← Chapters

အခန်း (၃၁၄၆-၃၁၅၀)

Vol. 161 Ch. 3146-3150

အခန်း (၃၁၄၆-၃၁၅၀)

Vol. 161 Ch. 3146-3150

Chapter 3146

ချမ်အိမ်တော်မှအော်ဟစ်ငိုကြွေးသံများသည် လင်ကျိုးစီရင်စုတစ်စုလုံးအနှံ့ ပဲ့တင်ထပ်နေသည်။

အကယ်၍ သာမာန်နေ့ရက်များအတွင်းဆိုပါက မြောက်မြားစွာသောလူများ လာရောက်၍ ကြည့်ရှုကြပေမည်။သို့ရာတွင် တားမြစ်အမိန့်ထုတ်ပြန်ပြီးနောက် လူတိုင်းသည် နတ်ဘုရားစိတ်အာရုံကိုသာအသုံးပြု၍ မလှမ်းမကမ်းမှသာ စုံစမ်းထောက်လှမ်းဝံ့ပြီး အပြင်သို့ခြေတစ်လှမ်းမထွက်ဝံ့ချေ။

သတ်ဖြတ်မှုသည် တစ်ညလုံးဆက်တိုက် ဖြစ်ပွားနေသည်။

မနက်ခင်းဆယ်နာရီနောက်ပိုင်းမှသာ တဖြည်းဖြည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ချမ်အိမ်တော်သို့ဦးတည်နေသော လမ်းများပေါ်တွင် ရထားလုံးများနှင့်နတ်ဆိုးမှော်သားရဲများက ပစ္စည်းများကိုသယ်ဆောင်၍ ခေါက်တုံ့ခေါက်ပြန် သွားနေလေ၏။

"ချမ်မိသားစုဝင် ၁၇၆ယောက် သေဆုံးသွားတယ်...ချမ်အိမ်တော်မှာကျန်နေတဲ့ လူအရေအတွက် တစ်သောင်းကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီးတော့ လွတ်မြောက်သွားတဲ့သူ တစ်ယောက်မှမရှိဘူး...ဓားသခင်ချင်းမူက ဒီမနက်မှာ ချမ်အိမ်တော်ရဲ့ ရတနာတွေနဲ့ငွေကြေးတွေအားလုံးကို စီရင်စုရုံးတော်ဆီ ပို့ဆောင်ခဲ့တယ်"

မှတ်တမ်းစာရေးက နံဘေးမှနေ၍ သတင်းပို့နေကာ သူ၏လက်ချောင်းများ အနည်းငယ်တုန်ရီနေသည်။

ဤကိစ္စတစ်ခုလုံးကို လုယွီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း သူ သိရှိထားပြီးဖြစ်သည်။သူသည် စုံစမ်းစစ်ဆေးရာ၌ ပါဝင်ခဲ့သူတစ်ယောက်မျှသာဖြစ်သည်။

ချမ်မိသားစုသည် လင်ကျိုးစီရင်စု၌ အခိုင်အမာအမြစ်တွယ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ချမ်အိမ်တော်နှင့်ဆက်နွယ်ပတ်သတ်မှုများသည် ရှုပ်ထွေးပွေလီနေသဖြင့် လျှော့တွက်၍မရသော အင်အားစုဖြစ်ပေ၏။ထိုကဲ့သို့အင်အားစုမျိုးကို အမြစ်ပြတ်သုတ်သင်နိုင်ရန်မှာ လွယ်ကူသောကိစ္စတစ်ရပ်မဟုတ်ချေ။ချမ်မိသားစုသည် အစဥ်အဆက်ချမ်းသာကြွယ်ဝလာသော မိသားစုတစ်စုပင်။ယခင်စီရင်စုသခင်ပင်လျှင် ချမ်မိသားစုကို အရေးပေး၍ဆက်ဆံခဲ့ရသည်။

လုယွီသည် မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်လျှင်မြန်သည့် နည်းလမ်းများကိုအသုံးပြု၍ လင်ကျိုးစီရင်စုအတွင်း၌ အမြှစ်တွယ်နေသော မြစ်ပွားနာကို ရှင်းထုတ်လိုက်လေပြီ။

"ဒီမနက်မှာ ငါ ပြောခဲ့တဲ့အတိုင်း လုပ်လိုက်တော့...ဒါကိုယူပြီး လူသိရှင်ကြားထုတ်ပြန်ကြေငြာလိုက်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

မှတ်တမ်းစာရေးသည် ခေါင်းညိတ်ပြကာ လုယွီကို တစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။

ကိစ္စများအားလုံး လျှပ်ပြက်သည့်အလား ဖြစ်ပွားသွားခဲ့လေ၏။များသောအားဖြင့် စီရင်စုရုံးတော်သည် ချမ်မိသားစုကို သည်းခံ၍နေရသော်လည်း ဤတစ်ကြိမ်တွင် ချမ်မိသားစုထံမှ သွေးဖြင့်တန်ရာတန်ကြေး ပြန်ယူနိုင်လေပြီ။

အချိန်တခဏကြာပြီးနောက် သတင်းတစ်ခုက လင်ကျိုးစီရင်စုတစ်စုလုံးအနှံ့ ပျံ့နှံ့သွားသည်။

ညအချိန်ကိုအခွင့်ကောင်းယူ၍ နတ်ဆိုးကျင့်ကြံသူများက စီရင်စုရုံးတော်ကို တိုက်ခိုက်ခဲ့သည်။ကံကောင်းထောက်မစွာဖြင့် စီရင်စုသခင်၏ကြိုတင်စီစဥ်ထားမှုကြောင့် ထိခိုက်မှုများစွာမရှိခဲ့ချေ။

သို့ရာတွင် စီရင်စုသခင်သည် နတ်ဆိုးကျင့်ကြံသူကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက် ချမ်မိသားစုသည် နတ်ဆိုးကျင့်ကြံသူများကို ကူညီထောက်ပံ့ပေးနေကြောင်း ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

စီရင်စုရုံးတော်သည် စုံစမ်းစစ်ဆေးမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကာ နောက်ဆုံးတွင် ချမ်မိသားစုကျူးလွန်ခဲ့သော ရာဇဝတ်မှုများ ထွက်ပေါ်လာပေ၏။

လင်ကျိုးစီရင်စုကို ဝိုင်းရံမခံရမီကတည်းက ချမ်မိသားစုသည် အတွင်းမှနေ၍ လုယွီကိုသတ်ဖြတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နတ်ဆိုးကျင့်ကြံသူများနှင့် ပူးပေါင်းခဲ့သည်။

ချမ်အိမ်တော်တွင် နတ်ဆိုးကျင့်ကြံသူများ ပုန်းအောင်း၍ ကျင့်ကြံနေကာ ပြင်ပရှိပုန်ကန်သူစစ်တပ်ကိုလည်း ငွေကြေးများထောက်ပံခဲ့သည်။

ချမ်ဝမ်ကျွင်းထံတွင် သွေးနတ်ဆိုးဂိုဏ်း၏ဓမ္မစောင့်ရှောက်သူဟူသော အဆင့်အတန်းပင်ရှိနေသည်။သွေးနတ်ဆိုးဂိုဏ်း မြို့အတွင်းသို့ဝင်ရောက်လာသည်နှင့် ချမ်မိသားစုသည် သာလွန်ထူးကဲသော အဆင့်အတန်းမျိုးကို ရရှိသွားပေမည်။

ထိုသတင်းထွက်ပေါ်လာချိန်တွင် လင်ကျိုးစီရင်စုတစ်စုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။

ပြင်းထန်သောအမိန့်ကြောင့် မြို့အတွင်းရှိမိသားစုတိုင်းနီးပါးမှ ကျင့်ကြံသူများသည် မြို့ကိုကာကွယ်ရန်အတွက် စစ်တပ်အတွင်းသို့ ဝင်ခဲ့ကြရသည်။နေ့စဥ်နေ့တိုင်း မြို့ရိုးများပေါ်တွင် လူအမြောက်အများ သေဆုံးနေသဖြင့် မြို့အတွင်းရှိလူများအားလုံးသည် နတ်ဆိုးကျင့်ကြံသူများကို အရိုးအသားနက်သည်အထိ မုန်းတီးကြပေ၏။

ဤတစ်ကြိမ်တွင် နတ်ဆိုးကျင့်ကြံသူများကို တိတ်တဆိတ် ကူညီထောက်ပံပေးနေသူများကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သည်။

မြို့အတွင်းရှိလူတိုင်းနီးပါး၏စိတ်နှလုံးသားများအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေတော့သည်။

"ချမ်မိသားစုက ယုတ်ညံတဲ့အလုပ်တွေကိုလုပ်နေတယ်ဆိုတာ ငါ အရင်ကတည်းကသိခဲ့တာ....လူဘယ်လောက်များများဆီက ရတနာတွေကို ချမ်ဝမ်ကျွင်းလုယူထားလဲဆိုတာ ငါ မသိဘူး...ချမ်မိသားစု ပျက်စီးသွားတာကို ငါ မြင်ချင်တာ အချိန်အတော်ကြာနေပြီ"

"ချမ်ဝမ်ကျွင်းသေသွားပြီလို့ ငါ ကြားထားတယ်...တကယ်လို့ သူ ဒီအတိုင်းသေသွားပြီဆိုရင် သူ ကံကောင်းတာပဲ...သူသာ မသေဘဲ ငါတို့ရဲ့လက်ထဲကို ရောက်လာလို့ကတော့ ငါတို့က သူ လောကကြီးထဲမှာ အသက်ရှင်သန်နေရတာကို နောင်တရအောင်လုပ်မယ်"

ငါးလကြာပြီးနောက် သူတို့၏မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများ သေဆုံးသွားခဲ့သဖြင့် လင်ကျိုးစီရင်စုရှိလူအများစု၏ စိတ်နှလုံးသားများအတွင်းတွင် ဒေါသများ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။

သူတို့သည် ချမ်မိသားစုကို ပြဿနာရှာလိုသော်လည်း ချမ်မိသားစုသည် ပျက်စီးပြိုလဲပြီးဖြစ်သည်။ချမ်မိသားစုဝင်များအားလုံး သေဆုံးသွားကာ ချမ်အိမ်တော်သည် စီရင်စုရုံးတော်၏သိမ်းပိုက်ခြင်းကိုခံရပြီး စစ်သားများက ပြင်ပတွင် အဆက်မပြတ်ကင်းလှည့်နေလေ၏။

လက်စားချေမှုကြီး စတင်လေပြီ။

ပထမဆုံးရက်တွင် လင်ကျိုးစီရင်စုအတွင်းရှိ ချမ်မိသားစုအပိုင်ဖြစ်သော ဆိုင်တစ်ရာကျော် တပြိုင်နက်တည်း တိုက်ခိုက်ခံရသည်။

Chapter 3147

ဆိုင်အတွင်းရှိ ပစ္စည်းများအားလုံး လုယက်ခံရကာ ဆိုင်ရှင်များနှင့်အလုပ်သမားများအားလုံး ထွက်ပြေးသွားကြလေပြီ။

ချမ်ဝမ်ကျွင်းသည် အလွန်သတိကြီးသူတစ်ယောက်ပင်။သူသည် လင်ကျိုးမြို့အတွင်းရှိ သူ၏ပိုင်ဆိုင်မှုများအားလုံးကို တို့ထိခြင်းမပြုဘဲ ချမ်အိမ်တော်မှ အဖိုးတန်ဆုံးရတနာများကိုသာ ယူဆောင်သွားခဲ့သည်။

သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ချမ်မိသားစု၏ဆိုင်များသည် တန်ဖိုးကြီးကြီးမားမားရှိသည်ဟု ယူဆနိုင်ပေ၏။

ထိုအခြင်းအရာကြောင့် ချမ်မိသားစု၏ဆိုင်များအတွင်းသို့ ဝင်ရောက်လုယက်၍ ပြန်ထွက်လာသူအများစု၏လက်အတွင်းတွင် ပစ္စည်းများအပြည့်ပင်။

နောက်ပိုင်းမှလုယက်သူတချို့သည် ယခင်လူများရရှိသွားသော ပစ္စည်းများကိုမြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ မနာလိုအားကျမှုနှင့်လောဘများဖြင့် ပြည့်နှက်နေတော့သည်။

ရှုပ်ထွေးသောစိတ်ခံစားချက်များက လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ လှည့်ပတ်နေသည်။

ထိုစိတ်ခံစားချက်များအကြားတွင် မနာလိုအားကျမှုနှင့်လောဘများက အဆုံးစွန်ဆုံးအဆင့်ထိ မြင့်တက်နေသည်။

ချမ်မိသားစု၏ဆိုင်များ လုယက်ခံရပြီးနောက် ချမ်မိသားစုနှင့်ဆက်စပ်သူများ စတင်၍ဒုက္ခခံစားရတော့သည်။

ဒေါသထွက်နေသော လူအုပ်ကြီးသည် ထိုအရာများကို လျစ်လျှူရှုမထားကြတော့ချေ။အတိတ်တွင် ချမ်မိသားစုနှင့် ဆက်နွယ်ပတ်သတ်မှုရှိသောမည်သူမဆို ဤအရှုပ်အထွေးအတွင်း၌ ပါဝင်လာခဲ့ပေ၏။

ချမ်မိသားစုနှင့် စီးပွားရေးအရအဆက်အဆံရှိသော ဆိုင်များအားလုံး မီးရှို့ဖျက်ဆီးခြင်းခံရကာ အတွင်းရှိကုန်ပစ္စည်းများအားလုံး လုယက်ခံရသည်။

ယခင်က ချမ်မိသားစုထံ လက်ဆောင်ပဏ္ဏများပေးအပ်ခဲ့သော မိသားစုတချို့သည်လည်း တိုက်ခိုက်ခံရလေ၏။သူတို့သည် သူတို့၏အိမ်တော်များကို ကာကွယ်ရုံမျှသာ ထိန်းသိမ်းထားနိုင်ပြီး နေ့စဥ်နေ့တိုင်း လူအများ၏ကျိန်ဆဲခြင်းကိုခံရသည်။

"လာကြစမ်း...ငါ့ရဲ့အမိန့်ကို ထုတ်ပြန်လိုက်...ဒီချိန်ကစပြီးတော့ လမ်းတွေပေါ်မှာ ပြဿနာရှာဝံ့တဲ့ ဘယ့်သူကိုမဆို ကွပ်မျက်မယ်"

လုယွီသည် ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု မျှော်လင့်ထားပြီးလေပြီ။သူသည် ထိုလူစုကိုဖိနှိပ်ရန်အတွက် ချက်ချင်းအမိန့်ထုတ်ပြန်လိုက်၏။

ချင်ယုနှင့်လျှိုမင်တို့သည် သူတို့၏နောက်လိုက်များကိုခေါ်ဆောင်၍ အလျှင်အမြန်ထွက်ခွာခဲ့တော့သည်။သူတို့သည် ထိုဆူပူသောင်းကြမ်းမှုကို တစ်ရက်လုံးလုံး နှိမ်နင်းခဲ့ရသည်။

တစ်ရက်အတွင်းမှာပင် ထိုဆူပူသောင်းကြမ်းသူများကို ဦးဆောင်ခဲ့သူများ ဖမ်းဆီးခံရကာ လမ်းပေါ်မှာပင် ကွပ်မျက်ခံရလေ၏။

ထိုလူများအကြားတွင် စစ်သားများသည် ပိုက်ကွန်အတွင်းမှ လွတ်ထွက်သွားသော နတ်ဆိုးကျင့်ကြံသူတချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။သူတို့သည် ဆူပူသောင်းကြမ်းမှုကိုအခွင့်ကောင်းယူ၍ လူအများကြား၌ ပို၍ကြီးမားသောအဓိကရုဏ်းကြီး ဖြစ်စေလိုခဲ့သည်။

စစ်တပ်၏ပြင်းထန်သောနည်းလမ်းများကြောင့် ထိုဆူပူအုံ့ကြွမှုကို နောက်ဆုံး၌ ဖိနှိပ်နိုင်ခဲ့လေ၏။

ချင်ယုက သွေးသံတရဲရဲခေါင်းပြတ်များကို အတန်းလိုက်ဆွဲ၍ သယ်ဆောင်သွားခဲ့သည်။

"ဒီလူတွေရဲ့တစ်ဝက်က နတ်ဆိုးကျင့်ကြံသူတွေပဲ...ကျန်တဲ့တစ်ဝက်ကတော့....ငါတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတဲ့လူတွေ...သူတို့ ဘာလို့သစ္စာဖောက်ချင်တယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် သူတို့တွေက နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းချင်နေကြတယ်လို့ ငါ ထင်တယ်...သူတို့က ပိုကောင်းတဲ့ရလဒ်မျိုးရလာမယ်လို့ ထင်နေကြပုံပဲ"

ချင်ယုက နီမြန်းနေသောမျက်လုံးတစ်စုံဖြင့် ပြောဆိုသည်။

မည်သူမဆို သစ္စာဖောက်များကို ရွံရှာမုန်းတီးကြသည်။

မည်သည့်ကိစ္စတွင်မဆို သစ္စာဖောက်များသည် ရန်သူထက်ပို၍ ရွံရှာစက်ဆုပ်ဖွယ်ကောင်းပေ၏။

လုယွီက ပြောဆိုသည်။

"ချင်ယု...ငါ မင်းကို နားရက်တစ်ရက်ပေးမယ်...သွားပြီးအနားယူတော့"

"အရှင်....ငါ မပင်ပန်းသေးဘူး...ငါ မြို့ကိုကာကွယ်ရမယ်"

ချင်ယုက ခေါင်းခါပြကာ ခေါင်းပြတ်များကို သူ၏နံဘေးရှိ လက်ထောက်တပ်မှူးထံ ပစ်ပေးလိုက်သည်။ထို့နောက် သူသည် မြို့ရိုးထံသို့ ထွက်ခွာသွားတော့သည်။

လျှိုမင်က ကျိုးကြောင်းဆက်စပ်စဥ်းစား၍ ပြောဆိုသည်။

"အရှင်က လူထုရဲ့ဒေါသတွေကို ချမ်မိသားစုဆီ ပုံချလိုက်တာလား...ဒီနည်းလမ်းနဲ့ လူထုရဲ့ဒေါသတွေက ငါတို့စီရင်စုရုံးတော်ဆီ ရောက်မလာတော့ဘူး...မြို့ထဲကလူတွေရဲ့ စိတ်ခံစားချက်တွေလည်း နည်းနည်းတော့ တည်ငြိမ်သွားလိမ့်မယ်"

လုယွီက ခေါင်းညိတ်ပြလိုက်၏။

"ဒါက အမှန်ပဲ"

"ဒါပေမယ့် ငါတို့ နောက်ထပ်ဘာလုပ်သင့်လဲ...ငါ ပွင့်ပွင့်လင်းလင်းပြောမိတဲ့အတွက် ခွင့်လွှတ်ပေးပါ...တော်ဝင်နန်းတွင်းကနေ ခုထိ ဘာစစ်ကူမှမလာသေးဘူးလား"

လျှိုမင်က မေးမြန်းသည်။

အမှန်အားဖြင့် ဤသည်က မြို့အတွင်းရှိ လူအမြောက်အမြား တွေးတောနေသောကိစ္စပင်။

ငါးလကြာသည့်တိုင် တော်ဝင်နန်းတွင်းမှစစ်ကူများ မည်သည်ကြောင့် ရောက်ရှိမလာသနည်း...

တော်ဝင်စစ်တပ်များ မည်သည့်အခြေအနေတွင် ရှိသနည်း...

တော်ဝင်နန်းတွင်းမှနေ၍ နေရာဒေသအသီးသီးသို့ စေလွှတ်ထားသော အစွမ်းထက်ကျင့်ကြံသူများ မည်သည့်နေရာတွင် ရောက်ရှိနေသနည်း...

ဤငါးလအတွင်းတွင် လင်ကျိုးစီရင်စုသည် တောင့်ခံထားနိုင်ဆဲပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လင်ကျိုးစီရင်စုအတွင်းမှလူအများစုသည် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရသည်။

ပြင်ပ၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....

မည်သည်ကြောင့် တော်ဝင်နန်းတွင်းမှနေ၍ ယခုချိန်ထိတိုင် စစ်ကူများ စေလွှတ်ခြင်းမပြုသနည်း....

လူများ၏စိတ်နှလုံးသားများအတွင်း၌ ထိုမေးခွန်းများရှိနေသည်။အချိန်ကြာလာသည်နှင့်အမျှ ကောလဟာလများက လင်ကျိုးစီရင်စုအတွင်း၌ စတင်၍ပျံ့နှံ့လာသည်။

မေးခွန်းများကို ရပ်တန့်၍မရတော့ချေ။

လင်ကျိုးစီရင်စု၏စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သော လျှိုမင်သည် တော်ဝင်နန်းတွင်းမှစစ်ကူများ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို သိရှိလိုပေ၏။

Chapter 3148

စစ်ကူများ မည်သည့်အချိန်တွင် ရောက်ရှိလာမည်ကို လုယွီ မသိရှိချေ။

အမှန်အားဖြင့် ပုန်ကန်မှုကိုကြားသိပြီးနောက် တော်ဝင်နန်းတွင်းမှနေ၍ ထိုပုန်ကန်မှုကို နှိမ်နင်းရန်အတွက် အနီးအနားရှိကြယ်မြစ်များတွင် စခန်းချနေသောစစ်တပ်များကို ချက်ချင်းစေလွှတ်ရပေမည်။

စစ်ကူများသည် အချိန်ငါးလကြာမြင့်သည့်တိုင် ရောက်ရှိမလာသေးသဖြင့် အမှားအယွင်းတစ်ခု ရှိနေလေပြီ။

သို့ရာတွင် မည်သို့ပင်ဆိုစေကာမူ ဤသည်က ဟွမ်လျန့်အိမ်မက်ကမ္ဘာပင်။

ဤနေရာရှိ အရာရာတိုင်းသည် အဖြစ်မှန်ကို ပြန်လည်စီစဥ်ထားခြင်းဖြစ်သော်လည်း အဖြစ်မှန်နှင့် ကွဲပြားခြားနားသည်။

အမှန်အားဖြင့် လင်ကျိုးစီရင်စုသည် နှစ်ကူးပွဲတော်ညကတည်းက ပျက်စီးသွားလေပြီ။စီရင်စုသခင် ချင်ယုနှင့်လျှိုမင်တို့အပါအဝင် လင်ကျိုးစီရင်စုအတွင်းရှိ သန်းနှင့်ချီသောလူများသည်လည်း သေဆုံးသွားခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။

လုယွီ၏အမျိုးမျိုးသော နည်းလမ်းများကြောင့်သာ လင်ကျိုးစီရင်စုသည် ယခုထိတိုင် ရှင်သန်နေခြင်းဖြစ်သည်။

ယခုချိန်၌ မိုးကောင်းကင်မီးတောက်ကုန်းမြေ၏နေရာအများစုကို နတ်ဆိုးကျင့်ကြံသူများမှ သိမ်းပိုက်ထားပြီးလေပြီ။

လင်ကျိုးစီရင်စုသည် ဧရာမလှိုင်းလုံးကြီးများအကြားရောက်ရှိနေပြီး အချိန်မရွေးတိမ်းမှောက်သွားနိုင်သော လှေငယ်တစ်စင်းနှင့်တူညီနေသည်။

"ခဏစောင့်လိုက်ပါအုံး...သူတို့ လာတော့မှာပါ"

လုယွီက ရှည်လျှားသောသက်ပြင်းတစ်ချက်ချကာ တိကျပြတ်သားသောအဖြေကို မပေးနိုင်ချေ။

သို့ရာတွင် ထိုသို့ပြောဆိုရုံသက်သက်ဖြင့်ပင် လျှိုမင်သည် အခြေအနေကို နားလည်သဘောပေါက်သွားလေ၏။

"ငါက လင်ကျိုးစီရင်စုတစ်စုလုံးရဲ့ကိုယ်စား အရှင့်ကို ကျေးဇူးတင်ပါတယ်"

လျှိုမင်က လုယွီကို ဦးညွှတ်အရိုအသေပြုလိုက်သည်။

ဤအချိန်အခိုက်အတန့်တွင် လုယွီ မောပန်းနေပြီကို သူ ပြောနိုင်သည်။

ဤသည်က ပါးလွှာသောရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေရသော ခံစားချက်မျိုးပင်။

နတ်ဆိုးကျင့်ကြံသူများ ရှုံးနိမ့်နေခြင်းမှာ အမှားများကျူးလွန်ခဲ့သောကြောင့်ပင်။သို့ရာတွင် လုယွီသည် တစ်ကြိမ်တစ်ခါမျှ အမှားပြုလုပ်ခဲ့ခြင်းမရှိချေ။

သူ အမှားပြုလုပ်ခဲ့ပါက သူ့အားစောင့်ကြိုနေသည်မှာ အကန့်အသတ်မရှိသော သေကြေပျက်စီးခြင်းပင်။

ရက်အနည်းငယ်ခန့် ကုန်လွန်သွားလေပြီ။

လင်ကျိုးစီရင်စု၏မြို့ရိုးများပေါ်ရှိ စစ်သားများ၏မျက်နှာများပေါ်တွင် ပင်ပန်းနွမ်းနယ်မှုအရိပ်အယောင်များ ရှိနေသည်။

သူတို့သည် ကျင့်ကြံသူများဖြစ်သော်လည်း လူသားများသာဖြစ်သည်။

သူတို့ထံတွင် မှော်စွမ်းအားများရှိသော်လည်း သူတို့၏စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်မှာ အကန့်အသတ်ရှိပေ၏။

လပေါင်းများစွာကြာအောင် ကြီးမားသောဖိအားအောက်တွင် နေထိုင်ခဲ့ရပြီးနောက် လူအများစုသည် ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

"စစ်ရေးကွင်းပြင်ကလူတွေက ယင်အလောင်းကောင်အဆိပ်မိထားတာလို့ ငါ ကြားထားတယ်...အဲ့ဒီအဆိပ်မိထားတဲ့သူတွေက အသိဥာဏ်မရှိတဲ့ ယင်အလောင်းကောင်တွေ ဖြစ်လာနိုင်တယ်"

"ငါ သိတယ်...အဲ့ဒီရက်တွေမှာတုန်းက ငါ အိပ်ပျော်နေတဲ့အချိန်မှာတောင် အကာအကွယ်တွေ ကြိုပြီးခင်းကျင်းထားရတယ်...ငါ့ရဲ့ဘေးမှာရှိတဲ့ တစ်ယောက်ယောက်က ရုတ်တရက်ကြီး ယင်အလောင်းကောင်ဖြစ်သွားပြီးတော့ ငါ့ကိုလာတိုက်ခိုက်မှာကို ငါ စိုးရိမ်မိတယ်"

"အဆိပ်မိတဲ့သူတွေကို တဲထဲမှာ အဆောင်လက်ဖွဲ့တွေနဲ့ ချိပ်ပိတ်ထားတာပါ...ဒါက အဆင်ပြေသွားပါ"

စစ်သားတချို့သည် စကားစမြည်ပြောဆိုနေကြကာ သူတို့၏စိတ်နှလုံးသားများ လေးလံနေသည်။

အကယ်၍ သူတို့သည် မြို့ပြင်သို့ထွက်ခွာသွားလိုက်ပါက နတ်ဆိုးကျင့်ကြံသူများ၏သတ်ဖြတ်ခြင်းကို ခံရပေမည်။

မြို့အတွင်း၌နေပြီး လင်ကျိုးစီရင်စုကို ဆက်လက်၍ကာကွယ်နေသည်က သူတို့အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသောအခွင့်အရေးပင်။

နတ်ဆိုးကျင့်ကြံသူများသည် မြို့ကိုစတင်တိုက်ခိုက်စဥ်ကတည်းက သူတို့၏လူအင်အားအမြောက်အများ ဆုံးရှုံးသွားရမည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ခဲ့ခြင်းမရှိချေ။သူတို့က လင်ကျိုးစီရင်စုအတွင်းရှိလူများကို ထိတ်လန့်ကြောက်ရွံစေရန် ခြိမ်းခြောက်ခဲ့သော်လည်း ဤသည်ကပင် မြို့အတွင်းရှိလူများ ယခုချိန်ထိ ခုခံကာကွယ်နေသည့် အကြောင်းအရင်းဖြစ်လာသည်။

မည်သူကမျှ နတ်ဆိုးကျင့်ကြံသူများအတွက် အလုပ်လုပ်ပေးလိုစိတ်မရှိတော့ချေ။ဤသည်က လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်း၏ ဆုံးဖြတ်ချက်ပင်။

"ပေါက်ကရစကားတွေ မပြောစမ်းနဲ့...ယင်အလောင်းကောင်အဆိပ်ကို ကုသနိုင်တဲ့နည်းလမ်းတွေ ရှိနေတယ်လေ....လက်ထောက်တပ်မှူးကျန်းကို ကြည့်လိုက်အုံး...သူ ယင်အလောင်းကောင်အဆိပ်မိခဲ့ပေမယ့် ဆေးလုံးတွေသောက်ပြီးတော့ နေရောင်ခြည်ကိုပုံမှန်ခံယူပြီးတဲ့နောက်မှာ သူ အခု ပြန်ကောင်းသွားပြီ...သူက အသက်ရှင်နေပြီးတော့ သွားလာလှုပ်ရှားနိုင်တယ်လေ"

"ဒါက ဆေးခန်းမကနေ ငါတို့အတွက် ဆေးလုံးတွေအများကြီး ထောက်ပံပေးခဲ့တာကြောင့်ပဲ"

"အဲ့ဒီဆေးတွေအကုန်လုံးကို ဆေးခန်းမရဲ့ဆေးပညာရှင်တွေ သန့်စင်ခဲ့တာမဟုတ်ဘူးလို့ ငါကြားထားတယ်...တချို့ဆေးလုံးတွေကို စီရင်စုသခင်ကိုယ်တိုင် သန့်စင်ခဲ့တာပဲ"

"စီရင်စုသခင်က ဆေးဘယ်လိုသန့်စင်ရမယ်ဆိုတာ တကယ်ကြီးသိနေတာလား...မင်း တကယ်ပြောတာလား"

"ငါက မင်းကို ဘာလို့လိမ်ရမှာလဲ....စီရင်စုရုံးတော်မှာ အလုပ်လုပ်နေတဲ့ ငါ့ရဲ့ဝမ်းကွဲတစ်ယောက်ရှိတယ်...စီရင်စုသခင် ဆေးသန့်စင်နေတာကို သူ့ရဲ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာ"

.....

ထိုလူစု စကားပြောဆိုနေစဥ်မှာပင် ရုတ်တရက် တစ်စုံတစ်ယောက်က မျက်မှောင်ကြုတ်လိုက်၏။

"ထူးဆန်းတယ်...ခုက နေ့လယ်ခင်းမဟုတ်ဘူးလား...ဘာလို့ တစတစ မှောင်လာတာလဲ"

စစ်သားများက မြို့ပြင်ပသို့ လှမ်းကြည့်လိုက်ကြသည်။

မြို့ပြင်ပရှိ တောင်တန်းများပေါ်တွင် ထူထပ်သိပ်သည်းသော အစိမ်းရောင်အခိုးအငွေ့များက ရစ်ဝဲနေကာ တဖြည်းဖြည်းမြင့်တက်လာပြီး ကောင်းကင်ယံရှိ နေမင်းကြီး၏အလင်းရောင်ကိုပင် ဖုံးကွယ်သွားတော့သည်။

Chapter 3149

ကောင်းကင်ယံရှိ နေအလင်းရောင်သည် ထူထပ်သိပ်သည်းသောမြူခိုးများ၏ဝါးမြိုခြင်းကို တစတစခံနေရသည်။

နေအလင်းရောင်သည် ထိုမြူခိုးများကို ဖြတ်ကျော်နိုင်ခြင်းမရှိချေ။အရိပ်မည်းကြီးတစ်ရိပ်က တဖြည်းဖြည်း လင်ကျိုးစီရင်စုတစ်စုလုံးကို လွှမ်းခြုံသွားတော့သည်။

"အခြေအနေတစ်ခုခုတော့ ထူးခြားနေပြီ...စီရင်စုသခင်ဆီ မြန်မြန်သတင်းပို့ကြစမ်း"

စစ်သားများသည် သူတို့အနားယူနေသော ကတုတ်ကျင်းများအတွင်းမှ ထွက်လာကာ အဝေးမှနေ၍ တဖြည်းဖြည်းပြန့်ကားလာသော အနက်ရောင်မြူခိုးထုကြီးကို ကြည့်လိုက်ကြ၏။

ချင်ယုသည် တစ်စုံတစ်ခုမှားယွင်းနေကြောင်းကို ပထမဆုံးအာရုံခံမိသူပင်။သူ၏မျက်လုံးအတွင်းမှ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေကာ သူ၏နတ်ဘုရားစိတ်အာရုံကို မိုင်ပေါင်းများစွာကွာဝေးသောနေရာသို့ ဖြန့်ကျက်လိုက်သည်။

ဤအချိန်တွင် ပုန်ကန်သူများ မြို့ကိုစတင်တိုက်ခိုက်ခြင်းဖြစ်ပေမည်။သို့ရာတွင် ပုန်ကန်သူများ၏အရိပ်အယောင်ကို မည်သည့်နေရာတွင်မျှ မမြင်တွေ့ရချေ။

နတ်ဘုရားမျက်လုံးဝင်္ကပါကြီး၏စုံစမ်းထောက်လှမ်းမှုအောက်တွင် ပုန်ကန်သူစစ်စခန်းတစ်ခုလုံး ဗလာဟင်းလင်းဖြစ်နေကာ မည်သည့်လူအရိပ်အယောင်မျှမရှိချေ။

ထို့နောက် ထူထပ်သိပ်သည်းသော မြူခိုးများသည် ပုန်ကန်သူစစ်စခန်းမှထွက်ပေါ်လာခြင်းဖြစ်သည်။

"မဟုတ်သေးဘူး...အဲ့ဒီမြူခိုးတွေနဲ့ပတ်သတ်ပြီးတော့ တစ်ခုခုမှားနေပြီ"

ချင်ယုသည် ရုတ်တရက် သူ့ရှေ့၌ထွက်ပေါ်လာသည့် အသေးစိတ်အချက်အလက်တစ်ခုကို သတိပြုမိသွားပေ၏။

မြေပြင်ပေါ်ရှိ သစ်ပင်ပန်းမန်များသည် ထိုမြူခိုးထုကြီး၏လွှမ်းခြုံခြင်းကို ခံရပြီးနောက် ထိုအရာများ၏အသက်စွမ်းအားများ ကုန်ဆုံးသွားသည့်အလား ညှိုးနွမ်းခြောက်သွေ့သွားကာ အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားသည်။

လင်ကျိုးစီရင်စု၏ပြင်ပတွင် ယခင်က အသက်စွမ်းအားများပြည့်နေသော လွင်ပြင်ကြီးရှိသည်။သို့ရာတွင် မြူခိုးများမျောလွင့်နေပြီးနောက် ထိုလွင်ပြင်သည် ခြောက်ကပ်သွားကာ အသက်စွမ်းအားရှိသည့်အရာရာတိုင်း အနက်ရောင်ရေများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုမြူခိုးများအကြားတွင် အဆိပ်ရှိနေပေ၏။

ချင်ယုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"ငါ အရှင့်ကို သွားတွေ့မယ်"

သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ထိုအကန့်အသတ်မရှိသော အဆိပ်မြူခိုးများကို သူ၏ကိုယ်ပိုင်ခွန်အားဖြင့် လှုပ်ခတ်အောင် ပြုလုပ်နိုင်ခြင်းမရှိချေ။

သို့ရာတွင် ချင်ယု လှုပ်ရှားတော့မည့်အချိန်မှာပင် တုန်လှုပ်ချောက်ချားဖွယ်ဟိန်းဟောက်သံများက လင်ကျိုးစီရင်စုအတွင်း၌ မြည်ဟီးသွားသည်။

ထိုဟိန်းဟောက်သံများကို လင်ကျိုးစီရင်စု၏နေရာအနှံ့အပြား၌ ကြားနေရကာ ရလဒ်အနေဖြင့် နားအူလုမတတ် ဆူညံပွက်လောရိုက်နေသည်။

"မဟုတ်ဘူး"

ချင်ယု၏မျက်နှာ ဖြူရော်သွားသည်။

ယင်အလောင်းကောင်အဆိပ် စတင်၍ပျံ့နှံ့နေလေပြီ။

လင်ကျိုးစီရင်စုသည် ထိုကိစ္စကို အလျှင်အမြန်ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် လူအများစုကို ကုသပေးနိုင်ခဲ့သော်လည်း မြို့အတွင်း၌ပုန်းအောင်းကာ လှုပ်ရှားရန်အခွင့်အရေးကို စောင့်ဆိုင်းနေသည့် နတ်ဆိုးကျင့်ကြံသူများရှိနေဆဲပင်။

သူတို့သည် အခွင့်အရေးရှာ၍ အဆိပ်များကို ထုတ်လွှတ်လိုက်ကြ၏။

ဤကိစ္စဖြစ်ပျက်သွားသည်မှာ အချိန်မကြာသေးချေ။

မြို့အတွင်း၌ အရန်စစ်တပ်သည် နံနက်ခင်းလေ့ကျင့်ခန်းပြီးနောက် အနားယူရန် ဟန်ပြင်နေကြသည်။

သို့ရာတွင် ထိုအချိန်မှာပင် လူတချို့၏ခန္ဓာကိုယ်များ တွန့်လိမ်သွားကာ မူးမေ့သတိလစ်သွားလုနီးပါးပင်။

တခြားလူများသည် အလျင်စလိုပြေးလာ၍ စစ်ဆေးလိုက်ကြရာ လူတစ်ယောက်၏ပါးစပ်မှ အမြှုပ်တစီစီထွက်လာကာ သူ၏မျက်ဆံ အဖြူရောင်သို့ ပြောင်းလဲသွားကြောင်း မြင်တွေ့လိုက်ရသည်။

သူတို့သည် ထိုလူကို ဆေးကုသဆောင်သို့ ပို့ဆောင်လိုက်ကြ၏။သို့ရာတွင် သူ့အား ပို့ဆောင်ပေးနေသော လမ်းတစ်ဝက်ခန့်အရောက်တွင် ထိုလူသည် ရုတ်တရက် ယင်အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားကာ ပတ်ဝန်းကျင်ရှိစစ်သားများကို ကိုက်ဖြတ်နေတော့သည်။

စစ်သားများအနက်မှအများစုသည် သတိလက်လွတ်နေမိသဖြင့် သူတို့၏ခန္ဓာကိုယ်မှအသားများပဲ့သွားကာ သွေးစို့နေသောဒဏ်ရာများ ထွက်ပေါ်လာသည်။ယင်အလောင်းကောင်အဆိပ်သည် ထိုဒဏ်ရာများမှတဆင့်စီးဆင်းလာကာ သူတို့၏နှလုံးများအတွင်းသို့ အလျှင်အမြန် ဝင်ရောက်သွားသည်။

ယင်အလောင်းကောင်များ၏ကိုက်ခြင်းခံရသော မည်သူမဆို အချိန်တိုအတွင်းမှာပင် ယင်အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားပေ၏။

ယင်အဆိပ်ပျံ့နှံ့မှုနှုန်းသည် အလွန်လျှင်မြန်သဖြင့် လူတိုင်း အံ့အားသင့်တုန်လှုပ်သွားသည်။

ယခင်က ယင်အလောင်းကောင်အဆိပ်ကို ဖိနှိပ်ထားနိုင်သော်လည်း ယခုလက်ရှိချိန်တွင်မူ ခေါင်းခဲစရာ ပြဿနာတစ်ရပ် ဖြစ်လာလေပြီ။

"ဝင်္ကပါဖွဲ့စည်းကြစမ်း...အဆိပ်မိသွားတဲ့ ဘယ့်သူကိုမဆို အပြင်ထွက်ခွင့်မပေးနဲ့"

"စစ်တန်းလျား....စစ်တန်းလျားကိုဦးတည်ပြီးတော့ ယင်အလောင်းကောင်တွေအများကြီး တိုးဝင်လာပြီ"

"သတ်....အဆိပ်မိသွားတဲ့ ဘယ့်သူကိုမဆို အသက်ရှင်ရက် ချန်မထားတဲ့...သတ်လိုက်တော့"

လင်ကျိုးစီရင်စုတစ်စုလုံး ဖရိုဖရဲအခြေအနေအတွင်းသို့ လုံးလုံးလျားလျား ကျရောက်သွားတော့သည်။

ဤအချိန်တွင် ယခင်က လုယွီသည် ရပ်ကွက်များကိုပိုင်းခြား၍ ချိပ်ပိတ်ခဲ့မှု၏အကျိုးကျေးဇူးများ ထွက်ပေါ်လာလေပြီ။

ယင်အလောင်းကောင်အဆိပ်သည် တချို့ရပ်ကွက်များတွင် ဆိုးဆိုးရွားရွား ပျံ့နှံ့နေသော်လည်း တခြားရပ်ကွက်များသို့ သက်ရောက်မှုမရှိနိုင်သဖြင့် ဆက်လက်၍ပြန့်ပွားခြင်းမရှိတော့ချေ။

ထိုရပ်ကွက်များအကြားတွင် မြင့်မားသောနံရံများဖြင့် ပြည့်နှက်နေကာ လင်ကျိုးစီရင်စုတွင် ပျံသန်းခွင့်တားမြစ်အမိန့်တော်ရှိနေသည်။ယင်အလောင်းကောင်များသည် ပို၍အစွမ်းထက်သောအဆင့်သို့ ဆင့်ကဲပြောင်းလဲလာသည်မှလွဲ၍ တခြားနေရာများသို့ သွားနိုင်ခြင်းမရှိချေ။

မြောက်များစွာသော အကူအညီတောင်းခံစာများနှင့်သတင်းပို့စာလွှာများသည် နှင်းပွင့်များအလား စီရင်စုရုံးတော်ထံသို့ တဖွဲဖွဲရောက်ရှိလာသည်။

ဤအချိန်တွင် လုယွီသည် လင်ကျိုးစီရင်စု၏ဆေးခန်းမအတွင်း၌ မတ်တတ်ရပ်နေလေ၏။

Chapter 3150

ဆေးခန်းမအတွင်း၌ ဆေးရနံ့များဖြင့် ပြည့်နှက်နေသည်။

ဆေးခန်းမအတွင်း၌ ဆေးပညာရှင်တချို့သည် ဆေးမီးဖိုများအတွင်းရှိမီးတောက်များကို အဆက်မပြတ်ထိန်းချုပ်ကာ ဆေးသန့်စင်နေကြ၏။

ဆေးခန်းမတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းမရှိသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။စစ်ပွဲစတင်စဥ်မှစ၍ အစောင့်စစ်သားများကို ထောက်ပံနိုင်ရန်အတွက် ဆေးခန်းမမှနေ၍ နေ့စဥ်နေ့တိုင်း ဆေးလုံးအမြောက်အများကို ထုတ်လုပ်နေရသည်။

ဤနေရာ၌ ဆေးသန့်စင်နေသူများသည် ဆေးပညာအစည်းအရုံးမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော ဆေးပညာရှင်များမဟုတ်ချေ။သူတို့အနက်မှတချို့သည် ဆေးအမျိုးအစားတချို့ကိုသာ ဖော်စပ်တတ်သူများဖြစ်သဖြင့် ထိုဆေးလုံးများ၏အရည်အသွေးသည် အကြီးအကျယ်ပြောင်းလဲနေပေ၏။

ထိုဆေးပညာရှင်များ ဆေးလုံးသန့်စင်ရာ၌ ကျရှုံးမှုနှုန်းမှာလည်း လွန်စွာမြင့်မားသည်။

ထို့ပြင် နေ့စဥ်နေ့တိုင်း ဆေးဖော်စပ်ရသဖြင့် သူတို့၏စိတ်စွမ်းအား အမြောက်အများ ကုန်ဆုံးနေသည်။ဆေးပညာရှင်များသည် ဤနေရာ၌ ဆယ်ရက်တိုင်တိုင် ဆေးသန့်စင်နေသဖြင့် သူတို့၏မျက်လုံးများ နီမြန်းနေလေပြီ။

"သူတို့က နောက်ဆုံးတော့ ဒီလှုပ်ရှားမှုကို အသုံးပြုလိုက်ပြီပေါ့"

လုယွီသည် နတ်ဘုရားစိတ်အာရုံဖြင့် အဝေးမှမျောလွင့်လာသော အဆိပ်မြူခိုးများကိုကြည့်ကာ ရှည်လျှားသောသက်ပြင်းတစ်ချက် ရှိုက်လိုက်၏။

စစ်တပ်နှစ်ခုကြား ရင်ဆိုင်နေချိန်တွင် အဆိုးရွားဆုံးအခြေအနေမှာ အဆိပ်အသုံးပြု၍ တိုက်ခိုက်ခြင်းပင်။

ဤသို့ဖြစ်ရသော အကြောင်းအရင်းမှာ အလွန်ဆိုးရွားသောအခြေအနေဖြင့် အစပျိုးရခြင်းကြောင့်ဖြစ်သည်။တစ်ဖက်မှနေ၍ အဆိပ်အသုံးပြု၍ တိုက်ခိုက်သည်နှင့် နှစ်ဖက်စလုံးသည် လိုအပ်သည့်မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြမည်ဖြစ်ရာ လူအမြောက်အများ ပို၍သေကြေပျက်စီးရပေမည်။

"ခုချိန်ကနေစပြီးတော့ ငါ ဆေးသန့်စင်ဖို့ တံခါးပိတ်နေတော့မယ်...ဘယ့်သူကိုမှ ဝင်ခွင့်မပြုဘူး"

လုယွီက နောက်သို့ချာခနဲလှည့်ကာ ဆေးသန့်စင်ခန်းတစ်ခန်းအတွင်းသို့ ဝင်ရောက်သွားတော့သည်။

လုယွီ အမိန့်ပေးခဲ့မှုကြောင့် သူ့အား မည်သူမျှမနှောက်ယှက်ဝံ့ချေ။

ဆေးသန့်စင်ခန်းအတွင်း၌ လုယွီတစ်ယောက်တည်း ထိုင်နေသည်။

"ဒီယင်အလောင်းအဆိပ်က အဆိပ်အမျိုးအစားဆယ်မျိုးကျော်ကို ရောစပ်ထားတာ...ဒါက ကဏဦးပြောင်းလဲမှုပဲရှိအုံးမှာကို ငါ စိုးရိမ်မိတယ်...သူတို့က ယင်အဆိပ်ကိုအသုံးပြုပြီးတော့ မြို့တံခါးကိုဖွင့်နိုင်ဖို့ ရည်ရွယ်ထားရုံတင်မကဘူး...အဲ့ဒီ ယင်အလောင်းကောင်တွေကို ထိန်းချုပ်နိုင်ဖို့လည်း ပြင်ဆင်နေကြတယ်"

အစိမ်းရောင်မြူခိုးတချို့က လုယွီ၏လက်ဝါးအတွင်း၌ မျောလွင့်နေသည်။

ထိုမြူခိုးများအတွင်းရှိစွမ်းအားသည် အလွန်ပြင်းထန်ကာ ပတ်ဝန်းကျင်ကိုပင် အဆက်မပြတ် တိုက်ခိုက်နေပေ၏။သို့ရာတွင် ထိုအရာကို မမြင်နိုင်သောနံရံများက ကာဆီးထားသည့်အလား လွတ်ထွက်မသွားစေရန် ကာကွယ်ဟန့်တားထားသည်။

လုယွီသည် ထိုအဆိပ်မြူခိုးများ၏သဘောသဘာဝကို ဂရုတစိုက် လေ့လာဆန်းစစ်လိုက်သည်။အချိန်အတော်ကြာစဥ်းစားတွေးတောပြီးနောက် သူသည် ဆေးလုံးကို အလျင်စလိုသန့်စင်ခြင်းမပြုချေ။

ဤသည်က ပြင်ပကမ္ဘာလောက မဟုတ်ပေ။အိမ်ရှေ့စံမင်းသားအပါအဝင် စစ်ဆေးရေးမှူးများသည် သူ့အား စောင့်ကြည့်နေသည်ကို လုယွီက ကောင်းစွာသိရှိထားပေ၏။

သူ၏စိတ်အတွင်း၌ ထိုအဆိပ်ကိုဖြေရှင်းနိုင်သော နည်းလမ်းဆယ်မျိုးကျော်ရှိနေသည်။

သို့ရာတွင် လုယွီသည် ထိုဆေးညွှန်းများကိုအသုံးပြု၍ ဆေးသန့်စင်နိုင်မည်မဟုတ်ချေ။

ထိုအဆိပ်ကိုချိုးဖျက်နိုင်သော ဆေးညွှန်းများသည် သူကိုယ်တိုင် အတိတ်ဘဝတွင် ဖန်တီးခဲ့သောအရာများ သို့မဟုတ် တော်ဝင်နန်းတွင်းတွင် သိမ်းဆည်းထားသောအရာများဖြစ်သည်။

စစ်ဆေးရေးမှူးများကြားတွင် တော်ဝင်ကျောင်းတော်မှ မဟာကွန်ဖြူးရှပ်ပညာရှင်များကဲ့သို့ အသိပညာဗဟုသုတကြွယ်ဝသောလူ အမြောက်အများ ပါဝင်နေသည်။သူတို့သည် လုယွီ သန့်စင်လိုက်သည့်ဆေးညွှန်းကို မှတ်မိသွားမည်မှာ သေချာပေါက်ပင်။

ထိုအချိန်ကျပါက သူ မည်သည့်နေရာမှနေ၍ ထိုဆေးညွှန်းအား ရရှိခဲ့သည်ကို သူတို့က လူများစေလွှတ်၍ စုံစမ်းစစ်ဆေးကြမည်ဖြစ်ရာ သူ့အတွက် ပို၍ကြီးမားသောပြဿနာများက စောင့်ကြိုနေပေမည်။

လုယွီ ယခင်က ထုတ်ဖော်အသုံးပြုခဲ့သည့် လက်ရေးလှပန်းချီနှင့် ပန်းချီရေးဆွဲခြင်းနည်းစနစ်တို့ကို စာပေသူတော်စင်၏တပည့်ဟူသော သူ၏အဆင့်အတန်းဖြင့် ဖုံးကွယ်ထားနိုင်သည်။သို့ရာတွင် ဆေးသန့်စင်ခြင်းကိုမူ ဤနည်းလမ်းဖြင့် ရှင်းပြနိုင်မည်မဟုတ်ချေ။

သို့ရာတွင် လုံးဝဥဿုံ နည်းလမ်းမရှိသည်တော့ မဟုတ်ချေ။

လုယွီသည် သူ၏လက်အတွင်းရှိ ယင်အလောင်းကောင်အဆိပ်ကိုကြည့်ကာ သူ၏စိတ်အတွင်း၌ အတွေးများအလျှင်အမြန် လှုပ်ရှားနေပေ၏။ဖြစ်နိုင်ချေရှိသည့် ဆေးမယ်ပစ္စည်းအမြောက်အများက လုယွီ၏စိတ်အတွင်း၌ ဆေးညွှန်းများအဖြစ် ဖွဲ့စည်းနေသည်။

လုယွီ တွေးတောနေသောအရာများကို မည်သူမျှမသိနိုင်ချေ။

သူတို့သည် ယခုလက်ရှိချိန်၌ လုယွီတွေးတောနေသောအရာများကို ပုံဖော်ကြည့်နိုင်စွမ်းပင် ရှိမည်မဟုတ်ချေ။

သူသည် ဆေးညွှန်းတစ်ခုကို ဖွဲ့စည်းလိုခြင်းပင်။

နတ်ဆိုးကျင့်ကြံသူများ၏အဆိပ်ကို ဖယ်ရှားနိုင်ကာ တစ်ချိန်တည်းမှာပင် တုံ့ပြန်တိုက်ခိုက်နိုင်သော ဆေးညွှန်းတစ်ခုပင်။

ကောင်းကင်ယံ၏မြင့်မားနေရာတွင် စစ်ဆေးရေးမှူးများသည် သူတို့၏အသက်ရှုနှုန်းများကိုထိန်းသိမ်း၍ လုယွီကို ကြည့်ရှုနေကြ၏။

သူတို့၏အမြင်အာရုံအောက်တွင် လင်ကျိုးစီရင်စုတစ်စုလုံးသည် ထူထပ်သိပ်သည်းသော အဆိပ်မြူခိုးများ၏လွှမ်းခြုံခြင်းကို ခံရတော့ပေမည်။ထိုအဆိပ်မြူခိုးများ ဖြတ်သန်းသွားသော မည်သည့်နေရာတွင်မဆို အသက်စွမ်းအားများ လုယက်ခဲ့ရကာ သက်ရှိများအားလုံး အဆိပ်သင့်၍ သေဆုံးသွားကြရသည်။

ဤသည်က သေခြင်းနှင့်ရှင်ခြင်းကြား နောက်ဆုံးအချိန်အခိုက်အတန့်ပင်။

All Chapters