏။သူ တစ်ယောက်တည်း မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ ခိုးဝင်ပေမည်။
ချင်ယုက ကူညီပေးလိုသော်လည်း လုယွီက ငြင်းဆန်လိုက်သည်။
သူ တစ်ယောက်တည်းလှုပ်ရှားသည်က ပို၍လွယ်ကူပေမည်။အကယ်၍ သူသည် လူပိုတစ်ယောက်ကို ခေါ်ဆောင်သွားပါက အဆင်မပြေစရာကိစ္စရပ်များ ဖြစ်လာနိုင်သည်။
အရာရာတိုင်း အစီအစဥ်အရ လှုပ်ရှားရပေမည်။
ချင်ယုသည် မြို့အတွင်း၌ဖရိုဖရဲဖြစ်အောင် အလျှင်အမြန် ဖန်တီးလိုက်၏။ချင်ယုတို့လူစုကိုဖမ်းဆီးရန်အတွက် မိုးကောင်းကင်မီးတောက်မြို့မှပုန်ကန်သူအမြောက်အများသည် နေရာအသီးသီးသို့ တကွဲတပြားစီ ထွက်ခွာသွားကြသည်။
Chapter 3183
မိုးကောင်းကင်မီးတောက်ကုန်းမြေဟု ခေါ်ဆိုခြင်းမှာ အတိတ်တွင် ဤနေရာသို့ မိုးကောင်းကင်မီးတောက်တစ်ခု ကျရောက်လာပြီးနောက် အကန့်အသတ်မရှိသောစိတ်ဝိညာဥ်စွမ်းအားများ ဆင်းသက်လာခဲ့ကာ သက်ရှိများအားလုံး တာအိုကိုကျင့်ကြံနိုင်ခဲ့ခြင်းကြောင့်ပင်။
ထိုမိုးကောင်းကင်မီးတောက်ကို မိုးကောင်းကင်မီးတောက်မြို့၏ပင်မခန်းမတွင်ထားရှိသည်။ထိုနေရာသည် မိုးကောင်းကင်မီးတောက်ကုန်းမြေမှကျင့်ကြံသူများ မော့ကြည့်ရသော မြင့်မြတ်နယ်မြေတစ်ခုဖြစ်ပေ၏။
ယခုလက်ရှိချိန်၌ ထိုမိုးကောင်းကင်မီးတောက်ကို ခိုးယူခြင်းခံလိုက်ရသည်။
ချင်ယုသည် သူ၏လူများကိုခေါ်ဆောင်၍ ပင်မခန်းမအတွင်းသို့ဝင်ရောက်ကာ မိုးကောင်းကင်မီးတောက်ကိုစောင့်ကြပ်နေသည့် အစောင့်များအားလုံးကိုသတ်ဖြတ်၍ အောင်မြင်စွာခိုးယူနိုင်ခဲ့သည်။
ထို့နောက် ပို၍ကြီးမားသော ဖရိုဖရဲဖြစ်စဥ်များ ဖြစ်ပွားလာစေရန် ချင်ယုသည် မိုးကောင်းကင်မီးတောက်မြို့အတွင်းရှိ စစ်စခန်းတချို့ကို မီးရှို့ခဲ့လေ၏။
အစောင့်စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော ချင်ယုသည် နှစ်စဥ်နှစ်တိုင်း မိုးကောင်းကင်မီးတောက်ကုန်းမြေ၏မဟာစစ်ဗိုလ်ချုပ်ထံ သတင်းပို့ရသည်။ထို့ကြောင့် သူသည် မိုးကောင်းကင်မီးတောက်မြို့၏ အစီအမံတချို့နှင့် အတော်အသင့် ရင်းနှီးကျွမ်းဝင်သည်။
လင်ကျိုးစီရင်စုမှလူများသည် တော်ဝင်စစ်တပ်ရောက်လာပြီဟု မိုးကောင်းကင်မီးတောက်မြို့အတွင်း၌ သတင်းဖြန့်ချီခဲ့သဖြင့် မြို့တစ်မြို့လုံး ပို၍ထိတ်လန့်တကြား ဖြစ်နေကြ၏။
"အဲ့ဒီလူတွေနဲ့ပူးပေါင်းပြီး ပုန်ကန်လို့ နောင်တစ်ချိန်မှာ မင်းတို့အတွက် ဘာအကျိုးအမြတ်ရနိုင်မှာမလို့လဲ...သူတို့ကိုသတ်ပြီး တော်ဝင်နန်းတွင်းဆီမှာ ခိုလှုံခွင့်တောင်းခံရမယ်"
"သတ်...သတ်..."
ပုန်ကန်သူစစ်သားတချို့သည် အခြေအနေမကောင်းသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် ရှေ့သို့ထွက်ကာ ပတ်ဝန်းကျင်ရှိနတ်ဆိုးကျင့်ကြံသူများကို တိုက်ခိုက်ကြတော့သည်။
ထိုနတ်ဆိုးကျင့်ကြံသူများသည် မူလကတည်းက ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ယုတ်မာသူများဖြစ်သည်။
အကယ်၍ သူတို့၏ပုန်ကန်မှု အောင်မြင်သွားလျှင်ပင် နတ်ဆိုးကျင့်ကြံသူများ၏အကျင့်စရိုက်အရ သူတို့ကို ကျေးကျွန်များအဖြစ်သာ သဘောထားပေမည်။နတ်ဆိုးကျင့်ကြံသူတချို့သည် ပုန်ကန်သူစစ်သားများကို မကြာခဏရိုက်ပုတ်ခြင်း ဆဲဆိုကြိမ်းမောင်းခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ပုန်ကန်သူစစ်သားများအနက်မှအများစု၏ စိတ်နှလုံးသားများအတွင်း၌ ဒေါသမီးတောက်များ ပူပြင်းလောင်ကျွမ်းနေသည်။
ဤသည်က ထိုကဲ့သို့စုစည်းနေသော ဒေါသများပေါ်သို့ လောင်စာပစ်ထည့်လိုက်ခြင်းပင်။
နတ်ဆိုးကျင့်ကြံသူများထံ လုံးလုံးလျားလျားအညံခံထားသော လက်ထောက်တပ်မှူးတချို့သည် ထိုစစ်သားများကို ဟန့်တားလိုသော်လည်း ဒေါသထွက်နေသောလူအုပ်ကြီး၏သတ်ဖြတ်ခြင်းကို ခံလိုက်ရလေ၏။
တိုက်ပွဲများ အဆက်မပြတ်ဖြစ်ပေါ်နေသော အသံများအောက်တွင် လုယွီသည် တိတ်တဆိတ်ခေါင်းညိတ်ပြ၍ မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ အဆင့်မြင့်ဆုံးရုံးတော်ဖြစ်သဖြင့် ဤနေရာသည် လင်ကျိုးစီရင်စုရုံးတော်ထက် များစွာပို၍ ကြီးကျယ်ခမ်းနားသည်။အဝေးမှကြည့်ပါက နံရံများနောက်တွင် တိမ်စိုင်များကိုထိလုမတက်မြင့်မားသော ကြီးကျယ်ခမ်းနားသည့် အဆောက်အအုံများကို တွေ့မြင်ရပေမည်။ထိုအရာများကိုကြည့်ရသည်မှာ အင်မော်တယ်လှိုဏ်ဂူများနှင့် တူညီနေပေ၏။
အကယ်၍ သာမာန်အချိန်များအတွင်း၌ဆိုပါက ဤနေရာသည် လုံခြုံရေးအတင်းကျပ်ဆုံးနေရာဖြစ်ပေမည်။
သို့ရာတွင် ယခုလက်ရှိချိန်၌ မိုးကောင်းကင်မီးတောက်ကုန်းမြေသည် လုံးလုံးလျားလျား ဖရိုဖရဲဖြစ်နေလေပြီ။
ပြင်ပရှိအစောင့်များ ရှိမနေတော့ဘဲ ဖရိုဖရဲသွားလာနေသော ကင်းထောက်များသာ အတွင်း၌ရှိနေသည်။
"မိုက်မဲလိုက်တဲ့ကောင်တွေ...ခွေးဧကရာဇ်က တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာနဲ့ မင်းတို့အားလုံး အဆုံးသတ်ကောင်းရမယ်လို့ မင်းတို့ တကယ်ကြီးထင်နေကြတာလား...မင်းတို့က မြင့်မြတ်ဘုရားကျောင်းနဲ့ပူးပေါင်းပြီးမှတော့ မင်းတို့မှာ ဂုဏ်သိက္ခာရှိတဲ့ဘဝရနိုင်သလို သေကြေပျက်စီးမှုလည်းရှိလာနိုင်တယ်...တကယ်လို့ တစ်ယောက်ယောက်က မြင့်မြတ်ဘုရားကျောင်းကို သစ္စာဖောက်ဝံ့တယ်ဆိုရင်...ဘယ်လိုဖြစ်လာမလဲဆိုတာ ကြည့်ထားကြစမ်း"
အနက်ရောင်တာအိုဝတ်ရုံကိုဝတ်ဆင်ထားသော နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ပင်မခန်းမအတွင်း၌ မတ်တတ်ရပ်နေကာ သူ၏သွေးနီရောင်မျက်လုံးတစ်စုံဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ပြီး အော်ငေါက်လိုက်၏။
သူ၏ခြေထောက်အောက်တွင် အရာရှိဝတ်စုံဝတ်ဆင်ထားသော အလောင်းတစ်လောင်းရှိနေသည်။ထိုလူသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ အရာရှိငယ်တစ်ယောက်ပင်။ထိုအရာရှိငယ်သည် ဆိုးဆိုးရွားရွား သေဆုံးသွားခဲ့ရကာ သူ၏နှလုံးသည် ဆွဲထုတ်ထားခြင်း ခံထားရသည်။သူ၏ခန္ဓာကိုယ်မှ သွေးများအားလုံး ခြောက်ကပ်သည့်အထိ စုပ်ယူခြင်းခံထားရပုံရကာ သူ့အား အရိုးခြောက်ဘဝသို့ ပြောင်းလဲသွားစေသည်။
ဤကဲ့သို့တုန်လှုပ်ချောက်ချားဖွယ် သေဆုံးခြင်းကြောင့် ပတ်ဝန်းကျင်ရှိလူများအားလုံး ထိတ်လန့်ကြောက်ရွံနေကြ၏။
ထိုအရာရှိများသည် ကြီးမားသောဖိအားအောက်သို့ ရောက်ရှိနေသဖြင့် သူတို့လုပ်ဆောင်ရမည့်အလုပ်များကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်နေကြသည်။
သို့ရာတွင် လူအများစု၏နဖူးများပေါ်တွင် အေးစက်စက်ချွေးစေးများဖြင့် စိုရွှဲနေသည်။
"မင်းက ငွေကြေးနဲ့စားနပ်ရိက္ခာကို စီမံခန့်ခွဲရတဲ့သူမဟုတ်လား...ဒီနေရာကိုလာခဲ့စမ်း"
နတ်ဆိုးကျင့်ကြံသူသည် သူ၏လက်ကိုဆန့်တန်း၍ အရာရှိငယ်တစ်ယောက်ကိုဖမ်းဆုပ်ကာ သူ့ရှေ့၌ပစ်ချ၍ ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းလေ၏။
"ငါတို့သွေးနတ်ဆိုးဂိုဏ်းကို ဒီနှစ်အတွက် စိတ်ဝိညာဥ်ကျောက်တုံး သန်းရှစ်ရာပဲဆက်သတယ်...မင်းက သေချင်နေတာလား...ဘာလို့ ဒီလောက်ထိ နည်းနေတာလဲ"
ထိုအရာရှိငယ်သည် အလွန်ထိတ်လန့်ကြောက်ရွံနေကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေသည်။သူက တုန်ရီနေသောအသံဖြင့် ပြောဆိုသည်။
"မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်ရဲ့ အသုံးစရိတ်တွေအားလုံးကို အသေးစိတ်တွက်ချက်ရတယ်...စိတ်ဝိညာဥ်ကျောက်တုံးသန်းရှစ်ရာက အကန့်အသတ်ပဲ...ဒီထပ်ပိုပြီး ထုတ်ပေးရမယ်ဆိုရင် အုပ်ချုပ်ရေးရုံးတော်ရဲ့အသုံးစရိတ်က လုံလောက်တော့မှာမဟုတ်ဘူး"
"သောက်ချေးပဲ...မင်းက ငွေကြေးကို နည်းနည်းလေးတောင် မစီမံတက်ဘူး...မင်းလိုအမှိုက်မျိုးကို အသက်ရှင်ရက်ချန်ထားလို့ကတော့ အပိုပဲဖြစ်မှာ"
နတ်ဆိုးကျင့်ကြံသူသည် ရက်စက်ကြမ်းကြုတ်စွာရယ်မောကာ ရုတ်တရက် သူ၏လက်ကို ထိုအရာရှိငယ်၏ခေါင်းပေါ်သို့တင်၍ ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်၏။
Chapter 3184
သူ မည်ကဲ့သို့မှော်နည်းစနစ်မျိုးကို အသုံးပြုလိုက်သည်အား မသိနိုင်သော်လည်း ထိုအရာရှိငယ်၏ခန္ဓာကိုယ် ပြင်းပြင်းထန်ထန်တုန်ခါသွားကာ ဦးရေပြားမှနေ၍ သွေးများယိုစိမ့်ထွက်လာပြီး နတ်ဆိုးကျင့်ကြံသူ၏လက်အတွင်းသို့ ဝင်ရောက်သွားသည်။
"အား...အား...အား..."
အရာရှိငယ်ထံမှ သွေးပျက်ဖွယ်အော်သံများ ထွက်ပေါ်လာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အရိုးခြောက်ဘဝသို့ ပြောင်းလဲသွားတော့သည်။
ရုံးတော်ခန်းမအတွင်း၌ အလုပ်လုပ်နေကြသော တခြားအရာရှိများ၏ခန္ဓာကိုယ်များ တုန်ရီနေကာ စကားတစ်ခွန်းပြောဆိုရန်ပင် အလွန်ကြောက်ရွံထိတ်လန့်နေသည်။
ဤမြင်ကွင်းမျိုးကို မိုးကောင်းကင်မီးတောက်ကုန်းမြေအား နတ်ဆိုးကျင့်ကြံသူများ သိမ်းပိုက်ပြီးနောက် အလွန်တွေ့ဖူးနေကျဖြစ်နေလေပြီ။
ယခင်ကတည်းက အရာရှိတချို့ သတ်ဖြတ်ခံခဲ့ရသည်။အသက်ရှင်သန်နေရသောလူများသည်လည်း ထိတ်လန့်ကြောက်ရွံစွာ နေထိုင်နေရပေ၏။နတ်ဆိုးကျင့်ကြံသူများ အနည်းငယ်စိတ်မကျေမနပ်ဖြစ်ရုံမျှဖြင့် သူတို့ အချိန်မရွေး သေဆုံးသွားနိုင်သည်။
နတ်ဆိုးကျင့်ကြံသူသည် ထိုအရာရှိငယ်ကို သတ်ဖြတ်ပြီးသည့်တိုင် သူ့မျက်နှာပေါ်၌ စိတ်မကျေမနပ်ဖြစ်နေသော အမူအယာမျိုးရှိနေဆဲပင်။သူ၏လက်၌ပေနေသောသွေးများကို လျှာဖြင့်လျက်ကာ သရော်တော်တော်လေသံဖြင့် ပြောဆိုသည်။
"မင်းတို့အားလုံး...ငါတို့ရဲ့အမိန့်ကိုနာခံတာ ပိုကောင်းလိမ့်မယ်...ငါ မင်းတို့ကိုလုပ်ခိုင်းတဲ့ကိစ္စမှန်သမျှ လုပ်ဆောင်ရမယ်....သောက်အဓိပ္ပါယ်မရှိတဲ့အတွေးမျိုးတွေ တွေးမနေကြနဲ့"
ထို့နောက် နတ်ဆိုးကျင့်ကြံသူက တခြားအရာရှိငယ်တစ်ယောက်ကို လက်ညှိုးညွှန်ကာ ပြောဆိုလေ၏။
"မင်း...ဒီနေရာကို လာခဲ့စမ်း"
ထိုအရာရှိငယ်သည် အလွန်အမင်းရိုသေလေးစားသော အမူအယာဖြင့် အလျင်စလို ပြေးလာသည်။
"ဒီနှစ်အတွက် ငါတို့သွေးနတ်ဆိုးဂိုဏ်းကို စိတ်ဝိညာဥ်ကျောက်တုံး သန်းရှစ်ထောင် ဆက်သရမယ်...နောင်အနာဂတ်မှာလည်း ငါတို့က အဲ့ဒီထက်ပိုပြီးလိုချင်တယ်... အဲ့ဒီထက် မနည်းစေနဲ့"
အနက်ရောင်ဝတ်ရုံဝတ် နတ်ဆိုးကျင့်ကြံသူ၏လေသံက အေးစက်တင်းမာနေသည်။
"ပြီးတော့...မြို့ထဲမှာရှိတဲ့ လူတိုင်းဆီကနေ အခွန်ကောက်ရမယ်...အရင်က သူတို့ တာယွီတော်ဝင်နန်းတွင်းကို ပေးခဲ့ရတဲ့အခွန်ကို ငါတို့ ထည့်မတွက်ဘူး...သူတို့က ငါတို့သွေးနတ်ဆိုးဂိုဏ်းကို အခွန်ဆက်သဖို့လိုအပ်တယ်...ငါက ကြင်နာတတ်တဲ့လူတစ်ယောက် ဖြစ်နေတာကြောင့်....အရင်ဆုံး သူတို့ကို ဆယ်နှစ်စာအခွန်ကိုပဲ ပေးဆောင်ခွင့်ပြုလိုက်မယ်"
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ စီနီယာ...စီနီယာ ပြောသွားတာတွေက အဓိပ္ပါယ်ရှိတယ်"
ထိုအရာရှိငယ်သည် အနည်းငယ်မျှပင် တွေဝေတုံ့ဆိုင်းဝံ့ခြင်းမရှိချေ။သူက အလျှင်အမြန် ဦးညွှတ်အရိုအသေပြုကာ သူ၏အမှားကို ဝန်ခံလိုက်၏။
လေထုအတွင်းတွင်ရှိနေသော စစ်ဆေးရေးမှူးများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သူတို့အားလုံး မျက်မှောင်ကြုတ်လိုက်ကြကာ သူတို့၏မျက်နှာများပေါ်၌ အေးစက်စက်အမူအယာများ ထင်ဟပ်လာသည်။
သူတို့အနက်မှအများစုသည် တော်ဝင်နန်းတွင်း၏အရေးပါသော အရာရှိကြီးများပင်။ယခုလက်ရှိချိန်၌ နတ်ဆိုးကျင့်ကြံသူများသည် တော်ဝင်နန်းတွင်း၏အရာရှိငယ်များကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်ဝံ့သည်အား သူတို့ မြင်တွေ့နေရသဖြင့် သူတို့၏ပြောင်းပြန်အကြေးခွံကို ထိခတ်သွားလုမတတ်ပင်။
ဤကိစ္စသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ ဖြစ်ပျက်သွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်၌ ထပ်မံ၍ဖြစ်ပွားခဲ့သဖြင့် အတိတ်ရှိမှတ်တမ်းများအတွင်းတွင် မြင်ခဲ့ရသည်ထက် လက်တွေ့ဖြစ်ရပ်မှန်ကို သူတို့အားလုံး ကွက်ကွက်ကွင်းကွင်း တွေ့မြင်နေရသည်။
"အဲ့ဒီနှစ်တုန်းက...နယ်မြေခံအစောင့်တပ်တွေကိုတခြားနေရာတစ်ခုဆီ အရေးပေါ်စေလွှတ်ခဲ့ရတယ်...ဒါကြောင့် အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေကို အမြစ်ပြတ်မသုတ်သင်နိုင်ခဲ့ဘူး"
စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ယခုအချိန်ကာလ၌ နတ်ဆိုးဂိုဏ်းအမြောက်အများ ပျက်စီးသွားလေပြီ။
တော်ဝင်နန်းတွင်းသည် နှစ်စဥ်နှစ်တိုင်း နတ်ဆိုးဂိုဏ်းများကို တိုက်ခိုက်ခဲ့ကာ အကယ်၍ စိုးရိမ်ကြောင့်ကြစရာ ကိစ္စဆိုပါက အင်အားအလုံးအရင်းဖြင့် ပြင်းပြင်းထန်ထန်ချေမှုန်းလေ့ရှိသည်။ဤဆောင်ရွက်မှုများအတွင်းတွင် ယခင်က မောက်မာဝံ့ကြွားခဲ့သော နတ်ဆိုးဂိုဏ်းအများစု ပျောက်ကွယ်သွားခဲ့သည်။
မိုးကောင်းကင်မီးတောက် အုပ်ချုပ်ရေးရုံးတော်၏ပင်မခန်းမအတွင်း၌....
အရာရှိငယ်သည် အလွန်ရိုသေလေးစားစွာ ဆက်ဆံနေခြင်းကို မြင်တွေ့ချိန်တွင် နတ်ဆိုးကျင့်ကြံသူက စိတ်ကျေနပ်မှုရရှိသွားကာ ခေါင်းညိတ်လိုက်သည်။
အတိတ်တွင် အရာရှိများသည် သူတို့အား လိုက်လံဖမ်းဆီးခဲ့သဖြင့် ကြွက်များကဲ့သို့ ထွက်ပြေးခဲ့ရသော အချိန်များကို သူ ပြန်လည်တွေးတောမိသည်။ယခုလက်ရှိချိန်တွင် ထိုအရာရှိများကို ဦးချိုးထားနိုင်ပြီဖြစ်သဖြင့် အနက်ရောင်ဝတ်ရုံဝတ် နတ်ဆိုးကျင့်ကြံသူသည် အကန့်အသတ်မရှိသော စိတ်ကျေနပ်မှုကို ခံစားမိလေ၏။
"တစ်ယောက်ယောက်...ငါ့ဆီကို ဝိုင်အရက် အမြန်ယူလာပေးစမ်း"
အနက်ရောင်ဝတ်ရုံဝတ် နတ်ဆိုးကျင့်ကြံသူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ခန်းမ၏ပြင်ပမှနေ၍ လူတစ်ယောက်က ဝိုင်အရက်အိုးကို သယ်ဆောင်ကာ ပြေးဝင်လာသည်။
နတ်ဆိုးကျင့်ကြံသူများသည် ပင်မခန်းမအတွင်း၌ ထင်တိုင်းကျဲနေကျသဖြင့် အကယ်၍ သူတို့ ဝိုင်အရက်များ သောက်နေလျှင်ပင် မည်သူမျှ တားဆီးဝံ့ခြင်းမရှိချေ။
အရာရှိငယ်တချို့သည် ဝိုင်အရက်ကို ခရားများအတွင်းသို့ထည့်၍ ပို့ဆောင်ပေးနေစဥ်မှာပင် လုယွီက တံခါးမှတဆင့် ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။
"ပင်မခန်းမထဲမှာ ဝိုင်အရက်သောက်ဖို့ကို တော်ဝင်နန်းတွင်းက ဘယ်အချိန်ကနေစပြီးတော့ ခွင့်ပြုလိုက်တာလဲ...အပြင်ကို ပြန်သယ်သွားကြစမ်း"
လုယွီက အရာရှိငယ်များ၏လက်အတွင်းရှိ ဝိုင်အရက်ခရားများကို တစ်ချက်ကြည့်၍ ထိုအရာများကိုကောက်ယူကာ ခန်းမ၏ပြင်ပသို့ လွှင့်ပစ်လိုက်သည်။
ခွမ်....
ဝိုင်ခရားများသည် မြေပြင်ပေါ်သို့ ကျရောက်ပြီးနောက် ချက်ချင်းကြေမွှပျက်စီးသွားတော့သည်။
ထိုအရာရှိငယ်များသည် ထိတ်လန့်ကြောက်ရွံကာ တုန်ရီသွားကြ၏။သူတို့အားလုံးသည် လုယွီ ပြဿနာမရှာစေရန် မျှော်လင့်နေသည့်အလား အသနားခံသောမျက်လုံးအကြည့်များဖြင့် သူ့ကို ကြည့်လိုက်ကြသည်။
အနက်ရောင်ဝတ်ရုံဝတ် နတ်ဆိုးကျင့်ကြံသူသည် လုယွီ ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားမိပုံမရချေ။သူ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။
"အဲ့ဒီကောင်က ဘယ်နေရာကနေ ရောက်လာတာလဲ...သူက ထပ်ပြီး အသက်မရှင်ချင်တော့တာလား"
လုယွီသည် စကားပြောဆို၍ အချိန်ဖြုန်းလိုစိတ်မရှိချေ။သူက ခြေတစ်လှမ်းရှေ့တက်လိုက်ကာ သူ၏လက်အတွင်း၌ အေးစက်စက်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။
Chapter 3185
"ငါက မင်းကိုသတ်ဖို့ ရောက်လာတာပဲ"
အေးစက်စက်အလင်းတန်းတစ်တန်းက လုယွီ၏လက်အတွင်း၌ ဖျတ်ခနဲလက်သွားသည်။သူ၏ဓားကိုမြှောက်ကာ ခုတ်ပိုင်းလိုက်ခြင်းနှင့်အတူ အနက်ရောင်ဝတ်ရုံဝတ် နတ်ဆိုးကျင့်ကြံသူ၏ခေါင်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
အနက်ရောင်ဝတ်ရုံဝတ်နတ်ဆိုးကျင့်ကြံသူ၏ နောက်၌ရှိနေသော နတ်ဆိုးကျင့်ကြံသူတစ်စုသည် အခြေအနေမကောင်းသည်ကို သိရှိသွားလေ၏။ထို့ကြောင့် သူတို့က နောက်သို့ပြန်လှည့်ကာ ထွက်ပြေးရန်အတွက် ဟန်ပြင်လိုက်ကြသည်။သို့ရာတွင် လုယွီသည် သူတို့ကို ထွက်ပြေးရန်အခွင့်အရေးမပေးဘဲ သူ၏ဓားချီကို ဖြန့်ကျက်ကာ ထိုနတ်ဆိုးကျင့်ကြံသူများအားလုံးကို သတ်ဖြတ်လိုက်တော့သည်။
ပင်မခန်းမ၏မြေပြင်ပေါ်၌ သွေးများစွန်းထင်းသွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် နတ်ဆိုးကျင့်ကြံသူများသည် ခေါင်းနှင့်ကိုယ်တခြားစီဖြစ်သွားကာ နေရာမှာပင် သေဆုံးသွားကြ၏။
လုယွီက သူ၏နံဘေးပတ်လည်ရှိ အရာရှိများကိုကြည့်ကာ ပြောဆိုသည်။
"မဟာစစ်ဗိုလ်ချုပ် ဘယ်နေရာမှာလဲ"
ထိုအရာရှိများသည် ကြက်သေသေသွားသော်လည်း အလျှင်အမြန်အသိပြန်ဝင်လာကာ အနောက်ဘက်ခြံဝန်းသို့ လက်ညှိုးညွှန်ပြလိုက်ကြသည်။
"မဟာစစ်ဗိုလ်ချုပ်က အနောက်ဘက်ခြံဝန်းထဲက စစ်လက်နက်ပစ္စည်းသိုလှောင်ခန်းမှာ ရှိနေတယ်"
လုယွီက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေ၏။
မိုးကောင်းကင်မီးတောက်မြို့၏စစ်လက်နက်ပစ္စည်းသိုလှောင်ခန်း...
ဤသည်က အုပ်ချုပ်ရေးရုံးတော်၏အရေးကြီးသော နေရာတစ်ခုပင်။စစ်လက်နက်ပစ္စည်းအများစုကို ဤနေရာ၌ သိမ်းဆည်းထားသည်။
ဤနေရာ၌ သိမ်းဆည်းထားသောအရာများသည် အလွန်အမင်းအရေးကြီးသော စစ်လက်နက်ပစ္စည်းများပင်။တာယွီတော်ဝင်နန်းတွင်းမှထုတ်ပေးသော တောက်ပနဂါးသံချပ်ကာ အပါအဝင် စိတ်ဝိညာဥ်ချိုးဖျက်ခြင်းဒူးလေးအကြီးစားများ စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များနှင့် မှော်ရတနာများ အစရှိသဖြင့် စစ်လက်နက်ပစ္စည်းများ ဤနေရာ၌ရှိနေသည်။
ဤနေရာရှိအရာများကို ပြင်ပလောက၌ ပုံတူပြုလုပ်၍ အသုံးပြုနိုင်ရန် လွန်စွာခက်ခဲပေမည်။တာယွီအင်ပါယာ၏ လက်မှုရေးရာဌာနနှင့်ဗိသုကာဌာနတို့မှသာ ထိုအရာများကို ထုတ်လုပ်ပေးနိုင်သည်။ထိုစစ်လက်နက်ပစ္စည်းတစ်ခုစီတွင် နံပါတ်စဥ်ရှိကာ အကယ်၍ ထိုအရာများအနက်မှတစ်ခု ပျောက်ဆုံးသွားပါက စီမံအုပ်ချုပ်သူသည် ကြီးလေးသောပြစ်ဒဏ်ကို ခံယူရပေမည်။
လုယွီသည် လက်နက်သိုလှောင်ခန်းသို့ လျှောက်လှမ်းသွားလိုက်ရာ နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများ ပြေးထွက်လာကြ၏။
ထိုလူများက လုယွီကို ဝိုင်းရံလိုက်ကြသည်။နတ်ဆိုးကျင့်ကြံသူတချို့သည် လုယွီ မည်သည်ကြောင့် ရောက်ရှိလာသည်ကို ကျယ်လောင်စွာအော်ဟစ်၍ မေးမြန်းလေသည်။
လုယွီသည် ထိုလူများကို ငြင်းခုံပြောဆိုခြင်းမပြုချေ။ထိုအစား သူသည် တိုက်ခိုက်ကာ ထိုလူများအားလုံးကို သတ်ဖြတ်လိုက်သည်။
သူ ဤနေရာသို့ ရောက်လာရသည့် အကြောင်းအရင်းမှာ ထိုနတ်ဆိုးကျင့်ကြံသူများကို စကားကောင်းမပြောဆိုလိုသောကြောင့်ပင်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည်။
မိုးကောင်းကင်မီးတောက်ကုန်းမြေအတွင်း၌ လောကီအင်မော်တယ်များကို ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများဟု ယူဆနိုင်ပေ၏။ထို့ပြင် သူသည် တိုက်ခိုက်ရေးအတွေ့အကြုံကြွယ်ဝသူဖြစ်သဖြင့် နတ်ဆိုးကျင့်ကြံသူများသည် သူ၏အနီးသို့ချဥ်းကပ်နိုင်ခြင်းမရှိချေ။
အလွန်လျှင်မြန်စွာဖြင့်ပင် လုယွီသည် လက်နက်သိုလှောင်ခန်း၏ဝင်ပေါက်ထံသို့ရောက်ရှိသွားကာ တံခါးကို ကန်ကျောက်ဖွင့်လိုက်သည်။
ဘုန်း....
လက်နက်သိုလှောင်ရုံတံခါးကို မူလက သံကြိုးကြီးများဖြင့် တုပ်နှောင်ထားသည်။သို့ရာတွင် လုယွီ၏ခြေကန်ချက်အောက်တွင် တံခါးကြီးသည် ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ ပွင့်သွားလေ၏။
လက်နက်သိုလှောင်ခန်းအတွင်းရှိ ပလ္လင်ပေါ်၌ လူတစ်ယောက်ထိုင်နေသည်။သူ့ကိုကြည့်ရသည်မှာ လုယွီအား စောင့်ဆိုင်းနေသကဲ့သို့ပင်။
"ငါက လောကီအင်မော်တယ်တစ်ယောက်ရဲ့အရှိန်အဝါတစ်ရပ် ဒီနေရာဆီချဥ်းကပ်လာတာကို အာရုံခံမိတယ်...မင်းဆီမှာ ဧကရာဇ်ရဲ့အရှိန်အဝါလည်းရှိနေတယ်...ဒါက တော်ဝင်အမိန့်တော်ဖြစ်မယ်...မင်းက အသစ်ခန့်အပ်ခံရတဲ့ မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့အုပ်ချုပ်သူအရှင်ပဲ"
ထိုလူသည် ပိန်ပါးကာ နာမကျန်းဖြစ်နေသည့်အလား ဖြူရော်နေသည့်မျက်နှာရှိသည်။
သူ၏ဆံပင်သည် အနီရောင်တောက်ပနေကာ နတ်ဆိုးကျင့်ကြံနည်းစနစ်တစ်ခု၏သက်ရောက်မှုကို ခံထားရသည့်ပုံပင်။
သူသည် လုယွီ၏အဆင့်အတန်းကို တိတိကျကျ ခန့်မှန်းနိုင်ခဲ့လေ၏။
လုယွီ၏မှတ်ဥာဏ်အတွင်း၌ သူ့ရှေ့ရှိလူနှင့် ပတ်သတ်သောအရာများ ရှိနေသည်။
ထိုလူသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏မဟာစစ်ဗိုလ်ချုပ်ဖြစ်ကာ မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးတွင် အစွမ်းထက်ဆုံးကျင့်ကြံသူလည်းဖြစ်သည်။
ကုန်းမြေများကို ကာကွယ်စောင့်ကြပ်ရသော မည်သည့်မဟာစစ်ဗိုလ်ချုပ်မဆို မြေကမ္ဘာအင်မော်တယ်အဆင့် ကျင့်ကြံသူပင်။ဤကဲ့သို့ကျင့်ကြံဆင့်နယ်ပယ်ရှိသူတစ်ယောက်ကသာ တခြားဂိုဏ်းများကို ခြိမ်းခြောက်နိုင်စွမ်းရှိကာ အနည်းငယ်မျှပင် ထကြွသောင်းကျန်းခြင်းမပြုဝံ့စေရန် ဖိနှိပ်ထားနိုင်ပေမည်။
သို့ရာတွင် သူ၏ရှေ့ရှိ မဟာစစ်ဗိုလ်ချုပ်သည် တော်ဝင်နန်းတွင်းကို သစ္စာဖောက်ခဲ့လေ၏။
"မင်းက ငါ့ကိုသတ်ဖို့ လာတာလား...တော်ဝင်နန်းတွင်းက မိုးကောင်းကင်မီးတောက်ကုန်းမြေကို လက်လွှဲယူဖို့ လောကီအင်မော်တယ်တစ်ယောက်ကို စေလွှတ်လိုက်တာလား...အဟွတ်...အဟွတ်..."
မဟာစစ်ဗိုလ်ချုပ်သည် ရုတ်တရက် ချောင်းတဟွတ်ဟွတ်ဆိုးကာ သူ၏ပါးစပ်မှ သွေးများအန်ထွက်လာသည်။သူ၏ပါးစပ်ထောင့်မှ သွေးများယိုစီးကျနေကာ သူသည် လေတိုက်ရုံဖြင့် ငြိမ်းသေသွားနိုင်သော ဖယောင်းတိုင်တစ်ချောင်းနှင့် တူညီနေသည်။
လုယွီက သူ့အား တည်ငြိမ်စွာကြည့်ကာ မည်သည့်စကားမျှပြောဆိုခြင်းမပြုချေ။ထို့နောက် သူသည် မဟာစစ်ဗိုလ်ချုပ်၏ရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။
လုယွီကိုကြည့်ပြီး မိုးကောင်းကင်မီးတောက်ကုန်းမြေ၏မဟာစစ်ဗိုလ်ချုပ်က ခါးသည်းစွာပြုံးလိုက်သည်။
"ဒါက အမှန်ပဲ...မင်းဆီမှာ တော်ဝင်အမိန့်တော်ရှိနေသရွေ့...တကယ်လို့ တော်ဝင်နန်းတွင်းကနေ သေမျိုးတစ်ယောက်ကို စေလွှတ်လိုက်ရင်တောင် မင်းက မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ အစစ်အမှန်အုပ်ချုပ်သူအရှင်ပဲ"