ရှေးမြင့်မြတ်သောဝိညာဉ်
Vol. 21 Ch. 309
“အကြီးအကဲ ခွမ်ရင် သင်ထားတာတွေ အများကြီးပဲ… ဒီနေ့ ခွမ်ရင့်ဟင်းချက်လက်ရာ ထပ်ပြမယ်”
ဟွမ်ခွမ်ရင် ဂုဏ်ယူဝင့်ကြွားစွာ ပြောလေ၏။
“ဟုတ်ပါပြီ… ဒါဆို ဒီညစာ ခွမ်ရင် ပြင်မှာပေါ့… မျှော်လင့်နေပါမယ်ဗျာ”
ရှန်မို သူ့ခေါင်းလေးကိုပုတ်ကာ ပြောသည်။
“ဟုတ်ကဲ့ပါ”
မိုင်ဟေးဟီမှ ခပ်တိုးတိုး ကျိတ်ပြော၏။
“ခွမ်ရင် ခေါင်းဆောင်ငယ်လို့ခေါ်ပါဆို… ဘယ်နှစ်ခါ ပြောရမလဲ”
သူ နှာခေါင်းလေးရှုံ့၍
“အားလုံးက ခေါင်းဆောင်ငယ်လို့ ခေါ်ပေမဲ့ ခွမ်ရင်ကတော့ ချစ်ရတဲ့အကြီးအကဲလို့ပဲ ခေါ်ချင်တယ်… ခေါ်မှာပဲ”
ရှန်မို ရယ်မောကာ
“ဟုတ်ပြီ ဟုတ်ပြီ အဲ့လိုပဲ ခေါ်ပါဗျာ… ဒါလေးက ဘာမှမဟုတ်ပါဘူး”
မိုင်ဟေးဟီ သက်ပြင်းချလိုက်၏။
ဟွမ်ပါရီ ကွယ်လွန်သွားပြီးနောက် သူသာ ခွမ်ရင့် မွေးစားအဘိုး ဖြစ်ခဲ့ရသည်။
ယခုလို ရှန်မို့စိတ်ဓာတ်ကိုတွေ့ရသောအခါ နွေးထွေးမိပြန်၏။
ရှန်မို့နောက်လိုက်လာမိသည်မှာ ဆုံးဖြတ်ချက်မှန်ကြောင်း အမြဲတွေးမိသည့်တိုင် ယခုလို ထပ်တွေ့ရတိုင်း သူ့အမြင်သူပင် အံ့ဩမိသည်။
မကြာမီ နေမင်းကြီး အနောက်အရပ်သို့ ဝင်ရောက်ကာ မှောင်ရီလာသည်။
အခန်းကြီးအလယ်၌ စားပွဲကြီးတစ်လုံးချထားပြီး ဟင်းပွဲများ ပြည့်နေ၏။
ဟင်းလျာမှာလည်း အလွန်စုံလင်လှသည်။
ဟွမ်ခွမ်ရင်၏ ဟင်းချက်လက်ရာ အတော်လေး တိုးတက်လာသည်။
အနည်းငယ်စားမိရုံဖြင့် ရှန်မို မရပ်တန့်နိုင်တော့ဘဲ အားရပါးရ ဆက်စားတော့သည်။
စားပွဲကြီးတွင် လူအချို့သာ ထိုင်နေပြီး အလုပ်သမားများ၊ တပည့်များတော့ ပါဝင်ခွင့်မရှိပေ။ အဝေးမှ အားကျနေရုံသာ တတ်နိုင်ပါသည်။
ခေါင်းဆောင်ငယ်၏ ချစ်ခင်မှုဖြင့် နေရာတစ်နေရာ ရလာစေရန် မျှော်လင့်ကြ၏။
စားသောက်ပြီးသောအခါ ရှန်မို သူ့ဘေးမှလူများ၏ ကံကြမ္မာကို စစ်ဆေးကြည့်လိုက်သည်။
ထိုအခါ မူယုံးယွဲ့ထံ၌ ထူးခြားမှာ ရှိနေ၏။
[အမည်: မူယုံးယွဲ့]
[အဆင့်: ခြေတည်ဝိညာဉ် အစပိုင်းအဆင့်]
[ကံကြမ္မာ: ကံကောင်းခြင်း ဆက်ခံသူ၊ ပြိုင်စံရှား လှပသူ၊ ရှေးမြင့်မြတ်သောဝိညာဉ်၊ မီးရေခဲ ခန္ဓာကိုယ် တည်ဆောက်ပုံ]
“ရှေးမြင့်မြတ်သောဝိညာဉ်တဲ့လား”
“ဒီဘဝက အရင် မတွေ့မိပါဘူး”
ရှန်မို ဆက်၍ ဖတ်ကြည့်သည်။
[ရှေးမြင့်မြတ်သောဝိညာဉ်: အနီရောင်ကြမ္မာ။ ရှေးမြင့်မြတ်သောဝိညာဉ် ခန္ဓာကိုယ်ထဲ ရှိနေသည်။ ခြေတည်ဝိညာဉ်အဆင့်ရောက်မှ ရနိုင်မည်။ အပြည့်အဝ နိုးထလာသောအခါ ပို၍ ကြီးမားသော လျှို့ဝှက်ချက်များ ပေါ်ပေါက်မည်]
ရှန်မို မျက်ခုံးပင့်မိ၏။
စိတ်ဝင်စားစရာပဲ။
“ဒါက သာမာန်ထက် မြင့်တာပဲ”
“နတ်ဘုရားပြောင်းလဲအဆင့်ကိုတောင် ကျော်မှာလား”
ရှန်မို ခေါင်းယမ်းမိသည်။
အချက်အလက် မပြည့်စုံသေးဘဲ အတွေးလွန်ခြင်းမှာ အချိန်ဖြုန်းရာ ကျလေ၏။
[အနာဂတ်: ခြေတည်ဝိညာဉ်အဆင့်မြင့်သို့ ရောက်ရှိမည်… (၅) နှစ်အကြာတွင် ဂိုဏ်းကြီး (၃) ခုနှင့် ရုံးတော်တို့ကြား ပြဿနာကြီး ပေါက်ကွဲ၍ မူယုံးယွဲ့မှာ ကျောက်စိမ်းပင်လယ်မြို့ကို ကာကွယ်ရန် တာဝန်ကျမည်။ နတ်ဆိုးမျိုးနွယ် မင်းသား (၄) နှင့် နဂါးနန်းတော် မင်းသား (၂) တို့ ဦးဆောင်ကာ ကျောက်စိမ်းပင်လယ်မြို့အား တိုက််ခိုက်မည်။ တိုက်ပွဲတွင် မူယုံးယွဲ့ ကျဆုံးမည်]
ရှန်မို မျက်မှောင်ကြုတ်နေ၏။
အလစ်ဝင်တိုက်တာလား။
အဆန်းတော့ မဟုတ်ပါဘူး။
ထို့နောက် သူ့ကံကြမ္မာကိုလည်း ပြန်ကြည့်မိသည်။
“ဒီလိုကိုး… ထင်ထားတဲ့အတိုင်းပဲ”
“ဘာတွေ တွေးနေတာလဲ”
မူယုံးယွဲ့ သူ့အမူအရာကို သတိထားမိကာ စိုးရိမ်တကြီး လှမ်းမေးသည်။
ရှန်မို ခေါင်းယမ်း၍
“ဆရာမ ခြေတည်ဝိညာဉ်အဆင့် တက်ပြီးတော့ စိတ်ထဲမှာ တစ်ခုခုအသစ်ပေါ်လာတာ ရှိလားရ
မူယုံးယွဲ့ အံ့ဩသွားပြီး
“မင်း သတိထားမိတာလား”
ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။
မူယုံးယွဲ့ သက်ပြင်းလေးချကာ
“မင်းနဲ့ငါက ဒီလောက်ရင်းနှီးကြတာ မဖုံးထားတော့ပါဘူး”
“ငါ အဆင့်တက်လာပြီးနောက်ပိုင်း စိတ်ထဲကနေ အသံတစ်ခုကြားနေရသလို ခံစားရတယ်”
“အသံက ထူးဆန်းလို့ ယောက်ျားလား မိန်းမလားတော့ မပြောတတ်ဘူး”
“အရမ်းအားကောင်းတဲ့ ကျင့်စဉ်တစ်ခုလည်း ပေးတယ်… ငါ နတ်ဘုရားပြောင်းလဲအဆင့် ရောက်ရင် အပိုင်းအလိုက် သင်ပေးမယ်တဲ့”
“နောက်ပြီး ပျောက်သွားလိုက်တာ အခုထိပဲ”
ရှန်မို အံ့ဩလျက်
“ဘာကျင့်စဉ်လဲ”
“နတ်ဇာမဏီ တန်ပြန်မှန်ကန်ခြင်းတဲ့… အဆင့်တော့ မပြောတတ်ဘူး… အနည်းဆုံး ကောင်းကင်အဆင့်တော့ ရှိမယ်ထင်တယ်”
ထို့နောက် ရှန်မို့နဖူးကိုထိလိုက်ပြီး ပုံရိပ်ငယ်ကို ကြည့်စေသောအခါ မည်မျှအင်အားကြီးမှန်း နားလည်သွားသည်။ ကောင်းကင်အဆင့် မူလဝိညာဉ် ဖန်တီးနည်းလည်း ပါဝင်၏။
ထို့အပြင် မီးရေခဲခန္ဓာကိုယ်ပိုင်ရှင်သာ ကျင့်ကြံနိုင်မည့် အခြေအနေများလည်း သင့်တော်နေသည်။
“ဒီကျင့်စဉ်က ဆရာမနဲ့ အတော်ပဲပေါ့”
“စိတ်ထဲကအသံဆိုတာ စီနီယာကျင့်ကြံသူ တစ်ယောက်ယောက်ရဲ့ ရှေးဝိညာဉ်ပဲ”
“ဆရာမ ဆက်ကျင့်ကြံလို့ ရတာပေါ့”
မူယုံးယွဲ့ ထိုသို့ကြားမှ စိတ်အေးသွားသည်။
သူ ရှန်မို့စကားမှလဲ၍ မည်သည့်အရာမှ မယုံပေ။
အစပိုင်းတွင် မပြောခဲ့သည်မှာ စိတ်မပူစေချင်၍ ဖြစ်၏။ သို့သော် ထင်သလိုမဟုတ်ဘဲ စိတ်အေးစရာပင်။
“ကျွန်တော် အပြင်မှာ သွားကျင့်ကြံနေတုန်း ဂိုဏ်းကြီး (၃) ခုနဲ့ ရုံးတော်ကြား ပြန်တင်းမာနေတယ်”
မူယုံးယွဲ့ ခေါင်းငြိမ့်၍
“ဟုတ်တယ်… ရတနာတိုက်သွားဖြစ်တဲ့အခါ သတင်းတွေ ကြားပါတယ်”
“နတ်ဆိုးတွေကတော့ ဆက်မတိုက်သေးဘဲ မြူနှင်းဒေသမှာ အင်အားစုနေတယ်တဲ့”
“ယုဒေသထဲတော့ ဝင်လာရဲဦးမှာ မဟုတ်ဘူး”
“အဲ့တော့ ဒီအခြေအနေမှာ အချင်းချင်း ပြဿနာတက်တာ မဆန်းပါဘူး… နယ်မြေတွေက ကျောက်စိမ်းဂိုဏ်းမှာ များနေတာကိုး”
“ဟိုတလောက အကြီးအကဲ (၆) ရဲ့သားကလည်း သန့်စင်ခြင်းဂိုဏ်းကလူကို မတော်တဆ သတ်မိသွားတယ်တဲ့… အဲ့ဒါလည်း ပြဿနာ ဖြစ်စေတာပေါ့”
မူယုံးယွဲ့ သက်ပြင်းချကာ ရှင်းပြနေသည်။
သူလည်း ကြီးမားသော အန္တရာယ်ကို မြင်ယောင်နေလေ၏။