← Chapters

ဆယ်မိနစ်အတွင်း နျူကလစ်အက်ဆစ်စစ်ဆေးချက်ကို ထုတ်ပြ

Vol. 45 Ch. 670

ဆယ်မိနစ်အတွင်း နျူကလစ်အက်ဆစ်စစ်ဆေးချက်ကို ထုတ်ပြ

Vol. 45 Ch. 670

"ကျန်း…ကျန်းမာရေးကုတ်လား"

ဤအသုံးအနှုန်းကြောင့် ဒီလာမီနီတစ်ယောက် ကြောင်အသွား၏။ ကျန်းမာရေးကုတ်ဆိုသည်မှာ ဘယ်လိုအရာမှန်း သူမသိပေ။

"မစ္စတာကျန်း.. ခင်ဗျားပြောတဲ့ ကျန်းမာရေးကုတ်က ဘာများလဲ"

"သေစမ်း.. ခင်ဗျားက ကျန်းမာရေးကုတ်ဆိုတာတောင် ဘာမှန်းမသိဘဲနဲ့ ကပ်ရောဂါကူးစက်မှုကို ကာကွယ်မယ်လို့ လာပြောနေတာလား။ သွားလျှောက်လိုက်ဦး"

"ညွှန်ကြားရေးမှူး.. ကျန်းမာရေးကုတ်ဆိုတာက ဟွာရှားနိုင်ငံမှာသုံးတဲ့ အီလက်ထရောနစ်လက်မှတ်တစ်မျိုးပါ။ အဲဒါက ကူးစက်မှုပြင်းထန်တဲ့ဒေသတွေကို မသွားခဲ့တဲ့အကြောင်းနဲ့ ကျန်းမာရေးကောင်းမွန်ကြောင်း သက်သေပြတဲ့လက်မှတ်ပါ။ ဟွာရှားနိုင်ငံမှာ အဆိုးဝါးဆုံးကူးစက်ခဲ့တဲ့အချိန်တုန်းက အများပြည်သူဆိုင်ရာနေရာတစ်ခုကို သွားတော့မယ်ဆိုရင် အဲဒီQRကုတ်ကို မဖြစ်မနေပြရပါတယ်"

ဒီလာမီနီ၏လက်ထောက်က ချက်ချင်းရှင်းပြလေသည်။

"ဒါပေမဲ့ မစ္စတာကျန်း. ကျွန်တော်တို့အာဖရိကမှာ ကျန်းမာရေးကုတ်မှမရှိတာ"

"ကျန်းမာရေးကုတ်မရှိဘူးလား။ စုကန်ကုတ်တို့ ကျင်းခန်ကုတ်တို့ ဟူကန်ကုတ်တို့ဆိုရင်လည်း ဖြစ်တယ်။ ဟွာရှားမှာသုံးလို့ရတဲ့ ဘယ်လိုကုတ်မျိုးမဆို အသိအမှတ်ပြုတယ်"

ကျန်းမုန့်လောင်က လေးလေးနက်နက်ပြောလိုက်လသည်။

"ခင်ဗျားသိတဲ့အတိုင်းပဲ။ ကျုပ်နဲ့အတူ တစ်မိသားစုလုံးကြီး ပါလာတာလေ။ သူတို့တွေကို ကျုပ်ကိုယ်တိုင်ခေါ်လာတာမို့ ကျုပ်သူငယ်ချင်းတွေရဲ့ လုံခြုံရေးအတွက် ကျုပ်မှာ တာဝန်ရှိတယ်။ သူတို့ရဲ့လုံခြုံရေးအတွက် စေ့စပ်သေချာမှဖြစ်မယ်။ မဟုတ်ရင် ကျုပ်ဆရာတွေနဲ့ သူငယ်ချင်းတွေရဲ့မိဘတွေကို မျက်နှာပြရဲမှာမဟုတ်ဘူး"

"တကယ်လို့ ကျုပ်တို့တွေ ရောဂါကူးစက်ခံရပြီး နိုင်ငံကို ပြန်သွားရင် ဗိုင်းရပ်စ်ပိုးကို သယ်သွားသလို ဖြစ်နေမှာပေါ့။ အဲဒီလိုဆိုရင် နိုင်ငံတော်နဲ့ ပါတီကို စိတ်ပျက်အောင်လုပ်ရာကျလိမ့်မယ်"

ကျန်းမုန့်လောင်၏လေသံက တဖြည်းဖြည်းလေးနက်လာသည်။ ဒီလာမီနီဘက်က ကျန်းမာရေးကုတ်ကို မပြနိုင်သည်မှာ ခွင့်မလွှတ်နိုင်သည့် အပြစ်ကြီးတစ်ခုအလားပင်။

"မစ္စတာကျန်း စိတ်ချပါ.. ကျွန်တော် ရောဂါဖြစ်ပွားနေတဲ့ ဘယ်ဒေသကိုမှ မသွားခဲ့ပါဘူး။ ကျွန်တော့်ကို ဝင်ခွင့်ပေးပါ"

"မရဘူး"

ကျန်းမုန့်လောင်က ပြတ်ပြတ်သားသား ငြင်းလိုက်လေသည်။

"ခင်ဗျားတို့နိုင်ငံထဲမှာ ကျုပ်တောင် ပြည်တွင်းစည်းမျဉ်းတွေကို လိုက်နာသေးတာပဲ။ ကွာရန်တင်းဝင်ရမယ်လို့ပြောလို့ ကွာရန်တင်းဝင်ပေးထားတယ်။ ဘာတစ်ခွန်းမှတောင် မဟဘူးနော်။ ဒါပေမဲ့ ခင်ဗျားလည်း ကျုပ်တို့စည်းမျဉ်းကို လေးစားပေးသင့်တယ်။ ကျုပ်တို့နိုင်ငံထဲမှာ လူတိုင်း ကျန်းမာရေးကုတ်ကို ပြရတယ်"

"ခင်ဗျား အခုချက်ချင်း ဟွာရှားနိုင်ငံကိုသွားပြီး ကျန်းမာရေးကုတ်တစ်ခု လုပ်ခဲ့လေ"

ကျန်းမုန့်လောင်က အကြံပြုလိုက်၏။

"ကျွန်တော်…"

ဒီလာမီနီခမျာ မွန်းကျပ်လွန်းသောကြောင့် အော်ဆဲပစ်လိုက်ချင်သည်။ ဟွာရှားကို သွားရမတဲ့လား။ သူ့အနေနှင့် ဗီဇာအရင်လျှောက်ရလိမ့်မည်။ အကြောင်းပြချက်အတွက် မည်သို့ရေးရမည်နည်း။ ဟွာရှားနိုင်ငံကို ကျန်းမာရေးကုတ်လုပ်ဖို့ သွားချင်ပါသည်ဟု ရေးရမည်လား။

ရောဂါထိန်းချုပ်ရေးဌာနက သူ့ကို ဆွဲမတားလျှင်ပင် စိတ်ကျန်းမာရေးဆေးရုံက သူ့ကို ကျန်းမာရေးဆွေးနွေးရန် လာခေါ်သွားနိုင်သည်။

ခေါက်တုံ့ခေါက်ပြန်သွားလာနေချိန်မှာပင် အရူးအမူးဒေါသထွက်နေကြ‌သော အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းရှင်များက မြို့တော်ကို ဖောက်ခွဲပစ်လောက်ပြီဖြစ်၏။

ကျန်းမုန့်လောင်က တိတ်တဆိတ်ဖုန်းထုတ်၍ ဟုန်းရီထံသို့ မက်ဆေ့ချ်တစ်စောင် ပို့လိုက်လေသည်။

"စောင့်ကြည့်ထားလိုက်။ တကယ်လို့ ဒီလာမီနီဆိုတဲ့နာမည်နဲ့ ကျန်းမာရေးကုတ်လာလျှောက်ရင် သူ့ကုတ်ကို အနီရောင်ပြောင်းပစ်လိုက်"

ဒီလာမီနီအနေနှင့် ယခုအချိန်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှုမရှိတော့ဘူးဟုလည်း မပြောရဲချေ။ ထိုသို့ပြောလိုက်သည်နှင့် ဤတံခါးက သူ့အတွက် လုံးဝပွင့်လာမည်မဟုတ်ချေ။ သူ့အနေနှင့် ကျန်းမုန့်လောင်ကို ရိုကျိုးလေးစားစွာ ချဉ်းကပ်မှဖြစ်မည်။ သို့မှသာ ကျန်းမုန့်လောင်၏စိတ်လည်း နည်းနည်းပျော့ပျောင်းလာမည်သာ။

"စိတ်တော့မရှိပါနဲ့ မစ္စတာဒီလာမီနီ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်၏။

"ဒီနေရာက ကွာရန်တင်းဇုန်တစ်ခုလေ။ ပြောရမယ်ဆိုရင် အန္တရာယ်အများဆုံးနေရာလို့ ပြောလို့ရတယ်။ ခင်ဗျား ဒီအတိုင်းဝင်လိုက်ထွက်လိုက်လုပ်နေမယ်ဆိုရင် ဘယ်အချိန် ရောဂါကူးစက်ခံရမလဲဆိုတာ ဘယ်သူသိမှာလဲ။ ကျုပ် ခင်ဗျားကို အထဲဝင်ခွင့်မပေးနိုင်ဘူး"

"မစ္စတာကျန်း.. ခင်ဗျား အစိုးရိမ်လွန်နေပါပြီ။ ကျွန်တော်တို့ဟိုတယ်က ကွာရန်တင်းဧရိယာကို စနစ်တကျပိုးသတ်ထားပြီးသားပါ။ ကွာရန်တင်းဝင်နေတဲ့လူတွေကိုလည်း အခန်းအပြင်ဘက်ကို ထွက်ခွင့်မပေးပါဘူး။ ခင်ဗျားစိုးရိမ်နေသလိုမျိုး ဖြစ်စရာမရှိပါဘူး"

ထိုသို့ပြောရင်း ဒီလာမီနီက အနီအောက်ရောင်ခြည်အပူချိန်တိုင်းကိရိယာကို ယူပြီး သူ့နဖူးကို တိုင်းလိုက်လေသည်။

"ကြည့်လိုက်ပါ မစ္စတာကျန်း… ကျွန်တော့်မှာ အဖျားလည်းမရှိဘူး။ ဘယ်လိုလုပ်ပြီး ဗိုင်းရပ်သယ်ဆောင်သူဖြစ်နိုင်မှာလဲ"

"အဲဒါကတော့ ပြောလို့မရဘူးလေ"

ကျန်းမုန့်လောင်က ဆို၏။

"ရောဂါလက္ခဏာမပြဘဲ ပိုးရှိနေတဲ့လူတွေမှ အများကြီးပဲ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက အင်္ဂလိပ်လူမျိုးတစ်ယောက်အကြောင်း ကြားလိုက်သေးတယ်။ သူ့ခုခံအားစနစ်က ဗိုင်းရပ်စ်ကို မသေရုံတစ်မည် နှိမ်နင်းထားလို့ နောက်ဆုံးမှပဲ ပိုးရှိမှန်းသိရတာတဲ့။ ခင်ဗျားလည်း ရောဂါလက္ခဏာမပြတဲ့ ပိုးသယ်ဆောင်သူဖြစ်နေရင် ဘယ်လိုလုပ်မလဲ"

ကျန်းမုန့်လောင်က နစ်နာသူယောင်ဆောင်ပါလေတော့သည်။

"စကားမစပ် ခင်ဗျားကတော့ သိမှာမဟုတ်ဘူး။ ကျုပ်က ငယ်ငယ်လေးကတည်းက ကျန်းမာရေးချူချာတယ်။ ဘာလို့လဲဆိုတော့ ကျုပ်အမေက နို့မထွက်လို့ မယ်လမင်းတွေပါတဲ့ နို့မှုန့်တွေသောက်ပြီး ကြီးခဲ့ရတာ။ ကျုပ်ဦးနှောက်က ဉာဏ်ကောင်းပေမဲ့ ကျန်းမာရေးနဲ့လဲပြီး ရထားတာ။ တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေဆိုရင် အအေးမိတယ်။ အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေဆိုရင် ကိုယ်ပူတယ်။ ကျွန်တော့်ခုခံအားက အရမ်းဆိုးဝါးတာ"

"ဘယ်သူက အဲဒီစကားကို ယုံမှာလဲ"

ဒီလာမီနီခမျာ တံခါးဖျက်ဝင်ချင်စိတ် ပေါက်နေချေသည်။

မင်းက ငယ်ငယ်လေးကတည်းက ကျန်းမာရေးချူချာတယ် ဟုတ်လား…မင်းတို့မိသားစုရဲ့စည်းစိမ်မျိုးနဲ့ဆိုရင် နိုထိန်းတွေအများကြီးခန့်ပြီး နို့ကန်ကြီးထဲမှာတောင် လက်ပစ်ကူးလို့ရတယ်..

"ကဲ ဒါဆိုရင်လည်း ခင်ဗျားကို အခက်တွေ့အောင် မလုပ်တော့ပါဘူး"

ကျန်းမုန့်လောင်က ပြောလိုက်သည်။

"အဲဒီလိုလုပ်ဖို့ကလည်း လက်တွေ့မကျဘူးဆိုပေမဲ့ ကျုပ်နဲ့ ကျုပ်သူငယ်ချင်းတွေရဲ့လုံခြုံရေးကိုတော့ ခင်ဗျား အာမခံပေးမှဖြစ်မယ်။ အခုချက်ချင်း နျူကလစ်အက်ဆစ်ဆေးစစ်ချက်ကို သွားယူခဲ့။ ရလဒ်က ပိုးမရှိဘူးလို့ပြနေရင် အထဲကိုပေးဝင်မယ်"

"ကျွန်တော့်မှာ ရှိပါတယ်"

ဒီလာမီနီက သူ့လက်ထောက်ကို ချက်ချင်းလှမ်းပြောလိုက်သည်။

"မစ္စတာကျန်းကို ဓာတ်ပုံပြလိုက်"

ဒီလာမီနီ၏လက်ထောက်က သူ့ဖုန်းထဲမှ ဓာတ်ပုံတစ်ပုံကို အမြန်ထုတ်ပြလိုက်သည်။ ၎င်းမှာ မကြာသေးခင်ကမှ စစ်ဆေးထားသော ဒီလာမီနီ၏ နျူကလစ်အက်ဆစ်ဆေးစစ်ချက်အစီရင်ခံစာပင်။

"ဒါက…"

ကျန်းမုန့်လောင်က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။

"အခုခေတ်မှာ ဓာတ်ပုံတွေကို Photoshopနဲ့ ပြင်လို့ရတယ်လေ။ ခင်ဗျားဓာတ်ပုံက ပြုပြင်ထားလားဆိုတာ ဘယ်လိုလုပ်သိနိုင်မှာလဲ။ ကျုပ် မူရင်းဆေးစစ်ချက်ကိုပဲ ကြည့်ချင်တယ်"

"ကောင်းပါပြီ မစ္စတာကျန်း.. ခဏစောင့်ပေးပါဦး။ ကျွန်တော် လူလွှတ်ပြီး သွားယူခိုင်းလိုက်ပါ့မယ်"

ဒီလာမီနီလည်း သူ့ရုံးခန်းကို ချက်ချင်းဖုန်းဆက်လိုက်သည်။ ထိုနေရာမှ ကားမောင်းလာလျှင် နာရီဝက်သာ ကြာသည်။

...

"မင်းကတော့ တကယ်ခေါင်းစားတဲ့ကောင်ပဲ"

ဒီလာမီနီကို ကျန်းမုန့်လောင် ပညာပေးလိုက်သည်ကိုကြည့်ရင်း အားလုံး ကျေနပ်ပီတိဖြစ်နေကြသည်။ ဤနေုရာကြီးတွင် ပိတ်လှောင်ထားပြီး အကျဉ်းသားများအလား ဆက်ဆံခံနေရသည့်အတွက် မွန်းကျပ်နေသော စိတ်များကို ယခုမှ ဖွင့်ထုတ်လိုက်နိုင်သည်။

ငါတို့ကို ပိတ်ချင်တဲ့အချိန် ပိတ်ထားပြီး လွှတ်ပေးချင်တဲ့အချိန်ကျတော့ စိတ်ကြိုက်လွှတ်ပေးလို့ရတယ်လို့ ထင်နေတာလား.. ငါတို့မှာလည်း သိက္ခာရှိတယ်… ငါတို့ကို ဒီအတိုင်းနင်းခြေလို့ရမယ်များထင်နေလား…

"အာဖရိကသားတစ်ယောက်ကို ကျန်းမာရေးကုတ်ထုတ်ပြခိုင်းတာကတော့ အရမ်းလန်းတယ်"

"သူ ဟွာရှားကိုတကယ်သွားပြီး ကျန်းမာရေးကုတ် သွားလျှောက်မလားလို့တောင် ငါ စိုးရိမ်နေတာ"

"နျူကလစ်အက်ဆစ်ဆေးစစ်ချက်တဲ့။ ဟားဟား.. ငါ ဆယ်ဒေါ်လာကြေးလောင်းရဲတယ်။ သူ အဲဒီဆေးစစ်ချက်ကို ယူလာရင်တောင် မုန့်လောင်က အပြစ်မရှိအပြစ်ရှာဦးမှာပဲ"

"သူ ငါတို့ကို ကောင်းကောင်းမွန်မွန်လာတောင်းပန်ရတော့မှာမလား။ ငါ ဘာလိုချင်လဲဆိုတာကို သေချာစဉ်းစားထားမှဖြစ်မယ်။ တောင်အာဖရိကက အရမ်းချမ်းသာတာဆိုတော့ စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက် အမေရိကန်ဒေါ်လာသန်းဂဏန်းလောက်တောင်းရင် မများဘူးမလား"

"ခပ်မြင့်မြင့်ကြံစမ်းပါ။ ငါတို့ညီလေးရဲ့အဆင့်အတန်းနဲ့ဆိုရင် ဒေါ်လာသန်းရာဂဏန်းလောက်မှ ဖြစ်မှာပေါ့။ သန်းဂဏန်းလောက်နဲ့ ဘယ်ရမှာလဲ"

...

နာရီဝက်ကြာသော် ဒီလာမီနီလည်း နျူကလစ်အက်ဆစ်ဆေးစစ်ချက်ကို ကိုင်၍ အမောတကောရောက်ချလာသည်။

ယခုလေးတင် ရရှိထားသော သတင်းအသစ်အရဆိုလျှင် ဒေါသထွက်နေသည့်လူအုပ်ကြီးက ကျန်းမာရေးဌာနကို ဝင်စီးပြီး အကြီးအကျယ်သောင်းကျန်းနေကြပြီဟု သိရသည်။ လူထုကို ချက်ချင်းဖြေရှင်းချက်ထုတ်ပေးပြီး သူတို့၏ဆုံးရှုံးမှုအတွက် လျော်ကြေးပေးဖို့လည်း တောင်းဆိုနေကြသည်။

ဤကိစ္စမှာ အလိမ်အညာတစ်ခုဖြစ်ကြောင်း ကျန်းမုန့်လောင်သိသွားမည်စိုးသဖြင့် မီဒီယာများက အထိကရုဏ်းဖြစ်စဉ်၏ အကြောင်းအရင်းနှင့် ကပ်ရောဂါဆိုသည်မှာ သက်သက်ဇာတ်လမ်းထွင်ထားခြင်းဖြစ်ကြောင်း တရားဝင်မကြေညာရသေးပေ။ ဤသည်မှာ လူထု၏ဒေါသကို လောင်စာထပ်ဖြည့်သလို ဖြစ်သွားပေလိမ့်မည်။

"မစ္စတာကျန်း.. ကျွန်တော့်ရဲ့နျူကလစ်အက်ဆစ်ဆေးစစ်ချက်ကို ယူလာပါပြီ"

ဒီလာမီနီက သူ့ဆေးစစ်ချက်ကို ပစ္စည်းပို့ပေးသည့်အပေါက်ကတစ်ဆင့် ကျန်းမုန့်လောင်ကို ပေးလိုက်၏။

"မစ္စတာကျန်း ကြည့်လိုက်ပါ။ ပြုပြင်ထားတဲ့ ခြေရာလက်ရာ လုံးဝမရှိပါဘူး။ အပေါ်ကတံဆိပ်တုံးကလည်း တကယ့်အစစ်ပါ"

"ဟုတ်သားပဲ.. ဒါက ကျွန်တော့်လက်ထောက်ရဲ့ဆေးစစ်ချက်ပါ"

ကျန်းမုန့်လောင်ဘက်က နောက်တစ်မျိုးအကွက်ဆင်လာမည်စိုးသောကြောင့် သူ့လက်ထောက်၏ဆေးစစ်ချက်ကိုပါ အတင်းထည့်ပေးလိုက်သည်။

"အင်း..လွန်ခဲ့တဲ့၇ရက်က စစ်ထားတာကိုး"

ကျန်းမုန့်လောင်က တွေးဆဆဖြင့် ပြောလိုက်လေသည်။

"ဒါတော့ မဖြစ်သေးဘူး။ ဒါက တစ်ပတ်တောင်ကြာနေပြီ။ ဒီအချိန်အတွင်း ဘာမဆိုဖြစ်သွားနိုင်တာပဲ"

ကျန်းမုန့်လောင်က ဆေးစစ်ချက်များကို ပြန်ပေးလိုက်သည်။

"စိတ်မကောင်းပါဘူး မစ္စတာဒီလာမီနီ… ဒီလောက်ကြာနေတဲ့ နျူကလစ်အက်ဆစ်ဆေးစစ်ချက်ကို ကျုပ် လက်မခံနိုင်ဘူး"

"ဘာလို့လဲ။ ကျွန်တော်သိသလောက်ဆိုရင် ခင်ဗျားတို့နိုင်ငံမှာတောင် ကပ်ရောဂါဖြစ်ပွားနေတဲ့ကာလတုန်းက ပြည်တွင်းလေကြောင်းလိုင်းမှာ တစ်ပတ်အတွင်း စစ်ဆေးထားတဲ့ နျူကလစ်အက်ဆစ်ဆေးစစ်ချက်ပဲ လိုတာပါ"

"မရဘူး"

ကျန်းမုန့်လောင်က ခေါင်းခါယမ်းလိုက်လေသည်။

"ကျုပ်ရဲ့လုံခြုံရေးအတွက် သေချာတင်းကျပ်မှဖြစ်မယ်။ လွန်ခဲ့တဲ့ဆယ်မိနစ်ကမှ စစ်ဆေးထားတဲ့ နျူကလစ်အက်ဆစ်ဆေးစစ်ချက်ကိုပဲ ပြပေးပါ"

*******************

All Chapters