← Chapters

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉-၂၁)

Vol. 2 Ch. 19-21

အခန်း (၁၉) - လုံကျန်းချွမ်း၏ တီးခတ်သော တေးသွား

~"ဝူး"

လေပြင်းတစ်ချက် တိုက်ခတ်သွား၏။

ကျားယွိလန်၏ ဘေးပတ်လည်တွင် မရေမတွက်နိုင်သော ပန်းပွင့်များ ရုတ်တရက် ပေါ်ထွက်လာပြီး၊ လီဟန်ရှောင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားကာ စားပွဲတစ်လုံးစာခန့် ကြီးမားသော ပန်းရောင်လက်ဝါးကြီ းတစ်ခုအဖြစ် စုစည်းသွားလေသည်။

"ငါတို့ မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ကို ထပ်ခါထပ်ခါ စော်ကားနေတာ... သည်းမခံနိုင်တော့ဘူး"

ကျားယွိလန်က နူးညံ့သော်လည်း ပြတ်သားသော အသံဖြင့် ဆူပူကြိမ်းမောင်းလိုက်၏။

လူတိုင်း အံ့သြမှင်သက်နေစဉ်မှာပင်... ပန်းပွင့်လက်ဝါးကြီးသည် လီဟန်ရှောင်၏ ကော်လာစကို လှမ်းဆွဲလိုက်ပြီး၊ ကြက်ပေါက်လေးကို စွန်ရဲက သုတ်လိုက်သကဲ့သို့ မိုးပေါ်သို့ မြှောက်တင်ကာ ပစ်လွှတ်လိုက်လေတော့၏။

"အမလေးဗျ... သေပါပြီ"

လီဟန်ရှောင်၏ သနားစရာ ကောင်းလှသော အော်ဟစ်သံနှင့်အတူ၊ ကွင်းပြင်ဘေးရှိ ရေပုပ်မြောင်းထဲသို့ "ဗွမ်း" ခနဲ ကျသွားလေသည်။

"အစ်ကိုကြီးလီ"

ဟေးရွှမ်ဂိုဏ်းနှင့် ရွှယ်ယွမ်ဂိုဏ်းမှ တပည့်များ ကပျာကယာ ပြေးသွားကြပြီး၊ နံစော်နေသော လီဟန်ရှောင်ကို ဆွဲတင်ရန် ကြိုးစားကြ၏။

သို့သော် လီဟန်ရှောင်၏ ကိုယ်ပေါ်မှ အနံ့ဆိုးကြီးကြောင့် တပည့်များ လက်လွှတ်လိုက်မိကြရာ၊ သူခမျာ ရေပုပ်မြောင်းထဲသို့ နောက်တစ်ကြိမ် ပြန်ကျသွားပြီး ရေပုပ်အချို့ကိုပင် မျိုချမိလိုက်ရသည်။

"ဟားဟားဟား..."

ပွဲကြည့်ပရိသတ်အားလုံး ဗိုက်နှိပ်ပြီး ရယ်မောကြတော့၏။

ယဲ့ဖုန်းလည်း အောင့်ထားသော်လည်း မရတော့ဘဲ လွတ်လွတ်လပ်လပ်ပင် ရယ်မောလိုက်မိ၏။

ထိုအချိန်တွင် စနစ်၏ တာဝန်ပြီးစီးမှုနှုန်းသည် "၇၁%" သို့ တိုးတက်သွားသည်ကို မြင်လိုက်ရသဖြင့်၊ သူ၏ ရယ်မောသံများမှာ ပိုမို ကျယ်လောင်ပြီး ကြည်နူးဖွယ် ကောင်းလာတော့၏။

"ယဲ့ဖုန်း... မင်း... မင်း... ဂလု ဂလု"

လီဟန်ရှောင်သည် ရယ်သံများကို ကြားလိုက်ရသဖြင့် ဒေါသတကြီး ရေပုပ်မြောင်းထဲမှ ခုန်ထွက်လာပြီး ကျိန်ဆဲရန် ပြင်လိုက်သော်လည်း၊ ရေပုပ်များ ထပ်မံ ဝင်ရောက်သွားသဖြင့် စကားမဆုံးနိုင်ဘဲ ဖြစ်နေရှာသည်။

"ဒုတိယအစ်ကိုကြီး... သွားကြစို့"

ဟေးရွှမ်ဂိုဏ်းသားတစ်ယောက်က ခါးပတ်ကို ဖြုတ်ပြီး လီဟန်ရှောင်၏ လည်ပင်းကို ကွင်းစွပ်ကာ ဆွဲတင်လိုက်၏။ ထို့နောက် သူတို့တစ်သိုက် ယိုင်နဲ့နဲ့ဖြင့် ဂိုဏ်းတစ်ရာ ကွင်းပြင်မှ အရှက်တကွဲ ထွက်ခွာသွားကြလေတော့၏။

"တပည့် ကျားယွိလန်... ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်"

ထိုအချိန်တွင် ဂုဏ်သရေရှိ မိန်းမပျိုလေး ကျားယွိလန်သည် ယဲ့ဖုန်း၏ ရှေ့မှောက်တွင် လေးလေးစားစား ဒူးထောက် ဂါရဝပြုလိုက်၏။

ထိုအခါမှ လူတိုင်း အိပ်မက်မှ လန့်နိုးသွားသကဲ့သို့ ဖြစ်သွားကြ၏။

ယဲ့ဖုန်းက ကျားယွိလန်ကို တကယ် သင်ပေးလိုက်တာပဲ။ သူက သူမကို ဖျက်ဆီးလိုက်တာ မဟုတ်ဘဲ၊ ကြောက်စရာကောင်းလောက်အောင် တိုးတက်သွားစေခဲ့တာပဲ။

"တစ်ချက်ကြည့်ရုံနဲ့ သင်ပေးနိုင်တယ် ဆိုတော့... ဂိုဏ်းချုပ်ယဲ့က တကယ့် ပဉ္စလက်ဆရာကြီး ပဲ"

"ငါ မြူခိုးဂိုဏ်း ဝင်ချင်စိတ် ပေါက်သွားပြီ"

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်ကို လက်ခံပါဗျာ"

ဘေးပတ်ဝန်းကျင်မှ လူအုပ်ကြီး တစ်ယောက်တစ်ပေါက် အော်ဟစ်ကုန်ကြ၏။

"ဂိုဏ်းချုပ်ယဲ့က တကယ် နတ်ဘုရားလို စွမ်းတာပဲ... ဒီတာဝန်ခံတောင် မျက်စိပွင့်သွားရတယ်... တာဝန်ခံ ကျိုးကျားချန် ကိုယ်တိုင် ညွှန်းဆိုခဲ့တဲ့သူ ဖြစ်ရတာ တန်ပါတယ်ဗျာ... လေးစားသွားပါပြီ" တာဝန်ခံ ချိူတာ့မင်သည် ယဲ့ဖုန်းကို လက်သီးဆုပ်ကာ ဂါရဝပြုလိုက်၏။ ထို့နောက် ကျားယွိလန်ကို တစ်ချက်ကြည့်ပြီး ထွက်ခွာသွားလေသည်။

ဒီသတင်းက အရေးကြီးသည်။ ဒုတိယမြို့တော်ဝန်ထံ အမြန်ဆုံး သတင်းပို့ပြီး အာရုံစိုက်မှု ရယူရမည်။

ထိုအချိန်တွင် ယဲ့ဖုန်း နောက်ထပ် ကောင်းသောအရာတစ်ခုကို တွေ့ရှိလိုက်၏။

ကျင့်ကြံသူများက မြူခိုးဂိုဏ်းကို အသိအမှတ်ပြုလာကြသဖြင့်၊ ဂိုဏ်းဂုဏ်သတင်း တန်ဖိုးသည် (၅၀) အထိ ရောက်ရှိသွားပြီ ဖြစ်သည်။ ဒီနှုန်းအတိုင်းဆိုရင် (၁၀၀) ပြည့်ဖို့ သိပ်မလိုတော့ပေ။

ယဲ့ဖုန်းက ကျားယွိလန်ကို ကြည့်ပြီး ပြောလိုက်၏။

"ဒီနေ့ကစပြီး... မင်းက ငါတို့ မြူခိုးဂိုဏ်းရဲ့ သတ္တမမြောက် တပည့် ဖြစ်သွားပြီ"

"ဟုတ်ကဲ့ပါ ဂိုဏ်းချုပ်" ကျားယွိလန် ခေါင်းညိတ်လိုက်၏။

"သခင်မလေး... သခင်မလေးက မြူခိုးဂိုဏ်း ဝင်သွားပြီဆိုတော့... ကျွန်မတို့က ဘယ်လို လုပ်ရမလဲဟင်" ကျားယွိလန် နောက်မှ အစေခံမလေးနှစ်ယောက်က စိုးရိမ်တကြီး မေးလိုက်ကြ၏။

သခင်မလေးကို ကောင်းကောင်း မစောင့်ရှောက်ဘူးဆိုပြီး သခင်ကြီး သိသွားလျှင်၊ အိမ်ပြန်ရောက်တာနှင့် ခြေထောက် ရိုက်ချိုးခံရမှာ သေချာသည်။

ယဲ့ဖုန်း မျက်လုံးများ အရောင်တောက်သွားပြီး ချက်ချင်း ဝင်ပြောလိုက်၏။

"သူတို့မှာလည်း ကျင့်ကြံခြင်းအဆင့် ရှိနေတာပဲ... မြူခိုးဂိုဏ်းရဲ့ စာရင်းသွင်းတပည့်အဖြစ် လက်ခံလိုက်ရင် မကောင်းဘူးလား”

သူ ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်ရာ အစေခံမလေးနှစ်ယောက်စလုံး ချီစုစည်းခြင်း (၂) ဆင့်မြောက်သို့ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။

စာရင်းသွင်းတပည့်အဖြစ် လက်ခံ၍ ကောင်းကောင်း ရသည်။

"ဂိုဏ်းချုပ်ကို ကျေးဇူးမတင်ကြဘူးလား"

ကျားယွိလန်က အသာအယာ ဆူပူလိုက်၏။

ထိုအခါမှ အစေခံမလေး နှစ်ယောက် ဒူးထောက်ကာ ဂါရဝပြုကြပြီး၊ မိမိတို့၏ အကြောင်းအရာများကို ပြောပြကြ၏။

ယဲ့ဖုန်းသည် မှတ်တမ်းစာအုပ်ထဲတွင် အလျင်အမြန် ရေးမှတ်လိုက်၏။ မျက်နှာတွင် ပီတိများ ဖြာဝေနေသည်။

"တီတီ.. စာရင်းသွင်းတပည့် 'ရှဟဲ' ကို လက်ခံရရှိပါပြီ... အဆင့်နိမ့် ပါရမီ၊ ချီစုစည်းခြင်း (၂) ဆင့်မြောက်၊ ပထမအဆင့် သိုင်းပညာ 'ဝိညာဉ်ချုပ် ကြိုး' ကို အစပျိုးအဆင့် ရောက်လုနီးပါး တတ်မြောက်ထားသူ ဖြစ်ပါသည်"

"တီတီ.. စာရင်းသွင်းတပည့် 'ချိုကျူ' ကို လက်ခံရရှိပါပြီ... အဆင့်နိမ့် ပါရမီ၊ ချီစုစည်းခြင်း (၂) ဆင့်မြောက်၊ ပထမအဆင့် သိုင်းပညာ 'ဝိညာဉ်ချုပ် ကြိုး' ကို အစပျိုးအဆင့် ရောက်လုနီးပါး တတ်မြောက်ထားသူ ဖြစ်ပါသည်"

စနစ်၏ အသိပေးချက်ကို ရရှိပြီးနောက် ယဲ့ဖုန်း အံ့သြသွားရသည်။ ရှဟဲနှင့် ချိုကျူတို့၏ ကျင့်ကြံခြင်း အဆင့်နှင့် ပါရမီမှာ မဆိုးလှကြောင်း တွေ့ရှိလိုက်ရသည်။

"အထက်တန်းစား မိသားစုက အခိုင်းအစေတွေဆိုတော့... သေချာ ရွေးချယ်ထားကြတာကိုး... သာမန် ဂိုဏ်းသားတွေထက်တောင် မညံ့ဘူးပဲ"

ယဲ့ဖုန်း တွေးလိုက်မိ၏။

ထိုအချိန်တွင် အကဲဖြတ်ကာလ တာဝန်ပြီးစီးမှုနှုန်းသည် "၈၅%" သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ နောက်ထပ် စာရင်းသွင်းတပည့် (၂) ယောက်သာ လိုတော့၏။

"ဖြောင်း... ဖြောင်း... ဖြောင်း"

အဝေးမှ လက်ခုပ်တီးသံများ ထွက်ပေါ်လာသည်။

"နောက်ထပ် ဧည့်သည်လား"

လူအုပ်ကြီး လှည့်ကြည့်လိုက်ကြ၏။

ခန့်ညားထည်ဝါသော လူလတ်ပိုင်း အမျိုးသားကြီးတစ်ဦးနှင့် အနည်းငယ် နွမ်းနယ်နေသော်လည်း လှပနေဆဲ အမျိုးသမီး တစ်ဦးတို့သည် နောက်လိုက် ကျင့်ကြံသူ တစ်ဒါဇင်ခန့်ကို ဦးဆောင်လျက် ခိုင်မာသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာကြ၏။

"ကျွန်တော့် ဦးလေးနဲ့ အမေပဲ"

လုံထျန်းရှင်းသည် လာရောက်သူများကို လက်ညှိုးထိုးပြလိုက်ပြီး၊ ဦးလေးဖြစ်သူက ပြန်ခေါ်သွားမည်ကို စိုးရိမ်သဖြင့် မျက်နှာပျက်ယွင်းနေရှာသည်။

"ကျွန်တော့် တူလေးက ခြံစည်းရိုးကျော်ပြီး မြူခိုးဂိုဏ်းကို ဝင်ချင်ရလောက်အောင် ဖြစ်နေတာ... ပဉ္စလက်ဆရာကြီး ဂိုဏ်းချုပ်ယဲ့ ကြောင့်ကိုး... ကျွန်တော် မျက်စိမှုန်သွားမိပါတယ်ဗျာ... ခွင့်လွှတ်ပါ"

လုံကျန်းချွမ်းသည် နဂါးတစ်ကောင်လို ၊ ကျားတစ်ကောင်လို ဟန်ပန်ဖြင့် လျှောက်လှမ်းလာသည်။

ခေါင်းဆောင်တစ်ယောက်၏ အရှိန်အဝါများ ပြည့်ဝနေသဖြင့် လုံထျန်းရှင်းခမျာ အနည်းငယ် ကြောက်လန့်သွားရသည်။

"မိန်းကလေးကျား... မင်းလည်း ဒီမှာ ရှိနေတာပဲ... မင်းအဖေကြီး နေကောင်းရဲ့လား" လုံကျန်းချွမ်းက ကျားယွိလန်ကို ကြည့်ကာ နှုတ်ဆက်လိုက်၏။ သူ့ဆက်ဆံရေးက ပြေပြစ်ပြီး လူမှုရေး နားလည်လှသည်။

"ဖေဖေ နေကောင်းပါတယ်... ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးလုံ" ကျားယွိလန် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

သူမ၏ ဖခင်သည် ချီစုစည်းခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိနေသူဖြစ်ပြီး နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်ရာ၊ သမီးဖြစ်သူ သူမကိုလည်း လူသိများကြ၏။

"ရှင်းအာ... အမေ့ဆီ ပြန်လာခဲ့"

လုံထျန်းရှင်း၏ မိခင် လုံယွီရှင်း က လှမ်းခေါ်လိုက်၏။

"ကျွန်တော် မြူခိုးဂိုဏ်းကို ဝင်ပြီးပြီ... ဂိုဏ်းချုပ်နောက်လိုက်ပြီး ကျင့်ကြံတော့မယ်" လုံထျန်းရှင်း သွားကို တင်းတင်းစည်းကာ ပြန်ပြောလိုက်၏။

"သွားပါစေကွာ... တကယ်တော့ မြူခိုးဂိုဏ်းဝင်တာ ကောင်းပါတယ်... ဂိုဏ်းချုပ်ယဲ့ရဲ့ လမ်းညွှန်မှုကို ရမှာပဲလေ"

မထင်မှတ်ဘဲ လုံကျန်းချွမ်းက ဝင်ပြောလိုက်ရာ အားလုံး အံ့သြသွားကြ၏။ သဘောတူလိုက်သည် ဟုတ်လား။

ယဲ့ဖုန်းပင်လျှင် အံ့သြသွား၏။

သူက လုံချီထျန်းကို ခုနလေးတင် ရိုက်လိုက်တာလေ။ အခု လက်စားမချေတဲ့အပြင် လုံထျန်းရှင်းကို မြူခိုးဂိုဏ်းဝင်ဖို့ သဘောတူပေးလိုက်တာက... တစ်ခုခုတော့ ထူးဆန်းနေပြီ။

ဦးလေးဖြစ်သူ သဘောတူလိုက်သည်ကို ကြားလိုက်ရသောအခါ လုံထျန်းရှင်း ဝမ်းသာသွားပြီး "ကျေးဇူးတင်ပါတယ် ဦးလေး" ဟု အော်ဟစ်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော့်သားက ခင်ဗျားကို စော်ကားမိခဲ့တယ်... စိတ်ထဲ မထားပါနဲ့ဗျာ" လုံကျန်းချွမ်းက လူတိုင်းကို အံ့သြသွားစေမည့် စကားတစ်ခွန်း ထပ်ပြောလိုက်ပြန်သည်။

"ပြီးခဲ့တာတွေ ပြီးပါစေတော့"

ယဲ့ဖုန်းက မျက်နှာပြောင်တိုက်ပြီး ပြန်ပြောလိုက်၏။

တကယ်တမ်း လုံချီထျန်ကို ရိုက်လိုက်တာက သူလေ။ အခု လုံကျန်းချွမ်းက ဦးအောင် တောင်းပန်လိုက်တော့ သူလည်း ငြင်းစရာ မရှိတော့ပေ။

"ဒါနဲ့... ကျွန်တော့်ရဲ့ သုံးစားမရတဲ့ သားလေးကိုရော... ဂိုဏ်းချုပ်ရဲ့ ဂိုဏ်းကို ဝင်ခွင့်ပြုနိုင်မလားဗျာ" လုံကျန်းချွမ်းက ရဲရဲတင်းတင်း မေးလိုက်ရာ ပွဲဆူသွား၏။

ယဲ့ဖုန်း နားထောင်ရင်း အကြောင်းရင်းကို မှန်းဆမိလိုက်၏။

'ကြည့်ရတာ... လုံကျန်းချွမ်းက အနီးအနားမှာ ရောက်နေပြီး ငါ ကျားယွိလန်ကို သင်ပေးနေတာကို မြင်လိုက်ပုံရတယ်... အဲ့ဒါကြောင့် သူ့သဘောထား ပြောင်းသွားတာ ဖြစ်မယ်... ဒါပေမဲ့ ငါကလည်း မူဝါဒ ရှိတဲ့လူလေ... လုံချီထျန်လို ပြဿနာကောင်ကိုတော့ လက်မခံနိုင်ပါဘူး'

အလင်းရောင်တစ်ခု လင်းလက်လာသကဲ့သို့ ယဲ့ဖုန်း သဘောပေါက်သွား၏။

ရှီလေ့၊ လီကျောက်ကျောက် နှင့် မိုယင် တို့အားလုံး ယဲ့ဖုန်းကို ကြည့်နေကြ၏။ သူ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။

သူတို့သည် လုံချီထျန်ကို မြင်ဖူးပြီး ဖြစ်ရာ၊ ချက်ချင်းပင် မုန်းတီးသွားကြပြီး ယဲ့ဖုန်း ငြင်းပယ်ပါစေဟု ဆုတောင်းနေမိကြ၏။

ယဲ့ဖုန်း လက်ကာပြလိုက်ပြီး ပြောလိုက်၏။

"ခင်ဗျားရဲ့ သားက... ကျွန်တော်တို့ မြူခိုးဂိုဏ်းနဲ့ ရေစက်မပါပါဘူး... လက်မခံနိုင်ပါဘူး"

သူ့စကားဆုံးသည်နှင့် တစ်ကွင်းလုံး တိတ်ဆိတ်သွား၏။

"ဂိုဏ်းချုပ်ယဲ့က လုံကျန်းချွမ်းကို ငြင်းလိုက်တာလားဟ"

ပွဲကြည့်ပရိသတ်များ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။ မမျှော်လင့်ထားသော အလှည့်အပြောင်းကို မြင်လိုက်ရသဖြင့် အံ့သြမှင်သက်သွားကြလေတော့၏။

အခန်း (၂၀) - ကျားမိသားစု ခေါင်းဆောင်ပိုင်းအား တုန်လှုပ်ခြောက်ခြားစေခြင်း

~"လက်မခံနိုင်ဘူး ဟုတ်လား"

လုံကျန်းချွမ်း၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပြီး၊ အသံနက်ကြီးဖြင့် မေးလိုက်ရာ ပတ်ဝန်းကျင် လေထုမှာ တင်းမာသွားပြီး ကြီးမားသော ဖိအားတစ်ခု သက်ဆင်းလာသည်။

"ဦးလေးလုံ... ဘယ်သူ့ကို လက်ခံမလဲ၊ ဘယ်သူ့ကို ငြင်းမလဲ ဆိုတာ ကျွန်မတို့ ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ခွင့် မဟုတ်ဘူးလား"

ကျားယွိလန် ရှေ့ထွက်လာပြီး၊ ချီစုစည်းခြင်း (၆) ဆင့်မြောက် အရှိန်အဝါကို ဖြည်းညှင်းစွာ ထုတ်လွှတ်လိုက်၏။

ရှီလေ့၊ မိုယင်၊ ဟိုယွင်ကျဲ၊ လီကျောက်ကျောက် နှင့် အခြားတပည့်များလည်း ရှေ့ထွက်လာကြပြီး၊ မြူခိုးဂိုဏ်း၏ တွင်းရေးကိစ္စများကို မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိကြောင်း ပြသလိုက်ကြ၏။

"ဟားဟားဟား... မိန်းကလေးကျား ပြောတာ မှန်ပါတယ်... ဂိုဏ်းချုပ်ယဲ့ရဲ့ လွတ်လပ်ခွင့်ပါ"

လုံကျန်းချွမ်း ရုတ်တရက် ရယ်မောလိုက်၏။

သူသည် စားပွဲဆီသို့ လျှောက်သွားပြီး လက်ဖဝါးအရွယ်အစားခန့်ရှိသော သစ်သားသေတ္တာလေး တစ်လုံးကို ချလိုက်ကာ ဖော်ရွေစွာ ပြောလိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ဒီ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀) က ကျွန်တော့်တူလေးအတွက် ဝင်ကြေးပါ"

ပြောပြီးသည်နှင့် လုံကျန်းချွမ်းသည် ယဲ့ဖုန်းဘက်သို့ ကိုင်းညွတ်လိုက်ပြီး တီးတိုး ပြောလိုက်၏။

"ထျန်းရှင်းရဲ့ နောက်ကြောင်းက ရိုးရှင်းတာ မဟုတ်ဘူး... သူ ချီစုစည်းခြင်း (၇) ဆင့်မြောက် မရောက်မချင်း ရေပေါ်ဖြူမြို့တော် ပတ်လည် မိုင် (၃၀၀) အကွာအဝေးကနေ အပြင်ကို ပေးမထွက်ပါနဲ့"

ပြောပြီးသည်နှင့် လုံကျန်းချွမ်းသည် ယဲ့ဖုန်း၏ ပခုံးကို ပုတ်လိုက်ပြီး၊ လုံယွီရှင်းနှင့်အတူ နောက်ပြန်မကြည့်ဘဲ ထွက်ခွာသွားလေတော့၏။

"ဒါပဲလား"

"ငါကတော့ ချကြတော့မယ်တောင် ထင်နေတာ"

"ဘယ်ချမလဲ... ဒုတိယ သခင်မလေး ကျားတောင် သူတို့ဂိုဏ်း ဝင်သွားပြီလေ... လုံကျန်းချွမ်းက ဘယ်လိုလုပ် သူတို့ကို ရန်စရဲမှာလဲ"

ပွဲကြည့်ပရိသတ်များ တီးတိုး ဆွေးနွေးနေကြ၏။

မလှမ်းမကမ်း တစ်နေရာတွင်...

အခြားဂိုဏ်းမှ တပည့်များသည် ယနေ့ဖြစ်ရပ်များကို ဂိုဏ်းသို့ သတင်းပြန်ပို့ရန် ချက်ချင်း ထွက်ခွာသွားကြ၏။

ကျားမိသားစု ဒုတိယ သခင်မလေး ကျားယွိလန် မြူခိုးဂိုဏ်းဝင်သွားခြင်းက သတင်းကြီး တစ်ခု ဖြစ်နေပြီ ဖြစ်သော်လည်း၊ လုံကျန်းချွမ်းကပါ လိုက်လျောပေးလိုက်ခြင်းက ပိုမို ကြီးမားသော သတင်းဖြစ်လာသည်။

တကယ်တော့ ဒါတွေက အဓိက အချက် မဟုတ်ပေ။

တကယ်တမ်း တုန်လှုပ်စရာ ကောင်းသည်မှာ... ယဲ့ဖုန်းသည် တစ်ချက်ကြည့်ရုံဖြင့် ကျားယွိလန်ကို လမ်းညွှန်ပေးနိုင်ခဲ့ပြီး၊ သူမ၏ 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာကို မယုံနိုင်လောက်အောင် မြင့်မားသော အဆင့်သို့ ရောက်ရှိသွားစေခဲ့ခြင်းပင်။

ဒါက ငြင်း၍ မရသော အမှန်တရားပင်။

ခဏလေးအတွင်းမှာပင် ဂိုဏ်းဂုဏ်သတင်း တန်ဖိုး (၇၀) ကျော်သွားပြီ ဖြစ်ကြောင်း ယဲ့ဖုန်း တွေ့ရှိလိုက်ရသည်။ ထို့ထက်ပို၍၊ ဆက်လက် တက်နေတုန်းပင်။

"ဂိုဏ်းချုပ်ရှင့်... ဂိုဏ်းဝင်တဲ့ကိစ္စ ဖေဖေနဲ့ တိုင်ပင်ဖို့ အိမ်ပြန်လိုက်ပါဦးမယ်... မနက်ဖြန် ဂိုဏ်းကို လာခဲ့ပါမယ်" ကျားယွိလန်က ယဲ့ဖုန်းကို ဦးညွှတ် နှုတ်ဆက်လိုက်၏။

"လမ်းသိရဲ့လား"

"သိပါတယ်... မြို့အရှေ့ဘက်က မြူခိုးတောင်ထိပ်ကို တပည့် ရောက်အောင် လာခဲ့ပါ့မယ်"

"ကောင်းပြီ... မင်းလာမယ့်အချိန်ကို စောင့်နေမယ်"

ယဲ့ဖုန်းသည် ကျားယွိလန်၊ ရှဟဲ နှင့် ချိုကျူ တို့ကို နှုတ်ဆက်ပြီးနောက်၊ စိတ်သက်သာရာ ရသွားသော မျက်နှာထားဖြင့် ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။

‘နောက်ထပ် စာရင်းသွင်းတပည့် (၂) ယောက်ပဲ လိုတော့တယ် ဒါဆိုရင် အကဲဖြတ်ကာလ တာဝန် ပြီးပြီ။ ‘

စနစ်၏ လက်ဆောင်ထုပ်ကို ယဲ့ဖုန်း မျှော်လင့်တကြီး စောင့်စားနေမိ၏။

"ဂိုဏ်းချုပ်ယဲ့... တပည့် လက်ခံသေးလားဗျ... ကျွန်တော် အိမ်သာဆေးတတ်တယ်... ရေခပ်တတ်တယ်"

"ဂိုဏ်းချုပ်ယဲ့... ကျွန်မ ထမင်းချက်တတ်တယ်"

"ကျွန်မ ရေနွေးကြမ်း ငှဲ့ပေးတတ်တယ်"

"ကျွန်တော်က အတွင်းခံတွေ လျှော်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်"

ထိုအချိန်တွင် ကွင်းပြင်ရှိ လူအုပ်ကြီးထဲမှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီး၊ စားပွဲရှေ့တွင် တန်းရှည်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်လာသည်။

ယဲ့ဖုန်း မျက်လုံးများ အရောင်တောက်သွား၏။

‘အိပ်ချင်နေသူကို ခေါင်းအုံးလာပေးသလိုပါပဲလား။

ဒီလောက် လူအများကြီးထဲက ကြည့်ပျော်ရှုပျော်ရှိမယ့် စာရင်းသွင်းတပည့် (၂) ယောက်လောက် ရွေးရတာ မခဲယဉ်းလောက်ပါဘူး။’

ထို့ကြောင့် ယဲ့ဖုန်းသည် မှတ်တမ်းစာအုပ်ကို ဖွင့်လိုက်ပြီး တန်းရှေ့ဆုံးမှ လူငယ်ကို မျှော်လင့်တကြီး ကြည့်လိုက်၏။

သို့သော် သူ စကားမပြောနိုင်ခင်မှာပင်... "ဝင်ရောက်လိုသော ရည်ရွယ်ချက် မသန့်ရှင်းပါ၊ သတ်မှတ်ချက်နှင့် မကိုက်ညီပါ" ဟူသော စနစ်၏ အသိပေးသံကို ကြားလိုက်ရသဖြင့် လျှာကိုပင် ကိုက်မိမတတ် ဖြစ်သွားရသည်။

စနစ်က အသိအမှတ်မပြုလျှင် လူ (၁၀၀) လက်ခံထားလည်း အလကားပင်။ တာဝန်ပြီးမြောက်မည် မဟုတ်ပေ။

စနစ်၏ သတိပေးချက်ကို ကြားပြီးနောက် ယဲ့ဖုန်း သဘောပေါက်သွား၏။

"ဒီလူတွေက အစတုန်းက မဝင်ကြဘဲ... လုံကျန်းချွမ်းရဲ့ တုံ့ပြန်မှုနဲ့ ကျားယွိလန် ဝင်သွားတာကို မြင်မှ သဘောထား ပြောင်းသွားကြတာ... သူတို့က ခြံစည်းရိုးခွထိုင်ပြီး အခြေအနေ ကြည့်နေတဲ့ ကောင်တွေပဲ"

"ဗြောင်ပြောရရင်... နောင်တစ်ချိန်ကျရင် ရှောင်ဖန်ကူ လိုမျိုး သစ္စာဖောက်သွားနိုင်တဲ့ အလားအလာ ရှိတယ်... လက်ခံလိုက်ရင် အန္တရာယ် ရှိနိုင်တယ်"

စနစ်ကလည်း ဂိုဏ်း၏ အခြေခံအုတ်မြစ် ခိုင်မာရေးကို ထည့်သွင်းစဉ်းစားပေးနေကြောင်း ယဲ့ဖုန်း နားလည်လိုက်၏။

ထို့ကြောင့် သူသည် ပထမဆုံး လူငယ်ကို ကြည့်ပြီး ပြောလိုက်၏။

"စိတ်မကောင်းပါဘူး... မင်းက မြူခိုးဂိုဏ်းရဲ့ ဝင်ခွင့်သတ်မှတ်ချက်နဲ့ မကိုက်ညီပါဘူး"

"ဘာလို့လဲဗျ"

လူငယ်၏ မျက်နှာမှာ မသာအိမ်ရောက်နေသကဲ့သို့ ပျက်ယွင်းသွား၏။

သူ့ရည်ရွယ်ချက်က မြူခိုးဂိုဏ်း ဝင်ပြီး ကျားယွိလန်ကို နေ့တိုင်းတွေ့ကာ ဖားယားပြီး၊ တစ်နေ့ ကျားမိသားစု၏ သမက် ဖြစ်လာဖို့ ကြံစည်ထားသည်လေ။

အခု ယဲ့ဖုန်းက သူ့ရဲ့ 'ဖားမယ့် အစီအစဉ်' ကို ဖျက်ဆီးလိုက်တော့ မမျှော်လင့်ဘဲ ဖြစ်သွားရသည်။

"အကြောင်းပြချက် မရှိဘူး... နောက်တစ်ယောက်" ယဲ့ဖုန်း လက်ဝှေ့ယမ်းလိုက်၏။

"ဟဲဟဲ... ဖယ်စမ်းပါ"

ဒုတိယလူက ရှေ့လူကို တွန်းထုတ်လိုက်ပြီး၊ ယဲ့ဖုန်းကို မျှော်လင့်တကြီး ကြည့်ကာ စကားပြောရန် ပြင်လိုက်၏။

"မင်းလည်း မကိုက်ညီဘူး... နောက်တစ်ယောက်"

"ဗျာ"

လက်ဖက်ရည်တစ်ခွက် သောက်ချိန်၏ တစ်ဝက်လောက် အတွင်းမှာပင် ယဲ့ဖုန်းသည် လူ (၁၀၀) ကျော်၏ လျှောက်ထားမှုကို ပယ်ချလိုက်၏။

အများစုမှာ "ရည်ရွယ်ချက် မသန့်ရှင်းခြင်း" ကြောင့် ပယ်ချခံရပြီး၊ အခြားသူများမှာမူ အကြောင်းပြချက် အမျိုးမျိုးကြောင့် ငြင်းပယ်ခံလိုက်ရသည်။

နောက်ဆုံးတွင် လူရှင်းသွားသော ကွင်းပြင်ကြီးကို ကြည့်ရင်း ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွား၏။ 'ဒီလူတွေထဲမှာ တစ်ယောက်မှ မမီဘူးလားကွ... တပည့်ရှာရတာ ခက်လိုက်တာ'

"ဂိုဏ်းချုပ်ဦးလေး... ဘာလို့ သူတို့ကို လက်မခံတာလဲဟင်"

ထိုအချိန်တွင် လီကျောက်ကျောက် မေးလိုက်၏။

ယဲ့ဖုန်း ချောင်းတစ်ချက် ဟန့်လိုက်၏။

"စနစ်က ပယ်ချလိုက်လို့" လို့ ပြောလို့မှ မရတာ။

ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း လေးလေးနက်နက် ရှင်းပြလိုက်၏။

"ဒီလူတွေက ဂိုဏ်းဝင်ချင်တဲ့ ရည်ရွယ်ချက် မမှန်ကန်ဘူး... လက်ခံလိုက်ရင် ငါတို့ မြူခိုးဂိုဏ်းကို ဒုက္ခပေးလာလိမ့်မယ်"

"ဪ"

လီကျောက်ကျောက် သဘောပေါက်သွား၏။

မိုယင်က ယဲ့ဖုန်းကို ကြည့်ပြီး တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။

'ဂိုဏ်းချုပ်က လူကဲခတ်... တော်တော် တော်တာပဲ... ရည်ရွယ်ချက် မကောင်းတဲ့သူတွေကို တစ်ချက်ကြည့်ရုံနဲ့ သိတယ်... ကြည့်ရတာ သူက ထူးခြားပြီး သံမဏိလို ခိုင်မာတဲ့ ဂိုဏ်းတစ်ခု တည်ဆောက်ချင်ပုံ ရတယ်'

သူတို့အဖွဲ့ ကွင်းပြင်တွင် နေ့ဝက်လောက် စောင့်ဆိုင်းခဲ့ကြ၏။

နောက်ဆုံးတွင် မြင်းတစ်ကောင်လုံး ကုန်အောင် စားနိုင်လောက်သည့်အထိ ဗိုက်ဆာလာကြသော်လည်း၊ နောက်ဆုံး လိုအပ်နေသော စာရင်းသွင်းတပည့် (၂) ယောက်ကို မရရှိခဲ့ကြပေ။

...

ကျားမိသားစု အိမ်တော်၊ အစည်းအဝေး ခန်းမဆောင်...

မုတ်ဆိတ်မွေးအရှည်ကြီးနှင့် ခန္ဓာကိုယ် ဝဖြိုးသော လူလတ်ပိုင်း အမျိုးသားကြီးတစ်ဦးသည် ပင်မထိုင်ခုံတွင် ထိုင်လျက် အကြီးအကဲအချို့နှင့် ဆွေးနွေးနေသည်။

ထိုသူမှာ ကျားယွိလန်၏ ဖခင်၊ ကျားလီအန်း ဖြစ်သည်။

"ဖေဖေ... သမီး ပြန်ရောက်ပြီ"

ကျားယွိလန်၏ အသံ ထွက်ပေါ်လာသည်။

"အေး... ငါ့သမီးလေး ပြန်လာပြီလား"

ကျားလီအန်းသည် လက်ဖက်ရည်ခွက်ကို မယူပြီး တစ်ငုံ သောက်လိုက်၏။

သို့သော် နောက်တစ်ခဏတွင်... သူနှင့် အကြီးအကဲများ၏ ရှေ့မှောက်၌ အံ့သြဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ကျားယွိလန်သည် (၂) မီတာခန့် ကျယ်ဝန်းသော ပန်းရောင်ငှက်ကြီး တစ်ကောင်ကို စီးနင်းလျက် ခန်းမဆောင် အဝင်ဝမှတစ်ဆင့် ကျော့ရှင်းစွာ ဝင်ရောက်လာသည်ကို တွေ့လိုက်ရသည်။

သေချာ ကြည့်လိုက်သောအခါ ထိုငှက်ကြီးသည် မရေမတွက်နိုင်သော ပန်းရောင် ပန်းပွင့်များဖြင့် ဖွဲ့စည်းထားကြောင်း၊ ထိုပန်းပွင့်များသည် သူ ရင်းနှီးနေသော အရာများ ဖြစ်ကြောင်း ကျားလီအန်း သတိပြုမိလိုက်၏။

"ဖူး"

ကျားလီအန်း အံ့သြလွန်းသဖြင့် လက်ဖက်ရည်များ မှုတ်ထုတ်လိုက်မိပြီး အထစ်ထစ်အငေါ့ငေါ့ မေးလိုက်၏။

"သ...သမီးရဲ့ 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာက အဆင့်ကြီးအောင်မြင်မှု ရောက်သွားပြီလား"

"အဆင့်ကြီးအောင်မြင်မှု ရောက်ဖို့ နည်းနည်းပဲ လိုတော့တယ်... မကြာခင် ရောက်တော့မှာပါ" ကျားယွိလန်က ဂုဏ်ယူဝင့်ကြွားသော အပြုံးဖြင့် ပြောလိုက်၏။ သူမ၏ စိတ်ဆန္ဒအတိုင်း ခြေထောက်အောက်မှ ငှက်ကြီးသည် ပန်းပွင့်များအဖြစ် ပြန့်ကျဲသွားပြီး ပျောက်ကွယ်သွားကာ၊ သူမသည် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ဆင်းသက်လိုက်၏။

"ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်လာတာလဲ"

ကျားလီအန်း လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး စိတ်လှုပ်ရှားစွာ မေးလိုက်၏။ အကြီးအကဲများလည်း လက်သီးဆုပ် ဝင်လောက်အောင် ပါးစပ်အဟောင်းသား ဖြစ်နေကြလေသည်။

သူတို့အားလုံးသည် ကျားမိသားစု၏ ထိပ်တန်း အကြီးအကဲများ ဖြစ်ကြပြီး၊ မိသားစုပိုင် ဒုတိယအဆင့် သိုင်းပညာ 'ပန်းပွင့်ကြွေ မိုးစက်များ' အကြောင်းကို ကောင်းကောင်း သိကြ၏။

ဝမ်းနည်းစရာ ကောင်းသည်မှာ သိုင်းကျမ်း မပြည့်စုံခြင်းပင်။

သူတို့ကိုယ်တိုင်ပင် အခြေခံအဆင့်လောက်သာ တတ်မြောက်ထားကြသည်။

ယခု အသက် (၁၇) နှစ်အရွယ် ကောင်မလေး တစ်ယောက်က အဆင့်ကြီး အောင်မြင်မှု ရောက်လုနီးပါး ဖြစ်နေပြီ ဆိုတော့... ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေနိုင်ပါ့မလဲ။

"မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ သင်ပေးလိုက်တာပါ... သူက သမီး သိုင်းကွက် ထုတ်ပြတာကို တစ်ခေါက်ပဲ ကြည့်ပြီး သင်ပေးလိုက်တာ" ကျားယွိလန်က အကြောင်းရင်းကို ဖွင့်ဟလိုက်၏။

"တစ်ခေါက်ကြည့်ရုံနဲ့ ဒီလောက်ထိ ရောက်အောင် သင်ပေးနိုင်တယ် ဆိုတော့... ဒီ ဂိုဏ်းချုပ်ယဲ့ ဆိုတဲ့လူက နတ်ဘုရားများ ဖြစ်နေမလား"

ကျားလီအန်းနှင့် အကြီးအကဲများ သိသိသာသာ တုန်လှုပ်ခြောက်ခြားသွားကြလေတော့၏။

အခန်း (၂၁) - ကောင်းကင်၊ မြေကြီး၊ လေထု မကျန် စိန်ခေါ်ရဲသော အစ်ကိုကြီး ခေါင်းပြား

~"ဂိုဏ်းချုပ်ယဲ့က နတ်ဘုရား ဟုတ် မဟုတ် ကျွန်မ မသိပေမဲ့... သိုင်းပညာသင်ကြားပေးတဲ့ နေရာမှာတော့ ထိပ်တန်းအဆင့် ဆိုတာ သေချာပါတယ်"

ကျားယွိလန်သည် လက်ဟန်များ ဖော်လိုက်ရာ မရေမတွက်နိုင်သော ပန်းရောင် ပန်းပွင့်များ ဘေးပတ်လည်တွင် ပေါ်ထွက်လာပြီး၊ သူမ၏ စိတ်ဆန္ဒအတိုင်း ပုံသဏ္ဍာန် အမျိုးမျိုးသို့ လျင်မြန်စွာ ပြောင်းလဲသွား၏။

"တကယ်ကြီး အဆင့်ကြီးအောင်မြင်မှု ရောက်လုနီးပါး ဖြစ်နေပြီပဲ"

ကျားလီအန်း အံ့သြမှင်သက်သွားပြန်သည်။

"နေပါဦး... မြူခိုးဂိုဏ်း ဆိုတာ... မြို့အရှေ့ဘက် (၁၀) မိုင်ကျော်လောက်မှာ ရှိတဲ့ မြူခိုးတောင်ထိပ်က အဆင့်နိမ့်ဂိုဏ်းလေး မဟုတ်လား"

"ဟုတ်ပါတယ်" ကျားယွိလန် ခေါင်းညိတ်လိုက်၏။

ကျားလီအန်းနှင့် အကြီးအကဲများ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ မယုံနိုင်စရာပင်။

"ဂိုဏ်းချုပ်ယဲ့ ဆိုတာ လွန်ခဲ့တဲ့ နှစ်အတော်ကြာက ပျောက်ဆုံးသွားတဲ့ ဂိုဏ်းချုပ်ဟောင်းကြီးရဲ့ ဂျူနီယာညီငယ်လေး လို့ ကြားဖူးတယ်... အပြင်လောက ကောလာဟလတွေအရတော့ သူ့မှာ ကျင့်ကြံခြင်းအဆင့် မရှိဘူးတဲ့... မထင်မှတ်ဘဲ သူက သိုင်းပညာ သင်ကြားတဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်နေတာကိုး... သမီး... ရှေ့က လမ်းပြစမ်း... အဖေ ကိုယ်တိုင် သွားတွေ့မယ်"

ပြောပြီးသည်နှင့် ကျားလီအန်း ထွက်ခွာရန် ပြင်လိုက်၏။

"အဖေ... ဒီနေ့တော့ မလိုလောက်သေးပါဘူး... မနက်ဖြန် သမီး ဂိုဏ်းကို သတင်းပို့ရမှာ... အဲ့ဒီကျမှ အဖေ အားရင် လိုက်ခဲ့ပေါ့" ကျားယွိလန် အကြံပြုလိုက်၏။

"သတင်းပို့ရမယ်... ဘာသတင်းပို့ရမှာလဲ"

ကျားလီအန်း ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွား၏။ သူ့ခြံထဲက ဂေါ်ဖီထုပ်လေးကို ဝက်တစ်ကောင်က လာတူးသွားသလိုမျိုး မကောင်းသော ခံစားချက်ကြီး ဝင်ရောက်လာသည်။

"သမီးက မြူခိုးဂိုဏ်းကို ဝင်လိုက်ပြီလေ... မနက်ဖြန်ကစပြီး မြူခိုးတောင်ထိပ်မှာပဲ သွားပြီး ကျင့်ကြံရတော့မှာပေါ့" ကျားယွိလန် ဖွင့်ပြောလိုက်၏။

လျှို့ဝှက်ထားလို့ မရနိုင်မှန်း သိသည့်အပြင်၊ ဒီသတင်းကို လာပြောပြခြင်း ဖြစ်သောကြောင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်ခြင်း ဖြစ်သည်။

"ဘယ်လို... ဘယ်လိုလုပ်ပြီး အဲ့ဒီလို အဆင့်နိမ့်ဂိုဏ်းလေးကို ဝင်ရတာလဲ သမီးရယ်" ကျားလီအန်း ညည်းတွားလိုက်ပြီး ပါးစပ်များပင် လှုပ်ရွသွား၏။

ကျားမိသားစု ခေါင်းဆောင်၊ ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူကြီး တစ်ဦးအနေဖြင့် ရေပေါ်ဖြူမြို့တော် တစ်ဝိုက်ရှိ အင်အားစု အခြေအနေများကို ကောင်းကောင်း သိသည်။ မြူခိုးဂိုဏ်း အခြေအနေကိုလည်း သိနေသည်။

သူသိထားသလောက်ဆိုလျှင် မြူခိုးဂိုဏ်းက ပျက်စီးလုနီးပါး ဖြစ်နေပြီပင်။

နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သော်လည်း ဂိုဏ်းတံခါးကိုတောင် မပြင်နိုင်လောက်အောင် ဆင်းရဲမွဲတေနေပြီး၊ တပည့်များလည်း ငတ်လွန်းလို့ ထွက်ပြေးကုန်ကြသည် ဆိုပါလား။

သူ့အသည်းကျော်သမီးလေးက အဲ့ဒီလိုဂိုဏ်းမျိုးမှာ သွားပြီး ကျင့်ကြံရမယ် ဆိုတော့... ဒုက္ခခံခိုင်းလိုက်သလို ဖြစ်မနေဘူးလား။

"ဂိုဏ်းချုပ် ယဲ့ဖုန်းက သာမန်လူ မဟုတ်ပါဘူး အဖေရဲ့... သိုင်းပညာရှင် တစ်ယောက်အနေနဲ့ သမီးက ဘာလို့ မြူခိုးဂိုဏ်းကို မဝင်ရမှာလဲ" ကျားယွိလန် ချော့မော့ ပြောဆိုလိုက်၏။

"ငါ့ကို သက်သက်မဲ့ ရင်ကွဲအောင် လုပ်နေတာပဲ"

ကျားလီအန်း စိတ်ပျက်လက်ပျက် ဖြစ်သွား၏။

သို့သော် ပြန်စဉ်းစားကြည့်လိုက်တော့... ယဲ့ဖုန်းက 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာကို ဒီလောက်အဆင့်ထိ ရောက်အောင် သင်ပေးနိုင်သည် ဆိုတော့... သူက လူလိမ်တော့ မဖြစ်နိုင်။

ထို့ကြောင့် သူ စိတ်ပြောင်းလိုက်၏။

"ထားလိုက်တော့... မနက်ဖြန်ကျရင် ငါ ကိုယ်တိုင် လိုက်ခဲ့မယ်... တကယ်လို့ မြူခိုးဂိုဏ်း အခြေအနေက ငါ့စိတ်တိုင်းမကျဘူး ဆိုရင်... မင်း ချက်ချင်း ပြန်ထွက်ရမယ်"

"မထွက်နိုင်ပါဘူး"

ကျားယွိလန် နှုတ်ခမ်းစူလိုက်ပြီး၊ ပန်းပွင့်များဖြင့် ဖွဲ့စည်းထားသော ငှက်ကြီးပေါ် တက်ကာ ခန်းမဆောင်ထဲမှ ပျံသန်း ထွက်ခွာသွားလေတော့၏။

"သမီး... ပြန်လာခဲ့စမ်း"

ကျားလီအန်း အနောက်မှ ကပျာကယာ လိုက်သွားရာ၊ အကြီးအကဲများမှာ ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ကြရှာသည်။

...

ဂိုဏ်းတစ်ရာ ကွင်းပြင်...

ဂိုဏ်းချုပ်ယဲ့နှင့် သူ့အဖွဲ့သားများသည် ဗိုက်ဆာလာကြပြီ ဖြစ်သည်။ နေမင်းကြီးကလည်း ခေါင်းပေါ်တည့်တည့် ရောက်နေပြီ ဖြစ်သဖြင့် အိမ်ပြန်ရန် ပြင်ဆင်လိုက်ကြ၏။

"ပြန်ကြစို့... သိမ်းကြ... သိမ်းကြ"

ယဲ့ဖုန်း သည်းမခံနိုင်တော့ဘဲ ရှီလေ့နှင့် အဖွဲ့ကို ခေါ်ကာ စားသောက်ဆိုင် တစ်ဆိုင်တွင် ဝင်ရောက် ဗိုက်ဖြည့်လိုက်ကြ၏။ ထို့နောက် မြို့ပြင်ထွက်ပြီး ဓားပျံစီးကာ မြူခိုးတောင်ထိပ်သို့ ပြန်လာကြ၏။

အရှေ့ဘက် မြို့တံခါးမှ မြူခိုးတောင်ထိပ်အထိ (၁၀) မိုင်ကျော် ကွာဝေးပြီး၊ ကြားထဲတွင် ရွံ့နွံတောကြီး တစ်ခု ရှိသည်။

နေမင်းကြီး တောက်ပစွာ သာနေချိန်...၊

လူ (၆) ယောက်နှင့် မြေခွေးဖြူလေး တစ်ကောင်ကို တင်ဆောင်ထားရသော လေညှင်းစီး ဓားပျံခမျာ ဝန်ပိနေရှာပြီး၊ ဖြည်းညှင်းစွာသာ ပျံသန်းနိုင်တော့၏။ မြေပြင်ပေါ်တွင် အရိပ်မည်းကြီး တစ်ခု ဖြည်းဖြည်းချင်း ရွေ့လျားသွား၏။

ရွံ့နွံတော အတွင်းရှိ ကျောက်တုံးကွက်လပ် တစ်ခုပေါ်တွင်...

နေပူစာလှုံနေသော "အစ်ကိုကြီး ခေါင်းပြား" သည် တစ်စုံတစ်ခုက နေရောင်ကို ခေတ္တမျှ ကွယ်လိုက်သည်ကို ခံစားလိုက်ရသည်။ ခဏလေး ဖြစ်သော်လည်း၊ သူ အာရုံခံမိလိုက်ပြီး ဒေါသတကြီး မျက်လုံးဖွင့်ကြည့်လိုက်၏။

မော့ကြည့်လိုက်ရာ သူ့ခေါင်းပေါ်မှ ဖြတ်ပျံသွားသော ယဲ့ဖုန်းနှင့် အဖွဲ့ကို တွေ့လိုက်ရသည်။

"ဂါး"

အစ်ကိုကြီး ခေါင်းပြား ဒေါသထွက်သွားပြီး သစ်တောအုပ်ထဲမှတစ်ဆင့် အပြင်းအထန် လိုက်လံ ဖမ်းဆီးတော့၏။

ယဲ့ဖုန်းနှင့် အဖွဲ့မှာမူ အောက်တွင် ခေါင်းပြား လိုက်လာသည်ကို သတိမပြုမိဘဲ၊ အေးအေးဆေးဆေး ပျံသန်းနေကြ၏။

မကြာမီအချိန်တွင် တောင်ထိပ်သို့ ရောက်ရှိ ဆင်းသက်လိုက်ကြ၏။

"ကြည့်ကြစမ်း... ဒါ ငါတို့ မြူခိုးဂိုဏ်းရဲ့ တောင်တံခါးဝပဲ... ခန့်ညားထည်ဝါမှု မရှိဘူးလား" ယဲ့ဖုန်း ရှေ့ထွက်ရပ်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်၏။

လုံထျန်းရှင်းသည် ပြိုကျလုနီးပါး ဖြစ်နေသော တံတိုင်းများ၊ စုတ်ပြတ်သတ်နေသော ခြံဝင်းနှင့် ချုံပုတ်ထဲတွင် လဲနေသော ဂိုဏ်းတံခါးရွက်ကြီးတို့ကို ကြည့်ပြီး မျက်နှာထား ထူးဆန်းသွား၏။

"ဟုတ်... ဟုတ်ကဲ့... တော်တော် ခန့်ညားတာပဲ"

လုံထျန်းရှင်း မရိုးမသား ပြန်ဖြေလိုက်ရသည်။

"အဟမ်း... အခု ငါတို့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိနေပြီဆိုတော့... မကြာခင် ဂိုဏ်းတစ်ခုလုံးကို အကြီးစား ပြုပြင်မွမ်းမံမှုတွေ လုပ်ကြမယ်... အဲ့ဒီကျရင် လူတိုင်း ကိုယ်ပိုင် အိပ်ခန်းကောင်းကောင်း ရကြမှာပါ"

ယဲ့ဖုန်း ရင်ဘတ်ကို ပုတ်ပြီး ကတိပေးလိုက်၏။

လက်ရှိတွင် မြူခိုးဂိုဏ်း၌ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၂၀၀) ကျော် ရှိနေပြီ ဖြစ်သည်။ ဂိုဏ်းစထောင်တုန်းကထက် ပိုများနေသည်။ (၁၀) တုံးလောက်ဆိုလျှင် ရွှေ (၁၀) ကျပ်သားနှင့် ညီမျှသဖြင့် ဂိုဏ်းတစ်ခုလုံး ပြုပြင်ရန် လုံလောက်သည်။

"အာ... ဟုတ်ကဲ့ပါ"

လုံထျန်းရှင်း အထင်သေးလိုခြင်း မဟုတ်သော်လည်း၊ မြူခိုးဂိုဏ်း၏ အဝင်ဝက အနည်းငယ် စုတ်ပြတ်နေသည်ဟု ခံစားမိ၏။ သူ စိတ်ကူးထားတာနှင့် တော်တော် ကွာခြားနေသည်။

"အထဲဝင်ပြီး နေရာချကြတာပေါ့"

ယဲ့ဖုန်း အကြံပြုလိုက်၏။

သို့သော် စကားပင် မဆုံးသေး... လီကျောက်ကျောက် ရင်ခွင်ထဲမှ အိပ်ပျော်နေသော မြေခွေးဖြူလေး လန့်နိုးသွား၏။ သွားများ ဖြဲပြလိုက်ပြီး တောင်အောက်လမ်းဘက်သို့ မာန်ဖီလိုက်ကာ၊ အမွေးများ ထောင်ထလာပြီး ကြောက်မက်ဖွယ် မျက်နှာထား ဖြစ်ပေါ်လာသည်။

"နတ်ဆိုးအရှိန်အဝါ ပြင်းပြင်းထန်ထန် ရောက်လာနေတယ်"

ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော မိုယင်က ထူးခြားမှုကို ချက်ချင်း သတိပြုမိလိုက်ပြီး တောင်အောက်လမ်းကို လက်ညှိုးထိုးပြလိုက်၏။

အားလုံး လျှောက်ကြည့်လိုက်ကြ၏။

အပေါ်ပိုင်း အမွေးဖြူ၊ အောက်ပိုင်း အမွေးမည်းနှင့် တစ်မီတာကျော်ကျော်ခန့် ရှည်လျားသော သားရဲတစ်ကောင်သည် တောင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ပြေးတက်လာနေသည်ကို တွေ့လိုက်ရသည်။

"ဂါး"

အစ်ကိုကြီး ခေါင်းပြားသည် တောင်ထိပ်မှ လူများကို မော့ကြည့်ပြီး "မင်းတို့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်" ဟူသော အကြည့်မျိုးဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

"ဘုရားရေ... အစ်ကိုကြီး ခေါင်းပြား ပါလား"

ယဲ့ဖုန်း လန့်ဖျပ်သွား၏။

ဒဏ္ဍာရီတွေအရ ဒီကောင်တွေက ကောင်းကင်ကိုလည်း မကြောက်၊ မြေကြီးကိုလည်း မကြောက်တဲ့ ကောင်တွေ။ ပြီးတော့ ရန်ငြိုးကို တစ်ည မကူးစေဘူး၊ ဖြစ်တဲ့နေ့မှာပဲ အပြတ်ရှင်းတတ်တဲ့ ကောင်တွေ။

"ဒါပေမဲ့ ငါတို့ သူ့ကို ရန်မှ မစခဲ့တာ"

ယဲ့ဖုန်း ခေါင်းကုတ်လိုက်မိ၏။ နားမလည်နိုင် ဖြစ်နေသည်။

"အားလုံး သတိထားကြ... အဲ့ဒါက အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့်ရှိတဲ့ လျှို့ဝှက်ဆန်းကြယ် သားရဲတစ်ကောင်ပဲ... ချီစုစည်းခြင်း (၉) ဆင့်မြောက် ကျင့်ကြံသူနဲ့တောင် ယှဉ်တိုက်နိုင်လောက်တယ်"

မိုယင်က လက်ဟန် ထုတ်ဖော်လိုက်ပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်၏။

အကယ်၍ ချီစုစည်းခြင်း (၉) ဆင့်မြောက် လူသားကျင့်ကြံသူတစ်ဦးသာ ဖြစ်ခဲ့လျှင်၊ သူမတွင် 'လေညှင်းစီး ဓားပျံ' ရှိနေသည့်တိုင် ရင်ဆိုင်ရဲမည် မဟုတ်ပေ။

သို့သော် နတ်ဆိုးသားရဲ ဖြစ်နေသဖြင့် ယှဉ်တိုက်၍ ရနိုင်သည်။

အဆင့်နိမ့် နတ်ဆိုးသားရဲများသည် သိုင်းပညာ သိပ်မသုံးတတ်ကြဘဲ၊ ခွန်အားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုကိုသာ အားကိုးကြသဖြင့် လှုပ်ရှားမှု သိပ်မသွက်လက်ကြပေ။

"ဂိုဏ်းတံခါးဝအထိ လာတိုက်တဲ့ နတ်ဆိုးသားရဲ ဟုတ်လား"

လုံထျန်းရှင်း ဘာပြောရမှန်း မသိတော့ပေ။

ဂိုဏ်းဝင်သည့် ပထမဆုံးနေ့မှာတင် ဂိုဏ်းအန္တရာယ်နှင့် ကြုံရပြီ ဆိုတော့... ပြောစရာ စကားပင် မရှိတော့ပေ။

"ဝေါ... ဝေါ"

အစ်ကိုကြီး ခေါင်းပြားသည် ယဲ့ဖုန်းတို့ကို မုန်းတီးလွန်းသည့်အလား မရပ်မနား အော်ဟစ်နေသည်။

"ဂိုဏ်းချုပ်ဦးလေး... ဘယ်လို လုပ်ကြမလဲ"

လီကျောက်ကျောက် ကြောက်လန့်တကြား အော်လိုက်၏။

သူမ ရင်ခွင်ထဲမှ မြေခွေးဖြူလေး မလန့်သွားစေရန် အဆက်မပြတ် နှစ်သိမ့်ပေးနေရသည်။

"သားရဲက တော်တော် ကြမ်းမယ့်ပုံပဲ... အားလုံး တိုက်ဖို့ ပြင်ထားကြ" ယဲ့ဖုန်းသည် မြေကြီးပေါ်မှ ကျိုးပဲ့နေသော တံခါးချပ်တစ်ခုကို ကောက်ယူလိုက်ပြီး လက်နက်အဖြစ် အသုံးပြုရန် ပြင်ဆင်လိုက်၏။

ရှီလေ့၊ ဟိုယွင်ကျဲ၊ လီကျောက်ကျောက် နှင့် မိုယင် တို့သည် ရှေ့ဆုံးမှ တန်းစီ ရပ်လိုက်ကြပြီး၊ သိုင်းကွက်များ စတင် ထုတ်ဖော်လိုက်ကြ၏။

မကြာမီ... အစ်ကိုကြီး ခေါင်းပြား ရောက်ရှိလာသည်။

ဘာမှ မပြောဘဲ အနီးဆုံးဖြစ်သော ရှီလေ့ထံသို့ ခုန်အုပ်လိုက်၏။ "ဂျွတ်" ခနဲ အသံနှင့်အတူ ရှီလေ့၏ 'သံမဏိဒိုင်းကာ' သည် ၎င်း၏ ထက်မြက်သော လက်သည်းများအောက်တွင် စက္ကူစုတ်ကဲ့သို့ ဆုတ်ဖြဲခံလိုက်ရသည်။

ပေါက်ကွဲထွက်လာသော အရှိန်ကြောင့် ရှီလေ့ လွင့်စင်ထွက်သွားပြီး မျက်လုံးထဲတွင် ကြယ်တွေ လတွေ မြင်သွားရသည်။

"အစ်ကိုကြီး"

လီကျောက်ကျောက်နှင့် ဟိုယွင်ကျဲတို့ လန့်ဖျပ်သွားပြီး၊ 'သံမဏိဒိုင်းကာသိုင်း' ဖြင့် အလျင်အမြန် ဝင်ရောက် ကာကွယ်လိုက်ကြသော်လည်း၊ သူတို့လည်း လက်သည်းတစ်ချက် အုတ်လိုက်ရုံဖြင့် လွင့်စင်ထွက်သွားကြပြန်သည်။

"ကြမ်းလိုက်တာဟ"

ယဲ့ဖုန်း မှင်သက်သွား၏။

ဒီကောင်က တကယ်ပဲ ကောင်းကင်၊ မြေကြီး၊ လေထု မကျန် စိန်ခေါ်ရဲတဲ့ 'အစ်ကိုကြီး ခေါင်းပြား' ပီသပါပေတယ်။

All Chapters