← Chapters

အခန်း (၃၁၅၆-၃၁၆၀)

Vol. 161 Ch. 3156-3160

အခန်း (၃၁၅၆-၃၁၆၀)

Vol. 161 Ch. 3156-3160

Chapter 3156

ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်အရေပြား မျက်နှာပြင်သည် လူသေကောင်တစ်ကောင်အလား တဖြည်းဖြည်း မီးခိုးရောင်သန်းလာသည်။

သူသည် စူးရှနာကျင်စွာအော်ဟစ်ကာ ရုန်းကန်နေသော်လည်း ယင်အဆိပ်မြူခိုးများ အဆက်မပြတ်စီးဝင်နေမှုနှင့်အတူ သူ၏ခန္ဓာကိုယ်သည် နေရာမှာပင် တောင့်တင်းသွားပြီး မလှုပ်ရှားနိုင်တော့ချေ။

နှင်းခဲလွှာများက ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်ပေါ်တွင် သိပ်သည်းစပြုလာသည်။

ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများသည် နောက်ဆုံးတွင် အကန့်အသတ်သို့ ရောက်ရှိသွားပုံဖြင့် ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခြင်းမရှိတော့ချေ။

ကျန်းမင်ဖုန်း သေဆုံးသွားလေပြီ။

သူ၏ခန္ဓာကိုယ်အတွင်းမှ အဆိပ်ရှိပိုးမွှားသည်လည်း သေဆုံးသွားလေပြီ။

အဆိပ်ရှိပိုးမွှားများသည် ထောင်သောင်းချီသောအဆိပ်များကို ဝါးမြိုနိုင်သော်လည်း အကန့်အသတ်ရှိသည်။

အကယ်၍ ထိုအကန့်အသတ်ကို ကျော်လွန်သွားပါက အဆိပ်ရှိပိုးမွှားသည်လည်း သေဆုံးသွားပေမည်။

အရိုးကွဲလုမတက် အေးစိမ့်မှုများက ကျန်းမင်ဖုန်း၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ကျန်းမင်ဖုန်း၏အောက်ရှိ ကျောက်ပြားများကိုပင် နှင်းအလွှာများ ဖုံးလွှမ်းသွားပေ၏။

အဆိပ်မြူခိုးများသည် မြင့်မားသောမြို့ရိုးကိုဖြတ်ကျော်ကာ မြို့အတွင်းသို့ စတင်၍ပျံ့နှံ့လာသည်။

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ချင်ယု၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကာ သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"အားလုံးပဲ မင်းတို့ရဲ့ အကာအကွယ်မှော်မန္တန်တွေကို အသုံးပြုကြစမ်း....အဆိပ်မြူခိုးတွေ မြို့ထဲကို ဝင်မလာစေနဲ့"

ထိုအဆိပ်မြူခိုးများ၏ အစစ်အမှန်အစွမ်းထက်မှုကို သူ သိရှိပြီးဖြစ်သည်။သူသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် ထိုအဆိပ်မြူခိုးများကို အချိန်ကြာမြင့်စွာ တောင့်ခံနိုင်ခြင်းမရှိရာ မြို့အတွင်းရှိတခြားသူများဆိုလျှင် ဆိုဖွယ်ရာပင်မရှိချေ။

အကယ်၍ အဆိပ်မြူခိုးများသာ ဆက်လက်၍ဝင်ရောက်လာပါက လင်ကျိုးစီရင်စုအတွက် အလွန်ကြီးမားသော ဘေးကပ်ဆိုးကြီးဖြစ်သွားပေမည်။

ထိုအသံကိုကြားချိန်တွင် စစ်သားများအားလုံးသည် သူတို့၏ကိုယ်ပိုင်နည်းလမ်းများကို ထုတ်ဖော်အသုံးပြု၍ တုန်လှုပ်ချောက်ချားဖွယ် အဆိပ်မြူခိုးများကို ဟန့်တားရန် အကောင်းဆုံးကြိုးစားလိုက်ကြ၏။

ရုတ်ချည်းဆိုသလိုပင် မှော်မန္တန်များ၏အလင်းတန်းများက လေထုအတွင်း၌ ပျံ့နှံ့သွားတော့သည်။

သို့ရာတွင် သူတို့အားလုံး၏မျက်နှာများပေါ်၌ စိတ်ဓာတ်ကျဆင်းမှုအရိပ်အယောင်များ ထင်ဟပ်နေသည်။

သူတို့သည် ထိုအဆိပ်မြူခိုးများကို ပိတ်ဆို့ဟန့်တားနိုင်မည်လော....

အကယ်၍ ပုန်ကန်သူစစ်တပ်နှင့်ရင်ဆိုင်ရပါက သူတို့ထံတွင် တန်ပြန်တိုက်ခိုက်နိုင်စွမ်းရှိသည်။သို့ရာတွင် ဤအဆိပ်မြူခိုးများသည် နေရာအနှံ့ ပျံ့နှံ့နေသဖြင့် သတိထား၍စောင့်ကြည့်ရန် မဖြစ်နိုင်ချေ။မည်သည့်နည်းဖြင့် သူတို့သည် ထိုအရာကို ခုခံကာကွယ်ရမည်နည်း။

ရှေ့ဆုံးမှမတ်တတ်ရပ်နေသော စစ်သားများ၏မျက်နှာများပေါ်တွင် သူတို့ကိုယ်သူတို့ သေလူဟုသတ်မှတ်ထားသော အမူအယာမျိုးရှိနေသည်။

ကောင်းကင်ယံအတွင်းရှိ စစ်ဆေးရေးမှူးများသည်လည်း ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။

မြို့ပြင်ပတွင် နတ်ဆိုးကျင့်ကြံသူများက အဝေးတစ်နေရာမှနေ၍ အေးစက်စက်အကြည့်ဖြင့် စောင့်ကြည့်နေကြသည်။

မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် မြို့ထံသို့ စူးစိုက်၍ကျရောက်နေကာ လင်ကျိုးစီရင်စု၏ အဆုံးသတ်ကံကြမ္မာကို စောင့်ကြည့်နေကြသည်။

ဆေးခန်းမအတွင်း၌...

လုယွီသည် သူ၏မျက်လုံးကိုဖွင့်လိုက်ရာ အတွင်း၌ သွေးနီရောင်သန်းနေသည်။

လောကီအင်မော်တယ်တစ်ယောက်အတွက် သာမာန်တွေးတောရုံမျှဖြင့် ဤကဲ့သို့အနေအထားမျိူးသို့ မရောက်ရှိနိုင်ချေ။

ဤသည်က အလွန်အကျွံတွေးတောခြင်းကြောင့် ဖြစ်ပွားခြင်းပင်။

လုယွီ၏စိတ်အတွင်း၌ ဆေးညွှန်းဖွဲ့စည်းပုံကို တည်ဆောက်ပြီးဖြစ်ကာ ဆေးသန့်စင်မှု၏ဖြစ်နိုင်ချေအမျိုးမျိုးကိုလည်း ထည့်သွင်းစဥ်းစားပြီးလေပြီ။

ထိုအရာသည် အချိန်အတိုင်းအတာတစ်ခုထိသာ ကြာမြင့်ခဲ့သော်လည်း အကယ်၍ ဤကိစ္စကိုသာ ပြင်ပသို့ချပြလိုက်ပါက ကောင်းကင်ဘုံနယ်မြေတခွင်လုံး တုန်လှုပ်သွားစေရန် လုံလောက်သည်။

အတွေ့အကြုံရင့်ကျက်သော ဆေးပညာရှင်အိုကြီးများပင်လျှင် ဆေးညွှန်းတစ်ခုကို တစ်ကြိမ်တည်းဖြင့် ဖွဲ့စည်းနိုင်ခြင်းမရှိချေ။ထိုအစား သူတို့သည် အချိန်အတော်ကြာယူ၍ ပြုပြင်မွမ်းမံရန်လိုအပ်ကာ အမှားအယွင်းတချို့ကို ဖယ်ထုတ်ပြီးမှသာ ပြီးပြည့်စုံသော ဆေးညွှန်းတစ်ခုကို ဖန်တီးနိုင်ပေမည်။

သို့ရာတွင် လုယွီထံ၌ ထိုကဲ့သို့အခွင့်အရေးမရှိချေ။

သူသည် အဆိပ်မြူခိုးများ ရောက်ရှိလာပြီးနောက်မှသာ ဖြေရှင်းရန်အတွက်နည်းလမ်းကို စဥ်းစားခဲ့ရသည်။

နောက်ဆုံး၌ အချိန်နှစ်နာရီအတွင်းတွင် လုယွီသည် ဆေးညွှန်းတစ်ခုကို တွေးတောနိုင်ခဲ့လေ၏။

ဤသည်မှာ ယခင်က ကောင်းကင်ဘုံနယ်မြေတွင် တစ်ကြိမ်တစ်ခါမျှ တည်ရှိခဲ့ဖူးခြင်းမရှိသော ဆေးညွှန်းပင်။

ဘဝသက်တမ်းနှစ်ခုကို လူတစ်ယောက်တည်းဖြင့် ရှင်သန်ခဲ့ရသော အတွေ့အကြုံများကိုမှီခို၍ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များနှင့် ပေါင်းစပ်လိုက်ချိန်တွင် လုယွီသည် ကောင်းကင်တခွင်လုံး တုန်လှုပ်သွားစေသော စွမ်းဆောင်မှုကြီးကို ပြီးပြည့်စုံစွာ ပြုလုပ်နိုင်ခဲ့သည်။

"သူ ဆေးစပြီးသန့်စင်နေပြီ"

"အခုချိန်မှ ဆေးစပြီးဖော်စပ်တာက အရမ်းနောက်ကျသွားပြီ မဟုတ်လား"

"ဒါက အရမ်းနောက်ကျသွားပြီ...ဒါပေမယ့် အခုချိန်မှာ ငါ ဘာကိုမှမပြောရဲသေးဘူး...ဘယ်လိုပဲဖြစ်ဖြစ် အံ့အားသင့်စရာကိစ္စတွေက သူ့ဆီကနေ ထွက်ပေါ်လာတယ်...ဒီတစ်ကြိမ်မှာလည်း သူ အံ့အားသင့်စရာ ကိစ္စတစ်ခုကို ဖန်တီးနိုင်ဖို့ ငါ မျှော်လင့်တယ်...သူလိုပါရမီရှင်မျိုးက နန်းတွင်းစာမေးပွဲလိုနေရာမျိုးမှာ တိမ်မြုပ်မသွားသင့်ဘူး"

ဤပြောဆိုချက်ကို စစ်ဆေးရေးမှူးများအားလုံး ချွင်းချက်မရှိ သဘောတူညီလိုက်ကြ၏။

"ကြည့်ကြအုံး...သူ လှုပ်ရှားမှု စလုပ်တော့မယ်"

Chapter 3157

ယခုချိန်မှ ဆေးသန့်စင်ခြင်းသည် အလွန်နောက်ကျသွားလေပြီ။

ဤသည်က လူတိုင်း၏အတွေးပင်။မည်သို့ပင်ဆိုစေကာမူ ဆေးပညာရပ်ဟူသည်မှာ အလွန်အမင်း နှေးကွေးလေးလံသော ကိစ္စတစ်ရပ်ပင်။

ထို့ပြင် အဆိပ်မြူခိုးများသည် မြို့အတွင်းသို့ ဝင်ရောက်နေလေပြီ။

လုယွီအတွက် အချိန်များစွာ မကျန်ရှိတော့ချေ။

လုယွီသည် ဆေးပင်တချို့ကိုကောက်ယူကာ သူ၏လက်ဖြင့် ရိုက်ပုတ်လိုက်၏။ဆေးပင်များအားလုံး လေထုအတွင်း၌ မျောလွင့်သွားတော့သည်။

တောက်ပသောမီးတောက်တစ်ခုက လုယွီ၏လက်ချောင်းထိပ်မှထွက်ပေါ်လာကာ ထိုဆေးပင်များအားလုံးကို လွှမ်းခြုံသွားသည်။ထိုမီးတောက်၏သက်ရောက်မှုအောက်တွင် ဆေးပင်များအားလုံး အရည်ပျော်စပြုလာကာ သလင်းကျောက်ကဲ့သို့ကြည်လင်သော ဆေးရည်စက်များက လေထုအတွင်း၌ မျောလွင့်နေသည်။

လေထုအတွင်း၌ ဆေးသန့်စင်ခြင်းနည်းလမ်းသည် အတော်အသင့် အံ့အားသင့်တုန်လှုပ်ဖွယ်ကောင်းသည်။

သို့ရာတွင် ထိုမျှသာမက လုယွီသည် မတူကွဲပြားသော ဆေးပင်ဆယ်ပင်ကျော်ကို တပြိုင်နက်တည်း သန့်စင်ခဲ့ခြင်းဖြစ်ပေ၏။

ထိုဆေးပင်များတွင် မတူကွဲပြားသော ဂုဏ်သတ္တိများရှိနေသည်။တချို့ဆေးပင်များကို မီးပြင်းပြင်းဖြင့် အပူပေးရန်လိုအပ်ကာ တချို့ကို မီးအေးအေးဖြင့် အပူပေးရပေမည်။အကယ်၍ အပူချိန် အနည်းငယ်လွဲမှားသွားပါက ဆေး၏အရည်အသွေးအပေါ် သက်ရောက်မှုရှိသွားနိုင်သည်။အသုံးမဝင်သော ဆေးလုံးများ ထွက်ပေါ်လာနိုင်ချေပင် ရှိနေသည်။

ဆေးသန့်စင်ခြင်းမှ ပြောင်းလဲမှုအမျိုးမျိုးကို သတိပြုမိနိုင်ရန်အလို့ငှာ တစ်စုံတစ်ယောက်သည် ထိုအရာကို ထိန်းချုပ်နိုင်ရန်အတွက် လုံလောက်သော စိတ်စွမ်းအားရှိရပေမည်။

"သူက တကယ့်ကို အရည်အချင်းရှိတဲ့သူပဲ"

"အဲ့ဒီကောင်လေးက ဝင်္ကပါဖွဲ့စည်းပုံတွေကို သိနေရုံတင်မကဘူး...ဘယ်လိုဆေးသန့်စင်ရမယ်ဆိုတာကိုလည်း သိနေတယ်...သူက တကယ့်ကို စွယ်စုံရတဲ့သူပဲ"

လုယွီ၏လှုပ်ရှားမှုများကို မြင်တွေ့ချိန်တွင် မိုးကောင်ကင်ယံမှကြည့်နေသော စစ်ဆေးရေးမှူးများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။

အကယ်၍ တစ်စုံတစ်ယောက်သည် ပညာရပ်နယ်ပယ်တစ်ခု၌ ကျွမ်းကျင်နေပါက သူ့အား ပါရမီရှင်ဟု ခေါ်ဆိုနိုင်သည့်တိုင် အံ့အားသင့်ဖွယ်မရှိချေ။

သို့ရာတွင် အကယ်၍ တစ်စုံတစ်ယောက်သည် ပညာရပ်နယ်ပယ်မျိုးစုံ၌ ကျွမ်းကျင်ကာ အောင်မြင်မှုတချို့ ရရှိနေပါက တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်ဟု ဆိုနိုင်ပေ၏။

ဤအချိန်အခိုက်အတန့်တွင် လုယွီသည် လေထုအတွင်း၌ မျောလွင့်နေသောဆေးပင်များအားလုံးကို သန့်စင်ပြီးဖြစ်သည်။

ကြည်လင်သောဆေးရည်စက်များက လေထုအတွင်း၌ မျောလွင့်နေသည်။ထိုဆေးရည်တစ်စက်စီတွင် မတူကွဲပြားသော ဆေးပညာဆိုင်ရာနိယာမများ ပါဝင်နေပေ၏။ထိုဆေးရည်တစ်စက်စီကို ခွဲခြမ်းစိတ်ဖြာလိုပါက အလွန်အမင်း ခက်ခဲပေမည်။

ရုတ်ချည်းဆိုသလိုပင် လုယွီက လှုပ်ရှားလိုက်သည်။

သူ၏လက်ချောင်းများကို ဝှေ့ယမ်းလိုက်မှုနှင့်အတူ ဆေးရည်စက်များအားလုံးသည် ဆေးမီးဖိုအတွင်းသို့ ပျံဝဲသွားကာ မီးတောက်များနှင့် အလျှင်အမြန် ပေါင်းစပ်သွားတော့သည်။

သူ၏လှုပ်ရှားမှုကို မြင်တွေ့ချိန်၌ လက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးအများစုက မျက်မှောင်ကြုတ်လိုက်ကြ၏။

အကယ်၍ သူသည် ဆေးမယ်များအားလုံးကို ဆေးလုံးအဖြစ် ပေါင်းစပ်လိုပါက အစီအစဥ်တကျ ဖြည်းညှင်းစွာပြုလုပ်ရန် လိုအပ်သည်။သူ အမှားအယွင်းတစ်ခု ပြုလုပ်၍မရချေ။

ဆေးပင်များ၏ဂုဏ်သတ္တိများသည် အချင်းချင်း ဖီလာဆန့်ကျင်နေသည်။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်ဆောင်ရွက်မိပါက ယခင်အင်အားစိုက်ထုတ်ထားမှုများအားလုံး အချည်းနှီးဖြစ်သွားပေမည်။

အနက်ရောင်မီးခိုးငွေ့များက ဆေးမီးဖိုအတွင်းမှ ထွက်ပေါ်လာသည်။

ထိုအနက်ရောင်မီးခိုးငွေ့များကို မြင်တွေ့ချိန်တွင် စစ်ဆေးရေးမှူးတချို့သည် သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ သက်ပြင်းရှိုက်လိုက်ကြ၏။

အရာအားလုံး အဆုံးသတ်သွားလေပြီ။

ဤဆေးသန့်စင်ခြင်းသည် အလဟဿဖြစ်သွားပုံရသည်။

တစ်ချိန်တည်းမှာပင် မြို့ရိုးအနီးရှိအဆိပ်မြူခိုးများကို အလွန်များပြားသော မှော်မန္တန်များနှင့် ပိတ်ဆို့ဟန့်တားထားသည်။

ထိုမှော်မန္တန်များမှနေ၍ ကြီးမားသောအကာအကွယ်များအဖြစ် ဖွဲ့စည်းသွားကာ လင်ကျိုးစီရင်စု၏ပတ်ဝန်းကျင်ကို ဝိုင်းရံ၍ကာကွယ်ထားလေ၏။

ချင်ယုနှင်လျှိုမင်တို့သည် ထိုအကာအကွယ်များကို သူတို့ကိုယ်တိုင်ဦးဆောင်၍ ကြီးကြပ်နေကာ လင်ကျိုးစီရင်စုကိုကာကွယ်ရန်အတွက် တိုက်ပွဲဝင်ဝင်္ကပါကြီးအဖြစ် ဖွဲ့စည်းစေသည်။

သို့ရာတွင် ဤသည်က နောက်ဆုံးတစ်ကြိမ် ရုန်းကန်မှုသက်သက်ပင်။

တိုက်ပွဲဝင်ဝင်္ကပါကြီး၏ရှေ့ဆုံးတွင်ရှိနေသော စစ်သားများသည် သူတို့၏မှော်စွမ်းအားများ ကုန်ဆုံးလာခြင်းကို ခံစားမိသည်။သူတို့ရှေ့ရှိ အဆိပ်မြူခိုးများသည် မှော်စွမ်းအားများကို ဝါးမြိုနိုင်ပုံရသဖြင့် သူတို့၏မှော်စွမ်းအားကုန်ဆုံးမှုနှုန်းမှာ အလွန်အမင်းလျှင်မြန်သည်။။

"ငါ ထပ်ပြီး တောင့်မခံနိုင်တော့ဘူး"

စစ်သားများအနက်မှတစ်ယောက်သည် နာကျင်မှုကြောင့် အော်ဟစ်ညည်းတွားလိုက်၏။သူ ဆင့်ခေါ်ထားသော အကာအကွယ်သည်လည်း ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

ထိုစစ်သား၏ခန္ဓာကိုယ်မှနေ၍ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမျိုး ထွက်ပေါ်လာသည်။ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အထိန်းအကွပ်မဲ့စွာဖြင့် တုန်ရီနေသည်။

ချင်ယုသည် သူ၏ဆေဘာဓားကိုဆွဲထုတ်ကာ ထိုစစ်သားကို သတ်ဖြတ်လိုက်၏။ထို့နောက် တခြားစစ်သားတစ်ယောက်က ရှေ့သို့တိုးကာ ထိုစစ်သား၏နေရာတွင်ဝင်လိုက်သည်။

အဆိပ်သင့်သွားသောသူသည် အချိန်တိုအတွင်းမှာပင် ယင်အလောင်းကောင် ဖြစ်သွားပေမည်။

ချင်ယုနှင့်လျှိုမင်တို့သည် ရွေးချယ်စရာမရှိတော့သဖြင့် ဤနည်းလမ်းကိုသာ အသုံးပြုလိုက်ရသည်။

စစ်သားများအားလုံးနီးပါး ကြီးမားသောဖိအားအောက်တွင် ကျရောက်နေပေ၏။တချို့စစ်သားများသည် ထွက်ပြေးလိုသော်လည်း သူတို့၏နောက်ရှိ တခြားစစ်သားများက စောင့်ကြည့်နေသည်။ဤနေရာမှ ထွက်ပြေးဝံ့သော မည်သူမဆို ချက်ချင်းသတ်ဖြတ်ခံရပေမည်။

အဆိပ်မြူခိုးများ တဖြည်းဖြည်း ကျူးကျော်လာမှုနှင့်အတူ ယင်အလောင်းကောင်များ၏ဟိန်းဟောက်သံများကိုလည်း ပတ်ဝန်းကျင်မှနေ၍ အဆက်မပြတ်ကြားနေရသည်။

Chapter 3158

"ဒီလိုအချိန်မျိုးမှာ ယင်အလောင်းကောင်တွေက ထပ်ပြီးထွက်လာပြန်ပြီလား"

ချင်ယုသည် ရုတ်တရက် သူ၏ဦးရေပြား ထုံကျင်လာသကဲ့သို့ ခံစားလိုက်ရ၏။

လင်ကျိုးစီရင်စုအတွင်း၌ အစောင့်စစ်သား အမြောက်အများမရှိချေ။သူတို့သည် မြို့ရိုးအနီးရှိ နယ်မြေတဝိုက်ကိုသာ ကာကွယ်စောင့်ကြပ်နိုင်သည်။

သို့ရာတွင် ယင်အဆိပ်၏ပြန့်ပွားမှုသည် အလွန်ကျယ်ပြန့်ပေ၏။

ကာကွယ်စောင့်ကြပ်ထားခြင်းမရှိသော နေရာအများစုသည် ယင်အဆိပ်၏တိုက်ခိုက်ခြင်းကိုခံရကာ ရလဒ်အနေဖြင့် ယင်အလောင်းကောင်အမြောက်အများ ထွက်ပေါ်လာသည်။

ထိုယင်အလောင်းကောင်များသည် အလွန်သွေးဆာသည်။သူတို့သည် မြို့အတွင်း၌ တစ်ကြိမ်ထွက်ပေါ်လာသည်နှင့် အလွန်အမင်းလျှင်မြန်သောအရှိန်နှုန်းနှင့် ပျံ့နှံ့သွားသည်။

"စီရင်စုသခင်...မင်း ဘာလုပ်နေတာလဲ"

ချင်ယုက စီရင်စုရုံးတော်ရှိနေသောနေရာသို့ဦးတည်၍ အော်ဟစ်လိုက်သည်။

လုယွီ မည်သည့်အရာကို ပြုလုပ်နေသနည်း....

လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်း ထိုမေးခွန်းကို မေးမြန်းနေကြသည်။

လုယွီသည် လင်ကျိုးစီရင်စုကို ယခုလက်ရှိချိန်ထိ တောင့်ခံနိုင်ရန် ကာကွယ်ပေးနိုင်ခဲ့သည့် အရည်အချင်းရှိသူဖြစ်သည်။

သူသည် လူတိုင်း၏စိတ်နှလုံးသားများကို တည်ငြိမ်စေသော အဓိကထောက်တိုင်ကြီးပင်။သူသာရှိနေပါက လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်းသည် သူတို့၏တာဝန်များကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြပေမည်။

ဆေးခန်းမအတွင်း၌...

လုယွီသည် ဆက်လက်၍ ဆေးဖော်စပ်နေဆဲပင်။

ယခင်ကဲ့သို့ တူညီသော လုပ်ငန်းစဥ်အတိုင်း တူညီသော ဆေးပင်များနှင့် တူညီသောဆေးဖော်စပ်မှုနည်းလမ်းကို သူ အသုံးပြုနေဆဲပင်။

သို့ရာတွင် အနက်ရောင်အခိုးအငွေ့များသည် ဆေးမီးဖိုမှ အဆက်မပြတ်ထွက်ပေါ်နေကာ ဆေးသန့်စင်ခန်းတစ်ခန်းလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။

ကျရှုံး...

ကျရှုံး...

ကျရှုံး...

လုယွီသည် ဆယ်ကြိမ်ကျော်ခန့်ကျရှုံးခဲ့ကာ တစ်ကြိမ်တစ်ခါမျှ အောင်မြင်ခြင်းမရှိချေ။

မိုးကောင်းကင်ယံအတွင်းရှိ စစ်ဆေးရေးမှူးများသည် ထိုမြင်ကွင်းကိုမြင်တွေ့သော်လည်း သက်ပြင်းရှိုက်နေရုံမှအပ မည်သည့်စကားမျှ ပြောဆိုခြင်းမပြုပေ။

သူတို့၏အမြင်အရ ဤကဲ့သို့အခြေအနေမျိုးတွင် စိတ်တည်ငြိမ်စွာဖြင့် ဆေးသန့်စင်ရန်မှာ လွန်စွာခက်ခဲပေမည်။

ဆေးသန့်စင်ရာတွင် တစ်စုံတစ်ယောက်တွင် ပါရမီအရည်အချင်းနှင့်အတွေ့အကြုံရှိရန်သာမက စိတ်ပိုင်းဆိုင်ရာအခြေအနေလည်း လိုအပ်သည်။

ဆေးပညာရှင်အများစုသည် တည်ငြိမ်သောစိတ်ဖြင့် ဆေးသန့်စင်ရန်အတွက် ရက်အနည်းငယ်ကြာအချိန်ယူ၍ သူတို့၏စိတ်နှလုံးသားများအတွင်းမှ မလိုလားအပ်သောအတွေးများကိုရှင်းထုတ်ရန် လိုအပ်သည်။ထိုသို့ပြုလုပ်ထားမှသာ သူတို့ ဆေးသန့်စင်ရာတွင် အောင်မြင်မှုနှုန်း အနည်းငယ်မြင့်တက်နိုင်ပေမည်။

ဂါး...

ရုတ်ချည်းဆိုသလိုပင် အေးစက်စက်ဟိန်းဟောက်သံတစ်သံက ဆေးခန်းမတစ်ခုလုံးအနှံ့ ပဲ့တင်ထပ်ပျံ့နှံ့သွားသည်။

"သူ့ကိုဟန့်တားထားကြစမ်း....သူ့ကို ဆေးခန်းမထဲ ဝင်မသွားစေနဲ့"

"ဘာလို့ ယင်အလောင်းကောင်တစ်ကောင်က ရုတ်တရက်ကြီး ဆေးခန်းမထဲမှာ ထွက်ပေါ်လာတာလဲ"

"လက်ထောက်ဆေးပညာရှင်တစ်ယောက်ရဲ့အလောင်းက ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်လို့ ငါ ကြားထားတယ်...အရှေ့ဘက်ခြမ်းမှာရှိတဲ့ အိမ်တချို့မှာ ယင်အလောင်းကောင်တွေနဲ့ ပြည့်နေပြီ...အစောင့်တွေ အဲ့ဒီနေရာကို လွှတ်လိုက်စမ်း"

ပြင်ပ၌ ရုတ်ရုတ်သဲသဲ ဖြစ်နေသည်။အစောင့်များသည် ယင်အလောင်းကောင်ကို နှိမ်နင်းနိုင်လိုက်သည့်ပုံဖြင့် သူ၏အသံ တဖြည်းဖြည်းအားပျော့သွားသည်။

လုယွီက မျက်မှောင်ကြုတ်လိုက်သော်လည်း သူ၏စိတ်အခြေအနေကို သက်ရောက်ခြင်းမရှိချေ။သူက ဆက်လက်၍ ဆေးဖော်စပ်နေလေ၏။

ဒေါက်...ဒေါက်...ဒေါက်...

ရုတ်တရက် တစ်စုံတစ်ယောက်က ဆေးသန့်စင်ခန်း၏တံခါးကို လာခေါက်သည်။

"ဘာကိစ္စရှိလို့လဲ"

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ဆေးသန့်စင်နေစဥ်အတောအတွင်း၌ ခွင့်ပြုချက်မရှိဘဲ သူ့အား လာရောက်နှောက်ယှက်ခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်သည်။

"အရှင်...ယင်အလောင်းကောင်တွေ အများကြီးက ရုတ်တရက်ကြီး အပြင်ကနေ ဝင်လာတယ်....အရှင် မြန်မြန်ထွက်သွားသင့်တယ်...တကယ်လို့ အဲ့ဒီယင်အလောင်းကောင်တွေ အထဲကိုဝင်လာရင် အရှင်အခက်တွေ့မှာကို ကျွန်တော် စိုးရိမ်မိတယ်"

ပြင်ပရှိအသံသည် အလွန်အမင်း စိုးရိမ်ပူပန်နေပုံရပေ၏။

လုယွီက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"အစောင့်တွေကို သွားခေါ်လိုက်စမ်း....အပြင်မှာပဲ စောင့်နေ...ဘယ့်သူကိုမှ အထဲကို ဝင်ခွင့်မပြုဘူး"

တံခါး၏ပြင်ပ၌ တစ်ဒင်္ဂခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့သော် ထို့နောက်မှနေ၍ ကျယ်လောင်သောဘုန်းခနဲမြည်သံနှင့်အတူ ဆေးသန့်စင်ခန်း၏တံခါးကို ကန်ကျောက်ဖွင့်ခြင်း ခံလိုက်ရ၏။

အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လက်ထောက်ဆေးပညာရှင်တစ်ယောက်က သွေးနီရောင်သန်းသောမျက်လုံးတစ်စုံဖြင့် ပြင်ပတွင် မတ်တတ်ရပ်နေသည်။

သူ၏နောက်တွင် ဆေးခန်းမတစ်ခုလုံး ဖရိုဖရဲဖြစ်နေလေပြီ။ပြင်ပ၌စောင့်ကြပ်နေသော လက်ထောက်ဆေးပညာရှင်များအားလုံးသည်လည်း သွေးအိုင်အတွင်း၌ လဲကျနေလေ၏။သူတို့သည် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ခဲ့ရသည်မှာ သိသာထင်ရှားသည်။

လက်ထောက်ဆေးပညာရှင်က သူ၏ခေါင်းကိုမော့ကာ မနှစ်မြို့ဖွယ် ပြုံးလိုက်သည်။

"စီရင်စုသခင်...မင်း ဆေးတွေ ဆက်ပြီးမသန့်စင်နိုင်တော့မှာကို ငါ စိုးရိမ်မိတယ်"

သူ၏နောက်တွင် ယင်အလောင်းကောင်ဆယ်ကောင်ကျော် ထွက်ပေါ်လာသည်။သူတို့က ဒေါသတကြီးဟိန်းဟောက်၍ လုယွီထံသို့ တဟုန်ထိုး ပြေးဝင်လာကြ၏။

"ထွက်သွားကြစမ်း"

လုယွီက အေးစက်စက် အော်ငေါက်လိုက်သည်။သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ ရက်စက်ကြမ်းကြုတ်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။

ယင်အလောင်းကောင်များအားလုံး လွင့်ထွက်သွားသည်။သူတို့အနက်မှတချို့၏ ခြေလက်များ ကျိုးပဲ့သွားလေ၏။သူတို့သည် မြေပြင်ပေါ်သို့လဲကျသွားကာ မတ်တတ်ပြန်မထနိုင်တော့ချေ။

Chapter 3159

သို့ရာတွင် ထိုလက်ထောက်ဆေးပညာရှင်၏မျက်နှာပေါ်၌ မနှစ်မြို့ဖွယ်အမူအယာမျိုး ရှိနေဆဲပင်။

ဆေးခန်းမ၏အရှေ့ဘက်ခြံဝန်းတံခါး ကန်ကျောက်ဖွင့်ခြင်းခံလိုက်ရကာ ယင်အလောင်းကောင်အမြောက်အများ ပြင်ပမှပြေးဝင်လာပြီး သူတို့၏သွားစွယ်များကိုဖြဲကာ လက်သည်းများကို ဝှေ့ယမ်းနေကြ၏။ယင်အလောင်းကောင်များ၏ ကျယ်လောင်သောဟိန်းဟောက်သံများကို နေရာအနှံ့အပြားမှနေ၍ ကြားနေရသည်။

ကလောင်...ကလောင်...ကလောင်...

ခေါင်းလောင်းတစ်လုံးက ရုတ်တရက် လက်ထောက်ဆေးပညာရှင်၏လက်အတွင်း၌ ထွက်ပေါ်လာသည်။

ထိုခေါင်းလောင်းကို ညင်သာစွာလှုပ်ယမ်းလိုက်ရာ တုန်ခါသံများက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားတော့သည်။

ယင်အလောင်းကောင်များသည် ထိုအသံကိုကြားချိန်တွင် မိန်းမောတွေဝေသွားကာ လုယွီထံဦးတည်၍ တစ်ယောက်ပြီးတစ်ယောက် ခုန်ဝင်လာကြ၏။

"မင်းက ငါ ဆေးဖော်စပ်တာကို ဟန့်တားချင်တာလား"

ထိုလက်ထောက်ဆေးပညာရှင် မည်သည့်အရာအား ကြံစည်နေသည်ကို လုယွီက ချက်ချင်းနားလည်သဘောပေါက်သွားသည်။

သူသည် လောကီအင်မော်တယ်တစ်ယောက်ပင်။အကယ်၍ ယင်အလောင်းကောင်များ လုယွီထံသို့ ခုန်ဝင်လာလျှင်ပင် သူ၏အသက်ကို ခြိမ်းခြောက်နိုင်မည်မဟုတ်ချေ။

သို့ရာတွင် ယင်အလောင်းကောင်များ၏ခံနိုင်ရည်စွမ်းသည် အလွန်အမင်း မြင့်မားပေ၏။အကယ်၍ သူတို့သည် သေလုမတတ် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားလျှင်ပင် မတ်တတ်ထရပ်နိုင်ဆဲပင်။

လက်ထောက်ဆေးပညာရှင်သည် ထိုယင်အလောင်းကောင်များကိုအသုံးပြု၍ လုယွီ ဆေးများ ထပ်မံ၍မဖော်စပ်နိုင်စေရန် နှောက်ယှက်လိုခြင်းဖြစ်သည်။

လုယွီ၏မျက်လုံးများ အေးစက်တင်းမာသွားသည်။သူ၏လက်အတွင်းမှ ဓားချီတစ်လှိုင်းထွက်ပေါ်လာကာ လက်ထောက်ဆေးပညာရှင်ထံဦးတည်၍ ပျံဝဲသွားလေ၏။

တောပုန်းဓားပြများကို နှိမ်နင်းလိုပါက ခေါင်းဆောင်ကို အရင်ဆုံးသတ်ဖြတ်ရပေမည်။

ယင်အလောင်းကောင်များတွင် အသိဥာဏ်များစွာမရှိချေ။ထိုအစား လက်ထောက်ဆေးပညာရှင်ကသာ သူ့အား အခက်တွေ့စေနိုင်ဆုံးသူဖြစ်သည်။

လက်ထောက်ဆေးပညာရှင်သည် လုယွီ၏အတွေးကို ခန့်မှန်းနိုင်ပုံရသည်။သူသည် ယင်အလောင်းကောင်များ၏နောက်တွင် ပုန်းကွယ်ကာ သူ၏လက်အတွင်းရှိခေါင်းလောင်းကို အဆက်မပြတ်လှုပ်ယမ်းနေလေ၏။

ဝှစ်....ဝှစ်...ဝှစ်...

မြောက်မြားစွာသော ဓားချီများသည် လုယွီ၏ရှေ့ရှိ ယင်အလောင်းကောင်များကို ဖြတ်ပိုင်းသွားသည်။ဆေးခန်းမတစ်ခုလုံး ချက်ချင်းဆိုသလို သွေးများဖြင့် ပြည့်နှက်သွားတော့သည်။

မည်သို့ပင်ဆိုစေကာမူ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီ ထိန်းချုပ်ထားရသောခန္ဓာကိုယ်မှာ သူ၏အစစ်အမှန်ခန္ဓာကိုယ်နှင့် အကြွင်းမဲ့ကွဲပြားခြားနားနေသည်။

အလွန်အမင်းများပြားသော ယင်အလောင်းကောင်များသည် အရပ်မျက်နှာအဘက်ဘက်မှ စုဝေးလာကာ ဆေးခန်းမအတွင်းသို့ တဟုန်ထိုးဝင်ရောက်လာကြသည်။

ဆေးခန်းမ၏နံရံများသည် ထိုယင်အလောင်းကောင်များ၏ဆုတ်ဖြဲမှုကြောင့် ကြေမွှပျက်စီးနေလေပြီ။ပတ်ဝန်းကျင်ကိုကြည့်ပါက နီမြန်းနေသောမျက်လုံးများရှိသည့် ယင်အလောင်းကောင်များဖြင့် ပြည့်နှက်နေသည်။

"သူက ချောင်ပိတ်ခံနေရပြီ....သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူး....တစ်ဖက်လူတွေက ဘုရင်ကိုအရင်ဖမ်းတဲ့ နည်းလမ်းကိုသုံးပြီးတော့ သူ့ကို အရင်ဆုံး ထိန်းချုပ်ချင်ကြတယ်....သူသာမရှိရင် လင်ကျိုးစီရင်စုက ပျက်စီးသွားမှာပဲ"

မိုးကောင်းကင်ယံအတွင်းရှိ စစ်ဆေးရေးမှူးတစ်ယောက်က သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်၍ ပြောဆိုသည်။

လုယွီသည် တည်ငြိမ်နေဆဲပင်။သူသည် သူ့ထံတိုးဝင်လာသော ယင်အလောင်းကောင်များကိုကြည့်ကာ ဓားချီများကိုအသုံးပြု၍ ပိတ်ဆို့ဟန့်တားလိုက်၏။

"ဟား ဟား ဟား...မင်း သူတို့ကို တားဆီးနိုင်မှာမဟုတ်ဘူး...ဒီယင်အလောင်းကောင်တွေက မင်းရဲ့စွမ်းအားတွေ ကုန်ဆုံးသွားအောင်လုပ်န်ုင်တာနဲ့...မင်းလည်းပဲ လင်ကျိုးစီရင်စုထဲက တခြားလူတွေလို သေရမှာပဲ...မင်းရဲ့အလောင်း အပြည့်အစုံတောင် ကျန်မှာမဟုတ်ဘူး"

လက်ထောက်ဆေးပညာရှင်က ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။

"ဒါဆိုရင်...ဒါက မင်းရဲ့အစီအစဥ်လား"

လုယွီသည် မလှမ်းမကမ်းတွင်ရှိနေသော လက်ထောက်ဆေးပညာရှင်ကိုကြည့်၍ တည်ငြိမ်စွာ ပြောဆိုသည်။

"ဒါပေမယ့် မင်းက ငါ့ရဲ့ဆေးသန့်စင်မှုကို ကြားဖြတ်နှောက်ယှက်နိုင်ပြီဆိုတာ မင်း သေချာသွားပြီလား"

လက်ထောက်ဆေးပညာရှင်သည် လုယွီ၏တည်ငြိမ်နေသောမျက်နှာကိုကြည့်ကာ ရုတ်တရက် သူ၏စိတ်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။

သို့ရာတွင် သူသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးတောမိသွားပုံဖြင့် အေးစက်စက်ပြုံးလိုက်၏။

"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်မနေစမ်းနဲ့...ဒီလိုမျိုး ဝိုင်းရံတိုက်ခိုက်ခံနေရတဲ့ကြားကနေ မင်း ဆေးတွေဆက်ပြီးသန့်စင်နိုင်မယ်လို့ ငါ မယုံကြည်ဘူး"

"မင်းက မောက်မာဝံ့ကြွားပြီးတော့ အသိတရားခေါင်းပါးတဲ့ကောင်ပဲ"

လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။

"မင်းတို့ကောင်တွေက ငါ့ကို လျှော့တွက်ထားတာပဲ"

ထိုသို့ပြောဆိုပြီးနောက် လုယွီက လေဟာနယ်အတွင်းသို့ ကြည့်လိုက်သည်။

ထိုနေရာတွင် အိမ်ရှေ့စံမင်းသား၏နတ်ဘုရားစိတ်အာရုံသည် သူ့ကို စူးစိုက်၍ကြည့်နေလေ၏။

ရုတ်ချည်းဆိုသလိုပင် လုယွီ၏လက်ချောင်းများ လှုပ်ခတ်သွားကာ သူ သန့်စင်ပြီးဖြစ်သော ဆေးတချို့က လေထုအတွင်းသို့ ပျံသန်းသွားသည်။ထို့နောက် ထိုအရာများသည် လုယွီ၏လက်အတွင်းရှိ မီးတောက်များနှင့် ပေါင်းစပ်သွားတော့သည်။

ထိုဆေးလုံးများ၏ပြင်ပပုံပန်းသွင်ပြင်သည် လုံးလုံးလျားလျား နက်မှောင်နေကာ တူးနံများထွက်ပေါ်နေသည်။ထိုဆေးလုံးများကို မည်သို့ပင်ကြည့်ရှုပါစေ မည်သူမဆို ဆေးသန့်စင်မှုကျရှုံးသွားသော အရာများနှင့်သာ တူညီနေသည်။

သို့ရာတွင် လုယွီ၏လက်အတွင်း၌ ထိုဆေးလုံးများအားလုံး အံ့အားသင့်ဖွယ် ပေါင်းစပ်သွားလေ၏။

ထိတ်လန့်ကြောက်ရွံမှုအရိပ်အယောင်များက လက်ထောက်ဆေးပညာရှင်၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။

လုယွီသည် ဤကဲ့သို့နှောက်ယှက်ခံရသော အခြေအနေမျိုးအောက်၌ အမှန်တကယ်ကိုပင် ဆေးသန့်စင်နိုင်ခဲ့သလော....

ဤသည်က သူ မျှော်လင့်ထားသည်ထက် များစွာပို၍ ကျော်လွန်နေသည်။

"မြန်မြန်...သူ့ကို တိုက်ခိုက်ကြစမ်း...သူ့ကိုသတ်စမ်း"

လက်ထောက်ဆေးပညာရှင်သည် သူ၏လက်အတွင်းရှိခေါင်းလောင်းကို အစွမ်းကုန်လှုပ်ယမ်းလိုက်၏။သူသည် ပတ်ဝန်းကျင်ရှိ ယင်အလောင်းကောင်များကို ဆက်တိုက်လှုံဆော်၍ လုယွီအား တိုက်ခိုက်စေသည်။

Chapter 3160

လုယွီသည် သူ၏ပတ်ဝန်းကျင်ရှိ ယင်အလောင်းကောင်များကို အေးစက်စက်အကြည့်ဖြင့်ကြည့်လိုက်၏။

အသက်ရှုချိန်အနည်းငယ်အတွင်းမှာပင် လုယွီ၏လက်ဝါးအတွင်းရှိဆေးလုံး ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။

မူလက နက်မှောင်ပြီးအသုံးဝင်ပုံမရသောဆေးလုံးသည် လုယွီ၏လက်အတွင်းမှ စွမ်းအားတစ်မျိုး ပွင့်အံ့ထွက်လာပြီးနောက် ဆေးအသစ်တစ်မျိုးအဖြစ် ပေါင်းစပ်စပြုလာသည်။

ထိုဆေးလုံးတစ်လုံးလုံး ရွှေရောင်သန်းနေကာ မျက်နှာပြင်ပေါ်တွင် ခပ်မှိန်မှိန် ရှေးဟောင်းစည်းတံဆိပ်အက္ခရာများရှိနေသည်။

ထူးဆန်းသောပုံရိပ်တချို့ပင်လျှင် ထိုဆေးလုံး၏မျက်နှာပြင်ပေါ်တွင် ရှိနေလေ၏။

ဤသည်က လူတစ်ယောက်သည် အကန့်အသတ်မရှိသောလွင်ပြင်ကျယ်ကြီးအတွင်း၌ ခေါက်တုံ့ခေါက်ပြန်သွားလာနေကာ ဆေးပင်များကို ခူးဆွတ်နေသည့်မြင်ကွင်းပင်။

သို့ရာတွင် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ပတ်ဝန်းကျင်ရှိလေဟာနယ် အနည်းငယ်တုန်ခါသွားသည်။

တောက်ပသော ရွှေရောင်အလင်းတန်းများသည် ထိုဆေးလုံးမှနေ၍ ဖြာထွက်လာကာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီး လောကကြီးတခွင်လုံးကို လင်းထိန်သွားစေသည်။

"မကောင်းတော့ဘူး...မြန်မြန် တိုက်ခိုက်ကြစမ်း"

လက်ထောက်ဆေးပညာရှင်သည် အလွန်အမင်းတုန်လှုပ်ချောက်ချားနေသောအသံဖြင့် အော်ဟစ်လိုက်၏။

သူ၏စိတ်နှလုံးသားမှနေ၍ မကောင်းသောအတိတ်နိမိတ်မျိုး ရရှိနေသည်။

ပတ်ဝန်းကျင်ရှိယင်အလောင်းကောင်များသည် လက်ထောင်ဆေးပညာရှင်၏လက်အတွင်းမှ ခေါင်းလောင်းသံကို ကြားနေရသည်။သူတို့သည် တစ်ယောက်ပြီးတစ်ယောက် လုယွီထံသို့ သည်းကြီးမည်းကြီး ခုန်ဝင်လာကြ၏။

လုယွီသည် ယင်အလောင်းကောင်များ၏ အလယ်ဗဟို၌ ရှိနေသည်။သူသည် အကန့်အသတ်မရှိသော ယင်အလောင်းကောင်ဒီရေလှိုင်းအောက်၌ နစ်မြုပ်သွားလုနီးပါးပင်။

သူက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ အော်ဟစ်လိုက်သည်။

"ဖိနှိပ်စမ်း"

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် လုယွီ၏လက်အတွင်းရှိဆေးလုံးမှ အလင်းရောင်များ ပို၍တောက်ပလာကာ ဆေးရနံ့များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

လေထုအတွင်း၌ ထူးဆန်းသောဆေးရနံ့များသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောအရှိန်ဖြင့် အရပ်မျက်နှာအဘက်ဘက်သို့ လျှင်မြန်စွာပျံ့နှံ့သွားလေ၏။

မယှဥ်သာအောင် ကြမ်းတမ်းသော ယင်အလောင်းကောင်များသည် သစ်သားရုပ်သေးများကဲ့သို့ နေရာမှာပင် အမြှစ်တွယ်နေကာ အနည်းငယ်မျှပင် မလှုပ်ရှားနိုင်တော့ချေ။

"မဟုတ်ဘူး...ဒါက ဘာဖြစ်တာလဲ"

လက်ထောက်ဆေးပညာရှင်က မယုံကြည်နိုင်သောလေသံဖြင့် အော်ဟစ်လိုက်သည်။

သူသည် အစကတည်းက စတေးခံတစ်ယောက်ပင်။သူ ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းအရင်းမှာ လုယွီကို သတ်ဖြတ်ရန်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ သူ၏တာဝန် အောင်မြင်ခါနီးအချိန်တွင် လုယွီသည် သေဆုံးခြင်းမရှိသည့်အပြင် ဆေးလုံးကို အောင်မြင်စွာသန့်စင်နိုင်ခဲ့လေ၏။

ယင်အဆိပ်ကိုဖိနှိပ်နိုင်သော ဆေးလုံးမျိုးကို သူ တစ်ကြိမ်တစ်ခါမျှ မကြားဖူးချေ။

"ငါ အခုချက်ချင်း မင်းကိုသတ်မယ်"

လက်ထောက်ဆေးပညာရှင်သည် နောက်ဆုံး၌ ဒေါသများပေါက်ကွဲလာကာ သူ၏မှော်လက်နက်ကိုထုတ်ယူ၍ လုယွီကို တိုက်ခိုက်လိုက်သည်။

ထိုအရာသည် နက်မှောင်နေသော ဘူးသီးခြောက်တစ်လုံးပင်။ထိုဘူးသီးခြောက်ကိုဖွင့်လိုက်သည်နှင့် အနက်ရောင်မြူခိုးများ ယိုစိမ့်ထွက်လာကာ လုယွီကို လွှမ်းခြုံသွားသည်။

လက်ထောက်ဆေးပညာရှင်သည် အဆိပ်ကိုအသုံးပြုရာ၌ ကျွမ်းကျင်သူတစ်ယောက်ပင်။

သူ၏ဘူးသီးခြောက်အတွင်း၌ ပြင်းထန်သောအဆိပ်များ ပါဝင်သည်။ထိုအရာများကိုထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိအရာရာတိုင်းကို တိုက်စားနိုင်စွမ်းရှိပေ၏။

လုယွီက ထိုလက်ထောက်ဆေးပညာရှင်ကို တစ်ချက်ကြည့်ကာ သူ၏လက်ချောင်းများကို ဆန့်တန်းလိုက်သည်။ဓားချီတစ်လှိုင်းက ချက်ချင်းဆိုသလိုပင် လက်ထောက်ဆေးပညာရှင်၏ခေါင်းကို ဖြတ်တောက်သွားတော့သည်။

ရွှေရောင်ဆေးလုံးသည် လေထုအတွင်း၌မျောလွင့်နေကာ တောက်ပသောအလင်းရောင်များ ဖြာထွက်နေသည်။

ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုအတွင်းရှိလူတိုင်း ပြင်းထန်သောဆေးရနံ့ကို ရှုရှိုက်မိလေ၏။

ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများသည် ပြေးမလွတ်သောရန်သူနှင့် ရင်ဆိုင်တွေ့သည့်အလား ဆေးရနံ့များကြောင့် တဖြည်းဖြည်းပျက်ပြယ်သွားတော့သည်။

မြင့်မြတ်သောပုံရိပ်တစ်ခုက ထိုရွှေရောင်အလင်းတန်းများအကြားမှ ထွက်ပေါ်လာကာ လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို ငုံကြည့်လိုက်သည်။

ရှေးဟောင်းသိုင်းပညာသူတော်စင်...ရှန်းနွန်...

လုယွီသန့်စင်ထားသော ဆေးလုံးသည် အဆိပ်ဖြေဆေးလုံးမဟုတ်ဘဲ နတ်ဘုရားဆင့်ခေါ်ခြင်းဆေးလုံးပင်။

သူသည် ရှေးဟောင်းဆေးပညာသူတော်စင်ကို တိုက်ရိုက်ဆင့်ခေါ်၍ ထွက်ပေါ်လာသော စွမ်းအားကိုအသုံးပြုကာ ကောင်းကင်နှင့်မြေပြင်အကြားမှ အဆိပ်မြူခိုးများအားလုံး ပျက်ပြယ်သွားစေရန် စီစဥ်ထားခြင်းဖြစ်သည်။

ရှန်းနွန် လောကကြီးအတွင်းသို့ ဆင်းသက်လာချိန်တွင် အဆိပ်များအားလုံး ပျက်ပြယ်သွားပေမည်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ လေဟာနယ် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ရှန်းနွန်၏မြင့်မြတ်သောစွမ်းအားကို တောင့်မခံနိုင်သည့်အလား ပတ်ဝန်းကျင်ရှိပုံရိပ်များအားလုံး အချိန်တခဏခန့် ရပ်တန့်သွားပေ၏။

All Chapters