ဒါက ခင်ဗျားတို့ကောင်းဖို့အတွက်ပါ
Vol. 45 Ch. 667
"သေစမ်း လန်းလှချည်လား"
"မိုက်လိုက်တဲ့အကွက်။ မရှိတာကို အရှိလုပ်ရင်း လျှို့ဝှက်ခြေလှမ်းတွေနဲ့ အကွက်ရွှေ့ပြသွားတာဟေ့။ ငါတော့ ပြောစရာစကားတောင် မရှိတော့ဘူး..."
ကျန်းမုန့်လောင်၏ "ရပ်ထားလိုက်ကြရအောင်"ဟူသည့် စကားမှာ အေးအေးဆေးဆေးနိုင်လှသော်လည်း ဤနိုင်ငံအတွက်မူ မြေကမ္ဘာတုန်လှုပ်ဖွယ် ဖြစ်ရပ်ဆိုးကြီးတစ်ခုပင်။
သွင်းကုန်ထုတ်ကုန် ၈၀ရာခိုင်နှုန်းကျော် ရုတ်တရက်ရပ်တန့်သွားခြင်းမှာ ကောင်းကင်ကြီး ပြိုကျလာသလိုပင်။ နိုင်ငံခြားကုန်သွယ်မှုစီးပွားရေးယန္တရားတစ်ခုလုံး ပြိုလဲသွားချေသည်။
လွန်ခဲ့သောနှစ်နှစ်ခန့်က ကပ်ရောဂါ၏ အဆိုးဝါးဆုံးကာလအတွင်း နိုင်ငံများမှာ နယ်စပ်များပိတ်ထားခဲ့ရသဖြင့် ကုန်သွယ်ရေးယန္တရားတစ်ခုလုံး ရပ်တန့်လုနီးပါးဖြစ်ကာ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။
ဤတစ်ကြိမ်တွင် ထိုနိုင်ငံ၏စီးပွားရေး မည်မျှအထိ လှုပ်ခတ်သွားမည်ကို ခန့်မှန်းကြည့်နိုင်လေသည်။
တကယ်တော့ ကျန်းမုန့်လောင်က သူတို့၏စီးပွားရေးကို တမင်ဖျက်ဆီးချင်သောကြောင့် မဟုတ်ပေ။
ခင်ဗျားတို့ကိုယ်တိုင်ပဲ ခင်ဗျားတို့နိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားနေတယ်လို့ ပြောထားတာလေ။ အဲ့ဒီတော့ ရောဂါမပြန့်ပွားအောင် ခင်ဗျားတို့နဲ့လုပ်ကိုင်နေတဲ့ ကုန်သွယ်ရေးကို ခဏရပ်ဆိုင်းထားတာက ကျိုးကြောင်းဆီလျော်တဲ့ လုပ်ရပ်ပဲမဟုတ်လား။ ကိုယ့်လူတို့ရေ... ကျွန်တော့်မှာ ဘာအပြစ်မှ မရှိဘူးနော်။ ဒါက ခင်ဗျားတို့ ကောင်းဖို့အတွက်ပါ...
ကျန်းမုန့်လောင်က သူတို့၏ အလိမ်အညာများအတိုင်း လိုက်ကစားပေးလိုက်ခြင်းသာ။ ရွေးချယ်စရာ လမ်းနှစ်လမ်းသာ ရှိ၏။ ကျန်းမုန့်လောင်ကို ပစ်မှတ်ထား၍ တိုက်ခိုက်နေပါသည်ဟု ဝန်ခံမလား။ သို့တည်းမဟုတ် ကုန်သွယ်ရေးဝင်ငွေ ၈၀ရာခိုင်နှုန်းကို ဆုံးရှုံးရမည့် အကျိုးဆက်ကို ခံစားမလား။ တစ်ခုခုကို ရွေးရပေတော့မည်။
ကျန်းမုန့်လောင်ဘက်က ဆုံးရှုံးမှုရှိနိုင်မည်လော။ စီးပွားရေးလောကတွင် စာချုပ်ဖောက်ဖျက်ပါက များပြားလှသောလျော်ကြေးနှင့် ဒဏ်ကြေးများ ပေးဆောင်ရလေ့ရှိသည်။
သို့သော် စာချုပ်ထဲတွင် သဘာဝဘေးအန္တရာယ် သို့မဟုတ် မရှောင်လွှဲနိုင်သော အခြေအနေများ ဖြစ်ပေါ်လာပါက ထိုဒဏ်ကြေးများကို ကင်းလွတ်ခွင့်ပြုရမည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။
တစ်နည်းအားဖြင့်ဆိုရသော် ဤအရောင်းအဝယ်များကို ဖျက်သိမ်းခြင်းကြောင့် ကျန်းမုန့်လောင်ဘက်က ဘာဆုံးရှုံးမှုမှ မရှိပေ။ သူတို့နှင့် ကုန်သွယ်မှုမလုပ်ရလျှင် အခြားနိုင်ငံများနှင့် ကုန်သွယ်ရုံသာ။
အကယ်၍ လျော်ကြေးပေးရမည်ဆိုလျှင်ပင် ကျန်းမုန့်လောင်က ထိုဆုံးရှုံးမှုများကို ဂရုစိုက်မည်လော။ သူသည် ဗုံးထဲတွင် ဂရက်ဖိုက်အစား ဂရက်ဖင်းကို ထည့်သုံးခဲ့သူ၊ မစင်ဝယ်ရန်အတွက် ပိုက်ဆံထုတ်သုံးရလောက်အောင် ချမ်းသာကြွယ်ဝသူပင်။ သူ့တွင် သုံးမကုန်သော ငွေကြေးအမြောက်အများရှိ၏။
"ကဲ... အားလုံးပဲ စားကြသောက်ကြတော့"
ကျန်းမုန့်လောင်က အကြောဆန့်လိုက်ပြီးနောက် လုရီယောင်ကို ပွေ့ဖက်လိုက်သည်။
"ဒီဟိုတယ်ထဲက ရေချိုးကန်က တော်တော်ကြီးတာပဲ။ ဟဲဟဲ..."
...
"သူက တကယ်ပဲ ဟိုတယ်မှာ အေးအေးဆေးဆေး ကွာရန်တင်းဝင်နေတာလား"
သူ့လက်ထောက်၏ အစီရင်ခံတင်ပြမှုကို ကြားရသောအခါ ဒီလာမီနီခမျာ အတိုင်းမသိဝမ်းသာသွားသည်။ ကျန်းမုန့်လောင်က သံသယမဝင်ပါဘဲ နာနာခံခံလိုက်နာလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။
"ဟုတ်ပါတယ်"
လက်ထောက်က ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော်တို့ ပေါ့ဆလို့တော့ မရသေးပါဘူး။ ဇာတ်လမ်းကို စလိုက်ပြီဆိုတော့ အဆုံးအထိ ပီပြင်အောင် ကရပါလိမ့်မယ်"
"ဟုတ်တယ်။ သက်ဆိုင်ရာဌာနတွေကို ငါ အကြောင်းကြားထားပြီးပြီ။ ဌာနတွေအကုန်လုံးက ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးလိမ့်မယ်။ ဟိုတယ်ထဲက ဧည့်သည်တွေကို အမြန်ဖယ်ထုတ်ပြီး တကယ့်ကွာရန်တင်းနယ်မြေတစ်ခုလို ဖြစ်သွားအောင် ဖန်တီးရမယ်။ မဟုတ်လို့ သူ တစ်ခုခုရိပ်မိသွားရင် သူ့ရဲ့ဒေါသကို ငါတို့ ခံနိုင်မှာမဟုတ်ဘူး"
"ဟုတ်ကဲ့။ ကျွန်တော် အခုချက်ချင်း သွားလုပ်လိုက်ပါ့မယ်"
လက်ထောက်က ပြောလိုက်၏။
"ပြည်တွင်းယာဉ်ကြောထိန်းချုပ်ရေးအပါအဝင် ဇာတ်ကွက်တိုင်းက်ု ပီပြင်အောင် လုပ်လိုက်ပါ့မယ်"
"ကောင်းပြီ။ ဒီတာဝန်ကို မင်းဆီမှာပဲ အပ်ထားလိုက်မယ်"
...
တောင်အာဖရိက ကုန်သွယ်ရေးဆိပ်ကမ်းတွင် တင်ပို့ရန်အသင့်ဖြစ်နေသည့် ရေနံတန်ချိန်၂သိန်းခန့်ရှိပြီး အလုပ်သမားအားလုံးကလည်း မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
တောင်အာဖရိကမှာ ဟွာရှားနိုင်ငံသို့ နှစ်စဉ် ရေနံတန်ချိန်နှစ်သန်းကျော် တင်ပို့နေပြီး ရေနံစည်ပေါင်း နေ့စဉ် ငါးထောင်မှ ခြောက်ထောင်အထိ ပို့ဆောင်ပေးနေရသည်။
ယနေ့ပို့မည့် ရေနံများက အများဆုံးပမာဏဖြစ်ပြီး မနက်ကိုးနာရီတွင် ပို့ဆောင်ရန် စီစဉ်ထားသည်။
သို့သော် ယခုမူ မနက်ဆယ်နာရီပင် ထိုးပြီဖြစ်သော်ငြား အရုဏ်တက်ချိန်ကတည်းက ရောက်ရှိလာရမည့် ကုန်တင်သင်္ဘောမှာ ပျောက်ချင်းမလှ ပျောက်နေသဖြင့် အလုပ်သမားများအားလုံး ဝေခွဲမရဖြစ်နေကြသည်။ ဟွာရှားစီးပွားရေးသမားများက အချိန်တိကျသည်ဟု လူသိများသဖြင့် မတော်တဆမှုတစ်ခုခုများ ဖြစ်နေသလားဟု တွေးနေမိကြသည်။
ရေနံတင်သွင်းရေးတာဝန်ခံ မာတင်ဖရန့်ခ်က သက်ဆိုင်ရာတာဝန်ရှိသူထံသို့ ချက်ချင်းဆက်သွယ်လိုက်သည်။
ဟွာရှားနိုင်ငံရှိ ရှကျွင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီက ပြည်တွင်းရှိ ရေနံသွင်းကုန်ထုတ်ကုန်လုပ်ငန်းကို အဓိကလုပ်ဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်၏။ ကုမ္ပဏီ၏ တရားဝင်ပိုင်ရှင်မှာ ဝမ်လုံဖြစ်ပြီး သူသည် ဟုန်းရီ၏ဦးလေးပင်။ ဤကုမ္ပဏီက ထန်ဟွေ့လုပ်ငန်းစု၏ လက်အောက်ခံကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
အမှန်တွင်မူ မနေ့ညကတည်းက ရှကျွင်းသယ်ယူပို့ဆောင်ရေး၏ ရေနံတင်သင်္ဘောကြီးမှာ တောင်အာဖရိက၏ ဆိပ်ကမ်းအနီးသို့ ရောက်ရှိနေပြီဖြစ်၏။ သို့သော် ကျန်းမုန့်လောင်က ဟုန်းရီကို အကြောင်းကြား၍ ဤကိစ္စကို စီစဉ်ခိုင်းလိုက်သောအခါ ဝမ်လုံကလည်း ဘာမေးခွန်းမှမမေးဘဲ ကုမ္ပဏီသင်္ဘောကို ချက်ချင်းလှည့်ပြန်ခိုင်းလိုက်သည်။
ရေနံတင်သွင်းမည်လား။ ကမ္ဘာပေါ်ရှိ ဘယ်ရေနံတွင်းကများ ကျန်းမိသားစုပိုင်မဟုတ်ဘဲ ရှိမည်နည်း။ ကျန်းမိသားစုအတွက်တော့ ရေနံရောင်းဝယ်ရေးဆိုသည်မှာ ပိုက်ဆံကို အိတ်ကပ်တစ်လုံးမှ နောက်တစ်လုံးထဲသို့ ပြောင်းထည့်နေသလိုပင်။
ရေနံကုမ္ပဏီဘက်သို့ ဤသတင်း ရောက်သွားသည့်အခါ ကုမ္ပဏီပိုင်ရှင်လည်း အကြီးအကျယ် ဒေါသထွက်သွားသည်။
"ခင်ဗျားက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီပိုင်ရှင်ဖြစ်ပြီး အလုပ်ကို ဒီအတိုင်းရပ်လိုက်ရသလား။ အလုပ်မပြီးရင် ခင်ဗျားတို့ပဲ အပြစ်တင်ခံရမှာနော်"
သို့သော် သိပ်မကြာခင်မှာပင် ဥရောပနိုင်ငံတစ်ခုက သူတို့ကို ဆက်သွယ်လာပြီး တင်ပို့ရန် အသင့်ပြင်ထားသော ရေနံတန်ချိန်နှစ်သိန်းရှိကြောင်းနှင့် လိုချင်လျှင် အလကားပေးမည်ဟု ဆိုလာလေသည်။ ကပ်ရောဂါကြောင့် ရေနံဈေးက အနုတ်လက္ခဏာပြနေပြီး မည်သူကမှ မလိုချင်ကြချေ။
သို့ဖြစ်လေရာ မယူဘဲနေမည်တဲ့လား။ ထိုညမှာပင် ကုမ္ပဏီသင်္ဘောက ဥရောပကို တန်းမောင်းတော့သည်။ စစ်ဆေးရန်လည်း အချိန်ကြာမည်မဟုတ်ပေ။ ဘာကြောင့်အလကားရလဲဆိုသည်ကိုမူ သူတို့ စိတ်မဝင်စားကြပေ။
"မစ္စတာဝမ်လုံနဲ့ စကားပြောလို့ရမလား။ ကျွန်တော်က မာတင်ဖရန့်ခ်ပါ"
ဖရန့်ခ်က မေးလိုက်သည်။
"ဪ... မစ္စတာဖရန့်ခ် ဘာကိစ္စရှိလို့လဲ။ ပြဿနာတစ်ခုခုရှိလို့လား"
"မစ္စတာဝမ်... ခင်ဗျားတို့ရဲ့သင်္ဘောများ လမ်းမှာ တစ်ခုခုဖြစ်လို့လားလို့ မေးချင်လို့ပါ။ ကျွန်တော် ခင်ဗျားတို့ဘက်က တာဝန်ခံကိုလည်း ဆက်သွယ်လို့မရဘူးဖြစ်နေတယ်။ ကျွန်တော်တို့ရဲ့ ရေနံတွေက ဆိပ်ကမ်းမှာ အသင့်ဖြစ်နေပြီ။ ခင်ဗျားတို့ရဲ့သင်္ဘောရောက်တာနဲ့ တင်ပေးဖို့ စောင့်နေကြတာ"
"ဪ... အဲ့ဒါလား။ ကျုပ်တို့ရဲ့သင်္ဘောတွေက လှည့်ပြန်သွားပြီလေ"
ဝမ်လုံက ပြောလိုက်သည်။
"လှည့်ပြန်သွားပြီ ဟုတ်လား"
ဖရန့်ခ်ခမျာ ဆွံ့အသွားရသည်။
"မစ္စတာဝမ်... ဒါက နောက်စရာမဟုတ်ဘူးနော်။ ဒါက ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ အရောင်းအဝယ်ကြီးတစ်ခုဗျ။ အချိန်မီမပို့နိုင်ရင် ကျွန်တော်တို့တာဝန် မဟုတ်ဘူး"
"မစ္စတာဖရန့်ခ်... ကျုပ်တို့ အခုလောလောဆယ်တော့ အဲ့ဒီရေနံတွေကို မယူနိုင်သေးဘူး"
ဝမ်လုံက ဆိုလိုက်သည်။
"ကျွန်တော်တို့ တခြားရေနံအရင်းအမြစ်တစ်ခု ရထားပြီးပြီ။ ဒီတော့ ဒီရေနံတွေကို မလိုအပ်တော့ဘူး"
"မလိုအပ်တော့ဘူး ဟုတ်လား"
ဤစကားကို ကြားလိုက်ရသောအခါ ဖရန့်ခ်လည်း ချက်ချင်းမျက်နှာပျက်သွားသည်။ ရေနံတန်ချိန်နှစ်သိန်းကို သည်အတိုင်းငြင်းပယ်လိုက်ခြင်းအတွက် ဒဏ်ကြေးတစ်ခုတည်းတင် ဒေါ်လာသန်းပေါင်းများစွာ ပေးရလိမ့်မည်။
"မစ္စတာဝမ်... ခင်ဗျားက စာချုပ်ဖောက်ဖျက်ဖို့ ကြံစည်နေတာလား"
"မဟုတ်ပါဘူး"
ဝမ်လုံက ပြန်ပြောသည်။
"ခင်ဗျားတို့နိုင်ငံမှာ အခုတလော ကပ်ရောဂါတွေ ဖြစ်နေတယ်မဟုတ်လား။ ကျုပ်တို့သင်္ဘောသာ ခင်ဗျားတို့ဆိပ်ကမ်းထဲကို ဝင်လိုက်ရင် တော်တော်ကြာအောင် ကွာရန်တင်းဝင်ရဦးမယ်လေ။ ကျုပ်တို့ဘက်က အဲဒီလောက်အထိ အချိန်မပေးနိုင်သလို ကျုပ်တို့လူတွေကြောင့် ခင်ဗျားတို့ဆီကို ရောဂါအသစ်တွေ ကူးစက်သွားမှာလည်း စိုးရိမ်မိတယ်။ ဒါက ခင်ဗျားတို့ကောင်းဖို့အတွက် စဉ်းစားပေးတာပါ"
"ကပ်ရောဂါလား"
ဖရန့်ခ်မှာ ပို၍ပင် ဝေခွဲမရဖြစ်သွားသည်။ သူတို့နိုင်ငံတွင် ကပ်ရောဂါအခြေအနေက တည်ငြိမ်နေပြီဖြစ်ရာ ဝင်ထွက်သွားလာမှုများကိုလည်း ကန့်သတ်ချက် သိပ်မရှိတော့ပေ။ လဝက်ခန့်အကြာက စစ်ဆေးထားသော ဆေးစစ်ချက်ရလဒ်ရှိလျှင် လုံလောက်ပြီဖြစ်၏။ ဤသည်မှာ မည်သို့ဖြစ်ရသလဲ။
"ပြီးတော့ ဒါက စာချုပ်ဖောက်ဖျက်တာလည်း မဟုတ်ဘူး။ လူသားတွေမတတ်နိုင်တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အရောင်းအဝယ်ပျက်ခဲ့ရင် ဘာတာဝန်မှ ယူစရာမလိုဘူးလို့ စာချုပ်ထဲမှာ ပါထားပြီးသားလေ။ ခင်ဗျားတို့ တခြားဝယ်လက်ပဲ ရှာလိုက်တော့"
"ဒါက..."
ရေနံစိမ်းတန်ချိန်နှစ်သိန်းဆိုသည်မှာ အလွယ်တကူ ဝယ်လက်ရှာနိုင်သည့်အရာမျိုး မဟုတ်ပေ။
"မစ္စတာဝမ်လုံ... ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ဆီမှာ ကပ်ရောဂါအခြေအနေကို ထိန်းချုပ်ထားပြီးပါပြီ။ ကွာရန်တင်းလည်း ဝင်စရာမလိုပါဘူး။ ခင်ဗျား ဒါတွေကို ဘယ်ကကြားတာလဲ။ ဒါက အခြေအမြစ်မရှိတဲ့ သတင်းတွေပါ"
"ဟုတ်လား။ ဒါပေမဲ့ ကျုပ်တို့ရဲ့ဘော့စ်က မနေ့ကပဲ တောင်အာဖရိကကို အပန်းဖြေခရီးထွက်သွားတာ။ ရောက်ရောက်ချင်း ဟိုတယ်မှာ ကွာရန်တင်းဝင်ဖို့ သူ့ကို ချက်ချင်းခေါ်သွားကြတယ်တဲ့။ ဒါက သူကိုယ်တိုင် ကျုပ်ကိုပြောပြတာ"
"ခင်ဗျားရဲ့ဘော့စ် ဟုတ်လား။ ကုမ္ပဏီပိုင်ရှင်က ခင်ဗျားမဟုတ်ဘူးလား"
ဖရန့်ခ်ခမျာ ဇဝေဇဝါဖြစ်သွားချေသည်။
"ကျုပ်က ဘော့စ်ကိုယ်စား ရှယ်ယာတွေကို ခဏကိုင်ပေးထားတာ။ ခင်ဗျားလည်း သူ့နာမည်ကို ကြားဖူးမှာပါ။ ကျန်းမုန့်လောင်တဲ့"
"ကျန်းမုန့်လောင်လား"
ထိုနာမည်ကို ကြားလိုက်ရုံဖြင့် ဖရန့်ခ်ခမျာ တစ်ကိုယ်လုံး တုန်ယင်သွားချေသည်။ ကျန်းမုန့်လောင်က တောင်အာဖရိကကို ရောက်နေလေသလား။
"ကျွန်တော် ဒီကိစ္စကို အမြန်ဆုံး အတည်ပြုလိုက်ပါ့မယ်"
ဖရန့်ခ်လည်း တစ်ခုခုတော့လွဲနေပြီဟု မသိစိတ်ထဲက ခံစားလိုက်ရသည်။ ပြည်ပက ဝင်ရောက်လာသူများကို ကန့်သတ်ပိတ်ပင်ထားလေသလား။ တကယ်သာ ထိုသို့ဖြစ်နေပါက မကြာခင်ကမှ နာလန်ထူခါစ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းကြီးတစ်ခုလုံး တစ်ဖန်ပြိုလဲသွားပေလိမ့်မည်။
*******************