အခန်း (၃၂၂၆-၃၂၃၀)
Vol. 165 Ch. 3226-3230
Chapter 3226
"တတိယအကြီးအကဲ.. သူက လုမိသားစုရဲ့ တတိယအကြီးအကဲ လုချန်ဆောင်မဟုတ်လား"
လုယွီ၏မျက်ခုံးများ မြင့်တက်သွားသည်။
နောက်ဆုံးတစ်ကြိမ်တွင် တံလျှပ်ပင်လယ်မျှော်စင်၌ လုယွီသည် လုမိသားစု၏လူပေါ်ကြော့သခင်လေးတစ်ယောက်ဖြစ်သော လုခိုင်နှင့် ကတောက်ကဆဖြစ်ခဲ့သည်။ထိုအချိန်တုန်းက လုခိုင်ကို ခွင့်လွှတ်ပေးရန် တောင်းဆိုခဲ့သူမှာ လုမိသားစု၏တတိယအကြီးအကဲပင်။
နောက်ပိုင်းတွင် ဖေးထျန်ကွမ်းသည် လုယွီထံစာတစ်စောင်ပို့၍ လုချန်ဆောင်၏အဆင့်အတန်းကို ရှင်းပြခဲ့သည်။
လုမိသားစုအတွင်း၌ မွန်းစတားအိုကြီး အမြောက်အများရှိနေလေရာ လုချန်ဆောင်သည် ထိုလူများအနက်မှ ပြောင်ပြောင်တင်းတင်း ရှေ့ထွက်လှုပ်ရှားသည့် တစ်ယောက်တည်းသောသူပင်။
သူသည် အချိန်အတော်ကြာ နာမည်ကျော်ကြားခဲ့သူ တစ်ယောက်လည်းဖြစ်သည်။
အတိတ်တွင် လုချန်ဆောင်သည် တော်ဝင်စစ်တပ်ကိုဦးဆောင်ကာ ထောင်သောင်းချီသောနတ်ဆိုးဂိုဏ်းများကို ဖျက်ဆီးခဲ့သည်။သူသည် အလွန်ကြီးမားသော တိုက်ပွဲအောင်မြင်မှုများကို ရရှိခဲ့သဖြင့် နယ်စားအဆင့်နှင့်ညီမျှသော အမတ်ကြီးတစ်ယောက်အဖြစ် ရိုသေလေးစားခံရလေ၏။
သို့ရာတွင် ထိုအကြောင်းအရင်းကြောင့် လုချန်ဆောင်သည် နတ်ဆိုးဂိုဏ်းများ၏လုပ်ကြံသတ်ဖြတ်ခြင်းစာရင်းအတွင်းတွင် ပါဝင်နေကာ မြောက်မြားစွာသော နတ်ဆိုးကျင့်ကြံသူများ၏အမဲလိုက်ခြင်းကို ခံရသည်။
နောက်ပိုင်းတွင် လုချန်ဆောင် တာဝန်မှအနားယူပြီးနောက် လုမိသားစု၏အကြီးအကဲခန်းမသို့ပြန်သွားကာ တတိယအကြီးအကဲအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
လုကျိုးမင်က ပြောဆိုသည်။
"တတိယအကြီးအကဲကြောင့်ပေါ့...မဟုတ်ရင် မင်း အခုချိန်မှာ အသက်ရှင်ရက် ငါနဲ့စကားပြောနေနိုင်မှာမဟုတ်ဘူး"
လုယွီက ပြောဆိုသည်။
"မင်းကိုကြည့်ရတာ ငါ့ကို ကျေနပ်ပုံမရဘူး...ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်"
ထိုသို့ပြောဆိုပြီးနောက် လျှို့ဝှက်ဆန်းကျယ်သောအားလှိုင်းတစ်ရပ်က လုယွီ၏လက်ဝါးမှ ထွက်ပေါ်လာကာ ရှေ့သို့ပျံဝဲသွားသည်။
"မင်းက ထိပ်သီးကျောင်းတော်သားဘွဲ့ထူးကိုရတာနဲ့ မင်းကိုယ်မင်း အရမ်းတော်နေပြီလို့ ထင်နေတာလား"
လုယွီ၏တိုက်ခိုက်မှုကိုမြင်တွေ့ချိန်တွင် လုကျိုးမင်က လှောင်ပြောင်သရော်လိုက်ကာ သူ၏ခန္ဓာကိုယ်နံဘေးပတ်လည်၌ လျှပ်စီးမိုးကြိုးလှိုင်းများ ထွက်ပေါ်လာသည်။ထို့နောက် သူ၏ရှေ့တွင် တောက်ပသောလျှပ်စီးမိုးကြိုးဓားအဖြစ် ဖွဲ့စည်းသွားပြီး လုယွီကိုဦးတည်၍ ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက်၏။
ဘုန်း...
သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများ ထိတွေ့မိချိန်တွင် လုကျိုးမင်၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
သူ ဖွဲ့စည်းထားသော လျှပ်စီးမိုးကြိုးဓားသည် ဂျင်တစ်သောင်းခန့်လေးလံသော တောင်တစ်လုံးနှင့် ဖီလာဆန့်ကျင်ရိုက်ခတ်မိသကဲ့သို့ သူ ခံစားလိုက်ရသည်။ဤကဲ့သို့ လေးလံသောအရှိန်အဝါမျိုးကို သူ အနည်းငယ်မျှခုခံနိုင်စွမ်းမရှိချေ။
ဘုန်း....
လုကျိုးမင်၏လက်အတွင်းရှိ လျှပ်စီးမိုးကြိုးဓားသည် ကျယ်လောင်သော ဘုန်းခနဲမြည်သံနှင့်အတူ ပျက်ပြယ်သွားကာ လျှပ်စီးမိုးကြိုးများက အရပ်မျက်နှာအဘက်ဘက်သို့ လွင့်ပြယ်သွားတော့သည်။
သွေးစီးကြောင်းတစ်ကြောင်းက လုကျိုးမင်၏လက်ဝါးပေါ်တွင် ထွက်ပေါ်လာသည်။ဤသည်က တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော မြင်ကွင်းပင်။
သူတို့နှစ်ယောက်သည် တိုက်ခိုက်မှုတစ်ခုစီကို ဖလှယ်ခဲ့ကြရုံသာဖြစ်သော်လည်း လုကျိုးမင်သည် သူ၏လက်ထုံကျင်ကာ ခံစားနိုင်မှုဆုံးရှုံးသွားသည်ကို ခံစားမိလေ၏။
သူသည် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်ကာ သူ၏မျက်နှာပေါ်တွင် တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် တာယွီတော်ဝင်စစ်တပ်တွင် နာမည်ကျော်ကြားသော စစ်ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည့်အပြင် လုမိသားစုဝင်တစ်ယောက်လည်းဖြစ်သည်။သူသည် စစ်သူတော်စင်၏ကျင့်ကြံနည်းစနစ်များကို ကျင့်ကြံခဲ့သဖြင့် သူ၏စွမ်းအားသည် အလွန်အစွမ်းထက်ပေ၏။
သို့ရာတွင် အစောပိုင်းက တိုက်ခိုက်မှုတွင် လုကျိုးမင်သည် တစ်ဖက်လူ၏စွမ်းအား အလွန်နက်နဲသိမ်မွေ့သည်ကို သိရှိလိုက်သည်။
"မင်းက အရမ်းသန်မာအားကောင်းတယ်...ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာက လုအိမ်တော်ဆိုတာ မင်း မှတ်ထားအုံး"
လုကျိုးမင်က အေးစက်စက်လေသံဖြင့် အော်ဟစ်လေသည်။
လုယွီ၏မျက်နှာအမူအယာ ပြောင်းလဲသွားကာ သူက ပြောဆိုသည်။
"မင်းက ငါ့ကို ဟန့်တားဖို့ ရည်ရွယ်ချက်မရှိဘူးဆိုရင်လည်း ထွက်သွားတော့...ဆက်ပြီးစကားပြောနေစရာ မလိုတော့ဘူး"
လုကျိုးမင်၏မျက်နှာ တောင့်တင်းသွားသည်။အမှန်အားဖြင့် သူ လုယွီကို မည်သို့မျှ ပြုလုပ်နိုင်စွမ်းမရှိချေ။
လုယွီသည် ထိပ်သီးကျောင်းတော်သားပင်။တော်ဝင်စာမေးပွဲပြီးဆုံးသွားသည်မှာ မကြာမြင့်သေးသဖြင့် တော်ဝင်မြို့တော်တစ်ခုလုံး လုယွီကို အာရုံစိုက်နေကြ၏။
အကယ်၍ လုယွီသည် လုအိမ်တော်အတွင်းသို့ဝင်၍ လူသတ်ခဲ့လျှင်ပင် စုံစမ်းစစ်ဆေးမှုကို တော်ဝင်နန်းတွင်းမှသာ ပြုလုပ်နိုင်ပြီး သူတို့၏လုမိသားစုမဟုတ်ချေ။
အတိတ်တွင်ကဲ့သို့ လုယွီသည် နာမည်မရှိသူတစ်ယောက်ဖြစ်နေပါက သူတို့သည် သူ့အား သတ်ဖြတ်နိုင်သည်။သို့ရာတွင် ယခုချိန်၌ လုယွီသည် ယခင်နှင့်မတူညီတော့ချေ။သူတို့၏လုမိသားစုသည် အခွင့်အာဏာမရှိဘဲ လုယွီကို သတ်ဖြတ်နိုင်မည်မဟုတ်ပေ။
"တတိယအကြီးအကဲက မင်းကို လာရှာခိုင်းထားတယ်...သူက မင်းကို မိသားစုရဲ့အရေးကြီးဧည့်သည်တော်တစ်ယောက်လို့ ငါ့ကို ပြောထားတယ်...ငါက ဘာလို့ ရူးသွပ်မိုက်မဲတဲ့အလုပ်ကို လုပ်ရမှာလဲ"
လုကျိုးမင်က အေးစက်စက်နှာတစ်ချက်မှုတ်ကာ လုယွီအတွက် လမ်းဖွင့်ပေးလိုက်သည်။
ခြံဝန်းပြင်ပ၌ လုမိသားစုဝင်အစောင့်များသည် သတိကြီးစွာထား၍ လုယွီကို စောင့်ကြည့်နေကြ၏။
သို့ရာတွင် သူတို့သည် အမိန့်ကို လက်ခံရရှိထားပြီးလေပြီ။သူတို့သည် လုယွီကို မတိုက်ခိုက်ရန်ဟူသော တိကျသည့်အမိန့်ကို ရရှိထားသဖြင့် နံဘေးမှစောင့်ကြည့်နေရုံသာရှိပြီး လှုပ်ရှားဝံ့ခြင်းမရှိချေ။
လုယွီသည် ထိတ်လန့်ကြောက်ရွံနေခြင်း မရှိပေ။သူသည် အစောင့်များကိုဖြတ်ကျော်၍ လုကျိုးမင်၏နောက်သို့လိုက်ပါကာ လုအိမ်တော်အတွင်းပိုင်းသို့ ဝင်ရောက်ခဲ့တော့သည်။
Chapter 3227
လုအိမ်တော်သည် ကျယ်ပြန့်ပြီး မြင့်မားသောနံရံများက ဝိုင်းရံထားသည်။ဤနေရာသို့ ဝင်ရောက်လာသော မည်သူမဆို လွယ်လင့်တကူ လမ်းပျောက်နိုင်ပေ၏။
ဤသည်က ညဥ့်နက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း လုအိမ်တော်ခြံဝန်းအတွင်း၌ လုမိသားစုဝင်တပည့်များသည် အမျိုးမျိုးသော ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်နေကြဆဲပင်။သူတို့သည် ကျင့်ကြံနည်းစနစ်များကို လေ့ကျင့်ရာတွင် လုံလဝီရီယရှိစွာဖြင့် ပြင်းပြင်းထန်ထန် ကျင့်ကြံကြလေ၏။
မိသားစုတစ်စုသည် ပို၍ချမ်းသာကြွယ်ဝပြီးအစွမ်းထက်လေလေ သူတို့၏မိသားစုမှ လူငယ််များ၏ကျင့်ကြံခြင်းအရည်အသွေးကို ပို၍အလေးထားလေလေပင်။အချိန်အတိုင်းအတာတစ်ခုကြာမြင့်ချိန်တိုင်း မိသားစုအတွင်း၌ ယှဥ်ပြိုင်ပွဲတစ်ပွဲရှိသည်။ထိုယှဥ်ပြိုင်ပွဲတွင် လုပ်ဆောင်ချက်ဆိုးရွားသော မည်သူမဆို လုမိသားစုအတွင်းမှ မောင်းထုတ်ခြင်းခံရပေမည်။
ဤကဲ့သို့ ခက်ခဲကြမ်းတမ်းသော အနေအထားအောက်တွင် ချမ်းသာကြွယ်ဝပြီးအစွမ်းထက်သော မိသားစုကြီးများ၏တပည့်များအားလုံးနီးပါး အစွမ်းကုန်ကျင့်ကြံကြသဖြင့် ထိုမိသားစုများမှနေ၍ အစွမ်းထက်သောလူငယ်ပါရမီရှင်များကို ဆက်တိုက်မွေးထုတ်ပေးနိုင်သည်။
"လုမိသားစုက မဆိုးဘူး...မျိုးစေ့ကောင်းလေးတွေ ရှိနေတာပဲ"
လုယွီသည် လမ်းလျှောက်နေစဥ်အတောအတွင်းတွင် နံဘေးရှိမြင်ကွင်းများကိုကြည့်ပြီး မှတ်ချက်ချလိုက်၏။
ဤနေရာရှိ လူငယ်အများစုသည် တော်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုပါက သူတို့သည် အဆင့်မြင့်ကျောင်းတော်သားဘွဲ့ထူးကို ရရှိမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် ထိပ်တန်းမိသားစုကြီးများသည် သူတို့၏လူငယ်ပါရမီရှင်များအားလုံးကို တော်ဝင်နန်းတွင်းသို့ မပေးလိုကြချေ။
တချို့မိသားစုကြီးများသည် တော်ဝင်နန်းတွင်း၌ သူတို့၏အခွင့်အာဏာလွှမ်းမိုးမှုကို အတိုင်းအတာတစ်ခုတွင်ကန့်သတ်ထားကာ ပါရမီရှင်တချို့ကိုသာ အုပ်ချုပ်ရေးအဖွဲ့သို့ စေလွှတ်ခဲ့သည်။သို့ရာတွင် မိသားစုအတွင်းရှိ အဓိကပါရမီရှင်တစ်စုကိုမူ သေချာလေ့ကျင့်သင်ကြားပေးကာ နောင်တစ်ချိန်တွင် မိသားစု၏ထိပ်သီးပါရမီရှင်များ ဖြစ်လာစေသည်။
လုမိသားစုဝင်များသည် သူစိမ်းလူငယ်တစ်ယောက်အား အိမ်တော်အတွင်းပိုင်းသို့ ခေါ်ဆောင်လာသည်ကိုမြင်တွေ့ချိန်တွင် သူတို့က သိချင်စိတ်ပြင်းပြသွားကြလေ၏။
"သူက ဘယ်သူလဲ...ဘာလို့ဦးလေးကျိုးမင်ကိုယ်တိုင် ခေါ်လာရတာလဲ"
"ဒါပေမယ့် သူဝတ်ဆင်ထားတာက ထိပ်သီးကျောင်းတော်သားဝတ်စုံပဲ...ဖြစ်နိုင်တာတော့ သူက အခုနှစ်ရဲ့ ထိပ်သီးကျောင်းတော်သားများလား"
ထိပ်သီးကျောင်းတော်သားဝတ်စုံသည် တခြားကျောင်းတော်သားဝတ်စုံများနှင့် ကွဲပြားခြားနားသည်။ထိုအရာသည် အနီရောင်ဝတ်စုံဖြစ်ပြီး ခါးတွင်အဖြူရောင်ပိုးစကိုချည်နှောင်ကာ သူ၏ခေါင်းထက်တွင် ရွှေသရဖူတစ်ခုကို ဆောင်းထားသည်။ဤသည်ကြောင့် လုယွီကိုကြည့်ရသည်မှာ ပို၍ထူးချွန်ထက်မြက်ပုံရပြီး မျက်စိဖမ်းစားဖွယ် ဖြစ်နေလေ၏။
လက်ရှိနေရာတွင်ရှိနေသော လုမိသားစုဝင်များသည် ရှေးဟောင်းခေတ်ကာလမှ ယခုခေတ်ကာလအတွင်းရှိ ပညာရပ်နည်းစနစ်များကို သင်ယူကြရသည်။သူတို့သည် ကိစ္စအမြောက်အများကို သိရှိထားသဖြင့် ထိပ်သီးကျောင်းတော်သားတစ်ယောက်ဖြစ်ရန် လိုအပ်ချက်များကို ကောင်းစွာနားလည်သဘောပေါက်ထားသည်။
"သူက စာမေးပွဲသုံးခုလုံးမှာ ပထမရခဲ့တဲ့သူပဲ...သူ့ရဲ့မျိုးရိုးနာမည်က လုလို့ ငါ ကြားထားတယ်...ဖြစ်နိုင်တာတော့ သူက ငါတို့ လုမိသားစုဝင်ဖြစ်နေပြီးတော့ မိသားစုကို အသိအမှတ်ပြုဖို့ ရောက်လာတာများလား"
လုမိသားစုဝင်လူငယ်များသည် ထပ်မံ၍ကျင့်ကြံခြင်းမပြုတော့ဘဲ သူ၏နောက်သို့ လိုက်ပါလာကြ၏။
ဤရက်အနည်းငယ်အတွင်းတွင် လုယွီ၏နာမည်ဂုဏ်သတင်းသည် တော်ဝင်မြို့တော်တစ်ခုလုံး၌ ပျံ့နှံ့နေလေပြီ။
သူသည် ရုတ်တရက် ထင်ရှားကျော်ကြားလာသော လူငယ်ပါရမီရှင်တစ်ယောက်ပင်။ယခင်က သူ တောက်ပခဲ့သော်လည်း ဤတစ်ကြိမ်တွင် သူ၏ထွန်းလင်းတောက်ပလာမှုကို မှီနိုင်မည်မဟုတ်ချေ။
လုယွီသည် တော်ဝင်မြို့တော်မှလူများ၏စိတ်အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်မှာ ရှောင်မိသားစုထံမှ မသေမျိုးအဆင့်မှော်လက်နက်ကို လုယူခဲ့စဥ်ကပင်။ရှောင်မိသားစုမှနေ၍ သူ့အားဖမ်းဆီးရန် ကောင်းကင်ဘုံနယ်မြေ၏နေရာအနှံ့အပြား၌ ဆုကြေးထုတ်ခဲ့သည်။
ထိုအချိန်တုန်းက လုယွီသည် တခဏသာတောက်ပလာသော ပါရမီရှင်တစ်ယောက်ဟု လူတိုင်းနီးပါး တွေးထင်ခဲ့ကြလေ၏။
သို့ရာတွင် ယခုလက်ရှိချိန်၌ အဆင့်သတ်မှတ်ချက်စာရင်းကို ထုတ်ပြန်ကြေငြာလိုက်ချိန်တွင် သူတို့အားလုံး၏အတွေးများ မှားယွင်းသွားပြီကို လူတိုင်းသိရှိထားကြသည်။
လုယွီ၏ခွန်အားသည် သူတို့ တွေးတောထားသကဲ့သို့ အားနည်းခြင်းမရှိချေ။ထိုအစား သူတို့တွေးတောထားသည်ထက် များစွာပို၍ကျော်လွန်နေသည်။
"သွားကြစို့...တတိယအကြီးအကဲက မင်းကို အထဲမှာစောင့်နေတယ်"
လုကျိုးမင်သည် အိမ်တစ်လုံး၏ရှေ့၌ ရပ်တန့်လိုက်၏။လုယွီ၏နောက်သို့ လိုက်ကြည့်နေသော လူတစ်စုသည်လည်း ဤနေရာအရောက်တွင် ရပ်တန့်လိုက်ကြသည်။
ဤခြံဝန်းသည် တခြားခြံဝန်းများထက် များစွာပို၍ကြီးကျယ်ခမ်းနားသည်။ခြံတစ်ဝက်ခန့်ကို ဖွင့်ထားကာ မည်သည့်ခြံစည်းရိုးမျှရှိမနေဘဲ အစိမ်းရောင်သစ်ပင်များနှင့်သာ ဝိုင်းရံထားသည်။
ပြင်ပမှကြည့်ပါက ခြံဝန်းပတ်လည်တွင် သစ်ပင်ပုလေးများရှိနေကာ တစ်စုံတစ်ယောက်သည် ဤခြံဝန်း၏စီမံခင်းကျင်းထားမှု အလွန်ကြီးကျယ်ခမ်းနားသည်ကို တွေ့မြင်နိုင်ပေမည်။ခြံဝန်းအတွင်းရှိ ရေအိုင်မှရေများသည် ကြည်လင်နေကာ ပတ်ဝန်းကျင်ရှိရှုခင်းများသည်လည်း လွန်စွာလှပပေ၏။
ဤခြံဝန်းမျိုးသည် လုမိသားစုကဲ့သို့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒပြင်းထန်သော စစ်သူတော်စင်မိသားစု၏ပုံစံနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေသည်။
သို့ရာတွင် လုယွီသည် ဝင်္ကပါပညာရပ်ကို နားလည်သဘောပေါက်ထားသူပင်။သူသည် ဤအခင်းအကျင်းထံမှ ဖုန်းရွှေအရှိန်အဝါကို အာရုံခံမိသည်။ဤခြံဝန်းအတွင်းရှိ သစ်ပင်ပန်းမန်များနှင့်သက်ရှိအရာများအားလုံးသည် တစ်နှစ်ပတ်လုံး စိတ်ဝိညာဥ်စွမ်းအားများ၏သက်ရောက်မှုကို ခံရလေ၏။ထိုအရာများထံတွင် စိတ်ဝိညာဥ်အသိစိတ်များ အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်ထားပြီးလေပြီ။
လေထုအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအားများသည် အရည်အဖြစ်သိပ်သည်းခြင်းအဆင့်သို့ မရောက်သေးသော်လည်း များစွာကွဲပြားခြားနားခြင်းမရှိဘဲ အလွန်ထူထပ်သိပ်သည်းသည်။အကယ်၍ ဤနေရာမျိုးသာ မိုးကောင်းကင်တာအိုတည်းခိုခန်းတွင်ရှိနေပါက မိုးထိမြင့်မားသောစျေးနှုန်းဖြင့် ငှားယမ်းနိုင်ပေမည်။
Chapter 3228
လုယွီက ခေါင်းညိတ်ပြကာ ခြံဝန်းအတွင်းသို့ ခြေချလိုက်၏။
ခြံဝန်းအတွင်းရှိ ရေအိုင်နံဘေး၌ အဖိုးအိုတစ်ယောက် တည်ငြိမ်စွာထိုင်နေကာ ငါးမျှားနေသည်။
သူသည် မျက်လုံးစုံမှိတ်ထားကာ စိတ်အေးလက်အေး နေနေသည်။အနက်ရောင်ပုံရိပ်များသည် ရေအိုင်အတွင်း၌ ရံဖန်ရံခါ ဖြတ်ကူးနေကာ တစ်ခါတရံ နီးကပ်၍ တစ်ခါတရံဝေးကွာသည်။ထိုအရာများသည် စဥ်ဆက်မပြတ် ပြောင်းလဲနေပေ၏။
လုယွီက ရေအိုင်ကိုတစ်ချက်ကြည့်ပြီးနောက် သူ၏မျက်ခုံးများ မြင့်တက်သွားသည်။
"ကောင်းကင်ကံကြမ္မာငါးလား...ဒါက ပစ္စည်းကောင်းလေးတွေပဲ"
အဖိုးအို၏လက်ချောင်းများ အနည်းငယ်တုန်ရီသွားကာ သူ၏မျက်လုံးကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။
"မင်းက ကံကောင်းပြီးတော့ ထိပ်တန်းကျောင်းတော်သားဖြစ်လာတာလို့ လူတော်တော်များများက ပြောနေကြတယ်...ဒါပေမယ့် မင်းက ကံကောင်းလို့ဖြစ်လာတာလို့ ငါ မထင်ဘူး...ငါက ဒီကောင်းကင်ကံကြမ္မာငါးကို ရှေးဟောင်းအပျက်အစီးနယ်မြေတစ်ခုကနေ ရှာတွေ့ခဲ့တာ...ဒါက မျိုးတုဥ်းပျောက်ကွယ်သွားတာ အချိန်အတော်ကြာနေပြီ...ငါက သူတို့ကိုမွေးမြူနိုင်ဖို့အတွက် နည်းလမ်းတွေကို အသေးစိတ်ရှာဖွေပြီး အသုံးပြုခဲ့ရတယ်...တကယ်လို့ မင်းကသာ ရှေးဟောင်းကျမ်းစာတွေနဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိဘူးဆိုရင် သူတို့ကို သိနိုင်မှာမဟုတ်ဘူး"
စကားပြောဆိုနေစဥ်မှာပင် အဖိုးအို၏လက်အတွင်းရှိငါးမျှားတံ ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။
အပြုံးတစ်ခုက အဖိုးအို၏မျက်နှာပေါ်၌ ထင်ဟပ်လာကာ သူ၏လက်အတွင်းရှိ ငါးမျှားတံကိုမြှောက်၍ ငါးကိုဖမ်းဆီးရန် ဟန်ပြင်လိုက်၏။
သူ၏လက်ကိုဆန့်တန်းလိုက်ချိန်တွင် မသိသာမထင်ရှားသောငါးမျှားတံသည် ရုတ်တရက် မိုးကြိုးတစ်စင်းပစ်ချသကဲ့သို့ တုန်ခါသွားသည်။ရုတ်ချည်းဆိုသလိုပင် ငါးမျှားကြိုးပြင်းပြင်းထန်ထန် တုန်ခါသွားကာ ငါးမျှားတံတွင်မိနေသော ငါးထံမှ ဟိန်းဟောက်သံများဆက်တိုက်ထွက်ပေါ်လာကာ စတင်၍ အင်အားကုန်ရုန်းကန်နေသည်။
"ထွက်လာခဲ့စမ်း"
အဖိုးအိုသည် သူ၏ခွန်အားကို ထုတ်ဖော်လိုက်ရာ သူ၏လက်ကောက်ဝတ်၌ အပြာရောင်သွေးကြောများ ထွက်ပေါ်လာသည်။ရုတ်ချည်းဆိုသလိုပင် ငါးမျှားတံသည် ငါးကိုဆွဲမပြီးလေပြီ။မူလက တည်ငြိမ်နေသောရေမျက်နှာပြင်ပေါ်တွင် ရေလှိုင်းများ ဂယက်ရိုက်သွားသည်။
ထိုငါးကိုကြည့်ရသည်မှာ ရေအတွင်း၌ အနက်ရောင်ရှိသော်လည်း ရေမျက်နှာပြင်အထက်သို့ ထွက်ပေါ်လာချိန်တွင် တောက်ပသောရွှေရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။ငါးကြေးခွံများအားလုံးသည် တောက်ပသောရွှေရောင်အလင်းရောင်များဖြင့် တဖျတ်ဖျတ်လက်နေသည်။
ထိုငါးသည် ခြင်းတောင်းအတွင်းသို့ ကျသွားပြီးနောက် တဖျတ်ဖျတ်ခုန်ပေါက်နေပေ၏။
အဖိုးအိုက လုယွီကိုကြည့်၍ ပြောဆိုသည်။
"မင်းနဲ့ငါ့ကြားမှာ ရေစက်ရှိပုံရတယ်...ဒီငါးက မင်းအတွက်ပဲ"
လုယွီ၏မျက်နှာအမူအယာပြောင်းလဲသွားခြင်းမရှိဘဲ သူက ပြောဆိုလေသည်။
"တတိယအကြီးအကဲနဲ့ ငါအကြားမှာ ဘာပတ်သတ်မှုမှမရှိဘူး...ငါက အကြောင်းပြချက်မရှိဘဲနဲ့ ဒါကိုလက်ခံဖို့အတွက် မထိုက်တန်ပါဘူး...ဒီငါးက အရမ်းအဖိုးတန်ရှားပါးတယ်...တတိယအကြီးအကဲရဲ့လက်ထဲမှာ သိမ်းဆည်းထားတာပဲ ပိုကောင်းလိမ့်မယ်"
အဖိုးအိုက အပြုံးနှင့်ပြောဆိုသည်။
"ငါ လုချန်ဆောင်ပေးတဲ့လက်ဆောင်ကို ဘယ်သူမှမငြင်းဆန်ဝံ့ဘူး...မင်းက ပထမဆုံး ငြင်းဆန်တဲ့သူပဲ...ဒါပေမယ့် မင်းနဲ့ငါကြားမှာ ဘာပတ်သတ်မှုမှမရှိဘူးဆိုတာ မင်း သေချာလား"
ဤပုဂ္ဂိုလ်သည် လုမိသားစု၏တတိယအကြီးအကဲ လုချန်ဆောင်ပင်။
သူကိုကြည့်ရသည်မှာ သာမာန်လူအိုကြီးတစ်ယောက်နှင့် တူညီနေသော်လည်း သူသည် ဂိုဏ်းအများစုမှလူများအတွက် နတ်ဆိုးတစ်ကောင်ကဲ့သို့ တည်ရှိမှုကြီးပင်။လုချန်ဆောင်၏လက်အတွင်း၌ အလွန်ကြီးမားသော သွေးကြွေးရန်ငြိုးများ ရှိနေသည်။
နှစ်စဥ်နှစ်တိုင်း လုချန်ဆောင်ကိုသတ်ဖြတ်ရန် လုအိမ်တော်အတွင်းသို့ခိုးဝင်သော လုပ်ကြံသတ်ဖြတ်သူအမြောက်အများရှိသည်။အကယ်၍ လုချန်ဆောင်၏ခေါင်းကိုယူဆောင်လာပါက သူတို့၏ဂိုဏ်းတစ်ဂိုဏ်းလုံးဖြင့်ပင် လဲလှယ်ပေးမည်ဟု ထုတ်ပြန်ကြေငြာထားသော မြင့်မြတ်နယ်မြေသခင်များနှင့်ဂိုဏ်းခေါင်းဆောင်များပင် ရှိနေလေ၏။
လုယွီ၏နှလုံးခုန်နှုန်း တစ်ချက်လွတ်သွားသော်လည်း သူက တည်ငြိမ်စွာပြောဆိုသည်။
"နယ်စားအန်က ဘာကိုဆိုလိုချင်တာလဲ"
နယ်စားအန်သည် လုချန်ဆောင်၏မှူးမတ်ဘွဲ့ထူးပင်။
သို့ရာတွင် လုချန်ဆောင်သည် သူ၏အိမ်တော်၌ နေထိုင်ခြင်းမပြုချေ။သူသည် လုအိမ်တော်၌သာ အစဥ်အမြဲနေထိုင်လေ့ရှိသည်။
လုချန်ဆောင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။
"လုဝူယာကို ငါတို့လုမိသားစုက ဘာလို့လက်ခံခဲ့တာလဲဆိုတာ မင်း သိလား...ဒါက သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ သွေးမျိုးဆက်ကြောင့်ပဲ...သွေးမျိုးဆက်ဆိုတာက မိသားစုတစ်စုကို ထိန်းသိမ်းဖို့အတွက် အခြေခံအကျဆုံးအရာပဲ...တကယ်လို့ မင်းရဲ့သွေးမျိုးဆက်ကသာ မှားယွင်းနေတယ်ဆိုရင် ခုဏက ငါ ပြောခဲ့တဲ့စကားတွေကို ပြောဖြစ်မှာမဟုတ်ဘူး"
လုယွီ ယုံကြည်လက်ခံနိုင်ပုံမရှိသည်ကိုကြည့်ပြီး လုချန်ဆောင်က ဆက်လက်ပြောဆိုလေ၏။
"မင်းက အောက်ဘုံကနေ တက်လှမ်းလာတယ်ဆိုတာ ငါ သိတယ်...အတိတ်မှာတုန်းက လုမိသားစုဆီကို အောက်ဘုံကနေတက်လှမ်းလာတဲ့ ပါရမီရှင်တစ်ယောက်ရှိခဲ့တယ်...အဲ့ဒီလူမှာ ထင်ရှားကျော်ကြားတဲ့ နောက်ခံမရှိပေမယ့် သူ့မှာ အရမ်းထူးချွန်တဲ့ ပါရမီအရည်အချင်းရှိတယ်...အဆုံးသတ်မှာ သူက ရွှယ်အင်မော်တယ်တစ်ယောက်ဖြစ်လာခဲ့တယ်...မင်း အဲ့ဒီလူကို သိမှာပါ...သူ့နာမည်က လုချင်"
လုချင်....
လုယွီက ထိုနာမည်ကို မှတ်မိသည်။
အောက်ဘုံတွင်ရှိနေစဥ်၌ လုယွီသည် ဘိုးဘေးခန်းမအတွင်းသို့ တစ်ကြိမ်ဝင်ရောက်ခဲ့စဥ်တွင် လုချင်၏အသက်ကျောက်ပြားကို တွေ့မြင်ခဲ့သည်။
Chapter 3229
လုချင်၏နာမည်သည် အောက်ဘုံရှိလုမိသားစု ဘိုးဘေးခန်းမ၌ရှိနေကာ သူသည် လုမိသားစု၏သွေးဝေးဘိုးဘေးတစ်ယောက်ပင်။
အောက်ဘုံမှနေ၍ ကောင်းကင်ဘုံနယ်မြေသို့ အောင်မြင်စွာ တက်လှမ်းနိုင်သူမှာ လွန်စွာရှားပါးပေ၏။ထို့ကြောင့် သူ၏အသက်ကျောက်ပြားကို ဘိုးဘေးခန်းမအတွင်း၌ထားရှိရန် အရည်အချင်းပြည့်မီသည်။
သို့ရာတွင် ဤသည်က လုယွီနှင့် အလွန်စိမ်းသက်သောကိစ္စပင်။
"နယ်စားအန်...ဘိုးဘေးမှာ သူ့ရွေးချယ်မှုနဲ့ သူရှိသလို ငါ့မှာလည်း ငါ့ရွေးချယ်မှုနဲ့ ငါရှိတယ်...နောက်ဆုံးကောက်ချက်ချရမယ်ဆိုရင်တော့ အောက်ဘုံမှာရှိတဲ့ လုမိသားစုက ကောင်းကင်ဘုံနယ်မြေကလုမိသားစုရဲ့ အကိုင်းအခက်တစ်ခုပဲ"
လုယွီ၏စကားလုံးများသည် ပြတ်သားကာ သူ၏ဆိုလိုရင်းသည် သိသာထင်ရှားနေပေ၏။
အောက်ဘုံရှိလုမိသားစုသည် အကိုင်းအခက်တစ်ခုသာပင်။
အကယ်၍ သွေးမျိုးဆက်ဆက်နွယ်မှုရှိနေလျှင်ပင် လွန်စွာအားနည်းပေမည်။
အကယ်၍ သူသည် ဤအားနည်းသောသွေးမျိုးဆက်ဖြင့် ဘိုးဘေးများကိုအသိအမှတ်ပြုသည့် ကိစ္စမျိုးကိုလုပ်ဆောင်ခဲ့ပါက လက်တွေ့ဆန်မည်မဟုတ်ချေ။
"အခု မင်း ရှင်းရှင်းလင်းလင်း သိထားပြီးပြီဆိုမှတော့ ငါ ဘာကိုမှဖုံးကွယ်မထားတော့ဘူး...တကယ်လို့ မင်း လုမိသားစုထဲကို ဝင်မယ်ဆိုရင် မင်း ထိပ်တန်းကျင့်ကြံခြင်းအရင်းအမြစ်တွေကို အကန့်အသတ်မရှိရနိုင်တယ်...ငါက မင်းကို မိသားစုခွဲတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်အနေနဲ့ သတ်မှတ်ပြီးတော့ မင်းမှာ ကြီးကျယ်ခမ်းနားတဲ့နောက်ခံအင်အားမျိုးရစေရမယ်...နောင်တစ်ချိန်မှာ မင်း ကောင်းကင်ဘုံနယ်မြေရဲ့ဘယ်နေရာကိုပဲသွားသွား အမြင့်မားဆုံးရိုသေလေးစားမှုကို ခံယူရမယ်"
လုချန်ဆောင်က ပြောင်ပြောင်တင်းတင်း ဆက်လက်ပြောဆိုသည်။
"မင်းက အခုချိန်မှာ ထိပ်သီးကျောင်းတော်သားဆိုပေမယ့် အိမ်ရှေ့စံမင်းသားကို အပြစ်ပြုမိထားတယ်...ဒါက လူအများစုအတွက် သေဖို့လုံလောက်တဲ့ကိစ္စပဲ....မင်းက ဖေးထျန်ကွမ်းကို သိမ်းသွင်းထားတယ်လို့ ငါ ကြားထားတယ်...ဒါဆို မင်း သိထားသင့်တယ်...အတိတ်မှာတုန်းက ဖေးထျန်ကွမ်းက ထိပ်တန်းမိသားစုကြီးရှစ်စုကို အပြစ်ပြုခဲ့မိတယ်...ဒါကြောင့် သူ ခုလိုရလဒ်မျိုးနဲ့ အဆုံးသတ်ရတာပဲ"
လုယွီက အေးစက်စက် ရယ်မောလိုက်သည်။
"နယ်စားအန်က ငါ့ကိုခြိမ်းခြောက်နေတာပဲ...တကယ်လို့ ငါက လုမိသားစုထဲကိုမဝင်ဘူးဆိုရင် ငါ့ရဲ့နောက်ဆုံးရလဒ်က သေသွားလိမ့်မယ်တဲ့လား"
"မင်းမှာအရည်အချင်းတချို့ရှိတယ်ဆိုတာ ငါ သိတယ်...ဒါပေမယ့် ကောင်းကင်ဘုံနယ်မြေမှာ လူတစ်ယောက်တည်းရဲ့အင်အားနဲ့ အံ့တုလို့မရတာတွေ အများကြီးရှိတယ်"
လုချန်ဆောင်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"တကယ်တော့ ငါ မင်းကို ဖိအားပေးတာမဟုတ်ဘူး...တကယ်လို့ နောင်အနာဂတ်မှာ မင်း မဖြေရှင်းနိုင်တဲ့ ကိစ္စတစ်ခုခုရှိလာရင် မင်းမှာရွေးချယ်စရာတစ်ခုရှိသေးတယ်ဆိုတာ မင်းကို ပြောပြရုံသက်သက်ပဲ"
"တကယ်လို့ မင်းကသာ လုမိသားစုထဲကိုဝင်လာမယ်ဆိုရင် ရှောင်မိသားစု ရှမိသားစု ဒါမှမဟုတ် အိမ်ရှေ့စံမင်းသား ဘယ်သူ့ကိုပဲဖြစ်ဖြစ် မင်း ရန်စစော်ကားထားတယ်ဆိုရင်တောင်...သူတို့က မင်းကို ဘာမှလုပ်ဝံ့မှာမဟုတ်ဘူး"
လုချန်ဆောင်က လုယွီကိုကြည့်၍ မေးမြန်းသည်။
"ဒီတစ်ကြိမ်မှာ မင်းက လုအိမ်တော်ထဲကိုဝင်ပြီးတော့ လုဝူယာကိုသတ်ခဲ့တယ်...လုဝူယာ ဘာပဲလုပ်ခဲ့လုပ်ခဲ့ သူက လုမိသားစုဝင်တစ်ယောက်ပဲ...အပြင်လူတွေက သူ့ကို အပြစ်ပေးခွင့်မရှိဘူး"
လုယွီက ပြောဆိုသည်။
"သူက ငါ့ရဲ့မိသားစုဝင်ကို ထိဝံ့မှတော့...ဒီလိုရလဒ်မျိုး ထွက်ပေါ်လာမယ်ဆိုတာ သူ မျှော်လင့်ထားသင့်တယ်...ငါ့အတွက်ကတော့ ငါ့မိသားစုကိုထိဝံ့တဲ့ ဘယ်သူမဆို သေရမယ်"
လုယွီက လုချန်ဆောင်ကို စူးစိုက်၍ကြည့်လိုက်၏။
"နယ်စားအန်က လုဝူယာအတွက် လက်စားချေချင်တာလား"
ရုတ်ချည်းဆိုသလိုပင် တုန်လှုပ်ချောက်ချားဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒတစ်ရပ်က လုယွီနှင့်လုချန်ဆောင်ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ စုဝေးသွားသည်။
ထိုသတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့နှံ့သွားသည်။နှစ်ဖက်စလုံးသည် စစ်တုရင်ကစားပွဲတစ်ခုအတွင်းမှ စစ်တုရင်ကစားသူများအလားပင်။တိကျသောအရိပ်လက္ခဏာများမရှိသော်လည်း သူတို့သည် မျက်တောင်တစ်ချက်မခတ်ဘဲ အသံတိတ် တိုက်ခိုက်နေကြသည်။
သူတို့နှစ်ယောက် အချင်းချင်း စူးစိုက်ကြည့်နေသည်မှာ အသက်ရှုချိန်အနည်းငယ်ခန့် ကြာမြင့်သွားလေပြီ။လုချန်ဆောင်သည် နောက်ဆုံး၌ အသိစိတ်ပြန်ဝင်လာကာ လုယွီကို အံ့အားသင့်မှုအပြည့်ဖြင့် ကြည့်လိုက်၏။
မူလက သူသည် ဤလူငယ်လေးကို သူ နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်ခဲ့ရာမှ ရရှိလာသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒဖြင့် ခြိမ်းခြောက်နိုင်မည်ဟု သူ တွေးထင်ခဲ့သည်။
သို့ရာတွင် သူ မှားယွင်းသွားလေပြီ။
လုယွီ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်ထားသော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒသည် သူ့ထက်အားနည်းခြင်းမရှိချေ။
ထို့ပြင် သူ၏စိတ်ဆန္ဒကို ချေမွှဖျက်ဆီးနိုင်သော အရိပ်အယောင်မျိုးပင်ရှိနေသည်။
ထိုအကြောင်းကို တွေးတောကြည့်ပါက အလွန်အမင်း တုန်လှုပ်ချောက်ချားဖွယ်ရာပင်။
လုချန်ဆောင်သည် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သူ၏သွေးလွှမ်းသောတိုက်ပွဲအောင်မြင်မှုများကိုမှီခိုပြီး ယခုကဲ့သို့ သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒမျိုး ရရှိလာခြင်းဖြစ်သည်။လုယွီသည် ဤကဲ့သို့အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုစိတ်ဆန္ဒမျိုး မည်သို့ရရှိထားသနည်း။
"ငါ မင်းကို လျှော့တွက်ခဲ့မိတယ်...ငါ အရင်ကပြောခဲ့တဲ့စကားကို ငါ ပြန်ရုတ်သိမ်းမှာမဟုတ်ဘူး...ဒီနေ့ ငါ မင်းကို ဒီနေရာဆီခေါ်လိုက်တာက ငါအရင်က ပေးထားတဲ့ ကတိစကားတစ်ခုကြောင့်ပဲ....တံလျှပ်ပင်လယ်မျှော်စင်မှာတုန်းက ငါ မင်းကို ကတိပေးထားခဲ့တယ်...မင်း လုအိမ်တော်ကိုရောက်လာတဲ့အချိန်ကျရင် ကောင်းကင်သက်တမ်းရတနာမျှော်စင်ကို ဝင်ရောက်နိုင်မယ်လို့...ဒီနေ့ မင်းရောက်လာတာက အချိန်ကောင်းပဲ...ဘာလို့ တခြားနေ့ရက်တွေ ထပ်ရွေးနေအုံးမှာလဲ...မင်း အခု သွားသင့်တယ်"
Chapter 3230
"ကောင်းကင်သက်တမ်း ရတနာမျှော်စင်လား"
အတွေးတစ်ချက်နှင့်အတူ ကောင်းကင်သက်တမ်းရတနာမျှော်စင်၏မှတ်တမ်းက လုယွီ၏စိတ်အတွင်း၌ ထွက်ပေါ်လာသည်။
ဥပမာအနေဖြင့် ရှောင်မိသားစု၏စိတ်ဝိညာဥ်မီးနယ်မြေ ကျန်းမိသားစု၏သူတော်စင်စာကြည့်တိုက်ကဲ့သို့သော လျှို့ဝှက်နယ်မြေများသည် တော်ဝင်မြို့တော်အတွင်းရှိ ထိပ်သီးမိသားစုတိုင်း၌ရှိသည်။
လုမိသားစုထံတွင်လည်း ကောင်းကင်သက်တမ်းရတနာမျှော်စင်ရှိပေ၏။
ဤမျှော်စင်တွင် အဆင့်ကိုးဆင့်ရှိကာ အဆင့်တစ်ဆင့်စီသည် စစ်ဆေးစမ်းသပ်မှုတစ်ခုကို ကိုယ်စားပြုသည်။ထိုအဆင့်များမှာ ခန္ဓာကိုယ်သန့်စင်ခြင်း ကျင့်ကြံနည်းစနစ်လေ့ကျင့်ခြင်း စိတ်ခံစားချက် သေဆုံးခြင်း ငိုကြွေးခြင်း နာကျင်မှုကိုသန့်စင်ခြင်း နှလုံးသားသန့်စင်ခြင်းစသဖြင့်ရှိနေပြီး ကွဲပြားခြားနားသော စစ်ဆေးစမ်းသပ်မှုများရှိနေသည်။
ထိုအဆင့်ကိုးဆင့်တွင် ကွဲပြားခြားနားသော ထိန်းညှိပေးမှုများရှိနေကာ တစ်စုံတစ်ယောက်၏တာအိုနှလုံးသားကို အားကောင်းလာစေရန် အခန်းကဏ္ဏမျိုးစုံဖြင့် လေ့ကျင့်ပေးခြင်းဖြစ်သည်။
ရုပ်ခန္ဓာကိုယ်ခွန်အားကို လေ့ကျင့်ခြင်းမှ ရရှိနိုင်သည်။
မှော်မန္တန်များကို ကျင့်ကြံခြင်းမှတဆင့် ကျွမ်းကျင်နိုင်သည်။
သို့ရာတွင် တာအိုနှလုံးသားကိုမူ မတူကွဲပြားသောလူများ ကိစ္စများကို ဖြတ်ကျော်ပြီးမှသာ တည်ငြိမ်သောအခြေအနေသို့ ရောက်ရှိနိုင်ပေ၏။
ထိုအဆင့်ကိုးဆင့်အနက် တစ်စုံတစ်ယောက်သည် ပို၍မြင့်မားသောအဆင့်သို့ တက်ရောက်နိုင်လေလေ ထိုလူသည် ပို၍သန်မာအားကောင်းလေလေပင်။
တချို့လူများသည် အလွန်အမင်းမြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်ရှိသော်လည်း သူတို့သည် စိတ်ပိုင်းဆိုင်ရာ ထိန်းညှိထားမှုမရှိချေ။တခြားလူများထံမှ လှောင်ပြောင်သရော်မှုအနည်းငယ်ကို ခံယူရရုံဖြင့် သူတို့သည် အလွန်အမင်းဒေါသထွက်ကာ ထိုလူများကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲလိုသည်။သူတို့သည် အချင်းချင်းစကားပြောဆိုရာတွင် အော်ဟစ်နေကာ တိုက်ခိုက်သတ်ပုတ်ရန်ကိုသာ စိတ်စောနေသည်။ဤသည်က သူတို့၏တာအိုနှလုံးသား မတည်ငြိမ်မှုကို ပြသနေခြင်းပင်။
တချို့လူများသည် ကျင့်ကြံဆင့်နယ်ပယ်မြင့်မားခြင်းမရှိသော်လည်း စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်မှု အလွန်မြင့်မားသည်။မည်သူကမျှ သူတို့၏အစစ်အမှန်အတွေးများကို မခန့်မှန်းနိုင်ချေ။တစ်စုံတစ်ယောက်သည် မည်သည့် ကြေကွဲဝမ်းနည်းမှု သို့မဟုတ် ပျော်ရွှင်မှုမျိုးကို ကြုံတွေ့ရသည်ဖြစ်စေ သူ၏အတွင်းစိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ပါက သူ၏တာအိုနှလုံးသား လုံလောက်စွာအားကောင်းနေသည့် သင်္ကေတပင်။
လုမိသားစုဝင်တပည့်များသည် သူတို့၏ခွန်အားကို မြှင့်တင်ရန် လိုအပ်ရုံသာမက သူတို့၏တာအိုနှလုံးကိုလည်း အားကောင်းအောင် ထိန်းညှိရပေမည်။
လုံလောက်သည်အထိအားကောင်းသော တာအိုနှလုံးသားကို ပိုင်ဆိုင်ထားမှသာ သူတို့သည် ပြင်ပလောကရှိ အရေးကိစ္စများကို ရင်ဆိုင်ရာတွင် တည်ငြိမ်စွာ ဖြေရှင်းနိုင်ပေမည်။
ထို့ကြောင့် ပြင်ပလောကရှိလူများအတွက် ဤကောင်းကင်သက်တမ်းရတနာမျှော်စင်သည် ကျင့်ကြံရန်အတွက် အလွန်အဖိုးတန်ရှားပါးသော နေရာတစ်ခုပင်။
လုချန်ဆောင်က ပြောဆိုလေ၏။
"လုမိသားစုကလူအများစုအတွက်တောင် ဒီကောင်းကင်သက်တမ်းမျှော်စင်ထဲကို ဝင်ပြီးကျင့်ကြံဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး...ဒီမျှော်စင်ကို ဖွင့်တဲ့အချိန်တိုင်း အရင်းအမြစ်တွေ အများကြီးကုန်တယ်...ပြီးတော့ ဒါက သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုထိပဲ ဖွင့်ထားနိုင်တယ်"
"ဒါပေမယ့် ဒီနေ့တော့ မင်းအတွက်နဲ့ ငါ တစ်ကြိမ် ချွင်းချက်ထားပေးလိုက်မယ်"
ဟွမ်လျန့်အိမ်မက်ကမ္ဘာကဲ့သို့ပင် ကောင်းကင်သက်တမ်းမျှော်စင်၏လုပ်ဆောင်ချက်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် အသက်တစ်ရှိုက်စာကုန်ဆုံးချိန်တိုင်း အလွန်များပြားသော စိတ်ဝိညာဥ်ကျောက်တုံးပမာဏလိုအပ်သည်။
ထို့ပြင် စိတ်ဝိညာဥ်ကျောက်တုံးများသာမက သဘာဝမှော်ရတနာအမြောက်အများလည်း လိုအပ်ပေ၏။ဤသည်က အလွန်အမင်း များပြားသော အရင်းအမြစ်ကုန်ဆုံးမှုပင်။
လုမိသားစုအတွင်း၌ပင် ထိုမျှော်စင်ကို တစ်နှစ်ပတ်လုံး ဖွင့်ထားနိုင်ခြင်းမရှိချေ။သာမာန်အားဖြင့် မိသားစုအတွင်း၌ အရေးကြီးအခမ်းအနားများရှိချိန်မှသာ ဤမျှော်စင်ကို ဖွင့်လေ့ရှိသည်။
"ငါ ကြားထားတာကတော့...အတိတ်မှာတုန်းက စစ်သူတော်စင်ရဲ့နောက်ကိုလိုက်တဲ့ အစစ်အမှန်နဂါးတစ်ကောင်ရှိပြီးတော့ သူ မသေဆုံးမီမှာ သူတော်စင့်အဆင့်ကို ချိုးဖျက်နိုင်ခဲ့တယ်...အဆုံးသတ်တော့ သူက လုအိမ်တော်ထဲမှာ သေဆုံးသွားခဲ့တယ်...သူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ရတနာကို ကောင်းကင်သက်တမ်းမျှော်စင်မှာ သိမ်းဆည်းထားတယ်...ဒါက အမှန်ပဲလားလို့ ငါ သိချင်မိတယ်"
လုယွီက မေးမြန်းသည်။
လုချန်ဆောင်က သူ၏မုတ်ဆိတ်မွှေးကိုပွတ်သပ်၍ ပြောဆိုသည်။
"မင်း ဒီမေးခွန်းကိုမေးမယ်ဆိုတာ ငါ ခန့်မှန်းပြီးသားပါ...အဲ့ဒီနဂါးက ငါတို့ဘိုးဘေးရဲ့နောက်ကိုလိုက်ခဲ့ပြီးတော့ သူ့မှာကိုယ်ပိုင်အသိဥာဏ်ရှိတယ်...သူက နဂါးသူတော်စင်တစ်ပါး ဖြစ်လာခဲ့တယ်...မင်းက ကျန်းမိသားစုနဲ့ဖူရွှေပွဲတော် နှစ်နေရာလုံးကနေ နဂါးအမြူတေတွေ ရသွားတယ်လို့ ငါ ကြားထားတယ်...ကြည့်ရတာတော့ မင်း အဲ့ဒီပစ္စည်းမျိုး လိုအပ်နေပုံပဲ...နဂါးသူတော်စင်ရဲ့အမြူတေက နဂါးဧကရာဇ်တွေယှဥ်ပြိုင်နိုင်တဲ့အရာမျိုးမဟုတ်ဘူး"
"တကယ်တော့ အဲ့ဒီရုပ်ကြွင်းက မင်း ကောင်းကင်သက်တမ်းမျှော်စင်ရဲ့ ထိပ်ဆုံးထပ်ကို ဝင်နိုင်မှတွေ့လိမ့်မယ်...အဲ့ဒီရတနာက ငါတို့လုမိသားစုရဲ့ အရေးအကြီးဆုံးရတနာပဲ...လုမိသားစုထဲက ဘယ်လူငယ်ပါရမီရှင်ကမှ အဲ့ဒီရတနာကို မျှော်စင်ထဲကနေ ထုတ်မလာနိုင်ကြသေးဘူး"
လုယွီက သရော်တော်တော် ပြောဆိုသည်။
"ကြည့်ရတာတော့ နယ်စားအန်က ငါ့ကို စုံစမ်းထောက်လှမ်းနေတဲ့ပုံပဲ...ငါက နဂါးအမြူတေတွေလိုအပ်နေတယ်ဆိုတာကိုတောင် အတပ်ပြောနိုင်တယ်"
လုချန်ဆောင်က သူ၏မျက်လုံးကိုစုံမှိတ်ထားကာ ငြင်းဆန်ခြင်းမပြုချေ။
"ကောင်းကင်ဘုံနယ်မြေတခွင်လုံးမှာ ငါတို့လုမိသားစုရဲ့ နား မျက်စေ့တွေရှိနေတယ်...ငါတို့ မသိတဲ့ကိစ္စဆိုလို့ ဘာမှမရှိဘူး"
"ငါ ကျောက်စိမ်းဆေးမီးဖိုကျောင်းတော်မှာရှိနေတုန်းက လုမိသားစုရဲ့အိမ်တော်ထိန်းတစ်ယောက်က ကျောင်းတော်ထဲကိုကျူးကျော်ဝင်လာပြီးတော့ လူတွေလာဖမ်းဝံ့တယ်...ကြည့်ရတာတော့ နယ်စားအန်က အဲ့ဒီကိစ္စကို သိသေးပုံမပေါ်ဘူး....ဟုတ်တယ်မလား"