အခန်း (၃၁၆၁-၃၁၆၅)
Vol. 161 Ch. 3161-3165
Chapter 3161
ဧရာမရှန်းနွန်ပုံရိပ်ယောင်ကြီးက လေဟာနယ်အတွင်း၌ မတ်တတ်ရပ်နေသည်။
တောက်ပပြီးမြင့်မြတ်သော အရှိန်အဝါသည် လင်ကျိုးစီရင်စု၏အထက်ကောင်းကင်ယံအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေကာ အချိန်အတော်ကြာသည့်တိုင် ပျက်ပြယ်သွားခြင်းမရှိချေ။
ပတ်ဝန်းကျင်ရှိ အဆိပ်မြူခိုးများအားလုံးသည် ရေခဲနှင့်မီးတောက် ထိတွေ့သွားသည့်အလား အလျှင်အမြန် အရည်ပျော်ကျသွားတော့သည်။
ရှန်းနွန်သည် ထိုအဆိပ်မြူခိုးများကို သတိပြုမိပုံမရချေ။သူသည် အဝေးတစ်နေရာရှိ နတ်ဆိုးကျင့်ကြံသူများကို ကြည့်လိုက်၏။
သူ၏မျက်လုံးများအတွင်း၌ မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိပုံမရချေ။သို့ရာတွင် ထိုမျက်လုံးတစ်စုံအတွင်း၌ အလွန်မြင့်မြတ်သော အရှိန်အဝါတစ်ခု ကိန်းအောင်းနေပုံရကာ မည်သူမျှ စေ့စေ့မကြည့်ဝံ့ချေ။
ထို့နောက် ရှန်းနွန်၏နှုတ်မှ စကားလုံးတစ်လုံး ရေရွတ်လိုက်သည်။
ထိုစကားလုံး၏အသံထွက်သည် ရှေးဟောင်းအက္ခရာများ၏အသံထွက်နှင့် တူညီပေ၏။ဤသည်က ယခုလက်ရှိ ကောင်းကင်ဘုံနယ်မြေအတွင်းမှ စကားလုံးများ၏အသံထွက်နှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
ထိုစကားလုံးထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်ရှိလေဟာနယ်သည် ဘုန်းခနဲမြည်ဟီးသံနှင့်အတူ ပေါက်ကွဲသွားတော့သည်။တောက်ပသောအလင်းတန်းများက ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့်မြေပြင်အကြားသို့ ကျရောက်လာသည်။
မူလက လင်ကျိုးစီရင်စုကိုလွှမ်းခြုံထားသော အဆိပ်မြူခိုးများအားလုံး ချက်ချင်းဆိုသလိုပင် ပျက်ပြယ်သွားပေ၏။
အဆိပ်မြူခိုးများ၏သက်ရောက်မှုကြောင့် ဖြစ်ပေါ်လာခဲ့သော ယင်အလောင်းကောင်များသည် သစ်သားရုပ်သေးများအလား မလှုပ်မယှက်နေနေသည်။သူတို့သည် နေရာမှာပင် တောင့်တင်းနေပြီး အနည်းငယ်မျှပင် မရွေ့လျားနိုင်တော့ချေ။
မြင့်မြတ်သောစွမ်းအားတစ်ရပ်သည် လေထုကိုဖြတ်သန်းသွားကာ ချက်ချင်းဆိုသလိုပင် အဝေးရှိနတ်ဆိုးကျင့်ကြံသူများထံသို့ ကျရောက်သွားသည်။
အနက်ရောင်မြူခိုးများအောက်တွင် ပုန်းအောင်းနေသော နတ်ဆိုးကျင့်ကြံသူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
အားကောင်းသည့်မြင့်မြတ်သောအလင်းတန်းသည် မိုးကောင်းကင်ယံမှ မိုးကြိုးပစ်ချလိုက်သည့်အလား နတ်ဆိုးကျင့်ကြံသူစစ်စခန်းအတွင်း၌ ရုတ်တရက် ပေါက်ကွဲသွားလေ၏။ဒေါသတကြီးနှင့်တုန်လှုပ်ချောက်ချားနေသော အသံတစ်သံက နတ်ဆိုးကျင့်ကြံသူစစ်စခန်းမှ ထွက်ပေါ်လာသည်။
"ဒါက မြင့်မြတ်တဲ့စွမ်းအားပဲ...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"
အဆိပ်မြူခိုးများကို အသုံးပြုခဲ့သော နတ်ဆိုးကျင့်ကြံသူသည် တုန်လှုပ်ချောက်ချားစွာဖြင့် သူ့ရှေ့ရှိမြင်ကွင်းကိုကြည့်လိုက်သည်။
မည်သို့ ဖြစ်ပျက်သွားသနည်း....
သူ အသုံးပြုခဲ့သော အဆိပ်မြူခိုးများသည် လင်ကျိုးစီရင်စုတစ်စုလုံးကို လွှမ်းခြုံနေကာ လူတိုင်း အဆိပ်သင့်၍သေစေနိုင်သော အဆိပ်ဖြစ်သည်။
သို့ရာတွင် သူ့ရှေ့ရှိ အခြေအနေကိုကြည့်ပြီးနောက် သူ သတိလက်လွတ်ဖြစ်သွားသည်။သူသည် အနည်းငယ်မျှပင် ကြိုတင်ကာကွယ်မှု ပြုလုပ်မထားချေ။
"မင်းက ငါ့ကို အကြည့်မှားခဲ့တယ်"
လုယွီက အဝေးတစ်နေရာကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။
"တကယ်လို့ မင်း ငါ့ကို လျှော့တွက်မယ်ဆိုရင်...မင်းက သေခြင်းနဲ့အဆုံးသတ်ရလိမ့်မယ်"
လုယွီသည် မြောက်မြားစွာသောယင်အလောင်းကောင်၏ အလောင်းများပေါ်၌ မတ်တတ်ရပ်ကာ တည်ငြိမ်သောအမူအယာဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်၏။
သူ၏အမူအယာကို ထိုနတ်ဆိုးကျင့်ကြံသူက တွေ့မြင်သွားတော့သည်။
"မင်း စောင့်နေစမ်း...နောက်တစ်ကြိမ်ကျရင် ငါ မင်းကို သေချာပေါက် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်မယ်...ပြီးတော့ လင်ကျိုးစီရင်စုထဲက လူတွေအားလုံးကိုလည်း ငါက တစ်ယောက်မှအလွတ်ပေးမှာမဟုတ်ဘူး"
နတ်ဆိုးကျင့်ကြံသူက အံ့တင်းတင်းကြိတ်ကာ ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်သည်။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ထိုအသံသည် တောက်ပသောရွှေရောင်အလင်းတန်းများ၏ဖုံးလွှမ်းသွားခြင်းကို ခံလိုက်ရလေ၏။
နတ်ဆိုးကျင့်ကြံသူက စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ရှန်းနွန်၏မြင့်မြတ်သောစွမ်းအားများ လွှမ်းခြုံသွားသည်။သူ၏ခန္ဓာကိုယ်သည် သစ်သားတုံးတစ်တုံး မီးလောင်ကျွမ်းသွားသည့်အလား ပြာများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
နတ်ဆိုးကျင့်ကြံသူစစ်စခန်းမှ အဆိပ်ကိုအသုံးပြုခဲ့သော ပညာရှင်များသည် ဆောင်းခိုနေသောရှိခိုးကောင်များအလား တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ရှန်းနွန်ပုံရိပ်ယောင်ကြီး၏ရှေ့တွင် သူတို့သည် သရဲတစ္ဆေငယ်များနှင့် တူညီနေသည်။သူတို့သည် မြင့်မြတ်သောနတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်သည့်အလား သူတို့ထံတွင် မည်သည့်ဆိုးညစ်သောအတွေးမျိုးမျှ မရှိတော့ချေ။
ရှန်းနွန်ပုံရိပ်ယောင်ကြီးသည် အမွှေးတိုင်တစ်တိုင်လောင်ကျွမ်းချိန်စာအထိ လေထုအတွင်း၌ ဆက်လက်၍တည်ရှိနေသည်။
ထိုအမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်စာအတွင်းတွင် ဆေးရနံ့များသည် လင်ကျိုးစီရင်စုတစ်စုလုံးအတွင်း၌ ပျံ့နှံ့နေလေ၏။
ယင်အဆိပ်မိထားကြသော်လည်း ယခုချိန်ထိတိုင် ယင်အလောင်းကောင်အဖြစ်သို့ မပြောင်းလဲသေးသော လူတချို့၏ခန္ဓာကိုယ်များမှဒဏ်ရာများ တဖြည်းဖြည်းသက်သာပျောက်ကင်းသွားသည်။သူတို့၏ခန္ဓာကိုယ်များမှ ယင်အဆိပ်များသည်လည်း အလျှင်အမြန် ပျက်ပြယ်သွားပေ၏။
ယခင်က ယင်အလောင်းကောင်အဖြစ်သို့ပြောင်းလဲသွားကာ သူတို့၏ခန္ဓာကိုယ်နှင့်စိတ်ဝိညာဥ်နှစ်ခုစလုံးကို ယင်အဆိပ်များ၏ဝါးမြိုခြင်းခံလိုက်ရသူများမှာမူ အသက်ပြန်ရှင်လာစေရန် လွန်စွာခက်ခဲပေမည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ထိုယင်အလောင်းကောင်များ၏ တုန်လှုပ်ချောက်ချားဖွယ်ပုံပန်းသွင်ပြင်များသည်လည်း ကြီးမားသောအပြောင်းအလဲနှင့် ကြုံတွေ့လိုက်ရသည်။အကယ်၍ သူတို့သည် မြေပြင်ပေါ်၌ လဲကျနေလျှင်ပင် လူသားဝိသေသလက္ခဏာရပ်များနှင့်သာဖြစ်ပြီး ယင်အလောင်းကောင်များ၏ မနှစ်မြို့ဖွယ်ကောင်းပြီး ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်မျိုး မရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုအတွင်းရှိလူများအားလုံး မိုးကောင်းကင်ယံအတွင်းရှိ ဧရာမပုံရိပ်ယောင်ကြီးကိုကြည့်ကာ အတွေးများအတွင်း နစ်မြောသွားတော့သည်။
ရှန်းနွန်ပုံရိပ်ယောင်ကြီးသည် နတ်ဘုရားတစ်ပါးအလား အထက်ရှိလေဟာနယ်အတွင်း၌ မားမားမတ်မတ် တည်ရှိနေသည်။
အချိန်တခဏကြာပြီးနောက် ရှန်းနွန်ပုံရိပ်ယောင်ကြီး တဖြည်းဖြည်း ပျက်ပြယ်သွားလေ၏။ဤအချိန်အခိုက်အတန့်တွင် လူတိုင်းသည် ရှန်းနွန်ပုံရိပ်ယောင်ကြီး၏အစစ်အမှန်ပုံသဏ္ဍာန်ကို မြင်တွေ့လိုက်ရသည်။
ဤသည်က ဆေးလုံးတစ်လုံးပင်။
Chapter 3162
လေထုအတွင်း၌ မျောလွင့်နေသော ရွှေရောင်ဆေးလုံးသည် နောက်ဆုံးလက်ကျန်စွမ်းအားကို ထုတ်လွှတ်ပြီးနောက် အစွမ်းအစမဲ့စွာဖြင့် ပြုတ်ကျလာတော့သည်။
သို့ရာတွင် ထိုသို့ဆိုသည့်တိုင် ရွှေရောင်ဆေးလုံးတွင် မြင့်မြတ်သောအရှိန်အဝါမျိုးရှိနေဆဲပင်။ဤသည်က ကောင်းကင်ဘုံမှကျရောက်လာသော မသေမျိုးအဆင့်ပစ္စည်းတစ်ခုနှင့်တူညီသည်။ထိုအရာ၏စွမ်းအားကိုတိုင်းတာရန် လွန်စွာနက်နဲသိမ်မွေ့ပြီး ခက်ခဲပေမည်။
ချင်ယုနှင့်လျှိုမင်တို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။သူတို့သည် တစ်ယောက်၏မျက်လုံးအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုများကို တခြားတစ်ယောက်က တွေ့မြင်မိသည်။
ထိုဆေးလုံးသည် လင်ကျိုးစီရင်စုအတွင်းမှ ပျံသန်းထွက်လာခြင်းဖြစ်သည်။ဤအရာကို လုယွီသန့်စင်ထားခြင်း ဖြစ်ပေမည်။
သူတို့သည် လောကီအင်မော်တယ်များဖြစ်သည့်တိုင် အဆိပ်မြူခိုးများနှင့်ရင်ဆိုင်တွေ့ရချိန်တွင် ကူကယ်ရာမဲ့သကဲ့သို့ ခံစားနေရဆဲပင်။မြေကမ္ဘာအင်မော်တယ်များပင်လျှင် ဤအဆိပ်မြူခိုးများနှင့် ရင်ဆိုင်ရပါက အင်အားများစွာစိုက်ထုတ်ရမည်ဟု ချင်ယုက ခံစားမိသည်။
သို့ရာတွင် နောက်ဆုံးရလဒ်သည် ဤကဲ့သို့ထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။
လုယွီသည် ဆေးလုံးတစ်လုံးကို အမှန်တကယ်ကိုပင် သန့်စင်နိုင်ခဲ့လေ၏။ကံကောင်းထောက်မစွာဖြင့် ထိုဆေးလုံး၏အကျိုးသက်ရောက်မှုသည် လူတိုင်းစိတ်ကူးယဥ်တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
ကောင်းကင်ယံအတွင်းရှိ ပုံရိပ်ယောင်သည် မည်သူဖြစ်သနည်း။မည်သည်ကြောင့် ကြီးမားသောစွမ်းအားမျိုးရှိနေသနည်း။
ထို့ပြင် အဝေးရှိနတ်ဆိုးကျင့်ကြံသူများ၏ ကျိန်ဆဲသံကို ကြားလိုက်ရပြီးနောက် ရွှေရောင်အလင်းတန်းများ၏ လွှမ်းခြုံသွားမှုအောက်တွင် နတ်ဆိုးကျင့်ကြံသူတချို့ အပြင်းအထန်ဒဏ်ရာရရှိသွားကာ သေဆုံး၍ပင်သွားနိုင်သည်။
ရှန်းနွန်သည် အချိန်အတော်ကြာနာမည်ကျော်ကြားခဲ့သော ရှေးဟောင်းဆေးပညာသူတော်စင်တစ်ယောက်ပင်။သို့ရာတွင် လူအများစုသည် ရှန်းနွန်၏ပုံရိပ်ကို မြင်တွေ့ဖူးခြင်းမရှိချေ။
သို့ရာတွင် အစောပိုင်းက ထုတ်လွှတ်ခဲ့သော စွမ်းအားအရ အကဲဖြတ်ကြည့်ပါက ထိုပုံရိပ်ယောင်၏မူရင်းဇစ်မြစ်သည် သေးနုတ်သိမ်ဖျင်းမည်မဟုတ်ကြောင်း ခန့်မှန်းနိုင်သည်။
ဓားသခင်ချင်းမူနှင့် တခြားဂိုဏ်းများမှလူများကမူ သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ပြီး ကြက်သေသေနေကြ၏။
"ကံကောင်းထောက်မပြီးတော့...ငါ သူနဲ့အတူ အဆုံးထိရပ်တည်ဖို့ ရွေးချယ်ခဲ့မိတယ်"
ဓားသခင်ချင်းမူက တီးတိုးရေရွတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
အကယ်၍ သူသည် လုယွီနှင့်ပူးပေါင်းရန် ရွေးချယ်ခြင်းမပြုခဲ့ပါက တာအိုသခင်ထုံထျန်းကဲ့သို့ သေဆုံးရပေမည်။
လင်ကျိုးစီရင်စု၏အတွင်းရေးကိစ္စများကို သိရှိထားသောသူတိုင်း လုယွီကို ပို၍ကြည်ညိုလေးစားနေကြသည်။
နတ်ဆိုးကျင့်ကြံသူများသည် ယင်အလောင်းကောင်များကို ခေါ်ဆောင်လာချိန်တွင် မှတ်တမ်းစာရေးသည် တခြားအရာရှိတစ်စုနှင့်အတူ လျှို့ဝှက်ခန်းတစ်ခန်းအတွင်း၌ ပုန်းအောင်းနေလေ၏။
ဤသည်က သူတို့သည် တိုက်ပွဲအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခြင်းမဟုတ်ဘဲ လုယွီသည် သူတို့အား ထိုသို့ပြုလုပ်ရန် အတင်းအကြပ်အမိန့်ပေးထားသောကြောင့်ဖြစ်သည်။
ထိုလူများသည် အုပ်ချုပ်ရေးကိစ္စများကို စီမံဖြေရှင်းနေသော လုယွီ၏လက်ထောက်များဖြစ်သဖြင့် သူသည် သူတို့အား သေဆုံးသွားရန်ခွင့်မပြုနိုင်ချေ။
ကောင်းကင်ယံတခွင်လုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
"ဒီဆေးလုံးက နတ်ဘုရားကျင့်ကြံနည်းစနစ်တစ်ခုနဲ့ တူညီတဲ့အာနိသင်မျိုးရှိပေမယ့် အကျိုးသက်ရောက်မှုက ပိုပြီးအားကောင်းတယ်...ဒါက ရှေးဟောင်းရှန်းနွန်မျိုးနွယ်ကိုတောင် ဆင့်ခေါ်နိုင်တယ်...ရှန်းနွန်မွေးဖွားလာချိန်မှာ အဆိပ်တွေအားလုံး ပျက်ပြယ်သွားတယ်...သူ့ရဲ့အတွေးက အရမ်းကောင်းတယ်...ဒါပေမယ့်...."
"အဲ့ဒီဆေးလုံးကို ငါ မသိဘူးဆိုတာတော့ ငါ ဝန်ခံတယ်"
မဟာကွန်ဖြူးရှပ်ပညာရှင်အိုကြီးတစ်ယောက်က မျက်မှောင်ကြုတ်ကာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
မဟာကွန်ဖြူးရှပ်ပညာရှင်သည် အမြဲတစေ ကျမ်းစာများကို ဖတ်ရှုလေ့လာနေသူများဖြစ်သဖြင့် ဤနေရာတွင် အသိပညာဗဟုသုတအကြွယ်ဝဆုံးသူများဟု ဆိုနိုင်သည်။သူတို့ပင်လျှင် လုယွီ သန့်စင်ခဲ့သောဆေးလုံး၏မူလဇစ်မြစ်ကို ပြောဆိုနိုင်ခြင်းမရှိချေ။
တခြားမဟာကွန်ဖြူးရှပ်ပညာရှင်များကလည်း ခေါင်းခါလိုက်ကြသည်။သူတို့သည် ထိုဆေးလုံး၏မူလဇစ်မြစ်ကို မည်သို့မျှထွင်းဖောက်မြင်နိုင်ခြင်းမရှိပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့က ဤဆေးလုံးသည် လုယွီ နောက်ဆုံးအချိန်အခိုက်အတန့်တွင် ဖန်တီးခဲ့သောအရာဖြစ်မည်ဟု တွေးတောမိမည်မဟုတ်ချေ။
ဤကိစ္စသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။သူတို့သည် ကျန်းစာအမြောက်အများကို ဖတ်ရှုခဲ့သည့်တိုင် ဤကဲ့သို့ကိစ္စမျိုးကို ကြုံတွေ့ဖူးမည်မဟုတ်ချေ။
"အရှင်တို့ သိနိုင်မယ်တော့မထင်ဘူး...အဲ့ဒီဆရာသခင်လုက မီဖေးကို ကုသပေးခဲ့တဲ့လူပဲ...အရှင်မမီက သတိလစ်မေ့မျောနေရာကနေ သူ့ကြောင့် ပြန်နိုးထနိုင်ခဲ့တယ်...အဲ့ဒီကနေ အရှင်မမီ ပြန်ကောင်းလာခဲ့တာပဲ...လုယွီရဲ့ဆေးပညာအရည်အချင်းကြောင့် ဆေးပညာအစည်းအရုံးက ဆေးပညာရှင်တချို့တောင် သူတို့ရဲ့အရည်အချင်းမပြည့်ဝမှုကြောင့် အရှက်ရသွားသလိုမျိုး ခံစားခဲ့ရတယ်"
ရုတ်တရက် နံဘေးတစ်ဖက်တွင်ထိုင်နေသော တော်ဝင်သမားတော်တစ်ယောက်က ပြောဆိုသည်။
ထိုတော်ဝင်သမားတော်၏အရာရှိအဆင့်သည် မြင့်မားခြင်းမရှိချေ။ထို့ကြောင့် သူသည် စစ်ဆေးရေးမှူးတစ်ယောက်ဖြစ်ရန်အတွက် အရည်အချင်းမပြည့်မီပေ။ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ သူ ဝင်ရောက်ခွင့်ရသော အကြောင်းအရင်းသည် ဖြေဆိုသူကျောင်းတော်သားများ မတော်တဆတစ်ခုခုဖြစ်ပွားခြင်းမှ ကာကွယ်တားဆီးနိုင်ရန်ပင်။ဤသည်ကြောင့် သူ့အား ဤနေရာတွင်နေရန် အထူးသီးသန့်နေရာချထားခြင်းဖြစ်သည်။
Chapter 3163
"အရှင်မမီ နေပြန်ကောင်းသွားပြီလို့ ငါ ကြားထားတယ်...ဒါပေမယ့် အရှင်မမီကိုကုသပေးတာက သူဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"
သူတို့အနက်မှတချို့သည် လုယွီ၏အကြောင်းကိုကြားသိပြီးနောက် ပို၍အံ့အားသင့်သွားကြသည်။
တော်ဝင်နန်းတွင်း၌ ထိုအရာရှိကြီးများ၏သက်ဆိုင်ရာသူလျှိုများရှိနေသည်။ထို့ကြောင့် သူတို့သည် တော်ဝင်နန်းတွင်း၌ ဖြစ်ပျက်ခဲ့သော ကိစ္စတချို့ကို သိရှိထားကြလေ၏။
ထိုအချိန်တုန်းက မီဖေးသည် အပြင်းအထန်နာမကျန်းဖြစ်နေကာ တော်ဝင်ဆေးကုသဆောင်မှတော်ဝင်သမားတော်များသည် သူမကို ကုသပေးနိုင်စွမ်းမရှိချေ။ဆေးပညာအစည်းအရုံးမှ ဆေးပညာရှင်တချို့ပင်လျှင် ထိုကိစ္စနှင့်ပတ်သ
က်၍ မည်သို့မျှ ပြုလုပ်နိုင်စွမ်းမရှိပေ။
သို့ရာတွင် အချိန်တိုအတွင်းမှာပင် မီဖေးသည် အံ့အားသင့်ဖွယ်ကောင်းအောင် ပြန်လည်ကောင်းမွန်လာခဲ့သည်။
အခြေအနေကိုသတိမပြုမိသော လူတချို့က မီဖေးသည် သူမ၏နတ်ဘုရားစွမ်းအားကိုမှီခို၍ ပြန်လည်ကောင်းမွန်လာခြင်းဖြစ်မည်ဟု တွေးထင်ခဲ့ကြ၏။သို့ရာတွင် ဤသည်က လုယွီ၏ကုသပေးမှုကြောင့်ဖြစ်သည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
ဤသည်က လုယွီသည် ဆေးဖော်စပ်ခြင်းကို ကောင်းစွာသိရှိနေသည်ဟု ညွှန်ပြနေခြင်းပင်။
"ဒီလိုကိစ္စမျိုးကို သူ အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တယ်...နောင်အနာဂတ်မှာ သူ ဘယ်လိုမျိုးအခက်အခဲတွေနဲ့ ရင်ဆိုင်ရအုံးမှာလဲဆိုတာ ငါ သိချင်မိတယ်"
အသိအမှတ်ပြုသောအရိပ်အယောင်တချို့က ကျန်းရွှမ်စဲ၏မျက်နှာပေါ်၌ ဖြတ်ပြေးသွားသည်။
အမှန်အားဖြင့် အကယ်၍ လုယွီ ကျရှုံးသွားလျှင်ပင် သူ့အား အလွန်ထူးချွန်သောပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်သည်။
သို့ရာတွင် လုယွီသည် ကျရှုံးလုဆဲဆဲ အခြေအနေမျိုးသို့ ရောက်ရှိချိန်တိုင်း တခြားသူများ မျှော်မှန်းမထားသော အံ့အားသင့်တုန်လှုပ်မှုမျိုးကို ပေးစွမ်းနိုင်လေ၏။ဤသည်က မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ဆောင်နိုင်မည်မဟုတ်သောအရာပင်။
နောက်ဆုံး၌ တိုက်ပွဲကြီး အဆုံးသတ်သွားလေပြီ။
လက်ရှိနေရာတွင်ရှိနေသောစစ်သားများသည် စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။
စစ်သားတချို့သည် မြေပြင်ပေါ်သို့ လဲကျသွားကာ မလှုပ်ရှားနိုင်တော့ချေ။
သေခြင်းမှရှင်သန်ခြင်းသို့ ရောက်ရှိလာကာ ဘဝအနိမ့်အမြင့်များကို တွေ့ကြုံရပြီးနောက် လူအများစု၏စိတ်ပိုင်းဆိုင်ရာများ ပြိုလဲလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။
သို့ရာတွင် လုယွီသည် အနားယူချိန်မရသေးချေ။
သူသည် လူများစေလွှတ်၍ မြို့အတွင်းမှ ယင်အလောင်းကောင်များ၏အလောင်းများကို စစ်ရေးလေ့ကျင့်ရေးကွင်းပြင်အတွင်း၌ စုစည်းစေကာ မီးရှို့၍ အပြီးသတ်ဖယ်ရှားရှင်းလင်းလိုက်သည်။
ယင်အလောင်းကောင်များ၏ခံနိုင်ရည်စွမ်းသည် အလွန်မြင့်မားပေ၏။သူတို့ကို မီးရှို့ဖျက်ဆီးမှသာ အမြှစ်ပြတ်သုတ်သင်နိုင်ပေမည်။
ယင်အလောင်းကောင်များကို မီးရှို့နေစဥ်တွင် လူအမြောက်အများ လာရောက်၍စောင့်ကြည့်နေကြသည်။
မှတ်တမ်းများအတွင်းရှိ စာရင်းများအရ အနည်းဆုံးလူတစ်သိန်းကျော်ခန့် ယင်အလောင်းကောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုယင်အလောင်းကောင်များတွင် စစ်သားများ ကျင့်ကြံသူများနှင့် သေမျိုးများစသဖြင့် လူတန်းစားမျိုးစုံပါဝင်သည်။
လင်ကျိုးစီရင်စုအတွင်း၌ သူတို့၏မိသားစုများနှင့် မိတ်ဆွေအပေါင်းအသင်းများရှိကြသည်။
သို့ရာတွင် မြို့ပြင်၌နတ်ဆိုးကျင့်ကြံသူများ ရောက်ရှိလာမှုနှင့်အတူ သူတို့သည် ယင်အဆိပ်သင့်ခဲ့ကာ လူသားလည်းမဟုတ် သရဲတစ္ဆေလည်းမဟုတ်သော ဘဝသို့ ပြောင်းလဲသွားခဲ့သည်။သူတို့၏စိတ်ဝိညာဥ်များသည် ပြန်လည်ဝင်စားခြင်းသံသရာစက်ဝန်းသို့ ဝင်ရောက်နိုင်မည်မဟုတ်ဘဲ ဤနေရာနှင့်အဝေးတွင် လောင်ကျွမ်းသွားလေပြီ။
ဒေါသတရားက လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေပေ၏။
လုယွီသည် မီးတောက်များ၏ရှေ့၌ မတ်တတ်ရပ်နေကာ အချိန်အတော်ကြာသည်အထိ စကားပြောဆိုခြင်းမရှိချေ။
အမှန်အားဖြင့် သူ့ရှေ့ရှိလူများသည် ပုံရိပ်ယောင်သက်သက်ဖြစ်ကြောင်း သူ တစ်ယောက်တည်းသာ သိရှိထားသည်။
ဤသည်က အိမ်မက်တစ်ခုသက်သက်ဖြစ်သော်လည်း လူများသေဆုံးသွားချိန်တွင် တခြားလူများ၏ခန္ဓာကိုယ်များမှ ထွက်ပေါ်လာသော စိတ်ခံစားချက်များသည် အမှန်တကယ်ကိုပင် တုန်လှုပ်ချောက်ချားဖွယ်ကောင်းပေ၏။
မှတ်တမ်းစာရေးက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုသည်။
"အရှင်...ဒီတစ်ကြိမ်မှာတော့ မြို့ထဲကလူတွေအားလုံး စိတ်ဓာတ်အရမ်းကျနေကြပြီ....ကျွန်တော်တို့ ကြာကြာတောင့်ခံဖို့ခက်ခဲမှာကို ကျွန်တော် စိုးရိမ်မိတယ်"
လုယွီသည် တော်ဝင်နန်းတွင်းသို့ အကူအညီတောင်းခံထားသည်ကို သူ အမှတ်ရနေဆဲပင်။
သို့ရာတွင် ယခုလက်ရှိချိန်၌ စစ်ကူများ ရောက်မလာရုံသာမက တုံ့ပြန်မှုပင်မရရှိချေ။သူသည် လုယွီနံဘေး၌ တစ်ချိန်လုံးရှိနေခဲ့သည့်တိုင် ထိတ်လန့်ကြောက်ရွံမှုကို ခံစားနေရဆဲပင်။
လုယွီ စကားတုံ့ပြန်မပြောဆိုသည်ကိုကြည့်ပြီး မှတ်တမ်းစာရေးက အံ့တင်းတင်းကြိတ်ကာ ရှေ့သို့တိုး၍ ထပ်မံပြောဆိုလိုက်သည်။
"ကျွန်တော်တို့ ဒီလောက်ထိကြာအောင် အချိန်ဆွဲထားနိုင်ခဲ့တာကြောင့် နတ်ဆိုးကျင့်ကြံသူတွေဘက်မှာလည်း အခက်တွေ့နေပုံပဲ....ဒီတစ်ကြိမ်မှာ သူတို့က ဖြစ်လာမယ့်အကျိုးဆက်တွေကို ဂရုမစိုက်ဘဲနဲ့ မြို့ကို အဆိပ်နဲ့တိုက်ခိုက်ခဲ့တယ်...သူတို့က လင်ကျိုးစီရင်စုကို ဖျက်ဆီးနိုင်ဖို့ ဘယ်လိုနည်းလမ်းမျိုးကိုမဆို အသုံးပြုတော့မယ်ဆိုတာ သိသာနေပြီ...အရှင် ကျွန်တော်တို့ ဒါကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ နည်းလမ်းတစ်ခုကို အမြန်ဆုံးရှာမှာဖြစ်မယ်...ကျွန်တော်တို့ အသေခံဖို့ကို ဒီအတိုင်းထိုင်စောင့်နေလို့မဖြစ်ဘူး"
လုယွီသည် နောက်ထပ် မည်သည့်အရာအား ပြုလုပ်မည်ကို သူ သိရှိလိုသည်။
လုယွီသည် သူ့အား တိုက်ရိုက်တုံ့ပြန်အဖြေပေးခြင်းမရှိချေ။ထိုအစား သူ့ရှေ့ရှိလူတစ်စုကို လက်ညှိုးညွှန်၍ ပြောဆိုလေ၏။
"မင်း သူတို့ရဲ့မျက်လုံးတွေထဲမှာ တစ်ခုခုရှိနေတာကို မြင်လား"
"ဘာကိုလဲ"
"ငါ ဒေါသတွေကို မြင်နေရတယ်"
Chapter 3164
လူတိုင်း ဒေါသထွက်နေကြ၏။
မြို့သူမြို့သားဖြစ်စေ ဂိုဏ်းများမှလူများ သို့မဟုတ် အစောင့်စစ်သားများဖြစ်စေ ဒေါသထွက်နေကြသည်။
စစ်ပွဲစတင်လာသောကြောင့် သူတို့၏မိဘဆွေမျိုးများ သို့မဟုတ် မိတ်ဆွေအပေါင်းအသင်းများအနက်မှလူတချို့သည် နတ်ဆိုးကျင့်ကြံသူများ၏လက်ချက်ဖြင့် သေဆုံးသွားကြရသည်။
လူတိုင်း၏စိတ်နှလုံးသားအတွင်း၌ ဒေါသမီးလျှံများ တဟုန်းဟုန်းလောင်မြိုက်နေပေ၏။
လုယွီသည် ဤနေ့ရက်မှဒေါသများကိုအသုံးပြုကာ နောက်ထပ်ချိုးဖျက်မှုကို ပြုလုပ်လိုသည်။
ရက်အနည်းငယ်ကြာပြီးနောက် လင်ကျိုးစီရင်စုသည် တည်ငြိမ်သောအခြေအနေကို ပြန်လည်ရရှိသွားလေပြီ။
အမှန်အားဖြင့် နောက်ဆုံးတစ်ကြိမ်တွင် ရှန်းနွန်ပုံရိပ်ယောင်ကြီး၏လက်ချက်ဖြင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်သာ သေဆုံးခဲ့ရသည်။သို့ရာတွင် နတ်ဆိုးကျင့်ကြံသူစစ်စခန်းရှိ လူများအားလုံး လိပ်ပြာလွင့်လုမတတ် ထိတ်လန့်ကြောက်ရွံနေကြသည်။နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် နတ်ဆိုးကျင့်ကြံသူစစ်စခန်းသည် အေးဆေးတည်ငြိမ်နေကာ မြို့ကိုဆက်လက်၍တိုက်ခိုက်ခြင်းမပြုချေ။
သို့ရာတွင် ဤသည်က မုန်တိုင်းမလာမီ လေငြိမ်နေခြင်းမျိုးဖြစ်ကြောင်း လူတိုင်း သိရှိထားပေ၏။
နတ်ဆိုးကျင့်ကြံသူများသည် လင်ကျိုးစီရင်စုအတွင်းရှိအခြေအနေကို စုံစမ်းထောက်လှမ်းပြီးချိန်တွင် သူတို့သည် ထပ်မံ၍ တိုက်ခိုက်ကြပေမည်။
လုယွီသည် မြို့ကိုခုခံကာကွယ်ရန်အတွက် အစီအစဥ်အသစ်များကို ပြုလုပ်ခဲ့သည်။
မူလက မြို့ကိုခုခံကာကွယ်ခဲ့သောစစ်သားများ၏ အင်အားတစ်ဝက်ကျော်ကို ပြန်ရုတ်သိမ်းလိုက်သည်။ကြွင်းကျန်သောနေရာများတွင် ကျင့်ကြံသူများနှင့်သစ်သားစိမ်းဓားဂိုဏ်းတို့မှ အဓိကအင်အားစုများအဖြစ် တာဝန်ယူထားရသည်။
ချင်ယု၏နေရာတွင်လည်း ဓားသခင်ချင်းမူကို အစားထိုးလိုက်သည်။
"အရှင်....ပြင်ပဂိုဏ်းတွေက မြို့ကိုကာကွယ်တာ မကြုံစဖူးကိစ္စကြီးပဲ"
မှတ်တမ်းစာရေးက စိုးရိမ်ပူပန်စွာ ပြောဆိုသည်။
လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။
"နတ်ဆိုးကျင့်ကြံသူတွေ မြို့ကို လတွေအကြာကြီး ဝိုင်းရံထားတာကလည်း အရင်က တစ်ခါမှမဖြစ်ခဲ့ဘူးတဲ့ ကိစ္စတစ်ခုပဲ"
လုယွီသည် ယခင်မြို့ရိုးပေါ်ရှိအစောင့်စစ်သားများအနက်မှ တချို့ကို သူ ကိုယ်တိုင်ကိုယ်ကျ ရွေးထုတ်ခဲ့ကာ ထိုလူများအတွက် တိုက်ပွဲဝင်ဝင်္ကပါကိုလည်း သူကိုယ်တိုင်ဖွဲ့စည်းပေးခဲ့သည်။
ထိုလူများကို အဖွဲ့ငယ်များအဖြစ် ခွဲခြားထားသည်။ထိုအဖွဲ့ငယ်တစ်ခုစီတွင် သူတို့၏ကိုယ်ပိုင်တိုက်ပွဲဝင်ဝင်္ကပါရှိကာ သူတို့အချင်းချင်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ရသည်။
ချင်ယုသည် တစ်စုံတစ်ခုကို တွေးတောမိသော်လည်း သူ ထုတ်မပြောဝံ့ချေ။အကြောင်းအရင်းမှာ ထိုအတွေးသည် အလွန်အခြေအမြစ်မရှိသဖြင့် သူကိုယ်တိုင်ပင် မယုံကြည်နိုင်သောကြောင့်ဖြစ်သည်။
လုယွီသည် သွားရောက်၍တိုက်ခိုက်ရန် ကြံရွယ်နေသလော....
အမှန်ပင်...
နှစ်ဖက်ကြားတွင် အင်အားကွာဟမှု အလွန်ကြီးမားခြင်းနှင့် ရင်ဆိုင်နေရစဥ်တွင် လုယွီသည် တိုက်ခိုက်ရန်အတွက် အမှန်တကယ်ကို စီစဥ်နေခဲ့လေ၏။
ချင်ယုသည် ထိုတိုက်ပွဲဝင်ဝင်္ကပါများ၏လက္ခဏာရပ်များကို ရှာဖွေတွေ့ရှိခဲ့သည်။ထိုတိုက်ပွဲဝင်ဝင်္ကပါများသည် အလွန်အမင်းအစွမ်းထက်သော တိုက်ခိုက်မှုစွမ်းအားရှိသော်လည်း ခုခံကာကွယ်မှုတချို့ လစ်ဟာနေသည်။
အကယ်၍ သူတို့သာ နတ်ဆိုးကျင့်ကြံသူများထံသို့ သွားရောက်၍တိုက်ခိုက်ပါက သူတို့ကိုယ်သူတို့ သေလမ်းရှာဖွေခြင်းသာဖြစ်ပေမည်။
"သူက သူ့ရဲ့အသက်ကိုစွန့်စားပြီးတော့ တုံ့ပြန်တိုက်ခိုက်ဖို့ စီစဥ်နေတာပဲ"
လက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးများအနက်မှ စစ်တပ်အရာရှိကြီးတချို့၏မျက်လုံးများ တောက်ပသွားသည်။
လုယွီသည် မြို့ကိုခုခံကာကွယ်ရာ၌ အလွန်ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့သည်။သူသည် အံ့အားသင့်ဖွယ်ကောင်းသောအလုပ်ကို လုပ်ဆောင်နိုင်ခဲ့သည်ဟုပင် ဆိုနိုင်ပေ၏။သူ၏လုပ်ဆောင်ချက်များအပေါ် အပြစ်တင်စရာ တစ်ခုမျှမရှိချေ။
ထို့နောက် မည်သည်ကြောင့် သူသည် တိုက်ခိုက်ရန်နည်းလမ်းကို ရွေးချယ်ခဲ့သနည်း....
စစ်တပ်အရာရှိကြီးများများသည် လုယွီ၏လုပ်ဆောင်ချက်များကို ကြည့်ရှုရန်အတွက် ရှေ့သို့တိုးလိုက်ကြ၏။
ရက်အနည်းငယ်ကြာသည်အထိ လုယွီသည် သူ၏တိုက်ပွဲအစီအမံကို ထုတ်ဖော်ကြေငြာခြင်းမပြုချေ။ထိုအစား သူသည် ချင်ယုကိုခေါ်ဆောင်ကာ ကိစ္စတချို့ကို လျို့ဝှက်၍ အမိန့်ပေးလေသည်။
ညအချိန်....ညဥ့်နက်ပိုင်းအရောက်၌....
ညအမှောင်၏လွှမ်းခြုံမှုအောက်တွင် ရာနှင့်ချီသောလူရိပ်များသည် မြို့ရိုးမှနေ၍ တိတ်တဆိတ် ထွက်ခွာသွားကြသည်။
ယနေ့ညတွင် လုယွီသည် လက်ရွေးစင်စစ်သားများအနက်မှ အဖွဲ့ငယ်တစ်ခုကိုရွေးထုတ်၍ နတ်ဆိုးကျင့်ကြံသူများ၏ စစ်စခန်းကို တိုက်ခိုက်စေသည်။
လင်ကျိုးစီရင်စုဘက်မှနေ၍ အရင်စတင်ကာ တိုက်ခိုက်မည်ဟု နတ်ဆိုးကျင့်ကြံသူများသည် မျှော်လင့်ထားမိပုံမရချေ။ထို့ကြောင့် သူတို့ မပြင်ဆင်ရသေးသော အချိန်အခိုက်အတန့်တွင် ပုန်ကန်သူစစ်စခန်းဘက်မှ ရာနှင့်ချီသောတဲများ မီးရှို့ဖျက်ဆီးခံရကာ နတ်ဆိုးကျင့်ကြံသူအမြောက်အများ နေရာမှာပင် သတ်ဖြတ်ခြင်းခံလိုက်ရသည်။
ထို့ပြင် လက်ရွေးစင်စစ်သားများအနက်မှနေ၍ တိုက်ခိုက်ရန်အတွက် အုပ်စုတစ်စုကိုသာ စေလွှတ်လိုက်ပုံမရချေ။ထိုအစား သူတို့သည် အဖွဲ့ငယ်လေးများအဖြစ် ခွဲခြားသွားကာ မတူညီသောနေရာများသို့ တပြိုင်နက်တည်း တိုက်ခိုက်ကြလေ၏။
ဤအချိန်အခိုက်အတန့်တွင် နတ်ဆိုးကျင့်ကြံသူများသည် လင်ကျိုးစီရင်စုဘက်မှ အဓိကဦးတည်၍ တိုက်ခိုက်သောနေရာကို မသိရှိကြတော့ချေ။ရုတ်ရုတ်သဲသဲဖြစ်နေစဥ် အချိန်အတောအတွင်းတွင် သူတို့က အဓိကသော့ချက်နေရာများကိုသာ အခိုင်အမာ ကာကွယ်ထားနိုင်တော့သည်။
ဤရုတ်တရက်တိုက်ခိုက်မှုသည် အပြည့်အဝ အောင်ပွဲဆင်နိုင်ခဲ့လေ၏။
လင်ကျိုးစီရင်စုဘက်မှစစ်သားများ၏ကျင့်ကြံဆင့်သည် အစွမ်းထက်ခြင်းမရှိသော်လည်း သူတို့သည် ဒေါသများကြောင့် ပူပြင်းလောင်မြိုက်နေသည်။
သူတို့သည် နတ်ဆိုးကျင့်ကြံသူများကို မြင်တွေ့ချိန်တွင် သူတို့၏မျက်လုံးများအတွင်း၌ နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်သွားတော့သည်။ဤညအတွင်း၌ နတ်ဆိုးကျင့်ကြံသူများသည် ကြီးမားသောဆုံးရှုံးမှုနှင့် ရင်ဆိုင်လိုက်ရ၏။
Chapter 3165
ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရန် လုယွီစေလွှတ်လိုက်သော စစ်သားများအားလုံးနီးပါး အနိုင်ရလဒ်နှင့်အတူ ပြန်လာနိုင်ခဲ့သည်။
မှတ်တမ်းစာရေး၏စာရင်းများအရ သူတို့သည် ဤတစ်ကြိမ်တွင် အနည်းဆုံး သောင်းနှင့်ချီသော ပုန်ကန်သူများကို သတ်ဖြတ်နိုင်ခဲ့ကာ ပြီးပြည့်စုံသောအနိုင်ရလဒ်ဟုဆိုနိုင်သည်။
လုယွီဘက်တွင် အသေအပျောက်ရာဂဏန်းခန့်သာ ပေးဆပ်ခဲ့ရသည်။
ထိုအနိုင်ရလဒ်ကြောင့် လင်ကျိုးစီရင်စုအတွင်းရှိ လူများအားလုံး စိတ်ဓာတ်တက်ကြွလာကြ၏။လူတိုင်းသည် သာမာန်ထက်ပို၍ စိတ်လှုပ်ရှားနေကြသည်။သူတို့ကိုယ်တိုင်ပင်လျှင် ပြင်ပသို့ထွက်၍ နတ်ဆိုးကျင့်ကြံသူများကို တိုက်ခိုက်လိုသည်။
အကယ်၍ ယခင်ကဆိုလျှင် တိုက်ပွဲစတင်ချိန်တွင် သူတို့အနက်မှအများစုသည် နတ်ဆိုးကျင့်ကြံသူများကို ထိတ်လန့်ကြောက်ရွံနေကြသည်။သူတို့သည် နတ်ဆိုးကျင့်ကြံသူများကြောင့် ထိခိုက်ဒဏ်ရာရရှိသွားမည်ကို ကြောက်ရွံကြသဖြင့် ဝေးရာ၌ ပုန်းအောင်းနေကြရ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ လူအများစုသည် ထိုကဲ့သို့တွေးတောခြင်း မရှိတော့ချေ။
နာကျည်းမုန်းတီးမှုများ လွှမ်းခြုံနေသော သူတို့၏စိတ်နှလုံးသားများအတွင်း၌ မူလကဲ့သို့ ဆင်ခြင်တုံတရားမျိုးကို ထပ်မံ၍ထိန်းသိမ်းမထားနိုင်တော့ချေ။ယခုလက်ရှိချိန်၌ လူအများစုသည် နတ်ဆိုးကျင့်ကြံသူများကို အရှင်လတ်လတ်ဝါးမြိုနိုင်ရန်သာ ဆုတောင်းနေကြသည်။
ဤကဲ့သို့ အခြေအနေအောက်တွင် လင်ကျိုးစီရင်စုရုံးတော်၏တံခါးမကြီးရှေ့သို့ နေ့စဥ်နေ့တိုင်း လူအမြောက်အများရောက်ရှိလာကာ တိုက်ပွဲတွင်ဝင်ရောက်တိုက်ခိုက်ခွင့်ပြုရန် တောင်းဆိုလေသည်။
လုယွီသည် ငြင်းဆန်ခြင်းမပြုချေ။သူသည် တိုက်ခိုက်ရန် စာရင်းလာပေးသော လူများအားလုံး၏အမည်များကို မှတ်တမ်းစာရေးအား မှတ်သားစေသည်။သူတို့သည် နောင်အနာဂတ်တွင် အသုံးဝင်လာနိုင်သည်။
"သူ့ရဲ့တိုက်ပွဲကို လှလှပပ အဆုံးသတ်နိုင်ခဲ့တာပဲ...ကံဆိုးချင်တော့ နည်းဗျူဟာပိုင်းမှာ တစ်ကြိမ်အနိုင်ရရုံနဲ့ တိုက်ပွဲတစ်ခုလုံးရဲ့ရလဒ်ကို ပြင်ဆင်နိုင်မှာမဟုတ်ဘူး...သူ ဒီလိုလုပ်တာက ရန်သူကို သတိပေးလိုက်သလိုပဲ...တကယ်လို့ သူကိုယ်တိုင် စစ်သားတွေကို တိတ်တဆိတ်ဦးဆောင်ပြီးတော့ ရန်သူတွေအားလုံးကို ရှောင်တခင်တိုက်ခိုက်မယ်ဆိုရင် ငါ နားလည်ပေးနိုင်အုံးမယ်...ဒါပေမယ့် ခုလိုမျိုး ရှောင်တခင်တိုက်ခိုက်မှုတစ်ခုတည်းနဲ့တော့ ဘာမှအသုံးဝင်မှာမဟုတ်ဘူး"
စစ်ဗိုလ်ချုပ်တစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
ဤနေရာ၌ စစ်ဆေးရေးမှူးဖြစ်လာသူများသည် ရာနှင့်ချီသောတိုက်ပွဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများပင်။လုယွီ ပြုလုပ်ခဲ့သောအရာများသည် လူအများ၏မျက်လုံးများကို တောက်ပစေသော်လည်း သူတို့အား အံ့အားသင့်တုန်လှုပ်စေရန် လွန်စွာအလှမ်းကွာဟသည်။
သူတို့သည် တိုက်ပွဲအခြေအနေတစ်ခုလုံးကိုသာ ခြုံငုံ၍ ကောက်ချက်ချပေမည်။
"သူ ဘယ်လိုဆက်ပြီး ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
ကျန်းရွှမ်စဲက ပြောဆိုလေ၏။
သူသည် လုယွီနှင့်ပတ်သတ်၍ အလွန်အမြင်ကောင်းရှိသည်။သူ့ထံတွင် သိချင်စိတ်ပြင်းပြသောခံစားချက်မျိုးလည်းရှိနေကာ လုယွီ မည်ကဲ့သို့ဆက်၍ရင်ဆိုင်ဖြေရှင်းမည်ကို သိရှိလိုသည်။
နောက်ထပ်ရက်အနည်းငယ်အတွင်းတွင် လုယွီသည် ခြုံခိုတိုက်ခိုက်ရန်အတွက် စစ်သားအုပ်စုငယ်များကို ဆက်လက်၍စေလွှတ်နေဆဲပင်။
သို့ရာတွင် ယခင်အကြိမ်က ရရှိခဲ့သော အတွေ့အကြုံကြောင့် နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏ခုခံကာကွယ်မှုအင်အားကို မြှင့်တင်ထားလေ၏။ညစဥ်ညတိုင်း ပုန်ကန်သူစစ်သားများသည် ကင်းလှည့်၍ ပတ်ဝန်းကျင်ကို အဆက်မပြတ် စုံစမ်းထောက်လှမ်းနေသည်။
စစ်သားများအနက်မှတချို့သည် အောင်မြင်ကြသော်လည်း တချို့သည် လမ်းတစ်ဝက်မှာပင် ပုန်ကန်သူများဘက်မှ ရှာဖွေတွေ့ရှိသွားသည်။သူတို့သည် ဖရိုဖရဲတိုက်ပွဲကိုဆင်နွှဲကာ အလွန်ဆိုးရွားသောအခြေအနေမျိုးနှင့် ထွက်ပြေးခဲ့ရသည်။
တစ်ခါတစ်ရံတွင် နတ်ဆိုးကျင့်ကြံသူများသည် လုယွီ တိုက်ခိုက်မည့်လမ်းကြောင်းကို ခန့်မှန်းကာ ကြိုတင်၍ထောင်ချောက်များပြင်ဆင်ပြီး ခြုံခိုတိုက်ခိုက်ကြလေ၏။လုယွီ၏လူများ ညဥ့်နက်ချိန်တွင် ပြင်ပသို့ထွက်လာပြီးနောက် ခြုံခိုတိုက်ခိုက်ခံရကာ သတ်ဖြတ်ခြင်းခံရသည်။
ခြုံခိုတိုက်ခိုက်ခံရသောစစ်သားများသည် သေသည်အထိ နတ်ဆိုးကျင့်ကြံသူများနှင့် တိုက်ခိုက်ကြကာ အဆုံးသတ်၌ အလွန်နည်းပါးသောလူတချို့သာ ထွက်ပြေးလာနိုင်ခဲ့သည်။
ထိုလူနည်းစုသည်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ သေလုမျောပါးအခြေအနေမျိုးသို့ ရောက်ရှိနေလေပြီ။
မူလက အလွန်စိတ်အားတက်ကြွနေသော လူအုပ်ကြီးသည် ရုတ်တရက် သူတို့ပေါ်သို့ ရေအေးတစ်ပုံးလောင်းချလိုက်သည့်အလား အသိဝင်လာကြ၏။
သူတို့ ရင်ဆိုင်နေရသည်မှာ သူတို့ထက် အင်အားအဆမတန်သာလွန်သော ပုန်ကန်သူစစ်တပ်ပင်။
ယခုလက်ရှိချိန်တွင် အစောင့်စစ်သားအများစုသည် အစစ်အမှန်စစ်သားများမဟုတ်တော့ဘဲ ကျင့်ကြံသူများဖြင့် ပြောင်းလဲဖွဲ့စည်းထားခြင်းဖြစ်သည်။
ထိုကျင့်ကြံသူများအနက်မှအများစုသည် တိုက်ခိုက်ရေးတွင် ကောင်းမွန်ခြင်းမရှိချေ။သူတို့အနက်မှ တချို့ထံတွင် ကိုယ်ပိုင်ကျင့်ကြံဆင့်နယ်ပယ်များရှိသော်လည်း တိုက်ပွဲအတွေ့အကြုံ အနည်းငယ်မျှပင်မရှိချေ။သူတို့အားလုံးသည် မဖြစ်မနေဖွဲ့စည်းထားသော အင်အားစုသက်သက်ပင်။အကယ်၍ သူတို့ကိုသာ တိုက်ပွဲအတွင်းသို့ အမှန်တကယ်စေလွှတ်လိုက်ပါက သူတို့ ထုတ်ဖော်ပြသလာမည့် လုပ်ဆောင်ချက်များသည် တိုက်ပွဲများကို အစစ်အမှန် ရင်ဆိုင်ဖြတ်ကျော်ခဲ့သော အစစ်အမှန်စစ်သားများကဲ့သို့ ကောင်းမွန်မည်မဟုတ်ချေ။
"အရှင်...ဒီလိုမျိုးတွေလုပ်နေတာက ဘာအတွက်လဲ"
ချင်ယုသည် ထပ်မံ၍သည်းမခံနိုင်တော့သဖြင့် လုယွီထံသို့သွားကာ မေးမြန်းလေ၏။
ညအချိန် ရှောင်တခင်တိုက်ခိုက်မှုသည် မမျှော်လင့်ထားသောအခြေအနေ၌ အလစ်အငိုက်ဖမ်း၍ တိုက်ခိုက်မှသာ အောင်မြင်မည်ဖြစ်ကြောင်း မည်သူမဆို ပြောဆိုနိုင်သည်။