← Chapters

ရောဂါကာကွယ်ထိန်းချုပ်ရေးကို စတင်ခြင်း

Vol. 45 Ch. 665

ရောဂါကာကွယ်ထိန်းချုပ်ရေးကို စတင်ခြင်း

Vol. 45 Ch. 665

"ဘာ.. ကျန်းမုန့်လောင်က တောင်အာဖရိကကို ရောက်နေပြီလား"

လေယာဉ်မဆင်းခင် မိနစ်နှစ်ဆယ်အလိုတွင် လူဝင်မှုကြီးကြပ်ရေးဌာန၏ ညွှန်ကြားရေးမှူးဒီလာမီနီခမျာ ဖုန်းဝင်လာသဖြင့် လူနာတစ်ယောက် ငေါက်ခနဲထလာသလို အိပ်ရာထဲက ချက်ချင်းထထိုင်မိသွားသည်။

ကျန်းမုန့်လောင်သွားလိုက်သည့် နေရာတိုင်း ဖရိုဖရဲဖြစ်ရသည်မဟုတ်လော။ ကျန်းမုန့်လောင်ကဲ့သို့သော လူတစ်ယောက်ကို နိုင်ငံထဲသို့ ဝင်ခွင့်ပေးခြင်းမှာ အိမ်ထဲသို့ ဝံပုလွေတစ်ကောင် ဖိတ်ခေါ်လိုက်သလိုဖြစ်သွားမည်ဖြစ်ရာ မည်သူကများ ဝင်ခွင့်ပေးရဲမည်နည်း။

ထို့ပြင် ငွေကြေးဈေးကွက်တိုက်ပွဲတွင် ပါဝင်ပတ်သက်ခဲ့ပြီး ကျန်းမုန့်လောင်ကို တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည့်အထဲတွင် သူတို့လည်း ပါဝင်ခဲ့သည်။ ဤသည်မှာ သူသေကိုယ်သေတိုက်ခိုက်ရမည့် ရန်သူပင်မဟုတ်လော။

ကျန်းမုန့်လောင်က သူတို့ကို ပြဿနာရှာဖို့ ရောက်လာခြင်းလေလား။ သူတို့ကို သာဓကပြရန်အတွက် ရွေးချယ်လိုက်ခြင်းလေလား။

အပြစ်မကင်းစိတ်ကြောင့် ဒီလာမီနီလည်း ချက်ချင်းပင် ထိတ်လန့်သွားသည်။ သူ့ကို ဝင်ခွင့်ပေးလိုက်ပါက တစ်ပတ်နှစ်ပတ်မဆိုထားနှင့်။ သုံးရက်မှ ငါးရက်အတွင်းမှာပင် တစ်နိုင်ငံလုံး ဇောက်ထိုးမိုးမျှော်ဖြစ်သွားပေလိမ့်မည်။

"ဒီလာမီနီ... ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကျန်းမုန့်လောင်ကို နိုင်ငံထဲ ပေးမဝင်ဖို့ ငါ အမိန့်ပေးတယ်။ သူ့ရဲ့လှုပ်ရှားမှုကို သေချာစောင့်ကြည့်ပြီး ငါတို့ကို ဘာမှဒုက္ခမပေးစေနဲ့"

"ဒါပေမဲ့.. သူက လုပ်ထုံးလုပ်နည်းတွေနဲ့အညီ လာတာပါ။ ဗီဇာကလည်း တရားဝင်တယ်။ စည်းကမ်းလည်း ချိုးဖောက်ထားတာမရှိပါဘူး။ ကျွန်တော်တို့ သူ့ကို ဝင်ခွင့်တားမြစ်လို့ရတာ ဘာမှမရှိသလို သူ့လွတ်လပ်ခွင့်ကို တားမြစ်ခွင့်လည်း မရှိပါဘူး"

"မင်း ဘယ်လိုလုပ်မလဲဆိုတာ ငါဂရုမစိုက်ဘူး။ ကိုင်တွယ်နိုင်ရင် လုပ်လိုက်။ မကိုင်တွယ်နိုင်ရင်တော့ ထွက်သွား"

အထက်လူကြီးများက တစ်ချက်လွှတ်အမိန့်ချလိုက်လေပြီ။

"ကျန်းမုန့်လောင်..."

ဒီလာမီနီခမျာ ထိုနာမည်ကို အထပ်ထပ်ရေရွတ်နေပါသော်ငြား အကြံအိုက်နေချေသည်။

ကျန်းမုန့်လောင်ကို တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းမှာ လျှို့ဝှက်ချက်တစ်ခုဖြစ်သော်လည်း လုံခြုံမှုတင်းကျပ်လှသည်တော့ မဟုတ်ပေ။ အနည်းဆုံးတော့ အထက်အရာရှိတစ်ဦးဖြစ်သည့် သူ့ထံသို့ သတင်းရောက်လာပြီးဖြစ်၏။

ထိုလူမှာ လေယာဉ်မဆင်းခင်ကပင် တိုက်ခိုက်ခံထားရသည်ဟု ဆိုကြသည်။ သူ့စိတ်အခြေအနေက မည်သို့ကောင်းမွန်နိုင်မည်နည်း။ လေယာဉ်ပေါ်ကဆင်းဆင်းချင်း သူတို့ကို လက်စားလာချေမည်မဟုတ်လော။

သူတို့သိထားသလောက်ဆိုလျှင် ကျန်းမုန့်လောင်၏ဗီဇာက အလည်အပတ်ဗီဇာဖြစ်သည်။ အကယ်၍ သူ့ကို လည်ပတ်သွားလာခြင်းမပြုရန် ပြောလိုက်ပါက ကျန်းမုန့်လောင်က ထိုနေရာမှာတင် ပေါက်ကွဲသွားပေလိမ့်မည်။

သူတို့၏အရန်နိုင်ငံခြားငွေအင်အားက အလွန်နည်းပါးလှပြီး အမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းမျှသာ ရှိသည်။ လွန်ခဲ့သောတစ်လခန့်က သူတို့ပိုင်ဆိုင်သမျှ အရာအားလုံးကို ကျန်းမုန့်လောင်၏လက်ထဲသို့ ထည့်လိုက်ရသည်။ ကုန်သွယ်ရေးမူဝါဒတချို့ကြောင့် ဒေါ်လာတစ်ဆယ်ဘီလီယံကို မနည်းထိန်းထားနိုင်ခြင်းပင်။

ကျန်းမုန့်လောင်က ဤတစ်ခေါက်တွင် မည်မျှရှာနိုင်ခဲ့လေသလဲ။ အမေရိကန်ဒေါ်လာ၄၅၀ထရီလီယံပင်။ အမေရိကန်ဒေါ်လာ၄၅၀ထရီလီယံပင်။ သူတို့ထက် အဆပေါင်း၄၅၀၀ပိုများသည်။ သူ့ဘက်က ပိုက်ဆံနည်းနည်း ထုတ်သုံးလိုက်ရုံမျှဖြင့် ငွေကြေးဈေးကွက်ကို အသာလေးဖျက်ဆီးပစ်နိုင်သည်။

မင်းတို့က သူ့ကို မာန်တက်ပြချင်တာလား။ သူက မင်းတို့ထက် အဆတစ်ရာလောက် ပိုကြမ်းတယ်ကွ...

ဒီလာမီနီခမျာ အထက်လူကြီးများကို စိတ်ထဲမှ ခပ်ကျိတ်ကျိတ်ဆဲဆိုလိုက်မိသည်။

"ကြမ္မာဆိုးနက္ခတ်"ကျန်းမုန့်လောင်ကို ရန်စရလောက်အောင်အထိ သူတို့ ရူးသွားကြပြီလား။

အသာထိုင်နေပြီး အခြားလူများ တိုက်ခိုက်နေသည်ကိုသာ အေးအေးဆေးဆေးထိုင်ကြည့်မနေနိုင်ဘူးလား။ အကယ်၍ ရှုံးသွားခဲ့ရင်ဟူသော အတွေးမျိုးကို သူတို့ မစဉ်းစားမိဘူးလား...

တိုက်ခိုက်မှုတွင် ပါဝင်ခဲ့ရခြင်းမှာလည်း အခြားရွေးချယ်စရာ မရှိသောကြောင့်ပင်။ သူတို့ဘက်က သူ့အား ရန်စမိသွားပြီဖြစ်လေရာ အဆုံးအထိ ဆက်တိုက်ရုံသာ ရှိတော့သည်။

သို့သော် ထိုလူ့ကို တကယ်သတ်နိုင်ခဲ့လျှင်လည်း ထားလိုက်ဦး။ ယခုမူ ထိုလူက သူတို့နိုင်ငံကို အလည်အပတ်ရောက်လာလေပြီ။ ဤသည်မှာ လမ်းကျဉ်းလေးထဲဝယ် ရန်သူချင်း ပက်ပင်းတိုးကြခြင်းမဟုတ်လော။

ယခုလည်း အထက်လူကြီးများက တာဝန်မယူဘဲ ဤအရှုပ်ထုပ်ကြီးကို သူ့ခေါင်းပေါ်သို့ ပုံချလိုက်လေပြီ။ သူ့အနေနှင့် မဆဲဘဲ နေနိုင်ရိုးလား။

သို့သော် ဆုံးဖြတ်ချက်ချသူများကိုလည်း အပြစ်တင်၍ မရချေ။ လွန်ခဲ့သည့်တစ်လကျော်က သူတို့၏အရင်းအမြစ်များကို ပြန်ဆန်းစစ်ကြည့်လိုက်သောအခါ သူတို့၏အကြီးဆုံးရွှေတွင်းများ၊ စိန်တွင်းများနှင့် ရေနံတွင်းများမှာ နိုင်ငံပိုင်မဟုတ်သည့်အတွက် အလွန်အံ့ဩထိတ်လန့်ခဲ့ရသည်။

ထို့ပြင် သူတို့၏ဆိပ်ကမ်းများကပင် ကျန်းမုန့်လောင်၏ပိုင်ဆိုင်မှု ဖြစ်နေချေသည်။ ထိုမျှသာမက နိုင်ငံခြားငွေအမေရိကန်ဒေါ်လာဘီလီယံရာဂဏန်းခန့်လည်း အကြွေးတင်နေသေးသည်။

အကယ်၍ ဤကြွေးမြီများကို ချက်ချင်းပျောက်ကွယ်သွားအောင် လုပ်နိုင်မည့် အခွင့်အရေးတစ်ခုရှိသည်ဆိုပါက သူတို့အနေနှင့် မကြိုးစားဘဲ နေနိုင်မည်တဲ့လား။

"ညွှန်ကြားရေးမှူး... အခု ကျွန်တော်တို့မှာ နည်းလမ်းတစ်ခုပဲ ရှိတော့တယ်"

ဒီလာမီနီ၏လက်ထောက်က ပြောလာလေသည်။

"မင်းမှာ နည်းလမ်းရှိလို့လား"

ဒီလာမီနီ၏မျက်ဝန်းများလည်း လင်းလက်သွားချေသည်။ သူ့လက်ထောက်က ထင်မှတ်မထားလောက်အောင် ကောင်းမွန်လှသော အကြံများကို အမြဲပေးတတ်သည်။

"ညွှန်ကြားရေးမှူး.. ကပ်ရောဂါအရှိန်ပြင်းနေတုန်းက ထွက်ပေါက်တွေအားလုံးကို တင်းတင်းကျပ်ကျပ်ထိန်းချုပ်ထားခဲ့တာလေ။ သူတို့ရဲ့ဗီဇာက လွန်ခဲ့တဲ့တစ်ပတ်လောက်ကတည်းက လုပ်ထားတာ။ ကျွန်တော် အချက်အလက်တွေကို စစ်ကြည့်ပြီးပြီ။ သူတို့က အလည်အပတ်ဗီဇာနဲ့လာတာ။ တစ်လပဲ အကျုံးဝင်တယ်"

သူက ရှင်းပြလိုက်၏။

"တကယ်လို့ ကျွန်တော်တို့သာ ရောဂါကာကွယ်ရေးကို အကြောင်းပြပြီး သူတို့ကို ကွာရန်တင်းဝင်ခိုင်းလိုက်ရင် ကုလသမဂ္ဂစည်းမျဉ်းအရ ၁၅ရက်ထက်ပိုပြီး သက်တမ်းတိုးလို့ရတယ်"

ဒီလာမီနီ၏မျက်ဝန်းများမှာ လင်းလက်သွားချေသည်။ အမှန်ပင်။ အကယ်၍ သူတို့သာ ကျန်းမုန့်လောင်ကို ကွာရန်တင်းဝင်ခိုင်းရန်အတွက် ဤနည်းလမ်းကို အသုံးပြုမည်ဆိုပါက တစ်လသက်တမ်းရှိသော ဗီဇာကလည်း မကြာခင်မှာပင် သက်တမ်းကုန်သွားပေလိမ့်မည်။ အလည်အပတ်ဗီဇာဆိုသည်မှာ သက်တမ်းတိုး၍မရနိုင်ပေ။

ရက်ပေါင်းများစွာ ကွာရန်တင်းဝင်ထားသောကြောင့် ကျန်းမုန့်လောင်အနေနှင့် လည်ပတ်ရန် စိတ်ပါဦးမလားဆိုသည်ကို ထည့်မတွက်လျှင်ပင် အကယ်၍ ခရီးထွက်ချင်သေးသည်ဆိုပါက ဗီဇာအသစ်ပြန်လျှောက်ရမည်သာ။

ထိုအချိန်အတောအတွင်း ဘာဆက်ဖြစ်မလဲဆိုသည်ကို မည်သူ သိနိုင်မည်နည်း။ သူတို့သည် ကျန်းမုန့်လောင်၏ ရန်သူများဖြစ်နေချေပြီ။ ကျန်းမုန့်လောင်၏အသက်ကို ရန်ရှာချင်နေသူများမှာ တစ်ယောက်နှစ်ယောက်ထက် ပိုများလိမ့်မည်ဟု သူတို့ ယုံကြည်ထားသည်။ ထိုအချိန်ကျလျှင် ကျန်းမုန့်လောင်လည်း ရှိချင်မှ ရှိတော့မည်မဟုတ်လား။

အဓိကအချက်မှာ အကယ်၍ ကျန်းမုန့်လောင်က လက်စားချေချင်သည်ဆိုပါက ခိုင်လုံသောအကြောင်းပြချက်တစ်ခုကို လိုအပ်သည်မဟုတ်လား။ ကျန်းမုန့်လောင်၏လက်ချက်ဖြင့် ကျရှုံးခဲ့ရသော နိုင်ငံများမှာ သူတို့ကိုယ်သူတို့ သိသာစေမည့် အားနည်းချက်များကို ဖော်ပြထားသဖြင့် ကျန်းမုန့်လောင်က သူတို့ကို လက်စားချေခွင့်ရသွားခြင်းပင်။

သူတို့အနေနှင့် ဘာဟာကွက်မှ မချန်ထားလျှင် ကျန်းမုန့်လောင်ဘက်က တောင်အာဖရိကတွင် မဆင်မခြင်ပြုမူခဲ့သည်ဆိုလျှင်ပင် နိုင်ငံတကာစံနှုန်းများဖြင့် ကိုက်ညီခြင်းရှိမရှိဆိုသည်မှာ အသာထား။ ပြည်သူ့သဘောထားတစ်ခုတည်းဖြင့် သူ့ကို ခြေမွပစ်နိုင်သည်မဟုတ်လော။

"အကြံကောင်းတယ်"

ဒီလာမီနီလည်း သူ့လက်ထောက်၏ပခုံးကို ပုတ်လိုက်လေသည်။

"အခုချက်ချင်း အကြောင်းကြားစာထုတ်လိုက်။ နိုင်ငံထဲကိုဝင်လာတဲ့ ခရီးသွားတွေအကုန်လုံး သုံးပတ်ကြာအောင် ကွာရန်တင်းဝင်ရမယ်။ လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိဘူး"

"ဟုတ်ကဲ့ ချက်ချင်းလုပ်လိုက်ပါ့မယ်"

...

ထိုအချိန်တွင် လက်သည်တရားခံဖြစ်သည့် ကျန်းမုန့်လောင်ကတော့ ကမ္ဘာတစ်ဝက်နီးပါးကို ဖရိုဖရဲဖြစ်အောင် ဖန်တီးထားပါသည့်တိုင် ဘာကိုမှဂရုမစိုက်သည့်အလား တောင်အာဖရိကလေဆိပ်သို့ ဆိုက်ရောက်လာသည်။

သူတို့ လေဆိပ်ထဲက ထွက်ခွာခါနီးတွင် လက်နက်အပြည့်အစုံကိုင်ဆောင်ထားသော စစ်သားတစ်စုက သူတို့ကို တားလိုက်၏။

"တောင်းပန်ပါတယ် ဆရာ.. ခင်ဗျားတို့ သွားလို့မရပါဘူး။ ခင်ဗျားတို့က နိုင်ငံခြားက လာတာမို့ ကျွန်တော်တို့ရဲ့စည်းမျဉ်းအရ ဗိုင်းရပ်ပိုးပျံ့နှံ့မှုကို ကာကွယ်ဖို့အတွက် ၁၅ရက်တိတိ ကွာရန်တင်းဝင်ရမှာပါ"

"ဘာတွေဖြစ်နေတာလဲ"

ကျန်းမုန့်လောင်ခမျာ လုံးဝကြောင်အသွားလေသည်။

ကပ်ရောဂါသည် မကြာသေးခင်ကမှ သိသိသာသာတိုးတက်လာပြီဖြစ်၏။ နိုင်ငံတကာလေကြောင်းလိုင်းများမှာ တင်းတင်းကျပ်ကျပ်တားမြစ်ထားဆဲဖြစ်သော်ငြား ကိုဗစ်ဆေးစစ်ချက်ကို ပြသလိုက်လျှင် ကွာရန်တင်းဝင်ရန် မလိုတော့ပေ။

ကျန်းမုန့်လောင်က ကမ္ဘာအနှံ့လှည့်လည်သွားလာနေသည်ဖြစ်ရာ ထိုဆေးစစ်ချက်ကို ပြလိုက်ရုံဖြင့် အရာအားလုံး အဆင်ပြေချောမွေ့သွားသည်သာ။ ယခုမှ ဘာကြောင့်များ ကွာရန်တင်းဝင်ခိုင်းရသလဲ။ တောင်အာဖရိကတွင် ရောဂါအခြေအနေဆိုးဝါးလာခြင်းလေလား။

ကျန်းမုန့်လောင်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး ဟုန်းရီကို ချက်ချင်းမေးကြည့်လိုက်သည်။

သို့သော် ဟုန်းရီကတော့ တောင်အာဖရိကတွင် ဗိုင်းရပ်ပျံ့နှံ့မှုကို ထိန်းချုပ်ထားပြီး လွန်ခဲ့သည့်နှစ်ဝက်ကတည်းက ထိန်းချုပ်ကန့်သတ်မှုများကို တဖြည်းဖြည်းရုပ်သိမ်းထားပြီးဖြစ်ကြောင်း ပြောပြသည်။ ဗီဇာလျှောက်ထားစဉ်ကလည်း ဤသို့သောသတိပေးစာမျိုး မရခဲ့ပေ။

"မစ္စတာကျန်း.. ရှင် လွတ်သွားတဲ့ သတင်းအချက်အလက်တစ်ခုရှိပါတယ်။ ပြီးခဲ့တဲ့လတုန်းက ငွေကြေးဈေးကွက်တိုက်ပွဲမှာ တောင်အာဖရိကကလည်း အမေရိကန်ဒေါ်လာငါးဆယ်ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ပြီးတော့ ဒီနေ့ ရှင့်ကိုတိုက်ခိုက်ခဲ့တဲ့ တိုက်လေယာဉ်အစင်းခြောက်ဆယ်ထဲက ဆယ်စင်းက သူတို့ရဲ့လျှို့ဝှက်စစ်အခြေစိုက်စခန်းတစ်ခုက ပျံတက်လာခဲ့တာပါ"

"ဪ"

ကျန်းမုန့်လောင်လည်း မျက်လုံးများကို မှေးကျဉ်းလိုက်မိသည်။

"ဒီတော့ ဒီစည်းမျဉ်းက အခုမှထုတ်လိုက်တာပေါ့။ပြီးတော့ ငါ့ကို တမင်ပစ်မှတ်ထားတာလည်း ဖြစ်နိုင်တယ်ပေါ့လေ"

"ဟုတ်ပါတယ်"

ဟုန်းရီက ဆိုလေသည်။

"တိုက်လေယာဉ်အစင်းခြောက်ဆယ်ရဲ့တိုက်ခိုက်မှုကနေ ရှင် လွတ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားလို့ ဗီဇာကို ချက်ချင်းထုတ်ပေးလိုက်တာဖြစ်မယ်။ အခုတော့ သူတို့ ကြောက်နေကြပြီလေ"

"ကဲ.. ဒါက ရန်သူတွေ လမ်းကျဉ်းလေးထဲမှာ ဆုံတယ်ဆိုသလိုမျိုးပေါ့"

ကျန်းမုန့်လောင်၏ အမူအရာကား ချက်ချင်းပင် ရန်လိုသွားလေတော့သည်။ နောက်မှ အေးအေးဆေးဆေးကိုင်တွယ်ဖြေရှင်းမည်ဟူသော အတွေးဖြင့် ထို၈၉နိုင်ငံစာရင်းကို ဖျတ်ခနဲသာ ကြည့်ခဲ့မိသည်။ တာဝန်ရှိသူတစ်ယောက်စီတိုင်းကို လိုက်မှတ်ထားစရာ မလိုပေ။

သို့သော် ထင်မှတ်မထားပါဘဲ သူ ခရီးထွက်လာသည့် နိုင်ငံကလည်း ထိုစာရင်းထဲတွင် ပါနေခဲ့သည်။

အခွင့်အရေးက ငါးဆယ်ရာခိုင်နှုန်းနီးပါးရှိသဖြင့် ဖြစ်နိုင်ခြေကလည်း အလွန်မြင့်လှသည်။

"ငါ့ကို ဗီဇာသက်တမ်းကုန်တဲ့အထိ ကွာရန်တင်းဝင်ခိုင်းဖို့ ကြံနေတာလား"

ကျန်းမုန့်လောင် လှောင်ပြောင်သရော်လိုက်လေသည်။

"ငါက မင်းတို့ကို စောစောစီးစီး လက်တုံ့ပြန်ဖို့ စဉ်းစားမထားဘူး။ ဒါပေမဲ့ မင်းတို့ကတော့ ငါ့ခရီးစဉ်ကို အနှောင့်အယှက်ပေးချင်နေမှတော့ ငါ့ကို အဆိုးမဆိုနဲ့ပေါ့လေ"

"ဗိုင်းရပ်ကိုထိန်းချုပ်ဖို့ ကွာရန်တင်းဝင်ရမယ် ဟုတ်လား"

ကျန်းမုန့်လောင်က ရုတ်တရက်ရယ်မောလိုက်လေသည်။

"ကောင်းပြီလေ။ မင်းတို့က ရောဂါကို ထိန်းချုပ်ချင်တယ်ဆိုမှတော့ ငါတို့ဘက်ကလည်း အားတက်သရော ကူညီပေးရမှာပေါ့။ ကဲ.. သွားကြစို့.. ကွာရန်တင်းဝင်ဖို့ အချိန်ကျပြီ"

********************

All Chapters