အခန်း (၂၈-၃၀)
Vol. 2 Ch. 28-30
အခန်း (၂၈) - သဘောထား ပြောင်းလဲခြင်း
~သနားစရာကောင်းသော အစ်ကိုကြီး ခေါင်းပြားကို တောင်အောက်သို့ ကန်ချလိုက်ပြီးနောက်၊ ယဲ့ဖုန်းသည် ပြုံးရွှင်သော မျက်နှာထားဖြင့် ပြန်လှည့်လာပြီး ကျားလီအန်းကို ပြောလိုက်၏။
"ကိစ္စပြီးပါပြီ... ကျားမိသားစု ခေါင်းဆောင်ကြီး အနေနဲ့ အကာအကွယ်လွှာကို ရုတ်သိမ်းလိုက်လို့ ရပါပြီ... ဒီအတိုင်း ဆက်ဖွင့်ထားရင် ဝိညာဉ်စွမ်းအင်တွေ ဖြုန်းတီးရာ ရောက်ပါလိမ့်မယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ကျားလီအန်း၏ ပါးစပ် လှုပ်ရွသွား၏။
သူ အကာအကွယ်လွှာ ဖွင့်လိုက်တာကို ယဲ့ဖုန်းက ကြောက်လို့ ဖွင့်တယ်လို့ ထင်သွားတာပဲ... ရှက်စရာ ကောင်းလိုက်တာ။
သို့သော်၊ ယဲ့ဖုန်းက အစ်ကိုကြီး ခေါင်းပြားကို ဘယ်လို ကိုင်တွယ်လိုက်သလဲ ဆိုတာ ပြန်တွေးမိပြီး ကျားလီအန်း၏ မျက်နှာထား ပြောင်းလဲသွား၏။
‘ယဲ့ဖုန်းရဲ့ လှုပ်ရှားမှုတွေက ပေါ့ပါးသွက်လက်နေတယ်... နတ်ဆိုးသားရဲရဲ့ တိုက်ခိုက်မှုတွေကို အတိအကျ ရှောင်တိမ်းနိုင်သလို... အဆင့်မြင့် နတ်ဆိုးစစ်သည်အဆင့် သားရဲတစ်ကောင်ကိုတောင် ချေမှုန်းနိုင်လောက်တဲ့အထိ ခန္ဓာကိုယ် ကြံ့ခိုင်မှု ရှိတယ်... တကယ် ကြောက်စရာ ကောင်းတာပဲ’
'ငါ အထင်မှားခဲ့တာပဲ’
"ကြည့်ရတာ ငါ့သမီး မြူခိုးဂိုဏ်းမှာ ဆက်နေတာက ရွေးချယ်မှုကောင်း တစ်ခု ဖြစ်နိုင်တယ်"
ထိုသို့ တွေးမိပြီးနောက်၊ ကျားလီအန်းသည် သမီးဖြစ်သူကို ဂိုဏ်းမှ ပြန်ခေါ်မည်ဟု မပြောခဲ့မိသည်ကို ကျေးဇူးတင်မိလိုက်၏။
မပြောခဲ့သရွေ့ မရှိခဲ့ဘူးလို့ သတ်မှတ်လို့ ရတာပဲလေ။
ထို့ကြောင့် ကျားလီအန်းသည် ချက်ချင်း အကာအကွယ်လွှာကို ရုတ်သိမ်းလိုက်ပြီး၊ ယဲ့ဖုန်းကို လက်သီးဆုပ်ကာ ပြောလိုက်၏။
"ဂိုဏ်းချုပ်ယဲ့က ကောလာဟလတွေအတိုင်း တကယ် စွမ်းတာပဲ... သမီးလေး မြူခိုးဂိုဏ်းကို ဝင်ခွင့်ရတာ ကံကောင်းတာပါပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ ကျားယွိလန် မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ထူးဆန်းစွာ မေးလိုက်၏။ "အဖေ... ဒီမလာခင်တုန်းက သမီးကို ဂိုဏ်းကနေ ထွက်ခိုင်းနေတာ မဟုတ်ဘူးလား"
ကျားလီအန်း မျက်လုံးပြူးပြလိုက်၏။ "ပေါက်ကရ မပြောနဲ့"
အနည်းငယ် မျက်နှာပူသွားသဖြင့်၊ ကျားလီအန်းသည် ရေပေါ်ဖြူမြို့တော် ဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး ပြောသည်။
"အဲ့ဒါ မင်းအဘိုး ပြောတာလေ... တကယ်တော့ အဖေ တစ်ယောက်အနေနဲ့ကတော့ သမီး မြူခိုးဂိုဏ်းဝင်တာကို အမြဲ ထောက်ခံခဲ့တာပါ... မဟုတ်ရင် အဖေက ဒီနေ့ ကိုယ်တိုင် လိုက်လာပါ့မလား"
"ရှင်"
ကျားယွိလန်သည် သူမအဖေ၏ 'လွှဲချနည်းဗျူဟာ' ကြောင့် ကြောင်သွားပြီး ဘာပြောရမှန်း မသိတော့ပေ။
သားအဖနှစ်ယောက် မျက်လုံးချင်း ပြူးကြည့်နေကြသည်ကို မြင်သောအခါ ယဲ့ဖုန်း အကြောင်းရင်းကို မှန်းဆမိလိုက်သော်လည်း၊ ဘာမှ မပြောဘဲ ပြုံးနေလိုက်၏။
"လူစုံပြီဆိုတော့... အထဲဝင်ပြီး စကားပြောကြရအောင်" ယဲ့ဖုန်း ရုတ်တရက် ဖိတ်ခေါ်လိုက်၏။
အခွင့်ကောင်းယူပြီး ကျားလီအန်းသည် သမီးဖြစ်သူနှင့် ဆက်လက် "ငြင်းခုန်" မနေတော့ဘဲ၊ ရေလိုက်ငါးလိုက်ပင် မြူခိုးဂိုဏ်းထဲသို့ ဝင်ရောက်သွားလေသည်။
"ဒုန်း"
ဂိုဏ်းတံခါးကြီး ကန်ကျောက်ခံထားရသဖြင့် ပျက်စီးနေသော်လည်း၊ အချို့သော သစ်သားချပ်များသည် တံခါးဘောင်တွင် တွဲလောင်းကျန်နေခဲ့သည်။ ကျားလီအန်း တံခါးခုံကို ကျော်လိုက်ချိန်တွင် ဆွေးမြည့်နေသော သစ်သားချပ်တစ်ခု ပြုတ်ကျလာပြီး ခေါင်းကို ရိုက်မိလေသည်။
ချီစုစည်းခြင်း (၉) ဆင့်မြောက် ရောက်နေပြီး ခန္ဓာကိုယ် ကြံ့ခိုင်သော်လည်း၊ ကျားလီအန်း နာကျင်မှု မရှိသော်လည်း ဖုန်မှုန့်များ ပေကျံသွားရသည်။
"ဒီတံခါးက..."
ထိုအခါမှ ကျားလီအန်း သတိပြုမိလိုက်၏။ မြူခိုးဂိုဏ်း၏ ခမ်းနားထည်ဝါသော ဝင်ပေါက်ကြီး ပျောက်ဆုံးနေပြီး၊ အတွင်းဘက် ခြံဝင်းသည်လည်း လမ်းဘေးက ဘုရားကျောင်းပျက် တစ်ခုအလား စုတ်ပြတ်သတ်နေသည်ကို တွေ့လိုက်ရသည်။
ယဲ့ဖုန်း၏ မျက်နှာတွင် ရှက်ရွံ့မှုများ ပေါ်လာပြီး ချောင်းဟန့်ကာ ပြောလိုက်၏။ "ကျားမိသားစု ခေါင်းဆောင်ကြီး စိတ်မပူပါနဲ့... ဒီရက်ပိုင်း တပည့်သစ် စုဆောင်းနေရလို့ မအားသေးတာပါ... အချိန်ရရင် ခြံဝင်းကို ပြန်လည် ပြုပြင်မွမ်းမံပြီး၊ တပည့်တိုင်း ကိုယ်ပိုင် အိပ်ခန်းရအောင် စီစဉ်ပေးမှာပါ"
"ကိစ္စမရှိပါဘူးဗျာ... ပတ်ဝန်းကျင် ကြမ်းတမ်းလေ စိတ်ဓာတ်ခွန်အား ပိုတက်ကြွလေပေါ့... သမီးလေး ဒီမှာ ကျင့်ကြံရင် ပိုပြီး တိုးတက်မြန်မှာပါ"
ကျားလီအန်းသည် လိပ်ပြာမလုံစွာ ပြောလိုက်ရသည်။
ယဲ့ဖုန်း၏ အံ့မခန်း စွမ်းရည်ကိုသာ မမြင်ခဲ့ရလျှင်၊ ဒီလောက် စုတ်ပြတ်သတ်နေသော နေရာကို မြင်တာနှင့် သမီးကို ဆွဲပြီး ပြေးမိမှာ သေချာသည်။
"တောင်ထိပ်မှာ ရေအရင်းအမြစ် ရှိရဲ့လားဗျ" ကျားလီအန်း မေးလိုက်၏။
"စိတ်မပူပါနဲ့... ရေအရင်းအမြစ် ရှိပါတယ်... တစ်နှစ်ပတ်လုံး စီးဆင်းနေတာပါ"
ယဲ့ဖုန်းသည် သူတို့ကို ခေါ်ပြီး ဂိုဏ်းချုပ်ခန်းမဆောင်ကို ကွေ့ပတ်ကာ နောက်ဖေးသို့ ခေါ်သွား၏။
အလယ်တွင် မီတာအနည်းငယ် မြင့်မားသော ကျောက်ဆောင် တစ်ခု ရှိပြီး၊ အောက်တွင် စမ်းရေပေါက် ရှိသည်။ ရေကန်ငယ်လေး တစ်ခုအဖြစ် စုဝေးနေပြီး၊ ရေသုံးစွဲရန် အဆင်ပြေလှသည်။
ဘေးပတ်ဝန်းကျင်တွင်မူ မီးဖိုချောင်နှင့် အိမ်သာ တွဲလျက် ပါသော တဲအို တစ်လုံးမှ လွဲ၍ ကျန်တဲများသည် တပည့်များ၏ အိပ်ခန်းများအဖြစ် အသုံးပြုနေကြ၏။
"ဒီပတ်ဝန်းကျင်က..."
ကျားလီအန်း စကားမပြောနိုင် ဖြစ်သွား၏။
သူ့အမြင်တွင် မြူခိုးဂိုဏ်း၏ ယိုင်နဲ့နဲ့ အဆောက်အဦးများသည် သာမန် လယ်သမား တစ်ယောက်၏ ခြံဝင်းနှင့် သိပ်မကွာခြားလှပေ။
ကွာခြာသည် ဟူ၍ လယ်သမားခြံက မြေပြန့်မှာ ရှိပြီး၊ မြူခိုးဂိုဏ်းက တောင်ထိပ်မှာ ရှိနေခြင်းပင်။
"ရေကတော့ အေးမြပြီး ချိုမြိန်သားပဲ... ဘယ်က စီးလာမှန်း မသိပေမဲ့..."
ကျားလီအန်းသည် လက်ခုပ်ဖြင့် ရေခပ်ပြီး တစ်ငုံ သောက်ကြည့်လိုက်ရာ ကျေနပ်ဖွယ် ကောင်းနေသဖြင့် စိတ်သက်သာရာ ရသွား၏။
ယဲ့ဖုန်း အချိန်ကြည့်လိုက်ရာ မွန်းတည့်ချိန် ရောက်နေပြီ ဖြစ်သဖြင့် ပြောလိုက်၏။
"အချိန်လင့်နေပြီ... အားလုံး ထိုင်ပြီး ထမင်းစားကြရအောင်"
"အာ... မလိုပါဘူးဗျာ"
ကျားလီအန်း ခေါင်းခါ ငြင်းဆန်လိုက်၏။
သူက ရှားပါးအစားအစာ ကောင်းကောင်းတွေကို စားသောက်နေကျလေ။ အသီးအရွက်ဆိုရင်တောင် ဝိညာဉ်စမ်းရေနဲ့ စိမ်ထားတာမှ စားတာ။ မြူခိုးဂိုဏ်းရဲ့ ရိုးရှင်းတဲ့ ထမင်းဟင်းတွေကို ဘယ်လိုလုပ် စားဝင်မှာလဲ။
သို့သော် ချက်ချင်းပင် အကြံတစ်ခု ရသွားပြီး စိတ်ပြောင်းလိုက်၏။ "ဒါပေမဲ့... နည်းနည်းလောက်တော့ မြည်းကြည့်တာပေါ့ဗျာ"
တစ်လုပ်လောက်တော့ မျိုချလို့ ရလောက်မှာပါ။
ကျားလီအန်း စိတ်ထဲတွင် တွေးလိုက်၏။
မကြာမီ လီကျောက်ကျောက် ထမင်းဟင်း ပြင်ဆင်ပြီးစီးသွားပြီး ဂိုဏ်းချုပ်ခန်းမဆောင်တွင် ဝိုင်းခင်းလိုက်၏။
"ဟေ... အရသာ မဆိုးဘူးပဲ"
ကျားလီအန်း ဟင်းသီးဟင်းရွက် တစ်လုပ် စားကြည့်လိုက်ရာ မဆိုးကြောင်း တွေ့ရှိလိုက်ရသည်။ နောက်ဖေး စမ်းရေနှင့် ဆေးကြောထား၍ ဖြစ်မည်။
‘ပတ်ဝန်းကျင်က နည်းနည်း ညံ့ပေမဲ့... အစားအသောက်ကတော့ အဆင်ပြေသားပဲ... သမီးလေး ဒီမှာ နေရတာ သိပ်ဒုက္ခ
မရောက်လောက်ပါဘူး... အဓိကက ဂိုဏ်းချုပ်ယဲ့ဆီက ပညာ သင်ယူနိုင်ဖို့ပဲ’
‘မပြည့်စုံတဲ့ 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာကိုတောင် ယဲ့ဖုန်း သင်ပေးနိုင်တယ် ဆိုတော့... ‘
ကျားလီအန်း စိတ်အားထက်သန်လာသည်။
"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက ဒုတိယအဆင့် သိုင်းပညာ 'ပန်းပွင့်ကြွေ မိုးစက်များ' ကို သင်ပေးနိုင်တယ်လို့ ကြားတယ်... ကျွန်တော့်ကိုရော သင်ပေးလို့ ရမလား"
ယဲ့ဖုန်း တွန့်ဆုတ်နေသည်ကို မြင်သောအခါ ကျားလီအန်းသည် "ငွေသုံးမည့် မုဒ်"သို့ ပြောင်းလိုက်၏။
"အခမဲ့ မဟုတ်ပါဘူး... ဂိုဏ်းချုပ်ယဲ့သာ သင်ပေးမယ် ဆိုရင်... မြူခိုးဂိုဏ်း ပြုပြင်မွမ်းမံစရိတ် အကုန်လုံးကို ကျားမိသားစုက တာဝန်ယူပေးပါ့မယ်"
ကျားလီအန်း တွက်ချက်ထားသည်မှာ မြူခိုးဂိုဏ်း ပြုပြင်စရိတ်က အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀) တုံးလောက်ပဲ ကုန်မည်
အဆပေါင်းများစွာ ပိုကုန်လျှင်တောင် ကျားမိသားစုက တတ်နိုင်ပါသည်။
ယဲ့ဖုန်းနှင့် တပည့်များအားလုံး အံ့သြသွားကြ၏။ ကျားယွိလန်ပင်လျှင် မယုံနိုင်အောင် ဖြစ်နေရသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ယဲ့ဖုန်း ပြောလိုက်၏။ "ကျားမိသားစု ခေါင်းဆောင်ကြီး ပိုက်ဆံကုန်ခံစရာ မလိုပါဘူး... ဒါပေမဲ့ ကျွန်တော့်မှာ အချက်တစ်ခု ရှိတယ်"
"ပြောပါ... ပွင့်ပွင့်လင်းလင်း ပြောပါ"
"ကျွန်တော်က 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာကို မြူခိုးဂိုဏ်းက တပည့်တွေကိုပါ သင်ပေးချင်တယ်"
ကျားလီအန်း ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြန်ဖြေသည်။
"အမှန်အတိုင်း ပြောရရင်... 'ပန်းပွင့်ကြွေ မိုးစက်များ' က ကျားမိသားစုရဲ့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ သိုင်းပညာ ဆိုပေမဲ့... မပြည့်စုံတဲ့အတွက် အဆင့်ငယ်အောင်မြင်မှု ထိတောင် မရောက်နိုင်ပါဘူး... ဂိုဏ်းချုပ်ယဲ့က ထူးခြားတဲ့ အမြင်နဲ့ ဖြည့်စွက်ပေးလိုက်တာ ဆိုတော့... ခင်ဗျား စိတ်ကြိုက် သင်ပေးလို့ ရပါတယ်... ပြီးတော့ ဒီအတွက် ကျွန်တော်ကတောင် ကျေးဇူးတင်ရဦးမှာပါ"
"သဘောပေါက်ပါပြီ"
ယဲ့ဖုန်း နားလည်သွား၏။
နောင်တစ်ချိန်ကျရင် မြူခိုးဂိုဏ်းသားတွေ ဒီသိုင်းပညာကို သုံးသည့်အခါ ကျားမိသားစုက ပြဿနာရှာမှာ စိုးလို့ သူက ကြိုပြီး တောင်းဆိုလိုက်ခြင်း ဖြစ်ပါ၏။
ယခု ကျားမိသားစု ခေါင်းဆောင် ကိုယ်တိုင်က ခွင့်ပြုလိုက်ပြီ ဆိုတော့... စိတ်ပူစရာ မလိုတော့ပေ။
ထမင်းစားပြီးနောက်...
ယဲ့ဖုန်းသည် စွမ်းအင် လည်ပတ်ပုံ ပုံကြမ်းအသစ် တစ်ခု ဆွဲလိုက်ပြီး၊ နေရာအချို့ကို ထောက်ပြကာ ပြောလိုက်၏။
"မနေ့က နည်းနည်း လောသွားလို့ အဓိက အချက်တချို့ လွတ်သွားတယ်... အခု ဖြည့်စွက်ပေးထားပြီ... ဒီအတိုင်း လိုက်ကျင့်ရင် အဆင့်ကြီးအောင်မြင်မှု ရောက်ဖို့ မခက်တော့ပါဘူး... ဒါပေမဲ့ အထွတ်အထိပ်အဆင့် ရောက်ဖို့ကတော့ ကျွန်တော် နည်းနည်း ထပ်စဉ်းစားရဦးမယ်"
ယဲ့ဖုန်းက အကုန် ထုတ်မပြချင်သေး၍ ချန်လှပ်ထားလိုက်ခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့... မနက်ဖြန်ကျရင် လက်သမားဆရာတွေ လွှတ်ပေးပြီး ဂိုဏ်းပြုပြင်ရေး ကူညီပေးပါ့မယ်... ခွင့်ပြုပါဦး"
ပြည့်စုံသော စွမ်းအင် လည်ပတ်ပုံ ပုံကြမ်းကို ရရှိသွားပြီ ဖြစ်သဖြင့် ကျားလီအန်း ဆက်နေချင်စိတ် မရှိတော့ပေ။ ဝါးရွက်လှေပေါ် တက်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့၏။
"အဖေ"
ကျားယွိလန် မျက်လုံးလှန်လိုက်မိ၏။ အဖေက ထွက်ပြေးသွားပြီ။
သို့သော်၊ သူမ ချက်ချင်း ပျော်ရွှင်သွား၏။
နောက်ဆုံးတော့ မြူခိုးဂိုဏ်းမှာ တရားဝင် နေထိုင်ပြီး ကျင့်ကြံခွင့် ရသွားပြီလေ။
ယဲ့ဖုန်းကတော့ ဝါးရွက်လှေကို အားကျသော မျက်နှာထားဖြင့် ငေးကြည့်နေမိ၏။
အခန်း (၂၉) - သံလက်သည်း နဂါးလင်းယုန်နှင့် ကောင်းကင်ယံမှ အန္တရာယ်
~ယဲ့ဖုန်း၏ မျက်နှာပေါ်ရှိ အားကျသော အမူအရာကို မြင်လိုက်ရသောအခါ မိုယင်က ရုတ်တရက် ဝင်ပြောလိုက်၏။ "အဲ့ဒါက အဆင့်နိမ့် ပျံသန်းခြင်း ဝိညာဉ်လက်နက် 'ဝါးရွက်လှေ' ပါ... တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၅၀) ရှိပါတယ်"
"ဈေးကြီးလိုက်တာ"
ယဲ့ဖုန်း မျက်လုံးများ ပြူးကျယ်သွား၏။
"အဆင့်နိမ့် ဝိညာဉ်လက်နက် တစ်ခုတည်းနဲ့တင် ဝိညာဉ်ကျောက်တုံး (၁၀၀) ကျော် တန်နေပြီလေ... ဈေးမပေါပါဘူး" မိုယင်က ရှင်းပြသည်။
ထိုစကားကို ကြားလိုက်ရသောအခါ ယဲ့ဖုန်းသည် ကမ္ဘာသ စ်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ မိုယင်ကို အံ့သြစွာ ကြည့်လိုက်မိ၏။
မိုယင် ဂိုဏ်းဝင်တုန်းက ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးသွင်းခဲ့တာကို ပြန်သတိရလိုက်၏။
ဒါတင်မက.. သူမမှာ အဆင့်နိမ့် ဝိညာဉ်လက်နက် 'လေညှင်းစီး ဓားပျံ' လည်း ရှိသေးသည်။ ဒီကောင်မလေးက တော်တော် ချမ်းသာသည်ပဲ။
"ကျွန်မကို လာမကြည့်ပါနဲ့... ကျွန်မ မွဲနေပါပြီ"
ယဲ့ဖုန်း ဘာတွေးနေလဲ ဆိုတာ မိုယင် ရိပ်မိလေ၏။ သူမ လက်ပိုက်လိုက်ပြီး လှည့်ထွက်သွားကာ ခေါင်မိုးပေါ် ခုန်တက်ပြီး ကျင့်ကြံခြင်း စတင်လိုက်တော့၏။
"ခုနက လူက ဘယ်သူလဲဟင်"
ထိုအချိန်တွင် ကျားယွိလန်က ခေါင်မိုးပေါ်ကို ညွှန်ပြပြီး မေးလိုက်၏။
"သူ့နာမည်က မိုယင် ပါ... မင်းရဲ့ စတုတ္ထ စီနီယာအစ်မပေါ့" ယဲ့ဖုန်းက တခြားသူများကိုလည်း တစ်ယောက်ချင်းစီ မိတ်ဆက်ပေးလိုက်၏။
မကြာမီ... ကျားယွိလန်၊ ရှဟဲ နှင့် ချိုကျူ တို့သည် မြူခိုးဂိုဏ်းနှင့် အသားကျလာကြ၏။
လက်ရှိ မြူခိုးဂိုဏ်းက အရမ်းကို စုတ်ပြတ်သတ်နေသည်။ တောင်ထိပ်ဧရိယာက (၁၀) ဧကလောက် ကျယ်သော်လည်း၊ အဆောက်အဦးတွေက နည်းလွန်းတော့ သည်လောက် လူအများကြီး နေဖို့ အဆင်မပြေပါ။
ထို့ကြောင့် မိန်းမပျိုတပည့် (၆) ယောက် ဖြစ်သော ကျားယွိလန်၊ ရှဟဲ၊ ချိုကျူ၊ မိုယင်၊ လီကျောက်ကျောက် နှင့်
အိုးယန်ယွီ တို့က အခန်းကျဉ်းလေး တစ်ခန်းထဲမှာပဲ စုပြုံတိုးဝှေ့ပြီး နေကြရရှာသည်။
ရှီလေ့၊ ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နဲ့ အိုးယန်ဖုန်း တို့ကလည်း အခန်းတစ်ခန်းတည်းမှာ စုနေကြရ သော်လည်း၊၊ သူတို့အခန်းက နည်းနည်း ပိုကျယ်တော့ သက်သာသေး၏။
‘ဒီနေ့ ဂိုဏ်းတည်ဆောက်ပုံ ပုံကြမ်း ရေးဆွဲရမယ်... မြေကွက်လပ်တချို့ ချန်ပြီး စနစ်တကျ ပြန်စီစဉ်မှ ဖြစ်မယ်’
ယဲ့ဖုန်း တွေးတောရင်း ခေါင်မိုးပေါ် ခုန်တက်လိုက်၏။
တိုက်ဆိုင်စွာပင် မိုယင်က ထိုနေရာမှာ တင်ပျဉ်ခွေ ထိုင်နေ၏။ ရုတ်တရက် ဘေးနားမှာ လူရောက်လာတော့ လန့်ဖျပ်ပြီး ချက်ချင်း ဓားထုတ်လိုက်မိ၏။
"ဟေး၊ ဘာလုပ်တာလဲ"
ဓားထုတ်သံကို ကြားလိုက်ရလို့ ယဲ့ဖုန်း လှည့်ကြည့်လိုက်ပြီး အပြစ်ကင်းစင်သော မျက်နှာထားဖြင့် မေးလိုက်၏။ မိုယင် လက်ထဲက ဓားပျံကိုပါ ကြည့်လိုက်၏။
လွန်သွားပြီ ဆိုတာ သိလိုက်ရတော့ မိုယင် ရှက်သွား၏။ ကံကောင်း၍ မျက်နှာဖုံး အုပ်ထားတော့ ယဲ့ဖုန်း မမြင်လိုက်ရချေ။
သူမ ကမန်းကတန်း ဆင်ခြေပေးလိုက်၏။
"ဓားသိုင်း လေ့ကျင့်ဖို့ ပြင်နေတာပါ"
"ကွက်တိပဲ... ငါ့ကို တစ်ပတ်လောက် လိုက်ပို့ပေးပါလား... ငါ တောင်ထိပ် မြေပုံဆွဲပြီး ဂိုဏ်းကို ပြန်လည် ဖွဲ့စည်းမလို့... အပေါ်စီးကနေ မြေပြင်အနေအထားကို ကြည့်ချင်လို့ပါ"
"ဪ... ရပါတယ်"
မိုယင်က ဓားပျံကို လေထဲ ပစ်တင်လိုက်ပြီး၊ ယဲ့ဖုန်းကို တင်ဆောင်ကာ တောင်ထိပ် အထက် မီတာ အနည်းငယ် အမြင့်ထိ ဖြည်းညှင်းစွာ ပျံတက်သွား၏။
"ဓားထိန်းချုပ်သိုင်း ဆိုတာ ဒါမျိုးကိုး"
ခြံဝင်းထဲတွင် ရပ်နေသော လုံထျန်းရှင်းက မော့ကြည့်ရင်း အားကျနေသည်။
"ဟုတ်တယ်... ဒါ အဆင့်ကြီးအောင်မြင်မှု ရောက်နေတဲ့ ဓားထိန်းချုပ်သိုင်း အစစ်ပဲ"
ကျားယွိလန် လျှောက်လာပြီး ကောင်းကင်ယံကို မော့ကြည့်ရင်း တိုးတိုးလေး ပြောလိုက်၏။
"၇ယောက်မြောက် ဂျူနီယာအစ်မ... ကျွန်တော်ရော သင်လို့ ရမလား" လုံထျန်းရှင်း မျှော်လင့်တကြီး မေးလိုက်၏။
အဲ့ဒီ အခေါ်အဝေါ်ကို ကြားလိုက်ရတော့ ကျားယွိလန် ရယ်ချင်သွား၏။ "ရှင်က ကျွန်မထက် စောပြီး ဝင်တာလေ... ဂျူနီယာညီမလေး လို့ ခေါ်ရမှာပေါ့"
လုံထျန်းရှင်း ခေါင်းကုတ်လိုက်၏။ သူမက သူ့ထက် အသက်အများကြီး ကြီးတာကို... ဘယ်လိုလုပ် ညီမလေးလို့ ခေါ်ရဲမှာလဲ။
"ဟုတ်ကဲ့ပါ... ညီမလေး... ဒါနဲ့ ဓားထိန်းချုပ်သိုင်းကို ဘယ်လို ကျင့်ကြံရမလဲဟင်"
လုံထျန်းရှင်းက မခေါ်ချင်ပေမဲ့ ရိုးသားစွာ ခေါ်လိုက်ပြီး မေးလိုက်၏။
ကျားယွိလန် ကောင်းကင်ကို မော့ကြည့်ရင်း ရှင်းပြသည်။
"တကယ်တော့... ဓားထိန်းချုပ်သိုင်း ဆိုတာ ယေဘုယျ အခေါ်အဝေါ်ပါ... ဓားနဲ့ပတ်သက်တဲ့ သိုင်းပညာ တစ်ခုခုကို ကျင့်ကြံထားရင် ဓားပျံစီးလို့ ရပါတယ်... ဒါပေမဲ့ ဝိညာဉ်စွမ်းအင် တော်တော် ကုန်တယ်"
လုံထျန်းရှင်း သဘောပေါက်သွား၏။ "ဒါဆို... သိုင်းပညာ မတတ်ရင်၊ ဓားပျံ မရှိရင်ရော"
"ကံဆိုးတာပေါ့"
"ဒါပေမဲ့ ကျွန်တော် ပျံချင်တယ်ဗျာ"
ကျားယွိလန် ချိုမြိန်စွာ ပြုံးလိုက်၏။ "ပျံသန်းနည်းတွေ အများကြီး ရှိပါတယ်... ဓားပျံစီးတာ အပြင်... ပျံသန်းခြင်း ဝိညာဉ်လက်နက်တွေ သုံးလို့ ရသလို... ပျံသန်းခြင်း သိုင်းပညာတွေ သုံးပြီးတော့လည်း ပျံလို့ ရပါတယ်"
ပြောရင်းနှင့် ကျားယွိလန် လက်ဟန် ဖော်လိုက်၏။ အဆင့်ကြီးအောင်မြင်မှု ရောက်လုနီးပါး ဖြစ်နေသော 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာကို ထုတ်ဖော်လိုက်ရာ၊ လှပသော ပန်းရောင် ပန်းပွင့်များ စုစည်းသွားပြီး (၂) မီတာခန့် ကျယ်ဝန်းသော ငှက်ကြီး တစ်ကောင် ဖြစ်သွား၏။
ကျားယွိလန် ငှက်ကျောပေါ် ခုန်တက်လိုက်ပြီး၊ လုံထျန်းရှင်းကို လှပစွာ ပြုံးပြလိုက်၏။
"ဒါက ပျံသန်းခြင်း သိုင်းပညာ တစ်မျိုးပေါ့... ဒါပေမဲ့ ဝိညာဉ်စွမ်းအင် အရမ်းကုန်လို့ ခရီးတိုလောက်ပဲ ပျံလို့ ရတာပါ"
ပြောပြီးသည်နှင့် သူမ ကောင်းကင်ယံသို့ ပျံတက်သွားလေတော့၏။
"မိုက်လိုက်တာ"
လုံထျန်းရှင်း အားကျသော မျက်လုံးပြာလေးများဖြင့် ငေးကြည့်နေမိ၏။
ဝေဟင်အလယ်တွင်...
ယဲ့ဖုန်းသည် စာရွက်နှင့် စုတ်တံကို ကိုင်ဆောင်လျက် မြူခိုးတောင်ထိပ် မြေပုံကို ဂရုတစိုက် ရေးဆွဲနေသည်။
သူ့လက်ရာက မြန်ဆန်သည်။ ကျားယွိလန် ရောက်လာချိန်တွင် သူ ဆွဲပြီးနေပြီ ဖြစ်၏။
ယဲ့ဖုန်းက ကျားယွိလန် ရောက်လာသည်ကို မြင်သောအခါ လန့်သွားပြီး အော်ဟစ် သတိပေးလိုက်၏။
"မင်းရဲ့ 'ပန်းပွင့်ကြွေ မိုးစက်များ' သိုင်းပညာက အပြည့်အဝ မကျွမ်းကျင်သေးဘူး... အားနည်းချက်တွေ ရှိနေသေးတယ်... ပျံလို့ရတယ် ဆိုပေမဲ့ ဝိညာဉ်စွမ်းအင် ကုန်တာ အရမ်း မြန်တယ်... အမြင့်ကြီး ပျံနေတာ အန္တရာယ် များတယ်... မြန်မြန် ပြန်ဆင်းတော့"
ကျားယွိလန် ရယ်မောလိုက်၏။ "ကိစ္စမရှိပါဘူး... တောင့်ခံနိုင်ပါတယ်"
ရုတ်တရက်... အဝေးမှ လေပြင်းတစ်ချက် တိုက်ခတ်လာသည်။
ယဲ့ဖုန်း လက်ထဲမှ မြေပုံစာရွက် စုတ်ပြဲသွားပြီး၊ တစ်ဝက်က လက်ထဲ ကျန်ရစ်ခဲ့ကာ၊ ကျန်တစ်ဝက်က လေထဲ လွင့်ပါသွား၏။
"ဂိုဏ်းချုပ်... မပူပါနဲ့... သမီး သွားပြန်ကောက်ပေးမယ်"
ကျားယွိလန်သည် ပန်းပွင့်ငှက်ကြီးကို ထိန်းချုပ်ပြီး လိုက်ဖမ်းလိုက်ရာ မကြာမီ ပြန်ကောက်မိလိုက်၏။
ပြန်လှည့်ရန် ပြင်လိုက်စဉ်မှာပင်... မိုယင်သည် ကောင်းကင်ယံမှ နတ်ဆိုးအရှိန်အဝါ တစ်ခု ရောက်ရှိလာသည်ကို အာရုံခံမိလိုက်ပြီး ထိတ်လန့်တကြား အော်လိုက်၏။
"အန္တရာယ် ရှိတယ်"
အသံဆုံးသည်နှင့် (၅) မီတာခန့် တောင်ပံဖြန့်ကျက်ထားသော ဧရာမ လင်းယုန်ကြီး တစ်ကောင် ပျံသန်းလာသည်ကို မိုယင် တွေ့လိုက်ရသည်။ ဝိညာဉ်မျက်လုံးဖြင့် ကြည့်လိုက်ရာ...
"အလယ်အဆင့် နတ်ဆိုးစစ်သည်အဆင့် 'သံလက်သည်း နဂါးလင်းယုန်’ ပဲ... တောင်ပေါ် အမြန် ပြန်ဆင်းကြ"
သို့သော် သူမ၏ သတိပေးချက်က နောက်ကျသွားခဲ့ပြီတည်း။
သံလက်သည်း နဂါးလင်းယုန်သည် ကျားယွိလန် အနားသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး၊ ကြီးမားထက်မြက်သော လက်သည်းကြီးများဖြင့် ပန်းပွင့်ငှက်ကြီးကို အလွယ်တကူ ဆုတ်ဖြဲပစ်လိုက်၏။
ပြင်းထန်သော စွမ်းအင် ရိုက်ခတ်မှုကြောင့် ကျားယွိလန် ညည်းတွားလိုက်မိပြီး ပါးစပ်မှ သွေးများ စီးကျလာသည်။
သိုင်းပညာ ပျက်ပြယ်သွားသဖြင့် သူမ၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရတော့ဘဲ မီတာ (၇၀၀) ကျော် အမြင့်မှ ပြုတ်ကျသွားလေတော့၏။
"မြန်မြန် ကယ်ရမယ်"
မိုယင် စကားမပြောနိုင်တော့ဘဲ ချက်ချင်း လှုပ်ရှားလိုက်၏။ ဓားပျံကို အရှိန်မြှင့်ပြီး ကျားယွိလန် ရှိရာသို့ ပြေးဝင်သွား၏။
"အမလေး... ဒုက္ခပါပဲ"
လုံထျန်းရှင်း အော်ဟစ်လိုက်၏။
"သံလက်သည်း နဂါးလင်းယုန် ပါလား"
ရှီလေ့၊ ဟိုယွင်ကျဲ နှင့် အခြားတပည့်များ အခန်းထဲမှ ပြေးထွက်လာကြပြီး၊ လင်းယုန်ကြီးက ကျားယွိလန် ဆီသို့ ထိုးဆင်းသွားသည်ကို တွေ့လိုက်ရသည်။
ရှဟဲ၊ ချိုကျူ နှင့် အခြားသူများ ကြောက်လန့်တကြား ဖြစ်ကုန်ကြ၏။
"သောက်ကောင်စုတ်... ငါ့ မြူခိုးဂိုဏ်းသားကို ထိပါးရဲတယ်ပေါ့"
ယဲ့ဖုန်းသည် မိုယင်၏ ပခုံးကို ပုတ်လိုက်ပြီး၊ ဓားပျံပေါ်မှ ခုန်ဆင်းလိုက်ကာ သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ်သို့ ရောက်ရှိသွား၏။ လက်သီးဖြင့် ထိုးနှက်လိုက်ရာ လင်းယုန်ကြီး နာကျင်စွာ အော်ဟစ်ပြီး မြေကြီးပေါ်သို့ ထိုးကျသွားလေသည်။
"ကျားယွိလန်ကို အရင် ကယ်လိုက်"
ယဲ့ဖုန်းက သူ့ကို လာကယ်ရန် ပြင်နေသော မိုယင်ကို လှမ်းအော်ပြောလိုက်၏။
မိုယင် အံကြိတ်လိုက်ပြီး အရှိန်မြှင့်ကာ ပြုတ်ကျနေသော ကျားယွိလန်ကို ဖမ်းဆီးလိုက်၏။ ပြန်လှည့်ကြည့်လိုက်ရာ ယဲ့ဖုန်းသည် လင်းယုန်ကြီး၏ လည်ပင်းကို ဖက်လျက် အတူတူ ပြုတ်ကျသွားသည်ကို တွေ့လိုက်ရသည်။
"ဂိုဏ်းချုပ်... သတိထားနော်"
တပည့်များ ရင်တထိတ်ထိတ် ဖြစ်နေကြ၏။
သည်လောက် အမြင့်ကြီးကနေ ပြုတ်ကျရင် အစ်ကိုကြီး ခေါင်းပြား လို ကံမကောင်းလျှင် သေမှာ သေချာသည်။
" စီနီယာအစ်မ (၄) ... ဂိုဏ်းချုပ်ကို မြန်မြန် သွားကယ်ပါ"
ကျားယွိလန် သွေးတစ်လုပ် အန်လိုက်ပြီး မိုယင်ကို အော်ပြောလိုက်၏။
ထိုအချိန်တွင် လေပြင်းများ တိုက်ခတ်နေသည်။
မိုယင်၏ မျက်နှာဖုံး ဇာပုဝါ လန်တက်သွားပြီး၊ အဆိပ်သင့်ထားသကဲ့သို့ ဖြစ်နေသော မျက်နှာကို ကျားယွိလန် မြင်လိုက်ရသဖြင့် လန့်ဖျပ်သွား၏။
မိုယင်သည် ဘေးမှ အော်ဟစ်သံများကို လျစ်လျူရှုလိုက်ပြီး၊ အရှိန်မြှင့်ကာ ပြုတ်ကျနေသော ယဲ့ဖုန်းနှင့် လင်းယုန်ကြီး နောက်သို့ အမြန်ဆုံး လိုက်ပါသွားလေတော့၏။
အခန်း (၃၀) - ပျံသန်းစီးနင်းစရာ သားရဲ
~"ငါ့အတွက် ဘာမှ စိတ်မပူကြနဲ့..."
ယဲ့ဖုန်းသည် လင်းယုန်ကြီး၏ လည်ပင်းကို ခြေထောက်နှစ်ဖက်ဖြင့် မြဲမြဲညှပ်ထားလိုက်လေ၏။ တကယ်တမ်း၌ သူ၏ လက်သီးတစ်ချက်တည်းနှင့် ဒီကောင်ကြီး သတိလစ်သွားမှန်း ယခုမှ သတိထားမိလိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း ဆက်မပျံနိုင်တော့ဘဲ ပြုတ်ကျနေရခြင်း ဖြစ်ချေ၏။
"ဟေ့ကောင်... ထစမ်း..."
ယဲ့ဖုန်းသည် လင်းယုန်ကြီး၏ မျက်ခွံကို အတင်းဖြဲပြီး မျက်လုံးထဲ လေမှုတ်ထည့်ကာ နှိုးလိုက်လေသည်။
ခဏအကြာတွင်တော့ လင်းယုန်ကြီး သတိပြန်ဝင်လာခဲ့၏။ မိမိသည် မြေကြီးပေါ်သို့ အရှိန်ပြင်းပြင်း ထိုးကျနေမှန်း သိလိုက်ရသည့်အခါ မျက်လုံးများ ပြူးကျယ်သွားပြီး အတောင်ပံများကို အတင်း ယက်ခတ်လိုက်တော့၏။ သို့မှသာ လေပေါ်သို့ ပြန်ဝဲနိုင်သွားလေ၏။
"ဟူး... တော်ပါသေးရဲ့..."
တပည့်များအားလုံး သက်ပြင်းချလိုက်မိကြ၏။
ယဲ့ဖုန်း၏ ခွန်အားက ကြီးမားမှန်း သိသော်လည်း၊ ဤမျှ အမြင့်ကြီးက ပြုတ်ကျပါက အသက်ရှင်ပါ့မလား ဆိုသည်ကို မည်သူမျှ အာမမခံနိုင်ပေ။
သို့သော် သူတို့ နောက်ထပ် ပြဿနာတစ်ခုကို သတိထားမိလိုက်ကြပြန်သည်။
"ကြည့်ကြပါဦး... လင်းယုန်ကြီးက ရေပေါ်ဖြူမြို့တော်နဲ့ ဝေးရာကို ပျံသွားနေပြီ... ဟိုဘက်တွေရောက်သွားရင် ဓာတ်ကြီးလေးပါး စုစည်းခြင်း အဆင့် ရှိတဲ့ နတ်ဆိုးဗိုလ်ချုပ်တွေနဲ့ တိုးမိမှာ..."
ရှီလေ့သည် ကောင်းကင်ယံကို ညွှန်ပြပြီး စိုးရိမ်တကြီး ရေရွတ်လိုက်မိ၏။
"ဂျူနီယာညီမလေး မိုယင် လိုက်သွားပြီပဲ... မီလောက်ပါတယ်..."
ဟိုယွင်ကျဲက ပြောလိုက်တော့ အားလုံး မော့ကြည့်လိုက်ကြ၏။ မိုယင်သည် ကြောက်လန့်နေသော ကျားယွိလန်ကို ခေါ်ပြီး လင်းယုန်ကြီးနောက်သို့ အရှိန်မြှင့် လိုက်သွားသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်မှာပင် ယဲ့ဖုန်းသည် ခြေထောက်နှစ်ဖက်ဖြင့် လင်းယုန်ကြီးကို ပိုတင်းတင်း ညှပ်လိုက်ရာ နာလွန်းသဖြင့် ပိုမြန်မြန် ပျံသန်းသွားလေတော့၏။
"မိုယင်... ကျားယွိလန်ကို ခေါ်ပြီး ပြန်တော့..."
ယဲ့ဖုန်းက လှမ်းအော်ပြောလိုက်၏။ သူ၏ ပုံစံမှာ တည်ငြိမ်နေပြီး မိုယင်ကို စိတ်မပူရန် အချက်ပြလိုက်ခြင်း ဖြစ်သည်။
မိုယင်သည် ယဲ့ဖုန်း၏ အမူအရာကို ကြည့်ပြီး ဘာလုပ်ချင်လဲ ဆိုသည်ကို ရိပ်မိသွား၏။ ထို့ကြောင့် ခေါင်းတစ်ချက် ညိတ်ပြပြီး မြူခိုးတောင်ထိပ်ဘက်သို့ ပြန်လှည့်လိုက်လေသည်။
"စတုတ္ထ စီနီယာအစ်မ... ဂိုဏ်းချုပ်ကို မကယ်တော့ဘူးလား..."
ကျားယွိလန်က စိုးရိမ်တကြီး မေးလိုက်၏။
"သူက သံလက်သည်း နဂါးလင်းယုန်ကို ယဉ်ပါးအောင် လုပ်ချင်နေတာ..."
မိုယင်သည် တိုတိုတုတ်တုတ်ပင် ဖြေပြီး ကျားယွိလန်ကို တောင်ပေါ် ပြန်ခေါ်လာခဲ့လေသည်။
"ဂိုဏ်းချုပ်ရော..."
မိုယင် ပြန်ရောက်လာသော်လည်း ထပ်ထွက်မသွားသည်ကို မြင်သောအခါ ကျန်တဲ့ တပည့်များ စိတ်ပူလာကြ၏။
"သူ အဆင်ပြေမှာပါ..."
မိုယင် တိုးတိုးလေး ရေရွတ်လိုက်၏။ ယဲ့ဖုန်း ပြန်လှည့်သွားရန် ပြောစဉ်က သူ၏ မျက်လုံးထဲတွင် ယုံကြည်မှုများ ပြည့်နေသည်ကို သူမ မြင်ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် စိတ်ချလက်ချ ပြန်လာခဲ့ခြင်း ဖြစ်သည်။
ထိုအချိန် ကောင်းကင်ယံထက်၌...
ယဲ့ဖုန်းသည် သံလက်သည်း နဂါးလင်းယုန်၏ ကျောပေါ် ခွစီးထားလေသည်။ လက်တစ်ဖက်က လင်းယုန်၏ ခေါင်းကို လှေပဲ့ကိုင်သလို ကိုင်ပြီး သူသွားချင်သည့်ဘက်ကို အတင်း လှည့်ခိုင်းနေ၏။
သူ၏ ခွန်အားက ကြီးလွန်းသဖြင့် လင်းယုန်ကြီးခမျာ မလွန်ဆန်နိုင်ဘဲ လိုက်နာနေရရှာသည်။
စကားနားမထောင်လျှင် ယဲ့ဖုန်းက လက်ညှိုးဖြင့် ခေါင်းကို ခေါက်ထည့်လိုက်တတ်သည်။
လင်းယုန်ကြီး၏ ခေါင်းခွံတစ်ခုလုံး တုန်ခါသွားပြီး မူးနောက်သွားရ၏။ ထို့ကြောင့် မနာခံဘဲ မနေရဲတော့ပေ။
အနီးအနားရှိ တောင်ထိပ်များပေါ်တွင် အခြား အဆင့်နိမ့်ဂိုဏ်းများ၏ အဆောက်အဦးများ ရှိနေကြ၏။
ထိုဂိုဏ်းမှ တပည့်များ မော့ကြည့်လိုက်သောအခါ သံလက်သည်း နဂါးလင်းယုန်ကြီး ပျံဝဲနေသည်ကို မြင်ပြီး သူတို့ဂိုဏ်းကို လာတိုက်ခိုက်တော့မလားဟု တွေးကာ လန့်ဖျပ်ကုန်ကြသည်။
သို့သော် သေချာကြည့်လိုက်တော့မှ... လင်းယုန်ကျောပေါ်တွင် ရင်းနှီးနေသော လူငယ်တစ်ယောက် စီးနင်းလာသည်ကို တွေ့လိုက်ရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကုန်ကြလေသည်။
"ဟေ... မြူခိုးဂိုဏ်းက ဂိုဏ်းချုပ်ယဲ့ မဟုတ်လား..."
"ဂိုဏ်းချုပ်ယဲ့က သံလက်သည်း နဂါးလင်းယုန်ကို စီးထားပါလား..."
"သူက လင်းယုန်ကို ယဉ်ပါးအောင် လုပ်ပြီး ငါတို့ဂိုဏ်းအပေါ်ကနေ ဖြတ်ပျံပြနေတာ... ကြွားချင်လို့ နေမှာ..."
"ကြည့်ရတာ သူ တော်တော် လောနေပုံရတယ်... လင်းယုန်စီးပြီး ရည်းစားစာ သွားပေးမလို့များလား..."
"နေပါဦး... ထူးဆန်းမနေဘူးလား... ဂိုဏ်းချုပ်ယဲ့မှာ ကျင့်ကြံခြင်းအဆင့် မရှိဘူးလေ... ဘယ်လိုလုပ် လင်းယုန်စီးနိုင်မှာလဲ..."
"ဒါက သူ့အမြွှာညီအစ်ကို ဖြစ်မှာပါ..."
ဂိုဏ်းအသီးသီးမှ တပည့်များ အတင်းတွေ ပြောကုန်ကြ၏။ တစ်ယောက်တစ်မျိုး ထင်ကြေးပေးနေကြရာ ပုံပြင်များပင် ဖြစ်ကုန်ကြလေတော့၏။
ယဲ့ဖုန်းကတော့ သူများတွေ အံ့သြနေသည်ကို ဂရုမစိုက်နိုင်ပါ။ ယခုအချိန်တွင် သူသည် လင်းယုန်ကြီးကို အပိုင်ချုပ်ထားနိုင်ပြီ ဖြစ်သည်။
လင်းယုန်ကြီးက နည်းနည်းလေး ဂျစ်တိုက်ချင်သည်နှင့် ယဲ့ဖုန်းက လက်ဖက်ရည်ခွက်လောက် ရှိသော 'ဝိညာဉ်မူလ နာရီ' ကို ထုတ်ပြလိုက်၏။ နာရီမှ ထွက်လာသော အရှိန်အဝါကြောင့် လင်းယုန်ကြီးခမျာ ကြောက်လွန်းသဖြင့် ငြိမ်ကုပ်သွားရသည်။
"ဝူး.."
နာရီဝက်ခန့် ကောင်းကင်ပေါ်တွင် ပတ်ပျံပြီးသည့်နောက်... လင်းယုန်ကြီးသည် မလွတ်မြောက်နိုင်တော့မှန်း သိသွားပြီး အရှုံးပေးသည့် အသံ ပြုလိုက်တော့၏။
"ဟိုနေရာကို သွား... ပြီးရင် ရပ်လိုက်..."
ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်ကို လက်ညှိုးထိုးပြပြီး အမိန့်ပေးလိုက်လေ၏။
လူစကား နားမလည်သော်လည်း ယဲ့ဖုန်း၏ လက်ဟန်ခြေဟန်ကိုတော့ ရိပ်မိပုံ ရသည်။ လင်းယုန်ကြီးသည် မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်လေသည်။
လေပြင်းများကြောင့် ဖုန်များ သဲများ ထောင်းခနဲ ထသွား၏။
သို့သော် တပည့်များသည် မျက်လုံးထဲ ဖုန်ဝင်တာကို ဂရုမစိုက်နိုင်ဘဲ အမြန်ပြေးလာကြ၏။ လင်းယုန်ကြီး ယဉ်ပါးသွားသည်ကို မြင်သောအခါ အံ့သြလွန်းသဖြင့် စကားမပြောနိုင် ဖြစ်ကြရသည်။
"ကျွီ..."
လင်းယုန်ကြီးသည် မြေကြီးပေါ် ဝပ်ဆင်းလိုက်ပြီး ခေါင်းကို မြက်ခင်းထဲ ဝှက်ထားလိုက်၏။ သူ၏ ခေါင်းပေါ်တွင် လက်သီးဆုပ်လောက် ရှိသော စိမ်းပြာရောင် ဝိညာဉ်ပုံရိပ်လေး တစ်ခု ပေါ်လာသည်။
ဟိုယွင်ကျဲက ပုံရိပ်လေးကို လက်ညှိုးထိုးပြပြီး ယဲ့ဖုန်း မသိမည်စိုးသဖြင့် ဝင်ရှင်းပြလိုက်၏။
"ဂိုဏ်းချုပ်ဦးလေး... လင်းယုန်ကြီး အရှုံးပေးလိုက်ပါပြီ... သူ့ရဲ့ ဝိညာဉ်ပုံရိပ်ပေါ်မှာ ဦးလေးရဲ့ သွေးတစ်စက် ချလိုက်ရုံနဲ့ အမြဲတမ်း သစ္စာရှိသွားအောင် ချိတ်ဆက်ပြီးသား ဖြစ်သွားမှာပါ..."
ဒါကို ကြားတော့ ယဲ့ဖုန်း မျက်လုံးတွေ အရောင်တောက်လာလေသည်။
ဟိုယွင်ကျဲသာ မပြောလျှင် ဤကဲ့သို့သော နည်းလမ်းမျိုး ရှိမှန်း သူ သိမည် မဟုတ်ပေ။
"ဓားမြောင် တစ်ချောင်းလောက် ပေးပါဦး..."
ယဲ့ဖုန်း လက်ဖြန့်တောင်းလိုက်၏။
"ဂိုဏ်းချုပ်... သမီးမှာ ရှိတယ်..."
ကျားယွိလန် ရှေ့ထွက်လာပြီး ခါးတွင် ပတ်ထားသော ကျောက်မျက်ရတနာ ခါးပတ်လေးကို ပွတ်သပ်လိုက်ရာ ဓားမြောင်တစ်ချောင်း လက်ထဲ ရောက်လာသည်။ ယဲ့ဖုန်းကို ကမ်းပေးလိုက်လေ၏။
"အဆင့်နိမ့် ဝိညာဉ်လက်နက် 'သိုလှောင်ခါးပတ်' ပါလား..."
တပည့်များ အားကျစွာ ကြည့်နေမိကြ၏။
"ကျေးဇူးပဲ..."
ယဲ့ဖုန်းသည် ဓားမြောင်ကို ယူပြီး လက်ချောင်းထိပ်ကို လှီးလိုက်၏။ သို့သော်... နာတော့ နာသွားသည်၊ သွေးမထွက်ဘဲ အရာလေးသာ ထင်သွားလေသည်။
"ဂိုဏ်းချုပ်ရဲ့ အရေပြားက ထူလွန်းတယ်... သာမန်ဓားတွေနဲ့ လှီးလို့ မရဘူး..."
မိုယင် ရှေ့ထွက်လာပြီး တောက်ပနေသော 'လေညှင်းစီး ဓားပျံ' ဖြင့် ယဲ့ဖုန်း၏ လက်ချောင်းထိပ်ကို ခပ်မြန်မြန် လှီးပေးလိုက်၏။
ထိုအခါမှ ယဲ့ဖုန်းသည် သွားတိုက်ဆေး ညှစ်ထုတ်သလိုမျိုး သွေးတစ်စက်ကို မနည်း ညှစ်ထုတ်ပြီး လင်းယုန်၏ ဝိညာဉ်ပုံရိပ်ပေါ် ချပေးလိုက်ရလေသည်။
ထူးဆန်းသော ခံစားမှုတစ်ခု ဝင်ရောက်လာပြီး၊ သံလက်သည်း နဂါးလင်းယုန်နှင့် သူ၏ကြားတွင် အထူးတလည် ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်ကို ယဲ့ဖုန်း သိလိုက်ရသည်။ ဤကောင်ကြီး ဘယ်လောက်ဝေးဝေး ထွက်ပြေးပါစေ၊ သူ အာရုံခံ၍ ရနေသလို၊ အဝေးကနေလည်း လှမ်းခေါ်၍ ရနေပြီ ဖြစ်သည်။
ဒါတင်မက၊ လင်းယုန်ကြီး၏ အော်သံများ၏ အဓိပ္ပာယ်ကိုပါ သူ နားလည်လာသလို ခံစားရလေသည်။
‘နတ်ဆိုးသားရဲနဲ့ ဒီလို သစ္စာဆိုရတာကိုး…’
ယဲ့ဖုန်းသည် လင်းယုန်ကြီး၏ ခေါင်းကို ပုတ်ပေးလိုက်ပြီး ဝိညာဉ်ပုံရိပ်ကို ပြန်သိမ်းခိုင်းလိုက်၏။
လင်းယုန်ကြီးသည် အတောင်ပံများကို ပြန်ခေါက်လိုက်ပြီး ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာ မတ်တပ်ရပ်လိုက်လေ၏။ ၎င်းက (၃) မီတာကျော် မြင့်သော ရုပ်တုကြီးတစ်ခုလို ခမ်းနားထည်ဝါနေသည်။
ထိုအချိန်မှာပင် လီကျောက်ကျောက် ပခုံးပေါ်မှ မြေခွေးဖြူလေး ခုန်ဆင်းလာပြီး လင်းယုန်ကြီး ရှေ့တွင် သွားရပ်လိုက်၏။
ထို့နောက်၊ သူ၏ လက်သည်းဖွာဖွာလေးဖြင့် လင်းယုန်ကြီးကို တစ်လှည့်၊ သူ့ကိုယ်သူ တစ်လှည့် လက်ညှိုးထိုးပြီး နားမလည်နိုင်သော ဘာသာစကားဖြင့် တတွတ်တွတ် ပြောနေတော့သည်။
သို့သော် ယဲ့ဖုန်းကတော့ လင်းယုန်ကြီးဆီကနေတဆင့် မြေခွေးဖြူလေး ပြောချင်တာကို နားလည်လိုက်လေ၏။
"ငါ ရှောင်ပိုင်က ဒီက ဆရာကြီးကွ... မင်းက အခုမှ ရောက်လာတဲ့ အကောင်ကြီး... ဒုတိယနေရာပဲ ရမယ်..."
မြေခွေးဖြူလေး ပြောချင်သည်မှာ ဒါပင် ဖြစ်သည်။
ဤသတင်းစကားကို ယဲ့ဖုန်းဆီ ပို့ပြီးသည်နှင့် လင်းယုန်ကြီးက ခေါင်းမော့ပြီး မြေခွေးဖြူလေးကို မထီမဲ့မြင် ကြည့်လိုက်လေသည်။
"ဒီအကောင်ပေါက်စက ဘယ်ကလာတာလဲ... ရွှံ့တောထဲသွားကစားချေ..." ဟု ပြောလိုက်သလိုပင်။
ဤအကြည့်ကြောင့် မြေခွေးဖြူလေး ဒေါသထွက်သွားပြီး သွားဖြဲကာ နေရာမှာတင် ခုန်ဆွခုန်ဆွ ဖြစ်နေရှာသည်။
"ဝေါ..."
ထိုအချိန်မှာပင်... ဇွဲကောင်းလှသော အစ်ကိုကြီး ခေါင်းပြား ပြန်ရောက်လာပြန်တော့၏။
အသံ ကြားသည်နှင့် မြေခွေးဖြူလေး လန့်ဖျပ်ပြီး လီကျောက်ကျောက် ပခုံးပေါ် ပြန်ခုန်တက်ကာ တုန်ရီနေတော့သည်။
ဒါကို မြင်တော့ လင်းယုန်ကြီး၏ မျက်နှာပေါ်တွင် လူတစ်ယောက်လို အထင်သေးသည်အမူအရာ ပေါ်လာလေ၏။ တောင်ပေါ် အခုမှ တက်လာပြီး လူတွေကို ရန်မူဖို့ ပြင်နေသော အစ်ကိုကြီး ခေါင်းပြားကို ကြည့်လိုက်၏။
"ကျွီ..."
လင်းယုန်ကြီးက အစ်ကိုကြီး ခေါင်းပြားကို ကြည့်ပြီး... 'ဒီလောက် သေးကွေးတဲ့ ကောင်လေးကို အနိုင်ကျင့်ရတာ လွယ်မှာပါ' လို့ တွေးလိုက်ပုံရသည်။ ချက်ချင်းပင် စူးရှစွာ အော်ဟစ်ပြီး ခုန်အုပ်လိုက်တော့၏။
သူ့ရဲ့ ခမ်းနားထည်ဝါတဲ့ ပုံစံက...
"အားလုံး ဖယ်နေကြ... လက်ပင်ပန်းခံနေစရာ မလိုဘူး... ဒီ 'လူပါးဝတဲ့ကောင်' ကို ငါ သံလက်သည်း နဂါးလင်းယုန် ပညာပေးလိုက်မယ်..." ဟု ပြောနေသလိုပါပင်။