← Chapters

အခန်း (၃၁၇၁-၃၁၇၅)

Vol. 162 Ch. 3171-3175

အခန်း (၃၁၇၁-၃၁၇၅)

Vol. 162 Ch. 3171-3175

Chapter 3171

လုယွီ အမှန်တကယ်ကိုပင် ထွက်ခွာသွားခဲ့သလော....

မူလက လုယွီကို သေသည်အထိတိုက်ခိုက်ရန် ဆုံးဖြတ်ထားသော နတ်ဆိုးကျင့်ကြံသူများသည် ဗလာဟင်းလင်းဖြစ်သွားသောမြို့ရိုးကို သူတို့၏နီမြန်းနေသော မျက်လုံးများဖြင့် စူးစိုက်၍ကြည့်နေကြသည်။

သူသည် ဤအတိုင်း ထွက်ခွာသွားခဲ့သလော...

'ဘယ်လိုပဲဖြစ်ဖြစ် မင်းက စီရင်စုသခင်တစ်ယောက်လေ...ငါတို့နဲ့အချိန်အကြာကြီး တိုက်ခိုက်ခဲ့ပြီးမှတော့ မင်းက အနည်းဆုံးတော့ မင်းရဲ့အသက်ကိုစွန့်စားပြီး မြို့ရိုးကိုကာကွယ်မယ့် ဆုံးဖြတ်ချက်မျိုး ရှိသင့်တယ်မဟုတ်လား'

လုယွီ မြို့ကိုခုခံကာကွယ်နေစဥ်တွင် သူတို့အားလုံးသည် သူ့အား အရှင်လတ်လတ် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုကြ၏။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ရုတ်တရက်ကြီး ထွက်ခွာသွားခဲ့သဖြင့် သူတို့အား အနိုင်ကျင့်အရှက်ခွဲခံရသကဲ့သို့ ခံစားလိုက်ရသည်။

တိုက်ပွဲသည် မကြုံစဖူး ပြင်းထန်သည်။

လင်ကျိုးစီရင်စုရှေ့ရှိ ဝင်္ကပါကြီးသည် ဆက်တိုက်ဆိုသလို စုတ်ပြဲနေကာ ဝင်္ကပါကိုထိန်းသိမ်းရန်အတွက် စိတ်ဝိညာဥ်ကျောက်တုံးများလည်း များစွာမကျန်ရှိတော့ချေ။

စိတ်ဝိညာဥ်စီရင်စု၏နံဘေးပတ်လည်ရှိ ဝင်္ကပါကြီးသည် တစတစ ပို၍ပါးလွှာလာသည်။

အက်ကွဲသံများနှင့်အတူ မြောက်မြားစွာသောတိုက်ခိုက်မှုများ၏အောက်၌ ကြီးကျယ်ခမ်းနားသော ဓားဝင်္ကပါကြီးသည် နောက်ဆုံး၌ အပိုင်းအစများအဖြစ်ပြောင်းလဲကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ပုန်ကန်သူများသည် တုန်ရီစွာဖြင့် လင်ကျိုးစီရင်စုမြေပေါ်သို့ ခြေချကာ အနည်းငယ်မျှပင် မရပ်တန့်ဝံ့ချေ။

ဓားဝင်္ကပါကြီးကို ထောက်ပံပေးနေသော စိတ်ဝိညာဥ်ကျောက်တုံးများသည်လည်း လုံးလုံးလျားလျား ကုန်ဆုံးသွားလေပြီ။

ယခုလက်ရှိချိန်တွင် လင်ကျိုးစီရင်စုသည် ခုခံကာကွယ်မှု အနည်းငယ်မျှပင် မရှိတော့ချေ။

"လင်ကျိုးစီရင်စု ပျက်စီးသွားပြီ"

ပုန်ကန်သူများက ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

သူတို့သည် မိုးကောင်းကင်မီးတောက်ကုန်းမြေကို သိမ်းပိုက်နိုင်လေပြီ။

သို့ရာတွင် လင်ကျိုးစီရင်စုသည် မိုးကောင်းကင်မီးတောက်ကုန်းမြေတွင် အခိုင်အမာစိုက်ဝင်နေသော သံတစ်ချောင်းအလားပင်။မည်သို့ပင်ပြုလုပ်နေပါစေ သူတို့သည် လင်ကျိုးစီရင်စုကို ဖျက်ဆီး၍မရချေ။

နတ်ဆိုးကျင့်ကြံသူစစ်စခန်းအတွင်းမှ လူအများစုသည် လင်ကျိုးစီရင်စုကို ဖျက်ဆီးလိုသည်မှာ အချိန်အတော် ကြာမြင့်နေလေပြီ။

ယခုလက်ရှိချိန်တွင် သူတို့၏ဆန္ဒ ပြည့်ဝသွားလေ၏။

သူတို့က စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းရှိုက်လိုက်ကြသည်။သူတို့သည် လင်ကျိုးစီရင်စုကို သိမ်းပိုက်နိုင်သရွေ့ မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံး သူတို့၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားလေပြီ။

ဝုန်း...ဝုန်း...

မြို့တံခါးကို ကြီးမားသောစစ်လက်နက်များဖြင့် ရိုက်ချိုးဖွင့်ခြင်း ခံလိုက်ရသည်။

ဤမြို့တံခါးကို တော်ဝင်စစ်ရေးဌာနမှလက်မှုပညာရှင်များ သွန်းလုပ်ထားခြင်းဖြစ်သော်လည်း ပြင်ပရှိနတ်ဆိုးကျင့်ကြံသူများသည် ကြီးမားသောလက်နက်များကို ပြင်ဆင်ခဲ့လေ၏။

ပြင်းထန်သောရိုက်ခတ်မှုများအောက်တွင် မြို့တံခါးကြီးသည် တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ ပြိုလဲသွားတော့သည်။

လင်ကျိုးစီရင်စုကို သူတို့သိမ်းပိုက်နိုင်ရန် လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေလေပြီ။

နတ်ဆိုးကျင့်ကြံသူတစ်စုက မြို့အတွင်းသို့ တဟုန်ထိုးပြေးဝင်လိုက်ကြသည်။

သို့ရာတွင် ရှေ့ဆုံးမှပြေးဝင်သွားသူများသည် ယင်ကောင်ငယ်များ သက်သက်ပင်။အစစ်အမှန် အစွမ်းထက်သော နတ်ဆိုးကျင့်ကြံသူများသည် မဆင်မခြင် ရှေ့သို့တိုးဝင်လာခြင်းမရှိချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် ဤသည်က လင်ကျိုးစီရင်စုဘက်မှ အကွက်ချကြံစည်မှုဖြစ်မည်ကို စိုးရိမ်နေကြသည်။သူတို့သည် လင်ကျိုးစီရင်စုဘက်မှ တိုက်ခိုက်လာနိုင်သော ဖြစ်နိုင်ချေအားလုံးကို ခုခံကာကွယ်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားသည်။ဤသည်က လင်ကျိုးစီရင်စုဘက်မှ ခင်းကျင်းထားသော ထောင်ချောက်ဖြစ်နိုင်သဖြင့် ပထမဆုံးဝင်ရောက်သွားသူများမှာ အသေခံကျင့်ကြံသူများသာဖြစ်သည်။

ပတ်ဝန်းကျင်နေရာဝာဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်နေကာ မည်သည့်အသံဗလံမျှ ထွက်ပေါ်လာခြင်းမရှိချေ။

"ရှေ့ကို ဇွတ်တိုးမဝင်ကြနဲ့...မင်းတို့ရဲ့နတ်ဘုရားစိတ်အာရုံတွေကိုသုံးပြီးတော့ ပတ်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းကြစမ်း"

နတ်ဆိုးကျင့်ကြံသူများ၏ခေါင်းဆောင်က အော်ဟစ်လိုက်၏။

နတ်ဆိုးကျင့်ကြံသူများအားလုံး သူတို့၏နတ်ဘုရားစိတ်အာရုံများကိုအသုံးပြုကာ ပတ်ဝန်းကျင်ကို စုံစမ်းထောက်လှမ်းလိုက်ကြသည်။

သူတို့အနက်မှတချို့သည် မှော်ရတနာများကိုထုတ်ယူ၍ လေဟာနယ်အတွင်းသို့ပစ်လွှတ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသည်။

သို့ရာတွင် သူတို့သည် မည်ကဲ့သို့နည်းလမ်းမျိုးကို အသုံးပြုနေပါစေ နောက်ဆုံးကောက်ချက်ချမှုအရ သူတို့၏ပတ်ဝန်းကျင်တွင် အပြည့်အဝဗလာဟင်းလင်းဖြစ်နေကာ မည်သူမျှရှိမနေချေ။

လင်ကျိုးစီရင်စုမှ တစ်ယောက်မကျန် ထွက်ခွာသွားခဲ့သလော....

ဝုန်း...

နတ်ဆိုးကျင့်ကြံသူတစ်ယောက်သည် ရှေ့သို့ပြေးတက်ကာ လမ်းဆုံမှတံခါးကို တွန်းဖွင့်လိုက်သည်။တံခါးနှင့်မျက်နှာချင်းဆိုင်ရှိနေသော လမ်းမကြီးတစ်ခုလုံး ရှင်းလင်းနေကာ မည်သည့်လူရိပ်လူယောင်မျှမရှိချေ။

သူတို့ တွေးတောထားသော သူသေကိုယ်သေ ခုခံကာကွယ်မှုများ မရှိပေ။

သူတို့ စဥ်းစားထားသော ထောင်ချောက်များလည်း ရှိမနေချေ။

မြို့အတွင်းသို့ အရင်ဆုံးရောက်ရှိလာသော နတ်ဆိုးကျင့်ကြံသူများသည် မယုံကြည်နိုင်သကဲ့သို့ ခံစားလိုက်ရသည်။

"ထိုက်ကျန်းခန်းမဆောင်ဆီကို အရင်ဆုံးသွားပြီးတော့ နတ်ဘုရားမျက်လုံးဝင်္ကပါကြီးကို ထိန်းချုပ်ကြစမ်း....တခြားသူတွေက လင်ကျိုးစီရင်စုရုံးတော်ဆီကိုသွားဖို့ ငါနဲ့အတူလိုက်ခဲ့"

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က အသံနက်ကြီးဖြင့် ပြောဆိုလေ၏။

မြို့အတွင်း၌ နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများ ယောက်ယပ်ခတ်လှုပ်ရှားနေကြသည်။

သို့ရာတွင် နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည် အလွန်သတိကြီးသူတစ်ယောက်ပင်။သူသည် နတ်ဆိုးကျင့်ကြံသူများ၏တစိတ်တဒေသကိုသာ မြို့အတွင်းသို့ဝင်ခိုင်းပြီး တခြားသူများကို မြို့ပြင်၌စောင့်ဆိုင်းစေသည်။

အကယ်၍ မြို့တွင်း၌ တစ်စုံတစ်ခုဖြစ်ပွားပါက ပြင်ပမှနေ၍ အလျှင်အမြန်ကူညီထောက်ပံပေးနိုင်မည်ဖြစ်ကာ စစ်တပ်တစ်ခုလုံး ထောင်ချောက်အတွင်းသို့ ကျရောက်တော့မည်မဟုတ်ချေ။

Chapter 3172

နတ်ဆိုးကျင့်ကြံသူများ၏တွေးတောမှုသည် အလွန်တိကျမှန်ကန်ပေ၏။သူတို့သည် လင်ကျိုးမြို့အတွင်းသို့ရောက်ရှိသည်နှင့် နှင်းရုပ်များ၏လည်မြိုမှနေ၍ ဓားသွားများထွက်ပေါ်လာကာ လျှပ်တပြက်တိုက်ခိုက်ခြင်းကို ရင်ဆိုင်လိုက်ရသည်။

ထိုက်ကျန်းခန်းမဆောင်သည် လင်ကျိုးစီရင်စုတစ်စုလုံးရှိ ဝင်္ကပါများအားလုံးကို ထိန်းချုပ်သည့် ဗဟိုချက်ပင်။

သူတို့သည် ထိုက်ကျန်းခန်းမဆောင်ကို သိမ်းပိုက်နိုင်သည်နှင့် နတ်ဘုရားမျက်လုံးဝင်္ကပါကြီးနှင့် မြို့အတွင်းရှိဝင်္ကပါများအားလုံးကို ထောက်ပံပေးနေသော စွမ်းအားရင်းမြစ် ပျောက်ကွယ်သွားပေမည်။ထိုအချိန်တွင် လင်ကျိုးစီရင်စု၏ခုခံကာကွယ်နိုင်မှုစွမ်းအား တစ်ဝက်ခန့် လျော့ကျသွားနိုင်သည်။

ဘန်း...

ထိုက်ကျန်းခန်းမဆောင်၏တံခါးမကြီး ရိုက်ချိုးခြင်းခံလိုက်ရသည်။

ပုန်ကန်သူစစ်သားတစ်စုသည် အရင်ဆုံးဝင်ရောက်လာကာ အသက်ရှင်ကျန်ရစ်သူများကို စတင်၍ ရှာဖွေလိုက်ကြ၏။

သို့ရာတွင် သူတို့ခန့်မှန်းထားသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ထိုက်ကျန်းမဆောင်အတွင်း၌ မည်သူမျှရှိမနေချေ။

အခန်းတိုင်း ဗလာဟင်းလင်းဖြစ်နေသည်။

"သူတို့ ဘယ်နေရာကို ထွက်ပြေးသွားတာလဲ"

ပုန်ကန်သူများအားလုံး၏စိတ်အတွင်း၌ ထိုမေးခွန်းရှိနေသည်။

အချိန်အတော်ကြာ နှစ်ဖက်ရင်ဆိုင်တိုက်ခိုက်ခဲ့ပြီးနောက် ပုန်ကန်သူများနှင့်နတ်ဆိုးကျင့်ကြံသူများ၏စိတ်များ မွန်းကြပ်ကာ ထိတ်လန့်ကြောက်ရွံနေပေ၏။လင်ကျိုးစီရင်စုမှအစောင့်တပ်များသည် သေသည်အထိတိုက်ခိုက်ရန် ရည်ရွယ်မထားဘဲ ထွက်ပြေးသွားမည်ဟု သူတို့ ယုံကြည်လက်ခံနိုင်ခြင်းမရှိချေ။

"မင်းတို့တွေ မြို့ထဲကအိမ်တွေကို တစ်အိမ်ပြီးတစ်အိမ် ရှာဖွေကြစမ်း...ဂရုစိုက်ကြအုံး"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များရှိနေကာ သူက ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းလေ့လာနေသည်။

လင်ကျိုးစီရင်စုဘက်မှထောင်ချောက်ဆင်မည်ကို ထိတ်လန့်ကြောက်ရွံသဖြင့် နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများသည် ရှေ့သို့အလွန်နှေးကွေးစွာ ချီတက်ခဲ့ကြကာ နောက်ဆုံးတွင် လင်ကျိုးစီရင်စုရုံးတော်ထံသို့ ရောက်ရှိသွားတော့သည်။

လင်ကျိုးစီရင်စုရုံးတော်၏ဝင်ပေါက်၌...

လုယွီသည် နဝမလွှသွားစစ်သင်္ဘောကြီး၏ကုန်းပတ်ပေါ်၌ မတ်တတ်ရပ်နေကာ သူ၏နောက်၌ လင်ကျိုးစီရင်စုမှ စစ်သားများနှင့်မြို့သူမြို့သားများ သိန်းနှင့်ချီ၍ရှိနေသည်။

လူအားလုံး၏အကြည့်များအောက်တွင် နတ်ဆိုးကျင့်ကြံသူများသည် မြို့တံခါးမှနေ၍ တဖွဲဖွဲဝင်ရောက်လာကာ လင်ကျိုးစီရင်စုရုံးတော်ရှေ့သို့ ရောက်ရှိလာလုဆဲဆဲပင်။

"အရှင်...သူတို့ ဒီနေရာကို မကြာခင်ရောက်လာတော့မယ်"

မှတ်တမ်းစာရေးက ဖျော့တော့တော့အသံဖြင့် လုယွီကို သတိပေးလိုက်၏။

ကုန်းပတ်ပေါ်ရှိ စစ်သားတချို့သည်လည်း သူတို့၏မှော်ရတနာများကို အသက်သွင်းကာ တိုက်ခိုက်ရန်အတွက် အဆင်သင့်ပြင်ဆင်ထားကြသည်။

လူအများစု၏မျက်နှာများပေါ်၌ စိတ်လှုပ်ရှားနေသောအမူအယာမျိုးရှိနေသည်။

အတိတ်တွင် နတ်ဆိုးကျင့်ကြံသူများကို သူတို့ ရင်ဆိုင်တိုက်ခိုက်ခဲ့စဥ်၌ မြင့်မားသောမြို့ရိုးများနှင့်အစွမ်းထက်သောဝင်္ကပါများ၏ အကာအကွယ်အောက်တွင်ဖြစ်သည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ထိုအကာအကွယ်များ ပျောက်ကွယ်သွားပြီဖြစ်ရာ သူတို့သည် နတ်ဆိုးကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရပေမည်။

"သူတို့ ရောက်လာပါစေ...ငါတို့က သူတို့နဲ့ တိုက်ခိုက်ရမှာမဟုတ်ဘူး"

လုယွီက ရုတ်တရက် ပြောဆိုသည်။

လူတိုင်း ကြက်သေသေသွားကြ၏။

သူတို့ မတိုက်ခိုက်ရဟု ဆိုလိုက်သလော....

ဤသို့ဆိုလျှင် လူများကို ဤနေရာ၌စုဝေးစေကာ အရှုံးပေးအညံခံရန် ကြံရွယ်ထားသလော....

လုယွီသည် သူတို့အား များစွာစဥ်းစားတွေးတောရန် အချိန်မရှိချေ။သူ၏လက်တစ်ဖက်ကို စီရင်စုသခင်စည်းတံဆိပ်ပေါ်သို့ဖိနှိပ်ကာ တခြားတစ်ဖက်ဖြင့် မိုးကောင်းကင်ယံကိုလက်ညှိုးညွှန်၍ ကြည်လင်ပြတ်သားသောအသံဖြင့် အော်ဟစ်လိုက်သည်။

"လင်ကျိုးစီရင်စုရဲ့အရာရှိက...ကျေးဇူးပြုပြီးတော့ အမိန့်တော်ကို ပြန်ရုတ်သိမ်းခွင့်တောင်းခံပါတယ်"

ရွှေရောင်အလင်းတန်းတစ်တန်းက ကြည်လင်နေသော မိုးကောင်းကင်ယံအတွင်း၌ ဖြတ်ပြေးသွားသည်။

ထိုရွှေရောင်အလင်းတန်းသည် လုယွီ၏လက်အတွင်းသို့ ကျရောက်လာပေ၏။ဤအရာတွင် တော်ဝင်အမိန့်တော်၏အရှိန်အဝါမျိုး ခပ်ဖျော့ဖျော့ ပါဝင်နေသည်။ထိုအရာတွင် လောကကြီးတခွင်လုံးကို ထိန်းချုပ်နိုင်သောစွမ်းအားမျိုး ပါဝင်နေသည့်အလား မည်သူမျှ စေ့စေ့မကြည့်ဝံ့ချေ။

ဤသည်က ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုယ်တိုင် ရေးသားခဲ့သော တားမြစ်အမိန့်တော်ပင်။

ထိုအမိန့်တော်ကြောင့် ပြင်ပရှိနတ်ဆိုးကျင့်ကြံသူများသည် မြို့ရိုးများပေါ်သို့တွယ်တက်ရုံမှလွဲ၍ မြို့အတွင်းသို့ခိုးဝင်ရန် တခြားနည်းလမ်းမရှိခဲ့ကြချေ။

လုယွီသည် ထိုအမိန့်တော်ကို ရုတ်သိမ်းလိုက်သဖြင့် လင်ကျိုးစီရင်စု၏နောက်ဆုံးလက်ကျန် ခုခံကာကွယ်မှု လုံးလုံးလျားလျား ပျောက်ကွယ်သွားပြီဟု ဆိုလိုပေ၏။

နတ်ဆိုးကျင့်ကြံသူများအားလုံး မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ကြသည်။

ရုတ်ချည်းဆိုသလိုပင် သူတို့၏ခန္ဓာကိုယ်များအနီး၌ ရစ်သိုင်းလွှမ်းခြုံနေသော ဖိအားအရှိန်အဝါတစ်ရပ် ပျောက်ကွယ်သွားခြင်းကို ခံစားလိုက်ရသည်။

"လင်ကျိုးစီရင်စုရဲ့တားမြစ်အမိန့်တော်ကို တကယ်ကြီး ရုတ်သိမ်းလိုက်တာပဲ...သူတို့က အညံခံဖို့ ကြံစည်နေတာများလား"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည် ရုတ်တရက် သူ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်မှုအငွေ့အသက်များ ရစ်ဝဲလာသည်ကို ခံစားမိလေ၏။

သူတို့၏ရည်မှန်းချက်ပန်းတိုင်သည် လင်ကျိုးစီရင်စုကို ဖျက်ဆီးရန်ပင်။ထို့ကြောင့် တစ်ဖက်လူများသည် ဤကဲ့သို့နည်းလမ်းမျိုးကို အသုံးပြုလျှင်လည်း အသုံးဝင်မည်မဟုတ်ပေ။

ထို့နောက် နတ်ဆိုးကျင့်ကြံသူများအားလုံး ထူးဆန်းသောမြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

မိုးကောင်းကင်ယံအတွင်း၌ ဧရာမစစ်သင်္ဘောကြီးတစ်စီး ရုတ်တရက်ထွက်ပေါ်လာကာ မိုးကုပ်စက်ဝိုင်းကိုဖြတ်ကျော်၍ လင်ကျိုးစီရင်စု၏နယ်မြေအတွင်းမှ တဟုန်ထိုး ပျံသန်း၍ထွက်ခွာသွားသည်။

ထိုစစ်သင်္ဘောကြီး၏အရှိန်သည် အလွန်အမင်း လျှင်မြန်ပေ၏။နတ်ဆိုးကျင့်ကြံသူများ အသိမဝင်သေးမီမှာပင် ထိုစစ်သင်္ဘောကြီးသည် သူတို့၏အမြင်အာရုံအောက်မှ ပျောက်ကွယ်သွားလေ၏။

"သူတို့က ထွက်ပြေးဖို့ ကြံစည်ထားတာပဲ...သူတို့နောက်ကို လိုက်ဖမ်းကြစမ်း"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည် ထိုမြင်ကွင်းကို မြင်တွေ့ပြီးနောက် သူ လှည့်စားခံလိုက်ရသည်ကို ချက်ချင်းဆိုသလိုပင် သိရှိနားလည်သွားတော့သည်။

Chapter 3173

တားမြစ်အမိန့်တော် ပျောက်ကွယ်သွားသဖြင့် မြောက်မြားစွာသော နတ်ဆိုးကျင့်ကြံသူများသည် စစ်သင်္ဘောကြီးနောက်သို့ လိုက်လံဖမ်းဆီးရန်အတွက် လေထုအတွင်းသို့ ပျံသန်းလိုက်ကြသည်။

သို့ရာတွင် သူတို့ ခြေတစ်လှမ်းခန့် နောက်ကျသွားလေပြီ။

နဝမလွှသွားစစ်သင်္ဘောကြီးသည် တာယွီတော်ဝင်စစ်တပ်၏အဓိကစစ်သင်္ဘော ဖြစ်လာခဲ့ရသည့် အကြောင်းအရင်းမှာ အစွမ်းထက်သော စိတ်ဝိညာဥ်အမြှောက်များ၏စွမ်းအားကြောင့်သာမက စစ်သင်္ဘောများအကြားတွင်အမြန်ဆုံးလည်း ဖြစ်နေသောကြောင့်ပင်။

ထိုအရာသည် ကြီးမားပြီးလေးလံသော်လည်း စစ်သင်္ဘောအတွင်း၌ ပျံသန်းခြင်းဝင်္ကပါတစ်ရာကျော်ရှိနေသည်။နဝမလွှသွားစစ်သင်္ဘောကြီးကို အရှိန်ကုန်မောင်းနှင်လိုက်ပါက လောကီအင်မော်တယ်တစ်ယောက် အရှိန်နှုန်းအပြည့်ဖြင့် ပျံသန်းသည်ထက် ပို၍လျှင်မြန်ပေ၏။

အကြီးစားတိုက်ပွဲများအကြား၌ တာယွီတော်ဝင်စစ်တပ်သည် ဤကဲ့သို့ သယ်ယူပို့ဆောင်ရေးစွမ်းရည်မျိုး ရှိနေရန်လိုအပ်သည်။

ဤအချိန်အခိုက်အတန့်တွင် နဝမလွှသွားစစ်သင်္ဘောကြီး၏စွမ်းအားကို အပြည့်အဝ ထုတ်ဖော်အသုံးပြုထားသည်။အကယ်၍ နတ်ဆိုးကျင့်ကြံသူများသည် အကောင်းဆုံးကြိုးစားလျှင်ပင် နဝမလွှသွားစစ်သင်္ဘောကြီးနောက်သို့ အမှီလိုက်နိုင်မည်မဟုတ်ချေ။

သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေစဥ်မှာပင် နဝမလွှသွားစစ်သင်္ဘောကြီးသည် တောင်ထိပ်တစ်ခုပေါ်သို့ ပျံသန်းသွားပြီးနောက် ရပ်တန့်သွားလေ၏။

ဤအချိန်အခိုက်အတန့်တွင် ဧရာမစစ်သင်္ဘောကြီး ပျက်ပြယ်စပြုနေပြီဖြစ်ကာ အနက်ရောင်အခိုးအငွေ့များက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

နဝမလွှသွားစစ်သင်္ဘောကြီး ထွက်ပေါ်လာသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် ပျောက်ကွယ်သွားလုဆဲဆဲအခြေအနေသို့ ရောက်ရှိနေလေပြီ။

ဤဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီထံတွင် သာမာန်လောကီအင်မော်တယ်တစ်ယောက်၏စွမ်းအားမျိုးသာရှိသည်။သူ၏ ပန်းချီပညာစွမ်းရည်သည် ရှိနေဆဲဖြစ်သော်လည်း ကျင့်ကြံဆင့်နယ်ပယ်၏ထောက်ပံမှုမရှိသောကြောင့် အစစ်အမှန်လောကအတွင်းရှိအကျိုးသက်ရောက်မှုမျိုး ရရှိနိုင်မည်မဟုတ်ချေ။

မင်များပျက်ပြယ်လာသောကြောင့် လူများအားလုံး စစ်သင်္ဘောကြီးပေါ်မှ ပြုတ်ကျသွားတော့သည်။

သို့ရာတွင် တောင်ထိပ်နှင့်နီးကပ်နေပြီဖြစ်သဖြင့် သူတို့သည် ပြုတ်ကျလာသည့်တိုင် အသေအပျောက်မရှိချေ။

ထိုတောင်ပေါ်တွင် လင်ကျိုးစီရင်စု၏ စစ်သားများ မြို့သူမြို့သားများနှင့် ပြည့်နှက်သွားသည်။

"ဟီး ဟီး ဟီး...မင်းတို့က အပြင်ကိုထွက်လာမှတော့...မင်းတို့သေဖို့ သိပ်မလိုတော့ဘူး....လင်ကျိုးစီရင်စုသခင်...မင်းကို ငါ နောက်ဆုံးမှသတ်မယ်....သေတာထက်ဆိုးတဲ့ နာကျင်မှုနည်းလမ်းတွေအားလုံး ငါ မင်းကို ခံစားခိုင်းမယ်"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည် လင်ကျိုးစီရင်စု၏လူများကိုမြင်တွေ့ချိန်တွင် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

အကယ်၍ ထိုလူများသည် မြို့အတွင်း၌ခုခံတိုက်ခိုက်နေပါက နတ်ဆိုးကျင့်ကြံသူများ၏တစ်ဝက်ကျော်ခန့် သေဆုံးကောင်းသေဆုံးသွားနိုင်သည်။

လင်ကျိုးစီရင်စုအတွင်း၌ ရပ်ကွက်ငယ်အမြောက်အများရှိကာ ရပ်ကွက်တစ်ခုစီကို မြင့်မားသောနံရံများဖြင့် ကာရံထားသည်။ထိုနေရာများအတွင်း၌ ထောင်ချောက်များနှင့်ဝင်္ကပါများကို ခင်းကျင်းထားပါက အကယ်၍နတ်ဆိုးကျင့်ကြံသူများ မြို့ကိုတိုက်ခိုက်လျှင်ပင် ခေါင်းခဲစရာကိစ္စဖြစ်ပေမည်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လင်ကျိုးစီရင်စုအတွင်းရှိလူများသည် မြို့၏ခုခံကာကွယ်မှုကိုလက်လျှော့၍ ပြင်ပသို့ထွက်လာကာ သူတို့နှင့်ထိပ်တိုက်ရင်ဆိုင်ရန် ရွေးချယ်ခဲ့သည်။

ဤသည်က နတ်ဆိုးကျင့်ကြံသူခေါင်းဆောင် လိုလားနေသောကိစ္စနှင့် တစ်ထပ်တည်းကျပေ၏။

အင်အားအရေအတွက်အရဖြစ်စေ စုပေါင်းခွန်အားအရဖြစ်စေ နတ်ဆိုးကျင့်ကြံသူများသည် လင်ကျိုးစီရင်စုဘက်မှလူများထက် အဆများစွာ ပို၍သာလွန်သည်။

လင်ကျိုးစီရင်စုအတွင်းရှိ အကြွင်းအကျန်များကို အမြစ်ပြတ်သုတ်သင်ရန်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်ပေမည်။

သို့ရာတွင် လုယွီ၏လက်အတွင်း၌ ကိုင်ဆောင်ထားသောအရာကိုမြင်တွေ့ချိန်တွင် နတ်ဆိုးကျင့်ကြံသူခေါင်းဆောင် အံ့အားသင့်တုန်လှုပ်သွားသည်။

လုယွီ၏လက်အတွင်း၌ အလင်းရောင်များတောက်ပနေသော အမိန့်တော်တစ်ခုရှိနေသည်။

ရုတ်ချည်းဆိုသလိုပင် လုယွီသည် ထိုအမိန့်တော်ကို လေထုအတွင်းသို့ ပစ်တင်လိုက်၏။လေဟာနယ်တားမြစ်နယ်မြေအမိန့်တော် တဖြည်းဖြည်း အလိပ်ပြေသွားသည်။

အစွမ်းထက်သောတော်ဝင်အရှိန်အဝါတစ်ရပ်က ချက်ချင်းဆိုသလိုပင် လူတိုင်း၏ခေါင်းထက်သို့ ဆင်းသက်လာသည်။ဤသည်က ကောင်းကင်နှင့်မြေပြင်အကြားကို ဧကရာဇ်တစ်ပါးထိန်းချုပ်လိုက်သကဲ့သို့ အရှိန်အဝါမျိုးက သူတို့အားလုံးထံသို့ ကျရောက်လာသည်။

"လေဟာနယ်တားမြစ်အမိန့်တော်...မကောင်းတော့ဘူး"

မူလက လေထုအတွင်း၌ပျံသန်းနေသော နတ်ဆိုးကျင့်ကြံသူများသည် ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါတစ်ရပ်က သူတို့၏ခန္ဓာကိုယ်များပေါ်သို့ သက်ရောက်လာကာ သူတို့ကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်၏။

ဘုန်း...ဘုန်း...ဘုန်း...

နတ်ဆိုးကျင့်ကြံသူတချို့ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျလာသည်။သူတို့၏ခန္ဓာကိုယ်များ မြေပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်ခတ်မိကာ ကျင့်ကြံဆင့်နယ်ပယ်အားနည်းသူတချို့ထံမှ သွေးများဖြာထွက်သွားကာ နေရာမှာပင် သေဆုံးသွားသည်။

တားမြစ်အမိန့်တော်သည် လင်ကျိုးစီရင်စု၏အနီးပတ်လည်ထိ နယ်မြေများအထိ သက်ရောက်မှုရှိသည်။

ရုတ်ချည်းဆိုသလိုပင် ထိုနတ်ဆိုးကျင့်ကြံသူများသည် ထပ်မံ၍မပျံသန်းနိုင်တော့ချေ။

ဤတားမြစ်အမိန့်တော်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းမဲ့အမိန့်တော်ကို ကိုယ်စားပြုပေ၏။

ထိုစာလုံးနှစ်လုံးသက်သက်ဖြင့် ယခုလက်ရှိနေရာတွင်ရှိနေသော နတ်ဆိုးကျင့်ကြံသူများအားလုံး မပျံသန်းနိုင်အောင် တားမြစ်ဟန့်တားထားနိုင်သည်။

"သူက ဒီတားမြစ်အမိန့်တော်ကိုအသုံးပြုပြီးတော့ အဲ့ဒီလူတွေရဲ့တိုက်ခိုက်မှုကို ခုခံချင်တာလား...ဒါပေမယ့် အဲ့ဒီအမိန့်တော်ရဲ့စွမ်းအားက အကန့်အသတ်ရှိတယ်...တကယ်လို့သူက အဲ့ဒီအမိန့်တော်ရဲ့စွမ်းအားကို အကုန်အစင် ဖြန့်ကျက်မယ်ဆိုရင်တောင် ကြာကြာတောင့်ခံနိုင်မှာမဟုတ်ဘူး"

စစ်ဆေးရေးမှူးတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

Chapter 3174

ထိုစကားသည် အမှန်ဖြစ်ပေ၏။

လေဟာနယ်တားမြစ်အမိန့်တော်သည် အစွမ်းထက်သော်လည်း အဆုံးသတ်တွင် စွမ်းအားကုန်ဆုံးသွားပါက လင်ကျိုးစီရင်စုကို ကာကွယ်ပေးနိုင်တော့မည်မဟုတ်ချေ။

ယခုချိန်တွင် လုယွီသည် တားမြစ်အမိန့်တော်ကိုအသုံးပြု၍ လင်ကျိုးစီရင်စုနံဘေးပတ်လည် လီတစ်ရာဝန်းကျင်ကို ကာကွယ်ထားသည်။

ဤသည်က တားမြစ်အမိန့်တော် အကျိုးသက်ရောက်မှုရှိသော နယ်မြေအကျယ်အဝန်းထက် များစွာပို၍ကျော်လွန်နေလေပြီ။

ဤသို့ဖြစ်ရခြင်းမှာ စီရင်စုသခင်များသည် တားမြစ်အမိန့်တော်ကို တခြားနေရာများကိုပါလွှမ်းခြုံ၍ မဆင်မခြင်အသုံးပြုခြင်းများ မဖြစ်စေရန် တော်ဝင်နန်းတွင်းမှနေ၍ ကာကွယ်ဟန့်တားထားခြင်းဖြစ်သည်။

တားမြစ်အမိန့်တော်သည် ခုခံကာကွယ်ရန်အတွက်သာဖြစ်ပြီး တိုက်ခိုက်ရန်အတွက်မဟုတ်ဟု ဆိုနိုင်ပေ၏။

လုယွီသည် ဤအမိန့်တော်ကို ယခုကဲ့သို့အသုံးပြုခဲ့ခြင်းမှာ အနည်းငယ်တရားလွန်နေသည်။

သို့ရာတွင် ဤသည်က ဟွမ်လျန့်အိမ်မက်ကမ္ဘာပင်။လက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးများသည် သူတို့ရှေ့ရှိမြင်ကွင်းကို မြင်တွေ့ထားပြီးလေပြီ။လုယွီ အမှားလုပ်သည်ဟု မည်သူမျှပြောဆိုခြင်းမရှိချေ။ထိုအစား သူတို့သည် လေဟာနယ်တားမြစ်အမိန့်တော် ကြာရှည်တောင့်မခံနိုင်မည်ကို စိုးရိမ်ပူပန်နေကြလေ၏။

သူတို့သည် လေထုအတွင်း၌ မျောလွင့်နေသော တားမြစ်အမိန့်တော်ပေါ်ရှိရွှေရောင်မင်များသည် နဂိုမူလစွမ်းအားများ လျော့နည်းသွားသည့်အလား မှေးမှိန်စပြုလာခြင်းကို မြင်တွေ့မိသည်။

ထိုအရာကို ရုတ်သိမ်းပြီးမှ တဖန်ပြန်၍ထုတ်လွှတ်ခဲ့သည်။ဤသည်က တားမြစ်အမိန့်တော်အတွင်းရှိစွမ်းအားကို အလွန်အကျွံအသုံးပြုလိုက်ခြင်းဖြစ်သည်။

အကယ်၍ ထိုအရာသည် ကြယ်နယ်မြေအဆင့်တားမြစ်အမိန့်တော်ဖြစ်နေပါက ထပ်ခါတလဲလဲ အသုံးပြုနိုင်သည်။သို့ရာတွင် လင်ကျိုးစီရင်စုသည် မသိသာမထင်ရှားသော သာမာန်စီရင်စုမြို့တစ်မြို့ပင်။ထို့ကြောင့် လင်ကျိုးစီရင်စုမှပိုင်ဆိုင်ထားသော တားမြစ်အမိန့်တော်၏စွမ်းအား အနည်းငယ်နိမ့်ပါးသည်မှာ သဘာဝကျပေ၏။

မြေပြင်ပေါ်ရှိ နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည်လည်း ထိုမြင်ကွင်းကို မြင်တွေ့သွားသည်။

သူ၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအပြုံးမျိုး ထင်ဟပ်လာကာ ပြောဆိုလိုက်သည်။

"လင်ကျိုးစီရင်စုသခင်...မင်းရဲ့အစီအစဥ်က မဆိုးဘူး...မင်းက ဒီအမိန့်တော်ကိုအသုံးပြုပြီးတော့ ငါတို့ကို ဖိနှိပ်ချင်တာလား...ဒါပေမယ့် မင်းရဲ့အစီအစဥ်က ကျရှုံးရတော့မယ်...တားမြစ်အမိန့်တော်ရဲ့အကျိုးသက်ရောက်မှု လုံးလုံးလျားလျား ပျက်ပြယ်သွားတဲ့အချိန်ထိ မင်း စောင့်နေစမ်း...အဲ့ဒါက မင်း သေရမယ့်အချိန်ပဲ"

သူသည် နတ်ဆိုးကျင့်ကြံသူတစ်စုကိုဦးဆောင်ကာ လုယွီထံဦးတည်၍ တိုးဝင်လိုက်သည်။

ထိုလူများသည် လေထုအတွင်း၌ ပျံသန်းနိုင်ခြင်းမရှိသော်လည်း သူတို့သည် လှုပ်ရှားမှုနည်းစနစ်များကို ကျွမ်းကျင်ကြသည်။သူတို့သည် တစ်ရက်အတွင်းတွင် မိုင်ပေါင်းထောင်နှင့်ချီ၍ ခရီးသွားလာနိုင်ကာ သူတို့၏အရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပေ၏။

မြောက်မြားစွာသော နတ်ဆိုးကျင့်ကြံသူများသည် တောင်ထိပ်ပေါ်တွင်ရှိနေသော လင်ကျိုးစီရင်စုမှလူများထံသို့ ဒီရေအလား တိုးဝင်လာကြသည်။

ရုတ်ချည်းဆိုသလိုပင် တောင်ထိပ်ပေါ်တွင်မတ်တတ်ရပ်နေသော စစ်သားများနှင့်မြို့သူမြို့သားများအားလုံး အလွန်အမင်း ထိတ်လန့်ကြောက်ရွံသွားသည်။

"အရှင် တိုက်ပွဲဝင်ဝင်္ကပါ အမြန်ဆုံးဖွဲ့စည်းကြစို့...သူတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ကြရအောင်"

ချင်ယုက အဆုတ်ကွဲလုမတတ် အော်ဟစ်ကြုံးဝါးလိုက်သည်။

ဤကဲ့သို့သေရေးရှင်ရေးအခြေအနေမျိုးတွင် တခြားသူများသည်လည်း ဒေါသများဖြင့် ပူပြင်းလောင်ကျွမ်းနေကြ၏။သူတို့သည် စိတ်ခံစားချက်မျိုးစုံဖြင့် အလွန်စိတ်ထိခိုက်နေသည်။

သူတို့ရှေ့ရှိ နတ်ဆိုးကျင့်ကြံသူများအားလုံးသည် သူတို့၏ရန်သူများပင်။

ဤသည်က သူတို့ နောက်ဆုံးရုန်းကန်ရမည့် အချိန်အခိုက်အတန့်ပင်။လင်ကျိုးစီရင်စုဘက်မှလူများသည် သေခြင်းရှင်ခြင်းကို မေ့လျော့သွားကြကာ တစ်ဖက်လူများနှင့် အတူတကွသေကြေပျက်စီးရန် ကြံရွယ်နေကြ၏။

"မင်းတို့အားလုံး တောင်ပေါ်မှာပဲ မတ်တတ်ရပ်နေကြစမ်း...ဘယ်သူ့ကိုမှ အောက်ဆင်းခွင့်မပြုဘူး"

လုယွီက ပတ်ဝန်းကျင်ကိုဝေ့ဝိုက်ကြည့်ကာ သူ၏မျက်လုံးအကြည့်သည် အလွန်အမင်း တည်ကြည်လေးနက်နေသည်။

သူ၏မျက်လုံးအတွင်း၌ လင်ကျိုးစီရင်စု၏ထောင့်လုံးထောင့်လုံးသည် သူ အပြည့်အဝဖမ်းဆုပ်ထားနိုင်သော အသေးစားမြေပုံတစ်ချပ်ပင်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ သူ ပထမဆုံးစတင်ဝင်ရောက်ခဲ့ချိန်မှစ၍ လုယွီသည် ဤအစီအစဥ်ကို စတင်၍စီစဥ်ခဲ့သည်။

နတ်ဆိုးကျင့်ကြံသူများအားလုံးကို ဝါးမြိုနိုင်မည့် အစီအစဥ်တစ်ခုပင်။

မည်သည်ကြောင့် သူ မြို့အတွင်း၌သာ ပုန်းအောင်းနေကာ မတိုက်ခိုက်ဘဲ နေရမည်နည်း....

မည်သည်ကြောင့် ဤကဲ့သို့အခြေအနေမျိုးနှင့် ရင်ဆိုင်ရချိန်တွင် သူ ခုခံကာကွယ်ရုံသာ ပြုလုပ်ရမည်နည်း....

သူ လုယွီသည် အတိတ်ဘဝတွင်သာမက ဤဘဝ၌လည်း ထိုကဲ့သို့ပြုလုပ်မည့်လူစားမျိုးမဟုတ်ချေ။

"သေချာ ကြည့်ထားကြစမ်း...ငါ အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေအားလုံးကို ဘယ်လိုသတ်ဖြတ်လဲဆိုတာ မင်းတို့ မြင်စေရမယ်"

လုယွီက လေဟာနယ်အတွင်းသို့ ကြည့်လိုက်၏။

လေဟာနယ်အတွင်း၌ သူ့အားစောင့်ကြည့်နေသော စစ်ဆေးရေးမှူးအမြောက်အများရှိနေသည်ကို သူ ကောင်းစွာသိရှိထားသည်။

ဤနန်းတွင်းစာမေးပွဲ၌ လုယွီသည် သူ၏ခွန်အားကိုထိန်ချန်ထားရန် ရည်ရွယ်မထားချေ။

"ငါ အရင်က ပြောခဲ့သလိုပဲ...မင်းတို့အားလုံး သေရမယ်"

လုယွီက သူ့ထံသို့တိုးဝင်လာသော နတ်ဆိုးကျင့်ကြံသူများကိုကြည့်ကာ သူ၏မျက်လုံးအတွင်း၌ သွေးဆာသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။

ထို့နောက် သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။

ပတ်ဝန်းကျင်၌မားမားမတ်မတ်တည်ရှိနေသော တောင်များအားလုံး အချိန်တခဏခန့် ငြိမ်သက်သွားပြီးနောက် နားအုလုမတတ် ကျယ်လောင်သောတုန်ခါသံများကို ကြားလိုက်ရတော့သည်။

Chapter 3175

လင်ကျိုးစီရင်စုသည် ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ရှိနေသည်။

ပတ်ဝန်းကျင်တွင် မြင့်မားသောတောင်တန်းကြီးများက ဝန်းရံထားပေ၏။

လင်ကျိုးမြို့၏နောက်ဘက်တွင် တောင်တန်းများရှိနေကာ အရှေ့တွင် ကျယ်ပြန့်သော မြေပြန့်လွင်ပြင်ကြီးရှိနေသည်။

ဤအချိန်ကာလတွင် ဆောင်းတွင်း၏နှောင်းပိုင်းသို့ ရောက်ရှိနေလေပြီ။နှင်းပွင့်လွှာများအဆက်မပြတ် ကျရောက်နေကာ ပတ်ဝန်းကျင်ကိုကြည့်လိုက်ပါက ဖြူစင်သန့်ရှင်းသောနှင်းများဖြင့် နေရာအနှံ့အပြား၌ ဖုံးလွှမ်းနေသည်။

လုယွီက သူ၏လက်သီးကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်စဥ်တွင် ရုတ်တရက် ပတ်ဝန်းကျင်ရှိ နှင်းတောင်တန်းများမှနေ၍ တုန်ခါသံများ မြည်ဟီးလာသည်။

မကြာမီမှာပင် ပတ်ဝန်းကျင်ရှိနယ်မြေများမှ တောင်များအားလုံး တုန်ခါစပြုလာပေ၏။မြောက်မြားစွာသော ကျောက်တုံးကြီးများသည် နှင်းမုန်တိုင်းနှင့်ရောယှက်၍ ရုတ်တရက် တောင်များထံမှ ပွင့်အံ့ထွက်လာသည်။

အကန့်အသတ်မရှိသော နှင်းမြူခိုးများ ကောင်းကင်ယံမှ ကျရောက်လာပေ၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ချိုင့်ဝှမ်းအတွင်းရှိ နယ်မြေများအားလုံး နှင်းများဖြင့် နစ်မြုပ်သွားတော့သည်။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည် ထိတ်လန့်တုန်လှုပ်သွားပေ၏။

ဤရက်များအတွင်းတွင် ကြီးမားသောနှင်းမုန်တိုင်းသည် လင်ကျိုးစီရင်စုအနီး၌ ကျရောက်နေသဖြင့် အနီးအနားရှိတောင်များအားလုံးကို နှင်းများဖုံးလွှမ်းသွားသည်။

တောင်ပေါ်မှနှင်းထုများ ရုတ်တရက် ပြိုကျလာသဖြင့် နတ်ဆိုးကျင့်ကြံသူများ ကြီးမားသောဆုံးရှုံးမှုဖြင့် ရင်ဆိုင်လိုက်ရသည်။

"မင်းတို့အားလုံး တိုက်ပွဲဝင်ဝင်္ကပါထဲမှာပဲနေကြစမ်း ..နတ်ဆိုးမှော်သားရဲတွေကို ရှေ့တန်းမှာထားလိုက်"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်က ဒေါသတကြီး အော်ဟစ်ကြုံးဝါးလိုက်၏။

သူ၏အသံ အဆုံးသတ်သွားသောအချိန်မှာပင် ကျယ်လောင်သော တုန်ခါသံကြီးတစ်သံက ရုတ်တရက် သူ၏နားအတွင်းသို့ ပဲ့တင်ထပ်မြည်ဟီးသွားသည်။ထို့နောက် သူ၏ခြေထောက်အောက်ရှိမြေပြင် ပြင်းပြင်းထန်ထန်တုန်ခါစပြုလာသည်ကို သူ ခံစားမိသည်။

ဤအချိန်အခိုက်အတန့်တွင် လင်ကျိုးစီရင်စုတစ်စုလုံး၏ မြေပြင်တစ်ခုလုံး တုန်ခါစပြုလာသည်။

မူလက ပြားချပ်ပြီးကျယ်ပြန့်သော မြေပြင်ပေါ်တွင် နက်ရှိုင်းသော အက်ကွဲကြောင်းကြီးများ ရုတ်တရက် ထွက်ပေါ်လာပေ၏။ပြင်းထန်သောတုန်ခါသံကြီးများ၏နောက်မှနေ၍ အက်ကွဲကြောင်းကြီးများက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားတော့သည်။

"ပြေးကြ"

"ငါ့ကိုကယ်ပါအုံး...အား...."

ယခုလက်ရှိချိန်၌ နတ်ဆိုးကျင့်ကြံသူများစုစည်း၍ မတ်တတ်ရပ်နေသော မြေပြင်တပြင်လုံး အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားသည်။မျက်တောင်တစ်ခတ်စာအချိန်မှာပင် သူတို့သည် မြေပြင်ပေါ်မှအက်ကွဲကြောင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။

သူတို့ ဖွဲ့စည်းထားသော တိုက်ပွဲဝင်ဝင်္ကပါကြီး ချက်ချင်းဆိုသလို ပြိုလဲသွားလေပြီ။ကျင့်ကြံဆင့်နယ်ပယ်မြင့်မားသော တချို့နတ်ဆိုးကျင့်ကြံသူများသည် သူတို့၏မှော်ရတနာများကို အသုံးပြု၍ ထွက်ပြေးလိုကြ၏။သို့ရာတွင် ရုတ်တရက် လင်ကျိုးစီရင်စုတည်ရှိသော မြေပြင်တစ်ခုလုံး ကျွံကျသွားသည်။

ထိုမြေပြင်သည် ချပ်ပြားဝိုင်းတစ်ခုအလား ဤအချိန်အခိုက်အတန့်တွင် တစ်ဖက်ခြမ်းသို့ တိမ်းစောင်းသွားသည်။

မြေပြင်ပေါ်၌ရှိနေသော သက်ရှိများအားလုံး မြေကြီးများ၏ဝါးမြိုခြင်းကို ခံလိုက်ရသည်။

လင်ကျိုးစီရင်စုမှလူများအားလုံး ကြက်သေသေသွားလေ၏။

သူတို့သည် တောင်ထိပ်ပေါ်တွင် မတ်တတ်ရပ်နေသည့်တိုင် ပတ်ဝန်းကျင်ရှိ တုန်လှုပ်ချောက်ချားဖွယ် တုန်ခါမှုများကို ခံစားမိသည်။

ကောင်းကင်ပြိုကျပြီး မြေပြင်အက်ကွဲသွားသည်ဟူသော စကားဖြင့်ပင် သူတို့မြင်တွေ့ရသည့်မြင်ကွင်းကိုဖော်ပြရန် မလုံလောက်ချေ။

လင်ကျိုးစီရင်စုတစ်စုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားသည့်ကိစ္စမှာ ဖော်ပြရန်ခက်ခဲပြီး စိတ်ကူးယဥ်ပုံဖော်ကြည့်၍ပင် မရနိုင်ချေ။ဤကဲ့သို့အရာမျိုးကို အကန့်အသတ်မဲ့ခွန်အားကို ပိုင်ဆိုင်ထားသည့် အလွန်အမင်းအစွမ်းထက်သော ကျင့်ကြံသူများသာ ပြုလုပ်နိုင်ပေမည်။လုယွီသည် သူ၏လက်တစ်ဖက်ကိုမြှောက်လိုက်ရုံဖြင့် ဤကဲ့သို့ကြီးမားသောဝင်္ကပါကြီးကို ဖန်တီးနိုင်ခဲ့မည်ဟု သူတို့အားလုံး မျှော်လင့်မထားမိချေ။

ဝုန်း...

ကျယ်လောင်သောတုန်ခါသံကြီးများက ပတ်ဝန်းကျင်၌ မြည်ဟီးနေဆဲပင်။

အကယ်၍ လင်ကျိုးစီရင်စုဘက်မှလူများသည် ဂရုတစိုက်လေ့လာကြည့်ပါက သူတို့ မတ်တတ်ရပ်နေသော တောင်ထိပ်တစ်ခုတည်းသာ သက်ရောက်မှုမရှိဘဲကျန်ခဲ့ကြောင်း တွေ့မြင်ရပေမည်။

နတ်ဆိုးကျင့်ကြံသူတချို့သည် သူတို့၏ကိုယ်ပိုင်အရည်အချင်းများကို အသုံးပြု၍ အက်ကွဲကြောင်းများကို ရှောင်တိမ်းနိုင်ခဲ့သည်။သူတို့သည် တည်ငြိမ်သောမြေပြင်နေရာကို ရှာဖွေနိုင်စဥ်မှာပင် သူတို့၏ခန္ဓာကိုယ်များသည် ကောင်းကင်ယံနှင့်မြေပြင်ပိတ်ဖုံးလုမတတ် ထူထပ်သိပ်သည်းသော နှင်းများအကြားတွင် နစ်မြုပ်သွားပေ၏။

ဤဘေးကပ်ဆိုးမှနေ၍ မည်သည့်နတ်ဆိုးကျင့်ကြံသူမျှ အသက်ရှင်ရက်လွတ်မြောက်ခြင်းမရှိချေ။

မြေပြင်တပြင်လုံးသည် ရှည်လျားသောနဂါးတစ်ကောင်အလား သက်ရှိများအားလုံးကို ဝါးမြိုနေသည်။

အဝေးတစ်နေရာတွင် မြေပြင်အက်ကွဲသံများကို တဖန်ထပ်၍ ကြားလိုက်ရသည်။

လင်ကျိုးစီရင်စု၏မြင့်မားသောမြို့ရိုးများအားလုံး တစတစ အက်ကွဲစပြုလာသည်။မြို့ရိုးများနောက်ရှိ အဆောက်အအုံများကိုလည်း ကောင်းကင်ယံမှကျဆင်းလာသော နှင်းပွင့်များ၏ဝါးမြိုခြင်းကို ခံလိုက်ရ၏။

ထို့နောက်မှနေ၍ လင်ကျိုးစီရင်စု၏နောက်ရှိ မြင့်မားသောတောင်တန်းများ ရုတ်တရက် ပြိုကျလာကာ လင်ကျိုးစီရင်စုကို ရိုက်ခတ်မိသွားတော့သည်။

ကောင်းကင်ယံအနှံ့ပိတ်ဖုံးနေသည့် ပြင်းထန်သောနှင်းမုန်တိုင်းနှင့်အတူ အကန့်အသတ်မရှိသော မြေသားများနှင့်ကျောက်စကျောက်နများက လင်ကျိုးစီရင်စုကို ဖုံးလွှမ်းသွားသည်။

နတ်ဆိုးကျင့်ကြံသူအမြောက်အများသည် မြို့အတွင်းမှ အချိန်မီနောက်သို့ပြန်ပြေးနိုင်ခြင်းမရှိသဖြင့် လင်ကျိုးစီရင်စုနှင့်အတူ မြေအောက်သို့ နစ်မြုပ်သွားတော့သည်။

All Chapters