← Chapters

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 4 Ch. 31-32

Chapter 31

ကူးယူထားသော ဝိညာဉ်အမြစ် ၅ ခုသည် အလယ်ဗဟိုရှိ ပိုးစာပင်ကြီးဆီသို့ ချက်ချင်းကပ်တွယ်သွားကြသည်။

ယခင်အစိမ်းနုရောင်ရှိသော ဝိညာဉ်အမြစ်များသည် သစ်ပင်ပင်စည်ထဲသို့ တရစပ် ပေါင်းစပ်ဝင်ရောက်သွားကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့သည် ခြောက်သွေ့သွားပြီး သစ်ခေါက်လွှာတစ်ခုမျှသာကျန်ရစ်ကာ ပိုးစာပင်စည် အတွင်း၌ မြဲမြံစွာနစ်ဝင်သွားတော့သည်။ ၎င်းတို့သည် ရှေးဟောင်းသစ်ပင်၏အမာရွတ် ၅ ခုအဖြစ် ပြောင်းလဲသွားကြ သည်!

စုကျိုစိုက်ခင်းထဲရှိ ပိုးစာပင်မှာ ချက်ချင်းအသက်ဝင်လာသယောင် ရှိသည်။

အိုမင်းရင့်ရော်နေသော အညိုရောင်သစ်ခေါက်များမှာ တစ်လွှာချင်းကွာကျပြီး မြေဆီလွှာထဲသို့ ကျဆင်းသွားကာ နီရွှေ ရောင်တောက်ပနေသော ပင်စည်အားထွက်ပေါ်လာစေသည်။ ရွှေရောင်များသည် အမြစ်မှထိပ်ဖျားအထိ တရိပ်ရိပ် ပျံ့နှံ့သွားပြီး ခက်မသစ်များဝေဆာလာကာ လက်ဝါးခန့်ရှိသော မူလပိုးစာရွက်များမှာ လေနှင့်အတူကြွေလွင့်ကုန်သည်။

ယင်းအစား နီရွှေရောင် ခက်မများပေါ်တွင် မြရောင်သစ်ရွက်အိမ်များပေါ်ထွက်လာပြီး၊ ရေစိမ်းရောင် ကျောက်စိမ်း ကဲ့သို့သော ဝိညာဉ်အရွက်များမှာ ဖြည်းည်းချင်းထွက်ပေါ်လာသည်။ ၎င်းတို့သည် ကလေးငယ်တစ်ဦး၏ လက်သီးဆုပ် ခန့်အထိ ကြီးထွားလာပြီးနောက် အနည်းငယ်လိပ်တက်သွားကာ သစ်ရွက်ကြောထဲတွင် ပုလဲလုံးကဲ့သို့သော မြရောင်နှင်းစက်ကလေးများ စုဖွဲ့လာတော့သည်။

စုကျို မော့ကြည့်လိုက်ပြီး မချီးမွမ်းဘဲမနေနိုင်တော့ပေ။

ကြည့်ရတာ တကယ်တန်ဖိုးကြီးမယ့်ပုံပဲ။

ဒါပေမဲ့ အထွက်နှုန်းကတော့ အရမ်းနည်းလွန်းတယ်။

သူ အပင်ပန်းခံ ပြုစုခဲ့သည့် မူလဝိညာဉ်ပိုးစာပင်မှာ မန္တန်မီးဖိုများထွန်းညှိပြီး ခေါင်းမပါသည့် ကျောက်စိမ်းရွှံ့ရုပ် ၉ ခုပင် အက်ကွဲသွားရလောက်တဲ့အထိ အားထုတ်ခဲ့သော်ငြား အရွက်ပေါင်း သုံးထောင်နီးပါးသာထွက်ခဲ့သည်။ ဒါက ကမ္ဘာပျက် ကပ်ကအပင်တွေထက်တောင် နည်းနေသေးသည်ဟု ခံစားခဲ့ရသည်။

သို့သော် မထင်မှတ်ဘဲ ဒီဝိညာဉ်ပိုးစာပင်၏အရည်အသွေးကမူ အရှိန်အဟုန်နှင့် ခုန်တက်သွားခဲ့သည်။ ကျောက်မျက် ရတနာများကဲ့သို့ နီရွှေရောင်သန်းနေသည့် ကျောက်စိမ်းရွက်ကလေးများမှာ ကျဲကျဲပါးပါး အရွက်တစ်ရာလောက်သာ ရှိတော့သည်။

နည်းလွန်းတယ်

စုကျို တွေးရင်း စိုးရိမ်သွားရသည်။ ဒီလောက်နည်းရင် စစ်ဆေးမှုအောင်မြင်နိုင်ပါ့မလား?

သူ ဒီလမှာ အဆင့် ၅၀ ထဲဝင်အောင် တွန်းတင်ဖို့ရည်မှန်းထားတာ၊ အခုတော့ ဖြစ်နိုင်ပါဦးမလား? ဟို ‘ငါး’ ချန်ကျိုးထက်တောင် အဆင့်နိမ့်သွားမလား ? စုကျို စိတ်မကောင်းဖြစ်သွားရသည်။

“အားးးး!”

ထိုစဉ်မှာပင် ဝေးကွာသော နေရာတစ်ခုမှ ခပ်တိုးတိုး နာကျင်စွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်! မြေသြဇာ ကောင်းသော စိုက်ခင်းထဲတွင် ရှိနေသည့် ချန်ကျိုးမှာ ရုတ်တရက် ဒူးထောက်ကျသွားပြီး သူ့ဦးခေါင်းကို ဆုပ်ကိုင်ကာ နာကျင်စွာအော်ဟစ်နေတော့သည်။

“အဲဒါ ဘာအသံလဲ? ငါ နားကြားမှားတာလား?”

စုကျိုက မြောက်ဘက်ရှိ ပိုးစာစိုက်ခင်းကို တစ်ချက်ကြည့်လိုက်ပြီး စိတ်မဝင်စားဟန်ဖြင့် ခေါင်းပြန်လွှဲလိုက်သည်။

သိပ်မကြာမီမှာပင် လေထဲဝင်းလက်နေသော မရေမတွက်နိုင်သည့် ရွှေရောင်ပိုးကောင်လှောင်အိမ်များသည် တစ်စုံတစ်ခုထံမှ ဆွဲဆောင်မှုကို ခံလိုက်ရသလို လေထဲတရပ်တန့်သွားကြသည်။ ထို့နောက် ၎င်းတို့အားလုံးမှာ သူမ စိုက်ခင်းဘက်သို့ လှည့်လာကြတော့သည်!

“ဟင်... ဘာဖြစ်တာလဲ?”

တိမ်ပင်လယ်အထက်၊ ပိုးကောင်ပန်းချီခန်းမရှေ့တွင် ရပ်နေကြသော ကင်းလှည့်ကြီးကြပ်ရေးမှူးများနှင့် ရာအိမ်မှူး များမှာ မင်တံများဖြင့် အချက်အလက်များကိုမှတ်သားနေကြသည်။ သို့သော် ယခုအချိန်တွင် တိမ်ပင်လယ်အထက်မှ ငုံ့ကြည့်လိုက်ရာ သူတို့အားလုံးမျက်နှာထက် အံ့ဩမှုများ ပြည့်နှက်သွားတော့သည်။

“ဘာလို့ ပထမထပ်က ပိုးကောင်တွေအများကြီး လေထဲမှာ ရပ်နေကြတာလဲ?”

“ပိုးကောင်တွေ ဗိုက်မဆာကြဘူးလား? ဘာလို့ လူစုမကွဲဘဲ တစ်နေရာတည်း စုနေကြတာလဲ?”

“တောက်ရန်... ဒီလမှာ မင်း ပထမထပ်မှာတာဝန်ကျတာဆိုတော့ ထူးခြားတာတစ်ခုခု သတိထားမိတာ ရှိလား?”

ကြီးကြပ်ရေးမှူးများနှင့် ရာအိမ်မှူးများ အားလုံးက တောက်ရန်အားကြည့်လိုက်ကြသည်။ တောက်ရန် မျက်မှောင် ကြုတ်လိုက်သည်။ စုကျိုရဲ့မြင့်မြတ်တဲ့ ပါရမီ နိုးထလာတာကလွဲရင် တခြားထူးခြားတာ မရှိပါဘူး။ သူကဖြင့် တစ်လမှာ တစ်ထပ်ကို နာရီဝက်တောင် အလုပ်မလုပ်ရတာ ဘာကို သတိထားမိမှာလဲ?

“လေးဆသောရလဒ်ထွက်တဲ့ မြင့်မြတ်တဲ့ပါရမီရှင် ကလေးမလေးတစ်ယောက် ရှိတယ်ခင်ဗျ၊ သူက အဆင့်အနိမ့်ဆုံး မှာရှိနေတာ၊ ကျန်းမာရေးကလည်း သိပ်မကောင်းဘူး...”

“တော်တော့”

“ဒါ ကိစ္စသေးသေးလေးပါ၊ စကားလုံး ၃၃ လုံးလောက် သုံးပြီး ရှင်းပြနေစရာ မလိုပါဘူး!”

အရှေ့ဆုံးတွင် ရပ်နေသော အနက်ရောင် သံချပ်ကာဝတ် ‘လုရှန်းကျွင်း’ကြားဖြတ်၍ ငေါက်ငမ်းလိုက်သည်။ တောက် ရန် နှုတ်ခမ်းတစ်ချက်တွန့်သွားသည်။ သူ့ကို ဆဲဖို့အတွက်တောင် စာလုံး ၉ လုံးသုံးနေတာ တန်လို့လား ?

“လုသခင်ကြီး... ပထမထပ်မှာ မြင့်မြတ်တဲ့ပါရမီရှင်ဆိုတာ ရှားပါတယ်ခင်ဗျ”

“တောက်ရန်... မင်း တကယ် အိုစာသွားပြီပဲ၊ လေးဆသော ရလဒ်ထွက်တဲ့ ပါရမီဆိုတာ အလားအလာရှိတဲ့ မြင့်မြတ် သောအဆင့်လို့ ဆိုနိုင်ပေမဲ့၊ တစ်ဘဝလုံးပိုးစာပင်စိုက်ပြီး ပိုးကောင်မွေးရုံပဲ တတ်နိုင်မှာပါ၊ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး၊ အလွန်ဆုံးတက်လှ (၂၀) ထပ်အထိပဲ ရောက်နိုင်မှာ၊ ဒါက သခင်ကြီးလုရဲ့အချိန်ကို ဖြုန်းတီးဖို့ ထိုက်တန်လို့လား?” ဘေးနားရှိ မှဲ့နှင့် လူကြီးမင်းမှာ ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။

“ဒါ့အပြင် ဒီပါရမီနဲ့ ဝိညာဉ်စွမ်းအင်က ပထမထပ်မှာပဲရှိနေတာပါ၊ နောက်ထပ် ၃ ယောက်လောက် ထပ်တိုးရင်တောင် အခုဖြစ်နေတဲ့ ပိုးကောင်တွေရဲ့ထူးဆန်းတဲ့ ဖြစ်စဉ်နဲ့ ဘာမှမဆိုင်နိုင်ဘူး”

“ကြည့်စမ်း... မင်း အဲ့အကြောင်းတွေ လျှောက်ပြောနေလို့ စကားလုံးတွေ အများကြီးအပိုကုန်ပြီ၊ သခင်ကြီးလုရဲ့ အဖိုးတန်တဲ့ ကျင့်ကြံချိန်တွေကိုပါ ဖြုန်းတီးမိကုန်ပြီ!”

တောက်ရန်ကမူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလိုက်သည်။ သူ စိုးရိမ်စိတ်ဖြင့်သာ အောက်ဘက်သို့ ငုံ့ကြည့်နေမိ ၏။

ယနေ့တွင် ရာအိမ်မှူးများနှင့် တပ်မှူးများအဖွဲ့သည် (၃၀) ထပ်မြောက်ရှိ မြူဆိုင်းသော ကောင်းကင်ပြင်တွင် စုဝေးနေ ကြခြင်းဖြစ်သည်။ သူတို့သည် ဤအထပ်ကို တာဝန်ယူရသော သခင်ကြီး ‘လုကျီကျောက်’နှင့်အတူ (၃၀) ထပ် အောက်ရှိ ပိုးစာစိုက်ခင်းအားလုံးမှ ဝိညာဉ်ပိုးကောင်များကို စစ်ဆေးအဆင့်သတ်မှတ်ရန် ရောက်ရှိနေကြခြင်းပင်။

ပထမထပ်တွင် ဝိညာဉ်ပိုးကောင်များ ဤမျှအလုံးအရင်းနှင့် လေထဲစုရုံးနေသည့် မြင်ကွင်းမျိုးကိုမမြင်ရသည်မှာ (၁၀) နှစ်ပင်ရှိတော့မည်။ တောက်ရန် စူးစမ်းချင်သလို စိုးရိမ်လည်းနေမိသည်။ လွန်ခဲ့သော ၇ ရက်ခန့် ဝိညာဉ်စွမ်းအား စမ်းသပ်ရန်လာခဲ့ကြသော စုကျိုနှင့် ကလေးနှစ်ယောက်၏ပုံရိပ်မှာ သူ့စိတ်ထဲတွင် ဖြတ်ခနဲပေါ်လာသည်။ ထိုကလေး သုံးယောက် ဘယ်လိုနေကြမလဲဟု သူ သိချင်နေမိသည်။

“ဟေး... ဝိညာဉ်ပိုးကောင်တွေ ရွေ့လျားနေပြီ! သူတို့သွားနေတဲ့ လမ်းကြောင်းက ရှေ့က မြေသြဇာကောင်းတဲ့ စိုက်ခင်းတွေဆီ မဟုတ်ဘူးနော်!”

“နောက်က လိုက်ခဲ့ကြ” လုကျီကျောက်က တိုတိုတုတ်တုတ် ပြောလိုက်သည်။

၎င်းဦးဆောင်၍ ဝိညာဉ်ပိုးကောင်များသွားရာ တိမ်ပင်လယ်ဘက်သို့ ထွက်ခွာသွားရာ ရာအိမ်မှူးများလည်း အမြန်လိုက် ပါသွားကြတော့သည်။ သို့သော် ဝိညာဉ်ပိုးကောင်များနောက်သို့ နီးကပ်လာလေလေ တောက်ရန် စိတ်ထဲတွင် ထူးဆန်းပြီး မဖြစ်နိုင်သောအသိတစ်ခု ပိုတိုးလာလေလေပင်။

“ဘာလို့ ငါတို့တွေက ဒီမြေကွက်လပ် အညံ့စားတွေဆီ ပိုနီးလာရတာလဲ ?” မှဲ့နှင့် လူကြီးမင်းလည်း တစ်ခုခု မှားနေပြီဆိုသည်အား သတိထားမိသွားသည်။

“ကြည့်စမ်း! ဟိုးအစွန်မှာ တောက်ပတဲ့ အလင်းတစ်ခုရှိနေတယ်!” နောက်ထပ် ရာအိမ်မှူးတစ်ယောက်က အော်ဟစ် လိုက်သည်။

ဧကတစ်ရာခန့် ဝေးကွာသောနေရာမှပင် လူတိုင်းသည် အစွန်ဘက်ရှိ မြရောင်၊ နီရောင်နှင့် ရွှေရောင် ကျောက်စိမ်းလုံး လေးများ၏ တောက်ပမှုကိုမြင်နေရသည်။ အုပ်စုလိုက်ပျံသန်းနေသော ဝိညာဉ်ပိုးကောင်များသည် ထိုအလင်းတန်းရှိ ရာသို့ ဦးတည်နေကြသည်မှာ အထင်အရှားပင်။

“ရွှေရောင်ခက်မနဲ့ ကျောက်စိမ်းရွက်တွေ... ဒါက မြင့်မြတ်သောအဆင့် ဝိညာဉ်ပိုးစာပင်မှတ်လား!?” မှဲ့နှင့် လူကြီးမင်း အံ့အားသင့်စွာအော်ဟစ်လိုက်သည် - “မနှစ်က (၁၀) ထပ်မြောက်မှာ တစ်ယောက်ပဲ ဒါမျိုးစိုက်နိုင်ခဲ့တာ၊ အဲဒါတောင် ‘စွမ်းအင်မြှင့်ဆေးလုံး’ ၁၀၀ လောက် သုံးခဲ့ရတာလေ၊ ဘယ်လိုလုပ်ပြီး ပထမထပ်ကမြေညံ့မှာ ဒါမျိုး ပေါက်လာရ တာလဲ? ပိုးကောင်တွေအကုန်လုံး အဲဒီကိုသွားနေကြတာ မထူးဆန်းတော့ပါဘူး!”

“ဝိညာဉ်စွမ်းအင် ဒီလောက်နည်းတဲ့နေရာမှာ မြင့်မြတ်သောအဆင့် အပင်ပေါက်နိုင်တယ်လား ?” ရာအိမ်မှူးများ အားလုံး မှင်သက်ကုန်ကြသည်။

လုကျီကျောက်က လေးနက်သောအသံဖြင့် - “သွားမယ်”

ရာအိမ်မှူးများနှင့် စာရေးများမှာ ဘာမှမပြောရဲကြတော့ပေ။ မှဲ့နှင့် လူကြီးမင်းသည် အထက်လူကြီး၏ ဆိုလိုရင်းကို ချက်ချင်းရိပ်မိကာ - “ဟိုဘက်ကို သွားကြရအောင်”

လူတိုင်းသည် ပြန်လည်ရွေ့လျားကြတော့သည်။ ဤရာအိမ်မှူးများနှင့် စာရေးများသည် အထပ်တိုင်းတွင် အလှည့်ကျ တာဝန်ကျသူများဖြစ်ကြသည်။ သူတို့သည် ပထမထပ်တွင် အချိန်အကြာကြီးမနေသဖြင့် ဤအပင်ကို ဘယ်သူစိုက်ပျိုး သလဲဆိုသည်အား အနီးကပ်သွားကြည့်မှသာ သိနိုင်မည်ဖြစ်သည်။ အထူးသဖြင့် အဆင့်နိမ့်ကျင့်ကြံသူများသာရှိသည့် မြေညံ့ပိုင်း ဖြစ်နေသောကြောင့်ပင်။

“ဟင်... စုကျိုလား ?”

အနောက်တွင်ကျန်ခဲ့သော တောက်ရန်သည် တောက်ပနေသော ပိုးစာပင်ဘေးရှိ ထင်ရှားလှသောဝှီးချဲကို ချက်ချင်း သတိပြုမိလိုက်သည်! ပထမထပ်တွင် အခြားမည်သည့်နေရာ၌မျှ သစ်သားဝှီးချဲမရှိပေ။

“ပြောစမ်း” လုကျီကျောက်၏စူးရှသော အကြည့်များကျရောက်လာသည်။

“...”

တောက်ရန် ခပ်တိုးတိုးရယ်လိုက်မိသည်။ အစောပိုင်းက သူ စကားပြောရန်ပြင်စဉ်တွင် စကားလုံးတွေ အရမ်းများပြီး အချိန်ဖြုန်းသည်ဟု အပြောခံခဲ့ရသည်။ အခုတော့ သူကသာ ပြန်ပြီးမေးနေပြန်ပြီ! ဒီလိုဖြစ်မှန်းသိရင် အစကတည်းက သူ့စကားကို မဖြတ်ခဲ့သင့်ဘူး!

တောက်ရန် စိတ်ထဲကျေနပ်သွားပြီး လက်သီးဆုပ်မိုးကာပြောလိုက်သည် - “(၃၃) ပါ ခင်ဗျာ”

သခင်ကြီး လုကျီကျောက်: “...”

စာရေးများ: “...”

တောက်ရန်သည် အခြေအနေကို ကြည့်၍ စကားကို အမြန်ဆက်လိုက်သည် - “ဒါ ကျွန်တော် ခုနကစာလုံးပေါင်း (၃၃) လုံးနဲ့ ပြောပြခဲ့တဲ့ ‘စုကျို’ ပါ၊ ‘လေးဆသောရလဒ်ထွက်တဲ့ အသုံးမကျတဲ့ ပါရမီရှင်’ လို့ အပြောခံခဲ့ရတဲ့ ကလေးမလေးပေါ့”

လူတိုင်းမျက်လုံးများမှာ အံ့အားသင့်မှုကြောင့်ပြူးကျယ်သွားကြသည်။ မှဲ့နှင့် လူကြီးမင်းပင်လျှင် သူ့နှာခေါင်းကို ပွတ်သပ်လိုက်မိ၏။ သူသည် အစောပိုင်းကပင် ထိုကဲ့သို့သော အညံ့စားပါရမီနှင့် ဤအဖိုးတန်ပိုးစာပင်မှာ ဘာမှမပတ်သက်နိုင်ဟု ပြောခဲ့မိသူ မဟုတ်ပါလား ??

“သူ တစ်စုံတစ်ရာသော ဝိညာဉ်ပစ္စည်းသုံးထားတာလား ?” မှဲ့နှင့် လူကြီးမင်း မေးလိုက်သည်။ လုကျီကျောက် အမူအရာမှာ တည်ကြည်လေးနက်သွားသည်။ သူ အောက်သို့ ငုံ့ကြည့်လိုက်ပြီး ချက်ချင်းဆိုလိုက်သည် -

“မဟုတ်ဘူး”

“ဆုချမယ်”

တောက်ရန် အံ့ဩတကြီး ရေရွတ်လိုက်သည် - “သခင်ကြီးလု... (၁၀) ထပ်တိုင်းမှာ မြင့်မြတ်သောအဆင့် ကျောက်စိမ်း ပိုးစာပင်ကို စိုက်ပျိုးနိုင်ရင် ဝိညာဉ်ကျောက်တုံး တစ်သောင်းဆုချလေ့ရှိပါတယ်။ ဘာလို့ ပထမထပ်ကျမှ ဆုမချတာလဲ ခင်ဗျာ?”

လုကျီကျောက်က မျက်မှောင်ကြုတ်ကာ သူ့ကိုကြည့်လိုက်သည်။ မှဲ့နှင့်လူကြီးမင်း၏ မျက်လုံးများမှာ လည်ပတ်သွား ပြီးနောက် ချက်ချင်းဝင်ပြောလိုက်သည်မှာ...

“သခင်ကြီးလု ဆိုလိုတာက သူမအနေနဲ့ ဆေးလုံးတွေ၊ ဝိညာဉ်လက်နက်တွေ သုံးခဲ့တာဖြစ်ဖြစ်၊ ဒါမှမဟုတ် အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ယောက်ရဲ့ အကူအညီကို ရခဲ့တာပဲဖြစ်ဖြစ်—”

“အကုန်လုံးကို ဆုချလိုက်!”

လုကျီကျောက်သည် ပြုံး၍ခေါင်းညိတ်ပြပြီး အောက်ဘက်ရှိ စုကျို ပုံရိပ်ကို ချီးကျူးသလိုတစ်ချက်ကြည့်ကာ နေရာတွင်တင် ပျောက်ကွယ်သွားတော့သည်။

တောက်ရန်: “...”

ရာအိမ်မှူးများနှင့် အခြားအရာရှိများ: “...”

---

ဝိညာဉ်ပိုးကောင်များ၏ရွှေရောင်လှောင်အိမ်လေးများသည် ပိုးစုန်းကြူးများအလား ပိုးစာပင်အမျိုးမျိုး၏ အုပ်မိုးမှုများ ကြားသို့ကျဆင်းသွားကြသည်။ စုကျို နယ်မြေထဲရှိ အလယ်ဗဟိုမှကြီးမားလှသော ရွှေရောင်ခက်မနှင့် ကျောက်စိမ်းရွက် ပိုးစာပင်ကြီးပေါ်တွင်မူ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိုးစုန်းကြူးပေါင်းတစ်ရာကျော်ရောက်ရှိလာတော့သည်!

သူမ စိုက်ခင်းထဲရှိ အခြားပိုးစာပင်များမှာမူ ပတ်ဝန်းကျင်မှ အပင်များနည်းတူ ပိုးကောင် ၁၀ ကောင်ခန့်သာနားခိုကြ သည်။

“ပိုးကောင်နတ်ဘုရားက ကျွန်တော်တို့ကို စောင့်ရှောက်ပါစေ!”

“ဝိညာဉ်ပိုးကောင်လေးတို့ရေ... ငါ့ရဲ့အရွက်တွေကို လာစားကြပါဦး၊ တောင်းပန်ပါတယ်!”

စိုက်ခင်းထဲရှိ လူများစွာမှာ လက်အုပ်ချီဆုတောင်းကြသူရှိသလို၊ သူတို့ခူးထားသော ပိုးစာရွက်များကို ဝှေ့ယမ်းပြနေကြ သူများလည်း ရှိသည်။ ခေါင်းလောင်းသံ ရှည်ရှည် ၃ ကြိမ် ထွက်ပေါ်လာပြီးနောက် သစ်ပင်များကြားရှိ တောက်ပသော အလင်းစက်များမှာ ဖြည်းဖြည်းချင်းပျောက်ကွယ်သွားကာ ၎င်းတို့နေရာတွင် အဖြူ၊ အစိမ်း နှင့် အနီရောင် ဖဲကြိုးများ သစ်ကိုင်းများ၌ ကပ်တွယ်ကျန်ရစ်ခဲ့သည်!

[ ရောဂါရပိုးစာပင်! ]

[ အဆင့်နိမ့် ၁! ]

[ အဆင့်လတ် ၁! ]

[ အဆင့်မြင့် ၁! ]

ပိုးစာရွက်၏အဆင့်အတန်းကို ရေးသားထားသော အဖြူ၊ အစိမ်း၊ အနီ နှင့် ရွှေရောင် ဖဲကြိုးများမှာ သက်ညှာမှုမရှိဘဲ ကျဆင်းလာရာ စိုက်ခင်းတစ်ခုလုံးတွင် ဆဲဆိုသံများ၊ ငိုယိုသံများနှင့် ဝမ်းသာအားရ အော်ဟစ်သံများဖြင့် ပြည့်နှက်သွား ကြရတော့သည်။

စုကျီကျီမှာလည်း အံ့ဩဝမ်းသာဖြစ်နေပြီး အနီရောင်ဖဲကြိုး ၁၀ ခုကျော် ချိတ်ဆွဲထားသော သူမ စိုက်ခင်းကို ကြည့်လိုက်သည် - “ကျဲ... ကျီကျီရဲ့အပင်တွေက ဒီလမှာ အဆင့်လတ်တွေ အများကြီးပဲ၊ ရောဂါရတဲ့အပင် တစ်ပင်မှမရှိဘူး! ဒီလတော့ ကျီကျီဂေဟာက ထုတ်ပယ်မခံရတော့ဘူး... ဝါး...”

ကောင်မလေးသည် ပထမပိုင်းတွင် မိမိကိုယ်မိမိအတွက် ဝမ်းသာနေသော်လည်း နောက်ဆုံး ‘ဝါး’ ဆိုသည့် အသံမှာတော့ စုကျို၏ရွှေရောင်ကျောက်စိမ်းပင်ကြီးအား ငေးကြည့်ရင်း ထွက်လာခြင်းဖြစ်သည်။ နောက်တစ် စက္ကန့်တွင် စုကျို၏ပိုးစာပင်ကြီးမှာ သူတို့ရင်းနှီးပြီးသားဖြစ်သော ခုနစ်ရောင်ခြည်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားတော့သည် -

[ ပထမထပ်မှ စုကျိုသည် အဆင့်နိမ့်မြေညံ့အရင်းအမြစ်များဖြင့် (၃၀) ထပ်မြောက်ရှိ ပိုးကောင်များကို ကျွေးမွေးနိုင် လောက်သည့် မြင့်မြတ်သောအဆင့် ကျောက်စိမ်းရွက်များကို စိုက်ပျိုးနိုင်ခဲ့သည်။ ]

[ ဤသည်မှာ ရေဆန်ကိုအံတု၍ အသက်နှင့်ရင်းကာ လောင်းကြေးထပ်ခဲ့ခြင်းဖြစ်ပြီး ထိပ်တန်းကျင့်ကြံသူများထက်ပင် အားကျဖွယ်ကောင်းလှသည်။ ]

[ အထူးဆုအနေဖြင့် အဆင့် ၁ မှ ၃၀ ထိရှိသော ဝိညာဉ်ကျင့်ကြံရေးရတနာတိုက်မှ ကံစမ်းမဲတစ်ကြိမ်နှိုက်ခွင့်ပြုသည်။ ]

စုကျိုကိုယ်တိုင်ပင် ကံစမ်းမဲနှိုက်ရမည်ဟု မထင်ထားခဲ့ပေ။ ထို့နောက် လူတစ်ရပ်နီးပါးမြင့်သော ‘ကျောက်စိမ်းထင်း ရှူးပင်’တစ်ပင်မှာ တိမ်တိုက်များကြားမှ ဖြည်းည်းချင်းဆင်းသက်လာသည်။ ထင်းရှူးကိုင်းများတွင် ဆေးလုံးပုံစံနှင့် ဝိညာဉ်လက်နက်ပုံစံ သစ်သားတံဆိပ်ပြားလေးများကို အနီရောင်ကြိုးလေးများဖြင့် ချည်နှောင်ထားသည်။

စုကျို အကြည့်များမှာ ချက်ချင်းဆိုသလိုတည်ကြည်သွားပြီး သူ့ ညာဘက်လက်မှ အဝတ်စုတ်များကို ဖြေလိုက်ပြန် သည်။ ဤအမူအရာကို မြင်ဖူးနေသော စုကျီကျီမှာ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

“စုကျို... မင်းအလိုချင်ဆုံးအရာကို စိတ်ထဲကနေသုံးကြိမ်ရွတ်ဆိုပြီးရင် ဒီ ‘ကြိုဆိုခြင်းထင်းရှူးပင်’ ကို ထိလိုက်” တောက်ရန်၏အသံမှာ ကောင်းကင်မှထွက်ပေါ်လာခဲ့သည်။

စုကျို မျက်ခုံးပင့်လိုက်ပြီး သူ့ညာဘက်လက်ဖြင့် ထင်းရှူးကိုင်းကို ခပ်ဖွဖွလေးထိလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ့ နှလုံးခုန်သံကိုမြန်စေသော သတင်းစကားတစ်ခုပေါ်လာတော့သည် -

[ ပထမအဆင့် ‘ဆုတောင်းထင်းရှူး’ ဝိညာဉ်လက်နက်ကို စစ်ဆေးတွေ့ရှိရသည်။ ကံစမ်းမဲနှိုက်ရန်မှလွဲ၍ အခြားအသုံးမဝင်ပါ။ ]

[ ပထမထပ်မှ ထိပ်တန်းကျောင်းသား ‘ယင်လီ’ ၏ဝိညာဉ်စွမ်းအင် အကြွင်းအကျန်ကို စစ်ဆေးတွေ့ရှိရသည်။ ]

စုကျို မျက်ခုံးပင့်လိုက်မိသည်။ တစ်ဖက်လူကလည်း ကံစမ်းမဲနှိုက်ဖူးလို့နေမှာပါ။ ဒါကို ‘လက်ဗွေ’ ချန်ခဲ့တယ်လို့ သတ်မှတ်ရမလား? ဝိညာဉ်ပိုးကောင်ဂေဟာရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကတော့ တကယ်စိတ်ပျက်စရာကောင်း လှသည်။ ဝိညာဉ်လက်နက်တွေကိုတောင် သေချာမဆေးကြောကြဘူးလား ?

စုကျို စိတ်ထဲမှ ညည်းတွားရင်း လက်ချောင်းကိုအမြန်လှုပ်ရှားကာ ထပ်မံထိတွေ့လိုက်သည်။ သူမ ညည်းတွားနေစဉ်မှာ ပင် နောက်ထပ်သတင်းစကားတစ်ခု ထပ်တက်လာသည် -

[ ဝိညာဉ်ပိုးကောင်ဂေဟာမှ ‘ဖူရှင်း’ ချန်ထားခဲ့သော ဝိညာဉ်အသိစိတ်အကြွင်းအကျန်ကို စစ်ဆေးတွေ့ရှိရသည်။ ]

“ဟင်?”

တကယ်ပဲ ဖူရှင်း၊ ဟို ငါးနံပါတ် ၆ တိရစ္ဆာန်ပဲ၊ သူလည်း ဒီကံစမ်းမဲစက်ကို သုံးဖူးတာကိုး၊ စုကျို မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားရသည်။

[ ၃ စက္ကန့်ကြာအောင် ထိတွေ့ပါ။ ]

[ ကော်ပီကူးယူခြင်း အောင်မြင်သည်။ ]

[ ကူးယူစဉ်အတွင်း အမှားအယွင်းအချို့ ဖြစ်ပေါ်ခဲ့သည်။ ]

[ ဖူရှင်း၏ဝိညာဉ်အသိစိတ်မှာ ကြေမွသွားပြီး သူ့မွေးရာပါ ဝိညာဉ်စွမ်းအင် အပိုင်းအစတစ်ခုကျန်ရစ်ခဲ့သည်။ ]

စုကျိုသည် ဤစွမ်းရည်ကို အကြိမ်များစွာအသုံးပြုခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင်မူ သူမ နှလုံးခုန်သံမှာ တစ်ချက် တုန်ယင်သွားရသည်။ သိုလှောင်ရုံစာရင်းတွင် စာမျက်နှာအသစ်တစ်ခုပေါ်လာပြီး ‘မြင့်မြတ်သောအဆင့် ဝိညာဉ် စွမ်းအင်’ ၏သင်္ကေတတစ်ခု ပေါ်ထွက်လာသည်— ထိုအရာမှာ ကျောက်စိမ်းကဲ့သို့ဖြူစင်သော လက်တစ်ဖက်ဖြစ်ပြီး၊ လက်ချောင်းသုံးချောင်းမှာ ကွေးညွတ်လျက် လက်ထိပ်များမှာ ညီညာနေကာ သွေးခုန်နှုန်းစမ်းသပ်နေသည့် အမူအရာနှင့် တူလှသည်။

[ ဖူရှင်း၏မြင့်မြတ်သောအဆင့်ပါရမီ ‘ဆေးဖက်ဝင်လက်များ’ အပိုင်းအစ ၉ ခုကို ရရှိသည်။ ]

[ ဤအပိုင်းအစမှာ အပိုင်းအစပေါင်း ၇၂ ခုပြည့်မှသာ ဖူရှင်း၏ပါရမီအပြည့်အစုံကို ပေါင်းစပ်နိုင်မည်ဖြစ်၍ လက်ရှိတွင် အသုံးမဝင်သေးပါ။ ]

ဘုရားရေ... စုကျိုသည် အပြင်ထွက်ပြီး သင်္ချိုင်းတူးရန် ပိုလို့ပင်စိတ်ပိုင်းဖြတ်လိုက်တော့သည်။ စုကျီကျီ၏ အဆင့်နိမ့် မွေးရာပါ ဝိညာဉ်စွမ်းအင်ကတော့ ကယ်တင်လို့မရနိုင်တော့တာ သေချာသလောက်ရှိပြီ။ သို့သော် ပါရမီအသစ်တစ်ခု သာရခဲ့ပါက အဆင်ပြေသွားမည်ပင်။

“ဖြောက်!”

အနီရောင်ကြိုးလေး ချည်ထားသော သစ်သားတံဆိပ်ပြားလေးတစ်ခုမှာ လူတစ်ရပ်နီးပါးမြင့်သည့် အဖြူရောင် ကျောက်စိမ်းထင်းရှူးကိုင်းပေါ်မှ ပြုတ်ကျလာပြီး သူမအား လက်တွေ့ကမ္ဘာသို့ဆွဲခေါ်လိုက်သည်။ ထိုအခါမှသာ စုကျိုသည် သူမ ကံစမ်းမဲနှိုက်နေသည်ကို သတိရသွားတော့သည်။

သူ ငုံ့ကြည့်လိုက်ရာ ကံစမ်းမဲတံဆိပ်ပြားပေါ်တွင် သေသပ်သော လက်ရေးဖြင့်ရေးထားသည်မှာ— “အဆင့်နိမ့် မိစ္ဆာကျွန် တစ်ယောက်၊ မိစ္ဆာသောင်းသောင်းဂေဟာတွင် စိတ်ကြိုက်ရွေးချယ်နိုင်သည်”

“စုကျို... ဂုဏ်ယူပါတယ်! မင်း အဆင့်နိမ့် မိစ္ဆာကျွန်တစ်ယောက် ရရှိသွားပြီ”

တောက်ရန်၏သြဇာညောင်းလှသော အသံမှာ တိမ်တိုက်များကြားမှဟိန်းထွက်လာသည်။ စုကျီကျီမှာ မယုံနိုင်သလို ငေးကြည့်နေမိပြီး စိုက်ခင်းတစ်ခုလုံးမှာလည်း အော်ဟစ်အားပေးသံများဖြင့် ဆူညံသွားတော့သည်။

“မိစ္ဆာကျွန်တဲ့လား! လျောင်ဟွာ တစ်လကို ဝိညာဉ်ကျောက်တုံးငါးထောင်ပေးပြီး ဝယ်ရတဲ့ မိစ္ဆာကျွန်မျိုးကို သူ ရလိုက်တာလား?!”

“မြေညံ့မှာ အဖိုးတန်ပိုးစာပင်ကိုစိုက်နိုင်ရုံနဲ့ ရတဲ့ဆုက ဒီလောက်တောင် ကြီးကျယ်တာလား?!”

“အဆင့်မြင့်မိစ္ဆာကျွန် မဟုတ်ဘူးနော်၊ အဆင့်နိမ့်တဲ့၊ သေချာနားထောင်ဦး”

“ဒါတောင်မှ မယုံနိုင်စရာပဲလေ! ငါတို့တွေက ဝယ်နိုင်လို့လား? ငါတို့အထပ်က ‘စီနီယာယင်’ တောင်မှ မနှစ်က အပြင်ထွက်တုန်းကမှ မိစ္ဆာကျွန်တစ်ယောက် ရခဲ့တာ!”

“ဟား... အခုဆို သူ့မှာ သူ့ကို ခစားမယ့် မိစ္ဆာတစ်ကောင်ရှိလာတော့မှာပေါ့!”

“စုကျို... လှလှလေးတစ်ကောင်ကိုရွေးနော်၊ ငါတို့အားလုံး ကြည့်ရအောင်!”

စိုက်ခင်းထဲရှိလူတိုင်းမှာ အားကျတကြီးဖြင့် ဝိုင်းဝန်းပြောဆိုနေကြသည်။ စုကျိုကိုယ်တိုင်လည်း အတော်လေး စိတ်လှုပ်ရှားနေမိသည်၊ အိမ်တွင် နောက်ထပ်အကူတစ်ယောက် ထပ်ရလာတော့မည် မဟုတ်ပါလား ?

Chapter 32

“ပထမထပ်မှာရှိတဲ့ လူတိုင်း... စုကျိုကို စံနမူနာထားပြီး ကြိုးစားကြပါ၊ ရှေ့ဆက်ပြီး တိုးတက်အောင် လုပ်ကြပါ!”

ယခုလ တာဝန်ကျသော တောက်ရန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ လေထဲတွင် ပုံရိပ်လွှင့်ကျောက်တုံး ၁၀ ခုမှာ ချက်ချင်း လင်းထိန်လာပြီး စုကျိုနှင့် သူမ၏ အဖိုးတန်သစ်ပင်ကြီး၏ အလှတရားကို ရှုထောင့်ပေါင်းစုံမှ ပြသနေတော့သည်။ လူတိုင်းမှာ မော့ကြည့်ရင်း တအံ့တဩ သက်ပြင်းချနေကြသည်။

“ညီအစ်ကိုကျူး... သူမက တကယ်ပဲ လေးဆသော အထွက်နှုန်းထွက်တဲ့ ပါရမီရှင်လား?”

ထိပ်တန်းအဆင့် (၁၀) အတွင်းရှိ ကျင့်ကြံသူများဖြစ်သော အဆင့် ၂ မှ ၉ အထိရှိသူများသည် ကျူးပိုင်ယွီ၏ ပတ်ပန်း ကျင်တွင် ရပ်နေကြသည်။ သူတို့မျက်နှာနှင့် မျက်ခုံးများတွင် ပန်းပွင့်များ သို့မဟုတ် ပိုးစာရွက် ပုံသဏ္ဌာန်များ ဝေဆာနေကြသည်။

“မင်း လောင်းကြေးနိုင်အောင် ငါတို့ကို လိမ်ခဲ့တာတော့ မဟုတ်ပါဘူးနော်?”

“လေးဆသော အထွက်နှုန်းထွက်တဲ့ ပါရမီရှင်က မြင့်မြတ်သောအဆင့် ဝိညာဉ်အရွက်ကို စိုက်ပျိုးနိုင်တယ်လား? စိတ်ဝင်စားစရာပဲ”

“သူက မိစ္ဆာကျွန်အကူအညီကိုပါ ရသွားပြီဆိုတော့ ငါတို့ထဲက တချို့တော့ သူဖိအားပေးတာခံရပြီး အဆင့်တွေ လျော့ကုန်တော့မှာပဲ”

“တော်သေးတာက ဒီလမှာ စီနီယာယင် အပြင်သွားနေလို့၊ မဟုတ်ရင် ဒီနေ့ တိုက်ပွဲတွေ ထပ်ဖြစ်ကြဦးမှာ”

ကျူးပိုင်ယွီက တခစ်ခစ် ရယ်မောရင်း - “ဘာပဲဖြစ်ဖြစ် လူတိုင်းပဲ... ဒီနေ့လည်း ငါပဲ ထပ်နိုင်ပြန်ပြီ၊ စုကျိုရဲ့ အရွက်ခူး စစ်ဆေးမှုက အကောင်းဆုံးတွေထဲမှာပါလိမ့်မယ်လို့ ငါ တစ်ယောက်တည်းပဲ လောင်းခဲ့တာလေ”

“...”

“...”

ငွေအိတ် ၈ အိတ်က သူ့ဆီကို ထပ်မံလွင့်စင်လာပြန်သည်။

ကျူးပိုင်ယွီက ပြုံးလိုက်ပြီး - “နောက်တစ်ချီအတွက် လောင်းကြေးထပ်ရအောင်၊ ဒီတစ်ခါတော့ စုကျို ဘယ်အချိန်မှာ အထပ်မြင့်တွေကို တက်လှမ်းမလဲဆိုတာ...”

သူ စကားမဆုံးခင်မှာတင် သူ့ရှေ့က လူအားလုံးပျောက်ကွယ်ကုန်ကြသည်။

ကျူးပိုင်ယွီ: “...” (ဟူး... လောင်းကြေးလေးတောင် အရှုံးမခံနိုင်ကြဘူး။)

[ နောက်ခုနစ်ရက်အကြာတွင် အရွက်ခူးရမည့်နေ့ရောက်ရှိပါမည်။ ကျောက်စိမ်းကတ်ကြေး၊ မနက်ခင်းနှင်းရည်၊ ကျောက်စိမ်းတောင်းများ စသည်တို့ကို ကြိုတင်ပြင်ဆင်ထားကြပါ၊ မင်္ဂလာရှိသော အရွက်ခူးချိန်ကို နောက်ကျခြင်း မရှိစေရန် သတိပြုပါ။ ]

ခေါင်းလောင်းသံမှာ ပျောက်ကွယ်သွားသည်။ ထို့နောက် စုကျို၏အဖိုးတန်သစ်ပင်ပေါ်နားခိုနေသော ရာနှင့်ချီသည့် ဝိညာဉ်ပိုးကောင်များအပါအဝင် စိုက်ခင်းတစ်ခုလုံးရှိ ပိုးကောင်များသည် တစ်စုံတစ်ခု၏ခေါ်ဆောင်မှုကို ခံရသလို လေထဲသို့ ဖြည်းည်းချင်း ပျံတက်သွားပြီး အထက်ဘက်ရှိတိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားကြတော့သည်။

စိုက်ခင်းထဲတွင်တော့ ပျော်ရွှင်သူရှိသလို ဝမ်းနည်းသူလည်း ရှိနေသည်။ အချို့သော ပိုးစာပင်များက ပုံမှန်ထက် အဆင့်မြင့်သတ်မှတ်ချက်ရရှိသော်လည်း အချို့မှာတော့ အဆင့်မမီဘဲကျရှုံးခဲ့ကြသည်။ ပိုးကောင်များ ထွက်ခွာသွား ပြီးနောက် သက်ပြင်းချသံများနှင့် အားကျမနာလိုဖြစ်နေသောလေသံများ စိုက်ခင်းထဲတွင် ပျံ့နှံ့နေတော့သည်။

“သူမ လား? ဘာလို့လဲ? ဘာလို့ သူမ ဖြစ်နေရတာလဲ?” အဘွားကြီးချန်သည် ယနေ့တွင် သူ့သား၏ ပိုးစာပင်များ မည်သို့ရှိသနည်းဟု လာကြည့်ရာမှ မှင်သက်သွားရသည်။

အဆင့်နိမ့်ပင်တွေက အများကြီး၊ အဆင့်လတ်ပင်က နည်းနည်းလေး၊ အဆင့်မြင့်ပင်ဆိုတာ လုံးဝမရှိဘူးလား ? ကောင်းကင်ပေါ်မှ စုကျိုရရှိသော ဆုလာဘ်များကို ကြည့်လိုက်၊ နိမ့်ကျသွားသော သူ့သား၏အခြေအနေကို ကြည့်လိုက်နှင့် အဘွားကြီးချန်အတွက်တော့ နှလုံးကွဲမတတ် ခံစားလိုက်ရသည်!

မနေ့ကတင် ဘေးအိမ်က အဘွားကြီးဝမ်ကို သူမက မျိုးကောင်းမျိုးသန့် ဖြစ်ကြောင်း၊ အဆင့် ၁၀ အတွင်း မကြာခင် ဝင်တော့မယ့် သားကောင်းရတနာကိုမွေးထားကြောင်း၊ ဂေဟာရဲ့အထက်ပိုင်းလွှာတွေအထိ သူမကို ခေါ်သွားမှာဖြစ် ကြောင်း ကြွားလုံးထုတ်ခဲ့သည် မဟုတ်ပါလား! တစ်ညတည်းနှင့် သူ့ကြွားလုံးများ ဗူးပေါ်သလို ပေါ်ကုန်လိမ့်မည်ဟု မည်သို့ထင်ထားလိမ့်မည်နည်း ?

“ဘာတွေဖြစ်ကုန်တာလဲ? သား... မင်းရဲ့ အဆင့်လတ် ပိုးစာပင်တွေက ပြီးခဲ့တဲ့လကထက် ထက်ဝက်တောင် မရှိတော့ပါလား? ဒါဆို မင်း ဒီလမှာ အဆင့် ၁၀၀ အပြင်ဘက်ကို ရောက်သွားတော့မှာပေါ့?”

အဘွားကြီးချန်မျက်လုံးများမှာ ပြူးကျယ်နေပြီး ကောင်းကင်ယံရှိ စုကျိုစိုက်ခင်းမှ ရွှေရောင်ပိုးစာပင်ကြီးကို ကြည့်ရင်း သူ့ မျက်လုံးများထဲမှ သွေးထွက်လုမတတ်ခံစားနေရသည်။ သူမ ပေါင်ကိုတဖြန်းဖြန်းပုတ်ရင်း - “သား... မင်း ရူးသွား ပြီလား?! အဲဒီကောင်မလေးက မင်းအပေါ် မင်းသမီးလေးလို မောက်မာနေတာကို မင်းက သူ့ကို ပိုက်ဆံတွေ ပေးနေတုန်းပဲလား!”

ချန်ကျိုးမှာ မျက်နှာတစ်ခုလုံးဖြူဖျော့နေပြီး ချွေးများ တရဟောကျနေသည် - “မဟုတ်ဘူး... ကျွန်တော် မပေးပါဘူး...”

သူ စောစောကပင် စိုက်ခင်းထဲရှိ ပိုးစာပင်များကို မြေသြဇာကျွေးခြင်းနှင့် မိုးသွန်းခြင်းမန္တန်များသုံးရန် ကြိုးစားခဲ့သေး သည်။ ၎င်းမှာ ခုနစ်ရက်ပြည့် ကျင့်ကြံမှုစက်ဝန်း၏အရေးကြီးဆုံး အဆင့်ဖြစ်သည်။ သို့သော် ရုတ်တရက်ဆိုသလို သူ့ သစ်သားဓာတ် အခြေခံအုတ်မြစ်ထဲမှ ကြေမွသွားမတတ် စူးရှသော နာကျင်မှုတစ်ခု တိုးဝင်လာပြီး မြေပြင်ပေါ်သို့ အနောက်သို့ လဲကျလုနီးပါးဖြစ်သွားခဲ့ရသည်။ ထိုနာကျင်မှုကြောင့် မြေသြဇာကျွေးခြင်းမန္တန်ကိုပင် သူ မသုံးနိုင်ခဲ့ပေ။

မွန်းတည့်ချိန် ရောက်လာပြီး ဝိညာဉ်ပိုးကောင်များဆင်းသက်လာချိန်တွင် သူ့ အပင်များမှာ နောက်ဆုံးအဆင့် မြေသြဇာနှင့် ဝိညာဉ်ရေ မရရှိသဖြင့် အများစုမှာ အဆင့်နိမ့်ပစ္စည်းများဖြစ်သွားခဲ့ရသည်။

ယခုအချိန်တွင် ချန်ကျိုးသည် သရဲမြင်လိုက်ရသည့်အလား ကောင်းကင်ပေါ်ရှိ စုကျို၏မြင့်မြတ်သောအဆင့် ပိုးစာပင် ပုံရိပ်ကို စိုက်ကြည့်နေမိသည်။ သူ့ ထက်မြက်သော မျက်လုံးများက စုကျိုရွှေသစ်ပင်ခြေရင်းတွင် သံသယဖြစ်ဖွယ် ရင်းနှီးနေသော အစိပ်ပိုင်း ၅ ခုကိုတွေ့လိုက်ရသည်။ အပေါ်ယံကြည့်လျှင်တော့ သစ်ပင်ဒဏ်ရာမှဖြစ်ပေါ်လာသော အမာရွတ်များနှင့် တူသည်။

သို့သော် သေချာကြည့်လိုက်လျှင်မူ ဝိညာဉ်စွမ်းအင်များ အကုန်စုပ်ယူခံထားရသဖြင့် ခြောက်သွေ့နေပြီး အရေခွံ တစ်လွှာမျှသာ ကျန်တော့သည့် အရာများနှင့်တူနေသည်။

ဒါ... သူ့အခြေခံအုတ်မြစ်နဲ့ တူနေတာပဲ!

ချန်ကျိုးသည် ချွေးများရွှဲလျက် အနောက်သို့ ယိုင်တိုင်တိုင်ဆုတ်သွားမိသည်။ ထိတ်လန့်တုန်လှုပ်နေသော စိတ်ဖြင့် သူ၏ ဝိညာဉ်ပလ္လင်သို့ စစ်ဆေးကြည့်လိုက်သည်။ သူ့ အစိမ်းနုရောင် သစ်သားဓာတ်အခြေခံအုတ်မြစ်မှာ သူ့နဖူးအတွင်းတွင် ပုံမှန်အတိုင်းလွင့်မျောနေဆဲဖြစ်သည်ကို မြင်လိုက်ရမှသာ သက်ပြင်းချနိုင်တော့သည်။

“သား... ဘာဖြစ်လို့လဲ?” သူ့မိခင်မှာ သူ့ မငြိမ်မသက်ဖြစ်မှုကို သတိထားမိသွားပြီး သူ ကြည့်နေသော အထက်ဘက်သို့ လိုက်ကြည့်လိုက်သည်။

ထို့နောက် စုကျို၏ အဖိုးတန်သစ်ပင် ပေါ်တွင် ကပ်နေသော ခြောက်သွေ့နေသည့် မုန်လာဥခွံလို အရာ ၅ ခုကို သူမ သတိပြုမိသွားတော့သည်!

“တောက်! အဖိုးတန်သစ်ပင်တဲ့လား? အဲဒီအပေါ်မှာကပ်နေတဲ့ ရုပ်ဆိုးဆိုး အရာတွေက ဘာတွေလဲ!”

ချန်ကျိုး၏ မြင်ကွင်းများမှာ ဝေဝါးသွားတော့သည်။

“သူ ငါတို့ရဲ့ နွေးထွေးခြင်းအဆောင် နဲ့ ပိုးမွှားနှင်မီးဖို တွေကို ခိုးသွားတာ သေချာတယ်!” သူ့အမေ၏ မှေးမှိန်နေသော မျက်လုံးများမှာ အဖြေရှာတွေ့သွားသလို ဝင်းခနဲ ဖြစ်သွားသည်။

“သူ့မှာ ဘာပါရမီရှိလို့လဲ? ပြီးတော့ ငါ့သားမှာကရော ဘာပါရမီရှိတာလဲ ? သူက ဘယ်လိုလုပ်ပြီး ဒီလောက်တန်ဖိုးရှိ တဲ့ အပင်မျိုးကိုစိုက်နိုင်မှာတဲ့လဲ? ဒါတွေက ငါ့သားရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဖြစ်ရတာ!”

“ဟို မိစ္ဆာကျွန်ဆုဆိုတာ ငါ့သား ရသင့်တဲ့ဆုပဲ! အဲဒါ ငါတို့ပိုင်တာ!” သူ့အမေ ပေါင်ကို တဖြန်းဖြန်းပုတ်ရင်း အော်ဟစ် တော့သည်။

ချန်ကျိုးမှာတော့ အရိုးမရှိသော ရုပ်သေးရုပ်ပမာပျော့ခွေနေပြီး၊ သူ့အခြေခံအုတ်မြစ် ထိခိုက်မှုမရှိတာကိုပဲ ကျေးဇူးတင် နေမိသည်။ သို့သော် စောစောက ခံစားခဲ့ရသော ပြင်းထန်သည့် နာကျင်မှုကြောင့် စုကျိုကို အတော်လေးကြောက်လန့် သွားမိသည်။ သူ သူမအနားကို မကပ်ရဲသလို၊ အတင်းအကျပ်တောင်းဆိုဖို့လည်း သတ္တိမရှိပေ။

သို့သော် သူ့အမေ စကားများကိုကြားသောအခါ သူ မက်မောသွားမိသည်— အဲဒါ မိစ္ဆာကျွန်လေ! အဆင့်မြင့်ကျင့်ကြံသူ တွေပဲ ပိုင်ဆိုင်နိုင်တာ! ချန်ကျိုး အသည်းအသန်လိုချင်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူ့အမေက ရှေ့က ထွက်တိုက်ပေး မှာဆိုတော့ စုကျိုငြင်းရင်တောင် သူ ဘာမှအရှုံးမရှိဘူး မဟုတ်လား။

“ကောင်းပါပြီ အမေ၊ အမေပဲ စုကျိုနဲ့စကားပြောကြည့်လိုက်ပါဦး” ချန်ကျိုး မျက်နှာဖြူဖျော့ဖျော့ဖြင့် သူ့အမေကိုပဲ အားကိုးတကြီး ပြောလိုက်သည်။

ပိုးစာစိုက်ခင်းထဲတွင် စုကျိုသည် စုရှင်းချန်ရောက်လာမည်ကို စောင့်နေသည်။ သူတို့ မိစ္ဆာကျွန်ဂေဟာကို သွားပြီး အဆင့်နိမ့် မိစ္ဆာကျွန်တစ်ယောက် သွားရွေးကြမည်သာ။ ဆုတံဆိပ်ပြား၏လမ်းညွှန်ချက်အရ ပထမထပ်ရှိ မိစ္ဆာကျွန် ဂေဟာသို့သွားရာ တယ်လီပို့မှာ ဆရာတစ်ရာဂေဟာ၏နောက်ဘက်တွင် တည်ရှိသည်။

“ဘာတွေ ငေးနေတာလဲ?”

စုကျိုက ကြောင်အမ်းအမ်း ဖြစ်နေသော စုရှင်းချန်ကို မိုးကုတ်ပင်ခက်ဖြင့် တို့လိုက်သည် - “လှည်းမောင်းတော့”

စုရှင်းချန် သတိပြန်ဝင်လာပြီး မြည်းလှည်းဇက်ကြိုးကို ဆွဲကိုင်လိုက်သည်။ သူ့ စိတ်ထဲ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်နှက် နေ၏။ သူတို့မိသားစုမှာ မိစ္ဆာကျွန်တစ်ယောက်ရှိတော့မယ်! ဝိညာဉ်ပိုးကောင်ဂေဟာရှိ မိစ္ဆာကျွန်များသည် အပြစ်ရှိ သူများ သို့မဟုတ် ကိုယ့်ကိုကိုယ် ရောင်းစားထားသူများဖြစ်ကြောင်း သူ ကြားဖူးသည်။ အချို့မှာ အလွန်အစွမ်းထက်ပြီး လုပ်ရည်ကိုင်ရည်ရှိကြသည်။

စင်္ကြန်လမ်းရှိ သစ်သားတဲလေးထဲတွင် အဆင့်မြင့် မိစ္ဆာကျွန်များ၏ပုံရိပ်များကို စျေးကြီးပေးဝယ်ရန် ဆွဲဆောင်မှုအဖြစ် ပြသထားလေ့ရှိသည်။ စုရှင်းချန် အိမ်မက်မက်နေသလို ခံစားရသည်။ သူ့ တစ်ဘဝလုံး ပိုးစာပင်စိုက်ရင်း ကုန်ဆုံးတော့ မည်ဟု ထင်ခဲ့သော်လည်း အပြင်လောကရှိ မိစ္ဆာကျွန်အစစ်တွေကို မြင်ရတော့မည်ဟု မထင်ထားခဲ့ပေ... သူတို့အားလုံးအား ခိုင်းစေဖို့ပင် သူ မဝံ့ရဲချေ။

သူက ဘာမို့လို့လဲ? ဟုတ်တာပေါ့... မိစ္ဆာကျွန်ကိုရတာက သူ့ကျဲလေ၊ သူမှ မဟုတ်တာ။ စုရှင်းချန်သည် မိစ္ဆာကျွန်ကို အိမ်ခေါ်လာလျှင်ပင် သူ ခိုင်းစေဖို့ မထိုက်တန်ဟုဆုံးဖြတ်လိုက်ပြီး၊ ယဉ်ယဉ်ကျေးကျေးဆက်ဆံဖို့ စိတ်ကူးထားသည်။

သို့သော် မကြာမီမှာပင် သူ့အကြည့်က ညီမငယ်ဆီသို့ ရောက်သွားပြီး မှင်သက်သွားရသည် - “မင်း... မင်းရဲ့ ဆံပင်က...”

စုကျီကျီ ဆံပင်ထဲတွင် ကလစ်အဖြစ် ညှပ်ထားသော မုန်လာဥစိပ်လေးခု— မဟုတ်ဘူး၊ ထူးဆန်းတဲ့ အစိမ်းရောင် ဆံထိုး လေးတွေက... ချန်ကျိုးရဲ့အခြေခံအုတ်မြစ်တွေလား?! ဘုရားရေ... သူ့ညီမလေးက ချန်ကျိုးရဲ့အခြေခံအုတ်မြစ်တွေကို ခေါင်းပေါ်မှာ တပ်ထားတာလား?! ၄ ခုတောင်မှ!

စုရှင်းချန် နောက်တစ်ကြိမ်ကြောင်သွားပြန်သည်။ သို့သော် စုကျီကျီ ပြုံးစစဖြင့် သူမဆံပင်မှ အသုံးအဆောင်သစ် လေးကို ခပ်ရှက်ရှက်ကိုင်လိုက်သည်။ နာရီပိုင်းအတွင်းမှာတင် သူမ ဒါကိုသဘောကျသွားပြီဖြစ်သည် - “ဒါကို တပ်ထားရင် ကျင့်ကြံရတာ အများကြီးပိုမြန်တယ် ဒုတိယအစ်ကို၊ အစ်ကိုလည်း စမ်းကြည့်ချင်လား?”

“ဟင့်အင်း... မဟုတ်တာ... မလုပ်ပါနဲ့...” စုရှင်းချန် အမြန်ခေါင်းခါလိုက်သည်။

စုကျီကျီ ခေါင်းညိတ်ရင်း - “ကျဲလည်း မတပ်ချင်ဘူးလေ၊ အဲဒါကြောင့် ကျန်တဲ့ ၅ ခုကို ပိုးစာပင်စည်မှာ ကပ်ထားလိုက် တာ၊ အဖိုးတန်သစ်ပင်အတွက် မြေသြဇာဖြစ်သွားအောင်လို့ပေါ့”

“...” စုရှင်းချန်၏ မျက်လုံးများ ပြာဝေသွားရပြန်သည်။

ဒါက သူ့ညီမလေး စာထဲမှာရေးထားတဲ့ မြေကြီးထဲမှာ လူပုံအလယ် အရှက်ခွဲခံရခြင်း ဆိုတာလား ? သူ တစ်ချက် တုန်တက်သွားသည်။

သူတို့သည် မြည်းလှည်းလေးဖြင့် အေးအေးဆေးဆေး ထွက်လာခဲ့ကြပြီး၊ မရောက်တာကြာပြီဖြစ်သော ဆရာတစ်ရာ ဂေဟာ ရှေ့သို့ ရောက်လာကြသည်။ ယနေ့ ခန်းမထဲတွင် လူသိပ်မရှိပေ။ ယခုလ တာဝန်ကျသော တောက်ရန်မှာလည်း ပထမရက်မနက်ပိုင်းကလွဲ၍ ကျန်သည့်အချိန်များတွင် မရှိတတ်ပေ။

သူတို့သည် လဟာပြင်ကွင်းပြင်တွင် ရပ်လိုက်စဉ်မှာပင် ငွေရောင်ပေါက်ပြားကိုင်ထားသော လူတစ်ယောက် ဝှစ် ခနဲ ဆင်းသက်လာသည်။

“စုကျို—”

ရောက်လာသူမှာ အခြားသူမဟုတ်၊ ကျောက်စိမ်းခါးပတ် ၈ ခု လွင့်ပျံနေသော ကျူးပိုင်ယွီပင်။ သူသည် ငွေရောင်ပေါက် ပြားကို ခြေထောက်ဖြင့်ချိတ်ကာ စုကျိုကို ကြည့်ပြီး ပြုံးပြလိုက်သည်။

“ဒီတစ်ခါတော့ မင်း အရွက်ခူးတဲ့နေရာမှာ ထိပ်ဆုံးကပါလိမ့်မယ်လို့ ငါလောင်းထားတာ၊ စုစုပေါင်း ဝိညာဉ်ကျောက် တုံး သုံးထောင်နိုင်ခဲ့တယ်” ကျူးပိုင်ယွီ ပြောသည် - “အဲဒီထဲက ငါးပုံတစ်ပုံကို မင်းကို ပေးမယ်”

သူ မြည်းလှည်းပေါ်ရှိ စုကျိုထံသို့ ငွေအိတ်တစ်အိတ် လှမ်းပစ်ပေးလိုက်သည်။

ဝိညာဉ်ကျောက်တုံး ခြောက်ရာ

စုကျိုသည် သူမလက်ထဲရှိ ငွေအိတ်ကို အလေးချိန်ဆန်းကြည့်လိုက်ရာ တော်တော်လေးလေးလံနေသဖြင့် ချက်ချင်းပင် ပြုံးဖြဲဖြဲ ဖြစ်သွားရတော့သည်။

အင်း... ဒီလို လေးလံကျစ်လျစ်တဲ့ သာမန်ငွေအိတ်ရဲ့ ခံစားချက်ကို သူ ပိုသဘောကျသည်။ ရတနာတွေ၊ ဒင်္ဂါးပြားတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေရဲ့ အလေးချိန်ကြောင့် သူ့လက်မောင်းက ကြွက်သားတွေဟာ တင်းတောင့်သွားပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တိုင်းဟာ ပျော်ရွှင်မှုကြောင့်တုန်ယင်နေကြသည်။ ဤခံစားချက်က သူ့ကို အကြာကြီး စိတ်လှုပ်ရှားနေစေနိုင်သည်။

“နည်းနည်းတော့ နည်းနေသလားလို့” စုကျို မော့ကြည့်ပြီး ခပ်မြန်မြန်ပြောလိုက်သည်။

ကျူးပိုင်ယွီကမူ မကြားချင်ယောင်ဆောင်ကာ - “သူတို့က မင်းကို သုံးကြိမ်ဆက်တိုက် ရှုံးထားတော့ ခဏလောက် ထပ်မလောင်းချင်ကြတော့ဘူးလေ”

စုကျို တောက်တစ်ချက်ခေါက်လိုက်ရင်း ဒီလူတွေရဲ့စိတ်ဓာတ်ကြံ့ခိုင်မှုကို အကဲခတ်လိုက်သည်။ သူတို့က ထပ်မ လောင်းတော့ဘူးဆိုမှတော့ သူ့ဘက်က ဝေစုပိုရဖို့ စကားအများကြီး အပိုပြောမနေတော့ပေ။

“ကောင်းပြီ၊ သွားကြစမ်း... ငါ မိစ္ဆာသောင်းသောင်းဂေဟာကို သွားတော့မယ်”

စုကျို ကျူးပိုင်ယွီကို လက်ယမ်းပြလိုက်ပြီး မြည်းလှည်းပေါ်မှ သူ့ ဝှီးချဲကို ကိုယ်တိုင် မောင်းနှင်ဆင်းလာခဲ့သည်။ စုကျီကျီနှင့် စုရှင်းချန်တို့က ဝိုင်းတွန်းပေးရန်ပြင်သော်လည်း သူမက ငြင်းလိုက်သည် - “ဒီနေ့ကစပြီး နင်တို့ ငါ့ကို တွန်းပေးစရာ မလိုတော့ဘူး”

ပြောပြောဆိုဆိုဖြင့် သူ့အင်္ကျီလက်ထဲမှ တစ်ပုံစံတည်းတူသော သစ်သားခြေထောက် လေးခုကိုထုတ်လိုက်သည်။

စုကျီကျီနှင့် စုရှင်းချန်တို့မှာ မှင်သက်သွားကြသည်။ မိစ္ဆာကျွန်ရွေးတာကို ကြည့်ချင်သဖြင့် ဇွဲကောင်းကောင်းနှင့် စောင့်နေသော ကျူးပိုင်ယွီပင်လျှင် မျက်လုံးများပြာဝေသွားရသည် - “ဒါက ဘာကြီးလဲ ? မင်းရဲ့ ပါရမီနဲ့ ထပ်လုပ် လိုက်ပြန်တာလား?”

ထိုသစ်သားခြေထောက်များသည် လူ့ခြေထောက်ကိုထုလုပ်ထားသကဲ့သို့ပင်။ ကြွက်သား အကြောများ၊ အရိုးတည် ဆောက်ပုံနှင့် ခြေထောက်ရှိ ခြေအိတ်လေးများအထိ သက်ရှိထင်ရှားအတိုင်းပုံဖော်ထားသည်။

“ဖယ်ကြစမ်း”

စုကျိုက သစ်သားခြေထောက်လေးခုကို မြေပြင်ပေါ်ချလိုက်ရာ ၎င်းတို့က ရှေ့သို့ နှစ်လှမ်း တက်လာကြသည်။

[ ချန်ကျိုး၏ ညာဘက်ခြေထောက် (ကူးယူထားသောအရာ): ရီယွမ်အဆင့် ၅ ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု နှင့် ညီမျှသည်။ တစ်နေ့လျှင် မိုင်တစ်ရာခရီးနှင်နိုင်ပြီး သာမန်လူထက် အဆပေါင်းများစွာပိုမြန်သည်။ ]

ဒါကတော့ ဒီနေ့မနက် ချန်ကျိုးအားထိလိုက်စဉ်က အခြေခံအုတ်မြစ်အပြင် သူ ရရှိခဲ့သည့် ကူးယူထားသည့်အရာတွေထဲ မှ တစ်ခုပင်။ စုကျို လက်ဖျစ်တစ်ချက် တီးလိုက်ရာ သစ်သားခြေထောက်လေးခုသည် ဝှီးချဲကိုအပေါ်သို့ မြှောက်မတင် လိုက်ပြီး “တစ်... နှစ်... တစ်...” ဟူသော အသံနှင့်အတူ ရှေ့သို့ ချီတက်တော့သည်။

အရှိန်က မြန်ဆန်ပြီးတည်ငြိမ်လှသည်။ စုကျီကျီ အသည်းအသန် တွန်းပေးရတာထက်ပင် ပိုမြန်နေသေးသည်။ စုကျီကျီ အားကျတကြီး ကြည့်နေသော်လည်း ခဏအကြာတွင် ထိတ်လန့်တုန်လှုပ်သောအမူအရာဖြင့် မြေပြင်ကို လက်ညှိုးထိုးပြလိုက်သည် - “ကျဲ...”

ကျူးပိုင်ယွီကတော့ သရဲမြင်လိုက်ရသည့်အလား ဖြစ်နေသည်။ စုကျိုက လှည့်ကြည့်လိုက်ရာ သူမသည် သစ်သားခြေ ထောက်များ၏အကူအညီဖြင့် မီတာတစ်ဆယ်ကျော် ရောက်နေပြီး သူတို့ထက် အများကြီး ရှေ့ရောက်နေပြီ ဖြစ်သည်။ သို့သော် ညီမလေး လက်ညှိုးထိုးပြရာကို ငုံ့ကြည့်လိုက်သည့်အခါ သူမ သွားလေရာလမ်းတစ်လျှောက်တွင် သွေးစွန်းနေ သော ခြေရာများကို တွေ့လိုက်ရသည်။

တောက်... ကူးယူတဲ့အခါမှာ အမှားအယွင်းတစ်ခုခုပါသွားပြန်ပြီ ထင်ပါရဲ့။ ဒါပေမဲ့ ဘာဖြစ်လဲ၊ အလုပ်ဖြစ်ရင် ပြီးတာပဲ။ လေတစ်ချက်အဝေ့မှာ လွင့်ပါလာတဲ့ ဖုန်မှုန့်တွေက သွေးခြေရာတွေကို ဖုံးလွှမ်းသွားသည်။

စုကျို မြေပြင်ပေါ်ရှိ သွေးစွန်းနေသည့်ခြေရာတွေကို ဂရုမစိုက်ဘဲ မောင်နှမနှစ်ယောက်ကို လှမ်းအော်လိုက်သည် - “မြန်မြန်လာကြ! နေမဝင်ခင် အိမ်ပြန်နားချင်ပြီ”

ထိုစဉ်မှာပင် ချန်ကျိုးနှင့် သူ့မိခင်မှာ နွားလှည်းဖြင့် အပြေးအလွှားရောက်လာကြသည်။ အဝေးကပင် ချန်ကျိုးသည် စုကျိုဝှီးချဲအောက်မှ သွေးစိုနေသော သစ်သားခြေထောက်လေးခုကို ချက်ချင်းမြင်လိုက်ရသည်။

“အဲ့ဒါ ဘာကြီးလဲ!?” သူ့အမေက မျက်လုံးပြူးကြည့်ရင်း အော်လိုက်သည်။

ချန်ကျိုး မျက်နှာမှာ ဖြူဖျော့သွားတော့သည်။ သူ ဒီကို ရောက်ကတည်းက ခြေဗလာနှင့် ကျောက်ခဲတွေအပြည့်ရှိတဲ့ လမ်းပေါ်မှာ လမ်းလျှောက်နေရသလိုမျိုး ထူးဆန်းသည့် ခံစားချက်ကြီး ခံစားနေရခြင်းဖြစ်သည်။ သူလာကတည်းက စိတ်ထဲ တစ်မျိုးဖြစ်နေသော်လည်း၊ မကြာသေးခင်က ခန္ဓာကိုယ်လေ့ကျင့်ခန်းများ အရမ်းလုပ်ထားသဖြင့် ပင်ပန်းနေ ခြင်းဖြစ်မည်ဟု ကိုယ့်ကိုကိုယ် ဖြေသိမ့်နေခဲ့သည်။

ဒါပေမဲ့ တကယ့်အမှန်တရားက ဒီလောက်အထိ ထိတ်လန့်စရာကောင်းလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိချေ!

All Chapters