← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆) - ဂျိုကြည့် ကြည့်လိုက်စမ်းပါ

~အမှန်တရားကတော့ အမြဲတမ်း မျှော်လင့်ထားတာနှင့် လွဲနေတတ်စမြဲပဲ။

လုံထျန်းရှင်းသည် ယဲ့ဖုန်း၏ မျက်လုံးများထဲတွင် ရွံရှာမှု အရိပ်အယောင် လုံးဝ မတွေ့ရဘဲ၊ အသိအမှတ်ပြု အားပေးမှုများကိုသာ မြင်တွေ့နေရသည်။

"ဟေ့ကောင်လေး... နှုတ်ခမ်းနီနီ သွားဖြူဖြူနဲ့... အသားအရေက မိန်းကလေးတွေထက်တောင် ကောင်းနေသေးတယ်... ဘာတွေစားပြီး ကြီးလာတာလဲကွ"

ယဲ့ဖုန်းသည် လုံထျန်းရှင်း၏ ပါးလေးကို ဆွဲလိုက်၏။ ကြက်ဥပြုတ် အခွံနွှာထားသလို ချောမွေ့အိစက်နေသည်ကို တွေ့လိုက်ရသည်။

ယောက်ျားလေးတစ်ယောက်က ဒီလောက်ထိ ချောမွတ်နေလို့ ဖြစ်ပါ့မလား။

'ယောက်ျားလေးတွေ အပြင်ထွက်ရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ရမယ်' ဆိုတဲ့ စကားက တကယ် မှန်တာပဲ။

"ဘာရပ်လုပ်နေတာလဲ... ငေးမနေနဲ့... သွား... မင်းရဲ့ စီနီယာ အစ်ကို အစ်မတွေနဲ့ သွားမိတ်ဆက်လိုက်ဦး"

ယဲ့ဖုန်း သတိပေးလိုက်၏။

လုံထျန်းရှင်း ဝမ်းသာအားရဖြင့် ယဲ့ဖုန်းကို မော့ကြည့်လိုက်၏။

"ဂိုဏ်းချုပ်... ကျွန်တော့်ကို မမုန်းဘူးလားဟင်"

"ဘာလို့ မုန်းမှာလဲ"

ယဲ့ဖုန်း ပြန်မေးလိုက်၏။

ငွေရောင်ဆံပင်နဲ့ အပြာရောင် မျက်လုံးကလွဲရင် လုံထျန်းရှင်းရဲ့ ရုပ်ရည်သွင်ပြင်က သာမန်လူတွေနဲ့ ဘာမှ ကွာခြားတာ မဟုတ်ဘူးလေ။

အဓိကကတော့... ရှာမှရှားတဲ့ တပည့်လေးတစ်ယောက် ရလာတာကို ဘယ်သူက မုန်းနိုင်မှာလဲ။

"ဆဌမ ဂျူနီယာညီလေး... ဒီကို လာခဲ့"

ထိုအချိန်တွင် ရှီလေ့က လုံထျန်းရှင်းကို လှမ်းခေါ်လိုက်၏။ ပထမ စီနီယာအစ်ကိုကြီး ပီသစွာပင် တပည့်သစ်ကို ဘယ်လို စောင့်ရှောက်ရမလဲ ဆိုတာ သူ နားလည်သည်။

"ဟုတ်ကဲ့"

လုံထျန်းရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် လျှောက်သွားပြီး၊ ရှီလေ့တို့အဖွဲ့နှင့် မိတ်ဆက်ကာ ရင်းနှီးအောင် ကြိုးစားလေတော့၏။

မလှမ်းမကမ်း တစ်နေရာတွင်...

တစ်စုံတစ်ယောက်သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး၊ သတင်းပို့ရန်အတွက် လုံအိမ်တော်သို့ အလျင်အမြန် ပြေးသွားလေသည်။

ထိုအချိန်တွင် ဂိုဏ်းတစ်ရာ ကွင်းပြင် အနီးရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌...

လူငယ် (၁၀) ယောက်ကျော် လက်ဖက်ရည် သောက်နေကြ၏။

"ဟေ... လုံမိသားစုက မျိုးနွယ်ခြားကောင်လေး ပါလား"

ပြတင်းပေါက်ဘေးတွင် ထိုင်နေသော အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ဦးက လှမ်းမြင်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်ရာ၊ လက်ဖက်ရည်ဆိုင် တစ်ခုလုံး၏ အာရုံစိုက်မှုကို ရရှိသွား၏။

"ဟုတ်သားပဲ... လုံမိသားစုက မျိုးနွယ်ခြားလေး... နာမည်က လုံထျန်းရှင်း ဆိုလားပဲ... အသက်က (၁၀) နှစ်ကျော်ကျော်လောက်ပဲ ရှိဦးမယ်... သူ့အမေက မျိုးနွယ်ခြား ယောက်ျားတစ်ယောက်နဲ့ ရခဲ့တာလေ"

"ဒီနှစ်တွေထဲမှာ နတ်ဆိုးသားရဲတွေက ရေပေါ်ဖြူမြို့တော်ကို မကြာခဏ လာတိုက်ခိုက်နေကြတာ... သူက ငါတို့မျိုးနွယ် မဟုတ်ဘူး... နတ်ဆိုးတွေ လွှတ်လိုက်တဲ့ သူလျှိုများ ဖြစ်နေမလား ဘယ်သူသိမှာလဲ"

ဟေးရွှမ်ဂိုဏ်း ဝတ်စုံ ဝတ်ဆင်ထားသော တပည့်တစ်ယောက်က မျက်လုံးမှေးစင်းပြီး ယုတ်မာသော လေသံဖြင့် ပြောလိုက်၏။

ဘေးနားရှိ အဖြူရောင် ဝတ်ရုံနှင့် လူငယ်က ရယ်မောလိုက်ပြီး ပြောသည်။

"အစ်ကိုလီ... ဟေးရွှမ်ဂိုဏ်းက သွေးရောင်မြွေဂိုဏ်းကိစ္စကြောင့် မြူခိုးဂိုဏ်းကို မကျေနပ်နေဘူး ဆိုတာ ကျွန်တော် သိပါတယ်... ဒီနေ့ လုံမိသားစုက မျိုးနွယ်ခြားကောင်လေးကို သူတို့ လက်ခံလိုက်တာကို အခွင့်ကောင်းယူပြီး ပြဿနာ သွားရှာကြမလား"

"အကြံကောင်းပဲ"

'လီ' အမည်ရှိ ဟေးရွှမ်ဂိုဏ်းသား မျက်လုံးများ အရောင်တောက်သွား၏။

"သွားကြစို့... သွားကြည့်ရအောင်"

လက်ဖက်ရည်ဆိုင်ထဲရှိ ဂိုဏ်းအသီးသီးမှ တပည့်များ လှုပ်ရှားလာကြ၏။

ဂိုဏ်းတစ်ရာ ကွင်းပြင်၌...

ယဲ့ဖုန်းသည် စနစ်၏ တွက်ချက်မှုကို စောင့်ဆိုင်းနေသည်။

"တီတီ.. စာရင်းသွင်းတပည့် 'လုံထျန်းရှင်း' ကို လက်ခံရရှိပါပြီ... အလယ်အဆင့် ပါရမီ၊ သာမန်လူ၊ ကြီးထွားနိုင်သော ပါရမီ 'ဝိညာဉ်မျက်လုံးပြာ' ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်"

စနစ်၏ အသံနှင့်အတူ အကဲဖြတ်ကာလ တာဝန်ပြီးစီးမှုနှုန်းသည် "၆၄%" သို့ ခုန်တက်သွားသည်ကို ယဲ့ဖုန်း မြင်လိုက်ရသည်။

‘နောက်ထပ် စာရင်းသွင်းတပည့် (၅) ယောက် ထပ်ရရင် တာဝန်ပြီးပြီ... အချိန်က (၃) ရက်ခွဲ ကျန်သေးတယ်... လုံလောက်မယ်လို့ မျှော်လင့်ရတာပဲ’

‘ဒါနဲ့... လုံထျန်းရှင်းက ကြီးထွားနိုင်တဲ့ ပါရမီ 'ဝိညာဉ်မျက်လုံးပြာ' ကို ပိုင်ဆိုင်ထားတယ် ဆိုပါလား... ဘာလဲ ဆိုတာတော့ မသိပေမဲ့ မိုက်မယ့်ပုံပဲ’

"ပြီးတော့ အလယ်အဆင့် ပါရမီ ဆိုတော့... သူ့အလားအလာက မဆိုးဘူး"

"ဒီတစ်ခါတော့ ငါ ရတနာတစ်ပါး ကောက်ရလိုက်ပြီပဲ"

ယဲ့ဖုန်း စိတ်ထဲတွင် ကျေနပ်နေမိ၏။

ဒီနေရာမှာပဲ တပည့် ဆက်လက် စုဆောင်းပြီး၊ ညနေစောင်းမှ မြူခိုးဂိုဏ်း ပြန်ရန် ဆုံးဖြတ်လိုက်၏။ သို့မှ လုံထျန်းရှင်းလည်း ဝိညာဉ်မျက်လုံးဆေးရည်နှင့် မျက်လုံးဆေးပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို အမြန်ဆုံး စတင်နိုင်မှာ ဖြစ်သည်။

"မြူခိုးဂိုဏ်းက နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်ကို တပည့်အဖြစ် လက်ခံလိုက်တယ်ပေါ့... ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က မေးခွန်းထုတ်စရာ ဖြစ်နေပြီ... ရေပေါ်ဖြူမြို့တော် တစ်ခုလုံးနဲ့ ရန်သူဖြစ်ချင်နေတာလား"

နားဝင်မချိုသော အသံတစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း မော့ကြည့်လိုက်ရာ ဂိုဏ်းအသီးသီးမှ ဝတ်စုံများ ဝတ်ဆင်ထားသော လူငယ် (၁၀) ယောက်ကျော် ယှဉ်တွဲ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသော အနက်ရောင် ဝတ်စုံနှင့် လူငယ်မှာ အရှိန်အဝါ ကြီးမားပြီး၊ ချီစုစည်းခြင်း (၅) ဆင့်မြောက်သို့ ရောက်ရှိနေသူ ဖြစ်သည်။

"ဟေးရွှမ်ဂိုဏ်း နဲ့ ရွှယ်ယွမ်ဂိုဏ်း လူတွေပဲ"

"ဘုရားရေ... နှစ်ဂိုဏ်းစလုံးက အလယ်အဆင့် ဂိုဏ်းတွေလေ... တပည့်အင်အား ရာချီ ရှိတဲ့ ဂိုဏ်းတွေ... ဘယ်သူမှ မထိပါးရဲကြဘူး"

"အနက်ရောင် ဝတ်ထားတဲ့သူက ဟေးရွှမ်ဂိုဏ်းရဲ့ ဒုတိယတပည့် 'လီဟန်ရှောင်'ပဲ... ပါရမီရှင် တစ်ယောက်လို့ သတ်မှတ်ခံထားရသူလေ"

ဘေးနားမှ လူများက အကုန် သိနေကြ၏။

မေးစရာပင် မလိုဘဲ ရောက်လာသူများ၏ နောက်ကြောင်းကို ရှင်းပြနေကြ၏။

"ဒါ ဂိုဏ်းချုပ်ယဲ့ ဖြစ်ရမယ်... လုံထျန်းရှင်းက နတ်ဆိုးမျိုးနွယ်ဝင် တစ်ယောက်ပါ... ခင်ဗျား သူ့ကို ဂိုဏ်းထဲ သွင်းဖို့ သေချာလို့လား"

လီဟန်ရှောင်က ကျယ်လောင်စွာ မေးလိုက်၏။

ယဲ့ဖုန်းက လီဟန်ရှောင်ကို အကဲခတ်လိုက်ပြီး ပြန်မေးလိုက်၏။

"မင်း ဒီနေ့ ထမင်းစားပြီးပြီလား"

လီဟန်ရှောင် ကြောင်သွား၏။ "မစားရသေးဘူး... ဒါပေမဲ့ ကျုပ် ထမင်းစားတာ မစားတာက ဂိုဏ်းချုပ်ယဲ့နဲ့ ဘာဆိုင်လို့လဲ"

"ငါ ဘယ်သူ့ကို တပည့်လက်ခံတယ် ဆိုတာကရော မင်းနဲ့ ဘာဆိုင်လို့လဲ" ယဲ့ဖုန်းက ပိတ်ပြောလိုက်၏။

လီဟန်ရှောင် ခေတ္တမျှ စကားဆွံ့အသွား၏။

အဖြူရောင် ဝတ်ရုံနှင့် လူငယ်တစ်ဦး ရှေ့ထွက်လာပြီး၊ ကိုယ်ကျင့်တရား ပြည့်ဝသူကြီး တစ်ဦးအလား လေသံဖြင့် ယဲ့ဖုန်းကို မထီမဲ့မြင် ကြည့်ကာ ပြောလိုက်၏။

"ဂိုဏ်းအတွက် တပည့်စုဆောင်းတာက ကျွန်တော်တို့နဲ့ မဆိုင်ပါဘူး... ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့ အနေနဲ့ မျိုးနွယ်ခြား တစ်ယောက်ကို တပည့်အဖြစ် လက်မခံသင့်ဘူး... ဒီလူက မြေခွေးနတ်ဆိုးတွေရဲ့ သူလျှို ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

သူကတော့ ရွှယ်ယွမ်ဂိုဏ်း၏ ဒုတိယတပည့် 'ဝူသယ်'ပင် ဖြစ်သည်။

ယဲ့ဖုန်းသည် အဆင့်နိမ့်ဂိုဏ်း ဂိုဏ်းချုပ် ဖြစ်ပြီး လူအများ ကြောက်ရွံ့ကြသော်လည်း၊ ဝူသယ်ကတော့ အနည်းငယ်မျှ မကြောက်ပေ။

သူကိုယ်တိုင်လည်း ချီစုစည်းခြင်း (၅) ဆင့်မြောက် ရောက်နေပြီဖြစ်ရာ၊ သာမန် အဆင့်နိမ့်ဂိုဏ်း ဂိုဏ်းချုပ်များ၏ ကျင့်ကြံခြင်းအဆင့်နှင့် (၂) ဆင့်လောက်သာ ကွာခြားတော့၏။ သာမန်လူဖြစ်သော ဂိုဏ်းချုပ် ယဲ့ဖုန်းလောက်ကို ဘာကြောက်စရာ လိုမလဲ။

"လုံထျန်းရှင်းက မြေခွေးနတ်ဆိုးတွေရဲ့ သူလျှို ဟုတ်လား"

ဘေးပတ်ဝန်းကျင်မှ လူများ၏ မျက်နှာထားများ ပြောင်းလဲကုန်ကြ၏။

ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်တွင် မြေခွေးနတ်ဆိုးများ ပေါများသည့် တောင်တန်းကြီးများ ရှိပြီး၊ နှစ်စဉ် သတ်မှတ်ထားသော အချိန်တွင် မြို့ကို လာရောက် တိုက်ခိုက်လေ့ ရှိသဖြင့် မြို့သူမြို့သားများ စိုးရိမ်ထိတ်လန့် နေကြရသည်။

ထို့ကြောင့် မြို့သူမြို့သားများသည် မြေခွေးနတ်ဆိုးများကို အလွန် မုန်းတီးကြ၏။

လုံထျန်းရှင်းသည် သူလျှိုဖြစ်နိုင်သည်ဟု ကြားလိုက်ရသောအခါ အားလုံးက သူ့ကို သံသယ မျက်လုံးများဖြင့် ကြည့်လာကြ၏။

လုံထျန်းရှင်းသည် ထူးဆန်းသော အကြည့်များကို မခံနိုင်သဖြင့် ခေါင်းငုံ့ထားလိုက်၏။

သူ အလွန် စိုးရိမ်နေသည်။

ယဲ့ဖုန်းက သူ့ကို မြူခိုးဂိုဏ်းမှ မောင်းထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ ဂိုဏ်းမဲ့သွားမှာပေါ့။

ထိုအတွေးက လုံထျန်းရှင်းကို နက်ရှိုင်းစွာ နာကျင်စေသည်။

ယဲ့ဖုန်းသည် ခေါင်းငုံ့နေသော လုံထျန်းရှင်းကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ခြိမ်းခြောက်လာကြသော ဂိုဏ်းကြီး (၃) ဂိုဏ်းမှ တပည့်များကို ကြည့်ပြီး ဒေါသထွက်လာသည်။

ငါ တပည့်လက်ခံရတာ လွယ်တယ်များ မှတ်နေလား။

နေ့တိုင်း ပြဿနာ လာရှာနေကြတာပဲ။

"ဟေ... မင်းတို့ဆီမှာ မြေခွေးနတ်ဆိုး တစ်ကောင်တောင် ရှိနေတာပဲ... ဒါ တကယ့် အန္တရာယ်ကောင်ပဲ" ဟေးရွှမ်ဂိုဏ်း ဒုတိယတပည့် လီဟန်ရှောင်က လီကျောက်ကျောက်၏ ရင်ခွင်ထဲမှ မြေခွေးဖြူလေးကို လက်ညှိုးထိုးပြပြီး၊ ကြောက်ချင်ယောင်ဆောင်ကာ နောက်သို့ (၃) လှမ်း ဆုတ်ပြလိုက်၏။

"ရှောင်ပိုင်က ချစ်စရာလေးပါ... ဘယ်မှာ အန္တရာယ် ရှိလို့လဲ"

လီကျောက်ကျောက်လည်း စိတ်မကောင်း ဖြစ်သွားပြီး နှုတ်ခမ်းဆူလိုက်၏။

"ပေါက်ကရ မပြောနဲ့... ဒါ ငါတို့ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့် နတ်ဆိုးသားရဲ ကွ... အရမ်း လိမ္မာတယ်... ကဲ... ရှောင်ပိုင်... လိမ္မာတယ်... သူတို့ကို ဂျိုကြည့် တစ်ချက်လောက် ကြည့်လိုက်စမ်း"

ယဲ့ဖုန်းသည် မြေခွေးဖြူလေးကို မယူလိုက်ပြီး ခေါင်းပေါ် မြှောက်ထားလိုက်၏။

မြေခွေးဖြူလေးက အပြစ်ကင်းစင်သော မျက်လုံးဝိုင်းကြီးများဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။ ယဲ့ဖုန်း ဘာလိုချင်လဲ ဆိုတာ နားလည်သွားသည့်အလား၊ ဟေးရွှမ်ဂိုဏ်းနှင့် ရွှယ်ယွမ်ဂိုဏ်း တပည့်များကို သွားဖြဲပြလိုက်၏။ သေးငယ်သော သွားနုလေးများ ပေါ်လာသည်။

"အမယ်လေး... ချစ်စရာလေး"

လူအုပ်ထဲမှ တစ်ယောက်က တအံ့တသြ အော်လိုက်မိ၏။

ဟေးရွှမ်ဂိုဏ်းနှင့် ရွှယ်ယွမ်ဂိုဏ်း တပည့်များလည်း စိတ်မထိန်းနိုင် ဖြစ်ကုန်ကြ၏။

ဒီလောက် ချစ်စရာ ကောင်းသည့် မြေခွေးဖြူလေးက အန္တရာယ် ရှိမည့်ပုံ မပေါ်ပေ။

ထို့ကြောင့် သူတို့သည် ပစ်မှတ်ကို ပြောင်းလိုက်ပြီး လုံထျန်းရှင်းကို လက်ညှိုးထိုးကာ ပြောလိုက်ကြ၏။

"သူက မျိုးနွယ်ခြား... စိတ်သဘောထားချင်း မတူတဲ့ လူစိမ်းပဲ... ဂိုဏ်းချုပ်ယဲ့ကို သတိပေးချင်တာက သူ့ကို ဂိုဏ်းကနေ မောင်းထုတ်လိုက်တာ အကောင်းဆုံးပဲ..."

"တော်လိုက်တော့... ခြေလှမ်းပြောင်းပြီး လက်ဝါးရိုက်ခြင်း"

ယဲ့ဖုန်း သည်းမခံနိုင်တော့ပေ။ တမင်သက်သက် ပြဿနာ လာရှာနေသော ဒီကောင်တွေကို ပညာပေးမှ ဖြစ်တော့မည်။ သူသည် အဖွင့်သိုင်းကွက်ကို စတင်လိုက်ပြီး၊ လက်ဝါးဖြင့် ရိုက်ချလိုက်၏။

"ဟွန်း... သာမန်လူ တစ်ယောက်က ငါ့ကို ထိတောင် ထိနိုင်မှာ မဟုတ်ဘူး... အား"

လီဟန်ရှောင်သည် တမင်တကာ ရှေ့တိုးလာပြီး ယဲ့ဖုန်း၏ လက်ဝါးနှင့် ရင်ဘတ်ချင်း တိုက်မိအောင် လုပ်ကာ ယဲ့ဖုန်းကို ပြန်လွင့်ထွက်သွားစေရန် ကြံစည်လိုက်၏။

သို့သော် စကားပင် မဆုံးလိုက်...

ရိုင်းစိုင်းကြမ်းတမ်းသော တောကျွဲရိုင်း တစ်ကောင် ဝင်တိုက်လိုက်သလို ခံစားလိုက်ရပြီး၊ "အား" ခနဲ အော်ဟစ်ကာ (၅) မီတာ (၆) မီတာလောက် အကွာအဝေးထိ လွင့်စင်ထွက်သွားလေတော့၏။

"ဟူး"

အားလုံး မျက်လုံးများ ပြူးကျယ်သွားကြ၏။

ဝိညာဉ်စွမ်းအင် လှုပ်ရှားမှု နည်းနည်းလေးမှ မရှိတဲ့ သာမန်လူတစ်ယောက်က... ခန္ဓာကိုယ် ကြံ့ခိုင်သန်မာတဲ့ လီဟန်ရှောင်ကို ဒီလောက် ဝေးဝေး လွင့်သွားအောင် ရိုက်လိုက်နိုင်တယ်လား။

"ဟေ"

ယဲ့ဖုန်း သူ့ခွန်အားတွေ ပုံမှန် မဟုတ်မှန်း နောက်ဆုံးတော့ သတိထားမိလိုက်၏။

ဒါပေမဲ့ ဘာကြောင့်လဲ ဆိုတာတော့ မသိပေ။

'စနစ်... ငါ ဘာလို့ သန်မာလာတာလဲ' ယဲ့ဖုန်း စိတ်ထဲမှ အလျင်အမြန် မေးလိုက်၏။

"လက်ခံသူက ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် ရောက်နေတာလေ... သန်မာတာ သဘာဝပါပဲ" စနစ်က အေးစက်စက် ရှင်းပြပြီး ပြန်လည် တိတ်ဆိတ်သွား၏။

ယဲ့ဖုန်း - "..."

စကားမပြောနိုင် ဖြစ်သွားရသည်။ ကျင့်ကြံခြင်း အဆင့်ကို ဘာမှ မခံစားရဘဲနဲ့... စနစ်က ဘာလို့ ဒီလို ပြောနေရတာလဲ။

ရှိသမျှ ကျင့်ကြံခြင်း အစွမ်းတွေက ခွန်အားဘက်ကို ရောက်ကုန်တာများလား။

မဟုတ်ရင် လက်ဝါးတစ်ချက်တည်းနဲ့ လူတစ်ယောက်ကို (၅) မီတာ (၆) မီတာ လွင့်သွားအောင် ဘယ်လိုလုပ် ရိုက်နိုင်မှာလဲ။

ဒါမှမဟုတ်... ဟေးရွှမ်ဂိုဏ်းက လီဟန်ရှောင်က တမင်တကာ လုပ်တာများလား... ငါ့ဆီက ဝိညာဉ်ကျောက်တုံးတွေ ညှစ်မလို့များလား။

ထိုအချက်ကို တွေးမိလိုက်သောအခါ ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွားတော့၏။

အခန်း (၁၇) - မသွားသေးဘူးလား... ခြေလှမ်းပြောင်းပြီး လက်ဝါးရိုက်ခြင်း

~"အား"

လီဟန်ရှောင် မြေကြီးပေါ် လဲကျသွား၏။ ပါးစပ်မှ သွေးများ အန်ထွက်လာပြီး၊ ရင်ဘတ်တစ်ခုလုံး ပူလောင်နာကျင်နေကာ အသက်ပင် ထွက်သွားမတတ် ခံစားလိုက်ရသည်။

သူ့ဘေးနားရှိ တပည့်များ၏ အကူအညီဖြင့် ကုန်းရုန်းထလိုက်ပြီး တုန်ရီနေသော လက်ညှိုးဖြင့် ယဲ့ဖုန်းကို ထိုးကာ ပြောလိုက်၏။

"မင်း... မင်း ငါ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်ရဲတယ်ပေါ့... မြို့စားမင်းအိမ်တော်ကို သွားတိုင်မယ်... တွေ့မယ်"

"မင်းဘာသာ ဝင်တိုက်တာလေ... ငါ့လက်ဝါးက ပုံမှန်ဆို မင်းကို ထိတောင် ထိနိုင်တာ မဟုတ်ဘူး... ဒါပေမဲ့ မြို့စားမင်းအိမ်တော် သွားတိုင်မယ် ဆိုရင်လည်း... မြန်မြန် သွားလိုက်တော့"

လီဟန်ရှောင်က ဝိညာဉ်ကျောက်တုံး ညှစ်ချင်၍ မဟုတ်ဘူး ဆိုတာ သိလိုက်ရတော့ ယဲ့ဖုန်း စိတ်အေးသွား၏။

အခုတော့ ဒီကောင် မြန်မြန် ပျောက်သွားရင် ပြီးရော။

မြို့စားမင်းအိမ်တော်က လူတွေ လာရင်လည်း သူ မကြောက်ပေ။

သူက မြို့ထဲမှာ တပည့် လာစုဆောင်းသည်ကိုး။ လီဟန်ရှောင်တို့က လာနှောင့်ယှက်တော့ ပြန်ပညာပေးရုံလောက်ပဲ ရှိသည်လေ။

သို့သော်၊ လက်ဝါး တစ်ချက်တည်းနှင့် လီဟန်ရှောင် သွေးအန်သွားလိမ့်ည်ဟုတော့ ယဲ့ဖုန်းကိုယ်တိုင်လည်း ထင်မထားခဲ့ပေ။

"မင်း... မင်း စောင့်နေလိုက်"

လီဟန်ရှောင် ဒေါသကြောင့် တုန်ရီနေသည်။

"မသွားသေးဘူးလား... ခြေလှမ်းပြောင်းပြီး လက်ဝါးရိုက်ခြင်း..."

ယဲ့ဖုန်း အဖွင့်သိုင်းကွက် စတင်လိုက်၏။

လီဟန်ရှောင် လန့်ဖျပ်သွားပြီး ချက်ချင်း လှည့်ပြေးလေတော့၏။ သူ့နောက်မှ တပည့်တစ်ဒါဇင်ကျော်လည်း မြို့စားမင်းအိမ်တော် ရှိရာဘက်သို့ တန်းစီပြီး ပြေးလိုက်သွားကြ၏။

"ဂိုဏ်းချုပ်ဦးလေး... သူတို့ လူသွားခေါ်ကြပြီ... ဘယ်လိုလုပ်မလဲ" လီကျောက်ကျောက်က မြေခွေးဖြူလေးကို ပွေ့ချီရင်း စိုးရိမ်တကြီး မေးလိုက်သည်။

"တပည့် လာစုဆောင်းတာကို နှောင့်ယှက်ခံရတာ သည်းခံနေရမှာလား... တစ်ယောက်လာရင် တစ်ယောက်ရိုက်မယ်... နှစ်ယောက်လာရင် တစ်စုံရိုက်မယ်"

ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ တစ်ခါတစ်လေ ပြတ်သားရမည်၊ ရဲရင့်ရမည်ဟု ယဲ့ဖုန်း ခံယူထားသည်။

သည်းခံတာ အတိုင်းအတာ ရှိ၏။ ထိုအတိုင်းအတာကို ကျော်သွားလျှင် ဆက်သည်းခံနေစရာ မလိုတော့ပေ။

"ကြောက်စရာ ကောင်းတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုပဲ... သူ့လက်ဝါး တစ်ချက်ဆိုရင် ကျောက်နံရံကိုတောင် ဖောက်ထွက်သွားနိုင်လောက်တယ်" မိုယင်သည် ယဲ့ဖုန်း၏ မတ်မတ်ရပ်နေသော ကျောပြင်ကို ကြည့်ရင်း တွေးလိုက်မိ၏။

ဒီလူက သာမန်လူတော့ မဟုတ်လောက်ပေ။

လုံထျန်းရှင်းကတော့ ယဲ့ဖုန်း ရန်သူကို လက်ဝါးတစ်ချက်တည်းနှင့် မောင်းထုတ်လိုက်တာကို ကြည့်ပြီး မျက်လုံးများ ပြူးကျယ်ကာ အားကျနေသည်။

ဒီခွန်အား... ဒီသိုင်းကွက်တွေ... ငါလည်း သင်ချင်လိုက်တာ။

ကျင့်ကြံချင်စိတ်တွေ ပိုပြီး ပြင်းပြလာသည်။

ပြီးတော့... မြူခိုးဂိုဏ်းကို ဝင်လိုက်တာ မှန်ကန်သည့် ဆုံးဖြတ်ချက်ပဲဟု လုံထျန်းရှင်း တွေးလိုက်မိ၏။

ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီးလည်း မှင်သက်နေကြ၏။

"ဂိုဏ်းချုပ်ယဲ့က တကယ် စွမ်းတာပဲ... အရင်က လုံချီထျန်းကို ရိုက်တယ်... အခု ဟေးရွှမ်ဂိုဏ်းက လီဟန်ရှောင်ကို ရိုက်ပြန်ပြီ... ရန်သူတွေချည်းပဲ များနေပြီ... ဝင်မရှုပ်တာ အကောင်းဆုံးပဲ"

"ဟုတ်တယ်... ဟုတ်တယ်"

"ငါတို့က ပွဲကြည့်ပရိသတ်ပဲ လုပ်ကြတာပေါ့"

လူအုပ်ကြီးက တီးတိုး ပြောဆိုနေကြ၏။

ယဲ့ဖုန်း ပါးစပ် လှုပ်ရွသွား၏။

ကြည့်ရတာ သူ မရည်ရွယ်ဘဲ တပည့်စုဆောင်းရ ခက်ခဲအောင် လုပ်မိလိုက်သလို ဖြစ်သွားပြီ။

ဟူး...

တပည့်ရှာရတာ ခက်လိုက်တာ။

ထိုအချိန်တွင် ဂိုဏ်းတစ်ရာ ကွင်းပြင် အနီးရှိ လက်ဖက်ရည်ဆိုင် တတိယထပ်၊ သီးသန့် အခန်းငယ်တစ်ခု အတွင်း၌...

"သခင်မလေး... ယဲ့ဖုန်း ဂိုဏ်းချုပ် ဖြစ်လာပြီးကတည်းက ဂိုဏ်းသားတချို့ရဲ့ သိုင်းပညာတွေက အံ့မခန်း တိုးတက်လာတယ်လို့ အစေခံမလေး စုံစမ်းသိရှိရပါတယ်"

"ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့က သိုင်းပညာနဲ့ ပတ်သက်ပြီး နက်နက်နဲနဲ နားလည်ထားတဲ့သူ ဖြစ်ရမယ်... သူသာ ကူညီပေးမယ်ဆိုရင်..."

"သခင်မလေး သွားတွေ့ချင်လို့လား"

"အင်း"

...

ယဲ့ဖုန်း ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။

တပည့် (၅) ယောက်က သူ့အနောက်တွင် ရပ်နေကြ၏။ ခုနက ဖြစ်ရပ်ပြီးနောက် သူတို့အချင်းချင်း ပိုမို ရင်းနှီးလာကြ၏။

သို့သော် ယဲ့ဖုန်း မျှော်လင့်တကြီး စောင့်ဆိုင်းနေသော်လည်း နောက်ထပ် တပည့်သစ် ပေါ်မလာသေးပေ။

"ကြည့်စမ်း... အလှလေးဟေ့"

"ရှူး... တိုးတိုးပြော... အဲ့ဒါ ကျား မိသားစုရဲ့ ဒုတိယ သခင်မလေး... ချီစုစည်းခြင်း (၆) ဆင့်မြောက် ရောက်နေတဲ့ ပါရမီရှင်... ပေါက်ကရ မပြောနဲ့"

"လုံမိသားစုထက် အခြေခံပိုတောင့်တင်းတဲ့ ကျားမိသားစုလား"

"ဟုတ်တယ်... အဲ့ဒီ ကျားမိသားစုပဲ... အိမ်တော်ထဲမှာ ချီစုစည်းခြင်း (၉) ဆင့်မြောက် စီနီယာကျင့်ကြံသူ (၃) ယောက်တောင် ရှိတယ်တဲ့... ရေပေါ်ဖြူမြို့တော်ရဲ့ ထိပ်တန်း မိသားစု (၅) ခုထဲမှာ ပါတယ်"

ရုတ်တရက် လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။

ယဲ့ဖုန်း မော့ကြည့်လိုက်ရာ အဝေးမှ လူ (၃) ဦး လျှောက်လာသည်ကို တွေ့လိုက်ရသည်။ ရှေ့ဆုံးမှ မိန်းမပျိုမှာ အရပ်ရှည်ရှည် သွယ်သွယ်လျလျနှင့် ပန်းရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ဆံပင်ကို သပ်ရပ်စွာ ထုံးဖွဲ့ထားပြီး၊ မျက်ဝန်းများမှာ ဆောင်းဦးရာသီ ရေကန်ပြင်ကဲ့သို့ တည်ငြိမ်အေးချမ်းနေသည်။

လှလိုက်တာ... တကယ့်ကို လှတာပဲ။

အပြုံးတစ်ချက်၊ အကြည့်တစ်ချက်တိုင်းက ဖမ်းစားနိုင်စွမ်း ရှိလှသည်။

"ဂိုဏ်းချုပ်ယဲ့... ကျွန်မ နာမည်က ကျားယွိလန်ပါ... ရှင်က သိုင်းပညာတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အမြင်ရှိတယ်လို့ ကြားမိပါတယ်... ဒါကြောင့် အထူးတလည် လာပြီး လမ်းညွှန်မှု တောင်းခံတာပါ"

ကျားမိသားစု၏ ဒုတိယ သခင်မလေးသည် မွှေးပျံ့သော ရနံ့များနှင့်အတူ ရောက်ရှိလာပြီး၊ နူးညံ့သိမ်မွေ့သော အသံလေးဖြင့် ပြောလိုက်ရာ မည်သူမျှ ငြင်းဆန်နိုင်စွမ်း ရှိမည် မဟုတ်ပေ။

ယဲ့ဖုန်း အနည်းငယ် အံ့သြသွား၏။

သိုင်းပညာနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အမြင်ရှိတယ် ဟုတ်လား။

မြူခိုးဂိုဏ်းနဲ့ သွေးရောင်မြွေဂိုဏ်း တိုက်ပွဲသတင်းက ဒီလောက် မြန်မြန် ပျံ့နှံ့သွားတာလား။

ပြီးတော့ တစ်ယောက်ယောက်က သူ သိုင်းပညာအပေါ် နက်နက်နဲနဲ နားလည်တယ်ဆိုတာကို မှန်းဆမိသွားတာလား။

အံ့သြသွားသော်လည်း ယဲ့ဖုန်း ငြင်းဆန်ခြင်း မပြုပေ။ နှိမ့်ချသော လေသံဖြင့် ပြန်ပြောလိုက်၏။

"ကျွန်တော်က သိုင်းပညာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင် နားလည်မှုလေး နည်းနည်းပါးပါး ရှိရုံပါ... ပြောပလောက်တဲ့ အရာ မဟုတ်ပါဘူး"

"ဂိုဏ်းချုပ်ယဲ့က နှိမ့်ချလွန်းနေပါပြီ... ကျွန်မ ကျင့်ကြံနေတဲ့ သိုင်းပညာတစ်ခုကို ကူညီလမ်းညွှန်ပေးနိုင်မလား သိချင်ပါတယ်... အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ဆုငွေ ချီးမြှင့်ပါ့မယ်"

ကျားယွိလန်က လိုရင်းကို တဲ့တိုး ပြောလိုက်၏။

သူမ၏ ရည်ရွယ်ချက်ကို သိလိုက်ရသောအခါ ယဲ့ဖုန်း အနည်းငယ် အခက်တွေ့သွား၏။

အကယ်၍ သူသိသော သိုင်းပညာတစ်ခု ဖြစ်နေလျှင်တော့ သင်ပေးလိုက်ပြီး ဂိုဏ်းစရိတ် ရှာလို့ ရနိုင်သည်။

သို့သော် ကျားယွိလန်၏ လေသံကို ထောက်ဆရလျှင်၊ ထိုသိုင်းပညာသည် သူနှင့် မရင်းနှီးသော၊ သူ မသိသော သိုင်းပညာတစ်ခု ဖြစ်နိုင်ခြေ များသည်။

ထို့ကြောင့် ယဲ့ဖုန်း ချောင်းတစ်ချက် ဟန့်လိုက်ပြီး ပြောလိုက်၏။

"ပိုက်ဆံက အဓိက မဟုတ်ပါဘူး... အဓိကက ကျွန်တော်က ဂိုဏ်းသားတွေကိုပဲ သင်ပေးလေ့ ရှိတာပါ"

ကျားယွိလန်၏ မျက်နှာတွင် စိတ်ပျက်သွားသော အရိပ်အယောင် ပေါ်လာသော်လည်း၊ နောက်ဆုတ်မသွားပေ။ ဆက်လက် ပြောဆိုလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ချက်ချင်းကြီး မငြင်းလိုက်ပါနဲ့ဦး... ကျွန်မ ကျင့်ကြံချင်တဲ့ သိုင်းပညာက ဒုတိယအဆင့် သိုင်းပညာပါ... ဝမ်းနည်းစရာကောင်းတာက သိုင်းကျမ်းက မပြည့်စုံဘူး ဖြစ်နေတယ်... လနဲ့ချီပြီး ကြိုးစားခဲ့ပေမဲ့ အခုထိ အခြေခံအဆင့်မှာပဲ ရပ်တန့်နေတုန်းပါ"

ထိုစကားကို ကြားလိုက်ရသောအခါ တစ်ကွင်းလုံး ပွက်လောရိုက်သွား၏။

"ဒု... ဒုတိယအဆင့် သိုင်းပညာ ဟုတ်လား"

"အဲ့ဒါက အရမ်း တန်ဖိုးကြီးတဲ့ သိုင်းပညာလေ... ပုံမှန်ဆိုရင် ချီစုစည်းခြင်း (၉) ဆင့်မြောက် ဒါမှမဟုတ် ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် ရောက်နေတဲ့ ဆရာကြီးတွေ လက်ထဲမှာပဲ ရှိတတ်တာ... ဒုတိယ သခင်မလေး လက်ထဲမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ"

"ဒုတိယ သခင်မလေး ပြောတာ မကြားဘူးလား... သိုင်းကျမ်းက မပြည့်စုံဘူးတဲ့... ပြီးတော့ သူက အခြေခံအဆင့်လောက်ပဲ ရောက်သေးတာတဲ့... စွမ်းအားချင်း ယှဉ်ရင် ပထမအဆင့် သိုင်းပညာ အဆင့်ငယ် အောင်မြင်မှုလောက်ပဲ ရှိမှာပါ"

လူအုပ်ကြီးက စိတ်ဝင်တစား ဆွေးနွေးနေကြ၏။

ယဲ့ဖုန်းပင်လျှင် အသက်ပြင်းပြင်း ရှူသွင်းမိလိုက်သည်။

ဒုတိယအဆင့် သိုင်းပညာ... သူလည်း လိုချင်တာပေါ့။

အထူးသဖြင့် ကျားယွိလန်က အခြေခံအဆင့် ရောက်နေပြီဟု ကြားလိုက်ရသောအခါ သူမကို မြူခိုးဂိုဏ်းထဲ ဆွဲထည့်ဖို့ ချက်ချင်း စဉ်းစားလိုက်မိ၏။

"အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံး"

"ဂိုဏ်းချုပ်ယဲ့ အနေနဲ့ လမ်းညွှန်ပေးမယ် ဆိုရင်... ကျွန်မ ဒီလောက် ပေးနိုင်ပါတယ်... တကယ်လို့ အဆင့်ငယ်အောင်မြင်မှု ရောက်သွားရင် နောက်ထပ် (၂၀) ထပ်ပေးပါမယ်"

ကျားယွိလန်သည် ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနူးညံ့သော လက်ချောင်းလေးများကို ဆန့်ထုတ်လိုက်ပြီး V shape လုပ်ပြလိုက်၏။

"တကယ်တော့... ကျွန်တော်က လမ်းမညွှန်ချင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ မိန်းကလေးကျား အနေနဲ့ မြူခိုးဂိုဏ်းကို ဝင်မှ ဖြစ်မှာပါ"

ယဲ့ဖုန်း ခေတ္တမျှ စဉ်းစားပြီးနောက် အဓိပ္ပာယ်ပါပါ ပြောလိုက်၏။

ကျားယွိလန် စကားမပြောနိုင်ခင် ယဲ့ဖုန်း ဆက်ပြောလိုက်၏။

"တကယ်လို့ မိန်းကလေးကျား သာ မြူခိုးဂိုဏ်းကို ဝင်မယ်ဆိုရင်... ဒီနေ့ပဲ မိန်းကလေးရဲ့ သိုင်းပညာကို အဆင့်ငယ်အောင်မြင်မှု ရောက်အောင် ကျွန်တော် လုပ်ပေးနိုင်ပါတယ်"

ယဲ့ဖုန်း လေလုံးထွားလိုက်၏။

သို့သော် အာမခံချက် အပြည့်အဝတော့ မပေးရဲပေ။

ဘာကြောင့်လဲဆိုတော့ သိုင်းကျမ်းက မပြည့်စုံနေပေ။ ကျားယွိလန် ဂိုဏ်းဝင်လာတာနှင့် သူက အထွတ်အထိပ်အဆင့်ထိ တန်းတတ်မြောက်သွားမလား ဆိုတာ မသေချာပေ။

လွဲသွားရင်တော့ မျက်နှာ ပျက်စရာကြီး ဖြစ်သွားလိမ့်မည်။

"တကယ် ပြောတာလားဟင်"

ကျားယွိလန် မျက်လုံးဝိုင်းလေးများဖြင့် မေးလိုက်၏။

"တကယ်ပေါ့"

ယဲ့ဖုန်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်၏။

ပွဲကြည့်ပရိသတ်များလည်း စိတ်ဝင်တစား စောင့်ကြည့်နေကြ၏။ လုံထျန်းရှင်းနှင့် မိုယင်တို့ကမူ သံသယ ဖြစ်နေကြ၏။

ရှီလေ့၊ ဟိုယွင်ကျဲ နှင့် လီကျောက်ကျောက် တို့သာလျှင် စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြ၏။

"ဂိုဏ်းချုပ်ဦးလေး လက်စွမ်းပြတော့မယ်ဟေ့"

တပည့် (၃) ယောက် မျှော်လင့်တကြီး ဖြစ်နေကြ၏။

ကျားယွိလန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ယဲ့ဖုန်း ထပ်ဖြည့်ပြောလိုက်၏။

"မိန်းကလေးကျား အနေနဲ့ မြူခိုးဂိုဏ်းကို အရင် ဝင်ကြည့်လိုက်ပါ... တကယ်လို့ ကျွန်တော်က မသင်ပေးနိုင်ဘူး ဆိုရင် ပြန်ထွက်သွားလို့ ရပါတယ်... ဘယ်လိုလဲ"

ဒီလို အရေးကြီးတဲ့ အချိန်မှာ ယဲ့ဖုန်း လောင်းကြေးထပ်လိုက်ခြင်း ဖြစ်သည်။

အကယ်၍ ကျားမိသားစု ဒုတိယ သခင်မလေးကို လူသိရှင်ကြား သင်ကြားပေးနိုင်ခဲ့လျှင် မြူခိုးဂိုဏ်းအတွက် ဂုဏ်သတင်း အမှတ်များစွာ ရရှိမည်ဖြစ်ပြီး၊ အခမဲ့ ကြော်ငြာပေးသလိုလည်း ဖြစ်သွားမည်။

ထိုနောက်ပိုင်းကျလျှင် တပည့်စုဆောင်းဖို့ ပူစရာ လိုဦးမလား။

"ကောင်းပါပြီ... ကျွန်မ စမ်းကြည့်ပါမယ်"

ကျားယွိလန် ဘာမှ ထပ်မပြောတော့ဘဲ သဘောတူလိုက်၏။

ထိုအချိန်တွင် မလှမ်းမကမ်း တစ်နေရာမှ နားဝင်မချိုသော အသံတစ်သံ ထွက်ပေါ်လာပြီး၊ လူအားလုံး၏ အာရုံကို ဖမ်းစားသွားလေတော့၏။

"ဖူး... မရှက်မကြောက် လေကြီးနေလိုက်တာ"

အခန်း (၁၈) - ပဉ္စလက်ဆရာကြီး ဂိုဏ်းချုပ်ယဲ့

~ကျားယွိလန် ရောက်ရှိလာခြင်းကြောင့် ဂိုဏ်းတစ်ရာ ကွင်းပြင်တွင် အခြားဂိုဏ်းမှ တပည့်များစွာ စုဝေးရောက်ရှိနေကြပြီး ဖြစ်သည်။

ယခု ကျယ်လောင်သော အော်ဟစ်သံကို ကြားလိုက်ရသောအခါ အားလုံးက အသံလာရာသို့ လှည့်ကြည့်လိုက်ကြ၏။

ဟေးရွှမ်ဂိုဏ်းမှ လီဟန်ရှောင်သည် တပည့် တစ်ဒါဇင်ကျော်ကို ဦးဆောင်လျက် အလျင်အမြန် ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

သူတို့၏ အနောက်တွင် ငွေရောင်ဝတ်ရုံနှင့် အဘိုးအို တစ်ဦး ပါလာပြီး၊ ချီစုစည်းခြင်း (၇) ဆင့်မြောက် အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူ၏ ဝတ်ရုံလက်မောင်းတွင် "ရေပေါ်ဖြူ" ဟူသော ရွှေရောင်စာလုံးများ ထိုးထားရာ၊ မြို့စားမင်းအိမ်တော်မှ တာဝန်ခံတစ်ဦး ဖြစ်ကြောင်း သက်သေပြနေသည်။

ခုနက အော်ဟစ်လိုက်သော အသံမှာ သူ၏ အသံ မဟုတ်ဘဲ၊ ရှေ့ဆုံးမှ ပြေးလာသော လီဟန်ရှောင်၏ အသံသာ ဖြစ်သည်။

"တကယ်ကြီး လူသွားခေါ်လာတာပဲ"

ယဲ့ဖုန်းသည် ချီစုစည်းခြင်း (၇) ဆင့်မြောက် တာဝန်ခံကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွား၏။

"မြို့စားမင်းအိမ်တော်မှာ ချီစုစည်းခြင်း (၇) ဆင့်မြောက် ရောက်နေရင် တာဝန်ခံ ရာထူး ရနိုင်တယ်... ဒီလူက အခုမှ (၇) ဆင့်မြောက် ရောက်ထားတာ ဆိုတော့... သူ့အစွမ်းအစကို သက်သေပြချင်နေတဲ့ တာဝန်ခံအသစ် ဖြစ်လောက်တယ်... ကျွန်တော်တို့အတွက် အခြေအနေ မကောင်းဘူး"

ဟိုယွင်ကျဲက ဘေးနားမှ တီးတိုး သတိပေးလိုက်၏။

ထိုစကားကို ကြားရသောအခါ ယဲ့ဖုန်း၏ မျက်နှာထား လေးနက်သွား၏။

အနားသို့ ရောက်သည်နှင့် လီဟန်ရှောင်သည် ဖားယားသော အပြုံးဖြင့် ကျားယွိလန်ကို ပြောလိုက်၏။

"မိန်းကလေးကျား... ဒီလူက လူလိမ်ပါ... သူ့ရဲ့ ကြွားလုံးတွေကို မယုံပါနဲ့ဗျာ"

ကျားယွိလန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိသော်လည်း၊ စိတ်ထဲတွင် ရွံရှာမိလိုက်၏။

သူမက လက်ဖက်ရည် သောက်ရတာ ကြိုက်နှစ်သက်သဖြင့်၊ သူမနောက်ကို လိုက်နေသော ပိုးပန်းသူများကလည်း လက်ဖက်ရည်ဆိုင်များတွင် လာရောက် စုဝေးကာ သူမ၏ အာရုံစိုက်မှုကို ရယူရန် ကြိုးစားတတ်ကြ၏။

သို့သော် ရုပ်ဖျက်ပြီး ကျင့်ကြံနေသော ကျားယွိလန် အနေဖြင့် ကျင့်ကြံခြင်း အဆင့်တက်ရန်သာ အာရုံစိုက်နေပြီး၊ ထိုကဲ့သို့သော အရာများကို စိတ်မဝင်စားပေ။

"ဂိုဏ်းချုပ်ယဲ့က လူတစ်ယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်လို့ ကြားတယ်... ဟုတ်ပါသလား... ကျုပ်က မြို့စားမင်းအိမ်တော်ရဲ့ တာဝန်ခံ 'ချိုတာ့မင်' ပါ... ဒီကိစ္စကို တရားမျှတစွာ ဖြေရှင်းပေးပါ့မယ်" အဘိုးအိုက ဝင်ပြောလိုက်၏။

"ကျွန်တော် မရိုက်ပါဘူး... သူဘာသာ ဝင်တိုက်တာပါ"

ယဲ့ဖုန်း ချက်ချင်း ငြင်းဆိုလိုက်၏။

"ဟုတ်ပါတယ်... ကျွန်တော်တို့ အကုန် မြင်လိုက်ပါတယ်... ဂိုဏ်းချုပ်ဦးလေးက လီဟန်ရှောင်ကို မရိုက်ပါဘူး... သူက ကိုယ့်ဘာသာ ဝင်တိုက်ပြီး နောက်ပြန်လွင့်ထွက်သွားတာပါ"

ရှီလေ့နှင့် အခြားတပည့်များကလည်း ဝိုင်းဝန်း ထောက်ခံပေးကြ၏။

"ကျွန်မလည်း ခုနက လက်ဖက်ရည်ဆိုင် တတိယထပ်ကနေ လှမ်းမြင်လိုက်ပါတယ်... အဖြစ်မှန်က အဲ့ဒီအတိုင်းပါပဲ... ဂိုဏ်းချုပ်ယဲ့က လက်ဝါးရိုက်ဖို့ ဟန်ပြင်လိုက်ပေမဲ့... အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် လီဟန်ရှောင်ကို ထိမိနိုင်စရာ အကြောင်းမရှိပါဘူး... နားလည်မှုလွဲနေကြတာ ဖြစ်ပါလိမ့်မယ်"

ကျားယွိလန်က ယဲ့ဖုန်းဘက်မှ ဝင်ရောက် ပြောဆိုပေးလိုက်ရာ အားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

"မိန်းကလေးကျား... ခင်ဗျား... ခင်ဗျား"

လီဟန်ရှောင် မျက်လုံးများ ပြူးကျယ်လျက် ဒေါသထွက်နေသည်။ သူ မျက်နှာလုပ်နေရသော မိန်းကလေးက သူ့ရန်သူဘက်မှ ပါသွားသည် မဟုတ်ပါလော။ ဒေါသထွက်စရာ ကောင်းလိုက် လေခြင်း။

တာဝန်ခံ ချိူတာ့မင်သည် မုတ်ဆိတ်မွေးများကို သပ်လိုက်ပြီး ကျားယွိလန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ကြည့်ရတာ အဲ့ဒီအတိုင်း ဖြစ်လောက်ပါတယ်"

ကျားမိသားစု၏ အင်အားသည် လီဟန်ရှောင်၏ နောက်ခံ ဟေးရွှမ်ဂိုဏ်းထက် များစွာ သာလွန်သည်။

ထို့အပြင် ကျားယွိလန်သည် ကျားမိသားစု ခေါင်းဆောင်၏ အသည်းကျော်သမီးလေး ဖြစ်ရာ၊ ဘယ်သူ့ဘက်က ပါရမလဲ ဆိုတာ ချိူတာ့မင် ကောင်းကောင်း သိသည်။

"ထားလိုက်ပါတော့... ဒါပေမဲ့ ယဲ့ဖုန်းက မိန်းကလေးကျားကို သိုင်းပညာ သင်ပေးနိုင်တယ်လို့ ကြွားနေတယ်... သူက သာမန်လူတစ်ယောက်လေ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" လီဟန်ရှောင်သည် အခွင့်အရေးကို လက်မလွှတ်ဘဲ အော်ဟစ် ပြောဆိုလိုက်၏။

ယဲ့ဖုန်းက သူ့ကို မထီမဲ့မြင် ကြည့်လိုက်၏။

"ဒါ ကျွန်တော်နဲ့ မိန်းကလေးကျား နှစ်ယောက်တည်း ကိစ္စပါ... သူများတွေ ပူစရာ မလိုပါဘူး"

ချိူတာ့မင် မုတ်ဆိတ်မွေး သပ်ရင်း တိတ်ဆိတ်နေလိုက်၏။

ယဲ့ဖုန်း ပြောတာ မှန်သည်။ ကျားယွိလန်ကို သိုင်းသင်ပေးတာက လိမ်ညာတာပဲ ဖြစ်ဖြစ်၊ သူများနှင့် မဆိုင်ပေ။

သို့သော် သူ ဆက်လက် စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

လီဟန်ရှောင် မှာမူ ပြုံးတောင် မပြုံးနိုင်တော့ဘဲ ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။ ထို့ကြောင့် ရုတ်တရက် လှည့်ထွက်သွားပြီး ဘေးတစ်ဖက်တွင် ရပ်ကာ ပြောလိုက်၏။

"မင်းလို လူလိမ်ကောင်က မိန်းကလေးကျားကို ဘယ်လို သင်ပေးမလဲ ဆိုတာ ငါ စောင့်ကြည့်ဦးမယ်... မင်း မသင်ပေးနိုင်တဲ့အချိန်ကျရင် ရေပေါ်ဖြူမြို့တော်မှာ မင်းတို့ မြူခိုးဂိုဏ်း နာမည်ပျက်အောင် ငါ လုပ်ပြမယ်"

ယဲ့ဖုန်းသည် လူရွှင်တော် လုပ်နေသော လီဟန်ရှောင်ကို ဂရုမစိုက်တော့ဘဲ ကျားယွိလန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

"မိန်းကလေးကျား... သေချာအောင်လို့ မပြည့်စုံတဲ့ ဒုတိယအဆင့် သိုင်းပညာကို ဒီနေရာမှာပဲ တစ်ခေါက်လောက် ထုတ်ဖော်ပြသပေးပါ... ကျွန်တော် လေ့လာကြည့်ပြီး သင်ပေးနိုင်မလား ဆိုတာ ဆုံးဖြတ်ပေးပါ့မယ်"

ဒီလို လုပ်ခြင်းအားဖြင့် စနစ် ရှိနေတာကို ဖုံးကွယ်နိုင်မည် ဖြစ်သည်။

သင်ပေးပြီးတဲ့အခါကျရင်လည်း... "ငါ့ရဲ့ စောင့်ကြည့်လေ့လာနိုင်စွမ်းနဲ့ ဆင်ခြင်သုံးသပ်နိုင်စွမ်း မြင့်မားလို့ပါ" လို့ ဆင်ခြေပေးလို့ ရတာပေါ့။

ဘယ်လိုပဲဖြစ်ဖြစ် အကြွားသန်ရတာပဲလေ။

"ကောင်းပါပြီ"

ကျားယွိလန် တွန့်ဆုတ်မနေပေ။

သူမ၏ ခြေဖဝါးနုနုလေးများဖြင့် မြေပြင်ကို ဖွဖွလေး နင်းလိုက်ရာ၊ ပန်းရောင် ဘီဂိုးနီးယား ပန်းပွင့်လေးတစ်ပွင့် ကွင်းပြင်ထဲသို့ ဆင်းသက်လာသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် လက်ဟန်များ စတင် ဖော်လိုက်၏။

"အားလုံး သေချာ ကြည့်ထားကြ"

"ဝူး"

လေထဲမှ မရေမတွက်နိုင်သော ပန်းပွင့်များ ရုတ်တရက် ပေါ်ထွက်လာပြီး ကျားယွိလန်၏ အပေါ်တွင် ဝဲပျံနေကြ၏။ ဖြည်းညှင်းစွာ လည်ပတ်နေကြပြီး၊ တစ်ပွင့်စီတိုင်းသည် လှပသလောက် သေစေနိုင်သော အန္တရာယ်များကို ဖုံးကွယ်ထားကြ၏။

မြင်ရသူတိုင်း အံ့သြသွားကြ၏။

"ဒါ အုပ်စုလိုက် တိုက်ခိုက်တဲ့ သိုင်းပညာပဲ... ပန်းပွင့်တစ်ပွင့်ချင်းစီက ချီစွမ်းအင်နဲ့ ဖွဲ့စည်းထားတဲ့ ဓားသွားလိုပဲ... အရမ်း အစွမ်းထက်တာပဲ" တာဝန်ခံ ချိူတာ့မင် ပင်လျှင် အားကျသော မျက်လုံးများဖြင့် ကြည့်နေမိ၏။

သူသည် မြို့စားမင်းအိမ်တော်၏ တာဝန်ခံ ဖြစ်သော်လည်း၊ အိမ်တော်၏ ဒုတိယအဆင့် သိုင်းပညာများကို ကျင့်ကြံခွင့် မရရှိသေးပေ။

"ပြောင်းလဲစမ်း"

ကျားယွိလန်သည် လက်ဟန် ပြောင်းလိုက်ရာ၊ အပေါ်မှ ပန်းပွင့်များ ပြုတ်ကျလာပြီး သူမ၏ ဘေးပတ်လည်တွင် စက်ဝိုင်းခြမ်းပုံစံ ဒိုင်းကာတစ်ခုအဖြစ် စုစည်းသွားကာ တိုက်ခိုက်မှု အားလုံးကို ကာကွယ်ပေးလိုက်၏။

"ဒီသိုင်းပညာ နာမည်က 'ပန်းပွင့်ကြွေ မိုးစက်များ' လို့ ခေါ်ပါတယ်... အထွတ်အထိပ် ရောက်သွားရင် တိုက်စစ်ရော ခံစစ်ရော ပါဝင်ပါတယ်... ဝမ်းနည်းစရာ ကောင်းတာက သိုင်းကျမ်းက မပြည့်စုံဘူး ဖြစ်နေတယ်... ဂိုဏ်းချုပ်ယဲ့ ဘယ်လိုမြင်လဲ"

ကျားယွိလန် မေးလိုက်၏။

သူမသည် လက်ဟန်များကို ရုတ်သိမ်းလိုက်ရာ ပန်းရောင် ပန်းပွင့်များ မြေကြီးပေါ်သို့ ကြွေကျသွားပြီး မကြာမီ ပျောက်ကွယ်သွားလေသည်။

"သင်ပေးလို့ ရပါတယ်"

ယဲ့ဖုန်း ပြန်ဖြေလိုက်၏။ "ဒါပေမဲ့ အရင်အတိုင်းပဲ... အခြေခံအဆင့်ကို အရင် ရောက်အောင် လုပ်ပါ... ပြီးမှ ကျွန်တော် သင်ပေးပါမယ်"

ထိုစကားကို ကြားလိုက်ရသောအခါ လူအုပ်ကြီး ဆွံ့အသွား၏။

တစ်ချက်ကြည့်ရုံနဲ့ သင်ပေးလို့ ရတယ်တဲ့လား။

လွန်လွန်းတယ် မဟုတ်ဘူးလား။

လီဟန်ရှောင် တဟားဟား အော်ရယ်လိုက်၏။ "ဆက်ဟန်ဆောင်နေလိုက်... လုပ်ထား လုပ်ထား"

ချိူတာ့မင် ဘာမှ မပြောဘဲ ပွဲကြည့်ပရိသတ်တစ်ယောက်လို ကြည့်နေသည်။

"ကောင်းပါပြီ... ကျွန်မ မြူခိုးဂိုဏ်းကို ဝင်ပါမယ်... ဒါပေမဲ့ ဂိုဏ်းချုပ်ယဲ့သာ မသင်ပေးနိုင်ရင် ဒီနေ့ပဲ ကျွန်မ ပြန်ထွက်သွားမယ်... တကယ်လို့ အောင်မြင်ခဲ့ရင်တော့ ဒီတစ်သက်လုံး မြူခိုးဂိုဏ်းရဲ့ တပည့်အဖြစ်ပဲ နေပါ့မယ်"

ကျားယွိလန် ပြောလိုက်၏။

"နာမည်၊ မွေးသက္ကရာဇ်၊ ပါရမီ၊ ကျင့်ကြံခြင်းအဆင့်၊ နောက်ကြောင်း... အကုန် ပြောပြပါ"

ယဲ့ဖုန်းသည် မှတ်တမ်းစာအုပ်ကို ကျွမ်းကျင်စွာ ဖွင့်လိုက်ရင်း မေးလိုက်၏။

"ကျားယွိလန်... အသက် (၁၇) နှစ်... အလယ်အဆင့် ပါရမီ... ချီစုစည်းခြင်း (၆) ဆင့်မြောက် အထွတ်အထိပ်... ရေပေါ်ဖြူမြို့တော် တောင်ဘက်လမ်းက ကျားမိသားစုဝင်ပါ" ကျားယွိလန်သည် သူမ၏ ကိုယ်ရေးအချက်အလက်များကို ချက်ချင်း ပြောပြလိုက်၏။

ယဲ့ဖုန်း အလျင်အမြန် ရေးမှတ်လိုက်ပြီး ဂိုဏ်းချုပ်တံဆိပ်တုံး ထုလိုက်၏။

"တီတီ.. စာရင်းသွင်းတပည့် 'ကျားယွိလန်' ကို လက်ခံရရှိပါပြီ... အလယ်အဆင့် ပါရမီ၊ ချီစုစည်းခြင်း (၆) ဆင့်မြောက် အထွတ်အထိပ်၊ ပထမအဆင့် သိုင်းပညာ 'ဝိညာဉ်ဓားပျံ' နှင့် 'ဝိညာဉ်ချုပ် ကြိုး'တို့ကို အဆင့်ကြီးအောင်မြင်မှု အထိ၊ ဒုတိယအဆင့် သိုင်းပညာ 'ပန်းပွင့်ကြွေ မိုးစက်များ' ကို အခြေခံအဆင့် အထိ တတ်မြောက်ထားသူ ဖြစ်ပါသည်"

ခဏအကြာတွင် စနစ်၏ အသိပေးသံကို ကြားလိုက်ရပြီး၊ ထိုသိုင်းပညာ (၃) ခု၏ အချက်အလက်များသည် ယဲ့ဖုန်း၏ ခေါင်းထဲသို့ လျင်မြန်စွာ ဝင်ရောက်လာကာ အထွတ်အထိပ်အဆင့်သို့ တန်းရောက်သွားလေတော့၏။

"မပြည့်စုံတဲ့ သိုင်းကျမ်းကိုတောင် အထွတ်အထိပ် ရောက်အောင် လုပ်ပေးနိုင်တယ် ဆိုတော့... တကယ် ကြောက်စရာ ကောင်းတာပဲ"

ယဲ့ဖုန်း စိတ်ထဲတွင် တုန်လှုပ်သွားရသည်။

"ဟွန်း... မင်း ဘယ်လို သင်ပေးမလဲ ဆိုတာ ငါ စောင့်ကြည့်နေမယ်" လီဟန်ရှောင်က ယုံကြည်မှု ရှိစွာဖြင့် ပြောလိုက်၏။

ယဲ့ဖုန်း ဘာမှ ပြန်မပြောပေ။

သာမန် စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ပြီး၊ ပုံကြမ်းတစ်ခု ဆွဲကာ မှတ်သားလိုက်၏။ ထို့နောက် ကျားယွိလန်ထံသို့ ကမ်းပေးလိုက်၏။

"ဟန်ဆောင် ကောင်းလိုက်တာ..."

လီဟန်ရှောင် မထီမဲ့မြင် ပြုလိုက်၏။

ထိုအချိန်တွင် စက္ကူကို ကိုင်ထားသော ကျားယွိလန်သည် အထဲမှ အကြောင်းအရာကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွား၏။

ထိုတုံ့ပြန်မှုကို မြင်လိုက်ရသောအခါ လီဟန်ရှောင်၏ မျက်နှာထား တင်းမာသွားပြီး တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း ရိပ်မိလိုက်၏။

"ဒီလို ကျင့်ကြံရမှာကိုး... ကျွန်မ အခါပေါင်း ရာချီ ကျင့်ကြံခဲ့တာတွေက အလကား ဖြစ်ကုန်ပြီပဲ"

ကျားယွိလန် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ရီနေသည်။

နောက်တစ်ခဏတွင်... သူမသည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်ပါး ရရှိလိုက်သကဲ့သို့ မင်မခြောက်သေးသော စက္ကူကို ဂရုတစိုက် သိမ်းဆည်းလိုက်ပြီး ကွင်းပြင်အလယ်သို့ ထွက်လာခဲ့သည်။

ညာဘက် လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး လေထဲတွင် ထူးဆန်းသော ပုံစံတစ်ခု ရေးဆွဲလိုက်၏။ ထို့နောက် ယခင်ကကဲ့သို့ပင် သိုင်းကွက်ကို စတင် ထုတ်ဖော်လိုက်၏။

"ဝူး"

မရေမတွက်နိုင်သော ပန်းရောင် ပန်းပွင့်များ သူမ၏ ဘေးပတ်လည်တွင် ပေါ်ထွက်လာသည်။ ပန်းပွင့်တိုင်းတွင် သူမ ရေးဆွဲခဲ့သော သင်္ကေတပုံစံများ ပါဝင်နေပြီး တောက်ပသော အလင်းရောင်များ လက်နေသည်။

"စုစည်းစေ... ပြောင်းလဲစေ"

ကျားယွိလန် တိုးတိုးလေး အမိန့်ပေးလိုက်ရာ၊ ပန်းပွင့်များသည် သူမ၏ စိတ်ဆန္ဒအတိုင်း အံ့သြဖွယ် ပြောင်းလဲသွားကြ၏။ ငှက်ကလေးများ ဖြစ်လိုက်၊ ဝိညာဉ်မြွေ ဖြစ်လိုက်၊ ချွန်ထက်သော ဓားများ ဖြစ်လိုက်နှင့်... တကယ့်ကို အံ့မခန်းပင်။

သူမ၏ 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာ အရှိန်အဟုန်ဖြင့် တိုးတက်သွားကြောင်းကို လူနုံလူအ တစ်ယောက်ပင်လျှင် မြင်နိုင်ပေသည်။

"ဒါ... ဒါ မဖြစ်နိုင်ဘူး"

လီဟန်ရှောင် ကြောက်လန့်တကြား နောက်ဆုတ်လိုက်ရာ ခြေချော်ပြီး "ဘုန်း" ခနဲ မြေကြီးပေါ် လဲကျသွားလေတော့၏။

All Chapters