ဒါက ပိုက်ဆံကိုမီးရှို့ပစ်နေတာပဲ
Vol. 45 Ch. 663
ဖန်သားပြင်ထက်ရှိ အရည်အချင်းပြပွဲဗီဒီယိုကြောင့် ဓာတ်ခွဲခန်းထဲရှိ လူတိုင်း ဆွံ့အသွားကြသည်။
တစ်ဖက်လူက သူတို့၏ဒေတာဘေ့စ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာပါသည့်တိုင် ဘာကြောင့်များ အကျိုးရှိမည့်ကိစ္စတစ်ခုခုကို မလုပ်ရလေသလဲ။ ဤနေရာကား ကမ္ဘာ့ထိပ်သီးစစ်လက်နက်ကိရိယာများ၏ ဒီဇိုင်းနှင့် အချက်အလက်များကို သိမ်းဆည်းထားသော နေရာပင်။
ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံကသာ ဤဒေတာဘေ့စ်ထဲကို ဖောက်ဝင်ပြီး အချက်အလက်များကို ခိုးယူနိုင်ခဲ့လျှင် သုံးနှစ်မှ ငါးနှစ်အတွင်းမှာပင် ဆယ်စုနှစ်ပေါင်းများစွာခန့် သာလွန်ပြီး တိုးတက်ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုအဆင့်သို့ တက်လှမ်းသွားမည်မှာ သေချာပေါက်ပင်။
သို့သော် ဤဖောက်ထွင်းသူမှာ မည်သူမှနားမလည်နိုင်သည့် ဗီဒီယိုတစ်ခုကို ဖွင့်ပြလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
သူတို့မှာတော့ ရင်တလှပ်လှပ်နှင့် စောင့်နေပါသော်ငြား တစ်ဖက်က ဤဗီဒီယိုကြီးကို ထုတ်ပြလာသည်။
ငါတို့ရဲ့ဒေတာက မင်းတို့အတွက် စိတ်ဝင်စားဖို့မကောင်းလို့လား.။ ဒါမှမဟုတ် မင်းကပဲ ပေါ့ပြက်ပြက်နိုင်နေတာလား… အနည်းဆုံးတော့ ငါတို့ကို လေးစားပေးပါဦး… ငါတို့ရဲ့သုတေသနက တန်ဖိုးရှိလို့ သူများတွေက မက်မောနေပါလားလို့ ခံစားမိအောင် လုပ်ပေးပါဦးလား…
မင်းလုပ်ပုံကြောင့် ငါတို့ရဲ့ဖန်တီးမှုတွေက အမှိုက်တွေလို့တောင် ခံစားမိနေပြီ…
သို့သော် ဤအရာက ဦးနှောက်ဆေးနိုင်စွမ်းရှိကြောင်းကိုမူ ဝန်ခံရပေလိမ့်မည်။ ကြော့မော့လှသော ဤကကွက်များ၊ ပြောင်မြောက်လှသည့် ဘတ်စကတ်ဘောကစားကွက်များနှင့် ပခုံးသိုင်းကြိုးဝတ်စုံတို့က သူတို့၏စိတ်ထဲတွင် ဖျောက်မရအောင် စွဲထင်သွားလေတော့သည်။
"ကျူးကျော်သူကို အခုထိ ရှာမတွေ့သေးဘူးလား"
ဗိုလ်ချုပ်စပရင်ဂယ်လ်တန်က ဒေါသတကြီးအော်ဟစ်လိုက်သည်။ အရေးကြီးဗျူဟာမြောက်အစည်းအဝေးပွဲကြီးမှာ ယခုမူ အရည်အချင်းပြပွဲတစ်ခုနှယ် ဖြစ်နေချေပြီ။
"ဗိုလ်ချုပ်.. တစ်ဖက်လူရဲ့နည်းပညာက အရမ်းအဆင့်မြင့်လွန်းပါတယ်။ သူက Firewallတွေကိုတင် ကျော်ဖြတ်နိုင်တာမဟုတ်ဘူး။ အကုန်ဖျက်ဆီးပစ်တာ။ ဘယ်Firewallမှ တစ်စက္ကန့်တောင် မတားနိုင်ကြဘူး။ စခန်းတစ်ခုလုံးရဲ့ကုတ်တွေကို သူကိုယ်တိုင် ရေးထားသလိုပဲ"
ဓာတ်ခွဲခန်းပညာရှင်များမှာ ရူးမတတ်ဖြစ်ကုန်ကြသည်။
ဤသည်မှာ ပင်မအချက်အလက်များပင်။ ဤနေရာ၏လုံခြုံရေးစနစ်က ကမ္ဘာ့ထိပ်တန်းဖြစ်သည်ဟုပင် သူတို့ ပြောရဲသည်။ အတော်ဆုံးဟက်ကာများပင် ဖောက်ထွင်းနိုင်မည်မဟုတ်ချေ။
သူတို့သည် ကမ္ဘာတစ်ဝှမ်းရှိ အဖွဲ့အစည်းသောင်းပေါင်းများစွာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ခဲ့ရဖူးသည်။ ဘော့နက်များ၏ ပြင်းထန်သော တိုက်ခိုက်မှုများကိုလည်း ခံခဲ့ရဖူးသည်။ ဤဓာတ်ခွဲခန်း တည်ထောင်ခဲ့ချိန်ကတည်းက သူတို့၏ခုခံရေးစနစ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖောက်ထွင်းမခံခဲ့ရဖူးသော်ငြား ယခုမူ အရှုံးကြီးရှုံးသွားရပြီ။
"သူ ကျွန်တော်တို့ဒေတာဘေ့စ်ထဲကို ဝင်သွားပြီ"
ဗီဒီယိုပြီးသွားသည့်အခါ ထူးခြားဆန်းကြယ်လှသည့် ဤဖောက်ထွင်းသူက လှုပ်ရှားလိုက်ပြန်သည်။
စိတ်ပျက်လက်ပျက်ဖြစ်နေကြသော သုတေသနပညာရှင်များမှာ သူတို့၏သုတေသနက တန်ဖိုးရှိသေးပါလားဟူသော အသိကြောင့် စိတ်သက်သာရာရသွားလေသည်။
သို့သော် ထိုအချိန်မှာပင် သူတို့၏စိတ်အစဉ်များ လုံးဝပြိုလဲသွားရပြန်သည်။
ဤလူက ဘယ်ဒေတာကိုမှ ကူးယူမသွားဘဲ ဒေတာဘေ့စ်ထဲရှိ စမ်းသပ်ရေးအတိုင်းအတာများနှင့် ဒီဇိုင်းအတိုင်းအတာများကို ကြုံရာကျပန်းလျှောက်ပြင်နေချေသည်။
နှစ်စင်တီမီတာရှည်သော တိုက်လေယာဉ်တစ်စင်း၊ တန်ငါးရာလေးသည့် စက်မဲ့လေယာဉ်ဘီး၊ လေးမီတာရှိသည့် အဝေးပစ်ဒုံးကျည်နှင့် နှစ်စတုရန်းမီတာသာ စကန်ဖတ်နိုင်သည့် ရေဒါ…
ဤအဖြစ်ကိုကြည့်ရင်း သုတေသနပညာရှင်များမှာ ဒေါသထွက်လွန်းလှသဖြင့် မီတာလေးဆယ်ရှည်လျားသော သူတို့၏ဓားရှည်များကို ဆွဲထုတ်ကာ ခုတ်ပစ်ချင်စိတ်ပေါက်နေကြသည်။
"ရပါတယ်.. ဒါတွေက ပြန်ပြင်လို့ရတယ်.. အကုန်ပြန်ပြင်လို့ရတယ်"
ဒေတာအဟောင်းများကို မထိသရွေ့၊ ဒေတာအချက်အလက်များကို မဖျက်ဆီးသရွေ့ အရာအားလုံးကို မူလအနေအထားသို့ ပြန်ရောက်အောင် ပြုပြင်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်ကြသည်။
သို့သော် ထိုအချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သော ထိုလူက ပြုပြင်ထားသည့် မှတ်တမ်းများကိုပါ ဖျက်ပစ်လိုက်သည်။
ထို့ပြင် သူပြင်ထားသည့် အတိုင်းအတာများမှာ သောင်းဂဏန်းလောက်ရှိနေပေသည်။
သူတို့သာ ထိုအချက်အလက်များကို လူကိုယ်တိုင်လိုက်စစ်နေရပါလျှင် ထိုဒေတာပမာဏအရ ဆယ်စုနှစ်ပေါင်းများစွာ ကြာသွားလိမ့်မည်။ ထိုအစား ဒေတာဘေ့စ်တစ်ခုလုံးကို ဖျက်သွားခြင်းကမှ တော်ပေဦးမည်။
ထိုအချိန်တွင် ဖန်သားပြင်ထက်တွင် နောက်ထပ်စာကြောင်းတစ်ကြောင်း ပေါ်လာလေသည်။
"ငါက မင်းတို့ရဲ့ဒေတာဘေ့စ်ကို ဖျက်ပစ်မယ်လို့ ထင်နေတာလား။ ဟဲဟဲ.. မဖျက်ပါဘူး။ ငါက မင်းတို့ကို စနေရုံပဲ။ မင်းတို့ စိတ်တိုနေကြပြီလား"
"ဘန်း"
ဗိုလ်ချုပ်စပရင်ဂယ်လ်တန်ခမျာ စားပွဲကို ခပ်ကြမ်းကြမ်းထုရိုက်လိုက်မိသည်။
"သေစမ်းကွာ"
ဤဓာတ်ခွဲခန်း၏ ဒေတာဘေ့စ်က အမေရိကတိုက်ထဲတွင် လုံခြုံရေးအမြင့်ဆုံးဖြစ်ပြီး လျှို့ဝှက်ထားရန်အတွက် အချက်အလက်အားလုံးကို ဤနေရာတွင်သာ သိမ်းဆည်းထားပြီး မည်သည့်နေရာတွင်မှ အရန်ကူးမထားပေ။
တစ်နည်းဆိုရသော် သူဖျက်ပစ်လိုက်သည့် မူရင်းအချက်အလက်များကို ဘယ်မှာမှရှာမရနိုင်ပေ။
အချက်အလက်များမှာ အကုန်ရှုပ်ထွေးသွားပြီဖြစ်လေရာ နောက်ဆက်တွဲဒီဇိုင်းစမ်းသပ်မှုများကို ဆက်လုပ်နိုင်တော့မည်မဟုတ်ချေ။
"ဒါက ဘယ်သူလဲကွ"
စပရင့် ဤမျှအထိ ဒေါသထွက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
သူ့စကားအဆုံးမှာပင် ဓာတ်ခွဲခန်းထဲ၌ အသံနှစ်သံ ပဲ့တင်ထပ်လာသည်။ တစ်သံက ယောကျ်ားသံဖြစ်ပြီး နောက်တစ်သံကမူ မိန်းကလေးအသံပင်။ နှစ်ယောက်စလုံး၏လေသံကား ထူးခြားနေချေသည်။
"မင်းတို့ဘက်က လိုလိုလားလားနဲ့တောင်းဆိုလာမှတော့"
"ငါလည်း သနားကြင်နာစွာနဲ့ ပြောပြရမှာပေါ့"
"ကမ္ဘာကြီးပျက်စီးမယ့်ဘေးက တားဆီးဖို့အတွက်"
"ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက်"
...
"ဘယ်သူလဲဆိုတာ ငါသိပြီထင်တယ်"
စပရင့်ခမျာ ခါးသက်သက်သက်ပြင်းချလိုက်လေသည်။
ပထမဆုံးအနေနှင့် ကိုယ်ယောင်ဖျောက်လုပ်ဆောင်မှုမျိုးပါဝင်သော လေယာဉ်များကို ထုတ်လုပ်နိုင်သည့် နိုင်ငံဟူ၍ မရှိသည့်အတွက် ဤကိစ္စကို ဟွာရှားလူမျိုးများနှင့် ချိတ်ဆက်ကြည့်နိုင်သည်။
ဒုတိယအချက်အနေနှင့် မည်သူများ သူတို့ကို ဤမျှအထိ မုန်းတီးနေမည်နည်း။ ကျန်းမုန့်လောင်ဖြစ်ကြောင်း သေချာလှသည်။ လွန်ခဲ့သည့်တစ်လက သူတို့ သူ့ကို တိုက်ခိုက်ခဲ့သည့်အပြင် လွန်ခဲ့သည့်နာရီဝက်ခန့်ကပင် သူ့ကိုသတ်ရန် တိုက်လေယာဉ်အစင်းခြောက်ဆယ်ကို လွှတ်လိုက်သေးသည်မဟုတ်လား။
တတိယအချက်အနေနှင့် အရေးအကြီးဆုံးမှာ ဤမျှပေါ့ပြက်ပြက်နိုင်သော ကိစ္စမျိုးကို လုပ်နိုင်သူမှာ ကျန်းမုန့်လောင်ကလွဲ၍ ရှိမည်မဟုတ်ပေ။
ဤသည်မှာ နံရံဖောက်ထွင်းသည့်နည်းပညာနှင့် ကိုယ်ယောင်ဖျောက်နည်းပညာကို ကျွမ်းကျင်သူတစ်ယောက်က ကိုယ်လုံးတီးဖြင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေသော အလှပဂေးလေးတစ်ယောက်၏ အခန်းထဲသို့ ဝင်သွားသလိုပင်။ လုပ်ချင်ရာလုပ်လို့ရပါလျက်နှင့် သူ့နားနားမှာ ဂိမ်းအသံကို အဆုံးအထိချဲ့ထားပြီး "ဘုရင့်ဂုဏ်သရေတော်"ဂိမ်းကို ကစားပြနေသလိုပင်။
ဤကဲ့သို့သော အထင်သေးမှုမျိုးက သူတို့အား မြေကြီးပေါ်တွင် ဖိနင်းလိုက်သလို ခံစားရစေသည်။
"လေကြောင်းရန်ကာကွယ်ရေးအမြောက်တွေကို ဖွင့်လိုက်"
စပရင့်က အော်ဟစ်လိုက်၏။
"အဲဒီကိုယ်ပျောက်တိုက်လေယာဉ်ကို ပစ်ချလိုက်"
"ဒါပေမဲ့ ဗိုလ်ချုပ်… သူတို့ ဘယ်မှာမှန်းတောင် မသိဘဲနဲ့ ဘယ်လိုပစ်ချရမှာလဲ"
"ရေခဲခြောက်နဲ့ တိမ်တွေကိုတိုက်ခိုက်ပြီး အရောင်ဆိုးလိုက်"
အတွေ့အကြုံရင့်သန်သော ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်နှင့်အညီ သူသည် လမ်းမလွဲသွားချေ။ ဤနည်းလမ်းက ရှေးကျသော်ငြား အဆင့်မြင့်ရေဒါများထက် ပိုထိရောက်သည်။
ဒရုန်းပေါင်းများစွာမှာ ကောင်းကင်ထက်သို့ ချက်ချင်းပျံဝဲသွားပြီး အနီရောင်အရည်များကို အထက်မှ သွန်ချလိုက်သည်။ ဤအနီရောင်အရည်များက နာရီဝက်ခန့် အရောင်တင်ပေးနိုင်ပြီး အချိန်လွန်သွားလျှင် အရောင်ပြယ်သွားမည်သာ။
ခဏအကြာ ကောင်းကင်ထက်တွင် အနီရောင်ဆိုးဆေးများကြောင့် လေယာဉ်တစ်စင်း ပေါ်လာလေသည်။
သို့သော် ထိုလေယာဉ်ကို သေချာကြည့်လိုက်သောအခါ ထိတ်လန့်သွားကြလေတော့သည်။ အကြောင်းမှာ ထိုလေယာဉ်၏အမြောက်ပြောင်းများအားလုံးက ပွင့်နေပြီး မိုက်ခရိုဗုံးများစွာကို ကြဲချလိုက်ပြီဖြစ်၏။
"အကာအကွယ်ယူကြ။ အကာအကွယ်ယူထားကြ"
"အုန်း"
ဒုံးကျည်များ ပေါက်ကွဲသွားသော်လည်း လူအသေအပျောက်တော့ မရှိပေ။ သို့သော် စက်ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု မီးပွားများ လွင့်စင်ပြီး မီးခိုးတလူလူထွက်ကာ လောင်ကျွမ်းကုန်တော့သည်။
"မကောင်းတော့ဘူး။ ငါတို့ရဲ့လျှပ်စစ်ပစ္စည်းတွေအကုန်လုံး ရှော့ဖြစ်ပြီး ပျက်စီးသွားပြီ"
"အဲဒါက ဂရက်ဖိုက်ဗုံးကြီးပဲ"
"မဖြစ်နိုင်တာ… ငါတို့ရဲ့စက်ပစ္စည်းတွေက အဆင့်အမြင့်ဆုံးကုန်ကြမ်းပစ္စည်းတွေနဲ့ လုပ်ထားတာလေ။ လျှပ်စစ်ပတ်လမ်းတွေကိုတောင် တွန်းလှန်နိုင်တယ်။ သာမန်ဂရက်ဖိုက်လေးကြောင်းတော့ ရှော့မဖြစ်နိုင်ပါဘူး"
"ဒါ… ဒါက ဂရက်ဖိုက်မဟုတ်ဘူး။ ဂရက်ဖင်းပဲ"
ဝါရင့်နည်းပညာရှင်များက ချက်ချင်းသတိပြုမိလိုက်သည်။
အနီးကပ်ကြည့်လိုက်သည့်အခါ အခြေစိုက်စခန်းတစ်ခုလုံးတွင် မရေမတွက်နိုင်အောင် များပြားသော အနက်ရောင်နန်းကြိုးမျှင်လေးများ ပြန့်ကျဲနေပြီး ထိုအရာများက လျှပ်စစ်စက်ကိရိယာများကို အလုပ်လုပ်နိုင်အောင် ဖျက်ဆီးလိုက်ခြင်းပင်။
လျှပ်စစ်သံလိုက်ကာကွယ်ရေးသက်ရောက်မှုများကြောင့် အခြေစိုက်စခန်းတစ်ခုလုံး၏ ဆက်သွယ်ရေးလိုင်းများမှာ ချက်ချင်းပြတ်တောက်သွားရသည်။ ဤနည်းလမ်းက ဂရက်ဖိုက်ဗုံးထက် အဆပေါင်းများစွာ ပိုပြင်းထန်လေသည်။
အခန်းအပူချိန်တွင် ဂရက်ဖင်း၏လျှပ်ကူးနိုင်စွမ်းမှာ သတ္တုများထက်ပင် ပိုအားကောင်းပေသည်။
တစ်ခုတည်းသော အားနည်းချက်မှာ ဈေးနှုန်းပင်။ ၎င်းမှာ ရွှေထက်ပင် ပိုတန်ဖိုးကြီးလှ၏။
ယခင်က ကျန်းမုန့်လောင် သုတေသနလုပ်ခဲ့ချိန်မှာ စီနီယာတစ်ယောက်၏ သုတေသနပရောဂျက်က ဂရက်ဖင်းဖြစ်ပြီး တစ်ဂရမ်လျှင် ယွမ်၁၂၀၀ရှိ၏။ ရွှေဈေးထက် အဆပေါင်းများစွာ ပိုဈေးများနေပေသည်။
ဤဂရက်ဖိုက်ဗုံးတွင် အသုံးပြုထားသည့် ဂရက်ဖင်းပမာဏကား ၂၀၀ကီလိုဂရမ်ခန့်ရှိပြီး ထိုတန်ဖိုးကတင် သန်းပေါင်းရာဂဏန်းအထိ ရှိနိုင်သည်။
ယခုပစ်ခတ်လိုက်သည့် ဂရက်ဖင်းဒုံးကျည်က အခုနှစ်ဆယ်ကျော်ဖြစ်လေရာ တိုက်ခိုက်မှုတစ်ခုတည်းနှင့်ပင် ဟွာရှားယွမ်ငွေနှစ်ဘီလီယံ ကုန်သွားပြီဖြစ်၏။
ဤသည်မှာ တိုက်စစ်ဆင်ခြင်းမဟုတ်ချေ။ ပိုက်ဆံကို မီးရှို့နေခြင်းသာဖြစ်၏။
**********************