အခန်း (၃၁၉၁-၃၁၉၅)
Vol. 163 Ch. 3191-3195
Chapter 3191
'တော်ဝင်အမိန့်တော်'ဟူသော စကားကိုကြားချိန်တွင် မကောင်းဆိုးရွား၏နတ်ဆိုးစွမ်းအားများ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။
ဧကရာဇ်ထိုက်ချမ်၏နာမည်ဂုဏ်သတင်းသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့နေပေ၏။တာအိုသခင်အဆင့် အစွမ်းထက်ကျင့်ကြံသူတချို့ပင်လျှင် သူ့အား လေးလေးစားစားဆက်ဆံကာ အပြစ်မပြုဝံ့ကြချေ။
အလင်းမြင့်မြတ်ဘုရားကျောင်း၏ခေါင်းဆောင်သည် အလယ်ခေတ်အတွင်းမှ ထိပ်သီးကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏နာမည်ဂုဏ်သတင်းကို ထိတ်လန့်ကြောက်ရွံနေဆဲပင်။
အတိတ်တွင် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို တည်ငြိမ်စေရန်အလို့ငှာ ဧကရာဇ်ထိုက်ချမ်သည် သူကိုယ်တိုင်ကိုယ်ကျ စစ်တပ်ကိုဦးဆောင်၍ အလယ်ခေတ်၏အကြွင်းအကျန်ဖြစ်သည့် ထောင်သောင်းချီသော ဂိုဏ်းများကို ဖျက်ဆီးခဲ့သည်။ဧကရာဇ်ထိုက်ချမ်သည် အလယ်ခေတ်မှ နယ်မြေသခင်တချို့ကိုပင် သူ၏လက်အောက်သို့ သိမ်းသွင်းနိုင်ခဲ့သည်။
တော်ဝင်နန်းတွင်းတွင် နယ်မြေတစ်ခုကို စီမံအုပ်ချုပ်နေသည့် အမတ်ကြီးတချို့သည် ယခင်က အလယ်ခေတ်အတွင်းရှိဂိုဏ်းများမှ ဂိုဏ်းခေါင်းဆောင်များဖြစ်သည်။ဧကရာဇ်ထိုက်ချမ်၏နှိမ်နင်းခြင်းကိုခံရပြီးနောက် သူတို့သည် တော်ဝင်နန်းတွင်းထံသို့ အကြွင်းမဲ့လက်နက်ချအညံခံကာ ပူးပေါင်းခဲ့လေ၏။
ဤကဲ့သို့ နည်းလမ်းမျိုးကို အစစ်အမှန် ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် မောက်မာဝံ့ကြွားသော်လည်း သူသည် ဧကရာဇ်ထိုက်ချမ်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် တစ်ကြိမ်တစ်ခါမျှ တွေးတောထားခြင်းမရှိချေ။
"လျှို့ဝှက်ဆန်းကြယ်ချင်ယောင် ဆောင်မနေစမ်းနဲ့...အဲ့ဒီအမှိုက်ကောင်ကို အပြင်ကိုလွှတ်လိုက်တာက မင်းဆီမှာရှိနေတဲ့ တော်ဝင်အမိန့်တော်ရဲ့စွမ်းအားကို အသုံးပြုစေချင်လို့ပဲ...ကျိုးထျန်းရင်က ကုန်းမြေတစ်ခုရဲ့အုပ်ချုပ်သူအရှင်အသစ် ခန့်အပ်တာလောက်နဲ့ သူ့ရဲ့စွမ်းအားတွေကို အများကြီးသုံးမှာမဟုတ်ဘူး...မြေကမ္ဘာအင်မော်တယ်တစ်ယောက်ကို သတ်နိုင်ခဲ့တာက အကန့်အသတ်ပဲ...မင်းက အဲ့ဒီတော်ဝင်အမိန့်တော်ကို ထပ်ပြီးအသုံးပြုနိုင်တော့မှာမဟုတ်ဘူး"
မြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် အလျှင်အမြန် အသိဝင်လာကာ လုယွီ သူ့အားခြောက်လှန့်နေသည်ဟု တွေးထင်သွားသည်။
သို့ရာတွင် မကောင်းဆိုးရွားသည် သူ၏ခွန်အားကုန်ကို ထုတ်ဖော်အသုံးပြုလိုက်၏။သူသည် အလယ်ခေတ်ကတည်းကစတင်၍ လောကကြီးအတွင်း၌ ကျင်လည်ကျက်စားနေသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။သူသည် အစဥ်အမြဲ သတိကြီးစွာထားသူတစ်ယောက်ဖြစ်သဖြင့် လုယွီ၏အနီးသို့ ချဥ်းကပ်မသွားချေ။သူသည် အဝေးမှနေ၍သာ လုယွီကိုသတ်ဖြတ်ရန် ကြံရွယ်လိုက်သည်။
"နတ်ဆိုးဝိညာဥ်တွေစုဝေးပြီး မြင့်မြတ်တဲ့အရှင်ကို အရိုအသေပြုကြစမ်း"
မကောင်းဆိုးရွားသည် ရှုပ်ထွေးပြီးထူးဆန်းသော မှော်မန္တန်များကို ဆက်တိုက်ရွတ်ဆိုလိုက်ရာ လေဟာနယ်အတွင်း၌ ပဲ့တင်ထပ်နေသည်။
ထိုမှော်မန္တန်များသည် နတ်ဆိုးဆန်ပြီးယုတ်ညံ့မှုများဖြင့် ပြည့်နှက်နေလေ၏။အကယ်၍ သာမာန်လူတစ်ယောက်သည် ထိုအရာများကိုနားထောင်ပါက သူတို့၏စိတ်နှလုံးသားအတွင်း၌ အကန့်အသတ်မရှိသောအနှောက်အယှက်ဆိုးများ ပေါက်ဖွားလာကာ သူ၏အသိစိတ်ဖြင့် ဆန့်ကျင်သောအရာများကို ပြုလုပ်မိပေမည်။
"ဒါက အင်အားကြီးမားတဲ့ နတ်ဆိုးတစ်ကောင်ပဲ...သူ့ရဲ့နတ်ဆိုးနည်းစနစ်တွေက အနည်းဆုံးတော့ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံထားပြီးပြီ...လူဘယ်လောက်များများ သူ့ရဲ့လက်ထဲမှာ သေဆုံးပြီးပြီလဲဆိုတာ ငါ မသိဘူး...အဲ့ဒီနတ်ဆိုးရဲ့လက်မှာ သွေးတွေစိုရွှဲနေလောက်ပြီ"
ထိုမှော်မန္တန်ကိုကြားချိန်တွင် လုယွီက မျက်မှောင်ကြုတ်လိုက်သည်။
အတိတ်ဘဝတွင် ကောင်းကင်ဘုံနယ်မြေမှလူများသည် သူ့အား နတ်ဆိုးကျင့်ကြံသူဟု သတ်မှတ်ထားသော်လည်း သူ၏လှုပ်ရှားမှုများကို အစဥ်အမြဲ ပြောင်ပြောင်တင်းတင်းနှင့်ပွင့်လင်းစွာ လုပ်ဆောင်ခဲ့သည်။သူသည် အပြစ်ကင်းမဲ့သူများကို တစ်ကြိမ်တစ်ခါမျှ မသတ်ခဲ့ချေ။
မကောင်းဆိုးရွား မှော်မန္တန်ရွတ်ဆိုနေစဥ်တွင် သူ၏ပတ်ဝန်းကျင်တွင် အကန့်အသတ်မရှိသော နာကျည်းမုန်းတီးမှုစွမ်းအားများဖြင့် ပြည့်နှက်နေသည်။သူ့စိတ်ဝိညာဥ်၏နံဘေးပတ်လည်တွင်လည်း ထူထပ်သိပ်သည်းသော နာကျည်းမုန်းတီးမှုစွမ်းအားများ ရှိနေလေ၏။ဤသည်က သူ၏လက်အတွင်း၌ သေဆုံးသွားခဲ့သော အငြိုးကြီးစိတ်ဝိညာဥ်များ စုဝေးနေကာ ပျက်ပြယ်သွားခြင်းမရှိတော့ချေ။ဤသည်က သူ အဆက်မပြတ် လူများကိုသတ်ဖြတ်ခဲ့သဖြင့် သူ၏ခန္ဓာကိုယ်၌ စွဲကပ်နေခြင်းပင်။အပြစ်ကင်းမဲ့သူများကို မည်မျှထိများပြားစွာ ဤမကောင်းဆိုးရွား သတ်ဖြတ်ခဲ့ကြောင်း မည်သူမျှမသိနိုင်ချေ။
ဤကဲ့သို့နတ်ဆိုးကျင်ကြံသူမျိုးသည် သေသင့်သောလူစားမျိုးပင်။
မကောင်းဆိုးရွား၏မှော်မန္တန်ရွတ်ဆိုသံနှင့်အတူ ပတ်ဝန်းကျင်ရှိ နာကျည်းမုန်းတီးမှုများ ပို၍ပို၍ ထူထပ်သိပ်သည်းလာသည်။အကျဥ်းထောင်အတွင်း၌ တောင်ပုံရာပုံဖြစ်နေသော အလောင်းများ တုန်ခါစပြုလာလေ၏။
ဤမြင်ကွင်းသည် အလွန်တုန်လှုပ်ချောက်ချားဖွယ်ရာပင်။ထိုအလောင်းများသည် သေဆုံးနေပုံရသော်လည်း ထိုမှော်မန္တန်၏လွှမ်းမိုးမှုအောက်တွင် စိတ်ဝိညာဥ်အသစ်များကို သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ထိုးသွင်းလိုက်သည့်အလား သူတို့က လုယွီထံဦးတည်၍ တိုးဝင်လာသည်။
ဟမ့်...
လုယွီက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။သူ၏လက်အတွင်း၌ ဓားတစ်လက်ထွက်ပေါ်လာကာ ဓားချီလှိုင်းများ ဖြတ်သန်းသွားခြင်းနှင့်အတူ သူ့ထံတိုးဝင်လာသော အလောင်းကောင်များကို တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်လိုက်၏။
သို့ရာတွင် ထိုအလောင်းကောင်များသည် ယခင်ကတည်းက သေဆုံးပြီးဖြစ်သည်။သူတို့၏ခေါင်းများသည် သူတို့၏ခန္ဓာကိုယ်များမှ ကင်းကွာသွားသည့်တိုင် သူတို့သည် လုယွီကိုသတ်ဖြတ်ရန်အတွက် လက်လျှော့အရှုံးပေးခြင်းမရှိချေ။
ဝှစ်...
တောက်ပပြီးကျယ်ပြန့်သောဓားချီသည် ချက်ချင်းဆိုသလိုပင် အလောင်းကောင်များကို အစိတ်စိတ်အမွှာမွှာ ဖြတ်တောက်သွားသည်။
ထိုအလောင်းကောင်များသည် လှုပ်ရှားနိုင်သော်လည်း လောကီအင်မော်တယ်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် စွမ်းအားကင်းမဲ့နေဆဲပင်။အချိန်တခဏအတွင်းမှာပင် မြောက်မြားစွာသောအလောင်းကောင်များ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
Chapter 3192
သို့ရာတွင် လုယွီ မျက်မှောင်ကြုတ်ထားခြင်းသည် ပြေလျော့သွားခြင်းမရှိချေ။
ယခု သူ့ရှေ့၌ ဖြစ်ပျက်နေသောကိစ္စများသည် လုံးလုံးလျားလျား လွဲချော်နေလေပြီ။
အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် အလယ်ခေတ်အတွင်းမှစ၍ နာမည်ကျော်ကြားလာသော အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ပင်။အကယ်၍ ဤမကောင်းဆိုးရွားသည် မှော်မန္တန်ကိုအသုံးပြု၍ ထိန်းချုပ်လိုပါက ယခုကဲ့သို့ လှည့်ကွက်ငယ်လေးများကိုအသုံးပြုရန် မလိုအပ်ချေ။
တစ်ဖက်လူသည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်မည်ကို လုယွီက ခံစားမိလေ၏။ထိုသို့မဟုတ်ပါက သူ့အားရင်ဆိုင်ရန်အတွက် ဤကဲ့သို့ ကလေးကလားဆန်သော လှုပ်ရှားမှုမျိုးကို အသုံးပြုမည်မဟုတ်ပေ။
တိကျသေချာစွာပင် လုယွီသည် အလောင်းကောင်အမြောက်အများကို သတ်ဖြတ်ပြီးချိန်တွင် ရုတ်တရက် အလောင်းကောင်တစ်ကောင်၏မျက်လုံးအတွင်း၌ ဆိုးညစ်သောအလင်းရောင်များဖြင့် တောက်ပသွားသည်။ထို့နောက် သူသည် လုယွီ၏လက်အတွင်းရှိဓားကို ဆွဲလုရန်ရည်ရွယ်၍ သူ၏လက်ကိုဆန့်တန်းလိုက်၏။
ဤလှုပ်ရှားမှုသည် အလွန်အမင်းလျှင်မြန်သဖြင့် တုံ့ပြန်ရန်အတွက် အချိန်မရရှိနိုင်ချေ။
မကောင်းဆိုးရွားသည် သူ၏စိတ်ဆန္ဒကို ထိုအလောင်းကောင်ပေါ်၌ တွယ်ကပ်လိုက်ခြင်းပင်။ထိုအလောင်းကောင်းသည် လုယွီအနီးသို့ချဥ်းကပ်ကာ သတ်ဖြတ်နိုင်ရန် ကြိုးစားကြပေမည်။
ဤသည်က အလွန်သတိကြီးသောလှုပ်ရှားမှုဖြစ်သည်။သူသည် ဤကိစ္စကို သူကိုယ်တိုင်ဆောင်ရွက်ရန် မလိုအပ်ချေ။လုယွီကို သတ်ဖြတ်နိုင်ရန်အတွက် သူ ပြုလုပ်ရန်လိုအပ်သောအရာမှာ ရုပ်သေးတချို့ကို ထိန်းချုပ်၍စေခိုင်းရန်ပင်။
လုယွီထံတွင် မည်သည့်လှည့်ကွက်မျိုးရှိနေသည်ဖြစ်စေ သူ့အား သက်ရောက်မည်မဟုတ်ချေ။
ဘုန်း...
အလောင်းကောင်သည် လုယွီ၏ဓားကို ဖမ်းဆုပ်မိလေ၏။လုယွီ၏ဓားမှနေ၍ ပြင်းထန်သောဓားစွမ်းအင်များ ပွင့်အံ့ထွက်လာကာ ထိုအလောင်းကောင်ကို သွေးမြူများဖြစ်အောင် ဖြတ်တောက်လိုက်တော့သည်။
သို့ရာတွင် ပတ်ဝန်းကျင်ရှိအလောင်းကောင်များသည် ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် အခွင့်ကောင်းကို ရှာတွေ့သွားပုံရသည်။သူတို့သည် လုယွီထံသို့ ပျားများကူးခတ်နေသည့်အလား တဟုန်ထိုး ပြေးဝင်သွားလေ၏။
ရွှပ်...ရွှပ်...ရွှပ်...
လုယွီ၏အဝတ်အစားများ စုတ်ပြဲသွားကာ သူ၏အတွင်းသံချပ်ကာ ထွက်ပေါ်လာသည်။
ထိုအတွင်းသံချပ်ကာသည် တောင့်တင်းခိုင်မာသော မှော်ရတနာတစ်ခုဖြစ်ကာ သာမာန်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည်။သို့ရာတွင် မကောင်းဆိုးရွား၏ ထိန်းချုပ်မှုအောက်တွင် သူ့ရှေ့ရှိ အလောင်းကောင်များ၏ ဖျက်ဆီးနိုင်မှုစွမ်းအားသည် အလွန်အမင်းပြင်းထန်သည်။ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ် ကျိုးပဲ့ရာများသည် လုယွီ၏အတွင်းသံချပ်ကာပေါ်၌ ထွက်ပေါ်လာပေ၏။
"အရင်ကတော့ ငါက ဒီနေရာမှာထိုင်နေပြီးတော့ ငါးကြီးကြီးကို စောင့်ချင်ခဲ့တာ...မင်းလို ပုစွန်ငယ်တစ်ကောင် ရောက်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ကြည့်ရတာတော့ တော်ဝင်နန်းတွင်းရဲ့သံတမန်က ခုထိ ရောက်သေးပုံမရဘူး...ဒီတော့ ငါ့ရဲ့အနာဂတ်အစီအစဥ်တွေ ပျက်စီးမသွားအောင် ကာကွယ်ဖို့အတွက် မင်းကို အရင်ဆုံးသတ်ရမယ်"
မကောင်းဆိုးရွားသည် လုယွီကို သိမ်းသွင်းရန်အတွက် အနည်းငယ်မျှပင် တွေးတောထားပုံမရဘဲ သူ၏ပါးစပ်မှ မှော်မန္တန်ရွတ်ဆိုသံ တစတစ ပို၍ကျယ်လောင်လာသည်။
ရုတ်ချည်းဆိုသလိုပင် ငရဲမှတက်လာသည့် သရဲတစ္ဆေများ၏ ငိုကြွေးမြည်တမ်းသံများနှင့်တူညီသည့် ရက်စက်ယုတ်မာပြီးနတ်ဆိုးဆန်သောအသံမျိုးက အရပ်မျက်နှာအဘက်ဘက်သို့ ပဲ့တင်ထပ်ပျံ့နှံ့သွားကာ ကြားရသူများ၏ဆံပင်များကို ထောင်မတ်သွားစေသော ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။
မှော်မန္တန်များ၏သက်ရောက်မှုကြောင့် အလောင်းကောင်များ ရူးသွပ်စွာ လှုပ်ရှားနေကြ၏။
သူတို့သည် လုယွီထံသို့ အရူးအမူးတိုးဝင်လာကာ သူတို့ကိုယ်သူတို့ ဖောက်ခွဲလိုက်ကြသည်။
ဘုန်း...ဘုန်း...ဘုန်း...
အစွမ်းထက်သောပေါက်ကွဲအားလှိုင်းက အရပ်မျက်နှာ အဘက်ဘက်သို့ ဖြတ်သန်းသွားကာ လုယွီကို ထိုပေါက်ကွဲမှုအကြား၌ သေဆုံးသွားရန် ရည်ရွယ်ထားပုံရသည်။
"ဟား ဟား ဟား...သေစမ်း"
မကောင်းဆိုးရွားသည် အနိုင်ရလဒ်ကို သူ၏လက်အတွင်း၌ ဆုပ်ကိုင်မိသည့်အလား ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။
ဤနေရာရှိ အလောင်းကောင်များအားလုံးသည် ပတ်ဝန်းကျင်ရှိ ထူထပ်သိပ်သည်းသော နာကျည်းမုန်းတီးမှုများနှင့်အတူ ပွင့်အံ့ထွက်လာသဖြင့် ရက်စက်ကြမ်းကြုတ်သော အလောင်းကောင်အဆိပ်များအဖြစ် ဖွဲ့စည်းသွားသည်။
ဤကဲ့သို့ အလောင်းကောင်အဆိပ်မျိုးသည် အကယ်၍ လောကီအင်မော်တယ်တစ်ယောက်ဆိုလျှင်ပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံး အားနည်းသွားခြင်းကို ခံစားရပေမည်။သူ၏ကျင့်ကြံဆင့်နယ်ပယ် အလျှင်အမြန်ကျဆင်းသွားကာ သူ၏ခန္ဓာကိုယ်တွင်းအင်္ဂါများအားလုံး ပြင်းထန်သောအလောင်းကောင်အဆိပ်၏ တိုက်စားခြင်းကို ခံရပေမည်။ဤသည်က အလွန်အမင်း ရက်စက်ကြမ်းကြုတ်သောအရာပင်။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် ပေါက်ကွဲမှု၏အလယ်ဗဟို၌ ရှိနေလေ၏။
သူ သေဆုံးသွားရန်မှာ သေချာသွားလေပြီ။
"ဒါက အဆုံးသတ်လား"
စစ်ဆေးရေးမှူးအများစု အလွန်စိတ်လှုပ်ရှားနေကြသည်။
အကျဥ်းထောင်တစ်ခုလုံးကို ထူထပ်သိပ်သည်းသော သွေးမြူခိုးများက လွှမ်းခြုံသွားသည်။
သို့ရာတွင် နောက်ထပ်အချိန်အခိုက်အတန့်မှာပင် ပုံရိပ်တစ်ခုက သွေးမြူခိုးများအကြားမှ ထွက်ပေါ်လာသည်ကို သူတို့အားလုံး မြင်တွေ့လိုက်ရ၏။ထိုပုံရိပ်သည် အထင်ကြီးလောက်ဖွယ်မရှိသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မြင့်မြတ်ပြီးအစွမ်းထက်သော ရွှေရောင်အလင်းတန်းများက လွှမ်းခြုံထားသည်။ပတ်ဝန်းကျင်ရှိ သွေးမြူခိုးများသည် သဘာဝရန်သူကို တွေ့လိုက်ရသည့်အလား သူ၏အနီးသို့ မချဥ်းကပ်ဝံ့ချေ။
သွေးစီးကြောင်းတစ်ကြောင်းက လုယွီ၏ခန္ဓာကိုယ်မှ ယိုစီးကျနေသည်။
ဓားကိုင်ဆောင်ထားသော သူ၏လက်ယာဘက်လက်မှ လက်ချောင်းနှစ်ချောင်း ပြတ်တောက်သွားကာ သွေးများက အောက်သို့ယိုစီးကျနေပေ၏။
Chapter 3193
ဤဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ သူသည် သာမာန်လောကီအင်မော်တယ်တစ်ယောက် သက်သက်ပင်။
သူ့ထံ၌ ပြင်ပလောကမှာကဲ့သို့ခွန်အားမျိုး ရှိမနေချေ။သူ၏အစွမ်းထက်သော သိုင်းပညာသူတော်စင်အဆင့်ရုပ်ခန္ဓာကိုယ်အပြင် အားကောင်းသော ကျင့်ကြံဆင့်လည်းရှိမနေပေ။သူသည် သာမာန်စီရင်စုသခင်တစ်ယောက်သာ ဖြစ်ပေ၏။
တာယွီအင်ပါယာတွင် စီရင်စုသခင် အမြောက်အများရှိကာ သူတို့အားလုံးသည် အလွန့်အလွန်အခြေခံကျသော နယ်မြေခံအရာရှိများဖြစ်ပြီး စကားအရာသွင်း၍ပြောရန်ပင် မထိုက်တန်ချေ။
ထို့ကြောင့် အလောင်ကောင်များအားလုံး သူ၏အနီးသို့ချဥ်းကပ်လာကာ သူတို့ကိုယ်သူတို့ ဖောက်ခွဲလိုက်စဥ်တွင် လုယွီသည် သူ၏ဓားကိုအသုံးပြုကာ အလျှင်အမြန်ပိတ်ဆို့ဟန့်တားခဲ့သော်လည်း သူ၏လက်ချောင်းနှစ်ချောင်း ပြတ်တောက်သွားခဲ့သည်။
ဤနာကျင်မှုသည် သည်းမခံနိုင်လောက်ဖွယ်ပင်။
သို့ရာတွင် လုယွီသည် မျက်မှောင်တစ်ချက်ကြုတ်သွားခြင်းမရှိချေ။
"မင်းက ဓားကိုတောင် ကောင်းကောင်းမကိုင်နိုင်တော့ဘဲနဲ့ ငါနဲ့တိုက်ခိုက်ချင်သေးတာလား...ငါက မင်းရဲ့စိတ်ဓာတ်ကို အရမ်းသဘောကျတယ်...ငါ့ရဲ့လက်အောက်မှာ ငယ်သားတွေအများကြီးရှိပေမယ့် မင်းလိုလူမျိုး အရမ်းရှားတယ်...ငါက မင်းရဲ့နှလုံးသားထဲမှာ နှလုံးသားနတ်ဆိုးတံဆိပ်ကို ခတ်နှိပ်ထားမယ်...မင်းရဲ့အသက်ကို ချမ်းသာပေးမယ်...ဘယ်လိုသဘောရလဲ"
မကောင်းဆိုးရွားက သဘောကျနှစ်ခြိုက်သော မျက်လုံးအကြည့်ဖြင့် လုယွီကို ကြည့်လိုက်သည်။
လုယွီက ရုတ်တရက် ပြုံးလိုက်၏။
သူက မကောင်းဆိုးရွားကိုကြည့်ကာ အပြုံးနှင့်ပြောဆိုသည်။
"မင်းရဲ့အစီအစဥ်ကို ငါ ခန့်မှန်းနိုင်ပြီ...မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးမှာရှိတဲ့ နတ်ဆိုးကျင့်ကြံသူတွေက မင်းရဲ့နယ်ရုပ်တွေဖြစ်နေမှာကို ငါ စိုးရိမ်မိတယ်...မင်းက သူတို့ကိုစေလွှတ်ပြီးတော့ တော်ဝင်စစ်တပ်ရဲ့စိတ်အာရုံကို ဆွဲဆောင်ထားစေခဲ့တယ်...ဒါပေမယ့် မင်းကတော့ မိုးကောင်းကင်မီးတောက်ကုန်းမြေမှာ ဘာအသံမှမထွက်ဘဲနဲ့ တိတ်တဆိတ်ငြိမ်သက်နေခဲ့တယ်...ဒါက မင်းတော်ဝင်မြို့တော်ကို ဝင်ရောက်နိုင်ဖို့အတွက် မဟုတ်လား"
ရုတ်ချည်းဆိုသလို ပျက်ယွင်းသွားသော မကောင်းဆိုးရွား၏မျက်နှာကိုကြည့်ပြီး လုယွီက တည်ငြိမ်စွာဖြင့် ဆက်လက်ပြောဆိုလေ၏။
"မင်း ငါ့ကို သိမ်းသွင်းချင်ရတဲ့အကြောင်းအရင်းက ငါ့ဆီမှာ တော်ဝင်အမိန့်တော်ရဲ့စွမ်းအား ရှိနေအုံးမှာကို မင်း ကြောက်နေလို့ပဲ..ငါ့ဆီမှာ တခြားနည်းလမ်းတွေ ကျန်နေအုံးမှာကိုလည်း မင်း စိုးရိမ်ပူပန်နေတယ်...တကယ်လို့ ငါသာ မင်းဆီမှာ အမှန်တကယ်အညံခံလိုက်မယ်ဆိုရင် မင်း ပထမဆုံးလုပ်မယ့်အလုပ်က အနာဂတ်ပြဿနာတွေ ရှောင်ရှားဖို့အတွက် ငါ့ကို သတ်မှာပဲ"
လုယွီ၏စိတ်ဆန္ဒသည် မည်ကဲ့သို့အရာမျိုးဖြစ်သနည်း။မည်သည့်နည်းဖြင့် တခြားသူ၏အရူးလုပ်ခြင်းကို သူ ခံရမည်နည်း။
အတိတ်ဘဝတွင် လုယွီသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လွှမ်းမိုးနိုင်ခဲ့ကာ မြောက်များစွာသောကိစ္စများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် အလယ်ခေတ်မှ မြေခွေးအိုကြီးဖြစ်သည့်တိုင် လုယွီကို မည်သည့်နည်းဖြင့် အရူးလုပ်နိုင်မည်နည်း..
သူ၏အကြံအစည် ထုတ်ဖော်ခံလိုက်ရသောကြောင့် မကောင်းဆိုးရွား၏မျက်နှာပေါ်၌ ဝေခွဲရခက်နေပြီး ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်မျိုး ထင်ဟပ်လာသည်။
နတ်ဆိုးချီများက ပတ်ဝန်းကျင်နေရာတဝိုက်၌ မြင့်တက်နေသည်။မကောင်းဆိုးရွားက ကောက်ကျစ်ယုတ်မာသောအပြုံးနှင့် ပြောဆိုလေ၏။
"ကောင်းတယ်...အရမ်းကောင်းတယ်...ကြည့်ရတာတော့ တော်ဝင်နန်းတွင်းက မင်းကို မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့အုပ်ချုပ်သူအရှင်အဖြစ်ရွေးချယ်လိုက်တာ အကြောင်းအရင်းတစ်ခု ရှိနေတဲ့ပုံပဲ...ဒါပေမယ့် အဲ့ဒီလိုမျိုးဥာဏ်အရမ်းကောင်းတဲ့သူတွေက အဆုံးသတ်မကောင်းကြဘူး"
သူ စကားပြောဆိုနေစဥ်တွင် မူလက လေထုအတွင်း၌ မျောလွင့်နေသော အနက်ရောင်အခိုးအငွေ့များ သိပ်သည်းလာကာ အစိုင်အခဲအဖြစ်ဖြစ်တည်စပြုလာသည်။
မကောင်းဆိုးရွားထံမှ ခြေလက်လေးချောင်း ပေါက်ဖွားလာပေ၏။သူ၏မျက်လုံးတစ်စုံသည် မင်ကဲ့သို့မည်းနက်နေကာ သူ၏လက်အတွင်း၌ အနက်ရောင်မြူခိုးများ ဆက်လက်၍စုဝေးနေပြီး သုံးမီတာခန့်ရှည်လျားသော လှံရှည်တစ်ချောင်းအဖြစ် ဖွဲ့စည်းသွားသည်။
ထိုလှံရှည်ပေါ်တွင် အနီရောင်အလင်းတန်းများ ဖြတ်ပြေးနေကာ ထိုအရာ၏စွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းလေ၏။
ဤလှံရှည်ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် အကျဥ်းထောင်အတွင်းရှိ ဖယောင်းတိုင်များအားလုံး ငြိမ်းသေသွားသည်။ပတ်ဝန်းကျင်တစ်ခုလုံး လုံးလုံးလျားလျား မှောင်အတိကျသွားသည်။တစ်စုံတစ်ယောက်သည် သူ၏လက်ချောင်းများကိုပင် သူ မြင်နိုင်မည်မဟုတ်ချေ။ထို့ပြင် သူသည် ပတ်ဝန်းကျင်ရှိမြင်ကွင်းများကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မည်မဟုတ်ပေ။
"မြင့်မြတ်အုပ်စိုးသူ စိတ်ဝိညာဥ်ဖမ်းချုပ်ခြင်း"
မကောင်းဆိုးရွားက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။သူ၏လက်အတွင်းရှိလှံရှည်သည် ရှည်လျားသောသံကြိုးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ လျှပ်ပြက်သကဲ့သို့အရှိန်ဖြင့် လုယွီထံသို့ တဟုန်ထိုးတိုးဝင်သွားသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လှံရှည်သည် သံကြိုးရှည်ကြီးအဖြစ်ပြောင်းလဲကာ ထက်ရှသော အေးစက်စက်အလင်းရောင်ကို ထုတ်လွှက်နေလေ၏။
"မကောင်းတော့ဘူး...အဲ့ဒီမကောင်းဆိုးရွားက သူ့ရဲ့အစစ်အမှန်ခွန်အားကို ဖုံးကွယ်ထားတာပဲ...သူက မြေကမ္ဘာအင်မော်တယ်နယ်ပယ်ထက်တောင် သာလွန်နေမှာကို ငါ စိုးရိမ်မိတယ်"
စစ်ဆေးရေးမှူးတချို့ စိတ်လှုပ်ရှားနေကြသည်။
လုယွီ၏လုပ်ဆောင်ချက်များအရ နန်းတွင်းစာမေးပွဲ၌ ပထမနေရာကိုရရှိရန် သေချာသလောက်နီးပါးပင်။သို့ရာတွင် နောက်ဆုံးအချိန်အပိုင်းအခြားတွင် မတော်တဆတစ်ခုခုဖြစ်ပွားကာ လုယွီသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ သေဆုံးသွားပါက သူ၏ယခင်ကြိုးစားထားမှုများအားလုံး သဲထဲရေသွန်ဖြစ်သွားပေမည်။
သွေးနီရောင်လှံရှည်မှနေ၍ ရုတ်တရက်ပြောင်းလဲသွားသော သံကြိုးရှည်ကြီး၏အရှိန်အဝါသည် အလွန်အစွမ်းထက်ကာ ပတ်ဝန်းကျင်ရှိ လေဟာနယ်ပင်လျှင် ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားသည်။
Chapter 3194
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် ထက်ရှသောသံကြိုးကြီးသည် လုယွီထံသို့ ရောက်ရှိလာသည်။
ထိုသံကြိုးကြီးသည် ပြင်းထန်သောလေပြင်းမုန်တိုင်းတစ်ခုအလား လုယွီ၏မျက်နှာကို တိုက်ခတ်သွားသည်။
ဤသည်က မြေကမ္ဘာအင်မော်တယ်တစ်ယောက်၏အစွမ်းထက်သောခွန်အားထက် များစွာပို၍ကျော်လွန်နေသည်။သံကြိုးကြီးရောက်ရှိမလာသေးမီကပင် ထိုအရာမှလာသော တုန်လှုပ်ချောက်ချားဖွယ် ဖိအားအရှိန်အဝါကိုခံစားမိကာ လူအများအား ခေါင်းမမော့နိုင်ဖြစ်စေသော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေ၏။
ဤကဲ့သို့ဖိအားအရှိန်အဝါမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် လုယွီသည် ထိတ်လန့်ကြောက်ရွံသွားခြင်းမရှိချေ။
"ငါ အရင်ကတည်းက မင်းကိုပြောခဲ့တယ်...မင်းက အရှင်သခင်တစ်ယောက်ရဲ့ တော်ဝင်အမိန့်တော်ကို လျှော့တွက်ခဲ့တာပဲ"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
သူသည် ရုတ်တရက် အစောပိုင်းကထုတ်လွှတ်ခဲ့သော တော်ဝင်အမိန့်တော်ကို ထုတ်ယူကာ နောက်ကျောဘက်သို့လှန်လိုက်သည်။
ယေဘုယျအားဖြင့် တော်ဝင်အမိန့်တော်ကို ရှေ့တွင်သာ ရေးလေ့ရှိသည်။တော်ဝင်အမိန့်တော်၏နောက်ကျောတွင် ရွှေရောင်အစင်းကြောင်းများဖြင့် ရစ်ခွေနေသောနဂါးတစ်ကောင်၏ပုံကို ဖွဲ့စည်းထားကာ ကြီးကျယ်ခမ်းနားမှုနှင့်မြင့်မြတ်မှုတို့ကို မီးမောင်းထိုးပြနေသည်။
တော်ဝင်အမိန့်တော်ကို စာရွက်ပေါ်တွင် ရေးသားထားခြင်းမဟုတ်ဘဲ အဆင့်မြင့်အရည်အသွေးရှိသောပိုးထည်စကို အသုံးပြုထားသည်။ထိုပိုးထည်စကို အမျိုးအစားစုံလင်သောနဂါးတီကောင်များ ထွေးထုတ်ရာမှရသောပိုးချည်ဖြင့် ရက်လုပ်ထားခြင်းဖြစ်သည်။ထိုအရာသည် ခိုင်ခံပြီး ရေနှင့်မီးကြောင့် မပျက်စီးနိုင်ကာ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏စွမ်းအားကို တောင့်ခံနိုင်စွမ်းရှိပေ၏။
ဧကရာဇ်ထိုက်ချမ်၏အဆင့်မျိုးသို့ ရောက်ရှိသွားချိန်တွင် သူရေးသားသော စကားလုံးတိုင်းသည် လောကကြီး၏ဥပဒေသနှင့်တူညီကာ မှားယွင်းသောတုံ့ပြန်မှုများဖြင့် ငြင်းဆန်နိုင်မည်မဟုတ်ချေ။ထိုအရာကို 'ရွှေစင်တစ်ထောင်နှင့်ညီမျှသော စကားလုံးတစ်လုံး'ဟု ဖော်ပြနိုင်မည်မဟုတ်ချေ။ထိုအစား မိုးကောင်းကင်တာအို၏စိတ်ဆန္ဒပါဝင်သောမိုးကောင်းကင်၏အစစ်အမှန်အမိန့်တော်ဖြစ်သည်။
မတူညီသောတော်ဝင်အမိန့်တော်များတွင် ကွဲပြားခြားနားသောစွမ်းအားများ ပါဝင်လေ၏။အစွမ်းထက်ဆုံးတော်ဝင်အမိန့်တော်သည် 'သူပုန်များကိုနှိမ်နင်းသော တော်ဝင်အမိန့်တော်'ဟု သတ်မှတ်ထားသည်။ထိုတော်ဝင်အမိန့်တော်တွင် ဧကရာဇ်တစ်ပါး၏သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒနှင့်အရှိန်အဝါများ ပါဝင်နေသည်။ထိုအရာကို တစ်ကြိမ်အသုံးပြုလိုက်သည်နှင့် နယ်မြေသခင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားပြည့်တိုက်ခိုက်မှု ထွက်ပေါ်လာပေမည်။ထိုတော်ဝင်အမိန့်တော်တွင်ပါဝင်သော ဧကရာဇ်၏ဒေါသဖြင့် သန်းနှင့်ချီသော သက်ရှိများကို အလောင်းအဖြစ်သို့ ချက်ချင်းရောက်ရှိသွားနိုင်စွမ်းရှိသည်။
လုယွီ၏လက်အတွင်းရှိ တော်ဝင်အမိန့်တော်သည် ဧကရာဇ်၏စိတ်ဆန္ဒနှင့်စွမ်းအားပါဝင်သော ခန့်အပ်လွှာတစ်စောင်ပင်။
သူသည် ထိုအရာကို အစောပိုင်းက တစ်ကြိမ်အသုံးပြုပြီးလေပြီ။ယေဘုယျကျကျပြောဆိုရလျှင် သူ ထိုအရာကို ထပ်မံ၍အသုံးပြုနိုင်တော့မည်မဟုတ်ချေ။ထိုအရာသည် တော်ဝင်အမိန့်တော်ဖြစ်ကာ သာလွန်ထူးကဲသော်လည်း မှော်ရတနာတစ်ခုမဟုတ်ချေ။
လုယွီသည် အမိန့်တော်ကို နောက်ကျောဘက်သို့လှန်ပြီးနောက် ရုတ်တရက် သူ၏လက်ချောင်းကို ကိုက်ဖောက်လိုက်၏။မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူသည် တော်ဝင်အမိန့်တော်၏နောက်ကျောတွင် သင်္ကေတတစ်ခုကို ရေးဆွဲလိုက်သည်။
ထိုသင်္ကေတသည် ရှုပ်ထွေးကာ ကိုးရိုးကားရားနိုင်သည်။သို့ရာတွင် လုယွီကမူ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ တစ်ကြိမ်တည်းဖြင့် ရေးဆွဲခဲ့သည်။
ထိုသင်္ကေတထွက်ပေါ်လာသည်နှင့် မကောင်းဆိုးရွားသည် ထိတ်လန့်တုန်လှုပ်သွားလေ၏။
"နတ်ဆိုးဖိနှိပ်ခြင်း အမိန့်သင်္ကေတ...မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ"
ထိုသို့ပြောဆိုပြီးနောက် မကောင်းဆိုးရွားသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ နောက်သို့ချာခနဲလှည့်ကာ ထွက်ပြေးလိုက်သည်။
လုယွီ ရေးဆွဲလိုက်သော သင်္ကေတသည် ရှေးဟောင်းခေတ်အတွင်းရှိ အင်မော်တယ်တစ်ယောက်ထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ဤသည်က လောကကြီးအတွင်းရှိ နတ်ဆိုးများအားလုံးကို ဖိနှိပ်နိုင်သော အဆောင်သင်္ကေတအနည်းစုအနက်မှတစ်ခုပင်။ရှေးဟောင်းခေတ်ကာလအတွင်း၌ပင် ဤအဆောင်လက်ဖွဲ့သည် ပထမတန်းစားတည်ရှိမှုတစ်ခုဖြစ်ပေ၏။
သို့ရာတွင် ထိုအဆောင်သင်္ကေတကို ကျွမ်းကျင်စွာ တတ်မြောက်နေရန်မှာ မလွယ်ကူချေ။ဝင်္ကပါပညာရပ်ဂိုဏ်းများမှ ထိပ်သီးပါရမီရှင်များနှင့်အဆင့်မြင့်သော အကြီးအကဲများပင်လျှင် ထိုအဆောင်သင်္ကေတကို ထိတွေ့ခွင့်ရှိသည်။
သို့ရာတွင် လုယွီ၏လက်အတွင်း၌ ထိုအဆောင်သင်္ကေတကို အချိန်တခဏအတွင်းမှာပင် ရေးဆွဲ၍ပြီးစီးသွားလေပြီ။
ဤသည်က အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ်ပင်။
ကောင်းကင်ယံအတွင်းမှ စောင့်ကြည့်နေသော စစ်ဆေးရေးမှူးများပင်လျှင် မယုံကြည်နိုင်ဖွယ်ကိစ္စတစ်ရပ်ကို မြင်တွေ့လိုက်ရသည့်အလား သူတို့၏မျက်လုံးအကြည့်များ တောက်ပနေသည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် တော်ဝင်အမိန့်တော်၏ ကောင်းချီးပေးမှုနှင့်အတူ အဆောင်သင်္ကေတမှနေ၍ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်လာသည်။
လွှမ်းမိုးချုပ်ကိုင်နိုင်သော အရှိန်အဝါတစ်ရပ်က သူတော်စင်ဧကရာဇ်တစ်ပါး ဆင်းသက်လာသည့်အလား ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ကို ဖြတ်သန်းသွားသည်။ယုတ်ညံသော မည်သည့်နတ်ဆိုးမဆို ထိုအရာကိုမြင်တွေ့သည်နှင့် အရှုံးပေးအညံခံရပေမည်။
ထိုအရှိန်အဝါသည် မကောင်းဆိုးရွား၏အရှိန်အဝါကို အာရုံခံမိသည်နှင့် ချက်ချင်းလိုက်လံဖမ်းဆီးလေ၏။
"မဟုတ်ဘူး...တစ်ခုခုတော့မှားနေပြီ...ဒီနတ်ဘုရားဖိနှိပ်ခြင်းအဆောင်သင်္ကေတက ပြီးပြည့်စုံတယ်....ဒါက ရှေးဟောင်းအချိန်ကာလကတည်းက ပျောက်ဆုံးသွားခဲ့တဲ့အရာ မဟုတ်ဘူးလား...မင်း ဒါကို ဘယ်လိုလုပ်ပြီးတော့ သိနေတာလဲ...မဟုတ်ဘူး...အား အား အား"
Chapter 3195
မကောင်းဆိုးရွားသည် စူးရှနာကျင်စွာအော်ဟစ်ကာ သူ၏ခန္ဓာကိုယ်တစ်လုံးမှ အနက်ရောင်အခိုးအငွေ့များသည် အဆောင်သင်္ကေတမှထွက်ပေါ်လာသော ရွှေရောင်အလင်းတန်းများကြောင့် အရည်ပျော်စပြုလာသည်။
ရွှေရောင်အလင်းတန်းများသည် ရက်စက်ကြမ်းကြုတ်သော မီးတောက်တစ်ခုအလား သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။
တစ်ချိန်တည်းမှာပင် လုယွီ၏လက်အတွင်းရှိ တော်ဝင်အမိန့်တော် လောင်ကျွမ်းစပြုလာပေ၏။
နဂါးပိုးထည်စသည် မလောင်ကျွမ်းနိုင်ချေ။သို့ရာတွင် နတ်ဆိုးဖိနှိပ်ခြင်းအဆောင်သင်္ကေတ၏စွမ်းအားကို အမြင့်ဆုံးအဆင့်ထိ ရောက်ရှိနိုင်စေရန်အလို့ငှာ လုယွီသည် ဤတော်ဝင်အမိန့်တော်ကို ကြားခံပစ္စည်းတစ်ခုအဖြစ် အသုံးချခဲ့သည်။
တော်ဝင်အမိန့်တော် လောင်ကျွမ်းသွားခြင်းနှင့်အတူ ထိုအရာမှထွက်ပေါ်လာသော စွမ်းအားများကြောင့် အဆောင်သင်္ကေတ၏စွမ်းအားချက်ချင်းမြင့်တက်သွားသည်။
"ငါ မုန်းတယ်...ငါ မင်းကို အရမ်းမုန်းတယ်...နောက်ဆုံးခြေတစ်လှမ်းကိုရောက်တော့မှ ငါက မင်းရဲ့လက်ထဲမှာ သေရတော့မယ်"
အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် လုယွီကို အလွန်အမင်းမုန်းတီးနေသောအသံဖြင့် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ဤနေရာရှိအရာရာတိုင်း သူ တွက်ချက်ထားသည့်အတိုင်း ဖြစ်ပွားခဲ့သည်။သူ၏မူလအစီအစဥ်အရ လုယွီကိုသတ်ဖြတ်ကာ ဤနေရာ၌ ဆက်လက်နေထိုင်၍ သားကောင်ကို ဆက်လက်၍စောင့်ဆိုင်းနေပေမည်။
သို့ရာတွင် လုယွီထွက်ပေါ်လာမှုသည် သူ၏အစီအစဥ်များကို ရှုပ်ထွေးသွားစေသည်။
မူလက လုယွီကို လောကီအင်မော်တယ် ပုရွက်ဆိတ်တစ်ကောင်ဟုသာ သူ တွေးထင်ခဲ့သည်။သို့ရာတွင် ယခုလက်ရှိချိန်တွင် မည်သည့်အမှားမျိုးကို သူ ကျူးလွန်ခဲ့မိသည်အား သူ သိရှိသွားလေပြီ။
ဝုန်း....
အဆောင်သင်္ကေတ၏ အကန့်အသတ်မရှိသော အလင်းတန်းများသည် အရိုးများကို ပုပ်သိုးဆွေးမြည့်စေသောအဆိပ်အလား အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်၏စိတ်ဝိညာဥ်ကို တဖြည်းဖြည်း ဝါးမြိုသွားတော့သည်။
လုယွီသည် အဆောင်သင်္ကေတမှ ထွက်ပေါ်နေသော အလင်းတန်းများကို တစ်ချက်ကြည့်လိုက်၏။သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုလည်းမရှိ ဝမ်းနည်းမှုလည်းရှိမနေချေ။သူ စဥ်းစားတွေးတောနေသည့်အရာကို မည်သူမျှသိနိုင်မည်မဟုတ်ချေ။
ဤသည်က အတိတ်တွင် သူ့ကို တာအိုသခင် နတ်ဆိုးချိပ်ပိတ်သူ သင်ကြားပေးခဲ့သောအရာပင်။
လုယွီထံမှ မိတ်ဆွေသူငယ်ချင်း များစွာမရှိခဲ့ချေ။တာအိုသခင်နတ်ဆိုးချိပ်ပိတ်သူကို အနည်းငယ်သာရှိသော သူ၏မိတ်ဆွေများအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။
ယေဘုယျကျကျပြောဆိုရလျှင် တစ်စုံတစ်ယောက်သည် ကျင့်ကြံဆင့်နယ်ပယ် ပို၍မြင့်မားလေလေ သူ၏ကျင့်ကြံနည်းစနစ်များကို ပို၍တန်ဖိုးထားလေလေပင်။အကယ်၍ သူ၏တိုက်ရိုက်တပည့် သို့မဟုတ် သူ၏သားသမီးများဖြစ်နေလျှင်ပင် မချွင်းမချန် သင်ကြားပေးလေ့မရှိချေ။ထိုကျင့်ကြံသူသည် တချို့တစ်ဝက်ကို သူကိုယ်တိုင်အသုံးပြုရန်အတွက်သာ ထိန်းသိမ်းထားသည်။
ဤသည်က သူတို့နောက်ဆုတ်ရန် လမ်းကြောင်းတစ်ခုကို ကြိုတင်ပြင်ဆင်ထားခြင်းပင်။အကယ်၍ တစ်စုံတစ်ယောက်တွင် မကောင်းသောရည်ရွယ်ချက်ရှိနေပါက သူ၏ကျင့်ကြံနည်းစနစ်အတွင်းမှ အားနည်းချက်များကို လွယ်လင့်တကူ ရှာတွေ့သွားနိုင်သည်။
နတ်ဆိုးဖိနှိပ်ခြင်းအဆောင်သင်္ကေတသည် နတ်ဆိုးချိပ်ပိတ်သူ၏အန္တိမမှော်မန္တန်ပင်။နတ်ဆိုးချိပ်ပိတ်သူသည် သူ၏တပည့်များကိုပင် သင်ကြားပေးခဲ့ခြင်းမရှိသော်လည်း လုယွီကိုမူ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လက်ဆင့်ကမ်းပေးအပ်ခဲ့သည်။
ဤအဆောင်သင်္ကေတကို လောကီအင်မော်တယ်နယ်ပယ် ကျင့်ကြံဆင့်နှင့်အသုံးပြုပါက တစ်ကြိမ်သာ အသုံးပြုနိုင်ပေမည်။ထိုအရာကို တာအိုသခင်တစ်ယောက်သာ အသုံးပြုပါက ထွက်ပေါ်လာမည့်စွမ်းအားကို သာမာန်လူများ စိတ်ကူးယဥ်တွေးတောကြည့်နိုင်မည်မဟုတ်ချေ။ထိုအရာကြောင့် ကောင်းကင်ဘုံနယ်မြေတခွင်လုံးပင် လှုပ်ခတ်သွားနိုင်သည်။
လုယွီသည် နတ်ဆိုးဖိနှိပ်ခြင်းအဆောင်သင်္ကေတကို သင်ယူခဲ့သော်လည်း အသုံးပြုရန် အခွင့်အရေးမရခဲ့ချေ။မည်သို့ပင်ဆိုစေကာမူ သူ၏စွမ်းအားဖြင့် သူ့အားလာရှုပ်ဝံ့သောနတ်ဆိုးဟူ၍ အနည်းစုသာရှိပေမည်။
နန်းတွင်းစာမေးပွဲအတွင်း၌ ဤအဆောင်သင်္ကေတကို ထုတ်ဖော်အသုံးပြုရမည်ဟု သူ မျှော်လင့်မထားမိချေ။
နတ်ဘုရားဖိနှိပ်ခြင်းအဆောင်သင်္ကေတ၏အောက်တွင် မကောင်းဆိုးရွား၏ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းသွားလေပြီ။သူ၏ခန္ဓာကိုယ် တဖြည်းဖြည်းအရည်ပျော်ကျသွားကာ အစိမ်းရောင်အခိုးအငွေ့များအဖြစ်သို့ ပြောင်းလဲပြီး လေထုအတွင်းသို့ လွင့်ပါသွားတော့သည်။
အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် ဤကဲ့သို့ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု မျှော်လင့်ထားမိမည်မဟုတ်ချေ။
လုယွီသည် အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင် သေဆုံးသွားသည်ကိုကြည့်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။
ပြင်ပ၌နေ၍ ဖရိုဖရဲတိုက်ပွဲတစ်ခုဖြစ်နေသော အသံများကို ကြားနေရသည်။ချင်ယုသည် သူ၏လူများနှင့်အတူ မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်အတွင်းသို့ ဝင်ရောက်လာလေပြီ။
အမှန်အားဖြင့် မိုးကောင်းကင်မီးတောက်မြို့အတွင်း၌ နတ်ဆိုးကျင့်ကြံသူများ ပုန်ကန်သူစစ်သားများဖြင့် ပြည့်နှက်နေသည်။သို့ရာတွင် ထိုနှစ်ဖက်စလုံးတွင် တူညီသောစိတ်ခံစားချက်မျိုး မရှိကြချေ။နတ်ဆိုးကျင့်ကြံသူများ၏ အပြည့်အဝထိန်းချုပ်ထားခြင်းကိုခံရကာ နတ်ဆိုးဂိုဏ်းများအပေါ် သစ္စာစောင့်သိသော လူတချို့မှလွဲ၍ တခြားပုန်ကန်သူစစ်သားများသည် ပုန်ကန်လိုခြင်းမရှိချေ။
ယခုချိန်၌ တော်ဝင်စစ်တပ်ရောက်လာပြီဟု ပုန်ကန်သူစစ်သားများကြားချိန်တွင် သူတို့အားလုံး အလွန်စိတ်လှုပ်ရှားသွားကာ နတ်ဆိုးကျင့်ကြံသူများကို စတင်၍တိုက်ခိုက်တော့သည်။
အမှန်အားဖြင့် ထိုနတ်ဆိုးကျင့်ကြံသူများနှင့်ပတ်သက်၍ မည်သည့်စိုးရိမ်ပူပန်စရာမျှမရှိချေ။
ပုန်ကန်သူစစ်တပ်သည် တော်ဝင်နန်းတွင်းကို သစ္စာဖောက်ခဲ့သော်လည်း အတိတ်တွင် သူတို့သည် မိုးကောင်းကင်မီးတောက်မြို့၌ စခန်းချနေသော လက်ရွေးစင်စစ်သားများပင်။ထိုနတ်ဆိုးကျင့်ကြံသူများကို ရင်ဆိုင်ဖြေရှင်းရန်အတွက် သူတို့သည် လုံလောက်သည်ထက် ပိုနေပေ၏။
အလွန်အမင်းတိုတောင်းသောအချိန်ကာလအတွင်း၌ လုယွီသည် မိုးကောင်းကင်မီးတောက်မြို့ကို ငြိမ်ဝပ်ပိပြားအောင် ထိန်းသိမ်းနိုင်ခဲ့သည်။တစ်ချိန်တည်းမှာပင် သူသည် ပုန်ကန်သူစစ်သားများကိုစုဝေး၍ နတ်ဆိုးကျင့်ကြံသူများကို အမြစ်ပြတ်သုတ်သင်ကာ မိုးကောင်းကင်မီးတောက်ကုန်းမြေတစ်ခုလုံးကို ယခင်ကဲ့သို့တည်ငြိမ်မှုမျိုး ပြန်လည်ရရှိသွားစေသည်။