ကျန်းမာရေးကုတ်ပြဖို့ အခက်တွေ့ခြင်း
Vol. 45 Ch. 669
"အာ.. အိပ်ရေးကိုဝနေတာပဲ"
ပို့ကုန်သွင်းကုန်စီမံခန့်ခွဲရေးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဌာနတို့တွင် အလုပ်များနေချိန်မှာ ကျန်းမုန့်လောင်ကတော့ အိပ်ရာနိုးခါစသာရှိသေးသည်။
ဟိုတယ်ဧည့်ခန်းထဲရှိ ရေခဲသေတ္တာထဲတွင် ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်သဖြင့် လုရီယောင်က မနက်စာပြင်ထားသည်။
ဧည့်ခန်းထဲတွင် လူတိုင်းက စိတ်မပါလက်မပါဖြစ်နေကြဟန်ပင်။ သူတို့အားလုံးက မျှော်လင့်ချက်အပြည့်ဖြင့် ရောက်လာကြခြင်းပင်။ တချို့စီနီယာအစ်ကိုအစ်မများဆိုလျှင် DSLRကင်မရာအကောင်းစားများကို ဝယ်ရန်အတွက် ငွေကြေးအမြောက်အများသုံးစွဲထားသည်။ သို့သော် ယခုမူ အပြင်ဘက်တွင် ရာသီဥတုသာယာနေသော်ငြား သူတို့ကတော့ ဟိုတယ်ထဲတွင် အောင်းနေရသည်။
"အကုန်လုံး ဘာလို့မပျော်မရွှင်ဖြစ်နေကြတာလဲ"
ကျန်းမုန့်လောင်က မနက်စာစားရင်း မေးလိုက်သည်။
"မုန့်လောင်.. မင်းပြောတော့ သူတို့တွေ ဒီနေ့ ငါတို့ဆီကို ရောက်လာလိမ့်မယ်ဆို။ အခုထိ ဘာလှုပ်ရှားမှုမှ မရှိသေးပါလား"
"ဟုတ်တယ်။ ငါတို့ တကယ်ပဲ ဒီနေရာကြီးမှာ သုံးပတ်လောက် ပိတ်မိနေတော့မှာလား"
"ဘာတွေလောနေတာလဲ"
ကျန်းမုန့်လောင်က နံရံကပ်နာရီကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"အခုမှ ဆယ်နာရီတောင်မထိုးသေးဘူး။ ကျွန်တော်ကတော့ သူတို့တွေ အခုလောက်ဆိုရင် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေလောက်ပြီလို့ ထင်တာပဲ"
"ဟင်"
လူတိုင်း နားမလည်နိုင်ဖြစ်သွားကြသည်။ ကျန်းမုန့်လောင်သည် မနေ့ညက ဖုန်းတစ်ချက်သာ ဆက်ထားသည်။ ဤမျှမြန်မြန်ဆန်ဆန်ကြီး သတင်းထူးပါ့မလား။ ထိုသို့ဆိုလျှင် မည်မျှများပြားသော ဩဇာအာဏာနှင့် လုပ်နိုင်စွမ်းမျိုး ရှိရမည်နည်း။
"သတင်းဖွင့်ကြည့်လိုက်လေ။ သတင်းတွေ တက်လာလောက်ပြီ"
ကျန်းမုန့်လောင်က ပြုံးစစဖြင့် ပြောလိုက်၏။
ကျူးမုန့်ချောင်လည်း တီဗီဖွင့်ကာ ချန်နယ်များကို ပြောင်းကြည့်လိုက်သောအခါ ဆူပူအုံကြွနေသော ဆိပ်ကမ်းမြင်ကွင်းတစ်ခု တက်လာလေသည်။
ဆိပ်ကမ်းတွင် ပွက်လောရိုက်နေပြီး တစ်ဖက်တွင်လည်း ကုန်ပစ္စည်းများက တောင်လိုပုံနေချေသည်။ မနက်အစောပိုင်းကတည်းက တင်ပို့ရမည့် ကုန်ပစ္စည်းများက ထိုနေရာမှာတင် ရှိနေဆဲဖြစ်ပြီး ကွန်တိန်နာအသစ်များက ဆက်တိုက်ရောက်နေချေသည်။ ဆိပ်ကမ်းလည်း ယခုမူ ဟင်းရွက်ဈေးတန်းထက်ပင် ပိုရှုပ်ထွေးနေတော့သည်။
ကုန်သည်များလည်း အရူးအမူးဒေါသထွက်နေကြသည်။ နိုင်ငံထဲတွင် ဘာမှမဖြစ်ပါချေ။ တကယ်တမ်းတွင် လွန်ခဲ့သည့်နှစ်ရက်ကတည်းက ရောဂါဖြစ်ပွားမှုများ ကင်းစင်သွားခဲ့သည်။ သို့ဖြစ်လေရာ ရောဂါပြန့်ပွားမှုက ရုတ်တရက်ကြီး မည်သို့ဖြစ်ပွားလာရသလဲ။
လုပ်ငန်းရှင်အများစုက ကျန်းမာရေးဌာနရှိ လူများနှင့် အဆက်အသွယ်ရှိကြသည်။ သေချာစုံစမ်းကြည့်လိုက်သောအခါ ဤကူးစက်ရောဂါနှင့် ဗိုင်းရပ်မျိုးကွဲအသစ်ဆိုသည်မှာ အခြေအမြစ်မရှိသော ကောလာဟလတစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ဤသည်မှာ နောက်ကွယ်က လုပ်ကြံဖန်တီးထားသော လုပ်ကြံဇာတ်လမ်းတစ်ခုပင်။
တချို့လုပ်ငန်းများဆိုလျှင် နာရီပိုင်းအတွင်းမှာပင် အကြီးအကျယ်ဆုံးရှုံးနစ်နာသွားသည်။ ဤဆုံးရှုံးမှုများကို မည်သို့ဖြေရှင်းပေးမည်နည်း။
ပို့ကုန်သွင်းကုန်စီမံခန့်ခွဲရေးဌာနက ဖြေရှင်းချက်တစ်ခုခုပေးရမည်မဟုတ်လော။
ထို့ပြင် ကရိန်းသမားများနှင့် အလုပ်သမားများမှာ အလုပ်လုပ်ရန် အသင့်ဖြစ်နေသော်ငြား လုပ်စရာအလုပ်မရှိဘူးဟု သိလိုက်ရသောအခါ မည်သို့ဖြစ်သွားမည်နည်း။ အလုပ်သမားတော်တော်များများက အလုပ်လုပ်မှ လုပ်အားခရမည်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ နိုင်ငံတိုင်းတွင် အလုပ်သမားအခွင့်အရေးစနစ်က အပြည့်အဝမရှိသဖြင့် အလုပ်မရှိပါက ပိုက်ဆံမရခြင်းနှင့် အတူတူပင်။
ယခုတော့ အလုပ်သမားအများအပြားက ဆိပ်ကမ်းမှာ စုပြုံတိုးဝှေ့နေကြပြီး တချို့က လော်စပီကာဖြင့် ဆဲဆိုနေကြသလို အချို့ကလည်း ဆိုင်းဘုတ်များကိုင်ထားပြီး ဖြေရှင်းချက်တောင်းခံနေကြသည်။
"ဘယ်လိုတွေဖြစ်ကုန်တာလဲ။ မုန့်လောင်… မင်းက တောင်အာဖရိကနဲ့ ကုန်သွယ်ရေးလုပ်နေတဲ့ လုပ်ငန်းစုတွေနဲ့ ရင်းနှီးတာလား"
ကျန်းမုန့်လောင်၏စီနီယာတစ်ယောက်က မေးလာလေသည်။
"သူတို့က သဘောတူညီမှုကို ဒီလောက်မြန်မြန်ဖျက်သိမ်းလိုက်ကြတာပေါ့"
"ခြိမ်းခြောက်ပြီး မက်လုံးပေးတဲ့ မင်းရဲ့အကွက်ဟောင်းတွေကို ထုတ်သုံးနေတယ်လို့တော့ မပြောနဲ့နော်။ သူတို့သာ မင်းစကားကို မနာခံရင် အကုန်ဝယ်ပစ်လိုက်တာမျိုးလား။ အဲဒါက မင်းရဲ့စတိုင်လ်ပဲမလား"
"ဆောရီးပဲ"
ကျန်းမုန့်လောင်က ခေါင်းခါယမ်းပြလိုက်သည်။
"တောင်အာဖရိကရဲ့ပို့ကုန်သွင်းကုန်လုပ်ငန်းရှစ်ဆယ်ရာခိုင်နှုန်းကို တိုက်ရိုက်ပဲဖြစ်ဖြစ် သွယ်ဝိုက်နည်းနဲ့ပဲဖြစ်ဖြစ် ကျွန်တော် ထိန်းချုပ်ထားတာ။ ကျွန်တော်က သူဌေးပဲလေ။ ဒီတော့ ကျွန်တော်ကရပ်ခိုင်းရင် သူတို့ ရပ်ပေးရမှာပဲ"
"လန်းတယ်ကွာ"
"သေစမ်း… ဂျူနီယာညီလေးရေ… မင်းရဲ့စီးပွားရေးကွန်ယက်က တော်တော်ကျယ်ပြန့်တာပဲ။ မင်းကို အထင်သေးမိလို့ တောင်းပန်ပါတယ်ကွာ"
"ဒီအကွက်ကြောင့် စီနီယာအစ်မတော့ အထင်ကြီးသွားပြီ"
"???"
"စီနီယာအစ်မ.. အီစီကလီလုပ်နေတာတွေ တော်လိုက်ပါတော့"
...
လူတိုင်းက ပညာတတ်များဖြစ်ကြသဖြင့် ဤအခြေအနေ၏ နောက်ဆက်တွဲများကို ခန့်မှန်းနိုင်ကြသည်။ တောင်အာဖရိကနိုင်ငံအနေနှင့် သူတို့၏နိုင်ငံခြားကုန်သွယ်ရေးစနစ်ကြီး ပြိုလဲသွားမည့်အရေးကို သည်အတိုင်းထိုင်ကြည့်နေမည်မဟုတ်ချေ။ ထို့ကြောင့် အဆုံးတွင်မူ ကျန်းမုန့်လောင်ပြောထားသလို သူတို့ လာတောင်းပန်ရတော့မည်သာ။
သူတို့ ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မည်နည်း။
အကယ်၍ ရောဂါကူးစက်မှုသာ အမှန်တကယ်ရှိလျှင် တစ်မျိုးပင်။ အသက်ရှင်သန်ဖို့က အရေးအကြီးဆုံးဖြစ်၏။ စားစရာသောက်စရာရှိနေလျှင်ပင် တော်လှချေပြီ။
သို့သော် အဓိကအချက်မှာ ယခုအချိန်တွင် ဘာပြဿနာမှရှိမနေခြင်းပင်။ မည်သူကများ ဤသတင်းမှားကို ဖြန့်လိုက်လေသလဲ။ တကယ့်ပြဿနာများ ရှိခဲ့ပါသော်ငြား ယခုမူ အခြေအနေများက ရှုပ်ထွေးကုန်ပြီဖြစ်၏။ လူဝင်မှုကြီးကြပ်ရေးဌာနရှိ ဝန်ထမ်းများအနေနှင့် တစ်နိုင်ငံလုံးကို တောင်းပန်ရပေတော့မည်။
ရောဂါကူးစက်မှုဟူသော သတင်းအတုလွှင့်နေခြင်းမှာ သူတို့အတွက် ဘာအကျိုးရှိမည်နည်း။ ဤသည်မှာ လုပ်ကြံမှုတစ်ခုပင်။
ယခုအချိန်တွင်မူ ဌာနအသီးသီးသို့ ဖုန်းခေါ်ဆိုမှုများ မရေမတွက်နိုင်အောင် ဝင်နေလေသည်။ အားလုံးအပေါ်ကျရောက်နေသော လူထုဖိအားက မည်မျှကြီးမားလှကြောင်း မြင်သာပေသည်။ သုံးပတ်ကြာအောင် ကွာရန်တင်းဝင်ရန် မဆိုထားနှင့်။ သုံးရက်ပင် တောင့်ခံနိုင်မည်မဟုတ်ချေ။
ညနေပိုင်းတွင် သက်ဆိုင်ရာဌာနများက ခေါင်းမာနေကြဆဲသာ။ အဆုံးမှာတော့ ပြင်းထန်လှသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ကျန်းမာရေးဌာနတို့မှာ လုပ်ငန်းတချို့၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။
ကျန်းမာရေးဌာနရှိ ဝန်ထမ်းများမှာ အမှန်ပင် စိတ်ဓာတ်ကျနေလေပြီ။ သူတို့က အမိန့်နာခံနေရရုံမျှသာ။ သူတို့သည် လေဆိပ်နားတွင် ဟန်ရေးပြခဲ့ရုံသာရှိသော်ငြား လူထု၏ဒေါသက ဘာကြောင့် သူတို့ဆီသို့ ပုံကျလာရလေသလဲ။
ဒီလာမီနီ၏ခေါင်းတွင် ပတ်တီးအဖြူရောင်ကြီး အဖွေးသားပင်။ အစောပိုင်းက အမိန့်အတိုင်း ထမ်းဆောင်နေစဉ် ခေါင်းကို တုတ်နှင့် အပြင်းအထန်အရိုက်ခံခဲ့ရသည်။
ထိုစီးပွားရေးလုပ်ငန်းရှင်က သူ့ကားနှင့်အိမ်ကို ဘဏ်တွင် အပေါင်ထားပြီး ဒေါ်လာသန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ သူသည် ကမ္ဘာလုံးဆိုင်ရာစက်မှုလုပ်ငန်းအရှိန်အဝါကို အသုံးချပြီး အမြတ်အစွန်းရရန် ကြိုးစားခဲ့သည်။
အရောင်းအဝယ်ကလည်း တည့်ပြီး စာချုပ်လည်း ချုပ်ဆိုပြီးပြီဖြစ်၏။ ကုန်ပစ္စည်းများကို ပို့ပေးရန်သာ လိုတော့သည်။ ထိုပစ္စည်းများကို ပို့ပေးလိုက်သည်နှင့် အမေရိကန်ဒေါ်လာဆယ်သန်းက သူ့အကောင့်ထဲသို့ ရောက်လာတော့မည်သာ။ ထိုအခါ ပေါင်နှံထားသမျှကို ပြန်ရွေးပြီးလျှင်ပင် အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ ကျန်ဦးမည်။
သို့သော် ယခုမူ သူ့ကုန်ပစ္စည်းများက ဆိပ်ကမ်းတွင် နေ့တစ်ဝက်လောက် စောင့်နေခဲ့ရသည်။ သူ့စီးပွားရေးပါတနာကလည်း ရောဂါအခြေအနေကြောင့် ပူးပေါင်းဆောင်ရွက်မှုကို ကပ်ရောဂါထိန်းချုပ်၍ပြီးစီးချိန်အထိ နောက်ဆုတ်ထားရမည်ဟု ပြောလာလေသည်။ အကြမ်းအားဖြင့် တစ်လခန့်ပင်။
နောက်တစ်ပတ်အတွင်းမှာပင် ဘဏ်က သူ့အိမ်နှင့်ကားကို လာသိမ်းတော့မည်။
ကပ်ရောဂါကလည်း တကယ်ဖြစ်ပွားနေခြင်းမရှိပါဘဲ ဘယ်အချိန်အထိ စောင့်နေရမည်နည်း။
ဒေါသထွက်လာသည့် သူနှင့် အခြားအလားတူစီးပွားရေးလုပ်ငန်းရှင်များမှာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ ချဉ်းကပ်လာပြီး ဒီလာမီနီကို ထိုးကြိတ်ကြပါတော့သည်။
"ဒါက ကောင်းလှပါချည်ရဲ့ဆိုတဲ့ မင်းရဲ့အကြံပဲ"
ဒီလာမီနီက သူ့လက်ထောက်ကိုကြည့်ပြီး ပြောလိုက်သည်။ သို့သော် သူ့ကိုလည်း သိပ်အပြစ်တင်၍မရပေ။ ထိုအချိန်တုန်းက ရွေးချယ်စရာမရှိသောကြောင့် သူကိုယ်တိုင်လည်း ဤအစီအစဉ်ကို လက်ခံခဲ့ရသည်သာ။
"ဘာဆက်လုပ်ကြမလဲ"
ဗိုင်းရပ်မျိုးကွဲပေါ်ပေါက်ခြင်း၊ ရောဂါအခြေအနေဆိုးဝါးလာခြင်းတို့မှာ ကျန်းမုန့်လောင်ကို ဖြီးလုံးဖြန်းလုံးထုတ်ရန်သက်သက်ဆိုသော်ငြား ယခုတော့ တစ်နိုင်ငံလုံး သိသွားကြလေပြီ။ ယုံကြည်သူများမှာ စူပါမားကတ်တွင် ပစ္စည်းများ ဝယ်စုနေကြသလို လုယက်တိုက်ခိုက်မှုများပင် လုပ်နေကြလေပြီ။
မယုံကြည်သူများကတော့ ဤနိုင်ငံခြားကုန်သွယ်ရေးစီးပွားရေးသမားများနှယ် လူသတ်ချင်လောက်အောင် ဒေါသထွက်နေလေပြီ။ ဤကိစ္စကို မြန်မြန်မဖြေရှင်းပါက ဤနေရာတွင် တစ်စုံတစ်ယောက်က ဂတ်စ်အိုးများဖြင့် ပစ်ပေါက်ပေတော့မည်။
"ညွှန်ကြားရေးမှူး.. အထက်လူကြီးဆီက ဖုန်းလာနေပါတယ်"
လက်အောက်ငယ်သားတစ်ယောက်က သူ့အား ဖုန်းပေးလာသည်။
"ဒီလာမီနီ… ခင်ဗျားရဲ့အခြေအနေကို ကျုပ်ကောင်းကောင်းသိတယ်။ ဒီကိစ္စကို ခင်ဗျားတို့လက်ထဲ ထည့်ပေးလိုက်မိလို့ အခုလိုအခက်ကြုံနေရပြီ။ ဒါပေမဲ့ ကျုပ်တို့မှာ ဗျူဟာအသစ်တစ်ခုရှိတယ်"
"ဗျူဟာအသစ်လား"
ဒီလာမီနီလည်း သက်ပြင်းချလိုက်မိသည်။
"ဆရာ.. ပွင့်ပွင့်လင်းလင်းပြောရရင် ကျန်းမုန့်လောင်ကို ရန်စမိတာကိုက မှားသွားတာ"
"ဒါပေမဲ့ ပြီးတာတွေက ပြီးခဲ့ပြီ။ ဒီအမှားကို ဆက်သယ်သွားဖို့ပဲ ရှိတော့တယ်"
ဖုန်းတစ်ဖက်ရှိ လူက ပြောလာလေသည်။
"သုံးရက်အတွင်း လူတစ်ယောက်က ကျန်းမုန့်လောင်နဲ့ ထိပ်တိုက်ရင်ဆိုင်လိမ့်မယ်။ ခင်ဗျား အခုလုပ်ရမှာက ကျန်းမုန့်လောင်ကို ဒီသုံးရက်အတွင်း ငြိမ်နေအောင် ထိန်းထားဖို့ပဲ။ နောက်သုံးရက်နေရင် ဒီလူလည်း ဒီကမ္ဘာပေါ်မှာ ရှိမှာမဟုတ်တော့ဘူး"
"ဘယ်လောက်အထိ သေချာလို့လဲ"
ဒေါက်တာအာမီနီက မေးလိုက်လေသည်။
"၉၉ရာခိုင်နှုန်း သေချာတယ်။ ကျန်တဲ့၁ရာခိုင်နှုန်းကတော့ သူက လူသားမဟုတ်ဘူးဆိုမှ ဖြစ်နိုင်လိမ့်မယ်"
"ကောင်းပြီလေ။ သုံးရက်မဟုတ်လား"
ဒေါက်တာအာမီနီလည်း ဖုန်းချလိုက်၏။
"ညွှန်ကြားရေးမှူး အခု…"
"သွားကြစို့.. ကျန်းမုန့်လောင်ကို သွားရှာမယ်"
ဒေါက်တာအာမီနီက ပြောလိုက်လေသည်။
"သူ့ကိုသွားတောင်းပန်ပြီး သူ့တောင်းဆိုချက်မှန်သမျှကို အကုန်လက်ခံပေးမယ်။ ဒီသုံးရက်အတွင်း စီပွားရေးရော ကျန်းမုန့်လောင်ရော ငြိမ်နေရင် ပြီးရော"
ဒေါက်တာအာမီနီ၏လက်ထောက်က ဘာမှဝင်မပြောသော်ငြား သူ့ဆရာတွင် ကိုယ်ပိုင်အစီအစဉ်တစ်ခုရှိကြောင်းကိုမူ သိလိုက်လေသည်။
"အခုချက်ချင်းသွားကြစို့"
...
ကျန်းမုန့်လောင်တို့တစ်သိုက် တည်းခိုနေသည့် ဟိုတယ်မှာ ညတွင်းချင်း "ကွာရန်တင်းဟိုတယ်"အဖြစ် ပြောင်းလဲသွားသည်။ လူသူလည်း မရှိတော့ချေ။ ဝန်ထမ်းများမှာ ယာယီလေ့ကျင့်မှုတစ်ခုကို လုပ်ထားပုံရပြီး အခြေအနေက အလွန်လေးနက်လေဟန်ပင်။
သူနှင့်သူ့လက်ထောက်လည်း အပေါ်ဆုံးထိပ်ရှိ ဇိမ်ခံဟိုတယ်ခန်းရှေ့သို့ ရောက်လာသောအခါ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။
"ဘယ်သူလဲ"
အထဲက လူငယ်တစ်ယောက်၏အသံ ထွက်ပေါ်လာသည်။
"မစ္စတာကျန်း.. တံခါးဖွင့်ပေးဖို့ အဆင်ပြေမလား။ ကျွန်တော်က လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဒီလာမီနီပါ။
"ဪ အဆင်မပြေဘူးဗျ"
"???"
ဒီလာမီနီခမျာ ခဏမျှ ကြောင်အသွားလေသည်။ ဤလူက ဘယ်လိုလူစားမျိုးလဲ။ သာမန်အတိုင်း မတွေးခေါ်တတ်ဘူးလား။
"ဆောရီးပဲ။ ခင်ဗျားတို့နိုင်ငံမှာ ကပ်ရောဂါတွေပြင်းထန်နေတာလို့ ကြားထားလို့လေ။ ခင်ဗျား အထဲကိုဝင်လာချင်ရင် အရင်ဆုံး ခင်ဗျားရဲ့ကျန်းမာရေးကုတ်လေး ပြပေးပါ"
********************