သူတို့တွေ ငိုသွားလိမ့်မယ်
Vol. 45 Ch. 675
"သူတို့ရဲ့စေတနာက တော်တော်လုံလောက်သွားပြီမို့လို့ ကုန်သွယ်ရေးကို ပြန်ဖွင့်ပေးလိုက်တော့"
ကျန်းမုန့်လောင်က ဟုန်းရီကို အမိန့်ပေးလိုက်သည်။ ထိုအမိန့်က ကျန်းမုန့်လောင်၏လုပ်ငန်းများအားလုံးကို ဗိုင်းရပ်ပိုးဖြန့်လိုက်သလိုပင်။
"သူဌေးက ကုန်သွယ်ရေးပြန်စဖို့ အမိန့်ပေးထားတယ်။ တောင်အာဖရိကကို ပြန်သွားကြ"
"ပြန်လှည့်.. ပစ္စည်းတွေ သွားတင်ကြ"
...
"ဒီလာမီနီ.. တော်တယ်။ ငါတို့ရဲ့နိုင်ငံခြားကုန်သွယ်ရေးက တဖြည်းဖြည်းပြန်ကောင်းလာပြီ။ ဆူပူအုံကြွမှုတွေလည်း ငြိမ်ကျသွားပြီ"
ကြီးမားလှသော ဆန္ဒပြပွဲကြီး၏ နောက်ဆက်တွဲသက်ရောက်မှုများကို လုံးဝရှင်းလင်းရန် မဖြစ်နိုင်သော်လည်း ယခုလောလောဆယ်တွင် အခြေအနေကို အပြည့်အဝထိန်းချုပ်နိုင်သွားပြီဖြစ်၏။
လုပ်ငန်းတော်တော်များများအတွက် နေ့တစ်ဝက်နောက်ကျသွားခြင်းမျိုး ရှိသော်ငြား ဆုံးရှုံးနစ်နာမှုကတော့ လက်ခံနိုင်သည့် အတိုင်းအတာအတွင်း ရှိသေးသည်။
ဤသတင်းကို ကြားသောအခါ ဒီလာမီနီ၏မျက်ဝန်းထဲ၌ မျက်ရည်ပူများ လှိုက်တက်လာသည်။ ကျန်းမုန့်လောင် ပြန်သွားသည်နှင့် သူ ပထမဆုံးလုပ်မည့်အရာမှာ ရာထူးက နှုတ်ထွက်ရန်ပင်။
ကျန်းမုန့်လောင်ကို ရှင်းထုတ်ရန် နည်းလမ်းတစ်ခု ရှာတွေ့ထားပြီဟု အထက်လူကြီးများထံမှ သူ သတင်းရထားသည။ ထိုနည်းလမ်းက တစ်ရာရာခိုင်နှုန်း သေချာသည်ဟုလည်း ဆိုကြသေးသည်။ ယခုလောလောဆယ်တွင် ကျန်းမုန့်လောင်ကို လိုက်လျောနေရခြင်းမှာ သူတို့ဘက်က မလှုပ်ရှားခင် ကျန်းမုန့်လောင်ကို အလုပ်များနေစေချင်သောကြောင့်ပင်။
သို့သော် ဒီလာမီနီကတော့ ထိုသို့မထင်ချေ။ ကျန်းမုန့်လောင်နှင့် ရင်ဆိုင်ရာတွင် ဘယ်တုန်းကများ အပြည့်အဝသေချာသည်ဟု ရှိဖူးလေသလဲ။ ကမ္ဘာတစ်ဝက်နီးပါးကို ယှဉ်တိုက်ရန်အတွက် အမေရိကန်ဒေါ်လာထရီလီယံရာဂဏန်းခန့် ထုတ်နိုင်သည့် လူတစ်ယောက်ရှိကြောင်း ယုံကြည်ကြလေသလား။ ဤစီးပွားရေးစစ်ပွဲကြီး မဖြစ်ခင်ကဆိုလျှင် မည်သူမှ ယုံကြမည်မဟုတ်။
ထို့ပြင် ခရီးသည်တင်လေယာဉ်တစ်စင်းကို မောင်း၍ တိုက်လေယာဉ်အစင်းခြောက်ဆယ်ကို ရင်ဆိုင်ရာတွင် ခြစ်ရာတစ်ခုလေးပင် မရဘဲ လွတ်မြောက်လာသည့်အပြင် ရန်သူ့တိုက်လေယာဉ်၅၉စင်းကို ပစ်ချနိုင်ခဲ့ခြင်းကို ယုံနိုင်ရဲ့လား။ သို့တိုင် ကျန်းမုန့်လောင်က တကယ်လုပ်ပြခဲ့သည်။
ယခုလည်း ကျန်းမုန့်လောင်ကို ရှင်းထုတ်နိုင်မည့် နည်းလမ်းတစ်ခုရှိသည်ဟု ဆိုလာပြန်လေပြီ။ ရာနှုန်းပြည့်သေချာသည်ဟုလည်း ပြောနေသေးသည်။
ဟာသပဲ အဘိုးကြီး.. ခင်ဗျားတို့ အမှားကြီးမှားနေပြီ။ ကျုပ်ကတော့ လုံးဝမယုံဘူး...
ဒီလာမီနီ၏အလိုလိုသိစိတ်အရ ဤတစ်ခေါက်တွင်လည်း ကျန်းမုန့်လောင်ကသာ အနိုင်ရလိမ့်မည်ဟု ခံစားမိသည်။
ထိုအချိန်ကျလျှင် သူ့ကို အကြိမ်ကြိမ်ပစ်မှတ်ထားခဲ့သည့်အတွက် ကျန်းမုန့်လောင် ပေါက်ကွဲသွားမည်မဟုတ်လော။ တောင်အာဖရိကကို ကမ္ဘာ့မြေပုံထဲက ဖယ်ရှားပစ်၍မရနိုင်သော်လည်း ရက်စက်မှု၏အဓိပ္ပာယ်ကိုတော့ သူတို့သိသွားအောင် ပြသနိုင်ပေလိမ့်မည်။
ကျန်းမုန့်လောင် ဘာလုပ်မလဲဆိုသည်ကို သူ မသိသော်လည်း ယခုထက်ပိုပြီး ရက်စက်ကြမ်းကြုတ်မည်ဖြစ်ကြောင်းကိုမူ ကျိန်းသေပေါက်သိသည်။
"မဖြစ်ဘူး။ ရာထူးကနှုတ်ထွက်ပြီး အနားယူရုံနဲ့ မလုံလောက်ဘူး။ ပြည်ပကို ထွက်ပြေးမှဖြစ်မယ်"
ဒီလာမီနီလည်း သူ နှစ်ပေါင်းများစွာ စုဆောင်းထားသော စည်းစိမ်ဥစ္စာများကို ပြန်တွက်ကြည့်လိုက်သည်။ ဤပမာဏမှာ အိမ်နီးချင်းနိုင်ငံတစ်ခုတွင် ဘဝကို သက်သောင့်သက်သာနေထိုင်နိုင်လောက်သည့် ပမာဏမျိုးပင်။ သူသာ ဆန္ဒရှိလျှင် နိုင်ငံရေးရာထူးတစ်ခုခုကပင် သူ့အား လက်ကမ်းကြိုနေလိမ့်မည်သာ။
ဤနေရာတွင် ထိုင်စောင့်ပြီး အသေခံရမည်ထက်တော့ ၎င်းကသာ ပိုကောင်းသည်။
"မစ္စတာကျန်း.. ခင်ဗျားသူငယ်ချင်းတွေရွေးထားတဲ့ ကားတွေကိုတော့ နှစ်ရက်လောက်နေမှ ဆိပ်ကမ်းမှာ ကျွန်တော့်လူတွေ လာပို့ပေးပါလိမ့်မယ်။ ခင်ဗျားသူငယ်ချင်းတွေရဲ့အချက်အလက်တွေကိုလည်း သက်ဆိုင်ရာစနစ်ထဲမှာ ထည့်ထားပေးပြီးပါပြီ။ အခု သူတို့တွေ ဟွာရှားနိုင်ငံက ဓာတ်ဆီဆိုင်တွေမှာ ဗီအိုင်ပီဝန်ဆောင်မှုကို ခံစားနိုင်ပါပြီ"
"အင်း.. ခင်ဗျားတို့ရဲ့စေတနာကို ကျုပ် တော်တော်စိတ်တိုင်းကျပါတယ်။ ဒီလိုဆိုရင် ဟိုတယ်ကို ပြန်ကြတာပေါ့။ ကျုပ်တို့ ကွာရန်တင်းဝင်စရာမလိုတော့ဘူးမလား"
"မစ္စတာကျန်း..မလိုတော့ပါဘူးဗျာ။ ခင်ဗျား ဒီနေရာမှာ ကောင်းကောင်းအပန်းဖြေနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ခင်ဗျားတို့ကို ပြန်ပို့ဖို့ လူစီစဉ်ပေးပါ့မယ်"
"မလိုပါဘူး။ ကျုပ်စီစဉ်ထားတဲ့လူတွေ ရောက်နေပါပြီ"
ကျန်းမုန့်လောင်က အနားရှိ ငွေဖြူရောင်ပြိုင်ကားတစ်စီးကို လက်ညှိုးထိုးပြလိုက်သည်။
ကားပေါ်ရှိ တလက်လက်တောက်ပနေသော အမှတ်တံဆိပ်ကို မြင်လိုက်ရချိန်ဝယ် ဒီလာမီနီခမျာ အံ့ဩမှင်တက်သွားလေသည်။
"မင်ဒဲလားမိသားစုရဲ့ အမှတ်တံဆိပ်လား"
ဤသည်မှာ တောင်အာဖရိကတွင် အကြီးဆုံးမိသားစုတစ်ခုဖြစ်ပြီး ဤနိုင်ငံကို မထူထောင်ခင်ကတည်းက တည်ရှိနေခဲ့သည့် မိသားစုပင်။ သတ္တုတွင်းများ၊ စိန်တွင်းများနှင့် ရေနံတွင်းများအားလုံးနီးပါးကိုလည်း သူတို့ ပိုင်ဆိုင်ထားသည်။
သူတို့က အာဏာယူရခြင်းကို သဘောမကျသော်ငြား ရာထူးကို လက်ဝယ်ပိုင်ဆိုင်ထားသူမျာကတော့ သူတို့ကို သေမတတ်ကြောက်ကြသည်။
လူငယ်လေးတစ်ယောက်က ကားပေါ်က ဆင်းလာပြီ ကျန်းမုန့်လောင်ကို တရိုတသေဦးညွှတ်လိုက်သည်။
"သခင်.. အလုပ်ကိစ္စတွေ ပြီးသွားပြီလား"
"အင်း.. ဒီအထိလာပေးလို့ ကျေးဇူးပါပဲ"
ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြလိုက်သည်။
ထိုလူငယ်လေးက ဒီလာမီနီကို ကြည့်လိုက်သည်။
"မင်းတို့ ဘာလုပ်ထားလဲဆိုတာ ငါသိတယ်။ သခင်က သဘောထားကြီးလို့သာ မင်းတို့ကို အပြစ်ဒဏ်နည်းနည်းပေးပြီး လွှတ်ပေးထားတာ။ ဒါပေမဲ မင်ဒဲလားမိသားစုကတော့ ဒီလောက်နဲ့တင် ပြီးသွားမှာမဟုတ်ဘူး"
ဤစကားများကို ကြားလိုက်ရချိန်ဝယ် ဒီလာမီနီခမျာ တစ်ကိုယ်လုံးတုန်ယင်သွားလေသည်။
"မင်းရဲ့အထက်လူကြီးတွေကို သွားပြောလိုက်။ ဒီည မင်ဒဲလားမိသားစုရဲ့အိမ်ရှေ့မှာ ဒူးထောက်တောင်းပန်ရမယ်လို့။ သုံးရက်တိတိ ဒူးထောက်ပြီး ရာထူးကနေ ကိုယ်တိုင်နှုတ်ထွက်မယ်ဆိုရင်တော့ ခွင့်လွှတ်ပေးမယ်။ သုံးရက်တိတိဒူးမထောက်နိုင်ရင်တာ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့သတင်းတွေက မီဒီယာတွေမှာ တက်လာမှာပဲ"
ထိုလူငယ်၏စကားများမှာ ခြိမ်းခြောက်လေဟန် အငွေ့အသက်များ ယှက်သန်းနေသည့်တိုင် အသေးအဖွဲကိစ္စတစ်ခုကို ပြောနေသည့်အလား အလွန်တရာလည်း တည်ငြိမ်လှသည်။
ဒီလာမီနီကတော့ ဤလူငယ်၏စကားများကို သံသယမဝင်ချေ။ တစ်ခါတုန်းက သူ့အား မကျေမနပ်ဖြစ်စေသည့် ဥပဒေတစ်ခုကို ထုတ်ပြန်ခဲ့သော သမ္မတတစ်ယောက်ရှိသည်။ မင်ဒဲလားမိသားစုက သူ့အား သတိပေးခဲ့ပါသော်ငြား သူကသာ အာဏာကိုင်စွဲသူဟု မှတ်ယူကာ ထိုဥပဒေကို ခေါင်းမာမာဖြင့် ပြဋ္ဌာန်းခဲ့သည်။
ရက်အနည်းငယ်ကြာသောအခါ သူ့နေအိမ်ရှေ့မှာပင် သူ့အလောင်းကြီး ပေါ်လာခဲ့သည်။ ရက်ပိုင်းအတွင်းမှာပင် သူနှင့်ပတ်သက်နေသော လူတိုင်းလည်း ရှင်းထုတ်ခံလိုက်ရပြီးနောက် ထိုဥပဒေကိုလည်း ပြန်လည်ပြင်ဆင်လိုက်သည်။
ဤသည်မှာ ဤမိသားစု၏ အရှိန်အဝါပင်တည်း။
"ဟုတ်ကဲ့။ ကျွန်တော် သေချာပေါက်ပြောလိုက်ပါ့မယ်"
သြဇာအာဏာကြီးလှသော မင်ဒဲလားမိသားစုဝင်တစ်ယောက်က ကျန်းမုန့်လောင်ကို 'သခင်'ဟု တလေးတစားခေါ်လိမ့်မည်ဟု ဒီလာမီနီ လုံးဝထင်မထားချေ။
"သခင်.. ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
"အင်း"
ကျန်းမုန့်လောင်ကလည်း ခေါင်းညိတ်ပြပြီးနောက် ထိုလူငယ်နှင့်အတူ ကားထဲသို့ ဝင်သွားလေသည်။
"ကဲ ကိစ္စရှင်းပြီးသွားပြီဆိုတော့ ဘယ်နေရာကို သွားလည်ကြဦးမလဲ"
ကားထဲတွင် လူတိုင်းက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ သူတို့သည် မနေ့ညကမှ တောင်အာဖရိကသို့ ရောက်လာခဲ့ပြီး ယခုအထိ ညစာစားချိန်ပင် မရောက်သေးချေ။ တိတိကျကျပြောရမည်ဆိုလျှင် သူတို့သည် နေ့တစ်ဝက်ခန့်သာ အချိန်ဖြုန်းရသေးသည်။
သို့သော် ဤနေ့တစ်ဝက်မှာပင် သန်းပေါင်းများစွာတန်ဖိုးရှိသော ပြိုင်ကားများ၊ စိန်ထည်များနှင့် ဒေါ်လာဆယ်သန်းတန် နိုင်ငံတကာချက်လက်မှတ်များကိုပင် ရရှိထားပြဖြစ်၏။ အလွန်အမြတ်ထွက်သွားလေပြီ။
အချိန်က ပေါများလှသော်ငြား ယခုလိုငွေများကတော့ ရဖို့မလွယ်လှပေ။
ကားတန်းကြီးက မြို့ထဲသို့ မောင်းဝင်လာသည်။
"သခင်.. ကျွန်တော်တို့အနောက်မှာ လိုက်လာတဲ့ ကားတစ်စီးရှိပါတယ်"
ကားမောင်းသူက ရုတ်တရက်ပြောလာသည်။
"ဒီလာမီနီရဲ့လူတွေလား"
"မဟုတ်ပါဘူး။ တခြားလူတွေပါ။ သာမန်လူတွေ မဟုတ်ပါဘူး။ စိတ်စွမ်းအားရှင်တွေနဲ့ ရှေးဟောင်းသိုင်းပညာရှင်တွေပါ"
"ရှေးဟောင်းသိုင်းပညာရှင်လား"
ကျန်းမုန့်လောင်လည်း အံ့အားသင့်သွားလေသည်။
ဤကိစ္စက လွယ်လွယ်ကူကူအဆုံးသတ်လိမ့်မည်မဟုတ်ကြောင်း သူသိသည်။ သူတို့ဘက်က သူ့အား တိုက်လေယာဉ်နှင့် ပစ်မချနိုင်ခဲ့သည့်အတွက် ဒုတိယကမ္ဘာ၏စွမ်းအားဖြင့် တုံ့ပြန်လာမည်သာ။
သူ့ကိုတိုက်ခိုက်ခဲ့ကြသည့် နိုင်ငံများထဲတွင် ကိုင်ဘွန်နိုင်ငံတစ်နိုင်ငံတည်းကသာ ကျန်းမုန့်လောင်၏အစွမ်းကို သိထားသောကြောင့် လက်ရှောင်သွားသည်။
ဤဒုတိယကမ္ဘာသားများအနေနှင့် ကျန်းမုန့်လောင်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ အိမ်တိုင်ရာရောက်စနစ်ဖြင့် ကိုယ့်ကိုယ်ကိုယ်လာပို့ပေးနေသလိုပင်။
ကိုင်ဘွန်နိုင်ငံက အခြားနိုင်ငံများကို သတင်းပေးထလိမ့်မည်မဟုတ်ကြောင်း သူ ယုံကြည်သည်။ သူတို့တွင် သူများကို ဒုက္ခရောက်စေလိုသော သဘာဝမျိုးရှိကြသည်။ သူတို့ ခံစားရသည့်အရာကို သူများကိုလည်း ခံစားစေချင်သည်။
သို့သော် ကျန်းမုန့်လောင်ကို အံ့အားသင့်စေသောအရာမှာ ရှေးဟောင်းသိုင်းပညာရှင်များ ပါလာခြင်းပင်။ ရှေးဟောင်းသိုင်းပညာရှင်များက ဟွာရှားနိုင်ငံတွင် ရှိသည်မဟုတ်လော။ သို့တိုင် ဟွာရှားလူမျိုးများက သူ့ကို လုပ်ကြံချင်နေကြသည်။ ရီထျန်းဂိုဏ်း၏လွှမ်းမိုးမှုကြောင့် ခံစားခဲ့ရသော အကြောက်တရားကို သူတို့ မေ့သွားလေပြီလား။
"သခင်.. ကျွန်တော်တို့ထောက်လှမ်းရေးအချက်အလက်တွေအရ ဒီတစ်ခေါက်ပါဝင်တဲ့လူတွေက အဲဒီနိုင်ငံတွေက စိတ်စွမ်းအားရှင်တွေနဲ့ နိဗ္ဗာန်ကျွန်းပေါ်က သိုင်းပညာရှင်တွေပါ"
"နိဗ္ဗာန်ကျွန်းလား"
ကျန်းမုန့်လောင် တွေဝေသွားသည်။
"အရင်တစ်ခေါက်တုန်းက ဝမ်လင်ရဲ့ကောင်မလေးကို လုယုချင်ခဲ့တဲ့ အဲဒီလူရဲ့ ကျွန်းပေါ်က လူတွေလား"
"ဟုတ်ပါတယ်"
ကားမောင်းသူကလည်း ပြန်ဖြေလေသည်။
"မကြာသေးခင်တုန်းက နိဗ္ဗာန်ကျွန်းသားတွေက ဂိုဏ်းနှစ်ဂိုဏ်းကွဲသွားပြီး တစ်ဂိုဏ်းကို မူလခေါင်းဆောင်က ဦးဆောင်ပါတယ်။ သူတို့က ခင်ဗျား သူတို့အတွက် နေရာချပေးထားတဲ့ နေရာမှာနေပြီး ရှေးဟောင်းသိုင်းပညာကို အစစ်အမှန်ဆက်ကျင့်ကြံကြပေမဲ့ နောက်တစ်ဖွဲ့ကတော့ အရင်တုန်းက သြဇာလွှမ်းမိုးခဲ့တဲ့အချိန်တွေကြောင့် ရှိတာနဲ့မရောင့်ရဲကြတော့ပါဘူး"
"သခင်က နိုင်ငံထဲမှာ ရှိနေတဲ့အတွက် သူတို့က ဘာထူးထူးခြားခြားမှ မလုပ်ပြနိုင်တော့ဘူးလေ။ ဒီတော့ အမေရိကကိုလာပြီး ဒုတိယကမ္ဘာသားတွေနဲ့ ဆက်သွယ်နေတာ။ သူတို့ရဲ့အစွမ်းကို ထုတ်ပြပြီး အမေရိကရဲ့ယုံကြည်မှုကို အရယူချင်နေကြတာ။ အဲဒါကြောင့် အခုလည်း သခင့်ကို ရင်ဆိုင်တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါပေမဲ့ ပစ်မှတ်က သခင်ဆိုတာတော့ သူတို့ မသိကြတဲ့ပုံပဲ"
"အမလေး"
ကျန်းမုန့်လောင်လည်း ကိုယ့်နဖူးကိုယ်ရိုက်ချလိုက်မိသည်။
"ငါ့ကိုမြင်ရင် သူတို့ ငိုနေတော့မှာပဲ"
*******************