← Chapters

မင်းက အရမ်းလှတာပဲ အချောလေး

Vol. 45 Ch. 662

မင်းက အရမ်းလှတာပဲ အချောလေး

Vol. 45 Ch. 662

အမေရိကတိုက် အနောက်ဘက်ရေပြင်ရှိ ကျွန်းငယ်လေးတစ်ခုပေါ်တွင် တည်ရှိသော ဤနေရာကား အမေရိကန်၏ လျှို့ဝှက်မှုအမြင့်ဆုံး လက်နက်ဓာတ်ခွဲခန်းတစ်ခုဖြစ်ပြီး အမေရိကန်စစ်တပ်၏ လက်နက်တိုက်ကြီးကို မွေးထုတ်ပေးသည့်နေရာလည်း ဖြစ်၏။

ကမ္ဘာ့ထိပ်သီးရူပဗေဒပညာရှင်များ၊ ဓာတုဗေဒပညာရှင်များ ၊ စက်မှုဒီဇိုင်းပညာရှင်များနှင့် ပရိုဂရမ်မာများဖြင့် ဖွဲ့စည်းထားသည်။ ဤဓာတ်ခွဲခန်းမှာ လွန်ခဲ့သည့်ရာစုနှစ်က တည်ထောင်ထားခြင်းဖြစ်ပြီး B2ကိုယ်ပျောက်ဗုံးကြဲလေယာဉ်နှင့် F22တိုက်လေယာဉ်တို့၏ ဒီဇိုင်းပိုင်းတွင် ထူးချွန်မှုရရှိထားသည်။

ကျန်းမုန့်လောင်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ရရှိလာသော အချက်အလက်အားလုံးကို ဤဓာတ်ခွဲခန်းသို ပေးပို့လိုက်လေရာ ကျွမ်းကျင်ပညာရှင်များက အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြတော့သည်။

"ဒီအစည်းအဝေးရဲ့ရည်ရွယ်ချက်ကို အားလုံး သိကြတယ်မလား"

အဖြူရောင်ကုတ်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်က အစည်းအဝေးအခန်း၏ အရှေ့တွင် မတ်တတ်ရပ်နေလေသည်။ သူ့နာမည်က စပရင်ဂယ်လ်တန်ဖြစ်၏။ သူသည် ဗိုလ်ချုပ်အဆင့်ရှိသူဖြစ်ပြီး ဤဓာတ်ခွဲခန်းထဲတွင် အမြင့်ဆုံးအရာရှိလည်း ဖြစ်သည်။ စစ်ဘက်ဆိုင်ရာထိပ်တန်းလက်နက်ထုတ်လုပ်ရေးစီမံကိန်းများကို သူကိုယ်တိုင် ကြီးကြပ်ကွပ်ကဲနေခြင်းပင်။

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ပုံစံမှာ အေးအေးဆေးဆေးရှိလှသော်ငြား အများစုမှာ ဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်ချုပ်မှူးကြီးများပင်။ ဤအစည်းအဝေးခန်းထဲသို့ ဝင်ခွင့်ရရှိသူတိုင်းက ဓာတ်ခွဲခန်းထဲတွင် အထူးချွန်ဆုံးအထက်တန်းလွှာများသာ။

"မင်းတို့တွေ သိထားရမှာက.. လွန်ခဲ့တဲ့မိနစ်ပိုင်းကပဲ ငါတို့တွေ တခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီး ကျန်းမုန့်လောင်ကို စစ်ရေးတိုက်ခိုက်မှု စတင်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ အရေးနိမ့်ခဲ့တယ်။ ပဉ္စမမျိုးဆက်တိုက်လေယာဉ်အစင်းခြောက်ဆယ်မှာ ၅၉စင်းက လုံးဝပျက်စီးသွားပြီ။ တစ်စင်းတည်းပဲ လွတ်မြောက်လာတယ်။ အဲဒါကလည်း ကျန်းမုန့်လောင်က တမင်လွှတ်ပေးလိုက်လို့။ ဒါက ဘာအဓိပ္ပာယ်လဲဆိုတာ မင်းတို့သိလား"

"ဗိုလ်ချုပ်စပရင်ဂယ်လ်တန်.. ကျွန်တော်တို့ စစ်မြေပြင်ထဲက မှတ်တမ်းဗီဒီယိုကို အရင်ကြည့်ချင်ပါတယ်"

ဗိုလ်မှူးတစ်ယောက် ဆိုလာလေသည်။

"ကျွန်တော်သိသလောက်ဆိုရင် မစ်ရှင်မှာ ပါဝင်ခဲ့တဲ့ တိုက်လေယာဉ်တွေက ပဉ္စမမျိုးဆက်တိုက်လေယာဉ်ဆိုပေမဲ့ မော်ဒယ်တွေက မတူကြဘူး။ ပြီးတော့ ပဉ္စမမျိုးဆက်လို့ ပြောပေမဲ့ နည်းပညာက လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်တုန်းက နည်းပညာအဆင့်လောက်ပဲရှိတယ်။ နည်းပညာပိုင်းဆိုင်ရာ အားနည်းချက်တွေလည်း အများကြီးရှိနိုင်တယ်"

စပရင်ဂယ်လ်တန်က ဘာမှထပ်မပြောတော့ဘဲ တိုက်ပွဲမှတ်တမ်းဗီဒီယိုကိုသာ ထုတ်ပြလိုက်သည်။

"ဟင်.. ဒါတွေက အဆင့်မြင့်ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေလေ"

"ကျန်းမုန့်လောင်က သာမန်ခရီးသည်တင်လေယာဉ်တစ်စင်းတည်းနဲ့ ဒီလေယာဉ်တပ်ကို ဘယ်လိုဖျက်ဆီးလိုက်တာလဲ"

"အနားက နိုင်ငံတွေဆီက တိုက်လေယာဉ်ကိုများ ငှားထားတာလား။ ဒါပေမဲ့ သူ့ဘက်က ဒီကိစ္စကို ကြိုသိနေစရာလည်း အကြောင်းမရှိပါဘူး"

"မဖြစ်နိုင်တာ။ သူ ကြိုသိနေခဲ့ရင်တောင် လမ်းကြောင်းတစ်လျှောက်မှာ ပဉ္စမမျိုးဆက်တိုက်လေယာဉ်မပြောနဲ့.. စတုတ္ထမျိုးဆက်တိုက်လေယာဉ်ကိုတောင် လွှတ်ပေးနိုင်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံမျိုး မရှိဘူးလေ"

"ဒါက ဘာကြီးလဲ"

ရွှေရောင်အေတီစက်ကွင်းကို ထုတ်ပြလိုက်ချိန်မှာ လူတိုင်း၏အသားအရောင်ကား ချက်ချင်းပြောင်းလဲသွားလေသည်။

နူးညံ့ပါးလွှားဟန်တူသော ရွှေရောင်ဒိုင်းကြီးက ဆိုက်ဒ်ဝင်ဒါဒုံးကျည်နှစ်စင်း၏ တိုက်ခိုက်မှုကို အသာလေးကာကွယ်လိုက်နိုင်သည်။

သို့သော် ဆက်ကြည့်နေချိန်မှာပင် သူတို့၏အမူအရာက ပိုမိုထိတ်လန့်လာကြသည်။ အစိမ်းရောင်လင်းလက်နေသည့် အမှုန်အမွှားများ၊ လွတ်လပ်စွာပျံသန်းနိုင်ခြင်း၊ လှုပ်ရှားမှုသွက်လက်ခြင်းနှင့် လေဆာလက်နက်များ တပ်ဆင်ထားခြင်းတို့အပြင် အံ့ဖွယ်ကောင်းလှသော ဒရုန်းများမှာ ကိုယ်ပိုင်ရဟတ်ယာဉ်အဖြစ် ပြောင်းလဲပြုပြင်ထားသော Boeing787ပေါ်တွင် တပ်ဆင်ထားခြင်းဖြစ်၏။

"ငါတို့ရဲ့ခွဲခြမ်းစိတ်ဖြာချက်အရ ဒီရွှေရောင်ဒိုင်းက စွမ်းအင်တစ်ဝက်၊ စိတ်စွမ်းအားတစ်ဝက် ရောနှောထားတဲ့ အကြွင်းမဲ့နယ်ပယ်တစ်ခုပဲ"

"စိတ်စွမ်းအားတစ်ဝက်လား။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ။ သိပ္ပံနည်းကျမှမဟုတ်တာ"

"သိပ္ပံနည်းကျတာတွေ မကျတာတွေမရှိဘူး။ ဒါက အမှန်တရားပဲ"

စပရင်ဂယ်လ်တန်က ဓာတ်ပုံတစ်ပုံကို ဖွင့်ပြလိုက်သည်။

"ဒါက အဲဒီတုန်းက တိုင်းတာရရှိခဲ့တဲ့ အချက်အလက်တွေပဲ။ လွန်ခဲ့တဲ့နှစ်ပိုင်းလောက်တုန်းက ငါတို့ရဲ့လူသားခန္ဓာသုတေသနကတစ်ဆင့် အစမ်းသပ်ခံလူတွေက 'ဦးနှောက်ကွမ်တမ်လှိုင်း"လို့ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို ထုတ်လုပ်ခဲ့တယ်ဆိုတာ မင်းတို့သိမှာပါ။ လွယ်လွယ်ပြောရရင်တော့ စိတ်စွမ်းအင်လို့ခေါ်တာပေါ့"

"တိုင်းတာရရှိတဲ့ ဒီစွမ်းအင်ထဲမှာ ဒီရွှေရောင်ဒိုင်းရဲ့ စွမ်းအင်တစ်ဝက်က ဦးနှောက်ကွမ်တမ်လှိုင်းတွေနဲ့ တော်တော်တူတယ်။ ပြီးတော့ သိပ်သည်းဆကလည်း ငါတို့ဖန်တီးထားတဲ့ အစမ်းသပ်ခံလူသားတွေထက် အဆတစ်ရာကျော်လောက် ပိုပြင်းထန်နေတာ"

"ဒီအစိမ်းရောင်အမှုန်တွေရောပဲ"

ဗိုလ်ချုပ်စပရင်ဂယ်လ်တန်က နောက်ထပ်အချက်အလက်တစ်ခုကို ဖွင့်ပြလိုက်ပြန်သည်။

"ဒီအမှုန်တွေထဲမှာ ဖိုတွန်ရဲ့လက္ခဏာတချို့ကို တွေ့ရတယ်။ သူတို့က သူတို့ချည်းပဲဆိုရင် ဘာစွမ်းအင်မှမရှိဘူး။ သူတို့က စွမ်းအင်သိုလှောင်ရာနေရာတစ်ခုပဲ။ တိုက်လေယာဉ်တစ်စင်း မပျက်စီးခင်တုန်းက ဒီအမှုန်တွေကိုဖမ်းယူဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့ စွမ်းအင်ပမာဏက ကိရိယာရဲ့ခံနိုင်ရည်အားကို ကျော်သွားလို့"

စပရင်ဂယ်လ်တန်က အချက်အလက်ဖိုင်တစ်ခုကို ဖွင့်ပြလိုက်၏။

"အမှုန်တစ်ခုမှာပါရှိတဲ့ စွမ်းအင်ပမာဏက ဆိုက်ဒ်ဝင်ဒါဒုံးကျည်၁၂စင်း ပေါက်ကွဲရာက ထွက်လာတဲ့ စုပေါင်းစွမ်းအင်ထက်တောင် ပိုများနေသေးတယ်"

"ဝိုး"

ထိုနေရာရှိ လူများမှာ ရုတ်ရုတ်သဲသဲဖြစ်ကုန်ကြသည်။ ဤမျှသေးငယ်လှသော အမှုန်လေးထဲမှာ ပြင်းထန်လှသော စွမ်းအင်များကို မည်သို့သိုလှောင်ထားသလဲဆိုသည်ကို သူတို့ အဖြေရှာမရချေ။ ထိန်းချုပ်နိုင်စွမ်းကလည်း ရှိသေးသည်။

"နောက်ဆုံးတစ်ခုကတော့ ဒီဒရုန်းတွေပဲ"

စပရင်ဂယ်လ်တန်က ဆက်ပြောလိုက်၏။

"သူတို့က ၈မက်ချ်အမြန်နှုန်းထက် ပိုမြန်တဲ့အရှိန်ကို ပြသခဲ့ပေမဲ့ အပြင်ပန်းပုံစံကိုကြည့်ရင် တွန်ကန်အားထောက်ပံ့ရေးကိရိယာတစ်ခုမှ မရှိဘူး။ သူတို့ ဘယ်လိုပျံလဲဆိုတာကိုတောင် ငါတို့မသိဘူး။ ဒါပေမဲ့ ဆင်တူတဲ့အရာတစ်ခုကိုတော့ တွေ့ထားတယ်"

"ဒါကဘာလဲ"

လူတိုင်းလည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။

"ဒါက ယုတ္တိမရှိဘူးလို့ထင်ရပေမဲ့ ငါ့ဆီမှာရှိတဲ့ တစ်ခုတည်းသောဖြေရှင်းချက်ပဲ"

စပရင်ဂယ်လ်တန်က ပါဝါပွိုင့်ကို ပြောင်းလိုက်လေရာ 'Mobile Suit Gundam'ထဲက အဝေးထိန်းအမြောက်စနစ်များနှင့် နဂါးသံချပ်ကာယန္တရားတပ်၏ဓာတ်ပုံများကို ပြသထားသည်။

"ငါပြောချင်တာက ငါတို့ အခုရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက အရမ်းကြီးမားတယ်ဆိုတာပဲ။ ဟွာရှားနိုင်ငံရဲ့စစ်ရေးနည်းပညာက ငါတို့ထက် အများကြီးသာတယ်"

စပရင်ဂယ်လ်တန်က ပြောလိုက်လေသည်။

"အရင်တစ်ခေါက် စစ်ရေးပြပွဲမှာတုန်းက ဟွာရှားနိုင်ငံဘက်က ပြသခဲ့တဲ့ နဂါးသံချပ်ကာယန္တရားတိုက်လေယာဉ်တွေမှာ ငါတို့မသိသေးတဲ့ လျှို့ဝှက်ချက်တွေအများကြီးရှိနေသေးတယ်"

"ပြီးတော့ ငါတို့ရဲ့တာဝန်က ဒီလက်နက်တွေရဲ့ အခြေခံသီအိုရီကို ဖော်ထုတ်ဖို့နဲ့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာကို အဖြေရှာဖို့ပဲ"

သူ့စကားကြောင့် လူတိုင်း စိုးရိမ်သောကရောက်ကုန်ကြသည်။

သူတို့ကို အနိုင်ယူရမည်တဲ့လား။ အပြောကတော့ လွယ်သည်။ မိမိတို့ခေတ်ထက် ရာစုနှစ်များစွာ သာလွန်နေသော နည်းပညာကို အ‌ဖြေရှာရခြင်းမှာ လေထဲ တိုက်အိမ်ဆောက်နေသည်ဟု ပြောရပေမည်။ ဤသည်မှာ စိတ်ကူးယဉ်နေခြင်းသက်သက်သာ။

သို့သော် သူတို့က ပညာရှင်များသာမက စစ်သားများလည်း ဖြစ်ကြသည်။ သို့ဖြစ်လေရာ ဤသည်မှာ သူတို့၏မစ်ရှင်ပင်။

"မင်းက အရမ်းလှတာပဲ ဘေဘီ…"

"အရမ်းကိုလှတယ်"

...

ထိုအခိုက်ဝယ် မှော်ဆန်သောတီးလုံးသံနှင့်အတူ သီချင်းသံတစ်သံက အခြေစိုက်စခန်းတစ်ခုလုံးတွင် စတင်ပျံ့နှံ့လာသည်။

"အဲဒါက ဘာအသံလဲ။ ရန်သူ့တိုက်ခိုက်မှုလား"

"မဖြစ်နိုင်တာ။ ငါတို့ရဲ့အခြေစိုက်စခန်းက လျှို့ဝှက်မှုအဆင့် တော်တော်မြင့်တယ်လေ။ ဘယ်သူမှမသိနိုင်ဘူး။ ဘယ်သူက ဒီထဲကို ကျူးကျော်လို့ရမှာလဲ"

"အခြေစိုက်စခန်းရဲ့အလိုအလျောက်ခုခံရေးစနစ်ကို ဖွင့်မထားဘူးလား။ ရန်သူတွေက ဘယ်မှာလဲ"

အခြေစိုက်စခန်း၏ လုံခြုံရေးစနစ်က မပျက်စီးသေးသော်ငြား အခြေစိုက်စခန်းကို အပေါ်စီးကကြည့်လိုက်လျှင် ထူးဆန်းလှသော ထိုသီချင်းသံမှအပ ဘာကိုမှ မတွေ့ရပေ။

"အသံပဲကြားရတယ်။ ဘာပစ်မှတ်မှမရှိဘူး..နဂါးသံချပ်ကာတိုက်လေယာဉ်တွေပဲ… ဟွာရှားနိုင်ငံရဲ့ နဂါးသံချပ်ကာတိုက်လေယာဉ်တွေပဲ ဖြစ်ရမယ်"

"ရန်သူတွေ ဝင်တိုက်တယ်။ ရန်သူတွေ ဝင်တိုက်တယ်"

"ငါတို့ရဲ့စနစ်ကို အမည်မသိအင်အားတစ်ခုက ဖောက်ထွင်းသွားပြီ။ Firewallတွေ အကုန်ပျက်စီးကုန်ပြီ"

"ဘာ.. ငါ အမိန့်ပေးမယ်။ တိုက်ခိုက်မှုကို ချက်ချင်းတားဆီးကြ။ ငါတို့ရဲ့သုတေသနတွေထဲမှာ လက်နက်ဆိုင်ရာအချက်အလက်တွေ အများကြီးရှိတယ်။ အဲဒါတွေသာ ပါသွားရင် ငါတို့လုပ်ထားသမျှ အကုန်အချည်းနှီးဖြစ်သွားလိမ့်မယ်"

"ဗိုလ်ချုပ် နောက်ကျသွားပါပြီ။ ကျွန်တော်တို့ စီမံခွင့်ဆုံးရှုံးသွားပြီ။ တစ်ဖက်လူက အမြင့်ဆုံးထိန်းချုပ်ခွင့်ကို ရသွားပြီ"

"နေဦး.. သူက ဒေတာဘေ့စ်ကို ဝင်မကြည့်ဘူး"

"ဗီဒီယိုအက်ပလီကေးရှင်းတစ်ခုကို ဖွင့်လိုက်ပြီ"

"သူက ဗီဒီယိုတစ်ပုဒ် ဖွင့်နေတာ"

"ဒါက စစ်ကြေညာတာလား"

ဗိုလ်ချုပ်အားလုံး မျက်နှာပျက်သွားကြသည်။ ပုံမှန်ဆိုလျှင် ဖန်သားပြင်ထက်၌ လူတစ်ယောက်က သူ့ကိုယ်သူ စတင်မိတ်ဆက်ရင်း တိုက်ခိုက်ရသည့်အကြောင်းအရင်းကို ရှင်းပြပြီး တောင်းဆိုမှုများ ပြုလာမည်ဖြစ်၏။

ယခင်အကြမ်းဖက်တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမားများက ဤနည်းလမ်းဖြင့် သူတို့နှင့် ညှိနှိုင်းကြသည်။

ဗီဒီယိုဖွင့်လိုက်သောအခါ လူတစ်ယောက် ပေါ်လာလေသည်။

ထိုလူမှာ ဆွယ်တာဝတ်ဆင်ထားသော ဆံရှည်အမျိုးသားတစ်ယောက်ဖြစ်ပြီး လက်ထဲတွင်လည်း ဘတ်စ်ကတ်ဘောတစ်လုံးကို ကိုင်ထားသေးသည်။

"ဒါက ဘယ်သူလဲ"

"အကြမ်းဖက်သမားက ငယ်ငယ်လေးလား"

"သူက ဟွာရှားနိုင်ငံသားထင်တယ်။ ဒီတော့ ဒါက ဟွာရှားဘက်က တိုက်ခိုက်မှုပေါ့"

"အသံချဲ့လိုက်။ သူဘာပြောလဲဆိုတာ သေချာနားထောင်ကြ"

လူတိုင်း အသက်အောင့်ထားပြီး ထိုလူပြောမည့်စကားကို နားစွင့်နေကြသည်။

"မင်္ဂလာပါ နိုင်ငံတော်ပရိုဂျူဆာများခင်ဗျာ.. ကျွန်တော်က cxkပါ။ သက်တမ်းနှစ်နှစ်ခွဲရှိတဲ့ ကိုယ်ပိုင်ထရိန်နာတစ်ယောက်ပါ။ ကျွန်တော့်ဝါသနာကတော့ အဆို၊ အက၊ ရက်ပ်နဲ့ ဘတ်စကတ်ဘောတို့ပါ"

"????"

"သီချင်းဖွင့်မယ်"

"????"

"မင်းလေးက လှရက်လွန်းတယ်။ ကလေးလေး... မင်းက အရမ်းအရမ်းလှရက်လွန်းပါတယ်လေ..."

*******************

All Chapters