အခန်း (၃၁၉၆-၃၂၀၀)
Vol. 163 Ch. 3196-3200
Chapter 3196
ကောင်းကင်နှင့်မြေပြင်ခန်းမ...
လုယွီသည် တဖြည်းဖြည်း မြူခိုးများအကြားမှနိုးထလာကာ ချင်ယုနှင့်တခြားလူများသည် သူနှင့် တစတစဝေးကွာသွားလေပြီ။
နောက်ထပ်အချိန်အခိုက်အတန့်မှာပင် သူသည် ကောင်းကင်နှင့်မြေပြင်ခန်းမအတွင်းရှိ ကြီးကျယ်ခမ်းနားသော နဂါးပလ္လင်နှင့် နံဘေးတွင်မတ်တတ်ရပ်နေသော စစ်ဆေးရေးမှူးများကို မြင်တွေ့မိလေ၏။
အိမ်ရှေ့စံမင်းသားသည် သုန်မှုန်နေသောမျက်နှာအမူအယာနှင့် မတ်တတ်ရပ်နေသည်။သူ စဥ်းစားတွေးတောနေသောအရာကို မည်သူမျှ သိရှိနိုင်မည်မဟုတ်ချေ။
လုယွီသည် အလျှင်အမြန် အသိပြန်ဝင်လာကာ လက်တွေ့ကမ္ဘာလောကအတွင်းသို့ သူ ပြန်ရောက်လာပြီဖြစ်ကြောင်း ချက်ချင်းသိရှိသွားသည်။
အတိတ်ဘဝတွင် သူသည် ပုံရိပ်ယောင်ကမ္ဘာလောက အမြောက်အများကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးသည်။သူသည် ဤအခြေအနေမျိုးနှင့်ပတ်သတ်၍ အတွေ့အကြုံရင့်ကျက်သူပင်။မကြာမီမှာပင် သူ အလျှင်အမြန်ပြန်ကောင်းလာကာ နဂိုမူလပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သွားလေ၏။
သို့ရာတွင် လူတိုင်းထံတွင် ဤကဲ့သို့အတွေ့အကြုံမျိုး ရှိမနေနိုင်ချေ။
ကျောင်းတော်သားအများစုသည် ပုံရိပ်ယောင်လောကအတွင်းမှ နိုးထလာပြီးနောက် ပတ်ဝန်းကျင်နှင့် သဟဇာတမဖြစ်ကြချေ။သူတို့အနက်မှတချို့သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ နစ်မြောနေဆဲဖြစ်ကာ နေရာမှာပင် မတ်တတ်ရပ်နေကြပြီး အချိန်အတော်ကြာမြင့်သည်အထိ အသိစိတ်ပြန်ဝင်လာကြခြင်းမရှိချေ။
ဤသည်က အိမ်မက်မှနေ၍ လက်တွေ့သို့ ရုတ်တရက် ပြောင်းလဲသွားခြင်းသဖြင့် ဖြစ်ပေါ်လာသော ပြင်းထန်သည့် ဆန့်ကျင်ဘက်နိုင်မှုကြောင့် ဖြစ်တည်လာသော ခံစားချက်ပင်။
ကျောင်းတော်သားတချို့သည် နေရာမှာပင် မတ်တတ်ရပ်နေကြဆဲပင်။သူတို့၏ပတ်ဝန်းကျင်ရှိ မြင်ကွင်းများပြောင်းလဲသွားလဲသွားသော်လည်း သူတို့သည် အသိစိတ်ပြန်ဝင်လာခြင်း မရှိသေးချေ။သူတို့၏အသိစိတ်များသည် အမျိုးအမည်မသိသော နေရာတစ်နေရာတွင် လှည့်ပတ်နေဆဲဖြစ်သည်။
ဒေါင်...
ကြည်လင်ပြတ်သားပြီး ကျယ်လောင်သော ခေါင်းလောင်းသံတစ်သံက ခန်းမအတွင်း၌ မြည်ဟီးသွားသည်။ဤသည်က လူတိုင်း၏နားများအတွင်း၌ ကျယ်လောင်စွာ မြည်ဟီးသွားပေ၏။
ထိုခေါင်းလောင်းသံသည် ကြည်လင်သောနွေဦးစမ်းရေအလား သူတို့၏စိတ်နှလုံးသားများအတွင်းမှ စိုးရိမ်ပူပန်မှုများနှင့်စိတ်ရှုပ်ထွေးဖွယ်ခံစားချက်များကို ဖယ်ရှားလိုက်သည်။ရုတ်ချည်းဆိုသလိုပင် ကျောင်းတော်သားများအားလုံး စိတ်ကြည်လင်သွားသည်။ယခင်က သူတို့ဖြစ်ပျက်ခဲ့သော အရာရာတိုင်းသည် အိမ်မက်တစ်ခုပမာပင်။အချိန်တခဏကြာပြီးနောက် သူတို့အားလုံး နိုးထလာကြသည်။
ကျောင်းတော်သားအများစုသည် နောက်ဆုံး၌ အသိစိတ်ဝင်လာကြ၏။မူလက သူတို့၏ရှုပ်ထွေးနေသော စိတ်အစဥ်သည်လည်း ကြည်လင်သွားလေပြီ။
မည်သို့ပင်ဆိုစေကာမူ သူတို့သည် ကောင်းကင်ဘုံနယ်မြေ၏ဒေသအသီးသီးမှ ရွေးချယ်ထားသော လက်ရွေးစင်ပါရမီရှင်များပင်။ဤပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်ခြင်းသည် သူတို့အတွက် ပထမဆုံးအကြိမ်ဖြစ်သော်လည်း နိုးထလာပြီးနောက် သူတို့အားလုံး အလျှင်အမြန် အသိစိတ်ပြန်ဝင်လာကြသည်။
နန်းတွင်းစာမေးပွဲ ပြီးဆုံးသွားလေပြီ။
တချို့လူများသည် စိတ်ပျက်အားငယ်စွာဖြင့် ငိုကြွေးနေကာ တခြားသူများကမူ ပြုံးနေကြ၏။သူတို့အားလုံး၏မျက်နှာများပေါ်တွင် မတူကွဲပြားသော အမူအယာများရှိနေသည်။
ဤသည်က သူတို့သည် အိမ်မက်တစ်ခုအတွင်း၌ တစ်နှစ်တာ လေ့ကျင့်ခဲ့ရသည်ဟု ဆိုလိုခြင်းပင်။သူတို့ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ မကြုံစဖူးကောင်းချီးပေးမှုမျိုးကို ရရှိသွားလေ၏။တော်ဝင်နန်းတွင်း၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို နားမလည်သော တချို့လူများသည် ဤတစ်နှစ်တာ အချိန်ကာလအတွင်း၌ လုံလောက်သောအတွေ့အကြုံများ ရရှိသွားလေပြီ။
ပါရမီရှင်အများစုအတွက် သူတို့၌ ကင်းမဲ့နေသည်မှာ ပါရမီအရည်အချင်းမဟုတ်ဘဲ အတွေ့အကြုံပင်။သူတို့အတွက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို ကြိုတင်၍ သိနားလည်ခွင့်ရသွားသဖြင့် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။
အမှန်အားဖြင့် ကျောင်းတော်သားတချို့သည် လက်ရှိနေရာတွင် လူများလျော့နည်းသွားသည်ကို သတိပြုမိလေ၏။
သူတို့အနက်မှတချို့သည် ဟွမ်လျန်ကမ္ဘာအတွင်းရှိ စိန်ခေါ်မှုများအကြားတွင် ကျရှုံးသွားခဲ့သည်။တချို့သည် သူတို့၏အသက်များဆုံးရှုံးသွားကာ တချို့ဆိုလျှင် သူတို့၏စီရင်စုသခင်ရာထူးကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ထိုကိစ္စများအနက်မှ တစ်ခုခုဖြစ်ပွားသည်နှင့် မည်သူမဆို ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ ချက်ချင်းထုတ်ပယ်ခံရလေ၏။
နန်းတွင်းစာမေးပွဲမှ ကျောင်းတော်သားခြောက်ထောင်ကျော်ခန့် ထုတ်ပယ်ခြင်းခံရသည်။
စီရင်စုသခင်တစ်ယောက်ဆိုသည့်တိုင် သူတို့ နေ့စဥ်လုပ်ဆောင်ရသော အရေးကိစ္စများမှာ ပင်လယ်သမုဒ္ဒရာကဲ့သို့ ကျယ်ပြန့်သည်။ကျောင်းတော်သားများအနက်မှတချို့ထံတွင် လက်သင့်ခံနိုင်ဖွယ် ခွန်အားမျိုးရှိသော်လည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာများကို စီမံရချိန်တွင် သူတို့သည် ကောင်းမွန်စွာကိုင်တွယ်နိုင်ခြင်းမရှိသဖြင့် သူတို့၏စီရင်စုသခင်ရာထူးကို လက်လွှတ်ခဲ့ရသည်။
တချို့ကျောင်းတော်သားများများသည် စီရင်စုသခင်ရာထူးကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း သူတို့၏အရည်အချင်းကင်းမဲ့မှုကြောင့် လူမုန်းများခဲ့သည်။သူတို့ သတိမပြုမီမှာပင် ဟွမ်လျန်အိမ်မက်ကမ္ဘာအတွင်းမှ ထုတ်ပယ်ခံရပြီး နန်းတွင်းစာမေးပွဲ ကျရှုံးသွားတော့သည်။
တာယွီအင်ပါယာသည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို ထိန်းချုပ်ထားသဖြင့် မည်သည့်နေရာတွက်မဆို ကွဲပြားခြားနားသောပုံစံများရှိနေသည်။နေရာအများစုတွင်ရှိနေသော စီရင်စုသခင်များသည် ပါးလွှာသောရေခဲပြင်ပေါ်တွင် လမ်းလျှောက်နေသည့်အလား တစ်ချိန်လုံး သတိကြီးကြီးထားနေကြကာ သူတို့ သတ်ဖြတ်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။
နန်းတွင်းစာမေးပွဲကို ကျောင်းတော်သား တစ်သောင်းရှစ်ထောင်ကျော် ဝင်ရောက်ဖြေဆိုခဲ့သော်လည်း အဆုံးသတ်၌ လူတစ်သောင်းနှစ်ထောင်ခန့်သာ ကျန်ရှိပေ၏။
ထိုကျောင်းတော်သားများသည် မဟာကျောင်းတော်သား ဘွဲ့ထူးကို ရရှိသွားပြီဖြစ်ကာ တာယွီအင်ပါယာ၏ နေရာဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နိုင်လေပြီ။
ကောင်းကင်နှင့်မြေပြင်ခန်းမအတွင်း၌ ကျန်ရှိနေသော ကျောင်းတော်သားများ အလွန်ပျော်ရွှင်နေကြသည်။သူတို့သည် မဟာကျောင်းတော်သားဘွဲ့ထူးကို ရရှိထားသရွေ့ တာယွီအင်ပါယာ၏ တရားဝင်အရာရှိများဖြစ်သွားလေပြီ။ထိုအချိန်မှစ၍ သူတို့သည် ကံကြမ္မာစွမ်းအား၏ကောင်းချီးပေးမှုကိုရရှိကာ သူတို့၏ကျင့်ကြံမှုအရှိန်နှုန်း များစွာပို၍ မြင့်တက်သွားပေမည်။
Chapter 3197
"နန်းတွင်းစာမေးပွဲ ပြီးဆုံးသွားတဲ့အချိန်မှာ ငါက မင်းတို့ရဲ့လုပ်ဆောင်ချက်တွေအားလုံးကို မြင်တွေ့ပြီးပြီ"
အိမ်ရှေ့စံမင်းသား၏အပြုံးသည် နွေဦးလေပြည်ညှင်းနှင့်တူညီနေကာ လူအများကို အေးမြသည့်ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။သူက ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်၏။
"မင်းတို့အားလုံးရဲ့လုပ်ဆောင်ချက်တွေက အရမ်းကောင်းတယ်...နောင်အနာဂတ်မှာ မင်းတို့က တော်ဝင်နန်းတွင်းရဲ့ အဓိကထောက်တိုင်ကြီးတွေဖြစ်လာမှာ သေချာတယ်...နောင်တစ်ချိန်မှာ မင်းတို့အားလုံး အတူပူးပေါင်းပြီးတော့ တာဝန်တွေကို ကောင်းကောင်းထမ်းဆောင်ကြဖို့ ငါ မျှော်လင့်တယ်...တော်ဝင်နန်းတွင်းရဲ့အင်အားစိုက်ထုတ်ပေးမှုတွေကို အလဟဿမဖြစ်စေနဲ့"
ဤသည်က သာမာန်ဆန်သော ချီးမွမ်းစကားပင်။သို့ရာတွင် လက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်သားအများစုသည် ကူကယ်ရာမဲ့စွာဖြင့် စိတ်လှုပ်ရှားသွားကြသည်။သူတို့ထံ၌ အိမ်ရှေ့စံမင်းသားကို သေသည်အထိ သစ္စာစောင့်သိမည်ဟူသော ရည်ရွယ်ချက်မျိုးပင် ရှိသွားလေ၏။
ဤသည်က သူတို့၏စိတ်ပိုင်းဆိုင်ရာမှတဆင့် သယ်ဆောင်လာသော ခံစားချက်တစ်မျိုးပင်။
အိမ်ရှေ့စံမင်းသားသည် နောင်တစ်ချိန်တွင် တာယွီအင်ပါယာ၏နန်းမွေကို ဆက်ခံမည့်သူပင်။ကောင်းကင်ဘုံနယ်မြအတွင်းရှိ ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများပင်လျှင် သူ့ထံ၌ သစ္စာခံရပေမည်။
ဤကဲ့သို့အဆင့်အတန်းမျိုးကို နတ်ဘုရားတစ်ပါးဖြင့်ပင် နီးကပ်နေပြီဟု ဆိုနိုင်သည်။ဤအချိန်အခိုက်အတန့်တွင် သူတို့အပေါ် အိမ်ရှေ့စံမင်းသား၏ချီးမွမ်းပြောဆိုမှုသည် သူတို့အားကို ညင်သာသောလေပြည်ညှင်းတစ်ရပ် ဖြတ်သန်းသွားသကဲ့သို့ ခံစားရစေသည်။အနည်းငယ်မျှ ဂရုစိုက်လိုက်ရုံဖြင့် သူ၏လက်အောက်ငယ်သားများကို ချီးမွမ်းမြှောက်ပင့်သကဲ့သို့ ခံစားရစေကာ သူတို့သည် သူ့အတွက် သစ္စာစောင့်သိမည့် အတွေးများပင် ပေါက်ဖွားလာကြ၏။
ဤသည်က ဧကရာဇ်မင်း၏နှလုံးသားနည်းစနစ်ပင်။မင်းသားတိုင်း ငယ်ရွယ်စဥ်မှစ၍ ထိုနည်းစနစ်ကို သင်ယူရသည်။သူ၏ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုပင်လျှင် လက်အောက်ငယ်သားများကို အတွေးမျိုးစုံပေါက်ဖွားစေသော်လည်း သူတို့သည် ခန့်မှန်း၍မရချေ။
လုယွီသည် တည်ငြိမ်နေသောမျက်နှာအမူအယာဖြင့် ကျောင်းတော်သားအားလုံး၏ရှေ့တွင် မတ်တတ်ရပ်နေသည်။သူ၏မျက်လုံးအကြည့်သည်လည်း တည်ငြိမ်အေးချမ်းနေပေ၏။
သူ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ ကြုံတွေ့ခဲ့ရသောကိစ္စသည် အိမ်ရှေ့စံမင်းသား၏အမှောင်အတွင်းမှ ကြိုးကိုင်ခြယ်လှယ်ခဲ့မှုဖြစ်ကြောင်း သူ သိရှိထားပြီးဖြစ်သည်။
သို့ရာတွင် လုယွီသည် ထိုကိစ္စများကို ရင်ဆိုင်ဖြေရှင်းနိုင်မည်ဟု အိမ်ရှေ့စံမင်းသား တွေးထင်ထားမိမည်မဟုတ်ချေ။
အကယ်၍ လုယွီထံ၌ ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏မှတ်ဥာဏ်များ ရှိမနေပါက သူ အခက်တွေ့ကောင်းတွေ့နိုင်သည်။သို့ရာတွင် ထိုမှတ်ဥာဏ်များ လုယွီထံတွင်ရှိနေသဖြင့် ကြိုတင်ခန့်မှန်းရာ၌ သူ အာားသာခဲ့လေ၏။အကယ်၍ သူသည် အခက်တွေ့စေသော အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်တိုင် သူ လွယ်လင့်တကူ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိသည်။
လုယွီ၏မျက်လုံးအကြည့်က အိမ်ရှေ့စံမင်းသားထံသို့ ကျရောက်သွားသည်။
သူသည် အိမ်ရှေ့စံမင်းသား၏မျက်လုံးအတွင်းမှ မုန်းတီးမှုများနှင့်ဒေါသများကို တွေ့မြင်နိုင်လေ၏။
"လုယွီ...မင်းက ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ အများကြီးအောင်မြင်မှုရခဲ့တယ်ဆိုတာ ငါ သိတယ်...ဒါပေမယ့် တကယ်တမ်းပြောရမယ်ဆိုရင် မင်းက စီရင်စုသခင်တစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ခဲ့ဘူး...ဒါကြောင့် ဒီတစ်ကြိမ်မှာ ငါ မင်းကို အဆင့်သတ်မှတ်ချက် မြင့်မြင့်မားမား မပေးနိုင်မှာကို ငါ စိုးရိမ်မိတယ်"
အိမ်ရှေ့စံမင်းသားက တည်ငြိမ်စွာ ပြောဆိုသည်။
လုယွီသည် ထိုရလဒ်ကို မျှော်လင့်ပြီးဖြစ်သဖြင့် တုံ့ပြန်မေးမြန်းလိုက်သည်။
"ငါက စီရင်စုသခင်တစ်ယောက်ရဲ့တာဝန်ကို မကျေပွန်ဘူးလို့ အိမ်ရှေ့စံမင်းသားက ဘာကိုကြည့်ပြီး ဆုံးဖြတ်လိုက်တာလဲ"
အိမ်ရှေ့စံမင်းသားက ပြောဆိုသည်။
"စီရင်စုသခင်ဖြစ်တဲ့ မင်းအနေနဲ့ ပထမဆုံးလုပ်သင့်တာက လင်ကျိုးစီရင်စုကို ကာကွယ်စောင့်ရှောက်ဖို့ပဲ...မင်းက ကြီးမားတဲ့အောင်မြင်မှုတွေ ထပ်ခါတလဲလဲ ရခဲ့ပြီးတော့ ပုန်ကန်သူစစ်တပ်ကို အောင်အောင်မြင်မြင် ခုခံကာကွယ်နိုင်ခဲ့တယ်...ဒါပေမယ့် လင်ကျိုးစီရင်စုကတော့ ကြီးမားတဲ့နှင်းထုတွေအောက်မှာ နစ်မြုပ်သွားခဲ့တယ်...မင်းက ပုန်ကန်သူတွေကို အမြစ်ပြတ်သုတ်သင်နိုင်ခဲ့ပေမယ့် လင်ကျိုးစီရင်စုရဲ့မြို့သူမြို့သားတွေ အိမ်ခြေယာမဲ့ဖြစ်သွားပြီ...သူတို့ရဲ့မိသားစုတွေလည်း သေကြေပျက်စီးသွားပြီ...အဲ့ဒီကနေကောက်ချက်ချကြည့်ရရင် မင်းက တိုက်ပွဲကွင်းပြင်မှာ နည်းဗျူဟာပညာရှင် စစ်ဗိုလ်ချုပ်တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ဖို့ပဲသင့်တော်တယ်...အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ အရာရှိတစ်ယောက်ဖြစ်ဖို့ မသင့်တော်ဘူး...ဒီလိုရလဒ်ကြောင့် မင်းကို အဆင့်ကောင်းကောင်းပေးဖို့ ငါ့အတွက် ခက်ခဲစေတယ်"
ကျန်းရွှမ်စဲနှင့်တခြားစစ်ဆေးရေးမှူးများသည် မျက်မှောင်ကြုတ်လိုက်သော်လည်း မည်သည့်ငြင်းဆန်စကားမျှ ပြောဆိုခြင်းမရှိချေ။
အိမ်ရှေ့စံမင်းသားပြောဆိုနေသည်မှာ စီရင်စုသခင်တစ်ယောက်၏တာဝန်ပင်။စီရင်စုတစ်ယောက်သည် သေသည်အထိ မြို့ကိုခုခံကာကွယ်ရမည်ဟု တာယွီအင်ပါယာ၏ဥပဒေစည်းမျဥ်းများအတွင်း၌ ပြဋ္ဌာန်းထားသည်။ဤသည်မှာ မြို့သိမ်းပိုက်ခံရခြင်း မြို့ဖျက်ဆီးခံရခြင်းနှင့် မြို့အတွင်းရှိလူများသေဆုံးသွားခြင်းစသော ကိစ္စရပ်များဖြစ်ပွားပါက နယ်မြေခံအရာရှိတချို့သည် အန္တရာယ်ကိုမြင်တွေ့သဖြင့် ထွက်ပြေးတိမ်းရှောင်မည့်ဘေးမှ ကာကွယ်ဟန့်တားရန်ပင်။
လုယွီသည် သန်းနှင့်ချီသောပုန်ကန်သူများကို အောင်မြင်စွာသတ်ဖြတ်နိုင်ခဲ့သော်လည်း သူသည် နောက်ဆုံး၌ လင်ကျိုးစီရင်စုကို မြေအောက်တွင်မြှုပ်နှံ့ခဲ့ရလေ၏။အကယ်၍ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင် ကောင်းကင်ဘုံဧကရာဇ်ထိုက်ချမ်၏ တော်ဝင်အမိန့်တော်သာ ရောက်မလာပါက လုယွီသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ မောင်းထုတ်ခံရပြီးဖြစ်ပေမည်။
မတူညီသော အမြင်များမှတဆင့် မတူညီသောရလဒ်များ ထွက်ပေါ်လာသည်။
စစ်ဆေးရေးမှူးများအတွက် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ လုယွီ၏လုပ်ဆောင်ချက်များသည် အံ့အားသင့်တုန်လှုပ်စရာကောင်းသည်ဟု ယူဆနိုင်ပေ၏။အကယ်၍ သူတို့ကိုယ်တိုင် ထိုနေရာသို့ရောက်ရှိသွားလျှင်ပင် လုယွီကဲ့သို့ ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
Chapter 3198
သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် လုယွီ၏တာဝန်ကိုသာ ဦးစားပေး၍ ပြောဆိုသွားခဲ့သည်။
'တကယ်လို့ မင်းရဲ့တာဝန်ကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူးဆိုရင်...ငါက မင်းကို ဘာလို့ အဆင့်ကောင်းကောင်း ပေးရမှာလဲ'
အိမ်ရှေ့စံမင်းသားသည် လုယွီကို ရည်ရွယ်ချက်ရှိရှိဖိနှိပ်နေကြောင်း လူတိုင်းနီးပါး သတိပြုမိလေ၏။
သို့ရာတွင် အိမ်ရှေ့စံမင်းသား အသုံးပြုလိုက်သော အကြောင်းပြချက်သည် ပြောင်ပြောင်တင်းတင်းဆန်ပြီး ပွင့်လင်းမြင်သာသည်။ကျန်းရွှမ်စဲနှင့်တခြားသူများသည် စိတ်ပျက်မှုကိုခံစားနေရသော်လည်း သူတို့ထံတွင် လုယွီဘက်မှ ကာကွယ်ပေးရန်အတွက် နည်းလမ်းမရှိချေ။
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"ဒီလိုဆိုမှတော့...အိမ်ရှေ့စံမင်းသားက ငါ့ကို လမ်းညွှန်မှုတချို့ ပြသပေးဖို့ ငါ တောင်းဆိုပါရစေ...ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်ရတဲ့အခြေအနေမှာ ငါ ဘာလုပ်သင့်လဲ"
သူသည် ဤတစ်နှစ်အတွင်း အသက်ရှင်သန်နိုင်ခဲ့သည်ကပင် အကန့်အသတ်ထက် ကျော်လွန်နေလေပြီ။
သူ့နေရာ၌ တခြားမည်သူဖြစ်နေပါစေ ရလဒ်သည် မြို့ပျက်စီးပြီး လူအားလုံးသေဆုံးသွားခြင်းနှင့်သာ အဆုံးသတ်သွားပေမည်။
အိမ်ရှေ့စံမင်းသားက ခေါင်းခါယမ်းကာ ပြောဆိုလေ၏။
"မင်းကိုထောက်ပြဖို့အတွက် အခု ငါ့မှာ အချိန်မရှိသေးဘူး...နောင်တစ်ချိန် မင်း တစ်နေရာရာမှာ တာဝန်ထမ်းဆောင်မယ်ဆိုရင် မင်း အလိုလို သိသွားလိမ့်မယ်"
နေရာတစ်နေရာ၌ တာဝန်ထမ်းဆောင်ခြင်းဟူသည်မှာ လုယွီ၏အဆင့်ကို သတ်မှတ်လိုက်ခြင်းပင်။သူ၏အဆင့်သည် မြင့်မားမည်မဟုတ်ချေ။
ယေဘုယျကျကျပြောဆိုရလျှင် နန်းတွင်းစာမေးပွဲ၏ ထိပ်သီးကျောင်းတော်သားတချို့သာ လေ့ကျင့်ရန်အတွက် ဗဟိုအုပ်ချုပ်ရေးအဖွဲ့သို့ ဝင်ရောက်နိုင်သည်။အဆင့်သတ်မှတ်ချက်နိမ့်ပါးသူများကမူ စာပေနှင့်တိုက်ခိုက်ရေးရလဒ်များအလျောက် တခြားနေရာများသို့ တာဝန်ထမ်းဆောင်ရန်အတွက် စေလွှတ်ခြင်းခံရသည်။
လုယွီ၏နောက်ရှိ ကျောင်းတော်သားအများစု၏မျက်နှာများပေါ်တွင် နှစ်ထောင်းအားရဖြစ်နေသောအမူအယာများရှိနေသည်။
လုယွီ၏ရုတ်တရက်မြင့်တက်လာမှုကြောင့် သူ့အား မနာလိုဖြစ်၍မုန်းတီးနေသော လူအမြောက်အများရှိသည်။သူတို့သည် လုယွီအား ရန်မစဝံ့ခြင်းမှာ သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၏ တပည့်ခေါင်းဆောင်ဖြစ်နေသောကြောင့်ပင်။သို့ရာတွင် သူတို့၏စိတ်နှလုံးသားများအတွင်းတွင်မူ မနာလိုဝန်တိုမှုများဖြင့် ပြည့်နှက်နေသည်။
ယခုချိန်၌ လုယွီ ကံဆိုးမိုးမှောင်ကျနေသည်ကို မြင်တွေ့ချိန်တွင် သူတို့သည် ပျော်ရွှင်ဝမ်းမြောက်နေကာ ပြပွဲကောင်းတစ်ခုကို စောင့်ကြည့်ရန်အတွက် ပြင်ဆင်နေကြ၏။
ကျန်းရွှမ်စဲက အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။
"အရှင့်သား...ဒီကိစ္စကို လုပ်ရိုးလုပ်စဥ် ရှုထောင့်အရမကြည့်သင့်ဘူး...လုယွီ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေက လုံးလုံးလျားလျားကြီး ပြောင်းလဲနေတယ်...အဲ့ဒါက အပြောင်းအလဲတွေနဲ့ ပြည့်နေတယ်...ဒါပေမယ့် သူက တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်ခဲ့တယ်...သူက သန်းနဲ့ချီတဲ့ပုန်ကန်သူတွေကို အမြစ်ပြတ်သုတ်သင်ခဲ့တဲ့အပြင် မိုးကောင်းကင်မီးတောက်ကုန်းမြေကိုလည်း တည်ငြိမ်အောင် ဆောင်ရွက်နိုင်ခဲ့တယ်.. ဒါက အရမ်းကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုပဲ...တကယ်လို့ ဒီလိုမျိုးပါရမီရှင်တစ်ယောက်ကို အဆင့်ကောင်းကောင်းမပေးဘူးဆိုရင် ဒါက အရမ်းရက်စက်တဲ့ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားလိမ့်မယ်"
အစောပိုင်းက လုယွီကို လှောင်ပြောင်နေသော လူများ၏မျက်နှာများပေါ်မှ အပြုံးများ ရုတ်တရက် တောင့်တင်းသွားသည်။
သန်းနှင့်ချီသော ပုန်ကန်သူများကို သတ်ဖြတ်ခဲ့ကာ မိုးကောင်းကင်မီးတောက်ကုန်းမြေကို ငြိမ်ဝပ်ပိပြားစေခဲ့သည်ဟု ပြောဆိုခဲ့သလော...
လုယွီ မည်ကဲ့သို့ ပြုလုပ်ခဲ့သနည်း...
လူအများစုသည် နန်းတွင်းစာမေးပွဲကို ဖြတ်ကျော်နိုင်ခဲ့ရသော အကြောင်းအရင်းမှာ သူတို့သည် မလိုလားအပ်သော ပြဿနာတချို့ကို ရှောင်ကြဥ်နိုင်ခဲ့သောကြောင့်ပင်။သူတို့သည် အမှားပြုလုပ်မှု အတော်အသင့် နည်းပါးခဲ့လေ၏။ဤသည်ကြောင့် သူတို့သည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းရှိ တစ်နှစ်တာအချိန်ကာလအတွင်းတွင် သူတို့သည် အုပ်ချုပ်ရေးကိစ္စများနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သော်လည်း ထွေထွေထူးထူး ကိစ္စရပ်များနှင့် မကြုံတွေ့ခဲ့ရချေ။
လုယွီ လုပ်ခဲ့သောကိစ္စများကိုကြားချိန်တွင် ရှထန်ကန်းက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ရှမိသားစု၏လမ်းညွှန်မှုကို ရရှိခဲ့သဖြင့် စီရင်စုသခင်တစ်ယောက် လုပ်ဆောင်ရမည့်ကိစ္စများကို ကောင်းစွာသိရှိထားခဲ့သည်။ထို့ကြောင့် သူ ရောက်ရှိသွားသော ပထမဆုံးနေ့မှစတင်၍ အရာအားလုံးကို အစီအစဥ်တကျဆောင်ရွက်ကာ စီရင်စုတစ်စုလုံးကို ပို၍ပို၍ စည်ပင်ဝပြောအောင် လုပ်ဆောင်နိုင်ခဲ့သည်။
အကယ်၍ ဤကဲ့သို့အောင်မြင်မှုမျိုးကို တော်ဝင်စစ်ရေးဌာန၏ တိုက်ပွဲအကျိုးဆောင်မှတ်တမ်းဌာနခွဲတွင်သာ ထားရှိခံရပါက ထိပ်သီးအဆင့်ဟုသတ်မှတ်ခံရကာ အောင်မြင်စွာ ရာထူးတိုးမြှင့်ခြင်းခံရပေမည်။
သူ ထွက်လာစဥ်တွင် အဆင့်သတ်မှတ်ချက်ကို တိုက်ရိုက်ကြားသိရမည်ဟု မူလက သူ တွေးထင်ခဲ့သည်။သို့ရာတွင် အိမ်ရှေ့စံမင်းသားနှင့်တခြားစစ်ဆေးရေးမှူးများအကြားတွင် ငြင်းခုံမှုတချို့ရှိနေကာ သူတို့သည် လုယွီ၏အဆင့်နှင့်ပတ်သတ်၍ တိုင်ပင်ဆွေးနွေးနေကြ၏။
ဤလုယွီ ထပ်မံ၍ဖြစ်နေပြန်သလော...
ရှထန်ကန်းသည် အိမ်ရှေ့စံမင်းသား မည်ကဲ့သို့ပြုလုပ်လိုသည်ကို ကောင်းစွာသိရှိထားသည်။အိမ်ရှေ့စံမင်းသားသည် သူ့အား ကူညီပေးနေရသည့် အကြောင်းအရင်းမှာ ရှန်လင်းလုံကို ယှဥ်ပြိုင်နိုင်ရန်အတွက် ရှမိသားစုဝင်တစ်ယောက်ကို သူ၏သစ္စာရှိလူယုံအဖြစ် သိမ်းသွင်းလိုသောကြောင့်ပင်။
အိမ်ရှေ့စံမင်းသား၏ကူညီထောက်ပံမှုကြောင့် သူသည် တော်ဝင်စာမေးပွဲ၏ထိပ်ဆုံးနေရာကိုရရှိရန် အာမခံချက်ရှိမည်ဟု သူ တွေးထင်ထားခဲ့သည်။သို့ရာတွင် လုယွီ ရုတ်တရက် ထွက်ပေါ်လာကာ သူ၏အစီအစဥ်များကို နှောက်ယှက်မည်ဟု သူ မျှော်လင့်မထားမိချေ။
ရှထန်ကန်းက သူ၏လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်၏။အကယ်၍ သူသည် ရှမိသားစုအတွင်းတွင် မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်လိုပါက ဤနန်းတွင်းစာမေးပွဲ၏ရလဒ်သည် အရေးပါကြောင်း သူ၏စိတ်နှလုံးသားအတွင်းမှ ကောင်းစွာသိရှိထားသည်။
Chapter 3199
သူ့ထံတွင် လုံလောက်သောစွမ်းအားရှိနေမှသာ မိသားစုအတွင်း၌ မြင့်မားသောအဆင့်အတန်းကို ပိုင်ဆိုင်နိုင်ပေမည်။
ရှထန်ကန်း၏မျက်နှာသည် တည်ငြိမ်နေသော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ လုယွီကို အလွန်အမင်း မုန်းတီးနေသည်။
ကျန်းရွှမ်စဲ၏ချေပပြောဆိုမှုကိုကြားချိန်တွင် အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။
"သူ ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေ ဘယ်လောက်ခက်ခဲတယ်ဆိုတာ ငါ သိတာပေါ့...ဒါပေမယ့် ငါတို့ ဒီနေရာကိုရောက်လာတာက စီရင်စုသခင်တစ်ယောက်ရဲ့ တာဝန်ထမ်းဆောင်မှုတွေကို လေ့လာဆန်းစစ်ဖို့ပဲ...ပုန်ကန်မှုကို ဟန့်တားပြီးတော့ ပုန်ကန်သူတွေကိုသတ်ဖြတ်နိုင်တဲ့ စစ်ဗိုလ်ချုပ်တစ်ယောက်ကို ရွေးချယ်ဖို့မဟုတ်ဘူး...လုယွီရဲ့လှုပ်ရှားမှုတွေက လုံလောက်တဲ့အထိ မကောင်းမွန်သေးဘူး...ငါ သူ့ကို တခြားနေရာတစ်ခုစီ စေလွှတ်မယ့်အကြောင်းအရင်းက သူ့ကို အတွေ့အကြုံပြည့်ပြည့်ဝဝ ရစေချင်လို့ပဲ...ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ ပါရမီအရည်အချင်းရှိနေရင်တောင် လုံလောက်တဲ့အတွေ့အကြုံမရှိရင် သူ ဘာမှလုပ်နိုင်မှာမဟုတ်ဘူး"
အိမ်ရှေ့စံမင်းသားက မတ်တတ်ထရပ်ကာ ပြောဆိုလေ၏။
"လုယွီ...ငါက မင်းကိုလေ့ကျင့်ပေးနေတယ်ဆိုတာ မင်း နားလည်သဘောပေါက်သင့်တယ်...ငါက မင်းရဲ့ပါရမီအရည်အချင်းကို ငါ မြင်ပြီးပြီ.. နောင်အနာဂတ်မှာ မင်း အောင်မြင်မှုတချို့ ရရှိတဲ့အချိန်ကျရင် ငါက ဧကရာဇ်ဆီသတင်းပို့ပြီးတော့ မင်းကို ရာထူးတိုးပေးမယ်"
အိမ်ရှေ့စံမင်းသား၏စကားသည် လက်ခံနိုင်ဖွယ်ရှိကာ အပြစ်အနာအဆာဟူ၍မရှိချေ။
'ဟုတ်တယ်..မင်းက အရမ်းပါရမီရှိတဲ့သူပဲ...ငါ အခုချိန်မှာ မင်းကို အသိအမှတ်ပြုပေမယ့် မင်းက အုပ်ချုပ်ရေးပိုင်းမှာ အတွေ့အကြုံအားနည်းနေတယ်...ငါ မင်းကို အဝေးဆီ စေလွှတ်ရလိမ့်မယ်...အချိန်ကျလာရင် ငါ မင်းကို ပြန်ခေါ်မယ်'
အမှန်အားဖြင့် အိမ်ရှေ့စံမင်းသား ပြန်ခေါ်မည်ဟူသောကိစ္စသည် စကားအရာသက်သက်ပင်။
လုယွီနှင့်သူကြားတွင် ရန်ငြိုးတစ်ခုဖွဲ့ပြီးပြီဖြစ်ကြောင်း အိမ်ရှေ့စံမင်းသားက ကောင်းစွာသိရှိထားသည်။လုယွီသည် တော်ဝင်မြို့တော်သို့ မည်သည့်နည်းနှင့်မျှ ပြန်လာနိုင်မည်မဟုတ်ချေ။
ဟူး....
စစ်ဆေးရေးမှူးတချို့ထံမှ သက်ပြင်းရှိုက်သံများ ထွက်ပေါ်လာသည်။
လုယွီသည် အရည်အချင်းရှိသော်လည်း အိမ်ရှေ့စံမင်းသားကို အပြစ်ပြုမိထားပုံရသည်။လုယွီ၏ အနာဂတ်လမ်းကြောင်းသည် ခလုတ်ကန်သင်းများနှင့် ပြည့်နှက်နေမည်ကို သူတို့အားလုံး စိုးရိမ်နေမိသည်။
အကယ်၍ အိမ်ရှေ့စံမင်းသားသည် နောင်တစ်ချိန်တွင် နန်းတက်ပါက ယခုလက်ရှိ ထုတ်ဖော်ပြသခဲ့သော သူ၏အကျင့်စရိုက်အရ အတိတ်မှကိစ္စများကို အတိတ်တွင်သာထားမည်မဟုတ်ချေ။သူသည် လုယွီ အခက်တွေ့စေရန်အတွက် နည်းမျိုးစုံဖြင့် ပြုလုပ်ပေလိမ့်မည်။
ထိုအချိန်ကျပါက လုယွီအတွက် ပို၍များပြားသော အန္တရာယ်များကသာ စောင့်ကြိုနေပေမည်။
"ဒီလိုဆိုမှတော့.. နန်းတွင်းစာမေးပွဲရဲ့အဆင့်သတ်မှတ်ချက်စာရင်းကို အခုချက်ချင်း ထုတ်ပြန်ကြေငြာလိုက်တော့"
အိမ်ရှေ့စံမင်းသားက သူ၏အင်္ကျီလက်ကိုခါယမ်းကာ ထပ်မံ၍အချိန်ဖြုန်းလိုပုံ မရတော့ချေ။
ထိုအချိန်မှာပင် မြေပြင်ပေါ်သို့ တောင်ဝှေးတစ်ချောင်းထောက်လာသော တဒေါက်ဒေါက်အသံကို ကောင်းကင်နှင့်မြေပြင်ခန်းမ၏ပြင်ပမှ ကြားလိုက်ရ၏။
ဒေါက်...ဒေါက်...ဒေါက်...
ကောင်းကင်နှင့်မြေပြင်ခန်းမအတွင်းတွင် မူလက အလွန်တိတ်ဆိတ်ငြိမ်သက်နေသဖြင့် တောင်ဝှေးနှင့်မြေပြင် ဆောင့်မိသောအသံကိုကြားချိန်တွင် လူတိုင်း ကြက်သေသေသွားကြသည်။
ဤသည်က နန်းတွင်းစာမေးပွဲ ကျင်းပနေသောနေရာဖြစ်သဖြင့် အစောင့်များနှင့်မိန်းမစိုးများပင်လျှင် နံဘေး၌ နာခံရို့ကျိုးစွာ မတ်တတ်ရပ်နေရသည်။အသံဗလံထွက်၍ နန်းတွင်းစာမေးပွဲအတွင်းရှိ ကျောင်းတော်သားများကို နှောက်ယှက်ဝံ့သော မည်သူမဆို ကြီးလေးသော ရာဇဝတ်မှုကျူးလွန်သူအဖြစ် ပြစ်ဒဏ်သင့်ပေမည်။
နန်းတွင်းစာမေးပွဲစတင်ချိန်မှစ၍ ပြင်ပရှိလူများအားလုံး တိတ်ဆိတ်ငြိမ်သက်နေကြ၏။အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်သည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ပြင်ပရှိအစောင့်များသည် ထိုအသံထွက်ပေါ်လာသည့်ပိုင်ရှင်ကို ဟန့်တားခြင်းမပြုကြချေ။
အိမ်ရှေ့စံမင်းသားနှင့်တခြားစစ်ဆေးရေးမှူးများသည် တောင်ဝှေးတစ်ချောင်းကိုကိုင်ဆောင်၍ ခန်းမထံလာနေသူ၏ပုံရိပ်ကို တွေ့မြင်လိုက်ရသည်။ကျန်းရွှမ်စဲ၏မျက်နှာအမူအယာ မသိမသာပြောင်းလဲသွားကာ စစ်ဆေးရေးမှူးများကိုဦးဆောင်၍ ထိုလူကို ဆီးကြိုနှုတ်ဆက်ရန် ဟန်ပြင်လေသည်။
ခန်းမ၏ပြင်ပ၌ ဖျင်ကြမ်းဝတ်စုံဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ရှိနေသည်။
ထိုအဖိုးအို၏လက်အတွင်း၌ တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။သူ၏ပုံရိပ်သည် အနည်းငယ်ခါးကုန်းနေကာ သူ၏မျက်နှာသည် လယ်ကွင်းအတွင်းတွင် အချိန်အတော်ကြာအလုပ်လုပ်ကိုင်ခဲ့သော လယ်သမားတစ်ယောက်ကဲ့သို့ ညိုမည်းပြီး သူ့ထံတွင် ပိန်ပါးသောခန္ဓာကိုယ်ရှိသည်။
သူ၏အဝတ်အစားများသည် အလွန်ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်ကာ တချို့နေရာများကို ဖာထေးပြုပြင်ထားပုံရသည်။
တဒေါက်ဒေါက်အသံသည် ထိုအဖိုးအို၏လက်အတွင်းရှိ တောင်ဝှေးမှ ထွက်ပေါ်နေခြင်းပင်။
ကျောင်းတော်သားတချို့သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် ထိုအဖိုးအိုကို ကြည့်လိုက်ကြ၏။ဤနေရာသည် နန်းတွင်းစာမေးပွဲကျင်းပနေသောခန်းမပင်။မည်သည်ကြောင့် ဤနေရာသို့ ကျူးကျော်ဝင်လာဝံ့သူတစ်ယောက် ရှိနေသနည်း။
အဖိုးအိုဝင်ရောက်လာသည်ကို မြင်တွေ့ချိန်တွင် အိမ်ရှေ့စံမင်းသားအပါအဝင် လက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးများအားလုံး ရှေ့သို့ခြေတစ်လှမ်းတိုးကာ အရိုအသေပြုလိုက်ကြသည်။
"မဟာဆရာသခင်...ဘာလို့ ဒီနေရာကို ရောက်လာတာလဲ"
အိမ်ရှေ့စံမင်းသားသည် တပည့်တစ်ယောက်မှ ဆရာသခင်တစ်ယောက်ကို မြင်တွေ့လိုက်ရသည့်အလား ရိုသေလေးစားစွာဖြင့် မေးမြန်းလေသည်။
Chapter 3200
အိမ်ရှေ့စံမင်းသား ပြောဆိုလိုက်သော 'မဟာဆရာသခင်'ဟူသော စကားကိုကြားချိန်တွင် လက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်သားများအားလုံး နှလုံးခုန်တစ်ချက်လွတ်သွားသည်။
တာယွီတော်ဝင်နန်းတွင်းတွင် မဟာဆရာသခင်ဟု ခေါ်ဆိုသုံးနှုန်းခံရသူဟူ၍ ပုဂ္ဂိုလ်တစ်ဦးတည်းသာရှိသည်။
မဟာဆရာသခင် ကျန်းဟောင်...
တာယွီအင်ပါယာ၏စာပေသူတော်စင်သုံးယောက်အနက်မှ တစ်ယောက်ပင်။
ကောင်းကင်ဘုံနယ်မြေအတွင်း၌ တာအိုသခင်အဆင့် ထိပ်သီးအစွမ်းထက်ကျင့်ကြံသူ အမြောက်အများရှိသော်လည်း သူတော်စင်ဟု ခေါ်ဆိုသုံးနှုန်းခံရသူမှာ အနည်းစုသာရှိသည်။
ရှေးဟောင်းကာလအတွင်း၌ပင် လူနည်းစုကသာ သူတော်စင်အဆင့်သို့ ရောက်ရှိနိုင်ပေ၏။
ပညာရပ်နယ်ပယ်တစ်ခု၌ သာမာန်လူများကိုသာမက အင်မော်တယ်များကိုပင် ဖိနှိပ်နိုင်သော လူများကိုသာ 'သူတော်စင်'ဟု ခေါ်ဆိုသုံးနှုန်းနိုင်သည်။
ယခုခေတ်အချိန်ကာလတွင် တာယွီအင်ပါယာသည် ကောင်းကင်ဘုံနယ်မြေကို ထိန်းချုပ်ထားသဖြင့် ကွန်ဖြူးရှပ်စာပေတာအိုကိုကျင့်ကြံသူ အမြောက်အများရှိသည်။မရေမတွက်နိုင်သော လူများကြားမှ ပေါက်ဖွားလာသော စာပေသူတော်စင်တစ်ယောက်သည် ခွန်အားကောင်းရန် လိုအပ်ရုံသာမက လုံလောက်သောအသိပညာဗဟုသုတ ရှိရပေမည်။သူသည် ကွန်ဖြူးရှပ်တာအိုပေါ်တွင်လည်း နက်ရှိုင်းသောနားလည်သဘောပေါက်မှု ရှိရပေမည်။
ကျန်းဟောင် ထွက်ပေါ်လာခြင်းကြောင့် ကျန်းမိသားစုသည် တော်ဝင်မြို့တော်၏ထိပ်တန်းမိသားစုရှစ်စုစာရင်းတွင် ပါဝင်နိုင်ခဲ့ကာ ကြီးမားသောဂုဏ်ကျက်သရေနှင့် ချမ်းသာကြွယ်ဝမှုတို့ကို ရရှိခဲ့လေသည်။
"ဒီတစ်ကြိမ်တော်ဝင်စာမေးပွဲမှာ ပါရမီရှင်တွေတော်တော်များများ ရွေးချယ်နိုင်ခဲ့တယ်လို့ ငါ ကြားထားတယ်..ငါက ဝမ်းမြောက်ဝမ်းသာဖြစ်မိတာကြောင့် ဒီနေရာကို တစ်ချက်လာကြည့်တာပဲ...အရှင့်သား ငါက နန်းတွင်းစာမေးပွဲကို နှောက်ယှက်မိသလိုများ ဖြစ်သွားသလား"
ကျန်းဟောင်က အပြုံးနှင့် ပြောဆိုသည်။
ကျန်းဟောင်၏အသံသည် ကြမ်းရှကာ အနည်းငယ်အသံဝဲသည်။သို့ရာတွင် ထိုအသံထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင် လူတိုင်း၏နားများအတွင်း၌ သတိပေးခေါင်းလောင်းသံ မြည်ဟီးသွားသည့်အလား ခံစားရစေသည်။သူတို့၏စိတ်နှလုံးသားများအတွင်းမှ မလိုလားအပ်သောအတွေးများ ရှင်းလင်းသွားကာ သူ၏သင်ပြမှုကိုသာ အလေးအနက်ထား၍ နားထောင်စေပေ၏။
အိမ်ရှေ့စံမင်းသားက ပြောဆိုသည်။
"မဟာဆရာသခင်က အရမ်းယဥ်ကျေးလွန်းနေပြီ...အပြင်မှာရှိတဲ့ အစောင့်တွေက မဟာဆရာသခင်ရောက်လာတာကို သတင်းမပို့ကြဘူး...ဒါကြောင့် ငါက မဟာဆရာသခင်ကို အပြင်ထွက်ပြီး မကြိုဆိုနိုင်ခဲ့ဘူး"
မဟာဆရာသခင်သည် တော်ဝင်နန်းတွင်း၏ ပထမအဆင့်အရာရှိဖြစ်ကာ အဆင့်မြင့်ဆုံးအရာရှိများအနက်မှတစ်ယောက်ဟု ယူဆနိုင်သည်။သို့ရာတွင် သူသည် များသောအားဖြင့် တော်ဝင်နန်းတွင်း၏အုပ်ချုပ်ရေးကိစ္စများအတွင်း၌ ဝင်ရောက်စွက်ဖက်လေ့မရှိချေ။
စာပေသူတော်စင်သုံးယောက်သည် အမြဲတစေ တံခါးပိတ်ကျင့်ကြံနေလေ့ရှိကာ နန်းတွင်းအရေးကိစ္စများကို ဆောင်ရွက်ခြင်းမရှိပေ။သူတို့သည် တော်ဝင်နန်းတွင်း၏စည်းမျဥ်းဥပဒေများနှင့် ပတ်သက်၍ အလွန်အမင်းအရေးကြီးသော ကိစ္စတချို့တွင်သာ ထွက်ပေါ်လာလေ့ရှိသည်။
ဤနန်းတွင်းစာမေးပွဲတွင် စာပေသူတော်စင်ကျန်းဟောင်ရောက်ရှိလာမည်ဟု မည်သူကမျှ တွေးထင်ထားခြင်းမရှိချေ။သူတော်စင်များကို ယခင်က တစ်ကြိမ်တစ်ခါမျှ မတွေ့ဆုံဖူးသော ကျောင်းတော်သားအများစုသည် ကျန်းဟောင်ထံဦးတည်၍ ပျာပျာသလဲ ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"ဟား ဟား ဟား...ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး...ငါ ဒီနေရာကိုလာတာ မေးခွန်းနည်းနည်းလောက် မေးချင်ရုံသက်သက်ပဲ...အဲ့ဒါပြီးတာနဲ့ ငါ ထွက်သွားမှာပါ"
ကျန်းဟောင်က ရယ်မောရင်း ပြောဆိုလေသည်။သူ၏မျက်နာပေါ်တွင် ကြင်နာသနားတက်သောအမူအယာမျိုး ရှိနေလေရာ နွေဦးလေပြည်ညှင်းတိုက်ခတ်သကဲ့သို့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
အိမ်ရှေ့စံမင်းသားက သူ၏လက်နှစ်ဖက်ကို အလျှင်အမြန်ပူးဆုပ်၍ ပြောဆိုလေ၏။
"မဟာဆရာသခင်က ဘာကိုမေးချင်တာလဲ...ပြောသာပြောလိုက်ပါ"
တော်ဝင်နန်းတွင်း၏စာပေသူတော်စင်သုံးယောက်သည် ဧကရာဇ်၏နာမည်ခံဆရာသခင်များပင်။တစ်ချိန်တည်းမှာပင် ကျန်းဟောင်သည် အိမ်ရှေ့စံမင်းသားနှင့်တခြားမင်းသားများကိုပါ သင်ကြားပြသပေးခဲ့သူဖြစ်သည်။
ခွန်အားအရဖြစ်စေ အခွင့်အာဏာအရဖြစ်စေ အိမ်ရှေ့စံမင်းသားသည် စာပေသူတော်စင်သုံးယောက်ကို အလွန်အမင်း ရိုသေလေးစားစွာ ဆက်ဆံရသည်။အကယ်၍ သူသည် ရိုင်းပျစွာဆက်ဆံမိပါက တခြားအရာရှိများ၏ပစ်မှတ်ထားခြင်းကို ခံရမည့်အပြင် ဆရာသခင်အပေါ် မလေးမစားလုပ်သူအဖြစ်လည်း သတ်မှတ်ခံရပေမည်။
သူ၏အင်အားကို တောင့်တင်းစေရန်အတွက် အိမ်ရှေ့စံမင်းသားသည် သူ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို အစွမ်းကုန် လုပ်ဆောင်ထားပြီးလေပြီ။ထို့ကြောင့် သူသည် ဤကဲ့သို့ ကိစ္စငယ်လေးတစ်ခုအတွက်ဖြင့် အမှားကျူးလွန်မည်မဟုတ်ချေ။
ကျန်းဟောင်က သူ၏လက်ကို ဝှေ့ယမ်းပြလိုက်သည်။
"အရှင့်သား ငါက မင်းကို လာရှာတာမဟုတ်ဘူး...ငါ လာရှာတာက သူ့ကိုပဲ"
ကျန်းဟောင် လက်ညှိုးညွှန်ရာနောက်သို့ လိုက်ကြည့်နေသော လူအုပ်ကြီးသည် နောက်ဆုံး၌ လူတစ်ဟောက်ကို တွေ့ရှိသွားလေ၏။
ဤသည်က လုယွီပင်။
လူတိုင်း၏မျက်လုံးအကြည့်များက လုယွီထံသို့ စူးစိုက်၍ ကျရောက်လာသည်။
လက်ရှိနေရာတွင်ရှိနေသော ကျောင်းတော်သားအများစု၏ စိတ်နှလုံးသားများအတွင်းတွင်လည်း မေးခွန်းများရှိနေသည်။ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းမှ လုယွီ ထွက်လာစဥ်တွင် မည်သည့်ကြောင့် သူ့အတွက်ဖြင့် အိမ်ရှေ့စံမင်းသားနှင့် တခြားစစ်ဆေးရေးမှူးများ ငြင်းခုံနေကြသနည်း....
မည်သည်ကြောင့် ယခုချိန်တွင် စာပေသူတော်စင်တစ်ယောက် ရောက်ရှိလာကာ လုယွီကို နာမည်တပ်၍ လာရောက်ရှာဖွေသနည်း....
လုယွီသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ မည်သည့်ကိစ္စရပ်များကို ပြုလုပ်ခဲ့သနည်း...
လူအားလုံး၏အကြည့်များအောက်တွင် ကျန်းဟောင်က လုယွီ၏ရှေ့သို့ တဖြည်းဖြည်းလျှောက်လှမ်းသွားလေသည်။