နတ်ဘုရားစိတ်ဝိညာဉ်အင်အား
Vol. 21 Ch. 308
မိုင်ရှန်ဒေသ၊ ဂူနက်ကြီးတွင်။
ရှန်မိုမှာ အသက်ပြင်းပြင်းရှူလျက်ရှိသော်လည်း မျက်လုံး မဖွင့်လာပေ။
ထိုအစား မျက်လုံးမှိတ်လျက်ဖြင့် ပတ်ဝန်းကျင်ကို အာရုံစိုက်နေသည်။
လေတိုက်ခတ်၍ သစ်ပင်ယိမ်းသည့်အသံမှအစ ကြွက်များ ဖြတ်လျှောက်သံနှင့် တီကောင်များ တရွေ့ရွေ့ တွားသံအထိ ကြားရ၏။
အခြေအနေအားလုံး သူ့ဘေးတွင် ဖြတ်သွားသလို ရှင်းလင်းနေသည်။
ဤသည်မှာ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူ၏ ထူးခြားချက်ပင်။
မိုင် (၁၀၀) ပတ်လည်အတွင်း လှုပ်ရှားမှုအားလုံးကို သိနိုင်ခြင်းဖြစ်၏။
ထိုအကွာအဝေးအတွင်း အခြားအဆင့်တူကျင့်ကြံသူ မရှိလျှင် သူသာလျှင် အမြင့်ဆုံး ဖြစ်လေသည်။
“နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတိုင်းက လုံးဝ ထူးခြားကြတယ်”
“ငါ့ထူးခြားချက်က ဘာပါလိမ့်”
ရှန်မို သူ့ကိုယ်သူ ပြန်ဆန်းစစ်ကြည့်မိ၏။
ခဏအကြာ၌ တစ်ခုခုကို သဘောပေါက်သွားလေသည်။
ရုတ်တရက် လက်ဖျောက်တီးမိလာပြီး လက်ထိပ်တွင် စိတ်ဝိညာဉ်စွမ်းအင်များ စုလာသည်။
ထိုစွမ်းအင်မှာ ရုတ်တရက် မြန်လာကာ ရှန်မိုနှင့် ပေ (၁၀၀) အကွာအထိ ပျံ့သွား၏။
ဘုံး!
ကြီးမားသော စွမ်းအင်လုံးကြီးမှာ တောအုပ်ကို ဝင်ရောက် ဖျက်ဆီးလေသည်။
ချက်ချင်းပင် သစ်ပင်များ ပိပြားကုန်သည်။ အချို့အပင်များမှာ အမြစ်မှကျွတ်၍ အချို့လည်း လွင့်ထွက်ကုန်လေ၏။
နတ်ဆိုးသားကောင်များစွာသည် ထွက်ပင်မပြေးနိုင်ဘဲ ပျက်စီးကုန်သည်။
ရှန်မို မျက်ခုံးပင့်မိသည်။
ဤသို့တစ်ချက်တည်း တိုက်ခိုက်ရုံဖြင့် အင်အားကြီးလွန်း၏။
ထို့အပြင် စိတ်ဝိညာဉ်စွမ်းအင် သီးသန့်သာ ရှိသေးသည်။
“ဒီလိုကိုး… ငါ့နတ်ဘုရားဝိညာဉ်က ကျင့်စဉ်အားတွေကို ပိုတိုးစေတာပဲ”
သူ့စွမ်းအင်အနည်းငယ်ဖြင့် ကြောက်စရာကောင်းလောက်အောင် ပမာဏများသွားသည်။
ထို့ကြောင့် သူ့တိုက်ခိုက်စွမ်းရည် အပြည့်သုံးပါက မည်မျှ အင်အားကြီးမည်ကို ခန့်မှန်းနိုင်၏။
“အကြမ်းဖျင်းခန့်မှန်းလို့ ရသလောက်တော့ အင်အားက အနည်းဆုံး (၅) ဆ တိုးတာပဲ”
ရှန်မို အလွန်ကျေနပ်သွားသည်။
သူ့ခြေတည်ဝိညာဉ်အပေါ်ယံကို ဖျက်ဆီးပြီးနောက် ကျင့်စဉ်လည်း လုံးဝ ပျောက်ကွယ်သွား၏။
အစပိုင်းတွင် မူလနတ်ဘုရားဝိညာဉ်မှာ ခြေတည်ဝိညာဉ်ကဲ့သို့ မလွှမ်းမိုးနိုင်မည်ကို စိုးရိမ်ခဲ့သည်။
ယခုတော့ အင်အားမလျော့ရုံသာမက ပို၍ပင် အစွမ်းကြီးလာသည်မှာ ထင်ရှားသွားလေပြီ။
ထိုအချိန်တွင် ရှန်မို မူးဝေလာ၏။
နတ်ဘုရားပြောင်းလဲဝိညာဉ်ကို ကောင်းကောင်းခံစားရသည်။
“အဲ့တော့ ဒီလိုမျိုးကိုး… နတ်ဘုရားပြောင်းလဲအဆင့်ကို စရင် ဝိညာဉ်စွမ်းအင် များများသုံးရတာပဲ”
“အခု (၁၀) စက္ကန့်ဝန်းကျင်လောက်နဲ့ မူးနေပြီ”
ရှန်မို သေချာစဉ်းစားနေ၏။
ထို့ကြောင့် နတ်ဘုရားဝိညာဉ်အင်အားအတွက် ဖြစ်နိုင်ခြေအားလုံး ပြုလုပ်ရမည်ဟု ဆိုကြခြင်း ဖြစ်မည်။
နတ်ဘုရားဝိညာဉ်မှာ ဝိညာဉ်ကိုယ်တိုင်အတွက် ဆင့်ခေါ်ခြင်းပင်။
“ငါ့နတ်ဘုရားဝိညာဉ်ကိုသာ လုံးဝ တက်ကြွနေအောင် ထားနိုင်ရင်… အင်း”
ရှန်မိုတစ်ယောက် တွေးလေကျေနပ်လေ ဖြစ်သည်။
အချိန်များစွာ စောင့်ဆိုင်းပြီးနောက် နတ်ဘုရားပြောင်းလဲအဆင့်သို့ တက်နိုင်လေပြီ။
“အခုမှ အဆင့်တက်ပေမဲ့ ငါ့သွေးကျင့်ကြံမှုနဲ့ ပေါင်းလိုက်ရင် နတ်ဘုရား ပြောင်းလဲခြင်း အလယ်အဆင့်ကိုတော့ တိုက်ခိုက်နိုင်ပါတယ်”
“နောက်ပြီး စွမ်းအင် တိုးမှာနဲ့ဆိုရင် နောက်ပိုင်းအဆင့်ကိုတောင် ရင်ဆိုင်ပြီး သတ်ပစ်နိုင်တယ်”
“အခုတော့ ဂိုဏ်းကို ပြန်ဦးမှပဲ… ဒီက စွမ်းအင်တေံက ပြင်းထန်လို့ သေချာပေါက် လိုက်လာကြတော့မယ်”
ရှန်မို သူ့ခြေရာလက်ရာများဖျောက်ကာ လမ်းရိုးအတိုင်း မဟုတ်ဘဲ ကွေ့ပတ်ကာ ကျောက်စိမ်းဂိုဏ်းသို့ ပြန်လာခဲ့၏။
သူ ထိုသို့ ဂရုတစိုက်နေထိုင်ခြင်းမှာ နေ့စဉ်ဘဝ၌ပင် အကျင့်ပါနေလေပြီ။
ကျောက်စိမ်းဂိုဏ်း၌။
ဂိုဏ်းထဲတွင် ကျင့်ကြံသူများ ဝင်ချည်ထွက်ချည်ဖြင့် အလုပ်ရှုပ်နေကြသည်။
ရှန်မို ပြန်ရောက်လာသောအခါ တပည့်တစ်ဦး လှမ်းတွေ့၍ တလေးတစား ဦးညွှတ်ကာ
“ခေါင်းဆောင်ငယ်”
လေ့ကျင့်ရေးကွင်းထဲ၌ ဟီထျန်းချောင်မှာ တပည့်တစ်ဦးအား တိုက်ခိုက်စွမ်းရည် အသုံးပြုပုံကို ရှင်းပြနေ၏။
သူ့အသံမှာ မာတင်း၍ စိတ်ရှုပ်နေပုံပေါ်သည်။ ထိုတပည့်မှာ သူသင်ဖူးသမျှတွင် စိတ်ပျက်စရာ အကောင်းဆုံး ဖြစ်လေ၏။
အသံကြားသောအခါ ဟီထျန်းချောင် ချက်ချင်း ပြုံးရွှင်၍ လှည့်ကြည့်၏။
ထို့နောက် တပည့်လေးကို ပြန်ခိုင်းလိုက်ပြီး ရှန်မို့ဆီ ပြေးလာသည်။
“ခေါင်းဆောင်ငယ်… တော်တော်ကြာမှ ပြန်ရောက်လာပြီနော်”
သူ အလွန်ပျော်နေသည်။
ရှန်မိုလည်း ပြုံး၍ ခေါင်းငြိမ့်ပြ၏။
သူ ကျောက်စိမ်းဂိုဏ်းမှ ထွက်သွားစဉ်က အဆင့်တက်ခါနီးဖြစ်၍ နတ်ဆိုးသားကောင်များ ဖမ်းရင်း အခွင့်အရေးရှာမည်ဟု ပြောထားခဲ့သည်။
သူသွားသောအခါ အဓိပ္ပာယ်များစွာပါသော အကြည့်များ ကျန်ခဲ့၏။
သို့သော် ရှန်မိုမှာ သာမာန်မဟုတ်၍ မည်သူမျှ နောက်ယောင်ခံမလိုက်နိုင်ခဲ့ချေ။
“အခွင့်အရေးရှာတာရော ဘယ်လိုနေလဲ… တိုးတက်လာပြီလားဗျ”
ရှန်မို ခေါင်းငြိမ့်ပြကာ
“တိုးတက်ပါတယ်… ခြေတည်ဝိညာဉ်အဆင့် ထိပ်ဆုံး ရောက်သွားပြီ”
ဟီထျန်းချောင် မျက်လုံးပြူးလျက်
“ထိပ်ဆုံးအဆင့်တောင် ရောက်သွားပြီလား… မြန်လိုက်တာ”
ရှန်မို ပြုံးရုံသာပြုံး၍ ဘာမှ ပြန်မပြောပေ။
ဟီထျန်းချောင်လည်း နေရခက်သွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်၍
“တောင်းပန်ပါတယ် တောင်းပန်ပါတယ်… ကျွန်တော် တခြားဘယ်သူ့ကိုမှ မပြောဘူးလို့ ကတိပေးပါတယ်”
ရှန်မို ထပ်ပြုံးနေသည်။
အမှန်တော့ သူ့အဆင့်မှာ နတ်ဘုရားပြောင်းလဲအဆင့် အစပိုင်းသို့ပင် ရောက်နေလေပြီ။
သို့သော် ထိုသတင်းပျံ့သွားလျှင် ရန်သူများနှင့် အန္တရာယ် ရှိနိုင်၏။
ယခုအတိုင်းဆိုလျှင် အားလုံး အထင်သေးနေကြလိမ့်မည်။
“ဒါနဲ့ ကျွန်တော့်ဆရာမနဲ့ အဖေရော”
ရှန်မို ပြန်မေးလိုက်သည်။
“အကြီးအကဲမူယုံးလား… သူက မြွေနဂါးတောင်မှာ တာဝန်ကျပါတယ်… အဖေဖြစ်သူလည်း အဲ့မှာပါပဲ… ဝန်ထမ်းအနေနဲ့ ဝင်လုပ်နေပါပြီ”
“ဟုတ်ကဲ့ပါ”
ရှန်မို ခေါင်းငြိမ့်ပြ၍ မြွေနဂါးတောင်သို့ အမြန်ထွက်သွားသည်။
အကြီးအကဲခန်းမကို တာဝန်ယူထားသော အကြီးအကဲ (၃) ၏ အစီအစဉ်မှာ အကွက်စေ့လှသည်။
မြွေနဂါးတောင်။
ထိုနေရာမှာ ပို၍ သာယာကျယ်ဝန်းနေသော်လည်း သူထွက်သွားစဉ်ကအတိုင်း လှပသည်။
သူ ခပ်လှမ်းလှမ်းမှ ကြည့်ရင်း တောင်လယ်မှ အဆောင်ကိုတွေ့ကာ ဆင်းသက်လိုက်၏။
“အကြီးအကဲ”
ညင်သာနူးညံ့သောအသံလေး ထွက်လာသည်။
ကလေးမလေးတစ်ဦးမှ သူ့ကို ပြေးဖက်လေသည်။
ရှန်မို ရယ်မော၍ ဟွမ်ခွမ်ရင်အား သေချာကြည့်နေ၏။
တစ်ချိန်က ကလေးလေးမှာ ယခုတော့ အရွယ်အတော်ရောက်၍ လှပနေလေပြီ။
သူ ခေါင်းလေးကို ပုတ်ပေး၍ ပြုံးကာ
“ခွမ်ရင် မတွေ့တာ ကြာပြီနော်… မိန်းမငယ်လေးတောင် ဖြစ်နေပြီ”
ဟွမ်ခွမ်ရင် ပါးလေးများ ရဲသွား၏။
“မို ပြန်လာပြီနော်”
မနီးမဝေးမှ သာယာအေးချမ်းသော အသံလေး ထွက်လာပြန်သည်။
ရှန်မို လှည့်ကြည့်လိုက်သောအခါ လှပမေသော မူယုံးယွဲ့ကို တွေ့ရ၏။
ယနေ့တော့ အပြာရောင်ဝတ်ရုံပွပွလေး ဝတ်ထားလေသည်။
သို့သော် လေတိုက်လိုက်တိုင်း ကောက်ကြောင်းများ ပေါ်လွင်ကာ ဆွဲဆောင်မှု ရှိနေပြန်သည်။
“ဆရာမ ကျွန်တော် ပြန်ရောက်ပါပြီ”
ရှန်မို နွေးထွေးစွာ ပြုံးပြ၏။
ထို့နောက် နှစ်ယောက်သား တင်းကြပ်စွာ ဖက်ထားမိကြသည်။
“အဟမ်း မင်းအဖေကို အရင်လာနှုတ်ဆက်သင့်တာ မဟုတ်ဘူးလား”
ရှန်ကျိုးထင်မှာ မိုင်ဟေးဟီနှင့်အတူ ထိုင်ရင်း ချောင်းဟန့်ကာ လှမ်းပြောသည်။
ရှန်မို ရယ်မော၍
“ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ… ကျွန်တော် ပြန်ရောက်နေပြီပဲမလား”
ထိုအခါမှ ရှန်ကျိုးထင် ဂုဏ်ယူကျေနပ်စွာ ပြုံးလိုက်မိတော့သည်။