ခေါင်းဆောင်ငယ်အတွက် ကိစ္စကြီး
Vol. 21 Ch. 310
ရှန်မို ခေါင်းငြိမ့်ပြ၏။
ဤသည်မှာ တော်ရုံသတိကောင်းသူတိုင်း သိမည့်ကိစ္စပင်။
ဂိုဏ်းကြီး (၃) ခုနှင့် ရုံးတော်တို့ ထိုအခြေအနေကို သတိထားမိလျှင်ပင် အင်အားကိုသာ စောင့်ကြည့်နေကြလိမ့်မည်။
အနည်းငယ် ပွတ်တိုက်မှုများမှ တဖြည်းဖြည်း မီးပွင့်ကာ ပြဿနာကြီးပေမည်။
ဤသို့ဖြင့် နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများ ပါလာပါက သူတို့ ပန်းတိုင်အောင်မြင်လိမ့်မည်။
ထိုရက်ကို ရှန်မို့လုပ်ရပ်များမှ အရှိန်မြင့်စေနေ၏။
သူ့ကိုယ်သူ တိတ်တဆိတ် ပြန်သုံးသပ်ကြည့်သည်။
သူ့စိတ်ဝိညာဉ်အင်အားနှင့် ကျင့်ကြံမှုတို့မှာ အဆင့်တက်ခါနီးလေပြီ။
သို့သော် သိုင်းစဉ်မှာတော့ လိုအပ်နေသေးသည်။
“အခု ငါ့အင်အားတိုးအောင် ကြိုးစားပြီးတော့ ရောက်လာမယ့် မုန်တိုင်းကို ရင်ဆိုင်ဖို့ပဲ ရှိတယ်”
…
အချိန် (၅) နှစ်မှာ လျင်မြန်စွာ ကုန်ဆုံးသွားပြန်သည်။
မြွေနဂါးတောင် ကွင်းပြင်ထဲတွင် ရှန်မိုမှာ ခန္ဓာကိုယ်အင်အား အစိတ်အပိုင်းတစ်ခု ထပ်၍ နိုးထလာ၏။
နတ်ဆင်ကြီးမှာ ဟင်းလင်းပြင်ကိုဖြတ်၍ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသလို ခံစားရသည်။
ရှန်မို အလွန်ပျော်ရွှင်လွန်း၍ ရုတ်တရက် မျက်လုံးပွင့်လာပြီး အော်ဟစ်မိလေသည်။
ရှေးစွမ်းအင်အရှိန်အဝါများ ပွင့်ထွက်၍ လောကကြီး တစ်ခုလုံးကို လွှမ်းခြုံထား၏။
ထိုအချိန် (၅) နှစ်ကျော်အတွင်း ရှန်မိုတစ်ယောက် အသွေးအသား အားဖြည့်ဆေးများကို မုန့်စားသလို တစ်ချိန်လုံး စားခဲ့လေသည်။
ထိုကဲ့သို့အခြေအနေဖြင့် ခန္ဓာကိုယ်မှ အစိတ်အပိုင်း (၈၀) ကို နိုးထစေခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ ဆင်ကြီးအကောင် (၈၀) ၏ အင်အားနှင့် ညီမျှပါသည်။
ရှန်မို လက်သီးကိုကျစ်ကျစ်ဆုပ်လျက် လက်မောင်းရှိ ကြွက်သားများမှ အင်အားများကို ခံစားမိသည်။
ယခုအချိန်တွင် သူ့ကျင့်ကြံမှုစွမ်းအင်မှာ နတ်ဆိုးဧကရာဇ်နီးပါးအထိ ရှိနေ၏။
ထိုနတ်ဆိုးဧကရာဇ်ဟူသော အသုံးအနှုန်းမှာ နတ်ဆိုးတစ်သောင်းနယ်မြေကို အုပ်ချုပ်သူ ကုမင်းကို ဆိုလိုခြင်းမဟုတ်ဘဲ အဆင့်တစ်ခုကိုပြောခြင်း ဖြစ်သည်။
ရှန်မို မြေပြင်ကို ဖနောင့်ဖြင့် တစ်ချက်ပေါက်လိုက်ပြီး ခြေထောက်ကြွက်သားများတွင် စိတ်ဝိညာဉ်စွမ်းအင်များ ရစ်ပတ်လာသည်။
ထိုအခါ ချက်ချင်းပင် တောင်ထိပ်တစ်ခုမှ တစ်ခုသို့ ကူးနိုင်လေ၏။
“ဒီလှုပ်ရှားမှုက ထူးခြားလိုက်တာ… အဂ္ဂိရက် (၉) သွယ်ဂိုဏ်းရဲ့ ကျင့်စဉ်လို့ မပြောရဘူး”
ရှန်မိုပြုံး၍ မှတ်ချက်ပြုမိသည်။
ထိုသိုင်းစဉ်မှာ ကောင်းကင်နင်းခြေစိတ်ဝိညာဉ်ခြေလှမ်း ဖြစ်ပြီး အဂ္ဂိရက် (၉) သွယ်ဂိုဏ်း ကျင့်စဉ်စာအုပ်ကြီးထဲမှ ရရှိသည့် ကောင်းကင်အဆင့်နိမ့်သိုင်းစဉ် ဖြစ်၏။
ထိုဂိုဏ်းမှ ကျင့်ကြံသူများသည် တိုက်ခိုက်စွမ်းရည် အားနည်းသောကြောင့် အရှိန်မြန်စေမည့် ကျင့်စဉ်များကို ဖန်တီးခဲ့သည်။
ထိပ်တိုက်ရင်ဆိုင်ရလား။
ထိုအတွက်လည်း စိုးရိမ်စရာမရှိပေ။ ရန်သူကို မောပန်းစေ၍ တိုက်ခိုက်နိုင်သည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှ မိုင်ဟေးဟီအသံကို ကြားရ၏။
“ခေါင်းဆောင်ငယ် ပြဿနာတက်ပါပြီ”
“စုပိုင်ဖုနမ်ရဲ့တူ စုချန်းချင်းလေ ကျွန်တော်တို့ရဲ့ သံကျောက်ဂူထဲမှာ အသတ်ခံရပါတယ်”
“အခုတော့ သန့်စင်ခြင်းဂိုဏ်းက နတ်ဘုရားပြောင်းလဲအဆင့်တွေ အများကြီး ရောက်နေကြပါပြီ… အခြေအနေ တင်းမာတာမှ အချိန်မရွေး ထတိုက်ခိုက်ကြတော့မလိုပါပဲ”
“ကျွန်တော်တို့ဂိုဏ်းက နတ်ဘုရားပြောင်းလဲအဆင့်တွေရော ရှိလား”
မိုင်ဟေးဟီမှ
“အကြီးအကဲ (၃)၊ (၅) နဲ့ (၆) တို့ ရောက်နေပါပြီ”
“တခြားခြေတည်ဝိညာဉ်အကြီးအကဲတွေ၊ မြုတေဖွဲ့စည်းခြင်း အကြီးအကဲတွေလည်း အမြန် သွားနေကြပါတယ်”
“ဒီနှစ်တွေအတွင်း သူတို့မိသားစုတချို့လည်း သန့်စင်ခြင်းဂိုဏ်းက သတ်တာခံခဲ့ရတာပဲ… အရမ်း မုန်းနေကြတာပေါ့”
ရှန်မို ခေါင်းငြိမ့်ပြ၏။
ထိုစဉ် အော်ဟစ်ဟိန်းဟောက်သံကြီးတစ်ခု ပေါ်လာသည်။
ထို့နောက် မျက်စိကျိန်းလောက်စရာ အလင်းရောင်နှင့် ကြောက်စရာအင်အားကြီးများပါ ကပ်ပါလာ၏။
မိုင်ဟေးဟီ မှင်တက်နေမိသည်။
ရှန်မိုမှာတော့ တည်ငြိမ်စွာဖြင့်
“နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူတွေတော့ စတိုက်ခိုက်နေကြပြီ”
ထိုနေ့မှာ နောက်ဆုံးတော့ ရောက်လာလေပြီ။
မကြာမီ တန်ဟီဂိုဏ်းနှင့် ရုံးတော်တို့လည်း အကြောင်းပြချက်ရှာ၍ ဝင်ပါလာလိမ့်မည်။
“နတ်ဆိုးမျိုးနွယ်တွေရော… ဘာမှ မထူးခြားသေးဘူးလား”
ရှန်မိုမှ မေးလိုက်သည်။
“အရင်နှစ်ကတော့ နတ်ဆိုးဧကရာဇ်ရယ်၊ အိမ်ရှေ့စံရယ်၊ မင်းသား (၄) ရယ် ပျောက်သွားကြတယ်တဲ့”
“မြောက်ပိုင်းမှာတော့ ဘာမှမထူးသေးဘူး… တောင်ပိုင်းကို ပြေးသွားတယ်လို့တောင် ကြားတယ်”
“ဪ… ဒါက အကြီးအကဲကျောက် ချန်ခဲ့တဲ့စာပါ”
မိုင်ဟေးဟီ စာတစ်စောင် လှမ်းပေး၏။
ရှန်မို ဖွင့်ကြည့်ရင်း
“ဒါ ဘယ်အချိန်က ပို့လိုက်တာလဲ”
“အရင်နှစ်ကပါ”
သူ စာကို အမြန်ဖတ်ကြည့်လိုက်သည်။
“အဲ့လိုကိုး”
စာထဲတွင် ကျောက်ယောင်လုမှ နတ်ဆိုးမျိုးနွယ်တို့ တောင်ပိုင်း မိုင် (၅၀၀၀) ကျော်အထိ ထွက်ပြေးသွားသည်ဟု ရှင်းပြထား၏။
သို့သော် မြူနှင်းဒေသ ကျင့်ကြံသူများ ထူးဆန်းသလို ခံစားရ၍ စုံစမ်းကြရာ သွေးနတ်ဘုရားအခန်းဟု ခေါ်သည့် နတ်ဆိုးနယ်မြေမှ တားမြစ်ဒေသမှာ ထင်ထားသည့်အချိန်ထက် စောပွင့်နေသည်။
ထိုနေရာကို နှစ်တစ်ရာတွင် တစ်ကြိမ်သာဖွင့်၍ နတ်ဆိုးဧကရာဇ်မှ (၅) ကြိမ် တက်ရောက်ပြီးလေပြီ။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်နှင့် မင်းသားများ ထိုနေရာသို့ သွားခြင်း ဖြစ်နိုင်သည်။
တစ်ခါပွင့်လျှင် အချိန် (၅) နှစ်ကြာသောကြောင့် မြောက်ပိုင်းသို့ (၅) နှစ်မျှ ကျူးကျော်နိုင်ဦးမည် မဟုတ်ပေ။
လက်အောက်ငယ်သားများမှာတော့ ထိုအချိန်အတွင်း တောင်ပိုင်းသို့ ပြန်ဆုတ်ခွါသွား၏။
ရှန်မို ရယ်မောမိသည်။
ဒီအကွက်က ကောင်းသားပဲ။
“ခေါင်းဆောင်ငယ် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်”
မိုင်ဟေးဟီမှ အားတက်သရော မေး၏။
ရှန်မို ခေါင်းငြိမ့်ပြကာ
“ကျွန်တော် လေ့ကျင့်ခိုင်းထားတဲ့ သားကောင် ထိန်းချုပ်ကျင့်ကြံသူတွေရော… ဘယ်အခြေအနေ ရောက်ပြီလဲ”
မိုင်ဟေးဟီ ဂုဏ်ယူဝင့်ကြွားစွာဖြင့်
“ခေါင်းဆောင်ငယ် ခိုင်းတဲ့အတိုင်း ယုံကြည်ရတဲ့ တပည့်တွေ၊ အလွတ်တန်းကျင့်ကြံသူတွေ စုထားပြီးပါပြီ”
“အင်အားအကြီးဆုံးက ခြေတည်ဝိညာဉ်အဆင့်ပါ”
“အားလုံး အမိန့်ကို အဆင်သင့် စောင့်နေပါပြီ”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေသည်။
“ကျောက်စိမ်းပင်လယ်မြို့ထဲ ဖြန့်ပြီးနေရာယူခိုင်းထားလိုက်… တိုက်ပွဲကြီးကို ရင်ဆိုင်ရတော့မယ်… ဒါပေမဲ့ ဂိုဏ်းကြီးတွေနဲ့ ရုံးတော်ကို မဟုတ်ဘူး”
မိုင်ဟေးဟီ အံ့ဩ၍
“ဒါဆို ဘယ်သူတွေလဲ”
ရှန်မို အရှေ့ဘက်ကို လက်ညှိုးထိုးပြကာ
“နတ်ဆိုးမျိုးနွယ်”
မိုင်ဟေးဟီ မှင်တက်နေပြန်၏။
နတ်ဆိုးများ တောင်ပိုင်းသို့ ပြေးသည်ကို အဘယ်ကြောင့် ကြိုပြင်ထားရသနည်း။
ထို့အပြင် အဘယ်ကြောင့် အရှေ့ဘက်ကို လက်ညှိုးထိုးသနည်း။
မည်သို့ပင်ဖြစ်စေ မိုင်ဟေးဟီ ခေါင်းငြိမ့်ပြကာ
“နားလည်ပါပြီ… ကျွန်တော် ပြင်လိုက်ပါမယ်”