ကျည်ဆန်ထဲမှာ မစင်တွေပါတယ် မစင်ထဲမှာ အဆိပ်တွေပါတယ်
Vol. 45 Ch. 664
"သူက ငါတို့ရဲ့ဆက်သွယ်ရေးစနစ်တွေကို ဖြတ်တောက်ပြီး ဘာလုပ်ချင်နေတာလဲ"
အခြေစိုက်စခန်း၏ ကြိုတင်အသိပေးချက်အရ အပြင်လောကကြီးနှင့် အဆက်အသွယ်မပြတ်စေရန် မိနစ်နှစ်ဆယ်တိုင်း တစ်ကြိမ်ဆက်သွယ်ရသည်။ အကယ်၍ မိနစ်နှစ်ဆယ်ကျော်သည်အထိ အချက်ပြမှုမရရှိပါက အနီးဆုံးအခြေစိုက်စခန်းမှ စုံစမ်းစစ်ဆေးရန်အတွက် တိုက်လေယာဉ်များကို ချက်ချင်းစေလွှတ်မည်ဖြစ်၏။
နောက်ဆုံးအကြိမ် ဆက်သွယ်မှုမှာ လွန်ခဲ့သည့်ရှစ်မိနစ်ခန့်ကဖြစ်ပြီး ဤလုံယင်တိုက်လေယာဉ်များအနေနှင့် စိတ်ကြိုက်ခြယ်လှယ်ရန် မိနစ်နှစ်ဆယ်ကျန်သေးသည်။
တကယ်တမ်းတွင် ဤဓာတ်ခွဲခန်းထဲရှိ စက်ကိရိယာများမှာ အလွန်အစွမ်းထက်လှချေသည်။ အကြောင်းမှာ ထုတ်လုပ်ထားသမျှ လက်နက်ကိရိယာများမှာ ဤဓာတ်ခွဲခန်းထဲတွင် တပ်ဆင်ထားသောကြောင့်ပင်။
သို့သော် ၎င်းမှာ စက်ပစ္စည်းမချို့ယွင်းခင်ကသာ အကျုံးဝင်သည်။ ယခုမူ လေယာဉ်အဆင်းအတက်ကိုပင် လူကိုယ်တိုင် ထိန်းချုပ်နေရသည်။ စစ်ဆေးရေးလုပ်ငန်းစဉ်များစွာကို ကျော်ဖြတ်ရသဖြင့် လေယာဉ်မှူးများမှာ အသက်စွန့်စားပြီး ပျံတက်နေရသည်။
ပြီးပြည့်စုံနေသော အခြေအနေမျိုးမှာပင် ထိုသတ္တုအစုတ်များက လုံယင်တိုက်လေယာဉ်များကို ယှဉ်နိုင်မည်တဲ့လား။ ဤသည်မှာ ပိုက်ဆံကို အလဟဿဖြုန်းတီးနေခြင်းပင်။
ယခင်တစ်ခေါက်တုန်းက ပြသခဲ့သည့် အရှိန်အဝါအရဆိုလျှင် ဤနေရာကို ဖျက်ဆီးပစ်ရန်အတွက် အမှုန်အမြောက်နည်းနည်း ပစ်လိုက်ရုံဖြင့် လုံလောက်သည်။ အချက်အလက်နှင့် မှတ်တမ်းများအားလုံးလည်း ပျက်စီးသွားပြီဖြစ်ရာ မည်သူလုပ်သွားကြောင်း သက်သေပြရန်ပင် မဖြစ်နိုင်ပေ။
ဤသည်မှာ လုံယင်တိုက်လေယာဉ်၏လက်ချက်ဟု ဇွတ်ပြောနေမည်ဆိုလျှင်ပင် သက်သေမရှိသောကြောင့် သူတို့ဘက်က တိတိပပငြင်းချက်ထုတ်နိုင်သည်။ ကျန်းမုန့်လောင်က ဤသည်မှာ ဂြိုလ်သားများ၏လက်ချက်ဟု ပြောလာလျှင်လည်း သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ရုတ်ခြည်းပင် လူတိုင်း၏ရင်ထဲ အမှောင်ထုကြီးတစ်ခု လွှမ်းခြုံသွားလေတော့သည်။
"မဟုတ်ဘူး.. ငါတို့ ဒီအတိုင်းငြိမ်နေလို့မဖြစ်ဘူး။ အသစ်တီထွင်ထားတဲ့ တိုက်ခိုက်ရေးအိုင်းယွန်းအမြောက်က ဘယ်မှာလဲ။ အခုချက်ချင်းထုတ်လာခဲ့"
စပရင်ဂယ်လ်တန်က အံတင်းတင်းကြိတ်လျက် ပြောလိုက်လေသည်။
"ဒါပေမဲ့ ဗိုလ်ချုပ် KT-092က စမ်းသပ်ဆဲအဆင့်မှာပဲ ရှိပါသေးတယ်။ တည်ငြိမ်မှုလည်း သိပ်မရှိသေးပါဘူး။ တကယ်လို့ မတော်တဆတစ်ခုခုများ ဖြစ်သွားခဲ့ရင် စစ်သားတွေ ထိခိုက်နိုင်ပါတယ်"
"ငါတို့က ဒီအတိုင်းထိုင်စောင့်ပြီး အသေခံရမှာလား"
စပရင်က ဟိန်းဟောက်လိုက်သည်။
"ရှေးပြေးပုံစံတွေအကုန်လုံးကို အခုချက်ချင်းထုတ်လာပြီး ပစ်လိုက်။ တစ်ခုခုဖြစ်ရင် ငါတာဝန်ယူမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
လက်ထောက်ကလည်း ထိုအမိန့်ကိုကြားသည်နှင့် လက်အောက်ငယ်သားများကို ချက်ချင်းစီစဉ်ခိုင်းလိုက်သည်။
KT-092ဆိုသည်မှာ သူတို့၏ နောက်ဆုံးပေါ်တိုက်ခိုက်ရေးလက်နက်ဖြစ်၏။ ဤသည်မှာ ဟွာရှားနိုင်ငံဘက်က သက်ရောက်မှုပြင်းကုန်ကြမ်းပစ္စည်းကို အောင်မြင်စွာ ထုတ်လုပ်နိုင်ကြောင်း သိလိုက်ရပြီးနောက် သူတို့ ညတွင်းချင်း မနားမနေတီထွင်ထားသည့်အရာပင်။
လူသားများမှာ ဖိအားများနှင့် ရင်ဆိုင်ရချိန်တွင် အစွမ်းအစများ ထွက်ပေါ်လာတတ်သည်ဟု ဆိုရပေမည်။ သူတို့ အမှန်တကယ်ပင် နည်းလမ်းတချို့ ရှာတွေ့ခဲ့သည်။ ထိုကိရိယာမှာ စမ်းသပ်ဆဲအဆင့်သာ ရှိသေးသည်။
ဤလက်နက်က မော်လီကျူးများအကြားရှိ တည်ဆောက်မှုကို ဖြိုခွဲနိုင်ပြီး သက်ရောက်မှုပြင်းထန်သော ကုန်ကြမ်းပစ္စည်းများကိုပင် ဖျက်ဆီးနိုင်သည်။ ဤသည်မှာ လုံယင်တိုက်လေယာဉ်ကို ရင်ဆိုင်တိုက်ခိုက်နိုင်မည့် သူတို့၏ဝှက်ဖဲပင်။
ကောင်းကင်ထက်တွင် အနီရောင်စွန်းနေသော လုံယင်တိုက်လေယာဉ်က တစ်နေရာတည်းတွင် ဝဲနေချေသည်။ ထိုလေယာဉ်မှာ တိုက်ခိုက်လိုစိတ်မရှိတော့ဘဲ ထူးဆန်းလှသောအသံများကိုသာ ထုတ်လွှင့်နေလေသည်။
"ကျယ်ကျန်းပြည်နယ် ကျယ်ကျန်းပြည်နယ်… ကျန်းနန်မြို့က သားရေစက်ရုံကြီး ပိတ်သွားပါပြီ"
"ငါက League of Legendsထဲက အလန်းဆုံးဝက်ကလေးပဲ။ ကျည်ဆန်တွေကိုလည်း လက်နဲ့ဖြည့်နိုင်တယ်"
"စုယွင်ကျင်း… မင်း ငါ့ဆီမှာ အကြွေးတင်နေတာတွေကို ဘာနဲ့ပြန်ဆပ်မှာလဲ"
...
"ငါ အခုမှနားလည်တော့တယ်"
စပရင်ဂယ်လ်တန်သည် ကျန်းမုန့်လောင်၏ရည်ရွယ်ချက်ကို ရိပ်စားမိဟန်တူသည်။
"သူက ငါတို့ကိုသတ်ဖို့ မီးရှို့ဖို့ လာတာမဟုတ်ဘူး။ သူက ငါတို့ကို ပရမ်းပတာတွေဖြစ်သွားအောင် လာလုပ်တာ။ သူက ငါတို့ရဲ့စိတ်ဓာတ်ကိုရိုက်ချိုးပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေကို ဖျက်ဆီးချင်နေတာ"
"မင်းရဲ့မောက်မာမှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်"
"ပစ်မှတ်ကိုချိန်မယ်။ ပစ်!"
အခြေစိုက်စခန်း၏ ထောင့်ပေါင်းစုံမှ အပြာရောင်နှင့် ခရမ်းရောင်အလင်းတန်းများက ကောင်းကင်ထက်ရှိ ပစ်မှတ်ဆီသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။
"ဝုန်း"
စမ်းသပ်ဆဲအဆင့်တွင် ရှိနေဆဲဖြစ်သော KT-092ယာဉ်တချို့က စက်မတည်ငြိမ်မှုကြောင့် ပေါက်ကွဲသွားပြီး စစ်သားများမှာ အိုင်းယွန်းလောင်ကျွမ်းမှုကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ကုန်လေသည်။
သို့သော် အချို့ကတော့ အောင်အောင်မြင်မြင်ပစ်ခတ်နိုင်ခဲ့သည်။
"သေပေတော့ ဟွာရှားလူမျိုးတွေ"
စပရင့်၏မျက်နှာကား ကြမ်းကြုတ်ရက်စက်လေဟန် အရိပ်အယောင်များဖြင့် ရှုံ့တွသွားလေတော့သည်။
သို့သော် သူတို့၏မျှော်လင့်ချက်များမှာမူ ပျက်သုဉ်းရချေတော့မည်။ သီအိုရီအရ ဤအိုင်ယွန်းလက်နက်များမှာ သက်ရောက်မှုပြင်းသော ကုန်ကြမ်းပစ္စည်းများကို ဖျက်ဆီးနိုင်သည်ဆိုသော်ငြား ၎င်းမှာ သီအိုရီသက်သက်ပင်။
သီအိုရီအရဆိုလျှင် ဖဲချပ်တစ်ချပ်ကလည်း လူသတ်နိုင်သည်မဟုတ်လား။
အိုင်းယွန်းလက်နက်များမှာ မော်လီကျူးတည်ဆောက်ပုံကို ဖျက်ဆီးနိုင်သော်ငြား သက်ရောက်မှုပြင်းသော ကုန်ကြမ်းပစ္စည်းများကတော့ အက်တမ်များဖြင့် ခိုင်မြဲစွာချိတ်ဆက်ထားသဖြင့် ထိုအရာကို ဖြိုခွဲရန်အတွက် ဤအက်တမ်များကို ပေါင်းစည်းထားသည့်အရာထက် ပိုများသော စွမ်းအင်များကို လိုအပ်ပေသည်။
မင်းတို့ လုပ်နိုင်လား။ ဟင့်အင်း မလုပ်နိုင်ပါဘူး…
အလင်းတန်းများက လုံယင်တိုက်လေယာဉ်များကို ထိမှန်သွားသော်ငြား အစင်းရာတစ်ခုပင် မကျန်ရစ်ခဲ့ချေ။
ဤအဖြစ်ကိုမြင်သော စပရင့်ဂယ်လ်တန်ခမျာ စိတ်ဓာတ်ကျသွားလေတော့သည်။
သူတို့ လပေါင်းများစွာ ကြိုးစားအားထုတ်ထားရသည်မှာ ဤအမှိုက်လေးတစ်စအတွက်တဲ့လား။
လုံယင်တိုက်လေယာဉ်၏ ကာကွယ်ရေးစနစ်က မပျက်စီးသော်ငြား သူ့စိတ်အစဉ်ကတော့ တစ်စစီကျိုးပဲ့သွားလေပြီ။
ထိုအခိုက်ဝယ် လုံယင်တိုက်လေယာဉ်၏ ဒုံးကျည်သိုလှောင်ခန်းကြီး ပွင့်လာပြန်သည်။
"ဝပ်နေကြ။ အားလုံးပဲ အကာအကွယ်ယူထားကြ"
တပ်မှူးက အော်ဟစ်လိုက်သည်။ ယခင်တစ်ခေါက်တုန်းက ဂရက်ဖင်းဗုံးက စွမ်းအားကြီးမားသော်လည်း လူမသေစေခဲ့ချေ။ ဤတစ်ခေါက်တွင် တကယ်တိုက်ခိုက်လာမလားဆိုသည်ကို မည်သူက သိနိုင်ပါအံ့နည်း။
"ဝှစ်"
ဒုံးကျည်များက အခြေစိုက်စခန်း၏ အဆောက်အအုံများဆီသို့ တိုက်ရိုက်ပြေးဝင်သွားသည်။
"ဝုန်း"
ဒုံးကျည်များ ပေါက်ကွဲသွားပြီး မှန်ကွဲစများမှာ အစိတ်စိတ်အမြွှာမြွှာဖြစ်ကုန်လေသည်။
"ဗိုလ်ချုပ်"
ဒုံးကျည်တစ်စင်းက စပရင်ဂယ်လ်တန် ရှိနေသည့် ဗဟိုကွပ်ကဲရေးဌာနထဲသို့ ကျလာသည်။
ဗိုလ်မှူးများနှင့် ဗိုလ်ချုပ်မှူးများလည်း သူ့ဆီသို့ အပြေးရောက်လာပြီး အသက်စွန့်ကာ ကာကွယ်ကြလေသည်။ သူတို့ သေချင်သေပါစေ။ စပရင့်ကိုတော့ အသေမခံနိုင်ပေ။
"ဝုန်း"
ဗုံးက ချက်ချင်းပေါက်ကွဲသွားသည်။
သို့သော် သူတို့မျှော်လင့်ထားသည့် ပြင်းထန်လှသောနာကျင်မှုနှင့် လောင်ကျွမ်းဒဏ်ရာများမှာ ဖြစ်မလာခဲ့ပေ။ ပေါက်ကွဲစေတတ်သော အရာများအစား ဒုံးကျည်ထဲတွင် အနက်ရောင်နှင့် အဝါရောင်ရောနေသော စေးကပ်ကပ်အရည်များ ပြည့်နှက်နေပေသည်။
ရုတ်ခြည်းပင် အခြေစိုက်စခန်းတစ်ခုလုံး၌ နံစော်လှသော အနံ့ဆိုးကြီးတစ်ခု ထောင်းထသွားလေသည်။
"ဒါ… ဒါက…"
စပရင့်လည်း မတ်တတ်ထရပ်၍ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်မိပြီးနောက် ချက်ချင်းပင် အန်ချလေတော့သည်။
"အော့"
"ဒါက မစင်တွေ"
"အော့ ကျန်းမုန့်လောင် ငါ… အော့"
ကျန်းမုန့်လောင်က ယခုလိုမဖွယ်မရာကိစ္စမျိုးကို လုပ်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ဤသည်မှာ ထိခိုက်ဒဏ်ရာမရသော်ငြား အရှက်ကတော့ ဗြန်းဗြန်းကွဲသွားလေသည်။ အခြေစိုက်စခန်းတစ်ခုလုံးလည်း မစင်ပင်လယ်ထဲတွင် မျောရလေပြီ။
အခဲများလည်း ပါသလို အရည်များလည်း ရောနေချေသည်။ အချို့ဆိုလျှင် ခပ်နွေးနွေးပင် ဖြစ်နေသေးသည်။ ပိုဆိုးသည်မှာ အချို့အကြွင်းအကျန်များမှာ အစာကောင်းကောင်းမခြေရသေးသည့် အပ်မှိုကဲ့သို့သော အစအနလေးများကိုပင် မြင်နေရသည်။
"သူက မိစ္ဆာတစ်ကောင်ပဲ။ သူက နတ်ဆိုးတစ်ကောင်.. အော့.."
"မင်းမှာ သတ္တိရှိရင် ငါတို့ကိုသတ်လိုက်လေ။ ဒီလိုရွံစရာကောင်းတဲ့လုပ်ရပ်မျိုးကို လုပ်ရသလား။ အော့"
"ဗိုလ်ချုပ် ကျွန်တော် ခေါင်းနည်းနည်းမူးလာသလိုပဲ"
"ဗိုလ်ချုပ်.. ကျွန်တော် အဆိပ်ဓာတ်ငွေ့တွေအများကြီးကို အာရုံခံမိပါတယ်"
"ဗိုလ်ချုပ်… ဒီဒုံးကျည်ထဲမှာ မစင်တွေပါတယ်။ ပြီးတော့ ဒီမစင်တွေက အဆိပ်သင့်နေတာပါ"
...
"အော့"
အောက်ဘက်က လူများသာမက လုံယင်တိုက်လေယာဉ်ထဲရှိ လေယာဉ်မှူးများပင် ပျို့အန်ချင်စရာကောင်းသော အနံ့ဆိုးကြီးကို ရနေလေပြီ။
"မိုက်တယ်ဟေ့။ ဒါကအက်တမ်ဗုံးရဲ့ နျူကလီးယားရောင်ခြည်ထက်တောင် ပိုပြင်းသေးတယ်"
"မစ္စတာကျန်း ပီသပါပေတယ်။ ဒီလိုကောက်ကျစ်တဲ့နည်းလမ်းမျိုးကို သူပဲ စဉ်းစားနိုင်မှာ"
"ရက်စက်လိုက်တာ။ ဒီနေရာမှာ နောက်နှစ်ပေါင်းများစွာကြာတဲ့အထိ ဘယ်သူမှ နေနိုင်မှာမဟုတ်တော့ဘူး"
"ဒါပေမဲ့ ဒီမစင်တွေကို မစ္စတာကျန်း ဘယ်ကများ ရလာတာလဲ"
"ကျေးလက်ဘက်က ဝယ်ထားတာလို့ ကြားတာပဲ။ တစ်တန်ကို ရာဂဏန်းလောက်ရှိတယ်တဲ့"
"အော့.. တော်ပါတော့။ ငါ အန်ချင်လာပြီ။ လူတစ်ယောက်က မစင်ကို ပိုက်ဆံပေးပြီးဝယ်မယ်လို့ ငါ့တစ်သက် လုံးဝမတွေးဖူးဘူး။ တန်ပေါင်းထောင်ချီပြီး ဝယ်တာတဲ့"
"အဲဒီလူကလည်း ကမ္ဘာ့အချမ်းသာဆုံးလူတဲ့.. အော့"
"ကဲ.. သွားကြစို့။ နောက်တစ်နိုင်ငံကို ခရီးဆက်ကြမယ်"
...
တစ်ချိန်တည်းမှာပင် အခြားတည်နေရာများတွင်လည်း အလားတူဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။
လက်နက်သုတေသနအဆောက်အအုံများသာမက အထင်ကရအဆောက်အအုံများနှင့် ဆုံးဖြတ်ချက်ချမှတ်သူများ၏ နေအိမ်များပါ တိုက်ခိုက်ခံခဲ့ရသည်။
ကျယ်ပြောလှသော နေရာကြီးများမှာ မစင်နံ့များဖြင့် ပြည့်နှက်သွားလေသည်။
သူတို့လည်း ဒေါသထွက်ကြရသည်။ သို့သော် ကျန်းမုန့်လောင်ကို တိုက်ခိုက်ရန်အတွက် တိုက်လေယာဉ်များကို အရင်စေလွှတ်ခဲ့သူမှာ သူတို့ဖြစ်နေသဖြင့် အရှက်လည်းကွဲသလို အပြစ်ရှိသလိုလည်း ခံစားရသဖြင့် ဘာမှမလုပ်ရဲကြပေ။ ထို့ကြောင့် ဤဖြစ်ရပ်များကို နည်းလမ်းအမျိုးမျိုးနှင့် ဖုံးဖိရန်သာ ကြိုးစားကြသည်။
မိလ္လာပိုက် ပေါက်ကွဲသွားသည်ဟု ပြောရလေမလား။ သို့မဟုတ် အခြားဆင်ခြေများပင် ရှာရလေမလား။
...
ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော "ချေးဗုံးပစ်ပွဲ"ကြီးမှာ သတင်းခေါင်းစီးပိုင်းတွင် ချက်ချင်းပါလာခဲ့သည်။ ပွဲကြိုက်သော ဟွာရှားအင်တာနက်အသုံးပြုသူများလည်း စပ်စုကြလေတော့သည်။
"ဒါကိုကြည့်စမ်း… ကမ္ဘာအနှံ့မှာ တစ်ချိန်တည်း မိလ္လာပိုက်တွေ ပေါက်ကုန်တာတဲ့။ မယုံနိုင်စရာပဲ"
"ကောင်းတယ်ဟေ့။ သမ္မတအိမ်တော်တွေလည်း မိလ္လာပိုက်တွေ ပေါက်ကုန်သတဲ့။ ဓာတ်ပုံထဲမှာ ကြည့်လိုက်ဦး။ သမ္မတမျက်နှာပေါ်မှာတောင် မစင်တွေပေနေတာ။ နှုတ်ခမ်းနားမှာ အပ်မှိုလေးနှစ်ဖတ်တောင် တွဲလောင်းကျနေသေးတယ်။ အော့"
"သောက်ကျိုးနည်း… ကိုင်ဘွန်နိုင်ငံရဲ့အထွတ်အမြတ်သန့်စင်ခန်းကြီးက တကယ်နတ်အိမ်သာကြီးဖြစ်သွားပြီ။ သူတို့ရဲ့မြေအောက်ပိုက်လိုင်းထဲမှာ မစင်တွေ ဘယ်လောက်တောင်သိုလှောင်ထားတာလဲ။ မစင်တွေက သူတို့ခြေသလုံးအထိတောင် လျှံနေတာ။ နတ်အိမ်သာကြီးတစ်ခုလုံးတောင် မြုပ်သွားပြီ"
"ဘုရားရေ.. ငါ့သူငယ်ချင်းတွေရော ငါရော ပါးစပ်အဟောင်းသားဖြစ်နေကြပြီ"
*******************