ကျွန်တော်က သူများကိုနှိမ်ရတာ ဝါသနာပါလို့
Vol. 45 Ch. 661
လေယာဉ်ပေါ်တွင် သွားရည်စာများ တည်ခင်းကျွေးမွေးပြီး လေယာဉ်မယ်များကလည်း ဆွဲဆောင်မှုရှိနေလေရာ အစောတုန်းက လူတိုင်းကို ခြောက်လှန့်နေခဲ့သည့် ပြင်းထန်လှသော အကြောက်တရားများမှာ ခဏတွင်းချင်း လွင့်စင်ပပျောက်သွားပြီး ခရီးစဉ်တစ်ခု၏အစပျိုးမှုကြောင့် စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်စောင့်စားမှုတို့ကသာ အစားထိုးဝင်ရောက်လာသည်။
သို့သော် ကျန်းမုန့်လောင်ကတော့ ထိုလူများနှယ် မပျော်နိုင်ပေ။ သူသည် ထိုလူများကို တစ်လတိတိ အာရုံထဲ ထည့်မထားခဲ့ပေ။ သူ့ဘက်က ပြန်မတိုက်ခိုက်ဘဲ ငြိမ်ခံနေမည့် မြေစေးရုပ်လေးတစ်ခုများ မှတ်နေသလား။
ယခင်တစ်ခေါက်က သူတို့က သူ့ပိုင်ဆိုင်မှုများကို ဖျက်ဆီးချင်ခဲ့ကြသော်လည်း ဤတစ်ခေါက်တွင်မူ နောက်တစ်ဆင့်တက်လာလေပြီ။ သူ့အား တိုက်လေယာဉ်အစင်းခြောက်ဆယ်ဖြင့် သတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ ဤသည်မှာ အလွန်များပြားလှသော ရင်းနှီးမြှုပ်နှံမှုတစ်ခုပင်။ သူတို့၏တိုက်လေယာဉ်၅၉စင်းကို ပစ်ချလိုက်ပြီဖြစ်ရာ သူတို့ အထိနာသွားလောက်ပြီဟု ယူဆရသည်။
သို့သော် ဤတစ်ခေါက်မှာတော့ ကျန်းမုန့်လောင်က သူတို့ အရင်လှုပ်ရှားလာမည့်အချိန်ကို စောင့်နေတော့မည်မဟုတ်ပေ။ အနည်းဆုံးတော့ အတိုးပြန်တောင်းရမည့်အချိန်ကျပြီဟု တွေးလိုက်မိသည်။ သို့မဟုတ်ပါက သူ့ကို မြေစေးရုပ်လေးတစ်ရုပ်နှယ် ထင်မှတ်နေကြလိမ့်မည်။ သူကတော့ ဤလှုပ်ရှားမှုကို အဓိကဟင်းပွဲမချခင် နှုတ်မြိန်စာတစ်ခုဟုသာ သဘောထားလိုက်မည်။
"စနစ် ဟုန်းရီနဲ့ချိတ်ဆက်ပေး"
ကျန်းမုန့်လောင်က အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်… မိန်းကလေးဟုန်းရီနဲ့ ချိတ်ဆက်ပေးနေပါပြီ"
ကျန်းမုန့်လောင်၏သီးသန့်ဖုန်းလိုင်းက ဟုန်းရီအတွက် နှစ်ဆယ့်လေးနာရီအပြည့် အသင့်ရှိနေပေသည်။ ကီလိုမီတာထောင်ပေါင်းများစွာ ဝေးကွာနေသော်လည်း ချက်ချင်းဆက်သွယ်နိုင်သည်။
"မစ္စတာကျန်း ဘာများလိုအပ်လို့လဲ"
မရင်းနှီးသည့် အမျိုးသမီးတစ်ယောက်၏အသံကို ကြားလိုက်ရသောအခါ ဆူညံပွက်လောရိုက်နေကြသည့် စီနီယာဂျူနီယာတစ်သိုက်မှာ ချက်ချင်း ငြိမ်ကျသွားသည်။
"ဟုန်းရီ.. သူတို့ဘက်က အခုလေးတင် လှုပ်ရှားသွားတယ်။ ပဉ္စမမျိုးဆက် တိုက်လေယာဉ်အစင်းခြောက်ဆယ်နဲ့ လာသွားတယ်။ တော်တော်ခမ်းနားလိုက်တာများ"
"မစ္စတာကျန်း.. ရှင် ဒဏ်ရာရမသွားဘူးမလား"
ဟုန်းရီက မေးလိုက်လေသည်။ သူ(မ)သည် ကျန်းမုန့်လောင်၏လေယာဉ်ပေါ်တွင် ဆိုလာမီးပြင်းဖိုကဲ့သို့သော ပစ္စည်းကိရိယာများ တပ်ဆင်ရေးအတွက် စီစဉ်ပေးထားသူဖြစ်၏။ တရားဝင်အသုံးမပြုခင်လည်း စေ့စေ့စပ်စပ်စစ်ဆေးထားသည်။
"ငါအဆင်ပြေပါတယ်။ ၅၉စင်းကိုပစ်ချပြီး တစ်စင်းကို သတင်းပို့ဖို့ ပြန်လွှတ်လိုက်တယ်"
ကျန်းမုန့်လောင်က ဆို၏။
"ငါ သူတို့ကို သတိပေးထားပြီးပြီဆိုတော့ နဂါးမှန်းသိအောင် အမောက်ထောင်ပြဖို့ အချိန်ကျပြီ"
"မစ္စတာကျန်း ဘာလုပ်ဖို့စီစဉ်ထားလဲ"
ဟုန်းရီက မေးလိုက်၏။
"တလောတုန်းကပဲ ရှင့်နာမည်အောက်မှာရှိတဲ့ လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ၁၂ခုက လုံယင်တိုက်လေယာဉ်တွေကို ထုတ်လုပ်ထားပြီးပါပြီ။ အခြေခံမော်ဒယ်အစင်း၁၂၀နဲ့ အဆင့်မြင့်မော်ဒယ်၄၅စင်းပါ။ အဆင့်မြင့်မော်ဒယ်မှာ အမြောက်ပျံစနစ်တွေပါဝင်တဲ့ ကိရိယာတွေကို တပ်ဆင်ထားပါတယ်။ ဒါပေမဲ့ အေတီစက်ကွင်းကို ထည့်ဖို့တော့ လပိုင်းလောက် အချိန်ယူရဦးမှာပါ"
လေယာဉ်ပေါ်ရှိ လူများမှာ ထိုစကားကိုကြားလိုက်ရပြီးနော် ဇောချွေးများပြန်သွားလေသည်။
ယခုနှစ် စစ်ရေးပြပွဲတွင် "လုံယင်"တိုက်လေယာဉ်များက အဓိကအခန်းကဏ္ဍတွင် ပါဝင်ခဲ့သည်။ ဘီလီဘီလီအသုံးပြုသူအမြောက်အများကလည်း ၎င်း၏စွမ်းဆောင်ရည်ကို ဖော်ထုတ်ရှင်းလင်းပြထားပြီးဖြစ်၏။
ဆွဲငင်အားဆန့်ကျင်ရေးအင်ဂျင်များ၊ အခြေခံအမှုန်အမြောက်များ၊ တန်ပြန်သက်ရောက်မှုပြင်းဒြပ်ပစ္စည်းများစသဖြင့် နည်းပညာတစ်ခုချင်းစီတိုင်းက လူသားများ၏ အထွတ်အထိပ်အောင်မြင်မှုများဖြစ်ပြီး စစ်ရေးအရလည်း မည်သူမှ မယှဉ်နိုင်သော နေရာတစ်ခုသို့ ရောက်ရှိစေခဲ့သည်။
နိုင်ငံတိုင်းရှိ စစ်ရေးကျွမ်းကျင်သူများကလည်း ၎င်း၏စွမ်းဆောင်ရည်ကို ဆန်းစစ်ခဲ့ကြသည်။ အကယ်၍ အမေရိကန်နိုင်ငံ၏ F22က တိုက်လေယာဉ်များ၏ အမြင့်ဆုံးစံနှုန်းဖြစ်ပြီး ရမှတ်၁၀၀ရှိသည်ဆိုပါလျှင် လုံယင်တိုက်လေယာဉ်များကမူ အမှတ်နှစ်ထောင်သုံးထောင်အထိ ရှိနိုင်သည်။
ဟွာရှားနိုင်ငံ၏အိမ်နီးချင်းဟောင်းဖြစ်သည့် အလွန်အမင်းဒရမ်မာခင်းတတ်သော ကိုင်ဘွန်နိုင်ငံက လုံယင်တိုက်လေယာဉ်၏အမြန်နှုန်း၊ လှုပ်ရှားနိုင်စွမ်း၊ ခုခံရေးစွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအား၊ ကိုယ်ယောင်ဖျောက်နိုင်စွမ်းနှင့် ရေရှည်ခိုင်ခံ့မှုတို့ကို ဆန်းစစ်ရန်အတွက် ဆဋ္ဌဂံပုံကြမ်းကို အသုံးပြုခဲ့သည်။
လူကြီးမင်းတို့ခင်ဗျာ.. ဒီတိုက်လေယာဉ်မှာ ဘာအားနည်းချက်မှမရှိပါဘူး.. ဆဋ္ဌဂံပုံစံတိုက်လေယာဉ်စစ်စစ်ပါပဲ…
ယခုအခါတွင် လုံယင်တိုက်လေယာဉ်များကို "အင်ပါယာ၏သိမ်းငှက်"၊ "အင်ပါယာ၏အင်အားအကောင်းဆုံးဖျက်ဆီးရေးလက်နက်"နှင့် အခြားသောဂုဏ်ပုဒ်များဖြင့် ခေါ်ဝေါ်နေကြသည်။
ကျန်းမုန့်လောင်က လုံယင်တိုက်လေယာဉ်အစင်း၁၂၀ကို ပိုင်ဆိုင်နေပြီလား။ ထို့ပြင် အဆင့်မြင့်တိုက်လေယာဉ်၄၅စင်းဆိုသည်မှာ အဘယ်နည်း။ ဤတိုက်လေယာဉ်ကပင် အလွန်အစွမ်းကြီးနေပြီဖြစ်၏။ ထပ်အဆင့်မြင့်နိုင်သေးသလား။
"မုန့်လောင်.. မင်းတို့မိသားစုက စစ်တပ်တို့ လက်နက်ထုတ်လုပ်ရေးဌာနတို့နဲ့ အဆက်အသွယ်ရှိတာလား"
စီနီယာတစ်ယောက်က မဝံ့မရဲမေးလာချေသည်။
လုံယင်တိုက်လေယာဉ်၏ ဖြစ်တည်မှုက ဟွာရှားနိုင်ငံကို လာမည့်ဆယ်စုနှစ်များတွင် ဝေဟင်ကြီးစိုးမှုကို အသာစီးရနေစေသည်။ ထိုမျှအရေးကြီးလှသော လက်နက်မျိုးမှာ နိုင်ငံတော်၏ဗျူဟာမြောက်ပိုင်ဆိုင်မှုတစ်ခုပင်။
ကျန်းမုန့်လောင်တွင် ပိုက်ဆံရှိလျှင်ပင် ထိုပိုင်ဆိုင်မှုများကို ဝယ်ယူရန် မဖြစ်နိုင်ပေ။ အကယ်၍ ထိုလေယာဉ်များမှာ နိုင်ငံခြားသို့ ရောက်သွားပါက အားနည်းချက်ကို စစ်ဆေးခံရခြင်း သို့မဟုတ် ပုံတူကူးချခြင်းတို့ဖြစ်သွားပါက မတွေးဝံ့စရာပင်။
ဤအကြောင်းကြောင့်သာမဟုတ်ပါက ကျန်းမုန့်လောင်အနေနှင့် လုံယင်တိုက်လေယာဉ်များကို မည်သို့ ရနိုင်မည်နည်း။ သူသည် ဩဇာအာဏာရှိသော ပုဂ္ဂိုလ်တစ်ယောက်၏မျိုးဆက်များ ဖြစ်နေမလား။
"မဟုတ်ပါဘူး.. ကျွန်တော့်မိသားစုက သာမန်လူတွေပါပဲ။ နိုင်ငံရေးလောကထဲကရော စစ်တပ်ထဲကရော မဟုတ်ပါဘူး"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်လေသည်။
"ဒါဆို မင်းအခုပြောလိုက်တဲ့ လုံယင်တိုက်လေယာဉ်တွေက…"
"ဪ.. လုံယင်တိုက်လေယာဉ်ကို ကျွန်တော်ကိုယ်တိုင် တီထွင်ထားတာ။ ဆွဲငင်အားမဲ့အင်ဂျင်တို့ အခြေခံသက်ရောက်မှုပြင်းဒြပ်ပစ္စည်းနဲ့ အခြေခံအမှုန်အမြောက်တွေလည်း ပါတယ်။ သီအိုရီပိုင်းနဲ့ အသေးစိတ်ဒီဇိုင်းကအစ ကျွန်တော်ပဲ အကုန်ထောက်ပံ့ပေးထားတာ"
"ငါ.. အမလေး.."
ဤအရာများကို မည်သည့်သိပ္ပံပညာရှင်ကများ ဒီဇိုင်းဆွဲခဲ့သလဲဆိုသည်ကို လူတိုင်း ခန့်မှန်းနေကြသော်လည်း တကယ်တမ်းတွင် ကျန်းမုန့်လောင်ဖြစ်နေလိမ့်မည်ဟု မည်သူမှ မတွေးမိကြပေ။
ယခုမူ တိုက်လေယာဉ်တစ်စင်းလုံးကို သူကိုယ်တိုင် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ကြောင်း သူတို့ နားလည်သွားကြသည်။ ထို့ကြောင့် ကျန်းမုန့်လောင်အနေနှင့် လုံယင်တိုက်လေယာဉ်အစင်းတစ်ရာနှစ်ရာပိုင်ဆိုင်ထားခြင်းမှာ အဆန်းမဟုတ်တော့ပါချေ။
ဤသို့သောပိုင်ဆိုင်မှုများကို ပြည်တွင်းတွင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့်မရှိသော်လည်း နိုင်ငံခြားနှင့် ပိုင်ရှင်မဲ့နယ်မြေများတွင်မူ ဖြစ်နိုင်သည်။ ကျန်းမုန့်လောင်၏ ငွေကြေးအင်အားဖြင့်သာဆိုလျှင် စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဘာကများ တားဆီးနိုင်ဦးမည်နည်း။
"မစ္စတာကျန်း.. အဲဒီတိုက်လေယာဉ်၁၆၅စင်းက အချိန်မရွေးတိုက်ခိုက်ဖို့ အသင့်ဖြစ်နေပါပြီ။ အရင်က ငွေကြေးဈေးကွက်ထဲမှာ ရှင့်ကို တိုက်ခိုက်ခဲ့တဲ့နိုင်ငံက စုစုပေါင်း၈၉နိုင်ရှိပြီး အခု စစ်ရေးအရတိုက်ခိုက်လာတဲ့ နိုင်ငံကတော့ ၈၈နိုင်ငံရှိပါတယ်။ ရှင် တိုက်ခိုက်မှုစချင်လား"
"ဘာ..ဘာ? တိုက်ခိုက်မှုလား"
ငြိမ်းချမ်းသောခေတ်တွင် နေထိုင်ကြသူတိုင်းက လုံးဝထိတ်လန့်ကုန်ကြသည်။
၈၈နိုင်ငံဆိုသည်မှာ ကမ္ဘာတစ်ဝက်စာပင်။
အစောတုန်းက တိုက်လေယာဉ်အစင်းခြောက်ဆယ်၏ အခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများက အများကြီးပါဝင်နေကြောင်း ခန့်မှန်းရန် မခက်ခဲချေ။ သာမန်ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် နောက်ကျကျန်ရစ်နေခဲ့သော နိုင်ငံများတွင် ပဉ္စမမျိုးဆက် တိုက်လေယာဉ်များကို ထုတ်လုပ်နိုင်သည့် နည်းပညာမျိုးမရှိပေ။
ဖွံ့ဖြိုးပြီးနိုင်ငံများ၏ စီးပွားရေးနှင့် စစ်ရေးအင်အားက ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးပင်။ တစ်နည်းအားဖြင့် ဆိုရသော် ကျန်းမုန့်လောင်က ကမ္ဘာတစ်ဝက်ကို တိုက်ခိုက်နေရခြင်းမျှသာ မဟုတ်ပါဘဲ ကမ္ဘာ့စီးပွားရေးနှင့် လက်နက်အင်အား၏ သုံးပုံနှစ်ပုံကိုပါ ရင်ဆိုင်နေရခြင်းပင်။
သူ ရူးသွားပြီလား..
ဤသည်မှာ သတိပေးရုံသက်သက်နှင့် အတိုးပြန်တောင်းရုံဟု ပြောလိုက်သည်မဟုတ်လား။ ဤသည်မှာ တတိယကမ္ဘာစစ်ကို မီးမွှေးနေခြင်းပင်။
"သတိပေးချက်"နှင့် "အတိုး"ဟူသော စကားလုံးများ၏ အဓိပ္ပာယ်ကို နားလည်မှုလွဲနေလေသလား။
ကျန်းမုန့်လောင်၏ အမျိုးသမီးလက်ထောက်မှာ စင်စစ်ကြောက်မက်ဖွယ်ကောင်းလှသည်။
"ဟုန်းရီ.. မင်းကို ငါ ဘယ်နှခါပြောရမလဲ။ အမြဲတမ်း တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ပဲ တွေးမနေနဲ့လို့။ ငါတို့က ၂၁ရာစုရဲ့ နိုင်ငံကြီးသားတွေလေ။ အရင်ခေတ်တွေတုန်းကလို ရိုင်းစိုင်းတဲ့နည်းလမ်းတွေကို အမြဲသုံးမနေနဲ့။ စစ်ဖြစ်ရင် သာမန်ပြည်သူတွေပဲ ထိခိုက်ရတာ"
"ဒါဆို မစ္စတာကျန်း ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ"
ဟုန်းရီက မေးလိုက်၏။
"စီးပွားရေးစစ်ပွဲဆင်နွှဲမှာလား"
"ဘာစီးပွားရေးစစ်ပွဲလဲ"
ကျန်းမုန့်လောင်က ခွန်းတုံ့ပြန်လိုက်၏။
"စစ်မတိုက်ဘူးဆိုတာက သူတို့နဲ့ ထိပ်တိုက်မတွေ့ဘူးလို့ ပြောတာ။ တကယ်လို့ စစ်ဖြစ်ရင် အရင်းအမြစ်တွေဖြုန်းတီးရာကျသလို လူတွေလည်း ထိခိုက်ကုန်မှာပေါ့"
"ဒါဆို ဘာများ…"
"အရင်ဆုံး သူတို့ကို အမြောက်စာတစ်ချက်ကျွေးလိုက်မယ်"
ကျန်းမုန့်လောင်က ရယ်မောလျက် ပြောလိုက်လေသည်။
"ဥပမာအနေနဲ့ အဲဒီ၈၈နိုင်ငံတွေရဲ့ စစ်အခြေစိုက်စခန်းတစ်ခုစီကို အရင်ဖျက်ဆီးလိုက်မယ်"
"ဒါက စစ်ဆင်ရေးတစ်ခုပဲမဟုတ်ဘူးလား"
ကျူးမုန့်ချောင်က ပြောလိုက်သည်။
"မဟုတ်ဘူး။ မဟုတ်ဘူး"
ကျန်းမုန့်လောင် ရယ်လိုက်လေသည်။
"အစ်ကိုကြီး.. တိုက်လေယာဉ်တွေက စစ်တိုက်ဖို့အတွက်သက်သက် သုံးတာမဟုတ်ဘူးလေ။ စစ်အခြေစိုက်စခန်းတစ်ခုကို ဖျက်ဆီးတယ်ဆိုတာ သူတို့လူတွေကိုသတ်တာ ဒါမှမဟုတ် အဆောက်အအုံတွေကို ဖျက်ဆီးမှရယ်လို့ မဟုတ်ဘူးလေ။ သူတို့ရဲ့စိတ်ဓာတ်ကို ရိုက်ချိုးပြီး သူတို့ဘဝရဲ့ရွေးချယ်မှုတွေကို သံသယဝင်သွားအောင်လည်း လုပ်လို့ရတယ်လေ"
"ငါ သိပ်နားမလည်ဘူး"
"ဥပမာဗျာ… ဂရက်ဖိုက်ဗုံးတွေကိုသုံးပြီး သူတို့ရဲ့ဆက်သွယ်ရေးကိရိယာတွေကို ဖျက်ဆီးပစ်မယ်။ ပြီးမှ သူတို့ကို အရှက်ခွဲဖို့အတွက် ဟွာရှားနိုင်ငံရဲ့အဆဲစကားတွေနဲ့ ဆဲကြမယ်။ 'လူကြီးလူကောင်းတစ်ယောက်က အသေသာခံမယ်။ အရှက်တော့အကွဲမခံဘူးလို့ပြောကြပေမဲ့ ကျွန်တော်ကတော့ သူများကိုနှိမ်ရတာ သိပ်ဝါသနာပါတာ"
"ဪ.. ဒါနဲ့ ကျေးလက်ဘက်ကနေ နောက်ချေးတွေတန်ချိန်ပေါင်းအများကြီး ရနိုင်မလားလို့ စုံစမ်းကြည့်ပေးဦး။ သူတို့ရဲ့ဗဟိုကွပ်ကဲရေးဌာနထဲကို အဲဒီချေးပုံးတွေ ပစ်ချလိုက်ရင် အရမ်းကျေနပ်ဖို့ကောင်းမှာပဲ"
"တော်တော်ရက်စက်တာပဲ"
ကျန်းမုန့်လောင်၏အစီအစဉ်ကို ကြားသောအခါ လူတိုင်း အော်ရယ်လိုက်မိကြတော့သည်။
"အရမ်းကြမ်းတာပဲ"
"ဒါက သူတို့ရဲ့စစ်စခန်းကို ဗုံးကြဲချလိုက်တာထက်တောင် ပိုဆိုးသေးတယ်"
*****************