ဒါက ဘယ်လိုလူ့ငရဲကြီးလဲ
Vol. 45 Ch. 668
ဤမနက်ကတည်းက တောင်အာဖရိကကုန်သွယ်ရေးရုံးသို့ ဖုန်းခေါ်ဆိုမှုများ ဆက်တိုက်ဝင်လာလေသည်။
"ဘာ.. မင်းတို့ဘက်လည်း ရပ်ဆိုင်းခံလိုက်ရတာလား။ ဒေါ်လာသန်းငါးဆယ်တန်ဖိုးရှိတဲ့ အထည်အလိပ်သွင်းကုန်တွေအားလုံး ထိန်သိမ်းခံထားရတာလား။ ဘယ်သူက ထိန်းသိမ်းထားတာလဲ။ ဘာလုပ်ပိုင်ခွင့်နဲ့လဲ"
"ဝိုင်တွေလည်း စည်တစ်သိန်းလောက် ထိန်းသိမ်းခံထားရတယ်ပေါ့"
"ဘာ.. မင်းတို့ရဲ့ပါတနာတွေကလည်း စာချုပ်ဖျက်သွားတာလား။ ဆိပ်ကမ်းကို ရောက်ခါနီးမှ လှည့်ပြန်သွားတာပဲလား"
...
မနေ့ကအထိ အရာအားလုံး အဆင်ပြေနေခဲ့သော်ငြား တစ်ညအတွင်းမှာတင် သူတို့၏နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းကြီးတစ်ခုလုံး ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။
အရောင်းအဝယ် ၈၀ရာခိုင်နှုန်းကျော် ဖျက်သိမ်းခံလိုက်ရပြီဖြစ်၏။
လေကြောင်းဖြစ်စေ၊ ရေကြောင်းဖြစ်စေ သူတို့ ပို့ဆောင်နေသော ကုန်ပစ္စည်းများမှာ လမ်းခုလတ်မှာတင် ရပ်တန့်ကုန်သည်။ အချို့လေယာဉ်များဆိုလျှင် သူတို့၏လေဆိပ်အထက်၌ ဝဲပျံပြီးမှ လှည့်ပြန်သွားကြသည်။
သူတို့၏သွင်းကုန်များမှာ ယနေ့ရောက်လာရမည်ဖြစ်သော်ငြား ယခုအထိ အရိပ်အယောင်ပင် မတွေ့ရသေးချေ။ စုံစမ်းကြည့်လိုက်သောအခါ တောင်အာဖရိကကိုလာသည့် ပင်လယ်လမ်းကြောင်းတစ်လျှောက်ရှိ ပင်လယ်ကွေ့ဒေသများက ထိုကုန်ပစ္စည်းများကို သိမ်းဆည်းထားကြောင်း သိရသည်။
အကယ်၍ အသိမ်းမခံရလျှင်ပင် ထိုကုန်တင်သင်္ဘောများနှင့် လေယာဉ်များက သူတို့အား အသိမပေးပါဘဲ လှည့်ပြန်သွားကြသည်။
တစ်စတစ်စ ဆုံးရှုံးလိုက်ရခြင်းပင်။
အကြောင်းပြချက်ကား ရိုးရှင်းလှသည်။ သူတို့နိုင်ငံထဲတွင် ဗိုင်းရပ်မျိုးကွဲအသစ်တစ်မျိုး တွေ့ရှိထားပြီး ကပ်ရောဂါက အကြီးအကျယ်ပြန်လည်ဖြစ်ပွားနေသည်ဟု ကြားထားသောကြောင့်ပင်။ သို့ဖြစ်လေရာ သူတို့က ထိုနေရာသို့ ဘာကြောင့်သွားရမည်နည်း။ ယခုအချိန်တွင် သူတို့၏လုံခြုံရေးက အရေးကြီးဆုံးမဟုတ်လား။
ထို့ပြင် ပင်လယ်ကွေ့ဒေသများဘက်က ကုန်ပစ္စည်းများကို သိမ်းဆည်းထားရသည့် အကြောင်းပြချက်ကလည်း တစ်ပုံစံတည်းပင်။ ဤသည်မှာ သူတို့အစား ကပ်ရောဂါကို ထိန်းချုပ်ရန် ကူညီပေးခြင်းဖြစ်ပြီး ပို့ကုန်တင်ပို့သည့် နိုင်ငံများကလည်း ကုန်သွယ်မှုကို ယာယီရပ်ဆိုင်းပေးထားရန် သဘောတူထားသည်။
သို့သော် နားလည်ထားရမည့်အချက်မှာ သွင်းကုန်များအတွက် သူတို့ဘက်က စရန်ငွေအမြောက်အများ ကြိုပေးထားပြီးဖြစ်၏။ ယခုမူ ကုန်သွယ်ရေးက ရပ်ဆိုင်းသွားပြီဖြစ်ရာ သူတို့အနေနှင့် ကုန်ပစ္စည်းများကို ဘယ်တော့မှ ရနိုင်မည်နည်း။
အဆိုးဝါးဆုံးကတော့ ပါတနာတချို့က မရှောင်လွှဲနိုင်သော အခြေအနေများကို အကြောင်းပြပြီး စာချုပ်ကို ချက်ချင်းဖျက်သိမ်းလိုက်ကြခြင်းပင်။ ရလဒ်ကတော့ သူတို့အနေနှင့် သွင်းကုန်များကိုလည်း မရသလို သွင်းထားသည့် စရန်ငွေများကိုလည်း ပြန်မရတော့ခြင်းပင်။
သဘောတူညီမှုတစ်ခုနှစ်ခုတည်း ဖြစ်နေခြင်းမဟုတ်ဘဲ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ဖြစ်နေသဖြင့် သူတို့အနေနှင့် ဘာဆက်လုပ်ရမည်နည်း။
တောင်အာဖရိက၏အကြီဆုံးပို့ကုန်က ဘယ်အရာများလဲ။ တန်ဖိုးအရကြည့်မည်ဆိုလျှင် ထိပ်တန်းပို့ကုန်ပစ္စည်းဆယ်မျိုးမှာ ရှောက်ချိုသီး၊ စပျစ်သီး၊ ဝိုင်များ၊ ပန်းသီးများ၊ သစ်တော်သီးများ၊ ပြောင်းဖူး၊ အစေ့အဆန်၊ သကြား၊ သိုးမွေးနှင့် သစ်သီးဖျော်ရည်များပင်။ အများစုက ပုပ်လွယ်သိုးလွယ်သော ပစ္စည်းများပင်။ ဆယ်ရက် သို့မဟုတ် လဝက်မဆိုထားနှင့်။ တစ်ပတ်လောက် နောက်ကျသွားလျှင်ပင် ဆုံးရှုံးမှုက ကြီးမားလှသည်။
ယခုအချိန်တွင် ရေနံစည်များမှာ ဆိပ်ကမ်း၌ တောင်လိုပုံနေသည်။ သစ်သီးကားများနှင့် ဝိုင်များလည်းစုပုံနေချေသည်။ သို့သော် သူတို့ကတော့ ပင်လယ်ဘက်ကို ငေးကြည့်နေသော မုဆိုးမများအလား ထိုနေရာတွင် ငုတ်တုတ်မေ့နေရသည်။ သို့သော် ကုန်တင်သင်္ဘောများမှာ ရောက်လာမည့် အရိပ်အယောင် လုံးဝမရှိပေ။
ပို့ကုန်သွင်းကုန်စီမံခန့်ခွဲရေးရုံးကလည်း ဤဖုန်းခေါ်ဆိုမှုများကြောင့် ဘာလုပ်ရမှန်းမသိတော့ပေ။ သူ လုံးဝဇဝေဇဝါဖြစ်နေချေသည်။ အကယ်၍ နိုင်ငံတော်က ဝင်ထွက်သွားလာမှုကန့်သတ်ချက်များကို ကျင့်သုံးခဲ့မည်ဆိုလျှင် ပို့ကုန်သွင်းကုန်ရုံး၏ ညွှန်ကြားရေးမှူးဖြစ်သော သူက အရင်ဆုံးသိရမည်သာ။
သို့သော် ယနေ့အချိန်အထိ ဘာတွေဖြစ်နေသလဲဆိုသည်ကို နကန်းတစ်လုံးမှ မသိရချေ။ နိုင်ငံတွင်း၌ ကပ်ရောဂါကို ထိန်းချုပ်ထားနိုင်သည်မှာ ကြာလှပြီမဟုတ်လား။ ဗိုင်းရပ်မျိုးကွဲအသစ်နှင့်ပတ်သက်ပြီး သူ ဘာအသိပေးချက်မှ မရထားချေ။ သို့ဖြစ်လေရာ ဤအရှုပ်အထွေးများက သူ့ခေါင်းပေါ်သို့ အဘယ်ကြောင့်များ ရုတ်တရက်ကြီးကျရောက်လာရလေသလဲ။
လွန်ခဲ့သည့်နှစ်အနည်းငယ်က နိုင်ငံခြားကုန်သွယ်ရေး၏ လုပ်ငန်းပါးချိန်ကို ဖြတ်သန်းဖူးသူတစ်ယောက်အနေနှင့် ဤသည်မှာ နိုင်ငံအပေါ် မည်မျှသက်ရောက်မှုရှိကြောင်း သူ ကောင်းကောင်းသိသည်။
ကုန်ထုတ်လုပ်မှုတန်ဖိုးမြင့်မားသော ဖွံ့ဖြိုးပြီးနိုင်ငံတစ်နိုင်ငံအနေနှင့် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်း ပြိုလဲမှုကြောင့် စီးပွားရေးပျက်ကပ်ဖြစ်ပေါ်လာမည်ကို သူ စိတ်မပူပေ။ သူတို့သည် အခက်ခဲဆုံးအချိန်များကိုပင် ကျော်လွှားနိုင်ခဲ့သည်။
သို့သော် ပို့ကုန်သွင်းကုန်လုပ်ငန်းများ ရပ်တန်းသွားခြင်း၏ တိုက်ရိုက်အကျိုးဆက်ကား သွင်းကုန်အပေါ် မှီခိုနေရသည့်ပစ္စည်းများ လက်ကျန်ပစ္စည်းပြတ်လပ်သွားနိုင်သည်။ ထိုထုတ်ကုန်များလည်း မကြာခင်အချိန်အတွင်း ပြတ်လပ်သွားနိုင်ပေသည်။
အာဖရိက၏ ပထဝီဝင်အနေအထားအရ အစားအသောက်ကဲ့သို့သော အရာတော်တော်များများက သွင်းကုန်များကို မှီခိုနေရသည်။ ယခုလည်း သူတို့ပြည်သူသန်းပေါင်းများစွာဟာ အစာရေစာ လုံလုံလောက်လောက် မရရှိကြသေးပေ။
ကပ်ရောဂါအခြေအနေဆိုးဝါးစဉ်က လူအမြောက်အများ အငတ်ဘေးမှ လွတ်မြောက်စေရန်အတွက် ကုလသမဂ္ဂကပင် အထူးအစားအသောက်များကို သင်္ဘောနှင့် တင်ပို့ပေးခဲ့ရသည်။ ဤအရှုပ်အထွေးကြီး ဖြစ်ပေါ်လာပြန်လေရာ သူတို့အနေနှင့် လူအမြောက်အများ အငတ်ဘေးနှင့် ကြုံတွေ့ရသည်ကို ပြန်မြင်ရတော့မည်လား။
နယ်လ်ဆန်လည်း သူ့အထက်လူကြီးများကို ချက်ချင်းဖုန်းဆက်လိုက်သည်။
...
ဒီလာမီနီတစ်ယောက် ကျေနပ်ပီတိဖြစ်နေချိန်မှာပင် နယ်လ်ဆန်ဆီက ဖုန်းဝင်လာသည်။ ထိုသတင်းကြောင့် သူ့မှာ မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရပြီး ကြောင်အသွားချေသည်။
မည်သူမဆို ခန့်မှန်းကြည့်နိုင်သည်။ ဤကိစ္စက ကျန်းမုန့်လောင်နှင့် မသက်ဆိုင်ဘူးဟု ဆိုနိုင်လေသလား။ သူတို့၏သူဌေးက ကျန်းမုန့်လောင်ဟု သူတို့ကိုယ်တိုင် ပြောသွားသည်မဟုတ်လော။ ဤသည်မှာ သူနှင့်မဆိုင်ဘူးဟု ဆိုနိုင်ဦးမည်လော။ မှားသွားလျှင် ရေနံဆီတန်ချိန်နှစ်သိန်းကို ဆိပ်ကမ်းမှာပင် သောက်ပြလိုက်မည်။
သို့သော် ဤအခြေအနေကြောင့် ကုမ္ပဏီတစ်ခုနှစ်ခုမျှသာ သက်ရောက်မှုရှိခြင်းမဟုတ်ပါဘဲ ပို့ကုန်သွင်းကုန်လုပ်ငန်း၏ ရှစ်ဆယ်ရာခိုင်နှုန်းလောက် အထိနာနေခြင်းပင်။
ထို့ပြင် ဤရှစ်ဆယ်ရာခိုင်နှုန်းထဲတွင် ဟွာရှားနိုင်ငံက ၁၅ရာခိုင်နှုန်းသာရှိပြီး ကျန်၆၅ရာခိုင်နှုန်းက အခြားနိုင်ငံများကပင်။ တစ်နည်းအားဖြင့်ဆိုရသော် ကျန်းမုန့်လောင်က များပြားလှသော နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများကို အုံကြွလာအောင် လုပ်နိုင်ခဲ့ခြင်းပင်။
မည်သူကများ ဤအဖြစ်ကို တောင့်ခံနိုင်မည်နည်း။
တွေးကြည့်လေလေ စဉ်းစားစရာဖြစ်လေလေပင်။ လူတစ်ယောက်က မည်မျှအထိ ဩဇာညောင်းနေပါစေ။ ပြင်းထန်လှသောသက်ရောက်မှုမျိုးကို ညတွင်းချင်းလုပ်ဆောင်ရန် မဖြစ်နိုင်ချေ။
ထိုကုမ္ပဏီများ၏ပိုင်ရှင်က ကျန်းမုန့်လောင်ဆီကတစ်ဆင့် တောင်အာဖရိက၏ဝင်ထွက်သွားလာခွင့်ကန့်သတ်ချက်များအကြောင်း သိသွားသည်ဆိုလျှင်ပင် အထက်မှ အောက်ခြေအထိ အမိန့်ကျဖို့ဆိုလျှင် အချိန်အတိုင်းအတာတစ်ခုတော့ ယူရဦးမည်သာ။
ကျန်းမုန့်လောင်က မနေ့ကမှ ကွာရန်တင်းဝင်ထားခြင်းပင်။ ယနေ့မနက်မှာပင် နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်း၏ ရှစ်ဆယ်ရာခိုင်နှုန်းက ပြိုလဲသွားလေပြီ။ ဤသည်မှာ လူတစ်ဦးတစ်ယောက်၏ ဩဇာအာဏာကြောင့်ဟု ထင်လေသလား။
ထို့ပြင် ကျန်းမုန့်လောင်၏ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း သူ ကွာရန်တင်းဝင်နေရကြောင်း ဘာသတင်းမှ တင်မထားပေ။ တစ်နည်းအားဖြင့်ဆိုရသော် ပုံမှန်လမ်းကြောင်းများမှတစ်ဆင့် သူ့လက်ရှိအခြေအနေကို မည်သူမှ မသိနိုင်ပေ။
ဤအခြေအနေအတွက် ဖြစ်နိုင်ခြေနှစ်ခုသာ ရှိသည်။
တစ်ခုက ကျန်းမုန့်လောင်သည် ငွေအင်အားဖြင့် ထိုနိုင်ငံခြားကုန်သွယ်ရေးကုမ္ပဏီများကို သူတို့နှင့် ဆက်ဆံရေးဖြတ်တောက်ဖို့ ခြိမ်းခြောက်ခဲ့ခြင်း သို့မဟုတ် ဆွဲဆောင်ခဲ့ခြင်းပင်။
နောက်တစ်ခုကတော့ ကျန်းမုန့်လောင်က ဤနိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းစုရှစ်ဆယ်ရာခိုင်နှုန်း၏ နောက်ကွယ်ရှိ သူဌေးကြီးဖြစ်နေခြင်းပင်။ သူဌေးတစ်ယောက်အနေနှင့် ဤစီးပွားရေးကို လုပ်မလုပ်ဆိုသည်မှာ သူ့ဆုံးဖြတ်ချက်အပေါ်သာ မူတည်နေသည်။
ဒီလာမီနီ၏စိတ်ထဲတွင်မူ ဒုတိယအချက်က ပိုဖြစ်နိုင်ခြေရှိသည်ဟု ထင်မိသည်။
မည်သူကများ ဤအခြေအနေကို ခံနိုင်မည်နည်း။
ကျန်းမုန့်လောင်က သူတို့၏ကွာရန်တင်းဝင်ခွင့် တောင်းဆိုချက်ကို အဘယ်ကြောင့်လက်ခံခဲ့သလဲဆိုသည်ကို ဒီလာမီနီလည်း ရုတ်ခြည်းသဘောပေါက်သွားသည်။
ကျန်းမုန့်လောင်လို ပါးနပ်သူတစ်ယောက်က ဤအရာကို လိမ်ညာမှုတစ်ခုဖြစ်ကြောင်း မသိဘဲရှိမလား။ ကျန့်မုန့်လောင်ဘက်က အကြောင်းပြစရာမရှိသောကြောင့် မတတ်သာဘဲ လက်ခံလိုက်ရသည်ဟုသာ သူတို့ ထင်ခဲ့မိသည်။
သို့သော် ကျန်းမုန့်လောင်က ဤကလေးကလားအကွက်များကို လုံးဝဂရုမစိုက်ကြောင်း သူ သိလိုက်လေပြီ။
မင်းတို့က ကပ်ရောဂါအခြေအနေ ပြင်းထန်လာပြီလို့ ပြောတယ်ပေါ့လေ...
ကိစ္စမရှိဘူး.. ကပ်ရောဂါပြင်းထန်လာလို့ ကွာရန်တင်းဝင်ရမယ်ဆိုမှတော့ ငါလည်း လိုက်နာပေးရမှာပေါ့...
သို့သော် ကပ်ရောဂါအခြေအနေ ပြင်းထန်ဆိုးဝါးလာရိုးသာမှန်ပါက နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများကို ဆက်လုပ်၍မရနိုင်တော့ပေ။ ဤအရောင်းအဝယ်များတွင် သွားလာလှုပ်ရှားမှုများ ရှိနေသည့်အတွက် ကူးစက်ခံရနိုင်သည့် အန္တရာယ်လည်း ရှိနေသည်မဟုတ်လော။
အကယ်၍ ဗိုင်းရပ်စက်က အခြားနိုင်ငံသို့ မတော်တဆကူးစက်သွားခဲ့လျှင် ပြဿနာတက်နိုင်သည်မဟုတ်လား။
နိုင်ငံခြားကုန်သွယ်ရေးရှစ်ဆယ်ရာခိုင်နှုန်း ပြိုလဲသွားပြီဖြစ်ရာ စီးပွားရေးက ဘယ်လိုအခြေအနေဖြစ်သွားမည်နည်း။ သွင်းကုန်ပစ္စည်းများနှင့် အရင်းအမြစ်များလည်း မည်သို့ဖြစ်ကုန်မည်နည်း။
ဤဆုံးရှုံးမှုများကို ကျန်းမုန့်လောင်ကတော့ ဂရုစိုက်မည်မဟုတ်ကြောင်း သူ အတပ်သိသည်။ ဝင်ငွေအမေရိကန်ဒေါ်လာ၄၅ထရီလီယံရှိသူတစ်ယောက်အနေနှင့် ခဏမျှအချိန်ဆွဲထားရုံဖြင့် သူတို့အား သေမတတ်အားအင်ကုန်ခမ်းသွားအောင် လုပ်နိုင်ပေသည်။
ထို့ကြောင့် နိုင်ငံခြားကုန်သွယ်ရေးက လုံးဝပြိုလဲ၍မဖြစ်ပေ။
သို့သော် သူ့သံသယများက မှန်နေလျှင်ပင် ဤကြိုးထုံးက ချည်ထားသူကသာ ပြန်ဖြေနိုင်မည်သာ။ နိုင်ငံခြားကုန်သွယ်ရေး ပြန်လည်ကောင်းမွန်လာဖို့ဆိုလျှင် ကျန်းမုန့်လောင်နှင့်သာ ပြန်စတင်ရချေမည်။
ယခုအချိန်မှ ကျန်းမုန့်လောင်ကို သူတို့နိုင်ငံတွင် ဗိုင်းရပ်မျိုးကွဲ မရှိကြောင်းနှင့် ကပ်ရောဂါပြန့်ပွားမှုမရှိသောကြောင့် နိုင်ငံခြားကုန်သွယ်ရေးကို အဆင်ပြေအောင်လုပ်ပေးရန် သွားပြော၍မဖြစ်ပေ။
ထိုသို့ဆိုလျှင် သူတို့ဘက်က ကျန်းမုန့်လောင်၏ဉာဏ်ရည်ကို စော်ကားရာကျပေလိမ့်မည်။
"ဒါက ဘယ်လိုရူးကြောင်ကြောင်အကြံမျိုးလဲ"
ယခုမှသာ ဒီလာမီနီလည်း နောင်တရမိတော့သည်။ ကျန်းမုန့်လောင်ကို ယခုလိုနည်းလမ်းမျိုးဖြင့် ထိန်းချုပ်ဖို့ ကြိုးစားခဲ့ခြင်းမှာ မည်မျှမိုက်မဲလှကြောင်း သူ သဘောပေါက်သွားလေပြီ။
ယခုမူ သူတို့အနေနှင့် အလွန်ခက်ခဲသော အခြေအနေသို့ ရောက်နေပြီဖြစ်၏။ စီးပွားရေးနှင့် နိုင်ငံခြားကုန်သွယ်ရေးကို ပြိုလဲခံမလား။ သို့မဟုတ် ပြင်းထန်လှသော မျက်နှာပျက်အရှက်ကွဲမှုနှင့် ကျန်းမုန့်လောင်၏ဒေါသကို ခါးစည်းခံမလား။
ဤသည်မှာ ဘယ်လိုလူ့ငရဲမျိုးလေလဲ။
*********************