← Chapters

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂-၂၄)

Vol. 2 Ch. 22-24

အခန်း (၂၂) - ခြေထိုးခံလိုက်သည်

~"အလင်းစီးကြောင်း ဓားသိုင်း"

အရေးကြီးသော အချိန်တွင် မိုယင် ဝင်ရောက်တိုက်ခိုက်လိုက်၏။

သူမ၏ လက်ထဲတွင် ဓားသိုင်းကွက် ဖော်လိုက်သည်နှင့် 'လေညှင်းစီး ဓားပျံ' သည် တောက်ပသော ဓားအလင်းတန်း တစ်ခုကို ဖန်တီးကာ ပိုင်းချလိုက်၏။

"ဂွမ်"

သံချင်းရိုက်သံ ထွက်ပေါ်လာပြီး မီးပွားများ လွင့်စင်ထွက်သွား၏။ အစ်ကိုကြီး ခေါင်းပြားသည် မတ်တပ်ရပ်လိုက်ပြီး ရှေ့ခြေနှစ်ဖက်ဖြင့် ဓားပျံကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ဓားပျံကို နောက်သို့ မီတာအနည်းငယ် လွင့်စင်သွားစေသော်လည်း၊ ခေါင်းပြားကတော့ လဲမကျပေ။

"မာကျောလိုက်တဲ့ လက်သည်းတွေ"

မိုယင် အံ့သြသွား၏။

နတ်ဆိုးသားရဲ၏ ခွန်အားက ကြီးမားလှပြီး၊ လက်သည်းများကလည်း ဝိညာဉ်လက်နက်ကဲ့သို့ မာကျောသဖြင့် ဖြတ်တောက်၍ မရနိုင်ပေ။

"ဂါး"

မိုယင်၏ လုပ်ရပ်ကြောင့် ဒေါသထွက်သွားသော အစ်ကိုကြီး ခေါင်းပြားသည် ဓားပျံကို လွှတ်ချလိုက်၏။ ဓားပျံနှင့် ဆက်စပ်နေသော မိုယင်သည်လည်း အရှိန်ကြောင့် မြေကြီးပေါ် လဲကျသွား၏။

တားဆီးမရနိုင်တော့သော အစ်ကိုကြီး ခေါင်းပြားသည် မတ်တပ်ရပ်နေသေးသော ယဲ့ဖုန်းနှင့် လုံထျန်းရှင်း ဆီသို့ ခုန်အုပ်လိုက်၏။

၎င်း၏ ကြမ်းကြုတ်သော အမူအရာက "မင်းတို့အကုန်လုံးကို သတ်ပစ်မယ်" ဟု ပြောနေသကဲ့သို့ပင်။

"ဂိုဏ်းချုပ်... သတိထား"

အခြားသူများ ကပျာကယာ အော်ဟစ် သတိပေးလိုက်ကြ၏။

"ဂိုဏ်းချုပ်... ပြေး... ပြေးတော့" လုံထျန်းရှင်းသည် ကြောက်လွန်းသဖြင့် တုန်ရီနေပြီး ယဲ့ဖုန်းကို ဆွဲကာ ထွက်ပြေးရန် ပြင်လိုက်၏။

"ငါ့တပည့်တွေကို ထိပါးရဲတယ်ပေါ့... ဒီသစ်သားချပ်နဲ့ တွေ့မယ်"

သူ့တပည့်များ အရိုက်ခံရပြီး လွင့်စင်သွားသည်ကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း ဒေါသထွက်လာသည်။ ထွက်မပြေးသည့်အပြင် တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

သူသည် ဟောင်းနွမ်းနေသော တံခါးချပ်ကြီးကို ကိုင်ဆောင်ထားပြီး၊ တင်းနစ်ရိုက်သကဲ့သို့ အားကုန်လွှဲရိုက်လိုက်၏။ တံခါးချပ်ကြီး ကျိုးပဲ့သွားပြီး၊ အစ်ကိုကြီး ခေါင်းပြား လည်း မီတာ (၃၀) (၄၀) ခန့် လွင့်စင်သွားကာ တောင်အောက်သို့ လိမ့်ကျသွားလေတော့၏။

"ဟာ..."

တပည့်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

"ဟေ... ငါ ဒီလောက်တောင် ကြမ်းတာလား"

ယဲ့ဖုန်းလည်း အံ့သြသွား၏။

ဒီနေ့ "လုံချီထျန်ကို ထိုးတယ်၊ လီဟန်ရှောင်ကို ရိုက်တယ်" ဆိုကတည်းက သူ့ခွန်အား ကြီးမားမှန်း သိနေသည်။

ဒါကြောင့်လည်း ယဲ့ဖုန်း ဝင်တိုက်ရဲခြင်း ဖြစ်သည်။

သို့သော် သစ်သားချပ်လေး တစ်ခုတည်းနှင့် အစ်ကိုကြီး ခေါင်းပြားကို မီတာ (၃၀) (၄၀) လောက် လွင့်သွားအောင် ရိုက်နိုင်လိမ့်မည်ဟူ၍တော့ ထင်မထားခဲ့မိပေ။ ပြိုင်ဘက် သေမသေတော့ မသိပေ။

"ဂိုဏ်းချုပ်ဦးလေး... ဘယ်... ဘယ်လိုလုပ်ပြီး ဒီလောက် သန်မာရတာလဲ"

"ဦးလေးက သာမန်လူ မဟုတ်ဘူးလား... ဘယ်လိုလုပ် အဲ့ဒီသားရဲကို ဒီလောက်ဝေးဝေး လွင့်သွားအောင် လုပ်နိုင်တာလဲ"

ရှီလေ့၊ လီကျောက်ကျောက် နှင့် ဟိုယွင်ကျဲ တို့ ဝိုင်းအုံလာကြပြီး၊ မျက်လုံးဝိုင်းကြီးများဖြင့် ယဲ့ဖုန်းကို စူးစမ်းနေကြ၏။

"အဟမ်း... ငါက နည်းနည်းလေး ပိုသန်မာရုံပါ"

ယဲ့ဖုန်း ဘယ်လို ရှင်းပြရမှန်း မသိတော့ပေ။

သူ့ကျင့်ကြံခြင်းအဆင့်က 'ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် +' ဖြစ်နေပြီ... ဒါပေမဲ့ အစွမ်းတော့ သုံးမရသေးဘူး" ဟု ပြောလိုက်လျှင်လည်း ယုံကြမှာ မဟုတ်။

‘ဖြစ်နိုင်တာက... စနစ်မှာ ချို့ယွင်းချက် တစ်ခုခု ဖြစ်ပြီးတော့ ကျင့်ကြံခြင်းအဆင့်တွေက ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုဘက်ကို ရောက်ကုန်တာများလား’

"ဂိုဏ်းချုပ်က တကယ် စွမ်းတာပဲ"

လုံထျန်းရှင်း ပြေးလာသည်။ သူ၏ လှပသော မျက်ဝန်းများထဲတွင် အားကျမှုများ ပြည့်နှက်နေသည်။

မိုယင်သည် ဓားပျံကို ပြန်သိမ်းလိုက်၏။ ဇာပုဝါအောက်ရှိ သူမ၏ မျက်နှာတွင် အံ့သြမှုများ အထင်းသား ပေါ်နေသည်။

"ဒီဂိုဏ်းချုပ်က... သူ့ခွန်အားက ပိုတောင် ကြီးနေသေးတယ်... ကြည့်ရတာ သူက သာမန်လူလို ဟန်ဆောင်နေပြီး... ငါတို့ကို ကယ်ဖို့ လိုအပ်လာမှ သူ့ရဲ့ အစွမ်းအစ အစစ်အမှန် တချို့ကို ထုတ်ပြလိုက်တာ ဖြစ်မယ်"

မိုယင် ထင်မြင်ယူဆလိုက်၏။

"အားလုံး စိတ်မပူကြနဲ့... အဲ့ဒီ နတ်ဆိုးသားရဲ ပြန်လာရင် ငါ့တာဝန်ထားလိုက်"

တပည့်များ၏ အားကိုးတကြီး ကြည့်နေမှုများအကြားတွင် ယဲ့ဖုန်း ဂုဏ်ယူမနေနိုင်ဘဲ "ခေါင်းနပန်းကြီး" သွားရသည်။

လက်ရှိတွင် သူ့ကျင့်ကြံခြင်းအဆင့်က "ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် +" ဖြစ်နေသည်။ တကယ်လို့သာ ကျင့်ကြံခြင်း အစွမ်းကို အသုံးပြုနိုင်ခဲ့လျှင် အလယ်အဆင့် ဂိုဏ်းချုပ်တွေကိုတောင် အမှုန့်ကြိတ်ပစ်နိုင်မှာ သေချာသည်။

သို့သော်၊ ယခုတော့ သူက နည်းနည်းလေး ပိုသန်မာရုံလောက်ပဲ ရှိသည်။

သိုင်းပညာတွေကတော့ ထုတ်သုံး၍ မရသေးပေ။

‘ကံကောင်းတာက... ငါ မျက်လုံးဆေးပြီး ဝိညာဉ်မျက်လုံး နိုးထလာပြီ... ဒီည 'အခြေခံ ကျင့်ကြံခြင်း သိုင်းပညာ'ကို ပြန်လေ့ကျင့်ကြည့်ရမယ်။’

ယဲ့ဖုန်း အစီအစဉ် ချလိုက်၏။

"ဝေါ"

မကြာမီမှာပင် တောင်အောက်သို့ လိမ့်ကျသွားသော အစ်ကိုကြီး ခေါင်းပြား ပြန်တက်လာသည်။ ဒေါသတကြီး အော်ဟစ်ရင်း ယဲ့ဖုန်းဆီသို့ နောက်တစ်ကြိမ် ခုန်အုပ်လိုက်ပြန်သည်။

"မသေသေးဘူးပဲ"

ယဲ့ဖုန်း လျှင်မြန်စွာ ကန်ထုတ်လိုက်၏။

"ဘုန်း"

အစ်ကိုကြီး ခေါင်းပြားသည် လာသလောက် အရှိန်နှင့် ပြန်လွင့်ထွက်သွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ (၃၀) (၄၀) ခန့် နောက်ပြန်လွင့်သွားပြီး ဘယ်နား သွားကျမှန်း မသိတော့ပေ။

"ဟာ"

လီကျောက်ကျောက် မျက်လုံးပြူးသွား၏။

"ဂိုဏ်းချုပ်ဦးလေး... အဲ့ဒီ နတ်ဆိုးသားရဲရဲ့ ခန္ဓာကိုယ်က တစ်ကိုယ်လုံး မာကျောနေတာနော်... ဦးလေး ခြေထောက် ဘာမှမဖြစ်ဘူးလား"

ယဲ့ဖုန်း သန်မာတယ် ဆိုလျှင်တောင်၊ သူက သွေးနှင့် ၊သားနှင့် တည်ဆောက်ထားသည့် လူသားလေ။

နတ်ဆိုးသားရဲရဲ့ အရေပြားက သံတွေ ကျောက်ခဲတွေလို မာကျောတာ... ကန်လိုက်ရင် ခြေထောက် ကျိုးမသွားဘူးလား။

လီကျောက်ကျောက် တစ်ယောက်တည်း မဟုတ်၊ ရှီလေ့နှင့် ဟိုယွင်ကျဲတို့လည်း စိုးရိမ်တကြီး ကြည့်နေကြ၏။

"ဟေ"

ထိုအခါမှ ယဲ့ဖုန်း သတိထားမိလိုက်၏။

သို့သော်လည်း... ခြေချောင်းလေးများကို စမ်းသပ် လှုပ်ရှားကြည့်လိုက်သည့်အခါ... နာကျင်မှု တစ်စုံတစ်ရာကိုမျှ မခံစားရသည့်အပြင်၊ ယားယံခြင်းပင် မရှိလှပေ။

ဒဏ်ရာအနာတရ ရရှိထားသည့် ပုံစံမျိုးလည်း လုံးဝ မပေါ်ပေါက်နေချေ။

"ငါ့ခန္ဓာကိုယ် ကြံ့ခိုင်မှုပါ တိုးလာတာလား" ယဲ့ဖုန်း စိတ်ထဲတွင် အံ့သြသွား၏။

ကြည့်ရတာ စနစ်မှာ တကယ်ပဲ Bug ဖြစ်ပြီး၊ ကျင့်ကြံခြင်းအဆင့်ဆီ ရောက်ရမယ့် စွမ်းအားတွေက ခန္ဓာကိုယ် ကြံ့ခိုင်မှုဆီ ရောက်သွားတာ သေချာသလောက် ရှိနေပြီ။

"အူး"

ခဏအကြာတွင် တောင်အောက်မှ မကျေမနပ် အော်ဟစ်သံ ကြားလိုက်ရပြီး၊ အစ်ကိုကြီး ခေါင်းပြား နောက်တစ်ကြိမ် ပြန်တက်လာပြန်သည်။ ယဲ့ဖုန်းကို စူးစိုက်ကြည့်နေပြီး၊ ဒီလောက် အားနည်းမည့် ပုံပေါက်သည့် လူသားကောင်လေးက သူ့ကို ဘယ်လိုလုပ် လွင့်ထွက်သွားအောင် လုပ်နိုင်တာလဲ ဆိုတာ နားမလည်နိုင် ဖြစ်နေ၏။

"လာပြန်ပြီလား"

အစ်ကိုကြီး ခေါင်းပြား၏ ဇွဲကောင်းပုံကို ကြည့်ပြီး ယဲ့ဖုန်း မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် ခြေထိုးခံလိုက်၏။

နောက်တစ်ကြိမ် အစ်ကိုကြီး ခေါင်းပြား တောင်အောက်သို့ လိမ့်ကျသွားပြန်သည်။

"မင်းတို့ ဂိုဏ်းထဲ ဝင်ပြီး အနားယူကြတော့... ဒီနေရာကို ငါ့တာဝန် ထားလိုက်"

ယဲ့ဖုန်းက တပည့်များကို လက်ဝှေ့ယမ်းပြလိုက်ပြီး၊ တောင်ဆင်းလမ်း အဝင်ဝတွင် ခါးထောက် ရပ်နေလိုက်၏။

အစ်ကိုကြီး ခေါင်းပြား တက်လာတိုင်း ယဲ့ဖုန်းက ကန်ချလိုက်၏။

(၁၀) ကြိမ်လောက် အကန်ခံရပြီးနောက်... အစ်ကိုကြီး ခေါင်းပြား ခွန်အားကုန်သွားပြီး နောက်ထပ် တက်မလာရဲတော့ပေ။

ယဲ့ဖုန်း သက်ပြင်းချလိုက်ပြီး မြူခိုးဂိုဏ်းထဲသို့ ပြန်ဝင်လာခဲ့သည်။

လုံထျန်းရှင်းကို နေရာချပေးပြီးပြီ ဖြစ်သည်။ ရှီလေ့၊ ဟိုယွင်ကျဲတို့နှင့် အခန်းအတူနေရသည်။

မိုယင်ကတော့ လီကျောက်ကျောက်နှင့် အတူနေသည်။

ဂိုဏ်းချုပ်ဖြစ်သော ယဲ့ဖုန်းကတော့ ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှာပဲ နေရသည်။ ဝိညာဉ်ကျောက်တုံး သေတ္တာလေးတွေကို ခေါင်းအုံးပြီး အိပ်ရသည်။ သူခိုးကြောက်၍လေ။

အစ်ကိုကြီး ခေါင်းပြား၏ နှောင့်ယှက်မှု မရှိတော့သဖြင့် လီကျောက်ကျောက်သည် မနေ့က ဝယ်လာသော ဆန်ရေရိက္ခာများဖြင့် ထမင်းဟင်း ချက်ပြုတ်လေသည်။

တောင်ပေါ်ရွာသူလေး ပီပီ လီကျောက်ကျောက်သည် ငယ်စဉ်ကတည်းက အိမ်မှုကိစ္စ နိုင်နင်းသူ ဖြစ်ရာ၊ သူမ၏ လက်ရာသည် မြူခိုးဂိုဏ်းတွင် အကောင်းဆုံး ဖြစ်ပေသည်။

ထမင်းစားပြီးနောက် ယဲ့ဖုန်းသည် ဝိညာဉ်မျက်လုံးဆေးရည် တစ်ပုလင်းကို ထုတ်ယူလိုက်ပြီး လုံထျန်းရှင်း ရှေ့တွင် ချပေးလိုက်၏။

"ထျန်းရှင်း... ဒါက ဝိညာဉ်မျက်လုံးဆေးရည်ပဲ... မျက်လုံးကို သုတ်လိမ်းပေးရင် ဝိညာဉ်မျက်လုံး ပွင့်လာပြီး ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်နိုင်လိမ့်မယ်"

ဝိညာဉ်မျက်လုံး ပွင့်လာခြင်းသည် ကျင့်ကြံခြင်း၏ အခြေခံအဆင့်ဖြစ်သော 'အသက်ရှုသံအာရုံခံအဆင့်' သို့ ရောက်ရှိခြင်းပင် ဖြစ်သည်။

ဤအဆင့်သို့ ရောက်ရှိနေသူများမှာ သိုင်းပညာစွမ်းအင်များကို ထုတ်ဖော်အသုံးမပြုနိုင်သေးသော်လည်း... ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်စွမ်းအင်များကိုမူ အာရုံခံစား မြင်တွေ့နိုင်စွမ်း ရှိကြပေသည်။ ထို့ကြောင့်ပင် ဤအဆင့်ကို 'ဝိညာဉ်အာရုံခံအဆင့်' ဟု ခေါ်ဝေါ်ခြင်း ဖြစ်လေသည်။

ယဲ့ဖန် လက်ရှိ ရောက်ရှိနေသော ကျင့်ကြံခြင်းအဆင့်မှာလည်း ဤအဆင့်ပင် ဖြစ်၏။

တိတိကျကျ ဆိုရလျှင်မူ... ဤအဆင့်ဆိုသည်မှာ သာမန်လူသား တစ်ယောက်သာလျှင် ဖြစ်နေပါသေးသည်။

စစ်မှန်သော ပါရမီရှင်အချို့မှာမူ မွေးရာပါ 'ဝိညာဉ်မျက်လုံး' များ ပါရှိလာတတ်ကြပြီး၊ သဘာဝ ဝိညာဉ်စွမ်းအင်များကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိကြလေသည်။ ကျင့်စဉ်စာအုပ် တစ်အုပ်ကို လက်ဝယ်ပိုင်ဆိုင်လိုက်သည်နှင့် တစ်ပြိုင်နက်တည်း စတင် ကျင့်ကြံနိုင်ကြသူများ ဖြစ်ပေသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်... ဒါပေမဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက သဘာဝ ဝိညာဉ်စွမ်းအင်တွေကို မြင်နေရပြီးသားပါ... ဒါကြောင့် ဆေးရည် မလိုပါဘူး" လုံထျန်းရှင်း ခေါင်းခါလိုက်၏။

ယဲ့ဖုန်း ခဏတာ ကြောင်သွား၏။

သို့သော်၊ သူ ချက်ချင်းပဲ သတိရသွား၏။

လုံထျန်းရှင်းမှာ "ဝိညာဉ်မျက်လုံးပြာ" ရှိတယ် ဆိုတာကိုး။ အဲ့ဒါက ဝိညာဉ်မျက်လုံး တစ်မျိုးပဲလေ။

"မွေးရာပါ ဝိညာဉ်မျက်လုံးလား"

"အဲ့ဒါ ဒဏ္ဍာရီလာ ပါရမီရှင်တွေမှာပဲ ရှိတာတဲ့"

"မွေးရာပါ ဝိညာဉ်မျက်လုံး ရှိရင် ကျင့်ကြံနှုန်း ပိုမြန်တယ်လို့တောင် ကြားဖူးတယ်"

လုံထျန်းရှင်း ပြောတာ ကြားတော့ တခြားတပည့်တွေ အံ့သြသွားကြ၏။

လုံထျန်းရှင်းက ရှက်တတ်သော ကောင်လေး ဆိုတော့၊ စီနီယာ အစ်ကို အစ်မတွေ ဝိုင်းကြည့်နေသည်ကို မနေတတ်ဘဲ ခေါင်းငုံ့ထားလိုက်၏။

"ဝိညာဉ်မျက်လုံး ပွင့်ပြီးသား ဆိုတော့လည်း... ကျင့်စဉ် စ ကျင့်ကြတော့တာပေါ့"

ယဲ့ဖုန်းက ဆေးရည်ပုလင်းကို အူကြောင်ကြောင် ပြန်သိမ်းလိုက်ပြီး၊ ဂိုဏ်းချုပ်ခန်းမဆောင်ထဲမှာ မွှေနှောက် ရှာဖွေလိုက်ရာ ဟောင်းနွမ်းနေသော စာအုပ်တစ်အုပ်ကို တွေ့လိုက်ရသည်။ စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်လေသည်။

အခန်း (၂၃) - အခြေခံကျင့်စဉ် "ဓာတ်ငါးပါး ပေါင်းစည်းခြင်း"

~"ဒါက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းပိုင်ကျင့်စဉ်ပဲ"

ယဲ့ဖုန်းသည် ဟောင်းနွမ်းနေသော စာအုပ်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်ရင်း ဖြည်းညှင်းစွာ ပြောလိုက်၏။

သို့သော် ရုတ်တရက်... စာလုံးများက ထူးဆန်းနေသလို ခံစားလိုက်ရသည်။

"ဂိုဏ်းချုပ်ဦးလေး... စာအုပ် ပြောင်းပြန် ကိုင်ထားတယ်"

လီကျောက်ကျောက်က တီးတိုး သတိပေးလိုက်၏။

"အဟမ်း"

ယဲ့ဖုန်း ဟန်မပျက် ပြန်လှည့်လိုက်ပြီး၊ မျက်နှာဖုံးပေါ်ရှိ ရှေးဟောင်း စာလုံးများကို ဖတ်လိုက်၏။

အခြေခံကျင့်စဉ် - "ဓာတ်ငါးပါး ပေါင်းစည်းခြင်း"

လုံထျန်းရှင်း မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ထူးဆန်းသော မျက်နှာထားဖြင့် ပြောလိုက်၏။

"ဂိုဏ်းချုပ်... ကျွန်တော် မှတ်မိသလောက်တော့ 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' ဆိုတာ ရှန်ကျိုးကုန်းမြေတိုက်ကြီး တစ်ခုလုံးမှာ သုံးနေတဲ့ အခြေခံကျင့်စဉ် မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ဂိုဏ်းပိုင်ကျင့်စဉ် ဖြစ်သွားရတာလဲ"

ယဲ့ဖုန်း မျက်နှာထား တင်းမာသွား၏။

'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' ဆိုတာ လူတိုင်းသုံးနေတဲ့ သာမန် အခြေခံကျင့်စဉ်မှန်း သူ ဘယ်သိပါ့မလဲ။

ဂိုဏ်းချုပ်ဟောင်းကြီး မသေခင်မှာ ပြောသွားတာက... "ဒါ မြူခိုးဂိုဏ်းရဲ့ အသက်သွေးကြော ဂိုဏ်းပိုင်ကျင့်စဉ်ပဲ... သေချာ ထိန်းသိမ်းထားနော်" တဲ့။

ဘယ်သူ ထင်မှာလဲ... ဂိုဏ်းချုပ်အဖိုးကြီးက သေခါနီးအထိ သူ့ကို ဂျင်းထည့်သွားလိမ့်မယ်လို့။

"ဂိုဏ်းချုပ်ဦးလေး မသိတာ မဆန်းပါဘူး... ဦးလေးကို ဘယ်သူမှ ပြောမပြခဲ့ဘူးလေ" လီကျောက်ကျောက်က မတ်တပ်ရပ်လိုက်ပြီး ဝင်ရှင်းပြသည်။

သူမ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း အလျင်အမြန် မေးလိုက်၏။

"ဒါနဲ့... ကျင့်စဉ်တွေကို ဘယ်လို အမျိုးအစားတွေ ခွဲခြားထားလဲ"

ထိုမေးခွန်းကို ကြားလိုက်ရသောအခါ လုံထျန်းရှင်း ကြောင်သွား၏။

ဂိုဏ်းချုပ်ဖြစ်သူ ကိုယ်တိုင်က ကျင့်စဉ် အမျိုးအစားများကို ကွဲကွဲပြားပြား မသိရှိပါဘဲလျက်... တပည့်များကို မည်သို့မည်ပုံ လမ်းညွှန်သင်ကြားပေးနိုင်မည်နည်း။

သို့သော်လည်း ပြန်လည် စဉ်းစားချင့်ချိန်ကြည့်လိုက်သောအခါ... ယဲ့ဖန်ဆိုသည်မှာ သိုင်းပညာ သင်ကြားပြသရာ၌ ဆရာတစ်ဆူ ဖြစ်နေသည် မဟုတ်ပါလော... ကျင့်စဉ်အမျိုးအစားများကို မသိရှိစရာ အကြောင်း မရှိနိုင်ချေ။

‘သဘောပေါက်ပြီ... ဂိုဏ်းချုပ်က မသိချင်ယောင်ဆောင်ပြီး တပည့်တွေရဲ့ လေ့လာအားထုတ်မှုကို စမ်းသပ်နေတာပဲ ဖြစ်မယ်’

လုံထျန်းရှင်း တွေးတောလိုက်မိ၏။

လီကျောက်ကျောက်က လေးလေးနက်နက် စတင် ရှင်းပြလေသည်။

" 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' ဆိုတာ ရှန်ကျိုးကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ ရှေးဟောင်းသူတော်စင်ကြီးတွေ ပေါင်းစပ်တီထွင်ထားတဲ့ ကျင့်စဉ်ပါ... ချီစုစည်းခြင်း အဆင့်ကနေ လေဟာနယ်ဖြိုခွင်းခြင်း အဆင့် အထွတ်အထိပ်အထိ ကျင့်ကြံလို့ ရပါတယ်"

"ဒီကျင့်စဉ်က သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ ဆိုတဲ့ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအင်တွေကို ကျင့်ကြံအားထုတ်ခွင့် ပေးထားပြီး... နောက်ဆုံး လေဟာနယ်ဖြိုခွင်းခြင်း အဆင့် အထွတ်အထိပ် ရောက်တဲ့အခါ 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' ဖြစ်ပေါ်လာပြီး သူတော်စင်အဆင့်ကို ချက်ချင်း တက်လှမ်းနိုင်ပါတယ်"

"ဒါကြောင့် ဒီကျင့်စဉ်က ရှေးဟောင်းသူတော်စင် အဆင့်အထိ ရောက်နိုင်တဲ့ ကျင့်စဉ်ပေါ့... သူတော်စင် ဖြစ်ပြီးရင် ဘယ်လို ဆက်ကျင့်ရမလဲ ဆိုတာကိုတော့ ကျွန်မတို့ မသိပါဘူး"

" 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' က နေရာအနှံ့ ပျံ့ပွားနေပြီး ကျင့်ကြံရ လွယ်ကူသလို... လူတိုင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံနဲ့လည်း ကိုက်ညီတဲ့အတွက် အခြေခံကျင့်စဉ်အဖြစ် သတ်မှတ်ထားကြပါတယ်"

"အခုခေတ်မှာ ကျင့်ကြံသူတိုင်း ဒီကျင့်စဉ်ကိုပဲ ကျင့်ကြံကြတာပါ"

"ဒါပေမဲ့ အခြေခံကျင့်စဉ်ကို ကျင့်ကြံနေရင်းနဲ့... ပိုသန်မာလာအောင် 'အထောက်အကူပြု ကျင့်စဉ်' တွေကိုပါ တွဲဖက် ကျင့်ကြံလို့ ရပါတယ်"

"ရေပေါ်ဖြူမြို့တော်နဲ့ မိုင်တစ်ထောင်ဝေးတဲ့ လျိုယွမ်ဂိုဏ်း မှာဆိုရင် သူတို့ရဲ့ ကိုယ်ပိုင် အထောက်အကူပြု ကျင့်စဉ်ဖြစ်တဲ့ 'လျိုယွမ်ကျင့်စဉ်' ရှိတယ်လို့ ကြားဖူးတယ်... အဲ့ဒါကို ကျင့်ကြံလိုက်ရင် ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင် စီးဆင်းမှု ပိုမြန်ဆန်လာသလို... တခြား စွမ်းရည်တွေလည်း တိုးတက်လာတယ်တဲ့"

"ဒါပေမဲ့ အထောက်အကူပြု ကျင့်စဉ်တွေက ဂိုဏ်းကြီးတွေမှာပဲ ရှိတတ်တာပါ... ကျွန်မတို့လို ဂိုဏ်းမျိုးမှာတော့ အခြေခံကျင့်စဉ်ပဲ ရှိတာပါ"

လီကျောက်ကျောက်က စေ့စပ်သေချာသော မိန်းကလေး ပီပီ အသေးစိတ် ရှင်းပြလိုက်ရာ ယဲ့ဖုန်း မျက်စိပွင့် နားပွင့် ဖြစ်သွားရသည်။

"ကျင့်စဉ်တွေမှာ ဒီလို အကြောင်းတွေ ရှိနေတာကိုး"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်၏။

"ဒါဆိုရင် 'ဓာတ်ငါးပါး ပေါင်းစည်းခြင်း' က ကျောင်းသုံး ပြဌာန်းစာအုပ်လိုမျိုး လူတိုင်း သင်ရတဲ့ဟာပေါ့... 'အထောက်အကူပြု ကျင့်စဉ်' တွေကတော့ ကျူရှင်စာအုပ်လိုမျိုး ပိုတော်ချင်တဲ့သူတွေ လေ့လာရတဲ့ ဟာမျိုးပေါ့"

လုံထျန်းရှင်းသည် ထိုစကားများကို ကြားရသောအခါ လျှို့ဝှက်ဆန်းကြယ်သော တံခါးတစ်ချပ်ကို ဖွင့်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ကျင့်ကြံချင်စိတ် ပိုမို ပြင်းပြလာသည်။

"အထောက်အကူပြု ကျင့်စဉ်မျိုး ရှိဖို့ဆိုတာ အနည်းဆုံး ကြယ်အဆင့်ဂိုဏ်း လောက်မှ ဖြစ်နိုင်မှာ... ရေပေါ်ဖြူမြို့တော် တစ်ခုလုံးမှာတောင် မြို့စားမင်း တစ်ယောက်တည်း ပိုင်ဆိုင်ထားတာ ဖြစ်လောက်တယ်" ဟု မိုယင်က လက်ပိုက်ပြီး အေးစက်စက် ဝင်ပြောလိုက်၏။

ရှီလေ့ကလည်း ထောက်ခံပြောဆိုလာသည်။

"ဂိုဏ်းချုပ်ဟောင်းကြီး ပြောဖူးတာတော့... မြို့စားမင်းဆီမှာ တိုက်ခိုက်စွမ်းရည်ကို အဆမတန် မြှင့်တင်ပေးနိုင်တဲ့ အထောက်အကူပြု ကျင့်စဉ်တစ်ခု ရှိတယ်တဲ့... ဒါကြောင့် သူက အဆင့်တူ ကျင့်ကြံသူတွေကို အလွယ်တကူ အနိုင်ယူနိုင်တာတဲ့... ရေပေါ်ဖြူမြို့တော်ရဲ့ ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူတွေထဲမှာ အသန်မာဆုံးပဲ"

"ငါတို့ဆီမှာသာ အထောက်အကူပြု ကျင့်စဉ် တစ်ခုလောက် ရှိရင် ကောင်းမှာပဲ" ဟိုယွင်ကျဲက အားကျစွာ ညည်းတွားလိုက်၏။

"အခုလို အချိန်မျိုးမှာ ငါတို့ဆီမှာသာ အထောက်အကူပြု ကျင့်စဉ် ရှိနေရင်... သတင်းပေါက်ကြားသွားတာနဲ့ တစ်ဂိုဏ်းလုံး အသတ်ခံရမှာ သေချာတယ်" မိုယင်က ရက်စက်သော အမှန်တရားကို ထောက်ပြလိုက်၏။

သူမ၏ စကားကြောင့် အားလုံး ကျောချမ်းသွားကြ၏။

"ဒါကို 'လူမှာ အပြစ်မရှိပေမဲ့ ရတနာ ရှိနေတာက အပြစ်' လို့ ခေါ်တာပေါ့" ယဲ့ဖုန်း သက်ပြင်းချလိုက်၏။

"ကဲ... စကားများမနေနဲ့တော့... စပြီး ကျင့်ကြံကြစို့"

သူသည် "ဓာတ်ငါးပါး ပေါင်းစည်းခြင်း" စာအုပ်ကို လှန်လှောကြည့်ရှုလိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

"ဒီကျင့်စဉ်က အတွဲ (၅) တွဲ ခွဲထားတာကိုး... ချီစုစည်းခြင်း၊ ဓာတ်ကြီးလေးပါး စုစည်းခြင်း၊ ဝိညာဉ်ပင်လယ်၊ မူလနတ်ဘုရား နဲ့ လေဟာနယ်ဖြိုခွင်းခြင်း ဆိုပြီးတော့... အခု ငါတို့ဆီမှာ ပထမအတွဲပဲ ရှိသေးတာပါလား"

"ကျင့်စဉ်တွေ ဝယ်ဖို့ဆိုတာ ဝိညာဉ်ကျောက်တုံးတွေ လိုတယ်လေ... မြူခိုးဂိုဏ်းက အရမ်း ဆင်းရဲတော့ ဂိုဏ်းချုပ်ဟောင်းကြီးက ပထမအတွဲပဲ ဝယ်နိုင်ခဲ့တာ နေမှာ" လီကျောက်ကျောက်က ပြောပြသည်။

"ကျန်တဲ့ အတွဲတွေကို ဘယ်မှာ ဝယ်လို့ ရလဲ" ယဲ့ဖုန်း မေးလိုက်၏။

"ရေပေါ်ဖြူမြို့တော်က ကုန်သည်အသင်းတွေမှာ ရောင်းပါတယ်... ကြားတာတော့ ဒုတိယအတွဲ ဝယ်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကျော် လိုတယ်တဲ့ရှင့်"

"ဈေးကြီးလိုက်တာ"

ယဲ့ဖုန်း အံ့သြသွား၏။

ဝိညာဉ်ကျောက်တုံး (၂၀၀) (၃၀၀) လောက် ရှိရင်ပဲ သူဌေးဖြစ်ပြီလို့ ထင်ထားတာ... ဒုတိယအတွဲတောင် ဝယ်လို့ မရပါလား။

"ကြိုးကြိုးစားစား ကျင့်ကြံကြ... နောက်ပိုင်းကျရင် ဝိညာဉ်ကျောက်တုံး ရှာဖို့ နည်းလမ်းတွေ ရှာပြီး ဂိုဏ်းကို တိုးချဲ့ရမယ်... မဟုတ်ရင် ကျင့်စဉ်တောင် မဝယ်နိုင်ဘဲ ဆင်းရဲနေတော့မှာ"

ယဲ့ဖုန်း သူ့ဘာသာ ရေရွတ်လိုက်၏။

ထို့နောက် မိုယင်နှင့် အခြားတပည့်များသည် ကိုယ့်အခန်းကိုယ်ပြန်ပြီး ကျင့်ကြံကြလေတော့၏။

ယဲ့ဖုန်းနှင့် လုံထျန်းရှင်း တို့သာ ဂိုဏ်းချုပ်ခန်းမဆောင်ထဲတွင် ကျန်ရစ်ပြီး၊ "ဓာတ်ငါးပါး ပေါင်းစည်းခြင်း" ကျင့်စဉ်ကို အတူတကွ လေ့လာကြ၏။ စွမ်းအင် လည်ပတ်ပုံ လမ်းကြောင်းများ၊ ကျင့်ကြံရာတွင် သတိပြုရမည့် အချက်များ စသည်တို့ကို ဖတ်ရှုမှတ်သားကြ၏။

ရှေးဟောင်းစာအုပ်ထဲတွင် ဂိုဏ်းချုပ်ဟောင်းကြီး၏ ကိုယ်ပိုင် အတွေ့အကြုံ မှတ်စုများ ပါဝင်နေသဖြင့်၊ သူတို့အတွက် အထောက်အကူ ဖြစ်စေသည်။

ရှေ့လူတွေ လျှောက်ခဲ့သော လမ်းအတိုင်း လိုက်လျှောက်တာက တစ်ခါတလေ ပိုလွယ်ကူတတ်တယ်။

"ဂိုဏ်းချုပ်... ကျွန်တော် စပြီး ကျင့်ကြံတော့မယ်"

လုံထျန်းရှင်းသည် ပထမအတွဲ တစ်အုပ်လုံးကို အမွှေးတိုင်တစ်တိုင် ကုန်ချိန် (၁၅ မိနစ်ခန့်) အတွင်း အလွတ်ကျက်မှတ်ပြီးနောက်၊ ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။ လက်ဝါးနှစ်ဖက်ကို ဖြန့်ပြီး ကောင်းကင်ဘက်သို့ မော့ကာ၊ ဝိညာဉ်မျက်လုံးကို အသုံးပြုပြီး ကောင်းကင်ကို အာရုံခံလိုက်၏။

ယဲ့ဖုန်းလည်း ဝိညာဉ်မျက်လုံးကို ဖွင့်လိုက်ပြီး၊ လုံထျန်းရှင်း ဘယ်လို ကျင့်ကြံမလဲ ဆိုတာကို အရင်ဆုံး လေ့လာကြည့်လိုက်၏။

လုံထျန်းရှင်း စတင် ကျင့်ကြံလိုက်သည်နှင့် တောင်ထိပ်ရှိ ဝိညာဉ်စွမ်းအင် လေပွေမှ ရောင်စုံ ဝိညာဉ်စွမ်းအင် အလင်းတန်းများသည် သူ့ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စီးဝင်လာကြ၏။

ယဲ့ဖုန်း၏ အကြည့်အောက်တွင် ထိုစွမ်းအင်များသည် လုံထျန်းရှင်း၏ သွေးကြောများထဲ၌ အကြိမ်ကြိမ် လှည့်ပတ် စီးဆင်းပြီးနောက်၊ နောက်ဆုံးတွင် ချီပင်လယ်ထဲသို့ ဝင်ရောက်သွားကာ စွမ်းအင်ဝဲကတော့ငယ်လေး တစ်ခုအဖြစ် စုစည်းသွားလေသည်။

"ဂိုဏ်းချုပ်... ကျွန်တော် ချီစုစည်းခြင်း (၁) ဆင့်မြောက် ရောက်သွားပြီ"

လုံထျန်းရှင်း မျက်လုံးဖွင့်လာပြီး ဝမ်းသာအားရ အော်ဟစ်လိုက်၏။

"ဟေ... ကောင်းလိုက်တာ"

ယဲ့ဖုန်း ဝမ်းသာသွား၏။

ထို့နောက် သူလည်း ကိုယ်တိုင် စတင် ကျင့်ကြံကြည့်သည်။

သို့သော် နာရီဝက် ကြာပြီးနောက်... ယဲ့ဖုန်း စိတ်ဓာတ်ကျသွားရသည်။

သူ အကြိမ်ကြိမ် ကြိုးစားသော်လည်း၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များသည် မလှုပ်မယှက် ငြိမ်သက်နေပြီး၊ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်း မရှိပေ။ တခြားကမ္ဘာတစ်ခုက အရာတွေလို ဖြစ်နေသည်။

ရွေးချယ်စရာ မရှိတော့သဖြင့် ယဲ့ဖုန်း စိတ်ထဲမှ မေးလိုက်၏။

"စနစ်... ငါ ဘာလို့ ကျင့်ကြံလို့ မရတာလဲ"

"လက်ခံသူက 'ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ် +' ရောက်နေပြီလေ... တပည့်တွေရဲ့ ကျင့်ကြံခြင်းအဆင့် တက်လာရင် လက်ခံသူရဲ့ အဆင့်လည်း အလိုလို လိုက်တက်လာမှာ ဖြစ်တဲ့အတွက်... ကိုယ်တိုင် ကျင့်ကြံစရာ မလိုပါဘူး" စနစ်က ပြန်ဖြေသည်။

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားရသည်။

သူ ကျင့်ကြံလို့ မရတာက ဒီ သောက်ကျိုးနည်း စနစ်က သူ့မှာ ကျင့်ကြံခြင်းအဆင့် ရှိနေပြီလို့ ဇွတ်သတ်မှတ်ထားလို့ ဖြစ်နေတာကိုး။

ပြဿနာက... သူ ဘာမှ မခံစားရတာပဲ။

‘ငါက အသက် (၁၀၀) မကျော်နိုင်တဲ့ ကံပါလာတာများလား’

ယဲ့ဖုန်း ရင်ထဲတွင် သက်ပြင်းချလိုက်မိ၏။

"ဝေါ"

ထိုအချိန်တွင် အပြင်ဘက်မှ ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရသည်။

ယဲ့ဖုန်း စိတ်ညစ်နေချိန် ဖြစ်သဖြင့် အသံကြားသည်နှင့် တံခါးအပြင်သို့ ပြေးထွက်ကြည့်လိုက်ရာ၊ အစ်ကိုကြီး ခေါင်းပြားသည် မတ်တပ်ရပ်လျက် ဒေါသတကြီး မျက်နှာထားဖြင့် သူ့ဆီသို့ ပြေးဝင်လာနေသည်ကို တွေ့လိုက်ရသည်။

ယဲ့ဖုန်း ပြုံးလိုက်၏။

ပြီးတော့ တည့်တည့်မတ်မတ် ပြေးဝင်သွားပြီး ခြေထိုးခံလိုက်လေတော့၏။

အခန်း (၂၄) - မိုးပေါ်က ကျလာတဲ့ အစ်ကိုကြီး

~အစ်ကိုကြီး ခေါင်းပြား ကြောင်သွား၏။

သူ့ပြိုင်ဘက်က ခြေထိုးခံလိုက်ပြီး သူ့ကို မိုးပေါ်ထိ လွင့်စင်သွားစေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိပါ။

ထို့နောက် ယဲ့ဖုန်းသည် ဒူးနှင့်ခါးကို ကွေးလိုက်ပြီး အားကုန်သုံးကာ ခုန်တက်လိုက်၏။ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ခွန်အားကို အသုံးပြုပြီး အစ်ကိုကြီး ခေါင်းပြားကို ထိုးနှက်လိုက်ရာ၊ မီတာ (၃၀) (၄၀) ခန့် မိုးပေါ်သို့ ဒုံးပျံလွှတ်တင်လိုက်သကဲ့သို့ လွင့်စင်သွားစေသည်။

ပြန်ကျလာသောအခါ ယဲ့ဖုန်းသည် အရင်အတိုင်း ထပ်လုပ်သည်။ ခေါင်းပြားကို မိုးပေါ်သို့ ထပ်ခါထပ်ခါ ထိုးတင်နေသည်။

နောက်ဆုံးတွင် အစ်ကိုကြီး ခေါင်းပြား မျက်စိထဲတွင် ကြယ်တွေလတွေ မြင်လာပြီး မြေကြီးပေါ်တွင် ခြေကားယား လက်ကားယား ဖြစ်သွား၏။

သို့သော် သူ့အသက်စွမ်းအားကတော့ တော်တော် ခိုင်မာနေဆဲပင်။ သတိမေ့သွားရုံသာ ရှိပြီး မကြာခင် သေမည့်ပုံ မပေါ်ပေ။

"မသေသေးဘူးလား"

ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွား၏။

အစ်ကိုကြီး ခေါင်းပြားကို သွားမစနှင့်ဟု လူတိုင်း ပြောကြတာ မဆန်းတော့။ ပထမအချက်က ဒီကောင်တွေက ကောင်းကင်နှင့် မြေကြီး၊ ဘာကိုမှ မကြောက်ပေ။ ဒုတိယအချက်က အသက်ပြင်းလွန်း၍ သတ်ရခက်၏။

ရွေးချယ်စရာ မရှိတော့သဖြင့် ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြား၏ အမြီးကို ဆွဲကိုင်လိုက်ပြီး မီတာ (၁၀၀) ကျော် ဝေးသော တောင်အောက်ရှိ မြစ်ထဲသို့ လွှတ်ပစ်လိုက်၏။ ရေစီးနှင့် မျောပါသွားပါစေတော့။

"အခုမှပဲ အေးဆေးတော့တယ်"

ယဲ့ဖုန်း လက်ဆေးလိုက်ပြီး၊ ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ ဝင်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့၏။

ခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော လူတစ်ယောက် ရှိနေသည်ကို သူ လုံးဝ သတိမထားမိလိုက်ပေ။ သူမ၏ မျက်နှာဖုံးအောက်တွင် အံ့သြမှင်သက်နေသည်။

မိုယင် အိပ်မပျော်နိုင်ပေ။

ထို့ကြောင့် လေညှင်းခံရန် ခေါင်မိုးပေါ် တက်လာရာ၊ ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြားကို "ဆုံးမ" နေသည်ကို အစအဆုံး မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

"သူ့ခန္ဓာကိုယ် ကြံ့ခိုင်မှုက လွန်လွန်းမနေဘူးလား"

"သူက တစ်သန်းမှာ တစ်ယောက်လောက်ပဲ ရှိတတ်တဲ့ 'ခန္ဓာကိုယ်ကျင့်ကြံသူ' များလား"

"ချီစုစည်းခြင်း (၈) ဆင့်မြောက်နဲ့ ညီမျှတဲ့ အဆင့်မြင့် နတ်ဆိုးစစ်သည် သားရဲတစ်ကောင်ကိုတောင် ဒီလောက် ဖြစ်သွားအောင် ရိုက်နိုင်တယ် ဆိုတော့... သူ့ခန္ဓာကိုယ် ခွန်အားက 'ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့်'ကို ရောက်နေပြီလား"

"ဂိုဏ်းချုပ်မှာသာ 'ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့်’ အဆင့် ခွန်အား ရှိနေရင်... အထက်အဆင့်ဂိုဏ်း တစ်ခု တည်ထောင်ဖို့ လုံလောက်နေပြီ..."

မိုယင် တွေးတောရင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင် ဖြစ်နေသည်။

မြူခိုးဂိုဏ်းက သာမန် မဟုတ်ဘူးဆိုတာ သူမ သဘောပေါက်လိုက်၏။

"သခင်မလေးက ငါ့ကို ဒီမှာ ပုန်းခိုနေခိုင်းတာ မဆန်းပါဘူး... သူ တစ်ခုခု သိထားလို့ ဖြစ်မယ်"

မိုယင် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ သူမ၏ အိပ်ခန်းသို့ တိတ်တဆိတ် ပြန်ဝင်သွားလေတော့၏။

နောက်တစ်နေ့ မနက်ခင်း...၊

ယဲ့ဖုန်း ပျင်းရိစွာ အကြောဆန့်လိုက်ပြီး မျက်လုံးဖွင့်လိုက်၏။

မနေ့ညက အစ်ကိုကြီး ခေါင်းပြားကို ကောင်းကောင်း ဆုံးမလိုက်သဖြင့်၊ တစ်ညလုံး တက်မလာရဲတော့ဘဲ ယဲ့ဖုန်း ကောင်းကောင်း အိပ်လိုက်ရသည်။

အိပ်ရာထပြီးနောက် ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။

ရှီလေ့နှင့် ဟိုယွင်ကျဲတို့က သိုင်းကွက်များ လေ့ကျင့်နေကြပြီ ဖြစ်သည်။ 'မီးတိမ်တိုက်လက်ဝါးသိုင်း'၊ 'လေဝိညာဉ်ခြေလှမ်းသိုင်း' နှင့် 'သံမဏိဒိုင်းကာသိုင်း' တို့ကို အထွတ်အထိပ် ရောက်အောင် ကြိုးစားနေကြ၏။

လီကျောက်ကျောက်က မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသည်။

မိုယင်က ခေါင်မိုးပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး၊ လက်ဖြင့် ဓားသိုင်းကွက် ဖော်ကာ 'လေညှင်းစီး ဓားပျံ' ကို ထိန်းချုပ် လေ့ကျင့်နေသည်။ ပထမအဆင့် သိုင်းပညာ 'တောက်ပသော ဓားအလင်း' ကို ကျင့်ကြံနေခြင်း ဖြစ်သည်။

မြေခွေးဖြူလေးကတော့ စားပွဲပေါ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ။

"ဂိုဏ်းချုပ်... မင်္ဂလာနံနက်ခင်းပါ"

လုံထျန်းရှင်းသည် ရေတစ်ပုံး ဆွဲလာပြီး နောက်ဖေးမှ ထွက်လာသည်။ ယဲ့ဖုန်းကို မြင်သောအခါ တောက်ပသော အပြုံးဖြင့် နှုတ်ဆက်လိုက်၏။

"မင်းတို့ စောစောထကြသားပဲ"

ယဲ့ဖုန်း ခေါင်းညိတ်လိုက်ပြီး နောက်ဖေးဘက်သို့ လျှောက်သွား၏။

မြူခိုးတောင်ထိပ်သည် မီတာ (၇၀၀) ခန့် မြင့်မားသည်။ တောင်ထိပ်သည် မီတာ အနည်းငယ် ကျယ်ဝန်းပြီး မြေပြန့်ညီညာ၏။ နောက်ဖေးတွင် ကျောက်ဆောင်တစ်ခု ထိုးထွက်နေပြီး အောက်တွင် စမ်းရေတွင်း တစ်ခု ရှိသည်။ မြူခိုးဂိုဏ်း၏ နေ့စဉ် ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည်။

မျက်နှာသစ်ပြီးနောက် မနက်စာ မကျက်သေးမှန်း သိလိုက်ရသည်။

ယဲ့ဖုန်း တံခါးအပြင် ထွက်လိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်၏။

အနောက်ဘက် (၁၀) မိုင်ကျော် အကွာတွင် စည်ကားသော ရေပေါ်ဖြူမြို့တော် ရှိသည်။ အရှေ့ဘက် မြို့တံခါးမှ စတင်ပြီး ကွေ့ကောက်နေသော ကျောက်လမ်းကလေး တစ်ခုသည် မြူခိုးတောင်ခြေရင်းမှ ဖြတ်သန်းကာ အခြားမြို့များသို့ ဆက်သွယ်ထား၏။

"မြင့်တဲ့ နေရာမှာ နေရတာ မြင်ကွင်းကျယ်ကျယ် မြင်ရလို့ ကောင်းသားပဲ"

ယဲ့ဖုန်း ကိုယ်လက်လေ့ကျင့်ခန်း အနည်းငယ် လုပ်လိုက်ပြီး မနက်စာ စားရန် ပြန်ဝင်မည်အပြု... တောင်ခြေရင်း ကျောက်လမ်းပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို သတိထားမိလိုက်၏။

ဝိညာဉ်မျက်လုံးကို ဖွင့်လိုက်ပြီးနောက် ယဲ့ဖုန်း၏ အမြင်အာရုံ အလွန် ကောင်းမွန်လာသည်။

တစ်ချက်ကြည့်လိုက်ရုံဖြင့် ဝံပုလွေနှင့် တူသော နတ်ဆိုးသားရဲ အုပ်စုတစ်စုက ကုန်သည်အဖွဲ့ တစ်ဖွဲ့ကို တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။ အခြားမြို့မှ ရေပေါ်ဖြူမြို့တော်သို့ လာသော ကုန်သည်အဖွဲ့ ဖြစ်ပုံရသည်။

"လာကြည့်ကြပါဦး"

ယဲ့ဖုန်း လှမ်းခေါ်လိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... ဘာဖြစ်လို့လဲ"

တပည့်များ လန့်ဖျပ်သွားပြီး အလျင်အမြန် ပြေးထွက်လာကြကာ ယဲ့ဖုန်း ညွှန်ပြရာသို့ ကြည့်လိုက်ကြ၏။

"နတ်ဆိုးသားရဲတွေပဲ"

မိုယင်သည် မျက်လုံးထဲသို့ ဝိညာဉ်စွမ်းအင်များ ပို့လွှတ်လိုက်ရာ အမြင်အာရုံ အဆမတန် ကောင်းမွန်လာပြီး တောင်ခြေမှ တိုက်ပွဲကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

"နတ်ဆိုးသားရဲ (၅) ကောင် ရှိတယ်... အကုန်လုံးက 'ငရဲဝံပုလွေ' တွေပဲ... (၄) ကောင်က ချီစုစည်းခြင်း (၆) ဆင့်မြောက်နဲ့ ညီမျှတဲ့ အလယ်အဆင့် နတ်ဆိုးစစ်သည် တွေ... ကျန်တစ်ကောင်က အဆင့်မြင့် နတ်ဆိုးစစ်သည် ပဲ... အင်အား အတိအကျတော့ မသိရဘူး"

"ကုန်သည်အဖွဲ့ဘက်မှာ လူ (၁၅) ယောက်လောက် ရှိတယ်... (၅) ယောက်က ဒဏ်ရာအပြင်းအထန် ရပြီး လဲနေကြပြီ... ကျန်တဲ့လူတွေက ခုခံနေကြတယ်... အသန်မာဆုံးလူက ချီစုစည်းခြင်း (၈) ဆင့်မြောက် ရှိပေမဲ့ ဒဏ်ရာရထားတယ်"

မိုယင်က အခြေအနေကို ချက်ချင်း တင်ပြလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... ကျွန်မတို့ သွားကယ်သင့်လားဟင်"

လီကျောက်ကျောက်က စိုးရိမ်တကြီး မေးလိုက်၏။

အခြားတပည့်များကလည်း "ဂိုဏ်းချုပ်... ကယ်လိုက်ပါ" ဟူသော အကြည့်များဖြင့် ယဲ့ဖုန်းကို ကြည့်နေကြ၏။

ယဲ့ဖုန်း အကျပ်ရိုက်သွား၏။

ကုန်သည်အဖွဲ့က ကယ်တင်ထိုက် မထိုက် သူ မသေချာပေ။

လူတစ်ယောက်ရဲ့ စိတ်ထားကို မျက်နှာ ကြည့်ပြီး ဆုံးဖြတ်လို့ မရဘူးလေ။ လူကောင်းလား လူဆိုးလား ဘယ်သူသိမှာလဲ။

'လယ်သမားကြီးနဲ့ မြွေဆိုး' ပုံပြင်ကို သူ ဘယ်တော့မှ မမေ့ပေ။

သို့သော် ယဲ့ဖုန်း ဆက်မစဉ်းစားနိုင်ခင်မှာပင်... တောင်တက်လမ်းဘက်မှ အစ်ကိုကြီး ခေါင်းပြား၏ မရပ်မနား ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

နောက်တစ်ခဏတွင် အစ်ကိုကြီး ခေါင်းပြားသည် မြူခိုးတောင်ထိပ်သို့ ခုန်တက်လာပြီး၊ မတ်တပ်ရပ်ကာ သူတို့အဖွဲ့ဆီသို့ ဒေါသတကြီး ပြေးဝင်လာသည်။

တပည့်များ လန့်ဖျပ်သွားကြ၏။

"အသက်ပြင်းလိုက်တာ"

မိုယင် အံ့သြဆုံး ဖြစ်သွား၏။

ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြားကို အကြိမ်ကြိမ် ရိုက်နှက်ခဲ့တာ သူမ မြင်ခဲ့သည်။ တခြား အဆင့်မြင့် နတ်ဆိုးစစ်သည် အဆင့် သားရဲသာ ဆိုရင် အခုချိန်လောက် သေနေလောက်ပြီ။

အစ်ကိုကြီး ခေါင်းပြားကတော့ အားအင်ပြည့်ဖြိုးနေဆဲပင်။

"မင်း ပြန်လာရဲသေးတယ်ပေါ့"

ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွား၏။ "အားလုံး မပူကြနဲ့... သူ့ကို ငါ ပညာပေးလိုက်မယ်... ကြည့်နေ"

ယဲ့ဖုန်း အရှိန်ပြင်းစွာ ပြေးဝင်သွား၏။

အစ်ကိုကြီး ခေါင်းပြားက သင်ခန်းစာ ရထားပြီးသား ဖြစ်သဖြင့်၊ ယဲ့ဖုန်း ခြေထိုးခံမှာကို ကြောက်ပြီး မြေကြီးပေါ် ချက်ချင်း ဝပ်ချလိုက်၏။

ထိုအခြေအနေကို မြင်သောအခါ ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြား အပေါ်မှ ခုန်ကျော်လိုက်ပြီး၊ အမြီးကို ဖမ်းဆွဲကာ လေထဲတွင် လေရဟတ်လို (၁၀) ပတ်ကျော်လောက် လှည့်ပတ်လိုက်ပြီးနောက် အားကုန် ပစ်လွှတ်လိုက်လေသည်။

တိုက်ဆိုင်စွာပင်... အစ်ကိုကြီး ခေါင်းပြား ကျသွားသော နေရာသည် ကုန်သည်အဖွဲ့ ရှိနေသော နေရာ အတိအကျ ဖြစ်နေသည်။

"မှားသွားပြီ"

ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။

ထိုအချိန်တွင် မြေပြင်ပေါ်၌...

ဝံပုလွေ နတ်ဆိုးသားရဲ (၅) ကောင်သည် လူ (၁၀) ယောက်ကျော် ပါဝင်သော ကုန်သည်အဖွဲ့ကို ဝိုင်းထားပြီး၊ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။

"အားလုံး စက်ဝိုင်းပုံစံ နေကြ... ဒဏ်ရာရတဲ့သူတွေကို အလယ်မှာ ထားပြီး ကာကွယ်ကြ"

ဘယ်ဘက်လက်မောင်း ဒဏ်ရာရထားသော ထွားကျိုင်းသည့် အမျိုးသားကြီးတစ်ဦးက ကျိုးပဲ့နေသော ဓားရှည်ကို ကိုင်ဆောင်လျက် အမိန့်ပေးလိုက်၏။ သူသည် မောဟိုက်နေသော်လည်း ကျားတစ်ကောင်လို သတိရှိနေဆဲပင်။

ထိုသူမှာ ကုန်သည်အဖွဲ့ အစောင့်တပ်ဖွဲ့ခေါင်းဆောင် 'ဝမ်တာ့ချွီ' ပင် ဖြစ်သည်။

သူ့အနောက်တွင် မြင်းလှည်းနှစ်စီး ရှိပြီး၊ ရှေ့မြင်းလှည်းထဲမှ အသက်ရှုသံ ပြင်းပြင်းများ ထွက်ပေါ်နေသည်။

လူတစ်ယောက်ယောက် ရှိနေသည်မှာ သေချာသည်။

"အစ်ကိုကြီးတာ့ချွီ... ဒီကောင်တွေက ငရဲဝံပုလွေတွေ... အရမ်း ကြမ်းတယ်... ကျွန်တော်တို့ ကြာကြာ တောင့်ခံနိုင်မယ် မထင်ဘူး" ဒဏ်ရာတွေ ပြည့်နေသော လူငယ်တစ်ယောက်က အားပျော့စွာ ပြောလိုက်၏။

"ရေပေါ်ဖြူမြို့တော်က ဒီနေရာနဲ့ မိုင်ဂဏန်းပဲ ဝေးတော့တာ... ပတ်ဝန်းကျင်မှာ ကျင့်ကြံရေးဂိုဏ်းတွေ အများကြီး ရှိတယ်... ငါတို့ တောင့်ခံထားနိုင်ရင် မျှော်လင့်ချက် ရှိသေးတယ်ကွ" ခေါင်းဆောင် ဝမ်တာ့ချွီက အော်ဟစ် အားပေးလိုက်၏။

"ခံစစ် စက်ဝိုင်း ဖွဲ့ထား"

ဝမ်တာ့ချွီ အော်လိုက်၏။

ကျန်ရှိနေသော တိုက်ခိုက်နိုင်စွမ်းရှိသည့် အစောင့် (၁၀) ယောက်သည် ဝိညာဉ်စွမ်းအင်များကို အမြန်ဆုံး လည်ပတ်စေလိုက်ပြီး၊ သူတို့ရှေ့တွင် ကြည်လင်သော ကျောက်နံရံတစ်ခု ဖန်တီးကာ ခံစစ်စက်ဝိုင်း ဖွဲ့လိုက်ကြ၏။

သူတို့နှင့် (၁၀) မီတာအကွာတွင် ငရဲဝံပုလွေ (၅) ကောင် ဝိုင်းရံထားသည်။

ခေါင်းဆောင်ဝံပုလွေ၏ မျက်လုံးများတွင် သရဲတစ္ဆေ အလင်းရောင်နှင့် အေးစက်သော အလင်းရောင်များ တောက်ပနေပြီး၊ သွားများ ဖြဲပြလိုက်၏။

"ဝူး... ဝူး"

ခေါင်းဆောင်ဝံပုလွေ အူလိုက်သည်နှင့် ပိန်ပါးသော ငရဲဝံပုလွေတစ်ကောင်သည် ခုန်တက်လိုက်ပြီး၊ ခံစစ်စက်ဝိုင်း အလယ်ရှိ မြင်းလှည်းခေါင်မိုးပေါ်သို့ ခုန်အုပ်ရန် ပြင်လိုက်၏။

သို့သော် ထိုအချိန်တွင်... မမျှော်လင့်သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။

အမွေးဖြူ အမွေးမည်း ရောနေသော သတ္တဝါတစ်ကောင်သည် ကောင်းကင်မှ ကျဆင်းလာပြီး၊ ခုန်တက်နေသော ငရဲဝံပုလွေပေါ်သို့ ကွက်တိ ကျရောက်လေတော့၏။

"ဘုန်း"

အသံအက်အက်ကြီး ထွက်ပေါ်လာသည်။

အစ်ကိုကြီး ခေါင်းပြားသည် ခမ်းနားစွာ ဝင်ရောက်လာပြီး၊ ငရဲဝံပုလွေပေါ်တွင် ဖင်ထိုင်ချလိုက်ရာ၊ ဝံပုလွေခမျာ တက်သွားပြီး သွေးအန်ထွက်လာတော့၏။

ဒီ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်ကြောင့် ရှိသမျှလူအားလုံး အံ့သြမှင်သက်သွားကြပြီး၊ ကျန်သည့် ငရဲဝံပုလွေ (၄) ကောင်လည်း ကြောင်သွားကြလေတော့၏။

All Chapters