← Chapters

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅-၂၇)

Vol. 2 Ch. 25-27

အခန်း (၂၅) - ဂိုဏ်းချုပ်ယဲ့၏ မဟာစွမ်းအား

~"ဝူး... အူ"

ခုနက အစ်ကိုကြီး ခေါင်းပြား ဖင်နှင့် ထိုင်ချတာကို ခံလိုက်ရပြီး သွေးအန်နေသော ငရဲဝံပုလွေသည် လက်ကျန်ခွန်အားဖြင့် ခေါင်းပြားကို လှမ်းကုတ်လိုက်ရာ အမွေးအနည်းငယ် ကျွတ်ထွက်သွား၏။

ခေါင်းပြား ဒဏ်ရာမရသော်လည်း ဒေါသထွက်သွား၏။

"ဝှီး"

အစ်ကိုကြီး ခေါင်းပြား မတ်တပ်ရပ်လိုက်ပြီး လက်သည်းဖြင့် အားကုန် ပိုင်းချလိုက်ရာ၊ အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် ငရဲဝံပုလွေခမျာ ချက်ချင်း အပိုင်းပိုင်း ပြတ်ထွက်သွားလေတော့၏။

ထိုမြင်ကွင်းကို ကြည့်ပြီး လူများ ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။

ငရဲဝံပုလွေတွေ ကြောက်စရာကောင်းတယ် ထင်နေတာ... အခု မိုးပေါ်က ကျလာတဲ့ အစ်ကိုကြီးက ပိုတောင် ကြမ်းနေသေးတယ်။

ငါတို့တော့ သွားပြီ။

ကုန်သည်အဖွဲ့သားများ၏ မျက်နှာများ သွေးဆုတ်ဖြူလျော့သွားကြ၏။

"ဝူး"

ခေါင်းဆောင်ဝံပုလွေသည် သူ့တပည့် အသတ်ခံလိုက်ရသဖြင့် ဒေါသထွက်သွားသော်လည်း၊ ခေါင်းပြားကို သေချာ ကြည့်လိုက်မိသည့်အခါ ကြောက်လန့်တကြား အမြီးကုပ်ပြီး နောက်ပြန် တွားသွားကာ ထွက်ပြေးလေတော့၏။ ပုံစံမှာ ရယ်စရာပင် ကောင်းနေသေးသည်။

ကျန်ရှိသော ငရဲဝံပုလွေများလည်း ကပျာကယာ ထွက်ပြေးကုန်ကြ၏။

အစ်ကိုကြီး ခေါင်းပြားသည် ထွက်ပြေးသွားသော ဝံပုလွေများကို စိတ်မဝင်စားတော့ဘဲ၊ ကုန်သည်အဖွဲ့သားများကိုသာ အမုန်းမျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

သူ့အမြင်တွင်... ဒီလူသားတွေက သူ့ကို ရိုက်နှက်ခဲ့သော ယဲ့ဖုန်းနှင့် ရုပ်ချင်းဆင်တူသဖြင့် ယဲ့ဖုန်း၏ ကြံရာပါများ ဖြစ်ရမည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် သူသည် မတ်တပ်ရပ်လိုက်ပြီး လူအုပ်ထဲသို့ ခုန်ဝင်လိုက်၏။

"ပြေးကြဟေ့"

လူများ ပြန်တိုက်ခိုက်ရန် သတ္တိမရှိကြတော့ပေ။

ဒါက အားအင်ပြည့်ဝနေသော အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲ တစ်ကောင်လေ။ ပုံစံက မရင်းနှီးသော်လည်း တိုက်ခိုက်စွမ်းရည်ကတော့ ကြောက်စရာ ကောင်းလွန်းလှသည်။ ကုန်သည်အဖွဲ့ တစ်ဖွဲ့လုံးကို အပြတ်ရှင်းပစ်နိုင်သည့် အင်အားမျိုး ဖြစ်သည်။

"ဟေ့ကောင်... ရပ်လိုက်စမ်း"

ထိုအချိန်တွင် ကောင်းကင်ယံမှ မိုးခြိမ်းသံကဲ့သို့ အသံနက်ကြီး တစ်ခု ထွက်ပေါ်လာသည်။

"ဝူး"

ဓားပျံတစ်လက်သည် လူနှစ်ယောက်ကို တင်ဆောင်လျက် အရှိန်ပြင်းစွာ ဆင်းသက်လာသည်။

တစ်ယောက်က ဓားပျံပေါ်မှ ခုန်ဆင်းလိုက်ပြီး၊ လေထဲတွင် ကိုယ်ကိုလှည့်ကာ ပျံဝဲကန်ချက်ဖြင့် ကန်ထည့်လိုက်၏။ အရှိန်ပြင်းပြင်းဖြင့် ပြေးဝင်လာသော အစ်ကိုကြီး ခေါင်းပြားခမျာ အကန်ခံလိုက်ရပြီး လွင့်စင်ထွက်သွားကာ သစ်ပင်အချို့ကို ရိုက်ချိုးပြီးနောက် သစ်ပုံအောက်တွင် ပိမိသွားလေတော့၏။

ယဲ့ဖုန်း မြေကြီးပေါ်သို့ ဆင်းသက်လိုက်ရာ ခြေရာကြီးနှစ်ခု ချိုင့်ဝင်သွား၏။

"ဂိုဏ်းချုပ်... သားရဲက ပြန်ထလာပြီ"

မိုယင်က ဓားပျံပေါ်တွင် ရပ်လျက် အဝေးကို ညွှန်ပြပြီး သတိပေးလိုက်၏။

သစ်ပုံအောက်မှ ခေါင်းပြား ပြန်လည် ထွက်ပေါ်လာပြီး၊ ဒေါသတကြီးဖြင့် နောက်တစ်ကြိမ် ပြေးဝင်လာပြန်သည်။

ယဲ့ဖုန်း အနည်းငယ်မျှ မကြောက်ရွံ့ပေ။ ပြေးဝင်သွားပြီး ခေါင်းပြားကို မူးမေ့သွားအောင် ထိုးနှက်ကန်ကျောက်လိုက်၏။ ထို့နောက် အနီးနားရှိ မြစ်ထဲသို့ လွှတ်ပစ်လိုက်ပြီး ရေစီးနှင့်အတူ မျောပါသွားစေလိုက်၏။

"ဟူး"

အစအဆုံး မြင်တွေ့လိုက်ရသော ကုန်သည်အဖွဲ့သားများ ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

"ကျွီ"

မြင်းလှည်းတံခါး ပွင့်သွားပြီး လူ (၃) ယောက် ခုန်ဆင်းလာကာ ယဲ့ဖုန်း၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ကြ၏။

"ကျေးဇူးရှင်... ကျွန်တော်တို့ မိသားစုကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ"

ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ ဆိတ်မုတ်ဆိတ်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၁၂) နှစ်ဝန်းကျင် ကောင်လေးတစ်ယောက်၊ ကောင်မလေးတစ်ယောက်တို့ကို တွေ့လိုက်ရသည်။ ကလေးနှစ်ယောက်က ရုပ်ချင်းဆင်တူပြီး မောင်နှမ အမြွှာပူးလေးများ ဖြစ်ပုံရသည်။

"ကျေးဇူးရှင်ကို ကျေးဇူးတင်ပါတယ်"

အစောင့်များလည်း ဒူးထောက် ဂါရဝပြုကြ၏။

ဒီလူငယ်သာ ဝင်မကယ်ရင် သူတို့အားလုံး ဒီနေရာမှာတင် သေပွဲဝင်ရမှာ သေချာသည်။

"အားလုံး ထကြပါ... ရပါတယ်... မတ်တပ်ရပ်ပြီး ပြောကြတာပေါ့"

ယဲ့ဖုန်းသည် ဤလူများ၏ ဇာစ်မြစ်ကို မသိသော်လည်း၊ သူ့တွင် "အန္တရာယ် အာရုံခံနိုင်စွမ်း" ရှိနေသဖြင့် ဂိုဏ်းအတွက် အန္တရာယ် မရှိကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သဘောထား ပျော့ပျောင်းစွာ ဆက်ဆံလိုက်၏။

"ကျွန်တော်တို့က မီးရှူးတိုင်မြို့က ကုန်သည်အဖွဲ့ပါ... ရေပေါ်ဖြူမြို့တော်ကို ပြောင်းရွှေ့လာကြတာပါ... လမ်းမှာ မထင်မှတ်ဘဲ ငရဲဝံပုလွေတွေနဲ့ တိုးပြီး အန္တရာယ်ကြုံနေရတုန်း... ကျေးဇူးရှင် ကယ်လိုက်လို့ အသက်ဘေးက လွတ်ခဲ့ရတာပါ... မဟုတ်ရင် ကျွန်တော်တို့ အိုးယန် မိသားစု မျိုးတုန်းသွားမှာပါ"

ဆိတ်မုတ်ဆိတ်နှင့် ကုန်သည်က တုန်ရီနေသော အသံဖြင့် ပြောပြသည်။

မိုယင် မြေကြီးပေါ် ဆင်းသက်လာပြီး ဓားပျံကို သိမ်းဆည်းလိုက်၏။ ထူးဆန်းသော မျက်နှာထားဖြင့် မေးလိုက်၏။ "ဒီကနေ မိုင် (၂၀၀) လောက် ဝေးတဲ့ မီးရှူးတိုင်မြို့လား"

"ဟုတ်ပါတယ်"

အိုးယန်ဟောက် ခေါင်းညိတ်လိုက်၏။ "မီးရှူးတိုင်မြို့က မကြာသေးခင်ကမှ မငြိမ်မသက် ဖြစ်လာလို့... ကလေးနှစ်ယောက်ရဲ့ လုံခြုံရေးအတွက် မိသားစုလိုက် ပြောင်းရွှေ့လာခဲ့ကြတာပါ... လမ်းမှာ ဒီလို အန္တရာယ်နဲ့ ကြုံရလိမ့်မယ်လို့ ထင်မထားခဲ့မိပါဘူး"

ယဲ့ဖုန်း စိတ်ဝင်စားသွား၏။ "မီးရှူးတိုင်မြို့မှာ ဘာတွေ ဖြစ်နေလို့လဲ"

ထိုမြို့အကြောင်း သူ ကြားဖူးသည်။ လူဦးရေ တစ်သိန်းခန့် နေထိုင်သော သာမန်မြို့လေး တစ်မြို့ ဖြစ်သည်။

"နတ်ဆိုးသားရဲတွေ သောင်းကျန်းနေလို့ပါပဲဗျာ"

အမျိုးသားကြီး သက်ပြင်းချလိုက်ပြီး အကြောင်းစုံ ရှင်းပြလေသည်။

သူ့နာမည်က အိုးယန်ဟောက်။ မီးရှူးတိုင်မြို့တွင် စီးပွားရေး လုပ်ကိုင်သူ ဖြစ်သည်။ သားဖြစ်သူ "အိုးယန်ဖုန်း"နှင့် သမီးဖြစ်သူ "အိုးယန်ယွီ" ဟူသော ကလေးနှစ်ယောက် ရှိသည်။

အစပိုင်းတွင် မီးရှူးတိုင်မြို့သည် လုံခြုံအေးချမ်းခဲ့သည်။

သို့သော် မကြာသေးမီက မြို့တွင်းတွင် နတ်ဆိုးသားရဲများ မကြာခဏ ဝင်ရောက် တိုက်ခိုက်မှုများ ဖြစ်ပွားလာသဖြင့် မြို့သူမြို့သားများ စိုးရိမ်ထိတ်လန့်ကာ တတ်နိုင်သူများ အကုန် ပြောင်းရွှေ့ကုန်ကြ၏။

အိုးယန်ဟောက်၏ ဇနီးသည်၏ ဆွေမျိုးများက ရေပေါ်ဖြူမြို့တော်တွင် ရှိနေသဖြင့်၊ ထိုမြို့သို့ ပြောင်းရွှေ့ခိုလှုံရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

လမ်းခရီးတစ်လျှောက်တွင် ချီစုစည်းခြင်း (၈) ဆင့်မြောက် ကျင့်ကြံသူ ခေါင်းဆောင် ဝမ်တာ့ချွီ နှင့် အစောင့်များ၏ ကာကွယ်မှုဖြင့် အဆင်ပြေခဲ့သော်လည်း၊ ရေပေါ်ဖြူမြို့တော်နှင့် (၁၀) မိုင်အကွာလောက်တွင် ငရဲဝံပုလွေများ၏ ခြုံခိုတိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။

အကြောင်းစုံ သိလိုက်ရသောအခါ ယဲ့ဖုန်း နားလည်သွား၏။

"ကျေးဇူးရှင်ရဲ့ နာမည်နဲ့ ဘယ်ဂိုဏ်းကလဲ ဆိုတာ သိခွင့်ရမလားခင်ဗျာ" အိုးယန်ဟောက် မေးလိုက်၏။

"ယဲ့ဖုန်း... မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ"

ယဲ့ဖုန်းသည် လက်နောက်ပစ်ပြီး ဆရာကြီး စတိုင် ဖမ်းကာ ဖြေလိုက်၏။

မြူခိုးဂိုဏ်း ဟုတ်လား။

တစ်ခါမှ မကြားဖူးဘူး။

ဒါပေမဲ့ သာမန်လူလို ပုံစံပေါက်နေတဲ့ ဒီလူငယ်လေးက အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲကိုတောင် အလွယ်တကူ နှိမ်နင်းနိုင်တယ် ဆိုတော့... သူ့ဂိုဏ်းက သေချာပေါက် စွမ်းအားကြီးမှာပဲ။

အိုးယန်ဟောက် ချက်ချင်း တွေးမိလိုက်ပြီး၊ ကလေးနှစ်ယောက်ကို ရှေ့သို့ တွန်းပို့ကာ တောင်းပန်လိုက်၏။

"ဂိုဏ်းချုပ်ယဲ့... ဒါ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော သားနဲ့ သမီးပါ... နှစ်ယောက်စလုံးက လိမ္မာပြီး ဉာဏ်ကောင်းကြပါတယ်... အဆင့်နိမ့် ပါရမီ ရှိတယ်လို့ စစ်ဆေးတွေ့ရှိထားပါတယ်... သူတို့ကို ဂိုဏ်းချုပ်ရဲ့ ဂိုဏ်းဝင်အဖြစ် လက်ခံပေးနိုင်မလားခင်ဗျာ"

ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။

ကယ်တင်ဖို့ပဲ အာရုံစိုက်နေလို့ တပည့်စုဆောင်းရမယ့် တာဝန်ကို မေ့နေတာ။ အခုမှ သတိရတယ်။ နောက်ထပ် (၂) ယောက်ပဲ လိုတာလေ။

အိုးယန်ဖုန်း နဲ့ အိုးယန်ယွီ ကို လက်ခံလိုက်ရင် (၁၀) ယောက် ပြည့်ပြီ။

လက်ဆောင်ထုပ်ကြီး ရတော့မယ်ဟေ့။

ယဲ့ဖုန်း ဝမ်းသာအားရ လက်ခံလိုက်၏။ "ရပါတယ်"

"သားတို့ သမီးတို့... ဂိုဏ်းချုပ်ကို ဂါရဝပြုလိုက်ကြလေ"

အိုးယန်ဟောက် တိုက်တွန်းလိုက်၏။

"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်" အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့သည် လုံထျန်းရှင်းထက် ငယ်ရွယ်ပြီး လိမ္မာရေးခြား ရှိပုံရသည်။

"ဂိုဏ်းချုပ်... လူတစ်ယောက် လာနေတယ်"

မိုယင် ရုတ်တရက် ရေပေါ်ဖြူမြို့တော် ဘက်ကို ညွှန်ပြပြီး ပြောလိုက်၏။

ကျောက်လမ်းပေါ်တွင် မြင်းစီးလာသော လူနှစ်ယောက်ကို တွေ့လိုက်ရသည်။

တစ်ယောက်က ထိပ်ပြောင်ပြောင်နှင့် တာဝန်ခံ ကျိုးကျားချန်။

နောက်တစ်ယောက်က ဒုတိယတပ်မှူး ကျိုးကျားချိုင်။

"ယောက်ဖရေ... မင်းတို့ ရောက်လာကြပြီလား... လမ်းခရီး အဆင်ပြေရဲ့လား" ကျိုးကျားချန်က အဝေးကနေ လှမ်းအော်မေးလိုက်၏။

ထို့နောက် ယဲ့ဖုန်းနှင့် မိုယင်ကို မြင်လိုက်ရသဖြင့် အံ့သြသွား၏။

အနီးသို့ ရောက်လာသောအခါ မြေကြီးပေါ်တွင် သေဆုံးနေသော ငရဲဝံပုလွေ အလောင်းများကို မြင်လိုက်ရပြီး မျက်လုံးများ ပြူးကျယ်သွားကြ၏။ "ယောက်ဖ... မင်းတို့ အန္တရာယ်နဲ့ ကြုံခဲ့ရတာလား"

အိုးယန်ဟောက်သည် ညီအစ်ကိုနှစ်ယောက်ကို မြင်လိုက်ရမှ သက်ပြင်းချနိုင်တော့၏။

"ဟားဟား... ဟုတ်တယ်ဗျ... ခုနက အန္တရာယ်နဲ့ ကြုံခဲ့ရတယ်... ကံကောင်းလို့ မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့ ရောက်လာပြီး ကယ်လိုက်လို့ပေါ့... မဟုတ်ရင် ခင်ဗျားတို့ ကျွန်တော့်ကို မြင်ရတော့မှာ မဟုတ်ဘူး"

"ဂိုဏ်းချုပ်ယဲ့ ကယ်လိုက်တာ ဟုတ်လား"

ကျိုးညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ မယုံနိုင်စရာပင်။

ယဲ့ဖုန်း ဘေးနားတွင် ရပ်ရင်း မျက်နှာထား ထူးဆန်းနေသည်။

အိုးယန်ဟောက်ရဲ့ မိန်းမက ကျိုးညီအစ်ကိုနှစ်ယောက်ရဲ့ ညီမ ဖြစ်နေတာကိုး။

"ဝေါ"

ထိုအချိန်တွင် ရင်းနှီးနေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။

"သွားပြီ... အဲ့ဒီ နတ်ဆိုးသားရဲပဲ"

ကျိုးညီအစ်ကိုနှစ်ယောက် မျက်နှာ ပျက်ယွင်းသွားပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။

ဒီအသံကို သူတို့ ကောင်းကောင်းကြီး မှတ်မိနေသည်။

လွန်ခဲ့တဲ့ (၂) ညက သူတို့ညီအစ်ကိုနှစ်ယောက် ပေါင်းတိုက်တာတောင် မနိုင်ခဲ့တဲ့ ကောင်လေ။

သို့သော် ဘေးနားမှ အိုးယန်ဟောက်ကတော့ ကြောက်ရွံ့ပုံ မပေါ်ဘဲ ယုံကြည်မှုရှိစွာ ပြောလိုက်၏။

"စိတ်မပူပါနဲ့ ယောက်ဖတို့ရာ... ခုနက အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲ မဟုတ်လား... ဂိုဏ်းချုပ်ယဲ့ ရှိနေမှတော့ အဲ့ဒီကောင် သေချာပေါက် အရိုက်ခံရဦးမှာပါ"

ထိုစကားကို ကြားလိုက်ရသောအခါ ကျိုးညီအစ်ကိုနှစ်ယောက် ဦးနှောက်တွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။

အခန်း (၂၆) - တပည့်သစ်လက်ဆောင်ထုပ်

~"ဝေါ"

အစ်ကိုကြီး ခေါင်းပြားသည် လမ်းဘေးရှိ ချုံပုတ်ကို ဆုတ်ဖြဲလိုက်ပြီး လမ်းပေါ်သို့ ခုန်တက်ကာ မတ်တပ်ရပ်လိုက်၏။ ထို့နောက် ဟိန်းဟောက်ရင်း ယဲ့ဖုန်းဆီသို့ ခုန်အုပ်လိုက်လေသည်။

ကျိုးညီအစ်ကိုနှစ်ယောက်ကတော့ အစတုန်းက သူတို့ဆီ ပြေးလာတယ်လို့ ထင်နေ၏။ သေချာကြည့်လိုက်တော့မှ သူတို့၏ အဖော်ဖြစ်သော ယဲ့ဖုန်းကို ရန်ငြိုးထားနေတာမှန်း သိလိုက်ရသည်။

"ဒီကောင်က တော်တော် အငြိုးကြီးတာပဲ"

ယဲ့ဖုန်း လျှင်မြန်စွာ ရှေ့တိုးလိုက်ပြီး ခေါင်းပြား၏ လက်သည်းချက်ကို ရှောင်တိမ်းလိုက်၏။ ထို့နောက် အားကုန် ကန်ထုတ်လိုက်ရာ၊ မီတာ (၃၀) (၄၀) ခန့် လွင့်စင်သွားပြီး တွင်းနက်ကြီးတစ်ခုထဲသို့ ကျသွားလေသည်။ တွင်းထဲမှ မြေအောက်မြစ်ရေစီးကြောင်းနှင့်အတူ မျောပါသွားပြီ ဖြစ်ရာ၊ ဒီတစ်ခါတော့ တော်တော်နှင့်ပြန်မလာနိုင်လောက်တော့ပေ။

"ဘယ်... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ကျိုးညီအစ်ကိုနှစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြ၏။

ယဲ့ဖုန်းက သာမန်လူ မဟုတ်ဘူးလား။

နတ်ဆိုးသားရဲရဲ့ တိုက်ခိုက်မှုကို ဒီလောက် လျှင်မြန်စွာ ရှောင်တိမ်းနိုင်ရုံမက၊ ခြေတစ်ချက်တည်းနဲ့ မီတာ (၃၀) (၄၀) လောက် လွင့်သွားအောင် ကန်လိုက်နိုင်တယ် ဆိုတာ...

ဒါ သာမန်လူ တစ်ယောက်ရဲ့ ခွန်အားမှ ဟုတ်ရဲ့လား။

ကျိုးညီအစ်ကိုနှစ်ယောက် သရဲမြင်လိုက်ရသလို မျက်နှာပျက်ယွင်းသွားကြ၏။

"ကျေးဇူးရှင်က တကယ် စွမ်းတာပဲ... အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတစ်ကောင်ကိုတောင် ခြေတစ်ချက်တည်းနဲ့ ကန်ထုတ်လိုက်နိုင်တယ်... ကျွန်တော့်ကလေးနှစ်ယောက် မြူခိုးဂိုဏ်းမှာ ကျင့်ကြံခွင့်ရတာ တကယ် ကံကောင်းတာပဲ"

အိုးယန်ဟောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"တူလေးနဲ့ တူမလေးက မြူခိုးဂိုဏ်း ဝင်လိုက်ပြီလား"

တာဝန်ခံ ကျိုးကျားချန် ကြောင်သွား၏။

သူ အိုးယန်ဟောက်ဆီ စာရေးပို့ထားတာက... ရေပေါ်ဖြူမြို့တော် ရောက်ရင် တူနဲ့တူမကို အထက်အဆင့်ဂိုဏ်း တစ်ခုခုမှာ အပ်နှံပေးမယ်လို့ ပြောထားတာလေ။

ဒါပေမဲ့ အိုးယန်ဟောက်က မြူခိုးဂိုဏ်းကို ပို့လိုက်တယ်တဲ့လား။

"ဘာဖြစ်လို့လဲ... ပြဿနာ ရှိလို့လား"

အိုးယန်ဟောက်က ကျိုးကျားချန်၏ မျက်နှာပျက်ယွင်းနေသည်ကို သတိထားမိပြီး မေးလိုက်၏။

"မဟုတ်... မဟုတ်ပါဘူး... ယောက်ဖ သဘောပါပဲ" ကျိုးကျားချန် ခေါင်းညိတ်လိုက်၏။

အရင်ကသာဆိုလျှင် မြူခိုးဂိုဏ်းလို အဆင့်နိမ့်ဂိုဏ်းမျိုးကို သူ့တူတူမတွေ ဝင်တာ လက်ခံမှာ မဟုတ်ပါ။

သို့သော် ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြားကို အလွယ်တကူ နှိမ်နင်းလိုက်တာ မြင်ပြီးနောက်မှာတော့... မြူခိုးဂိုဏ်းအပေါ် ထားရှိသည်ပ သူ့အမြင် ပြောင်းလဲသွားခဲ့ရသည်။ အထက်အဆင့်ဂိုဏ်းတွေထက် မညံ့ဘူးဟု ယူဆလိုက်မိ၏။

"ထားလိုက်ပါတော့... ဂိုဏ်းချုပ်ယဲ့က ကျွန်တော်တို့ မိသားစုကို ကယ်တင်ပေးခဲ့တာ... မြို့ထဲခေါ်သွားပြီး စားသောက်ပွဲ လုပ်ပေးမှ ဖြစ်မယ်" အိုးယန်ဟောက်က ရင်ဘတ်ပုတ်ပြီး ပြောလိုက်၏။

"စားသောက်ပွဲ လုပ်ဖို့ မလိုပါဘူး... ကျွန်တော် သူတို့ကို ဂိုဏ်းခေါ်သွားပြီး စာရင်းသွင်းရဦးမယ်"

ယဲ့ဖုန်းက အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့ကို ညွှန်ပြပြီး စိတ်လောနေသည်။

အကဲဖြတ်ကာလ တာဝန်ပြီးဖို့ လက်တစ်ကမ်းပဲ လိုတော့တာလေ။ ဘယ်မှာ စားသောက်ပွဲ လုပ်ချိန် ရှိပါ့မလဲ။ အချက်အလက်တွေ အမြန် စာရင်းသွင်းပြီး တပည့်သစ် လက်ဆောင်ထုပ် ယူရဦးမယ်။

"ဒီလိုလုပ်ပါလား ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက တူမောင်နှစ်ယောက်ကို ခေါ်ပြီး ဂိုဏ်းပြန် စာရင်းသွင်းလိုက်... ကျွန်တော်က ယောက်ဖကို မြို့ထဲ ပြန်လိုက်ပို့ပေးမယ်... ညနေကျရင် ကျိုးမိသားစု ကိုယ်စား မြူခိုးဂိုဏ်း တစ်ဂိုဏ်းလုံးကို စားသောက်ပွဲ ဖိတ်ပါရစေ... ညနေကျရင် လူလွှတ်ပြီး လာခေါ်ခိုင်းပါ့မယ်"

ကျိုးကျားချန်က အပေးအယူ မျှတအောင် စီစဉ်ပေးလိုက်၏။

"ကောင်းပြီလေ... ပြဿနာ မရှိပါဘူး"

ညနေဘက် ဆိုတော့ အချိန်ရသေးသည်။ ယဲ့ဖုန်း သဘောတူလိုက်၏။

"ဒါဆိုရင် သွားကြတာပေါ့"

အိုးယန်ဟောက် ခေါင်းညိတ်လိုက်၏။

"ခွင့်ပြုပါဦး" ယဲ့ဖုန်းက အားလုံးကို နှုတ်ဆက်လိုက်ပြီး၊ မိုယင် ထုတ်လွှတ်ပေးထားသော ဓားပျံပေါ်သို့ ခုန်တက်လိုက်၏။ အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့ကိုပါ ခေါ်ဆောင်ပြီး ကောင်းကင်ယံသို့ ပျံသန်း ထွက်ခွာသွားလေတော့၏။

"ယောက်ဖ... မြို့ထဲ ပြန်ကြစို့... အစ်မကြီးက ခင်ဗျားတို့ကို မျှော်နေတာ ကြာပြီ" ကျိုးကျားချန်က ပြောလိုက်၏။

"ဒဏ်ရာရတဲ့ သူတွေကို အရင် ပြုစုပေးလိုက်ကြဦး... ပြီးမှ သွားကြတာပေါ့"

အိုးယန်ဟောက်က လက်အောက်ငယ်သားများကို စာနာတတ်သူ ပီပီ အနားယူခိုင်းလိုက်၏။

...

မြူခိုးတောင်ထိပ်...

လီကျောက်ကျောက်သည် ချောက်ကမ်းပါး အစွန်းတွင် ရပ်လျက် မျှော်လင့်တကြီး စောင့်ဆိုင်းနေသည်။

ယဲ့ဖုန်းနှင့် မိုယင် ပြန်ရောက်လာသည်ကို မြင်သောအခါ မျက်လုံးများ အရောင်တောက်သွားပြီး စပ်စုလိုက်၏။

"ဂိုဏ်းချုပ်ဦးလေး... ပြန်ရောက်လာပြီလား... ဒီ မောင်လေးနဲ့ ညီမလေးက ဘယ်သူတွေလဲဟင်"

"ဒါ အိုးယန်ဖုန်း နဲ့ အိုးယန်ယွီ ပါ... ဒီနေ့ကစပြီး သူတို့က ငါတို့ဂိုဏ်းရဲ့ ဒသမမြောက်နဲ့ ဧကာဒသမ (၁၁) ယောက် မြောက် တပည့်တွေ ဖြစ်သွားပြီ"

ယဲ့ဖုန်း ပျော်ရွှင်စွာ ပြောလိုက်၏။

သူသည် မောင်နှမနှစ်ယောက်ကို ဂိုဏ်းချုပ်ခန်းမဆောင်ထဲသို့ အလျင်အမြန် ဆွဲခေါ်သွားပြီး၊ မှတ်တမ်းစာအုပ် ထုတ်ကာ အမြန်ဆုံး စာရင်းသွင်းလိုက်၏။

ဂိုဏ်းချုပ်တံဆိပ်တုံး ထုလိုက်သည်နှင့် တစ်ပြိုင်နက် ထူးဆန်းသော ခံစားမှုတစ်ခု ရင်ထဲသို့ ဝင်ရောက်လာသည်။

"တီတီ.. စာရင်းသွင်းတပည့် 'အိုးယန်ဖုန်း' ကို လက်ခံရရှိပါပြီ... အဆင့်နိမ့် ပါရမီ၊ ကျင့်ကြံခြင်းအဆင့် မရှိသေးပါ"

"တီတီ.. စာရင်းသွင်းတပည့် 'အိုးယန်ယွီ' ကို လက်ခံရရှိပါပြီ... အဆင့်နိမ့် ပါရမီ၊ ကျင့်ကြံခြင်းအဆင့် မရှိသေးပါ"

စနစ်၏ အသိပေးသံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း ကြည့်လိုက်ရာ တာဝန်ပြီးစီးမှုနှုန်းသည် "၉၉%" သို့ ရောက်ရှိသွားသော်လည်း (၁၀၀%) မပြည့်သေးပေ။

စိတ်ညစ်သွားစဉ်မှာပင် စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာသည်။

"ဂုဏ်ပြုပါတယ်... လက်ခံသူသည် (၇) ရက်အတွင်း တပည့် (၁၀) ဦး စုဆောင်းနိုင်ခဲ့ပါပြီ... ဂိုဏ်းသား (၃) ဦးနှင့် စာရင်းသွင်းတပည့် (၇) ဦး ပါဝင်ပြီး၊ အမြင့်ဆုံး ကျင့်ကြံခြင်းအဆင့်မှာ ချီစုစည်းခြင်း (၇) ဆင့်မြောက်အထိ ရှိနေသဖြင့် သတ်မှတ်ချက်ထက် ကျော်လွန် အောင်မြင်ခဲ့ပါတယ်"

အသံဆုံးသည်နှင့် တာဝန်ပြီးစီးမှုနှုန်းသည် "၁၀၀%" သို့ ချက်ချင်း ရောက်ရှိသွား၏။

"ဂုဏ်ပြုပါတယ်... အကဲဖြတ်ကာလ တာဝန် ပြီးမြောက်သွားပါပြီ... စနစ်သည် လက်ခံသူနှင့် အပြီးအပိုင် ချိတ်ဆက်သွားပြီ ဖြစ်ပြီး ပြန်လည် ပြောင်းလဲ၍ မရနိုင်တော့ပါ"

"တီတီ.. ကိုယ်ပိုင်အချက်အလက်များ မွမ်းမံပြီးပါပြီ... 'အစွမ်းအထက်ဆုံး ဂိုဏ်းချုပ်စနစ်' ပိုင်ရှင် ဖြစ်လာသည့်အတွက် ဂုဏ်ပြုပါတယ်"

"တပည့်သစ်လက်ဆောင်ထုပ်ကို ယခု ဖွင့်လှစ်ပေးပါမယ်... သတ်မှတ်ချက်ထက် ကျော်လွန်အောင်မြင်ခဲ့သဖြင့် လက်ဆောင်ထုပ်၏ အရည်အသွေးကို မြှင့်တင်ပေးလိုက်ပါသည်... ကျေးဇူးပြု၍ စစ်ဆေးကြည့်ရှုပါ"

စနစ်၏ အသံ ထပ်မံ ထွက်ပေါ်လာပြီးနောက်၊ ယဲ့ဖုန်း၏ မျက်စိရှေ့မှောက်တွင် အပြာရောင် စာတန်းများ ပေါ်လာသည်။

[ အဆင့်နိမ့် 'ချီကျင့်ကြံဆေးလုံး' x ၁၀ ]

[ ဂိုဏ်းသိုလှောင်ခန်း x ၁၀ ကုဗမီတာ ]

[ ပထမအဆင့် သိုင်းပညာ 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း' ]

[ အထောက်အကူပြု ကျင့်စဉ် 'ဒုတိယ ချီပင်လယ် - အပိုင်း (၁)' ]

[ အဆင့်နိမ့် ဝိညာဉ်လက်နက် 'ဝိညာဉ်မူလ နာရီ' ]

စုစုပေါင်း ဆုလာဘ် (၅) မျိုး။

ယဲ့ဖုန်း စိတ်လှုပ်ရှားသွား၏။

"မင်းတို့ ဂျူနီယာ မောင်လေး ညီမလေးတွေကို ဂိုဏ်းအကြောင်း လိုက်ပြပြီး မိတ်ဆက်ပေးလိုက်ကြဦး... ငါ လုပ်စရာလေး ရှိသေးလို့"

ပြောပြီးသည်နှင့် ဂိုဏ်းချုပ်ခန်းမဆောင် တံခါးကို ပိတ်လိုက်၏။

စမ်းသပ်ကြည့်ပြီးနောက်... မျက်စိရှေ့ရှိ စာတန်းများကို စိတ်ဖြင့် ထိလိုက်သည်နှင့် သက်ဆိုင်ရာ အချက်အလက်များ ခေါင်းထဲသို့ စီးဝင်လာကြောင်း ယဲ့ဖုန်း တွေ့ရှိလိုက်ရသည်။

[ အဆင့်နိမ့် ချီကျင့်ကြံဆေးလုံး - ကျင့်ကြံခြင်းအဆင့် တိုးတက်စေရန် အသုံးပြုသော ဆေးလုံး၊ ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူများအတွက် သင့်လျော်သည် ]

"ကျင့်ကြံခြင်းအဆင့် တိုးစေတဲ့ ဆေးလုံးပဲ... မဆိုးဘူး"

ယဲ့ဖုန်း ကျေနပ်သွား၏။

ရှန်ကျိုးကုန်းမြေတိုက်ကြီးတွင် ဆေးလုံးများနှင့် ကျင့်ကြံခြင်း အဆင့်များသည် ဆက်စပ်မှု ရှိသည်။

ချီဆေးလုံး ၊မူလဆေးလုံး ၊ ဝိညာဉ်ဆေးလုံး ၊ နတ်ဘုရားဆေးလုံး၊ လေဟာနယ်ဆေးလုံး နှင့် သူတော်စင်ဆေးလုံး ဟူ၍ အဆင့်ဆင့် ခွဲခြားထားသည်။

အဆင့်တိုင်းကို အနိမ့်၊ အလယ်၊ အထက် နှင့် ထိပ်တန်း ဟူ၍ (၄) မျိုး ထပ်မံ ခွဲခြားထားပြန်သည်။

အဆင့်နိမ့် ချီကျင့်ကြံဆေးလုံးသည် အနိမ့်ဆုံးအဆင့် ဆေးလုံး ဖြစ်သော်လည်း ဈေးမပေါပေ။ တစ်လုံးလျှင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅) တုံးခန့် တန်ဖိုးရှိသည်။

ယဲ့ဖုန်း ဆက်လက် ဖတ်ရှုလိုက်၏။

[ ဂိုဏ်းသိုလှောင်ခန်း - စနစ်နှင့် တွဲဖက်ပါရှိသော လုံခြုံစိတ်ချရသည့် လျှို့ဝှက်နေရာ၊ ပစ္စည်းများကို အချိန်မရွေး သိမ်းဆည်း/ထုတ်ယူနိုင်သည်၊ ကနဦး ပမာဏ (၁၀) ကုဗမီတာ ]

ယဲ့ဖုန်း စမ်းသပ်ကြည့်ရာ လုံးဝ လုံခြုံသော ဒိုင်မန်းရှင်း နေရာလပ် တစ်ခုနှင့် ချိတ်ဆက်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ အရွယ်အစား သိပ်မကြီးပေ။ အလျား၊ အနံ (၂) မီတာစီနှင့် အမြင့် (၂.၅) မီတာ ရှိပြီး စုစုပေါင်း (၁၀) ကုဗမီတာ အတိအကျ ဖြစ်သည်။

"ဒါကို ဂိုဏ်းသိုလှောင်ခန်း လို့ ခေါ်တာကိုး... တနည်းအားဖြင့် စနစ်သိုလှောင်ခန်း ပေါ့" ယဲ့ဖုန်း ရေရွတ်လိုက်၏။

သူ့စိတ်အာရုံကို သိုလှောင်ခန်းထဲသို့ ပို့လွှတ်လိုက်ရာ၊ လက်မအရွယ်အစားခန့် ရှိသော အဖြူရောင် ဆေးလုံး (၁၀) လုံးကို တွေ့လိုက်ရသည်။

ဒါ့အပြင် ရှေးဟောင်း စာအုပ်နှစ်အုပ်နှင့် လက်ဖက်ရည်ခွက် အရွယ်အစားခန့်ရှိသော ကြေးဝါရောင် နာရီအိုကြီး တစ်လုံးလည်း ရှိနေသေးသည်။

"ကျန်တာတွေက ပထမအဆင့် သိုင်းပညာ 'အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း'၊ အထောက်အကူပြု ကျင့်စဉ် 'ဒုတိယ ချီပင်လယ် - အပိုင်း (၁)' နဲ့ အဆင့်နိမ့် ဝိညာဉ်လက်နက် 'ဝိညာဉ်မူလ နာရီ' ဖြစ်ရမယ်"

ယဲ့ဖုန်း တစ်ယောက်တည်း တွက်ဆလိုက်၏။

ရုတ်တရက် မျက်လုံးများ ပြူးကျယ်သွားပြီး၊ "ဒုတိယ ချီပင်လယ် - အပိုင်း (၁)" ဟူသော စာအုပ်ကို စူးစိုက်ကြည့်လိုက်မိ၏။

"နေပါဦး... ဒါက အထောက်အကူပြု ကျင့်စဉ်လား... သိုင်းပညာ မဟုတ်ဘူးလား... ငါ မှားဖတ်မိတာများလား" ယဲ့ဖုန်း အသက်ပြင်းပြင်း ရှူသွင်းလိုက်မိ၏။

တကယ်လို့သာ အထောက်အကူပြု ကျင့်စဉ် ဖြစ်ခဲ့မယ်ဆိုရင်... ဒီတပည့်သစ်လက်ဆောင်ထုပ်ရဲ့ တန်ဖိုးက ကြောက်စရာ ကောင်းလောက်အောင် ကြီးမားနေပြီ။

အထောက်အကူပြု ကျင့်စဉ်တစ်ခုကို ဝယ်ဖို့ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး (၁၀၀၀) ကနေ စတာ... တချို့ဆိုရင် ဝယ်လို့တောင် မရနိုင်လောက်အောင် ရှားပါးတာလေ။

ယဲ့ဖုန်းသည် စိတ်လှုပ်ရှားစွာဖြင့် "ဒုတိယ ချီပင်လယ် - အပိုင်း (၁)" ၏ မိတ်ဆက်စာမျက်နှာကို ဖွင့်လိုက်လေသည်။

အခန်း (၂၇) - ကျားလီအန်း၏ ခရီးစဉ်

~ယဲ့ဖုန်း မိတ်ဆက်စာကို ဖတ်ကြည့်လိုက်၏။

[ "ဒုတိယ ချီပင်လယ် - အပိုင်း (၁)" : လျှို့ဝှက်ဆန်းကြယ်သူ တစ်ဦး ဖန်တီးခဲ့သော အထောက်အကူပြု ကျင့်စဉ်။ ကျင့်ကြံပြီးပါက မူလ ချီပင်လယ်၏ အထက်တွင် နောက်ထပ် အရန် ချီပင်လယ် တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပြီး၊ အဆင့်တူ ကျင့်ကြံသူများထက် ဝိညာဉ်စွမ်းအင် ပိုမို သိုလှောင်ထားနိုင်စေသည်... ]

စာသားများ ရှည်လျားစွာ ဆက်လက် ဖော်ပြထားသဖြင့် ယဲ့ဖုန်း စာလုံးတိုင်းကို ဂရုတစိုက် ဖတ်ရှုပြီးနောက် နားထင်ကို နှိပ်နယ်လိုက်ရသည်။

"စွမ်းအင် သိုလှောင်မှု ပမာဏ တိုးစေတဲ့ အထောက်အကူပြု ကျင့်စဉ်ပဲ... သိပ်တော့ မစွမ်းလှဘူး"

"ဒါပေမဲ့... ဝိညာဉ်စွမ်းအင် ပိုသိုလှောင်ထားနိုင်ရင် သိုင်းကွက်တွေ ပိုထုတ်နိုင်မယ်... တိုက်ပွဲမှာ ပိုကြာကြာ တောင့်ခံနိုင်မယ်"

"ပြီးတော့... ဒုတိယ ချီပင်လယ် ကျင့်ကြံပြီးသွားရင် အဆင့်တက်ဖို့ ပိုခက်ခဲသွားတာမျိုး မရှိဘူး... ယေဘုယျအားဖြင့် ကြည့်ရင် မဆိုးပါဘူး"

"ပြဿနာက... အခု ငါ့လက်ထဲမှာ ရှိတာက အပေါ်ပိုင်းပဲ ရှိသေးတယ်... ကျင့်ကြံပြီးသွားရင် ကိုယ်ပိုင် ချီပင်လယ် ပမာဏရဲ့ သုံးပုံတစ်ပုံလောက်ပဲ တိုးလာမှာ... အဆင့် နည်းနည်းလေး တက်သွားတာနဲ့ တူတယ်"

"မိတ်ဆက်စာ အရဆိုရင်... ဒီကျင့်စဉ်က အပေါ်၊ အလယ်၊ အောက် ဆိုပြီး (၃) ပိုင်း ခွဲထားတယ်... အောက်ပိုင်းထိ ပြီးအောင် ကျင့်ကြံနိုင်ရင် ကိုယ်ပိုင် ချီပင်လယ် ပမာဏနဲ့ တန်းတူ ဒုတိယ ချီပင်လယ် တစ်ခု ရလာမယ်... ဆိုလိုတာက စုစုပေါင်း စွမ်းအင် ပမာဏ (၂) ဆ ဖြစ်သွားမှာပေါ့... ဒါဆိုရင်တော့ တော်တော် မိုက်သွားပြီ"

သုံးလိုက်ရင်

ယဲ့ဖုန်း သဘောပေါက်သွား၏။ သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်များ တောက်ပလာသည်။ "ဒုတိယ ချီပင်လယ်" အပြည့်အစုံ ရရှိရန် စိတ်အားထက်သန်လာသည်။

ထို့နောက် ယဲ့ဖုန်းသည် "အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း" သိုင်းပညာကို ကြည့်လိုက်၏။

[ "အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း" : အာရုံခံစားမှုနှင့် သက်ဆိုင်သော ပထမအဆင့် သိုင်းပညာ။ ကျင့်ကြံပြီးပါက ဝိညာဉ်စွမ်းအင်များကို အပြင်ဘက်သို့ စက်ဝိုင်းပုံစံ အလွှာပါးလေး တစ်ခုအဖြစ် ဖြန့်ကျက်နိုင်ပြီး၊ ထိတွေ့မိသမျှ အရာအားလုံးကို စိတ်ထဲတွင် ပုံရိပ်ဖော်ပေးနိုင်သည်... ]

မိတ်ဆက်စာက သိပ်မရှည်သဖြင့် ယဲ့ဖုန်း လျှင်မြန်စွာ ဖတ်ရှုလိုက်၏။

"ချီစုစည်းခြင်း (၁) ဆင့်မြောက် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီသိုင်းပညာကို ... (၁၀) မီတာ ပတ်လည် အတွင်းမှာ ရှိတဲ့ အရာအားလုံးကို အာရုံခံနိုင်တယ်... နံရံခြားနေရင်တောင် ဖောက်မြင်နိုင်တယ်... တော်တော် ကောင်းတာပဲ"

"ကျွမ်းကျင်မှု မြင့်မားလေ... အာရုံခံနိုင်စွမ်း ပိုတိကျလေပဲ"

"အာရုံခံနိုင်တဲ့ အကွာအဝေးကတော့ ကျင့်ကြံခြင်းအဆင့် မြင့်လာတာနဲ့အမျှ တိုးလာမှာပါ"

ယဲ့ဖုန်း စဉ်းစားလိုက်၏။ ဒီသိုင်းပညာက စနစ်က ပေးသော ပရီမီယံ လက်ဆောင် ဆိုတော့ ကောင်းမှာ သေချာသည်။

နောက်ဆုံးတွင် သူသည် အဆင့်နိမ့် ဝိညာဉ်လက်နက် "ဝိညာဉ်မူလ နာရီ" ကို အာရုံစိုက်လိုက်၏။

စိတ်ကူးလိုက်ရုံဖြင့်...

ဝိညာဉ်မူလ နာရီ သည် ယဲ့ဖုန်း၏ လက်ဖဝါးပေါ်တွင် ပေါ်လာသည်။

ကြေးဝါရောင် ရှေးဟောင်းပုံစံ ဖြစ်ပြီး၊ လက်ဖက်ရည်ခွက်လောက်သာ မြင့်မား၏။ သိပ်မလေးလှပေ။

ထူးဆန်းသည်မှာ... ယဲ့ဖုန်းသည် ထိုနာရီနှင့် အထူးတလည် ဆက်နွှယ်မှု တစ်ခု ရှိနေသလို ခံစားရပြီး၊ သူ့စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိနေခြင်းပင်။

[ ဝိညာဉ်မူလ နာရီ - အဆင့်နိမ့် ဝိညာဉ်လက်နက်၊ ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် အောက်ရှိ မည်သည့်အရာကိုမဆို ဖိနှိပ် ချုပ်တည်းထားနိုင်သည်၊ "ဝိညာဉ်ဆွဲဆောင်ခြင်း အခင်းအကျင်း"ထွင်းထုထားသဖြင့် သဘာဝ ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူပြီး စွမ်းအင် ပြန်လည် ဖြည့်တင်းနိုင်သည် ]

[ ပိုင်ရှင် - ယဲ့ဖုန်း ]

[ မှတ်ချက် - "လွှဲပြောင်းပေးအပ်ခြင်း" လုပ်ဆောင်ချက် ပါရှိပြီး၊ ပိုင်ရှင်သည် အခြားသူ တစ်ဦးအား ယာယီ အသုံးပြုခွင့် ပေးနိုင်သည် ]

သတင်းအချက်အလက်များကို သိရှိပြီးနောက် ယဲ့ဖုန်း ဝမ်းသာသွား၏။

သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအစွမ်းကို အသုံးမပြုနိုင်သဖြင့် ဓားပျံတောင် မစီးနိုင်ဘဲ စိတ်ညစ်နေရတာ။

အခုတော့ မတူတော့ဘူး။ ကိုယ်ပိုင်အစွမ်း မသုံးနိုင်ရင်တောင်၊ ဒီ ဝိညာဉ်မူလ နာရီ ကိုတော့ အသုံးပြုလို့ ရနေပြီ။

ယဲ့ဖုန်းသည် နာရီအသုံးပြုပုံကို စတင် လေ့လာလေသည်။

ဂိုဏ်းချုပ်ခန်းမဆောင် အပြင်ဘက်တွင်...

ရှီလေ့သည် အိုးယန်ဖုန်းနှင့် အိုးယန်ယွီ တို့ကို ဂိုဏ်းဝင်းအတွင်း လိုက်လံ ပြသနေပြီး၊ ဂိုဏ်းသားများနှင့် မိတ်ဆက်ပေးနေသည်။ အားလုံး ရင်းနှီးလာကြ၏။

ထိုအချိန်တွင် (၁၀) မိုင်အကွာတွင်...

ကျားလီအန်းနှင့် ကျားယွိလန်တို့ အရှေ့ဘက် မြို့တံခါးမှ ထွက်ခွာလာကြ၏။

"သမီး... ဒီနေ့ အဖေ မြူခိုးဂိုဏ်းကို သေချာ စစ်ဆေးမယ်... စိတ်တိုင်းမကျရင် မင်း ချက်ချင်း ပြန်ထွက်ရမယ်နော်"

ကျားလီအန်းက တင်းမာစွာ ပြောလိုက်၏။

သူသည် ဝတ်ရုံထဲမှ ဝါးရွက်ပုံစံ ဝိညာဉ်လက်နက်တစ်ခုကို ထုတ်ယူလိုက်ပြီး မြေကြီးပေါ် ချလိုက်၏။ ချက်ချင်းပင် (၁) မီတာ အကျယ်၊ (၇) မီတာ အရှည်ရှိသော ဝါးရွက်ကြီး တစ်ရွက်အဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်တွင် လေခိုနေလေသည်။

"ဒါ အဆင့်နိမ့် ပျံသန်းခြင်း ဝိညာဉ်လက်နက် 'ဝါးရွက်လှေ' ပါလား... ကျားမိသားစုက ကျင့်ကြံသူတွေများလား"

"ကြားဖူးတာတော့ ဝါးရွက်လှေ တစ်စင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅၀) တောင် ပေးရတယ်တဲ့... သာမန်လူတွေ မတတ်နိုင်ဘူး"

"အရောင်က စိမ်းလွန်းနေပေမဲ့... ငါလည်း စီးကြည့်ချင်လိုက်တာ"

ဘေးနားမှ လူများ အားကျစွာ ကြည့်နေကြစဉ်၊ ကျားလီအန်း၊ ကျားယွိလန်၊ ရှဟဲ နှင့် ချိုကျူ တို့သည် ဝါးရွက်လှေပေါ် တက်လိုက်ကြပြီး မြူခိုးတောင်ထိပ်ဆီသို့ ငြိမ့်ညောင်းစွာ ပျံသန်းသွားကြလေသည်။

...

မြူခိုးတောင်ထိပ်...

ယဲ့ဖုန်း ဂိုဏ်းချုပ်ခန်းမဆောင် တံခါးကို ဖွင့်လိုက်၏။

သူသည် ဝိညာဉ်မူလ နာရီ အသုံးပြုပုံကို တတ်မြောက်သွားပြီ ဖြစ်သလို၊ "ဒုတိယ ချီပင်လယ် - အပိုင်း (၁)" နှင့် "အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း" ကျင့်စဉ်များကိုလည်း နားလည်သဘောပေါက်သွားပြီ ဖြစ်သည်။

စနစ်က ပေးသော ကျင့်စဉ်တွေ၊ သိုင်းပညာတွေ အကုန်လုံးကို သူက တစ်ချက်ကြည့်ရုံနှင့်၊ နားလည်နိုင် သော်လည်း၊ ကိုယ်တိုင် ကျင့်ကြံဖို့ ကြိုးစားသည့် အခါကျလျှင်တော့ အသုံးမကျတော့ပေ။

သို့သော်၊ သူ့ခေါင်းထဲမှာ အသိပညာတွေ ရှိနေပြီ ဆိုတော့... တပည့်တွေကို ပြန်သင်ပေးဖို့က ဘာခက်ခဲလို့လဲ။

"ဖြောင်း... ဖြောင်း... ဖြောင်း"

ယဲ့ဖုန်း ခြံဝင်းထဲ ထွက်ရပ်လိုက်ပြီး လက်ခုပ်တီးကာ တပည့်အားလုံးကို ခေါ်လိုက်၏။

"ဒုတိယ ချီပင်လယ်" က အထောက်အကူပြု ကျင့်စဉ် ဖြစ်လို့ အခုချိန်မှာ သင်ပေးဖို့ စောလွန်းနေသေးတယ်။ ဂိုဏ်း အင်အားတောင့်တင်းလာမှ သင်ပေးတာ ပိုကောင်းမယ်။ မဟုတ်ရင် သတင်းပေါက်ကြားပြီး ဂိုဏ်းပျက်စီးသွားနိုင်တယ်။

"အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း" ကတော့ ပထမအဆင့် သိုင်းပညာပဲ ရှိသေးတာမို့ စိတ်ပူစရာ မလိုဘဲ တန်းသင်ပေးလို့ ရတယ်။

"ဂိုဏ်းချုပ်ဦးလေး... ဘာကိစ္စလဲဟင်"

လီကျောက်ကျောက် အရင်ဆုံး ပြေးထွက်လာသည်။ နောက်မှ တခြားတပည့်တွေ လိုက်လာကြပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြ၏။

"ငါ့မှာ..."

ယဲ့ဖုန်းသည် "အရပ်မျက်နှာပေါင်းစုံ ဝိညာဉ်အာရုံခံနိုင်စွမ်း" စာအုပ်ကို ထုတ်ပေးရန် ပြင်လိုက်စဉ်မှာပင်၊ အပြင်ဘက်မှ ဩဇာပြည့်ဝသော အသံ တစ်ခု ထွက်ပေါ်လာသည်။

"ဂိုဏ်းချုပ်ယဲ့... ကျုပ်က ကျားမိသားစု ခေါင်းဆောင် ကျားလီအန်း ပါ... သမီးလေး ကျားယွိလန် နဲ့အတူ လာလည်တာပါ"

အသံဆုံးသည်နှင့် ဝါးရွက်ကြီး တစ်ရွက် ကောင်းကင်မှ ဆင်းသက်လာပြီး ဂိုဏ်းတံခါးဝ အပြင်ဘက် ကွင်းပြင်တွင် ရပ်တန့်သွား၏။

"ကျားယွိလန်ရဲ့ အဖေတောင် လိုက်လာတာလား"

ယဲ့ဖုန်း အံ့သြသွားပြီး တပည့်များကို ခေါ်လျက် ထွက်ကြိုလိုက်၏။ အပြင်တွင် ရပ်နေသော လူ (၄) ယောက်ကို တွေ့လိုက်ရသည်။

"ဒါ ဂိုဏ်းချုပ်ယဲ့ ဖြစ်ရမယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်း ရှိသားပဲ... ကျုပ်က ယွိလန်ရဲ့ အဖေ ကျားလီအန်း ပါ"

ကျားလီအန်းက ယဲ့ဖုန်းကို မြင်သည်နှင့် ချီးမွမ်းစကား ဆိုလိုက်၏။

ဒါပေမဲ့ စိတ်ထဲမှာတော့... "ကောလာဟလတွေအတိုင်းပဲ... ဒီကောင်က သာမန်လူပဲ... ငါ့သမီး ဒီမှာ နေလို့ မဖြစ်ဘူး... သူ့အနာဂတ် လမ်းကြောင်း ပိတ်သွားလိမ့်မယ်" ဟု တွေးတောနေသည်။

"ကျားမိသားစု ခေါင်းဆောင်ကြီး ကိုယ်တိုင် ကြွရောက်လာတာ ဂုဏ်ယူစရာပါပဲ"

ယဲ့ဖုန်း၏ တုံ့ပြန်မှုက အနည်းငယ် ဖာသိဖာသာ နိုင်နေသည်။

ကျားလီအန်းကို မခန့်လေးစား လုပ်ချင်၍ မဟုတ်ပေ။ တောင်တက်လမ်းဘက်ကနေ ရင်းနှီးနေသော ဟိန်းဟောက်သံကြီး ကြားလိုက်ရ၍ စိတ်ညစ်သွားသည်ပင်။

အစ်ကိုကြီး ခေါင်းပြား အရိုက်ခံဖို့ လာပြန်ပြီ။

"အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတစ်ကောင် လာနေတယ်"

ကျားလီအန်းသည် အနောက်ဘက်မှ ပြင်းထန်သော နတ်ဆိုးအရှိန်အဝါကို ခံစားမိလိုက်ပြီး၊ ချက်ချင်းပင် (၃) မီတာ အချင်းရှိသော စက်ဝိုင်းခြမ်းပုံစံ အလွှာ တစ်ခု ဖန်တီးကာ သူနှင့် သမီးဖြစ်သူ၊ အစေခံလေး နှစ်ယောက်တို့ကို ကာကွယ်လိုက်၏။

‘မြူခိုးဂိုဏ်းရဲ့ အင်အားနဲ့ဆိုရင် အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲကို ဘယ်လိုမှ နိုင်မှာ မဟုတ်ဘူး... ခဏနေရင် ယဲ့ဖုန်းက ငါ့ကို အကူအညီ တောင်းရတော့မှာ... အဲ့ဒီကျရင် ငါက အကြောင်းပြချက်ကောင်းကောင်းနဲ့ ငါ့သမီးကို ပြန်ခေါ်သွားလို့ ရပြီ... ဒီဂိုဏ်းက လုံခြုံမှု မရှိဘူး ဆိုပြီးတော့လေ’

မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျားလီအန်း အကြံကောင်း တစ်ခု ရလိုက်၏။

နောက်တစ်ခဏတွင် အစ်ကိုကြီး ခေါင်းပြား ရောက်ရှိလာသည်။

ထုံးစံအတိုင်း မတ်တပ်ရပ်လိုက်ပြီး၊ သွားဖြဲ လက်သည်းထုတ်ကာ ယဲ့ဖုန်းဆီသို့ ဒေါသတကြီး ပြေးဝင်လာသည်။

ဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ ဒူးခေါင်းလောက် မြင့်သော မြက်ပင်များသည် ၎င်း၏ ပြင်းထန်သော အရှိန်အဝါကြောင့် လဲကျကုန်ကြ၏။ အစ်ကိုကြီး ခေါင်းပြား ဘယ်လောက် ဒေါသထွက်နေလဲ ဆိုတာ သိသာနေသည်။

"ပြင်းထန်လိုက်တဲ့ နတ်ဆိုးအရှိန်အဝါ"

ကျားလီအန်း မျက်လုံးများ လှုပ်ရှားသွား၏။ သူကိုယ်တိုင်တောင် ဒီကောင်နှင့်ဆိုလျှင် သရေလောက်ပဲ တိုက်နိုင်မည် ထင်သည်။

သူ စိုးရိမ်သွားပြီး ယဲ့ဖုန်းကို ထွက်ပြေးဖို့ သတိပေးရန် ပြင်လိုက်၏။

သို့သော် လှည့်ကြည့်လိုက်သောအခါ... ယဲ့ဖုန်းနှင့် မြူခိုးဂိုဏ်းသားများသည် ကြောက်ရွံ့ပုံ မပေါ်ဘဲ စိတ်မရှည်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

ဘာမျက်နှာထားကြီးတွေလဲ။

ကျားလီအန်း နားမလည်နိုင် ဖြစ်သွား၏။

ယဲ့ဖုန်းက ကျားလီအန်း၏ အမူအရာကို မြင်သောအခါ ကြောက်နေသည်ဟု ထင်မှတ်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ကျားမိသားစု ခေါင်းဆောင်ကြီး... စိတ်မပူပါနဲ့... ဒီသားရဲက သိပ်မစွမ်းပါဘူး... ခြေထောက်တစ်ချက် ကန်လိုက်ရင် လွင့်သွားမယ့်ကောင်ပါ"

ပြောပြီးသည်နှင့် ယဲ့ဖုန်း ရှေ့ထွက်သွားပြီး ကန်ထုတ်လိုက်၏။

အစ်ကိုကြီး ခေါင်းပြားခမျာ အကြိမ် (၁၀၀) မြောက် တောင်အောက်သို့ လိမ့်ကျသွားပြန်သည်။ မီးခိုးရောင် ဝံပုလွေကြီး လိုမျိုး "ငါ ပြန်လာခဲ့မယ်" ဟု အော်သွားမလားတော့ မသိပေ။

"ဟာ"

ကျားလီအန်း မျက်လုံးများ ပြူးကျယ်သွားပြီး၊ လက်ဟန် ဖော်ထားသော လက်များ တုန်ရီသွားလေတော့၏။

All Chapters