← Chapters

အခန်း (၃၂၀၁-၃၂၀၅)

Vol. 163 Ch. 3201-3205

အခန်း (၃၂၀၁-၃၂၀၅)

Vol. 163 Ch. 3201-3205

Chapter 3201

"မဟာဆရာသခင်ကို ဂါရဝပြုပါတယ်"

လုယွီက သူ၏လက်နှစ်ဖက်ကိုပူးဆုပ်၍ ဂါရဝပြုလိုက်သော်လည်း သူ၏စိတ်နှလုံးသားအတွင်း၌ အနည်းငယ်ထိတ်လန့်တုန်လှုပ်နေသည်။

သူ မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်၏ အကျဥ်းထောင်အတွင်းသို့ ဝင်ရောက်ချိန်တွင် မိုးကောင်းကင်ယံ၏အနက်ရှိုင်းဆုံးနေရာမှနေ၍ သူ့အား တစ်စုံတစ်ယောက်မှ စူးစိုက်၍ကြည့်နေသည်ကို လုယွီက ခံစားမိလေ၏။

ထိုအကြည့်သည် တခြားစစ်ဆေးရေးမှူးများ အိမ်ရှေ့စံမင်းသားတို့နှင့် ကွဲပြားခြားနားနေသည်။

လုယွီကိုယ်တိုင်သည် သိုင်းပညာသူတော်စင်တစ်ယောက်ဖြစ်ကာ ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းတွင်ပင် နတ်ဘုရားစိတ်အာရုံ၏စွမ်းအားဖြင့် သူ၏ကြိုတင်သိမြင်နိုင်စွမ်းသည် တခြားသူများထက် ပို၍မြင့်မားသည်။

သူ့အားစူးစမ်းနေသော ပုဂ္ဂိုလ်သည်လည်း အားကောင်းသောနတ်ဘုရားစိတ်အာရုံကို ပိုင်ဆိုင်ထားသူဖြစ်ပေမည်။ထို့ပြင် စွမ်းအားအရဆိုပါက ထိုပုဂ္ဂိုလ်သည် သူ့အား ဖိနှိပ်ထားနိုင်စွမ်းရှိသည်။လုယွီ အာရုံခံမိသော နတ်ဘုရားစိတ်အာရုံသည် မြင့်မားသောတောင်တစ်လုံးနှင့်တူညီကာ လူအများအား ရိုသေကြည်ညိုသော ခံစားချက်မျိုး ပေါက်ဖွားစေသည်။

နန်းတွင်းစာမေးပွဲ၌ တော်ဝင်နန်းတွင်း၏တားဆီးမှုမရှိဘဲ စူးစမ်းလေ့လာနိုင်သူဟူ၍ စာပေသူတော်စင်သုံးယောက်သာရှိသည်။ထို့ပြင် ဟွမ်လျန့်အိမ်မက်ကမ္ဘာကို တည်ဆောက်ခဲ့သူမှာ ကျန်းဟောင်ဖြစ်သဖြင့် လုယွီကို စူးစမ်းလေ့လာနေသူမှာ ကျန်းဟောင်သာ ဖြစ်ပေမည်။

ကျန်းဟောင်က ပြောဆိုသည်။

"ငါ မင်းကို တစ်ခုလောက် မေးချင်တယ်...လျှူထိုက်ယီရဲ့ခန္ဓာကိုယ်ထဲမှာ အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်ရဲ့စိတ်ဝိညာဥ် ပုန်းအောင်းနေတာကို မင်း ဘယ်လိုလုပ်ပြီးတော့ သိတာလဲ"

ဤကဲ့သို့မေးခွန်းမျိုး ထွက်ပေါ်လာမည်ကို လုယွီက သိရှိထားပြီးလေပြီ။

အမှန်အားဖြင့် လုယွီသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်းသို့ စတင်ဝင်ရောက်ခဲ့ချိန်မှစ၍ သူ၏လုပ်ဆောင်ချက်များသည် တခြားကျောင်းတော်သားများနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေပေ၏။

ဥပမာအနေဖြင့် နှစ်ကူးပွဲတော်နေ့၏ သတ်ဖြတ်ခြင်းထောင်ချောက်သည် သေချာပေါက် သေစေနိုင်သော အခြေအနေမျိုးဖြစ်သော်လည်း လုယွီက ပြောင်းပြန်လှန်နိုင်ခဲ့သည်။

ဤသည်က သူ အိမ်မက်ကမ္ဘာအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်ပုံမျိုးဖြင့် မတူညီတော့ချေ။သူသည် ထိုအရာများကို အချိန်ကြာမြင့်စွာ တွေ့ကြုံပြီးကာ ထပ်မံ၍ လေ့ကျင့်နေသကဲ့သို့ပင်။တစ်စုံတစ်ယောက်သည် မည်သည့်ရှုထောင့်မှကြည့်နေပါစေ ရန်သူအပေါ် သူ၏လက်ဦးမှုယူ၍ တိုက်ခိုက်ခြင်းသည် တုန်လှုပ်ချောက်ချားဖွယ်အဆင့်တစ်ခုသို့ ရောက်ရှိနေလေပြီ။

မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်ရေးရုံးတော်၏ အကျဥ်းထောင်အတွင်း၌ လုယွီ၏လုပ်ဆောင်ချက်များသည် ပို၍ပင် ထူးဆန်းနေပေ၏။

အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်သည် သူ့ကိုယ်သူ အလွန်နက်ရှိုင်းစွာ ဖုံးကွယ်ထားသဖြင့် သူ့အားရှာဖွေဖော်ထုတ်နိုင်ရန်မှာ လွန်စွာခက်ခဲပေမည်။သို့ရာတွင် လုယွီသည် အချိန်မီထွင်းဖောက်မြင်နိုင်ခဲ့ကာ အကျိုးသက်ရောက်မှုရှိသော တန်ပြန်အစီအစဥ်များဖြင့်ပင် တိုက်ခိုက်နိုင်ခဲ့သည်။

ကျန်းဟောင်သည် ထိုအချင်းအရာကို သိရှိလိုသဖြင့် လာရောက်မေးမြန်းသည်မှာ သဘာဝကျသောကိစ္စပင်။

လုယွီသည် အချိန်တခဏကြာ စဥ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။

"ကျွန်တော်က သံသယဝင်စရာ အချက်သုံးချက်ကို သတိပြုမိခဲ့တယ်"

"ပထမဆုံးအချက်က ကျွန်တော် အကျဥ်းထောင်ထဲကို ရောက်တဲ့အချိန်မှာ ခြေလှမ်းလှမ်းတဲ့အသံက သူ့ကို စောင့်ကြပ်နေတဲ့ နတ်ဆိုးကျင့်ကြံသူတွေနဲ့ကွဲပြားခြားနားနေတယ်...မိုးကောင်းကင်မီးတောက်ကုန်းမြေ အုပ်ချုပ်သူအရှင်ရဲ့စွမ်းအားက အနည်းဆုံးတော့ လောကီအင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်မှာ ရှိနေလိမ့်မယ်...သူက ဒီပုံမှန်မဟုတ်တဲ့အချက်ကို သတိမပြုမိဘဲနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်ကို ဘယ်သူလဲဆိုတာ မေးမြန်းခဲ့တယ်...သူ ဒီလိုလုပ်ခဲ့တာက ကျွန်တော်ရဲ့ရှေ့မှာ သူက အညံခံဖို့ထက် သေဖို့ကိုပဲရွေးချယ်ထားပြီးတော့ တော်ဝင်နန်းတွင်းပေါ်ကို သစ္စာစောင့်သိတယ်ဆိုတဲ့ပုံစံမျိုး အယောင်ဆောင်ချင်လို့ပဲ"

"ဒုတိယအချက်အနေနဲ့ ကျွန်တော်က ဖြစ်စဥ်တစ်ခုလုံးကို ရှင်းပြပြီးတဲ့အချိန်မှာ တော်ဝင်နန်းတွင်းကစစ်ကူတွေ လမ်းတစ်ဝက်ကိုရောက်နေပြီဆိုတာ သူက သိသွားပြီ...မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့ အခုလက်ရှိအခြေအနေကို သူ အရင်ဆုံးမေးသင့်တယ်...ဒါပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေက ကျွန်တော်ရဲ့အနားကို ချဥ်းကပ်နိုင်ဖို့ကိုပဲ အရမ်းစိတ်အားထက်သန်နေတယ်...သူက သူ့ရဲ့ခန္ဓာကိုယ်ပေါ်က သံကြိုးတွေကို ဖြတ်တောက်ပြီးတော့ သူ့ကိုလွှတ်ပေးဖို့ကိုပဲ ကူညီစေချင်ခဲ့တယ်....အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲဆိုတာ သူ နည်းနည်းလေးတောင် ဂရုမစိုက်ဘူး....ဒါက သစ္စာရှိအရာရှိတစ်ယောက်ရဲ့ သာမာန်အပြုအမူမျိုးမဟုတ်တော့ဘူး"

"တတိယအချက်ကတော့ ကျွန်တော်က မိုးကောင်းကင်မီးတောက်ကုန်းမြေရဲ့အခွန်အခတွေနဲ့ပတ်သက်ပြီးတော့ သူ့ကိုမေးတဲ့အချိန်မှာ...သာမာန်လူတွေဆိုရင် ကျွန်တော်က သူ့ရဲ့အဆင့်အတန်းကို အတည်ပြုချင်လို့ မေးမြန်းတယ်ဆိုတာကို သိနေရမယ်...ဒါပေမယ့် အဲ့ဒီလူက ရေရေရာရာ အဖြေပြန်မပေးခဲ့ဘူး...သူက အဲ့ဒီကိစ္စကို စိတ်ထဲတောင်မရှိတာ သိသာထင်ရှားနေတယ်...တာယွီအင်ပါယာရဲ့ တော်ဝင်စုံစမ်းစစ်ဆေးရေးမှုးတွေက နေရာအနှံ့အပြားမှာ ကင်းလှည့်ပြီးစောင့်ကြည့်နေတယ်...ဒါကြောင့် အရာရှိတွေက နယ်မြေခံအခြေအနေတွေအားလုံးကို သိထားရမယ်....လျှူထိုက်ယီကတော့ အဲ့ဒီကိစ္စတွေကို မှတ်ထားပုံမရဘူး...သူက ပြောဖို့ဆန္ဒမရှိတာမဟုတ်ဘဲနဲ့ သူမသိဘူးဆိုတာက သိသာထင်ရှားတယ်"

ထိုသက်သေသုံးချက်သည် လုံလောက်စွာ တိကျမှန်ကန်ပေ၏။

လက်ရှိနေရာတွင်ရှိနေသော စစ်ဆေးရေးမှူးအများစုသည် ထိုစကားကိုကြားချိန်တွင် သူတို့က ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြသည်။

ယခင်က သူတို့ တွေးထင်ခဲ့သည်မှာ လုယွီသည် လျှူထိုက်ယီ၏ဟာကွက်တချို့ကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားသောကြောင့် သို့မဟုတ် သူသည် အနည်းငယ်သံသယဝင်မိသောကြောင့် ဖြစ်မည်ဟုပင်။လုယွီ မည်ကဲ့သို့ သိရှိသွားခဲ့သည်ကို သူတို့အားလုံး မသိရှိကြချေ။

ယခုလက်ရှိချိန်၌ လုယွီ၏အမြင်သည် အလွန်တုန်လှုပ်ချောက်ချားဖွယ် ကောင်းပုံရသည်။သူသည် အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သော အချိန်အခိုက်အတန့်တွင် ဟာကွက်များတွေ့ရှိခဲ့သဖြင့် နောက်ထပ်လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပေ၏။

Chapter 3202

ထိုစကားများကို နားထောင်ပြီးနောက် ကျန်းဟောင်က ခေါင်းညိတ်ပြကာ အပြုံးနှင့်ပြောဆိုသည်။

"မင်းရဲ့ အဆောင်သင်္ကေတအရည်အချင်းက တော်တော်လေးမြင့်မားတာပဲ...မင်း ဒါကို ဘယ်နေရာကနေ သင်ယူခဲ့တာလဲ"

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိဘဲ သူက တည်ငြိမ်စွာပြောဆိုသည်။

"ဒါက ကျွန်တော် စွန့်စားမှုတစ်ခုကနေ မတော်တဆရရှိခဲ့တဲ့ ကံကြမ္မာကောင်းတစ်ခုပါ"

အကယ်၍ ဤအဆောင်သင်္ကေတနည်းစနစ်သာ ပြင်ပတွင်ရှိနေပါက လူအများ လိုချင်တပ်မက်ကြမည်မှာ သေချာပေါက်ပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ လုယွီသည် ပြောင်ပြောင်တင်းတင်း မတ်တတ်ရပ်နေနိုင်ကာ ယခင်ကဲ့သို့ သူ၏နာမည်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ချေ။သူသည် ကိစ္စတချို့ကို လူသိရှင်ကြားထုတ်ဖော်ပြောဆို၍ ရသွားလေပြီ။ထို့ပြင် သူ့ထံ၌ မသေမျိုးအဆင့်မှော်လက်နက်ရှိနေသည်။အကယ်၍ တခြားသူများသည် သူ့အား လာရောက်ရှာဖွေလိုပါက မသေမျိုးအဆင့်မှော်လက်နက်၏စွမ်းအားကို အရင်ဆုံး ခံစားရပေမည်။

"ဒါက အမှန်ပဲ...ဘယ်သူမဆို ကံကြမ္မာကောင်းတွေကို ရရှိနိုင်တယ်...ဒါပေမယ့် မင်း ဒါကို ခုလိုအဆင့်မျိုးထိ ထုတ်ဖော်အသုံးပြုနိုင်အောင် အများကြီး ကြိုးစားထားတယ်ဆိုတာ သိသာထင်ရှားတယ်"

ကျန်းဟောင်က ခေါင်းညိတ်ပြကာ ချီးမွမ်းစကားပြောဆိုသည်။

ဤချီးမွမ်းမှုကြောင့် လုယွီသည် အနည်းငယ်အရှက်ရသွားသကဲ့သို့ ခံစားမိလေ၏။

နတ်ဆိုးဖိနှိပ်ခြင်းအဆောင်လက်ဖွဲ့ကို သူ အလျှင်အမြန် ထုတ်ဖော်အသုံးပြုနိုင်ခဲ့ရသည့် အကြောင်းအရင်းမှာ ဤဘဝတွင် သူ ပင်ပင်ပန်းပန်း ကြိုးစားထားခဲ့ခြင်းကြောင့်မဟုတ်ဘဲ အတိတ်ဘဝရှိ သူ၏နက်နဲသိမ်မွေ့သော နားလည်သဘောပေါက်မှုကြောင့်ပင်။ထိုအရာကို သင်ယူပြီးနောက် သူ၏စိတ်အတွင်း၌ အကြိမ်ပေါင်းထောင်သောင်းချီ၍ လေ့ကျင့်ခဲ့သည်။

ဤနည်းလမ်းဖြင့်သာ သူသည် အလင်းမြင့်မြတ်ဘုရားကျောင်းခေါင်းဆောင်ကို တန်ပြန်တိုက်ခိုက်၍ အနိုင်ယူနိုင်ပေမည်။

"မင်း အရမ်း ယဥ်ကျေးနေဖို့မလိုဘူး...ငါက မင်းရဲ့အစွမ်းအစကို တွေ့မြင်ပြီးပြီ...တကယ်လို့ စီနီယာအကိုကြီးက မင်းကို တပည့်အဖြစ် ခေါ်ထားတယ်ဆိုတာကိုသာ ငါ မသိခဲ့ရင်...ငါ မင်းကို ငါ့ရဲ့တပည့်အဖြစ် လိုချင်မိလိမ့်မယ်...မင်းက နန်းတွင်းစာမေးပွဲမှာ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့တယ်...ဒီတစ်ကြိမ် နန်းတွင်းစာမေးပွဲရဲ့ပထမနေရာကို မင်း မရမှာ ငါ စိုးရိမ်မိတယ်"

ကျန်းဟောင်က အပြုံးနှင့်ပြောဆိုသည်။

သူသည် စကားတချို့ကို သာမာန်ကာလျှံကာ ပြောဆိုလိုက်ခြင်းဖြစ်သော်လည်း ပတ်ဝန်းကျင်ရှိ လူများအားလုံး၏မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။

ဤသည်က သံသယဖြစ်ဖွယ်မရှိသော နတ်ဘုရားတာအို၏အသံကဲ့သို့ပင်။

တာယွီအင်ပါယာ၌ စာပေသူတော်စင်သုံးယောက်သည် ဧကရာဇ်၏အဆင့်နှင့်ညီမျှသော အမိန့်တော်ကို ထုတ်ပြန်နိုင်ပေ၏။တစ်ခါတစ်ရံတွင် သူတို့၏အမိန့်သည် ဧကရာဇ်၏အမိန့်တော်ထက်ပင် ပို၍အကျိုးသက်ရောက်မှုရှိသည်။

ထို့ပြင် အကယ်၍ စာပေသူတော်စင်သုံးယောက်လုံး သဘောတူညီပါက ယခုလက်ရှိ ဧကရာဇ်ကိုဖြုတ်ချကာ ဧကရာဇ်အသစ်ကို တင်မြှောက်နိုင်စွမ်းရှိပေ၏။

ဤကဲ့သို့အခွင့်အာဏာမျိုးသည် စိတ်ကူးယဥ်တွေးတောကြည့်၍ပင်မရသောအဆင့်သို့ ရောက်ရှိနေလေပြီ။

အိမ်ရှေ့စံမင်းသား၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။

အစောပိုင်းက သူသည် လုယွီကို အလွန်မြင့်သောအဆင့်မျိုး ပေးမည်မဟုတ်ဟု ပြောဆိုခဲ့သည်။သို့ရာတွင် ဤနေရာသို့ ကျန်းဟောင် ရုတ်တရက်ရောက်ရှိလာမည်ဟု သူ မျှော်လင့်မထားမိချေ။

သူသည် အိမ်ရှေ့စံမင်းသားဖြစ်ကာ နန်းတွင်းစာမေးပွဲ၏ စစ်ဆေးရေးမှူးခေါင်းဆောင်ဖြစ်သော်လည်း စာပေသူတော်စင်တစ်ယောက်၏ ကြားဝင်စွက်ဖက်မှုရှိနေပါက သူ၏စကားများသည် အသုံးဝင်မည်မဟုတ်ချေ။

မည်သူကမျှ စာပေသူတော်စင်၏အမိန့်အပေါ် မေးခွန်းမထုတ်ဝံ့ချေ။

ကျန်းရွှမ်စဲသည် ရုတ်တရက် ကျန်းဟောင်၏စကားများအတွင်းမှ တစ်စုံတစ်ခုကို သတိပြုမိပုံဖြင့် မေးမြန်းလိုက်သည်။

"မဟာဆရာသခင်....လုယွီရဲ့ဆရာသခင်က...."

"သူက ငါ့ရဲ့စီနီယာအကိုပဲ...အော် ဒါနဲ့ လုယွီ...စီနီယာအကိုက တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ...မင်း သူ့ကို သွားတွေ့လိုက်အုံး"

ကျန်းဟောင်က သူ၏လက်ကိုဝှေ့ယမ်းကာ နောက်သို့ချာခနဲလှည့်၍ ထွက်ခွာသွားတော့သည်။

ကောင်းကင်နှင့်မြေပြင်ခန်းမအတွင်း၌ စာပေသူတော်စင်များသာ လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်သည်။

"သူတော်စင်ကို နှုတ်ဆက်ပါတယ်"

လက်ရှိနေရာတွင်ရှိနေသူတိုင်း တညီတညွတ်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။

လုယွီကိုကြည့်သော လူတိုင်း၏အမြင်များ ပြောင်းလဲသွားလေပြီ။

လုယွီသည် စာပေသူတော်စင်ယီဟန်၏တပည့်တစ်ယောက်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း ထိုကိစ္စကို အတည်ပြုနိုင်ခဲ့ခြင်းမရှိချေ။ထိုကိစ္စကို မယုံကြည်သော လူအမြောက်အများ ရှိနေဆဲပင်။

သို့ရာတွင် ယခုလက်ရှိချိန်၌ ကွဲပြားခြားနားသွားလေပြီ။

ကျန်းဟောင် ပြောဆိုသွားသည်မှာ အမှန်တရားသာဖြစ်ပေမည်။

လုယွီသည် စာပေသူတော်စင်ယီဟန်၏တပည့်တစ်ယောက်ဟူသည်မှာ အမှန်ပင်။

တစ်ခုသိထားရမည်မှာ ကျန်းဟောင်ပြောဆိုသွားသော 'တပည့်'ဟူသည်မှာ မုန့်ကျူးယွင်ကဲ့သို့ အမည်ခံတပည့်မျိုးတမျှ ရိုးရှင်းခြင်းရှိမည်မဟုတ်ချေ။ဤသည်က တိုက်ရိုက်တပည့်တစ်ယောက်ကို ခေါ်ဆိုသုံးနှုန်းခြင်း ဖြစ်ပေမည်။

ယီဟန်၏တိုက်ရိုက်တပည့်တိုင်း ကောင်းကင်ဘုံနယ်မြေအတွင်း၌ နာမည်ကျော်ကြားသောတည်ရှိမှုကြီးများဖြစ်သည်။ရုတ်ချည်းဆိုသလိုပင် လုယွီ၏မိတ်ဆွေများဖြစ်စေ ရန်သူများဖြစ်စေ သူ့အပေါ်ကြည့်သောအမြင် ပြောင်းလဲသွားသည်။

Chapter 3203

အိမ်ရှေ့စံမင်းသားသည် သူ၏လက်ချောင်းထိပ်များကို သူ၏လက်ဝါးအတွင်းသို့ နက်ရှိုင်းစွာ ထိုးစိုက်ထားသဖြင့် သူ၏လက်မှအသားဖြူရော်နေသည်။

ဤသည်က စစ်ဆေးရေးမှူးများအားလုံးရှေ့တွင် သူ၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်ခြင်းပင်။

လူတစ်ယောက်၏နာမည်ဂုဏ်သတင်းသည် တဖြည်းဖြည်း စုစည်းရသောအရာမျိုးဖြစ်ပြီး ပထမဆုံးအမြင်သည် လွန်စွာအရေးကြီးပေ၏။

အိမ်ရှေ့စံမင်းသားသည် နန်းတွင်းစာမေးပွဲ၌ ဖြေဆိုသူကျောင်းတော်သားအားလုံးထံမှ အမြင်ကောင်းရရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။သူသည် အိမ်ရှေ့စံမင်းသားဖြစ်သဖြင့် ဤခန်းမအတွင်းရှိ အရာရာတိုင်းကို ထိန်းချုပ်နိုင်ခဲ့သည်။လုယွီ၏လုပ်ဆောင်ချက်များသည် အလွန်ထူးချွန်နေသည့်တိုင် သူ၏စကားတစ်ခွန်းတည်းဖြင့် ချေမွှဖျက်ဆီးနိုင်ပေ၏။

သို့ရာတွင် သူ၏အစီအစဥ်သည် အဆုံးသတ်၌ ကျရှုံးသွားလေပြီ။

လုယွီသည် ထိခိုက်နာကျင်မှုမရှိရုံသာမက စာပေသူတော်စင်ကျန်းဟောင်၏အသိအမှတ်ပြုမှုကိုလည်း ရရှိသွားခဲ့သည်။

အကယ်၍ ဤသတင်းသာပျံ့နှံ့သွားပါက လုယွီ၏နာမည်ဂုဏ်သတင်း ပို၍ထင်ရှားကျော်ကြားလာပေမည်။နှိုင်းယှဥ်ကြည့်ပါက အိမ်ရှေ့စံမင်းသားသည် ပါရမီရှင်တစ်ယောက်ကို တန်ဖိုးမထားသူအဖြစ် သတ်မှတ်ခံရကာ လူအများ၏ကျိန်ဆဲခြင်းကိုခံရပြီး သူ၏နာမည်ဂုဏ်သတင်း ပျက်ပြားသွားပေမည်။

"ငါ အစကတော့ မင်းကို လေ့ကျင့်ပြီးအတွေ့အကြုံရှာနိုင်ဖို့ အဝေးကိုပို့ချင်ခဲ့တယ်...ဒါပေမယ့် ပြောရမယ်ဆိုရင်...ဟွမ်လျန့်အိမ်မက်ကမ္ဘာထဲမှာ မင်းရဲ့လုပ်ဆောင်ချက်တွေက တော်တော်လေးထူးချွန်တယ်...ငါ မင်းကို အဆင့်သတ်မှတ်ချက်ရဲ့ ပထမနေရာပေးမယ်...ငါ အရင်က ပြောခဲ့တာတွေက မင်းကို အတွေ့အကြုံရစေချင်လို့ပဲ...ကျောင်းတော်သားလု ကျေးဇူးပြုပြီးတော့ ဒါကို မင်းရဲ့စိတ်ထဲမထားပါနဲ့"

အိမ်ရှေ့စံမင်းသားသည် သူ၏အပြုအမူကို ချက်ချင်းပြောင်းလဲလိုက်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့်ပြောဆိုသည်။

အိမ်ရှေ့စံမင်းသား၏စကားကိုကြားချိန်တွင် လုယွီက တည်ငြိမ်စွာ ပြောဆိုလေ၏။

"အရှင့်သားရဲ့စကားတွေကို ငါ အမှတ်ရနေမှာပါ"

လုယွီထံတွင် ကျေးဇူးတင်သည့်အမူအယာလည်းမရှိ မုန်းတီးသည့်အမူအယာလည်း ရှိမနေချေ။

လုယွီသည် မမြင်နိုင်သောစကားလုံးများကိုအသုံးပြု၍ အိမ်ရှေ့စံမင်းသားကို ချေပပြောဆိုလိုက်ခြင်းဖြစ်သည်။

အိမ်ရှေ့စံမင်းသား၏မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေဆဲပင်။ဤအချိန်အခိုက်အတန့်တွင် သူ့ထံ၌ ရွေးချယ်စရာမရှိတော့သဖြင့် သူ၏သဘောထားကို ပြောင်းလဲခဲ့ရသည်။

"နန်းတွင်းစာမေးပွဲ ပြီးဆုံးသွားပြီ...ကျောင်းတော်သားတွေရဲ့အဆင့်ကို ထုတ်ပြန်ကြေငြာမယ်"

မိန်းမစိုးတစ်ယောက်က အိမ်ရှေ့စံမင်းသားပြင်ဆင်ထားသော အဆင့်သတ်မှတ်ချက်စာရွက်ကို ဖြန့်လိုက်၏။

လုယွီမှလွဲ၍ တခြားကျောင်းတော်သားများ၏အဆင့်များကို စစ်ဆေးရေးမှူးများအားလုံး အတူပူးပေါင်း၍ အကဲဖြတ်ထားခြင်းဖြစ်သည်။အဆုံးသတ်၌ ထိုအကဲဖြတ်မှုများကိုစုစည်း၍ အိမ်ရှေ့စံမင်းသားထံသို့ ဆုံးဖြတ်ချက်ချရန်အတွက် ပို့ဆောင်ရသည်။လုယွီမှလွဲ၍ တခြားကျောင်းတော်သားများသည် ဟွမ်လျန့်အိမ်မက်ကမ္ဘာအတွင်း၌ ဆိုးရွားသောအခြေအနေမျိုးနှင့် မကြုံတွေ့ခဲ့ရချေ။

ပထမ...လုယွီ

ဒုတိယ...ရှထန်ကန်း

တတိယ...လီစစ်

အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာချိန်တွင် တချို့လူများသည် သူတို့၏အဆင့်များကို မြင်ပြီးနောက် သူတို့၏မျက်နှာများပေါ်၌ စိတ်ဓာတ်ကျဆင်းသော အရိပ်အယောင်များ ထင်ဟပ်လာသည်။အမှန်အားဖြင့် ပျော်ရွှင်ဝမ်းမြောက်နေသော လူတချို့လည်းရှိနေသည်။သို့ရာတွင် သူတို့သည် ကျင့်ကြံခြင်းလမ်းကြောင်းတွင် အဆင့်တစ်ခုသို့ ရောက်ရှိနေသူများဖြစ်သဖြင့် သူတို့၏ပျော်ရွှင်မှု ဝမ်းနည်းမှုများကို လွယ်လင့်တကူ ထုတ်ဖော်မပြသကြချေ။

ဤအဆင့်သတ်မှတ်ချက်သည် စာပေစာမေးပွဲနှင့်တိုက်ခိုက်ရေးစာမေးပွဲ၏ရလဒ်များအပေါ်တွင်လည်း ခြုံငုံ၍ ထုတ်ပြန်ထားခြင်းဖြစ်သည်။

လီစစ်၏စာပေအဆင့်နှင့်တိုက်ခိုက်ရေးအဆင့်သည် အလွန်မြင့်မားခြင်းမရှိချေ။သို့ရာတွင် သူသည် နန်းတွင်းစာမေးပွဲတွင် သူ၏လုပ်ဆောင်ချက်များကို အတင့်ရဲစွာ ပြုလုပ်၍ ပြောင်းလဲမှုများကို အဆက်မပြတ်ပြုလုပ်ခဲ့သည်။သူ၏စီရင်စုကို ကြယ်နယ်မြေတစ်ခုလုံးတွင် စည်ပင်ဝပြောဆုံးစီရင်စုဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့လေ၏။သူ၏စီရင်စုသည် ကြယ်နယ်မြေတစ်ခုလုံး၏မြင့်မြတ်နယ်မြေဖြစ်လာကာ ကျင့်ကြံသူအမြောက်အများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။

စစ်ဆေးရေးမှူးများသည် နန်းတွင်းစာမေးပွဲတွင် ဖြေဆိုသူများအားလုံးကို အလေးအနက်ထား၍ စောင့်ကြည့်ခဲ့ကြသည်။လီစစ်၏နည်းလမ်းများ မည်မျှထိအဖိုးတန်သည်ကို သူတို့ သိရှိသဖြင့် လီစစ်ကို မြင့်မားသောအဆင့် ပေးအပ်လိုက်ခြင်းပင်။

တာယွီအင်ပါယာအတွက် အရာအားလုံးကို ခွန်အားဖြင့် အနိုင်ယူနိုင်သော ထိပ်သီးအစွမ်းထက်ကျင့်ကြံသူများ မလိုအပ်ချေ။ထိုအစား အုပ်ချုပ်ရေးနည်းလမ်းများကို ရင်းနှီးကျွမ်းဝင်ကာ နေရာတစ်နေရာကို တည်ငြိမ်ပြီး သာယာဝပြောအောင် ထိန်းသိမ်းနိုင်သော လူများကိုသာ လိုအပ်ပေ၏။

လီစစ်သည် စည်းမျဥ်းဥပဒေသူတော်စင်၏အမွေအနှစ်ကို ဆက်ခံထားသူပင်။သူသည် ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်၌ အချိန်အတော်ကြာ ပညာသင်ယူပြီးနောက် အုပ်ချုပ်ရေးပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်ထားပြီးဖြစ်သည်။ပြောရမည်ဆိုလျှင် သူ စုစည်းထားသော အတွေ့အကြုံများသည် နန်းတွင်းစာမေးပွဲကိုဖြတ်ကျော်ရန် လုံလောက်သည်ထက်ပင် ပိုနေလေပြီ။

သို့ရာတွင် လီစစ်သည် ဖျက်မြင်းတစ်ကောင်ဖြစ်သော်လည်း လူတိုင်း၏အကြည့်များက လုယွီထံတွင်သာ စူးစိုက်၍ကျရောက်နေသည်။

ဤတော်ဝင်စာမေးပွဲ၌ လုယွီသည် စာပေစာမေးပွဲ ပထမနေရာ...တိုက်ခိုက်ရေးစာမေးပွဲ ပထမနေရာနှင့် နန်းတွင်းစာမေးပွဲတွင်လည်း ပထမနေရာကို ရရှိခဲ့သည်။

Chapter 3204

သေမျိုးတိုင်းပြည်များနှင့်မတူညီသည်မှာ တာယွီအင်ပါယာ၏ထိပ်သီးကျောင်းတော်သားအများစုကို တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးခုမှသာ ရွေးချယ်လေ၏။

ဤသို့ဖြစ်ရခြင်းမှာ တော်ဝင်စာမေးပွဲသည် တိုက်ခိုက်ရေးစာမေးပွဲသက်သက်မဟုတ်ဘဲ အရာရှိတစ်ယောက်ဖြစ်လာမည့်လမ်းကြောင်း ဖြစ်နေသောကြောင့်ပင်။လေလွင့်ကျင့်ကြံသူများသည် ထိုအရာများကို သင်ယူနိုင်ရန် နေရာမရှိခဲ့ချေ။တော်ဝင်ကျောင်းတော်နှင့်ကျောင်းတော်ငါးကျောင်းမှတပည့်များသည် စနစ်တကျ သင်ယူခဲ့ရသဖြင့် ထိုအခန်းကဏ္ဏတွင် သူတို့သည် လေလွင့်ကျင့်ကြံသူများထက် များစွာပို၍သာလွန်သည်။

ဤတစ်ကြိမ်တွင် လုယွီသည် စာမေးပွဲသုံးခုလုံး၏ပထမနေရာကို ရရှိခဲ့လေ၏။

သူသည် စာပေစာမေးပွဲ တိုက်ခိုက်ရေးစာမေးပွဲနှင့်နန်းတွင်းစာမေးပွဲတို့တွင် ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သည်။

ဤကဲ့သို့ပါရမီရှင်တစ်ယောက်သည် တာယွီအင်ပါယာ၏သမိုင်းစဥ်တလျှောက်၌ ယခုလက်ရှိချိန်ထိတိုင် ထွက်ပေါ်လာခဲ့ဖူးခြင်းမရှိချေ။

အတိတ်တွင် ဖူကျစ်ရွှယ်နှင့်ဖေးထျန်ကွမ်းတို့သည် ထိပ်သီးနံပါတ်တစ်ကျောင်းတော်သားများ ဖြစ်ခဲ့သော်လည်း တခြားနယ်ပယ်များ၌ တခြားသူများကို အနိုင်ယူနိုင်ရန် လိုအပ်ချက်များရှိခဲ့သည်။မည်သို့ပင်ဆိုစေကာမူ တော်ဝင်စာမေးပွဲအတွင်း၌ ယှဥ်ပြိုင်မှု အလွန်ပြင်းထန်ပေ၏။သူတို့သည် တခြားသူများကို ပညာရပ်နယ်ပယ်တစ်ခုတွင် အနိုင်ယူနိုင်ခဲ့သော်လည်း တခြားအခန်းကဏ္ဏများတွင် သူတို့ အရေးနိမ့်ခဲ့ရသည်။

လုယွီသည် စာပေနှင့်တိုက်ခိုက်ရေးအပြင် အုပ်ချုပ်ရေးကိစ္စများတွင်လည်း အလွန်အရည်အချင်းရှိသည့် တစ်ဦးတည်းသောလူပင်။

နန်းတွင်းစာမေးပွဲ ပြီးဆုံးသွားချိန်တွင် လုယွီ၏နာမည်သည် ကောင်းကင်ဘုံနယ်မြေတခွင်လုံးအနှံ့ ပျံ့နှံ့သွားမည်ကို လူတိုင်းသိရှိထားပြီးလေပြီ။

အိမ်ရှေ့စံမင်းသားသည် အဆင့်သတ်မှတ်ချက်စာရင်းကို ထုတ်ပြန်ကြေငြာရန် မိန်းမစိုးတစ်ယောက်ကို အမိန့်ပေးပြီးနောက် ထွက်ခွာသွားတော့သည်။

သူ အရင်ကပြောခဲ့သော စကားများအတွက် ဖြေရှင်းချက်တစ်ခုကို ပြုလုပ်လိုသည်။သို့ရာတွင် ယခုလက်ရှိချိန်၌ ကျောင်းတော်သားအမြောက်အများနှင့် မျက်နှာချင်းဆိုင်နေရသည့်အပြင် အထူးသဖြင့် လုယွီကို မြင်နေရသဖြင့် သူ၏စိတ်နှလုံးသား မွန်းကျပ်လာသကဲ့သို့ ခံစားရသည်။အကယ်၍ သူ ဤနေရာ၌ ဆက်၍နေနေပါက သူ အရှက်ရစရာကိစ္စသာဖြစ်ပေမည်။

ကျောင်းတော်သားများသည် ကောင်းကင်နှင့်မြေပြင်ခန်းမမှနေ၍ ပြင်ပသို့ ထွက်ခွာသွားတော့သည်။

နန်းတွင်းစာမေးပွဲ၌ အရည်အချင်းမပြည့်မီ၍ ကျရှုံးသွားသူများသည် ကောင်းကင်နှင့်မြေပြင်ခန်းမ၏ပြင်ပသို့ ထွက်ခွာသွားရသည်မှာ အချိန်အတော်ကြာမြင့်နေလေပြီ။ယခုချိန်တွင် ကောင်းကင်နှင့်မြေပြင်ခန်းမမှ ထွက်လာသည့် ကျောင်းတော်သားများအားလုံး အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ရရှိထားသူများဖြစ်သည်။

ကျောင်းတော်သားများသည် သူတို့၏အဆင့် နိမ့်သည်ဖြစ်စေ မြင့်သည်ဖြစ်စေ သူတို့အားလုံး၏မျက်နှာများပေါ်၌ စိတ်ကျေနပ်မှုရရှိသောအပြုံးများရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ သူတို့သည် အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ရရှိသည်နှင့် အရာရှိလမ်းကြောင်းပေါ်သို့ ခြေလှမ်းတစ်ဝက်ချပြီးပြီဟု ယူဆနိုင်လေ၏။

"ထိပ်သီးကျောင်းတော်သားကို ဂုဏ်ပြုပါတယ်...အဆုံးသတ်မှာ မင်းက ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်လာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...နန်းတွင်းစာမေးပွဲအတွင်းက မင်းရဲ့လုပ်ဆောင်ချက်တွေကို ငါ သိချင်မိတယ်...မင်းက စာပေသူတော်စင်ကိုယ်တိုင် လာရှာတာကိုတောင်ခံရတယ်...ဘယ်လောက်တောင် ဂုဏ်ရှိတဲ့ကိစ္စလဲ"

ရှထန်ကန်းက လျှောက်လှမ်းလာကာ အေးစက်စက်အပြုံးဖြင့် ပြောဆိုသည်။

ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများသည် သူတို့ရောက်ရှိနေသောနေရာတွင် ရပ်တန့်လိုက်ကြသည်။ရှထန်ကန်း၏လေသံတွင် ပြင်းထန်သောမနာလိုမှုများ ရောယှက်နေသည်ကို လူတိုင်း ကြားမိလေ၏။

ထိပ်သီးကျောင်းတော်သားနေရာသည် မူလက ရှထန်ကန်း၏နေရာဖြစ်သင့်သော်လည်း လုယွီ လုယက်သွားခြင်းကို ခံခဲ့ရသည်။

ရှထန်ကန်း အလွန်အမင်း ဒေါသထွက်နေသည်မှာ နားလည်ပေးနိုင်သောကိစ္စတစ်ရပ်ပင်။

လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားခြင်းမရှိချေ။သူက အပြုံးနှင့်ပြောဆိုသည်။

"တကယ်လို့ မင်းမှာ အရည်အချင်းရှိတယ်ဆိုရင်...မင်း ငါလုပ်သလို လိုက်လုပ်ကြည့်နိုင်တယ်...စာပေသူတော်စင်ကို မင်းဆီလာရှာဖို့ တောင်းဆိုကြည့်ပါလား"

ရှထန်ကန်းသည် ထိုစကားကိုကြားချိန်တွင် သူ၏မျက်နှာအမူအယာ တောင့်တင်းသွားသည်။

စာပေသူတော်စင်များသည် အများအားဖြင့် တံခါးပိတ်ကျင့်ကြံနေလေ့ရှိသည်။ဧကရာဇ်ပင်လျှင် သူတို့ကို ဖိတ်ကြား၍မရလေရာ ရှထန်ကန်းကိုမူ စကားအရာသွင်း၍ပြောရန်ပင် မလိုအပ်ချေ။

လုယွီသည် ရှထန်ကန်း၏စကားများအတွင်းမှ မနာလိုမှုများကို လျစ်လျှူရှု၍ ရိုးရှင်းစွာ တုံ့ပြန်ချေပခဲ့သည်။

"လုရှီပြောတာ မှန်တယ်လို့ ငါထင်တယ်....တချို့လူတွေက သူတို့ကိုယ်သူတို့ ကြေးမုံမှန်ထဲမှာကြည့်ဖို့ လိုအပ်နေတဲ့ပုံပဲ...မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ...လုရှီက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့အသိပညာဗဟုသုတကို မှီခိုခဲ့တာ...တခြားသူတွေနဲ့မတူဘူး...အဲ့ဒီကောင်တွေက အခြေခံအကျဆုံး တစ်ဦးချင်းယှဥ်ပြိုင်တာကိုတောင် လက်ခံဖို့ သတ္တိမရှိကြဘူး...ငါ ရယ်ရလွန်းလို့ သေတော့မယ်"

ထိုအချိန်မှာပင် ချင်လုရှန်းက လျှောက်လှမ်းလာကာ သူ၏မျက်နှာပေါ်၌ အထင်အမြင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေသည်။

ချင်လုရှန်း၏ပါးစပ် အလွန်အန္တရာယ်များသည်ကို လူတိုင်းနီးပါး သိရှိထားကြ၏။ပတ်ဝန်းကျင်ရှိ ကျောင်းတော်သားများအားလုံး ရပ်တန့်ကာ ပြပွဲတစ်ခုကို စောင့်ကြည့်ရန် ပြင်ဆင်လိုက်ကြသည်။

ရှထန်ကန်း၏မျက်နှာ ဖြူရော်သွားကာ သူက အေးစက်စက်နှာတစ်ချက်မှုတ်လိုက်သည်။

"ဟမ့်....ငါ မင်းလို အရိုင်းအစိုင်းကောင်မျိုးနဲ့ အငြင်းမပွားချင်ဘူး...ဘယ်လိုပဲဖြစ်ဖြစ် အချိန်တစ်ခုကြာတာနဲ့ မင်းကို တော်ဝင်မြို့တော်မှာ ငါ မြင်ရတော့မှာမဟုတ်ဘူး...မင်းရဲ့အလုပ်ကို တန်ဖိုးထားပါ...ဝေးလံခေါင်သီတဲ့နေရာ ရောက်သွားပြီဆိုပြီး နှုတ်ထွက်ဖို့ကို မင်း မစဥ်းစားနဲ့...မင်း ဘယ်လိုအသက်ထွက်သွားရတယ်ဆိုတာကိုတောင် မင်း သိလိုက်မှာမဟုတ်ဘူး"

Chapter 3205

ရှအိမ်တော်မှ ရထားလုံးများသည် မနက်စောစောအချိန်ကတည်းက ခန်းမ၏ပြင်ပ၌ ရှထန်ကန်းကို စောင့်ဆိုင်းနေကြသည်။

ရှထန်ကန်းသည် ရထားလုံးအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် ချက်ချင်းထွက်ခွာရန် အမိန့်ပေးလိုက်၏။သူ့ကိုကြည့်ရသည်မှာ ချင်လုရှန်းနှင့် ထိတွေ့ဆက်ဆံလိုပုံမရချေ။

သူသည် သိုင်းပညာသူတော်စင်အဆင့် ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း ချင်လုရှန်း၏အကြံအစည်ကို သူ ဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။ထို့ကြောင့် သူသည် ဤစိန်ခေါ်မှုကို မဆင်မခြင် လက်မခံဝံ့ချေ။မည်သို့ပင်ဆိုစေကာမူ ချင်လုရှန်းသည် တော်ဝင်ကျောင်းတော်၏ယခင်တပည့်ခေါင်းဆောင်ကို အနိုင်ယူထားသူပင်။ချင်လုရှန်းထံ၌ အစွမ်းထက်သောခွန်အားမျိုးရှိနေမည်မှာ တိကျသေချာသည်။

ချင်လုရှန်းသည် သူ၏ခြေဗလာဖြင့် ဖိနပ်စီးရမည်ကို မကြောက်ရွံသော်လည်း သူ ရှထန်ကန်းသည် ထိုသို့ပြုလုပ်၍မရချေ။

အကယ်၍ သူ ရှုံးနိမ့်သွားပါက ရှမိသားစုနှင့်တော်ဝင်ကျောင်းတော်တို့အတွက် မျက်နှာပျက်စရာကိစ္စ ဖြစ်သွားပေမည်။ထိုအချိန်ကျပါက မည်သည့်ရှုထောင့်မှကြည့်ပါစေ ရှမိသားစုသည် သူ့အား အရေးပါသောနေရာမျိုး ပေးတော့မည်မဟုတ်ပေ။

ထို့ကြောင့် ရှထန်ကန်းသည် ချင်လုရှန်း၏ရန်စမှုကို ထပ်ခါတလဲလဲ ခံနေရသည့်တိုင် စိန်ခေါ်မှုကို လက်မခံခဲ့ခြင်းပင်။

"ငကြောက်ကောင်"

ချင်လုရှန်းက တံတွေးတစ်ချက်ထွေး၍ အော်ဟစ်လိုက်သည်။

လုယွီက ချင်လုရှန်းကိုကြည့်၍ တည်ငြိမ်စွာပြောဆိုသည်။

"ငါ ပြောတာကို မင်း မှတ်ထားစမ်း...နောက်တစ်ကြိမ် ငါ မင်းကို ပြန်တွေ့ရင်....မင်း ကျစ်လစ်သိပ်သည်းတဲ့ ကျင့်ကြံမှုအခြေခံ တည်ဆောက်ထားတာကို ငါ မြင်ချင်တယ်...တကယ်လို့ မင်းက ရှထန်ကန်းနဲ့တိုက်ခိုက်ချင်တယ်ဆိုရင် အခုချိန်မှာ မင်းက သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး"

"ဟုတ်ကဲ့...ဟုတ်ကဲ့.. ဟုတ်တာပေါ့...လုရှီပြောတာ မှန်တယ်...ငါ အခုချက်ချင်း ပြန်သွားပြီး ကျင့်ကြံတော့မယ်"

ချင်လုရှန်းက ရိုသေလေးစားစွာ ပြောဆိုလေ၏။

တခြားလူများသည် ချင်လုရှန်း အလွန်ရိုသေလေးစားစွာ ဆက်ဆံနေသည်ကိုမြင်တွေ့ချိန်တွင် သရဲတစ္ဆေတစ်ကောင်ကို မြင်လိုက်ရသည့်အလား သူတို့၏မျက်လုံးများ ပြူးကျယ်သွားသည်။

လူတိုင်း ချင်လုရှန်း၏ယခင်ကလုပ်ရပ်များကို သိရှိထားပြီးလေပြီ။ချင်လုရှန်းသည် တော်ဝင်မြို့တော်အတွင်းမှ ပါရမီရှင်များကို အဆက်မပြတ်စိန်ခေါ်အနိုင်ယူခဲ့ကာ အလွန်မောက်မာရိုင်းစိုင်းပြီး မည်သူကိုမျှ လူမထင်ခဲ့ချေ။သူသည် ပြိုင်ဘက်ကင်းတည်ရှိမှုကြီးတစ်ခု ဖြစ်နေသည့်အလားပင်။

သို့ရာတွင် လုယွီ၏ရှေ့၌ ချင်လုရှန်းသည် အလွန်နာခံရို့ကျိုးနေလေ၏။တပည့်တစ်ယောက်မှနေ၍ ဆရာသခင်တစ်ယောက်ကို ရိုသေလေးစားကာ ဆန့်ကျင့်ဝံ့ခြင်းမရှိသည့်အလားပင်။

"ဖြစ်နိုင်တာတော့...ချင်လုရှန်းကို ဖိနှိပ်ထားနိုင်တဲ့ အရည်အချင်းမျိုး လုယွီမှာ တကယ်ကြီးရှိနေတာလား"

"တံလျှပ်ပင်လယ်မျှော်စင်မှာ လုယွီက တိုက်ခိုက်မှုတစ်ခုတည်းနဲ့ ချင်လုရှန်းကို အနိုင်ယူခဲ့တယ်လို့ ငါ ကြားထားတယ်"

"ကြည့်ရတာတော့ သူက စာမေးပွဲသုံးခုလုံးရဲ့ပထမနေရာကိုရထားတာ မတော်တဆသက်သက်မဖြစ်နိုင်ဘူး....ဒီလိုလူမျိုးက နောင်အနာဂတ်မှာ ကောင်းကင်ဘုံနယ်မြေရဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမှာ အသေအချာပဲ...ငါတို့ အခွင့်ကောင်းရှာပြီး သူနဲ့မိတ်ဖွဲ့ထားသင့်တယ်"

ဤအချိန်အခိုက်အတန့်တွင် နံဘေးတွင်မတ်တတ်ရပ်နေသော ကျောင်းတော်သားများအားလုံး လုယွီကို ဂုဏ်ပြုစကား ပြောဆိုကြသည်။

ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်နေရချိန်တွင် လုယွီသည် ရယ်မောခြင်းလည်းမရှိ စိတ်ပျက်မှုလည်းရှိမနေချေ။

အတိတ်ဘဝတွင် သူသည် လေလွင့်ကျင့်ကြံသူဖြစ်ခဲ့ကာ သူ့အား နတ်ဆိုးတစ်ကောင်ဟုပင် ခေါ်ဆိုခြင်း ခံခဲ့ရသည်။သူ၏အသက် ငယ်ရွယ်စဥ်တွင် ယခုကဲ့သို့ လူအများ၏ဝိုင်းရံခံရသော ခံစားချက်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ရချေ။

ဤနေရာရှိလူများအားလုံးသည် တာယွီအင်ပါယာ၏ ထိပ်သီးလူငယ်ပါရမီရှင်များပင်။နောင်တစ်ချိန်တွင် တာယွီအင်ပါယာ၏အရေးပါသော အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ကြမည့်သူများလည်းဖြစ်သည်။ထို့ကြောင့် သူတို့နှင့်မိတ်ဖွဲ့ခြင်းသည် သူ့အတွက် အကျိုးယုတ်စေသော ကိစ္စမဟုတ်ချေ။

"လူတိုင်း...လူတိုင်းပဲ...မနက်ဖြန်ကျရင် တော်ဝင်မြို့တော်ရဲ့တုန်းလင်ရေအိုင်ဘေးမှာ ညစာစားပွဲကျင်းပမယ်...မင်းတို့ အဲ့ဒိအချိန်ကျမှ စကားပြောကြရင်လည်း နောက်မကျသေးပါဘူး"

ထိုအချိန်မှာပင် ကျန်းပေါင်ရှင်းက လျှောက်လှမ်းလာကာ အရာအားလုံးကို အဆင်ပြေချောမွေ့အောင် လုပ်ဆောင်လိုက်၏။

မည်သို့ပင်ဆိုစေကာမူ တော်ဝင်စာမေးပွဲကို အောင်မြင်ခဲ့သော လူတစ်သောင်းကျော်ရှိနေသည်။ဤနေရာတွင် လူအမြောက်အများ စုဝေးနေပါက လုယွီထံ၌ ခေါင်းသုံးလုံးနှင့်လက်ခြောက်ဖက်ရှိနေလျှင်ပင် ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ချေ။

တခြားကျောင်းတော်သားများသည်လည်း လုယွီ၏စကားလုံးများနှင့် အမူအယာကို စူးစမ်းလေ့လာနေကြသည်။လုယွီသည် များစွာနှောက်ယှက်ခံလိုခြင်းမရှိပုံကို မြင်တွေ့ရသဖြင့် သူတို့သည် အလိမ္မာဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားတော့သည်။

ကျန်းပေါင်ရှင်းက လုယွီကိုကြည့်ကာ ဝေခွဲရခက်နေသောလေသံဖြင့် ပြောဆိုလေ၏။

"ငါတို့မိသားစုရဲ့ဘိုးဘေးက မင်းကိုလာရှာမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ငါ ဘိုးဘေးကို မတွေ့ရတာတောင် အချိန်အတော်ကြာနေပြီ...ငါ အိမ်တော်ပြန်ရောက်တာနဲ့ ဒီကိစ္စကို မိသားစုခေါင်းဆောင်ဆီ သတင်းပို့လိုက်မယ်...ညီအကိုလုက နောင်အနာဂတ်မှာ ကျန်းမိသားစုကို မင်းရဲ့မိသားစုလို့ပဲ သဘောထားပေးပါ...တကယ်လို့ မင်းမှာ လိုအပ်တာတစ်ခုခုရှိရင်လည်း ငါ့ကို အချိန်မရွေး ပြောနိုင်တယ်"

ကျန်းမိသားစုအတွက် ကျန်းဟောင်သည် အခြေခံအုတ်မြစ်ပင်။

မူလက ကျန်းမိသားစုတွင် ထိပ်သီးအစွမ်းထက်ပညာရှင်ဟူ၍မရှိချေ။ကျန်းမိသားစုသည် တော်ဝင်မြို့တော်၏ ထိပ်သီးမိသားစုကြီးရှစ်စုအနက်မှ တစ်စုဖြစ်လာခဲ့သောအကြောင်းအရင်းမှာ ကျန်းဟောင်၏နာမည်ဂုဏ်သတင်းကြောင့်ပင်။

ကျန်းဟောင်၏မျက်နှာဖြင့် တခြားအင်အားစုများသည် ကျန်းမိသားစုမှလူများကို ယဥ်ကျေးပျူငှာစွာ ဆက်ဆံကြသည်။အကယ်၍ အကျိုးအမြတ်ရစရာ ကိစ္စတစ်ခု ရှိလာလျှင်ပင် သူတို့သည် ကျန်းဟောင်ကို လေးစားမှုပြသသည့်အနေဖြင့် ကျန်းမိသားစုကို ပေးအပ်လေ၏။

All Chapters