အခန်း (၃၂၃၆-၃၂၄၀)
Vol. 165 Ch. 3236-3240
Chapter 3236
လုယွီအတွက် ထိုနတ်ဆိုးမှော်သားရဲဝိညာဥ်များသည် စကားအရာသွင်း၍ပြောရန်ပင် မထိုက်တန်ချေ။
ရုပ်ခန္ဓာကိုယ်ခွန်အားနှင့် ကျင့်ကြံနည်းစနစ်များသည် လူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံကို ရွေးထုတ်ရာ၌ အရေးအပါဆုံးဟု ယူဆကြသည်။ဤနေရာသို့ ဝင်ရောက်လာသော အဆင့်နိမ့်ကျင့်ကြံသူများအတွက် မိုးကောင်းကင်ကိုတက်လှမ်းရသကဲ့သို့ ခက်ခဲနိုင်သော်လည်း လုယွီအတွက်မူ အသေးအဖွဲကိစ္စတစ်ရပ်ပင်။
လုယွီ၏ခန္ဓာကိုယ်မှနေ၍ ရုတ်တရက် အစွမ်းထက်သော ရွှေရောင်အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ထိုရွှေရောင်အလင်းတန်းနှင့်ပေါင်းစပ်၍ မီတာတစ်သောင်းကျော်မြင့်မားသော ရွှေရောင်လူဘီလူးကြီးအဖြစ်သို့ ပြောင်းလဲသွားကာ မျှော်စင်အတွင်း၌ မတ်တတ်ရပ်နေလေ၏။
ရှေးဟောင်းမြင့်မြတ်ဧကရာဇ်ခန္ဓာကိုယ်...
ဤရုပ်ခန္ဓာကိုယ်ကြောင့် လုယွီ၏ခွန်အားနှင့်မှော်စွမ်းအားတို့သည် ကြောက်ခမန်းလိလိ မြင့်တက်သွားသည်။
သူ့ရှေ့ရှိ နတ်ဆိုးမှော်သားရဲဝိညာဥ်များအားလုံးကို သတ်ဖြတ်ပြီးနောက် လုယွီသည် ခြေတစ်လှမ်းရှေ့တက်၍ ဒုတိယထပ်မှထွက်ခွာကာ တတိယထပ်သို့ တိုက်ရိုက်သွားလိုက်၏။
မျှော်စင်၏ပြင်ပ၌...
ဒုတိယထပ်တွင် အလင်းရောင်များ တောက်ပလာသည်ကို မြင်တွေ့ရချိန်တွင် လုမိသားစုဝင်လူငယ်များ၏မျက်နှာများ ရှုံမဲ့သွားသည်။
ယခင်က လုယွီကို ဖိနှိပ်မည်ဟု အော်ဟစ်ကြွေးကြော်ခဲ့ကြသော ထိုလူငယ်များ၏မျက်နှာအမူအယာများအားလုံး ပျက်ယွင်းနေကာ မည်သည့်စကားတစ်ခွန်းမျှ မဆိုနိုင်ကြချေ။
သူတို့အနက်မှတချို့သည် ပထမထပ်မှ ကန်ထုတ်ခံရကာ သူတို့သည် ဒုတိယထပ်သို့ ဝင်ရောက်ရန်ပင် အရည်အချင်းမပြည့်မီပေ။
"ဒါက ဘယ်လောက်ကြာသေးလို့လဲ...အချိန်နှစ်နာရီတောင် မပြည့်သေးဘူး...သူက တတိယထပ်ကို ရောက်သွားပြီ"
"တစ်ခုခုတော့ မှားနေပြီ...အဲ့ဒီလူက ဘယ်လောက်တောင် သန်မာအားကောင်းနေတာလဲ...ဒီလိုခွန်အားမျိုးက အနည်းဆုံးတော့ ရွှယ်အင်မော်တယ်နယ်ပယ်မှာ ရှိနေနိုင်တယ်"
ပြင်ပရှိ လုမိသားစုဝင်လူငယ်များအားလုံး ကြက်သေသေနေကြသည်။
သူတို့သည် ပထမထပ်ကို ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရသော်လည်း လုယွီသည် တစ်ထပ်ပြီးတစ်ထပ် ဆက်တိုက်တက်သွားလေ၏။
သူသည် လူသားတစ်ယောက် ဟုတ်ပါသလော....
"လုကျိုးရှောင်ရဲ့အဆင့် ထပ်ပြီးအောက်ရောက်သွားပြီ"
"ကံကောင်းချင်တော့...ဒီအချိန်မှာ လုကျိုးရှောင်က အိမ်တော်မှာရှိမနေဘူး...မဟုတ်ရင် သူနဲ့လုယွီ ထိပ်တိုက်တွေ့မှာ သေချာတယ်"
"ဒါပေမယ့် တတိယထပ်ကျရင် ပိုပြီးခက်ခဲသွားပြီ...တတိယထပ်နဲ့အထက်အဆင့်တွေက နှလုံးသားသန့်စင်တာပဲ...တကယ်လို့ တစ်စုံတစ်ယောက်ရဲ့တာအိုနှလုံးသားက မတည်ငြိမ်ဘူးဆိုရင် တန်ပြန်ဒဏ်ကို ခံစားရလိမ့်မယ်"
လုမိသားစုဝင်လူငယ်များ တိုင်ပင်ဆွေးနွေးနေကြသည်မှာ အဆုံးသတ်သွားသောအချိန်တွင် သူတို့၏နားများမှနေ၍ တုန်ခါသံကြီးတစ်သံကို ကြားလိုက်ရသည်။
ရုတ်ချည်းဆိုသလိုပင် တတိယထပ်နှင့်စတုတ္ထထပ်မှနေ၍ ရွှေရောင်အလင်းရောင်များ ဖြာထွက်လာကာ လူတိုင်း၏မျက်နှာများပေါ်၌ ရောင်ပြန်ဟပ်နေပေ၏။
ဤအချိန်အခိုက်အတန့်တွင် ပြင်ပမှစောင့်ကြည့်နေသည့် လုမိသားစုဝင်လူငယ်များအားလုံး ထိတ်လန့်တုန်လှုပ်နေကြသည်။သူတို့၏စိတ်နှလုံးသားများပင်လျှင် ထုံကျင်စပြုလာသည်။
"ဒါ...ဒါက ငါ အမြင်မှားနေတာလား"
လုမိသားစုဝင်လူငယ်တစ်ယောက်က ပြောဆိုသည်။
တခြားသူများသည် သူ့အား အဖြေပေးခြင်းမပြုချေ။ထိုအစား သူတို့သည် မျှော်စင်ပေါ်မှ ဖြာကျလာသော အလင်းရောင်များကို မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေကြသည်။
လူအားလုံး၏ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်မှာပင် မျှော်စင်၏ ပဉ္စမထပ် ဆဋ္ဌမထပ် သတ္တမထပ်တို့နှင့်အဋ္ဌမထပ်တို့မှနေ၍ တောက်ပသောအလင်းရောင်များ ဖြာထွက်လာသည်။
ထိုမြင်ကွင်းကိုမြင်တွေ့ချိန်တွင် လုမိသားစုဝင်လူငယ်များ၏မျက်လုံးများအတွင်း၌ မိန်းမောတွေဝေမှုများနှင့် ပြည့်နှက်သွားတော့သည်။
လုကျိုးရှောင်ပင်လျှင် ကောင်းကင်သက်တမ်းမျှော်စင်သို့ ပထမဆုံးအကြိမ်ဝင်ရောက်စဥ်၌ ဆဋ္ဌမအထပ်အထိသာ ဝင်ရောက်နိုင်ခဲ့သည်။
မျှော်စင်တတိယထပ်မှစ၍ အထက်အဆင့်များသည် တစ်စုံတစ်ယောက်၏တာအိုနှလုံးသား တည်ငြိမ်မှုနှင့်သက်ဆိုင်သည်။ဤအထပ်များတွင် အတွင်းစိတ်နတ်ဆိုးများ၏ဆွဲဆောင်ခြင်းကို အများဆုံးခံရလေ၏။အဆုံးသတ်၌ တစ်စုံတစ်ယောက်၏စိတ် ကပြောင်းကပြန်ဖြစ်သွားပါက သူ၏ကျင့်ကြံဆင့်နယ်ပယ်ပင်လျှင် လျော့ကျသွားနိုင်သည်။
ထို့ကြောင့် နှလုံးသားသန့်စင်ခြင်းသည် လူတစ်ယောက်၏စရိုက်သဘာဝကို စမ်းသပ်ရာ၌ အရေးအကြီးဆုံးကိစ္စပင်။
သို့ရာတွင် တာအိုနှလုံးသားစစ်ဆေးမှုသည် လုယွီအတွက် ခက်ခဲခြင်းမရှိချေ။
သူသည် နှစ်ဘဝတိုင်တိုင် အသက်ရှင်နေထိုင်ခဲ့ကာ ကောင်းကင်ဘုံနယ်မြေတခွင်လုံးကို လွှမ်းမိုးအုပ်ချုပ်နိုင်သည့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့သူပင်။သူ၏အတိတ်ဘဝတွင် ကိစ္စများစွာရင်ဆိုင်ဖြတ်ကျော်ခဲ့ရပြီးဖြစ်သဖြင့် သူ၏တာအိုနှလုံးသားသည် ကျောက်စိုင်ကျောက်သားကဲ့သို့ မာကျောနေလေပြီ။ဤစမ်းသပ်မှုများသည် သူ့အတွက် အနည်းငယ်မျှပင် အခက်မတွေ့နိုင်ချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီ၏လက်အတွင်း၌ ပစ္စည်းတချို့ရှိနေသည်။ဤှသည်က ဓားတစ်လက်နှင့် ကျင့်ကြံနည်းစနစ်များ ဆေးလုံးများကဲ့သို့သော ပစ္စည်းများပင်။
ဤသည်က မျှော်စင်၏စမ်းသပ်မှုများကို သူ အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ခြင်းကြောင့် ရရှိခဲ့သော ဆုလာဘ်များဖြစ်သည်။
ဆေးလုံးသည် ဧကရာဇ်တစ်ဝက်အဆင့်ဆေးလုံးဖြစ်ကာ ကျင့်ကြံနည်းစနစ်သည် ပြင်ပသို့လက်ဆင့်ကမ်းသင်ကြားပေးခြင်းမရှိသော စစ်သူတော်စင်၏လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပေ၏။
Chapter 3237
သို့ရာတွင် ထိုကျင့်ကြံနည်းစနစ်နှင့်ဆေးလုံးသည် လုယွီအတွက် များစွာအသုံးဝင်ခြင်းမရှိချေ။
သူတန်ဖိုးအထားဆုံးအရာမှာ သူ၏လက်အတွင်းရှိဓားရှည်ပင်။
အကယ်၍ သူ၏ခန့်မှန်းချက်သာမှန်ကန်ပါက ဤဓားရှည်အတွင်းတွင် မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစတစ်ခု ကိန်းအောင်းနေပေမည်။
ဤသည်က လုယွီလိုအပ်နေသော အရာပင်။
မသေမျိုးအဆင့်မှော်လက်နက်အပိုင်းအစများနှင့်ဆိုပါက သေခြင်းရှင်ခြင်းသံလိုက်အိမ်မြှောင်သည် စွမ်းအားအလုံးစုံကို အနှေးနှင့်အမြန် ပြန်လည်ရရှိလာမည်ဖြစ်ကာ အဆုံးသတ်၌ လုယွီကို ကြီးမားစွာကူညီထောက်ပံနိုင်ပေမည်။
ဤှအချိန်အခိုက်အတန့်တွင် လုမိသားစုဝင်တပည့်အများစုသည် ပထမထပ်၌ ရုန်းကန်နေရဆဲပင်။
စစ်သူတော်စင်၏ဆက်ခံသူများအနက်မှတချို့သည် ဒုတိယထပ်သို့ ရောက်ရှိနေသော်လည်း သူတို့သည် အစွမ်းကုန်ကြိုးစား၍တောင့်ခံနေရသည်။
လုယွီတစ်ယောက်တည်းသာ နဝမထပ်သို့ ရောက်ရှိသွားလေပြီ။
မျှော်စင်၏နဝမထပ်သည် နောက်ဆုံးအထပ်ပင်။
ဤအထပ်ကို "တာအိုနှလုံးသား သန့်စင်ခြင်း'ဟုခေါ်ဆိုကာ ထိုအရာ၏ရည်ရွယ်ချက်သည် တစ်စုံတစ်ယောက်၏တာအိုနှလုံးသားကို နှံ့နှံ့စပ်စပ် ထိန်းညှိပြုပြင်ပေးရန်ဖြစ်ပေ၏။
ဤှသည်က အခက်ခဲဆုံးအဆင့်ဖြစ်ကာ လူနည်းစုကသာလျှင် ဖြတ်ကျော်နိုင်ခဲ့ကြသည်။
ဤအဆင့်တွင် ကျင့်ကြံဆင့်နယ်ပယ်နှင့် အနည်းငယ်မျှပင် သက်ဆိုင်ခြင်းမရှိဘဲ တစ်စုံတစ်ယောက်၏စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာမှ အကြောက်တရားများကို တူးထုတ်ခြင်းပင်။ထို့နောက် အကြောက်တရားများ ကြီးထွားလာကာ စိန်ခေါ်သူသည် သူ၏တာအိုနှလုံးသားနှင့် တိုက်ရိုက်ရင်ဆိုင်ရလေ၏။
လုယွီသည်လည်း သူ၏စိတ်နှလုံးသားအတွင်းရှိ နက်ရှိုင်းသောအကြောက်တရားကို မြင်တွေ့လိုသည်။
သူသည် ခြေတစ်လှမ်းရှေ့တက်ကာ အတွင်းသို့ ခြေချလိုက်သည်။
သို့ရာတွင် ရုတ်တရက် သူ ကြက်သေသေသွားသည်။
သူ၏ခန္ဓာကိုယ်အတွင်းရှိ မှော်စွမ်းအားများကို တစိုးတစိမျှပင် သူ အာရုံခံ၍မရတော့ချေ။မကြုံစဖူးအားနည်းချက်မျိုးက သူ၏စိတ်နှလုံးသားအတွင်း၌ ဖြတ်ပြေးသွားသည်။
"ဒါက ပုံရိပ်ယောင်နည်းစနစ်လား...မဟုတ်သေးဘူး"
လုယွီသည် ကူကယ်ရာမဲ့စွာဖြင့် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသော်လည်း မကြာမီမှာပင် အသိစိတ်ပြန်ဝင်လာကာ သူ၏စိတ် ပြန်လည်တည်ငြိမ်သွားလေ၏။
သူက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ကြည့်လိုက်သည်။ဤသည်က ဟောင်းနွမ်းစုတ်ပြတ်နေသော နတ်ဘုရားကျောင်းတစ်ကျောင်းပင်။
ဘုရားကျောင်း၏ပြင်ပ၌ မိုးရွာသွန်းနေသည်။ကျိုးပဲ့နေသောတံခါးများနှင့်ပြတင်းပေါက်များမှတဆင့် မှုန်ဝါးနေသောမိုးရေစက်များအကြားတွင် မြို့တစ်မြို့၏ပုံရိပ်ကို ဝိုးတဝါး တွေ့မြင်နေရသည်။
လုယွီသည် မတ်တတ်ထရပ်လိုသော်လည်း သူ အလွန်အမင်းအားနည်းနေသည်ကို ရှာဖွေတွေ့ရှိလိုက်၏။
သူ့ထံတွင် သိုင်းပညာသူတော်စင် အထွက်အထိပ်အဆင့် ရုပ်ခန္ဓာကိုယ်ရှိကာ ရှေးဟောင်းသူတော်စင်တစ်ယောက်ဖြစ်သေည်လည်း ဤနေရာတွင် သူ၏ခန္ဓာကိုယ်သည် ပိန်ပါးနေကာ ဆယ်ကျော်သက်တစ်ယောက်ထက်ပင် အားနည်းနေသည်။
လုယွီသည် ရုတ်တရက် ဤနေရာသည် မည်သည့်နေရာဖြစ်သည်ကို အမှတ်ရသွားသည်။
"စုန့်တိုင်းပြည်...ပြန့်ကျင်းမြို့...ငါ ဒီနေရာကို ပြန်ရောက်လာမယ်လို့ မျှော်လင့်မထားမိဘူး"
ခါးသက်သက်အပြုံးက လုယွီ၏မျက်နှာပေါ်၌ ထင်ဟပ်လာသည်။
အတိတ်ဘဝတွင် သူသည် မိဘမဲ့ကလေးတစ်ယောက်ဖြစ်ကာ လမ်းကြိုလမ်းကြားတွင် မှီခိုရာကင်းမဲ့စွာဖြင့် အသက်ရှင်နေထိုင်ခဲ့ရသည်။သူသည် ဤကျိုးပဲ့နေသောဘုရားကျောင်းအတွင်း၌နေ၍ တောင့်ခံခဲ့ရလေ၏။
လုယွီသည် နယ်မြေခံသူတောင်းစားဂိုဏ်းသို့ ဝင်ရောက်ခဲ့သော်လည်း သူသည် တခြားလူများကဲ့သို့ တောင်းရမ်းစားသောက်ခြင်းမရှိချေ။ထိုအစား သူသည် ပင်ပင်ပန်းပန်းအလုပ်လုပ်ကိုင်၍ သူ၏စားဝတ်နေရေးကို ဖြေရှင်းခဲ့သည်။သို့ရာတွင် သူ၏အသက်သည် အလွန်ငယ်ရွယ်နေသဖြင့် သူ့ထံတွင် ခွန်အားများစွာမရှိချေ။အခြေခံအားဖြင့် သူ အလုပ်အမြောက်အများ မလုပ်ဆောင်နိုင်သောကြောင့် အစားအစာနှင့်လဲလှယ်ရုံမျှသာရရှိသည်။
အကယ်၍ အဆုံးသတ်၌ သူ၏ကျေးဇူးရှင်နှင့်သာ မဆုံတွေ့ပါက သူသည် သေမျိုးမြို့တစ်မြို့၌ အသက်အိုမင်းပြီး သေဆုံးသွားမည်ဖြစ်ကာ ကောင်းကင်ဘုံနယ်မြေ၌ မြေအောက်လောကတာအိုသခင်သည်လည်း ထွက်ပေါ်လာနိုင်တော့မည်မဟုတ်ချေ။
"အဲ့ဒီနေ့တုန်းက ငါ အပြင်းအထန်ဖျားနေတာကနေ ပြန်ကောင်းလာခါစအချိန်ပဲ...မကြာခင်မှာပဲ သူတောင်းစားဂိုဏ်းကလူတွေ ပြန်ရောက်လာတယ်...ပြီးတော့ အဲ့ဒီလူတွေကြားမှာ သူတောင်းစားအိုကြီးတစ်ယောက် ပါလာတယ်"
လုယွီသည် ထိုသူတောင်းစားအိုကြီးကို ပြန်တွေးမိကာ အတိတ်ရှိဖြစ်ရပ်များက သူ၏မျက်လုံးအတွင်း၌ ထင်ဟပ်လာသည်။
အကယ်၍ သူ အလေးအနက်မှတ်ယူပါက ထိုသူတောင်းစားအိုကြီးသည် သူ၏ပထမဆုံးဆရာသခင်ပင်။
ထိုသူတောင်းစားအိုကြီးသည် ယခင်က ကျင့်ကြံသူတစ်ယောက်ဖြစ်ကာ နောက်ပိုင်း၌ တခြားသူများနှင့်တိုက်ခိုက်ရာတွင် ရှုံးနိမ့်ခဲ့ပြီး သူ၏ကျင့်ကြံဆင့် ဖျက်ဆီးခံခဲ့ရသည်။ထို့နောက် သူ့ကို အမှိုက်တစအလား ဤနေရာ၌ စွန့်ပစ်ထားခြင်း ခံရလေ၏။
လုယွီသည် အဆိုးရွားဆုံးအခြေအနေ၌ ရှိနေစဥ်တွင် ထိုသူတောင်းစားအိုကြီးသည် လုယွီအတွက် လမ်းကြောင်းတစ်ကြောင်းကို ညွှန်ပြပေးခဲ့သည်။သူသည် သူ့ထံတွင်နောက်ဆုံးကျန်ရှိသော ဆေးလုံးကိုပင် ပေးအပ်၍ လုယွီကျင့်ကြံနိုင်ရန် ကူညီပေးခဲ့သည်။
နောက်ပိုင်းတွင် ထိုသူတောင်းစားအိုကြီး သေဆုံးသွားကာ သူ မည်သည့်နေရာ၌ သေဆုံးသွားကြောင်းကိုပင် မသိရချေ။
လုယွီသည် တာအိုသခင်ဖြစ်လာပြီးနောက် ကောင်းကင်ဘုံ၏လျှို့ဝှက်ချက်ကို ရှာဖွေသည့် နည်းလမ်းမျိုးစုံကို အသုံးပြုကာ တွက်ချက်ခဲ့သော်လည်း ထိုသူတောင်းစားအိုကြီး နောက်ဆုံးသေဆုံးသွားသည့်နေရာကို ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းမရှိချေ။
"ဒါက ပြန်ဆုံတွေ့ရမယ့်အချိန်ပဲ"
လုယွီက တံခါး၏ပြင်ပကို ကြည့်လိုက်သည်။
ဘုရားကျောင်း၏ပြင်ပမှနေ၍ ခြေလှမ်းသံတချို့ ထွက်ပေါ်လာသည်။
Chapter 3238
ပြင်ပမှခြေလှမ်းသံများ တဖြည်းဖြည်းနီးကပ်လာပြီးနောက် လုယွီသည် နောက်ဆုံး၌ ဘုရားကျောင်းပြင်ပသို့ လူတစ်စုရောက်ရှိလာသည်ကို မြင်တွေ့မိလေ၏။
ဤသည်က စုတ်ပြတ်သတ်နေသောအဝတ်အစားများကို ဝတ်ဆင်ထားသည့် သူတောင်းစားတစ်စုပင်။သူတို့အနက်မှတချို့၏အဝတ်အစားများသည် သူတို့၏ခန္ဓာကိုယ်များကို လုံခြုံအောင်ဖုံးမထားနိုင်သောအဆင့်သို့ပင် ရောက်ရှိနေလေပြီ။သူတို့သည် ကောက်ရိုးမြက်များဖြင့် သူတို့၏ခန္ဓာကိုယ်များကို ရစ်ပတ်ထားရသည်။
သူတို့အနက်မှအများစု၏မျက်လုံးများတွင် ခံစားချက်ရှိမနေဘဲ အသက်ဝင်မှုကင်းမဲ့နေသည်။သူတို့သည် စိတ်ဓာတ်ကျဆင်းမှုများ ပြည့်နှက်နေသောဘဝဖြင့် အသက်ရှင်နေရသည်။
သူတို့သည် သေမျိုးမြို့အတွင်း၌ ဖုန်အစက်အပြောက်များကဲ့သို့ တည်ရှိနေကြသည်။မည်သူကမျှ သူတို့၏သေခြင်းရှင်ခြင်းကို ဂရုမစိုက်ကြချေ။အကယ်၍ သူတို့အနက်မှလူတချို့သေဆုံးသွားလျှင်ပင် မည်သည့်သတင်းမျှ မကြားရပေ။
ဤလူများသည် အသက်ရှင်ရန်သက်သက်သာ ရှင်သန်နေရခြင်းဖြစ်သည်။
လုယွီထံတွင် ရွေးချယ်စရာမရှိခဲ့သဖြင့် သူတောင်းစားဂိုဏ်းသို့ ဝင်ရောက်ခဲ့ရသည်။ထိုအင်အားစု၏ကာကွယ်မှုကိုရရှိမှသာ ဤမြို့အတွင်း၌ သူ အသက်ရှင်နိုင်ပေမည်။
"မြို့ပြင်မှာ မိုးတွေသည်းကြီးမည်းကြီး ထပ်ရွာပြန်ပြီ...ကောက်ပဲသီးနှံတွေကို ရေလွှမ်းမိုးသွားပြီလို့ ငါ ကြားထားတယ်...ဒုက္ခသည်တွေအများကြီး မြို့ထဲကိုပြေးဝင်လာကြတော့မယ်"
"အရာရှိတွေက မြို့ရိုးရဲ့အနီးတဝိုက်မှာ လူတွေစေလွှတ်ထားတယ်...ဘယ်ဒုက္ခသည်ကိုမှ ခိုးဝင်ခွင့်ပြုမှာမဟုတ်ဘူး"
"အဲ့ဒီလူတွေ ဝင်မလာတာ ပိုကောင်းလိမ့်မယ်...သူတို့ အပြင်မှာသေကုန်ရင် အကောင်းဆုံးပဲ...တကယ်လို့ သူတို့ကိုသာ မြို့ထဲဝင်ခွင့်ပြုလိုက်ရင် ငါတို့က သူတို့နဲ့ တိုက်ခိုက်လုယက်နေရလိမ့်မယ်"
သူတောင်းစားတစ်စုသည် အချင်းချင်း စကားစမြည်ပြောဆိုနေကာ ခြံဝန်းအတွင်းသို့ဝင်လာကြ၏။လုယွီသည် ထောင့်တစ်နေရာ၌ လဲလျောင်းနေသည်ကို သူတို့မြင်တွေ့ချိန်တွင် သူတို့၏မျက်နှာများပေါ်၌ အထင်အမြင်သေးသောအရိပ်အယောင်များ ထင်ဟပ်လာသည်။
လုယွီသည် အပြင်းအထန်နာမကျန်းဖြစ်ရာမှ ပြန်လည်ကောင်းမွန်လာစဖြစ်သဖြင့် အားနည်းသောအခြေအနေ၌ရှိနေဆဲပင်။
သူတောင်းစားဂိုဏ်းတွင် အပြင်ထွက်၍ အလုပ်မလုပ်ကိုင်နိုင်ဘဲ တခြားသူများမျှဝေပေးရသော အစားအစာကို စောင့်ဆိုင်းနေရသူသည် အသုံးမကျသောအမှိုက်ပင်။
"ထစမ်း...ငါတို့ မင်းကို အစားအစာခွဲပေးမယ်"
အရပ်ရှည်ပြီး သန်မာထွားကျိုင်းသော လူတစ်ယောက်က ဘုရားကျောင်းအတွင်းသို့ ဝင်ရောက်လာသည်။သူ၏နာမည်သည် ကျူးကျစ်ဖြစ်ပြီး သူသည် သူတောင်းစားဂိုဏ်းခေါင်းဆောင်ပင်။
အမှန်အားဖြင့် သူတောင်းစားဂိုဏ်းဟူသည်မှာ သူတောင်းစားများဖြင့် ဖွဲ့စည်းထားသော လျော့တိလျော့ရဲအဖွဲ့အစည်းတစ်ခုဖြစ်သည်။
ကျူးကျစ်သည် ဥာဏ်ရည်မကောင်းသော်လည်း သူသည် ခွန်အားကောင်းမွန်သူတစ်ယောက်ဖြစ်ပေ၏။သူသည် လမ်းများပေါ်၌ သိုင်းပညာကို လှည့်လည်ပြသခြင်းဖြင့် ဆင်းရဲမွဲတေစွာ အသက်မွေးဝမ်းကြောင်းပြုရသည်။
သူ၏ခါးတွင် အဝါရောင်ဆန်များပါဝင်သော အိတ်ငယ်တစ်အိတ်ကို ချိတ်ဆွဲထားသည်။
အမှန်အားဖြင့် ထိုအဝါရောင်ဆန်များသည် သန့်စင်ခြင်းမရှိချေ။ထိုဆန်များအကြား၌ အဝါရောင်ကျောက်တုံးငယ်အမြောက်အများ ရောယှက်နေသည်။ထိုဆန်အိတ်၏အလေးချိန်သည်ပင် အလွန်ပေါ့ပါးပြီး နှစ်ပေါင်ခန့်သာရှိသည်။
ကျူးကျစ်သည် အဝါရောင်ဆန်ကို ရေနွေးပူအတွင်းသို့ထည့်၍ ဆန်ပြုတ်တစ်အိုးကို စတင်၍ချက်ပြုတ်လေ၏။မကြာမီမှာပင် ဆန်ရနံ့က မျောလွင့်လာသည်။
တခြားသူတောင်းစားများသည် ပတ်ဝန်းကျင်၌စုဝေးနေကာ ပွက်ပွက်ဆူနေသော ဆန်ပြုတ်အိုးကို ကြည့်နေကြသည်။
သူတို့အတွက် ဤအရာသည် သူတို့၏အသက်ပင်။
အစာစားပြီးနောက်မှသာ သူတို့ ဆက်လက်၍ အသက်ရှင်နိုင်ပေမည်။
လူတိုင်းသည် ဝေစုရရှိကြသော်လည်း များပြားခြင်းမရှိချေ။သူတို့၏အစာအိမ်များ ပြည့်သွားရုံမျှဖြင့် တင်းတိမ်ရလေပြီ။သို့ရာတွင် သူတောင်းစားဂိုဏ်းမှလူများအားလုံးအတွက် ဤသည်က သူတို့အသက်ရှင်သန်နိုင်ရေးအတွက် တစ်ခုတည်းသောမှီခိုရာပင်။
"အကိုကျူးကျစ်...ဆန်ပြုတ်အဆင်သင့်ဖြစ်ပြီ"
သူတောင်းစားများအနက်မှတစ်ယောက်က အိုးကိုစူးစိုက်၍ ကြည့်နေကာ သူ၏ပါးစပ်မှသွားရည်များ ထွက်ကျစပြုလာသည်။
ကျူးကျစ်က ခေါင်းညိတ်ပြလိုက်၏။သူသည် ဇွန်းကိုကောက်ယူကာ သူ့အတွက် ဆန်အများဆုံးပါအောင် ဆန်ပြုတ်ကိုခပ်လိုက်၏။
ဆန်ပြုတ်၏မွှေးရနံ့က ပျံ့လွင့်နေသည်။ကျူးကျစ်သည် ပန်းကန်လုံးကို သူ၏လက်ဖြင့်ကိုင်၍ ထိုင်လိုက်ကာ ပေါင်မုန့်အစအနတချို့ကို ထုတ်ယူလိုက်သည်။ထို့နောက် သူ၏ဆန်ပြုတ်ကို စတင်၍ စားသောက်လိုက်တော့သည်။
သူသည် သူတောင်းစားဂိုဏ်းခေါင်းဆောင်ဖြစ်ကာ လက်ရှိနေရာတွင်ရှိနေသူများအနက် လူငယ်တစ်ယောက်၏ခွန်အားမျိုးရှိသည့် တစ်ယောက်တည်းသောသူပင်။ထို့ကြောင့် သူသည် အစားအစာအများဆုံးစားရန် ထိုက်တန်ပေ၏။
တခြားဆန်ပြုတ်ခွဲဝေသည့် အစီအစဥ်မှာ ဂိုဏ်းအတွင်း၌ အလုပ်လုပ်ကိုင်သည့် လုပ်အားအရ စီစဥ်ထားသည်။
ရှေ့ဆုံးမှရရှိသူများသည် ဂိုဏ်းအတွင်းရှိ စီနီယာသူတောင်းစားများပင်။ဂိုဏ်းအတွင်းသို့ လတ်တလောအချိန်ကမှဝင်ရောက်လာသူများနှင့် မည်သည့်အကျိုးဆောင်မှုမျှ မရှိသူများကမူ နောက်ဆုံးမှသာ ခွဲတမ်းရရှိသည်။
ဆန်ပြုတ်သည် တစတစ လျော့နည်းလာပေ၏။အိုးအတွင်း၌ ဆန်ပြုတ်အမြောက်အများ မကျန်ရှိတော့ချေ။လူတိုင်းသည် ထောင့်တစ်နေရာ၌ထိုင်ကာ ပန်းကန်လုံးတစ်လုံးကိုကိုင်၍ အဆက်မပြတ် ဆန်ပြုတ်ကိုခွဲဝေနေကြ၏။
Chapter 3239
လုယွီက နောက်ဆုံးမှသာ ဆန်ပြုတ်အိုးအနီးသို့ လျှောက်လှမ်းလာခဲ့သည်။
အချိန်များ အလွန်ကြာညောင်းသွားပြီဖြစ်သော်လည်း သူသည် သူတောင်းစားဂိုဏ်း၏စည်းမျဥ်းများကို မှတ်မိနေဆဲပင်။
အကယ်၍ ထိုအတိတ်နေ့ရက်အနည်းငယ်တွင် ထိုသူတောင်းစားအိုကြီးကသာ သူ့ကိုကာကွယ်မပေးခဲ့ပါက ဤဘုရားကျောင်းအတွင်း၌ သူ သေဆုံးနေလောက်လေပြီ။
အပေါ်ယံတွင် ဤဘုရားကျောင်းသည် သာမာန်လူများကို ကာကွယ်ပေးထားပုံရသော်လည်း အထင်နှင့်အမြင်တခြားစီဖြစ်ကာ ဘုရားကျောင်းအတွင်း၌ လူအမြောက်အများ သေဆုံးခဲ့ရသည်။
အခက်ခဲဆုံးအချိန်ကာလများအတွင်းတွင် နေ့စဥ်နေ့တိုင်း ဘုရားကျောင်းအတွင်း၌ လူများသေဆုံးခဲ့လေ၏။သူတို့သည် အစားအစာငတ်မွတ်၍ သို့မဟုတ် အေးခဲ၍ သေဆုံးသွားကြခြင်းပင်။သူတို့၏ခန္ဓာကိုယ်များသည် တောင့်တင်းကာ မြေပြင်ပေါ်၌ ကွေးကောက်နေသည်။သေဆုံးသွားသူများကို မြက်ဖျာများဖြင့်ရစ်ပတ်ကာ တောရိုင်းများအတွင်း၌ လွှင့်ပစ်ကြရသည်။
ဤသည်က မြက်ပင်များနှင့်တူညီသော လူသားများ၏တန်ဖိုးမရှိသော ဘဝပင်။
လုယွီသည် အပြင်းအထန်နာမကျန်းဖြစ်ရာမှ ပြန်လည်သက်သာလာခါစဖြစ်သည်။သူသည် ပြင်ပသို့ အလုပ်ထွက်လုပ်နိုင်ခြင်းမရှိသေးသဖြင့် သူတောင်းစားဂိုဏ်းသို့ ခြူးတပြားမျှပင် ပေးအပ်နိုင်ခြင်းမရှိချေ။
ဤတစ်ကြိမ်တွင် သူသည် အစာတစ်နပ်ကို အလကားစားလိုက်ရသော်လည်း မနက်ဖြန်တွင် သူ အပြင်ထွက်၍ အလုပ်လုပ်ကိုင်ရပေမည်။အကယ်၍ သူသည် ငွေကြေးအနည်းငယ်ကိုပင် ပေးအပ်နိုင်ခြင်းမရှိပါက သူ့အား အညှာအတာကင်းမဲ့စွာဖြင့် မောင်းထုတ်ကြပေလိမ့်မည်။သူသည် စားစရာမရှိနိုင်ရုံသာမက ဤနေရာတွင်လည်း ဆက်၍နေထိုင်ခွင့်ရှိမည်မဟုတ်ချေ။
ဤဘုရားကျောင်းသည် ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း လေနှင့်မိုးဒဏ်ကို ကာကွယ်ဟန့်တားပေးနိုင်ဆဲပင်။
လုယွီသည် ဆန်ပြုတ်အိုးအနီးသို့လာကာ လက်ကျန်အဝါရောင်ဆန်အနည်းငယ်ကို စုစည်းပြီးဝါးမြိုလိုက်၏။ထို့နောက် သူသည် ကြွင်းကျန်သော ဆန်ပြုတ်အရည်များကို မော့သောက်လိုက်တော့သည်။
ထိုနည်းလမ်းဖြင့်သာ သူ၏အစာအိမ် အနည်းငယ်တင်းတိမ်သွားသကဲ့သို့ ခံစားရသည်။
"မင်းတို့ လူအိုကြီးကျန်းကို မြင်မိသေးလား"
လုယွီ၏စကားသံသည် ကလေးဆန်သောအသံမျိုး ထွက်ပေါ်လာပေ၏။
ဤပုံရိပ်ယောင်ကမ္ဘာအတွင်းတွင် သူသည် ဆယ်ကျော်သက်တစ်ယောက်ပင်။
လူအိုကြီးကျန်းသည် သူတောင်းစားအိုကြီးကိုခေါ်ဆိုသောအမည်ဖြစ်ကာ မည်သူကမျှ သူ၏အစစ်အမှန်နာမည်ကို မသိကြချေ။အကယ်၍ ထိုနာမည်ရှိပါကလည်း မည်သူကမျှ မှတ်မိမည်မဟုတ်ပေ။ဤနေရာတွင် နာမည်သည် ခေါ်၍ကောင်းရုံသက်သက် သင့်တော်သောအရာပင်။အလေးအနက်ထား၍ မှည့်ခေါ်ထားသော နာမည်များသည် 'ခွေးပေါက်'ဟုခေါ်သော နာမည်ပြောင်လောက်ပင် ကောင်းမွန်မည်မဟုတ်ချေ။
တခြားသူတောင်းစားများသည် သူတို့၏ပန်းကန်လုံးများအတွင်းရှိ ဆန်ပြုတ်ကိုသာ ကြောင်စီစီဖြင့် စူးစိုက်ကြည့်နေကာ လုယွီကို လှည့်ကြည့်ခြင်းပင်မရှိချေ။
ကျူးကျစ်သည် ခေါင်းမော့၍ လုယွီကိုကြည့်လိုက်သည်။ထို့နောက် သူက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
"လူအိုကြီးကျန်းက ဘယ်သူ့ကို အပြစ်ပြုမိတယ်ဆိုတာ ငါ မသိဘူး...ဒါပေမယ့် သူက ရိုက်နှက်ခံရလို့ သေသွားပြီ"
သေသည်အထိ ရိုက်နှက်ခံရသည်ဟု ဆိုသလော....
လုယွီသည် အချိန်တခဏခန့် အံ့အားသင့်တွေဝေသွားပေ၏။သို့ရာတွင် ဤသည်မှာမဖြစ်နိုင်ကြောင်း သူ ချက်ချင်းနားလည်သဘောပေါက်သွားသည်။
လူအိုကြီးကျန်း၏ကျင့်ကြံဆင့်နယ်ပယ်သည် ဖျက်ဆီးခံလိုက်ရသော်လည်း ကျင့်ကြံသူတစ်ယောက်ဖြစ်သောသူသည် သာမာန်သေမျိုးတစ်ယောက်ထက် များစွာပို၍သန်မာအားကောင်းသည်။
သူ သူတောင်းစားတစ်ယောက်ကဲ့သို့ နေထိုင်နေရသော အကြောင်းအရင်းမှာ သူ အလွန်စိတ်ဓာတ်ကျနေပြီး မည်သည့်ကိစ္စကိုမျှ လုပ်ဆောင်ရန် ဆန္ဒမရှိသောကြောင့်ပင်။
မူလက လူအိုကြီးကျန်းသည် ဤအချိန်တွင် သေဆုံးသွားခြင်းမရှိသော်လည်း ပုံရိပ်ယောင်ကမ္ဘာအတွင်းတွင်မူ သူ အမှန်တကယ် သေဆုံးသွားလေပြီ။
"သူ ဘယ်နေရာမှာ သေသွားတာလဲ"
လုယွီက အလေးအနက်ထားသောလေသံဖြင့် မေးမြန်းသည်။
"ဘုရားကျောင်းရဲ့အပြင်မှာပဲ...မိုးတွေအရမ်းသည်းလာလို့ သူ့ကို မြက်ဖျာနဲ့ပဲပတ်ထားရတယ်"
ကျူးကျစ်က ခံစားချက်ကင်းမဲ့သော အမူအယာနှင့် ပြောဆိုလေ၏။
တခြားလူများ၏မျက်နှာများပေါ်တွင်လည်း မည်သည့်စိတ်ခံစားချက် အရိပ်အယောင်မျိုးမျှ ရှိမနေချေ။ဤသည်က ပုရွက်ဆိတ်တစ်ကောင် သေဆုံးသွားသကဲ့သို့ပင်။
လုယွီ၏စိတ်နှလုံးသားမွန်းကြပ်သွားကာ ပြင်ပသို့ အလျှင်အမြန် ပြေးထွက်လိုက်သည်။
ဤှအချိန်အခိုက်အတန့်တွင် ပြင်ပ၌ တစတစ မိုးပို၍သည်းထန်လာသည်။သည်းထန်သောမိုးနှင့်အတူ လေအေးတစ်ချက်က လူများ၏ခန္ဓာကိုယ်များပေါ်သို့ တိုက်ခတ်လာသဖြင့် သူတို့၏စိတ်နှလုံးသားအတွင်းထိ ချမ်းစိမ့်မှုကို ခံစားလိုက်ရသည်။
လုယွီသည် ဘုရားကျောင်းပြင်ပသို့ ပြေးထွက်လာကာ မြက်ဖျာကိုမြင်တွေ့သည်နှင့် သူ၏စိတ်နှလုံးသားတစ်ခုလုံး တုန်ရီသွားသည်။
သူသည် လူအိုကြီးကျန်းကို ကျေးဇူးတင်ကြောင်းပြောလိုသဖြင့် အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သည်။
ဤပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူနှင့် တစ်ကြိမ်တစ်ခါမျှ စကားမပြောဆိုရသေးဘဲ လူအိုကြီးကျန်း သေဆုံးသွားမည်ဟု သူ မျှော်လင့်မထားမိချေ။
လူအိုကြီးကျန်း၏အလောင်းကို မြက်ဖျာဖြင့်ရစ်ပတ်ထားကာ ထိုအရာပေါ်သို့ မိုးရေများအဆက်မပြတ် ကျရောက်နေသည်။
လုယွီသည် ခြေတစ်လှမ်းရှေ့တိုးရန် ဟန်ပြင်လိုက်စဥ်မှာပင် လက်တချို့က သူ၏ပခုံးကို ဖိနှိပ်ထားသည်အား ခံစားမိလေ၏။
"အမှန်ပဲ...ဒါက မင်းပဲ...ငါတို့သခင်လေးရဲ့ပစ္စည်းကိုတောင် မင်းက ခိုးယူဝံ့တယ်...မင်းက သေခြင်းဆိုတဲ့စာလုံးကို ဘယ်လိုရေးရတယ်ဆိုတာ တကယ်မသိတဲ့ပုံပဲ"
လုယွီက နောက်သို့လှည့်ကြည့်လိုက်ရာ ရက်စက်ကြမ်းကြုတ်သောမျက်နှာအမူအယာများဖြင့် သူ့အား စူးစိုက်ကြည့်နေသော အရာရှိများကို တွေ့မြင်မိသည်။
ထိုအရာရှိများအနက်မှတစ်ယောက်က သူ၏လက်အတွင်းမှလက်ကိုမြှောက်၍ လုယွီကို ပြင်းပြင်းထန်ထန် ရိုက်လိုက်သည်။လုယွီသည် သူ၏ခေါင်း မူးဝေလာသည်ကို ခံစားမိပြီး သတိလစ်မေ့မျောသွားတော့သည်။
Chapter 3240
လုယွီသည် သူ၏မျက်လုံးများကို အားယူ၍ဖွင့်လိုက်ရာ အလွန်အမင်းနာကျင်မှုနှင့်မူးဝေမှုကို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ သူသည် စီရင်စုရုံးတော်တစ်ခုအတွင်း၌ရှိနေကာ အရာရှိတစ်ယောက်က မလှမ်းမကမ်းမှနေ၍ သူ့ကိုစူးစိုက်ကြည့်နေသည်အား မြင်တွေ့မိလေ၏။
"သူခိုးလေး ငါ မင်းကိုမေးမယ်...မင်း ဒီပစ္စည်းကို ဘယ်နေရာကနေ ခိုးလာတာလဲ"
အရာရှိက ဒေါသတကြီးအမူအယာဖြင့် မေးမြန်းသည်။
ထိုအရာရှိ၏လက်အတွင်းတွင် တောက်ပသောညလင်းပုလဲတစ်လုံး ထွက်ပေါ်လာသည်ကို လုယွီက မြင်တွေ့မိသည်။
သူ ထိုပစ္စည်းကို မသိရှိချေ။တစ်စုံတစ်ယောက်သည် သူ့အား ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်မှာ သိသာထင်ရှားလှ၏။
ပထမဆုံး လူအိုကြီးကျန်း သေဆုံးသွားကာ သူရုတ်တရက် ဖမ်းဆီးခံလိုက်ရသည်။ယခုလက်ရှိချိန်တွင် လုယွီ၏မှတ်ဥာဏ်များသည် တစ်ပိုင်းတစ်စဖြစ်နေသော အခြေအနေမျိုး၌ ရှိနေဆဲပင်။
"ငါ ဒါကိုမခိုးဘူး"
လုယွီက အေးစက်စက်လေသံဖြင့် ပြောဆိုသည်။
"မင်းက ဒီကိစ္စကို ဝန်မခံဘဲနေဝံ့တာလား...ကြည့်ရတာတော့ မင်းက လျှာစောင်းထက်ပုံပဲ...သူ့ကိုရိုက်ကြစမ်း"
အရာရှိ၏မျက်ခုံး မြင့်တက်သွားကာ ကျယ်လောင်စွာ အော်ငေါက်လိုက်၏။
သူ၏နံဘေးရှိ အရာရှိတချို့သည် ရှေ့သို့တိုးလာကာ လုယွီကို ကန်ကျောက်ထိုးနှက်ကြသည်။
သူတို့သည် သာမာန်ဟိုထျန်းနယ်ပယ်ကျင့်ကြံသူများပင်။
အကယ်၍ လုယွီ၏အစစ်အမှန်ခန္ဓာကိုယ်သာ ဤနေရာတွင်ရှိနေပါက သူ၏စကားတစ်ခွန်းဖြင့် ထိုလူများအားလုံးကို သတ်ဖြတ်နိုင်ပေမည်။
သို့ရာတွင် ဤပုံရိပ်ယောင်ကမ္ဘာအတွင်း၌ လုယွီ၏မှော်စွမ်းအားနှင့်ရုပ်ခန္ဓာကိုယ်ခွန်အားတို့ ကပ်ပါလာခြင်းမရှိချေ။ဤသည်က သူ၏စိတ်ဆန္ဒတစ်ခုသက်သက် ရောက်ရှိလာခြင်းဖြစ်ပြီး ဆယ်ကျော်သက်တစ်ယောက်၏ ရုပ်ခန္ဓာကိုယ်သာရှိသည်။
ဤှကဲ့သို့ရုပ်ခန္ဓာကိုယ်သည် အဆက်မပြတ်ရိုက်နှက်ခြင်းဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ချေ။
အလွန်လျှင်မြန်စွာဖြင့်ပင် လုယွီသည် မြေပြင်ပေါ်၌လူးလိမ့်နေကာ သေလုမျောပါးအခြေအနေသို့ ရောက်ရှိသွားလေပြီ။
သူသည် အစကတည်းက အလွန်အမင်းအားနည်းသော အခြေအနေ၌ရှိနေသည်။သူသည် လုံလောက်စွာ အနားမယူရသေးသည့်အပြင် သူ၏ဆာလောင်မှုနှင့်တွဲဖက်၍ သေဆုံးခါနီးအခြေအနေသို့ ရောက်နှင့်ပြီးဖြစ်သည်။
ဤှကဲ့သို့ရိုက်နှက်ခြင်းခံရသဖြင့် သူ၏ခန္ဓာကိုယ်ပေါ်ရှိဒဏ်ရာများ ပို၍ဆိုးရွားသွားသည်။
လုယွီသည် သေအံ့မူးမူးဖြစ်နေကာ သူ၏မျက်လုံးများ ဝေဝါးသွားလေ၏။
ဝိုးတဝါးဖြင့် သူ၏နံဘေးရှိအရာရှိများသည် သရော်တော်တော်အမူအယာများဖြင့် သူ့အားကြည့်နေသည်ကို မြင်တွေ့မိသည်။ဤအချိန်အခိုက်အတန့်တွင် သူ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသည်။
ဤအရာရှိများသည် သူ့အပေါ်၌ အပြစ်ပုံချရန် ဖိအားပေးနေခြင်းပင်။
အရာရှိများအတွက် သူတောင်းစားလေးတစ်ယောက် သေဆုံးသွားခြင်းသည် သူတို့အတွက် အနည်းငယ်မျှပင် လှုပ်ခတ်စေမည်မဟုတ်ချေ။
သူသည် တစ်ပါးသူအတွက် အပြစ်ခံရခြင်းပင်။
လုယွီသည် ခုခံရန်အတွက် အင်အားကင်းမဲ့နေပေ၏။သူသည် အရာရှိများ၏တရွတ်တိုက်ဆွဲခေါ်သွားခြင်းကိုခံရကာ သေဒဏ်စီရင်မည့်အကျဥ်းထောင်သို့ ပို့ဆောင်ခြင်းခံရသည်။
အစမှအဆုံးတိုင် လုယွီသည် ချေပနိုင်ခြင်းမရှိဘဲ နောက်ဆုံး၌ မှောင်မည်းစိုစွတ်သော အကျဥ်းခန်းတစ်ခန်းအတွင်း၌ ချုပ်နှောင်ထားခြင်းခံရလေ၏။
သုံးရက်ကြာပြီးနောက် လုယွီကို စျေးရှေ့၌ ခေါင်းဖြတ်ကွပ်မျက်လိုက်သည်။
သွေးများက မြေပြင်အနှံ့ ဖြာကျသွားကာ ပြင်းထန်သောသွေးညှီနံက လေထုအတွင်း၌ ပြည့်နှက်သွားသည်။
လုယွီသည် ပြင်းထန်သောနာကျင်မှုကို ခံစားရပြီးနောက် အသိစိတ်ပျောက်ဆုံးသွားတော့သည်။
သူ အသိစိတ်ပြန်ဝင်လာစဥ်တွင် ပြင်ပ၌ မိုးရွာသွန်းနေသောအသံများကို ကြားလိုက်ရ၏။
"မြို့ပြင်မှာ မိုးတွေသည်းကြီးမည်းကြီး ထပ်ရွာပြန်ပြီ...ကောက်ပဲသီးနှံတွေကို ရေလွှမ်းမိုးသွားပြီလို့ ငါ ကြားထားတယ်...ဒုက္ခသည်တွေအများကြီး မြို့ထဲကိုပြေးဝင်လာကြတော့မယ်"
ယခင်နှင့်တူညီသောစကားသံများကို ကြားလိုက်ရကာ သူတောင်းစားတစ်စုက ပြင်ပမှနေ၍ အတွင်းသို့ဝင်ရောက်လာသည်။
လုယွီက ရုတ်တရက် နိုးထလာသည်။ဤအဆင့်သည် ဖြစ်စဥ်တစ်ခုကို ထပ်ခါတလဲလဲစစ်ဆေးသော လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပေမည်။
သူက မတ်တတ်ထရပ်ကာ ပြင်ပသို့ထွက်ရန် လျှောက်လှမ်းလိုက်၏။
"ဘာလဲ...မင်း မစားတော့ဘူးလား"
ကျူးကျစ်က လုယွီကိုကြည့်၍ မေးမြန်းသည်။
လုယွီက ပြောဆိုသည်။
"ဆိုင်ရှင်တုံက ငါ့ကိုမပေးရသေးတဲ့ ငွေတချို့ရှိသေးတယ်ဆိုတာ ငါ မှတ်မိသွားပြီ...ငါ သူ့ကို သွားရှာရမယ်"
"မင်းက ဘယ်လောက်ရစရာရှိလို့လဲ...ဆိုင်ရှင်တုံက မင်းဆီက ငွေချေးမယ့်လူမျိုးလား"
ကျူးကျစ်က လုယွီကို ခြေဆုံးခေါင်းဆုံးကြည့်ကာ သူ၏မျက်လုံးအတွင်း၌ အထင်အမြင်သေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
"အကိုကျူး...သူ့ကိုလွှတ်ထားလိုက်ပါ...ဘာမှစိတ်ပူမနေနဲ့...သူမစားရင် ပိုတောင်ကောင်းသေးတယ်...အိုးထဲမှာဆန်ပြုတ်နည်းနည်း ကျန်နေတုန်းပဲ"
သူတောင်းစားတစ်ယောက်က အကြံပေးလေ၏။
သူတောင်းစားဂိုဏ်းဆိုသည်မှာ အကျိုးအမြတ်သက်သက် ပူးပေါင်းထားခြင်းပင်။သူတို့အားလုံးသည် အကျိုးအမြတ်ရရှိရန်ကိုသာ ပြောဆိုပြီး မည်သည့်စိတ်ခံစားချက်မျိုးမျှမရှိချေ။
အကယ်၍ တစ်စုံတစ်ယောက်သေဆုံးသွားပါက အစားအစာခွဲဝေပေးရန် လူတစ်ယောက်လျော့သွားသဖြင့် သူတို့ ပို၍ပျော်ရွှင်ပေမည်။
လုယွီက ထိုသူတောင်းစားများကို တစ်ချက်ကြည့်လိုက်သည်။သူသည် ရှေ့တံခါးမကြီးကို ဖြတ်သွားရမည့်အစား နံဘေးဘက်ရှိခြံစည်းရိုးကိုကျော်၍ ပြင်ပသို့ထွက်လိုက်သည်။