← Chapters

အခန်း (၃၁၇၆-၃၁၈၀)

Vol. 162 Ch. 3176-3180

အခန်း (၃၁၇၆-၃၁၈၀)

Vol. 162 Ch. 3176-3180

Chapter 3176

မြေပြင်တစ်ခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်သွားကာ ချက်ချင်းဆိုသလိုပင် ပြိုကျသွားခဲ့လေ၏။

ကောင်းကင်နှင့်မြေပြင်တို့၏စွမ်းအားရှေ့၌ လူသားများ၏စွမ်းအားသည် အလွန်အမင်းနိမ့်ပါးသည်။

မူလက အလွန်အင်အားများပြားသော နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူစစ်တပ်သည် မြေအောက်၌ နစ်မြုပ်သွားလေပြီ။

ကောင်းကင်ယံအတွင်း၌ တားမြစ်အမိန့်တော်သည် နောက်ဆုံးလက်ကျန်စွမ်းအားကို လောင်ကျွမ်းလိုက်ပုံဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော ဖိအားအရှိန်အဝါတစ်ရပ်က ကြွင်းကျန်နေသော နတ်ဆိုးကျင့်ကြံသူတိုင်းပေါ်သို့ ကျရောက်လာသည်။

သူတို့သည် လေပေါ်သို့ပျံသန်းနိုင်ခြင်းမရှိသည့်အပြင် မြေပြင်ပေါ်ဤလည်း ရပ်စရာမြေမရှိချေ။

ကြွင်းကျန်နေသော နတ်ဆိုးကျင့်ကြံသူများသည် အင်အားကုန်ရုန်းကန်နေသော်လည်း နောက်ဆုံး၌ တောင့်ခံနိုင်ခြင်းမရှိတော့ချေ။

"လင်ကျိုးစီရင်စုသခင်...ငါ မင်းကို သတ်မယ်"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်သည် လောကီအင်မော်တယ်တစ်ယောက်ပင်။သေရေးရှင်ရေးအခြေအနေအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်ရှိသွေးချီများအားလုံးကိုဖြန့်ကျက်ကာ သူ၏အသက်စွမ်းအားကိုလောင်ကျွမ်း၍ လုယွီ၏ရှေ့သို့ တဟုန်ထိုးပြေးဝင်လာသည်။

သူ၏မျက်နှာပေါ်တွင် နာကျင်ကြေကွဲခြင်းများနှင့်ဒေါသများ ထင်ဟပ်နေသည်။

လင်ကျိုးစီရင်စု၏ခုခံကာကွယ်မှုကို လပေါင်းများစွာကြာသည်အထိ မဖျက်ဆီးနိုင်ခဲ့ခြင်းကပင် သူ့အတွက် အရှက်ရစရာကိစ္စဖြစ်နေလေပြီ။သူသည် တခြားနတ်ဆိုးကျင့်ကြံသူများ၏လှောင်ပြောင်သရော်ခြင်းကိုပင် ခံယူခဲ့ရသည်။

ပုန်ကန်သူစစ်တပ်ကို ဘေးဖယ်ထားလျှင်ပင် ဤတစ်ကြိမ်တွင် လင်ကျိုးစီရင်စုသခင်၏လက်အတွင်း၌ သူ၏လက်အောက်မှ နတ်ဆိုးကျင့်ကြံသူများအားလုံး အမြစ်ပြတ်သုတ်သင်ခြင်းခံခဲ့ရလေ၏။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ လင်ကျိုးစီရင်စုသခင်သည် ယခုထိတိုင် မသေဆုံးသေးချေ။

အကယ်၍ လင်ကျိုးစီရင်စုသခင်သာ သေဆုံးခြင်းမရှိပါက လင်ကျိုးစီရင်စု အမှန်တကယ်ပျက်စီးသွားခြင်းမရှိဟု ယူဆနိုင်သည်။

အတိတ်တွင် သူ၏နောက်ရှိတည်ရှိမှုကြီးသည် သူ့အား တစ်ချက်လွှတ်အမိန့်ကို ပေးအပ်ထားလေ၏။အကယ်၍ လင်ကျိုးစီရင်စုသခင်ကို အသက်ရှင်ရက်ဖမ်းမိပါကလည်း သူ လူကိုယ်တိုင်ကိုတွေ့မြင်လိုကာ အကယ်၍ သေဆုံးသွားပါကလည်း အလောင်းကို တွေ့မြင်လိုသည်။

"မင်း တစ်ယောက်တည်းနဲ့...မင်းက ငါ့ကို သတ်ချင်သေးတာလား"

လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ထို့နောက် သူသည် တောင်အောက်သို့ပြေးဆင်းကာ နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်ထံဦးတည်၍ လက်သီးတစ်ချက် ထိုးနှက်လိုက်၏။

လုယွီ ထုတ်ဖော်အသုံးပြုလိုက်သောနည်းစနစ်သည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ သူ သင်ယူခဲ့ရသော 'ထာဝရတောက်ပလက်သီး'ပင်။

ဤလက်သီးနည်းစနစ်သည် ပြင်းထန်ပြီးအစွမ်းထက်သော်လည်း လှုပ်ရှားမှုများသည် မျှတပြီးရိုးသားကာ ခွန်အားကိုသာအသုံးပြု၍ အနိုင်ယူနိုင်သည်။ဤသည်က ရှေးဟောင်းကွန်ဖြူးရှပ်ပညာရှင်များ လောကတခွင် လှည့်လည်ခရီးထွက်နေစဥ်တွင် အသုံးပြုသော ခုခံကာကွယ်ခြင်းနည်းစနစ်ပင်။

ဤလက်သီးနည်းစနစ်သည် အလွန်ပြင်းထန်ပြီး အစွမ်းထက်ပေ၏။ကွန်ဖြူးရှပ်ပညာရှင်များသည် များသောအားဖြင့် လူအများကို အကျိုးသင့်အကြောင်းသင့်ပြောဆိုကာ သိမ်းသွင်းစည်းရုံးသည်။သို့ရာတွင် သူတို့သည် ကျိုးကြောင်းမဆီလျော်သောသူများနှင့် တွေ့ဆုံရချိန်တွင်မူ သူတို့ထံ၌ အလွန်ကြီးမားသောဒေါသများရှိနေဆဲပင်။

လုယွီသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ ရောက်ရှိနေသဖြင့် သူထံတွင် ပြင်ပကမ္ဘာလောကတွင်ကဲ့သို့ အားကောင်းသောရုပ်ခန္ဓာကိုယ်ရှိမနေသော်လည်း သူ၏လက်သီးနည်းစနစ်သည် အကျိုးသက်ရောက်မှုရှိနေလေ၏။သူ့ထံ၌ ကြွယ်ဝသော အတွေ့အကြုံများရှိနေသည်။နတ်ဆိုးကျင့်ကြံသူခေါင်းဆောင် ရှေ့သို့ပြေးဝင်လာသည်နှင့် လုယွီသည် သူ၏ဟာကွက်ကို တွေ့ရှိပြီးဖြစ်သည်။

ထို့နောက် သူ၏လက်သီးချက်သည် တုန်လှုပ်ချောက်ချားဖွယ်ခွန်အားနှင့်အတူ နတ်ဆိုးကျင့်ကြံသူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားတော့သည်။

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်၏အားနည်းချက်ကို ထိုးနှက်ခံရကာ သူသည် စူးရှနာကျင်စွာ အော်ဟစ်လိုက်၏။သူသည် ထိုလက်သီးချက်ကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။

လုယွီ၏နောက်ရှိ တောင်ပေါ်တွင်ရှိနေသော လင်ကျိုးစီရင်စုမှလူများအားလုံး ဝမ်းသာအားရ အော်ဟစ်အားပေးလိုက်ကြ၏။

နှစ်ဖက်ခေါင်းဆောင်များ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသည် လူအများ၏စိတ်ဓာတ်ကို တက်ကြွလာစေရန် အလွယ်ကူဆုံးအရာပင်။

ထို့ပြင် လုယွီသည် လက်သီးတစ်ချက်တည်းဖြင့် နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်ကို နောက်သို့လွင့်ထွက်သွားစေခဲ့သည်။သူသည် နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်ထက် ပို၍သန်မာအားကောင်းသည်မှာ သိသာထင်ရှားလှ၏။

ဤကဲ့သို့ အစွမ်းထက်သောခေါင်းဆောင်တစ်ယောက်၏ လက်အောက်၌ရှိနေသဖြင့် လူတိုင်း စိတ်သက်သာရာရသွားသကဲ့သို့ ခံစားလိုက်ရသည်။

"လင်ကျိုးစီရင်စုသခင်...တကယ်လို့ ငါ သေသွားရင်တောင် ငါ မင်းကို အလွတ်မပေးဘူး"

နတ်ဆိုးကျင့်ကြံသူခေါင်းဆောင်က စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။သူသည် မြေပြင်ပေါ်သို့ ကျရောက်သွားသည်နှင့် ဖြူဖွေးသောနှင်းပွင့်များက သူ၏ခေါင်းထက်သို့ ချက်ချင်းကျရောက်လာကာ သူ့အား နှင်းများအတွင်းနစ်မြုပ်သွားစေတော့သည်။

ပတ်ဝန်းကျင်နေရာတဝိုက်လုံး နောက်ဆုံး၌ တဖန်ပြန်၍ တည်ငြိမ်သွားသည်။

မူလက လင်ကျိုးစီရင်စုတည်ရှိရာချိုင့်ဝှမ်းသည် အကန့်အသတ်မဲ့သောနှင်းလွင်ပြင်ကြီး ဖြစ်နေလေပြီ။

မူလက အလွန်စည်ကားသိုက်မြိုက်ခဲ့သော လင်ကျိုးစီရင်စုသည် မြေကြီးများအောက်၌ လုံးလုံးလျားလျား နစ်မြုပ်သွားခဲ့သည်။

လင်ကျိုးစီရင်စု၏စစ်သားများနှင့်မြို့သူမြို့သားများသာမက မိုးကောင်းကင်ယံအတွင်းမှ စောင့်ကြည့်နေသော စစ်ဆေးရေးမှူးများအားလုံးလည်း ထိတ်လန့်တုန်လှုပ်သွားသည်။

"သူ ဒီလိုနည်းလမ်းမျိုးကို ဘယ်လိုအသုံးပြုသွားတာလဲဆိုတာ မင်းတို့အားလုံး နားလည်ကြလား"

စစ်ဆေးရေးမှူးတစ်ယောက်က မျက်မှောင်ကြုတ်၍ မေးမြန်းသည်။

ဤသည်က စီရင်စုမြို့တစ်မြို့၏အင်အားကို အလုံးစုံ ပြောင်းလဲလိုက်ခြင်းပင်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီ၏စွမ်းအားသည် လောကီအင်မော်တယ်အဆင့်သာရှိသည်။

ဤနေရာ၏ဥပဒေသများသည် အလွန်တည်ငြိမ်ပေ၏။လောကီအင်မော်တယ်ကျင့်ကြံသူများပင်လျှင် စွမ်းအားအကန့်အသတ်ရှိသည်။ဥပမာအနေဖြင့် လောကီအင်မော်တယ်တစ်ယောက်သည် တောင်များနှင့်မြစ်များကို ရွှေ့ပြောင်းလိုပါက အင်အားများစွာ စိုက်ထုတ်ရပေမည်။လုယွီပြုလုပ်သွားသကဲ့သို့ လွယ်လင့်တကူ ပြုလုပ်နိုင်မည်မဟုတ်ချေ။

Chapter 3177

ဤအချိန်အခိုက်အတန့်အတွင်းတွင် သန်းနှင့်ချီသော နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူစစ်သားများအားလုံး မြေကြီးအတွင်းသို့ နစ်မြုပ်သွားကြသည်။

ဤနည်းလမ်းမျိုးကို တစ်ကြိမ်တစ်ခါမျှ မကြားခဲ့ဖူးချေ။စစ်ဆေးရေးမှူးအများစုပင်လျှင် ဤကဲ့သို့ ရလဒ်မျိုးထွက်ပေါ်လာမည်ဟု တွေးထင်မထားကြပေ။

လုယွီသည် နောက်ဆုံးတစ်ကြိမ်အရဲစွန့်မှုကို ပြုလုပ်တော့မည်ဟု သူတို့အားလုံး ခန့်မှန်းမိသော်လည်း ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာခြင်းသည် သူတို့အားလုံး မျှော်လင့်ထားသည်ထက် များစွာပို၍ကျော်လွန်နေပေ၏။

"ဒါက ဝင်္ကပါတစ်ခုပဲ"

စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်က အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

"သူက ဝင်္ကပါကနေတဆင့် နဂါးသွေးကြောနဲ့ချိတ်ဆက်ထားတယ်...လင်ကျိုးစီရင်စုကနေထွက်ခွာပြီးတဲ့နောက်မှာ သူက ဝင်္ကပါကိုအသုံးပြုပြီးတော့ နဂါးသွေးကြောကို ဖျက်ဆီးလိုက်တယ်...သူက နဂါးသွေးကြောကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင်လုပ်ပြီးတော့ ရန်သူတွေအားလုံးကို အမြစ်ပြတ်သုတ်သင်လိုက်တာပဲ...သူ့ကို ပိုပြီးယုံကြည်ချက်ရှိသွားစေတာက ဒီအချိန်မှာ ဆောင်းရာသီဖြစ်နေတာကြောင့် ပတ်ဝန်းကျင်မှာရှိနေတဲ့နှင်းတွေက သူ့ကို ကူညီပေးနေတယ်...တောင်ပေါ်မှာရှိတဲ့နှင်းထုတွေနဲ့မြေပြင်အက်ကွဲတာရယ်...ပြီးတော့ လေထုထဲမှာက တားမြစ်အမိန့်တော်ရှိနေတယ်....အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေက ဘယ်လိုနည်းနဲ့မှ မလွတ်မြောက်နိုင်တော့ဘူး"

စစ်ဆေးရေးမှူးတစ်ယောက်က မျက်မှောင်ကြုတ်၍ ပြောဆိုလေ၏။

"ဒါက မဟုတ်သေးဘူး...အစကနေအဆုံးထိ သူက လင်ကျိုးစီရင်စုထဲမှာပဲ ရှိနေတာလေ...သူက ဘယ်လိုလုပ်ပြီးတော့ မြို့ပြင်ပမှာ ဝင်္ကပါကို ခင်းကျင်းလိုက်တာလဲ"

နဂါးသွေးကြောသည် ကုန်းမြေတစ်ခုလုံး၌ အတည်ငြိမ်ဆုံးတည်ရှိမှုကြီးပင်။

မြို့များကို များသောအားဖြင့် နဂါးသွေးကြောပေါ်တွင် တည်ထောင်လေ့ရှိသည်။အကြောင်းအရင်းမှာ နဂါးသွေးကြောမှထောက်ပံသော ဖုန်းရွှေစွမ်းအားများနှင့်ကံကြမ္မာစွမ်းအားများကိုစုပ်ယူကာ မြို့များ၏စည်ပင်ဝပြောမှု တိုးတက်လာစေနိုင်သောကြောင့်ပင်။

ယေဘုယျကျကျပြောဆိုရလျှင် ဝင်္ကပါပညာရပ်၌ အလွန်အမင်းထူးချွန်သူများကသာ နဂါးသွေးကြောကဲ့သို့တည်ရှိမှုကြီးနှင့် ချိတ်ဆက်နိုင်စွမ်းရှိသည်။

လုယွီ၏ဝင်္ကပါပညာအရည်အချင်းသည် အလွန်မြင့်မားသော်လည်း ရှည်လျားသောနဂါးသွေးကြောပေါ်တွင် ဤကဲ့သို့အစွမ်းထက်သော ဝင်္ကပါကြီးကိုခင်းကျင်းနိုင်ရန်မှာ မိုးကောင်းကင်ကိုဖီဆန်သော ကိစ္စတစ်ရပ်ပင်။

"သူ လူတွေကို ထပ်ခါတလဲလဲ စေလွှတ်ပြီးတော့ ရှောင်တခင်တိုက်ခိုက်ခဲ့တာကို မင်းတို့ ဘယ်လိုထင်ခဲ့ကြလဲ"

စစ်ဗိုလ်ချုပ်အိုကြီးတစ်ယောက်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

"ငါတို့အားလုံး အစကတည်းက မှားယွင်းခဲ့ကြတယ်...သူ့ရဲ့နည်းဗျူဟာက မှားယွင်းနေပြီလို့ ငါတို့ တွေးခဲ့ကြတယ်...တကယ်တော့ အဲ့ဒီနည်းလမ်းတွေလုပ်ခဲ့တာက သူ အဆုံးသတ်လှုပ်ရှားမှုကို လုပ်ဖို့အတွက်ပဲ...သူ စေလွှတ်ခဲ့တဲ့လူတွေက ရှောင်တခင်တိုက်ခိုက်ဖို့အတွက် လုံးဝမဟုတ်ဘူး....သူတို့က ဝင်္ကပါအလံတွေကို မြှုပ်နှံဖို့အတွက်ပဲ...သူ ဘာလို့ နောက်ပိုင်းမှာ ပုံမှန်မဟုတ်တဲ့လှုပ်ရှားမှုတွေ လုပ်ခဲ့တာလဲဆိုတာ နောက်ဆုံးတော့ ငါ သိရပြီ"

စစ်ဆေးရေးမှူးများသည် အိမ်မက်မှနိုးထလာသူများအလား အသိဝင်လာကြသည်။

ဤနေရာတွင်ရှိနေသူများအားလုံးသည် တော်ဝင်နန်းတွင်း၌ အရေးပါသော အရာရှိကြီးများပင်။သူတို့သည် စစ်ရေးနည်းဗျူဟာများကို သိရှိထားသော်လည်း လုယွီ၏အစီအစဥ်များကို တစ်ချက်ကြည့်ရုံမျှဖြင့် သူတို့ ပြောနိုင်ခဲ့ခြင်းမရှိချေ။

ယခုလက်ရှိချိန်မှသာ စစ်ဗိုလ်ချုပ်အိုကြီး၏ရှင်းပြချက်ကို နားထောင်ပြီးနောက် သူတို့အားလုံး ချက်ချင်းဆိုသလိုပင် နားလည်သဘောပေါက်သွားပေ၏။

"သူက တူညီတဲ့လားရာတစ်ခုတည်းကို လူတွေစေလွှတ်ပြီးတိုက်ခိုက်စေတာ အံ့အားသင့်စရာမရှိတော့ဘူး"

စစ်ဆေးရေးမှူးတစ်ယောက်က နားလည်သဘောပေါက်သွားပုံဖြင့် ရေရွတ်လိုက်သည်။

အစပထမ၌ သူသည် လုယွီ၏ဆုံးဖြတ်ချက်ကို သူ၏စိတ်အတွင်းမှနေ၍ ကျိန်ဆဲနေခဲ့သည်။သို့ရာတွင် အဆုံးသတ်၌ ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု သူ မျှော်လင့်မထားမိချေ။လုယွီ၏အစီအစဥ်သည် လူတိုင်း တွေးထင်ထားသည်ထက် အဆမတန် ပို၍ကျော်လွန်နေသည်။

ကျန်းရွှမ်စဲက ရှည်လျားသောသက်ပြင်းတစ်ချက်ရှိုက်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

"အရှင့်သား...ဒီနန်းတွင်းစာမေးပွဲ ပထမနေရာအတွက် သံသယဖြစ်စရာမျိုး ရှိမနေလောက်တော့ဘူးလို့ ငါ ထင်တယ်"

တခြားစစ်ဆေးရေးမှူးများကလည်း ရယ်မောလိုက်ကြ၏။

တခြားကျောင်းတော်သားများ မည်သို့ပင်ပြုလုပ်နေပါစေ သူတို့သည် လုယွီ၏အောင်မြင်မှုများကို ယှဥ်ပြိုင်နိုင်မည်မဟုတ်ချေ။

လုယွီသည် ဖရိုဖရဲဖြစ်စဥ်များကိုတည်ငြိမ်စေကာ နတ်ဆိုးကျင့်ကြံသူများကို နှိမ်နင်းခဲ့ပြီး ဝင်္ကပါကြီးတစ်ခုကိုခင်းကျင်း၍ သန်းနှင့်ချီသောရန်သူများကို သတ်ဖြတ်ခဲ့ခြင်းမှာ ပထမတန်းစား တိုက်ပွဲအကျိုးဆောင်မှုပင်။အကယ်၍ ဤကိစ္စသည် လက်တွေ့ဖြစ်ရပ်မှန်သာဖြစ်ပါက လုယွီသည် ရာထူးအဆင့်လေး ငါးဆင့်ခန့် ဆက်တိုက်မြင့်တက်သွားနိုင်ကာ တော်ဝင်မြို့တော်၌ တာဝန်ထမ်းဆောင်ရန်ပင် အရည်အချင်းပြည့်မီနေလေပြီ။

ဤတိုက်ပွဲအကျိုးဆောင်မှုဖြင့် သူသည် တခြားကျောင်းတော်သားများကို နောက်ကောက်ချရန် လုံလောက်နေသည်။

အိမ်ရှေ့စံမင်းသားက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုသည်။

"သူက လင်ကျိုးစီရင်စုကို ဆုံးရှုံးခဲ့တယ်...ငါ့အထင်တော့ သူက နန်းတွင်းစာမေးပွဲကို ကျရှုံးသွားပြီ"

လူတိုင်းသည် တုန်လှုပ်ချောက်ချားစွာဖြင့် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ကြ၏။

လုယွီထံ၌ အင်အားအနည်းငယ်သာကျန်ရှိတော့ကြောင်း သူတို့အားလုံး တွေ့မြင်ပြီးဖြစ်သည်။အကယ်၍ သူသာ မြို့ကိုဆက်လက်၍ ခုခံကာကွယ်နေပါက မြို့ပျက်စီးသွားကာ အဆုံးသတ်၌ လူများအားလုံး သေဆုံးသွားပေလိမ့်မည်။

နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများအားလုံးကို အမြစ်ပြတ်သုတ်သင်ခဲ့သော လုယွီ၏တန်ပြန်တိုက်ခိုက်မှုအရည်အချင်းသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာပင်။

ကျန်းရွှမ်စဲက သူ၏ခေါင်းကို ခါယမ်းလိုက်သည်။

"အရှင့်သား...အရေးအကြီးဆုံးအချက်က စီရင်စုထဲကလူတွေရဲ့ စိတ်နှလုံးသားပဲ...ဒီနေရာမှာ လင်ကျိုးစီရင်စုက လူတွေရှိနေသရွေ့ လင်ကျိုးစီရင်စုလည်း ရှိနေမှာပဲ...လူတွေက လုယွီကို အသိအမှတ်ပြုနေသရွေ့ လုယွီက လင်ကျိုးစီရင်စုသခင်ပဲ...ဒီအချက်က ဘယ်လိုနည်းနဲ့မှ ပြောင်းလဲသွားမှာမဟုတ်ဘူး"

Chapter 3178

ကျန်းရွှမ်စဲသည် တစ်ချိန်က မင်းသားများကိုစာပေသင်ကြားပေးခဲ့သူဖြစ်ပြီး အိမ်ရှေ့စံမင်းသား၏ဆရာသခင်လည်း ဖြစ်ခဲ့သဖြင့် အတိုက်အခံလုပ်၍ ပြောဆိုနိုင်သည်။

အိမ်ရှေ့စံမင်းသားက အပြုံးနှင့်ပြောဆိုလေ၏။

"ဒါက နန်းတွင်းစာမေးပွဲရဲ့စည်းမျဥ်းအရပဲ...သူက လင်ကျိုးစီရင်စုကနေ ထွက်ခွာလာတာနဲ့...လင်ကျိုးစီရင်စုသခင်မဟုတ်တော့ဘူးလို့ ယူဆနိုင်တယ်...လင်ကျိုးစီရင်စုက အခုချိန်မှာ မြေကြီးထဲကို လုံးလုံးလျားလျား နစ်မြုပ်သွားပြီ....သူက လင်ကျိုးစီရင်စုကို ဆုံးရှုံးသွားပြီ....ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီမှာ လင်ကျိုးစီရင်စုသခင်ဆိုတဲ့ အဆင့်အတန်းမျိုး မရှိတော့ဘူး"

ထိုစကားဆုံးသည်နှင့် အိမ်ရှေ့စံမင်းသားက သူ၏လက်ကိုဝှေ့ယမ်းကာ ဆက်လက်ပြောဆိုသည်။

"ကောင်းပြီလေ...အမိန့်တော်ကို ထုတ်ပြန်လိုက်တော့...ရွေးချယ်ခံလုယွီက လင်ကျိုးစီရင်စုသခင်ဆိုတဲ့အဆင့်အတန်းကို ဆုံးရှုံးခဲ့တာကြောင့် သူက နန်းတွင်းစာမေးပွဲကို ကျရှုံးသွားပြီ...သူ့ကို ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲကနေ ဖယ်ထုတ်လိုက်ကြစမ်း"

ပတ်ဝန်းကျင်ရှိ စစ်ဆေးရေးမှူးများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။

အိမ်ရှေ့စံမင်းသားသည် သူတို့နှင့်တိုင်ပင်ဆွေးနွေးခြင်းပင်မပြုဘဲ လုယွီကို တိုက်ရိုက်ထုတ်ပယ်ရန် ဆုံးဖြတ်ခဲ့လေ၏။

အကယ်၍ သာမာန်ကျောင်းတော်သားတစ်ယောက်ဆိုပါက သူတို့အားလုံး မသိကျိုးကျွံပြုနေ၍ရသည်။သို့ရာတွင် လုယွီသည် မည်သူဖြစ်သနည်း။

သူသည် စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲနှစ်ခုလုံးတွင် ပထမနေရာကိုရရှိခဲ့သူပင်။

တာယွီအင်ပါယာ စတင်တည်ထောင်ခဲ့စဥ်မှစ၍ သူကဲ့သို့ပါရမီရှင်မျိုး ထွက်ပေါ်လာသည်မှာ ဆယ်ယောက်မပြည့်ချေ။

ထိုပါရမီမျိုးသည် မည်သည့်နေရာမျိုးသို့ ရောက်ရှိနေပါစေ အစဥ်အမြဲ တောက်ပနေပေမည်။သို့ရာတွင် အကယ်၍ သူသာ နန်းတွင်းစာမေးပွဲမှ ထုတ်ပယ်ခြင်းခံလိုက်ရပါက သူသည် ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ ရယ်စရာပြက်လုံးကြီး ဖြစ်သွားပေမည်။

ထိုအချိန်ကျပါက လုယွီသည် စာပေနှင့်တိုက်ခိုက်ရေးစာမေးပွဲနှစ်ခုလုံးတွင် ပထမရခဲ့ခြင်းမှာ အရေးမပါသောအရာ ဖြစ်သွားရုံသာမက သူ့အား လူအများမှ လှောင်ပြောင်သရော်ကြပေမည်။

ဘဝအနိမ့်အမြင့်အကြားတွင် လုယွီ ရူးသွပ်မသွားလျှင်ပင် သူ၏စိတ်ပိုင်းဆိုင်ရာ၌ ပြောင်းလဲမှုတချို့ ရှိသွားနိုင်သည်။

စစ်ဆေးရေးမှူးတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ကြ၏။အိမ်ရှေ့စံမင်းသားသည် စစ်ဆေးရေးမှူးခေါင်းဆောင်ဖြစ်သည်မှာ အမှန်ဖြစ်သော်လည်း အင်ပါယာတစ်ခု၏အိမ်ရှေ့စံမင်းသားဖြစ်သော သူ၏စိတ်ပိုင်းဆိုင်ရာမှာ အနည်းငယ်ကလေးကလားဆန်နေသည်။

မည်သို့ပင်ဆိုစေကာမူ လုယွီသည် ပါရမီရှင်တစ်ယောက်ဖြစ်ကာ တာယွီအင်ပါယာ၏ကျောင်းတော်သားတစ်ယောက်လည်းဖြစ်သည်။ဤကဲ့သို့ အရည်အချင်းကောင်းများရှိသော ကျောင်းတော်သားတစ်ယောက်ကို ယခုလက်ရှိချိန်တွင် ဖိနှိပ်ရမည့်အစား သူ့ကို အရေးပါသောနေရာတစ်နေရာ၌ တာဝန်ပေးသင့်သည်။

သူ၏ဖခင်ဖြစ်သူနှင့် နှိုင်းယှဥ်ပါက အိမ်ရှေ့စံမင်းသား ယခုလက်ရှိ ထုတ်ဖော်ပြသနေသော နည်းလမ်းများသည် မိုးနှင့်မြေတမျှကွာခြားကာ မည်သို့မျှ မယှဥ်သာချေ။

သို့ရာတွင် စစ်ဆေးရေးမှူးများ မည်သို့ပင်တွေးတောနေပါစေ အိမ်ရှေ့စံမင်းသားသည် ယခုတစ်ကြိမ်နန်းတွင်းစာမေးပွဲ၏ စစ်ဆေးရေးမှူးခေါင်းဆောင်ပင်။

အိမ်ရှေ့စံမင်းသား၏အမိန့်နှင့်အတူ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီ၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်း၏လှုပ်ရှားမှုများ ရပ်တန့်သွားသည်။

ချင်ယုသည် လုယွီကို တစ်စုံတစ်ခုမေးမြန်းရန် ဟန်ပြင်လိုက်သော်လည်း သူ၏မျက်နှာ အေးခဲတောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ချေ။

လုယွီက မိုးကောင်းကင်ယံကိုမော့ကြည့်လိုက်ရာ ထင်ရှားပြတ်သားသော အက်ကွဲကြောင်းတစ်ခုကို တွေ့မြင်မိသည်။ထိုအက်ကွဲကြောင်းအတွင်းမှ တံဆိပ်ပြားတစ်ခု ပျံဝဲထွက်လာကာ သူ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည်။

ဤသည်က အိမ်ရှေ့စံမင်းသား၏အကြံအစည်ဖြစ်ကြောင်း လုယွီ သိရှိပေ၏။

အိမ်ရှေ့စံမင်းသားသည် သူ့အား တစ်ချိန်လုံး ပစ်မှတ်ထားနေခဲ့သည်။စာပေစာမေးပွဲ၌ဖြစ်စေ တိုက်ခိုက်ရေးစာမေးပွဲ၌ဖြစ်စေ အကယ်၍ သူ၏ထူးချွန်သောစွမ်းအားကြောင့်သာမဟုတ်ပါက အိမ်ရှေ့စံမင်းသား၏ဆန္ဒအတိုင်း သူ ကျရှုံးရပေမည်။

လုယွီသည် စွန့်စား၍ အလောင်းအစားတစ်ခုပြုလုပ်ခဲ့ခြင်းပင်။သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာ၌ အတွေးတစ်ခုရှိနေသည်။

သူတွေးတောထားသောအရာသာ အမှန်ဖြစ်လာပါက ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင် အလွန်အံ့အားသင့်ဖွယ်ကိစ္စတစ်ခု ဖြစ်ပေါ်လာပေမည်။

မည်သို့ပင်ဆိုစေကာမူ နန်းတွင်းစာမေးပွဲ၌ သူ ကျရှုံးသွားလျှင်ပင် ဤလောကကြီးတွင် ရပ်တည်နိုင်သည့် နည်းလမ်းအမြောက်အများ သူ့ထံတွင်ရှိနေသဖြင့် လုယွီသည် စိုးရိမ်ပူပန်ခြင်းမရှိချေ။

မိုးကောင်းကင်ယံမှ ကျရောက်လာသော တံဆိပ်ပြားသည် လုယွီ၏ရှေ့၌ လှည့်ပတ်၍ ပျံဝဲနေသည်။

ထိုတံဆိပ်ပြား၏မျက်နှာပြင်ပေါ်တွင် ရစ်ခွေနေသောရွှေနဂါးတစ်ကောင်၏ ကြီးကျယ်ခမ်းနားသောပုံစံကို ရှိနေလေ၏။

ထိုအရာပေါ်တွင် ရွှေရောင်စာလုံးကြီးလေးလုံးကိုလည်း ရေးထွင်းထားသည်။

ဤသည်မှာ 'ငါ အရှင်ကိုယ်တိုင် ကြွချီ လာသကဲ့သို့'ဟူ၍ပင်။

ဤသည်က ရှန်လင်းလုံ တော်ဝင်မြို့တော်မှ ထွက်ခွာမသွားမှ အိမ်ရှေ့စံမင်းသားကို ပေးအပ်ခဲ့သော လက်ဆောင်ဖြစ်သည်။

ထိုတံဆိပ်ပြားနှင့်ဆိုပါက အိမ်ရှေ့စံမင်းသားသည် အလွန်မြင့်မားသောအခွင့်အာဏာကို အသုံးပြုနိုင်ပေ၏။

အမှန်အားဖြင့် အိမ်ရှေ့စံမင်းသားသည် အိမ်ရှေ့စံဖြစ်လာနိုင်သည့် အရည်အချင်းမျိုးမရှိချေ။သို့ရာတွင် ရှန်လင်းလုံထံတွင်လည်း သင့်လျော်သောအရည်အချင်းမျိုး ရှိမနေပေ။ထို့ကြောင့် ရှန်လင်းလုံသည် အကျိုးအပြစ်ကိုချိန်ဆကာ ကျိုးမိသားစုဝင်တစ်ယောက်ကို အိမ်ရှေ့စံနေရာ ပေးအပ်ခဲ့ခြင်းပင်။

ထိုတံဆိပ်ပြားနှင့်ဆိုပါက အိမ်ရှေ့စံမင်းသားသည် နန်းတွင်းစာမေးပွဲ၏ အစစ်အမှန်ခေါင်းဆောင်ဖြစ်သွားလေပြီ။

"ကျောင်းတော်သား လုယွီ...မင်းရဲ့လင်ကျိုးစီရင်စုသခင်ဆိုတဲ့အဆင့်အတန်း ဆုံးရှုံးသွားတာကြောင့်...မင်းက နန်းတွင်းစာမေးပွဲမှာ ကျရှုံးသွားပြီ...ခုချက်ချင်း ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲကနေ ထွက်လာခဲ့စမ်း"

တံဆိပ်ပြားထံမှနေ၍ အိမ်ရှေ့စံမင်းသား၏အေးစက်စက်အသံ ထွက်ပေါ်လာသည်။

Chapter 3179

အိမ်ရှေ့စံမင်းသား စကားတစ်ခွန်း ပြောဆိုလိုက်သည့်အချိန်တိုင်း ပတ်ဝန်းကျင်ရှိလေဟာနယ်အတွင်း၌ မြင့်မြတ်သောမိုးကြိုးလှိုင်းများက ပဲ့တင်ထပ်သွားသည်။ထိုစကားလုံးများသည် လောကကြီးအတွင်းရှိ လူများအားလုံးလိုက်နာရသော မိုးကောင်းကင်၏ဥပဒေသတစ်ရပ်နှင့် တူညီနေသည်။

အိမ်ရှေ့စံမင်းသားသည် ဧကရာဇ်၏လက်ဆောင်တံဆိပ်ပြားကို အသုံးပြုထားသဖြင့် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ အုပ်ချုပ်သူဧကရာဇ်များသာ အသုံးပြုနိုင်သော နည်းလမ်းမျိုးကို အသုံးပြုခွင့် ရရှိထားလေ၏။

လုယွီက ခေါင်းမော့ကာ လေထုအတွင်း၌မျောလွင့်နေသော တံဆိပ်ပြားကို ကြည့်လိုက်သည်။

"လင်ကျိုးစီရင်စုသခင်ဆိုတဲ့ ငါ့ရဲ့အဆင့်အတန်းက ခုထိမဆုံးရှုံးသေးဘူး...ဘာလို့ မင်းက ငါ့ကို နန်းတွင်းစာမေးပွဲမှာ ကျရှုံးသွားပြီလို့ ဆုံးဖြတ်တာလဲ"

"အဓိပ္ပါယ်မရှိတာတွေ...မင်းမှာ လင်ကျိုးစီရင်စုသခင်ဆိုတဲ့အဆင့်အတန်း ဘယ်မှာရှိနေလို့လဲ...ငါ ဘာလို့ အဲ့ဒါကို မတွေ့ရတာလဲ"

အိမ်ရှေ့စံမင်းသား၏အသံက တံဆိပ်ပြားမှနေ၍ ထပ်မံ၍ထွက်ပေါ်လာသည်။

အိမ်ရှေ့စံမင်းသား၏အသံ လွင့်ပြယ်သွားသောအချိန်မှာပင် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှနေ၍ တွန်းကန်အားတစ်ရပ်ထွက်ပေါ်လာကာ လုယွီကို လေဟာနယ်အတွင်းသို့ အတင်းအကြပ်တွန်းထုတ်လေ၏။

ဤသည်က လုယွီကို ချေပငြင်းဆန်ရန် အခွင့်အရေးတစ်ခုတစ်လေမျှ မပေးခြင်းပင်။

တခြားစစ်ဆေးရေးမှူးများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သက်ပြင်းရှိုက်လိုက်ကြသည်။

အကယ်၍ သူတို့သည် လုယွီကိုကာကွယ်ပေးလိုပါက သူတို့ကိုယ်သူတို့ အရင်ဆုံးကာကွယ်နိုင်ရန် လိုအပ်သည်။ထိုသို့မဟုတ်ပါက နောင်တစ်ချိန်တွင် အိမ်ရှေ့စံမင်းသား နန်းမွေဆက်ခံသည်နှင့် သူတို့ပေါ်တွင် အန္တရာယ်ကျရောက်လာနိုင်သည်။

ပါရမီရှင်တစ်ယောက်ကို ဆွဲခေါ်ထားနိုင်ရန်မှာ အရေးကြီးသော်လည်း သူတို့၏ကိုယ်ပိုင်အကျိုးအမြတ်များကို ဆုံးရှုံးခံ၍ မည်သူကမျှ ရှေ့ထွက်ပြောဆိုမည်မဟုတ်ချေ။

ကျန်းရွှမ်စဲသည်ပင်လျှင် ထိုကဲ့သို့အတွေးမျိုးရှိနေသည်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ လုယွီ၏ပုံရိပ်သည် တဖြည်းဖြည်းဝေဝါးစပြုလာသော်လည်း သူ၏မျက်နှာပေါ်၌ မည်သည့်ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်မျှ ရှိမနေချေ။

သူ၏မျက်လုံးအကြည့်သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ တော်ဝင်မြို့တော်ရှိနေသောဘက်တွင်သာ စူးစိုက်၍ကျရောက်နေသည်။

ထိုနေရာမှနေ၍ တောက်ပသောအလင်းတန်းတစ်တန်းသည် တစတစ ပို၍ကြီးမားလာကာ ဤနေရာထံဦးတည်၍ ပျံသန်းလာပေ၏။

"ဒါက...."

စစ်ဆေးရေးမှူးများသည် ထိုမြင်ကွင်းကိုမြင်တွေ့စဥ်တွင် သူတို့၏မျက်လုံးများကျဥ်းမြောင်းသွားကာ ထိုမြင်ကွင်းကို စူးစိုက်၍ကြည့်နေကြသည်။

ထိုရွှေရောင်အလင်းတန်း တဖြည်းဖြည်း နီးကပ်လာချိန်တွင် အရှင်သခင်တစ်ယောက်၏ကြီးကျယ်ခမ်းနားသောအရှိန်အဝါမျိုးက ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ ဆင်းသက်လာသည်။

ဤသည်က တော်ဝင်အမိန့်တော်ပင်။

ထိုအရာသည် လင်ကျိုးစီရင်စု၏လေဟာနယ်တားမြစ်အမိန့်တော်နှင့် ကွဲပြားခြားနားပေ၏။ဤတော်ဝင်အမိန့်တော်၏ မြင့်မြတ်ပြီးကြီးကျယ်ခမ်းနားသော အရှိန်အဝါသည် ယခင်က တော်ဝင်အမိန့်တော်နှစ်ခုထက် များစွာပို၍ ကျော်လွန်နေသည်။

တော်ဝင်အမိန့်တော်သည် လေထုအတွင်း၌ မျောလွင့်နေကာ ရုတ်တရက် ပေတစ်သိန်းခန့်မြင့်မားသော ရွှေရောင်အလင်းတန်းကြီးထွက်ပေါ်လာပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဤရွှေရောင်အလင်းတန်း၏အောက်တွင် အိမ်ရှေ့စံမင်းသား၏တံဆိပ်ပြားသည် အလွန်အမင်းမှေးမှိန်နေပေ၏။

ထိုတော်ဝင်အမိန့်တော်ပေါ်၌'လင်ကျိုးစီရင်စုရဲ့ စီရင်စုသခင် လုယွီ မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ အုပ်ချုပ်သူအဖြစ်တာဝန်ထမ်းဆောင်ဖို့ အမိန့်နာခံစေ...ငါ အရှင်ကိုယ်တိုင် ကြွချီလာသကဲ့သို့ ခန့်အပ်လိုက်တယ်'ဟူသော စာကြောင်းနှစ်ကြောင်းကို ရေးသားထားသည်။

ထိုအရာသည် စာလုံးအနည်းငယ်သာဖြစ်သော်လည်း မေးခွန်းထုတ်ဖွယ်မရှိသော ကြီးကျယ်ခမ်းနားမှုကို ထုတ်လွှတ်ထားသည်။လူအများသည် ထိုအရာကို တစ်ချက်ကြည့်မိရုံဖြင့် အလွန်အမင်းမြင့်မြတ်သော ဧကရာဇ်တစ်ပါး သူတို့ရှေ့သို့ ရောက်ရှိလာသည့်အလား သူတို့စိတ်နှလုံးသားများ၏နက်ရှိုင်းသောနေရာတွင် မည်သည့်ငြင်းဆန်နိုင်မှုမျိုးမျှမရှိနိုင်သကဲ့သို့ ခံစားရစေသည်။

ကျန်းရွှမ်စဲနှင့်တခြားစစ်ဆေးရေးမှူးများအားလုံး မတ်တတ်ထရပ်ကာ တည်ကြည်လေးနက်သောအမူအယာများဖြင့် ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

ထိုတော်ဝင်အမိန့်တော်ပေါ်မှစာလုံးများကို သွားလေသူဧကရာဇ်ထိုက်ချမ်ကိုယ်တိုင် ရေးသားခဲ့ခြင်းပင်။

တခြားစကားပြောင်းဆိုရလျှင် ဤဟွမ်လျန့်အိမ်မက်ကမ္ဘာသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စိတ်ဆန္ဒအဖြစ်သို့ ပြောင်းလဲသွားလေပြီ။

ဤသည်က အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ကောင်းသောကိစ္စပင်။

ကောင်းကင်ဘုံနယ်မြေတစ်ခုလုံး၏ အကြွင်းမဲ့အရှင်သခင်တစ်ယောက်ဖြစ်သော ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏နာမည်ဂုဏ်သတင်းသည် တာယွီအင်ပါယာအတွင်းရှိမင်းဆက်များအားလုံး၏ အထွတ်အထိပ်သို့ရောက်ရှိလုနီးပါးပင်။

ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ် သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သော်လည်း တော်ဝင်နန်းတွင်းမှလူအများစုသည် သူ့အား ရိုသေလေးစားနေကြဆဲပင်။

အိမ်ရှေ့စံမင်းသား မဆိုထားနှင့် ရှန်လင်းလုံသည်ပင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ရှေ့၌ ထည့်သွင်းဖော်ပြရန် မထိုက်တန်ချေ။

ရှန်လင်းလုံသည် လူသားဧကရာဇ်ဓား၏ကူညီထောက်ပံမှုဖြင့် တာယွီအင်ပါယာ၏ဧကရာဇ်ဖြစ်လာခဲ့သည်။တခြားတစ်ဖက်တွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် သူ၏ကိုယ်ပိုင်ခွန်အားဖြင့် ကောင်းကင်ဘုံနယ်မြေရှိလူများအားလုံးကို ခြိမ်းခြောက်ကာ ရပ်တည်နိုင်ခဲ့သူဖြစ်သည်။ဤသည်က သူတို့နှစ်ယောက်ကြားရှိ အခြေခံကျသော ကွဲပြားခြားနားချက်ပင်။

ခရက်...ခရက်...

အိမ်ရှေ့စံမင်းသား ထိန်းချုပ်ထားသောတံဆိပ်ပြား ရုတ်တရက် အက်ကွဲသွားကာ 'ငါ အရှင်ကိုယ်တိုင် ကြွချီလာသကဲ့သို့'ဟူသောစာလုံး အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်။

ဧကရာဇ်ထိုက်ချမ်၏စိတ်ဆန္ဒရှေ့တွင် မည်သူကမျှ သူတို့ကိုယ်သူတို့ 'ငါ'ဟူသော စကားလုံးကို မသုံးနှုန်းဝံ့ချေ။

ရှန်လင်းလုံပင် ထိုကဲ့သို့ ပြုလုပ်နိုင်ခြင်းမရှိချေ။

ဝုန်း...

ပြင်းထန်သောပေါက်ကွဲသံတစ်သံက အိမ်ရှေ့စံမင်းသား၏နားနံဘေးတွင် ပေါက်ကွဲလာပြီးနောက် သူ့အား ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှမောင်းထုတ်ခြင်း ခံလိုက်ရတော့သည်။

Chapter 3180

အိမ်ရှေ့စံမင်းသား၏နတ်ဘုရားစိတ်အာရုံ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ တွန်းထုတ်ခံလိုက်ရသည်ကို မြင်တွေ့ချိန်တွင် တခြားစစ်ဆေးရေးမှူးများ ထိတ်လန့်တုန်လှုပ်သွားသည်။

ဟွမ်လျန့်အိမ်မက်ကမ္ဘာသည် ပုံရိပ်ယောင်သက်သက်ပင်။

သူတို့သည် ပုံရိပ်ယောင်အတွင်းမှ နိုးထလာသူမျိုးကို မြင်တွေ့ဖူးသော်လည်း ဟွမ်လျန့်အိမ်မက်ကမ္ဘာမှနေ၍ အလိုအလျောက် လူတစ်ယောက်ကို တွန်းထုတ်လိုက်သည့်ကိစ္စအား သူတို့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဘူးချေ။

ဘုန်း...

အိမ်ရှေ့စံမင်းသားသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှနိုးထလာပြီးနောက် သူ၏ခန္ဓာကိုယ် တုန်ခါသွားသည်။သူ၏မျက်နှာသည် အနည်းငယ်ဖြူရော်နေပေ၏။

ထို့နောက် သူ၏ပါးစပ်ထောင့်မှနေ၍ သွေးအနည်းငယ် ယိုစီးကျလာသည်။

"အရှင့်သား"

ပတ်ဝန်းကျင်တွေရှိနေသော မိန်းမစိုးများအားလုံး သူ့အားကူညီပေးရန်အတွက် အလျှင်အမြန် ပြေးလာကြသည်။

"မင်းတို့အားလုံး...ထွက်သွားကြစမ်း"

အိမ်ရှေ့စံမင်းသားက ထိုမိန်းမစိုးများကို တွန်းထုတ်လိုက်သည်။သူ၏မျက်လုံးများ အေးစက်တင်းမာနေကာ မည်သည့်စကားတစ်ခွန်းမျှမဆိုချေ။

ခန်းမအတွင်း၌ကျန်ရှိနေသော စစ်ဆေးရေးမှူးများအားလုံးသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ နစ်မြုပ်နေဆဲဖြစ်သဖြင့် အိမ်ရှေ့စံမင်းသား၏မျက်နှာအမူအယာကို မည်သူမျှသတိမပြုမိချေ။

အိမ်ရှေ့စံမင်းသားသည် စကားတစ်ခွန်းမျှမဆိုဘဲ လုယွီကို စူးစိုက်၍ကြည့်နေသည်။သူ တွေးတောနေသည့်အရာများကို မည်သူမျှမသိနိုင်ချေ။

ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌...

ကျန်းရွှမ်စဲမှဦးဆောင်ကာ တခြားစစ်ဆေးရေးမှူးများအားလုံး တော်ဝင်အမိန့်တော်ရှိနေသောနေရာသို့ ဦးညွှတ်အရိုအသေပြုနေကြ၏။

ဤသည်က ယခင်ဧကရာဇ်အပေါ်ထားရှိသော သူတို့၏ရိုသေလေးစားမှုပင်။ကျိုးထျန်းရင်သည် ကွယ်လွန်သွားပြီဖြစ်သော်လည်း သူ၏နာမည်ဂုဏ်သတင်းသည် ထိုဆက်ခံသူများ ယှဥ်ပြိုင်နိုင်မည့်အရာမျိုးမဟုတ်ချေ။

တော်ဝင်အမိန့်တော်က လုယွီ၏လက်အတွင်းသို့ ကျရောက်လာသည်။

ဤအချိန်အခိုက်အတန့်တွင် သူ၏နံဘေးပတ်ဝန်းကျင်ရှိ ကံကြမ္မာစွမ်းအားများ အဆများစွာ ပို၍မြင့်တက်သွားသည်ကို လုယွီက ခံစားမိလေ၏။

တော်ဝင်အမိန့်တော်သည် လုယွီကို ယခုလက်ရှိရာထူးအဆင့်ဖြစ်သော လင်ကျိုးစီရင်စုသခင်အဖြစ် သတ်မှတ်ခဲ့ရုံသာမက မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်သူအရှင်သခင်အဖြစ် ရာထူးတိုးမြှင့်ပေးခဲ့သည်။ဤသည်က နာမည်ခံရာထူးသက်သက်မဟုတ်သဖြင့် ဤဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီလက်ခံရရှိသော ကံကြမ္မာစွမ်းအားများ အဆများစွာ မြင့်တက်လာခဲ့သည်။

"ငါ အလောင်းအစားလုပ်ခဲ့တာ မှန်သွားပြီ...ဒီဟွမ်လျန့်အိမ်မက်ကမ္ဘာက ဧကရာဇ်ထိုက်ချမ်ရဲ့စိတ်ဆန္ဒကိုတောင် သိသိသာသာပြသနိုင်တာပဲ"

လုယွီထံတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏အကြွင်းအကျန်စိတ်ဝိညာဥ်ရှိနေသည်။ထို့ကြောင့် သူသည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏တည်ရှိမှုကို ဝိုးတဝါးအာရုံခံမိလေ၏။

သူ တော်ဝင်နန်းတွင်းသို့ အကူအညီတောင်းခံခဲ့ပြီးဖြစ်သည်။ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ ပြင်ပနှင့်ကွဲပြားခြားနားနေမည်ဟု သူ ယုံကြည်ခြင်းမရှိချေ။

အမှန်အားဖြင့် လုယွီသည် လင်ကျိုးစီရင်စုကို ဝိုင်းရံခံထားရခြင်းမှာ ဖောက်ထွက်ခဲ့ခြင်းမှာ တော်ဝင်အမိန့်တော်ရောက်ရှိလာမှုကို အာရုံခံနိုင်ခဲ့ခြင်းကြောင့်ပင်။

သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် အခွင့်ကောင်းယူ၍ သူ့အား ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ အရင်ဦးအောင်မောင်းထုတ်ခဲ့မည်ဟု သူ မျှော်လင့်မထားမိချေ။

"မင်း လှုပ်ရှားတာ အရမ်းစောလွန်းတယ်"

လုယွီက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

ဧကရာဇ်ထိုက်ချမ်၏တော်ဝင်အမိန့်တော်ကြောင့် အိမ်ရှေ့စံမင်းသား၏တံဆိပ်ပြား ချက်ချင်းကြေမွှပျက်စီးသွားကာ သူ၏ဧကရာဇ်အခွင့်အာဏာကို ဆုံးရှုံးသွားစေသည်။

ထို့ထက်ပို၍အရေးကြီးသောအချက်မှာ အိမ်ရှေ့စံမင်းသားသည် လုယွီကို ထုတ်ပယ်သည်ဟု ပြောဆိုခဲ့သော်လည်း သူ့အား ချက်ချင်း ပါးဖြတ်ရိုက်လိုက်သကဲ့သို့ပင်။ဤသည်က အိမ်ရှေ့စံမင်းသားကို သံသယဖြစ်ဖွယ်မရှိ ပါးဖြတ်ရိုက်ခြင်းဖြစ်ပြီး သူ့အား အရှက်ရစေခဲ့သည်။

ထို့ကြောင့် အိမ်ရှေ့စံမင်းသားသည် လုယွီကို ဆက်လက်၍ပစ်မှတ်ထားရန်မှာ မဖြစ်နိုင်လုနီးပါးပင်။

အိမ်ရှေ့စံမင်းသား၏တံဆိပ်ပြား ပျက်စီးသွားသည်နှင့် ချင်ယုနှင့်တခြားသူများသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်လေပြီ။

သူတို့သည် ရှေ့ရှိမြင်ကွင်းကိုစူးစိုက်ကြည့်ပြီး ထိတ်လန့်တုန်လှုပ်နေကြကာ အချိန်အတော်ကြာသည့်တိုင် အသိပြန်ဝင်လာကြခြင်းမရှိချေ။

လုယွီသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် နတ်ဆိုးကျင့်ကြံသူများနှင့်ပုန်ကန်သူများအားလုံးကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့သည်။ဤနည်းလမ်းကို စကားလုံးဖြင့်ပင် ဖော်ပြ၍မရနိုင်ချေ။

"အရှင်....ကျွန်တော်တို့ နောက်ထပ်ဘာဆက်လုပ်ရမလဲ"

ချင်ယုသည် အသိစိတ်ပြန်ဝင်လာကာ လုယွီကို မေးမြန်းလိုက်၏။

ယခုချိန်တွင် ဆောင်းရာသီသို့ ရောက်ရှိနေလေပြီ။

ဤဆောင်းရာသီကို ကျော်ဖြတ်နိုင်သရွေ့ လုယွီသည် နန်းတွင်းစာမေးပွဲကို အောင်မြင်နိုင်ပေမည်။

လင်ကျိုးစီရင်စု၏ စစ်သားများနှင့်မြို့သူမြို့သားများအားလုံး လုယွီကို ကြည့်လိုက်ကြသည်။

မိုးကောင်းကင်ယံအတွင်းရှိ စစ်ဆေးရေးမှူးများသည် လုယွီ၏ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေသည်။

"ဒီနှင်းတွေအောက်မှာ တစ်ချိန်က လင်ကျိုးစီရင်စုလို့ခေါ်တဲ့ မြို့တစ်မြို့ရှိခဲ့တယ်"

လုယွီက သူ့ရှေ့ရှိ နှင်းလွင်ပြင်ကြီးကိုကြည့်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုလိုက်၏။

"အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေ ရောက်လာခဲ့ပြီးတော့ ငါတို့ အမြဲတမ်းနေထိုင်ခဲ့တဲ့ ငါတို့ရဲ့အိမ်ကို ကျူးကျော်တိုက်ခိုက်ခဲ့တယ်...ဒီမြေပေါ်မှာ မင်းတို့ရဲ့မိသားစုဝင်တွေနဲ့ မိတ်ဆွေအပေါင်းအသင်းတွေ သေဆုံးသွားခဲ့တယ်"

"ငါ အရှက်မရချင်ဘူး...ငါက သေဆုံးသွားတဲ့လူတွေအားလုံးအတွက် လက်စားချေမယ်...ငါ့နောက်ကိုလိုက်ချင်တဲ့ ဘယ်သူမဆို ငါနဲ့အတူလိုက်လာနိုင်တယ်...ဆန္ဒမရှိတဲ့သူတွေကတော့ အခုချက်ချင်း ထွက်သွားနိုင်တယ်...ငါ မင်းတို့ကို ဖိအားပေးမှာမဟုတ်ဘူး"

All Chapters