အခန်း (၃၂၁၁-၃၂၁၅)
Vol. 164 Ch. 3211-3215
Chapter 3211
"ဒီလိုပါရမီရှင်တစ်ယောက်က နောင်တစ်ချိန်မှာ ကောင်းကင်ဘုံနယ်မြေရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာ သေချာတယ်...သူက လူလွတ်တစ်ယောက်လို့ ငါ ကြားထားတယ်...တကယ်လို့ ငါက သူနဲ့ဆုံနိုင်မယ့်အခွင့်အရေးရမယ်ဆိုရင်...ဖြစ်နိုင်တာက...."
"ကောင်မလေးတွေ....အဲ့ဒီကိစ္စကို မေ့လိုက်ကြစမ်း...သူ့လို ပါရမီရှင်တစ်ယောက်ရဲ့ဘေးမှာ မိန်းကလေးတွေရှားပါးမှာမဟုတ်ဘူး...အဲ့ဒီကိစ္စကို မစဥ်းစားစမ်းနဲ့"
ထိုမိန်းကလေးတစ်စုသည် ခိုးခိုးခစ်ခစ်ရယ်မောကာ သူမတို့၏အလှပြင်ခြင်းကို အလျှင်အမြန်လက်စသတ်လိုက်၏။ထို့နောက် သူမတို့သည် မတ်တတ်ထရပ်ကာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့သည်။
အကယ်၍ တစ်စုံတစ်ယောက်မှနေ၍ အနီးကပ်ကြည့်ရှုပါက ထိုမိန်းကလေးများ၏လည်ပင်းတွင် မှိန်ဖျော့ဖျော့ အနက်ရောင်ဖီးနစ်အမှတ်အသားရှိနေသည်ကို တွေ့မြင်မိပေမည်။
ဤသည်က ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ အထိမ်းအမှတ်သင်္ကေတပင်။
ဤနေရာသို့လာရောက်သော မိန်းကလေးများအားလုံးသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှဖြစ်ပေ၏။
ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏အမွေအနှစ်သည် အလွန်ရှေးကျကာ တစ်ချိန်က နတ်ဆိုးဂိုဏ်းတစ်ဂိုဏ်းဟု သတ်မှတ်ထားကြသည်။ထိုဂိုဏ်းသည် လှပချောမောသောမိန်းမပျိုများကို တပည့်အဖြစ်ခေါ်ယူ၍ လေ့ကျင့်သင်ကြားပေးသည်။ထို့နောက် သူမတို့ကို ဆောင်ကြာမြိုင်များတွင် ပြုသမျှနုရသောအရုပ်များအလား အသုံးတော်ခံစေသည်။
ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သို့ ဝင်ရောက်ပြီးသော မိန်းကလေးများအနေဖြင့် ပြန်ထွက်နိုင်မည့်အခွင့်အရေးမှာ လွန်စွာရှားပါးသည်။ခွင့်ပြုချက်မရှိဘဲ ထွက်ပြေးရန်ကြိုးစားသူများသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းကိုခံရကာ သေသည်ထက်ဆိုးရွားသောဘဝဖြင့် အသက်ရှင်နေထိုင်ရပေမည်။ဤသည်က ထိုအမျိုးသမီးကျင့်ကြံသူများ တုန်လှုပ်ချောက်ချားနေခဲ့ရသောကိစ္စပင်။
သို့ရာတွင် ဧကရာဇ်ထိုက်ချမ် အုပ်စိုးစဥ်ကာလတွင် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ခေါင်းဆောင် ယင်လွမ်ဖုန်းသည် လက်ရှိအခြေအနေကို ကောင်းစွာသိရှိသဖြင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏စည်းမျဥ်းများကို အကြီးစားပြုပြင်ပြောင်းလဲခဲ့သည်။
ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သို့ ဝင်ရောက်သော မိန်းကလေးများသည် သူတို့၏သဘောဆန္ဒအရသာဖြစ်ပြီး သူမတို့ကို အတင်းအကြပ်ဖိအားပေး၍မရချေ။
ဆုတောင်းခြင်းဖီးနစ်မဟာမိတ်တွင် နှစ်ပေါင်းငါးဆယ်ကြာနေထိုင်ပြီးနောက် အကယ်၍ သူမတို့ ထွက်ခွာလိုပါက ဂိုဏ်းမှနေ၍ သူမတို့ကို ဟန့်တားခွင့်မပြုချေ။
တစ်ချိန်တည်းမှာပင် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်အတွင်းမှ သီးသန့်အကျဥ်းထောင်နှင့် နှိပ်စက်ညှင်းပန်းခြင်းပစ္စည်းများအားလုံးသည် နဂါးအစောင့်များ၏စောင့်ကြည့်မှုအောက်၌ ဖျက်ဆီးခံရကာ ထပ်မံ၍အသုံးပြုခွင့် မရှိတော့ပေ။
ဤသည်ကြောင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သည် ယခုချိန်ထိတိုင် ရပ်တည်နေနိုင်ခြင်းပင်။
ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ အမျိုးသမီးကျင့်ကြံသူများသည် သူမတို့၏မှီခိုရာအဖြစ် အင်အားကောင်းသူများကို ရှာဖွေ၍ဖျားယောင်းလေ့ရှိသည်။
ချမ်းသာကြွယ်ဝသူနှင့်အာဏာရှိသူတို့ကို နောက်ခံအဖြစ်ရရှိသွားသော မည်သူမဆို ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှနေ၍ သူမတို့ကို ငွေကြေးဖြင့် ရွေးနှုတ်နိုင်သည်။သူမတို့သည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားရုံသာမက သူမတို့၏အဆင့်အတန်းကို ပြောင်းလဲနိုင်စွမ်းလည်းရှိသည်။
ယခုလက်ရှိကျင်းပနေသော ကျို့လင်ညစာစားပွဲသည် သူမတို့အတွက် အခွင့်အရေးကောင်းကြီးတစ်ခုပင်။
ကျို့လင်ညစာစားပွဲသို့ ဝင်ရောက်နိုင်သူများမှာ အဆင့်မြင့်ကျောင်းတော်သားများဖြစ်သဖြင့် မည်သည့်တစ်ယောက်မဆို အလွန်ပါရမီအရည်အချင်းရှိသော လူငယ်ပါရမီရှင်များပင်။
အကယ်၍ သူမတို့သည် ထိုပါရမီရှင်များ၏ မျက်နှာသာပေးမှုကိုရရှိပါက သူမတို့၏လက်ရှိအဆင့်အတန်းမှ လွယ်လင့်တကူ ရုန်းထွက်နိုင်ပေမည်။
"နင်တို့အားလုံးက အရမ်းကံကောင်းပြီးတော့ ပင်မခန်းမမှာ ဖျော်ဖြေခွင့်ရခဲ့တယ်...အဲ့ဒီနေရာမှာရှိနေတာက တော်ဝင်စာမေးပွဲအဆင့်သတ်မှတ်ချက် တစ်ရာအတွင်းမှာရှိတဲ့ လူငယ်ပါရမီရှင်တွေပဲ..နင်တို့က သူတို့ကို သေချာပြုစုပေးရင် ..နင်တို့အတွက်လည်း ချမ်းသာကြွယ်ဝမှုနဲ့ဂုဏ်ကျက်သရေတွေ ရလာနိုင်တယ်"
အမျိုးသမီးအိမ်တော်ထိန်းက တံခါးကိုမှီ၍မတ်တတ်ရပ်ကာ အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
ရုတ်တရက် သူမ၏အမြင်အာရုံအတွင်း၌ အပြာဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ကို တွေ့မြင်သွားသည်။သူမက ခံစားချက်ကင်းမဲ့သောလေသံဖြင့် ပြောဆိုလိုက်၏။
"လုရွှမ်အာ...နင် ဒီနေရာမှာ တာဝန်ထမ်းဆောင်ဖို့ မလိုအပ်ဘူး...အပြင်ဘက်ခြံဝန်းမှာ အဖျော်ယာမကာတွေ သွားပြီးချပေးစမ်း"
"ဟုတ်ကဲ့ပါ စီနီယာအမ"
အပြာဖျော့ရောင်ဝတ်ဆင်ထားသော အမျိုးသမီးက ခေါင်းညိတ်ပြကာ စားပွဲပေါ်မှမျက်နှာချေဘူးကို ဘေးသို့ဖယ်ရှားလိုက်သည်။
သူမသည် ရိုးရှင်းပြီး ကြမ်းတမ်းသောဝတ်စုံကို ဝတ်ဆင်ထားသည်။သူမ၏မျက်နှာပေါ်၌ မျက်နှာချေခပ်ပါးပါးကိုသာ လိမ်းကျံထားပေ၏။သူမကိုကြည့်ရသည်မှာ တခြားအမျိုးသမီးကျင့်ကြံသူများနှင့် ကွဲပြားခြားနားကာ အလွန်ရိုးရှင်းနေသည်။
အကယ်၍ လုယွီသာ ဤနေရာတွင်ရှိနေပါက သူမကို သေချာပေါက် မှတ်မိပေမည်။
သူမသည် လုယွီအဒေါ်၏မွေးစားသမီးဖြစ်သူ လုရွှမ်အာပင်။
လင်ရှောင်းမြို့ရှိ ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ လုရွှမ်အာသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှအမျိုးသမီးအင်မော်တယ်၏ မျက်နှာသာပေးခြင်းကို ရရှိခဲ့သည်။သူမသည် ကောင်းကင်ဘုံနယ်မြေသို့ တက်လှမ်းလိုသဖြင့် လုယွီ၏အကြံပေးမှုကို လျစ်လျှူရှုကာ ခေါင်းမာစွာဖြင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သို့ ဝင်ရောက်ခဲ့လေ၏။
သို့ရာတွင် သူမ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိသည်နှင့် သူမ မှားယွင်းသွားပြီဖြစ်ကြောင်း သိရှိခဲ့ရသည်။
ဤအပြာဖျော့ရောင်ဝတ်စုံသည် သူမ၏အဆင့်အတန်းကို ပြသနေခြင်းပင်။
အစေခံတပည့်များသာ ဤအပြာဖျော့ရောင်ဝတ်စုံကို ဝတ်ဆင်ရသည်။
ဤသည်က ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ အဆင့်နိမ့်ဆုံးတပည့်များ၏ဝတ်စုံဖြစ်သည်။သူမတို့သည် အဆင့်မြင့်ကျင့်ကြံနည်းစနစ်များနှင့် ကျင့်ကြံခြင်းအရင်းအမြစ်များကို မရရှိရုံသာမက ခက်ခဲကြမ်းတမ်းပြီးပင်ပန်းသော အလုပ်များကိုလည်း လုပ်ကိုင်ရသည်။သာမာန်အားဖြင့် သူမတို့ကို မည်သူမျှ သတိပြုမိမည်မဟုတ်ချေ။
Chapter 3212
လုရွှမ်အာသည် ထောက်ခံချက်ရရှိကာ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်သို့ ဝင်ရောက်နိုင်ခဲ့သော်လည်း သူမ စိတ်ကူးယဥ်တွေးတောထားသည်နှင့် များစွာကွဲပြားခြားနားနေသည်။
ထိုဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများအားလုံးနီးပါး ကျင့်ကြံသော ကျင့်ကြံနည်းစနစ်များသည် သူမတို့၏ခွန်အားကို မြှင့်တင်ရန်အတွက်မဟုတ်ချေ။သူမတို့၏ ပုံပန်းသွင်ပြင်ကို လှပလာစေရန်နှင့် ညှို့ဓာတ်များအားကောင်းလာစေရန် ကျင့်ကြံရသော ကျင့်ကြံနည်းစနစ်ပင်။
လုရွှမ်အာက သူမသည် ကောင်းကင်ဘုံနယ်မြေ၌ အောင်မြင်မှုကြီးကြီးမားမား ရရှိနိုင်မည်ဟု တွေးထင်ခဲ့ကာ ဤကဲ့သို့ရလဒ်မျိုးထွက်ပေါ်လာမည်ဟု သူမ မျှော်လင့်မထားမိချေ။
ယခုလက်ရှိချိန်တွင် သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် စိတ်ဝိညာဥ်နယ်ပယ်တွင်သာ ရှိနေသေးပေ၏။
အောက်ဘုံအတွင်း၌ သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် အကြီးအကဲတစ်ယောက်ဖြစ်ရန်လုံလောက်သော်လည်း ကောင်းကင်ဘုံနယ်မြေတွင်မူ ဤကျင့်ကြံဆင့်နယ်ပယ်သည် လုံလောက်ခြင်းမရှိချေ။
လုရွှမ်အာသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၌ အချိန်အတိုင်းအတာတစ်ခုထိ ကျင့်ကြံခဲ့သော်လည်း သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် မြင့်တက်လာခြင်းမရှိချေ။
သူမသည် ထွက်ပြေးလိုခဲ့သည်။သို့ရာတွင် ထွက်ပြေးရန် ကြံရွယ်ခဲ့သော အမျိုးသမီးကျင့်ကြံသူများ အဖမ်းခံရပြီးနောက် မည်သည့်သတင်းမျှ မကြားရတော့သည်ကို သူမ မြင်တွေ့ပြီးနောက် ထိုအတွေးကို သူမ လက်လျှော့အရှုံးပေးလိုက်၏။
အတိတ်တွင် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၌ အစေခံတပည့်များ အသက်ရှင်သန်နိုင်ရန် လွန်စွာခဲယဥ်းသည်။အကယ်၍ သူမတို့သည် သေးငယ်သောအမှားတစ်ခုခန့်ကျူးလွန်မိလျှင်ပင် ပြင်းပြင်းထန်ထန် အပြစ်ပေးခြင်းခံရကာ အစေခံများအလား ရိုက်ပုတ်၍ဆူပူကြိမ်းမောင်းခြင်းကို ခံရသည်။
သို့ရာတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်သည် လောကကြီးအတွင်းရှိ နတ်ဆိုးဂိုဏ်းများအားလုံးကို ဖျက်သိမ်းရန် အမိန့်ထုတ်ပြန်ခဲ့သည်။ထို့ကြောင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ အစေခံတပည့်များအပေါ် ဆက်ဆံမှုသည်လည်း ပို၍ကောင်းမွန်လာပေ၏။
အရေးအကြီးဆုံးအချက်မှာ အစေခံတပည့်များသည် ယခင်ကဲ့သို့ သေသည်အထိ ညှင်းပန်းနှိပ်စက်မှုမျိုး မခံရတော့ခြင်းပင်။
လုရွှမ်အာသည် ယခုချိန်၌ သူမ၏အရည်အချင်းကို ထိန်းသိမ်းထားသည်။သူမထံ၌ ချောမောလှပသောရုပ်ရည်ရှိသည်ဟုလည်း သူမကိုယ်သူမ ယုံကြည်ချက်ရှိသည်။သူမသည် အစစ်အမှန်တပည့်တစ်ယောက်ဖြစ်လာသရွေ့ အကယ်၍ သူမသည် အပြင်စည်းတပည့်တစ်ယောက် ဖြစ်လာလျှင်ပင် ချမ်းသာကြွယ်ဝပြီး အစွမ်းထက်သောကျင့်ကြံသူတစ်ယောက်ကို ရှာဖွေနိုင်ပေမည်။
"ငါ့ကိုယ်ငါ ဘဝဆိုးလှပြီလို့ထင်နေတာ...ဒါပေမယ့် လုယွီ...နင်ကတော့ သေသွားခဲ့ပြီ...ငါက ကောင်းကင်ဘုံနယ်မြေမှာ ဒုက္ခအတော်လေး ခံစားနေရတယ်ဆိုပေမယ့် အောက်ဘုံမှာ ရေတွင်းထဲကဖားသူငယ်လိုမျိုး နေနေရတာထက်တော့ ပိုကောင်းပါတယ်"
လုရွှမ်အာသည် အတိတ်၌ သူမကြုံတွေ့ခဲ့ရသည့်ကိစ္စများကို ပြန်လည်စဥ်းစားတွေးတောပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်သည်။
ကောင်းကင်ဘုံလမ်းကြောင်းမှ ထွက်ခွာခဲ့ပြီးနောက် လုယွီသည် လိုက်လံဖမ်းဆီးခြင်းကို ခံရလေ၏။
လုရွှမ်အာ၏အမြင်အရ လုယွီ၏အရည်အချင်းများသည် ဟန်ရေးပြခြင်းသက်သက်ဖြစ်ကာ သူသည် သေဘေးမှလွတ်မြောက်နိုင်မည်မဟုတ်ချေ။
"ကျင့်ကြံခြင်းလမ်းကြောင်းမှာ အရေးကြီးဆုံးကိစ္စက အသက်ရှင်ဖို့ပဲ"
သရော်တော်တော်အရိပ်အယောင်တချို့က လုရွှမ်အာ၏နှုတ်ခမ်းထောင့်၌ ထွက်ပေါ်လာသည်။
သူမသည် သူမရှေ့ရှိမျက်နှာချေများအားလုံးကို အလျှင်အမြန်စုစည်းကာ သူမ၏ပုံပန်းသွင်ပြင်ကို သပ်ရပ်အောင်ပြုပြင်လိုက်ပြီး ဝိုင်အရက်များ ချပေးရန်အတွက် ပြေးထွက်ခဲ့တော့သည်။
ဤှအချိန်တွင် ညစာစားပွဲသည် အလွန်သက်ဝင်လှုပ်ရှားနေကာ ရယ်မောသံများနှင့်ချီးမွမ်းဂုဏ်ပြုသံများက နေရာအနှံ့အပြားမှ ထွက်ပေါ်နေသည်။
လုရွှမ်အာသည် အစေခံတပည့်များအကြား၌ ထူးချွန်သူမဟုတ်ချေ။သူမသည် ဝိုင်အရက်အိုးကိုကိုင်ကာ ကျောင်းတော်သားများ၏ခွက်များအတွင်းသို့ ဆက်တိုက်ငှဲ့ပေးနေရလေ၏။
သူမသည် ကျောင်းတော်သားများ၏အနီးသို့ ချဥ်းကပ်မိချိန်တွင် ထိုလူများထံမှထွက်ပေါ်နေသော တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကို ခံစားမိသည်။
ဤသည်က တာအိုတတိယအဆင့်သို့ ခြေချပြီးနောက် အင်မော်တယ်တစ်ယောက်ဖြစ်လာခြင်း၏ စွမ်းအားပင်။
ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၌ လောကီအင်မော်တယ်တစ်ယောက်သည် အကြီးအကဲတစ်ယောက်ဖြစ်ရန် လုံလောက်သည်။
ဤသည်က အံ့အားသင့်ဖွယ်မရှိချေ။အဆင့်မြင့်ကျောင်းတော်သားများဖြစ်လာကာ ဤနေရာ၌စုဝေးနေသူများအားလုံးသည် မိုးကောင်းကင်၏ချီးမြှောက်ခံသားတော်များဖြစ်ပြီး ရွေးချယ်မှုအဆင့်ဆင့်ကို ဖြတ်ကျော်ပြီးမှ ဤအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် လက်ရှိခွန်အားမျိုး ပိုင်ဆိုင်ထားခြင်းသည် သူတို့၏ပင်ကိုပါရမီအရည်အချင်း လွန်စွာကောင်းမွန်သည်ဟု ပြသနေခြင်းပင်။
'သူတို့က ကောင်းကင်ဘုံနယ်မြေရဲ့ထိပ်သီးပါရမီရှင်တွေပဲ...တကယ်လို့ ငါက သူတို့ထဲကတစ်ယောက်ယောက်ရဲ့ မျက်နှာသာပေးမှုကိုရမယ်ဆိုရင် ငါ့ရဲ့လက်ရှိအခြေအနေကနေ ရုန်းထွက်နိုင်မှာ သေချာတယ်'
လုရွှမ်အာ၏စိတ်နှလုံးသားအတွင်း၌ အလွန်အမင်း စိတ်လှုပ်ရှားနေသည်။
သူမသည် မောက်မာဝံ့ကြွားသော အကျင့်စရိုက်ရှိသူဖြစ်သဖြင့် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်တွင် အစေခံတစ်ယောက်ကဲ့သို့ အမြဲတစေ ဆက်ဆံခံနေရသည်ကို မည်သည့်နည်းဖြင့် သူမ သည်းခံနိုင်မည်နည်း။
သို့ရာတွင် လုရွှမ်အာ၏လှုပ်ရှားမှုများသည် သိသိသာသာ နှေးကွေးလေးလံနေပေ၏။သူမ ဝိုင်အရက်ငှဲ့ပေးနေစဥ်တွင် သူမ၏လှုပ်ရှားမှုများသည် တင့်တယ်လှပပြီး သူမ၏ကိုယ်နေဟန်ထားသည် ကျက်သရေရှိနေသည်။သူမသည် နံဘေးပတ်ဝန်းကျင်တွင်ရှိနေသည့် မျက်နှာချေများထူထဲစွာလိမ်းကျံထားသော အမျိုးသမီးကျင့်ကြံသူများနှင့် များစွာကွဲပြားခြားနားနေသည်။
ကျောင်းတော်သားတချို့၏မျက်လုံးအကြည့်များက လုရွှမ်အာကို သတိပြုမိပုံပင်။
သို့ရာတွင် ဤသည်က သတိပြုမိရုံသက်သက်ပင်။လုရွှမ်အာသည် အပြာဖျော့ရောင်ဝတ်စုံကိုဝတ်ဆင်ထားသဖြင့် သူမသည် အစေခံတပည့်တစ်ယောက်ဖြစ်ကြောင်း ဖော်ပြနေသည်။
မည်သို့ပင်ဆိုစေကာမူ ကျို့လင်ညစာစားပွဲသည် ဂုဏ်သိက္ခာမြင့်မားသော အခမ်းအနားတစ်ခုပင်။မည်သူကမျှ အစေခံတပည့်တစ်ယောက်ကို အရေးတယူလုပ်၍ ဆက်ဆံမည်မဟုတ်ချေ။
Chapter 3213
လုရွှမ်အာသည် ဂရုမစိုက်ချေ။
သူမ အလိုရှိသည်မှာ ထိုလူငယ်ပါရမီရှင်များ၏ စိတ်နှလုံးသားများအတွင်း၌ နက်ရှိုင်းသောအမြင်မျိုး ချန်ခဲ့နိုင်ရုံသက်သက်ပင်။
မျက်နှာချေထူထဲစွာလိမ်းကျံထားပြီး လှပစွာဝတ်စားပြင်ဆင်ထားသော အမျိုးသမီးကျင့်ကြံသူများအကြား၌ သူမတစ်ယောက်တည်းသာ ရိုးရှင်းသောဝတ်စုံကို ဝတ်ဆင်ထားသည်။သူမထံတွင် လှပသောရုပ်ရည်နှင့် တင့်တယ်ပြေပြစ်သော ခန္ဓာကိုယ်အချိုးအစားရှိနေသည်။ထို့ကြောင့် သူမသည် တခြားသူများ၏စိတ်အာရုံကို လွယ်လင့်တကူ ဆွဲဆောင်နိုင်ပေမည်။
လူတစ်ယောက်အပေါ် ပထမဆုံးအမြင်သည် လွန်စွာအရေးကြီးပေ၏။ထိုပါရမီရှင်များသည် သူမကို အမှတ်ရနေသရွေ့ သူမအတွက် လုံလောက်လေပြီ။
"လုရွှမ်အာ...ဒီနေရာကို မြန်မြန်လာပြီး ဝိုင်လာငှဲ့ပေးစမ်း...ဒီသခင်လေးရဲ့ဝိုင်ခွက်ထဲမှာ ဘာမှမကျန်တော့တာကို နင် မမြင်ဘူးလား"
အမျိုးသမီးကြီးကြပ်ရေးမှူးက ဆူပူကြိမ်းမောင်းလိုက်သည်။
ထိုအမျိုးသမီးကြီးကြပ်ရေးမှူးသည် အစေခံတပည့်များကို စီမံအုပ်ချုပ်ရသူပင်။သူမသည် သာမာန်နေ့ရက်များတွင် ခက်ထန်ကြမ်းတမ်းသူမဟုတ်သော်လည်း အလွန်အမင်း စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်သည်။
လုရွှမ်အာသည် တွေဝေတုံ့ဆိုင်းမနေဝံ့သဖြင့် သူမရှေ့ရှိစားပွဲမှ ကျောင်းတော်သား၏ဝိုင်ခွက်အတွင်းသို့ ဝိုင်ငှဲ့ပေးရန် အပြေးသွားလိုက်၏။
ထိုဝိုင်အရက်သည် ကြည်လင်ပြီးအေးစက်နေကာ မွှေးရနံ့က အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။
ဤသည်က တော်ဝင်နန်းတွင်း၌ သိမ်းဆည်းထားသော 'မွှေးရနံ့တစ်ရာနတ်ဘုရားဝိုင်'ပင်။ထိုဝိုင်အရက်ကို အဖိုးတန်ရှားပါးသော ပါဝင်ပစ္စည်းအမျိုးမျိုးဖြင့် ချက်လုပ်ထားခြင်းဖြစ်သည်။သာမာန်အားဖြင့် တော်ဝင်မိသားစုဝင်များသာ ဤဝိုင်အရက်ကိုသောက်သုံးရန် အရည်အချင်းပြည့်မီသည်။ဤဝိုင်ကို ဧကရာဇ်မင်းမှနေ၍ အမတ်ကြီးတချို့ကို ဆုလာဘ်အဖြစ်လည်း ချီးမြှင့်လေ့ရှိသည်။
အဆင့်မြင့်ကျောင်းတော်သားအသစ်များကို ဂုဏ်ပြုသော ကျို့လင်ညစာစားပွဲတွင် မွှေးရနံ့တစ်ရာနတ်ဘုရားဝိုင်ကို ကျောင်းတော်သားများကို တော်ဝင်နန်းတွင်းမှ ဂရုစိုက်ကြောင်းပြသသည့် အထိမ်းအမှတ်အနေဖြင့် ပေးအပ်သည်။
ဤဝိုင်အရက်ကို ရပ်နားခြင်းမရှိဘဲ သောက်သုံးနိုင်သည်။ထိုအရာအတွင်း၌ ပါဝင်သော စိတ်ဝိညာဥ်စွမ်းအားများသည် ကျင့်ကြံဆင့်နယ်ပယ်မြှင့်တင်ရာ၌ အလွန်အထောက်အကူပြုသည်။ထိုဝိုင်အရက်ကို မကြာခဏ မှီဝဲပါက တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်ဖွဲ့စည်းပုံပေါ်တွင်ပင် အကျိုးသက်ရောက်မှုရှိနိုင်သည်။
ဤဝိုင်ကို ပထမဆုံးအကြိမ် သောက်သုံးမိသူများ၏မျက်နှာများပေါ်၌ မူးယစ်ရီဝေသော အရိပ်အယောင်မျိုး ရှိနေလေ၏။
ယခုလက်ရှိနေရာတွင်ရှိနေသော လူအများစုသည် လောကီအင်မော်တယ်များပင်။သာမာန်ဝိုင်များသည် သူတို့ကို မူးယစ်ရီဝေမှု မဖြစ်စေနိုင်ချေ။အဆင့်မြင့်ဝိုင်အရင်များကသာ သူတို့ကို မူးယစ်ရီဝေစေပေမည်။
လုရွှမ်အာသည် ဤဝိုင်၏အရသာကို ယခင်ကမြည်းစမ်းလိုသော်လည်း ဘေးကင်းလုံခြုံစေရန်အလို့ငှာ ဝိုင်သယ်ယူပို့ဆောင်သည့် လုပ်ငန်းစဥ်တစ်ခုလုံးကို နဂါးအစောင့်များက စောင့်ကြပ်နေသည်။သူတို့သည် ပြောင်ပြောင်တင်းတင်းအပြင် လျှို့ဝှက်၍လည်း စောင့်ကြည့်နေသဖြင့် သူမအတွက် အခွင့်အရေးရရှိရန်မှာ မဖြစ်နိုင်ချေ။
အကယ်၍ သူမသာ ထိုဝိုင်ကိုမြည်းစမ်းခွင့်ရပါက ထိုအရာအတွင်း၌ပါဝင်သည့် ဆေးအာနိသင်များကိုအသုံးပြု၍ သူမ၏လက်ရှိ ကျင့်ကြံဆင့်နယ်ပယ်ကို ချိုးဖျက်နိုင်ပေမည်။
ထိုအကြောင်းကို တွေးတောနေမိသဖြင့် လုရွှမ်အာ၏လက်များ အနည်းငယ်တုန်ရီသွားသည်။သူမ လောင်းထည့်နေသော ဝိုင်အရက်သည် ရုတ်တရက် ဝိုင်ခွက်ကိုလျှံကျသွားစေကာ ကျောင်းတော်သားတစ်ယောက်၏ခန္ဓာကိုယ်ပေါ်သို့ ဖိတ်စင်သွားလေ၏။
"အိုး...မဟုတ်ဘူး"
လုရွှမ်အာသည် အမှားကြီးလုပ်မိပြီကို ချက်ချင်းသိရှိသွားသဖြင့် သူမ၏စိတ်နှလုံးသားအတွင်း၌ ထိတ်လန့်တုန်လှုပ်သွားသည်။
ဤနေရာတွင်ရှိနေသူများသည် အဆင့်အတန်းမြင့်မားသည့် ကျောင်းတော်သားများပင်။သူတို့အားလုံးသည် ကျောင်းတော်သားဝတ်စုံကို ဝတ်ဆင်ထားကြ၏။အကယ်၍ သူတို့ပေါ်သို့ ဝိုင်အရက်များ ဖိတ်စင်သွားပါက သူတို့၏ကျောင်းတော်သားဝတ်စုံများ ညစ်ပေသွားပေမည်။
"မင်း ဘာတွေတွေးနေတာလဲ...မင်းလိုနိမ့်ကျတဲ့အစေခံက ဘယ်လိုသတ္တိမျိုးနဲ့ သခင်လေးရဲ့ဝတ်စုံကို စွန်းထင်းအောင် လုပ်ဝံ့တာလဲ"
ထိုကျောင်းတော်သား၏နောက်တွင် အိမ်တော်ထိန်းတစ်ယောက် မတ်တတ်ရပ်နေကာ သူသည် အလွန်ဒေါသထွက်သွားပြီး တင်းမာခက်ထန်သောလေသံဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။
ပတ်ဝန်းကျင်ရှိမျက်လုံးအကြည့်များက ချက်ချင်းဆိုသလိုပင် လုရွှမ်အာထံသို့ စူးစိုက်၍ကျရောက်လာသည်။ဤကျို့လင်ညစာစားပွဲ၌ မည်သည့်ကျောင်းတော်သားမဆို မြင့်မားသောအဆင့်အတန်းရှိသည်။မည်သူ့ကိုမဆို အပြစ်ပြု၍မရချေ။ထိုအစေခံတပည့်သည် ဤကဲ့သို့အမှားမျိုး ကျူးလွန်မိသဖြင့် မည်ကဲ့သို့ဆက်လက်ဖြစ်ပွားမည်ကို သူတို့အားလုံး မသိရှိချေ။
ဖြောင်း...
အမျိုးသမီးကြီးကြပ်ရေးမှူးသည် ဤနေရာသို့ လျှောက်လှမ်းလာကာ လုရွှမ်အာ၏ခေါင်းနောက်ကို ဖြတ်ရိုက်လိုက်သည်။ထို့နောက် သူမက အေးစက်စက်လေသံဖြင့် အော်ငေါက်လိုက်၏။
"ဘာတွေဖြစ်နေတာလဲ...အခုချက်ချင်းဒူးထောက်ပြီးတော့ ကျောင်းတော်သားသခင်လေးကို တောင်းပန်စမ်း"
လုရွှမ်အာ၏စိတ်နှလုံးသားအတွင်း၌ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေကာ သူမက အလျှင်အမြန်ဒူးထောက်၍ ဦးညွှတ်အရိုအသေပြုလေသည်။
"တောင်းပန်ပါတယ်...ကျေးဇူးပြုပြီးတော့ ဒီအစေခံကို အသက်ချမ်းသာပေးပါ"
သူမသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၌ နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်သဖြင့် အရိုးမာသူများ မည်သို့ညှင်းပန်းနှိပ်စက်ခံရသည်ကို သူမ တွေ့မြင်ထားပြီးလေပြီ။
ဂုဏ်သိက္ခာသည် မည်သည့်အရာဖြစ်သနည်း။အကြွင်းမဲ့ခွန်အား၏အောက်တွင် မည်သူမျှ ဂုဏ်သိက္ခာကိုထိန်းသိမ်းနေရန် မထိုက်တန်ချေ။
လုရွှမ်အာသည် သူမရှေ့ရှိကျောင်းတော်သား ဒေါသမထွက်စေရန် အကောင်းဆုံးကြိုးစား၍ ကာကွယ်ဟန့်တားရမည်ကို ကောင်းစွာသိနားလည်ထားသည်။ထိုသို့မဟုတ်ပါက သူမထံတွင် အဆုံးသတ်ကောင်းရှိမည်မဟုတ်သည်မှာ သေချာပေါက်ပင်။
"သခင်လေးတို့ကို ကျွန်မ အနူးအညွှတ်တောင်းပန်ပါတယ်....ကျွန်မက သူ့ကို သေချာပေါက် သင်ခန်းစာကောင်းကောင်းပေးမှာပါ...ကျေးဇူးပြုပြီးတော့ ကျွန်မကို ခွင့်လွှက်ပေးပါ"
အမျိုးသမီးကြီးကြပ်ရေးမှူးကလည်း ခွင့်လွှက်မှုရရှိရန်အတွက် တောင်းပန်လေ၏။
ဝိုင်များပေကျံသွားသော ကျောင်းတော်သား၏နံဘေးမှ တခြားကျောင်းတော်သားတစ်ယောက်က အသံနက်ကြီးဖြင့် ပြောဆိုသည်။
"မြန်မြန်ထွက်သွားကြစမ်း...မင်းတို့ကိုမြင်နေရတာ မျက်စိရှုပ်တယ်"
ဤသည်က ကျို့လင်ညစာစားပွဲဖြစ်ပြီး စာပေနှင့်ယဥ်ကျေးမှုဌာနအမတ်ကြီးကျန်းရွှမ်စဲလည်း ဤနေရာတွင်ရှိနေသည်။ဤကိစ္စသည် သူတို့၏အဝတ်အစားများ ညစ်ပေသွားသည်ထက်မပိုချေ။ထို့ကြောင့် သူတို့သည် ဤကိစ္စကိုပုံကြီးချဲ့၍ ပြဿနာရှာလိုခြင်းမရှိပေ။
Chapter 3214
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ...ဒီအစေခံက သူ့ကို အဝေးခေါ်သွားပါ့မယ်"
အမျိုးသမီးကြီးကြပ်ရေးမှူးက လုရွှမ်အာကို အဝေးသို့ အလျှင်အမြန်ခေါ်ထုတ်သွားလိုဟန်ဖြင့် သူမ၏ဆံပင်ကို ဆုပ်ကိုင်လိုက်၏။
ဤှသည်က တော်ဝင်နန်းတွင်း၏ အရေးကြီးဆုံးအခမ်းအနားများအနက်မှတစ်ခုပင်။ဆုတောင်းခြင်းဖီးနစ်မဟာမိတ်ကို ဖိတ်ကြားခြင်းခံရသည်မှာ သူမတို့အတွက် ကောင်းချီးပေးခံရခြင်းဖြစ်သည်။သူမတို့သည် မည်သည့်အမှားအယွင်းကိုမျှ ပြုလုပ်၍မရချေ။
လုရွှမ်အာသည် ကျောင်းတော်သားတစ်ယောက်အပေါ် အပြစ်ပြုမိသွားသဖြင့် အမျိုးသမီးကြီးကြပ်ရေးမှူးသည် အလွန်ဒေါသထွက်သွားလေ၏။ထို့ကြောင့် သူမက လုရွှမ်အာ၏ဆံပင်ကို ခပ်တင်းတင်းဆောင့်ဆွဲလိုက်သည်။
"ခဏနေဦး"
ထိုအချိန်မှာပင် အစောပိုင်းက ဝိုင်များပေကျံသွားသော ကျောင်းတော်သားက သူ၏ပါးစပ်ကိုဖွင့်ဟ၍ စကားပြောဆိုသည်။
"သူ့ကို ထားခဲ့...မင်း သွားလို့ရပြီ"
အမျိုးသမီးကြီးကြပ်ရေးမှူးသည် အံ့အားသင့်တုန်လှုပ်သွားပြီးနောက် သူမက အပြုံးနှင့် အလျှင်အမြန်တောင်းပန်လိုက်သည်။
"သခင်လေး...ဒီမိန်းကလေးက အရမ်းနမော်နမဲ့နိုင်တယ်....ကျွန်မပြန်ရောက်တာနဲ့ သူ့ထက်ပိုဥာဏ်ကောင်းပြီးတော့ လှပချောမောတဲ့မိန်းကလေးတစ်ယောက်ကို သခင်လေးအတွက် ခေါ်လာခဲ့ပါမယ်"
"ငါ ပြောပြီးပြီ...သူ့ကို ဒီနေရာမှာထားခဲ့...မင်း အခုချက်ချင်းထွက်သွားစမ်း"
ထိုကျောင်းတော်သားက အမူအယာကင်းမဲ့စွာဖြင့် ပြောဆိုသည်။
အမျိုးသမီးကြီးကြပ်ရေးမှူး၏မျက်နှာအမူအယာ မသိမသာပျက်ယွင်းသွားသော်လည်း သူမ၏မျက်နှာပေါ်၌ တောင်းပန်လိုသောအပြုံးမျိုး ရှိနေဆဲပင်။သူမသည် နောက်သို့ချာခနဲလှည့်၍ လုရွှမ်အာကို စူးစူးဝါးဝါးတစ်ချက်ကြည့်ပြီး ထွက်ခွာသွားတော့သည်။
လုရွှမ်အာသည် သူမ၏ခေါင်းကိုငုံထားကာ မြေပြင်ပေါ်၌ ဆက်လက်၍ ဒူးထောက်နေလေ၏။သူမသည် မတ်တတ်ထမရပ်ဝံ့ချေ။
"မင်းရဲ့ခေါင်းကိုမော့ပြီး ငါ့ကိုကြည့်စမ်း"
ထိုကျောင်းတော်သားက ပြောဆိုသည်။
လုရွှမ်အာသည် တုံ့ဆိုင်းမနေဝံ့သဖြင့် သူမ၏ခေါင်းကို အလျှင်အမြန်မော့လိုက်၏။
သူမ၏ရှေ့၌ ချောမောခန့်ညားပြီး ကျက်သရေရှိသော မျက်နှာတစ်ခု ထွက်ပေါ်လာသည်။မည်သူမည်ဝါ ကြည့်ပါစေ ထိုလူသည် ချောမောခန့်ညားသော လူငယ်တစ်ယောက်ပင်။
သို့ရာတွင် လုရွှမ်အာသည် ထိုမျက်နှာကိုမြင်တွေ့သည်နှင့် သရဲတစ္ဆေတစ်ကောင်ကို မြင်တွေ့ရသည့်အလား သူမ၏ခန္ဓာကိုယ် တုန်ရီသွားသည်။
သူမသည် ထိုလူကို သိရှိပေ၏။
လုဝူယာ...
အတိတ်တွင် လုမိသားစုခွဲတစ်ခု၏ပါရမီရှင်ဖြစ်ကာ အောက်ဘုံရှိ ပုန်းကွယ်နဂါးစာရင်း၏နံပါတ်တစ်ထိပ်သီးပါရမီရှင်ပင်။
အတိတ်တွင် လုရွှမ်အာနှင့်အတူရှိခဲ့ဖူးသော ယင်လော့သခင်လေးနှင့် တန်းတူယှဥ်ပြိုင်နိုင်သော ပါရမီရှင်သည် လုဝူယာဖြစ်ပေ၏။
သို့ရာတွင် အောက်ဘုံ၌ ယင်လော့သခင်လေးနှင့်လုဝူယာတို့နှစ်ယောက်လုံးသည် လုယွီ၏ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။သူတို့သည် ခေါင်းပင်မော့နိုင်ခဲ့ခြင်းမရှိချေ။
ကောင်းကင်ဘုံလမ်းကြောင်းတွင် လုယွီထံ၌ မူအစောင့်အရှောက်တံဆိပ်ပြား ခုနစ်ခုရှိခဲ့သည်။သူသည် ထိပ်သီးအစွမ်းထက်ပုဂ္ဂိုလ်များနှင့် ခြေရာခြင်းတိုင်းနိုင်ခဲ့ကာ လုဝူယာတို့ကို နောက်ကောက်ချနိုင်ခဲ့သည်။
"ငါ မင်းကို မှတ်မိတယ်...မင်းက သူ့ရဲ့ဝမ်းကွဲမဟုတ်လား"
လုဝူယာ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။
လုရွှမ်အာသည် သူမ၏ခေါင်းကိုငုံထားကာ တိတ်ဆိတ်ငြိမ်သက်နေဆဲပင်။
လုဝူယာနှင့်လုယွီအကြားတွင် ပဋိပက္ခများရှိကြောင်း သူမ သိရှိထားပြီးဖြစ်သည်။
ယခုချိန်၌ လုဝူယာ သူမကိုခေါ်ထားခြင်းသည့် ကောင်းမွန်သည့်ကိစ္စ မဟုတ်နိုင်ချေ။
"ဟီး ဟီး...မင်းက အရင်တုန်းကလိုပဲ ကြည့်ကောင်းနေအုံးမယ်လို့ ငါ မျှော်လင့်မထားမိဘူး"
လုဝူယာက သူ၏လက်ကိုဆန့်တန်းကာ လုရွှမ်အာ၏မေးစေ့ကိုကိုင်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သောအပြုံးတစ်ခု ထွက်ပေါ်လာလေ၏။
"သခင်လေးလု...မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ မျက်နှာကိုထောက်ပြီးတော့ ကျွန်မကိုလွှတ်ပေးပါ"
လုရွှမ်အာက အသနားခံ တောင်းပန်လေသည်။
သူမသည် လုဝူယာ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အစွမ်းထက်သောအရှိန်အဝါကို ခံစားမိပြီးဖြစ်သည်။
ဤသည်က သာမာန်လောကီအင်မော်တယ်များ ထုတ်လွှတ်ခြင်းမပြုနိုင်သော စွမ်းအားတစ်ရပ်ပင်။
ထိုစွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားမိပြီးနောက် လုရွှမ်အာ၏စိတ်နှလုံးသားအတွင်း၌ စိတ်ပျက်ညှိုးငယ်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
သူမနှင့်လုဝူယာတို့သည် အောက်ဘုံမှအတူတက်လှမ်းလာသူများဖြစ်သော်လည်း အဆင့်ခြင်း မိုးနှင့်မြေတမျှ ကွာခြားနေလေပြီ။
လုဝူယာသည် အောက်ဘုံ၌ရှိနေစဥ်ကပင် အလွန်ပါရမီရှိသူဖြစ်ပေ၏။ယခုချိန်တွင် သူသည် ကောင်းကင်ဘုံနယ်မြေရှိလုမိသားစုအတွင်းသို့ ရောက်ရှိသွားသဖြင့် ထိပ်တန်းမိသားစုကြီးတစ်စု၏ကူညီထောက်ပံမှုကြောင့် လုဝူယာ၏ ကျင့်ကြံမှုအရှိန်နှုန်းသည် အလွန်အမင်းလျှင်မြန်ပေမည်။
အောက်ဘုံ၌ လုဝူယာသည် စစ်ရေးအမတ်ကြီးသီကျန်း၏ အသိအမှတ်ပြုမှုကိုရရှိကာ တပည့်တစ်ယောက်၏အဆင့်အတန်းကို ပိုင်ဆိုင်နိုင်ခဲ့သည်။
သီကျန်း သေဆုံးသွားခဲ့သော်လည်း သူ၏အဆက်အသွယ်များ ရှိနေဆဲပင်။လုဝူယာသည် ထိုအဆက်အသွယ်များကိုမှီခို၍ သူ၏ခွန်အားကို အလျှင်အမြန် မြှင့်တင်နိုင်ခဲ့သည်။အဆုံးသတ်၌ သူသည် တော်ဝင်စာမေးပွဲ၌ အဆင့်မြင့်ကျောင်းတော်သားဟူသော အဆင့်အတန်းကို ပိုင်ဆိုင်နိုင်ခဲ့လေ၏။
သို့ရာတွင် လုဝူယာသည် ပေါ်ပေါ်ထင်ထင်မနေဝံ့ချေ။
အထူးသဖြင့် လုယွီသည် ထိပ်တန်းကျောင်းတော်သားဘွဲ့ထူးကို ရရှိသွားသည်အား သူ သိရှိပြီးနောက် သူ ပုန်းလျှိုးကွယ်လျှိုးသာ နေထိုင်ခဲ့ရသည်။
Chapter 3215
ကောင်းကင်ဘုံလမ်းကြောင်းတွင် လုဝူယာသည် ကျန်းချွယ်နှင့်အတူပူးပေါင်း၍ လုယွီကို အခက်တွေ့စေရန် ထပ်ခါတလဲလဲ ပြုလုပ်ခဲ့သည်။
လုယွီသည် သူ့ကိုလက်စားမချေဟု သူ အတပ်မပြောနိုင်ချေ။သို့ရာတွင် လုယွီ၏လက်ရှိနာမည်ဂုဏ်သတင်းအရ အကယ်၍ သူ့ကိုလက်စားချေလိုပါက အလွန်အမင်း လျှင်မြန်ပေမည်။
မူလက သူ လုဝူယာသည် လူတိုင်းကို အထက်စီးမှဆက်ဆံနိုင်သော ပါရမီရှင်တစ်ယောက်ပင်။
သို့ရာတွင် မည်သည့်နေရာမှ ထွက်ပေါ်လာမှန်းမသိသော လုယွီသည် သူ၏ခွန်အားကို ထုတ်ဖော်ပြသပြီးနောက် လုဝူယာ၏နာမည်ဂုဏ်သတင်းသည် အလွန်မှေးမှိန်သွားခဲ့လေ၏။
လုဝူယာ၏စိတ်နှလုံးသားအတွင်း၌ ဒေါသများဖြင့် ပြည့်နှက်နေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။
လုယွီသည် သူ့ကို မည်သည့်လူစားမျိုးဟု ထင်နေသနည်း...
မည်သည်ကြောင့် သူသည် အောက်ဘုံ၌ လုယွီ၏ဖိနှိပ်ခြင်းကို ခံရသည့်အပြင် ကောင်းကင်ဘုံနယ်မြေ၌ပင် သူ မည်သည်ကြောင့် ပုန်းရှောင်နေရသနည်း...
သို့ရာတွင် သူသည် ထိုစကားလုံးများကို သူ၏စိတ်အတွင်း၌သာ သိမ်းဆည်းထားဝံ့ပြီး ပြင်ပသို့ ကျယ်လောင်စွာ ထုတ်ဖော်ပြောဆိုဝံ့ခြင်းမရှိချေ။
ဤသည်က သူ၏အခြေအနေကို အလွန်အမင်းရူးသွပ်သွားစေကာ သူ နာမကျန်းဖြစ်လုနီးပါးပင်။
"တကယ်လို့ မင်းကို ခွင့်လွှတ်ပေးစေချင်တယ်ဆိုရင် ရတယ်လေ...မင်း ငါနဲ့အတူ လုအိမ်တော်ကို လိုက်ခဲ့ရမယ်"
လုဝူယာက တည်ငြိမ်စွာ ပြောဆိုသည်။
လုရွှမ်အာက ရုတ်တရက်ခေါင်းမော့ကာ လုဝူယာကို ကြည့်လိုက်၏။
ရုတ်ချည်းဆိုသလိုပင် လုဝူယာ၏မျက်လုံးအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်ကို သူမ မြင်တွေ့မိသည်။
ဤှသည်က ရက်စက်ကြမ်းကြုတ်သောမှော်သားရဲတစ်ကောင်သည် သားကောင်ကို စူးစိုက်ကြည့်နေသကဲ့သို့ပင်။ဤခံစားချက်ကြောင့် သူမသည် ထိတ်လန့်ကြောက်ရွံသွားကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားတော့သည်။
လုရွှမ်အာက တုန်ရီနေသောအသံဖြင့် ပြောဆိုလိုက်၏။
"လုဝူယာ...ငါ နင့်ကို ရန်မစခဲ့ဘူး...ငါ နင့်ကို တောင်းပန်ပါတယ်...ကျေးဇူးပြုပြီးတော့ ငါ့ကို အသက်ချမ်းသာပေးပါလား...နင် ငါ့ကို အသက်ချမ်းသာပေးမယ်ဆိုတာနဲ့ ငါ နင့်အတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိပါတယ်"
လုရွှမ်အာ၏စကားကိုကြားချိန်တွင် လုဝူယာက အော်ဟစ်ရယ်မောလိုက်သည်။
ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လှုပ်ခတ်စေခဲ့သော လုယွီထံတွင် ဤကဲ့သို့ ခွေးတစ်ကောင်ကဲ့သို့ အဆင့်သာရှိသည့် ဝမ်းကွဲညီမမျိုးရှိနေမည်ဟု မည်သူက တွေးထင်မိမည်နည်း....
"အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့...ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့ငါက မိတ်ဆွေဟောင်းတွေလေ...ငါက မင်းနဲ့အတူ အတိတ်ကအချိန်လေးတွေကို ပြန်ပြီးတွေးတောချင်ရုံလေးပဲ"
လုဝူယာသည် လုရွှမ်အာကို မတ်တတ်ထရပ်နိုင်အောင် တွဲထူလိုက်ကာ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏အမျိုးသမီးကြီးကြပ်ရေးမှူးကို ခေါ်လိုက်၏။ထို့နောက် သူက အလေးအနက်ထားသောအသံဖြင့် ပြောဆိုသည်။
"ငါ သူ့ကို ဝယ်ချင်တယ်...ငါ ဘယ်လောက်ပေးရမလဲ"
အမျိုးသမီးကြီးကြပ်ရေးမှူးသည် ထိတ်လန့်ကြောက်ရွံသဖြင့် တခြားနေရာသို့ ရှောင်ထွက်သွားခဲ့ခြင်းဖြစ်သည်။လုဝူယာသည် လုအိမ်တော်မှသခင်လေးဖြစ်သည်ကို သူမကြားသိချိန်တွင် လိပ်ပြာလွင့်လုမတတ် သူမ ထိတ်လန့်ကြောက်ရွံသွားသည်။
ဤသည်က လုမိသားစုပင်။အကယ်၍ သူမတို့၏ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ ခေါင်းဆောင်ကိုယ်တိုင်ရောက်လာလျှင်ပင် လုမိသားစုဝင်တစ်ယောက်၏ရှေ့၌ ဦးညွှတ်၍ ဆက်ဆံရပေမည်။
ဤသည်က မိသားစုကြီးရှစ်စုအနက်မှ မဟာထိပ်တန်းမိသားစုကြီးလေးစုအကြားရှိ လုမိသားစုဖြစ်ကာ သူတို့၏အင်အားသည် မယှဥ်သာအောင် နက်နဲသိမ်မွေ့သည်။
အကယ်၍ သူမသည် လုမိသားစု၏သခင်လေးတစ်ယောက်ကို အပြစ်ပြုမိပါက နောက်တစ်နေ့တွင် သူမ အသက်ဆက်၍ရှင်သန်ရန် မသေချာတော့ချေ။
"သခင်လေးက အရမ်းရယ်စရာတွေပြောတာပဲ...ဒါက အစေခံတပည့်တစ်ယောက်လေ...တကယ်လို့ သခင်လေးက သူ့ကိုလိုချင်တယ်ဆိုရင်...ကျွန်မတို့က သခင်လေးဆီကို ပို့ပေးပါ့မယ်"
အမျိုးသမီးကြီးကြပ်ရေးမှူးက ရိုသေလေးစားစွာ ပြောဆိုသည်။
လုဝူယာက မျက်မှောင်ကြုတ်ကာ အမျိုးသမီးကြီးကြပ်ရေးမှူးကို စူးစိုက်၍ကြည့်လိုက်၏။
"ငါ မတတ်နိုင်ဘူးလို့ ထင်နေတာလား...မင်း အလကားပေးဖို့ ငါက လိုအပ်နေလို့လား"
ထို့နောက် လုဝူယာက ငွေလက်မှတ်တစ်ရွက်ကိုထုတ်ယူကာ အမျိုးသမီးကြီးကြပ်ရေးမှူး၏လက်အတွင်းသို့ ပစ်ပေးလေသည်။
"ငါ သူ့ကို အခုချက်ချင်းလိုချင်တယ်"
လုဝူယာက တည်ငြိမ်စွာ ပြောဆိုသည်။
"ဟုတ်ကဲ့...ဟုတ်ကဲ့ပါ...သူ့ကို သခင်လေးက တစ်ခါတည်းခေါ်သွားလို့ရပါတယ်...ဒါက သူ့အတွက် ကံကြမ္မာကောင်းတစ်ခုပဲ...သခင်လေးကို မြန်မြန်ကျေးဇူးမတင်သေးဘူးလား"
အမျိုးသမီး ကြီးကြပ်ရေးမှူးသည် လုရွှမ်အာ၏ခေါင်းကို အောက်သို့ဖိ၍ အလျှင်အမြန် ခေါင်းငုံခိုင်းလိုက်၏။
သို့ရာတွင် လုရွှမ်အာသည် မည်သည့်ပျော်ရွှင်မှုမျိုးကိုမျှ မခံစားရချေ။
လုဝူယာ၏မျက်လုံးအတွင်း၌ ရုန့်ရင်းကြမ်းတမ်းမှုများနှင့်ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေသည်ကို သူမ မြင်တွေ့မိသည်။
အကယ်၍ သူမသည် လုဝူယာ၏နောက်သို့ လိုက်သွားပါက သူမအတွက် အဆုံးသတ်ကောင်း မရှိမည်ကို လုရွှမ်အာက စိုးရိမ်ပူပန်နေသည်။
သို့ရာတွင် ဤကိစ္စအတွက် သူမထံ၌ ရွေးချယ်ခွင့်မရှိချေ။လုဝူယာသည် သူမကို ငွေကြေးဖြင့်ဝယ်ယူခဲ့သဖြင့် ယခုချိန်တွင် သူမသည် လုဝူယာ၏အစေခံ ဖြစ်သွားလေပြီ။
အစေခံများကို တော်ဝင်နန်းတွင်းမှဥပဒေစည်းမျဥ်းများနှင့် ကာကွယ်ပေးထားသည်။အကယ်၍ သူမ ထွက်ပြေးခဲ့ပါက တော်ဝင်နန်းတွင်း၏အကူအညီကို ရရှိတော့မည်မဟုတ်ချေ။
"မိတ်ဆွေရောင်းရင်းတို့...ငါက မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ပြန်ဆုံတွေ့ရပြီးတော့ အတိတ်က ကိစ္စလေးတချို့ကို ပြန်ပြောစရာရှိနေတယ်.. ဒါကြောင့် ငါ ဒီနေရာမှာ ဆက်ပြီးမနေတော့ဘူး...ငါ့ကိုယ်ငါ ဒီတစ်ခွက်သောက်ပြီး အပြစ်ပေးပါ့မယ်...မင်းတို့ လွတ်လွတ်လပ်လပ်နေခဲ့ကြပါ"
လုဝူယာသည် ကျက်သရေရှိသောအပြုအမူမျိုးဖြင့် ဝိုင်အရက်တစ်ခွက်ကို သောက်လိုက်သည်။
လက်ရှိနေရာတွင်ရှိနေသူများအားလုံး ရယ်မောကာ သူတို့၏ဝိုင်အရက်ခွက်များကိုမြှောက်၍ လုဝူယာနှင့်အတူ သောက်လိုက်ကြ၏။