အကုန်ရပ်လိုက်တော့
Vol. 45 Ch. 666
ကျန်းမုန့်လောင်တို့အဖွဲ့ကို ခေါ်ဆောင်လာသည့် ကားတစ်စီးက လေဆိပ်နှင့်အနီးဆုံး ဟိုတယ်တစ်ခုသို့ ရောက်လာသည်။ အတူလိုက်ပါလာသော ဝန်ထမ်းများမှာ ဤဟိုတယ်က ခရီးသွားများကို ကွာရန်တင်းဝင်ခိုင်းရန်အတွက် အထူးအသုံးပြုသော ဟိုတယ်ဖြစ်ကြောင်း ပြောပြသည်။
သို့သော် ကျန်းမုန့်လောင်က ဘေးဘီဝဲယာကို ကြည့်လိုက်လေရာ ဟိုတယ်ထဲတွင် လူစည်ကားနေကြောင်း မြင်လိုက်ရ၏။ နှာခေါင်းစည်းတပ်ထားသူဟူ၍ မြင်ရခဲသည်။ ဤသည်မှာ ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းဟု သတ်မှတ်နိုင်လေသလား။
ကျန်းမုန့်လောင်သည် အစကတည်းက သူတို့၏အစီအစဉ်ကို မယုံကြည်ခဲ့ပေ။ ဤနေရာတွင် သူ ပြဿနာရှာမည်စိုးသောကြောင့်သာ ဤကဲ့သို့သောဆင်ခြေမျိုးကို တမင်တကာပေးနေခြင်းပင်။
သူတို့ဘက်က ကွာရန်တင်းဝင်ခိုင်းရုံမျှဖြင့် ကျန်းမုန့်လောင်လည်း လက်တုံ့ပြန်၍မရနိုင်ပေ။ ထိုသို့ဆိုလျှင် တရားမျှတသည်ဟု မဆိုနိုင်ချေ။
ဤလူများမှာ ယခုလိုအကြောင်းပြချက်များကို ရှာလာနိုင်သည်အထိ ဉာဏ်ကောင်းကြပေသည်။ သို့သော် ဤနည်းလမ်းများမှာ သာမန်ဆန်လှလေသည်။ အနည်းဆုံးတော့ သင့်တင့်ကောင်းမွန်သော ဟိုတယ်တစ်ခုရှိသင့်သည်မဟုတ်လော။
ဤနေရာကိုပင် ကြည့်ပါလေ။ လူတိုင်းက အပန်းဖြေခရီးထွက်နေကြသည်။ ဤသည်မှာ ကွာရန်တင်းဝင်နေခြင်းနှင့် တူလေသလား။
"မစ္စတာကျန်း.. လောလောဆယ်တော့ ဒီနေရာမှာ နေရပါလိမ့်မယ်။ လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော်တို့ကို ပြောပါ။ အထူးဧည့်သည်တော်တစ်ယောက်အနေနဲ့ ကျွန်တော်တို့ဘက်က ခင်ဗျားရဲ့တောင်းဆိုချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးမှာပါ"
ဝန်ထမ်းတစ်ယောက်က ဆိုလာလေသည်။
ဒီလာမီနီက သူတို့အတွက် ဟိုတယ်၏ထိပ်ဆုံးအထပ်တွင် ဧည့်ခန်းပါဟိုတယ်ခန်းအကျယ်ကြီးနှစ်ခန်းကို စီစဉ်ပေးထားသည်ဖြစ်ရာ လူအယောက်တစ်ဒါဇင်အတွက် လုံလောက်ပေသည်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်နှင့်လည်း လိုက်ဖက်ပေသည်။
"ဒီဟိုတယ်က ကွာရန်တင်းဝင်ဖို့ဆိုတာ သေချာလား"
ကျန်းမုန့်လောင်လည်း တမင်တကာမေးလိုက်၏။
"အောက်ထပ်ကလူတွေ လွတ်လွတ်လပ်လပ်သွားလာနေတာကို မြင်လိုက်တယ်။ နှာခေါင်းစည်းတောင် တပ်မထားဘူး။ ဒီလိုကွာရန်တင်းမျိုးက ဗိုင်းရပ်ကို ထိထိရောက်ရောက်ကာကွယ်နိုင်မှာ သေချာလို့လား"
ဝန်ထမ်းများလည်း ကူကယ်ရာမဲ့သွားချေသည်။ ဤကွာရန်တင်းက ကျန်းမုန့်လောင်တစ်ယောက်တည်းကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ သို့သော် ဤတာဝန်ကို လွန်ခဲ့သည့်မိနစ်နှစ်ဆယ်ကမှ သူတို့အား ပေးအပ်ထားသည်ဖြစ်ရာ မိနစ်နှစ်ဆယ်အတွင်း ဘာများလုပ်နိုင်မည်နည်း။
ဟိုတယ်က ဧည့်သည်များဖြင့် ပြည့်နှက်နေသည်မှာ ကြာလှလေပြီ။ မိနစ်နှစ်ဆယ်အတွင်း လက်နက်ကိုင်ထားလျှင်ပင် ဧည့်သည်အားလုံးကို မောင်းထုတ်ရန် မဖြစ်နိုင်ချေ။ လေဆိပ်ရှိ ကွာရန်တင်းဧရိယာကိုလည်း ယာယီအားဖြင့် အလျင်စလိုလုပ်ထားလေသည်။
"မစ္စတာကျန်း.. အမှန်အတိုင်းပြောရရင် ဒီပေါ်လစီကို ဒီမနက်ကမှ ထုတ်ပြန်ထားတာပါ။ အခုတလော ကျွန်တော်တို့နိုင်ငံရဲ့ ကပ်ရောဂါက ဗိုင်းရပ်လှိုင်းအသစ်ကြောင့် ရုတ်တရက်ကြီးပြင်းထန်လာတာပါ။ အချိန်က အရမ်းကပ်လွန်းတဲ့အတွက် ကျွန်တော်တို့လည်း ခရီးသွားတွေအတွက် ကွာရန်တင်းဝင်နိုင်အောင် စီစဉ်ပေးရင်း ဟိုတယ်ဝန်ထမ်းတွေကို ရှင်းလင်းနေပါတယ်။ အဲဒါကြောင့်လည်း တအားလောကုန်တာပါ"
"သြော် တကယ်လား။ ဗိုင်းရပ်လှိုင်းအသစ်တစ်မျိုးတဲ့လား"
ကျန်းမုန့်လောင်က ခပ်မြူးမြူးပြုံးလိုက်လေသည်။
"ဒီပေါ်လစီကို မကြာသေးခင်ကမှ ထုတ်ပြန်တာလား။ ဒါမှမဟုတ် ငါမရောက်ခင်ကမှ ထုတ်ပြန်လိုက်တာလား"
"မစ္စတာကျန်း.. ခင်ဗျားက ဟာသဉာဏ်ရှိသားပဲ။ ဒီလောက်လေးနက်တဲ့ ကိစ္စတစ်ခုကို ကျွန်တော်က ဘယ်လိုလုပ်ပြီး လှည့်ဖြားရဲမှာလဲ။
ဝန်ထမ်းက ပြောလိုက်လေသည်။
"ပြီးခဲ့တဲ့အပတ်တုန်းက ကူးစက်မှုအသစ်တစ်သုတ် တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဘက်က အတည်ပြုထားတဲ့ အရေအတွက်က တစ်သိန်းကျော်သွားပါပြီ"
"ပြီးခဲ့တဲ့အပတ်တုန်းက ရောဂါပိုးကူးစက်ခဲ့တာကို ဒီအပတ်ကျမှ ကွာရန်တင်းဝင်ခိုင်းတာလား။ အဲဒါနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းတွေလည်း မမြင်မိပါလား။ ငါက ဗဟုသုတနှံ့စပ်မှုမရှိဘူးဆိုပြီး လာမလှည့်စားနဲ့"
ကျန်းမုန့်လောင်က လှောင်ပြောင်ထေ့ငေါ့လေဟန်လေသံဖြင့် ဆက်ပြောလိုက်သည်။
"မစ္စတာကျန်း..ကျွန်တော်တို့ ခင်ဗျားကို မလှည့်စားရဲပါဘူး။ ခင်ဗျား ဒီအကြောင်းကို မီဒီယာပေါ်မှာ မမြင်ရတဲ့ အကြောင်းအရင်းက ကျွန်တော်တို့တွေက လူထုကို အထိတ်တလန့်မဖြစ်စေချင်လို့ပါ။ အခုအထိလည်း ဘာသတင်းမှ မထုတ်လွှင့်ထားပါဘူး"
"အဲဒီလိုလား"
ကျန်းမုန့်လောင်က ပြုံးလျက် ပြောလိုက်လေသည်။
"ကြည့်ရတာတော့ တကယ်ပြင်းထန်မဲ့ပုံပဲ"
"ဟုတ်ပါတယ်"
ဝန်ထမ်းလေးက ဤတစ်ကြိမ်တွင် ထိုရောဂါကို အချိန်မီထိန်းချုပ်နိုင်ရန် မျှော်လင့်နေသည့်အလား စိုးရိမ်ပူပန်နေဟန်အမူအရာကို ပြသလာသည်။
"ကာကွယ်ဆေးကိုလည်း မြန်မြန်ထိုးပေးနေပေမဲ့ ကံဆိုးချင်တော့ ခင်ဗျား စိတ်ပျက်ရနိုင်ပါတယ် မစ္စတာကျန်း"
"စိတ်မပူပါနဲ့"
ကျန်းမုန့်လောင်က လက်ယမ်းပြလိုက်သည်။
"မင်းတို့နိုင်ငံမှာ ကပ်ရောဂါထိန်းချုပ်ရေးလုပ်နေတာဆိုတော့ ငါတို့ကလည်း လိုက်လျောပေးရမှာပေါ့။ ကွာရန်တင်းဝင်ဖို့အတွက် ငါတို့ မင်းတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးပါ့မယ်"
"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် မစ္စတာကျန်း"
ဝန်ထမ်းလေးခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။ ဤဆင်ခြေကြောင့် ကျန်းမုန့်လောင်အနေနှင့် ဘာအမှားမှ ရှာမရပေ။ သူတို့အနေနှင့် ဤကာလအတွင်း တစ်ဖက်လူကို ကောင်းကောင်းဆက်ဆံနေသရွေ့ တစ်ဖက်လူကလည်း သည်းခံပေးမည်သာ။
ကျန်းမုန့်လောင်က ဆန်းဆန်းပြားပြားစားကောင်းသောက်ဖွယ်များကို တောင်းဆိုလာနိုင်သော်လည်း ကွာရန်တင်းဝင်နေသည့်အတောအတွင်း လူတိုင်းကို မျှမျှတတဆက်ဆံသင့်သည်။ သူတို့ဘက်က ကျန်းမုန့်လောင်ကို အစားအသောက်ကောင်းကောင်း ထောက်ပံ့ပေးထားသည့်အပြင် ဧည့်ခန်းပါဟိုတယ်အခန်းကျယ်ကြီးကိုလည်း ပေးထားသည်ဖြစ်ရာ သူ့ဘက်က ၎င်းကို ဆင်ခြေလုပ်၍ ပြဿနာရှာရန် မသင့်ပေ။
...
"မုန့်လောင်.. ဘာတွေဖြစ်နေတာလဲ"
ထိုဝန်ထမ်းထွက်သွားသည်နှင့် ကျူးမုန့်ချောင်တို့တစ်သိုက်လည်း နားမလည်နိုင်လေဟန်ဖြင့် ကျန်းမုန့်လောင်ကို ကြည့်လိုက်ကြသည်။
"ဒီရက်ပိုင်း ဒီနေရာအကြောင်း ငါစုံစမ်းထားတယ်။ ဒီနေရာမှာ ဘာဗိုင်းရပ်မျိုးကွဲမှမရှိဘူး။ ငါ့အတန်းဖော်တစ်ယောက်က ဒီမှာ ကျောင်းတက်နေတာ။ ကွာရန်တင်းဝင်ရမဲ့အကြောင်း သူ ဘာမှမပြောထားဘူး"
"ဟုတ်တယ် မုန့်လောင်.. အဲဒီလိုဖြစ်တယ်ဆိုရင်တောင် ကွာရန်တင်းကိစ္စကို အကောင်အထည်မဖော်ခင် နိုင်ငံတကာကို ထုတ်ပြန်ကြေညာရမှာ။ သူတို့စိတ်ကြိုက် ကွာရန်တင်းဝင်ခိုင်းလို့မရဘူး။ ဒီနေရာကိုလာတဲ့ လူတော်တော်များများက စီးပွားရေးကိစ္စနဲ့ စာချုပ်ကိစ္စတွေကြောင့် လာကြတာ။ ရုတ်တရက်ကြီး ဆုံးရှုံးနစ်နာမှုတွေဖြစ်သွားရင် သူတို့ ဘယ်ခံနိုင်မှာလဲ"
"အသိသာကြီးပါ။ သူတို့က ကျွန်တော်တို့ကို သီးခြားခွဲထုတ်ထားတာ။ ဒါမှမဟုတ် ပိုပြီးတိတိကျကျပြောရရင် သူတို့က ကျွန်တော့်ကို ခွဲခြားဆက်ဆံနေတာ"
ကျန်းမုန့်လောင်ကလည်း တဲ့တိုးသာ ပြောလိုက်လေသည်။
"ဘာလို့လဲ"
"မင်း သူတို့ကို ရန်စထားလို့လား"
"သူတို့ဘိုးဘေးရဲ့အုတ်ဂူတွေကိုများ မင်း မတော်တရော်ပြုထားလို့လား"
"သူတို့ခေါင်းပေါ် မစင်တက်စွန့်မိလို့လား"
"အစ်ကိုတို့ရဲ့ဟုန်ရှီရှန်းဗျူဟာတွေကို တော်လိုက်ပါတော့"
ကျန်းမုန့်လောင်ခမျာ ဆက်ပြောခွင့်ပေးထားလိုက်ပါက သူ့ညီအစ်ကိုများက ဘာဆက်ပြောလာမလဲဆိုသည်ကို မတွေးဘဲမနေနိုင်တော့ပေ။
"ဒီနေ့ ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်လေယာဉ်အစင်းခြောက်ဆယ်ထဲမှာ သူတို့လည်း ပါတယ်"
ကျန်းမုန့်လောင်က ဆို၏။
"ကျွန်တော်တို့ ပတ်စပို့လျှောက်တုန်းက သူတို့အမြင်မှာ ကျွန်တော်တို့ သေလူတွေဖြစ်နေပြီမို့လို့ ကျွန်တော် ဘယ်သွားသွား ဂရုမစိုက်ဘူး။ သူတို့စိတ်ထဲမှာ ကျွန်တော်တို့တွေ ဖြတ်ကျော်နိုင်မှာမဟုတ်ဘူးလို့ သိနေလို့လေ"
"ဒါပေမဲ့ ငါတို့တွေ ဘေးမသီရန်မခရောက်လာလိမ့်မယ်လို့ သူတို့ ထင်မထားဘူးပေါ့"
"ဟုတ်တယ်"
ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါကြောင့် သူတို့ လန့်နေကြတာ။ ကျွန်တော်ဒေါသထွက်နေမယ်ဆိုတာ သူတို့သိတယ်လေ။ ကျွန်တော့်ဘက်က ဘယ်လိုရူးနှမ်းနှမ်းကိစ္စမျိုး လုပ်လာမလဲဆိုတာ သူတို့ မသိဘူးလေ။ အကျိုးဆက်တွေကို သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်တယ်လို့တောင် ထင်နေလောက်တယ်။ အဲဒါကြောင့် သူတို့က ကျွန်တော့်ရဲ့လုပ်ရပ်တွေကို ဒီနည်းနဲ့တားမြစ်ဖို့ ကြိုးစားနေတာ"
"သူတို့က ဒီလောက်အထိတွေးထားတာပဲ"
ကျူးမုန့်ချောင်က ဆိုလိုက်သည်။
"တကယ်လို့ ကွာရန်တင်းလုပ်နေတုန်း သူတို့ကို ပြဿနာသွားရှာရင် သူတို့ကလည်း မင်းကို ဖိနှိပ်ဖို့အတွက် နိုင်ငံတကာပြည်သူလူထုရဲ့အမြင်ကို အသုံးချနိုင်တယ်။ ဒီကိစ္စက ငါတို့အတွက် ဘယ်လိုမကောင်းတဲ့သက်ရောက်မှုမျိုး ဖြစ်စေမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ"
"ဘာ.. ဒါဆို ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ဒီနေရာမှာ သုံးပတ်တောင် ကွာရန်တင်းဝင်ရတော့မှာလား"
"အဲဒါကြီးက တအားအဖြစ်ဆိုးတယ်မဟုတ်ဘူးလား။ ဒီနေရာမှာသာ သုံးပတ်လောက် ကွာရန်တင်းဝင်ရမယ်ဆိုရင် နှစ်သစ်ကူးအတွက် အိမ်ပြန်လိုက်တာကမှ ပိုကောင်းဦးမယ်မလား။ ဒီလိုဆိုရင် ငါတို့ ဘယ်ပျော်ရတော့မှာလဲ"
ဤစကားကိုကြားသော် လူတိုင်း၏မျက်နှာထက်ဝယ် စိတ်ပျက်သွားဟန်အမူအရာတစ်ခု ပေါ်ပေါက်လာလေသည်။ သူတို့သည် အာဖရိက၏အံ့ဖွယ်သဘာဝတရားကြီးကို တွေ့ကြုံခံစားရန်နှင့် စိန်တွင်းနှင့်ရွှေတွင်းများကို လေ့လာစူးစမ်းရန်အတွက် ရောက်လာခဲ့ခြင်းဖြစ်၏။ သို့သော် ယခုမူ ဟိုတယ်တွင်သာ သုံးပတ်ကြာကွာရန်တင်းဝင်ရတော့မည့်ပုံပင်။
"ဒီနေရာမှာ သုံးပတ်လောက် ကွာရန်တင်းဝင်ရမယ်လို့ ဘယ်သူပြောလဲ"
ကျန်းမုန့်လောင်က ဆိုချေသည်။
"ကပ်ရောဂါက ပြင်းထန်တယ်လို့ သူတို့ ပြောသွားမှတော့ တကယ်ပြင်းထန်တယ်လို့ပဲ သဘောထားလိုက်ကြတာပေါ့"
"နင့်ကိုကြည့်စမ်းပါဦး။ စိတ်ထဲမှာ ခပ်ညစ်ညစ်အတွေးလေးတွေ တွေးနေပြီမလား"
လုရီယောင်သည် ကျန်းမုန့်လောင်၏ အမူအရာကို ကြည့်ရုံမျှဖြင့် လှည့်ကွက်တစ်ခုခုထုတ်သုံးတော့မည်ဖြစ်ကြောင်း အတပ်သိလိုက်သည်။
"ဒါနဲ့ တစ်နေကုန်လေယာဉ်စီးလာရတော့ အားလုံး ပင်ပန်းနေကြရောပေါ့။ ဒီနေ့တော့ ကောင်းကောင်းနားလိုက်။ ဒီဟိုတယ်မှာ အများဆုံးမှ နှစ်ရက်ပဲနေကြရမှာပါ။ ကျွန်တော် အာမခံတယ်။ ပြီးရင် ဒီဟိုတယ်ကနေ မြန်မြန်ထွက်သွားဖို့တောင် သူတို့တွေ မျက်ရည်အရွှဲသားနဲ့ တောင်းပန်လာကြမှာ"
"ကဲ ဖျော်ဖြေပွဲစပေတော့"
ကျန်းမုန့်လောင်က တစ်ခုခုလုပ်ရန် ကြံစည်နေကြောင်း မြင်လိုက်ရသောအခါ လူတိုင်း မျှော်လင့်စောင့်စားနေကြတော့သည်။
ကျန်းမုန့်လောင်က ဟုန်းရီကို ချက်ချင်းဖုန်းဆက်လိုက်သည်။
"မစ္စတာကျန်း အန္တရာယ်ကင်းကင်း ရောက်ပြီလား"
"ရောက်ပြီ။ ဒါပေမဲ့ အခု ပြဿနာတစ်ခုရှိတယ်။ ငါတို့ ကွာရန်တင်းဝင်နေရတယ်"
"ကွာရန်တင်းလား။ ဒါပေမဲ့ အခု.. ကျွန်မ နားလည်ပါပြီ"
ဟုန်းရီမှာ သတင်းအစုံအလင်ကို သိထားပြီဖြစ်ရာ အခြေအနေကို ချက်ချင်းသဘောပေါက်လိုက်သည်။
"ကျွန်မကို တစ်ခုခုလုပ်ခိုင်းချင်လို့လား"
"ကျန်းမိသားစုနဲ့ လက်အောက်ခံမိသားစုတွေရဲ့စီးပွားရေးတွေထဲမှာ တောင်အာဖရိကနဲ့ ကုန်သွယ်ရေးပတ်သက်မှုရှိနေတာ ဘယ်နှခုလောက်ရှိလဲ"
"သူတို့ရဲ့နှစ်စဉ်ပို့ကုန်သွင်းကုန်ပမာဏက ငါးရာဘီလီယံကနေ ခြောက်ရာဘီလီယံအထိ ရှိပါတယ်။ သူတို့ကုန်သွယ်ရေးရဲ့ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ကျွန်မတို့နဲ့ ဆက်စပ်နေပါတယ်"
ဟုန်းရီက ရှင်းပြလိုက်သည်။
"ဟုတ်ပြီလေ။ သူတို့ရဲ့ကပ်ရောဂါက တအားပြင်းထန်နေမှတော့ သူတို့ရဲ့ပေါ်လစီကို လိုက်နာဖို့အတွက် အဲဒီပို့ကုန်သွင်းကုန်လုပ်ငန်းတွေအကုန်လုံးကို ရပ်ဆိုင်းလိုက်ကြတာပေါ့"
******************