ဒီလိုစိန်အကျိုးအပဲ့တွေနဲ့ ကျုပ်ကို လာချွေးသိပ်နေတာလား
Vol. 45 Ch. 673
"မစ္စတာဒီလာမီနီ မစ္စတာဂရေ့ဗ်.. ခင်ဗျားတို့နှစ်ယောက် ဘာလို့မျက်နှာပျက်နေကြတာလဲ။ နေမကောင်းဘူးလား"
ကျန်းမုန့်လောင်က စိုးရိမ်ချင်ယောင်ဆောင်၍ မေးလိုက်သည်။
"ခင်ဗျားတို့ ရောဂါကူးစက်ထားတာတော့ မဟုတ်ပါဘူးနော်။ ကျုပ်တို့ ဆေးရုံကိုမြန်မြန်သွားစစ်ဆေးကြမလား"
'ပျော်တယ်ဟေ့.. ငါတို့ သိပ်ပျော်တယ်'
ဒီလာမီနီနှင့် ဂရေ့ဗ်တို့ခမျာ မျက်နှာထက်တွင် အပြုံးတုများ ဆင်မြန်းထားရသော်ငြား စိတ်ထဲတွင်မူ ဆဲဆိုနေချေသည်။ ရိုးရိုးဖြေရှင်းလည်း အဆင်ပြေနေသည့်ကိစ္စကို တစ်ဖက်လူက အရန်အစီအစဉ်များ ထုတ်သုံးလိုက်သဖြင့် ဈေးနှုန်းက မြင့်တက်သွားခဲ့သည်။
ငါတို့က ဘယ်လိုလုပ်ပြီး ပျော်နိုင်မှာလဲ... ငါတို့ အခု နာကျင်နေတာကွ..
"မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျွန်တော်တို့ အရမ်းပျော်နေတာပါ။ မစ္စတာကျန်းရဲ့သူငယ်ချင်းတွေ ပျော်နေတာကိုမြင်ရတာ ဂုဏ်ယူမိပါတယ်"
သူတို့နှစ်ယောက်သား ကပျာကယာပြန်ဖြေလိုက်ကြသည်။
"အားလုံးကို ဘဏ္ဍာရေးဌာနက တာဝန်ယူမှာပါ။ မနက်ဖြန်ကျရင် လူလွှတ်ပြီး စာရင်းရှင်းတမ်းလုပ်ခိုင်းလိုက်မယ်"
ဂရေ့ဗ်က ကားအရောင်းပြခန်းပိုင်ရှင်ကို ပြောလိုက်လေသည်။
ဆိုင်ရှင်ကတော့ စိတ်လှုပ်ရှားနေချေသည်။ တစ်ရက်တည်းနှင့် ကားအများကြီးရောင်းလိုက်နိုင်လေရာ မည်သို့နှယ် မပျော်ဘဲ ရှိမည်နည်း။ ထို့ပြင် အစိုးရက ငွေချေမည်ဖြစ်ရာ အကြွေးမရမည်ကိုလည်း ပူစရာမလိုပေ။ ချမ်းသာကြွယ်ဝခြင်းနတ်ဘုရားကိုယ်တိုင် ကောင်းကင်ဘုံမှ ဆင်းသက်လာသည့်အလားပင်။
အစောတုန်းက ချက်လက်မှတ်များအပါအဝင် အမေရိကန်ဒေါ်လာသန်းသုံးရာကျော်ကား ချက်ချင်းပြောင်သွားလေပြီ။ ထိုပမာဏမှာ အာဖရိကရန်းငွေ ငါးဆယ်ဘီလီယံနီးပါးနှင့် ညီမျှသည်။ ဤသည်မှာ ဘဏ္ဍာရေးဌာနအတွက်တော့ မသေးလှသော ပမာဏတစ်ခုပင်။
"အင်း.. ကားတွေကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ငါတို့ လက်လှမ်းမီတဲ့အဆင့်မျိုးမဟုတ်ဘူး"
ကျန်းမုန့်လောင်၏စီနီယာများက အရိပ်အမြွက်ပြလာချေသည်။
"ဟုတ်တယ်။ ဒီကားတွေက ဆီအရမ်းစားတာတဲ့။ ငါတို့က ဆင်းရဲတဲ့ကျောင်းသားတွေလေ။ ဒီပြိုင်ကားကို ဘယ်တတ်နိုင်မှာလဲ။ ကားဂိုဒေါင်ထဲမှာပဲ အလှပြထားရတော့မှာ"
"ဆိုးလိုက်တာ။ ခုနတုန်းကတော့ ငါတို့တွေ တအားပျော်နေတာ။ မင်းတို့ပြောတဲ့စကားကြောင့် ရုတ်တရက်ကြီး မပျော်တော့ဘူး"
...
"ကြည့်လိုက်"
ကျန်းမုန့်လောင်က သူတို့၏စကားကို ဘာသာပြန်ပေးလိုက်သည်။
"ကျုပ်စီနီယာတွေက သာမန်မိသားစုက ဆင်းသက်လာတာ။ သူတို့ ကားပိုင်သွားပြီဆိုပေမဲ့ ခင်ဗျားတို့သိတဲ့အတိုင်း ဝယ်တာက ဈေးပေါပေမဲ့ ထိန်းသိမ်းပြုပြင်စရိတ်က အရမ်းဈေးကြီးတယ်လေ။ ဒီကားတွေက လီဗာတစ်ချက်နင်းလိုက်ရုံနဲ့တောင် သူတို့ရဲ့တစ်လစာနီးနီးရှိတယ်... ကြည့်လိုက်.."
"ကိစ္စမရှိပါဘူး။ အဲဒီကိစ္စကို အသာလေးဖြေရှင်းလို့ရပါတယ်"
ဒီလာမီနီက ပြောလိုက်လေသည်။
"ကျွန်တော်တို့ရဲ့တောင်အာဖရိကရေနံဓာတုကုမ္ပဏီက ဟွာရှားနိုင်ငံက ရေနံကုမ္ပဏီတော်တော်များများမှာ ရင်းနှီးမြှုပ်နှံထားပါတယ်။ ခင်ဗျားသူငယ်ချင်းတွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်ကိုသာ ချန်ထားခဲ့လိုက်ပါ။ ကျွန်တော် သူတို့အတွက် တစ်သက်တာအဖွဲ့ဝင်ကတ်လုပ်ပေးလိုက်ပါ့မယ်။ ကားပြင်တာရောာ ဆီဖြည့်တာရော အကုန် အခမဲ့ပါပဲ"
"ကျုပ်တို့က အဲဒါကို ဘယ်လိုလုပ်လက်ခံနိုင်မှာလဲ"
"အာ.. ပိုက်ဆံရော ကားရော ပေးပြီးပြီ။ ဗီအိုင်ပီဝန်ဆောင်မှုကိုပါ ပေးဦးမယ်ဆိုတော့ အရမ်းအားနာစရာကောင်းတာပဲ"
"ဒါက တကယ်အဆင်ပြေရဲ့လား"
...
"ဟန်ဆောင်ကောင်းတဲ့ ဟွာရှားလူမျိုးတွေ"
ပျော်ရွှင်မြူးတူးနေကြသော လူတစ်သိုက်ကိုကြည့်ရင်း ဒီလာမီနီ တွေးလိုက်မိသည်။
အရှက်တရားနဲ့ အပြစ်မကင်းစိတ်က ဘယ်မှာလဲ.. မင်းတို့က ငါတို့ကို ဓားပြတိုက်နေတာပဲ...
သို့သော် ထိုစကားလုံးများက လျှာဖျားသို့ ရောက်လာချိန်တွင်မူ တစ်မျိုးပြောင်းသွားလေသည်။
"ကျွန်တော်တို့ဘက်က မဆင်မခြင်လုပ်လိုက်မိလို့ ခင်ဗျားတို့တွေ လေယာဉ်ချိန်အတွင်း စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာလေ။ ကျွန်တော်တို့အမှားပါ။ ဒီလျော်ကြေးနည်းနည်းလောက်က ခင်ဗျားတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက် မလုံလောက်သေးပါဘူး။ ခင်ဗျားတို့ ဆက်ငြင်းနေမယ်ဆိုရင် ကျွန်တော်တို့ကို အပြစ်တင်နေတာနဲ့ အတူတူပါပဲ"
"ဟုတ်တယ်။ ဒါနဲ့တင် မလောက်သေးဘူး"
ကျန်းမုန့်လောင်က ခေါင်းတညိတ်ညိတ်လုပ်လိုက်လေသည်။
"သေစမ်း"
ထိုအချိန်မှာပင် ဒီလာမီနီလည်း ကိုယ့်ပါးကိုယ် ရိုက်ပစ်ချင်မိသည်။
ဒီလိုစကားမျိုးတွေကို ဘယ်လိုအတွေးမျိုးနဲ့ ပြောလိုက်မိတာလဲ... ကောင်းလေရော.. ကျန်းမုန့်လောင်ရဲ့အကွက်ထဲကို ဝင်သွားပြီ..
မင်းတို့ကိုယ်တိုင်က ဒီလျော်ကြေးငွေနဲ့ မလောက်ဘူးလို့ ထင်နေမှတော့ ငါက ဘာပြောနိုင်ဦးမှာလဲ...
"အစ်ကို.. သိပ်မကြာခင် လက်ထပ်ခွင့်တောင်းမလို့ဆို။ တောင်အာဖရိကရဲ့ စိန်တွေက အရမ်းနာမည်ကြီးတာနော်။ ကျွန်တော်တို့ တစ်ချက်လောက်ကြည့်ကြည့်မလား"
ကျန်းမုန့်လောင်က အကြံပြုလိုက်လေသည်။
"စီနီယာအစ်မတို့.. သဘောကျတဲ့လက်ဝတ်ရတနာတွေရှိရင် ပြောသာပြောနော်။ မစ္စတာဂရေ့ဗ်က ကျေကျေနပ်နပ်ကြီး ငွေရှင်းပေးမယ်ဆိုတာ သေချာတယ်"
"ဟုတ်တယ်မလား မစ္စတာဂရေ့ဗ်"
ကျန်းမုန့်လောင်က ဂရေ့ဗ်ဘက်သို့ လှည့်လိုက်သည်။
"ဟုတ်တာပေါ့ မစ္စတာကျန်း"
ဂရေ့ဗ်ခမျာ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။
စိန်ဖြစ်နေလို့ တော်သေးတာပေါ့..
စိန်လုပ်ငန်းထဲတွင် စိန်ဈေးနှုန်းကို ဘယ်လောက်အထိ အမြတ်တင်ထားသလဲဆိုသည်ကို ဂရေ့ဗ် ကောင်းကောင်းသိသည်။ စိန်လက်စွပ်နှင့် လက်ဝတ်ရတနာများမှာ မည်မျှကုန်နိုင်မည်နည်း။
လက်လီအရောင်းဆိုင်များရှိ ဈေးအကြီးဆုံးစိန်လက်ဝတ်ရတနာများပင် အများဆုံးရှိလှ အမေရိကန်ဒေါ်လာသိန်းဂဏန်းခန့်သာ ရှိသည်။ ကျန်းမုန့်လောင်၏သူငယ်ချင်းများက သာမန်လူများဖြစ်ကြသဖြင့် အဆင့်မြင့်စိန်အရောင်းဆိုင်တစ်ခုကို ခေါ်သွားပြီး နည်းနည်းပါးပါးချွေးသိပ်လိုက်လျှင် အဆင်ပြေသည်။
"တခြားဟာတွေ လိုချင်လို့လား။ စိန်ဆိုရင်တော့ တောင်အာဖရိကရဲ့စိန်က ကမ္ဘာ့ထိပ်တန်းပဲ။ ကျွန်တော်တို့ဆီမှာ စိန်မြို့တော်လည်းရှိတယ်။ တစ်နိုင်ငံလုံးကထွက်တဲ့ စိန်တွေကို အဲဒီမှာပဲသွေးတာ။ ခင်ဗျားတို့တွေ အဲဒီမှာ သင့်တော်တဲ့စိန်တွေကို သေချာပေါက်ရှာတွေ့မှာပါ"
"ဪ.. ဒါဆိုရင်တော့ ကိုယ်တိုင်သွားကြည့်ရမှာပေါ့"
ကျန်းမုန့်လောင်က ရယ်မောလိုက်၏။
"ကဲ သွားကြစို့"
...
စိန်မြို့တော်ဟုခေါ်သော နေရာမှာ မြို့တော်နှင့် ဆယ်ကီလိုမီတာပင်မဝေးသည့် စက်မှုဇုန်တစ်ခုပင်။ ထိုနေရာတွင် Cartierနှင့် Bvlgariကဲ့သို့ နာမည်ကြီးတံဆိပ်များစွာ စုဝေးနေသည်။
"လှလိုက်တာနော်"
မိန်းကလေးများက စိန်၏ဆွဲဆောင်မှုကို မခုခံနိုင်ကြပေ။ ခန်းမထဲသို့ ဝင်လိုက်သည်နှင့် သူတို့မျက်လုံးများမှာ တလက်လက်တောက်ပသွားသည်။
"အားလုံးပဲ.. စိတ်ကြိုက်ရွေးကြပါ။ အစုံလိုက်ယူလို့လည်း ရပါတယ်"
ဂရေ့ဗ်က သူဌေးတစ်ယောက်၏ဟန်ပန်ဖြင့် ပြောလိုက်လေသည်။
...
"ဂျူနီယာညီမလေး.. ဒါလေးတစ်ချက်ကြည့်ပေးဦး။ ဘယ်လိုလဲ။ လှတယ်မလား"
"ဒါက ပိုလှတယ်ထင်တာပဲ"
"ဝိုး.. တောင်အာဖရိကရန်းသုံးသိန်းတဲ့။ ဟွာရှားယွမ်ငွေနဲ့ဆိုရင် တစ်သိန်းခွဲလောက်ရှိမယ်ထင်တယ်။ နှစ်ကာရက်တောင်မှ"
"စီနီယာ.. အစ်ကို့ကောင်မလေးကတော့ ကြိုက်မှာသေချာတယ်"
...
"ဝိုး.. ဒီလည်ဆွဲက အရမ်းလှတာပဲ။ ဒီနားဆွဲရောပဲ။ ဒါက တကယ်ပဲ စိန်နဲ့လုပ်ထားတာလား။ အတုတော့မဟုတ်ဘူးမလား"
"မိန်းကလေး.. ဒီမှာရှိတဲ့ စိန်တွေအားလုံးက အစစ်တွေပါ"
ပြခန်းထဲရှိ ဟွာရှားဝန်ထမ်းတစ်ယောက်က သူတို့ကို အာမခံလိုက်သည်။
သို့သော် ဤပစ္စည်းများကိုကြည့်ရင်း လုရီယောင်ကတော့ ဂရုမစိုက်လေဟန်ပင်။ သူ(မ)၏အိမ်ရှိ သန့်စင်ခန်းထဲတွင် စီခြယ်ထားသော စိန်များမှာ ဤပြခန်းထဲရှိ အကြီးဆုံးစိန်ပွင့်များထက် အဆပေါင်းများစွာ ပိုကြီးပေသည်။
ကျန်းမုန့်လောင်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။
ဒီလူတွေက သူ့စီနီယာတွေနဲ့ဂျူနီယာတွေကို သာမန်လူတွေလို သဘောထားနေတာလား...
အမှန်ပင်။ သာမန်လူများအတွက်တော့ ဟွာရှားယွမ်ငွေသောင်းဂဏန်းခန့် တန်ဖိုးရှိသည့် စိန်ထည်များမှာ အလွန်တန်ဖိုးကြီးလှလေပြီ။ သို့သော် ကမ္ဘာ့အကြီးဆုံးစိန်တွင်းကို ကျန်းမုန့်လောင်တို့မိသားစုက ပိုင်ဆိုင်ထားသဖြင့် ဤကျောက်မျက်များအကြောင်း သူ ကောင်းကောင်းသိသည်။
ယခင်က အမျိုးသမီးအနုပညာရှင်တစ်ယောက်က တစ်ကာရက်အောက်ရှိသော စိန်များမှာ စိန်အစုတ်များသာဖြစ်ပြီး တန်ဖိုးမရှိဘူးဟု ပြောခဲ့မိသဖြင့် မီဒီယာထဲတွင် သူ(မ)ကို လေလုံးထွားသည်ဟု အကြီးအကျယ်ဝေဖန်ခဲ့ကြသည်။
သို့သော် တကယ်တမ်းတွင် သူ(မ)၏စကားက မှားတော့မမှားချေ။
စိန်ဆိုသည်မှာ အလွန်အဖိုးတန်သော ကျောက်မျက်တစ်မျိုးဖြစ်သော်လည်း အရွယ်အစားမှာ အတိုင်းအတာတစ်ခုအထိ ကြီးမားပြီး အဆင့်မြင့်အရည်အသွေးဖြင့် သွေးထားသော စိန်များကသာ တန်ဖိုးရှိသည်ဟု သတ်မှတ်နိုင်သည်။
ဤစိန်များမှာ သောင်းဂဏန်းခန့်တန်ဖိုးရှိသည်ဟု ထင်ရသော်လည်း ထုတ်လုပ်ရာတွင် တစ်သောင်းပင် မကျော်ပေ။
ဤအစုတ်ပလုတ်စိန်များနှင့် သူတို့အား ချွေးသိပ်၍ရမည်ဟု ထင်နေလေသလား။
"စီနီယာအစ်ကိုတို့အစ်မတို့.. သွားရအောင်"
ကျန်းမုန့်လောင်၏မျက်နှာထက်တွင် ထိန်းချုပ်၍မရသော ဒေါသအရိပ်အယောင်တစ်ခု ရှိနေသဖြင့် သူတို့လည်း အံ့အားသင့်သွားရသည်။
"မုန့်လောင် ဘာဖြစ်တာလဲ။ မင်း ဘာလို့ ရုတ်တရက်ကြီး ဒေါသထွက်နေတာလဲ"
"ဂျူနီယာညီလေး ဘာဖြစ်တာလဲ"
"မစ္စတာကျန်း.. ဘာများဖြစ်လို့လဲ"
ကျန်းမုန့်လောင်၏အမူအရာကို မြင်သောအခါ ဒီလာမီနီနှင့် ဂရေ့ဗ်တို့လည်း ထိတ်လန့်သွားကြသည်။
"ခင်ဗျားတို့က ဘာဖြစ်တာလဲလို့ လာမေးရဲသေးတယ်ပေါ့"
ကျန်းမုန့်လောင်လည်း လှောင်ပြောင်ထေ့ငေါ့လိုက်သည်။
"ကျုပ်သူငယ်ချင်းတွေကို ငတုံးတွေများ မှတ်နေတာလား။ ဒါမှမဟုတ် ကျုပ်ကို ဘာမဟုတ်တဲ့ကောင်လို့ ထင်နေတာလား"
"မစ္စတာကျန်း.. ကျွန်တော်တို့စိန်တွေက အစစ်တွေပါ။ ခင်ဗျားကို အတုတွေနဲ့ မလှည့်စားရဲပါဘူးဗျာ"
"တန်ဖိုးမရှိတဲ့ ဒီစိန်တွေကို စိန်လို့ ခေါ်ထိုက်ရဲ့လား"
ကျန်းမုန့်လောင်က စင်ပေါ်ရှိ နှစ်ကာရက်နီးပါးရှိပြီး အာဖရိကရန်းငါးသိန်းခန့်ရှိသော စိန်လက်စွပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီစိန်အစုတ်ကြီးနဲ့ ကျုပ်ရဲ့စီနီယာကို လက်ထပ်ခွင့်တောင်းခိုင်းနေတာလား။ သူ့ကောင်မလေးရှေ့မှာ အရှက်ကွဲစေချင်တာလား။ ဒါက ကျုပ်စီနီယာရဲ့ကောင်မလေးကို ခင်ဗျား စော်ကားလိုက်တာပဲ"
"၂ကာရက်ရှိတဲ့ စိန်အစုတ်တဲ့..."
"ဂျူနီယာမောင်လေးကတော့ စပြန်ပြီဟေ့။ တစ်ယောက်ယောက်ကသာ ငါ့ကို ၂ကာရက်ရှိတဲ့စိန်နဲ့ လက်ထပ်ခွင့်တောင်းရင် သူ့ကို ချက်ချင်းလက်ထပ်လိုက်မှာ"
"ဂျူနီယာညီမလေး.. မင်းက အမြင့်ကိုမမှန်းဘူးပဲ။ မုန့်လောင်က သာမန်လူလား။ ၂ကာရက်စိန်ပွင့်ဆိုတာက သူ့အတွက်တော့ စိန်အစုတ်ပဲ"
"ငါတို့က ငါတို့.. မုန့်လောင်က မုန့်လောင်ပဲ။ လုပ်စမ်းပါ။ အဲဒီစိန်အစုတ်ကြီးနဲ့ ငါ့ကို အရှက်လာခွဲစမ်းပါ"
*********************