← Chapters

လျော်ကြေးငွေနည်းနည်းပါးပါး

Vol. 45 Ch. 671

လျော်ကြေးငွေနည်းနည်းပါးပါး

Vol. 45 Ch. 671

"PCRဆေးစစ်ချက်အဖြေကို ဆယ်မိနစ်အတွင်း ယူလာရမယ်တဲ့လား..."

ဒီလာမီနီ၏မျက်နှာမှာ ထိန်းမနိုင်သိမ်းမရလောက်အောင် ရှုံ့မဲ့သွားချေသည်။

နာရီပေါင်းများစွာကြာမည့် PCRဆေးစစ်မှုကို မဆိုထားနှင့်။ ဆေးစစ်ချက်အဖြေရလာပြီး ဆယ်မိနစ်အတွင်း ဆေးရုံကတစ်ဆင့် ဟိုတယ်သို့ အရောက်လာနိုင်ဖို့ပင် မလွယ်ပေ။

ရူးနေလေသလား။ သို့တည်းမဟုတ် ဆေးရုံကို ဤနေရာအထိ ရွှေ့လာခဲ့ရမလား။

မနက်ခင်းတစ်ပိုင်းသာ ရှိသေးသော်လည်း အခြေအနေက ဤမျှအထိ ရှုပ်ထွေးနေချေပြီ။ သူ့အနေနှင့် ဤကိစ္စကို မည်သို့များ အချိန်ဆက်ဆွဲထားနိုင်တော့မည်နည်း။

နောက်ဆုံးတော့ ဒီလာမီနီလည်း သဘောပေါက်သွားသည်။ ကျန်းမာရေးကုတ်များနှင့် PCRဆေးစစ်ချက်များမှာ သူ့ကို သက်သက်ပညာပြန်ပြနေခြင်းသာ။ ကျန်းမုန့်လောင်က ငတုံးမဟုတ်ပေ။ သူ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း သိထားပြီးသားပင်။

'ခင်ဗျားတို့က ဗိုင်းရပ်စ်ပြန့်ပွားမှုတွေ ဗိုင်းရပ်မျိုးကွဲတွေနဲ့ အကြောင်းပြပြီး ကျုပ်ကို အရူးလုပ်မှတော့ ကျုပ်ကရော ခင်ဗျားတို့ကို အရူးပြန်လုပ်လို့ မရဘူးလား'

"တကယ်တော့ မစ္စတာဒီလာမီနီ... ခင်ဗျား လူကိုယ်တိုင်တောင် ရောက်လာပြီးမှတော့ ပြောစရာရှိတာကို အပြင်ကပြောလည်း ရတာပဲ။ ဒါမှမဟုတ် ရုံးခန်းကနေ ဖုန်းဆက်ပြောရင်တောင် အဆင်ပြေလောက်ပါတယ်။ ကျုပ်က ဟွာရှားနိုင်ငံက သာမန်ကမ္ဘာလှည့်ခရီးသွားတစ်ယောက်ပဲဟာကို။ ဘာလို့များ လူကိုယ်တိုင်လာပြီး အပင်ပန်းခံနေတာလဲ"

ကျန်းမုန့်လောင်က ခနဲ့တဲ့တဲ့လေသံဖြင့် ပြောလိုက်သည်။

"မင်းက သာမန်ခရီးသွားတဲ့လား။ မင်းတို့တစ်ဆွေလုံးတစ်မျိုးလုံးကမှ သာမန်ခရီးသွားတွေ"

ဒီလာမီနီခမျာ စိတ်ထဲမှ နှစ်ခါပြန်ကျိတ်ဆဲနေမိသည်။ ဤနှစ်နှစ်အတွင်း သူ နိုင်ငံပေါင်းဘယ်နှနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးပြီလဲ။ သူရောက်သွားသည့် ဘယ်နိုင်ငံမဆို အကောင်းအတိုင်းရှိလေရဲ့လား။ ကပ်ရောဂါနတ်ဘုရားတောင် သူ့လောက် ဒုက္ခမပေးနိုင်ချေ။

သို့သော် ဒီလာမီနီခမျာ ပြုံးပြနေရုံသာ တတ်နိုင်လေသည်။

"မစ္စတာကျန်း.. ခင်ဗျားက လေးစားရတဲ့ ဧည့်သည်တော်တစ်ယောက်ပါ။ ကျွန်တော်ကိုယ်တိုင် လာတွေ့သင့်တာပေါ့။ ပြီးတော့ ဒီတစ်ခေါက် နားလည်မှုလွဲနေတာလေးတစ်ခုရှိလို့ ကျွန်တော် ရှင်းပြချင်လို့ပါ"

"နားလည်မှုလွဲတာ ဟုတ်လား"

ကျန်းမုန့်လောင်က အံ့သြသွားချင်ဟန်ဆောင်လိုက်၏။

"မစ္စတာဒီလာမီနီ.. ကျုက်တို့က ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးတာလေ။ ဘယ်လိုလုပ်ပြီး အထင်လွဲစရာရှိမှာလဲ"

"အာ... အဲဒါက ပြောသင့်လား မပြောသင့်ဘူးလားဆိုတာတော့ မသိပါဘူး"

"ဒါဆိုလည်း မပြောနဲ့လေ"

ကျန်းမုန့်လောင်က တီးတိုးရေရွတ်လိုက်သည်။

"ဝေ့လည်ကြောင်ပတ်လုပ်နေလိုက်တာ။ ငါတို့ဟွာရှားနိုင်ငံက ယဉ်ကျေးမှုဖြန့်ဖြူးတဲ့အထဲမှာ ဒီအမှိုက်လိုအကျင့်မျိုးတွေ ဘယ်တုန်းက ပါသွားတာလဲ။ မကောင်းတာတွေကျတော့ အကုန်သင်ယူထားကြတယ်။ သောက်ကျိုးနည်း!"

ပြောပြီးသည်နှင့် ကျန်းမုန့်လောင်က တကယ်လှည့်ထွက်သွားလေသည်။

"လာကြ... ဝံပုလွေဂိမ်း ဆက်ကစားကြမယ်"

"မစ္စတာကျန်း...ခဏနေပါဦး"

ဒီလာမီနီလည်း သူ့ကို ခပ်မြန်မြန်တားလိုက်ရသည်။ အချိန်က အလွန်ကြာနေပြီဖြစ်ရာ ထပ်အချိန်ဖြုန်း၍ မဖြစ်တော့ပေ။

"မစ္စတာကျန်း... ကျွန်တော်က တုံ့ဆိုင်းနေတာ မဟုတ်ပါဘူး။ ဒီကိစ္စက အရမ်းရှက်စရာကောင်းလွန်းလို့ ကျွန်တော်ကိုယ်တိုင်တောင် မျက်နှာပူလို့ပါ"

"သြော် ဘယ်လိုဖြစ်လို့လဲ။ နိုင်ငံတော်အဆင့် အရှက်ရစရာကိစ္စမို့လို့လား"

"ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲ တွေ့တယ်ဆိုတာက... သုတေသီတစ်ယောက်က နမူနာမှားယူလိုက်မိလို့ ဖြစ်သွားတာပါ"

ဒီလာမီနီက ခေါင်းငိုက်စိုက်ချရင်း ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

"ဒါဆို ခင်ဗျားပြောချင်တာက ဗီဇပြောင်းဗိုင်းရပ်စ်မျိုးကွဲဆိုတာ တကယ်မရှိဘူးပေါ့"

"ဟုတ်ပါတယ် မစ္စတာကျန်း"

"သိပ်ကောင်းတဲ့သတင်းပဲ"

ကျန်းမုန့်လောင်မှာ အလွန်ပျော်ရွှင်သွားပုံရသည်။

"ဗိုင်းရပ်စ်က ဗီဇမပြောင်းလဲသေးသရွေ့တော့ ထိန်းချုပ်လို့ ရပါသေးတယ်။ ခင်ဗျားတို့နိုင်ငံမှာ ကပ်ရောဂါအခြေအနေ ဆိုးဝါးနေပေမဲ့ နိုင်ငံတကာအကူအညီနဲ့ဆိုရင် မကြာခင် ထိန်းချုပ်နိုင်မှာပါ"

ကျန်းမုန့်လောင်က ထိုသို့ပြောရင်း ဖုန်းကိုပါ ထုတ်လိုက်၏။

"ရော့... ခင်ဗျားတို့အတွက် ကပ်ရောဂါတိုက်ဖျက်ရေးကို ကူညီတဲ့အနေနဲ့ ကာကွယ်ရေးပစ္စည်းသေတ္တာကို သောင်းဂဏန်းလောက် ပို့ပေးမယ်။ ဟွာရှားမှာ ကျုပ်ပိုင်တဲ့ ဇီဝဆေးဝါးကုမ္ပဏီတွေ အများကြီးရှိတယ်။ ထိရောက်တဲ့ ကာကွယ်ဆေးတွေလည်း ထုတ်လုပ်ထားပြီးသား။ အကုန်လုံး ဆေးထိုးပြီးသွားပြီဆိုရင် မကြာခင် ထိန်းချုပ်နိုင်မှာပါ"

"ကျန်း... မစ္စတာကျန်း တစ်ခုလောက်မေးပါရစေ"

"မေးလေ"

"ဒီနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်သွင်းကုန်ကုန်သွယ်ရေးကဏ္ဍမှာ ရုတ်တရက်ကြီး အကြီးအကျယ်ဂယက်ရိုက်သွားလို့ အရောင်းအဝယ်တွေအများကြီး ရပ်ဆိုင်းသွားပါတယ်... အဲဒါက ခင်ဗျားနဲ့များ ပတ်သက်နေမလား"

"သြော်... အဲဒီကိစ္စလား"

ကျန်းမုန့်လောင်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ကျုပ် အမိန့်ပေးလိုက်တာလေ"

ကျန်းမုန့်လောင်က ဆက်ပြောလိုက်ပြန်သည်။

"ခင်ဗျားလည်း သိတဲ့အတိုင်းပဲ။ ကျုပ်တို့မိသားစုက စီးပွားရေးလုပ်လာတာ နှစ်ပေါင်းငါးထောင်ကျော်နေပြီဆိုတော့ လုပ်ငန်းတွေကလည်း ကမ္ဘာအနှံ့မှာရှိတယ်။ မနေ့က ကျုပ် ကွာရန်တင်းဝင်နေရတုန်းက စဉ်းစားမိတယ်။ ကျုပ်တို့လုပ်ငန်းတွေက တောင်အာဖရိကနဲ့ အရောင်းအဝယ်လုပ်ရင်း မတော်တဆရောဂါကူးစက်ခံရရင် မကောင်းဘူးမလား"

"မေးကြည့်လိုက်တော့မှ ကျုပ်တို့လုပ်ငန်းတွေထဲမှာ ခင်ဗျားတို့နဲ့ ကုန်သွယ်နေတဲ့လုပ်ငန်းတွေ အများကြီးရှိမှန်းသိလို့ လန့်တောင်လန့်သွားတယ်။ အဲဒါနဲ့ စိတ်ပူပြီး အရောင်းအဝယ်တွေ ရပ်ခိုင်းလိုက်တာ"

"ဟွာရှားမှာ ကိုဗစ်ကုသစရိတ်က အခမဲ့ဆိုပေမဲ့ နိုင်ငံတော်ကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်ဘူးလေ။ ဒီလိုလုပ်လို့ ကျုပ်မှာ ဆုံးရှုံးမှုတွေများပေမဲ့ တစ်ယောက်တည်း ကြိတ်ခံနိုင်ပါတယ်။ ကျုပ်က မျိုးချစ်စိတ်ရှိပြီး ရှေ့ဆောင်လမ်းပြစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ကိုး"

ဘာမှနားမလည်သူသာဆိုလျှင် ကျန်းမုန့်လောင်၏ စကားလုံးလှလှလေးများအောက် စိတ်လှုပ်ရှားသွားလောက်သည်။

သို့သော် နားလည်သူများကတော့ ကျန်းမုန့်လောင်သည် ပိုက်ဆံကို ဂရုစိုက်လှသူမဟုတ်ကြောင်း ကောင်းကောင်းသိကြသည်။ သူက ဘယ်တုန်းကများ အရှုံးအမြတ်ကို တွက်ချက်ဖူးလို့လဲ။

သူစိတ်ပျော်ရွှင်ဖို့သာ အဓိကဖြစ်ပြီး နည်းပါးလှသော ဤဆုံးရှုံးမှုများကတော့ သူ့အတွက် မပြောပလောက်ပေ။

"မစ္စတာကျန်း.. ကျွန်တော်တို့ဘက်မှာ ကပ်ရောဂါကို အပြည့်အဝထိန်းချုပ်နိုင်ပါပြီ။ အဲဒါကြောင့် ခင်ဗျားရဲ့ကုမ္ပဏီတွေကို ကုန်သွယ်မှုပြန်စခိုင်းလို့ ရပါတယ်"

ဒီလာမီနီကလည်း အခွင့်အရေးရတုန်း ဝင်ပြောလိုက်သည်။

"ကျွန်တော်တို့ဘက်က နည်းနည်းလောက်နစ်နာတာ ကိစ္စမရှိပေမဲ့ ကျွန်တော်တို့ရဲ့ကပ်ရောဂါကြောင့် ခင်ဗျားကို မနစ်နာစေချင်ပါဘူး"

"ဟင့်အင်း... မဖြစ်ဘူး။ မဖြစ်ဘူး။ ကျုပ် နည်းနည်းပါးပါးရှုံးတာ ကိစ္စမရှိဘူး။ တလောတုန်းကမှ ကျုပ် အရောင်းအဝယ်တစ်ခုကနေ အမြတ်တွေအများကြီးရထားတာ။ ဘေးကင်းရေးက ပထမပဲ"

ကျန်းမုန့်လောင်က ငြင်းလိုက်သည်။

"တစ်ပတ်နှစ်ပတ်လောက် စောင့်ကြည့်ပြီးမှ ပြောကြတာပေါ့။ အခြေအနေတည်ငြိမ်သွားပြီဆိုမှ ပြန်စရင်လည်း နောက်မကျသေးပါဘူး"

"မင်းတို့နှစ်ယောက်က ဒီမှာ ထိုက်ကျိကစားနေကြတာလား"

"ဒါက အလယ်လမ်းမှာ ထိပ်တိုက်တွေ့နေတာပဲဖြစ်ရမယ်"

"ဒီလာမီနီတော့ ကျန်းမုန့်လောင်ဆီမှာ အပြတ်ရှင်းခံရတော့မယ်ထင်တယ်"

"ဒါပေါ့။ မုန့်လောင်က နည်းနည်းလောက်ရှုံးတာ ကိစ္စမရှိဘူးလို့ပြောရင် တကယ်ကိစ္စမရှိလို့။ ဒါပေမဲ့ တောင်အာဖရိကဘက်က ဆူပူအုံကြွမှုတွေတောင် ဖြစ်တော့မှာ။ မျက်နှာမပျက်ချင်လို့သာ သိက္ခာဆည်နေတာ"

"မစ္စတာကျန်း..."

ဒီလာမီနီခမျာ ငိုမဲ့မဲ့ဖြစ်နေလေပြီ။

"အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်တို့ဆီမှာ ကပ်ရောဂါအခြေအနေကို ထိန်းချုပ်ထားနိုင်တာ ကြာပါပြီ"

"ကျုပ်သိသားပဲ"

ကျန်းမုန့်လောင်က ခေါင်းညိတ်ပြသည်။

"ဒါဆို ခင်ဗျား..."

ဒီလာမီနီ ဆွံ့အသွားရလေသည်။ သိပါလျက်နှင့် ဘာကြောင့် ယခုလိုလိုက်လုပ်နေရသလဲ။

"ခင်ဗျားတို့ဘက်က ဒီလိုဇာတ်လမ်းမျိုးခင်းရတာ သိပ်မလွယ်ဘူးလေ။ အဲဒါကြောင့် ကျုပ်လည်း ရေလိုက်ငါးလိုက်နေပေးနေတာ။ ပြီးတော့ တစ်နေကုန်လေယာဉ်စီးလာရတာ ပင်ပန်းနေတော့ တစ်ရက်လောက်အနားယူရင်း ခင်ဗျားတို့ရဲ့ဖျော်ဖြေမှုကို ထိုင်ကြည့်နေလိုက်တာပေါ့။ တော်တော်လေး ကြည့်လို့ကောင်းပါတယ်"

ကျန်းမုန့်လောင်က သူ့အတွေးများကို ဖုံးကွယ်မနေတော့ပေ။

"ဒါပေမဲ့ ခင်ဗျားတို့က ဆက်သရုပ်မဆောင်တော့ဘူးလား"

ကျန်းမုန့်လောင်က နှမြောတသသဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

"ကျုပ်ကဖြင့် ကြည့်လို့ကောင်းနေတုန်းပဲ ရှိသေးတာ"

သူတို့သာ ဆက်သရုပ်ဆောင်နေလျှင် အကုန်ပျက်စီးကုန်မည်သာ။ ကောလာဟလများကိုသာ မဖြေရှင်းပါက သူတို့ ဘာဆက်လုပ်ရတော့မည်နည်း။ အလုပ်သမားများက လူဝင်မှုကြီးကြပ်ရေးရုံးနှင့် ကျန်းမာရေးဌာနကို ဝင်စီးပြီး ဖြိုဖျက်ပစ်ကြလိမ့်မည်။

"မစ္စတာကျန်း..ကပ်ရောဂါက တကယ်မရှိဘူးဆိုတော့ စီးပွားရေးကိစ္စတွေကို..."

"ခင်ဗျားက ဦးနှောက်မရှိတာလား။ ကျုပ်က ဦးနှောက်မရှိတာလား"

ကျန်းမုန့်လောင်က ရုတ်တရက်ကြီး လေသံပြောင်းသွားသည်။

"ခင်ဗျားတို့ကပဲ ကပ်ရောဂါရှိတယ်ဆိုပြီး ကြေညာတယ်။ ကွာရန်တင်းဝင်ခိုင်းတယ်။ အခုကျတော့ ခင်ဗျားတို့စိတ်တိုင်းကျ နိုင်ငံခြားကုန်သွယ်ရေးကို ပြန်ဖွင့်ပေးရမယ်ပေါ့။ ကျုပ်မှာရော သိက္ခာမရှိတော့ဘူးလား"

"လာပြီဟေ့"

ကျန်းမုန့်လောင်၏ စီနီယာဂျူနီယာများမှာ ရုတ်တရက် တက်ကြွကုန်ကြသည်။ သူတို့ စကားနိုင်လုနေသည်မှာ ကြာလှချေပြီ။ ယခုမူ အမှန်တရားပေါ်လာပြီဖြစ်ရာ စိတ်လှုပ်ရှားစရာအကောင်းဆုံး အခိုက်အတန့်ပင်မဟုတ်လော။

"ဟိုတိုက်လေယာဉ်အစင်းခြောက်ဆယ်က ခင်ဗျားတို့ရဲ့ စိန့်တောရစ်စမ်းသပ်စခန်းကနေ ပျံတက်လာတာကို ကျုပ်မသိဘူးလို့ ထင်မနေနဲ့နော်"

"ဒါက..."

စိန့်တောရစ်ဆိုသည်မှာ သူတို့၏လျှို့ဝှက်မှုအမြင့်ဆုံးစစ်ဘက်ဆိုင်ရာ စမ်းသပ်စခန်းဖြစ်ပြီး ထိုအကြောင်းကိုသိထားသူမှာ အလွန်နည်းပါးလှသည်။ သူတို့ကို တိုက်ခိုက်ခဲ့သည့် တိုက်လေယာဉ်အုပ်စုက ထိုနေရာကလာကြောင်း ကျန်းမုန့်လောင်က သိနေသည်တဲ့လား။

အရာအားလုံးက ကျန်းမုန့်လောင်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့ခြင်းများလား။ ထိုသို့ဆိုလျှင် ကျန်းမုန့်လောင်၏ ထောက်လှမ်းရေးကွန်ရက်က အလွန်ကြောက်စရာကောင်းနေချေပြီ။

"မစ္စတာကျန်း... ဒါတွေအားလုံးက အထက်လူကြီးတွေ ဆုံးဖြတ်တာပါ။ ကျွန်တော်က ခင်ဗျားနဲ့ ပြေလည်အောင်ညှိနှိုင်းဖို့ စိတ်ရင်းအမှန်နဲ့ လာခဲ့တာပါ။ ခင်ဗျား..."

"စိတ်ရင်းအမှန် ဟုတ်လား"

ကျန်းမုန့်လောင်က သူတို့ကို လက်ညှိုးထိုးပြလိုက်သည်။

"ခင်ဗျားပြောတဲ့စေတနာဆိုတာကို ကျုပ် ဘာလို့မမြင်ရတာလဲ။ ခင်ဗျားတို့ကိုင်ထားတဲ့ ဆေးစစ်ချက်အဖြေလွှာတွေထဲမှာ ပါတာလား။ လျော်ကြေးလေး ဘာလေးတောင် တစ်ပြားမှ မပါဘဲနဲ့"

ဒီလာမီနီလည်း တစ်စုံတစ်ခုကို ရိပ်မိသွားသည်။ ကျန်းမုန့်လောင်က လျော်ကြေးတောင်းနေခြင်းပင်။

ထိုသို့ဆိုလျှင် သူတို့ဘက်ကသာ ငွေပေးနိုင်ပါက ဆွေးနွေး၍ရနိုင်သေးသည်။

********************

All Chapters