အပိုကားတစ်စီး အမြဲဆောင်ထားပါ
Vol. 45 Ch. 672
"ဒီမှာကြည့်... ခင်ဗျားတို့က ကျုပ်ရဲ့စည်းစိမ်ကိုရော အသက်ကိုရော ရန်ရှာဖို့ ကြိုးစားခဲ့ကြတာ။ အခုကျတော့ ကျုပ်ကို အရူးလုပ်ဖို့ ကြံနေပြန်ပြီ။ ကျုပ်ဘက်က နစ်နာကြေး နည်းနည်းပါးပါးတောင်းတာ များတော့မများပါဘူးနော်"
"မများပါဘူးဗျာ။ လုံးဝမများပါဘူး"
ဒီလာမီနီက ကြက်အစာကောက်နေသလို ခေါင်းတဆတ်ဆတ်ညိတ်ပြနေတော့သည်။ များလှသည်ဟု သူပြောရဲပါ့မလား။ အမှန်အတိုင်းပြောရလျှင် သူသာ ကျန်းမုန့်လောင်နေရာမှာဆိုပါက ညှိနှိုင်းနေမည်မဟုတ်ပေ။ ဒေါသပြေသွားအောင် ဤနိုင်ငံကို မြေလှန်ပစ်လိုက်မိမည်သာ။
"ကျုပ်တို့က ဒီနေရာကို မျှော်လင့်ချက်အပြည့်နဲ့ လာခဲ့တာ။ ရောက်ရောက်ချင်း လက်နက်ကိုင်စစ်သားတွေနဲ့ အဝိုင်းခံရတယ်။ ပြီးတော့ ဒီလိုအစုတ်ပလုတ်ဟိုတယ်မှာ တည်းခိုင်းတယ်။ ကျုပ်ရဲ့စီနီယာတွေ ဂျူနီယာတွေနဲ့ ကျုပ်ရဲ့ချစ်သူကို ကြည့်ဦး။ စိတ်အနှောင့်အယှက်ဖြစ်ကုန်ပြီ။ အဲဒါကို ခင်ဗျား ဘယ်လိုတာဝန်ယူမလဲ"
"ကျွန်တော်တို့ လျော်ကြေးပေးပါ့မယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက်ရော အချိန်ကုန်သွားတဲ့အတွက်ရော အကုန်ပေးပါ့မယ်"
"အချိန်ကုန်တဲ့ကိစ္စကို စကားထဲတောင် ထည့်မပြောနဲ့"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလိုက်သည်။
"ကျုပ်ရဲ့အချိန်အတွက် ခင်ဗျားတို့ လျော်နိုင်လို့လား"
"အဲဒါက..."
ဒီလာမီနီခမျာ ဆွံ့အသွားလေသည်။
"ကျုပ်က တစ်ရက်တည်းနဲ့ အမေရိကန်ဒေါ်လာ ၄၅၀ထရီလီယံတောင် ရှာနိုင်တဲ့လူနော်။ အခု ခင်ဗျားတို့က ကျုပ်ကို နေ့တစ်ဝက်လောက် ကွာရန်တင်းဝင်ခိုင်းထားတယ်။ ကျုပ် လျှော့လျှော့ပေါ့ပေါ့ပဲ တောင်းမှာပါ။ ဒေါ်လာနှစ်ဆယ်ထရီလီယံပဲပေး။ ခင်ဗျားတို့ ထုတ်နိုင်တယ်မလား"
"အဟွတ်... အဟွတ်"
ဒီလာမီနီခမျာ နေရာမှာတင် လဲသေတော့မတတ်ပင်။
အဲဒီ၄၅၀ထရီလီယံအကြောင်း မပြောဘဲမနေနိုင်ဘူးလား။ နိုင်ငံပေါင်း၈၉နိုင်ငံက ပေါင်းတိုက်တာတောင် မနိုင်ခဲ့တာ ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။
အချိန်ကုန်ဆုံးမှုအတွက် ဒေါ်လာနှစ်ဆယ်ထရီလီယံတဲ့လား။ သူတို့ ဘယ်လိုလုပ်လျော်နိုင်မည်နည်း။ နှစ်ဆယ်ထရီလီယံ မဆိုထားနှင့်။ နှစ်ထရီလီယံဆိုလျှင်ပင် နိုင်ငံပိုင်ပစ္စည်းများ အကုန်ထုတ်ရောင်းသည့်တိုင် ရမည်မဟုတ်ပေ။ အစောက ပြောလိုက်မိသောစကားကို ပြန်ရုပ်သိမ်းပြီး ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်ပေါက်သွားသည်။
"ကျုပ်က ကျိုးကြောင်းဆီလျော်မှုရှိတဲ့လူ၊ ရိုးသားတဲ့လူတစ်ယောက်မို့ နည်းနည်းပါးပါးနစ်နာတာကို လက်ခံနိုင်ပါတယ်"
ကျန်းမုန့်လောင်က ဆက်ပြောသည်။
"ဒါပေမဲ့ ကျုပ်ရဲ့စီနီယာတွေနဲ့ ချစ်သူကသာ မကျေနပ်ဘူးဆိုရင်တော့ ကျုပ် တကယ်စိတ်တိုမိမှာ။ သူတို့က ခင်ဗျားတို့ကို ခွင့်လွှတ်တယ်ဆိုရင်တော့ ဒီကိစ္စကို ဒီအတိုင်းထားလိုက်မယ်"
"သူတို့ကို ခပ်ကြမ်းကြမ်းသာ ငွေညှစ်ပစ်လိုက်"
တစ်ဆက်တည်းမှာပင် ကျန်းမုန့်လောင်က အသံခပ်တိုးတိုးဖြင့် တိုက်တွန်းလိုက်သည်။
"စိတ်ပိုင်းဆိုင်ရာထိခိုက်နစ်နာမှုအတွက် ဒေါ်လာတစ်သန်းလောက် တောင်းလို့ရမလား"
ကျန်းမုန့်လောင်၏ ဂျူနီယာတစ်ယောက်က သတိကြီးကြီးထား၍ မေးလိုက်သည်။
"ဂျူနီယာညီလေး... မင်းကလည်း ခပ်မြင့်မြင့်တွေးစမ်းပါ။ အဲဒီနောက်မှာ သုညတစ်လုံးလောက် ထပ်တိုးလိုက်"
အကြီးဆုံးစီနီယာကျူးမုန့်ချောင်က အားရပါးရပြောချလိုက်သည်။ ကျန်းမုန့်လောင်နှင့် အတူနေလာသည်မှာ ကြာလှပြီဖြစ်ရာ သူသည် ဘယ်တုန်းကများ ငွေကို ဘီလီယံအောက်ရှိသောတန်ဖိုးဖြင့် ပြောဖူးလေသလဲ။
"အတော်ပဲ... ငါ့မိန်းမကလည်း ကားဝယ်ချင်နေတာ။ ငါကတော့ ကားနှစ်စီးလောက် ယူလိုက်မယ်။ တစ်စီးက နေ့တိုင်းစီးဖို့။ နောက်တစ်စီးက ကြွားဖို့"
"ငါက ငါ့ကောင်မလေးကို လက်ထပ်ခွင့်တောင်းမလို့ ပြင်နေတာ။ စိန်လက်စွပ်ခပ်ကြီးကြီးတစ်ကွင်းလောက် တောင်းမှပဲ"
"ဗီလာတစ်လုံးလောက် ရနိုင်မလားမသိဘူး"
"ဟေး... မင်းတို့တွေက ခပ်မြင့်မြင့်ကို မမှန်းကြဘူးပဲ။ ပိုက်ဆံပဲတောင်းလိုက်စမ်းပါ။ ပိုက်ဆံရှိရင် ဘာမဆိုဝယ်လို့ရတာပဲကို"
အခန်းထဲတွင် ဆွေးနွေးသံများဖြင့် ချက်ချင်း ဆူညံသွားလေသည်။ တောင်အာဖရိကခရီးစဉ်က မမျှော်လင့်ထားဘဲ လာဘ်ပွင့်ခရီးစဉ်တစ်ခု ဖြစ်သွားချေသည်။ လည်ပတ်ခွင့်မရသေးခင်မှာပင် သူတို့တစ်သိုက် အကြီးအကျယ် ချမ်းသာကုန်ကြပြီဖြစ်၏။
တံခါးအပြင်ဘက်တွင်မူ ဒီလာမီနီ၏မျက်နှာက မည်းမှောင်နေချေသည်။ သူ့အနေနှင့် ခြိမ်းခြောက်ငွေညှစ်ခံရမည်ဟု မျှော်လင့်ထားပြီးသားဆိုသော်ငြား ဤလူတစ်သိုက်က သူ့ရှေ့မှာတင် ဗြောင်ကျကျ ဆွေးနွေးနေကြသည်။
မင်းတို့တွေ နည်းနည်းလောက်တောင် ဟန်မဆောင်ကြတော့ဘူးလား။
ဒါမှမဟုတ် ငါပဲ ထွက်သွားပေးရမလား။
လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးဖြစ်သည့်အတွက် သူ့နိုင်ငံ၏ လက်ရှိဘဏ္ဍာရေးအခြေအနေကို သူအသိဆုံးပင်။
ကျန်းမုန့်လောင်ကို တိုက်ခိုက်မည့် စစ်ဆင်ရေးတွင် ပါဝင်ရန်အတွက် သူတို့နိုင်ငံက အရန်နိုင်ငံခြားငွေများကို အကုန်ထုတ်သုံးထားရသဖြင့် သူတို့နိုင်ငံ၏ ငွေကြေးတန်ဖိုးကပါ အကြီးအကျယ်ကျဆင်းသွားသည်။ သူတို့တွင် ငွေပိုငွေလျှံ လုံးဝမရှိတော့ပေ။
"မစ္စတာကျန်း... ကျွန်တော့်ကို အချိန်နည်းနည်းလောက်ပေးပါ။ ခင်ဗျားတို့ကို နစ်နာကြေးပေးဖို့အတွက် နိုင်ငံတော်ဘဏ္ဍာတိုက်ထဲက ထုတ်ရမှာဆိုတော့ အရင်းအမြစ်တွေကို ပြန်စီစဉ်ရဦးမှာပါ"
"ရပါတယ်။ ကျုပ်ကလည်း မလောပါဘူး"
ကျန်းမုန့်လောင်က ထိုသို့ပြောပြီးနောက် အခြားလူများနှင့်အတူ ဆိုဖာပေါ်တွင်မှီထိုင်ရင်း အပန်းဖြေနေတော့သည်။
...
"ဂရေ့ဗ် ငါ မင်းရဲ့အကူအညီကို လိုတယ်"
ဒီလာမီနီက ဘဏ္ဍာရေးဌာန၏ ညွှန်ကြားရေးမှူးကို ချက်ချင်းဖုန်းဆက်လိုက်သည်။ သူတို့နှစ်ယောက်က ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကြသည့်အပြင် ယခုအချိန်မှာ ဒီလာမီနီက အရာအားလုံးကို စီမံနိုင်သော အခွင့်အာဏာကိုရထားသဖြင့် သူ့ကို ချက်ချင်းခေါ်ယူလိုက်ခြင်းပင်။
ကံကောင်းထောက်မစွာဖြင့် ဂရေ့ဗ်သည် ထိုနေ့တုန်းက အလုပ်ကိစ္စဖြင့် မြို့တော်တွင် ရောက်နေသဖြင့် နာရီဝက်အတွင်းမှာပင် အမောတကောရောက်ချလာသည်။
"မစ္စတာကျန်း.. ဒါက ကျွန်တော်တို့ရဲ့ဘဏ္ဍာရေးညွှန်ကြားရေးမှူးဂရေ့ဗ်ပါ။ သူက ခင်ဗျားတို့လိုအပ်တဲ့ နစ်နာကြေးတွေအတွက် တာဝန်ယူပေးပါလိမ့်မယ်"
"မစ္စတာကျန်း.. ဒါက ကျွန်တော့်စေတနာလေးပါ"
ဂရေ့ဗ်က ဘဏ်အကောင့်ရှိသည့် မည်သည့်နိုင်ငံတွင်မဆို တိုက်ရိုက်ငွေသားထုတ်ယူနိုင်သော နိုင်ငံတကာသုံးချက်လက်မှတ်ကို ထုတ်ပေးလိုက်သည်။ ဤချက်လက်မှတ်များမှာ ရာထူးအာဏာကြီးသူများသာ ထုတ်ပေးနိုင်သည့် အရာပင်။
"အားနာမနေကြနဲ့။ ခွဲယူကြတာပေါ့"
ကျန်းမုန့်လောင်က အားနာမနေပါဘဲ ချက်လက်မှတ်များကိုယူပြီး ဝေပေးလိုက်သည်။
ချက်လက်မှတ်တစ်စောင်ချင်းစီ၏ အမြင့်ဆုံးထုတ်ယူနိုင်သော ပမာဏမှာ အမေရိကန်ဒေါ်လာဆယ်သန်းဖြစ်ပြီး ဆယ်စောင်ကျော်ရှိ၏။ ဤတစ်ခုတည်းဖြင့် သူတို့နိုင်ငံ၏ဘဏ္ဍာရေးကို အကြီးအကျယ်ထိခိုက်သွားစေနိုင်သည်။
"အမလေး"
"သောက်ကျိုးနည်း.. ကျေးဇူးတင်ပါတယ် သူဌေးရေ"
"ငါပြန်ရောက်တာနဲ့ ဟိုလောင်ဟန်ကို အလုပ်ထုတ်ပစ်မယ်။ ဒီလောက်များတဲ့ ပိုက်ဆံတွေရှိနေမှတော့ PhDကို ဘာလို့လိုအပ်နေတော့မှာလဲ"
ဒေါ်လာဆယ်သန်းတန်ချက်လက်မှတ်ကို မည်သူမှ မမြင်ဖူးကြပေ။ တော်တော်များများက တစ်သက်လုံးငွေရှာနေလျှင်ပင် အမေရိကန်ဒေါ်လာမဆိုထားနှင့်။ ယွမ်ဆယ်သန်းရဖို့ပင် မလွယ်ကူချေ။ ဤပိုက်ဆံဖြင့်သာဆိုလျှင် သူတို့၏လက်ကျန်ဘဝကို ရုန်းကန်နေစရာမလိုတော့ပေ။
ထိုအချိန်တွင် ကျန်းမုန့်လောင်က တံခါးဖွင့်ပေးလိုက်တော့သည်။
ဒီလာမီနီ၏မျက်နှာထက်တွင်လည်း အပြုံးပန်းဝေဆာသွားသည်။ ကျန်းမုန့်လောင်က သူတို့ကို ခွင့်လွှတ်ပေးတော့မည်လား။
"သွားကြစို့"
"အာ သွားမှာလား"
ကျန်းမုန့်လောင်၏ဆိုလိုရင်း သူတို့အားလုံး နားမလည်ကြပေ။
"ဘယ်ကိုသွားမှာလဲ"
"ဒီချက်လက်မှတ်ကို အိမ်ဝယ်ဖို့ပဲ သဘောထားလိုက်မယ်ဆိုရင်တောင် ကားနဲ့ စိန်တွေကျန်သေးတယ်လေ"
ကျန်းမုန့်လောင်က ဆို၏။
"ဇိမ်ခံကားအရောင်းပြခန်းကို အရင်သွားကြတာပေါ့။ ကျုပ်က ခင်ဗျားတို့ကို ငွေညှစ်နေတာ မဟုတ်ဘူးနော်။ တစ်ယောက်ကို အများဆုံး ကားနှစ်စီးရွေးလို့ရတယ်။ အဲဒါတွေကို ဟွာရှားကိုပြန်ပို့ဖို့ သင်္ဘောစီစဉ်ပေးမယ်"
"မစ္စတာကျန်း ဒါက...."
"ဘာလဲ.. ခင်ဗျားတို့က ဒီငွေလေးလောက်နဲ့ ကျုပ်ကို ချွေးသိပ်လို့ရမယ်များ မှတ်နေတာလား"
ကျန်းမုန့်လောင်က လှောင်ပြုံးပြုံးလျက် ပြောလိုက်သည်။
"မနှစ်တုန်းက ကားပြိုင်ပွဲတစ်ခုမှာ ကျုပ် ဘယ်လောက်လောင်းကြေးထပ်ခဲ့လဲဆိုတာ သွားမေးကြည့်လိုက်ဦး။ အမေရိကန်ဒေါ်လာတစ်ရာဘီလီယံနော်။ ခင်ဗျားတို့ရဲ့လျော်ကြေးက အဲဒီပမာဏနဲ့ နီးတောင်မနီးစပ်သေးဘူး။ ဒါတောင် ခင်ဗျားတို့က ဖွံ့ဖြိုးပြီးနိုင်ငံလို့ ခေါ်ရဲတယ်ပေါ့"
"ခင်ဗျားတို့ မလုပ်ပေးချင်ရင်လည်း ထားလိုက်တော့"
ကျန်းမုန့်လောင်က လှည့်ထွက်ရန် ပြင်လိုက်လေသည်။
"ငါတို့ ဝံပုလွေဂိမ်းပဲ ဆက်ကစားရအောင်"
"ဆန္ဒရှိပါတယ်။ ကျွန်တော်တို့ လုပ်ပေးဖို့ ဆန္ဒရှိပါတယ်"
ဒီလာမီနီလည်း ကပျာကယာသဘောတူလိုက်ရသည်။
"ကျွန်တော် အခုချက်ချင်း ကားတွေ စီစဉ်ပေးပါ့မယ်"
ဒီလာမီနီက ဂရေ့ဗ်ကို စက်ဆုပ်ရွံရှာလေဟန်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ ဤမျှငွေနည်းနည်းလေးနှင့် သူတို့ကို သူတောင်းစားများနှယ် ဆက်ဆံဖို့ ကြံရဲသလား။
...
ကိပ်ပြည်နယ်ထဲရှိ အကြီးဆုံးဇိမ်ခံကားအရောင်းပြခန်းထဲသို့ အထူးဧည့်သည်တစ်စု ရောက်ရှိလာသည်။ ထိုလူများမှာ ဟွာရှားလူမျိုးတစ်စုနှင့် လူဝင်မှုကြီးကြပ်ရေးညွှန်ကြားရေးမှူး၊ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးတို့ပင်။
ပိုင်ရှင်ကလည်း ထိုသတင်းကို ကြားကြားချင်း လုပ်လက်စကိစ္စများကို ချထားခဲ့ပြီး လာရောက်နှုတ်ဆက်လေသည်။
"ဒါက ကျုပ်တို့ရဲ့အထူးဧည့်သည်တော်တွေပဲ။ သူတို့ရွေးတဲ့ကားတွေကို သေချာမှတ်ထားလိုက်။ မနက်ဖြန်ကျရင် ဘဏ္ဍာရေးဌာနကိုလာပြီး ငွေထုတ်လှည့်"
ဂရေ့ဗ်က ရင်နာနာဖြင့် ပြောလိုက်လေသည်။
"ဟုတ်ကဲ့"
သူဌေးကလည်း မကန့်ကွက်ရဲပါချေ။ သူတို့ကလည်း ငွေမပေးဘဲ နေမည်မဟုတ်ပေ။ ထို့ပြင် တစ်ရက်တည်းနှင့် ကားအမြောက်အများရောင်းရန်လည်း မလွယ်ကူပေ။
ဆယ်ဂဏန်းခန့်ရှိသော ဤလူများက ယခုလအတွက် အရောင်းတားဂတ်ကို ကျော်သွားစေမည်မှာ သေချာပေါက်ပင်။ သို့သော် ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ကြီးများက မည်သူလဲဆိုသည်ကို တစ်ချက်အကဲခတ်လိုက်မိသည်။
"စီနီယာနဲ့ ဂျူနီယာတို့.. သွားရွေးကြလေ။ အားမနာနဲ့"
ကျန်းမုန့်လောင်က အားပေးလိုက်သည်။
"ဟားဟားဟား ဒါဆို အားနာမနေတော့ဘူးနော်"
"ငါ ဒီတစ်စီးယူမယ်။ 'ပါဂါနီဇွန်ဒါ'တဲ့ကွာ။ ငါ ဒါကို အမြဲအိပ်မက်မက်ခဲ့ရတာ"
ကျန်းမုန့်လောင်၏ ဂျူနီယာတစ်ယောက်က ဒေါ်လာသန်းချီတန်သော ပြိုင်ကားတစ်စီးကို တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ရွေးလိုက်လေသည်။
"ဒီပန်းရောင်ကားလေးက အရမ်းချစ်စရာကောင်းတာပဲ။ ငါ ဒီတစ်စီးလိုချင်တယ်"
ကျန်းမုန့်လောင် လှမ်းကြည့်လိုက်ချိန်ဝယ် Tushek&Spigeက ထုတ်ထားသည့် သီးသန့်အထူးထုတ်ကားတစ်စီးကို မြင်လိုက်ရ၏။ ဤဘရန်းကို လူသိပ်မသိသော်ငြား ၎င်းမှာ ဘူဂါတီကိုပင် ယှဉ်နိုင်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ၅.၃သန်းရှိသည်။
"မင်းတို့တွေက ဘာမှနားမလည်ကြဘူး။ အဲဒါကြောင့် ဈေးအကြီးဆုံးတွေကို ရွေးနေကြတာ။ ငါပြောမယ်။ ကားဝယ်ရင် အသုံးတည့်ဖို့က အဓိကပဲ"
ကျန်းမုန့်လောင်၏ စီနီယာတစ်ယောက်က မက်ခ်လာရန်တစ်စီးနားသို့ လျှောက်သွားလိုက်သည်။
"ငါတို့ ဘာလို့ ပြိုင်ကားတွေကို ရွေးတာလဲ။ ကောင်မလေးတွေကို လိုက်ပိုးဖို့မလား။ ဒီကားက ခရီးသည်ထိုင်ခုံနှစ်ခုံပါတယ်။ ကောင်မလေးတွေကို ပိုတင်နိုင်တော့ ပိုပျော်ရတာပေါ့"
"သေစမ်း စီနီယာ.... ခင်ဗျားကတော့ တစ်ခုခုပဲ"
ဂရေ့ဗ်လည်း ဈေးပေါသည့် ကားတစ်စီးဖြစ်လောက်မည်ဟုတွေးကာ ထိုကားကို ကြည့်လိုက်သော်ငြား ဤမက်ခ်လာရန်က ယခင်တစ်စီးလောက် ဈေးမကြီးသော်လည်း အမေရိကန်ဒေါ်လာ၂.၇သန်းရှိသည်။
သူတို့ ကားတစ်စီးကို ရွေးလိုက်တိုင်း ဂရေ့ဗ်၏နှလုံးသားကို ဓားတစ်လက်ဖြင့် ထိုးမွှေလိုက်သလိုပင်။
ကျန်းမုန့်လောင်နှင့် လုရီယောင်တို့ကလွဲ၍ လူတိုင်းက တစ်ယောက်လျှင် ကားနှစ်စီးစီရွေးထားကြသည်။ အများစုက အကန့်အသတ်နှင့်ထုတ်သော ကားများဖြစ်ပြီး ကားအစီးနှစ်ဆယ်၏စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁.၂ဘီလီယံအထိ ရောက်သွားလေပြီ။
"ဒီအတိုင်းပဲ အော်ဒါတင်လိုက်ပါ။ အကုန်ဝယ်မယ်"
ဂရေ့ဗ်ခမျာ အံတင်းတင်းကြိတ်လျက် ပြောလိုက်လေသည်။
"ခဏနေဦး"
ကျန်းမုန့်လောင်က ဆိုင်ပိုင်ရှင်ကို လှမ်းပြောလိုက်သည်။
"အဲဒီအတိုင်း အော်ဒါတင်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ နှစ်ဆတင်လိုက်"
"မစ္စတာကျန်း ဒါက.."
"စဉ်းစားကြည့်လေ။ ဒီလိုကားမျိုးက ပွန်းတာပဲ့တာတွေ အမြဲဖြစ်နေတာ။ အဲဒီလိုကားမျိုးကို ပြင်ဖို့ ဆိုင်ပို့လိုက်ရင် လပိုင်းလောက်တော့ စောင့်ရမှာပဲ။ အပိုကားတစ်စီးတော့ ဆောင်ထားရမယ်မဟုတ်လား"
"ငါ့နားကိုတောင် မယုံနိုင်တော့ဘူး"
သော့အပိုနှင့် ကားဘီးအပိုတို့ကို ကြားဖူးပါသော်လည်း စူပါကားကို အပိုဆောင်ထားမည်တဲ့လား။
မင်း ရူးနေတာလား...
*******************