ကျီဖျင် အရှေ့ပင်လယ် ရောက်လာခြင်း
Vol. 21 Ch. 311
အရှေ့ပင်လယ်။
လှိုင်းလုံးများ အဆက်မပြတ် ရိုက်ပုတ်၍ ပင်လယ်နှင့် ကောင်းကင်တို့ တစ်သားတည်းသဖွယ် ဖြစ်နေသည်။
ငါးဖမ်းသင်္ဘောများမှာ မြို့ကြီးနှင့် ရွာငယ်လေးများကို ကူးလူးဆက်သွယ် သွားလာနေ၏။
နေရောင်ခြည်အောက်တွင် မျက်နှာများမှာ ပျော်ရွှင်နေကြပုံပင်။
သို့သော် တည်ငြိမ်သော ပင်လယ်ရေပြင်အောက် နက်ရှိုင်းမှောင်မိုက်သောနေရာတွင် အခြားသတ္တဝါများ ရှိနေ၏။
ရေနတ်ဆိုးများမှာ နဂါးနန်းတော် ဖန်တီးခဲ့သည့် လှိုင်းကျောက်ဆောင်များ၌ ရှိနေကြသည်။
ထိုရေနတ်ဆိုးများမှာ အားကောင်းသော အစွယ်များဖြင့် သွေးဆာကာ သတိကောင်းကောင်း ရှိလေ၏။ ထိပ်တန်းစစ်သည်များဖြစ်မှန်း သိသာလှသည်။
ရှေ့တန်းတွင် (၂) ယောက်ရှိနေပြီး တစ်ဦးမှာ သရဖူဆောင်းထားသော နဂါးဖြူဖြစ်သည်။ နောက်တစ်ဦးမှာတော့ အဖြူရောင်အမွေးများဖြင့် လူဝံပင်။
လူဝံဖြူမှ
“မင်းသား (၂) ရဲ့ အရည်အချင်းက တကယ် ထူးခြားတာပဲ… ရေနတ်ဆိုးတွေကို လေ့ကျင့်ပေးရင်း နဂါးဧကရာဇ်အဆင့် ရောက်အောင် ကြိုးစားနိုင်တာ တကယ် လေးစားပါတယ်”
နဂါးဖြူမှ အားရပါးရ ရယ်မောကာ
“မင်းလည်း အရှေ့ပင်လယ်က လူသူဝေးတဲ့ကျွန်းမှာ နတ်ဆိုးစစ်တပ် ဖွက်ထားတာကို ငါမမြင်ဘူး ထင်နေလား… မင်းလေ့ကျင့်ရေးက ငါ့ထက်တောင် သာပါသေးတယ်… ငါ့ကို ချီးကျူးတာက မင်းကိုယ့်ကိုယ်ကိုယ် ချီးမွမ်းနေသလိုပဲ”
ယွမ်ခုန်း ရယ်မောမိ၏။
နဂါးဖြူမှ ဆက်၍
“ယွမ်ခုန်း ငါတို့က မိတ်ဆွေတွေပဲ… အဲ့လိုတွေ လေးစားပြစရာ မလိုပါဘူး… အောင်းရှန်လို့ပဲ ခေါ်ပါ”
“မင်း ငါ့ကို မင်းသား (၂) လို့ခေါ်ရင် ငါလည်း မင်းကို မင်းသား (၄) လို့ ပြန်ခေါ်နေရမှာပေါ့”
“ပြီးတော့ မင်းလည်း အရင်က လူဝံနတ်ဆိုးဧကရာဇ် အဆင့်ကို တက်သွားတယ်မလား… အခု အတူတူ ဖြစ်နေပါပြီ”
နတ်ဆိုး (၂) ဦးအချင်းချင်း ပြုံး၍ ပြောနေကြသည်။
ထို (၂) ဦးမှာ နဂါးနန်းတော်မှ မင်းသား (၂) အောင်းရှန်နှင့် နတ်ဆိုးနယ်မြေမှ မင်းသား (၄) ယွမ်ခုန်းတို့ ဖြစ်ကြ၏။
ယွမ်ခုန်းမှ
“မင်းသာ အရှေ့ပင်လယ်က ရေနတ်ဆိုးတွေအားလုံးကို ထိန်းချုပ်နိုင်သွားရင် အရှေ့ပင်လယ်က တောင်ပင်လယ်ကိုကျော်ပြီး အားလုံးထဲမှာ အင်အားအကြီးဆုံး ဖြစ်လာမှာပေါ့”
အောင်းရှန် ရယ်မောကာ
“အဲ့လိုနေ့ ရောက်တော့ရောက်လာမှာပေါ့”
“အဖေကတော့ ခွင့်ပြုပြီးသားလေ”
ယွမ်ခုန်း လက်ခုပ်တီးဂုဏ်ပြုကာ
“အဲ့ရက်က မကြာခင်ရောက်တော့မယ်လို့ ခံစားမိနေတယ်ဗျာ”
အောင်းရှန် ရယ်မောမိပြန်၏။
“ယွမ်ခုန်း မင်းက လူသားတွေလို လက်ခုပ်တီးနေတာလား… အရမ်းယဉ်ကျေးလွန်းနေပါပြီ”
ယွမ်ခုန်းပြုံးကာ
“လူသားတွေက နိမ့်ကျပေမဲ့ သူတို့ဆီက ပြန်သင်ရတာလေးတွေလည်း ရှိတာပေါ့”
အောင်းရှန် ခေါင်းငြိမ့်ပြကာ တစ်ဝက်တော့ သဘောတူလေသည်။
ထိုအချိန်တွင် အဖြူရောင်အရိပ်တစ်ခု ရေမျက်နှာပြင်တွင် ရုတ်တရက် ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ထိုအရိပ်မှာ နဂါးနန်းတော် ဝင်ပေါက်သို့ ရောက်လာ၏။
ယွမ်ခုန်းနှင့် အောင်းရှန်တို့ ချက်ချင်း သတိထားမိကာ လန့်သွားသည်။
“ဘယ်သူလဲ”
အောင်းရှန် ဝတ်ရုံဖြူနှင့် အဘိုးအိုကိုကြည့်ကာ လှမ်းမေး၏။
ယွမ်ခုန်းလည်း သေချာကြည့်နေသည်။
ထိုလူမှာ အရပ်ရှည်ရှည်၊ ဗလတောင့်တောင့်နှင့် ဆံပင်၊ မုတ်ဆိတ်တို့မှာတော့ ဖြူဖွေးနေလေ၏။
သေချာကြည့်လျှင် ဝတ်ရုံမှာ အဖြူရောင်သက်သက် မဟုတ်ဘဲ လျှော်ဖွပ်ဖန်များ၍ အရောင်လွင့်နေခြင်းပင်။
ထိုလူ့ကျင့်ကြံသူမှာ တစ်ချက်ကြည့်ရုံဖြင့် မသိသာသောကြောင့် ပိုသတိထားနေရ၏။
အဘိုးအိုမှ နဂါးနန်းတော်ကြီးကို အာရုံစိုက်၍
“အရှေ့ပင်လယ်ဘုရင်… ဘာလို့ ကိုယ်ထင်မပြတာလဲ”
သူ ဂရုမစိုက်သလို ပြောသည်။
ထို့နောက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ လှိုင်းလုံးကြီးများထလာ၏။
ယွမ်ခုန်းနှင့် အောင်းရှန်တို့မှာ ယိုင်မကျအောင် ကြိုးစား၍ ထိန်းနေရသည်။
ထိုအချိန်တွင် သူတို့၏ အကာအကွယ်လည်း ပျက်စီးကုန်သည်။
အောင်းရှန် ဒေါသထွက်၍ အံကြိတ်ကာ
“ဒီအဘိုးကြီး”
အဘိုးအိုမှာ လှည့်မကြည့်သော်လည်း သူ့ခန္ဓာကိုယ်မှ ကြောက်စရာအရှိန်အဝါများ ထွက်ကာ ဓားကြီးတစ်လက်မှာ အောင်းရှန်ထံ ရောက်လာ၏။
အောင်းရှန်လည်း အလွန်လန့်သွားသည်။
“အဖေ ကယ်ပါဦး”
သူ အလန့်တကြား အော်မိသည်။
“ကျီဖျင် မတွေ့တာ ကြာပြီနော်… ငါ့သားကို သတ်ဖို့အတွက်နဲ့ အရှေ့ပင်လယ်ကို လာတာလား”
နဂါးနန်းတော်ထဲမှ အေးစက်စက်အသံတစ်ခု ထွက်လာ၏။
ဓားကြီးမှာလည်း တဖြည်းဖြည်း ရေထဲပျော်ဝင်၍ ပျောက်ကွယ်သွားသည်။
ဒီလောက်အင်အားကြီးတာက။
အဘိုးအို မျက်မှောင်ကြုတ်၍
“အရှေ့ပင်လယ်ဘုရင် ယုကျောက်မှာ တကယ်စစ်ခင်းဖို့ စီစဉ်နေတာလား”
အထဲမှ ဂရုမစိုက်သလိုအသံဖြင့်
“ဒါက မျိုးဆက်သစ်တွေရဲ့ ကစားပွဲလေးပါ… ငါ ဝင်ပါဖို့ စိတ်ကူးမရှိဘူး”
“ကောင်းပြီလေ”
သူ နဂါးနန်းတော်ကို သေချာစောင့်ကြည့်ပြီးနောက် ချက်ချင်းပျောက်ကွယ်သွားလေ၏။
သူတို့၏ စကားများမှာ တိုတိုနှင့် လိုရင်းကို ထိရောက်သည်။
အောင်းရှန် နန်းတော်ဘက် အရိုအသေပေး၍
“ကျေးဇူးတင်ပါတယ် အဖေ… အဖေသာ ဝင်မပါပေးရင် သူ့လက်ချက်နဲ့ ကျွန်တော် ဒုက္ခရောက်နေပြီ”
အထဲမှ အသံပြန်ထွက်လာ၏။
“သူ မင်းကို မသတ်ရဲပါဘူး”
“အဖေ ဒါနဲ့ သူက ဘယ်သူလဲ”
“ကျင်းနိုင်ငံတော်က ဓားပါရမီရှင် ကျီဖျင်လေ”
ထိုစကားကြောင့် ယွမ်ခုန်းပင် စွံ့အသွားသည်။
ကျင်းနိုင်ငံတော်ရဲ့ အင်အားအကြီးဆုံးပဲ။
ကျီဖျင် အရှေ့ပင်လယ်ကို ရောက်လာသည်မှာ အရှေ့ပင်လယ်ဘုရင် ဝင်မပါခြင်း အတည်ပြုရန် ဖြစ်၏။
“ယွမ်ခုန်းနဲ့ အောင်းရှန် မင်းတို့အလုပ်ကို သေချာလုပ်ပါ… ငါ့ကို စိတ်မပျက်ရစေနဲ့နော်”
“ဟုတ်ကဲ့ပါ”
…
ပင်လယ်အထက်တွင် ကျီဖျင်တစ်ယောက် ကျောက်စိမ်းပင်လယ်မြို့သို့ ဆက်လာရင်း သက်ပြင်းချမိ၏။
မြို့ကြီးမှာ ယခုအချိန်အထိ စည်ပင်နေသော်လည်း မနက်ဖြန် ပြာပုံဖြစ်သွားနိုင်သည်။
သူလည်း အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးဖြစ်၍ ကျန်အပိုင်းမှာ မတတ်နိုင်တော့ချေ။
“အင်း… ဒီလူငယ်လေး…”
ကျီဖျင် မြို့ထဲကို လှမ်းကြည့်ရင်း အစိမ်းရောင်လူတစ်ဦးကို တွေ့သွား၏။
“ဒီအင်အားက…”
“သူက ကျောက်စိမ်းဂိုဏ်းက ခေါင်းဆောင်ငယ် ရှန်မိုဆိုတာ ထင်တယ်”
“နှမျောစရာပဲ… နတ်ဘုရားပြောင်းလဲအဆင့် အစပိုင်းပဲ ရှိသေးတော့ ဒီစစ်ပွဲကြီးရဲ့ ရလဒ်အထိတော့ မပြောင်းနိုင်တော့ဘူး”
ကျီဖျင် သက်ပြင်းချမိပြန်သည်။
ထို့နောက် အနောက်ဘက်သို့ ဆက်ပျံသန်းသွား၏။
သူ ထွက်သွားသောအခါ မြေပြင်မှ ရှန်မိုမှာ မော့ကြည့်မိသည်။
“ဒီလောက် ကြီးတဲ့အရှိန်အဝါက… ကျင်းတော်ဝင်အိမ်တော်က လျှို့ဝှက် စောင့်ရှောက်ပေးနေတဲ့သူထဲက ထင်တယ်”
“ပင်လယ်ဘက်က လာပုံအရတော့ အရှေ့ပင်လယ်ဘုရင်နဲ့ သွားညှိခဲ့တယ်ထင်တယ်”
“သူတို့လည်း ကြိုသိနေပုံပဲ”
ရှန်မို့အမူအရာမှာ အလွန်တည်ငြိမ်နေသည်။
သူ ကျင်းဧကရာဇ်ကို မတွေ့ဖူးသော်လည်း အတွေးများကို ခန့်မှန်းမိပါသည်။