အခန်း (၃၂၄၁-၃၂၄၅)
Vol. 165 Ch. 3241-3245
Chapter 3241
လုယွီ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်စဥ်မှာပင် မောက်မာရိုင်းစိုင်းသော အရာရှိတချို့သည် ဘုရားကျောင်းအတွင်းသို့ ပြေးဝင်လာကာ အတွင်းရှိသူတောင်းစားများကို ဆဲဆိုကြိမ်းမောင်းနေသည်အား မြင်တွေ့မိသည်။
သူသည် ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရာ အဝေးရှိကြော်ငြာသင်ပုန်းပေါ်တွင် ပုံတူပန်းချီစာရွက်တစ်ရွက်ကပ်ထားသည်ကို သတိပြုမိလေ၏။
ဤသည်က လူတစ်ယောက်၏ပုံကို မင်ဖြင့်ပုံတူရေးဆွဲထားခြင်းပင်။ထိုပုံတူသည် ပီပြင်ပြတ်သားခြင်းမရှိသော်လည်း သူ၏ပုံကိုရေးဆွဲထားခြင်းဖြစ်ကြောင်း သူ အတပ်ပြောနိုင်သည်။
ဤလူသည် မြို့အရှင်၏ညလင်းပုလဲကို ခိုးယူသွားသဖြင့် သူ့အားဖမ်းဆီးနိုင်သော မည်သူ့ကိုမဆို ငွေစတစ်ရာ ဆုလာဘ်အဖြစ်ပေးမည်ဟု လူအများက ပြောဆိုနေကြသည်။
ထိုအရာရှိများ ဤနေရာသို့ လာရောက်ရှာဖွေသည်မှာ အံ့အားသင့်စရာမရှိတော့ချေ။
မည်သည်ကြောင့် သူ ဝရမ်းထုတ်ခံရကြောင်း လုယွီ မသိရှိချေ။သူ၏မှတ်ဥာဏ်အတွင်း၌ ဤသေမျိုးမြို့တွင် သူသည် အချိန်မရွေးသေဆုံးသွားနိုင်သော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တည်ရှိမှုမျိုးပင်။
သို့ရာတွင် ဤပုံရိပ်ယောင်ကမ္ဘာအတွင်း၌ သူသည် ဝရမ်းထုတ်ခံထားရသော ရာဇဝတ်သားတစ်ယောက် ဖြစ်နေလေ၏။
လုယွီက လမ်းကြိုလမ်းကြားများမှနေ၍ ဖြတ်သန်းသွားလိုက်သည်။သူ၏အစာအိမ်အတွင်းရှိ ဆာလောင်မွတ်သိပ်မှုသည် တစတစ ပို၍ပြင်းထန်လာသော်လည်း သူ ဤနေရာ၌ ကြာရှည်မနေဝံ့ချေ။
သူ့အား မြင်တွေ့သွားသော မည်သူမဆို ငွေစတစ်ရာ၏ဆွဲဆောင်မှုကြောင့် သူ့ကို စီရင်စုရုံးတော်သို့ ပို့ဆောင်ပေလိမ့်မည်။
သူသည် ဤမြို့မှနေ၍ တက်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားရပေမည်။
သူ၏စိတ်အတွင်းရှိ မှတ်ဥာဏ်များကိုမှီခို၍ လုယွီက မြို့တံခါးအနီးသို့ တဖြည်းဖြည်း ချဥ်းကပ်သွားလေသည်။
သို့ရာတွင် သူ မြို့တံခါးအနီးသို့ ရောက်ရှိလုဆဲဆဲအချိန်မှာပင် ရထားလုံးတစ်လုံးက သူ့ကို နောက်မှဝင်တိုက်လေ၏။
ဘုန်း....
လုယွီသည် ကျယ်လောင်သော ဘုန်းခနဲအသံတစ်သံကို ကြားလိုက်ရကာ သူ့ရှေ့ရှိ ကမ္ဘာလောကကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။လောကကြီးအတွင်းရှိအရာရာတိုင်း ထပ်မံ၍မတည်ရှိတော့ဘဲ ပြိုလဲပျက်စီးကာ ပျက်ပြယ်သွားသကဲ့သို့ပင်။
"မြို့ပြင်မှာ မိုးတွေသည်းကြီးမည်းကြီး ထပ်ရွာပြန်ပြီ...ကောက်ပဲသီးနှံတွေကို ရေလွှမ်းမိုးသွားပြီလို့ ငါ ကြားထားတယ်...ဒုက္ခသည်တွေအများကြီး မြို့ထဲကိုပြေးဝင်လာကြတော့မယ်...."
တူညီသောကိစ္စမျိုး တဖန်ပြန်၍ ဖြစ်ပျက်လေပြီ။
ဤသည်က ဘုရားကျောင်းအတွင်းသို့ သူ ပြန်လည်ရောက်ရှိလာသော တတိယမြောက်အကြိမ်ပင်။
လုယွီက မျက်လုံးဖွင့်၍ ဘုရားကျောင်း၏ပြင်ပကို ကြည့်လိုက်သည်။ထိုနေရာတွင် မိုးသည်းထန်စွာ ရွာသွန်းနေလေ၏။
သူသည် မြို့တံခါးအနီးသို့ တက်နိုင်သမျှ အမြန်ဆုံး ချဥ်းကပ်ခဲ့သော်လည်း သူ သတိမပြုမိခင်မှာပင် ရထားလုံးတစ်စီးက ရုတ်တရက်တိုးဝင်လာသည်ကို သူ အမှတ်ရနေဆဲပင်။
သို့ရာတွင် ထိုရထားလုံး ထွက်ပေါ်လာခြင်းမှာ အလွန်ရုတ်တရက်ဆန်သည်။
လုယွီက ထပ်မံ၍ မတ်တတ်ထရပ်လိုက်သည်။ဤတစ်ကြိမ်တွင် သူသည် မည်သူကိုမျှ စကားမပြောတော့ဘဲ ဘုရားကျောင်းပြင်ပသို့ ထွက်လိုက်၏။
သူသည် ပထမဆုံး အိမ်တစ်လုံးကိုရှာဖွေကာ သူ၏အဝတ်အစားများကို လဲလိုက်သည်။ထို့နောက် သူ၏ဖရိုဖရဲဖြစ်နေသောဆံပင်များကို စုစည်းလိုက်သဖြင့် သူသည် သာမာန်မိသားစုတစ်စုမှ ကလေးတစ်ယောက်၏ပုံစံနှင့် မကွာခြားတော့ချေ။
ထို့နောက် လုယွီသည် သာမာန်အရှိန်နှုန်းဖြင့် မြို့တံခါးထံသို့ လျှောက်လှမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူသည် နံဘေးပတ်ဝန်းကျင်ကို အထူးတလည် အာရုံစူးစိုက်ထားသည်။သူသည် မည်သည့်အန္တရာယ်ကိုမျှမတွေ့ရဘဲ မြို့တံခါးထံသို့ အတားအဆီးမရှိ ရောက်ရှိသွားလေ၏။
လူအုပ်အကြားမှရောနှောကာ ထိုသေမျိုးမြို့အတွင်းမှ ထွက်ခွာခဲ့ပြီးနောက် လုယွီက တောင်ကုန်းတစ်ခုထံသို့ အပြေးသွားလိုက်သည်။
ထို့နောက် သူက နောက်သို့တစ်ချက်လှည့်ကြည့်လိုက်သည်။မြို့တံခါးအနီးတွင် စစ်သားတစ်စုက ပိတ်ဆို့ဟန့်တားထားသည်ကို သူ တွေ့မြင်မိသည်။ကြည့်ရသည်မှာ သူ့အားဖမ်းဆီးရန်အတွက် ရှာဖွေစစ်ဆေးနေကြပုံပင်။
"ညလင်းပုလဲလေးတစ်လုံးနဲ့များ ငါ့ကို မြို့တစ်မြို့လုံးအနှံ့ရှာဖွေပြီး ဖမ်းဆီးဝံ့တယ်...ဒီနဝမအထပ်ရဲ့စမ်းသပ်စစ်ဆေးမှုက ဒီအတိုင်းသာဆို အကန့်အသတ်မရှိမှာကို ငါ စိုးရိမ်မိတယ်"
လုယွီက လေဟာနယ်အတွင်းသို့ ကြည့်လိုက်သည်။
ဤသည်က တိုတောင်းသောအချိန်ကာလဖြစ်သော်လည်း သူ နှစ်ကြိမ် 'သေဆုံး'ပြီးလေပြီ။
သူသည် အကြိမ်တိုင်း ပြန်လည်မွေးဖွားလာသော်လည်း သူ မသေဆုံးမီအချိန်တွင် ခံစားရသောနာကျင်မှုသည် သူ၏စိတ်ဝိညာဥ်အတွင်း၌ တံဆိပ်ခတ်နှိပ်ထားသကဲ့သို့ပင်။
ထိုအချိန်မှာပင် တောင်ကုန်းပေါ်မှနေ၍ လေအေးများ ဖြတ်သန်းတိုက်ခတ်လာသည်။
အေးစက်စက်လေအေးများသည် မိုးရေများနှင့်ရောနှော၍ လုယွီ၏ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလာသဖြင့် သူ့အား အရိုးကွဲလုမတက်အေးစိမ့်မှုကို ခံစားရစေသည်။
လုယွီသည် ရုတ်တရက် လေအေးများအကြားမှနေ၍ မှော်သားရဲများ၏ဟိန်းဟောက်သံတချို့ကို ကြားလိုက်ရသည်။
သူက ခေါင်းမော့ကာ ထိုနေရာသို့ကြည့်လိုက်၏။
တောင်ကုန်းပေါ်တွင် ဝံပုလွေရိုင်းတစ်အုပ်ရှိနေသည်ကို သူ မြင်တွေ့မိသည်။မည်သည့်အချိန်မှစ၍ ထိုဝံပုလွေအုပ်စုရောက်နေသည်ကို မည်သူမျှ မသိနိုင်ချေ။ထိုဝံပုလွေများက အေးစက်စက်အကြည့်များဖြင့် သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေကြသည်။
လုယွီကို အချိန်တခဏကြာ စူးစိုက်ကြည့်ပြီးနောက် ထိုဝံပုလွေအုပ်ကြီးသည် သူ့ကိုခုန်အုပ်လိုက်ကြ၏။
ရုတ်ချည်းဆိုသလိုပင် မြောက်များစွာသောဝံပုလွေများသည် ညအမှောင်ယံအောက်တွင် သရဲတစ္ဆေများအလား လုယွီထံသို့ တဟုန်ထိုး တိုးဝင်လာကြတော့သည်။
Chapter 3242
ဝံပုလွေများသည် လုယွီ၏ပိန်ပါးပြီးအားနည်းသောခန္ဓာကိုယ်ကို ဝိုင်းအုံ၍ ကိုက်ဖြတ်ကြတော့သည်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် လုယွီသည် သွေးအိုင်အတွင်း၌ လဲလျောင်းနေရလေပြီ။သူ၏ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သောနာကျင်မှုနှင့် အတူယှဥ်တွဲ၍ သွေးသံတရဲရဲဒဏ်ရာများရှိနေသည်။
သူ၏ရှေ့ရှိ ကမ္ဘာလောကကြီးသည် မှောင်မည်းပြီး သွေးရောင်လွှမ်းစ ပြုလာလေပြီ။
လေထုအတွင်း၌ ပြင်းထန်သောသွေးညှီနံက မျောလွင့်နေသည်။လုယွီသည် သူ၏အသိစိတ် တဖြည်းဖြည်း ဝေဝါးစပြုလာသည်ကိုလည်း ခံစားမိလေ၏။
"ထပ်ပြီးပုန်းနေစရာမလိုတော့ဘူး...ထွက်လာခဲ့စမ်း...မင်း ငါ့ကို အမြဲတမ်း စောင့်ကြည့်နေတာ မဟုတ်ဘူးလား"
လုယွီ၏မျက်လုံးအကြည့်က နံဘေးရှိ လေဟာနယ်တစ်နေရာထံသို့ ကျရောက်သွားသည်။
ညအချိန်၏ဝိုးတဝါးကောင်းကင်ယံအောက်ရှိ လေဟာနယ်အတွင်းတွင် ရုတ်တရက် ပြင်းထန်သောလှိုင်းဂယက်များ ထွက်ပေါ်လာသည်။ထို့နောက် ထိုနေရာမှနေ၍ အဖိုးအိုတစ်ယောက် ထွက်လာလေ၏။
ထိုအဖိုးအိုသည် ပုံရိပ်ယောင်တစ်ခုနှင့်တူညီကာ အလွန်ညင်သာနူးညံပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်နှင့် ပေါင်းစပ်နေသည်။
"ဒီတစ်ကြိမ်မှာ တကယ်လို့ မင်း သေသွားခဲ့ရင်...မင်းမှာ အခွင့်အရေးမရှိတော့ဘူး"
အဖိုးအိုက နက်နဲသိမ်မွေ့သောအကြည့်ဖြင့် လုယွီကိုကြည့်ကာ ပြောဆိုသည်။
"မင်းရဲ့အစွမ်းအစမဲ့မှုကို မင်း ခံစားမိလား...အခုချိန်မှာ မင်းက သေမျိုးတစ်ယောက်ပဲ...မင်းရဲ့စွမ်းအားတွေ ပျောက်ဆုံးကုန်တဲ့အချိန်ကျရင် မင်းက ဘာမှမဟုတ်တော့ဘူး"
"မျှော်စင်ရဲ့နဝမထပ်က မင်းကို အခွင့်အရေးသုံးကြိမ်ပဲပေးတယ်...တကယ်လို့ မင်းက ဒီသုံးကြိမ်လုံးကို ရှုံးနိမ့်သွားမယ်ဆိုရင် ဒီစိန်ခေါ်မှုကို မင်း ကျရှုံးသွားပြီ"
လုယွီက ပြောင်ပြောင်တင်းတင်း ပြောဆိုလိုက်၏။
"ဒါကို တာအိုနှလုံးသားသန့်စင်ခြင်းလို့ ခေါ်တာလား"
"တာအိုနှလုံးသားသန့်စင်ခြင်းဆိုတာက မင်းရဲ့စိတ်နှလုံးသား အနက်ရှိုင်းဆုံးနေရာမှာရှိနေတဲ့ အကြောက်တရားကို စမ်းသပ်တာပဲ...ပြီးရင် ဒါကိုအစပြန်ဖော်ပြီးတော့ မင်းကို ရင်ဆိုင်ခွင့်ပြုမယ်...အပြင်လောကမှာဆိုရင် မင်းက တခြားသူတွေ စိတ်ကူးတောင်ယဥ်ကြည့်ဖူးမှာမဟုတ်တဲ့ စွမ်းအားမျိုးကို ပိုင်ဆိုင်ထားပေမယ့် မင်းရဲ့စိတ်နှလုံးသား နက်ရှိုင်းတဲ့တစ်နေရာမှာ မင်းက ဘုရားကျောင်းပျက်ထဲမှာနေတဲ့ သူတောင်းစားလေး ဖြစ်နေတုန်းပဲ...တကယ်လို့ မင်းက လုံလောက်တဲ့ ကံကြမ္မာကောင်းတွေနဲ့သာ မဆုံတွေ့ခဲ့ဘူးဆိုရင် ဒီနေ့လိုအဆင့်မျိုးထိ မင်း တက်လှမ်းလာနိုင်မှာ မဟုတ်ဘူး"
"ဒါက မင်းရဲ့အကြောက်တရားပဲ...တကယ်လို့ မင်းက သူတောင်းစားအိုကြီးနဲ့ မဆုံတွေ့ခဲ့ရင်...သူ့ဆီကနေ မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းညှိပြုပြင်ပေးမယ့် ဆေးလုံးကို မင်း မရခဲ့ဘူးဆိုရင်....မင်းက သာမာန်သေမျိုးတစ်ယောက်ပဲဖြစ်နေပြီးတော့ ကျင့်ကြံဖို့တောင် အရည်အချင်းမမီတဲ့သူ ဖြစ်နေမှာကို မင်း ကြောက်နေတာပဲ"
အဖိုးအိုက စိတ်ပျက်လက်ပျက်အကြည့်ဖြင့် လုယွီကို ကြည့်လိုက်၏။
"အခု မင်းကိုယ်မင်း ပြန်ကြည့်လိုက်စမ်း...မင်းရဲ့အစွမ်းထက်တဲ့ခန္ဓာကိုယ်နဲ့မှော်စွမ်းအားတွေ မရှိတာကြောင့် မင်းက ပုရွက်ဆိတ်တစ်ကောင်လို့ပဲ သေဖို့ကို စောင့်ဆိုင်းနေရတယ်"
ပတ်ဝန်းကျင်ရှိဝံပုလွေများသည် လုယွီ၏ခန္ဓာကိုယ်ကို ကိုက်ဖြတ်နေကြဆဲပင်။
မျက်တောင်တစ်ခတ်စာအချိန်အတွင်းမှာပင် သူ၏သေးငယ်သောခန္ဓာကိုယ်တစ်ခုလုံး သွေးသံတရဲရဲ ဖြစ်နေလေပြီ။အသားစများသည် ကျိုးပဲ့နေသောအရိုးများနှင့်ရောယှက်၍ ဝံပုလွေများ၏ပါးစပ်အတွင်းသို့ရောက်ရှိသွားကာ သူ၏ခန္ဓာကိုယ်ကို တစစီဆုတ်ဖြဲခံနေရသည်။
မကြာမီမှာပင် လုယွီ သေဆုံးရပေလိမ့်မည်။
အဖိုးအိုသည် နံဘေးမှနေ၍ တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလေ၏။သူသည် မျှော်စင်၏လက်နက်စိတ်ဝိညာဥ်ဖြစ်ကာ အစကတည်းက လုယွီအပေါ် အလွန်အာရုံစူးစိုက်ခဲ့သည်။
လုယွီ ပထမထပ်မှနဝမထပ်အထိ တက်လှမ်းလာခဲ့မှုမှာ သူ၏စိတ်အာရုံကို လွန်စွာဆွဲဆောင်နိုင်စွမ်းရှိသည်။
လုယွီသည် သူ၏စိတ်နှလုံးသား နက်ရှိုင်းသောနေရာရှိ အကြောက်တရားကို မည်ကဲ့သို့ရင်ဆိုင်မည်အား ထိုအဖိုးအိုက မြင်တွေ့လိုသည်။
သို့ရာတွင် အဆုံးသတ်၌ မည်သည့်မတော်တဆဖြစ်ရပ်မျိုးမျှမရှိဘဲ လုယွီ ကျရှုံးသွားလေပြီ။
ယခင်ကလည်း နဝမထပ်သို့ ဝင်ရောက်လာနိုင်သော ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက် ရှိခဲ့ဖူးသည်။သို့ရာတွင် ဤစစ်ဆေးမှုနှင့်ရင်ဆိုင်ရချိန်တွင် သူ၏တာအိုနှလုံးသားပြိုလဲသွားကာ စိတ်နောက်သောအခြေအနေမျိုးအတွင်းသို့ ကျရောက်သွားလေ၏။အဆုံးသတ်၌ သူသည် စိတ်မနှံ့သူဖြစ်သွားကာ သူ၏ဘဝတလျှောက်တွင် ထပ်မံ၍ ကျင့်ကြံဆင့်ချိုးဖျက်နိုင်ခြင်းမရှိတော့ချေ။
ဤအချိန်အခိုက်အတန့်တွင် လုယွီသည် သူ၏တာအိုနှလုံးသားကို မြူခိုးများလွှမ်းခြုံနေသကဲ့သို့ ခံစားချက်မျိုး ရရှိနေသည်။
ထိုမြူခိုးများကြောင့် လုယွီ၏တာအိုနှလုံးသားပေါ်တွင် အညစ်အကြေးအလွှာတစ်လွှာ ရှိနေပုံရသည်။
လုယွီသည် နားလည်သဘောပေါက်သွားလေပြီ။
သို့ရာတွင် သူ သေဆုံးခါနီးအချိန်အခိုက်အတန့်တွင် သူ၏မျက်နှာပေါ်၌ သရော်တော်တော်အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ငါ့မှာ ဘာမှော်စွမ်းအားမှ မရှိတော့ဘူး...ပြီးတော့ ငါ့မှာအားကောင်းတဲ့ရုပ်ခန္ဓာကိုယ်လည်း မရှိဘူး...ဒါပေမယ့် ငါ့ကို ဒီနေရာမှာ သေဆုံးခိုင်းဖို့ဆိုတာက ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး"
လုယွီသည် သူ၏လက်ဖြင့် ဝံပုလွေတစ်ကောင်၏ခေါင်းကို မြဲမြံစွာဆုပ်ကိုင်လိုက်၏။
ဤအချိန်အခိုက်အတန့်မှာပင် လုယွီ၏ရုပ်ခန္ဓာကိုယ်ဘဝ အဆုံးသတ်သွားလေပြီ။
နဝမထပ်တွင် လျှို့ဝှက်ဆန်းကြယ်သောအားလှိုင်းတစ်ရပ် ထွက်ပေါ်လာသည်။ထို့နောက် လုယွီ၏ခန္ဓာကိုယ်အတွင်းမှနေ၍ စိတ်ဝိညာဥ်ကို ဆွဲထုတ်လိုက်သည်။
လုယွီ၏စိတ်ဝိညာဥ်သည် မျောလွင့်နေကာ ပတ်ဝန်းကျင်ရှိမြင်ကွင်းများအားလုံး ဝေဝါးစပြုလာသည်။
သို့သော် ထိုအချိန်မှာပင် လုယွီ၏စိတ်ဝိညာဥ်သည် အားလှိုင်းတစ်ရပ်၏ဆွဲငင်ခြင်းကိုခံရပုံဖြင့် တဖြည်းဖြည်း နောက်သို့ပြန်၍ ရွေ့လျားသွားတော့သည်။
Chapter 3243
လုယွီ၏စိတ်ဝိညာဥ်သည် ဝံပုလွေရိုင်းတစ်ကောင်ထံသို့ဦးတည်၍ ပျံသန်းသွားလေ၏။
ရုတ်ချည်းဆိုသလိုပင် ထိုဝံပုလွေရိုင်းသည် တွေဝေမိန်းမောသွားပုံရကာ သူ၏လှုပ်ရှားမှုများ အချိန်တခဏခန့် ရပ်တန့်သွားသည်။
ထို့နောက် ထိုဝံပုလွေရိုင်းသည် တခြားဝံပုလွေရိုင်းများ၏နံဘေးမှ ဖယ်ခွာသွားလေ၏။
သွေးညှီနံများ၏ဆွဲဆောင်မှုကြောင့် ပတ်ဝန်းကျင်၌ ဝံပုလွေရိုင်းများ ပို၍ပို၍ စုဝေးလာသည်။
အုပ်စုအတွင်းမှခွဲထွက်သွားသောဝံပုလွေရိုင်းသည် သူ၏အပေါင်းအဖော်များကို တစ်ချက်ကြည့်ပြီးနောက် လေထုအတွင်း၌ မျောလွင့်နေသော အဖိုးအိုကို ကြည့်လိုက်သည်။
ထိုအဖိုးအိုကိုကြည့်ရသည်မှာ လျှပ်စီးဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ပင်။သူသည် ဝံပုလွေရိုင်း၏ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင်အမှတ်အသားကိုကြည့်ကာ မယုံကြည်နိုင်စွာဖြင့် တီးတိုးရေရွတ်လိုက်၏။
"စိတ်ဝိညာဥ် ရွှေ့ပြောင်းခြင်းလား...သူ ဘယ်အချိန်က ဒါကို လုပ်လိုက်တာလဲ"
ဝံပုလွေရိုင်း၏နဖူးပေါ်တွင် လတ်ဆတ်သောသွေးဖြင့် ရေးဆွဲထားသည့် သင်္ကေတတစ်ခု ရှိနေသည်။
ဤသည်က စိတ်ဝိညာဥ်ရွှေ့ပြောင်းခြင်း အဆောင်သင်္ကေတဖြစ်ပြီး စိတ်ဝိညာဥ်တစ်ခုကို တခြားခန္ဓာကိုယ်အခွံလွတ်အတွင်းသို့ ရွှေ့ပြောင်းသွားရန် ဆွဲဆောင်နိုင်သော သင်္ကေတပင်။
ဝံပုလွေရိုင်းသည် ကြီးမားသောခွန်အားရှိသော်လည်း မည်သို့ပင်ဆိုစေကာမူ သူသည် မှော်သားရဲတစ်ကောင်သက်သက်ပင်။သူ၏အသိဥာဏ်နှင့်စိတ်ဝိညာဥ်သည် ပြည့်စုံခြင်းမရှိချေ။ထို့ကြောင့် လုယွီသည် ဝံပုလွေရိုင်း၏ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသည်နှင့် အလွန်အမင်းတိုတောင်းသော အချိန်အတွင်းမှာပင် သူ၏စိတ်ဝိညာဥ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။
လုယွီ၏စိတ်ဝိညာဥ်သည် သူ၏မူလခန္ဓာကိုယ်အတွင်းမှ ထွက်လာသည်နှင့် ဝံပုလွေရိုင်း၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့သည်။
လုယွီ၏ ခန္ဓာကိုယ်အပိုင်စီးခြင်းကို ခံလိုက်ရသော 'ဝံပုလွေရိုင်း'က အဖိုးအိုကို တစ်ချက်ကြည့်ပြီး နောက်သို့ချာခနဲလှည့်ကာ တောနက်အတွင်းသို့ ပြေးဝင်သွားလေ၏။
တစ်လကြာပြီးနောက်...
လုယွီသည် ဝံပုလွေရိုင်းများအားလုံးကို အနိုင်ယူကာ ဝံပုလွေဘုရင် ဖြစ်လာခဲ့သည်။
နှစ်လအကြာတွင် လုယွီသည် ဝံပုလွေများကိုဦးဆောင်ကာ တောတောင်များအတွင်း၌ အမဲလိုက်ရင်း နောက်ဆုံး၌ တောအုပ်တစ်ခုလုံး၏အရှင်သခင် ဖြစ်လာသည်။
သုံးလကြာပြီးနောက် အခွင့်အရေးတစ်ခုရရှိကာ လုယွီသည် တာအိုနတ်ဆိုးသားရဲ၏အမြူတေကို ဝါးမြိုနိုင်ခဲ့သည်။သူသည် အသိဥာဏ်ကို အတိုင်းအတာတစ်ခုထိ ပိုင်ဆိုင်သွားကာ တာအိုနည်းစနစ်များကို စတင်၍ကျင့်ကြံနိုင်လေ၏။
တစ်နှစ် ကုန်လွန်သွားပြီးနောက်...
ပြန့်ကျင်းမြို့အတွင်း၌ လူအများသည် မြို့အရှင်၏ညလင်းပုလဲ ပျောက်ဆုံးသွားခဲ့သော ကိစ္စမှနေ၍ မြို့ပြင်တွင် ဝံပုလွေဘုရင်တစ်ကောင် ထွက်ပေါ်လာသော ခေါင်းစဥ်ကို ပြောင်းလဲ၍ ဆွေးနွေးနေကြသည်။
ကောလဟာလများအရ ထိုဝံပုလွေဘုရင်သည် လကိုပင်ဝါးမြိုနိုင်စွမ်းရှိကာ သူသည် ပလ္လင်ခွေထိုင်၍ ကျင့်ကြံနိုင်ပြီး လူသားများ၏အသိဥာဏ်မျိုးရှိသည်ဟု ဆိုကြသည်။
ထိုဝံပုလွေဘုရင်၏လက်အောက်တွင် ရက်စက်ကြမ်းကြုတ်ပြီး သွေးဆာသော ဝံပုလွေအမြောက်အများ ရှိနေသည်။
အင်မော်တယ်ဂိုဏ်းတချို့သည် ထိုဝံပုလွေဘုရင်ကို ရှာဖွေရန်အတွက် သူတို့၏လူများကို စေလွှတ်လိုက်ကြ၏။သို့ရာတွင် ထိုဝံပုလွေဘုရင်သည် အလွန်လိမ္မာပါးနပ်ကာ အင်မော်တယ်ဂိုဏ်းများမှတပည့်များ ရောက်မလာမီမှာပင် ထွက်ပြေးလွတ်မြောက်သွားလေပြီ။
ဤဝံပုလွေဘုရင်သည် မည်ကဲ့သို့ပုံစံမျိုးရှိသည်ကို မည်သူမျှ မသိနိုင်ချေ။
နှစ်နှစ်ကြာပြီးနောက် ပြန့်ကျင်းမြို့အတွင်းသို့ လူငယ်တစ်ယောက် ဝင်ရောက်လာသည်။
သူသည် အစောင့်များအားလုံးကို ဖြတ်သန်း၍ လူအိုကြီးကျန်း၏အခြေအနေကို မေးမြန်းရန်အတွက် သူတောင်းစားဂိုဏ်းရှိရာ ဘုရားကျောင်းထံသို့ တန်းတန်းမတ်မတ် လျှောက်လှမ်းခဲ့သည်။
ဘုရားကျောင်းအတွင်းရှိ ယခင်သူတောင်းစားဂိုဏ်းနေရာတွင် တခြားအဖွဲ့တစ်ခုက ဝင်ရောက်၍နေရာယူထားလေပြီ။
ယခင်သူတောင်းစားများအနက်မှ တချို့သည်သေဆုံးသွားပြီး တချို့မှာမူ ထွက်ပြေးသွားကြလေ၏။ယခင် သူတောင်းစားဂိုဏ်းခေါင်းဆောင်ကျုးကျစ်သည် သိုင်းပညာပြသနေစဥ်အတွင်း ခြေထောက်ဒဏ်ရာရရှိသွားကာ မသန်မစွမ်းဖြစ်သွားခဲ့သည်။သူသည် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပြီး သူ၏သူတောင်းစားဂိုဏ်းခေါင်းဆောင်နေရာကို တခြားသူအား ပေးလိုက်ရသည်။
လုယွီသည် နံရံကိုမှီ၍လဲလျောင်းနေကာ ကြောင်စီစီမျက်လုံးများဖြင့် ငေးမောနေသော ကျူးကျစ်ကို တွေ့မြင်မိလေ၏။
"လူအိုကြီးကျန်းရဲ့အလောင်းကို ဘယ်နေရာမှာမြှုပ်ထားလဲ"
လူငယ်က မေးမြန်းသည်။
ကျူးကျစ်က သူ၏ရှေ့ရှိလူငယ်ကို ကြည့်ကာ သာမာန်ထက်သာလွန်ထူးကဲသော အရှိန်အဝါမျိုးကို ခံစားမိသည်။ကြည့်ရသည်မှာ ထိုလူငယ်သည် သာမာန်လူတစ်ယောက်မဟုတ်ဘဲ အထက်တန်းလွှာတစ်ယောက်ဖြစ်မည်ဟု သူ ခန့်မှန်းမိလေ၏။
သို့ရာတွင် သူသည် မည်သည့်စကားတစ်ခွန်းမျှ ပြောဆိုခြင်းမပြုချေ။ထိုအစား ထိုအထက်တန်းလွှာလူငယ်သည် သူ၏အခြေအနေကိုကြည့်၍ တစ်ခုခုပေးကမ်းရန် စောင့်ဆိုင်းနေသည်။
သူတောင်းစားများဖြစ်သော သူတို့သည် မြို့အတွင်းရှိ လျှို့ဝှက်ချက်အမြောက်အများကို သိရှိထားလေ၏။
သူတို့သည် မသိသာမထင်ရှားဆုံး တည်ရှိမှုမျိုးဖြစ်သော်လည်း မြို့တစ်မြို့လုံးရှိ နောက်ကွယ်ရှိလျှို့ဝှက်ကိစ္စများကို အသိရှိဆုံးလူများပင်။
ထို့ကြောင့် တချို့အထက်တန်းလွှာများသည် သတင်းစုံစမ်းရန်အတွက် သူတို့ထံသို့ လာရောက်လေ့ရှိသည်။
ဤသတင်းအတွက် ငွေကြေးရရှိရန်မှာမူ မလွယ်ကူချေ။လူအိုကြီးကျန်းသည် ထူးဆန်းသောလူတစ်ယောက်ဖြစ်ကာ သူ့ရှေ့ရှိလူငယ်နှင့် တူညီမှုတချို့ရှိနေကြောင်း သူ သတိပြုမိလေ၏။ထိုအခြင်းအရာကိုကြည့်ပါက ဤလူနှစ်ယောက်၏အကြားတွင် ပတ်သတ်ဆက်နွယ်မှုတချို့ ရှိနေနိုင်သည်။
လူငယ်က ပြုံးလိုက်ကာ ကျူးကျစ်ထံသို့ ရွှေတုံးတစ်တုံး လက်ကမ်းပေးလေသည်။
Chapter 3244
ထိုရွှေတုံးကို မြင်တွေ့သည်နှင့် ကျူးကျစ်၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။
ဤရွှေတုံး၏တန်ကြေးသည် မြို့အတွင်းရှိ ချမ်းသာကြွယ်ဝသော မိသားစုများအတွက်ပင် သေးငယ်သောပမာဏမဟုတ်ချေ။
ထိုရွှေတုံးဖြင့်ဆိုပါက သူသည် မြို့အတွင်း၌ အိမ်တစ်လုံးဝယ်ယူကာ အေးအေးချမ်းချမ်း နေထိုင်နိုင်ပေမည်။
"ငါ မင်းကို အဲ့ဒီနေရာဆီ လိုက်ပို့ပေးမယ်...ငါ့နောက်ကို လိုက်ခဲ့ပါ"
ဘုရားကျောင်းအတွင်းရှိ တခြားသူတောင်းစားများ သူ့ကိုရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်သဖြင့် ကျူးကျစ်သည် ရွှေတုံးကို သူ၏အင်္ကျီလက်ကြားသို့ အလျှင်အမြန်သိမ်းဆည်းကာ ရှေ့မှနေ၍ လမ်းပြလိုက်၏။
သူ၏ခြေထောက်များ မသန်မစွမ်းဖြစ်နေသော်လည်း သူသည် လူငယ်တစ်ယောက်ဖြစ်သဖြင့် လမ်းလျှောက်ရန်အတွက် အင်အားအလွန်စိုက်ထုတ်ရန် မလိုအပ်ချေ။ထို့ကြောင့် သူ အလွန်လျှင်မြန်စွာ လျှောက်လှမ်းနိုင်သည်။
မကြာမီမှာပင် သူတို့နှစ်ယောက်သည် မြို့ပြင်ရှိ စုတ်ပြတ်နေသော တောင်စောင်းတစ်နေရာသို့ ရောက်ရှိခဲ့သည်။
ဤသည်က လူသူကင်းမဲ့သော တောင်တစ်လုံးပေါ်တွင် တည်ရှိသည်။ပတ်ဝန်းကျင်တွင် ပေါင်းပင်များ အဝါရောင်သဲများဖြင့် ပြည့်နှက်နေပေ၏။သူတို့နှစ်ယောက်မှလွဲ၍ ဤနေရာတွင် မည်သူမျှရှိမနေချေ။
"ငါ လူအိုကြီးကျန်းကို မှတ်မိတယ်...သူက စိတ်ကောင်းရှိတဲ့သူပဲ...အရင်တုန်းက သူ ငါ့ကိုလည်း ကူညီပေးခဲ့ဖူးတယ်...မင်း ငါ့ကို ယုံပါ့မလားဆိုတာ ငါ မသိပေမယ့် ငါက မိတ်ဆွေတွေအပေါ်မှာ သစ္စာရှိတဲ့လူပဲ...သူက ငါ အခက်ခဲဆုံးအချိန်တွေမှာ ကူညီပေးခဲ့ဖူးတာကြောင့် ငါ သူ့ရဲ့အလောင်းကို မြက်ဖျာနဲ့ပတ်ပြီး မစွန့်ပစ်နိုင်ဘူး"
ကျူးကျစ်က ရှေ့သို့လျှောက်လှမ်းကာ တောင်စောင်းတစ်ခုထံသို့ လူငယ်ကို ခေါ်ဆောင်သွားသည်။
ထိုနေရာတွင် ဝက်သစ်ချပင်တစ်ပင်ရှိနေသည်။ထိုအပင်၏အောက်၌ ကျောက်တုံးအုတ်ဂူတစ်ဂူရှိနေလေ၏။
ထိုကျောက်တုံးအုတ်ဂူကို ကြေမွှနေသောကျောက်တုံးများစုပုံ၍ ပြုလုပ်ထားခြင်းဖြစ်ကာ အပေါ်ယံမျက်နှာပြင်တွင် ပေါင်းမြက်တချို့က ဟိုတစ်စဒီတစ်စ ပေါက်နေသည်။
"လူအိုကြီးကျန်းရဲ့အလောင်းက ဒီအထဲမှာရှိတယ်...ငါက အချိန်တစ်ခုကြာတိုင်း ဒီနေရာကိုလာပြီးတော့ ပြုပြင်မွမ်းမံတယ်"
ကျူးကျစ်၏အသံတွင် အနည်းငယ် ကြေကွဲဝမ်းနည်းသောအရိပ်အယောင်များ ရောယှက်နေလေ၏။
"ငါ အရင်တုန်းကတော့ ကျင့်ကြံခြင်းလောကမှာ ဓားသမားတစ်ယောက် ဖြစ်ချင်ခဲ့တာ...ဒါပေမယ့် ငါက ကျင့်ကြံခြင်းလောကရဲ့အစွမ်းထက်သူတချို့ကို အပြစ်ပြုမိတာကြောင့်...အခု ငါက ဘုရားကျောင်းထဲမှာပဲ ပုန်းအောင်းနေရတယ်"
ကျူးကျစ်သည် ကျောက်တုံးအုတ်ဂူကို တစ်ချက်ကြည့်ကာ ခပ်ဖျော့ဖျော့လေသံဖြင့် ပြောဆိုသည်။
"လူအိုကြီးကျန်းက ငါ့ကို အရင်က ကူညီပေးခဲ့ဖူးတယ်...ဒီကျောက်တုံးအုတ်ဂူကို မင်း ကောင်းကောင်းမွန်မွန် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ငါ တောင်းဆိုပါရစေ"
လူငယ်က ကျူးကျစ်ကိုကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။
သူသည် ရှေ့သို တရွေ့ရွေ့ လျှောက်လှမ်းလိုက်သည်။ထိုအချိန်မှာပင် ရုတ်တရက် သူ၏နံဘေးပတ်ဝန်းကျင်ရှိ အရာအားလုံး ရပ်တန့်သွားသည်။
လေတိုက်ခတ်ခြင်း မရှိတော့ကာ ကျေးငှက်များနှင့်ပိုးမွှားများ၏ အော်မြည်သံမျသည်လည်း ပျောက်ကွယ်သွားလေပြီ။အရာအားလုံး ငြိမ်အတိကျသွားလေ၏။
မျှော်စင်၏လက်နက်စိတ်ဝိညာဥ်ဖြစ်သော အဖိုးအိုက လုယွီ၏ဘေး၌ တဖန်ပြန်၍ ထွက်ပေါ်လာသည်။
"မင်း ဒီစမ်းသပ်မှုကို အောင်မြင်သွားပြီ"
လက်နက်စိတ်ဝိညာဥ်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ စိတ်ရှုပ်ထွေးနေသောအမူအယာဖြင့် လုယွီကို ကြည့်လိုက်သည်။
"ဒါပေမယ့် ငါ သိချင်တာက...မင်း ဘာလို့ ဒီသင်္ချိုင်းဂူကို လာကြည့်တာလဲ...ပြီးတော့ ငါ...ငါ မင်းကို ထွင်းဖောက်ပြီး မမြင်နိုင်တော့ဘူး"
သူသည် လုယွီ၏အကြောက်တရားကို အသုံးပြု၍ ပုံရိပ်ယောင်ကမ္ဘာကို ဖန်တီးခဲ့သော်လည်း လုယွီ၏အတွင်းစိတ်ကို သူ မဖတ်ရှုနိုင်ခဲ့ချေ။
လုယွီ၏တာအိုနှလုံးသားသည် တာအိုသခင်တစ်ယောက်၏စိတ်ဝိညာဥ်ဖြစ်နေမည်ကို အဖိုးအို သိရှိနိုင်မည်မဟုတ်ချေ။ကောင်းကင်ဘုံဧကရာဇ်၏အမွေအနှစ်ကို ဆက်ခံပြီးနောက် လုယွီ၏စိတ်ဝိညာဥ်သည် ကျောက်စိုင်ကျောက်သားကဲ့သို့ မာကြောနေလေပြီ။သူသည် ကောင်းကင်နှင့်မြေပြင်အကြားမှ ရှားပါးစိတ်ဝိညာဥ်သက်ရှိဖြစ်သည့်တိုင် လုယွီ၏အတွေးများကို အပြည့်အဝနားလည်သဘောပေါက်နိုင်မည် မဟုတ်ချေ။
လုယွီသည် အဖိုးအိုကို တုံ့ပြန်အဖြေပေးခြင်းမပြုချေ။ထိုအစား သူသည် လူအိုကြီးကျန်း၏ကျောက်တုံးအုတ်ဂူနံဘေးသို့ လျှောက်လှမ်းသွားကာ လေ့လာဆန်းစစ်လိုက်၏။
သူ လူအိုကြီးကျန်းသေဆုံးသွားသည့်နေရာကို ရှာမတွေ့ခဲ့ခြင်းမှာ သူတောင်းစားတစ်ယောက်မှနေ၍ တခြားသူတောင်းစားတစ်ယောက်အတွက် ဤကဲ့သို့အုတ်ဂူမျိုးပြုလုပ်ကာ မြှုပ်နှံ့ပေးထားမည်ဟု သူ အနည်းငယ်မျှပင် တွေးတောခဲ့မိခြင်း မရှိသောကြောင့် ဖြစ်နိုင်သည်။
လူသားတို့၏စရိုက်သဘာဝသည် အဆုံးစွန်ဆုံးအခြေအနေထိ ဆင်းရဲမွဲတေခြင်းနှင့် ကြုံတွေ့နေပါက အလွန်ကျိုးပဲ့လွယ်သည်။သို့ရာတွင် ဤလောကကြီးအတွင်း၌ နွေးထွေးမှုနှင့်လူသားဆန်မှုတချို့သည်လည်း ရှိနေဆဲပင်။
"ထားလိုက်တော့...ငါ ထပ်ပြီးမကြည့်တော့ဘူး.. အပြင်ကို ထွက်ကြစို့"
လုယွီက မျက်လုံးစုံမှိတ်လိုက်သည်။
သူသည် ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ရောက်ရှိလာသော်လည်း သူ၏မိတ်ဆွေဟောင်းကို မမြင်တွေ့ခဲ့ရချေ။အကယ်၍ သူ ဤနေရာသို့ ရောက်ရှိလာပြီး တစ်ချက်ပင်မကြည့်လိုက်ရပါက လုံလောက်မည်မဟုတ်ပေ။
အဖိုးအိုက သက်ပြင်းတစ်ချက်ရှိုက်၍ ပြောဆိုသည်။
"ဒီနှစ်တွေမှာ မင်းက မျှော်စင်ရဲ့နဝမထပ်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ပထမဆုံးလူပဲ...မင်းက သေမျိုးသူတောင်းစားတစ်ယောက်သာ ဖြစ်သွားခဲ့ရင် မင်းမှာ ဘာရွေးချယ်စရာမှကျန်မှာမဟုတ်ဘူးလို့ ငါ အရင်က တွေးထင်ခဲ့တာ...အဆုံးသတ်မှာ မင်း ဒီလိုမျိုးလှုပ်ရှားမယ်လို့ ငါ မျှော်လင့်မထားမိဘူး...ဒါက တော်တော်လေး အံ့အားသင့်စရာပဲ"
"ဒါပေမယ့် ငါ မင်းကို တစ်ခုမေးချင်တယ်...မင်းရဲ့စိတ်နှလုံးသားထဲက စိတ်ဓာတ်ကျဆင်းမှုတွေကို မင်း ဘယ်လိုကျော်လွှားခဲ့လဲ...မင်း အဆက်မပြတ်သေဆုံးပြီးတဲ့နောက်မှာ မင်းရဲ့တာအိုနှလုံးသားက ခိုင်မာမှုမရှိသင့်တော့ဘူး"
Chapter 3245
လုယွီက ပြောဆိုသည်။
"မင်းက လက်နက်စိတ်ဝိညာဥ်တစ်ကောင်သက်သက်ပဲ...ဒါကြောင့် ပြင်ပလောကမှာရှိတဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို မင်း ကြားဖူးမယ်လို့ ငါ မထင်ဘူး"
"ဒဏ္ဍာရီတွေအရ ကျင့်ကြံခြင်းပေါ်ကို စွဲလန်းနေတဲ့ သေမျိုးတစ်ယောက် ရှိခဲ့ဖူးတယ်...သူက ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့အတွက် သိုင်းပညာရပ်တွေကို အဆက်မပြတ်လေ့ကျင့်ခဲ့တယ်...တစ်နေ့မှာ သူက ရှီထျန်းနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီးတော့ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်လာမယ့် အခွင့်အရေးကို ရရှိခဲ့တယ်"
"ဒါပေမယ့် မမျှော်လင့်ဘဲ သူ အဆင့်ချိုးဖျက်ခါနီးအချိန်မှာ သူ့ရဲ့ရန်သူတွေ ရောက်လာပြီးတော့ သူ့ကို မသန်မစွမ်းဖြစ်အောင်လုပ်ခဲ့တယ်...သူ့ရဲ့လက်နဲ့ခြေထောက်က အရိုးအကြောတွေ ကြေမွှပျက်စီးသွားပြီးတော့ သူ့ရဲ့မျက်လုံးလည်း ဆွဲထုတ်ခံလိုက်ရတယ်...သူတို့က သူ့ကို မသန်မစွမ်းတစ်ယောက်ဖြစ်အောင် လုပ်ခဲ့ကြတာပဲ"
လက်နက်စိတ်ဝိညာဥ်က သက်ပြင်းတစ်ချက် ရှိုက်လိုက်၏။
"ငါ အထွတ်အထိပ်အခြေအနေကို ရောက်နေတဲ့အချိန်မှာ ငါ့ရဲ့ဘဝအတွက် ကြီးမားတဲ့ထိုးနှက်မှုတစ်ခုကို ခံလိုက်ရတယ်...အဲ့ဒီအချိန်ကစပြီးတော့ ငါ့ရဲ့တာအိုနှလုံးသားက မတည်ငြိမ်တော့ဘူး"
"အဲ့ဒီလူရဲ့တာအိုနှလုံးသားရော ပျက်စီးသွားလား"
လုယွီက တည်ငြိမ်စွာ ပြောဆိုသည်။
"အဲ့ဒီလူက လက်လျှော့အရှုံးမပေးဘူး...သူက အဆောင်လက်ဖွဲ့တာအိုကို ဆက်ပြီးကျင့်ကြံခဲ့တယ်"
"သူက သူ့ရဲ့မိသားစုကို သူ့အတွက် သစ်သားပျဥ်ပြားတစ်ချပ်ကို ပြင်ဆင်ခိုင်းခဲ့တယ်...သူက အဲ့ဒီပျဥ်ပြားပေါ်မှာ ထိုင်ပြီးတော့ သူ့ရဲ့ပါးစပ်နဲ့စုတ်တံကိုကိုင်ပြီး မြေပြင်ပေါ်မှာ အဆောင်လက်ဖွဲ့တွေကို လေ့ကျင့်ခဲ့တယ်"
"သူက မျက်မမြင်တစ်ယောက်ဖြစ်နေပြီ...သူ မမြင်နိုင်တာကြောင့် သူ ရေးဆွဲတာတွေ မှန်လားမှားလားဆိုတာ သူ့ရဲ့မိသားစုကို ပြောခိုင်းတယ်.. သူက အမှန်ကိုရပြီဆိုတာနဲ့ ဆက်ပြီးကျင့်ကြံတယ်"
"သာမာန်အကျဆုံး ကျင့်ကြံသူတစ်ယောက်က သာမာန်အဆောင်လက်ဖွဲ့တစ်ခုကို သင်ယူဖို့အတွက် လဝက်လောက်ကြာတယ်...ဒါပေမယ့် သူက မီးတောက်အဆောင်လက်ဖွဲ့တစ်ခုကိုတောင် ဆယ်နှစ်ကြာအောင် သင်ယူခဲ့ရတယ်"
"ဆယ်နှစ်အတွင်းမှာ အဲ့ဒီလူက မီးတောက်အဆောင်လက်ဖွဲ့ကို ဘယ်လိုရေးဆွဲရမလဲဆိုတာ သိသွားပြီ...ဒါပေမယ့် သူ ရေးဆွဲလိုက်တဲ့ မီးတောက်အဆောင်လက်ဖွဲ့အဆင့်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီ...သူ အဲ့ဒီအဆောင်လက်ဖွဲ့ကို အသက်သွင်းလိုက်တာနဲ့ လောကကြီးထဲက အရာရာတိုင်းကို လောင်ကျွမ်းစေလိမ့်မယ်....သာမာန်ကျင့်ကြံဆင့်ပဲရှိတဲ့ကျင့်ကြံသူတွေက သူ့ကို ရန်မစရဲတော့ဘူး"
"အဲ့ဒီအဆောင်လက်ဖွဲ့တစ်ခုတည်းနဲ့ သူက ကျင့်ကြံသူတစ်ယောက် မဟုတ်တာတောင် သူက အဆောင်လက်ဖွဲ့ဆရာသခင်တစ်ယောက် ဖြစ်လာတယ်...ဘယ်သူကမှ သူ ရေးဆွဲတဲ့ မီးတောက်အဆောင်လက်ဖွဲ့ကို ရင်မဆိုင်ချင်ကြဘူး...ဘာလို့လဲဆိုတော့ ဒါက မီးပင်လယ်ကြီးဖြစ်လာမှာ သေချာလို့ပဲ"
လုယွီက သက်ပြင်းတစ်ချက်ရှိုက်ကာ ဆက်လက်၍ ပြောဆိုလေသည်။
"ပြီးတော့ ငါ မင်းကို ပြောပြချင်တာက....သူက ဒုတိယအဆောင်လက်ဖွဲ့တစ်ခုကို သင်ယူဖို့အတွက် နောက်ထပ်နှစ်ပေါင်းနှစ်ဆယ်ကြာခဲ့တယ်.. အဲ့ဒီနှစ်ပေါင်းနှစ်ဆယ် ကုန်လွန်ပြီးတဲ့နောက်မှာ သူက တတိယအဆောင်လက်ဖွဲ့ကို သင်ယူခဲ့တယ်...."
"သူ ပဉ္စမမြောက်အဆောင်လက်ဖွဲ့ကို သင်ယူနေတဲ့အချိန်မှာ သူက အိုမင်းနေပြီ...သူ့ရဲ့ဆံပင်တွေဖြူဖွေးနေပြီးတော့ သူက မသန်မစွမ်းတစ်ယောက် ဖြစ်နေတုန်းပဲ...ဒါပေမယ့် သူက လောကကြီးတခွင်လုံးမှာ နာမည်ကျော်ကြားတဲ့ အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာတယ်"
"တကယ်လို့ အဲ့ဒီလူသာ အစကတည်းက သူ့ရဲ့တာအိုနှလုံးသား ပျက်စီးသွားရင် လောကကြီးထဲမှာ မသန်မစွမ်းလူတစ်ယောက် တိုးလာရုံသက်သက်ပဲရှိမှာ....ဒီလိုမျိုး အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာမှာမဟုတ်ဘူး...ငါ့ရဲ့မှော်စွမ်းအားတွေဖျက်ဆီးခံရပြီးတော့ ကျင့်ကြံဆင့်နယ်ပယ် ဆုံးရှုံးသွားရင် ငါက သာမာန်လူတစ်ယောက် ဖြစ်သွားလိမ့်မယ်...ဒါပေမယ့် ငါ အသက်တစ်ရှိုက်စာလောက် အသက်ရှင်နေသေးသရွေ့ ငါ့မှာ ပြန်ကြိုးစားနိုင်တဲ့ အခွင့်အရေးရှိသေးတယ်"
လုယွီ၏စကားကိုကြားချိန်တွင် လက်နက်စိတ်ဝိညာဥ်က အနည်းငယ် အံ့အားသင့်တုန်လှုပ်သွားသည်။နောက်ဆုံး၌ သူက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောဆိုလိုက်၏။
"ဘာလို့ မင်း ဒီလောက်ထိ ယုံကြည်ချက်ရှိနေတာလဲ....ဒီလောကကြီးထဲမှာ တာအိုနှလုံးသား ပျက်စီးပြိုလဲနေတဲ့လူတွေ အများကြီးပဲ...သူတို့က ဆုံးဖြတ်ချက်တစ်ခုချဖို့ကိုတောင် ဝေဖန်သုံးသပ်နိုင်စွမ်းမရှိတော့ဘူး"
"ဒီလောကကြီးထဲမှာ ဘယ်သူမှ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်မှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်....တချို့လူတွေက အချိန်မှားပြီးတော့ အမှားတွေနဲ့ရင်ဆိုင်ရမယ်...ဒါက ကံကြမ္မာပဲ...တကယ်လို့ တစ်စုံတစ်ယောက်က အဲ့ဒီကံကြမ္မာကို ခေါင်းငုံအရှုံးပေးလိုက်မယ်ဆိုရင် အဲ့ဒီလူက တသက်လုံးခေါင်းငုံနေရမှာပဲ...သူက ပတ်ဝန်းကျင်ရဲ့ရှုခင်းအလှတွေကို ခံစားဖို့တောင် ခေါင်းမော့နိုင်မှာမဟုတ်ဘူး"
"လူသားတွေက မိုးကောင်းကင်ကို အောင်နိုင်သူတွေပဲ"
ထိုသို့ပြောဆိုပြီးနောက် လုယွီ၏ပုံရိပ်သည် နဝမထပ်မှ ပျောက်ကွယ်သွားတော့သည်။
သူ ပျောက်ကွယ်သွားသောအချိန်အခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိအရာအားလုံး ဝေဝါးစပြုလာသည်။
"လူသားတွေက မိုးကောင်းကင်ကို အောင်နိုင်သူ...လူသားတွေက မိုးကောင်းကင်ကို အောင်နိုင်တယ်တဲ့လား"
လက်နက်စိတ်ဝိညာဥ်သည် ထိုစကားလုံးများကို တီးတိုးရေရွတ်ကာ မှတ်ဥာဏ်တချို့က သူ၏စိတ်အတွင်း၌ ဖြတ်ပြေးသွားသည်။
ထိုအရာများသည် အတိတ်တွင် သူ ဖြစ်ပျက်ခဲ့သော ကိစ္စများပင်။
ထိုမှတ်ဥာဏ်များသည် သူ့အား ကြေကွဲဝမ်းနည်းကာ နောင်တကြီးစွာ ရရှိစေခဲ့လေ၏။အဆုံးသတ်၌ သူသည် ဤနေရာ၌ လှောင်ပိတ်ခံရကာ စိတ်ဆင်းရဲစွာဖြင့် ထာဝရနေထိုင်သွားရပေမည်။
"တကယ်လို့ ငါသာ အဲ့ဒီအကြောင်းကို အစောကြီးကြားခဲ့မိမယ်ဆိုရင်...."
လက်နက်စိတ်ဝိညာဥ်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ သူ၏အသံတွင် အကန့်အသတ်မရှိသော ကြေကွဲဝမ်းနည်းခြင်း အထီးကျန်ဆန်ခြင်းတို့နှင့် ပြည့်နှက်နေပေ၏။