အခန်း (၃၁၅၁-၃၁၅၅)
Vol. 161 Ch. 3151-3155
Chapter 3151
သို့ရာတွင် ယခင်နှင့်မတူညီသည်မှာ ဤတစ်ကြိမ်တွင် လုယွီကို မည်သူမျှ သံသယမဝင်ကြတော့ချေ။
အကြောင်းအရင်းမှာ ယခင်က ပို၍ပြင်းထန်သောအခြေအနေများ ဖြစ်ပွားခဲ့သော်လည်း လုယွီ၏လက်အတွင်း၌ ထိုကိစ္စများအားလုံးကို လွယ်လင့်တကူ ဖြေရှင်းနိုင်ခဲ့သည်။
ယခုလက်ရှိအနေအထားကို မည်သူမည်ဝါ ကြည့်ရှုပါစေ ဤသည်က မျှော်လင့်ချက်မရှိသောအခြေအနေပင်။
လုယွီ မည်ကဲ့သို့ ရင်ဆိုင်ဖြေရှင်းမည်ဟူသောအချက်ပေါ်တွင်သာ မူတည်သည်။
"ဖြစ်နိုင်တာတော့ သူက ဆေးဖော်စပ်မလို့ ပြင်ဆင်နေတာများလား...ဒီလိုအချိန်မျိုးမှာ ယင်အလောင်းကောင်အဆိပ်ကို ခုခံနိုင်တဲ့ဆေးမျိုး ဖော်စပ်ဖို့ဆိုတာ ပြောရတာလွယ်ပေမယ့် လက်တွေ့မှာ ခက်ခဲလိမ့်မယ်"
စစ်ဆေးရေးမှူးတချို့က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။
ဆေးဖော်စပ်ခြင်းသည် တခြားနည်းဗျူဟာများထက် အဆများစွာ ပို၍ခက်ခဲသည်။
တစ်စုံတစ်ယောက်သည် အတွေ့အကြုံ သို့မဟုတ် အသိပညာဗဟုသုတတချို့ရှိနေပါက တစ်ဖက်ရန်သူ၏နည်းဗျူဟာများကို ရင်ဆိုင်ဖြေရှင်းနိုင်ပေမည်။အကယ်၍ တစ်စုံတစ်ယောက်သည် ဆေးဖော်စပ်လိုပါက သူ၏ဥာဏ်ပညာ ပါရမီအရည်အချင်းတို့ဖြင့် လုပ်ဆောင်နိုင်မည့် တစ်စုံတစ်ခုမဟုတ်ချေ။
ဤသို့ပြုလုပ်နိုင်ရန်အတွက် လုံလောက်သော အတွေ့အကြုံရှိရပေမည်။
ယခုလက်ရှိချိန်တွင် အဆိပ်မြူခိုးများ ရောက်ရှိလာတော့မည်ဖြစ်ရာ အခြေခံအားဖြင့် သူ၏ဆေးသန့်စင်ခြင်းသည် အသုံးဝင်မည်မဟုတ်ချေ။
အကူအညီတောင်းခံသည့်စာများက လင်ကျိုးစီရင်စုရုံးတော်ထံသို့ အဆက်မပြတ်ရောက်ရှိနေသော်လည်း တုံ့ပြန်မှုအနေဖြင့် သတင်းတစ်ခုသာ ပြန်လည်ရရှိခဲ့သည်။
စီရင်စုသခင် ဆေးသန့်စင်နေလေပြီ။
သူတို့သည် လုယွီကို မည်မျှထိ ယုံကြည်အားထားသည်ဖြစ်စေ လူတိုင်းသည် ထိုသတင်းကိုကြားချိန်တွင် သူတို့၏အမြင်အာရုံများ မှောင်မိုက်သွားသကဲ့သို့ ခံစားလိုက်ရကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကန့်အသတ်မရှိသော စိတ်ဓာတ်ကျဆင်းခြင်းများနှင့် ပြည့်နှက်သွားတော့သည်။
ဤသည်က သူတို့ လုယွီကို မယုံကြည်ခြင်းကြောင့်မဟုတ်ဘဲ ယခုလက်ရှိချိန်မှ ဆေးဖော်စပ်ခြင်းသည် အသုံးမဝင်သောကြောင့်ပင်။
ဆေးလုံးများဖြင့် လူတစ်ယောက်ကို ကယ်တင်နိုင်လျှင်ပင် လူအမြောက်အများကို မည်သည့်နည်းဖြင့် ကယ်တင်နိုင်မည်နည်း။
ယခုလက်ရှိချိန်တွင် ယင်အလောင်းကောင်များသည် မြို့အတွင်း၌ ပျံ့နှံ့နေဆဲပင်။ယင်အလောင်းကောင်အမြောက်အများသည် မြို့အတွင်း၌ သက်ရှိလူသားများကို လိုက်လံရှာဖွေကာ သူတို့၏ခွန်အားများ မြင့်တက်လာစေရန် ဝါးမြိုနေသည်။
ဤကဲ့သို့အချိန်မျိုးတွင် အကယ်၍ လုယွီသာ အပြင်သို့ထွက်လာပြီး အခြေအနေကို ကိုင်တွယ်ဖြေရှင်းခြင်းမပြုပါက လင်ကျိုးစီရင်စု၏အခြေအနေ လွန်စွာဆိုးရွားသွားပေမည်။
"အခုချိန်ကျမှ သူက ဘယ်လိုဆေးမျိုးကို ဖော်စပ်နေတာလဲ...ငါ သူ့ကို သွားရှာမယ်"
ချင်ယုသည် ထိုသတင်းကိုကြားချိန်တွင် အလွန်အမင်း ဒေါသထွက်သွားလေ၏။သူသည် လုယွီအပေါ်ထားရှိသည့် သူ၏ရိုသေလေးစားမှုကိုပင် ဂရုမစိုက်တော့ချေ။သူသည် လုယွီကို သွားရောက်၍ရှာဖွေရန်အတွက် မတ်တတ်ထရပ်လိုက်သည်။
ယခုချိန်သည် လင်ကျိုးစီရင်စု၏ သေခြင်းနှင့်ရှင်ခြင်းကြား အရေးကြီးဆုံးအချိန်အခိုက်အတန့်ပင်။အကယ်၍ လုယွီသာ ဤနေရာ၌ရှိမနေပါက လင်ကျိုးစီရင်စု ပြိုလဲပျက်စီးသွားနိုင်သည်။
"ဗိုလ်ချုပ်ချင်...ခဏနေပါဦး"
ထိုအချိန်မှာပင် လူတစ်ယောက်က မြို့ရိုးပေါ်သို့ ရုတ်တရက်ရောက်ရှိလာကာ ချင်ယု၏လမ်းကြောင်းကို ပိတ်ဆို့ဟန့်တားထားလေ၏။
ဤလူသည် ဆေးခန်းမ၏ခန်းမသခင် ကျန်းမင်ဖုန်းပင်။
"ခန်းမသခင်ကျန်း....မင်းက အချိန်ကိုက်ရောက်လာတာပဲ...စီရင်စုသခင် ဆေးသန့်စင်နေတာကို မင်း ဘာလို့မတားတာလဲ...မင်းက ဆေးပညာရှင်တစ်ယောက်လေ...ဒီဆေးသန့်စင်တဲ့ကိစ္စကို မင်း တာဝန်ယူသင့်တာမဟုတ်လား..ဘာလို့ စီရင်စုသခင်ကိုယ်တိုင် လုပ်နေရတာလဲ"
ကျန်းမင်ဖုန်းကိုမြင်တွေ့ချိန်တွင် ချင်ယုက စိတ်လှုပ်ရှားစွာဖြင့် ဒေါသတကြီးပြောဆိုသည်။
ကျန်းမင်ဖုန်းသည် ချင်ယုကို တိုက်ရိုက်အဖြေပေးခြင်းမပြုချေ။ထိုအစား သူသည် စီရင်စုသခင်၏တံဆိပ်ပြားကို ကိုင်မြှောက်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ဗိုလ်ချုပ်ချင်ယု...စီရင်စုသခင်ရဲ့အမိန့်အရ ငါက မြို့ရိုးကို စီမံအုပ်ချုပ်ရမယ်...အခု ငါ မင်းကို အမိန့်ပေးမယ်...မြို့ရိုးကိုပြန်သွားပြီးတော့ ကာကွယ်စောင့်ကြပ်စမ်း"
"မင်း..."
"မင်း ငါ့ရဲ့အမိန့်ကိုနာခံရမယ်...ငါ နှစ်ခါထပ်မပြောဘူး"
ချင်ယု၏မျက်လုံးများ ပြူးကျယ်နေသည်။သူသည် ကျန်းမင်ဖုန်း၏လက်အတွင်းရှိ တံဆိပ်ပြားကို စူးစိုက်ကြည့်ပြီးနောက် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
လုယွီသည် မြို့ရိုးပေါ်၌ခုခံကာကွယ်ရာတွင် ဆေးပညာရှင်တစ်ယောက်ကို အမှန်တကယ်ကိုပင် စီမံအုပ်ချုပ်ခွင့်ပေးခဲ့သလော....
သူ မည်သည့်အရာအားပြုလုပ်ရန် စီစဥ်နေသနည်း....
ချင်ယု၏ ဒေါသတကြီးအမူအယာကိုကြည့်ပြီး ကျန်းမင်ဖုန်းက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"မင်း ဘာမှစိုးရိမ်စရာမလိုပါဘူး...စီရင်စုသခင်ရဲ့ဆေးပညာအရည်အချင်းက ငါ့ထက် အများကြီးပိုပြီးသာလွန်တယ်...အရင်ရက်အနည်းငယ်အတွင်းမှာ ဆေးခန်းမကထွက်လာတဲ့ ဆေးလုံးအများစုက စီရင်စုသခင်ကိုယ်တိုင် သန့်စင်ထားတာပဲ"
"မင်းပြောချင်တာက အဲ့ဒီဆေးလုံးတွေကို စီရင်စုသခင်ကိုယ်တိုင် သန့်စင်ထားတာပေါ့...ဟုတ်လား...သူက ဆေးဘယ်လိုသန့်စင်ရမယ်ဆိုတာ တကယ်ကြီးသိနေတာလား"
ချင်ယု၏မျက်နှာပေါ်၌ မယုံကြည်နိုင်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
လုယွီသည် ဝင်္ကပါပညာရပ်ကို သိရှိနေသည်ကို သူ လက်ခံနိုင်သည်။သို့ရာတွင် လုယွီသည် မည်သည်ကြောင့် ဆေးပညာရပ်ကို တက်ကျွမ်းနေသနည်း။
အကယ်၍ လုယွီသည် ကျောင်းတော်သားတစ်ယောက်ဆိုလျှင်ပင် ဤသည်က လွန်ကဲသွားပြီမဟုတ်လော....
"ဒီလိုအချိန်မျိုးမှာ...ငါ မင်းကိုလိမ်ဖို့ လိုအပ်လို့လား"
ကျန်းမင်ဖုန်းက မြို့ရိုးထံသို့ အလျှင်အမြန် လျှောက်လှမ်းသွားလေသည်။
အချိန်တခဏကြာပြီးနောက် ချင်ယုသည် အသိစိတ်ပြန်ဝင်လာပေ၏။သူ၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသော ထိတ်လန့်တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသည်။
Chapter 3152
ဝင်္ကပါ...ဆေးပညာရပ်...
မည်သည့်ပညာရပ်မဆို ထိုအရာကိုကျွမ်းကျင်တက်မြောက်ရန်အတွက် လူတစ်ယောက်သည် ဘဝတသက်စာလုံး သင်ယူရန်လိုအပ်သည်။
လုယွီ၏အသက် မည်မျှရှိသေးသနည်း...
ချင်ယုသည် ဇဝေဇဝါဖြစ်နေသော်လည်း သူသည် မြို့ရိုးပေါ်တွင် မတ်တတ်ပြန်ရပ်လိုက်သည်နှင့် သူ၏စိတ်အတွင်းရှိ အတွေးများအားလုံးပျောက်ကွယ်သွားကာ မြို့ကိုကာကွယ်ရန်ဟူသော စိတ်ဆန္ဒတစ်ခုတည်းသာ သူ၏စိတ်နှလုံးသားအတွင်း၌ ကျန်ရှိတော့သည်။
ဤသည်က ဗိုလ်ချုပ်တစ်ယောက်၏အရည်အချင်းဖြစ်သည့်အပြင် သူသည် လောကီအင်မော်တယ်တစ်ယောက် ဖြစ်နေသောကြောင့်ပင်။
"ဗိုလ်ချုပ်ချင်...တစ်ဖက်ရန်သူတွေက အဆိပ်ကိုအသုံးပြုမယ်ဆိုတာ မင်း ခန့်မှန်းပြီးပြီလို့ ငါ ထင်တယ်"
ကျန်းမင်ဖုန်းက ချင်ယုကိုကြည့်ကာ အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"ဒီအဆိပ်အမျိုးအစားက လူတစ်ထောင်လောက်ရှိတဲ့ရန်သူကို သတ်ဖြတ်ဖို့အတွက် လူရှစ်ရာလောက်ကို အဆုံးရှုံးခံရတဲ့ နည်းလမ်းတစ်ခုလို့ ယူဆနိုင်တယ်...ဒီအချိန်ကို အခွင့်ကောင်းယူပြီး သူတို့က တိုက်ခိုက်မှာမဟုတ်ဘူး...ဒါကြောင့် မြို့ရိုးပေါ်မှာရှိတဲ့ စစ်သားတွေကို အစီအစဥ်တကျထွက်ခွာဖို့ မင်း အမိန့်ပေးရမယ်"
"ငါက အဆိပ်ပြယ်အမွှေးတိုင်တချို့ကိုယူလာပြီးတော့ ဒါတွေကို မြို့ရိုးပေါ်မှာထွန်းညှိဖို့လိုအပ်တယ်...ဒါက အဆိပ်မြူခိုးတွေရဲ့ကျူးကျော်မှုကို ယာယီဟန့်တားနိုင်လိမ့်မယ်...ဒါကြောင့် မင်းတို့အားလုံး မြို့ရိုးပေါ်ကနေ ထွက်ခွာသွားရလိမ့်မယ်...အဆိပ်မြူခိုးတွေ ပျောက်ကွယ်မသွားမချင်း မြို့ရိုးပေါ်ကိုမလာကြနဲ့"
ဤစကားများသည် ချင်ယုကို နေရာမှာပင် ကြက်သေသေသွားစေသည်။
ချင်ယု၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။
"ဒါက အဲ့ဒီလောက်ထိ ပြင်းထန်လို့လား...ငါက လူတိုင်းကို အကာအကွယ်မှော်မန္တန်တွေ အသုံးပြုခိုင်းပြီးတော့ ဒါကို ပိတ်ဆို့ဟန့်တားခိုင်းတာ ပိုမကောင်းဘူးလား"
ကျန်းမင်ဖုန်းက ခေါင်းခါပြလေ၏။
"ဒီအဆင့် အဆိပ်မြူခိုးက အကာအကွယ်မှော်မန္တန်တွေနဲ့ ခုခံကာကွယ်ဖို့ မဖြစ်နိုင်ဘူး...ငါက ဒီအဆိပ်မြူခိုးတွေကို ကာကွယ်နိုင်ပါ့မလားဆိုတာတောင် မသေချာဘူး...ငါက စစ်သားတွေအားလုံးရဲ့အသက်ကို ကာကွယ်ပေးချင်တယ်...သူတို့ကို မြို့ရိုးပေါ်မှာဆက်နေပြီး စွန့်စားဖို့ကို ငါ ခွင့်မပြုနိုင်ဘူး"
ချင်ယုသည် မြို့ရိုးများထံသို့ တစတစချဥ်းကပ်လာသော အဆိပ်မြူခိုးများကိုကြည့်ကာ စစ်သားများကို တစ်ချက်ပြန်ကြည့်လိုက်သည်။သူ၏မျက်နှာပေါ်၌ ဝေခွဲရခက်နေသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
စည်းမျဥ်းအရ သူသည် ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသည့်တိုင် စစ်သားများကို မြို့ရိုးပေါ်မှထွက်ခွာရန် သူ အမိန့်ပေးခွင့်မရှိချေ။
သို့ရာတွင် လက်ရှိအခြေအနေသည် သူ၏ထိန်းချုပ်နိုင်စွမ်းထက် များစွာပို၍ကျော်လွန်နေသည်။
"ထားလိုက်တော့...ငါ စစ်သားတွေကို နောက်ဆုတ်ခိုင်းလိုက်မယ်"
ချင်ယုသည် များစွာစဥ်းစားတွေးတောခြင်းမပြုတော့ချေ။မည်သို့ပင်ဆိုစေကာမူ သူ များစွာတွေးတောရန်အတွက် အချိန်မရှိပေ။
အင်အားများပြားသောစစ်သားများသည် မြို့ရိုးပေါ်မှနေ၍ အလျှင်အမြန် ဆုတ်ခွာလိုက်ကြ၏။
ထိုစစ်သားများ ဆုတ်ခွာခြင်းမပြုမီ ချင်ယုသည် သူတို့အား မြို့ရိုးများပေါ်တွင် အဆိပ်ပြယ်အမွှေးတိုင်များ ထွန်းညှိစေသည်။ထူထပ်သိပ်သည်းသော ဆေးရနံ့များ ပျံ့နှံ့သွားကာ ချက်ချင်းဆိုသလိုပင် မြို့တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။
မြို့ရိုးများ၏နံဘေးပတ်လည်တွင် ပြင်းထန်သောဆေးရနံ့များက လေထုအတွင်း၌ ပြည့်နှံ့နေကာ အတော်အသင့် အနံစူးရှပေ၏။
ကျန်းမင်ဖုန်းက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ နံဘေးရှိချင်ယုကိုကြည့်၍ မေးမြန်းလိုက်သည်။
"ဗိုလ်ချုပ်ချင်...မင်း မသွားသေးဘူးလား"
"ငါ ဒီနေရာမှာနေပြီး မင်းကို ကူညီပေးမယ်...ဘာမှစိတ်မပူနဲ့...ငါက လောကီအင်မော်တယ်တစ်ယောက်ပါ...တကယ်လို့ အဆိပ်မြူခိုးတွေ နီးကပ်လာရင်တောင် ငါ့ကို အများကြီးသက်ရောက်မှုရှိမှာမဟုတ်ဘူး"
ချင်ယုက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ကျန်းမင်ဖုန်းက ခေါင်းညိတ်ပြကာ သူ့ကိုဟန့်တားခြင်းမပြုတော့ချေ။
ချင်ယုသည် သူ့အား ကာကွယ်ပေးလို၍ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။မည်သို့ပင်ဆိုစေကာမူ ချင်ယုသည် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သဖြင့် ပုန်ကန်သူစစ်တပ်၏ရှောင်တခင်တိုက်ခိုက်မှုကို ကာကွယ်နိုင်ရန် မြို့ရိုးပြင်ပရှိလှုပ်ရှားမှုများကို အဆက်မပြတ် စောင့်ကြည့်နေရပေမည်။
အဆိပ်မြူခိုးများသည် တဖြည်းဖြည်း မြို့ရိုးထံသို့ ရောက်ရှိလာလေပြီ။
ကျန်းမင်ဖုန်းသည် အဆိပ်မြူခိုးများ ချဥ်းကပ်လာသည်ကို မြင်တွေ့စဥ်တွင် သူ၏မျက်နှာပေါ်၌ တည်ကြည်လေးနက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။သူသည် ဆေးလုံးတစ်လုံးကို ပစ်ပေါက်လိုက်သည်။
ထိုဆေးလုံးသည် လေထုအတွင်း၌ ပေါက်ကွဲသွားကာ ဆေးရနံ့များထွက်ပေါ်လာပြီး အဆိပ်မြူခိုးများထံဦးတည်၍ မျောလွင့်သွားသည်။
ရှဲ...ရှဲ...ရှဲ...
အဆိပ်မြူခိုးများ၏အစွန်ဘက်သည် ဆေးစွမ်းအားများနှင့် ထိတွေ့မိသည်နှင့် အလျှင်အမြန်အရည်ပျော်ကျသွားပေ၏။
ထိုအကျိုးသက်ရောက်မှုကို မြင်တွေ့သော်လည်း ကျန်းမင်ဖုန်းသည် သတိလက်လွတ်နေဝံ့ခြင်းမရှိချေ။ထိုအစား သူ၏အင်္ကျီလက်ကြားမှ ဆေးလုံးများကိုထုတ်ယူကာ သူ့ရှေ့၌ နေရာချထားလိုက်သည်။
ဟူး...
အေးစက်စက်လေညှင်းတစ်ချက်က မြို့ပြင်ပရှိ တောင်ကြားအတွင်း၌ ဖြတ်သန်းတိုက်ခတ်သွားသည်။
ထိုလေသည် မြို့ပြင်ပရှိ အဆိပ်မြူခိုးများကို တိုက်ခတ်သွားကာ လင်ကျိုးစီရင်စုထံဦးတည်၍ တဖြည်းဖြည်း ရွေ့လျားလာသည်။
"အဆိပ်မြူခိုးတွေ လာနေပြီ"
ကျန်းမင်ဖုန်းက တီးတိုးရေရွတ်လိုက်သည်။မီးတောက်တစ်ခုက သူ၏လက်မှ ထွက်ပေါ်လာကာ ပတ်ဝန်းကျင်ရှိ ဆေးစွမ်းအားများက ရုတ်တရက် သူ၏လက်အတွင်း၌ သိပ်သည်းသွားလေ၏။
ထိုဆေးစွမ်းအားများ သိပ်သည်းလာခြင်းနှင့်အတူ ကျန်းမင်ဖုန်း၏လက်အတွင်းမှမီးတောက် ပို၍ပို၍ တောက်ပလာသည်။
မီးတောက်များ တောက်ပလာပြီးနောက် ဆေးစွမ်းအားများသည် မြို့ရိုးများ၏နံဘေးပတ်လည်၌ ရစ်ဝဲနေကာ ညအမှောင်အတွင်းရှိ မီးအိမ်များအလား လင်းလက်တောက်ပနေပေ၏။
Chapter 3153
အဆိပ်မြူခိုးများ နောက်ဆုံး၌ နီးကပ်လာလေပြီ။
လင်ကျိုးစီရင်စုတစ်စုလုံး ညအချိန်ကဲ့သို့ မှောင်မိုက်နေသည်။နေအလင်းရောင်သည် အဆိပ်မြူခိုးများ၏ ပိတ်ဆို့ဟန့်တားခြင်းကို ခံထားရသဖြင့် မြို့ထံသို့ ကျရောက်လာခြင်းမရှိချေ။
ရှဲ....ရှဲ...
အဆိပ်မြူခိုးများသည် မြို့ရိုးထံသို့ရောက်ရှိလာစဥ်တွင် နောက်ဆုံး၌ အတားအဆီးနှင့် တွေ့ဆုံမိလေ၏။
မြင့်တက်နေသောဆေးစွမ်းအားများသည် မြို့ရိုး၏နံဘေးပတ်လည်၌ ရစ်ဝဲနေကာ မမြင်နိုင်သော အတားအဆီးနံရံကြီးတစ်ချပ်အလား လင်ကျိုးစီရင်စုကို အခိုင်အမာကာကွယ်ပေးထားသည်။
ကျန်းမင်ဖုန်းသည် ဝင်္ကပါပညာရှင်တစ်ယောက်မဟုတ်သော်လည်း သူသည် အဆိပ်ပြယ်အမွှေးတိုင်များမှ မွှေးရနံ့များကိုအသုံးပြုကာ ချဥ်းကပ်လာသော အဆိပ်မြူခိုးများကို ယာယီဟန့်တားထားနိုင်သည်။
ထိုဆေးစွမ်းအားများတွင် ယင်အဆိပ်ကို ထိန်းချုပ်ကန့်သတ်နိုင်သော ဆေးတချို့ပါဝင်နေသည်။အမွှေးတိုင်များလောင်ကျွမ်းခြင်းမှ ဆေးအခိုးအငွေ့များ ထွက်ပေါ်နေခြင်းနှင့်အတူ အဆိပ်မြူခိုးများ၏ကျူးကျော်လာမှုကို ပိတ်ဆို့ဟန့်တားထားနိုင်လေ၏။
"ဒီအဆိပ်က...."
နံဘေးဘက်တွင်ရှိနေသော ချင်ယုသည် သူ၏မှော်စွမ်းအားများကိုလှည့်ပတ်ကာ သူ၏လက်ကို လေထုအားဖြတ်သန်း၍ အဆိပ်မြူခိုးများထံသို့ ဆန့်ထုတ်လိုက်သည်။
သူသည် အဆိပ်မြူခိုးများနှင့်နီးကပ်သွားစဥ်တွင် သူ၏မှော်စွမ်းအင်လက်ဝါးမှ မီးခိုးငွေ့များ ချက်ချင်းထွက်ပေါ်လာသည်။ချင်ယုက သူ၏မှော်စွမ်းအားများကို အလျှင်အမြန် ပြန်ရုတ်သိမ်းလိုက်၏။
သူ ထိုအဆိပ်မြူခိုးများနှင့်ထိတွေ့မိစဥ်တွင် သူ၏မှော်စွမ်းအားများကို ထောင်နှင့်ချီသောပုရွက်ဆိတ်များက ဝါးမြိုနေသကဲ့သို့ ခံစားမိသည်။သူသည် ထိုအရာကို တောင့်မခံနိုင်လုနီးပါးပင်။
သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ဤကဲ့သို့ခံစားနေရလေရာ သာမာန်စစ်သားများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။
"မင်း စစ်သားတွေကိုနောက်ဆုတ်ခိုင်းတာ အံ့အားသင့်စရာမရှိတော့ဘူး....တကယ်လို့ သူတို့ ဒီနေရာမှာသာ ဆက်နေမယ်ဆိုရင် သူတို့ထဲကတစ်ဝက်လောက် သေဆုံးသွားနိုင်တယ်...ဒါပေမယ့် ဒီအဆိပ်ပြယ်အမွှေးတိုင်တွေနဲ့ မင်း ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မှာလဲ"
ချင်ယုက မေးမြန်းသည်။
အဆိပ်မြူခိုးများ လွှမ်းခြုံလာမှုအောက်တွင် အဆိပ်ပြယ်အမွှေးတိုင်များသည် အလျှင်အမြန်လောင်ကျွမ်းနေပြီး သာမာန်မျက်စိဖြင့် မြင်နိုင်သောအရှိန်ဖြင့်ကုန်ဆုံးနေသည်။
ချင်ယု၏ခန့်မှန်းချက်အရ အချိန်နှစ်နာရီမပြည့်မီမှာပင် အမွှေးတိုင်များအားလုံး လုံးလုံးလျားလျားကုန်ဆုံးသွားပေမည်။
"ဒါက သိပ်ကြာကြာခံမှာမဟုတ်ဘူး...ဒါပေမယ့် အခုချိန်မှာ လင်ကျိုးဆေးခန်းမမှာ ဆေးပင်တွေ သိပ်မကျန်တော့ဘူး"
ကျန်းမင်ဖုန်း၏မျက်နှာပေါ်၌ ခါးသည်းသောအမူအယာမျိုး ထင်ဟပ်လာသည်။
လင်ကျိုးစီရင်စု၌ ဆေးပင်အထောက်အပံ့များ ပြတ်လပ်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
မြို့အတွင်းရှိ ဆေးဆိုင်များအားလုံး၏စင်များပေါ်တွင်ပင် ဗလာဟင်းလင်းဖြစ်နေသည်။
နေ့စဥ်နေ့တိုင်း ထိခိုက်ဒဏ်ရာရရှိမှု အမြောက်အများ ဖြစ်ပွားနေသဖြင့် ဆေးပင်များကုန်ဆုံးမှုပမာဏသည် ကြောက်ခမန်းလိလိပင်။လင်ကျိုးစီရင်စုသည် သာမာန်စီရင်စုမြို့တစ်မြို့ဖြစ်သဖြင့် ဆေးပင်အမြောက်အများ စိုက်ပျိုးထားခြင်းမရှိချေ။ဆေးပင်အများစုကို တခြားနေရာဒေသများမှ ပို့ဆောင်ပေးရန်လိုအပ်သည်။
ကျန်းမင်ဖုန်းသည် ကြွင်းကျန်သောဆေးပင်များနှင့် ဤအဆိပ်ပြယ်အမွှေးတိုင်ကို ထုတ်လုပ်နိုင်ခဲ့ခြင်းမှာ သူ၏အကန့်အသတ်သို့ ရောက်ရှိနေလေပြီ။
"ဗိုလ်ချုပ်ချင်...မင်း ထွက်သွားတော့...ငါ ဒီနေရာကို ကာကွယ်လိုက်မယ်...ဘာမှမစိုးရိမ်နဲ့...ငါက လင်ကျိုးစီရင်စုထဲကို ဒီအဆိပ်မြူခိုးတွေ ကျူးကျော်ဝင်ရောက်လာဖို့ ခွင့်ပြုမှာမဟုတ်ဘူး"
ကျန်းမင်ဖုန်းက တည်ငြိမ်စွာ ပြောဆိုသည်။
ချင်ယုသည် ကျန်းမင်ဖုန်းကိုကြည့်ပြီးနောက် မြို့ပြင်ပ၌ မျောလွင့်နေသော အဆိပ်မြူခိုးများကို တစ်ချက်ကြည့်ကာ နောက်ဆုတ်ရန်အတွက် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်၏။
အကယ်၍ သူ ဤနေရာ၌ ဆက်၍နေလျှင်လည်း အသုံးဝင်မည်မဟုတ်ချေ။
အကန့်အသတ်မရှိသော အဆိပ်မြူခိုးများနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ခွန်အားသည် သိသာထင်ရှားမည်မဟုတ်ပေ။
ကျယ်ပြန့်သောမြို့ရိုးပေါ်တွင် ကျန်းမင်ဖုန်း၏ပုံရိပ်တစ်ခုတည်းသာ ကျန်ခဲ့တော့သည်။
ကျန်းမင်ဖုန်းသည် သူ့နောက်ရှိ လင်ကျိုးစီရင်စုတစ်စုလုံးကိုကြည့်ကာ သူ၏နှုတ်ခမ်းထောင့်၌ ခါးသည်းသောအရိပ်အယောင်များ ထွက်ပေါ်လာပေ၏။
အဆိပ်ပြယ်အမွှေးတိုင်၏ဆေးစွမ်းအားများသည် ကြာရှည်တောင့်ခံနိုင်တော့မည်မဟုတ်ချေ။
ထိုဆေးစွမ်းအားများသာ မရှိတော့ပါက သူ ကျန်းမင်ဖုန်းသည် အဆိပ်သင့်၍ သေဆုံးသွားသော ပထမဆုံးလူဖြစ်သွားပေမည်။
"နှစ်နာရီ...ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါ အချိန်နှစ်နာရီပြည့်အောင် တောင့်ခံထားရမယ်"
ကျန်းမင်ဖုန်းက တီးတိုးရေရွတ်လိုက်သည်။
ဤသည်က လုယွီ သူ့ကို ပြောဆိုထားသောအရာပင်။
သူ အချိန်နှစ်နာရီ တောင့်ခံထားနိုင်သရွေ့ လုယွီ၏ဆေးဖော်စပ်မှု ပြီးဆုံးကာ လင်ကျိုးစီရင်စုတစ်စုလုံးကို ကယ်တင်နိုင်ပေမည်။
ထူထပ်သိပ်သည်းသော အဆိပ်မြူခိုးများ၏အောက်တွင် ကျန်းမင်ဖုန်း၏ပုံရိပ်သည် မယှဥ်သာအောင် သေးငယ်နေပေ၏။
သူသည် ရုတ်တရက် မြို့ရိုး၏နံဘေးတွင်ရှိနေသော စိတ်ဝိညာဥ်အမြှောက်တွင် ချည်နှောင်ထားသည့် သံကြိုးကိုဆွဲကာ အစွန်းတစ်ဖက်ကို သူ၏လက်ကောက်ဝတ်ကိုပတ်၍ ချည်နှောင်လိုက်သည်။
ထိုသံကြိုးသည် အလွန်ခိုင်မာတောင့်တင်းကာ ကြီးမားသောလှုပ်ခတ်မှုများကြောင့် စိတ်ဝိညာဥ်ကျောက်တုံးအမြှောက်များ အောက်သို့လျှောကျမသွားစေရန် ကာကွယ်ဟန့်တားထားသောအရာဖြစ်သည်။
ကျန်းမင်ဖုန်းသည် ထိုသံကြိုးဖြင့် သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏အင်္ကျီလက်ကြားမှ တစ်စုံတစ်ခုကိုထုတ်ယူကာ သူ၏လက်အတွင်း၌ ကိုင်ထားလေသည်။
Chapter 3154
ဤှသည်က ကင်းခြေမျှားနှင့်တူညီသော တွားသွားသတ္တဝါတစ်ကောင်ပင်။
ထိုသတ္တဝါ၏ခန္ဓာကိုယ်သည် ရောင်စုံလင်းလက်တောက်ပနေကာ အလွန်အမင်း အဆိပ်ပြင်းထန်သည်။
ထိုအဆိပ်ရှိပိုးမွှားသည် လက်ဝါးတစ်ဖက်စာ အရွယ်အစားမျှရှိသည်။ထိုအရာထွက်ပေါ်လာသည်နှင့် ထူးဆန်းသော တရှုးရှုးတရှဲရှဲအသံများ ထွက်ပေါ်နေလေရာ ကြားရသူများ၏ဆံပင်များ အဆုံးထိထောင်မတ်သွားသည်။
ရှဲ....
ပတ်ဝန်းကျင်ရှိ အဆိပ်ပြယ်အမွှေးတိုင်များ အလျှင်အမြန်လောင်ကျွမ်းနေခြင်းနှင့်အတူ ဆေးစွမ်းအားများ ပါးလွှာသည်ထက် ပို၍ပါးလွှာနေလေပြီ။အဆိပ်မြူခိုးများ ကျူးကျော်ဝင်ရောက်လာမှုကို ဟန့်တားနိုင်ရန် အလွန်အမင်း ခက်ခဲနေပေ၏။
နောက်ဆုံးတွင် ကျန်းမင်ဖုန်း၏မျက်နှာပေါ်၌ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူသည် သူ၏လက်အတွင်းရှိ အဆိပ်ရှိပိုးမွှားကိုကောက်ယူကာ ဝါးမြိုလိုက်သည်။
အဆိပ်ရှိပိုးမွှား သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် မချိမဆန့်နာကျင်မှုဝေဒနာကို သူ ခံစားလိုက်ရသည်။
ကျန်းမင်ဖုန်းသည် မြို့ရိုးပေါ်သို့ ပြင်းပြင်းထန်ထန်လဲကျသွားကာ သူ၏အစာအိမ်ကိုဖိနှိပ်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအချုပ်မဲ့စွာဖြင့် တွန့်လိမ်ကောက်ကွေးနေသည်။
သူ၏လက်ပေါ်တွင် အနက်ရောင်သွေးကြောများ စတင်၍ပြန့်ကားလာကာ သူ၏မျက်ဆံသည်အနက်ရောင်မှနေ၍ တဖြည်းဖြည်း ထူးဆန်းသော ငါးရောင်ခြယ်အရောင်အဖြစ်သို့ ပြောင်းလဲသွားပေ၏။
မိုးကောင်းကင်ယံအတွင်း၌ရှိနေသော စစ်ဆေးရေးမှူးများသည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် ကြက်သေသေသွားကြသည်။
ယခင်က အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေခဲ့သည့် စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်သော ဟန်လင်းက ပြောဆိုသည်။
"သူက သူကိုယ်သူစတေးပြီးတော့ သူ့ရှေ့မှာရှိတဲ့အဆိပ်မြူခိုးတွေကိုစုပ်ယူဖို့ ကြံစည်နေတာပဲ"
တခြားစစ်ဆေးရေးမှူးတစ်ယောက်က မေးမြန်းသည်။
"သူ့ရဲ့လက်ထဲမှာ အဆိပ်ရှိပိုးမွှားရှိနေမှတော့...ဘာလို့ သူက အဲ့ဒီအဆိပ်ရှိပိုးမွှားကို အဆိပ်မြူခိုးတွေကို ဝါးမြိုခွင့်မပြုတာလဲ"
ဟန်လင်းက သူ၏ခေါင်းကိုခါယမ်းကာ ပြောဆိုလိုက်၏။
"အဲ့ဒီအဆိပ်ရှိပိုးမွှားက ခုထိ အပြည့်အဝမကျင့်ကြံရသေးဘူး...ဒါကြောင့် ရှေ့မှာရှိတဲ့အဆိပ်မြူခိုးတွေကို ဝါးမြိုဖို့ဆိုတာ မဖြစ်နိုင်ဘူး...သူက သူ့ကိုယ်သူ အဆိပ်ရှိပိုးမွှားရဲ့အရေခွံအနေနဲ့ အသုံးပြုပြီးတော့...အဆိပ်ရှိပိုးမွှားကို အမြန်ဆုံးရင့်သန်စေခဲ့တာပဲ"
"သူက သူ့ရဲ့ခန္ဓာကိုယ်ကို အသုံးပြုပြီးတော့ အဆိပ်မြူခိုးတွေကို ဟန့်တားချင်တာလား...အဆိပ်ရှိပိုးမွှား သူ့ရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားတာနဲ့ သူ အောင်မြင်တာပဲဖြစ်ဖြစ် ရှုံးနိမ့်တာပဲဖြစ်ဖြစ် သူ အသက်ရှင်မှာမဟုတ်ဘူး"
ပတ်ဝန်းကျင်ရှိ စစ်ဆေးရေးမှူးများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူတို့ရှေ့ရှိအရာရာတိုင်းသည် အိမ်မက်တစ်ခုသာဖြစ်ကြောင်း သူတို့အားလုံး သိရှိထားသည်။
သို့ရာတွင် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ အရာရာတိုင်းကို ကံကြမ္မာမဟာတာအိုမှ ထိန်းချုပ်ထားလေ၏။လူတိုင်းသည် မည်သည့်အရာကို ပြုလုပ်နေပါစေ ကံကြမ္မာတစ်ရပ် ရှိနှင့်နေသည်။
လက်တွေ့ဖြစ်ရပ်မှန်တွင် လင်ကျိုးစီရင်စုအတွင်းရှိ လူများအားလုံး သေဆုံးသွားပြီးဖြစ်သည်။
သို့ရာတွင် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ သူတို့၏ကိုယ်ပိုင် စိတ်နှလုံးသားစေရာအတိုင်း သူတို့လုပ်ဆောင်လိုသောအရာများကို လုပ်ဆောင်ကြလေ၏။
ဟူး...ဟူး...
ကျန်းမင်ဖုန်းသည် အသက်ရှုနိုင်ရန်ပင် အလွန်အမင်း ခက်ခဲနေသည်။သူ၏ဦးနှောက်မှလုပ်ဆောင်ချက်များ ရပ်တန့်သွားကာ ပုံရိပ်များက သူ၏စိတ်အတွင်း၌ အဆက်မပြတ်ဖြတ်ပြေးနေသည်။
ထိုပုံရိပ်များအကြားတွင် သူသည် အတိတ်ရှိမြင်ကွင်းများကို မြင်တွေ့လိုက်ရသည်။
သူ၏မိဘများသည် လင်ကျိုးစီရင်စုအတွင်း၌နေထိုင်သော သေမျိုးများဖြစ်ကာ အပင်ပန်းဆုံးနှင့်ခက်ခဲကြမ်းတမ်းသော အလုပ်များကို လုပ်ကိုင်ကြရလေ၏။သူတို့ အသက်ရှင်သန်နိုင်ရန်ပင် လွန်စွာခက်ခဲနေသည်။
ကျန်းမင်ဖုန်း၏မွေးဖွားလာမှုသည် မြေပြင်ပေါ်သို့ သစ်ရွက်တစ်ရွက် ကြွေလွင့်လာသည်နှင့်တူညီကာ မည်သည့်အာရုံစူးစိုက်မှုကိုမျှ မရရှိချေ။
ကျင့်ကြံခြင်းမြို့တစ်မြို့အတွင်းတွင် သေမျိုးများ၏တည်ရှိမှုသည် ပုရွက်ဆိတ်များနှင့် တူညီပေ၏။
ကျန်းမင်ဖုန်း၏ကလေးဘဝသည် လွန်စွာခက်ခဲကြမ်းတမ်းသည်။သူသည် ထိပ်တန်းမိသားစုကြီးများမှ ကလေးများကဲ့သို့ ကြီးကျယ်ခမ်းနားသောဘဝနှင့် နေထိုင်ခဲ့ရခြင်းမရှိချေ။နေ့စဥ်နေ့တိုင်း သူသည် မနက်စောစောထကာ ညဥ့်နက်သည်အထိ အလုပ်လုပ်ရပြီး အဆင့်အတန်းမြင့်မားပြီး မြင့်မြတ်သောကျင့်ကြံသူများ မလုပ်ဆောင်လိုသည့်အရာများကို လုပ်ကိုင်ပေးရသည်။
ထိုအချိန်တုန်းက သူသည် သီးသန့်ကျောင်းတစ်ကျောင်း၏ပြတင်းပေါက်နံဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ သူ မည်ကဲ့သို့စာဖတ်ရမည် စာရေးရမည်ကို တိတ်တဆိတ်သင်ယူခဲ့ရသောမြင်ကွင်းကို သူ၏စိတ်အတွင်း၌ အမှတ်ရနေဆဲပင်။
ထို့နောက် သူသည် ဆေးမီးဖိုအတွင်းရှိပြာများကို ရှင်းလင်းနေရင်းမှ ဆေးသန့်စင်ခြင်းနည်းစနစ်တစ်ခုကို မတော်တဆရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်မှစ၍ သူသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ခြေချနိုင်ခဲ့ကာ သူ့မိဘနှစ်ပါး၏မျက်နှာပေါ်၌ စိတ်ကျေနပ်နေသောအမူအယာမျိုး ရှိနေလေ၏။
သူသည် ဆေးပညာအစည်းအရုံးသို့ ဝင်ရောက်ခဲ့ကာ ဆေးပညာရှင်ဟူသော ဂုဏ်သိက္ခာရှိသည့်အဆင့်အတန်းကို ပိုင်ဆိုင်ခဲ့သည်။
သူ့မိဘနှစ်ပါးသေဆုံးသွားသည်ကို ကြားသိပြီးနောက် ကျန်းမင်ဖုန်းက သူ ရရှိထားသောအရာများသည် အလဟဿသာဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။
ကျင့်ကြံသူများသည် လွတ်လပ်မှုကို အလိုရှိကြသော်လည်း ကျန်းမင်ဖုန်းသည် လင်ကျိုးမြို့၏အစွန်အဖျားထောင့်တစ်နေရာမှ ခြံဝန်းငယ်လေးကိုသာ သူ၏အရိုးတွင်ထွင်းထုထားသကဲ့သို့ အမှတ်ရနေဆဲပင်။
ထို့ကြောင့် သူ့ကိုယ်သူ လွတ်လပ်မှုကို မရှာဖွေတော့ဘဲ ကျန်းမင်ဖုန်းသည် သူ၏ဇာတိမြို့သို့ပြန်ကာ သူ့မိဘနှစ်ပါးကိုမြှုပ်နှံ့၍ ခြံဝန်းငယ်လေးကိုသာ ဆက်လက်၍စောင့်ရှောက်ခဲ့သည်။
သူ၏ကျင့်ကြံမှုသည်လည်း ဤသို့ဖြင့် ရပ်တန့်သွားလေ၏။
သို့ရာတွင် သူ၏စိတ်နှလုံးသားတစ်ခုလုံး တည်ငြိမ်အေးချမ်းနေသည်။
ကျန်းမင်ဖုန်း၏စိတ်အတွင်း၌ ထိန်းသိမ်းထားသော ပုံရိပ်များ တစတစပျောက်ကွယ်သွားလေပြီ။
Chapter 3155
ဤနေရာတွင် သူ၏မိဘများ နေထိုင်ခဲ့သည်။
ဤနေရာတွင် သူ၏ဆရာသခင် ရှိခဲ့သည်။
ဤနေရာတွင် အတိတ်ရှိ သူ၏တာအိုလက်တွဲဖော်နှင့်ရန်သူများ ရှိခဲ့လေ၏။
ထို့နောက် သူသည် လင်ကျိုးစီရင်စုအတွင်းရှိ မရေမတွက်နိုင်သောလူများ၏မျက်နှာများကို တွေ့မြင်မိသည်။သူတို့သည် သူနှင့်သိကျွမ်းသည်ဖြစ်စေ မသိကျွမ်းသည်ဖြစ်စေ သူ့အား ကြည့်နေကြသည်။
သူသည် ဆေးပညာရှင်တစ်ယောက်ဖြစ်သဖြင့် မြို့ရိုးပေါ်သို့ ရောက်ရှိလာရန် မလိုအပ်ချေ။သူသည် ဆေးပင်များကိုအသုံးပြု၍ သူ့ကိုယ်သူ ကာကွယ်ရန်သာ လိုအပ်သည်။
သို့ရာတွင် ကျန်းမင်ဖုန်းသည် မြို့ရိုးပေါ်၌ မားမားမတ်မတ်ရပ်တည်၍ အဆိပ်မြူခိုးများကိုကာကွယ်ရန် ရွေးချယ်ခဲ့လေ၏။
သူ၏အမှတ်တရများအားလုံး ဤနေရာတွင်ရှိနေသည်။
ဟူး...
မြို့ရိုး၏အထက်တွင် ပြင်းထန်သောလေပြင်းများ တိုက်ခတ်နေသည်။
မူလက အဆိပ်မြူခိုးများကို တားဆီးဟန့်တားထားသော ဆေးစွမ်းအားများသည် ထပ်မံ၍တောင့်မခံနိုင်တော့ဘဲ တဖြည်းဖြည်းလွင့်ပြယ်သွားတော့သည်။
ထူထပ်သိပ်သည်းသော အဆိပ်မြူခိုးများသည် မြို့ရိုးများထံသို့ မျောလွင့်လာကာ ကျန်းမင်ဖုန်း၏ရှေ့သို့ ရောက်ရှိလာပေ၏။
ဤအချိန်အခိုက်အတန့်တွင် ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားဖွယ် အဆိပ်အစက်အပျောက်များ ဖုံးလွှမ်းနေသည်။မူလက သူ၏ချောမောခန့်ညားသောရုပ်ရည်သည် ယခုချိန်တွင် ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာကောက်ကျစ်သောသွင်ပြင်မျိုး ထင်ဟပ်လာသည်။
သူ၏အသိစိတ် တဖြည်းဖြည်းဝေဝါးစပြုလာသော်လည်း သူ၏မသိစိတ်မှစေ့ဆော်မှုအရ ဆင်ခြင်တုံတရားတချို့ရှိနေဆဲပင်။
ဤဆင်ခြင်တုံတရားသည် သူ လုပ်ဆောင်လိုသော နောက်ဆုံးကိစ္စကို ပြုလုပ်နိုင်ရန်အတွက် ကူညီထောက်ပံပေးနေသည်။
ကျန်းမင်ဖုန်းသည် မတ်တတ်ထရပ်၍ သူ့ရှေ့ရှိ အဆိပ်မြူခိုးများကို မျက်နှာချင်းဆိုင်ကာ ရုတ်တရက် အသံကုန်အော်ဟစ်လိုက်သည်။
ထိုအော်သံသည် လူသားတစ်ယောက်၏အသံနှင့် မတူညီတော့ဘဲ ထူးဆန်းသောပိုးမွှားတစ်ကောင်၏ တရှူးရှူးမြည်သံနှင့် အတော်အသင့်တူညီနေသည်။
ထို့နောက် အဆိပ်မြူခိုးများသည် ကိုယ်ပိုင်အသိဥာဏ်ရှိနေသည့်အလား ကျန်းမင်ဖုန်း၏ပါးစပ်အတွင်းသို့ ဦးတည်၍ မျောလွင့်သွားကြ၏။
ဤအချိန်အခိုက်အတန့်တွင် ကျန်းမင်ဖုန်းသည် အဆိပ်မြူခိုးများ၏ဘုရင် ဖြစ်နေသည့်အလား ထိုအရာများအားလုံးကို သူ၏ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်ရန် အမိန့်ပေးနိုင်သည်။
ရုတ်ချည်းဆိုသလိုပင် ကျန်းမင်ဖုန်း၏မျက်လုံးများ အပြည့်အဝ နီမြန်းသွားပေ၏။
သူ၏အသိစိတ်များ လုံးလုံးလျားလျား ဆုံးရှုံးနေလေပြီ။ပြင်းထန်သောယင်အဆိပ်များသည် သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများထံသို့ ချက်ချင်းစီးဝင်သွားကာ သူ့အား အပြည့်အဝ ရူးသွပ်သွားစေသည်။
အလောင်းကောင်များ၏အေးစက်စက် အစက်အပျောက်များက ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်ပေါ်တွင် စတင်၍ထွက်ပေါ်လာသည်။
ထိုအလောင်းကောင်အစက်အပျောက်များသည် တဖြည်းဖြည်းပြန့်ကားလာကာ သူ၏နဖူးမှစတင်၍ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
အား...
ကျန်းမင်ဖုန်းက စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။
သို့ရာတွင် သူ၏အသံမဟုတ်တော့ဘဲ ပိုးမွှားတစ်ကောင်၏အော်မြည်သံမျိုး ထွက်ပေါ်လာသည်။
မြို့ရိုးနှင့်မလှမ်းမကမ်းနေရာတွင်ရှိနေသော ချင်ယုက ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။
ဤအချိန်အခိုက်အတန့်တွင် လေထုအတွင်းရှိ အဆိပ်မြူခိုးများအားလုံး ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူး စီးဝင်နေသည်။
ဤသည်က မည်မျှထိ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စဖြစ်သနည်း...
"စစ်သားတွေအားလုံး...အရိုအသေပြုကြစမ်း"
ချင်ယုက အော်ဟစ်လိုက်သည်။
စစ်သားများအားလုံးသည် သူတို့၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်ကာ တပြိုင်နက်တည်း သူတို့၏ရင်ဘက်ကို ပြန်၍ထိုးနှက်လိုက်သည်။
ဤသည်က ရဲရင့်သောသူရဲကောင်းများအတွက် အမြင့်မားဆုံးရိုသေလေးစားမှုကိုဖော်ပြသော အပြုအမူပင်။
ကောင်းကင်ယံအတွင်းရှိ စစ်ဆေးရေးမှူးများအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ဤသည်က နန်းတွင်းစာမေးပွဲဖြစ်ကာ သူတို့သည် ကျောင်းတော်သားများပေါ်တွင်သာ အာရုံစူးစိုက်ရန်လိုအပ်သည်။
သို့ရာတွင် ကျန်းမင်ဖုန်း၏ပုံရိပ်က သူတို့ကို စိတ်လှုပ်ရှားသွားစေသည်။
တခြားသူများအတွက် ကိုယ့်ကိုယ်ကိုယ်စတေးခြင်း....
ဤကဲ့သို့လူမျိုးသာ အလယ်ခေတ်အတွင်းရှိ ကျင့်ကြံခြင်းလောကတွင်ရှိနေပါက မှတ်ကျောက်တင်၍ ရိုသေလေးစားခြင်းခံရပေမည်။
သို့ရာတွင် ကောင်းကင်ဘုံနယ်မြေ၌ ကျင့်ကြံခြင်းခေတ်ကာလများ ရွေ့လျားလာခြင်းနှင့်အတူ ကျင့်ကြံသူများ၏စိတ်ဓာတ်များ မြင့်မားခြင်းမရှိတော့ချေ။ကျင့်ကြံသူများသည် သူတို့၏အသက်ကိုသာ တန်ဖိုးထား၍ တခြားသူများကို ဂရုမစိုက်တော့ပေ။
"ဒါပေမယ့် ဒါက မလုံလောက်သေးဘူး"
ဟန်လင်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
ဤသည်က အမှန်တရားပင်။
ကျန်းမင်ဖုန်းတစ်ယောက်တည်းဖြင့် ထိုအဆိပ်မြူခိုးများကိုဟန့်တားရန် လုံလောက်ခြင်းမရှိချေ။
နတ်ဆိုးကျင့်ကြံသူများသည် လင်ကျိုးစီရင်စုကိုတိုက်ခိုက်ရန် လုံလောက်သော ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ပြီးလေပြီ။အဆိပ်မြူခိုးများကို ဥပမာပြု၍ကြည့်လျှင်ပင် ထိုအရာသက်သက်ဖြင့် လင်ကျိုးစီရင်စုအတွင်းမှ သက်ရှိများအားလုံးကို သတ်ဖြတ်နိုင်စွမ်းရှိသည်။
ကျန်းမင်ဖုန်းတစ်ယောက်တည်းဖြင့် ထိုအဆိပ်မြူခိုးများကို မည်သည့်နည်းဖြင့် ခုခံကာကွယ်နိုင်မည်နည်း....
ယခုလက်ရှိချိန်ထိ တောင့်ခံထားနိုင်ခြင်းကပင် သူ၏အကန့်အသတ်အခြေအနေသို့ ရောက်ရှိနေလေပြီ။
အမှန်အားဖြင့် ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် တုန်ရီနေသည်။
သူ၏ခန္ဓာကိုယ်အတွင်းမှနေ၍ ပိုးမွှားတစ်ကောင် အော်မြည်နေသော အသံလှိုင်းများက ဆက်တိုက်ထွက်ပေါ်နေကာ နားအူလုမတတ်စူးရှပြီး တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများသည် လက်လျှော့အရှုံးပေးမည့်ပုံမရှိဘဲ ကျန်းမင်ဖုန်းကို သတ်ဖြတ်လိုသည့်အလား သူ၏ခန္ဓာကိုယ်အတွင်းသို့ အရူးအမူးစီးဝင်နေသည်။