← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

Chapter 33

ချန်ကျိုးသည် ကျင့်ကြံခြင်းလောကထဲတွင် ၂၃ နှစ်ကြာ ကျင်လည်ခဲ့သော်လည်း ယနေ့ကဲ့သို့ အားအင်ချိနဲ့ကာ မူးမေ့လဲတော့မတတ် ခံစားရသည်မှာ ပထမဆုံးအကြိမ်ပင်။

ကျင့်ကြံသူတို့ မျက်စိမှာအလွန်စူးရှသည်။ စုကျိုဝှီးချဲကို စေတနာ့ဝန်ထမ်း အစေခံများပမာ မြှောက်မတင်ထားသော သစ်သားခြေထောက်လေးခု၏ခြေကျင်းဝတ်များတွင် ထွင်းထုထားသည့် စာလုံးသေးသေးလေးများကို သူ ချက်ချင်း မြင်လိုက်ရသည် -

— ချန်ကျိုး၏ ညာဘက်ခြေထောက် (၁)

— ချန်ကျိုး၏ ညာဘက်ခြေထောက် (၂)

— ချန်ကျိုး၏ ညာဘက်ခြေထောက် (၃)

— ချန်ကျိုး၏ ညာဘက်ခြေထောက် (၄)

ချန်ကျိုး မျက်နှာမှာ သွေးမရှိတော့သလိုဖြူဖျော့သွားပြီး၊ သူ့ခြေထောက်များမှာ ခေါက်ဆွဲဖတ်ကဲ့သို့ ပျော့ခွေသွားကာ ခြေဖဝါးများမှာလည်း အပ်နှင့်အထိုးခံရသလို စူးစူးရှရှနာကျင်လာတော့သည်!

“အိုး... ရောက်လာပြီပဲ” စုကျိုသည် အပေါ်သို့မြှောက်တင်ခံထားရသဖြင့် အမြင်ကျယ်နေကာ၊ အပြေးအလွှားရောက် လာသော ချန်ကျိုးနှင့် သူ့အမေကို ချက်ချင်းလှမ်းမြင်လိုက်သည်။

သူ ယနေ့ စိတ်ကြည်လင်နေသည်။ ယနေ့မနက်က ချန်ကျိုးဆီမှ ကူးယူရရှိခဲ့သော အခြေခံအုတ်မြစ်နှင့် သစ်သားခြေ ထောက်များမှာ အလွန်အသုံးဝင်နေသည် မဟုတ်ပါလား ? အထူးသဖြင့် အခြေခံအုတ်မြစ်ကြောင့် သူမသည် မြင့်မြတ်သောသစ်ပင်ကို စိုက်ပျိုးနိုင်ခဲ့ပြီး မိစ္ဆာကျွန်ဆုကိုပါ ရရှိခဲ့သည်။

စုကျိုသည် ဤတိရစ္ဆာန်ကောင်မှာ ယနေ့ အတော်လေးအသုံးဝင်နေသည်ဟုပင် ခံစားနေရသည်။

“မဆိုးပါဘူး၊ နင့်ဆီကနေ အဖိုးတန်တာလေးတွေ ညှစ်ထုတ်လို့ရနေသေးသားပဲ၊ နင့်ရဲ့ အခြေခံအုတ်မြစ်က သေးပေမဲ့ ပိုးစာစိုက်ပျိုးခြင်းကျမ်းစာထဲမှာ ပြောထားသလိုပေါ့... မီးပုံထဲတိုးတဲ့ ပိုးဖလံလေးတောင်မှ ဘာမှမရှိတာထက်စာရင် အသုံးဝင်ပါသေးတယ်”

စုကျို ချန်ကျိုးကို ခေါင်းညိတ်ပြလိုက်ရင်း - “ဒီအတိုင်း ဆက်ကြိုးစားပါဦး”

ချန်ကျိုး အနောက်သို့ အကြိမ်ကြိမ် ယိုင်တိုင်တိုင်ဆုတ်သွားမိသည်။ သူလည်း ထိုစာအုပ်ကို ဖတ်ဖူးသလို ဤလျှို့ဝှက် နည်းစနစ်ကိုလည်း သိသည်။ သူ မြင်တွေ့ခဲ့ရသည့်အတိုင်း သူမသည် သူ့အခြေခံအုတ်မြစ်နှင့်တူသော အရာငါးခုကို ပိုးစာပင်ထဲထည့်သွင်းကာ အဖိုးတန်သစ်ပင်အဖြစ်ပြုစုခဲ့ခြင်းပင်။

ချန်ကျိုး ထိတ်လန့်သွားရသည်။ ဒါ ဘယ်လိုစွမ်းအားမျိုးလဲ?

သူ့ရဲ့ဝိညာဉ်ပလ္လင်ထဲမှာရှိတဲ့ အခြေခံအုတ်မြစ်ကို တစ်ထပ်တည်းကျအောင် ကူးယူနိုင်တဲ့ပုံပဲ။ ကွာခြားချက်ကတော့ ကျင့်ကြံမှုအဆင့်က လွန်ခဲ့တဲ့ ငါးနှစ်က သူ ရောက်ခဲ့သည့် ရီယွမ်အဆင့် ၅ လောက်သာရှိနေခြင်းပင်။ အားနည်းတယ် ဆိုပေမဲ့ သူက ကိုးခုတောင် ကူးထားတာလေ။

ပြီးတော့ တစ်ခုချင်းစီက... ဒီသစ်သားခြေထောက်တွေလိုပဲ သူနဲ့ဆက်နွှယ်နေသေးတယ်! နာတယ်... တကယ်ကို နာကျင်လှသည်!

“စုကျို... အဲ့လေးခုကို ငါ့ကို ပြန်ပေးလို့ရမလား?” ချန်ကျိုး လက်များတုန်ယင်နေပြီး၊ ဒေါသ၊ အံ့ဩမှုနှင့် ကြောက်ရွံ့မှု တို့ ရောပြွမ်းနေတော့သည်။

သူမရဲ့စွမ်းအားက သူ့ခန္ဓာကိုယ်ကိုသုံးပြီး သူနဲ့ဆက်နွှယ်နေတဲ့၊ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နီးပါးရှိတဲ့ ရုပ်သေးတွေကို ဖန်တီးနိုင်တာလား? ဒါ ဘယ်လိုတောင် ကောင်းကင်ကိုဆန့်ကျင်တဲ့ သစ်သားဓာတ်စွမ်းအားမျိုးလဲ! သူ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့ပါဘူး!

အခြေခံအုတ်မြစ်ပြီးတော့ ခြေထောက်လား! နောက်ထပ် ဘာတွေဖြစ်လာဦးမှာလဲ ? သူမက သူ့ကို ဘယ်လို နာကျင်မှုတွေ ထပ်ပေးဦးမှာလဲ ? သူက မိစ္ဆာမလား?!

ချန်ကျိုးသည် အမည်မသိကြောက်ရွံ့မှုတစ်ခု၏ ဝါးမြိုခြင်းကိုခံလိုက်ရပြီး၊ လှိုင်းလုံးကြီးများအောက်တွင် နစ်မြုပ်နေကာ အသက်ရှူပင် မဝတော့သလိုခံစားနေရသည်။ သူ ကြောက်လွန်း၍ တုန်ယင်နေမိသည်။

သို့သော် အဘွားကြီးချန်ကမူ ဝိညာဉ်စွမ်းအင်တွေ ထွက်ပေါ်နေတဲ့ သစ်သားခြေထောက်လေးခုကို ကြည့်ပြီး လောဘ မျက်လုံးများ ဝင်းခနဲဖြစ်သွားသည် - “ဟုတ်တယ်၊ ငါ့သားပြောတာ မှန်တယ်၊ စုကျို... ဒီခြေတံရှည် ဝိညာဉ်ရတနာ လေးခုကို ငါတို့ကို ပေးစမ်း”

ဤသစ်သားခြေထောက်များမှာ သူမသား၏ခြေထောက်နှင့် တစ်ပုံစံတည်းတူနေသည်ကို သူမ လုံးဝ သတိမပြုမိပေ။ ကျူးပိုင်ယွီနှင့် စုရှင်းချန်တို့က သူမအား ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

“ဒီတုတ်တွေက ကြည့်ရတာ ရုပ်ဆိုးလိုက်တာ၊ ခြေထောက်တွေက တိုပြီး တုတ်နေတာပဲ၊ ပြီးတော့ ခြေခွင်နေသေး တယ်၊ ဘာလို့ ခြေမွှေးတွေက ဒီလောက်များနေရတာလဲ ? စုကျို... မင်းက မိန်းကလေးငယ်လေးပဲလေ၊ ပိုလှတဲ့အရာ တွေသာ သုံးသင့်တာ၊ ငါကတော့ အိုပါပြီ၊ ရုပ်ဆိုးတာလည်း သုံးနိုင်ပါတယ်၊ ငါက အနုအရွမရွေးတတ်ပါဘူး”

အဘွားကြီးချန်သည် သစ်သားခြေထောက်များကို တတွတ်တွတ် ဝေဖန်ပုတ်ခတ်နေတော့သည်။

“ဘယ်လက်သမားက လုပ်လိုက်တာလဲ မသိဘူး၊ ရုပ်ဆိုးလိုက်တာ! အမယ်လေး... ဒီလေးခုစလုံး တစ်ခုမှ မကောင်းဘူး၊ တကယ့်ကို အကြည့်ရဆိုးတာ...”

ချန်ကျိုး: “???”

“ခစ်... ခစ်...” စုကျီကျီ မအောင့်နိုင်တော့ဘဲ အသံထွက်အောင် ရယ်ချလိုက်သည်။

စုကျို ပြုံးလျက် အဘွားကြီးချန်ကို ခေါင်းညိတ်ပြလိုက်သည် - “ဟုတ်ပါရဲ့” ထို့နောက် သူမသည် ချန်ကျိုး၏ ခန္ဓာကိုယ် အောက်ပိုင်းကို နှာခေါင်းရှုံ့ကာ တစ်ချက်ကြည့်လိုက်သည်။

ချန်ကျိုး မျက်နှာကြီး နီရဲသွားတော့သည်!

“ကဲ... ရုပ်ဆိုးတယ်လို့ ထင်ရင်လည်း ဒီရုပ်ဆိုးတဲ့အရာတွေကိုပဲ ငါ့ကို ပေးလိုက်စမ်း!”

အဘွားကြီးချန် စုကျိုထံသို့ ရဲရဲတင်းတင်း လမ်းလျှောက်သွားပြီး လှမ်းလုရန်ပြင်တော့သည်။

စုကျို ဝှီးချဲမှာ ဤခြေထောက်များပေါ်တွင် တင်ထားခြင်းဖြစ်ပြီး တစ်ခုဖြုတ်လိုက်သည်နှင့် လဲကျသွားမည်ကို သူမ လုံးဝဂရုမစိုက်ပေ။ စုကျို သဘောတူသည်ဖြစ်စေ၊ မတူ သည်ဖြစ်စေ သူမ အပိုင်ဟု သတ်မှတ်ထားပုံရသည်။

စုကျိုကတော့ ခပ်တိုးတိုး ရယ်မောလိုက်သည်။

ထိုစဉ်မှာပင် မျက်နှာလေးနီရဲနေသော စုကျီကျီသည် သူမ ပေါက်ပြားအရှည်ကြီးကို အဘွားကြီးချန်ဆီသို့ ဝှေ့ယမ်းလိုက် ပြီး - “ငါ့အစ်မကို လာမထိနဲ့! ဒါကို ကြည့်ထားလိုက်၊ ပေါက်ပြားပေါက်ခြင်း နည်းစနစ်!”

အဘွားကြီးချန် ပေါက်ပြားအား သူ့ညာလက်ဖြင့် ပုတ်ထုတ်လိုက်ပြီး ဝါကျင့်ကျင့်သွားများကိုဖြဲလျက် စုကျီကျီထံ မထီမဲ့မြင် ပြုံးပြလိုက်သည် - “ဒီကလေးမလေးက ငါ့လမ်းကို ပိတ်ရဲတယ်ပေါ့လေ?”

သူမ စုကျီကျီကို တွန်းထုတ်လိုက်ရာ ပေါက်ပြားလေးမှာလွင့်စင်သွားတော့သည်။ သို့သော် အဘွားကြီးချန် တစ်ယောက် ကျေနပ်ရုံရှိသေး... ဘုန်း ခနဲ အသံနှင့်အတူ သစ်သားခြေထောက်တစ်ဖက်က သူမ ရင်ဘတ်ဘယ်ဘက်ခြမ်းအား ကန်ထည့်လိုက်ပါတော့သည်!

ထိုသစ်သားခြေထောက်မှာ သူမအား ၅ ချက်ဆင့်ကန်လိုက်ခြင်းပင်!

အဘွားကြီးချန် အနောက်သို့အရှိန်ဖြင့် ယိုင်သွားပြီး ငုံ့ကြည့်လိုက်ရာ လေထဲတွင် ဝှေ့ယမ်းကာ ကန်ကျောက်နေသော သစ်သားခြေထောက်တစ်ဖက်ကိုတွေ့လိုက်ရသည်။ စုကျိုတွင် ဝှီးချဲကိုထောက်ထားသော ခြေထောက်လေးခုအပြင် ပဉ္စမမြောက် ဝိညာဉ်လက်နက်တစ်ခုရှိနေသေးခြင်းပင်။

“ရီယွမ်အဆင့် ၅ ခန္ဓာကိုယ်ကြံ့ခိုင်မှုလား ? ကောင်းတယ်!” အဘွားကြီးချန်မျက်လုံးများမှာ ပိုမိုလောဘတက်လာ သည်။

ဒီခြေထောက်တစ်ဖက်တည်းတင် အနည်းဆုံး ဝိညာဉ်ကျောက်တုံး ၃ ရာကနေ ၅ ရာအထိ တန်ဖိုးရှိသည်။ သူ့ရှေ့မှာ တော့ ၅ ခုတောင် ရှိနေတာလေ။

အဘွားကြီးချန် သစ်သားခြေထောက်၏ အားအနည်းဆုံးအလယ်ဗဟိုကို ဘုန်း ခနဲနေအောင် လက်သီးဖြင့် ထိုးချလိုက် သည်။ ၎င်းကို ချုပ်ကိုင်ပြီးနောက် နောက်ထပ်လက်သီးချက်များစွာဖြင့် ဆက်တိုက်ထိုးလိုက်ရာ ခြေထောက်အတွင်းမှ ဝိညာဉ်အလင်းတန်းများ မှိန်ဖျော့သွားတော့သည်။ ထို့နောက် သူမ ၎င်းကို မြေကြီးထဲသို့တစ်ဝက်ခန့် နစ်ဝင်သွားအောင် ရိုက်သွင်းလိုက်ပြန်သည်။

“စုမိသားစုက ကောင်မလေး... ဒါကို ကောင်းကောင်းမွန်မွန်သာ ပေးလိုက်စမ်း၊ မဟုတ်ရင် ဒီရုပ်သေးခြေထောက် ငါးခုစလုံးကို ငါချိုးပစ်မယ်၊ နှစ်ဦးနှစ်ဖက် အရှုံးဖြစ်ကုန်မယ်နော်...”

အဘွားကြီးချန်က သစ်သားခြေထောက်ကို ရက်ရက်စက် စက် နင်းခြေလိုက်သည်။

စုကျိုကမူ နှုတ်ခမ်းကို တွန့်ရုံမျှသာ ပြုံးပြလိုက်၏။

“အားးးးးးး!”

အဘွားကြီးချန်၏ခြိမ်းခြောက်စကား မဆုံးသေးခင်မှာပင် သူ့အနောက်မှ သားဖြစ်သူ၏စူးရှလှသော အော်ဟစ်သံကို ကြားလိုက်ရသည်။ သူ ထိတ်လန့်သွားပြီး ချက်ချင်းလှည့်ကြည့်လိုက်ရာ—

သူမ၏အဖိုးတန်သားလေးမှာ ညာဘက်ခြေသလုံးအလယ်ကိုဆုပ်ကိုင်လျက် မြေပြင်ပေါ်တွင် လူးလိမ့်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ချွေးများရွှဲလျက် နှုတ်ခမ်းများပင် ဖြူဖျော့နေပြီဖြစ်သည်။

“အမေ... တော်တော့... သူ့ကို မရိုက်ပါနဲ့တော့... လွှတ်လိုက်ပါတော့!”

အဘွားကြီးချန်: “?”

“သား... ဘာဖြစ်လို့လဲ?”

အဘွားကြီးချန် ပျာယာခတ်သွားပြီး သစ်သားခြေထောက်ကိုနင်းထားလျက်သားဖြင့် သားဖြစ်သူဆီသို့ ခုန်ကူးသွားတော့သည်။

ဤသို့ အလျင်စလိုလုပ်လိုက်ရာ သူမ၏ရီယွမ်အဆင့် ၆ စွမ်းအားများ ပေါက်ကွဲထွက်သွားပြီး သူ နင်းထားသော သစ်သားခြေထောက်မှာ ထိုအလေးချိန်ကို မခံနိုင်တော့ပေ။ ကွဲခနဲ အသံနှင့်အတူ သစ်သားထု၏ဒူးဆစ်နေရာတွင် အက်ကြောင်းလေးခု ပေါ်လာတော့သည်။

“အားးး!”

ချန်ကျိုး နာကျင်လွန်းသဖြင့် မူးမေ့လဲသွားတော့သည်။

အဘွားကြီးချန်: “...!”

ကြည့်နေကြသော ကျူးပိုင်ယွီ၊ စုကျီကျီနှင့် စုရှင်းချန်တို့မှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။ စုကျိုကမူ လက်ဖျစ်တစ်ချက် တီးလိုက်ရာ မြေကျင်းထဲမှပျက်စီးနေသော သစ်သားခြေထောက်မှာလွင့်ထွက်လာပြီး သူမခါးရှိ သိုလှောင်အိတ်ဟောင်းလေးထဲသို့ ပြန်ဝင်သွားတော့သည်။

ထိုသို့ဆွဲယူလိုက်၊ ပျံတက်လိုက်နှင့် ပြန်ကျလာသည့် ဖြစ်စဉ်အတွင်း သစ်သားခြေထောက်မှ သစ်စငယ်နှစ်စမှာပြုတ်ကျ ကျန်ရစ်ခဲ့သည်။ ချန်ကျိုးမှာ တစ်စစီအလှီးခံနေရသလို အော်ဟစ်ကာ နာကျင်မှုကြောင့် ပြန်နိုးလာပြန်သည်။

အဘွားကြီးချန်မှာ မယုံနိုင်ဘဲစိုက်ကြည့်နေမိသည်။ သူမ သား၏ဘောင်းဘီစကို မတင်ကြည့်လိုက်သော်လည်း မည်သည့်ဒဏ်ရာမှ မရှိပေ။ သူမ မော့ကြည့်လိုက်ပြန်တော့ စုကျို၏ဝှီးချဲမှာ သစ်သားခြေထောက်လေးခု၏ တစ်ညီတစ်ညာတည်း သယ်ဆောင်မှုဖြင့် သခင်တစ်ရာခန်းမထဲသို့ ဝင်သွားပြီ ဖြစ်သည်။

စုရှင်းချန်လည်း မြည်းလှည်းကိုအမြန်မောင်းကာ ညီမငယ်နောက်သို့ လိုက်သွားတော့သည်။ ကျူးပိုင်ယွီသည်တော့ အနောက်မှာ ကျန်ခဲ့ပြီး၊ ခြေထောက်ကိုဆုပ်ကိုင်ကာ အသည်းအသန် အော်နေသော ချန်ကျိုးအား တစ်ချက်ကြည့်ကာ နွေးထွေးခြင်းအဆောင်နှစ်ခုကို ကိုယ့်ကိုကိုယ် ကပ်လိုက်ရင်း မျက်နှာလွှဲကာထွက်လာခဲ့တော့သည်။

အဘွားကြီးချန်မှာတော့ ရှေ့တိုးနောက်ဆုတ်သွားနေသော သစ်သားခြေထောက်များ၏ခြေကျင်းဝတ်မှ စာသားကို နောက်ဆုံးတွင် အသေအချာမြင်လိုက်ရတော့သည်— ချန်ကျိုး၏ညာဘက်ခြေထောက် တဲ့။

“!”

မြူခိုးများ ဖုံးလွှမ်းနေသော သခင်တစ်ရာဂေဟာ၏နောက်ဘက်ဝင်းတံခါးကြီးသည် စုကျိုရှေ့တွင် ပွင့်သွားတော့သည်။ သူ့လက်ထဲရှိ မိစ္ဆာကျွန်ရွေးချယ်ခွင့် တံဆိပ်ပြားမှာ ပူနွေးလာသည်။

ဝင်း၏အနောက်တောင်ဘက်ထောင့်တွင် ဝိညာဉ်ရက်ကန်း စင် မိန်းကလေး ၁၂ ဖော် ထွင်းထုထားသော နံရံကို ကျော်ဖြတ်ပြီး၊ ဘယ်ဘက်စင်္ကြန်လမ်းအတိုင်း လျှောက်လာရာ ရေတွင်း ၃ တွင်းကို တွေ့လိုက်ရသည်။

[ ထွက်ပေါက် ]

[ ဖြတ်သန်းမှု ]

[ ဝင်ပေါက် ]

ထိုရေတွင်းသုံးတွင်း၏ကျောက်နံရံများပေါ်တွင် မင်စာလုံးများ ရေးထိုးထားသည်။ စုကျို စိတ်ဝင်စားသွားသည်။ ဒီနေရာရဲ့အဝင်အထွက်က ပထမနဲ့ တတိယရေတွင်းတွေပေါ့။

ထိုစဉ်မှာပင် အလယ်ရှိဖြတ်သန်းမှုဟု ရေးထားသော ရေတွင်းမှာ အလင်းဖျော့ဖျော့ထွက်ပေါ်လာပြီး စုကျိုလက်ထဲမှ တံဆိပ်ပြားနှင့်တုံ့ပြန်နေတော့သည်။ တံဆိပ်ပြားမှ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာပြီး ရေတွင်းထဲရှိ ရေမှော်ပင်များက ရေမျက်နှာပြင်ပေါ်တွင် စာလုံးလေးများအဖြစ် စုဖွဲ့လာသည် -

“— ဝိညာဉ်ကျောက်တုံး ၁၀၀ ပစ်ထည့်ပြီးနောက်၊ မိစ္ဆာကျွန်မျှော်စင်သို့ တိုက်ရိုက်သွားရောက်ရန် ရေတွင်းထဲသို့ ဆင်းပါ”

စုကျို မျက်ခုံးပင့်လိုက်မိသည်။ ဓာတ်လှေကားစီးခက ၁၀၀ တဲ့လား ? ဒါ ဓားပြတိုက်နေတာပဲ။

“ကျဲ... ကျီကျီ မလိုက်တော့ဘူး” စုကျီကျီ နှမြောတသဟန်ဖြင့် ရေတွင်းဝကို စူးစမ်းကြည့်ရင်းပြောသည် - “ကျီကျီ အပြင်မှာပဲ စောင့်နေမယ်”

စုရှင်းချန်က ငုံ့ကြည့်ကာ သူ့ငွေအိတ်ကို မွှေနှောက်ပြီး ဝိညာဉ်ကျောက်တုံးကြီး နှစ်တုံးထုတ်ပေးလိုက်သည် - “ရော့... ဒီမှာ၊ တယ်လီပို့ရေတွင်းထဲ ဝင်ခွင့်ရတဲ့ ကျင့်ကြံသူတွေဟာ သူတို့ရဲ့ဝိညာဉ်တွေကိုပါ သန့်စင်ခွင့်ရတယ်လို့ ငါ ကြားဖူးတယ်”

စုကျိုက တစ်ခါတလေကျရင် အတော်လေး ကပ်စေးနှဲတတ်သည်ကို သူ သတိထားမိသည် - “ဒီလိုအခွင့်အရေးမျိုးက ရှားပါတယ်၊ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ... အဆင့်တက်ဖို့ဆိုရင် ဝိညာဉ်ကျောက်တုံးတွေကို နှမြောမနေပါနဲ့ဆို”

စုကျို ခေါင်းညိတ်ပြပြီး ကျောက်တုံးတွေကိုတွန့်ဆုတ်မနေဘဲ လက်ခံကာ ရေတွင်းထဲပစ်ထည့်လိုက်သည်။ ချက်ချင်းဆိုသလို ရေတွင်းဝမှ ဝိညာဉ်မြူခိုးများလိပ်တက်လာတော့သည်။

“စုကျို... ငါလည်း လိုက်မယ်ဟေ့”

ကျူးပိုင်ယွီ ချက်ချင်းဆိုသလိုတိုးဝင်လာသည်။

သူသည် ဝိညာဉ်ကျောက်တုံးကြီး သုံးတုံးကို ရေတွင်းထဲပစ်သွင်းလိုက်ပြီး၊ သူ့လက်များမှ နွယ်ပင်နှစ်ပင် ထွက်ပေါ်လာ ကာ စုကျီကျီနှင့် စုရှင်းချန်တို့ကိုရစ်ပတ်လိုက်သည်။ ထို့နောက် စုကျို၏ဝှီးချဲထက်အရင် ရေတွင်းထဲသို့ ခုန်ဆင်းသွား တော့သည်။

သူသည် သူမကို လက်ယမ်းပြလျက် ပြုံးပြသည် - “ငါပဲ ပိုက်ဆံပေးပါ့မယ်၊ ငါ့ကိုလည်း လိုက်ပြဦးလေ”

ကျူးပိုင်ယွီသည် အကျိုးအမြတ်မရှိပါက ဘာမှလုပ်မယ့်သူ မဟုတ်ပေ။ ဒီလောင်းကစားဒိုင်ရှင်က ဒီလောက်တောင် စိတ်ကောင်းဝင်နေတာလား? စုကျို ခပ်တိုးတိုး ရယ်လိုက်မိသည်။

သူမသည် သစ်သားခြေထောက်များကို ခိုင်းစေကာ ရေတွင်းထဲသို့ဆင်းလိုက်သည်။ ကျူးပိုင်ယွီ လုပ်ပြသွားသည့် အတိုင်း ဤရေတွင်းသည် ဓာတ်လှေကားနှင့်မခြားနားကြောင်း သူ သိလိုက်ရသည်၊ ရေထဲ နစ်မသွားဘဲ ရေမျက် နှာပြင် ထက်တွင် ရပ်နေရခြင်းဖြစ်သည်။

ရေတွင်း၏အတွင်းဘက် ကျောက်နံရံတွင် တောက်ပသော ဝိညာဉ်သင်္ကေတများစွာပေါ်လာသည် -

[ ဝိညာဉ်လက်နက် သိုလှောင်ရုံ ]

[ ဆေးလုံးမျှော်စင် ]

[ မိစ္ဆာကျွန်ဂေဟာ ]

...

[ ရာအိမ်မှူးများ နားနေဆောင် ]

...

ရေတွင်းနံရံရှိ မိစ္ဆာကျွန်ဂေဟာစာလုံးမှာ လင်းထိန်လာပြီး ကျန်သည့် ရွေးချယ်စရာများမှာ မှိန်သွားတော့သည်။

သူမ ကျူးပိုင်ယွီကို ပြုံးစစဖြင့်ကြည့်လိုက်သည် - “အစ်ကိုကျူး... ကြည့်ရတာ ကူးယူထားတဲ့ရုပ်တုက ရှင်နဲ့လည်း ဆက်နွှယ်မှု ရှိနေပုံပဲနော်”

လက်ပိုက်ကာ ယုံကြည်ချက်အပြည့်ဖြင့် ရပ်နေသော ကျူးပိုင်ယွီ၏ကိုယ်လုံးကြီးမှာ တစ်ချက်တုန်တတ်သွားရသည်။

စုကျို ဆက်၍ပြုံးပြသည် - “အဲဒါကြောင့် အဲဒီနေ့က အစ်ကိုကျူး အမြန်ပြေးသွားတာကိုး၊ ဒါပေမဲ့ ဒီနေ့ကျတော့ ရှင်က ကျွန်မနောက်ကို အတင်းလိုက်နေပြန်ရော”

စုရှင်းချန်နှင့် စုကျီကျီတို့က အံ့ဩတကြီး လှည့်ကြည့်လာကြသည်။

“...”

ကျူးပိုင်ယွီက ခေါင်းလွှဲလိုက်ပြီး အေးစက်စက် အပြုံးဖြင့် - “စုကျို... မင်း ဘာတွေပြောနေတာလဲ? ငါ နားမလည်ဘူး၊ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က ချန်ကျိုးနဲ့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေတာ၊ ငါ့အပေါ် ဘာမှသက်ရောက်မှု မရှိနိုင်ပါဘူး”

စုကျို သူ့ညာလက်တွင် ပတ်ထားသော အဝတ်စုတ်ကိုဖြေလိုက်ရင်း ရေတွင်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။

“အိုး... ဟုတ်လို့လား? ဒါပေမဲ့ ချန်ကျိုး တစ်ကိုယ်လုံးနာကျင်နေတာကို မြင်တုန်းက ရှင် ဘာမှ အံ့ဩပုံမရဘူးနော်၊ ရှင် ဒီနေ့ လိုက်လာတာက ကျွန်မက ရှင့်ရဲ့မြေစေးရုပ်တု တစ်ဝက်ကို အကာအကွယ်အနေနဲ့သုံးပြီး အတိုက်ခံရမှာစိုးလို့ မလား? အဲဒီလိုဆိုရင် ရှင့်ရဲ့ခန္ဓာကိုယ်လည်း နာကျင်မှုကိုခံစားရပြီး ကျင့်ကြံမှုကို ထိခိုက်မှာကြောက်လို့ပေါ့”

ကျင့်ကြံနေစဉ် စိတ်အနှောင့်အယှက်ဖြစ်လျှင် အကြောများပျက်စီးနိုင်သလို၊ ကျင့်ကြံမှုအဆင့် နိမ့်ကျသွားခြင်း သို့မဟုတ် သွေးရူးသွေးတန်းပင် ဖြစ်သွားနိုင်သည်။

“သာမန်အချိန် စိုက်ခင်းထဲမှာဆိုရင် ကျွန်မက အမြဲတမ်း အဆင့်အောက်ဆုံးမှာလေ၊ ရှင့်ရဲ့ မြေစေးရုပ်တုကို ဘယ်သူမှ ဒဏ်ရာရအောင်မလုပ်နိုင်မှန်း ရှင်သိတယ်၊ ဒါပေမဲ့ ဒီနေ့ကျတော့ ကျွန်မ မိစ္ဆာကျွန်ဆုရသွားတာကို မြင်ပြီး ရှင် လိုက်လာတယ်၊ အဲဒါ မိစ္ဆာကျွန်ဂေဟာက အန္တရာယ်များလို့လား? ဒါမှမဟုတ် မိစ္ဆာကျွန်တွေက ကျွန်မအတွက် အန္တရာယ်ရှိမယ်လို့ ရှင် ထင်လို့လား ?”

စုကျို ပြုံးကာ - “ချန်ကျိုးအမေက ကျွန်မရဲ့ရတနာကိုလုဖို့ ကြိုးစားမယ့်အထိ ရှင် ကြိုမမြင်နိုင်လောက်ပါဘူး၊ ဟုတ်တယ်မလား?”

ကျူးပိုင်ယွီ ဘာမှ ပြန်မပြောနိုင်တော့ပေ။

ဒါကို တိုက်ပွဲလို့ခေါ်တာလား? ဒါဟာ ချန်ကျိုးအမေနဲ့ စုကျိုတို့ပေါင်းပြီး ချန်ကျိုးရဲ့ ညာဘက်ခြေထောက်ကို ဝိုင်းနှိပ် စက်နေတဲ့ ပြဇာတ်ကြီး မဟုတ်ဘူးလား ?

ကျူးပိုင်ယွီ သက်ပြင်းတစ်ချက် ချလိုက်ပြီး သူ့အပြုံးများ ပျောက်ကွယ်သွားသည် - “မင်း အကုန်ခန့်မှန်းမိသွားတာပဲ၊ စုကျို... မင်း တကယ်ကို ထက်မြက်ပါပေတယ်”

သူသည် အထပ်တစ်ခုလုံးရှိ ခန္ဓာကိုယ်ထုံကျင်ဆေးလုံးအားလုံးကို ဝယ်စုထားသော်လည်း၊ အခုလို ပိတ်ရက်မျိုးမှာ သူ့ခန္ဓာကိုယ်အားထုံကျင်အောင် လုပ်ဖို့ နည်းလမ်းမရှိသေးပေ။ တကယ်လို့ စုကျိုမှ သူ့မြေစေးရုပ်တုအား အကာ အကွယ်အနေဖြင့် သုံးပြီး အထိနာသွားရင်၊ ယနေ့ ချန်ကျိုး၏သနားစရာကောင်းသည့်ပုံစံမျိုးမှ ကျူးပိုင်ယွီ အလှည့် ဖြစ်သွားလိမ့်မည်။ အဲဒါမျိုး ဘယ်လိုလုပ်အဖြစ်ခံရမှာလဲ ?

ကျူးပိုင်ယွီ ရယ်မောလိုက်ပြီး - “ဟုတ်ပါပြီ... ငါက ချန်ကျိုးနဲ့တော့ မတူပါဘူး၊ ငါ့ရဲ့ မြေစေးရုပ်တုလေး တစ်စစီ အကွဲခံရမှာကို မကြည့်ချင်ရုံတင်ပါ၊ အဲဒါ နိမိတ်မကောင်းဘူးလေ”

စုကျို သူ့ ခေါင်းမာမှုကိုကြည့်ပြီး ခပ်တိုးတိုးရယ်လိုက်သည်၊ သူ့အား ထပ်ပြီးအရှက်မခွဲတော့ပေ။

Chapter 34

“မိစ္ဆာကျွန်ဂေဟာက အန္တရာယ်မရှိပါဘူး၊ ဒါပေမဲ့—” ကျူးပိုင်ယွီ စကားမဆုံးခင်မှာတင် သူတို့ရှိနေသည့် ရေတွင်းတစ်ခုလုံး ပြင်းထန်စွာတုန်ခါသွားတော့သည်။

ရေတွင်းဝကနေ ကျောက်တုံးကြီးငယ် အမြောက်အမြားဟာ သူတို့အပေါ်မိုးရွာသလို ပြိုကျလာသည်။

ကျူးပိုင်ယွီ လက်ဖဝါးများမှအစိမ်းရောင်အလင်းတွေ ချက်ချင်းထွက်ပေါ်လာပြီး၊ စိမ်းလန်းတဲ့ နွယ်ပင်ပေါင်းများစွာဟာ တစ်ခုနဲ့တစ်ခု ရစ်ပတ်ကာ အစိမ်းရောင်ဒိုင်းလွှားကြီးတစ်ခုအဖြစ် စုကျိုတို့မောင်နှမတွေကို ကာကွယ်ပေးလိုက်၏။

စုကျီကျီ အံ့ဩတကြီး မော့ကြည့်ရင်း - “ဒါဟာ တယ်လီပို့ရေတွင်းထဲဝင်တဲ့အခါ ဝိညာဉ်ကို လေ့ကျင့်ပေးတယ်ဆိုတဲ့ ဒဏ္ဍာရီထဲက အခွင့်အရေးလားဟင်?”

စုရှင်းချန်ကတော့ တည်ငြိမ်စွာနဲ့ - “ဖြစ်နိုင်တယ်” ဟုဆိုလာသည်။ သူ့နဖူးပေါ်ရှိ သန်မာသောသစ်သား ဝိညာဉ်တံဆိပ်ဟာ လင်းထိန်လာပြီး ကျူးပိုင်ယွီ၏နွယ်ပင်ဒိုင်းလွှားပေါ်ကိုလက်တင်လိုက်သည်။ တစ်ခဏအတွင်း မှာတင် နွယ်ပင်များ၏အပြင်ဘက်တွင် သစ်ခေါက်ဟောင်းတွေ ပေါက်လာသလိုမျိုး သစ်သားနံရံကြီးတစ်ခုအဖြစ် ပိုမိုခိုင်ခံ့သွားစေပါသည်။

“မဆိုးဘူးကွ ဒီကောင်လေး” ကျူးပိုင်ယွီ သူ့ကို ခေါင်းညိတ်ပြလိုက်သည်။

စုကျိုကမူ ပြိုကျလာတဲ့ ကျောက်တုံးတွေကိုမော့ကြည့်လိုက်သည်။ အရွယ်အစားတွေကလည်း မညီ၊ ပြိုကျပုံကလည်း စနစ်တကျမရှိတာကြောင့် ဒါဟာ ဘယ်လိုမှ လေ့ကျင့်ခန်းမျိုးနှင့်တူမနေပါချေ။

ဝိညာဉ်ကို လေ့ကျင့်ပေးတာလား? ကြည့်ရတာ စံမမီတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ပျက်ကျနေတာနဲ့ ပိုတူတယ်။

ရေတွင်းနံရံတွေမှာ ရေမှော်တွေတက်နေပြီး ချောကျိနေတာကြောင့် စုကျို ဒါကိုကူးယူဖို့ပင် တွန့်ဆုတ်နေမိသည်။ ဟောင်းနွမ်းဆွေးမြည့်နေပြီး အရည်အသွေးကလည်း စိတ်မချရချေ။

“ဟုတ်တယ်၊ ငါ လိုက်လာတာက ဒီအထပ်မှာရှိတဲ့ တယ်လီပို့ရေတွင်းတွေက မသုံးတာကြာပြီမို့လို့ပဲ” ကျူးပိုင်ယွီ စိတ်မကောင်းသလို ပြောလိုက်တယ်။ “လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက တောက်ရန်နှင့် တခြားရာအိမ်မှူးတွေဟာ ဒီရေတွင်းသုံးတွင်းကို ပြင်ဖို့အတွက် ဒီအထပ်ကကျင့်ကြံသူတွေဆီက ရံပုံငွေကောက်ခဲ့ကြသေးတယ်”

“ဒါပေမဲ့ သူတို့ စုမိတာက ဝိညာဉ်ကျောက်တုံး ၅၂ တုံးပဲလေ”

စုကျို: “...”

ကျူးပိုင်ယွီ တောက်တစ်ချက်ခေါက်ရင်း - “ဒီရေတွင်းတွေကို နောက်ဆုံးအကြိမ်ပြင်ခဲ့တာက လွန်ခဲ့တဲ့ အနှစ် ၆၀ ကွ”

စုကျီကျီနဲ့ စုရှင်းချန်တို့ မျက်လုံးပြူးသွားကြသည်။

“ချို့ယွင်းချက်တွေက အရမ်းများတယ်၊ ငါတောင် ပုံမှန်ဆို မဝင်ရဲဘူး” ကျူးပိုင်ယွီ စုကျို၏ ပိန်ပါးသည့် ခြေလက် တွေကို ကြည့်ပြီး - “တောက်ရန်တို့ ကိုယ်တိုင်တောင် ဒါကို မသုံးကြဘူး”

သူ စကားပြောလို့လည်း အဆုံး၊ ဘုန်းခနဲ အသံနဲ့အတူ ရေတွင်းကြီး ရပ်သွားရသည်။

ကျောက်တုံး ၃၊ ၄ တုံး ထပ်ပြိုကျလာပြီး မိစ္ဆာကျွန်ဂေဟာဆိုသည့် ဦးတည်ချက်ပြ ဝိညာဉ်စာလုံးတွေဟာ ချက်ချင်း မှိန်သွားတော့သည်။

“... ရောက်... ရောက်ပြီလား ?” စုကျီကျီ အသံမှာ တုန်ယင်နေခဲ့သည်။

ကျူးပိုင်ယွီက နွယ်ပင်တွေကြား လက်တစ်ဖက်ထုတ်ပြီး ရေတွင်းနံရံကို လက်သီးနဲ့ ဘုန်း ခနဲ အားရပါးရ ထိုးချလိုက် သည်။ မိစ္ဆာကျွန်ဂေဟာ ဝိညာဉ်စာလုံးတွေ ပြန်လင်းလာပါပြီးနောက် ရေတွင်းကြီး တုန်ခါသွားပြီး ပြန်လည် ရွေ့လျား သွားပြန်တယ်။

“မကြောက်နဲ့၊ ခဏ ညပ်သွားတာ”

“...”

ညပ်လိုက်၊ ကျောက်တုံးတွေ ပြိုကျလိုက်နဲ့ ၁၃ ကြိမ်လောက် ဖြစ်ပြီးတဲ့နောက်မှာတော့ မူးနောက်နောက် ခံစားချက်နဲ့ အတူ ရေတွင်းကြီးရပ်သွားပါသည်။ သူမ ခြေဖဝါးအောက်မှာ ရေလှိုင်းလေးတွေ ပေါ်လာပြီး - မိစ္ဆာကျွန်ဂေဟာသို့ ရောက်ရှိပါပြီ။ မြို့ထဲသို့ ပြန်လည်ထွက်ခွာရန် တယ်လီပို့ရေတွင်းကိုဆက်လက်အသုံးပြုနိုင်ပါသည်။

စုကျိုတို့အဖွဲ့ : “...”

ကျူးပိုင်ယွီ အရင်ဆုံး ထွက်သွားပြီး စုကျိုထံ ထိတ်လန့်တုန်လှုပ်ဟန်နှင့် ပြန်ကြည့်လိုက်သည်။ တော်သေးတာပေါ့ သူ လိုက်လာလို့၊ မဟုတ်လို့ စုကျိုတစ်ယောက် ရေတွင်းထဲမှာ ညပ်နေရင် သူ့ရဲ့မြေစေးရုပ်တုကို ဒေါသတကြီးနဲ့ ရိုက်ခွဲပစ် မှာသေချာတယ်။ အဲဒီလိုဆိုရင် သူဟာလည်း တစ်စစီဖြစ်သွားပြီး မှောင်မည်းတဲ့ ရေတွင်းထဲမှာ နေ့ညမပြတ်ရေအေး ဒဏ်ခံရတော့မှာလေ။ အဲဒါဆို သူတော့ တကယ်ကြီးသွားပြီ။

ကျူးပိုင်ယွီ အသက်ပြင်းပြင်းရှူပြီး လက်ပိုက်လျက် ရေတွင်းနံရံကို မှီလိုက်သည်။

“ငါ မိစ္ဆာကျွန်ဂေဟာထဲအထိတော့ မလိုက်တော့ဘူး”

“မင်းတို့ ပြန်လာမယ့်အချိန်ကို ဒီမှာပဲ စောင့်နေမယ်”

စုကျို ခပ်တိုးတိုးရယ်ပြီး ရေတွင်းဝကနေ လက်ကိုပြန်ရုပ်လိုက်တယ်။ ဒီနေရာမှာ ဖူရှင်းရဲ့ပါရမီအပိုင်းအစ မရှိသလို၊ ဒီရေတွင်းကလည်း ကူးယူဖို့မထိုက်တန်ဘူးဆိုတာ သူမ သိလိုက်ရပြီလေ။ သူမ သစ်သားခြေထောက်များအား ခိုင်းစေပြီး ရေတွင်းထဲကနေထွက်လာခဲ့သည်။ ပြီးမှ ပြန်လှည့်ကြည့်လိုက်ပြီး - “ကျေးဇူးပဲနော်”

“ဪ... ဒါနဲ့ မေ့လို့၊ ရှင့်ရဲ့ မြေစေးရုပ်တုတွေက မနေ့ကတည်းက ဝိညာဉ်စွမ်းအင်တွေကုန်သွားလို့ ပြုပြင်ဖို့လိုနေပြီ၊ လောလောဆယ်တော့ သုံးလို့မရဘူး”

“ကျွန်မလည်း အဲဒါတွေကို သုံးဖို့အစီအစဉ်မရှိပါဘူး၊ အခုတော့ ပိုလို့တောင်အဆင်ပြေသွားတာပေါ့” စုကျို ပြုံးပြီး လက်ယမ်းပြလိုက်သည်။

ကျူးပိုင်ယွီ: “???”

စုကျီကျီနှင့် စုရှင်းချန်တို့ကတော့ သနားစဖွယ် အကြည့်များနှင့်ပြန်ကြည့်လာကြသည်။ သူ ဒီအထိ အပင်ပန်းခံ လိုက်လာတာ ဘာမှ အကျိုးမရှိတော့ဘူးပေါ့ ? ကျူးပိုင်ယွီရဲ့နှုတ်ခမ်းတွေ တုန်ယင်သွားရသည်။

တစ်ခဏအတွင်းမှာပင် စုကျိုအနောက်မှာ ရေတွင်းကြီးပြန်လည်စတင်တဲ့ အသံတွေထွက်ပေါ်လာသည်။ ကျူးပိုင်ယွီ ထွက်သွားပြီဆိုတာ ထင်ရှားသည်။

“ဘာလို့... သူ့ကို ပြောပြလိုက်တာလဲ ?” စုရှင်းချန် တွန့်ဆုတ်စွာနှင့် စုကျိုအားမေးလိုက်သည်။ အလကားရတဲ့ အကူအညီကို ထားထားတာ ပိုမကောင်းဘူးလား?

တကယ်လို့ သူ့ကို အမှန်အတိုင်းမပြောပြခဲ့ရင် အပြန်ခရီးမှာလည်း ကျူးပိုင်ယွီရဲ့အကာအကွယ်ကို ရနေဦးမှာပဲလေ။

သစ်သားခြေထောက်လေးခုရဲ့ မြှောက်တင်ပေးမှုနဲ့အတူ စုကျိုဟာ ရှေ့ကို မျှော်ကြည့်လိုက်တဲ့အခါ တိမ်တိုက်တွေ၊ မြူခိုးတွေကြားက နတ်ဘုံနတ်နန်းအလား ကျောက်စိမ်းတွေနဲ့ ထုလုပ်ထားတဲ့ အဆောင်အအုံတွေကို လှမ်းမြင်နေရပါ ပြီ။ သူမရှေ့မှာတော့ မိစ္ဆာကျွန်ဂေဟာဆိုတဲ့ ရွှေရောင်ဆိုင်းဘုတ်ကြီးက ခန့်ညားထည်ဝါစွာရှိနေပါတော့သည်။

ဒီနေရာရဲ့ ကျယ်ဝန်းမှုဟာ ပထမထပ်နှင့်လုံးဝကို ကွာခြားလှသည်။ သူမဟာ အခု ဝိညာဉ်ပိုးကောင်ဂေဟာရဲ့ ဘယ်နှစ်ထပ်မြောက်ကို ရောက်နေတာလဲ၊ ဒါမှမဟုတ် ဂေဟာရဲ့ အပြင်ဘက်ကိုပဲ ရောက်နေတာလားဆိုတာ မဝေခွဲနိုင်တော့ပါဘူး။ စုကျိုက ငုံ့ကြည့်ပြီး စုရှင်းချန်ကို ပြုံးပြလိုက်သည်။

“ပိုက်ဆံဆိုတာ ရှာလို့ရတယ်၊ အရင်းအမြစ်ဆိုတာလည်း လုယူလို့ရတယ်”

“မင်းရဲ့လက်သီးကသာ သန်မာနေသရွေ့ပေါ့”

“ဒါပေမဲ့ တချို့အရာတွေကတော့ တစ်ခါဆုံးရှုံးသွားရင် ဘယ်တော့မှ ပြန်မရနိုင်တော့ဘူး”

သူမရဲ့ မူဝါဒတွေ။

သူတစ်ပါးရဲ့ ယုံကြည်မှု၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု။

ကိုယ့်ရဲ့ အဖော်မွန်တွေ။

...

အသက်လုရတဲ့ အခြေအနေမျိုးမှာတော့ ဒါတွေအားလုံးမှာ တန်ဖိုးတစ်ခုစီ ရှိနေတတ်သည်။ ဒါပေမဲ့ အခုမှာတော့... စုကျို ရယ်မောလိုက်သည်။

“ရေတွင်းလေး တစ်တွင်းပဲလေ၊ အဲဒါ တကယ်အရေးကြီးလို့လား?”

“ရှေ့ကိုဆက်လျှောက်ရမယ့်လမ်းက အဝေးကြီးပဲ၊ နောင်တစ်ချိန်မှာ အဖြူရောင်ကျောက်စိမ်း၊ အစိမ်းရောင် ကျောက်စိမ်း၊ အနီရောင်ကျောက်စိမ်းတွေကြားမှာ နင်က ဘာကို အားကိုးမှာလဲ ?”

တစ်နေ့ကျရင် သူမသည် ကိုယ့်ကိုကိုယ်ကလွဲလို့ ကျန်တာအားလုံးကို ရောင်းချပစ်ရမယ့် အခြေအနေမျိုး ရောက်လာနိုင်သည်။

စုကျိုက လက်ဖျစ်တစ်ချက်တီးပြီး ခြေထောက်လေးခုကို အရှိန်မြှင့်ခိုင်းလိုက်ရာ မိစ္ဆာကျွန်ဂေဟာရဲ့ တံခါးဝကို ရောက်ရှိသွားသည်။ စုရှင်းချန်ကမူ အတွေးထဲ နစ်မျောရင်းကျန်ရစ်ခဲ့သည်။ စုကျိုအား ပြန်ကြည့်လိုက်တဲ့အခါ သူ့ရဲ့စိတ်ထဲမှာအစ်မဖြစ်သူအပေါ် ကြည်ညိုလေးစားမှုတွေတိုးပွားလာတော့သည်။

“ဒုတိယအစ်ကို... ကျဲက ဘာကို ဆိုလိုတာလဲဟင်?”

စုရှင်းချန် ညီမဖြစ်သူလက်ကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း - “ငါတို့... ကြိုးကြိုးစားစား ကျင့်ကြံရမယ်”

အပြန်လမ်းမှာ ရေတွင်းထဲကပြုတ်ကျလာမည့် ကျောက်တုံးတွေကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သူ အခုကတည်း က စတင်စဉ်းစားနေပါပြီ။

ကလေးနှစ်ယောက်၏ရှုပ်ထွေးနေသည့် အတွေးတွေကို ဂရုမစိုက်ဘဲ စုကျို ရှေ့ဆုံးကနေ ဦးဆောင်ဝင်သွားလိုက်သည်။ မိစ္ဆာကျွန်နန်းတော်ရဲ့အဝင်မှာတော့ မည်သည့်စစ်ဆေးမှုမှ မရှိပါဘူး။

အတွင်းဘက် ခန်းမဆောင်ရဲ့ ကြမ်းပြင်ဟာ ကျောက်စိမ်းတုံးကြီးလို ချောမွတ်နေပြီး၊ မြင့်မားတဲ့ တိုင်လုံးကြီးတွေပေါ် မှာ ထွင်းထုထားသည့် မိစ္ဆာသားရဲပုံတွေဟာ သက်ရှိထင်ရှားအတိုင်းပင်။ စုကျိုဟာ တစ်နေ့ကျရင် ဒီလိုနေရာမျိုးမှာ နေချင်စမ်းပါဘိနှယ်။

ခန်းမအလယ်မှာတော့ အလုပ်ကိစ္စတွေ ဆောင်ရွက်ပေးဖို့ရာ ရှည်လျားသည့် စားပွဲ ၉ လုံး ရှိနေခဲ့သည်။ စားပွဲတစ်လုံး စီရဲ့အနောက်မှာတော့ သားရဲနားရွက်လေးတွေပါတဲ့ ပိုးဖဲကတ္တီပါဝတ်စုံဝတ် လူငယ်လေးတွေ၊ မိန်းကလေးငယ်လေး များမှာ ပြုံးရွှင်စွာဖြင့် ဧည့်သည်တွေကို ဧည့်ခံနေကြပြီး စားပွဲ ၉ လုံးထဲမှာမှ စားပွဲတစ်လုံးတည်းသာ လွတ်နေခြင်းပင်။

စုကျို သစ်သားခြေထောက်တွေကို ပြန်သိမ်းလိုက်ပြီး ဝှီးချဲနှင့် ရှေ့ကို တိုးသွားသည်။ သစ်သားခြေထောက်တွေဟာ ခြေဗလာဖြစ်နေတာကြောင့် ယခုလိုမှန်သားလို ချောမွတ်နေသည့်ကြမ်းပြင်ထက် သွားရသည်မှာခက်ခဲသောကြောင့် ပင်။

“ဂုဏ်သရေရှိ ဧည့်သည်တော်... ဒီဘက်ကို ကြွပါရှင်” သူမအား လာရောက်ကြိုဆိုသူကတော့ ကြောင်နားရွက်လေးနဲ့ မိန်းကလေးတစ်ဦးသာ။

သူမသည် ကောင်းစွာ လေ့ကျင့်ထားသူပီပီ စုကျို၏ ဝှီးချဲ၊ ၎င်းတို့ရဲ့ ရိုးရှင်းလှသည့် အဝတ်အစားများနှင့် ပထမထပ်ရှိ အဆင့်နိမ့်တံဆိပ်များအားမြင်သော်ငြား မည်သည့်အမူအရာမှပျက်သွားခြင်းမရှိချေ။

“ကျင့်ကြံသူ စုကျို... ရှင်ဟာ အဆင့်နိမ့်မိစ္ဆာကျွန်တစ်ယောက် ရွေးချယ်ခွင့် ရရှိထားပါတယ်ရှင်”

ကြောင်နားရွက်မလေးသည် သူမ၏ အထောက်အထားကို စစ်ဆေးအတည်ပြုပေးလိုက်သည်။

“အင်း... ကျေးဇူးပဲ”

စုကျိုက စုရှင်းချန်နဲ့ စုကျီကျီတို့ကို ထိုင်ဖို့ အချက်ပြလိုက်သည်။ အလုပ်စားပွဲရှေ့က ထိုင်ခုံတွေဟာ နူးညံ့တဲ့ အနီရောင် ပိုးကူရှင်တွေ ခင်းထားတာကြောင့် ပထမထပ်ရှိတန်းလျားရှည်တွေထက် အများကြီးပိုသက်သောင့်သက်သာ ရှိလှသည်။ ထိုင်လိုက်သညိနှင့် ခန္ဓာကိုယ်ထဲရှိ သွေးလေတွေဟာ နှစ်ဆလောက်ပိုမိုကောင်းမွန်လာသလိုခံစားရသည်။

“ကျင့်ကြံသူ စုကျို... ဒီစာရင်းထဲကနေ စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်ရှင်” ကြောင်နားရွက်မလေးက ဝါးပုရပိုက် တစ်ခုအား စားပွဲပေါ်မှာဖြန့်ပြလိုက်ပါသည်။

“ဒီစာရင်းထဲမှာ အဆင့်နိမ့် မိစ္ဆာကျွန် ၃၂၆ ယောက် ပါဝင်ပါတယ်”

“အဆင့်နိမ့် မိစ္ဆာကျွန်တွေဟာ များသောအားဖြင့် ဆင်းရဲတဲ့မိသားစုကနေ အလုပ်လာလုပ်ကြတဲ့ အဆင့်နိမ့် မိစ္ဆာဝိညာဉ်တွေဖြစ်ကြပါတယ်”

“ဒါပေမဲ့ အပြစ်တစ်ခုခု ကျူးလွန်လို့ ဂေဟာကဖမ်းဆီးထားပြီး မိစ္ဆာကျွန်အဖြစ် စေတနာအလျောက် အမှုထမ်းနေသူ အနည်းငယ်လည်း ရှိပါတယ်။ ဂေဟာထဲက လူသားကျင့်ကြံသူတစ်ယောက်ဆီမှာ တစ်နှစ် အမှုထမ်းတာဟာ အကျဉ်းထောင်ထဲ နှစ်နှစ်နေရတာနဲ့ ညီမျှပါတယ်ရှင်”

“တကယ်လို့ အပြစ်ဒဏ်ပေးခံထားရတဲ့ မိစ္ဆာကျွန်မျိုးကိုရွေးချယ်မယ်ဆိုရင်လည်း မစိုးရိမ်ပါနဲ့၊ သူတို့တွေက အလွန် နာခံမှုရှိပြီး စစ်မှန်စွာ နောင်တရနေကြသူတွေပါပဲ”

ကြောင်နားရွက်မလေးမှ ယဉ်ကျေးပျူငှာစွာ ရှင်းပြပေးလာသည်။

“ဒါပေမဲ့ သူတို့ရဲ့ ပြစ်ဒဏ်သက်တမ်းကိုတော့ သတိထားရပါမယ် သူတို့ လွတ်ငြိမ်းချမ်းသာခွင့် ရသွားရင်တော့ ရှင့်ဆီမှာ ဆက်ပြီး အမှုထမ်းမှာမဟုတ်တော့ဘဲ အသစ်တစ်ယောက် ထပ်၊ရွေးရမှာပါရှင်”

စုကျိုက နားလည်ကြောင်းခေါင်းညိတ်လိုက်ပါတယ်။ ဝါးပုရပိုက်ကို ဖွင့်ကြည့်လိုက်တဲ့အခါ အမျိုးမျိုးသော မိစ္ဆာဝိညာဉ် တွေရဲ့ မိတ်ဆက်စာတွေကို တွေ့လိုက်ရသည်။

[ ကြယ်တစ်ပွင့် မိစ္ဆာကျွန် - လီကန်း (ခွေးမျိုးနွယ်) ]

[ ကျွမ်းကျင်မှု - ပိုးစာစိုက်ခင်း စောင့်ရှောက်ခြင်း၊ ငှက်များမောင်းထုတ်ခြင်း ]

[ တစ်နှစ်စာ ငှားရမ်းခ - ၅၉၉၉ ဝိညာဉ်ကျောက်တုံး ]

အတော်လေးကို စျေးပေါတာပဲ။

လျောင်ဟွာရဲ့ ၁၆ ထပ်မြောက်က ကြော်ငြာမှာ မိစ္ဆာကျွန်တစ်ယောက်ကို တစ်နှစ်စာ ဝိညာဉ်ကျောက်တုံး ၅၉,၀၀၀ ပေးရသည်ဟု ရေးထားသည်အား စုကျို သတိရလိုက်မိသည်။

ကြည့်ရတာ သူ့ကိုပေးတဲ့ဆုက အပေါဆုံးစာရင်းထဲကဖြစ်နေပုံပင်။ သို့တိုင် စုကျိုကမူ ဂရုမစိုက်ချေ၊ ဘာပဲဖြစ်ဖြစ် အလကားရတာပဲလေ၊ သူ စိတ်ဝင်တစားနှင့် ဆက်ကြည့်နေလိုက်သည်။

[ အားသာချက် - သစ္စာရှိခြင်း၊ အနံ့ခံအာရုံ ထက်မြက်ခြင်း၊ ကိုယ်လက်ဖျတ်လတ်ခြင်း။ ]

[ အားနည်းချက် - အရာဝတ္ထုများကို ကိုက်ဖြတ်တတ်ခြင်း၊ ဝိညာဉ်လက်နက်များနှင့် အိမ်များကို ဖျက်ဆီးတတ်ခြင်း။ ]

စုကျီကျီ၊ စုရှင်းချန် : "..."

စုကျိုက ပုရပိုက်ကို ခပ်မြန်မြန်ဆက်လှန်လိုက်ပါတယ်။ ခွေးမျိုးနွယ်တွေက အိမ်ဖျက်ရတာ ဝါသနာပါပြီး၊ ကြောင်မျိုး နွယ်တွေကတော့ လူကို ဂရုမစိုက်ဘဲ ပစ်ထားတတ်တာကို သူ တွေ့လိုက်ရတယ်။ ငှက်မျိုးနွယ်တွေက ကိုယ်နံ့ပြင်းပြီး အမွှေးကျွတ်တတ်သလို၊ မြွေမျိုးနွယ်တွေကတော့ ဆောင်းတွင်းမှာအကြာကြီး အိပ်စက်တတ်ပြီး ဆက်ဆံရေး သိပ်မရှိကြချေ။

စုကျို ဒီအားနည်းချက်တွေကို ဂရုမစိုက်ပေ။ သို့တိုင် အရေအတွက်များလွန်းသဖြင့် ကြည့်ရတာ ပင်ပန်းလာသည်။

"ဘယ်သူက ခန္ဓာကိုယ်အကြံ့ခိုင်ဆုံးလဲ?" စုကျို တိုက်ရိုက်သာ မေးလိုက်သည်။

ဒါက သူမအတွက် အရေးကြီးဆုံးအချက်ပါပဲ။ အခုချိန်မှာ သူမအတွက် ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မယ့် အင်အားတစ်ခု အသည်းအသန် လိုအပ်နေတယ်ဆိုတာကို သူ ကောင်းကောင်းသတိပြုမိသည်။ သူမရဲ့ စွမ်းအားတွေ အပြည့်အဝ မရသေးခင်မှာ သစ္စာရှိတဲ့ သက်တော်စောင့်တစ်ယောက်ကအလိုအပ်ဆုံးပင်။ ဒီနေ့ ချန်ကျိုးရဲ့အမေ သူ့ပစ္စည်းတွေကို ပြောင်ပြောင်တင်းတင်းလုယူရဲတာဟာ သူ့မှာ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘူးလို့ ထင်နေခြင်းကြောင့်သာ။

နောင်တစ်ချိန်မှာ စုရှင်းချန်နဲ့ စုကျီကျီတို့မှာလည်း သူတို့သွားရမယ့် ကျင့်ကြံခြင်းလမ်းစဉ်တွေရှိလာလိမ့်ဦးမည်။ ဒါကြောင့် သူ့ရဲ့ အားနည်းတဲ့ သွေးလေနဲ့ ခန္ဓာကိုယ်ကိုအစားထိုးပေးနိုင်မယ့် သန်မာတဲ့သူတစ်ယောက်ကို သူ ရှာရမည်။

"ခံစစ်လည်းကောင်းရမယ်၊ တိုက်စစ်လည်း ပါရမယ်၊ အရှိန်လည်း မြန်ရမယ်၊ သစ္စာလည်း ရှိရမယ်၊ အကောင်းဆုံး ကတော့ အိမ်အလုပ်လည်းလုပ်ပေးနိုင်ရမယ်၊ အပြင်မှာ အချိန်ပိုင်းအလုပ်တွေ လုပ်ပြီး ကျွန်မအတွက် ပိုက်ဆံရှာ ပေးနိုင်ရမယ်၊ ဝေယျာဝစ္စတွေလည်း လုပ်ပေးရမယ်၊ တကယ်လို့ ကျွန်မကို ရယ်မောအောင် ဖျော်ဖြေပေးနိုင်မယ် ဆိုရင်တော့ ပိုတောင်အဆင်ပြေသေးတယ်" ဟု သူဌေးမလေး စုကျိုသည် ကြောင်နားရွက်မလေးအားကြည့်ပြီး ပြောလိုက်သည်။

"..."

ကြောင်နားရွက်မလေးဟာ ခဏလောက်မှင်သက်သွားပေမဲ့၊ ချက်ချင်းမျက်နှာသေနှင့် ခေါင်းငုံ့လိုက်ပြီး - "ရှင့်အတွက် အသန်မာဆုံး အဆင့်နိမ့ မိစ္ဆာကျွန်ကို ရှာပေးပါ့မယ်၊ ခဏစောင့်ပါရှင်"

သူမရဲ့ တောင်းဆိုချက် အရှည်ကြီးကိုတော့ လုံးဝ လျစ်လျူရှုသွားကြတာပါ။ စုကျို စိတ်မရှည်သလို ဖြစ်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကြောင်နားရွက်မလေးရဲ့ မျက်နှာဟာ ထူးဆန်းသွားပါတယ်။ ဝါးပုရပိုက်ရဲ့ နောက်ဆုံးစာမျက်နှာ ကို လှန်လိုက်တဲ့အခါ မှင်သားက စိုစိုလက်လက်နဲ့ အသစ်စက်စက်ရေးထားသည်ကို တွေ့လိုက်ရပြီး စုကျို ချက်ချင်းပဲ ဝမ်းသာသွားသည်။

[ ကြယ်ငါးပွင့် - ချန်ယွမ် (ကြမ်းကြုတ်) - မြွေနှင့်သားရဲ ကပြား ]

[ အထူးပြု - ကြမ်းကြုတ်သော သားရဲ၊ ခွင့်မလွှတ်နိုင်သော ပြစ်မှုများ၊ အထပ် ၃၀ အောက်ရှိ ကျင့်ကြံသူများအတွက် အသုံးမပြုရန် အကြံပြုသည်။ ]

[ အရည်အချင်း - ခန္ဓာကိုယ်အကြံ့ခိုင်မှုမှာ အမြုတေတည်ဆောက်ခြင်းအဆင့်၏ ထိပ်ဆုံးနှင့် ညီမျှသည်။ တိုက်စစ် အရှိန်နှင့် ခံစစ်ကို တိုင်းတာ၍မရပါ။ အခြေခံစွမ်းရည်များကို မသိရပါ။ ]

[ မှတ်ချက် - ၎င်းခန္ဓာကိုယ်ကြံ့ခိုင်မှုအား လွန်ခဲ့သော ၁၀ နှစ်က အမြုတေတည်ဆောက်ခြင်း အဆင့်မြင့် မြွေမိစ္ဆာ ၇ ကောင်ကို သတ်ဖြတ်ခဲ့မှုအပေါ် အခြေခံ၍တွက်ချက်ထားခြင်းဖြစ်ပြီး မှားယွင်းနိုင်ပါသည်။ ]

[ အားနည်းချက် - သင်ကြား၍မရပါ။ မိစ္ဆာအမြုတေအထုတ်ခံထားရသဖြင့် တိုက်ခိုက်ရေးစွမ်းအား တစ်ဝက်ခန့် လျော့နည်းသွားသည်။ မြွေမျိုးနွယ် ဝိညာဉ်မန္တန်များအားလုံးအသုံးမပြုနိုင်ပါ။ အဆင့်တက်၍မရ၊ ကျင့်ကြံ၍မရ၊ ယဉ်ပါးအောင် လုပ်၍မရပါ! ]

[ သတိပေးချက် - အလွန်အန္တရာယ်များသည်။ ]

လွန်ခဲ့သော ၃ နှစ်က - မိစ္ဆာအမြုတေ ထုတ်ယူခြင်းကို ခုခံရင်း အထပ် ၇၀ ရှိ တပည့်တစ်ဦးကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သဖြင့် မြင့်မြတ်သောအဆင့် မိစ္ဆာကျွန်စာရင်းမှ ထုတ်ပယ်ခံရသည်။

လွန်ခဲ့သော ၂ နှစ်က - မိစ္ဆာအမြုတေ ထုတ်ယူပြီးနောက် အထပ် ၆၀ ရှိ ကျင့်ကြံသူတစ်ဦးကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သဖြင့် အဆင့်မြင့် မိစ္ဆာကျွန်စာရင်းမှ ထုတ်ပယ်ခံရသည်။

အရိုးခတ်ကွင်း နှစ်ထပ်ဖြင့် ချုပ်နှောင်ထားသည်။ ခြေထောက်နှင့် လက်မောင်းနှစ်ဖက်စလုံးကို ၁၀ ဆပြင်းသော ထုံဆေးမှုန့်များဖြင့် ကုသထားပြီး၊ နေ့စဉ် မိစ္ဆာယဉ်ပါးဆေး ၆ လုံး တိုက်ကျွေးထားသည်။

လွန်ခဲ့သော ၁၀ ရက်က - အဆင့် ၄၀ ရှိ ကျင့်ကြံသူတစ်ဦးကို ထပ်မံ ဒုက္ခိတဖြစ်အောင် လုပ်ခဲ့သဖြင့် အဆင့်လတ် မိစ္ဆာကျွန်စာရင်း မှ ထုတ်ပယ်ခံရသည်။

[ ရီစစ်နှစ်၊ ဒီဇင်ဘာ ၂၀ ရက် - အဆင့်နိမ့် မိစ္ဆာကျွန်စာရင်းသို့ သွတ်သွင်းခံရသည်။ ကိုယ်လက်ချုပ်နှောင်သည့် လက်ကောက်နှင့် ခြေကျင်းဝတ်များ တပ်ဆင်ထားပြီး ခန္ဓာကိုယ်ခွန်အား ၅၀% ကို ပိတ်ပင်ထားသည်။ ]

[ တစ်နှစ်စာ ငှားရမ်းခ - ၉၉,၉၉၉,၉၉၉ ဝိညာဉ်ကျောက်တုံး (အသက်က ဝိညာဉ်ကျောက်တုံးထက် ပိုရှည်ပါတယ်၊ ဝယ်ကြည့်ချင်ရင်တော့ စမ်းကြည့်နိုင်ပါတယ်) ]

ထိုစာမျက်နှာမှာ ပါသည့်စာများမှာ တခြားစာမျက်နှာထက်ပင် အများကြီးပိုများလို့နေသည်။

ထိုမျှကြောက်စရာကောင်းလှသည့် ရာဇဝင်အားမြင်လိုက်ရချိန် စုကျိုဟာ အံ့ဩကြည်ညိုသွားသလို ကျောရိုးထဲအထိ စိမ့်သွားရသည်။ ဘာပဲဖြစ်ဖြစ် သူမကိုယ်တိုင်လည်း လက်ရှိမှာ ခန္ဓာကိုယ်အားနည်းနေသူဖြစ်နေလေရာ ဒုက္ခိတအလုပ် ခံရဖို့အခွင့်အရေး အရမ်းများနေသည်မဟုတ်ပါလား ??

All Chapters