အခန်း (၃၁၈၆-၃၁၉၀)
Vol. 163 Ch. 3186-3190
Chapter 3186
လုယွီက မိုးကောင်းကင်မီးတောက် မဟာစစ်ဗိုလ်ချုပ်၏ရှေ့သို့ လျှောက်လှမ်းသွားကာ ထိုင်ချလိုက်၏။
နတ်ဆိုးကျင့်ကြံသူတစ်စု ထွက်ပေါ်လာကာ လက်နက်သိုလှောင်ခန်းအတွင်းသို့ ဝင်ရောက်လာရန် ဟန်ပြင်လိုက်ကြသည်။သို့ရာတွင် မဟာစစ်ဗိုလ်ချုပ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
"ငါ့မျက်လုံးအောက်ကနေ ထွက်သွားကြစမ်း...အထဲကိုဝင်လာတဲ့ ဘယ်သူမဆို သေရမယ်"
ဘုန်း...
တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ရပ်က မဟာစစ်ဗိုလ်ချုပ်၏ခန္ဓာကိုယ်မှ ပွင့်အံ့ထွက်လာသည်။ဤသည်က သေအံ့မူးမူးကျားတစ်ကောင်ထံမှ ရုတ်တရက် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပွင့်အံ့ထွက်လာသကဲ့သို့ပင်။
ထိုအရှိန်အဝါသည် အနှစ်သာရအလား ကျစ်လစ်သိပ်သည်းနေကာ လက်နက်သိုလှောင်ခန်းမှ ပွင့်အံ့ထွက်လာပြီး ပြင်ပသို့ကျရောက်သွားသည်။ရှေ့သို့ပြေးဝင်လာသော နတ်ဆိုးကျင့်ကြံသူများအားလုံး အံ့အားသင့်တုန်လှုပ်သွားကာ သူတို့သည် အဆက်မပြတ်နောက်ဆုတ်လိုက်ကြပြီး လက်နက်သိုလှောင်ခန်းအနီးသို့ မချဥ်းကပ်ဝံ့ကြချေ။
မဟာစစ်ဗိုလ်ချုပ်က သူ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့ရှေ့ရှိတံခါးပိတ်သွားပြီး အခန်းအတွင်း၌ သူနှင့်လုယွီသာ ကျန်ရှိတော့သည်။
လုယွီသည် အေးဆေးတည်ငြိမ်နေဆဲပင်။သူသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ အားအကောင်းဆုံး ထိပ်သီးကျင့်ကြံသူနှင့် မျက်နှာချင်းဆိုင်ရှိသည့်တိုင် အနည်းငယ်မျှပင် ထိတ်လန့်ကြောက်ရွံခြင်းမရှိချေ။
"တော်ဝင်နန်းတွင်းကို သစ္စာဖောက်ပြီးကတည်းက မင်း ဒီလိုမျိုးနေ့တစ်နေ့ကို ရောက်လာမယ်ဆိုတာ ကြိုပြီးတွေးထားသင့်တယ်...အခုက အရမ်းနောက်ကျသွားပြီ...မိုးကောင်းကင်မီးတောက်ကုန်းမြေက တော်ဝင်နန်းတွင်းကို သစ္စာဖောက်ပြီးတော့ နတ်ဆိုးဂိုဏ်းတွေနဲ့ ပြောင်ပြောင်တင်းတင်းပူးပေါင်းခဲ့တာက တော်ဝင်နန်းတွင်းရဲ့ကြီးလေးတဲ့တားမြစ်ချက်ကို ဖောက်ဖျက်ခဲ့တာပဲ...ငါ ဒီနေ့ ဒီနေရာကိုရောက်လာတာက မင်းကို သတ်ဖို့ပဲ"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
လုယွီသည် လောကီအင်မော်တယ်တစ်ယောက်ဖြစ်ကာ မြေကမ္ဘာအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်နေရသော်လည်း သူသည် မဟာစစ်ဗိုလ်ချုပ်ထက် အဆင့်အတန်း ပို၍မြင့်မားသည်။
ဤှသည်က တာယွီအင်ပါယာတွင် ရှားပါးသောကိစ္စမျိုး မဟုတ်ချေ။တော်ဝင်နန်းတွင်းမှခန့်အပ်ထားသော ရာထူးအရ အကယ်၍ သူသည် သိုင်းသူတော်စင်တစ်ယောက် ဖြစ်နေလျှင်ပင် မြေကမ္ဘာအင်မော်တယ် သို့မဟုတ် ရွှယ်အင်မော်တယ်တစ်ယောက် ရှိနေလျှင်ပင် သူ ပြောင်ပြောင်တင်းတင်းနှင့်အကြောက်အလန့်ကင်းမဲ့စွာ ပြောဆိုဆက်ဆံဝံ့သည်။
ဤသည်က တာယွီတော်ဝင်နန်းတွင်းမှ ပေးအပ်ထားသော အခွင့်အာဏာစွမ်းအားပင်။
ဤစွမ်းအားမျိုးသည် ပြင်ပရှိမြင့်မြတ်နယ်မြေများ သို့မဟုတ် ဂိုဏ်းများမှ ရရှိနိုင်သော တစ်စုံတစ်ခုမဟုတ်ချေ။
မဟာစစ်ဗိုလ်ချုပ်က ခါးသည်းသောအပြုံးနှင့် သူ၏ခေါင်းကိုခါယမ်းလိုက်၏။
"တကယ်တော့ ငါက ဒီနေ့လိုအကျိုးဆက်မျိုး ရှိလာမယ်ဆိုတာကို သိပြီးသားပါ...ဒါပေမယ့် တကယ်လို့ ငါ့နေရာမှာ မင်းဆိုရင် ဒီနေရာကနေထွက်လာပြီးတော့ တော်ဝင်နန်းတွင်းရဲ့လက်အောက်မှာ ဆက်ပြီးတာဝန်ထမ်းဆောင်နိုင်မှာလား"
လုယွီ စကားမပြောဆိုသည်ကိုကြည့်ပြီး မဟာစစ်ဗိုလ်ချုပ်၏လေသံ ပို၍ညင်သာသွားသည်။
"မိုးကောင်းကင်မီးတောက်ကုန်းမြေမှာ အကျင့်ပျက်ခြစားမှုတွေရှိနေတာ အချိန်ကြာနေပြီဆိုတာကို မင်း သိထားပြီးသားဖြစ်မှာပါ...ဒီနေရာက တော်ဝင်နန်းတွင်းရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေပေမယ့် လျှို့ဝှက်မွေးမြူထားတဲ့ ဂိုဏ်းတွေအများကြီးရှိတယ်...သွေးနတ်ဆိုးဂိုဏ်းက နတ်ဆိုးဂိုဏ်းတွေရဲ့နံပါတ်တစ်ထိပ်သီးဂိုဏ်းဆိုတာ နာမည်ခံအရပဲ...ဒါပေမယ့် တကယ်က...အဲ့ဒီဂိုဏ်းရဲ့နောက်မှာ ပိုပြီးအစွမ်းထက်တဲ့ အင်အားစုကြီးရှိနေတယ်"
"ရှေးဟောင်းအလယ်ခေတ်ရဲ့ မြင့်မြတ်ဘုရားကျောင်းလား"
လုယွီက မေးမြန်းသည်။
မဟာစစ်ဗိုလ်ချုပ်က ခေါင်းညိတ်ပြကာ လုယွီသိရှိနေခြင်းအပေါ် အံ့အားသင့်သွားပုံမရချေ။
"ကြည့်ရတာတော့ မင်း အရင်ကတည်းက သတင်းရထားတဲ့ပုံပဲ...အဲ့ဒီအင်အားစုက အလယ်ခေတ်ကဆင်းသက်လာတဲ့ တည်ရှိမှုကြီးပဲ...တကယ်တော့ ငါတို့ခြေထောက်အောက်မှာရှိနေတဲ့ မိုးကောင်းကင်မီးကောက်ကုန်းမြေက အလယ်ခေတ်တုန်းက မြင့်မြတ်ဘုရားကျောင်းရဲ့ဌာနချုပ်ပဲ...မိုးကောင်းကင်မီးတောက်က ကောင်းကင်နဲ့မြေပြင်အကြားက သဘာဝမှော်ရတနာမဟုတ်ဘူး...ဒါက မြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်ရဲ့ ပြန်လည်ဝင်စားခြင်းစိတ်ဝိညာဥ်မီးတောက်ပဲ...မိုးကောင်းကင်မီးတောက် ကျဆင်းလာတဲ့အချိန်မှာ မြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်ရဲ့ ပြန်လည်ဝင်စားခြင်း စတင်ခဲ့တာပဲ"
"တစ်ခါတစ်ရံမှာ သူက မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ ထင်ရှားကျော်ကြားတဲ့သူအဖြစ်နဲ့ မွေးဖွားလာတယ်...တစ်ခါတစ်ရံမှာ သူက သေမျိုးတစ်ယောက်အဖြစ်နဲ့ ပြန်လည်ဝင်စားပြီးတော့ သူ့ရဲ့ဘဝကို ဆင်းဆင်းရဲရဲနဲ့ ကုန်လွန်သွားစေတယ်"
"ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက မြင့်မြတ်ဘုရားကျောင်းနဲ့ပတ်သတ်တဲ့ ခြေရာလက်ရာတချို့ကို ငါ ရှာတွေ့ခဲ့တယ်...သူတို့ရဲ့အရိပ်အယောင်တွေက နတ်ဆိုးဂိုဏ်းတွေအများကြီးမှာရှိနေတယ်....အဲ့ဒီနတ်ဆိုးဂိုဏ်းတွေက အချင်းချင်း တိုက်ခိုက်နေကြပြီးတော့ သူတို့ကြားမှာ ရန်ငြိုးတွေရှိနေတဲ့ပုံပဲ...ဒါပေမယ့် တကယ့်အဖြစ်မှန်က အဲ့ဒီဂိုဏ်းတွေကြားမှာ ဆက်သွယ်မှုတွေရှိနေတယ်"
"ငါက အဲ့ဒီအရိပ်အယောင်တွေကို စုံစမ်းစစ်ဆေးဖို့ တော်ဝင်နန်းတွင်းဆီ သတင်းပို့စာလွှာပေးပို့ခဲ့တယ်...မဟာစစ်ဗိုလ်ချုပ်ဖြစ်တဲ့ ငါက အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ...မကြာခင်မှာပဲ အဲ့ဒီဂိုဏ်းတွေရဲ့နောက်မှာရှိတဲ့ အင်အားစုက ရှေးဟောင်း အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့ မြင့်မြတ်ဘုရားကျောင်းတစ်ခုဆိုတာ ငါ သိခဲ့ရတယ်...ပြီးတော့ သူတို့ဂိုဏ်းခေါင်းဆောင် ပြန်လည်ဝင်စားတဲ့ကိစ္စကိုရောပဲ...သူတို့က မိုးကောင်းကင်မီးတောက်ကုန်းမြေမှာ ရှေ့ပြေးအရိပ်အယောင်တွေ ကြိုပြီးမြှုပ်နှံ့ထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
မဟာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သောအမူအယာ ထင်ဟပ်လာသည်။
"ငါက စုံစမ်းစစ်ဆေးရခဲ့တဲ့ အဲ့ဒီသတင်းအချက်အလက်တွေအားလုံးကို တော်ဝင်နန်းတွင်းဆီ သတင်းပို့ဖို့စီစဥ်ခဲ့တယ်...ဒါပေမယ့် အဲ့ဒါက ငါ့ရဲ့အိမ်မက်ဆိုးအစဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
Chapter 3187
လုယွီက မေးမြန်းသည်။
"မြင့်မြတ်ဘုရားကျောင်းကလူတွေ မင်းကို လာရှာတာလား"
မဟာစစ်ဗိုလ်ချုပ်က ခါးသည်းသောအပြုံးနှင့် ပြောဆိုသည်။
"သူတို့က ငါ့ကိုလာရှာရုံတင်မကဘူး...ငါ့ရဲ့ဘေးမှာ သူလျှိုတွေ ကြိုပြီးထားထားတယ်...ငါ သူတို့ကို ရှာဖွေဖော်ထုတ်နိုင်တဲ့အချိန်ကျတော့ ငါ့ရဲ့အိမ်တော်တစ်ခုလုံးကို အဲ့ဒီမြင့်မြတ်ဘုရားကျောင်းရဲ့လူတွေက ထိုးဖောက်ဝင်ရောက်ထားပြီးပြီ"
"ငါ့မိန်းမနဲ့သမီးရဲ့ဘေးမှာရှိနေတဲ့ အစေခံတွေ...ငါ့အိမ်တော်ရဲ့အိမ်တော်ထိန်း...သူတို့အားလုံးက မြင့်မြတ်ဘုရားကျောင်းကလူတွေပဲ...ငါက သူတို့ကို သတ်ဖို့ကြံစည်ခဲ့ပေမယ့် မမျှော်လင့်ဘဲ ငါ့ရဲ့သက်တော်စောင့်က ငါ့ကို ဓားနဲ့ချိန်ရွယ်ထားခဲ့တယ်"
"မိုးကောင်းကင်မီးတောက်ကုန်းမြေက မင်း တွေးထင်ထားတာထက် ပိုပြီးရှုပ်ထွေးတယ်...ငါ မပြင်ဆင်ရသေးတဲ့အချိန်မှာပဲ သူတို့က စိတ်ဝိညာဥ်တားမြစ်မန္တန်ကို ငါ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အသုံးပြုခဲ့တယ်...ငါ ပြောတဲ့စကားလုံးတိုင်း ငါ လုပ်တဲ့လှုပ်ရှားမှုတိုင်း သူတို့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်...အခုချိန်မှာ ငါက မြင့်မြတ်ဘုရားကျောင်းရဲ့ရုပ်သေးတစ်ရုပ်ပဲ...ငါ့ရဲ့ကိုယ်ပိုင်ဆန္ဒအတိုင်း နည်းနည်းလေးတောင် မလှုပ်ရှားနိုင်တော့ဘူး"
လုယွီ၏အမူအယာကင်းမဲ့နေသောမျက်နှာကိုကြည့်ပြီး မဟာစစ်ဗိုလ်ချုပ်က သူ၏ခေါင်းကိုခါယမ်းလိုက်၏။
"ငါက ကြီးလေးတဲ့ရာဇဝတ်မှုကြီးကို ကျူးလွန်ခဲ့ပြီးတော့ ပြစ်ဒဏ်ခံယူရမှာကို ငါ သိတယ်...ငါက ခွင့်လွှက်မှုကို တောင်းခံမှာမဟုတ်ဘူး...ငါ့ကို တော်ဝင်အမိန့်တော်ပြပါ...ငါက ကျေကျေနပ်နပ်ကြီး အသေခံလိုက်မယ်...ငါ တော်ဝင်နန်းတွင်းကပေးမယ့် ပြစ်ဒဏ်ကိုခံယူမယ်"
သူ၏လေသံအရ အလွန်ရိုးသားစွာ အမှန်အတိုင်း ပြောဆိုနေပုံပင်။
မည်သို့ပင် ဂရုတစိုက်ကြည့်ပါစေ တစ်ဖက်လူသည် ရိုးသားစွာ အမှားဝန်ခံနေပုံရသည်။မည်သို့ပင်ဆိုစေကာမူ သူသည် မြေကမ္ဘာအင်မော်တယ်ကျင့်ကြံသူတစ်ယောက်ပင်။အကယ်၍ သူသာ လုယွီကို သတ်ဖြတ်လိုပါက ဤမျှထိဟန်ဆောင်ပြနေရန် မလိုအပ်ချေ။
"တကယ်လို့ မင်းက တော်ဝင်အမိန့်တော်ကိုကြည့်ချင်တယ်ဆိုရင် ဒါက အဆင်ပြေပါတယ်...ငါ မင်းကို ပြမယ်"
လုယွီသည် မဟာစစ်ဗိုလ်ချုပ်၏စကားများကို အနည်းငယ်မျှပင် ယုံကြည်ခြင်းမရှိချေ။
တော်ဝင်နန်းတွင်းကို ပုန်ကန်ဝံ့သူတစ်ယောက်သည် မည်သည်ကြောင့် သူ၏အမှားကို ရိုးရိုးသားသား ဝန်ခံမည်နည်း။
မျှော်လင့်ထားသကဲ့သို့ပင် သူ အနီးသို့ချဥ်းကပ်သွားသည်နှင့် မဟာစစ်ဗိုလ်ချုပ်၏မျက်လုံးအတွင်းတွင် ထက်ရှသောသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ဖြတ်ပြေးသွားသည်။
"ဟား ဟား ဟား...တော်ဝင်အမိန့်တော်ကို ငါ့ဆီပေးပြီးတာနဲ့ မင်း သေလို့ရပြီ"
မဟာစစ်ဗိုလ်ချုပ်၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအယာမျိုးထင်ဟပ်လာကာ လုယွီကို ဖမ်းဆုပ်ရန်အတွက် သူ၏လက်ကိုဆန့်တန်းလိုက်သည်။
ထိုအချိန်တွင် လုယွီသည် မဟာစစ်ဗိုလ်ချုပ်နှင့် အလွန်နီးကပ်သောနေရာသို့ ရောက်ရှိနေလေပြီ။
ဤအကွာအဝေးသည် အကယ်၍ သေမျိုးများအကြားမှတိုက်ပွဲဖြစ်နေလျှင်ပင် အလွန်အန္တရာယ်များပေ၏။အကယ်၍ တစ်စုံတစ်ယောက်သည် သတိလက်လွတ်နေမိပါက သူ၏အသက် ဆုံးရှုံးသွားနိုင်သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏ တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါက လုယွီ၏ခေါင်းထက်သို့ ဆင်းသက်လာသည်။ဤသည်က လောကကြီးတခွင်လုံး ချာချာလည်သွားသကဲ့သို့ပင်။လုယွီကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုပုံဖြင့် ပတ်ဝန်းကျင်ရှိလေဟာနယ် တွန့်ခေါက်သွားသည်။
ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ရုတ်တရက်မှောင်မည်းသွားလေ၏။မဟာစစ်ဗိုလ်ချုပ်၏ ကြီးမားသော လက်ဝါးပုံရိပ်ယောင်ကြီးသာ ကျန်ရှိတော့သည်။ထိုအရာသည် လုယွီကို ချေမွှဖျက်ဆီးရန်အတွက် ချဥ်းကပ်လာသည်။
လောကီအင်မော်တယ်တစ်ယောက်နှင့် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကြား၌ ကွာဟချက်အလွန်ကြီးမားသည်။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီထံတွင် ပြင်ပလောကမှာကဲ့သို့ တုန်လှုပ်ချောက်ချားဖွယ်ခွန်အားမျိုးမရှိချေ။သူသည် ထိုလက်ဝါးရိုက်ချက်ကို သူ၏ခွန်အားဖြင့် ထိပ်တိုက်ရင်ဆိုင်ရပေမည်။
"မင်း ဒီလိုလှုပ်ရှားလာမယ်ဆိုတာ ငါ မျှော်လင့်မထားဘူးလို့ မင်း တကယ်ကြီးထင်နေတာလား"
လုယွီက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်၏။နောက်ဆုတ်ရမည့်အစား သူသည် ရှေ့သို့တိုးကာ သူ၏လက်အတွင်းရှိ တော်ဝင်အမိန့်တော်ကို ဖြန့်လိုက်သည်။
ဤသည်က အိမ်မက်သက်သက်ဖြစ်သော်လည်း တော်ဝင်အမိန့်တော်သည် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်ကိုယ်တိုင် ရေးသားထုတ်ပြန်ခဲ့သောအရာပင်။ထိုအရာအတွင်း၌ပါဝင်နေသော စွမ်းအားများကို တိုင်းဆ၍မရချေ။ဤသည်က အလွန်ကြီးကျယ်ခမ်းနားကာ သတ်ဖြတ်ခြင်းလက်နက်တစ်ခုအဖြစ် အသုံးပြုနိုင်သည်။
အကယ်၍ လုယွီသာ ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါက တော်ဝင်အမိန့်တော်သည် မဟာစစ်ဗိုလ်ချုပ်၏လုယူခြင်းကို ခံလိုက်ရပေမည်။
ကံဆိုးစွာဖြင့် မဟာစစ်ဗိုလ်ချုပ်သည် လုယွီကို လျှော့တွက်ခဲ့လေ၏။
တော်ဝင်အမိန့်တော်ကို ဖြန့်လိုက်သည့် အချိန်အခိုက်အတန့်တွင် ပေတစ်သိန်းကျော်မြင့်မားသော ရွှေရောင်အလင်းတန်းတစ်တန်း ဖြာထွက်လာကာ မဟာစစ်ဗိုလ်ချုပ်၏ လက်ဝါးပုံရိပ်ယောင်ကြီးကို ချေမွှဖျက်ဆီးလိုက်သည်။
တော်ဝင်အမိန့်တော်မှ ရွှေရောင်အလင်းတန်းနှင့် ထိတွေ့မိသည်နှင့် မဟာစစ်ဗိုလ်ချုပ်၏လက်ဝါးပုံရိပ်ယောင်ကြီး တစတစ ကြေမွှပျက်စီးသွားတော့သည်။
"အား...မင်းက တကယ်ကြီး ကြိုတင်ပြင်ဆင်ထားတာပဲ"
မဟာစစ်ဗိုလ်ချုပ်သည် စူးရှနာကျင်စွာအော်ဟစ်ကာ တော်ဝင်အမိန့်တော်၏ရွှေရောင်အလင်းတန်းများအောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တဖြည်းဖြည်း အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲသွားသည်။
လုယွီသည် တော်ဝင်အမိန့်တော်ကို လက်ခံရရှိခဲ့သည့်အချိန်မှစ၍ ထိုအရာအတွင်းတွင်ပါဝင်သော ကြီးကျယ်ခမ်းနားပြီးမြင့်မြတ်သောအရှိန်အဝါကို အာရုံခံမိသည်။
ဤသည်က တော်ဝင်အမိန့်တော်၏စွမ်းအားဖြစ်ကာ မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို ရင်ဆိုင်ရာတွင် အကောင်းဆုံးနည်းလမ်းပင်။
ရွှေရောင်အလင်းတန်း ထွက်ပေါ်လာခြင်းနှင့်အတူ ပြင်းထန်သောစွမ်းအားတစ်ရပ်က အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားသည်။လက်နက်သိုလှောင်ခန်း၏ခေါင်မိုးသည် ထိုစွမ်းအားလှိုင်းကြောင့် ကျိုးပဲ့ပျက်စီးသွားလေ၏။
Chapter 3188
ပြင်းထန်သောတုန်ခါမှုလှိုင်းက လက်နက်သိုလှောင်ခန်းတစ်ခန်းလုံးကို ဖြတ်သန်းသွားသည်။
ဤအချိန်အခိုက်အတန့်တွင် မိုးကောင်းကင်မီးတောက်အုပ်ချုပ်ရေးရုံးတော်၏ မြေပြင်ပြင်းပြင်းထန်ထန် တုန်ခါသွားကာ လူအမြောက်အများသည် မတ်တတ်ကောင်းကောင်းမရပ်နိုင်ကြတော့ချေ။
ရွှေရောင်အလင်းတန်း ဖျတ်ခနဲလက်သွားခြင်းနှင့်အတူ လုယွီရှေ့၌ သွေးအိုင်တစ်အိုင်သာ ကျန်ရှိတော့သည်။
မဟာစစ်ဗိုလ်ချုပ်သည် မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်သော်လည်း တော်ဝင်အမိန့်တော်၏ရှေ့တွင် ထည့်သွင်းဖော်ပြရန်ပင် မထိုက်တန်ချေ။
တော်ဝင်အမိန့်တော်ကို ဖြန့်လိုက်စဥ်၌ ထွက်ပေါ်လာသောစွမ်းအားသည် သူ့အား လွယ်လင့်တကူ သတ်ဖြတ်နိုင်စွမ်းရှိပေ၏။
"မင်းက ဒီလှည့်ကွက်လေးတွေလောက်နဲ့ ငါ့ကိုဟန့်တားချင်တာလား...ဒါက လုံလောက်ဖို့အတွက် အဝေးကြီးလိုသေးတယ်"
လုယွီက တီးတိုးရေရွတ်ပြီးနောက် အုပ်ချုပ်ရေးရုံးတော်၏အတွင်းပိုင်းသို့ ဆက်လက်၍လျှောက်လှမ်းသွားလေသည်။
လုယွီ ပြင်ပသို့ထွက်လာသည်ကို မြင်တွေ့ချိန်တွင် နတ်ဆိုးကျင့်ကြံသူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။အတွင်း၌ မည်သည့်ကိစ္စရပ်များ ဖြစ်ပွားခဲ့သည်ကို သူတို့မသိရှိသော်လည်း လုယွီ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ပြင်ပသို့ထွက်လာသည်ကို မြင်တွေ့ချိန်တွင် သူတို့အားလုံးကို ခြိမ်းခြောက်ခံထားရသကဲ့သို့ ခံစားနေရကာ ရှေ့သို့ခြေတစ်လှမ်းမတိုးဝံ့ချေ။
"မင်းတို့ ဒီနေရာမှာမတ်တတ်ရပ်ပြီးတော့ ဘာလုပ်နေကြတာလဲ...ကျူးကျော်ဝင်လာတဲ့ကောင်ကို မြန်မြန်ဟန့်တားကြစမ်း"
သေခြင်းနှင့်ရှင်ခြင်းကြား အတိမ်အနက်ကိုမသိသော နတ်ဆိုးကျင့်ကြံသူတချို့သည် လုယွီကိုဟန့်တားရန် ကြိုးစားလိုက်ကြ၏။သို့ရာတွင် အဆုံးသတ်၌ သူတို့အားလုံး လုယွီ၏လက်အောက်တွင် သေဆုံးသွားသည်။
"ဒါက တော်ဝင်နန်းတွင်းကနေ စေလွှတ်လိုက်တဲ့ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူပဲဖြစ်မယ်...မြန်မြန် ပြေးကြစို့"
"ဂိုဏ်းထဲမှာရှိတဲ့ အကြီးအကဲတွေကို မြန်မြန်အကြောင်းကြားကြစမ်း"
ထိုနတ်ဆိုးကျင့်ကြံသူများသည် သူရဲဘောကြောင်သော လူကြောက်များသက်သက်ပင်။သူတို့သည် ကျင့်ကြံဆင့်နယ်ပယ်နိမ့်သော ကျင့်ကြံသူများကို အမြဲတစေ အနိုင်ကျင့်အရှက်ခွဲလေ့ရှိသော်လည်း လုယွီကဲ့သို့ ကြမ်းတမ်းသူတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏သတ္တိများအားလုံး ပျောက်ကွယ်သွားသည်။
မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်၏ အကျဥ်းထောင်...
လုယွီသည် အကျဥ်းထောင်တံခါးကိုဖွင့်လိုက်သည်။အကျဥ်းထောင်အတွင်း၌ အစောင့်များမရှိတော့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
အကျဥ်းထောင်၏အတွင်းပိုင်း၌ စူးရှသောသွေးညှီနံနှင့်အတူယှဥ်တွဲ၍ မှောင်မည်းပြီးစိုစွတ်နေသည်။
အလောင်းများက နေရာအနှံ့၌ပြန့်ကျဲပြီး တောင်ပုံရာပုံဖြစ်နေကာ ဤနေရာတွင် လူသားများ၏အသက်သည် မြက်ပင်များနှင့်သာတူညီနေပေ၏။
တော်ဝင်နန်းတွင်း၌ နေရာတိုင်းနှင့်သက်ဆိုင်သော စည်းမျဥ်းများရှိသည်။အကျဥ်းထောင်များကဲ့သို့ နေရာမျိုးတွင်ပင် အလွန်ပြင်းထန်သောသွေးညှီနံများထွက်ခြင်း ဆိုးရွားစုတ်ပြတ်နေခြင်းတို့မရှိရချေ။ဤလူများသည် နတ်ဆိုးကျင့်ကြံသူများ၏အဆိပ်သင့်သွားခြင်း ဖြစ်ပေမည်။
ထိုအလောင်းများအနက်မှတချို့သည် သူတို့၏နှလုံးများ အဆုတ်များကို အရှင်လတ်လတ်ဆွဲထုတ်ခြင်းခံထားရပုံပင်။ဤမြင်ကွင်းသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ကောင်းကာ သာမာန်လူများ လုပ်ဆောင်နိုင်မည့် အရာမျိုးမဟုတ်ချေ။
လုယွီက မျက်မှောင်ကြုတ်ကာ အကျဥ်းထောင်၏နက်ရှိုင်းသောနေရာသို့ ဆက်လက်၍လျှောက်လှမ်းသွားလိုက်သည်။
အကျဥ်းထောင်တစ်ခုလုံး အလွန်မှောင်မည်းနေကာ အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုများက လေထုအတွင်း၌ ပြည့်နှက်နေသည်။
ထိုနာကျည်းမုန်းတီးမှုများ ဤနေရာ၌ ဆက်လက်၍စုဝေးနေပါက မကြာမီမှာပင် အငြိုးကြီးစိတ်ဝိညာဥ်များ မွေးဖွားလာမည်ဖြစ်ကာ လူများအတွက် ဘေးကပ်ဆိုးကြီးတစ်ခု ဆိုက်ရောက်လာပေမည်။
အကျဥ်းထောင်၏အနက်ရှိုင်းဆုံးနေရာတွင်ရှိနေသော အကျဥ်းခန်းတစ်ခန်းအတွင်း၌ အဖိုးအိုတစ်ယောက်ကို အကျဥ်းချထားသည်အား လုယွီက မြင်တွေ့မိသည်။
ထိုအဖိုးအိုသည် အလွန်ပိန်လှီနေကာ အရေပြားနှင့်အရိုးမျှသာ ကျန်ရှိတော့သည်။သူသည် ထင်းချောင်းတစ်ချောင်းကဲ့သို့ ပါးလှပ်နေပြီး သူသည် အချိန်မရွေး သေဆုံးသွားနိုင်ပေ၏။
ပြင်းထန်သောအသက်ရှုသံများနှင့်အတူ အဖိုးအို၏ရင်ဘက် ပြင်းပြင်းထန်ထန် နိမ့်ချည်မြင့်ချည်ဖြစ်နေကာ အသက်ရှုရန်အတွက် အလွန်အင်အားစိုက်ထုတ်နေရပုံပင်။
"မင်း ဒီနေရာကိုရောက်လာတာ ငါ့ကိုထပ်ပြီးနှိပ်စက်ဖို့လား...ဟီး ဟီး...ငါက နှစ်တွေအကြာကြီးကျင့်ကြံခဲ့တယ်...ပြီးတော့ ငါ့ရဲ့ခန္ဓာကိုယ်က အရေပြားပဲကျန်တော့တယ်...မင်းက ငါ့ကို နာကျင်အောင် လုပ်နိုင်တယ်...ဒါပေမယ့် ငါ အညံခံလာအောင်တော့ မင်း လုပ်နိုင်မှာမဟုတ်ဘူး"
အဖိုးအိုက အက်ရှရှအသံဖြင့်ပြောဆိုကာ သူ၏အသံတွင် ရွံရှာစက်ဆုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သူ၏မျက်လုံးများ မမြင်ရတော့သဖြင့် သူသည် လုယွီ၏ခြေလှမ်းသံကိုသာ ကြားနိုင်ပေ၏။
"လျှူထိုက်ယီ"
လုယွီက ဇဝေဇဝါဖြစ်နေသော အမူအယာဖြင့် ထိုအဖိုးအိုကို ကြည့်လိုက်သည်။
"မင်းလို မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ မြင့်မြတ်တဲ့ အုပ်ချုပ်သူအရှင်က ဒီလိုအခြေအနေမျိုးထိ နိမ့်ပါးသွားတာလား"
ဤအဖိုးအိုသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ ယခင်အုပ်ချုပ်သူအရှင်ပင်။
မိုးကောင်းကင်မီးတောက်ကုန်းမြေတွင် ပုန်ကန်မှုကြီးဖြစ်ပွားပြီးနောက် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ ယခင်အုပ်ချုပ်သူအရှင်ဖြစ်သော လျှူထိုက်ယီသည် အကျဥ်းချထားခြင်း ခံလိုက်ရသည်။
လုယွီ၏မှတ်ဥာဏ်အတွင်း၌ ထိုအချိန်တုန်းကစစ်ဆေးခဲ့သော ရလဒ်များအရ မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ အုပ်ချုပ်သူအရှင်လျှူထိုက်ယီသည် လှည့်စားခြင်းခံခဲ့ရလေ၏။ပုန်ကန်မှုစတင်ဖြစ်ပွားစဥ်ကတည်းက သူ့ကို သွေးနတ်ဆိုးဂိုဏ်းမှဖမ်းဆီးကာ အကျဥ်းထောင်အတွင်း၌ အကျဥ်းချထားခဲ့သည်။
ပြင်ပ၌ဖြစ်ပျက်ခဲ့သော ကိစ္စများနှင့်ပတ်သက်၍ လျှူထိုက်ယီသည် အနည်းငယ်မျှပင်မသိရှိချေ။
အဆုံးသတ်၌ တော်ဝင်နန်းတွင်း၏စုံစမ်းစစ်ဆေးမှုများအရ လျှူထိုက်ယီသည် သွေးနတ်ဆိုးဂိုဏ်း၏ကြံစည်မှုကို ရှာဖွေမတွေ့ခဲ့သော်လည်း သူသည် နတ်ဆိုးကျင့်ကြံသူများ၏ခြိမ်းခြောက်မှုအောက်တွင် ယိမ်းယိုင်မသွားခဲ့ချေ။ထို့နောက် သူသည် တာယွီအင်ပါယာ၏ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ခဲ့သောကြောင့် နှစ်အနည်းငယ်အကြာတွင် တော်ဝင်မြို့တော်သို့ပြောင်းရွှေ့ကာ တာဝန်ထမ်းဆောင်ရလေ၏။
Chapter 3189
"မင်းက အဲ့ဒီနတ်ဆိုးကျင့်ကြံသူတွေထဲက တစ်ယောက်မဟုတ်ဘူးလား"
လျှူထိုက်ယီက ပုံမှန်မဟုတ်သည်ကို သတိပြုမိသွားသည်။
လုယွီက ပြောဆိုသည်။
"ငါက တော်ဝင်နန်းတွင်းကနေ အသစ်ခန့်အပ်လိုက်တဲ့ မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့အုပ်ချုပ်သူအရှင်ပဲ...မဟာစစ်ဗိုလ်ချုပ် သေသွားပြီ...အခု ငါ မင်းကို လွှတ်ပေးမယ်"
လျှူထိုက်ယီကိုကယ်တင်ခြင်းသည် မလိုအပ်သောလုပ်ငန်းတာဝန်တစ်ခုပင်။
နန်းတွင်းစာမေးပွဲ၏နောက်ဆုံးအဆင့်သတ်မှတ်ချက်သည် စာပေနှင့်တိုက်ခိုက်ရေးပညာရပ် နှစ်ခုလုံးပေါ်တွင် အခြေခံသည်။လုယွီသည် မိုးကောင်းကင်မီးတောက်မြို့သို့ ရောက်ရှိလာစဥ်၌ ကိစ္စနှစ်ခုကိုလုပ်ဆောင်ရန် ကြံရွယ်ထားလေ၏။ပထမတစ်ခုမှာ သူသည် စစ်ရေးအင်အားကို ထိန်းချုပ်နိုင်ရန်အတွက် နတ်ဆိုးကျင့်ကြံသူများကို သတ်ဖြတ်ရန်ဖြစ်သည်။ဒုတိယတစ်ခုမှာ သူသည် လူအများ၏စိတ်နှလုံးကို တည်ငြိမ်စေကာ သစ္စာစောင့်သိမှုကို ရယူလိုခြင်းပင်။
ထိုအချိန်ကျပါက လုယွီ၏တိုက်ပွဲအောင်မြင်မှုသည် တုန်လှုပ်ချောက်ချားဖွယ်အဆင့်သို့ ရောက်ရှိနေမည်ဖြစ်ကာ နန်းတွင်းစာမေးပွဲ၌ သူ၏ပထမနေရာကို မည်သူမျှ ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ချေ။
"ဟား ဟား ဟား...တော်ဝင်နန်းတွင်းက ငါ့ကို မစွန့်ပစ်ဘူးပဲ...မြန်မြန်လေး ငါ့ရဲ့ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်ပေးစမ်းပါ"
လျှူထိုက်ယီသည် အလွန်လေးလံသော ဝန်ထုပ်ဝန်ပိုးကြီး သူ၏ပခုံးပေါ်မှ ကျသွားသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
သူသည် ဤမှောင်မိုက်သောနေရာ၌ လှောင်ပိတ်ခံထားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် သူ ပြင်ပသို့ထွက်ရန် အခွင့်အရေးရရှိလာပြီဖြစ်သဖြင့် သူ မည်သည်ကြောင့် မပျော်ရွှင်ဘဲနေမည်နည်း။
"ကောင်းပြီလေ...ငါ မင်းကို အပြင်ထွက်နိုင်ဖို့ ကူညီပေးမယ်"
လုယွီက ခေါင်းညိတ်ပြလိုက်၏။သူသည် လျှူထိုက်ယီ၏ယခုလက်ရှိစိတ်ခံစားချက်ကို ကောင်းစွာသိရှိနားလည်သည်။
ဓားရှည်တစ်လက်က ရုတ်တရက် လုယွီ၏လက်အတွင်း၌ ထွက်ပေါ်လာသည်။သူသည် လျှူထိုက်ယီ၏ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများကိုချိန်ရွယ်၍ ခုတ်ပိုင်းရန်ဟန်ပြင်လိုက်သည်။
သို့ရာတွင် လုယွီလက် ရုတ်တရက် တုံ့ဆိုင်းသွားကာ သူက ဓားရှည်ဖြင့် လျှူထိုက်ယီကို ချိန်ရွယ်လိုက်၏။
သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က ချက်ချင်းဆိုသလိုပင် လျှူထိုက်ယီထံသို့ ကျရောက်သွားသည်။
လျှူထိုက်ယီက မျက်မှောင်ကြုတ်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"မင်း...ဒါက ဘာသဘောလဲ"
"ငါ မင်းကို မေးပါရစေ...အရင်နှစ်မှာတုန်းက မိုးကောင်းကင်မီးတောက်ကုန်းမြေကနေ တော်ဝင်နန်းတွင်းကို အခွန်ဘယ်လောက်ဆက်သရလဲ...စီးပွားရေးလုပ်ငန်းတွေနဲ့ဂိုဏ်းတွေကနေ အခွန်ငွေ ဘယ်လောက်ရလဲ"
လုယွီက မေးမြန်းသည်။
လျှူထိုက်ယီသည် အချိန်တခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ပြောဆိုလေ၏။
"အဲ့ဒီကိစ္စတွေက မင်း ငါ့ကို အရင်လွှတ်ပေးပြီးမှ မေးလို့မရဘူးလား...မင်းက မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ အုပ်ချုပ်သူအရှင်အသစ်ဖြစ်နေမှတော့ ငါက အခက်တွေ့စေမယ့်ပြဿနာတွေအားလုံးကို မင်းကိုကူညီပြီးတော့ ဖြေရှင်းပေးမယ်"
"အဲ့ဒီကိစ္စတွေကို ဖြေရှင်းပေးဖို့ မလိုအပ်ဘူး...အခုချက်ချင်းပဲ မင်း သွားရမယ့်လမ်းကို ငါ ပို့ပေးမယ်"
လုယွီ၏စကား အဆုံးသတ်သွားသောအချိန်မှာပင် သူနှင့်မလှမ်းမကမ်းအကွာအဝေးတွင်ရှိနေသော လျှူထိုက်ယီက ရုတ်တရက် ခေါင်းမော့လိုက်သည်။ရက်စက်ကြမ်းကြုတ်သော အနီရောင်အလင်းများက သူ၏မျက်လုံးအိမ်အတွင်းမှ ထွက်ပေါ်လာသည်။
ဤသည်က နတ်ဆိုးစိတ်ဝိညာဥ်တစ်ကောင် နိုးထလာသကဲ့သို့ပင်။ထိုအရာသည် လူအများကို တွေဝေမိန်းမောစေကာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ အကြောက်တရားမျိုးစုံကို မွေးဖွားစေသည်။
ဂျွတ်...ဂျွတ်...
လျှူထိုက်ယီ၏လည်ပင်း ရုတ်တရက် လိမ်ကွေးသွားသည်။သူ၏ပါးစပ်မှနေ၍ လူသားအသံဖြစ်သော်လည်း ယောက်ျားသံ မိန်းမသံမကွဲပြားသည့် ထူးဆန်းသောအသံကြီး ထွက်ပေါ်လာပေ၏။
"မင်းရဲ့မျက်နှာ ငါ့ကိုပေးစမ်း...ငါ ဒီမျက်နှာကို မလိုချင်တော့ဘူး...ငရဲကိုသွားစမ်း"
ရုတ်ချည်းဆိုသလိုပင် စိတ်ဝိညာဥ်တစ်ကောင်က လျှူထိုက်ယီ၏ခန္ဓာကိုယ်အတွင်းမှ ပျံဝဲထွက်လာသည်။တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်က ထိုစိတ်ဝိညာဥ်မှ ထွက်ပေါ်နေကာ လေထုအတွင်း၌ ပြင်းထန်သောသွေးညှီနံများဖြင့် ပြည့်နှက်သွားတော့သည်။
လျှူထိုက်ယီသည် မူလက အားနည်းပြီးပိန်ခြောက်နေသောသူတစ်ယောက်ပင်။ယခုချိန်၌ သူသည် လူသားလည်းမဟုတ် သရဲတစ္ဆေလည်းမဟုတ်သော မကောင်းဆိုးရွားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။
တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းအရှိန်အဝါတစ်ရပ်က အကျဥ်းထောင်တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားတော့သည်။
"မကောင်းတော့ဘူး...အဲ့ဒီလူရဲ့ခန္ဓာကိုယ်ထဲမှာ အရမ်းအစွမ်းထက်တဲ့ နတ်ဆိုးစိတ်ဝိညာဥ်တစ်ကောင်ရှိနေတယ်...ဘယ်လောက်တောင် အားပြင်းတဲ့ နတ်ဆိုးချီတွေလဲ...လုယွီ ပြဿနာတက်တော့မယ်"
စစ်ဆေးရေးမှူးများသည် မတ်တတ်ထရပ်ကာ သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်လိုက်ကြ၏။
လုယွီသည် မိုးကောင်းကင်မီးတောက်ကုန်းမြေ၏ အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ ဝင်ရောက်ကာ နတ်ဆိုးကျင့်ကြံသူအမြောက်အများကိုသတ်ဖြတ်၍ သစ္စာဖောက်မဟာစစ်ဗိုလ်ချုပ်ကို သုတ်သင်ရှင်းလင်းခဲ့ခြင်းကပင် လူအများစု၏မျက်လုံးများကို တောက်ပသွားစေခဲ့သည်။
သူ့အား ထိပ်တန်းပါရမီရှင်တစ်ယောက်ဟု ယူဆနိုင်သည်။အကယ်၍ ဤနေရာအရောက်တွင် သူ့ထံ၌ တစ်စုံတစ်ခုဖြစ်ပျက်သွားပါက အလွန်စိတ်ပျက်ဖွယ်ကောင်းပေမည်။
ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများက လျှူထိုက်ယီ၏ခန္ဓာကိုယ်မှ မျောလွင့်လာကာ တဖြည်းဖြည်း လေဟာနယ်အတွင်း၌ စုဝေးသွားပြီး မကောင်းဆိုးရွားတစ်ကောင်အဖြစ် ဖွဲ့စည်းသွားသည်။
ထိုမကောင်းဆိုးရွားထွက်ပေါ်လာသည်နှင့် အလွန်အမင်းဆိုးညစ်ပြီး တုန်လှုပ်ချောက်ချားဖွယ် အရှိန်အဝါတစ်ရပ်ကို ထုတ်လွှတ်လိုက်၏။
ဤသည်က လောကကြီးအတွင်းရှိ ဆိုးညစ်မှုများအားလုံး ဤမကောင်းဆိုးရွားထံတွင် စုဝေးနေသကဲ့သို့ပင်။
"လောကီအင်မော်တယ်လေးတစ်ယောက်ကများ ဒီနေရာကို ကျူးကျော်ဝင်လာဝံ့တယ်...မင်းက သေလမ်းလာရှာတာလား"
မကောင်းဆိုးရွားက အေးစက်စက်ရယ်မောလိုက်သည်။သူ၏အသံသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားပြီးနောက် သူက လုယွီကို ခုန်အုပ်လိုက်၏။
Chapter 3190
လုယွီသည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ပြီးဖြစ်သည့်တိုင် မကောင်းဆိုးရွား၏ပုံပန်းသွင်ပြင်ကို မြင်တွေ့ချိန်တွင် မျက်မှောင်ကြုတ်လိုက်၏။
ဤလျှူထိုက်ယီနှင့်ပတ်သတ်၍ တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူ သတိပြုမိပြီးဖြစ်သည်။
အစောပိုင်းက သူ လျှူထိုက်ယီကို မေးမြန်းခဲ့ရသည့်အကြောင်းအရင်းမှာ သူ၏စိတ်အတွင်းမှသံသယများကို ကွဲပြားစေလိုသောကြောင့်ပင်။
မိုးကောင်းကင်မီးတောက်ကုန်းမြေ၏အုပ်ချုပ်သူအရှင်သည် အဆင့်အတန်းမြင့်မားသောနေရာ၌ ထိုင်နေရုံသက်သက်မဟုတ်ချေ။သူသည် မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးမှ အခွန်အခများနှင့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းများကို သူ၏လက်ဖမိုးကဲ့သို့ သိရှိနေရပေမည်။ထို့ပြင် မိုးကောင်းကင်မီးတော်ကုန်းမြေ အုပ်ချုပ်သူအရှင်၏ ကျင့်ကြံဆင့်နယ်ပယ်သည် သာမာန်စီရင်စုသခင်တစ်ယောက်ထက် သေချာပေါက် မြင့်မားနေရပေမည်။မကောင်းဆိုးရွားစိတ်ဝိညာဥ်သည် အလွန်အစွမ်းထက်သော်လည်း ထိုအရာများကိုသိရှိရန်မှာ မဖြစ်နိုင်ချေ။
အကယ်၍ သာမာန်လူတစ်ယောက်သည် လုယွီ ထိုကဲ့သို့မေးမြန်းသည်ကို ကြားပါက သူ၏အဆင့်အတန်းကို အတည်ပြုလို၍ဖြစ်ကြောင်း သိရှိပေမည်။လျှူထိုက်ယီသည် ထိုမေးခွန်းများကို ရှောင်လွှဲသွားသည်။သူသည် မည်ကဲ့သို့အဖြေပေးရမည်ကို မသိသည်မှာ သိသာထင်ရှားလှ၏။
ယခုလက်ရှိချိန်တွင် ထိုမကောင်းဆိုးရွား ထွက်ပေါ်လာသဖြင့် သူ၏အတွေးများကို အတည်ပြုပြီးဖြစ်သည်။
အစစ်အမှန်လျှူထိုက်ယီသည် သေဆုံးသွားသည်မှာ အချိန်အတော်ကြာမြင့်နေလောက်လေပြီ။သူ၏ခန္ဓာကိုယ်ကို မကောင်းဆိုးရွားစိတ်ဝိညာဥ်မှ အပိုင်စီးထားခြင်းဖြစ်ပေမည်။
သတ်....
ထိုမကောင်းဆိုးရွားထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လုယွီ၏လက်အတွင်းမှ ဓားချီတစ်လှိုင်း ပွင့်အံ့ထွက်လာကာ ပေထောင်သောင်းချီ၍မြင့်မားသည့် ဓားချီလှိုင်းအဖြစ်ပြောင်းလဲသွားပြီး သူ၏ရှေ့၌ ပိတ်ဆို့ဟန့်တားလိုက်သည်။
တစ်ချိန်တည်းမှာပင် လုယွီသည် နောက်သို့ဆုတ်ကာ မကောင်းဆိုးရွားနှင့်ဝေးရာသို့ ရှောင်တိမ်းလိုက်၏။
ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ လုယွီအသုံးပြုခဲ့သော ဓားနည်းစနစ်များသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ သင်ယူခဲ့သော ကွန်ဖြူးရှပ်ဓားနည်းစနစ်များဖြစ်သည်။အရာအားလုံးသည် ဖြောင့်မတ်မှန်ကန်သော ကွန်ဖြူးရှပ်တာအိုပေါ်တွင်အခြေခံကာ လေကဲ့သို့လျှင်မြန်ပြီး ခမ်းနားတောက်ပနေရန်မလိုအပ်ချေ။သို့ရာတွင် ထိုနည်းစနစ်များသည် တစ်ချက်တည်းဖြင့် ရန်သူကိုအနိုင်ယူနိုင်ရန် လိုအပ်သည်။ထိုဓားနည်းစနစ်များတွင် ဖြောင့်မတ်မှန်ကန်သော သမာဓိချီအရှိန်အဝါလည်း ပါဝင်နေသဖြင့် နတ်ဆိုးများနှင့်လမ်းလွဲကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် လွန်စွာအကျိုးသက်ရောက်မှုရှိသည်။
သို့ရာတွင် ထိုသမာဓိချီအရှိန်အဝါသည် သူ့ရှေ့ရှိ မကောင်းဆိုးရွားအပေါ်၌ အနည်းငယ်မျှပင် သက်ရောက်မှုမရှိချေ။
"မင်းက လောကီအင်မော်တယ်အဆင့်ပဲရှိသေးတယ်...မင်းလောက်မဆိုထားနဲ့ တကယ်လို့ မင်းက မြေကမ္ဘာအင်မော်တယ်တစ်ယောက်ဖြစ်နေရင်တောင် ငါ့ကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး...လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါ့ရဲ့အထွတ်အထိပ်အချိန်ကာလမှာဆိုရင်...ရွှယ်အင်မော်တယ်တစ်ယောက်တောင်မှ ငါ့ရဲ့လက်အောက်မှာ ခွေးတစ်ကောင်အဆင့်ပဲရှိတယ်"
မကောင်းဆိုးရွားက ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်သည်။
တောက်ပသောအလင်းတန်းတစ်တန်းက လုယွီ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
"မင်းက အလင်းမြင့်မြတ်ဘုရားကျောင်းရဲ့ခေါင်းဆောင်ပဲ...အလယ်ခေတ်တုန်းက ပျက်စီးခဲ့တဲ့ နတ်ဆိုးဂိုဏ်းတွေရဲ့ခေါင်းဆောင်က မင်း မဟုတ်လား...မင်းက အကွက်ချစီစဥ်ပြီးတော့ မိုးကောင်းကင်မီးတောက်ကုန်းမြေအရှင်သခင်ရဲ့ခန္ဓာကိုယ်ကို အပိုင်စီးထားမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
မိုးကောင်းကင်မီးတောက်ကုန်းမြေကို နောက်ကွယ်မှနေ၍ ကြိုးကိုင်ခြယ်လှယ်နေသော ဥာဏ်ကြီးရှင်သည် ဤအကျဥ်းထောင်အတွင်း၌ ပုန်းအောင်းနေမည်ဟု မည်သူကမျှ တွေးထင်မိမည်မဟုတ်ပေ။
"အဲ့ဒီလိုဆိုရင်ရော ဘာဖြစ်လဲ...ငါက မင်းကို အရာရာတိုင်းပြောပြတဲ့အထိ နုံအမယ်လို့ မင်း ထင်နေတာလား...လိမ်လိမ်မာမာနဲ့ မင်းရဲ့သေခြင်းကို လက်ခံလိုက်စမ်း"
မကောင်းဆိုးရွားသည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောပြီးနောက် ပတ်ဝန်းကျင်၌ နတ်ဆိုးအရှိန်အဝါများ ထပ်မံ၍ပွင့်အံ့ထွက်လာကာ တစတစ ပို၍ပြင်းထန်လာသည်။
ထို့နောက် မကောင်းဆိုးရွားက လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ အကျဥ်းထောင်အတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသော နာကျည်းမုန်းတီးမှုအရှိန်အဝါများ လှုပ်ခတ်သွားသည်။ထိုအရာများအားလုံးသည် သူ၏လက်ဝါးအတွင်း၌ စုဝေးသွားကာ အံ့အားသင့်တုန်လှုပ်ဖွယ်စွမ်းအားဖြင့် လုယွီထံသို့ တဟုန်ထိုး တိုးဝင်လာပေ၏။
ထိုလက်ဝါးရိုက်ချက်နှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် သူ၏လက်နှစ်ဖက်ကိုအသုံးပြု၍ စက်ဝိုင်းပုံတစ်ပုံရေးဆွဲကာ လျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံနည်းစနစ်တစ်ခုကိုအသုံးပြု၍ ထိုစွမ်းအားလှိုင်းကို ကန်ထွက်သွားစေသည်။
သို့ရာတွင် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ သူ အသုံးပြုနိုင်သောစွမ်းအားမှာ အကန့်အသတ်ရှိသည်။
ဤကဲ့သို့ ပြင်းထန်သောတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် လုယွီသည် နောက်သို့ဆက်တိုက်ဆုတ်ခွာနေရပြီး နံရံထံသို့ရောက်ရှိသွားသည်။
"ဒါက အသုံးဝင်မှာမဟုတ်ဘူး...အခုချိန် ငါ့ဆီမှာ ရုပ်ခန္ဓာကိုယ်မရှိပေမယ့် မင်းကိုသတ်ဖို့ဆိုတာ ငါ့ရဲ့လက်ကိုမှောက်လိုက်သလိုမျိုး အရမ်းလွယ်ကူတယ်...မင်းဆီမှာရှိတဲ့ တော်ဝင်အမိန့်တော်ရဲ့စွမ်းအားကိုလည်း အပြင်ကအရူးကိုသတ်ဖို့ မင်း အသုံးပြုလိုက်ပြီးပြီ...အခုချိန်မှာ မင်းကိုစောင့်ကြိုနေတာက သေခြင်းတရားပဲ"
မကောင်းဆိုးရွား၏မောက်မာဝံ့ကြွားသောအသံသည် အကျဥ်းထောင်အတွင်း၌ အကန့်အသတ်မရှိ ပဲ့တင်ထပ်ပျံ့နှံ့နေပေ၏။
ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီများသည်လည်း ပို၍ပို၍ ပြင်းထန်လာကာ လုယွီကို ချောင်ပိတ်ထားသည်။
လုယွီသည် ထိုစကားကိုကြားချိန်တွင် လှောင်ပြောင်ရယ်မောကာ သူက လေသံပြတ်ပြတ်နှင့် ပြောဆိုသည်။
"တော်ဝင်အမိန့်တော်ရဲ့စွမ်းအားကို အသုံးပြုပြီးပြီလို့ မင်းကို ဘယ်သူက ပြောတာလဲ"