← Chapters

အခန်း (၃၂၂၁-၃၂၂၅)

Vol. 164 Ch. 3221-3225

အခန်း (၃၂၂၁-၃၂၂၅)

Vol. 164 Ch. 3221-3225

Chapter 3221

ထိုမိန်းမပျိုက အပြုံးနှင့် ပြောဆိုသည်။

"ထိပ်သီးကျောင်းတော်သားက အမြင်ကောင်းရှိတာပဲ...ကျွန်မတို့ညီအမတွေအားလုံးက ဆုတောင်းခြင်းဖီးနစ်မဟာမိတ်က လူတွေပါ"

ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏ လွှမ်းမိုးနိုင်မှုသည် အလွန်အမင်းကြီးမားကာ ဆောင်ကြာမြိုင်များအားလုံးတွင် သူမတို့၏အရိပ်အယောင်များကို တွေ့မြင်နိုင်သည်။သို့ရာတွင် သူမတို့သည် နှစ်စဥ်နှစ်တိုင်း တော်ဝင်နန်းတွင်းသို့ အခွန်အခများစွာ ပေးဆောင်ထားသဖြင့် အပြန်အလှန်နားလည်မှုဖြင့် သူမတို့ကို ခွင့်ပြုပေးထားခြင်းဖြစ်သည်။

လုယွီက သူ့ခွက်အတွင်းရှိဝိုင်အရက်ကိုသောက်ကာ မေးမြန်းလိုက်၏။

"လုရွှမ်အာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် မင်းတို့ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှာရှိနေလား"

ထိုမိန်းမပျိုက နူးညံသိမ်မွေ့စွာရယ်သွမ်းသွေး၍ ပြောဆိုသည်။

"ထိပ်သီးကျောင်းတော်သားက ရယ်စရာပြောနေတာလား...ကျွန်မတို့ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှာက လူတွေအများကြီးရှိနေတယ်လေ...သခင်လေးက သူ့ကို ရှာပေးစေချင်တာလား"

လုယွီက သူ၏လက်ချောင်းများဖြင့် စားပွဲခုံကိုတတောက်တောက်ခေါက်၍ ပြောဆိုသည်။

"အင်း...မင်းတို့ရဲ့တာဝန်ခံကိုခေါ်ခဲ့...ငါ သူ့ကို မေးစရာရှိတယ်"

ထိုမိန်းမပျိုက ရယ်မောလိုက်သည်။

"သခင်လေး...နောက်တစ်ခွက်လောက် ထပ်သောက်ပါအုံး...အရင်ဆုံး အဲ့ဒီကိစ္စအတွက် အရေးကြီးမနေပါနဲ့အုံး"

လုယွီ၏မျက်နှာပေါ်တွင် အမူအယာကင်းမဲ့နေကာ သူက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။

"သွားတော့"

လုယွီသည် ဆက်လက်စကားမပြောဆိုလိုသည်ကို မြင်တွေ့သဖြင့် ထိုမိန်းမပျိုသည် သူမ၏အပြုံးကို ပြန်ရုတ်သိမ်းလိုက်ကာ တာဝန်ခံကို ခေါ်ရန်အတွက် ပြေးထွက်သွားတော့သည်။

တခြားကျောင်းတော်သားများသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် သိချင်စိတ်ပြင်းပြစွာဖြင့် ကြည့်လိုက်ကြ၏။

လုယွီသည် မည်သည်ကြောင့် ရုတ်တရက်ကြီး ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏တာဝန်ခံကို ရှာဖွေသည်အား သူတို့အားလုံး မသိရှိချေ။

လီစစ်က မေးမြန်းသည်။

"လုရှီ...ကိစ္စတစ်ခုခု ရှိနေလို့လား"

လုယွီက သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။

"ဒါက ငါ့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေပါ...ငါ့ဟာငါ ကိုင်တွယ်ဖြေရှင်းလိုက်မယ်"

ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် ကျောင်းတော်သားများသည် ထပ်မံ၍ မမေးမြန်းဝံ့တော့ချေ။သူတို့သည် အရက်ဆက်လက်၍ သောက်သုံးလိုက်ကြ၏။

မကြာမီမှာပင် အမျိုးသမီးတစ်ယောက်က တံခါး၏ပြင်ပ၌ ထွက်ပေါ်လာသည်။သူမသည် အသက်သုံးဆယ်ခန့်ရှိကာ အလွန်လှပစွာဝတ်ဆင်ထားသော်လည်း ညှို့ငင်ဖျားယောင်းသောအမူအယာမျိုးမရှိချေ။

သူမသည် အလွန်အမင်းလှပချောမောကာ ခန်းမအတွင်းရှိ မိန်းကလေးများအားလုံးထက် ပို၍လှပသည်။ကျောင်းတော်သားအများစု၏မျက်လုံးအကြည့်များသည် မသိစိတ်မှနေ၍ သူမထံရွေ့လျားသွားကာ တွေဝေမိန်းမောနေကြသည်။

သို့သော် မကြာမီမှာပင် သူတို့အားလုံး အသိပြန်ဝင်လာကြကာ သူတို့၏မျက်လုံးအတွင်းမှ တွေဝေမိန်းမောနေမှုများ ပျောက်ကွယ်သွားတော့သည်။

ဤသည်က ညှို့ဓာတ်ပင်။

ထိုအမျိုးသမီးသည် သူမ၏ညှို့ဓာတ်ကို အသုံးပြုထားခြင်းမရှိသော်လည်း နှစ်ပေါင်းများစွာကျင့်ကြံခဲ့ခြင်းကြောင့် သူမပြုလုပ်လိုက်သော လှုပ်ရှားမှုတစ်ခုစီတိုင်းတွင် သူမကိုယ်တိုင်ပင်မသိဘဲ မူးယစ်ရီဝေစေသောညှို့ဓာတ်များ ရောယှက်နေသည်။ထို့ကြောင့် လူအများစုသည် သူမ၏ညှို့ဓာတ်အောက်မှ ရုန်းထွက်နိုင်မည်မဟုတ်ချေ။

"ကျွန်မက ဆုတောင်းခြင်းဖီးနစ်မဟာမိတ် တော်ဝင်မြို့တော်ရဲ့တာဝန်ခံ ယင်းဟန်ယွဲ့ပါ...ထိပ်သီးကျောင်းတော်သားကို မြင်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်"

ထိုအမျိုးသမီးက လုယွီ၏ရှေ့သို့လျှောက်လှမ်းသွားကာ အပြုံးနှင့်ပြောဆိုသည်။

သူမ၏အသံသည် တောင်ကြားတစ်ခုအတွင်း၌ ပဲ့တင်ထပ်မြည်ဟီးသွားသည့်အလား လူအများကို တွေဝေမိန်းမောသွားစေသည်။

"ဘယ်လောက်တောင် အားပြင်းတဲ့ညှို့ဓာတ်လဲ...ငါတို့တောင် နစ်မြောသွားလုနီးပါးပဲ"

ကျောင်းတော်သားတချို့၏မျက်နှာများပေါ်တွင် အံ့အားသင့်တုန်လှုပ်သွားသောအရိပ်အယောင်များ ထင်ဟပ်လာသည်။

ယင်းဟန်ယွဲ့ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် သူတို့ကိုယ်သူတို့ ထိန်းချုပ်၍မရတော့ဘဲ သူမကို ချစ်ကျွမ်းဝင်သွားသကဲ့သို့ပင်။သူတို့သည် မည်သည့်နည်းလမ်းကိုမဆိုအသုံးပြုကာ သူမကို သူတို့၏လက်မောင်းအကြား၌ ပွေ့ဖက်ထားလိုကြ၏။

ယခုချိန်၌ သူတို့သည် ရုတ်တရက် အသိဝင်လာကြကာ သူတို့၏နဖူးများပေါ်၌ အေးစက်စက်ချွေးစေးးများဖြင့် စိုရွှဲနေသည်။ကံကောင်းထောက်မစွာဖြင့် ကျန်းရွှမ်စဲ ဤနေရာ၌ရှိမနေတော့ချေ။ထိုသို့မဟုတ်ပါက သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်မှုလွတ်ကင်းသွားခြင်းကြောင့် ကျန်းရွှမ်စဲသည် သူတို့အပေါ်၌ အမြင်ဆိုးရွားသွားနိုင်သည်။

ထို့ထက်ပို၍ တုန်လှုပ်ချောက်ချားဖွယ်အကောင်းဆုံးကိစ္စမှာ သူတို့၏စိတ်နှလုံးသားများအတွင်း၌ ယင်းဟန်ယွဲ့၏ပုံရိပ် ကျန်နေခဲ့ခြင်းပင်။

လုယွီက စကားပြောဆိုခြင်း မပြုချေ။ထိုအစား အသံပေးပို့ခြင်းကိုအသုံးပြု၍ သူက ယင်းဟန်ယွဲ့ကို မေးမြန်းလိုက်သည်။

"ငါ မင်းကို တစ်ခုမေးပါရစေ...မင်းတို့ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှာ လုရွှမ်အာလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက်ရှိနေလား"

"လုရွှမ်အာလား..."

ယင်းဟန်ယွဲ့သည် တစ်စုံတစ်ခုကို တွေးတောမိသွားလေ၏။သူမသည် ထိုနာမည်ကို တီးတိုးရေရွတ်လိုက်ပြီးနောက် လုယွီနှင့်မျိုးရိုးနာမည်တူနေခြင်းကို သတိပြုမိသွားသည်။

ဖြစ်နိုင်သည်မှာ သူတို့နှစ်ယောက်ကြားတွင် ပတ်သတ်ဆက်နွယ်မှုတစ်ခုခု ရှိနေသလော...

သို့ရာတွင် တော်ဝင်မြို့တော်၏တာဝန်ခံတစ်ယောက်ဖြစ်သော ယင်းဟန်ယွဲ့သည် လျှို့ဝှက်ချက်အမြောက်အများကို သိရှိထားသော်လည်း သူမ ဖွင့်ဟမေးမြန်းရန်အတွက် အရည်အချင်းမပြည့်မီချေ။ထို့ကြောင့် သူမက ဦးညွှတ်အရိုအသေပြု၍ ပြောဆိုလိုက်သည်။

"ကျွန်မ သူ့ကို ရှာပေးပါ့မယ်...နောက်ရက်အနည်းငယ်အတွင်းမှာ သခင်လေးကို ကျွန်မ အဖြေပြန်ပေးပါ့မယ်"

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါ အခုချက်ချင်း သိချင်တယ်"

ယင်းဟန်ယွဲ့က ထိတ်လန့်တုန်လှုပ်သွားသည်။သူမသည် ကူကယ်ရာမဲ့စွာဖြင့် လုရွှမ်အာထံတွင် မည်သည့်အဆင့်အတန်းမျိုးရှိနေခြင်းကြောင့် လုယွီ ဤမျှထိအာရုံစိုက်နေသည်ကို ခန့်မှန်းနေမိလေ၏။

"ဟုတ်ကဲ့ပါ...ကျွန်မ အခုချက်ချင်း သူ့ကို သွားရှာလိုက်မယ်"

ယင်းဟန်ယွဲ့သည် နောက်သို့ပြန်လှည့်၍ ထွက်ခွာလာခဲ့သော်လည်း သူမ၏စိတ်အတွင်း၌ သံသယများ အတွေးများဖြင့် ပြည့်နှက်နေတော့သည်။

Chapter 3222

တစ်စုံတစ်ခုမှားယွင်းနေသည်ကို သတိပြုမိသွားသော လီစစ်က ပြောဆိုသည်။

"အားလုံးပဲ...လုရှီက သူ နန်းတွင်းစာမေးပွဲကို ဘယ်လိုဖြေဆိုခဲ့တယ်ဆိုတာ ပြောပြပြီးပြီ...ငါတို့တွေကလည်း နန်းတွင်းစာမေးပွဲမှာ ဘာတွေလုပ်ခဲ့တယ်ဆိုတာ ပြောကြမလား...နောင်တစ်ချိန်ကျရင် ကိုးကားလို့ရတာပေါ့"

လူတိုင်းက သဘောတူညီလိုက်ကြကာ သူတို့၏နန်းတွင်းစာမေးပွဲမှ အတွေ့အကြုံများကို စတင်၍ ပြောဆိုလိုက်ကြ၏။

သူတို့သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ အချိန်တစ်နှစ်ခန့် ကုန်ဆုံးခဲ့ကာ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ယခုချိန်တွင် သူတို့၏အတွေ့အကြုံများကို ဖလှယ်ကြပြီးနောက် နောင်တစ်ချိန်တွင် အုပ်ချုပ်ရေးကိုစီမံခန့်ခွဲရာ၌ သူတို့၏အရည်အချင်းများ ပို၍မြင့်တက်သွားနိုင်သည်။

လူတိုင်း စိတ်လှုပ်ရှားတက်ကြွစွာဖြင့် တိုင်ပင်ဆွေးနွေးနေကြသော်လည်း လုယွီကို ကြည့်ရသည်မှာ အသိစိတ်လွတ်ကင်းနေပုံရသည်။

ကောင်းကင်နန်းတော်ပြိုင်ပွဲ၌ လုရွှမ်အာသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၏တပည့်တစ်ယောက်ဖြစ်သွားသည်ကို သူ အမှတ်ရနေဆဲပင်။

လုယွီသည် လုရွှမ်အာ ကောင်းကင်ဘုံနယ်မြေသို့ ရောက်ရှိပြီးနောက် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်မှ ထွက်ခွာစေလိုခဲ့သည်။သို့ရာတွင် မမျှော်လင့်ဘဲ သူ ကောင်းကင်ဘုံလမ်းကြောင်းမှ ထွက်လာခဲ့သည့်အချိန်တွင် ရှကွေ့ကျုံး၏လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အောက်ဘုံတွင် လုရွှမ်အာသည် သူနှင့်ပတ်သတ်၍ မကောင်းသောအမြင်မျိုး ရှိနေခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ သူမသည် သူ့အဒေါ်၏သမီးဖြစ်နေဆဲပင်။

ဤသည်က ဆွေမျိုးတော်စပ်မှုဖြစ်သည်။မည်သည့်ကိစ္စမျိုးရှိနေပါစေ ကောင်းကင်ဘုံနယ်မြေအတွင်း၌ သူ သူမကို ကာကွယ်ရပေမည်။

ကျို့လင်ညစာစားပွဲကို နောက်ထပ်အချိန်လေးနာရီခန့်ကြာအောင် ကျင်းပခဲ့ပြီးနောက် အဆုံးသတ်သွားလေပြီ။

လက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်သားများသည် သူတို့၏အတွေ့အကြုံများကို ဖလှယ်ကြပြီးနောက် တစ်ချိန်တည်းမှာပင် တစ်ယောက်၏လမ်းညွှန်မှုကို တစ်ယောက်က ခံယူကြသည်။သူတို့အားလုံး အကျိုးကျေးဇူးများစွာ ရရှိခဲ့လေ၏

"နောင်တစ်ချိန်ကျရင် ငါ မင်းတို့ကို ဘယ်ချိန်ကျမှ ပြန်တွေ့နိုင်မယ်ဆိုတာ ငါ မသိဘူး...နောင်တစ်ချိန်ကျရင် တကယ်လို့ မင်းတို့ထဲကဘယ်သူမဆို ငါ့ရဲ့အကူအညီကိုလိုအပ်တယ်ဆိုရင် ငါ အကောင်းဆုံးကြိုးစားပြီးတော့ ကူညီပေးမယ်"

"လုရှီ တကယ်လို့ မင်းရဲ့ကူညီပေးမှုသာမရှိရင် ငါတို့က အဆင့်သတ်မှတ်ချက်စာရင်းရဲ့ရွှေအဆင့်ကို ဝင်နိုင်မှာမဟုတ်ဘူး...ငါက ဒီကြင်နာမှုကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး"

ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှ ကျောင်းတော်သားများအားလုံး မတ်တတ်ထရပ်ကာ လုယွီကို ဦးညွှတ်၍ အရိုအသေပြုလိုက်ကြသည်။

သူတို့၏စိတ်နှလုံးသားများအတွင်း၌ လုယွီကို ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

ကျောက်စိမ်းဆေးမီးဖိုအတွင်း၌ လုယွီ၏လမ်းညွှန်ပေးခဲ့မှုများသည် လူအများကို ဘဝသစ်တစ်ခု အငှားချပေးလိုက်သကဲ့သို့ပင်။ထိုအချိန်မှစ၍ သူတို့၏အရည်အချင်းများ မြင့်တက်လာကာ တော်ဝင်စာမေးပွဲ၌ ထင်ပေါ်နိုင်ခဲ့သည်။

လုယွီက မတ်တတ်ထရပ်ကာ သူ၏ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်၏။

"မင်းတို့အားလုံးပဲ..နောင်တစ်ချိန်မှာ တောက်ပတဲ့အနာဂတ်တွေကို ပိုင်ဆိုင်ပြီးတော့ ထာဝရအသက်ကို ရရှိနိုင်ပါစေလို့ ငါ ဆုတောင်းပေးလိုက်တယ်"

……

ကျို့လင်ညစာစားပွဲသည် ဝမ်းမြောက်ပျော်ရွှင်စွာ အော်ဟစ်နေသံများနှင့်အတူ အဆုံးသတ်သွားလေပြီ။

လုယွီသည် ကျန်းအိမ်တော်၌ ဧည့်သည်တစ်ယောက်အဖြစ်နေထိုင်ရန် ဖိတ်ခေါ်သော ကျန်းပေါင်ရှင်း၏တောင်းဆိုမှုကို ငြင်းဆန်လိုက်သည်။သူထံ၌ အရေးတကြီး လုပ်ဆောင်ရန်ကိစ္စတချို့ရှိနေသည်။

ကျို့လင်ဥယျာဥ်အတွင်းရှိ လျှို့ဝှက်အိမ်တစ်လုံးအတွင်းး၌ လုယွီသည် ယင်းဟန်ယွဲ့နှင့်တွေ့ဆုံရန် ချိန်းဆိုထားခဲ့သည်။

ဤအချိန်အခိုက်အတန့်တွင် ယင်းဟန်ယွဲ့သည် မြေပြင်ပေါ်၌ ဒူးထောက်နေကာ လုယွီ၏ကြီးကျယ်ခမ်းနားသော တိမ်ဖိနပ်နှင့် ကြက်သွေးရောင်ကျောင်းတော်သားဝတ်စုံကိုသာ တွေ့မြင်နိုင်သည်။

"သခင်လေး...ကျေးဇူးပြုပြီးတော့ ကျွန်မကို အသက်ချမ်းသာပေးပါ...လုရွှမ်အာက သခင်လေးနဲ့ ပတ်သက်နေတယ်ဆိုတာ ကျွန်မ တကယ်မသိခဲ့ဘူး...တကယ်လို့ ကျွန်မသာ သိခဲ့မယ်ဆိုရင် ကျွန်မမှာ အူဆယ်ခွေရှိရင်တောင် သူ့ကို တခြားသူဆီ မရောင်းဝံ့ပါဘူး"

ယင်းဟန်ယွဲ့သည် အဆက်မပြတ်ဦးညွှတ်အရိုအသေပြုကာ လုယွီ၏ခွင့်လွှက်မှုကို တောင်းခံနေလေ၏။

ကျောင်းတော်သားတစ်ယောက်၏ အဆင့်အတန်းပင်လျှင် သူမကို ထိတ်လန့်ကြောက်ရွံစေလေရာ လုယွီသည် ထိပ်သီးကျောင်းတော်သားဖြစ်နေသည်ဟူသောအချက်ကို ထည့်သွင်းဖော်ပြရန်ပင် မလိုတော့ချေ။

လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။

"ငါ မင်းကို အပြစ်မတင်ဘူး...ငါ့ကိုပြောစမ်း...လုရွှမ်အာကိုဝယ်သွားတာ ဘယ်သူလဲ"

ယင်းဟန်ယွဲ့က အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုသည်။

"သူက လုမိသားစုရဲ့ပါရမီရှင်တစ်ယောက်ပဲ...ကျွန်မ စုံစမ်းကြည့်ရသလောက်တော့ သူက ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့တဲ့ အဆင့်မြင့်ကျောင်းတော်သားတစ်ယောက်ပဲ...သူ နာမည်က...ဟုတ်တယ်...သူ့နာမည်က လုဝူယာပဲ"

လုယွီက အမူအယာကင်းမဲ့စွာဖြင့် ခေါင်းညိတ်ပြကာ ယင်းဟန်ယွဲ့ကို ပြောဆိုလိုက်၏။

"ငါက ဆုတောင်းခြင်းဖီးနစ်မဟာမိတ်ရဲ့စည်းမျဥ်းတွေကို သိထားပြီးပြီ...လုရွှမ်အာက အစေခံတပည့်တစ်ယောက်ဆိုပေမယ့် တကယ်လို့ သူ့ကိုခေါ်သွားချင်တယ်ဆိုရင် ငွေပေးရုံတင်မကဘူး...သူ့ရဲ့အစေခံတပည့်ဆိုတဲ့တံဆိပ်ပြားကိုလည်း ပြန်ယူသွားဖို့လိုအပ်တယ်...ဒီတံဆိပ်ပြားကို ယူဆောင်သွားပြီးမှ အဲ့ဒီအစေခံတပည့်ကို ရောင်းချပြီးပြီလို့ သတ်မှတ်နိုင်တယ်...ဟုတ်တယ်မလား"

ယင်းဟန်ယွဲ့က အပြုံးနှင့် ပြောဆိုသည်။

"သခင်လေးက ကျွန်မတို့ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်နဲ့ပတ်သတ်ပြီးတော့ အများကြီးသိထားတာပဲ....ဒါက အမှန်ပဲ...လုဝူယာက ကျွန်မတို့ကို ငွေပေးခဲ့ပေမယ့် ကျွန်မတို့က အခုထိ သူ့ရဲ့အစေခံတံဆိပ်ပြားကို ထုတ်မပေးရသေးဘူး....အဲ့ဒီမိန်းကလေးက ကျွန်မတို့ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်ရဲ့ အဖွဲ့ဝင်ဖြစ်နေတုန်းပဲ"

လုယွီက ယင်းဟန်ယွဲ့ကိုကြည့်၍ မေးမြန်းသည်။

"လုဝူယာက မင်းတို့ကို ဘယ်လောက်ပေးသွားတာလဲ"

ယင်းဟန်ယွဲ့က အချိန်တခဏကြာ တွေဝေစဥ်းစားနေပြီးနောက် ပြောဆိုလေ၏။

"သခင်လေးလုဝူယာက အင်မော်တယ်ကျောက်တုံးနှစ်သောင်း ပေးသွားပါတယ်"

Chapter 3223

ဆုတောင်းခြင်းဖီးနစ်မဟာမိတ်၌ အစေခံတပည့်များသည် အဆင့်အတန်းနိမ့်ကျသဖြင့် ဤမျှငွေကြေးအနည်းငယ်ဖြင့်ပင် သူမတို့ကိုဝယ်ယူရန် လုံလောက်သည်။

အစစ်အမှန်တန်ကြေးမြင့်သူများမှာ အတွင်းစည်းတပည့်များနှင့်ပင်မတပည့်များပင်။

လုဝူယာသည် ဆုတောင်းခြင်းဖီးနစ်မဟာမိတ်ကိုသိရှိသော်လည်း ထိုအဖွဲ့အစည်း၏စည်းမျဥ်းများကို အတွင်းကျကျ မသိရှိချေ။မည်သို့ပင်ဆိုစေကာမူ သူသည် လုမိသားစု၏သခင်လေးတစ်ယောက်ဖြစ်သဖြင့် အစေခံများကို သူကိုယ်တိုင်ဝယ်ယူရန် မလိုအပ်ခဲ့ချေ။

လုယွီသည် သူ၏အင်္ကျီလက်မောင်းကြားမှ အင်မော်တယ်ကျောက်တုံးဆယ်သန်းတန် ငွေလက်မှတ်ကိုထုတ်ယူ၍ စားပွဲပေါ်သို့တင်လိုက်သည်။

"ဒီနေ့ကနေစပြီးတော့ လုရွှမ်အာက မင်းတို့ ဆုတောင်းခြင်းဖီးနစ်မဟာမိတ်နဲ့ရော လုဝူယာနဲ့ပါ ဘာမှမဆိုင်တော့ဘူး...မင်း နားလည်လား"

လုယွီက ယင်းဟန်ယွဲ့ကို စူးစိုက်၍ကြည့်လိုက်၏။

ထိုအကြည့်ဖြင့် စူးစိုက်ခံရချိန်တွင် ယင်းဟန်ယွဲ့သည် သူမ၏ခန္ဓာကိုယ်ရှိ ညှို့ဓာတ်များ ရုတ်တရက် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

လုယွီ၏မျက်လုံးအတွင်း၌ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများရှိနေခြင်းကို သူမ တွေ့မြင်မိသည်။ဤမျက်လုံးတစ်စုံဖြင့်အကြည့်ခံရရုံဖြင့် သူမသည် တောင်ပုံရာပုံဖြစ်နေသောအလောင်းများနှင့် သွေးပင်လယ်ကြီးအကြားသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရလေ၏။

"ဘာမှမစိုးရိမ်ပါနဲ့...ကျွန်မ သူ့ကို ဆက်ခေါ်မထားဝံ့တော့ပါဘူး...ဒါက သူ့ရဲ့တံဆိပ်ပြားပါ...ကျွန်မ ဒါကို အရင်ကြိုပြီး ပြင်ဆင်ထားပြီးပါပြီ"

ယင်းဟန်ယွဲ့က အပြုံးနှင့် ပြောဆိုသည်။

လုယွီက ထိုတံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်သည်။

"ကောင်းပြီလေ"

နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ယင်းဟန်ယွဲ့၏လက်အတွင်းမှတံဆိပ်ပြားသည် အမှုန်အမွှားအဖြစ်သို့ ပြောင်းလဲကာ လေထုအတွင်းသို့ လွင့်ပါသွားတော့သည်။

လုယွီ မည်ကဲ့သို့နည်းလမ်းကို အသုံးပြုလိုက်သည်အား သူမ မမြင်တွေ့လိုက်ရချေ။

ယင်းဟန်ယွဲ့သည် လုယွီထံမှ မှော်စွမ်းအင်လှုပ်ခတ်မှုကိုပင် သတိမပြုမိပေ။

လုယွီသည် မည်သည့်အသံမျှမထွက်ဘဲ ထိုတံဆိပ်ပြားကို ဖျက်ဆီးနိုင်ခဲ့သည်။ဤသည်မှာ သူ သူမကို အသံတိတ်သတ်ဖြတ်နိုင်သည်ဟု ဖော်ပြနေခြင်းပင်။

ထိုအချိန်ကျမှသာလျှင် ယင်းဟန်ယွဲ့ အသိပြန်ဝင်လာခဲ့သည်။လုယွီသည် သာမာန်ကျောင်းတော်သားတစ်ယောက် မဟုတ်ချေ။

သူသည် တိုက်ခိုက်ရေးစာမေးပွဲ၌ ပထမရရှိခဲ့သူပင်။

တာယွီအင်ပါယာ၏တော်ဝင်စာမေးပွဲများအားလုံးတွင် တိုက်ခိုက်ရေးစာမေးပွဲ၌ ပထမနေရာကိုရရှိခဲ့သူတိုင်း အရည်အချင်းရှိသော စစ်ဗိုလ်ချုပ်များပင်။ခွန်အားအရဆိုပါက သူတို့သည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သော စစ်ဗိုလ်ချုပ်တချို့ထက် အားနည်းခြင်းမရှိချေ။

"သခင်လေး...ရက်အနည်းငယ်အတွင်းမှာ ကျွန်မတို့က လုအိမ်တော်ဆီ လူတွေစေလွှတ်ပြီးတော့ သူ့ကိုပြန်ခေါ်ပေးပါ့မယ်...ဘာမှမစိုးရိမ်ပါနဲ့"

ယင်းဟန်ယွဲ့က သူမ၏ခေါင်းကို အောက်သို့ငုံ၍ ပြောဆိုသည်။

အကြွင်းမဲ့ခွန်အားနှင့် ရင်ဆိုင်ရချိန်တွင် သူမသည် ခေါင်းငုံ၍တောင်းပန်ရန်ကိုသာ ရွေးချယ်ရပေမည်။

သို့ရာတွင် အချိန်အတော်ကြာစောင့်ဆိုင်းပြီးသည့်တိုင် သူမသည် လုယွီ၏တုံ့ပြန်ပြောဆိုသံကို မကြားရချေ။

သူမက အလျှင်အမြန် ခေါင်းမော့ကြည့်လိုက်သော်လည်း လုယွီ ပျောက်ကွယ်သွားပြီဖြစ်ကြောင်းကို တွေ့ရှိလိုက်ရ၏။

……

တော်ဝင်မြို့တော်...လုအိမ်တော်..

ညအချိန်သို့ ရောက်ရှိနေလေပြီ။လုအိမ်တော်၏ရှေ့၌ မတ်တတ်ရပ်၍စောင့်ကြပ်နေသော အစောင့်တစ်စုရှိနေသည်။

ထိုအစောင့်များသည် အလွန်အစွမ်းထက်ကာ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ ထွက်ပေါ်နေလေ၏။ထိုအစောင့်တစ်ယောက်ချင်းစီသည် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး သူတို့၏လက်အတွင်း၌ လှံရှည်များကို ကိုင်ဆောင်ထားကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါကို ပေးစွမ်းနိုင်သည်။

လုမိသားစုသည် စစ်သူတော်စင်၏မိသားစုဖြစ်သဖြင့် တာယွီတော်ဝင်စစ်တပ်အတွင်း၌ အလွန်မြင့်မားသော နာမည်ဂုဏ်သတင်းရှိသည်။ရလဒ်အနေဖြင့် လုအိမ်တော်မှအစောင့်များသည် တော်ဝင်စစ်တပ်မှ လက်ရွေးစင်စစ်သားများဖြစ်ပေ၏။

ထိုအစောင့်များသည် အလွန်အစွမ်းထက်ရုံသာမက သူတို့သည် မြောက်မြားစွာသောစစ်ပွဲများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့သူများလည်းဖြစ်သည်။သူတို့သည် မတ်တတ်ရပ်၍ စောင့်ကြပ်နေရုံမျှဖြင့် လုအိမ်တော်အနီးသို့ မည်သူမျှ မချဥ်းကပ်ဝံ့ချေ။

လုယွီသည် ထိုအစောင့်များ သတိမပြုမိအောင် လုအိမ်တော်အတွင်းသို့ တိတ်တဆိတ်ဝင်ရောက်နိုင်ခဲ့သည်။

အိမ်တော်အတွင်း၌ အတားအဆီးများ ပို၍တင်းကြပ်သည်။သူတို့အနက်မှတချို့သည် ပြောင်ပြောင်တင်းတင်း စောင့်ကြပ်နေကြ၏။တချို့သည် မြက်ပင်များအကြား၌ သစ်သားတုံးများအလားနေနေကာ လျှို့ဝှက်၍စောင့်ကြပ်နေသည်။ဤကဲ့သို့နေနိုင်ရန်အတွက် အလွန်မြင့်မားသော အရည်အချင်းရှိရန် လိုအပ်သည်။

လုအိမ်တော်သည် အလွန်ကြီးမားကာ ခြံဝန်းတစ်ခုလုံးသည် အလွန်အမင်းကျယ်ပြန့်ပေ၏။တစ်စုံတစ်ယောက်သည် ဤခြံဝန်းအတွင်းသို့ ဝင်ရောက်မိသည်နှင့် ဝင်္ကပါကြီးတစ်ခုအတွင်းတွင် လျှောက်လှမ်းနေသည့်အလား ခံစားရပေမည်။အကယ်၍ ထိုလူသည် ခြံဝန်း၏အတွင်းဘက်ဖွဲ့စည်းပုံကို မသိရှိပါက လမ်းပျောက်ရန် အလွန်အမင်း လွယ်ကူသည်။

"လာစမ်း"

လုယွီသည် အခွင့်အရေးရှာကာ လျှို့ဝှက်အစောင့်တစ်ယောက်ကို ဖမ်းဆီးလိုက်သည်။သူ၏မျက်လုံးအတွင်းမှ ရုတ်တရက် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်လာသည်။

"လုဝူယာ ဘယ်မှာလဲ"

လုယွီက မေးမြန်းသည်။

ထိုလျှို့ဝှက်အစောင့်သည် လုဝူယာရှိနေသော အိမ်တော်နေရာကို လုယွီအား လမ်းညွှန်လိုက်၏။ထို့နောက် ထိုလူသည် မြေပြင်ပေါ်၌လဲကျကာ သတိလစ်မေ့မျောသွားတော့သည်။

လုယွီက ထိုလူညွှန်ပြသောနေရာသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းသွားလေသည်။

Chapter 3224

လမ်းတလျှောက်လုံး၌ လုမိသားစုဝင်အစောင့်အမြောက်အများ ကင်းလှည့်နေသော်လည်း သူတို့သည် လုယွီ၏အရိပ်အယောက်ကိုပင် သူတို့ ရှာမတွေ့ကြချေ။

အဆောက်အအုံအမြောက်အများကို ဖြတ်ကျော်ပြီးနောက် လုယွီသည် မကြာမီမှာပင် လုဝူယာနေထိုင်သောနေရာကို ရှာဖွေတွေ့ရှိသွားသည်။

ဤနေရာသည် ကျယ်ဝန်းသောခြံဝန်းတစ်ခုပင်။ခြံဝန်းနံရံများပေါ်၌ ပန်းချီများရေးဆွဲထားကာ အစိမ်းရောင်အုတ်ချပ် အမိုးအုတ်ကြွတ်ပြားများရှိပြီး အနုပညာဆန်ဆန် တည်ဆောက်ထားသော အိမ်တစ်လုံးဖြစ်သည်။

ခြံဝန်းတံခါး၏ရှေ့တွင် အစေခံတချို့က မတ်တတ်ရပ်နေကြပြီး အိမ်အတွင်းမှအမိန့်ပေးသည်ကိုနာခံရန် အသင့်စောင့်ဆိုင်းနေကြ၏။

ဤသည်က ချမ်းသာကြွယ်ဝသောမိသားစုများအတွင်း၌ သာမာန်မြင်တွေ့နေကျ မြင်ကွင်းပင်။ချမ်းသာကြွယ်ဝပြီး အထက်တန်းကျသူများကို အလုပ်အကျွေးရှိရန် အစေခံများအဆင်သင့်ရှိနေကာ ထိုလူများသည် ကြီးကျယ်ခမ်းနားမှုများအကြား၌ ပျော်ရွှင်စွာနေထိုင်ရသည်။

ခြံဝန်းပြင်ပမှနေ၍ အိမ်အတွင်းရှိအသံများကို မကြားရချေ။

သို့ရာတွင် လုယွီ၏စိတ်ဝိညာဥ်မှစွမ်းအား ရွေ့လျားသွားခြင်းနှင့်အတူ အခန်းအတွင်းရှိအရှိန်အဝါကို အာရုံခံမိလေ၏။

ဘုန်း....

လုယွီ၏မျက်ခုံး မြင့်တက်သွားကာ အခန်းတံခါးကို ကန်ဖွင့်လိုက်သည်။

ဤအိမ်မှတံခါးသည် သီးသန့်ပြုလုပ်ထားခြင်းဖြစ်ကာ အတွင်း၌ မည်သည့်ကိစ္စများ ဖြစ်ပျက်နေပါစေ ပြင်ပမှမကြားနိုင်ချေ။

လုယွီ တံခါးကို ကန်ဖွင့်လိုက်ချိန်တွင် အတွင်းမှနေ၍ အံ့အားတသင့်အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။

"ဘယ်သူလဲ"

လုဝူယာ၏ခန္ဓာကိုယ်အပေါ်ပိုင်းသည် ဗလာကျင်းနေကာ သူသည် ထိတ်လန့်တကြားအမူအယာဖြင့် တံခါး၏ပြငပကိုကြည့်လိုက်၏။

သူသည် လုယွီကို မြင်တွေ့ချိန်တွင် သူ၏စိတ်နှလုံးသား ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး အော်ဟစ်ရန်အတွက် သူ၏ပါးစပ်ပို ဖွင့်ဟလိုက်သည်။

လုယွီသည် လုဝူယာကို အခွင့်အရေးမပေးချေ။

လုယွီက သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ကာ လေထုအတွင်း၌ အဆောင်သင်္ကေတတစ်ခုကိုရေးဆွဲပြီး လုဝူယာ၏ပါးစပ်ကို ချိပ်ပိတ်လိုက်၏။

ထို့နောက် သူ၏မှော်စွမ်းအားများဖြင့် သိပ်သည်းထားသော သံကြိုးကြီးတစ်ချောင်းက လုဝူယာ၏ခန္ဓာကိုယ်ကို ရစ်ပတ်သွားကာ သူ့ကိုမြေပြင်ပေါ်၌ ချုပ်နှောင်လိုက်သည်။

"ဝူး...ဝူး..."

လုဝူယာ၏ခန္ဓာကိုယ် တုန်ခါနေကာ သူက ပြူးကျယ်နေသောမျက်လုံးတစ်စုံနှင့် လုယွီကို စူးစိုက်၍ ကြည့်နေသည်။သူ၏မျက်လုံးအတွင်း၌ အသနားခံတောင်းပန်ခြင်း ထိတ်လန့်ကြောက်ရွံခြင်းတို့ဖြင့် ပြည့်နှက်နေပေ၏။

လုယွီ ဤနေရာ၌ထွက်ပေါ်လာမည်ဟု သူ အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။

လုယွီက လုဝူယာကို လျစ်လျှူရှုကာ အခန်း၏နက်ရှိုင်းသောနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။

ထိုနေရာ၌ ပိန်းပိတ်သည်အထိ မှောင်မည်းနေသည်။

ဖယောင်းတိုင်မီးများကိုသာ အခန်း၏နက်ရှိုင်းသောနေရာ၌ ထွန်းညှိထားသည်။

ဤအချိန်တွင် လုရွှမ်အာကို ကြိုးဖြင့်ချီ၍ လေထုအတွင်း၌ တွဲလောင်းဆွဲထားသည်။သူမ၏ခန္ဓာကိုယ်ပေါ်တွင် ကြာပွတ်ဖြင့်ရိုက်နှက်ခံထားရသော ဒဏ်ရာများဖြင့် ပြည့်နှက်နေကာ သူမ၏ဆံပင်များသည် ဖားလျားပြေကျနေကာ သူမ၏မျက်နှာပေါ်တွင် ဖုံးလွှမ်းနေသည်။

လုရွှမ်အာသည် သတိမရတစ်ချက်ရတစ်ချက် အခြေအနေမျိုးသို့ ကျရောက်နေပေ၏။သူမ၏ခြောက်ကပ်ကပ်ဆံစများကြားမှ တွေ့မြင်နေရသော သူမ၏မျက်လုံးတစ်စုံအတွင်း၌ စိတ်ပျက်ညှိုးငယ်မှုများဖြင့် ပြည့်နှက်နေသည်။

သူမက လုယွီ၏ပုံရိပ်ကို မြင်တွေ့မိသည်။ထိုပုံရိပ်ကို သူမ အလွန်ရင်းနှီးကျွမ်းဝင်နေသည်ဟု ဝိုးတဝါးခံစားမိလေ၏။

သို့ရာတွင် မချိမဆန့်နာကျင်မှုဝေဒနာက သူမ၏အသိစိတ်ကို လွှမ်းခြုံထားသည်။လုရွှမ်အာက သူမရှေ့ရှိလူကို သူမ မမြင်တွေ့နိုင်တော့သည်ကို ရုတ်တရက်ခံစားမိသည်။

လုရွှမ်အာက သတိလစ်မေ့မျောသွားလေပြီ။

ကြာပွတ်ဖြင့် အဆက်မပြတ်ရိုက်နှက်ကာ နှိပ်စက်ညှင်းပန်းခံရမှုများအောက်တွင် လုရွှမ်အာ၏စိတ်ဆန္ဒသည် တောင့်မခံနိုင်တော့သဖြင့် နောက်ဆုံး၌ သူမ သတိလစ်မေ့မျောသွားခဲ့သည်။

လုယွီက ဓားချီတစ်လှိုင်းပစ်လွှက်၍ လုရွှမ်အာ၏ခန္ဓာကိုယ်ပေါ်ရှိကြိုးများကို ဖြတ်တောက်လိုက်သည်။

ထို့နောက် သူက ရှေ့သို့တိုးကာ လုယွီအာကို ညင်သာစွာ ပွေ့ချီလိုက်၏။သူသည် သိုလှောင်အိတ်အတွင်းမှ ဝတ်စုံတစ်စုံကိုထုတ်ယူကာ လုရွှမ်အာကိုဝတ်ဆင်ပေးလေသည်။

သူမသည် အချိန်အတော်ကြာ ပင်ပန်းနွမ်းနယ်ခဲ့ရခြင်းကြောင့် သူမ၏စိတ်ဆန္ဒသည် နောက်ဆုံး၌ အကန့်အသတ်အခြေအနေသို့ ရောက်ရှိသွားလေပြီ။

"မင်း အချိန်ယူပြီး အိပ်လိုက်တော့"

လုယွီက သူ၏လက်ကို လုရွှမ်အာ၏နဖူးပေါ်သို့တင်လိုက်သည်။

အေးစက်စက်အရှိန်အဝါတစ်ရပ်က လုရွှမ်အာ၏နဖူးမှတဆင့် သူမ၏ခန္ဓာကိုယ်မရီးဒါန်းများ အားလုံးအတွင်းသို့ ဖြတ်သန်းသွားကာ သူမ၏ဒဏ်ရာများကို တဖြည်းဖြည်းပြန်လည်ကောင်းမွန်သွားစေသည်။

ယခုချိန်တွင် လုယွီ၏ ကိုယ်ပိုင်စွမ်းအားသည် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်သဖြင့် စိတ်ဝိညာဥ်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ကုသပေးရန်မှာ သူ့အတွက် ခက်ခဲသောကိစ္စတစ်ရပ်မဟုတ်ချေ။

မကြာမီမှာပင် လုရွှမ်အာ၏ခန္ဓာကိုယ်ပေါ်၌ မည်သည့်ဒဏ်ရာမျှရှိမနေတော့ဘဲ သူမသည် နှစ်ခြိုက်စွာ အိပ်မောကျနေပေ၏။

လုယွီသည် လုရွှမ်အာကိုပွေ့ချီကာ သိုလှောင်အိတ်အတွင်းသို့ ထည့်သွင်းလိုက်သည်။

"သူ့အတွက် အခန်းတစ်ခန်း ပြင်ဆင်ပေးစမ်း"

လုယွီက ပြောဆိုသည်။

သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် လုရွှမ်အာကို ပိုင်တိုကောင်းကင်ဘုံဂိုဏ်း၏အကြီးမားဆုံးအခန်းထံသို့ သယ်ဆောင်သွားတော့သည်။

စန္ဒကူးနံသာတိုင်များ ထွန်းညှိထားခြင်း၏အောက်တွင် လုရွှမ်အာထံမှ ဟောက်သံများ ထွက်ပေါ်စပြုလာသည်။

Chapter 3225

လုရွှမ်အာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကိုကြည့်ပြီး လုယွီက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။

လုရွှမ်အာသည် ခေါင်းမာပြီး ထိန်းမနိုင်သိမ်းမရသော မိန်းကလေးငယ်တစ်ယောက် သက်သက်ပင်။သူမသည် မွေးဖွားလာစဥ်မှစ၍ ဤကဲ့သို့နာကျင်မှုမျိုးကို တစ်ကြိမ်တစ်ခါမျှ မခံစားရချေ။

ကောင်းကင်ဘုံနယ်မြေသို့ရောက်လာစဥ်တွင် သူမသည် ဤကဲ့သို့ ဆင်းရဲဒုက္ခများကို ခံစားရမည်ဟု မျှော်လင့်ထားမိခြင်းမရှိပေ။သူမအတွက် ဤသည်က ကြီးမားသောရိုက်ခတ်မှုကြီးပင်။

လုယွီသည် အိပ်မွေ့ချနည်းလမ်းကိုအသုံးပြု၍ သူမကို လှပသောအိမ်မက်တစ်ခုအတွင်း၌ နစ်မြောနေစေသည်။သူမ ကြုံတွေ့ခဲ့ရသော စိတ်မချမ်းမြေ့ဖွယ်ကိစ္စများကို မေ့လျော့သွားနိုင်ရန်အတွက် သူ အကောင်းဆုံးကြိုးစားခဲ့သည်။

ထို့နောက် လုယွီသည် သူ၏နတ်ဘုရားစိတ်အာရုံကို ကမ္ဘာငယ်လေးအတွင်းမှ ပြန်ရုတ်သိမ်းလိုက်၏။

"မင်းက အရမ်းကို သတ္တိကောင်းနေပါလား...ငါက မင်းကို လာမရှာရသေးဘူး...မင်းက ငါ့ကို အရင်ဦးအောင် ရန်လာစဝံ့တယ်"

လုယွီက သူ၏လက်ကိုဆန့်တန်းကာ လုဝူယာကို ဖမ်းဆုပ်လိုက်သည်။

လုဝူယာက လုယွီကို ကြည့်နေကာ သူ၏မျက်လုံးအတွင်း၌ ထိတ်လန့်ကြောက်ရွံမှုများဖြင့် ပြည့်နှက်နေသည်။သူ၏ပါးစပ်ကို ချိပ်ပိတ်ထားသည်ကို လုယွီက ဖယ်ရှားပေးလိုက်ချိန်တွင် သူ၏နှုတ်ခမ်းများ ပြင်းပြင်းထန်ထန်တုန်ရီစပြုလာသည်။

"လုယွီ...ဒါတွေအားလုံးက နားလည်မှုလွဲတာပါ...မင်း ငါ့ကို အရင်လွှတ်ပေးပါလား...ဒီနေရာက လုအိမ်တော်နော်....မင်း လုပ်ချင်တဲ့ ဘယ်အရာမဆို လုပ်လို့ရတဲ့နေရာလို့ ထင်မနေနဲ့"

လုဝူယာက အသနားခံ တောင်းပန်လေသည်။

လုယွီ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာသည်။

"နားလည်မှုလွဲမှားတာလား...သူက ငါ့ရဲ့ဝမ်းကွဲညီမဆိုတာ မင်းမသိဘူးလား"

"ငါ့ရဲ့ဝမ်းကွဲညီမက တစ်ခါတစ်ရံမှာ ထင်ရာစိုင်းတက်ပေမယ့်...ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ဝမ်းကွဲညီမ ဖြစ်နေတုန်းပဲ...မင်းက သူ့ကိုတောင် ထိဝံ့တယ်...ဒီလိုသတ္တိမျိုး မင်းကို ဘယ်သူက ပေးလိုက်တာလဲ"

လုဝူယာသည် လုယွီ၏မျက်လုံးအတွင်းမှ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒများ တစတစပို၍ပြင်းထန်လာသည်ကို မြင်တွေ့ချိန်တွင် သူသည် ကူကယ်ရာမဲ့စွာဖြင့် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိလေ၏။

သူသည် အော်ဟစ်အကူအညီတောင်းခံရန်အတွက် သူ၏ပါးစပ်ကိုဟလိုက်စဥ်မှာပင် ဓားချီတစ်လှိုင်းက လုယွီ၏လက်ချောင်းများအကြားမှ ထွက်ပေါ်လာသည်။

"ငါ မင်းကို လွယ်လွယ်ကူကူ သေခွင့်မပြုနိုင်ဘူး"

ဝှစ်...

လုဝူယာ၏နဖူးသည် ထက်ရှသောဓားချီကြောင့် ကွဲထွက်သွားကာ သွေးများယိုစီးကျလာသည်။သူ၏မျက်လုံးများပြူးကျယ်နေကာ သူ့ရှေ့၌ ဖြစ်ပျက်သွားသော ကိစ္စများကို မယုံကြည်နိုင်သည့်အလား သူက လုယွီကို စူးစိုက်၍ ကြည့်နေလေ၏။

လုယွီထံ၌ မည်သည့်စွမ်းအားမျှ မရှိသေးချိန်တွင် လုဝူယာသည် အောက်ဘုံရှိအတောက်ပဆုံး ပါရမီရှင်တစ်ယောက်ပင်။

သူသည် ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်ပြီးနောက် လုမိသားစုကဲ့သို့ ထိပ်တန်းမိသားစုကြီးတစ်စုအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ကာ သူ၏သွေးမျိုးဆက်ကို အကန့်အသတ်ပြုခြင်းခံရသည်။သူ၏အနာဂတ်သည် အကန့်အသတ်မရှိချေ။

လုဝူယာသည် သူ ဤနေရာ၌ သေဆုံးသွားရမည်ဟု အနည်းငယ်မျှပင် မျှော်လင့်မထားမိချေ။

ရုတ်ချည်းဆိုသလိုပင် လုဝူယာက သူ၏စိတ်ဝိညာဥ်သည် သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ လုယွီ၏ဆွဲထုတ်ခြင်းကို ခံလိုက်ရကြောင်း တွေ့ရှိသွားသည်။

လုယွီ၏လက်အတွင်း၌ အပြာရောင်မီးတောက်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။

လုဝူယာ၏စိတ်ဝိညာဥ်ကို ထိုအပြာရောင်မီးတောက်အတွင်းသို့ ပစ်ထည့်လိုက်၏။ရုတ်ချည်းဆိုသလိုပင် မီးတောက်အတွင်းမှနေ၍ စူးရှနာကျင်စွာအော်ဟစ်လိုက်သောအသံများ ထွက်ပေါ်လာသည်။

"အား...လုယွီ...ငါ့အသက်ကို ချမ်းသာပေးပါ...ငါ မင်းကို ထပ်ပြီးမဆန့်ကျင်ရဲတော့ပါဘူး"

"နာတယ်...ဒါက အရမ်းနာတယ်...ငါ့ကို သတ်လိုက်ပါ...မြန်မြန် ငါ့ကိုသတ်လိုက်ပါတော့"

လုယွီက မျက်လုံးစုံမှိတ်ကာ လုဝူယာ၏သွေးပျက်ဖွယ်အော်သံများကို နားထောင်နေသည်။ထို့နောက် သူသည် မီးတောက်ကို ပြန်ရုတ်သိမ်းလိုက်၏။

ထိုမီးတောက် ပျောက်ကွယ်သွားချိန်တွင် လုဝူယာ၏စိတ်ဝိညာဥ်လည်း ပျက်ပြယ်သွားလေပြီ။သူ ပြန်လည်ဝင်စားရန်အတွက် အခွင့်အရေးမရှိနိုင်တော့ချေ။

"မင်း စောင့်ကြည့်နေခဲ့တာ အချိန်အတော်ကြာနေပြီ....ဘာလို့ အပြင်ထွက်လာပြီးတော့ သူ့ကို မကယ်တာလဲ"

လုယွီက လေဟာနယ်တစ်နေရာသို့ကြည့်၍ မေးမြန်းလိုက်သည်။

ထိုနေရာတွင် မူလက ဗလာကျင်းနေသော်လည်း လုယွီ၏အသံအဆုံးသတ်သွားချိန်တွင် လေဟာနယ်သည် ပုံပျက်သွားလေ၏။

ရွှေရောင်ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းကြီးတစ်ယောက်က လေဟာနယ်အတွင်းမှထွက်လာကာ လုယွီကို ကြည့်လိုက်သည်။

ထိုလူလတ်ပိုင်းကြီး၏မျက်နှာပေါ်တွင် တည်ကြည်လေးနက်ပြီး တင်းမာခက်ထန်သော အမူအယာမျိုးရှိသည်။သူသည် ကျားမျက်လုံးကဲ့သို့ စူးရှတောက်ပသောမျက်လုံးတစ်စုံဖြင့် လုယွီကို ကြည့်လိုက်၏။

"ထိပ်သီးကျောင်းတော်သားက ညကြီးအချိန်မတော်မှာ ရောက်လာခဲ့တယ်...မင်းကို ကြိုတင်ပြီး မကြိုဆိုခဲ့မိတာ ငါ့ရဲ့လစ်ဟင်းမှုပါပဲ"

ထို့နောက် လူလတ်ပိုင်းကြီးက ဆက်လက်ပြောဆိုသည်။

"ငါက လုကျိုး...ပင်းဟိုင်နယ်မြေရဲ့မဟာစစ်ဗိုလ်ချုပ်ပဲ.. ငါက ဒီနေ့ညအတွက် လုအိမ်တော်ကို စောင့်ကြပ်ရတဲ့သူပဲ"

လုယွီက အနည်းငယ် အံ့အားသင့်သွားသည်။

"မင်းက သူ့ကိုကာကွယ်ဖို့ အစီအစဥ်မရှိဘူးလား"

လုကျိုးက တည်ငြိမ်စွာ ပြောဆိုလေ၏။

"တကယ်လို့ အရင်ကဆိုရင်တော့ ငါ မင်းကို သေချာပေါက် ဟန့်တားမိမှာပဲ...ဒါပေမယ့် ဒီနေ့ညမှာ မင်း ဘာလုပ်လုပ် မဟန့်တားဖို့ ငါတို့ကို တတိယအကြီးအကဲက အမိန့်ပေးထားတယ်"

All Chapters