← Chapters

နတ်ဆိုးစစ်တပ်မှ တိုက်ခိုက်ခြင်း

Vol. 21 Ch. 313

နတ်ဆိုးစစ်တပ်မှ တိုက်ခိုက်ခြင်း

Vol. 21 Ch. 313

ယုကျောက်နှင့် ဝူကျောက်ဒေသကြား အနောက်ပိုင်း နယ်စပ်တွင်။

ထိုနေရာတွင် သန့်စင်ခြင်းဂိုဏ်းမှ တပ်တစ်ခု ချထား၏။

ရည်ရွယ်ချက်မှာ နတ်ဆိုးမျိုးနွယ်များ၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် ဖြစ်သည်။

သို့သော် လွန်ခဲ့သော (၅) နှစ်အတွင်း နတ်ဆိုးများ တောင်ပိုင်းသို့ ထွက်ပြေးသွား၍ အစောင့်တပ်လည်း မသုံးတော့ပေ။

ထိုနေရာတွင် တာဝန်ကျသူများမှ သန့်စင်ခြင်းဂိုဏ်း၏ အရည်အချင်းအားနည်းသူများသာ ဖြစ်၏။

ထိုအချိန်တွင် ခြေတည်အဆင့် ကျင့်ကြံသူ (၃) ဦးတို့ သေရည်အိုးများပိုက်ကာ မူးရူး၍ လျှောက်လာသည်။

မကြာမီ ရောက်လာတော့မည့်အန္တရာယ်ကို မည်သူမျှ သတိမထားမိချေ။

ဝူကျောက်ကန္တာရ၏ တစ်နေရာတွင် သဲများရုတ်တရက် ကောင်းကင်ပေါ် ပျံတက်ကာ လေပွေကဲ့သို့ ဖြစ်နေပြီး သားရဲကြီးများ အော်သံကဲ့သို့ ကြားရ၏။

အင်အားကြီးမားသောတပ်ကြီး အစောင့်တပ်နှင့် နီးကပ်လာသည့် လက္ခဏာပင်။

အစောင့်တပ်မှ အရပ်ရှည်ရှည်ခပ်ပိန်ပိန် ကျင့်ကြံသူမှာ ထိုအသံကိုကြားသွားပြီး

“ဟေ့… ဂေ့… အဲ့အသံကို ကြားလိုက်လား… ဟိန်းသံကြီးလိုပဲနော်… ဧကန္တ နတ်ဆိုးမျိုးနွယ်တွေ တိုက်ခိုက်တာများလား”

ဘေးမှ ကျင့်ကြံသူ (၂) ဦးသည် အရက်ကြောင့် မျက်နှာများ နီလျက်မှ ရယ်မော၍

“ဘာဟိန်းသံလဲ… ဘာမှမကြားပါဘူးကွာ”

“လာနောက်မနေနဲ့… နတ်ဆိုးတွေ တောင်ပိုင်းကို ထွက်ပြေးသွားပြီလေ… ညတွင်းချင်း ဘယ်လို ပြန်ရောက်လာမှာလဲ”

နှစ်ဦးသား ပြန်ငြင်းနေ၏။

သို့သော် အရပ်ရှည်ရှည်လူမှာ စိတ်ထဲလေးနေ၍ ခံတပ်အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။ ထိုအခါ သူ့ဘဝတွင် ကြောက်စရာအကောင်းဆုံး မြင်ကွင်းကို မြင်လိုက်ရတော့၏။

ဖုန်လုံးကြီးများကြား၌ အဆုံးမရှိသော နတ်ဆိုးသားကောင်များ…

ကျားနတ်ဆိုးများ…

ဆင်နတ်ဆိုးများ…

သူတို့၏ ကြောက်စရာအရှိန်အဝါမှာ ကောင်းကင်ယံအထိ ပျံ့လွင့်နေသည်။

စွမ်းအင် ထုတ်မသုံးရသေးသော်လည်း သွေးဆာနေသော သူတို့၏ဖိအားမှာ မွန်းကြပ်စရာပင်။

ရှေ့တန်းတွင် အားကောင်းသော နတ်ဆိုးများ ဦးဆောင်လာပြီး မျက်လုံးနီများမှာ သွေးပင်လယ်ကြီးကို မြင်ယောင်စေ၏။

ဝုန်း!

အရပ်ရှည်ရှည်ကျင့်ကြံသူမှာ ထိတ်လန့်လွန်း၍ လဲကျသွားသည်။

အရက်မူးသည့်ခံစားချက်လည်း ချက်ချင်း ပျောက်သွား၏။

“ဟားဟားဟား ဘာတွေ့လို့ အဲ့လောက် ကြောက်နေတာလဲ”

ဘေးမှ ကျင့်ကြံသူများ လှောင်ရယ်နေကြသည်။

ထိုအခါ အရပ်ရှည်ရှည် ကျင့်ကြံသူသည် အားအပြည့်ဖြင့် လှမ်းအော်လိုက်တော့သည်။

“ရန်သူ ရန်သူ… နတ်ဆိုးတွေ ရောက်လာပြီ”

“ဘာ”

“နတ်ဆိုးတွေ ဝင်တိုက်တာလား… မဖြစ်နိုင်တာ”

“ချီးပဲ… ငါ့ စိတ်ဝိညာဉ်လက်နက်ရော”

“ငါ့ဝတ်ရုံကို ဘာလို့ယူဝတ်ထားတာလဲ… အခုချွတ်စမ်း”

“အင်အား ဘယ်လောက်ရှိလဲ သူတို့က”

“မြန်မြန်လုပ်… ဂိုဏ်းကို အကြောင်းကြားရမယ်”

အရပ်ရှည်ရှည်လူမှာ ခံတပ်ကိုကျော်၍ သေချာထပ်ကြည့်လိုက်၏။

ထိုစဉ် မွေးကင်းစကလေး လက်မောင်းခန့်ရှိသော သွေးနီမျှားတစ်စင်း ဖြတ်လာပြီး သူ့ခန္ဓာကိုယ်ထဲ စိုက်ဝင်သွားသည်။

ဝှစ်!

မကြာမီ အရိပ်တစ်ခု ခံတပ်ပေါ် ကျရောက်လာပြီး နေရောင်ခြည်အောက်တွင် တောက်ပနေ၏။

နတ်ဆိုးနယ်မြေမှ အိမ်ရှေ့မင်းသား ရှန်ကျူးပင်။

“အကုန်သတ်ပစ်လိုက်… တစ်ယောက်မှ အရှင်မထားနဲ့”

ရှန်ကျူးမှ ပြောလိုက်သည်။

ထိုအခါ အော်ဟစ်သံများ ရုတ်တရက် ထွက်လာပြီး စက္ကန့်ပိုင်းအတွင်း ပြန်တိတ်ဆိတ်သွားလေ၏။

“မြောက်ပိုင်းကို ဆက်သွားမယ်… သန့်စင်ခြင်းဂိုဏ်းက ငါတို့ရဲ့ ပစ်မှတ်ပဲ”

“ဟုတ်ကဲ့ပါ”

တပည့်များ ပြန်ဖြေ၍ စိတ်လှုပ်ရှားစွာ ထွက်သွားသည်။

ထိုအခြေအနေမျိုးမှာ နယ််စပ်တစ်လျှောက် ဆက်တိုက် ဖြစ်ပွါးလေ၏။

သာမာန်ပြည်သူများ အသတ်ခံရပြီး လေထုထဲတွင် နာကျင်စွာ အော်ဟစ်သံများသာ ပြည့်နေသည်။

ကျင့်ကြံသူများပင် ထွက်မပြေးနိုင်ဘဲ ခုခံလျှင် အသတ်ခံရပြီး အညံ့ခံသူများမှာတော့ နတ်ဆိုးမျိုးနွယ်၏ လူသားကျွန်များ ဖြစ်လာသည်။

တစ်ရက်အတွင်း ယုကျောက်ဒေသကြီး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။

…

ကျောက်စိမ်းပင်လယ်မြို့။

ပင်လယ်ကြီးမှာ ပုံမှန်အတိုင်း တည်ငြိမ်နေသည်။

တံငါသည်များလည်း အေးချမ်းစွာ အလုပ်လုပ်နေ၏။

ထိုစဉ် ရုတ်တရက် အမူအရာပြောင်းသွားကြသည်။

“ဟိုမှာ ကြည့်လိုက်ဦး”

သတိကောင်းသော တံငါသည်တစ်ဦးမှ ပင်လယ်ထဲကို လက်ညှိုးထိုးကာ ပြောသည်။

အားလုံးလည်း လန့်ဖျပ်ကာ လှမ်းကြည့်၏။

အပြာရောင်မျဉ်းများ ပေါ်လာပြီး မျဉ်းမှာ ပိုကြီးလာ၏။

နောက်ဆုံး အပြည့်အဝ မြင်ရသောအခါမှ သန္တာကျောက်များဖြင့် တည်ဆောက်ထားသည့် ဖောင်များစွာ မျောလာခြင်းဖြစ်ပြီး ပုစွန်နှင့် ကဏန်းစစ်သည်များ ပါလာသည်။

အမူအရာများမှာတော့ သွေးဆာနေသည့်ဟန်ပင်။

ထိုထဲမှ အချို့ဖောင်များတွင် လူဝံနတ်ဆိုး၊ ဝံပုလွေနတ်ဆိုးတို့ကဲ့သို့ ကုန်းနေသတ္တဝါများလည်း ပါဝင်သည်။

“ကောင်းကင်မှာ”

တံငါသည်မှ အပေါ်ကို မော့ကြည့်မိပြီး သိမ်းငှက်နှင့် လင်းယုန်နတ်ဆိုးများကို တွေ့ရပြန်သည်။

“ဘုရားသခင်… နတ်ဆိုးတွေ အများကြီးပဲ”

“ပြေးကြ… မြန်မြန်ပြေး”

တံငါသည်များ အမြန်ပြေးရန် ကြိုးစားသော်လည်း သန္တာဖောင်ကြီးများ ရောက်လာပြီး ဝင်တိုက်၍ လှေများအားလုံး ပျက်စီးနစ်မြုပ်ကုန်၏။ တံငါသည်များလည်း ရေနတ်ဆိုးများလက်ထဲတွင် ပျက်စီးသွားကြသည်။

…

ကျောက်စိမ်းပင်လယ်မြို့ အရှေ့မြို့ရိုး။

မြို့ရိုးတွင် တာဝန်ကျသော ကျင့်ကြံသူများ ထိုမြင်ကွင်းကို လှမ်းတွေ့ကာ မျက်လုံးပြူးကုန်သည်။ ထို့နောက် စစ်အချက်ပေးခရာသံဖြင့် အမြန် အချက်ပေးလိုက်သည်။

ကြောက်ရွံ့စရာခရာသံကြီးသည် တစ်မြို့လုံး ပျံ့နှံ့သွား၏။

နတ်ဆိုးများ တိုက်ခိုက်နေလေပြီ။

ကျင့်ကြံသူများအားလုံး လုပ်လက်စကို ပစ််ချ၍ ကိုယ်စီ လက်နက်များ ဆွဲကိုင်ကာ မြို့ရိုးဆီ ပြေးလာကြ၏။

ပြည်သူများမှာတော့ ကြောက်လွန်း၍ အိမ်ထဲတွင် တံခါးသေချာပိတ်ကာ ပုန်းနေကြသည်။

ရှန်မိုမှာတော့ တိတ်ဆိတ်စွာ အခန်းပိတ် ကျင့်ကြံလျက် ရှိသည်။

စစ်ခရာသံကြားသောအခါ သူလည်း အမြန်ထွက်လာခဲ့၏။

ထိုအချိန်တွင် မူယုံးယွဲ့၊ ဟီထျန်းချောင်၊ မိုင်ဟေးဟီနှင့် အခြားကျင့်ကြံသူများလည်း မြို့ရိုးသို့ ပြေးကြသည်။

သူတို့ရောက်သွားချိန်တွင် ရှန်မို့အမိန့်ဖြင့် မိုင်ဟေးဟီ လေ့ကျင့်ပေးထားသော သားကောင်ထိန်းချုပ် ကျင့်ကြံသူများလည်း သားကောင်များနှင့်အတူ ရောက်နေ၏။

“နတ်ဆိုးတွေ… တကယ်ရောက်လာတာပဲ”

“ရေနတ်ဆိုးတွေလည်း နောက်ဆုံးတော့ နတ်ဆိုးတစ်သောင်းနယ်မြေနဲ့ ပူးပေါင်းလိုက်ပြီ”

မိုင်ဟေးဟီ မျက်လုံးပြူးနေမိ၏။

ရှန်မိုသာ ထိုအခြေအနေကို ကြိုမပြင်ထားခဲ့လျှင် ကျောက်စိမ်းပင်လယ်မြို့ကြီး ချက်ချင်း ကျလိမ့်မည်။

“အကာအကွယ် စမယ်”

ရှန်မို့အသံမှာ တည်ငြိမ်လှ၏။

“ဟုတ်ကဲ့”

ကျင့်ကြံသူများ စည်းလုံးစွာ ကြိုးစားကြသည်။

ဂျစ် ဂျစ်!

အပြာရောင်အလင်းများ အရပ်မျက်နှာတိုင်းသို့ ပျံ့၍ တစ်မြို့လုံးကို လွှမ်းခြုံထားလိုက်သည်။

တစ်ဖက်တွင်တော့ ဦးဆောင်သူ (၂) ဦး ပျံဝဲလာသည်။

All Chapters