အခန်း (၃၂၀၆-၃၂၁၀)
Vol. 164 Ch. 3201-3205
Chapter 3206
သို့ရာတွင် ကျန်းမိသားစုမှလူများသည် ထိုလူများ သူတို့ကို ရိုသေလေးစားနေခြင်းမှာ ကျန်းမိသားစု၏နောက်တွင် စာပေသူတော်စင်ကျန်းဟောင်ရှိနေ၍ဖြစ်ကြောင်း သူတို့၏စိတ်နှလုံးသားများအတွင်းမှနေ၍ ကောင်းစွာသိရှိထားသည်။
အကယ်၍ ကျန်းဟောင်သာမရှိပါက ကျန်းမိသားစုသည် အနည်းငယ်မျှပင် အရေးပါအရာရောက်တော့မည်မဟုတ်ချေ။
ဤတစ်ကြိမ် ကျန်းဟောင်၏ထွက်ပေါ်လာမှုသည် လုယွီကို မည်မျှထိတန်ဖိုးထားသည်အား ပြသနေခြင်းပင်။တခြားတစ်ဖက်တွင် သူ ထိုသို့ပြုလုပ်ခဲ့ခြင်းမှာ တော်ဝင်မြို့တော်ရှိ တခြားအင်အားစုများကို မြင်တွေ့စေလိုသောကြောင့်ဖြစ်သည်။
'ငါ ကျန်းဟောင် အခုထိ မသေသေးဘူး'
ကျန်းမိသားစုကို ထိပါးလိုသောလူတချို့သည် သူတို့၏ခွန်အားကို အရင်ဆုံးဆင်ခြင်သုံးသပ်သည်က အကောင်းဆုံးဖြစ်ပေမည်။
ကျန်းမိသားစုအတွက် ဤသည်က အကြွင်းမဲ့အရေးပါသောကိစ္စပင်။
စာပေသူတော်စင်ကျန်းဟောင်၏ အဟန့်အတားရှိခြင်းကြောင့် ကျန်းမိသားစုသည် သာမာန်အရေးကိစ္စများတွင် ပြဿနာများ လျော့ပါးသွားပေမည်။
ကျန်းပေါင်ရှင်းသည် ယခင်ကတည်းက လုယွီကို ကျေးဇူးတင်ကြောင်း ဖော်ပြပြီးဖြစ်ကာ သူသည် လုယွီကို ကျန်းမိသားစု၏ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။
"ကောင်းပြီလေ...ဒါဆိုရင်လည်း နောင်အနာဂတ်မှာ ငါက ကျန်းမိသားစုကို အခက်တွေ့စေရတော့မယ်"
လုယွီက ကျန်းမိသားစု၏စိတ်စေတနာကောင်းကို ငြင်းဆန်ခြင်းမပြုချေ။
သူ့ထံတွင် တော်ဝင်မြို့တော်၌ အင်အားအမြောက်အများမရှိချေ။မည်သို့ပင်ဆိုစေကာမူ ကျန်းမိသားစုသည် နယ်မြေခံမြွေကြီးတစ်ကောင်ဖြစ်ကာ အရင်းအမြစ်အမြောက်အများနှင့်ကြီးမားသောအခွင့်အာဏာကို ထိန်းချုပ်ထားနိုင်သည်။သူတို့သည် တစ်ဖက်နှင့်တစ်ဖက်ကောင်းမွန်စွာ ဆက်ဆံနေနိုင်သရွေ့ နောင်အနာဂတ်တွင် မည်သည့်ကိစ္စရပ်ကိုမဆို ဖြေရှင်းရန် လွယ်ကူသွားပေမည်။
ကျန်းပေါင်ရှင်းက အပြုံးနှင့်ပြောဆိုသည်။
"ညီအကိုလုက အရမ်းယဥ်ကျေးလွန်းနေပြီ"
အမှန်အားဖြင့် ကျန်းပေါင်ရှင်းသည် လုယွီထက် အသက်အနည်းငယ်ပိုကြီးသည်။သို့ရာတွင် လုယွီ၏ရှေ့၌ ကျန်းပေါင်ရှင်းသည် မာန်မာနဝံ့ကြွားသော အပြုအမူမျိုးကို မပြုလုပ်ဝံ့ချေ။မည်သို့ပင်ဆိုစေကာမူ လုယွီသည် သူ့ထက် များစွာပို၍ အစွမ်းထက်သူပင်။
ကောင်းကင်နှင့်မြေပြင်ခန်းမမှ ထွက်ခွာလာပြီးနောက် လုယွီသည် မိုးကောင်းကင်တာအိုတည်းခိုခန်းရှိ သူ၏တည်းခိုအိမ်သို့ ပြန်သွားခဲ့သည်။ထို့နောက် သူ၏ကိုယ်ပိုင်ခွန်အားကို တိတ်တဆိတ်ခံစားကာ သူ အားနည်းနေသောနေရာများကို ပြုပြင်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် ဤကိစ္စအား ကြေအေးမပေးမည်ကို လုယွီက ကောင်းစွာသိရှိထားသည်။ယခုချိန်တွင် သူသည် အိမ်ရှေ့စံမင်းသား၏ပစ်မှတ်ထားခြင်းကို ခံနေရပြီဖြစ်သဖြင့် သူ့ထံ၌ နေ့ရက်ကောင်းများ ရှိတော့မည်မဟုတ်ချေ။
အရေးအကြီးဆုံးအချက်မှာ သူ၏ကျင့်ကြံဆင့်နယ်ပယ်ကို အမြန်ဆုံးမြှင့်တင်နိုင်ရန်ပင်။
လုယွီသည် ဤမျှအဆင့်ထိ အင်အားကြီးမားလာခြင်းမှာ မတော်တဆသက်သက်မဟုတ်ချေ။သူသည် တစတစစုဆောင်းခဲ့ရသော သူ၏ခွန်အားများကို မှီခိုခဲ့ခြင်းဖြစ်သည်။
ညတာရှည်ခြင်းသည် ဤညတွင် အိပ်မပျော်နိုင်သောလူများအတွက် ကံကြမ္မာဆိုးကြီးပင်။
လုယွီ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိသွားသောသတင်းသည် သူ့ထံ၌ တောင်ပံတစ်စုံ ပေါက်လာသည့်အလား ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို ပျံ့နှံ့သွားသည်။
နှစ်စဥ်နှစ်တိုင်း ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိသူများသည် လူအများ၏အာရုံစိုက်ခြင်းကို ခံရလေ၏။သို့ရာတွင် ဤတစ်ကြိမ်သည် အမှန်တကယ်ကိုပင် တုန်လှုပ်ချောက်ချားဖွယ် ကိစ္စကြီးဖြစ်သဖြင့် ယခင်ထက် ပို၍များပြားစွာ လူအများ၏စိတ်အာရုံများကို ဆွဲဆောင်နိုင်ခဲ့သည်။
လုယွီသည် စာမေးပွဲသုံးခုလုံး၏ ပထမနေရာကို ရရှိသွားသူပင်။
ဤသည်က မဖြစ်နိုင်လုနီးပါး ကိစ္စတစ်ရပ်ဖြစ်သော်လည်း လုယွီသည် ပြုလုပ်နိုင်ခဲ့လေ၏။
ကျန်းအိမ်တော်၌...
ကျန်းပေါင်ရှင်း၏သတင်းပို့မှုကိုကြားပြီးနောက် မဟာအကြီးအကဲက စိတ်သက်သာရာရသွားပုံဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။အချိန်အတော်ကြာပြီးနောက် သူက ပြောဆိုသည်။
"အခုချိန်ကနေစပြီးတော့ လုယွီက ငါတို့ကျန်းမိသားစုရဲ့ အထူးဧည့်သည်တော်ပဲ...ငါတို့လိုလူအိုကြီးတွေက ဒီကိစ္စမှာ ရှေ့ထွက်ဖို့မသင့်တော်ဘူး...ပေါင်ရှင်း...ဘယ်လိုပဲဖြစ်ဖြစ် မင်းက သူနဲ့သက်တူရွယ်တူတစ်ယောက်...ဒီတစ်ကြိမ်မှာ မင်းတို့က အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကိုလည်း သူနဲ့တစ်သုတ်တည်းရခဲ့တယ်...ငါတို့က ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီးတော့ သူနဲ့ငါတို့ကြားမှာ ဆက်ဆံရေး ပိုပြီးခိုင်မာလာအောင် တည်ဆောက်ရမယ်"
ကျန်းပေါင်ရှင်းက ခေါင်းညိတ်လိုက်သည်။မဟာအကြီးအကဲပြောဆိုသည်မှာ အမှန်ဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
တခြားအင်အားစုများ လှုပ်ရှားလာပါက ကျန်းမိသားစုနှင့်လုယွီအကြားမှ ဆက်ဆံရေး ကျဲပါးသွားမည်ကို သူ စိုးရိမ်နေမိသည်။
သူသည် တခြားအင်အားစုများ လက်မဦးမီ လုယွီနှင့်ကျန်းမိသားစုအကြားရှိ ဆက်ဆံရေးကို ပို၍ခိုင်မာအောင် တည်ဆောက်ရပေမည်။
"မနက်ဖြန်က ဂုဏ်ပြုညစာစားပွဲကျင်းပမယ့်နေ့ပဲ...အချိန်ကျလာရင် သူ့အတွက် ဂုဏ်ပြုလက်ဆောင်တစ်ခု ပြင်ဆင်ထားရမယ်...မင်း ဒါကို လုယွီအတွက် ယူသွားပေးပါ...သူ့ကို လက်ဆောင်ပေးနိုင်ဖို့ဆိုတာ ရှားပါးတဲ့အခွင့်အရေးကြီးပဲ...သူ အရင်က နဂါးအမြူတေကို တောင်းဆိုခဲ့တယ်မဟုတ်လား....ငါ့ဆီမှာ ဧကရာဇ်အဆင့် နဂါးအမြူတေတစ်လုံးရှိတယ်...အဲ့ဒါကို သူ့ဆီ ပေးလိုက်တော့"
မဟာအကြီးအကဲသည် ကိစ္စတချို့ကို ထပ်မံ၍အမိန့်ပေးကာ ကျန်းပေါင်ရှင်းကို ပြင်ဆင်ထားရန်အတွက် ညွှန်ကြားလိုက်၏။
ရှားဟိုအိမ်တော်၌...
လုယွီ ထိပ်သီးကျောင်းတော်သားဖြစ်လာသည်ဟူသော သတင်းကိုကြားပြီးနောက် ရှားဟိုကျွင်းနှင့်လုံယွင်ရှန်းတို့၏ခန္ဓာကိုယ်များ အေးစက်စက်ချွေးစေးများဖြင့် ရွှဲနစ်သွားတော့သည်။
သူတို့ ယခင်က လုယွီကို လှောင်ပြောင်သရော်ခဲ့မိသည်များအား ပြန်လည်တွေးတောမိချိန်တွင် သူတို့သည် ကူကယ်ရာမဲ့စွာဖြင့် ထိတ်လန့်ကြောက်ရွံနေကြသည်။
လုယွီ၏လက်ရှိခွန်အားဖြင့် သူတို့ကိုချေမွှဖျက်ဆီးရန်မှာ အလွန်အမင်းလွယ်ကူသည်။
Chapter 3207
သခင်မကြီးရှားဟိုသည် ထိုသတင်းကိုကြားသည်နှင့် ရှားဟိုကျွင်းကို အိမ်တော်အတွင်း၌ ဖမ်းချုပ်ထားကာ အပြစ်ဒဏ်ခံယူရန်အတွက် စောင့်ဆိုင်းနေစေသည်။လုံယွင်ရှန်းကိုမူ ဝေးလံခေါင်သီသောကြယ်နယ်မြေပေါ်တွင်ရှိသည့် မိသားစုခွဲတစ်ခုထံသို့ မောင်းထုတ်လိုက်ကာ သူမသည် တော်ဝင်မြို့တော်သို့ ပြန်လာခွင့်မရှိတော့ချေ။
ဤတော်ဝင်စာမေးပွဲ၌ ရှားဟိုမိသားစုသည် ထိုလူနှစ်ယောက်အပေါ် မျှော်လင့်ချက်ကြီးစွာ ထားခဲ့လေ၏။သို့ရာတွင် နောက်ဆုံး၌ သူတို့နှစ်ယောက်လုံးသည် အဆင့်မြင့်ကျောင်းတော်သား နေရာတစ်နေရာကိုပင် ရယူနိုင်ခဲ့ခြင်းမရှိချေ။
တခြားတစ်ဖက်တွင် အရေးပေးခံရမှု အနည်းဆုံးဖြစ်သော လုယွီသည် မမျှော်လင့်ဘဲ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိခဲ့သည်။
သူသည် တာယွီအင်ပါယာ၏ထိပ်သီးကျောင်းတော်သားပင်။
လုယွီ၏ယခုလက်ရှိနာမည်ဂုဏ်သတင်းဖြင့် အကယ်၍ သူ လက်စားချေလိုပါက ရှားဟိုမိသားစုသည် ထိုအကျိုးဆက်ကို တောင့်ခံနိုင်မည်မဟုတ်ကြောင်း သခင်မကြီးရှားဟိုက ကောင်းစွာသိရှိထားသည်။
"လာကြစမ်း...ဒီခွေးမသားရှားဟိုကျွင်းကို လုယွီအတွက် လက်ဆောင်တွေပြင်ဆင်ပြီးတော့ သူကိုယ်တိုင်သွားပြီး တောင်းပန်ခိုင်းလိုက်စမ်း...တကယ်လို့ သူ လုယွီရဲ့ခွင့်လွှတ်မှုကို မရဘူးဆိုရင် အိမ်တော်ကို ပြန်လာစရာမလိုဘူး"
သခင်မကြီးရှားဟိုက ဒေါသတကြီး အော်ငေါက်လိုက်၏။
ဤအချိန်တွင် မိသားစု၏ပါရမီရှင်ဟူသော အချက်မှာလည်း အရေးမပါတော့ချေ။ထို့ထက်ပို၍အရေးကြီးသောအချက်မှာ လုယွီ၏အမျက်ဒေါသကို ဖြေဖျောက်နိုင်ရန်ပင်။
ရှောင်အိမ်တော်၌...
ယခုလက်ရှိအချိန်တွင် ရှောင်အိမ်တော်တစ်ခုလုံးကို အပြည့်အဝ ချိပ်ပိတ်ထားသည်။အိမ်တော်ပြင်ပတွင် ကြီးမားသောအကာအကွယ်ဝင်္ကပါကြီးကို ခင်းကျင်းထားကာ ပြင်ပမှကြည့်ပါက အတွင်းသို့မမြင်နိုင်စေရန် စီမံဆောင်ရွက်ထားသည်။
သို့ရာတွင် ဤအချိန်၌ အကယ်၍ တစ်စုံတစ်ယောက်သည် ရှောင်အိမ်တော်သို့ ဝင်ရောက်သွားပါက ရှောင်မိသားစု၏ မူမမှန်သောလှုပ်ရှားမှုများကို တွေ့မြင်ရပေမည်။
ရှောင်အိမ်တော်တစ်ခုလုံးကို ထူထပ်သိပ်သည်းသော အနက်ရောင်မြူခိုးများက လွှမ်းခြုံထားသည်။ကောင်းကင်ယံအတွင်း၌ သရဲတစ္ဆေများ မျောလွင့်နေကာ လေထုအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ပြည့်နှက်နေပေ၏။
ရှောင်အိမ်တော်၏အလယ်ဗဟိုတွင်ရှိသော ပင်မခန်းမကို ရှောင်မိသားစုအစောင့်များက တင်းတင်းကြပ်ကြပ် ကာကွယ်စောင့်ကြပ်နေကာ အပြင်လူများချဥ်းကပ်ခွင့်မရှိချေ။
မိုးကောင်းကင်ယံရှိ လေထုအတွင်း၌ ရစ်သိုင်းလွှမ်းခြုံနေသော အနက်ရောင်မြူခိုးများကို ရှောင်အိမ်တော်၏ပြင်ပခန်းမမှ အဆက်မပြတ် ထုတ်လွှတ်နေခြင်းဖြစ်သည်။
"အား....ငါ ဆိုးဆိုးရွားရွား သေခဲ့ရတယ်..မင်းတို့အားလုံး ငါ့ဆီလာပြီးတော့ ငါ့ကို အဖော်ပြုပေးကြစမ်း"
"ငါ မင်းတို့အားလုံးကိုသတ်မယ်...ပြီးတော့ မင်းတို့ကို ကြေးချွတ်သန့်စင်ဘုံဆီ ဆွဲခေါ်သွားမယ်...ဒီလိုနှိပ်စက်ညှင်းပန်းခံရတာမျိုး ငါ မင်းတို့ကို ခံစားခွင့်ပြုလိုက်မယ်"
ရက်စက်ကြမ်းကြုတ်ပြီး ရုန့်ရင်းသော အော်ဟစ်မြည်တမ်းသံများက ရှောင်အိမ်တော်၏ပင်မခန်းမအတွင်းမှ ထွက်ပေါ်နေသည်။ဤသည်က အလွန်အမင်း နားအူလုမတတ်ကျယ်လောင်ကာ ကြားရသူများ၏စိတ်နှလုံးသားများကို တုန်ရီသွားစေသည်။
ရှောင်အိမ်တော်ပင်မခန်းမ၏ပြင်ပ၌ အစောင့်များရှိနေသော်လည်း သူတို့သည် ရုပ်သေးများနှင့်တူညီနေကာ အတွင်းမှထွက်ပေါ်နေသောအသံများသည် သူတို့အပေါ်၌ အနည်းငယ်မျှပင် သက်ရောက်မှုရှိပုံမရချေ။
ဤအချိန်အခိုက်အတန့်တွင် ပင်မခန်းမအတွင်း၌ ရှောင်မိသားစုခေါင်းဆောင်သည် သုန်မှုန်နေသော မျက်နှာအမူအယာနှင့်ထိုင်နေကာ သူ၏ဆံပင်သည် မီးခိုးရောင်မှအဖြူရောင်သို့ ပြောင်းလဲနေလေပြီ။
သူ၏မျက်လုံးတစ်စုံသည် နီမြန်းနေကာ သူ့ကိုကြည့်ရသည်မှာ ယခင်ထက်ဆယ်နှစ်ခန့် ပို၍အိုစာသွားပုံရသည်။သူ၏မျက်နှာပေါ်တွင်လည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေပေ၏။
ရှောင်ချွမ်၏ကျင့်ကြံဆင့်နယ်ပယ်ကိုအခြေခံကြည့်ပါက ဤကဲ့သို့အခြေအနေမျိုးသို့ ရောက်ရှိနေရန်မှာ သူ့အတွက် အလွန်အမင်းခက်ခဲပေမည်။
သူ ဤကဲ့သို့ဖြစ်သွားနိုင်သည့် အကြောင်းရင်းဟူ၍ တစ်ခုသာရှိသည်။ဤသည်က သူ အလွန်အကျွံစဥ်းစားတွေးတောနေသောကြောင့်ဖြစ်သည်။သူ့စိတ်ဝိညာဥ်၏စွမ်းအားများ အဆုံးစွန်ဆုံးအဆင့်ထိ ကုန်ဆုံးသွားသဖြင့် သူ ဤကဲ့သို့ပုံစံ ဖြစ်နေခြင်းပင်။
ရှောင်ချွမ်၏ရှေ့၌ ကြေးနီရောင်စေတီတစ်ဆူ မျောလွင့်နေကာ မှုန်တေတေအလင်းတန်းများ အဆက်မပြတ်ဖြာထွက်နေသည်။
သရဲတစ္ဆေများ၏ငိုကြွေးမြည်တမ်းသံများနှင့်တူညီသည့် တုန်လှုပ်ချောက်ချားဖွယ်အသံများသည် ထိုစေတီမှ ထွက်ပေါ်နေခြင်းပင်။
စေတီ၏နံဘေး၌ မိန်းကလေးတစ်ယောက် မတ်တတ်ရပ်နေသည်။
သူမသည် ပါးလွှာသောဝတ်စုံတစ်စုံကိုသာ ဝတ်ဆင်ထားသဖြင့် သူမ၏ တင့်တယ်လှပသောခန္ဓာကိုယ်ကောက်ကြောင်းသည် အထင်းသား ထင်ဟပ်နေပေ၏။
ထိုမိန်းကလေးသည် ရှောင်မိသားစု၏ဒုတိယသခင်မလေး ရှောင်လင်းအာပင်။
ဤအချိန်တွင် ရှောင်ချွမ်သည် မှော်မန္တန်များကို အဆက်မပြတ်ရွတ်ဆိုနေကာ ရှောင်လင်းအာ၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားစေသည်။ရှောင်လင်းအာသည် မျက်လုံးစုံမှိတ်ထားကာ သူမသည် အကန့်အသတ်မရှိသော နာကျင်မှုဝေဒနာကို ခံစားနေရသည့်အလား သူမ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်စုကျုံထားသည်။
"လင်းအာ...နည်းနည်းလောက်တောင့်ခံထားဦး...မင်းက မသေမျိုးအဆင့်မှော်လက်နက်ရဲ့ အသိအမှတ်ပြုမှုကိုရတာနဲ့ ငါတို့ရှောင်မိသားစုက အခုထက်ပိုပြီး ထင်ရှားကျော်ကြားလာလိမ့်မယ်...ဒီလိုလုပ်ရတဲ့အတွက် အဖေကိုအပြစ်မတင်ပါနဲ့...ငါက မိသားစုကောင်းကျိုးအတွက် ဒီကိစ္စကို လုပ်ရတာပါ"
ရှောင်ချွမ်သည် သူ၏လုပ်ရပ်ကိုသူ မလုံမလဲဖြစ်နေသည့်အလား စကားများကို ထပ်ခါတလဲလဲပြောဆိုနေသည်။ထို့နောက် သူသည် မှော်မန္တန်များထပ်မံရွတ်ဆို၍ ရှောင်လင်းအာထံဦးတည်ကာ ရိုက်ခတ်လိုက်သည်။
Chapter 3208
ရှောင်လင်းအာ၏ခန္ဓာကိုယ်အတွင်းသို့ မှော်မန္တန်တစ်ခု ဝင်ရောက်သွားသည့်အချိန်တိုင်း သူမ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ အနက်ရောင်မြူခိုးများ ဖွဲ့စည်းသွားကာ သူမကိုကြည့်ရသည်မှာ ဝေဝါးသွားစေသည်။
သို့ရာတွင် ရှောင်လင်းအာသည် အကန့်အသတ်မရှိသော နာကျင်မှုဝေဒနာကို ခံစားရသည့်အလား သူမ၏မျက်ခုံးနှစ်ဖက်ကို တင်းတင်းကြပ်ကြပ်စုကျုံထားဆဲပင်။
ထိုအချိန်မှာပင် ရှောင်အိမ်တော်ပင်မခန်းမ၏တံခါးမကြီးကို ပြင်ပမှနေ၍ တစ်စုံတစ်ယောက်က တွန်းဖွင့်လိုက်သည်။
ရှောင်မိသားစု၏အကြီးဆုံးသခင်မလေးရှောင်ချင် ပြင်ပမှနေ၍ ခန်းမအတွင်းသို့ ဝင်ရောက်လာခြင်းပင်။သူမရှေ့ရှိမြင်ကွင်းကို မြင်တွေ့ချိန်တွင် သူမသည် မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်စကားမျှပြောဆိုခြင်းမရှိချေ။
"ဘာကိစ္စလဲ"
ရှောင်ချွမ်က သူ၏လက်ကိုဖြည်းညှင်းစွာ ပြန်ရုတ်သိမ်းလိုက်၏။ထို့နောက် သူ၏လက်ဖြင့် သူ၏မျက်ခုံးနှစ်ခုကြားကိုဖိနှိပ်လိုက်ပြီး သူ့ကိုကြည့်ရသည်မှာ အလွန်ပင်ပန်းနွမ်းနယ်နေပုံပင်။
ရှောင်ချင်က ပျာပျာသလဲ ပြောဆိုသည်။
"အဖေ...ကျွန်မတို့မိသားစုဆီကနေ မသေမျိုးအဆင့်မှော်လက်နက်ကို လုယူသွားတဲ့ အဲ့ဒီခွေးမသားက ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲရဲ့ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရသွားခဲ့တယ်"
အမ်....
ရှောင်ချွမ်၏မျက်လုံးအတွင်း၌ အေးစက်စက်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
"အဲ့ဒါက သူလား...သူ့ရဲ့ခွန်အားက သက်တူရွယ်တူတွေကြားမှာ မဆိုးဘူးလို့ပြောလို့ရတယ်...သူ့ဆီမှာ ဘိုးဘေးရဲ့ကိုယ်ပွားကို ကြေမွှပျက်စီးသွားစေတဲ့အထိ အစွမ်းထက်တဲ့ လျှို့ဝှက်နည်းစနစ်လည်းရှိနေတယ်...ဒါပေမယ့် ဒီတစ်ကြိမ်မှာ အိမ်ရှေ့စံမင်းသားက ရှမိသားစုဝင်တစ်ယောက်ကို ထောက်ပံဖို့ ရွေးချယ်ထားတဲ့ပုံပဲ...ဘယ်လိုပဲဖြစ်ဖြစ် သူက ထိပ်သီးကျောင်းတော်သား ဖြစ်မလာနိုင်ဘူးမဟုတ်လား"
ရှောင်မိသားစု၏သတင်းပေးများသည် တော်ဝင်မြို့တော်၏နေရာအနှံ့အပြား၌ရှိနေသည်။အကယ်၍ အိမ်ရှေ့စံမင်းသား တစ်စုံတစ်ခုပြုလုပ်လိုလျှင်ပင် ရှောင်မိသားစုမှ ချက်ချင်းသိရှိနိုင်သည်။
"အဲ့ဒါတင် မဟုတ်သေးဘူး...သူက ထိပ်သီးကျောင်းတော်သားဘွဲ့ထူးတင်မကဘူး စာမေးပွဲသုံးခုလုံးရဲ့ ပထမနေရာကိုလည်း ရသွားခဲ့တယ်...အိမ်ရှေ့စံမင်းသားက ရှထန်ကန်းကို ကူညီထောက်ပံချင်ပေမယ့် နောက်ဆုံးအဆင့်သတ်မှတ်ချက်ကို ထုတ်ပြန်ကြေငြာမယ့်အချိန်မှာ...မဟာဆရာသခင်ကျန်းဟောင် ရုတ်တရက်ကြီး ထွက်ပေါ်လာပြီးတော့ သူ့ကို ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကိုပေးဖို့ သူကိုယ်တိုင်ညွှန်ပြခဲ့တာ...မဟာဆရာသခင်ရဲ့ အကြွင်းမဲ့အခွင့်အာဏာကြောင့် အိမ်ရှေ့စံမင်းသားတောင် ဘာမှမပြောနိုင်ခဲ့ဘူး"
ရှောင်ချင်က ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ရှောင်ချွမ်အား ပြောဆိုလိုက်၏။
"ကျန်းဟောင်ကိုယ်တိုင် ရောက်လာပြီးတော့...သူက စာပေသူတော်စင်ယီဟန်ရဲ့တပည့်တဲ့လား...ငါ သူကို လျှော့တွက်ခဲ့မိတယ်...အရင်တုန်းက သူ့ကိုကယ်သွားတဲ့ ခွေးဝါကြီးက သူတော်စင်ယီရဲ့တပည့်ပဲဖြစ်ရမယ်"
ရှောင်ချွမ်က မျက်လုံးစုံမှိတ်ကာ အချိန်တခဏကြာ စဥ်းစားပြီးနောက် သူက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အခုချိန်မှာ မသေမျိုးအဆင့်မှော်လက်နက်ကို သန့်စင်နိုင်ဖို့က ငါတို့ရှောင်မိသားစုအတွက် အရေးအကြီးဆုံးပဲ...တခြားကိစ္စတွေကိုတော့ ငါတို့ ဘေးကိုခဏဖယ်ထားရမယ်...အဲ့ဒီကောင်လေးက ငါတို့ရှောင်မိသားစုရဲ့ရန်သူဖြစ်လာမှာ အနှေးနဲ့အမြန်ပဲ...ငါတို့က သူနဲ့ရင်ဆိုင်ရလိမ့်မယ်...အချိန်အတိုင်းအတာတစ်ခုထိတော့ ငါတို့ သူ့ကို ထိလို့မရသေးဘူး...အဲ့ဒီလိုမှပဲ စာပေသူတော်စင်ယီဟန်ရဲ့ အာရုံစိုက်ခံရမယ့်ဘေးကနေ ငါတို့ ရှောင်လွှဲနိုင်လိမ့်မယ်"
သူသည် အလွန်ရှင်းလင်းစွာ တွေးတောထားပြီးလေပြီ။သူတို့ရှောင်မိသားစုမှ ပိုင်ဆိုင်ထားသော မသေမျိုးအဆင့်မှော်ရတနာသည် နတ်ဆိုးလမ်းကြောင်းမှဖြစ်ပုံရသည်။ဤမှော်လက်နက်အတွင်းတွင် လူအများ၏စိတ်နှလုံးသားများကို ချမ်းစိမ့်တုန်ရီသွားစေသည့် နတ်ဆိုးစိတ်ဝိညာဥ်အမြောက်အများ ခိုအောင်းနေသည်။
အကယ်၍ ဤမှော်လက်နက်အကြောင်းသာ ထွက်ပေါ်သွားပါက ဖြောင့်မတ်မှန်ကန်သော စာပေသူတော်စင်များ၏ ဖိနှိပ်ခြင်းကို ခံရပေမည်။အကောင်းဆုံးနည်းလမ်းမှာ ထိုအရာကို သိုဝှက်ထားပြီး တော်ဝင်နန်းတွင်းမှလူများ ရှာဖွေတွေ့ရှိသွားခွင့်မပြုရန်ပင်။
ရှောင်ချင်သည် မြောက်မြားစွာသောတားမြစ်မန္တန်များကြားတွင် လှောင်ပိတ်ခံထားရသော ရှောင်လင်းအာကိုတစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်၍ ပြောဆိုသည်။
"လင်းအာ ဒါကို တောင့်ခံနိုင်ပါ့မလား"
"ရှောင်မိသားစုဝင်တစ်ယောက်ဖြစ်တဲ့သူက မိသားစုအတွက် သူ့ကိုယ်သူ စတေးရမှာပဲ...ငါတို့ရှောင်မိသားစုဆီမှာ မသေမျိုးအဆင့်မှော်လက်နက်ရဲ့ ကူညီထောက်ပံမှုရလာတာနဲ့ ငါတို့က တခြားမိသားစုကြီးတွေနဲ့ပခုံးချင်းယှဥ်နိုင်ပြီ...အဲ့ဒီအချိန်ကျရင် ငါတို့ရှောင်မိသားစုရဲ့အင်အားက ထိပ်ဆုံးကို တက်လှမ်းနိုင်လိမ့်မယ်"
ရက်စက်ကြမ်းကြုတ်ပြီး ရုန့်ရင်းကြမ်းတမ်းသော အရိပ်အယောင်များက ရှောင်ချွမ်၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
သူ၏မျက်လုံးအတွင်း၌ မည်သည့်စိတ်ခံစားချက်မျိုးမျှ ရှိပုံမရချေ။သူ့ထံတွင် အင်အားနှင့်အခွင့်အာဏာအတွက် ယှဥ်ပြိုင်လိုစိတ်သာရှိနေသည်။
ရှောင်လင်းအာသည် သူ၏သမီးဖြစ်သော်လည်း ကျဥ်းထဲကျပ်ထဲအခြေအနေမျိုးနှင့် ရင်ဆိုင်ရပါက သူ စွန့်ပစ်နိုင်သည်။
ညတာသည် ရှည်လျားပေ၏။
ဤညတွင် မြောက်မြားစွာသောအင်အားစုများသည် လုယွီ၏အကြောင်းကို ပြောဆိုနေကြသည်။
လုယွီနှင့်ဆက်ဆံရေးကောင်းရှိသော အင်အားစုများသည် အလွန်ပျော်ရွှင်ဝမ်းမြောက်နေကြ၏။ထိုအင်အားစုတစ်ခုစီသည် လက်ဆောင်ပေးအပ်ရန်အတွက် ကြိုတင်ပြင်ဆင်နေကြသည်။လုယွီနှင့် ဆိုးရွားသောဆက်ဆံရေးရှိသော အင်အားစုများကမူ သူတို့၏နည်းဗျူဟာများကို ပြန်လည်၍ဆင်ခြင်သုံးသပ်နေသည်။တချို့အင်အားစုများသည် လက်ဆောင်များပေးအပ်၍ ပြေလည်မှုရယူရန်ကြိုးစားမည်ဖြစ်ကာ တချို့အင်အားစုများကမူ တခြားနည်းလမ်းများကိုအသုံးပြု၍ လုယွီကို ဆက်လက်၍ပစ်မှတ်ထားရန် ကြံရွယ်နေကြ၏။
တာယွီအင်ပါယာ၏ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကို ရရှိသူမှာ အလွန်အဖိုးတန်ရှားပါးလေရာ ယခင်က ထွက်ပေါ်ခြင်းမရှိခဲ့ဘူးသည့် စာမေးပွဲသုံးခုလုံးတွင် ပထမရရှိခဲ့သောလုယွီဟူပါက ဆိုဖွယ်ရာပင်မရှိချေ။
Chapter 3209
နောက်တစ်နေ့မနက်၌...
တော်ဝင်မြို့တော်၏တုန်းလင်ရေအိုင်နံဘေးတွင် မီးအိမ်များဖြင့် ထွန်းလင်းတောက်ပနေကာ သီဆိုကခုန်သံများနှင့် ဆူညံနေသည်။
ဤနေရာသည် တုန်းလင်ရေအိုင်အနီးရှိ 'ကျို့လင်ဥယျာဥ်'ဖြစ်ကာ တော်ဝင်ဥယျာဥ်တော်တစ်ခုဟု ပြောဆိုကြသည်။တော်ဝင်စာမေးပွဲကျင်းပသည့်အချိန်တိုင်း အဆင့်မြင့်ကျောင်းတော်သားအသစ်များကို ကြိုဆိုသည့်အနေဖြင့် ဤနေရာကိုအလှဆင်ကာ ညစာစားပွဲကျင်းပလေ့ရှိသည်။
ဤသည်က ဧကရာဇ်ကိုယ်တိုင် သူတို့အားပေးအပ်ထားသော ဘွဲ့ထူးဖြစ်သဖြင့် အဆင့်မြင့်ကျောင်းတော်သားများသည် ဤအခွင့်အရေးကိုရယူကာ နောင်တစ်ချိန်တွင် အဆက်အသွယ်ရရန်အတွက် အဆင့်သတ်မှတ်ချက်တွင် ထိပ်ဆုံးနေရာမှ အဆင့်မြင့်ကျောင်းတော်သားများနှင့် ရင်းနှီးအောင် ပြုလုပ်နိုင်သည်။
"ထိပ်သီးကျောင်းတော်သား...ငါတို့ မင်းကိုစောင့်နေတာ အချိန်အတော်ကြာနေပြီ"
"ညီအကိုလု...ကျေးဇူးပြု၍"
ကျို့လင်ညစာစားပွဲသို့ လုယွီရောက်ရှိသည်နှင့် သူ့အား ချက်ချင်းဆိုသလိုပင် လူအမြောက်အများက ဝိုင်းရံထားလေ၏။လက်ရှိနေရာတွင်ရှိနေသော လူတိုင်းနီးပါး မတ်တတ်ထရပ်၍ သူ့ကို ဆီးကြိုနှုတ်ဆက်ကြသည်။
တခြားတစ်ဖက်တွင် ရှထန်ကန်းသည် မလှမ်းမကမ်းတစ်နေရာ၌ရှိနေကာ လူတချို့နှင့်စကားစမြည် ပြောဆိုနေသည်။သို့ရာတွင် ထိုလူများသည် လုယွီ ရောက်ရှိလာသည်ကိုမြင်ချိန်တွင် ချက်ချင်းပြေးထွက်သွားကာ သူ့ကို အနည်းငယ်မျှပင် မျက်နှာသာမပေးကြချေ။
ဟမ့်...
ရှထန်ကန်းက အေးစက်စက်နှာတစ်ချက်မှုတ်ကာ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒအရိပ်အယောင်များက သူ၏မျက်လုံးအတွင်း၌ ဖြတ်ပြေးသွားသည်။
နှစ်စဥ်နှစ်တိုင်း ကျို့လင်ညစာစားပွဲကျင်းပချိန်၌ ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကိုရရှိသူသည် အတောက်ပဆုံးပင်။ထို့ပြင် အဆင့်မြင့်မြင့်မားမားရရှိထားသူများသည်လည်း လူအများ၏အာရုံစိုက်ခြင်းကို ခံရပေ၏။
သူတို့နှစ်ယောက်လုံးသည် အဆင့်သတ်မှတ်ချက်၌ အဆင့်မြင့်မားသော်လည်း ရှထန်ကန်းသည် သူ၏နာမည်ဂုဏ်သတင်းကို လုယွီက ဖုံးလွှမ်းသွားပြီဖြစ်ကြောင်း သူ ကောင်းစွာသိရှိထားသည်။
စာမေးပွဲသုံးခုလုံး၌ ပထမနေရာကိုရရှိခဲ့သော နာမည်ဂုဏ်သတင်းမှာ အလွန်ကြီးမားသည်။မည်သူမည်ဝါဖြစ်နေပါစေ ထိုနာမည်ဂုဏ်သတင်း၏ရှေ့တွင် သူတို့ကိုယ်သူတို့ မှေးမှိန်သွားသကဲ့သို့ ခံစားရပေမည်။
"လုရှီ"
ချင်လုရှန်းနှင့် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှတပည့်များသည် မတ်တတ်ထရပ်ကာ ဂါရဝပြု နှုတ်ဆက်လိုက်ကြ၏။
ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ တချို့တပည့်များသည် လုယွီကို ဒဏ္ဍာရီတစ်ပုဒ်အလား ကြည့်နေကြသည်။
သူတို့၏ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်သည် ယခင်တော်ဝင်စာမေးပွဲများ၌ ကျောင်းတော်ငါးခုအနက် အောက်ဆုံးအဆင့်မှသာ ရပ်တည်နိုင်ခဲ့သည်။
သို့ရာတွင် ဤတစ်ကြိမ်တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သောလူဦးရေသည် ယခင်ထက် အဆများစွာပို၍ များပြားနေမည်ဟု သူတို့အားလုံး မျှော်လင့်မထားမိကြချေ။
ထို့ထက်ပို၍အရေးအကြီးဆုံးအချက်မှာ ဤတစ်ကြိမ်တော်ဝင်စာမေးပွဲ၏ နံပါတ်တစ်ထိပ်သီးကျောင်းတော်သားနေရာကို ရရှိခဲ့သူမှာ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ဖြစ်နေခြင်းပင်။
ယခုလက်ရှိချိန်တွင် ကောင်းကင်ဘုံနယ်မြေတခွင်လုံး၌ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏နာမည်ဂုဏ်သတင်း အလွန်အမင်းမြင့်တက်နေလေပြီ။နောက်တစ်သုတ် တပည့်သစ်ခေါ်ယူချိန်တွင် မည်မျှထိကြီးကျယ်ခမ်းနားနေမည်ကို စိတ်ကူးယဥ်ပုံဖော်ကြည့်၍ ရနိုင်သည်။
"အားလုံးပဲ...အရမ်းယဥ်ကျေးနေစရာ မလိုပါဘူး...နောင်အနာဂတ်မှာ ငါက မင်းတို့အားလုံးရဲ့အကူအညီကို လိုအပ်နေတုန်းပါပဲ"
လုယွီက နူးညံပြီး ယဥ်ကျေးသိမ်မွေ့သောအမူအယာကို ထုတ်ဖော်ပြသထားသည်။သူက လူတိုင်းကို အပြုံးနှင့်နှုတ်ဆက်လိုက်၏။
သူတို့အားလုံးထံ၌ အချိန်ကောင်းတစ်ခုရှိနေစဥ်တွင် ရုတ်တရက် ပြင်ပမှနေ၍ အော်သံတစ်သံ ထွက်ပေါ်လာသည်။
"စာပေနဲ့ယဥ်ကျေးမှုဌာနအမတ်ကြီး ကျန်းရွှမ်စဲ ရောက်ရှိလာပါတယ်"
လူတိုင်းသည် ရယ်ပြုံးနေခြင်းကိုရပ်တန့်ကာ မတ်တတ်ထရပ်လိုက်သည်။
အိမ်ရှေ့စံမင်းသားသည် နန်းတွင်းစာမေးပွဲတွင် ဧကရာဇ်၏ကိုယ်စား စစ်ဆေးရေးမှူးခေါင်းဆောင်အဖြစ် ဆောင်ရွက်သည်ကလွဲ၍ တခြားတော်ဝင်စာမေးပွဲများတွင် ပါဝင်ခြင်းမရှိချေ။
တခြားတစ်ဖက်တွင် ကျန်းရွှမ်စဲသည် တော်ဝင်စာမေးပွဲသုံးရပ်လုံး၌ ပါဝင်ခဲ့သည်။သူသည် ကျောင်းတော်သားအားလုံးအတွက် ခေါင်းဆောင်စစ်ဆေးရေးမှူးဖြစ်ခဲ့သူဟုပင် ဆိုနိုင်သည်။
ကျန်းရွှမ်စဲသည် စာပေနှင့်ယဥ်ကျေးမှုဌာနကို စီမံအုပ်ချုပ်ရသော အမတ်ကြီးတစ်ယောက်ဖြစ်သဖြင့် တော်ဝင်နန်းတွင်း၌ သူ၏ရာထူးသည် အလွန်အရေးပါခြင်းမရှိသော်လည်း သူ၏အဆက်အသွယ်များသည် လွန်စွာကျယ်ပြန့်ပေ၏။ထို့ပြင် သူ၏ကိုယ်ပိုင်ခွန်အားသည်လည်း အလွန်နက်နဲသိမ်မွေ့သည်။သူသည် ကောင်းကင်ဘုံနယ်မြေအတွင်း၌ နာမည်ကျော်ကြားသော နယ်မြေသခင်အဆင့်ကျင့်ကြံသူတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
"အရှင်ကျန်းကို ကြိုဆိုပါတယ်"
လက်ရှိနေရာတွင်ရှိနေသူတိုင်း ဦးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။
ကျန်းရွှမ်စဲက အပြုံးနှင့်ပြောဆိုသည်။
"ဒီနေ့က ကျို့လင်ညစာစားပွဲကျင်းပတဲ့နေ့ပဲ..ပြီးတော့ဒီညစာစားပွဲက မင်းတို့လူငယ်လေးတွေရဲ့အပိုင်ပဲ...မင်းတို့အားလုံး လွတ်လွတ်လပ်လပ်နဲ့ပျော်ပျော်ပါးပါးနေကြပါ...ငါ့ကို စိတ်ထဲထားမနေနဲ့"
ကျို့လင်ညစာစားပွဲစတင်ချိန်တွင် တုန်းလင်ရေအိုင်၏အနီးတဝိုက်၌ ကြီးကျယ်ခမ်းနားသော ခန်းမဆောင်များရှိနေသည်။ထိုခန်းမဆောင်များအတွင်း၌ ကချေသည်များက ကခုန်၍ ဖျော်ဖြေနေကြ၏။
ဤနေရာသို့ လာရောက်သောလူဦးရေမှာ တစ်သောင်းကျော်ရှိနေသည်။အကယ်၍ သာမာန်ညစာစားပွဲတစ်ခုဆိုပါက ဤမျှများပြားသောလူများအတွက် စီစဥ်ပေးရန် လွန်စွာခက်ခဲပေမည်။ဤနေရာ၌စုဝေးနေသူများကြားတွင် နန်းတွင်းစာမေးပွဲ၏အဆင့်သတ်မှတ်ချက် ထိပ်ဆုံးနေရာများမှ လူတချို့လည်းရှိနေသည်။
"ဟား ဟား ဟား...အရှင်ကျန်းက ကျွန်တော်တို့ကို ဂရုစိုက်လိမ့်မယ်လို့ ကျွန်တော်ထင်သားပဲ...ကချေသည်တွေကို မြန်မြန်လေး ခေါ်လိုက်ကြစမ်း....ငါ ထပ်ပြီး မစောင့်နိုင်တော့ဘူး"
ချင်လုရှန်းက ရုတ်တရက် ကျယ်လောင်စွာ ပြောဆိုလိုက်၏။
သူ၏စကားကြောင့် ပတ်ဝန်းကျင်ရှိအခြေအနေ ချက်ချင်းအသက်ဝင်သွားကာ လူတိုင်း၏မျက်နှာများပေါ်၌ အပြုံးများထင်ဟပ်လာသည်။
ပြင်ပမှနေ၍ သာယာနာပျော်ဖွယ်တီးလုံးသံနှင့်အတူ ကချေသည်တစ်စုသည် ကြည်လင်ပြတ်သားသော ဗုံသံနှင့်အတူယှဥ်တွဲ၍ အတွင်းသို့လျှောက်လှမ်းလာသည်။
ထိုကချေသည်များထံတွင် လှပတင့်တယ်သော ခန္ဓာကိုယ်အချိုးအစားနှင့် မခို့တရို့အမူအယာမျိုးရှိနေသည်။သူတို့၏ပုံပန်းသွင်ပြင်သည် ထိပ်တန်းအဆင့်ဟုဆိုနိုင်ကာ အကြည့်တစ်ချက်ဖြင့်ပြင် လူအများကို ညှို့ငင်ဖမ်းစားနိုင်စွမ်းရှိသည်။
Chapter 3210
သီဆိုကခုန်မှုများ စတင်သည်နှင့် ပတ်ဝန်းကျင်ရှိအခြေအနေ ပို၍သက်ဝင်လှုပ်ရှားလာသည်။
ကျန်းရွှမ်စဲက လုယွီကို လက်ယပ်ခေါ်ကာ သူ၏အနားသို့လာရန် တောင်းဆိုလိုက်၏။
သူတို့နှစ်ယောက်သည် စကားအနည်းငယ်ဖလှယ်ပြောဆိုပြီးနောက် ကျန်းရွှမ်စဲက အဓိကအချက်ကို တိုက်ရိုက်ပြောဆိုလေသည်။
"ငါ အရင်က မင်းရဲ့နည်းဗျူဟာအဖြေလွှာကို မြင်တွေ့ပြီးပြီ...မင်း ဖြေဆိုခဲ့တာက...တကယ်လို့ ချင်အင်ပါယာက ဒီအကျပ်အတည်းကြားကနေ ရုန်းထွက်ချင်တယ်ဆိုရင် သူတို့က လက်ရွေးစင်စစ်သားတွေကို အသုံးပြုပြီးတော့ တစ်ဖက်ရန်သူရဲ့ဖွဲ့စည်းပုံကို ဖြိုခွင်းရမယ်...မိုးကောင်းကင်မီးတောက်ကုန်းမြေမှာ မင်းရဲ့လုပ်ဆောင်ချက်တွေက ဒီနည်းဗျူဟာကို အသုံးပြုခဲ့ပုံရတယ်...မင်းရဲ့အမြင်အရ တကယ်လို့ ငါတို့အင်ပါယာက ထန်အင်ပါယာနဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဒီနည်းလမ်းကိုအသုံးပြုရင် နိုင်ချေဘယ်လောက်ရှိနိုင်လဲ"
လုယွီ၏အစီအမံများနှင့်ပတ်သတ်၍ ကျန်းရွှမ်စဲက စဥ်းစားတွေးတောနေခဲ့သည်။
ကျန်းရွှမ်စဲကဲ့သို့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ထံတွင် နည်းဗျူဟာပညာရှင်များနှင့်အကြံပေးများ ရှားပါးမည်မဟုတ်ကြောင်း လုယွီက ကောင်းစွာသိရှိထားသည်။
ကျန်းရွှမ်စဲ၏အစစ်အမှန်ရည်ရွယ်ချက်သည် သူ၏အမြင်ကိုမေးမြန်းကာ နောက်ထပ်ပြုလုပ်မည့်ဆုံးဖြတ်ချက်အတွက် စဥ်းစားတွေးတောနေခြင်းဖြစ်မည်ကို သူ စိုးရိမ်နေမိသည်။
လုယွီက ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သည်။
"ကျွန်တော်ရဲ့အမြင်အရတော့....ဒီနည်းဗျူဟာက မသင့်တော်မှာကို ကျွန်တော် စိုးရိမ်မိတယ်"
"အမ်....ဘာလို့လဲ...မင်းရဲ့နည်းဗျူဟာက အရမ်းအထောက်အကူဖြစ်မယ်လို့ မင်း မထင်မိဘူးလား"
ကျန်းရွှမ်စဲက အနည်းငယ်အံ့အားသင့်သွားလေ၏။
လုယွီက ပြောဆိုသည်။
"ဒီနည်းဗျူဟာကို အသုံးပြုဖို့အတွက်က တစ်ဖက်ရန်သူအကြောင်းကို ကောင်းကောင်းကြီး နားလည်သဘောပေါက်ဖို့လိုအပ်တယ်...ကျွန်တော် အဲ့ဒီနည်းဗျူဟာကို ရေးသားခဲ့တာက ချင်အင်ပါယာနဲ့ချမ်အင်ပါယာက ရန်သူတော်ဟောင်းတွေဖြစ်နေလို့ပဲ....သူတို့ကြားမှာ သူလျှိုတွေမရှိဘဲ နေမှာမဟုတ်ဘူး...ဒါကြောင့် သူတို့တွေက တစ်ဖက်ရဲ့အကြောင်းကို တစ်ဖက်က ကောင်းကောင်းသိတယ်...ဒါကြောင့် ကျွန်တော်က ဒီနည်းဗျူဟာကို ရွေးချယ်ခဲ့တာပဲ"
"ဒါပေမယ့် ထန်အင်ပါယာက အလယ်ခေတ်ကတည်းက တည်ရှိခဲ့တာ....အခုလက်ရှိ ထန်ဧကရာဇ်ကလည်း အလယ်ခေတ်ကလူတစ်ယောက်မဟုတ်လား...ကျွန်တော်တို့တွေက အဲ့ဒီကိစ္စတွေကို ဘာမှရှင်းရှင်းလင်းလင်း မသိသေးဘူး....တော်ဝင်နန်းတွင်းက လူတွေအားလုံးလည်း နားလည်သဘောပေါက်မှာမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်...ဒီနည်းဗျူဟာက အရမ်းစွန့်စားလွန်းရာကျတယ်...စစ်ပွဲပြီးဆုံးသွားတဲ့အချိန်ကျမှပဲ ဒီနည်းဗျူဟာကို အသုံးပြုနိုင်လိမ့်မယ်...မဟုတ်ရင် ကျွန်တော်တို့ တစ်ကြိမ်ရှုံးနိမ့်သွားတာနဲ့ အရင်က အင်အားစိုက်ထုတ်ခဲ့မှုတွေအားလုံး အလဟဿဖြစ်သွားပြီးတော့ နှစ်ပေါင်းထောင်ချီတဲ့အထိ နောင်တရနေရလိမ့်မယ်"
ကျန်းရွှမ်စဲ၏မျက်နှာအမူအယာသည် ပို၍တည်ကြည်လေးနက်သွားပေ၏။
"မင်း ပြောတာအမှန်ပဲ...ငါ အရင်က အဲ့ဒါကို စဥ်းစားတွေးတောပြီးပြီ...ငါ အဲ့ဒါကို ဘယ်လိုရင်ဆိုင်ဖြေရှင်းသင့်လဲ"
လုယွီက အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် ပြောဆိုသည်။
"ထန်အင်ပါယာမှာ ပိုင်နက်နယ်မြေအများကြီးမရှိဘူး...အခုချိန်မှာ အရေးအကြီးဆုံးကိစ္စက ကျွန်တော်တို့အင်ပါယာရဲ့နယ်မြေတွေကို ထိန်းသိမ်းပြီး သူတို့ကို တစတစဝါးမြိုရမယ်"
ထို့နောက် လုယွီက ထပ်မံ၍ စကားမဆိုတော့ချေ။
သူနှင့်ကျန်းရွှမ်စဲတို့သည် နတ်ဘုရားစိတ်အာရုံကိုအသုံးပြု၍ တိုင်ပင်ဆွေးနွေးလိုက်ကြ၏။
……
ညစာစားပွဲခန်းမအတွင်း၌ ကျောင်းတော်သားများက ရှေ့နောက်ခေါက်တုံ့ခေါက်ပြန် သွားလာနေသည်။မီးအိမ်များနှင့်ရောင်စုံအလံတံခွန်များကို နေရာအနှံ့အပြား၌ ချိတ်ဆွဲထားကာ အလွန်အမင်း သက်ဝင်လှုပ်ရှားသော မြင်ကွင်းပင်။
ပင်မဥယျာဥ်အပြင် တခြားဥယျာဥ်ငယ်များအတွင်းတွင်လည်း ညစာစားပွဲများ ကျင်းပနေသည်။
သီဆိုကခုန်သံများက ထိုဥယျာဥ်များအတွင်းမှ ထွက်ပေါ်လာကာ ကျောင်းတော်သားများ၏ရယ်မောသံများနှင့် အတူယှဥ်တွဲ၍ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့နေပေ၏။
ကျို့လင်ဥယျာဥ်၏ပြင်ပ၌ မတ်တတ်ရပ်နေသူများသည် ဥယျာဥ်ထံသို့ မနာလိုအားကျသောအကြည့်များဖြင့် ကြည့်နေကြသည်။ယနေ့တွင် ကျို့လင်ဥယျာဥ်အတွင်းသို့ အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ရရှိထားသူများသာ ဝင်ခွင့်ရှိသည်။
ထိုဥယျာဥ်အတွင်း၌ ဖျော်ဖြေပေးနေသော ကချေသည်များသည်လည်း ပို၍ကောင်းမွန်ပေ၏။သာမာန်ဆောင်ကြာမြိုင်များ၌ သူမတို့ကို မြင်တွေ့ရန်မှာ မဖြစ်နိုင်ချေ။
ဤအချိန်အခိုက်အတန့်တွင် ကျို့လင်ညစာစားပွဲ၏သက်ဝင်လှုပ်ရှားဆုံးအချိန်သို့ ရောက်ရှိနေလေပြီ။ရံဖန်ရံခါ ကျောင်းတော်သားများထံမှ ချီးမွမ်းဂုဏ်ပြုနေသံများကလည်း ထွက်ပေါ်လာသည်။
ကျို့လင်ဥယျာဥ်၏ထောင့်တစ်နေရာ၌ မိန်းမပျိုတစ်စု မျက်နှာချေများလိမ်းကျံနေသည်။
သူမတို့အနက်မှ တစ်ယောက်ချင်းစီသည် အလွန်လှပချောမောကာ သူမတို့၏ဝတ်စုံများသည် ပိုးဇာကောင်၏တောင်ပံများအလား ပါးလွှာပေါ့ပါးနေသည်။လူအများ၏စိတ်နှလုံးသားကို ဆွဲဆောင်နိုင်သော မွှေးရနံ့များကလည်း သူမတို့ထံမှ ထွက်ပေါ်နေပေ၏။
"ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ စာမေးပွဲသုံးခုလုံး ပထမရခဲ့တဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာတယ်လို့ ငါ ကြားထားတယ်...မမျှော်လင့်ဘဲ ရှမိသားစုက ရှထန်ကန်းတောင် ဒုတိယနေရာကိုပဲ ရခဲ့တယ်"
"ဟုတ်တယ်...ငါ ဒီနေရာကိုရောက်လာတဲ့အချိန်မှာ အဲ့ဒီကိစ္စကို ကြားမိတယ်...ကောလဟာလတွေအရတော့ အဲ့ဒီပါရမီရှင်က မိသားစုကြီးတစ်စုရဲ့လူမဟုတ်ဘူး...သူ့မှာ ဘာမိသားစုနောက်ခံမှ ရှိမနေဘူး....သူက သူ့ရဲ့ကိုယ်ပိုင်အစွမ်းအစကိုမှီခိုပြီးတော့ ဒီအဆင့်ထိရောက်အောင် တက်လှမ်းနိုင်ခဲ့တာပဲ"
"အိုး....သူ့မှာ ဘယ်လောက်ကြီးမားတဲ့ ရှေ့အလားအလာမျိုး ရှိနေပြီလဲ....ငါတို့မှာလည်း မိသားစုနောက်ခံမရှိဘူး...ဒါကြောင့် ငါတို့အတွက် ကျင့်ကြံခြင်းအရင်းအမြစ်တွေရဖို့ဆိုတာ အရမ်းခက်ခဲတယ်...ထိပ်သီးကျောင်းတော်သား ဖြစ်လာဖို့ဆိုတာ ထည့်ပြောနေဖို့တောင်မလိုဘူး"